သူမက ဆယ်ငါးရက် လုပ်ခဲ့မှတော့ ငါက တစ်လ လုပ်မယ်
Vol. 30 Ch. 438
အခန်း (၄၃၈) : သူမက ဆယ်ငါးရက် လုပ်ခဲ့မှတော့ ငါက တစ်လ လုပ်မယ်
ထိုစဉ် ရှန်ထျန်းက အဖန်ရည်ကို စိတ်အားထက်သန်စွာ ကျိုနေသည်။
ဤသည်မှာ သူ့ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူက လုပ်ရိုးလုပ်စဉ်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပြီး အဖန်ရည် ကျိုချက်ရာ၌ နက်နက်ရှိုင်းရှိုင်း နားလည်ထားလေသည်။
ဝိညာဉ်စမ်းရေက စည်ပိုင်းထဲ မြစ်တစ်စင်းသဖွယ် စီးဆင်းသွားသည်။
လေထုထဲ မှုန်ဝါးဝါး မြူခိုးတို့ ဝင်ရောက်လာကာ ပတ်ဝန်းကျင်အား လန်းဆန်းသွားစေသည်။ ထိုဝိညာဉ်စမ်းရေက အတော်လေး အဖိုးတန်သော်လည်း ရှန်ထျန်းက အလကားရထားသည့်အလား မြန်မြန်ဆန်ဆန် သုံးပစ်နေသည်။
သူ့လှုပ်ရှားမှုများက ချောမွေ့နေလေ၏။ သိပ်မကြာခင် ဝိညာဉ်စမ်းရေတို့က စတင် ဆူပွက်လာသည်။
အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပြီးနောက် ထူးခြားသည့် ရနံ့သင်းသင်းလေးကို ထုတ်လွှင့်နေသည်။ သို့သော်လည်း ပြီးဆုံးဖို့ လိုအပ်နေသေး၏။
ရှန်ထျန်းက ခရမ်းရောင် လက်ဖက်ရွက်တချို့ကို ထုတ်ယူလိုက်သည်။ ထိုအရွက်များက ကြွယ်ဝသည့် တာအိုအငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ ဤသည်မှာ တာအိုဉာဏ်အလင်းပွင့် သစ်ရွက်များ ဖြစ်ပြီး လူတစ်ယောက်အား ကောင်းကင်တာအိုနှင့် နီးကပ်လာစေသလို မဟာတာအို၏ နက်နဲမှုများကိုလည်း နားလည်သဘောပေါက်လာစေသည်။
ဤတစ်ကြိမ် လူသားနှင့် နတ်ဆိုးပရဝဏ်နှစ်ဖက်လုံးမှ ပါရမီရှင်များစွာ ရှိနေသောကြောင့် ရှန်ထျန်း အသုံးပြုသည့် စည်ပိုင်းမှာ ယခင်ထက် ကြီးမားပေသည်။ ထို့ကြောင့် သူ့အနေနှင့် သစ်ရွက်များကိုလည်း ပိုသုံးရသည်။
ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် သစ်ရွက်များစွာ ထည့်လိုက်ပြီး ပွက်ပွက်ဆူနေသော စမ်းရေဖြင့် ထည့်ကျိုလိုက်သည်။
ထို့နောက် ပုံရိပ်များစွာ ဖြစ်ပေါ်လာကာ တောက်ပသော အလင်းများ ထုတ်လွှင့်နေသည်။
ဓားပုံရိပ်၊ ဆေးပြင်းမီးဖိုနှင့် ပုဆိန်ပုံရိပ်များစွာက အံ့ဖွယ်အလင်းတန်းများ ထုတ်လွှင့်နေလေ၏။ ထို့အပြင် ချီလင်၊ မီးငှက်၊ နဂါးပြာ၊ ကျားဖြူ၊ လိပ်နက်နှင့် အခြားသော ပုံရိပ်သဏ္ဍာန်များလည်း ထွက်ပေါ်လာကာ ကောင်းကင်တခွင် ဝင့်ဝင့်စွားစွား တည်ရှိနေသည်။
ထိုအံ့ဖွယ်များကို တာအိုသင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်။ သူတို့က အနည်းငယ် ပျက်စီးနေသော်လည်း အများအပြား ရှိနေသည်။
တာအိုသင်္ကေတဆယ်ခုအထက် ကြီးထွားလာသည့်အခါ ဝိညာဉ်စမ်းရေ၏ အရောင် ပြောင်းလဲလာသည်။ မဟာတာအို အငွေ့အသက်များလည်း ပေါ်ထွက်လာလေ၏။
ဝိညာဉ်အငွေ့အသက်နှင့် တာအိုသင်္ကေတများက ပို၍ သိပ်သည်းလာသည်။
ကျယ်ပြောကာ နက်နဲလှသည့် အငွေ့အသက် ထွက်ပေါ်လာကာ စိတ်ကြည်လင်လာစေသည်။ ကြည့်ရသည်မှာ မိုးမြေတာအိုက ရင်းနှီးဖော်ရွေလာဟန်ပေါ်သည်။
သူတို့က ဒီမြင်ကွင်းကို မြင်လိုက်ကြသည့်အခါ အကြီးအကဲနှစ်ယောက်လုံးက ပို၍ပင် အံ့အားသင့်သွားကြသည်။ သူတို့က ရှန်ထျန်းအနေနှင့် တာအိုဉာဏ်အလင်းပွင့် အဖန်ရည် ကျိုချက်ဖို့ စည်ပိုင်းကြီး အသုံးပြုတာကို မြင်ပြီး အံ့ဩတုန်လှုပ်နေပြီးသား ဖြစ်၏။
သို့သော် ယခုတွင် သူတို့က ရှန်ထျန်း ထုတ်ယူလိုက်သော တာအိုဉာဏ်အလင်းပွင့် အရွက် အရည်အသွေးကြောင့် လုံးလုံးလျားလျား အံ့ဩသွားကြသည်။
အကြီးအကဲနှစ်ယောက်က ဤတာအိုဉာဏ်အလင်းပွင့် အဖန်ရည်က ထူးခြားလှကြောင်း ခံစားမိလိုက်ကြသည်။ အနံ့လေးနှင့်ပင် သူတို့စိတ်ကို ပွင့်လင်းလာစေသည်။
အကယ်၍ သူတို့သာ တစ်ငုံလောက် သောက်လိုက်ပါက ကောင်းကင်အထိ ပျံတက်သွားနိုင်မလား။
ဒီတာအိုဉာဏ်အလင်းပွင့် အရွက်က ဘယ်လောက်သက်တမ်းရှိနေပြီလဲ။ ဒီလို အာနိသင်မျိုး ဘယ်လိုလုပ် ရှိနေတာလဲ။
………….....
အကြီးအကဲကျင်းက ရေရွတ်လိုက်သည် “ ဒီကလေး ထုတ်လိုက်တဲ့ တာအိုဉာဏ်အလင်းပွင့် အရွက်က မဟာနတ်ဧကရာဇ်မှာ ရှိတာထက် ပိုအာနိသင်ကောင်းနေတယ်လို့ ဘာလို့ ခံစားမိနေပါ့လိမ့် ”
အကြီးအကဲနှစ်ယောက်လုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး တစ်ဖက်လူမှ အံ့ဩမှုကို မြင်လိုက်ကြရသည်။
ကျိရှားကျောင်းတော်တွင် ဟွမ်ရှစ် စိုက်ပျိုးထားသော တာအိုဉာဏ်အလင်းပွင့် သစ်ပင် ရှိလေသည်။ သို့သော်လည်း အာနိသင်က ရှန်ထျန်း ထုတ်ယူလိုက်သော တာအိုဉာဏ်အလင်းပွင့် သစ်ရွက်များနှင့် အလှမ်းကွာနေသေး၏။
ဆရာနှစ်ယောက်လုံးက အတွေ့အကြုံကြွယ်ဝပြီး ဗဟုသုတပေါများသူ ဖြစ်သော်လည်း သရေမကျဘဲ မနေနိုင်ပေ။
အဖန်ရည် အရသာလေးကို မခုခံနိုင်ကြပေ။
အနံ့လေးသင်းလိုက်တာ …
...................
ငြင်းခုံနေကြဆဲ ဖြစ်ကြသည့် ပရဝဏ်နှစ်ဖက်လုံးမှ ပါရမီရှင်များလည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ရနံ့၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။ အားလုံးက ငြိမ်ကျသွားကာ မြေပြင်ပေါ် အမြစ်တွယ်နေသလို ရပ်နေကြသည်။
“ ဘာနံ့လေးလဲ။ ဘာလို့ ဒီလောက်တောင် အနံ့ကောင်းနေရတာလဲ ”
“ ဒီလိုရနံ့လေးမျိုး တစ်ခါမှ မရဖူးဘူး ”
“ ဒါက ငါ့ကျင့်ကြံဆင့်ကို တိုးမြင့်စေနိင်တဲ့ ထူးထူးဆန်းဆန်း စွမ်းအား ပါနေတာပဲ ”
အားလုံးက တာအိုဉာဏ်အလင်းပွင့် အဖန်ရည် ရနံ့ကို လောဘတကြီး ရှုရှိုက်နေကြပြီး သူတို့ စိတ်နှလုံးလည်း လှုပ်ခတ်လာမိသည်။ သူတို့က ရနံ့လေးကို လိုက်ရှုရင်း ရှန်ထျန်း ရှေ့ရှိ စည်ပိုင်းကြီးဆီ အကြည့်ရောက်လာကြသည်။
ထိုမြင်ကွင်းကို မြင်ကာ ပါရမီရှင်အားလုံးက ကြောင်အမ်းသွားကြ၏။
“ ဒါက .. တာအိုဉာဏ်အလင်းပွင့် အဖန်ရည်လား ”
“ ကျစ် … တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို စည်ပိုင်းထဲ ထည့်ကျိုတာလား ”
“ မေမေရေ ကျွန်တော့်ဘဝမှာ ဒီလောက် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်များများစားစားကို မတွေ့ခဲ့ဖူးဘူး ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါတို့ကို တာအိုဉာဏ်အလင်းပွင့် အဖန်ရည် သောက်ဖို့ ဖိတ်တယ်လို့ ပြောခဲ့တာမလား ”
နတ်ဆိုးပရဝဏ် ပါရမီရှင်များလည်း ကြောင်အအ ဖြစ်နေကြသည်။ သူတို့က အဖန်ရည် သောက်ရတာကို မကြိုက်ကြပေ။ သို့သော်လည်း သူတို့က ရှန်ထျန်းသည် တာအိုဉာဏ်အလင်းပွင့် အဖန်ရည် ထုတ်တိုက်လိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ကြပေ။
သာမန် လက်ဖက်ရည်ကြမ်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ရှန်ထျန်းက သူ့မိတ်ဆွေတွေကို တာအိုဉာဏ်အလင်းပွင့် အဖန်ရည် တိုက်ချင်နေတာလား။
ဘယ်သူက ငြင်းမှာတုန်း။
ရှုံးနိမ့်သွားပြီ … ပရဝဏ်နှစ်ခုကြား ဘယ်သူက ပိုအားကောင်းလဲ အရေးမကြီးတော့ပေ။
ဤချမ်းသာကြွယ်ဝမှုတစ်ခုတည်းဖြင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတို့စိတ်နှလုံးသားကို အနိုင်ရသွားလေပြီ။
ယခင် နှစ်ထောင်ချီအတွင်း နတ်ဆိုးပရဝဏ်က ဤသို့ အံ့ဩဖို့ကောင်းသည့် ပါရမီရှင်မျိုး မမွေးထုတ်ဖူးပေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီမှ အဖန်ရည်တစ်ခွက်လောက်ဖြင့် သူတို့က အရှုံးဝန်ခံဖို့ လိုလားပေသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ရက်ရောလွန်းလှသည်။
……………...
လူသားပရဝဏ်မှ ပါရမီရှင်များအတွက်မူ သူတို့အတွေးလည်း အတူတူသာ ဖြစ်၏။ သူတို့က ဂိုဏ်းအကြီးကြီးမှ ပင်မတပည့်များ ဖြစ်ကာ မျိုးဆက်အသီးသီးမှ ထူးချွန်ထက်မြက်သော ပါရမီရှင်များ ဖြစ်ကြသော်လည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို တစ်ခါမှ မသောက်ဖူးကြပေ။
ဤအရာမှာ ကမ္ဘာကြီး၏ ရှားပါး ရတနာတစ်ခု ဖြစ်၏။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်သာ နယ်မြေငါးခုလုံး၌ တာအိုဉာဏ်အလင်းပွင့် သစ်ပင်ရှိပြီး ဟွမ်ရှစ်ကိုယ်တိုင် စိုက်ပျိုးထားလေသည်။ အခြားသော ပါရမီရှင်များက ရှန်ထျန်းတွင် တာအိုဉာဏ်အလင်းပွင့် သစ်ရွက် ပိုင်ဆိုင်ထားလိမ့်မည်ဟု တွေးပင် မတွေးကြည့်ဖူးပေ။
သူက စည်ပိုင်းအကြီးကြီးဖြင့် ကျိုချက်နေသေးသည်။
သူတို့က ကောင်းကောင်း သောက်ရပေတော့မည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ အနားမှာရှိနေလျှင် လူသားပရဝဏ်၏ ကံကောင်းမှုကြီး ဖြစ်၏။ ထိုအတွေးက ပါရမီရှင်များ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
တစ်ဖက်တွင် နတ်ဆိုးပါရမီရှင်များက နောင်တရနေကြသည်။ သူတို့က တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ပေ။ သို့သော်လည်း သူတို့က မည်သို့ပင်ဖြစ်စေ အဖန်ရည်ကို မသောက်ကြောင်း ခိုင်ခိုင်မာမာ ပြောခဲ့လေသည်။
ယခုအခါမှ စကားကို မည်သို့ပြင်ပြောရမည်နည်း။ သူတို့က မျက်နှာမပျက်ချင်ပေ။
နတ်ဆိုးများက တာအိုဉာဏ်အလင်းပွင့် အဖန်ရည် စည်ပိုင်းအား နောင်တရစွာ စိုက်ကြည့်နေကြသည်။
ထိုစဉ် ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို စတင် ဝေပေးနေပြီ ဖြစ်၏။ သူနှင့် ဆက်ဆံရေးကောင်းသည့် ပါရမီရှင်များက အရင်ဦးဆုံး ဝေစုရလိုက်ကြသည်။
“ အစ်ကိုရှန် ကျေးဇူးပါ ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ရက်ရောတာပဲ”
တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို လက်ခံပြီးနောက် ပါရမီရှင်များက စိတ်လှုပ်ရှားလာကြသည်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က သူတို့အတွက် အလွန်အသုံးဝင်ကာ တာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်း တိုးမြင့်ပေးနိုင်သည်။
ထိုပါရမီရှင်များက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို မြန်မြန်သောက်ကာ ယစ်မူးစေနိုင်သော အပြုံးမျိုး ထုတ်ဖော်ပြသလာကြသည်။
“အဖန်ရည်ကောင်းလေးပဲ ”
“ အရသာကောင်းလိုက်တာ ”
“ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ဆိုတဲ့အတိုင်းပဲ ကျုပ်တော့ ပေါက်ထွက်တော့မလို ခံစားနေရတယ်။ အခုလေးတင် ကျုပ်နဲ့ မဟာတာအိုနဲ့ တစ်သားတည်း ဖြစ်သွားသလိုမျိုးပဲ ”
................
တာအိုဉာဏ်အလင်းပွင့် အဖန်ရည် အကူအညီဖြင့် ပါရမီရှင်များ၏ ခန္ဓာကိုယ်က တောက်ပလာကြသည်။ သူတို့က တင်ပျဉ်ခွေထိုင်ကာ မိုးမြေတာအိုကို နားလည်အောင် လုပ်ဖို့ ကြိုးစားလိုက်ကြသည်။
ထိုစဉ် ထိုလူများ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ပေါ်ထွက်လာပြီး သူတို့စွမ်းအားက သိသိသာသာ တိုးပွားလာသည်။ ဤသည်မှာ တာအိုဉာဏ်အလင်းပွင့် သစ်ရွက်ဆယ်ရွက်မှ ပြုလုပ်ထားသော တာအိုဉာဏ်အလင်းပွင့် အဖန်ရည် ဖြစ်၏။ ထို့ကြောင့် အာနိသင်ကလည်း သိသာလှသည်။
ထို့နောက် ရှန်ထျန်းက သူနှင့် ဆက်ဆံရေးကောင်းသူများကို အခြားသူတွေဆီ တာအိုဉာဏ်အလင်းပွင့် အဖန်ရည် ဝေမျှပေးဖို့အတွက် တောင်းဆိုလိုက်သည်။
ခဏအကြာတွင် သူက ခွက်အနည်းငယ်ဖြင့် ရှီထျန်းကျီနှင့် ချီကျန့်တို့ဆီ လျှောက်လှမ်းလာသည်။
“ ညီအစ်ကိုထျန်းကျီ၊ ညီအစ်ကိုချီ သောက်လိုက်ပါဦး ”
ရှန်ထျန်းက ပြုံးပြလိုက်သည်။ ထိုသူနှစ်ယောက်မှာ ကံကြမ္မာအမြင့်ဆုံး ဖြစ်သောကြောင့် သေချာပေါက် ကောင်းကောင်း အာရုံစိုက်ထားရမည်။
ချီကျန့်က ခေါင်းကုတ်ကာ ပြောလိုက်သည် “ ခေါင်းဆောင် … ငါက အဖန်ရည် သောက်ရတာ မကြိုက်ဘူး။ မက်မွန်သီးကိုပဲ ကြိုက်တာ။ ဒါကို ပြန်ယူထားလိုက်ပါ ”
နတ်ဆိုးများ “ … ”
နတ်ဆိုးပရဝဏ်မှ စီနီယာကျောင်းသားများက ချီကျန့်စကားကို ကြားလိုက်သည့်အခါ မနေနိုင်ဘဲ စိတ်ထဲမှ အော်ဟစ်နေမိသည်။
ဒီမျောက်ရဲ့ ဦးနှောက်က တကယ်ကို တုံးနေတာပဲ …
မျောက်ကို ပြောင်းလဲလို့ မရဘူးဆိုတာ အမှန်ပါ့လား။ ဒါက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ဟဲ့ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်
မင်း မသောက်ချင်ရင် ငါ့ကို ပေး … ငါ လိုချင်တယ်
ဤအုပ်စုမှာ စောစောလေးက အဖန်ရည် သောက်ဖို့ ဂရုမစိုက်ကြောင်း ပြောခဲ့သူများ ဖြစ်ကြသည်။
အဖန်ရည် ဝေပေးနေသော ပါရမီရှင်များက တိတိကျကျ နာခံကာ သူတို့အား တစ်ခွက်မှ မပေးချေ။ နတ်ဆိုးများက အံ့ကြိတ်ထားပြီး စိတ်ထဲမှသာ ငြီးတွားနိုင်ကြသည်။
………....
ရှန်ထျန်းက ခပ်ယဲ့ယဲ့ ပြုံးကာ “ ဒီအဖန်ရည် အရသာက ဝိညာဉ်သစ်သီးတွေထက် မနိမ့်ဘူး။ သောက်ကြစမ်းပါ ”
“ အဲလိုလား … အဲဆို မြည်းကြည့်လိုက်ဦးမယ် ”
ချီကျန့်က ချက်ချင်း စိတ်လှုပ်ရှားကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ခွက်ကို လက်ခံကာ တစ်ခါတည်း သောက်ချလိုက်သည်။
သူက တာအိုဉာဏ်အလင်းပွင့် အဖန်ရည် အရသာခံနေသည့်အလား လျှာသပ်လိုက်သည်။ သိပ်မကြာခင် သူ့မျက်နှာ၌ အံ့အားသင့်သည့် အမူအယာ ပေါ်ထွက်လာသည် “ ဝိုး … အရမ်းအရသာရှိတယ်။ ဒါက ဘယ်လိုအဖန်ရည်မျိုးလဲ။ ဒါက ကောင်းကင်ဖျော်ရည်ပဲ ဖြစ်ရမယ်။ အရသာက ငါတို့ မျိုးနွယ်ရဲ့ မျောက်သေရည်ထက် မနိမ့်ကျဘူးပဲ … ခေါင်းဆောင် ငါ နည်းနည်းလောက် ထပ်သောက်လို့ ရမလား။ စောစောလေးက မဝလိုက်ဘူး ”
ချီကျန့်က ဆာလောင်စိတ်ကို နှိုးဆွခံလိုက်ရသည့်အလား သရေယိုလာမိသည်။
ရှန်ထျန်းက ခေါင်းအသာညိတ်ကာ “ ကောင်းပြီလေ။ ဒါပေမဲ့ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ရဲ့ အာနိသင်က တာအိုကို နားလည်အောင် လုပ်ပေးနိုင်ဖို့။ အရသာက ကောင်းပေမဲ့ လောဘကြီးလို့ မဖြစ်ဘူး ”
မည်သို့ပင်ဆိုစေကာမူ တာအိုဉာဏ်အလင်းပွင့် အဖန်ရည် စည်ပိုင်းလိုက် ကျိုထားသောကြောင့် ရှန်ထျန်းက ကပ်စေးမနှဲပေ။
အလွန်ဆုံး သူက နောက်တစ်အိုး ထပ်တည်လိုက်ရုံသာ ဖြစ်၏။ သူ့ရတနာသေတ္တာလေးထဲ၌ အများကြီး ကျန်နေသေးသည် မဟုတ်ပါလော။
ငါ သောက်လို့ မကုန်မှတော့ သိုးလေးတွေကို ကောင်းကောင်း ပြုစုရမယ်လေ …
ချီကျန့်က ကံကြမ္မာမြင့်သည့်သူ တစ်ဦးအနက် အပါအဝင် ဖြစ်၏။
ရှန်ထျန်းက မလောက်မည်ကို မစိုးရိမ်ပေ။ သူက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို အားလုံး ငြီးငွေ့လာအောင်အထိ သေချာချင်မိသည်။
ချီကျန့်က ခေါင်းဆက်တိုက် ညိတ်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် နောက်ထပ် နှစ်ခွက် ထပ်သောက်လိုက်သည်။ အဆုံးသတ်၌ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ သူ့အရှိန်အဝါတို့လည်း ဆက်တိုက် တိုးတက်လာသည်။
ချီကျန့်က တင်ပျဉ်ခွေထိုင်လိုက်ပြီး တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ အထောက်အပံ့ဖြင့် မိုးမြေတာအိုကို အာရုံခံလိုက်သည်။ တစ်ချိန်တည်းတွင် ချီကျန့်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
နတ်ဧကရာဇ် ပြောတာ ဟုတ်တယ် … ကောင်းကင်ဘုံကို ဆရာအဖြစ် သတ်မှတ်၊ မိတ်ဆွေအဖြစ် ဆက်ဆံပြီးတော့ တာအိုကို ရရှိဖို့ ကောင်းကင်ဘုံကို ဆန့်ကျင်ရမယ်
ဝူးဝူး … ငါလေးတော့ မြင့်တက်လာတော့မှာပဲ
.............
ချီကျန့်၏ အငွေ့အသက်တို့က ပို၍ အားကောင်းလာသည်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ဖြင့် သူက အကျိုးကျေးဇူးများစွာ ရရှိလိုက်လေသည်။
ထိုအရာကို မြင်ပြီး ရှီထျန်းကျီက စိတ်လှုပ်ရှားသွားသည်။ သူလည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်တစ်ခွက်လောက် သောက်ချင်လာမိသည်။ ရှီထျန်းကျီက ဟွမ်ရှစ်ထံ လေ့ကျင့်ဖူးသောကြောင့် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်ဖူးသော်လည်း ရှန်ထျန်း၏ တာအိုဉာဏ်အလင်းပွင့် အဖန်ရည် အရည်အသွေးက များစွာ ပိုမြင့်မားနေသည်။
ချီကျန့်လို မျောက်ဦးနှောက်နှင့်ပင် မဟာတာအိုကို နားလည်သဘောပေါက်လာလေ၏။
သူသာ သောက်လိုက်ပါက ပို၍ တိုးတက်လာမည် မဟုတ်ပါလော။
သို့သော်လည်း ရှီထျန်းကျီက အမြဲတမ်း မာနကြီးခဲ့သူ ဖြစ်၍ လက်ခံဖို့ရာ ရှက်ရွံ့နေမိသည်။
ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သူ့ဆီ ကမ်းပေးကာ အပြုံးလေးဖြင့် ပြောလိုက်သည် “ ညီအစ်ကိုထျန်းကျီ ကျွန်တော်တို့တွေ အရင်က မကြည်လင်မှုတွေကို ဒီအဖန်ရည်နဲ့ မေ့ပျောက်လိုက်ရအောင်လား။ နောင်ကျ အတူတူတည့်တည့်ရှုရှု နေကြတာပေါ့။ တကယ်လို့ အခွင့်အရေးရရင် ကံအပြောင်းအလဲ အခွင့်အရေး အတူတူရှာကြမယ်လေ။ ကျွန်တော် ရှန်ထျန်းက အရင်သောက်ပြပါ့မယ် ”
ရှီထျန်းကျီက ရှက်ရွံ့နေသည်ကို သိကာ ရှန်ထျန်းက စကားလမ်းကြောင်းပေးလိုက်ခြင်း ဖြစ်၏။
ဤသူက ကံကြမ္မာမြင့်မားသူ တစ်ဦး ဖြစ်၍ လွဲချော်မခံနိုင်ပေ။
ရှီထျန်းကျီ၏ အေးစက်စက် မျက်နှာက စိတ်ရှုပ်ထွေးသွားသည့် အမူအယာမျိုး ထုတ်ဖော်လာသည်။ အစောပိုင်းလေး ရှီထျန်းကျီက ရှန်ထျန်း၏ အနိုင်ယူမှုကို ခံထားရသော်လည်း ပြန်လည် အနိုင်ယူဖို့အတွက် နည်းလမ်းကို တွေးနေဆဲ ဖြစ်သည်။
သူက ရှန်ထျန်းအား ပြိုင်ဖက်အဖြစ် မှတ်ယူထားသည်။ သို့သော် အားကောင်းကောင်း ပြိုင်ဖက်မျိုးနှင့် တွေ့သည့်အခါ တွေ့တွေ့ချင်း မတိုက်ခိုက်ကြလျှင် ကောင်းနေပြီဟု ယူဆရပေမည်။ ဘယ်အချိန်ကများ ပြိုင်ဖက်ကို ကူညီသွားကြတာလဲ။
သို့သော်လည်း ရှန်ထျန်းက သူ့အား အနိုင်ယူပစ်ရုံသာမက ရှီထျန်းကျီအတွက်လည်း ဝင်ပြောပေးခဲ့သေးသည်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က လူတစ်ယောက်၏ စွမ်းအားကို တိုးမြင့်ပေးနိုင်လေရာ ရှီထျန်းကျီအနေနှင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ရှီထျန်းကျီက လက်ထဲမှ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ကြည့်ကာ စိတ်နှလုံး လေးလံလာသလို ခံစားလိုက်ရသည်။ ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် သူက သဘောထားသေးနေမိသည်။
ရှီထျန်းကျီက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည် “ ညီအစ်ကိုရှန်က စိတ်သဘောထားကြီးတာပဲ။ မင်းက ငါ့ပြိုင်ဖက် ဖြစ်ဖို့ ထိုက်တန်တယ်။ ငါ့စွမ်းအား တိုးလာဖို့ အကောင်းဆုံး ကြိုးစားပြီးတော့ မင်းနဲ့ ထပ်တိုက်ကြမယ် ”
ရှီထျန်းကျီ၏ အမြင်အရ စွမ်းအားကြီး ပြိုင်ဖက်ကို အလေးစားဆုံး ဆက်ဆံနိုင်သည့် နည်းလမ်းမှာ သူတို့ရှိသမျှ အကုန်ထုတ်တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။
ထိုသို့ပြောပြီးနောက် ရှီထျန်းကျီက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်သုံးလိုက်ပြီး မိုးမြေ မဟာတာအိုအပေါ် နားလည်ဖို့ ကြိုးပမ်းလိုက်သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းများ ထွက်လာသည်။
ရှီထျန်းကျီက အတော်လေး ပါရမီထူးကဲလှသည်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ အကူအညီဖြင့် သူက ချက်ချင်းဆိုသလို အကျိုးအမြတ် ရရှိလိုက်သည်။ ခဏအကြာတွင် ရှီထျန်းကျီက တိတ်ဆိတ်သွားပြီး သူ့အရှိန်အဝါတို့က ဆက်တိုက် အားကောင်းလာသည်။
ရှန်ထျန်းက ပြောစရာပျောက်ဆုံးသွားလေသည်။
ငါက သူ့စွမ်းအား တိုးလာအောင် တာအိုဉာဏ်အလင်းပွင့် အဖန်ရည် တိုက်လိုက်တာလေ။ အဲဒါကို သူက ငါ့ကို လာအနိုင်ယူမယ်တဲ့လား
ဒီကောင်လေးက လူသား ဘာသာစကားကို နားမလည်တာလား။ ငါက သူနဲ့ အတူတူ မကောင်းဆိုးဝါးတွေကို သွားသတ်ချင်တာလေ။ သူနဲ့ တိုက်ချင်တာ မဟုတ်ဘူးလေ
အကယ်၍ ဒီလိုဖြစ်လာမည်မှန်းသာ ကြိုသိထားခဲ့လျှင် သူ့ကို နည်းနည်းလောက် ထပ်ဆော်မိလောက်သည်။
ခေါင်းကိုက်စရာပဲ …
နတ်ဆိုးပရဝဏ်မှ စီနီယာကျောင်းသားများက တိုးတက်လာသည့် ပါရမီရှင်များကို ကြည့်ကာ သူတို့မျက်နှာမှ ခါးသီးမှုများကို ဖုံးကွယ်ထားသည့် မချိတင်ကဲ အမူအယာ မျက်နှာဖုံး ဝတ်ဆင်ထားကြ၏။
သူတို့က တာအိုဉာဏ်အလင်းပွင့် အဖန်ရည်အား စိုက်ကြည့်နေကြပြီး ဆက်တိုက် တံတွေးမျိုချနေကြသည်။
ထိုစဉ် နတ်ဆိုးပရဝဏ်မှ စီနီယာကျောင်းသားများက သူတို့ကိုယ်သူတို့ ရိုက်ပစ်ချင်နေမိသည်။
ငါ ဘာပြောလိုက်မိတာလဲ။ ဘာလို့များ အတွေးတွေကို အမြန်အဆန် ထုတ်ပြောမိလိုက်တာလဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စဉ်းစားပေးမှုကို ဘာလို့များ ငြင်းလိုက်ရတာလဲ
ဒါက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်လေ … ငါ ဒီလိုမျိုး လွဲချော်ရတော့မှာလား။ ငါ နောင်တရနေမိပြီ
နတ်ဆိုးပရဝဏ်မှ ကျောင်းသားဟောင်းများက အခွင့်အရေးကောင်းနှင့် လွဲချော်သွားသည်ဟု ခံစားနေရပြီး နှလုံးသားထဲ နာကျင်နေမိသည်။ သို့သော်လည်း ရှန်ထျန်းက ဘယ်သူကိုမှ မျက်နှာမလိုက်ပေ။ သူက ထိုစီနီယာကျောင်းသားများကိုလည်း အဖန်ရည် ကမ်းပေးလိုက်၏။
ရှီထျန်းကျီက အလွယ်တကူ အခွင့်ကောင်းယူမရသည့် တုံးအအ လူဖြစ်၏။ ဒီလူတွေကလည်း ကံကြမ္မာကောင်း ရှိကြတယ် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် လက်လွတ်ခံမည်နည်း။
နတ်ဆိုးပရဝဏ်မှ ကျောင်းသားများက ကံကြမ္မာ မြင့်မားသည့် ကံကြမ္မာသားတော်လိုမျိုး ဖြစ်ကြသည်။ အားလုံး စုစည်းနေခြင်းက ရှန်ထျန်းအား စိတ်လှုပ်ရှားလာစေ၏။
ဒါက သူတို့အားလုံးကို ဖမ်းဆုပ်ထားဖို့ အခွင့်အရေးကောင်း မဟုတ်ဘူးလား။
ရှန်ထျန်းက အပြုံးလေးနှင့် ရှေ့ထွက်လာကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ပေးလိုက်သည် “ နတ်ဆိုးပရဝဏ်က စီနီယာအစ်ကိုတို့ အဖန်ရည်အတူတူ သောက်ရအောင်လေ ”
ရှန်ထျန်း စကားကို ကြားကာ ထိုသူများ၏ မျက်ဝန်းများက အမှောင်ထုထဲမှ မိုးသောက်ရောင်နီအလား လင်းလက်လာကြသည်။
သူတို့မျက်နှာအထက် လိုအင်ဆန္ဒအရိပ်အယောင်များ ပေါ်လာသော်လည်း နည်းနည်းတော့ ရှက်ရွံ့မိကြသည်။ ရှန်ထျန်းက သူတို့မောက်မာမှုကို စိတ်မဆိုးရုံသာမက သူတို့ကို အဖန်ရည် သောက်ဖို့ ထပ်ဖိတ်ကြားပေးနေသည်။
နတ်ဆိုးပရဝဏ်မှ စီနီယာများက အတော်လေး စိတ်မကောင်းဖြစ်လာမိသည်။ အဆုံးသတ်၌ မည်သည့်နတ်ဆိုးကမှ ငြင်းပယ်ကြခြင်း မရှိဘဲ လက်ခံလိုက်ကြသည်။
ထို့အပြင် ရှန်ထျန်းက သူတို့ကို အများကြီး ပေးခဲ့၏။
နတ်ဆိုးအားလုံးက ချွေးပြန်လာမိသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ရက်ရောတာပဲ။ ကျုပ်တို့ ရှက်မိပါတယ် ”
“ သူတော်စင် ပြောတဲ့အတိုင်း ကျုပ်တို့ နတ်ဆိုးပရဝဏ်က အမြဲတမ်း ငြိမ်းချမ်းရေးကို အလေးထားပါတယ် ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ ရှိနေသရွေ့ ကျုပ် လူသားပရဝဏ်ကို ဘယ်တော့မှ ပြဿနာ မရှာတော့ဘူး ”
တာအိုဉာဏ်အလင်းပွင့် အဖန်ရည်အတွက် သူတို့က ယခင် ပြောခဲ့သည့် စကားများကို မေ့ပစ်လိုက်ကြသည်။
ဟားဟား ဂုဏ်သိက္ခာက ဘယ်မှာ သုံးရမှာလဲ … တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ထက် အရသာပိုရှိလို့လား
သေချာပေါက် ဘယ်ရှိပါ့မလဲ …
နတ်ဆိုးပရဝဏ်မှ စီနီယာအုပ်စုက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ပျော်ပျော်ရွှင်ရွှင် သောက်လိုက်ကြသည်။ သိပ်မကြာခင် သူတို့၏ စွမ်းအားများ တိုးတက်လာပြီး အံ့ဖွယ်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။
တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ အာနိသင်က အားကောင်းလွန်းသည့်အတွက် ပါရမီရှင်များစွာက အကျိုးအမြတ်ရလိုက်ကြသည်။ ထို့ကြောင့် လက်ရှိ ပါရမီရှင်များက ရှန်ထျန်းအပေါ် အမြင်လုံးလုံး ပြောင်းလဲသွားကြသည်။
သူ့အပေါ် ရင်းနှီးမှုလည်း တိုးပွားလာလေ၏။
….....
လေဟာနယ်ထဲ အကြီးအကဲစုနှင့် အကြီးအကဲကျင်းတို့က ကြောင်အအ ဖြစ်နေကြသည်။
“ ကျစ် … ဒီတာအိုဉာဏ်အလင်းပွင့် အဖန်ရည် ရနံ့က ကောင်းလွန်းတယ်။ ငါတော့ မထိန်းနိုင်တော့ဘူး ”
အကြီးအကဲကျင်းက သရေကျနေရင်း သူ့မျောက်ခေါင်းအား ယမ်းခါလိုက်သည်။
ဤတာအိုဉာဏ်အလင်းပွင့် အဖန်ရည်အဆင့်က သူတို့ကိုပင် အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။
အထူးသဖြင့် ဤမျှရနံ့သင်းနေသော အဖန်ရည်က ဝိဇ္ဇာသေရည်ထက် အဆင့်နိမ့်မည် မဟုတ်ချေ။
အကြီးအကဲကျင်းက သေရည်နှင့် အဖန်ရည်ကို ကြိုက်နှစ်သက်သူ ဖြစ်၏။ ဤသို့သော မြင်သာမြင်ရ မကြင်ရ ခံစားချက်မျိုးက သူ့အတွက် ခံရခက်လှသည်။
အကြီးအကဲကျင်းက လေဟာနယ်ထဲ ထိုင်ချကာ အနံ့တရှုံ့ရှုံ့ လုပ်နေသော်လည်း အရသာ မခံနိုင်ပေ။
ခဏကြာပြီးနောက် သူက ခေါင်းတကုတ်ကုတ်ဖြင့် စိုးရိမ်ပူပင်လာသည်။
အကြီးအကဲစုက သက်ပြင်းချလိုက်ရင်း “ ငါတို့က ဘာများတတ်နိုင်မှာလဲ။ ဒီကလေးဆီ ရုတ်တရက် ပြေးပြီး အဖန်ရည်တစ်ခွက်လောက် တောင်းသောက်ရမှာ မရှက်မိဘူးလား ”
ဆရာတွေအနေနှင့် ပရဝဏ်နှစ်ခုကြားက တိုက်ပွဲကို ရပ်ခိုင်းဖို့ ရှေ့ထွက်လာခြင်း မဟုတ်ဘဲ တာအိုဉာဏ်အလင်းပွင့် အဖန်ရည် တောင်းသောက်ဖို့ ထွက်လာလျှင် သေလောက်အောင် လူရယ်ခံရမည် မဟုတ်ပါလော။
ထို့အပြင် သူတို့က လူငယ်မျိုးဆက်ဆီမှ တစ်ခုခု မတောင်းဆိုနိုင်ပေ။
ကံဆိုးစွာဖြင့် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က ဆွဲဆောင်မှုအားကောင်းလွန်းနေသည်။ သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသော်လည်း အနံ့သာ ခံပြီး အရသာ မခံနိုင်သည့် ခံစားချက်မှာ စိတ်ဓာတ်ကျဖွယ်အတိ ဖြစ်၏။
ခဏအကြာတွင် လူအိုကြီးနှစ်ယောက်လုံး၏ အကြည့်တို့က အလိုလိုက်မခံရသည့် ဇနီးသည်လေးလိုမျိုး ခါးသီးမှုအပြည့် ဖြစ်လာသည်။
ရှန်ထျန်းက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား သူ့နှုတ်ခမ်းထောင့်တို့ ကွေးညွှတ်သွားလေသည်။ လေဟာနယ် တုန်ခါလာကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်နှစ်ခွက် ပျောက်ကွယ်သွားသည်။
ထို့နောက် လေထဲ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်နှစ်ခွက်က ဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။
အကြီးအကဲနှစ်ဦးက သူတို့ရှေ့ အဖန်ရည်ခွက် ပေါ်လာသည်ကို ကြည့်ကာ ခဏတာကြောင်အမ်းသွားပြီးနောက် သူတို့အမူအယာများက ပျော်ရွှင်မှုအဖြစ် ကူးပြောင်းသွားသည်။
အကြီးအကဲကျင်း၏ မျက်နှာ၌ အရေးအကြောင်းများ ပြည့်နေပြီး “ လိမ္မာလိုက်တဲ့ ကောင်လေး … မင်းက တော်တော်လုပ်ရည်ကိုင်ရည် ရှိတာပဲ။ သူက လုပ်ရည်ကိုင်ရည် ရှိရုံတင်မကဘူး။ သူ့ကိုယ်သူ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပါ သိတယ်။
အဲဒါတင် မကသေးဘူး။ ဒီကောင်လေးက အရမ်းချမ်းသာတယ်။ အကြီးအကဲစုရေ ကြည့်ရတာ လူသားပရဝဏ်မှာ တုနှိုင်းမဲ့ ပါရမီရှင် ပေါ်ထွက်လာပြီ တူတယ်ဗျို့ ”
အကြီးအကဲကျင်းက ပြောလိုက်သော်လည်း သူ့လက်က တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ဆီ ရောက်နေလေပြီ။
“ မဆိုးဘူး မဆိုးဘူး ”
သူက တစ်ငုံသောက်ကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ အံ့ဖွယ် အရသာကို ချီးကျူးနေသည်။
အကြီးအကဲစုလည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို လက်ခံလိုက်သော်လည်း အလွန်အမင်း အံ့အားသင့်နေမိသည်။
အကြီးအကဲနှစ်ယောက်က ကျိရှားကျောင်းတော်တွင် ထိပ်တန်းဆရာများ ဖြစ်ကြ၏။ သူတို့ကျင့်ကြံဆင့်မှာ ရှစ်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်အဆင့်သို့ ရောက်နေလေပြီ။
သူတို့က လေဟာနယ်ထဲ သူတို့အငွေ့အသက်ကို ကောင်းကာင်း ဖုံးကွယ်ထားသောကြောင့် ပုံမှန်သဘောတရားအရ မည်သူမှ သူတို့ကို သတိထားမိမည် မဟုတ်ပေ။ သို့သော် ရှန်ထျန်းက သူတို့ကို တွေ့သွားရုံသာမက သူတို့အား တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ပင် ပေးလာသည့်အတွက် အကြီးအကဲနှစ်ယောက်လုံးအား အတောမသတ်နိုင်အောင် အံ့အားသင့်သွားကြသည်။
တုနှိုင်းမဲ့ ပါရမီရှင်ဆိုတဲ့အတိုင်းပဲ
ဒီကောင်လေးက ရှီထျန်းကျီထက် အများကြီး အားပိုကောင်းတာပဲ … လူကောင်းလေးပဲ
......................
မည်သူကမှ ရှန်ထျန်း၏ အပြုအမူများကို သတိမပြုမိကြပေ။ ရှီထျန်းကျီနှင့် ချီကျန့်တို့ပင် လေဟာနယ်ထဲ ပုန်းနေသည့် နှစ်ယောက်အကြောင်း မသိကြချေ။
တစ်ဖက်တွင် အောင်းပင်းက မူမမှန်တာ တစ်ခုခု သတိထားမိဟန်ပေါ်သော်လည်း အတည်မပြုနိုင်ပ။ သူမက ရှန်ထျန်းကိုသာ ကြည့်နေပြီး သူ့သွင်ပြင်ကြောင့် ဆွဲဆောင်ခံလိုက်ရကာ စိတ်ထဲမှ သက်ပြင်းသာချလိုက်မိသည်။
သူ့ကို မတွေ့ရတဲ့ အချိန်ခဏလေးအတွင်းမှာ ဒီကောင်လေး ယောကျ်ားပီသလာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ
ဒါပေမဲ့ ဒီကောင်လေးဆီမှာ ဟိုဇာမဏီမရဲ့ အနံ့အသက်တွေ ရှိနေတယ် … ပြီးတော့ ဇာမဏီရဲ့ မူလစွမ်းအားရောပဲ
သူမက တွေးလေလေ ပိုဒေါသထွက်လာလေလေ ဖြစ်၏။ တစ်ခုခုတော့ လွဲချော်နေလေပြီ။
နောက်ဆုံးတွင် အောင်းပင်းက အံ့ကြိတ်ကာ ရှေ့ထွက်လာလိုက်သည်။ သူမက ရှန်ထျန်းဘေးနား ရောက်လာကာ ထွက်သွားဖို့ လက်ကို ဆွဲလိုက်သည်။
နှစ်ယောက်လုံးက လျှပ်စီးအလား လှုပ်ရှားသွားကာ မငြိမ်မသက် လေဟာနယ်ထဲ ဝင်ရောက်သွားကြသည်။
ဘေးပတ်လည် ပါရမီရှင်အားလုံးက ကြောင်အမ်းသွားကြ၏။
အစ်မကြီးက ဘာဖြစ်သွားတာလဲ … ဘာလို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ထွက်ပြေးသွားရတာလဲ
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူမကို အဖန်ရည် မပေးလို့ ဆွဲခေါ်သွားတာလား … အမလေး မိန်းမတွေက ကြောက်စရာကောင်းလိုက်တာ
မဟုတ်သေးဘူး … ဒီနဂါးမယ်က တကယ်ကို ကြောက်ဖို့ကောင်းတာ
ကျန်းယွင်ရှီး၏ မျက်နှာက ရေခဲတမျှ အေးစက်သွားလေသည်။ “ ဒီမိန်းမအိုကြီးက ဘာလုပ်ချင်နေတာလဲ။ သူတို့ ဘယ်ရောက်သွားတာလဲ ”
အောင်းပင်းက ရှန်ထျန်းကို ခေါ်သွားသည့်အခါ ကျန်းယွင်ရှီး စိတ်ထဲမှ အန္တရာယ်လည်း ပိုမို ကြီးမားလာသည်။ သူမက အောင်းပင်းတို့နောက် လိုက်သွားချင်သော်လည်း ကျန်းယွင်ထင်က တားထားလေသည်။
“ ယွင်ရှီး စိတ်ထိန်း … နဂါးမယ်က သူတော်စင်ရဲ့ စာချုပ်တွဲဖက်လေ။ သူ့ကို အနိုင်မကျင့်ပါဘူး ”
ကျန်းယွင်ထင်က စိတ်ထဲမှ တီးတိုးပြောလိုက်သည် “ ငါ့အဖွားလေးက အောင်းပင်းကို မြင်တာနဲ့ ဘာလို့ ဒေါသတကြီး ဖြစ်နေရတာလဲ”
ကျန်းယွင်ထင်က မည်သို့ မသိဘဲ နေမည်နည်း။ သူမက အောင်းပင်းသည် ရှန်ထျန်းကို အနိုင်ကျင့်မည့်အကြောင်း လုံးလုံး စိတ်မပူပေ။ သူမ စိတ်ပူနေသည်မှာ တခြားအကြောင်းတစ်ခု ဖြစ်၏။ သို့သော်လည်း အောင်းပင်းက လက်သွက်ကာ ရှန်ထျန်းအား မငြိမ်မသက် အာကာပြင်ထဲ တန်းဆွဲခေါ်သွားသည်။
ကျန်းယွင်ရှီး နောက်မှ လိုက်လိုလျှင်ပင် မီမည် မဟုတ်ပေ။ သူမက ဒေါသတကြီး ခြေဆောင့်ရုံသာ တတ်နိုင်တော့သည်။
…………...
မငြိမ်မသက် လေဟာနယ်အတွင်း ရှန်ထျန်းက ကြောင်အအ ဖြစ်နေမိသည်။ သူက အောင်းပင်းသည် သူ့အား ရုတ်တရက်ကြီး ဆွဲခေါ်လာလိမ့်မည်ဟု မထင်ထားပေ။
ခပ်ချေချေ အောင်းပင်းကို မြင်ပြီး ရှန်ထျန်းက ခေါင်းကုတ်ရင်း ပြုံးပြလိုက်သည် “ အစ်မပင်း ကျွန်တော်တို့ အပြင်မှာ ပြောလို့ မရဘူးလား”
ရှန်ထျန်းက အောင်းပင်း ဘာလုပ်တော့မည်ကို ကောင်းကောင်းကြီးသိနေသည်။ သူ့စိတ်ထဲ အတွေးပေါင်းစုံ ဖြစ်နေပြီး လွတ်မြောက်မည့် လမ်းကြောင်းကို ရှာဖွေနေသည်။
သို့သော်လည်း အောင်းပင်းက သူ့ကို မည်သို့လွှတ်ပေးမည်နည်း။ သူမက အေးစက်စက် အမူအယာဖြင့် ဟွန့်ခနဲ အသံပြုလိုက်သည်။
“ ဒီနေ့ မင်းကောင်းကောင်း ရှင်းမပြရင် ထွက်သွားဖို့ မစဉ်းစားနဲ့။ ဟိုနံ့စော်နေတဲ့ ဇာမဏီမရဲ့ အနံ့အသက်က ဘယ်လိုလုပ် ရှိနေတာလဲ ”
နဂါးနတ်ဘုရား၏ စွမ်းအားက အောင်းပင်း ခန္ဓာကိုယ်မှ ထွက်လာကာ ဘေးပတ်လည်ရှိ အာကာပြင်ကို ပိတ်ဆို့လိုက်သည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားပြီး အကြောင်းပြချက်ကို မစဉ်းစားနိုင်သောကြောင့် မတော်တဆ အဖြစ်အပျက်ကို ပြန်ပြောရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
“ ဘာ … သူမနဲ့ အိပ်ခဲ့တာလား။ မင်း မခုခံနိုင်ရင် မခုခံတော့ဘူးလား … ဇာမဏီငှက်စုတ် ငါ့လူကိုများ အလစ်သုတ်ရဲတယ်။ နင် လွန်လွန်းသွားပြီ။ မဟုတ်ဘူး။ တကယ်လို့ သူမက တစ်ရက်ဆိုရင် ငါက ၁၅ ရက်လုပ်မယ်။ သူမက ၁၅ ရက်လုပ်ခဲ့မှတော့ ငါက တစ်လ လုပ်ပြမယ်”
………...
ဗြိ …
အဝတ်ဖြဲသံများ ထွက်လာသည်။
အဆုံးမဲ့ အလင်းတန်းများ ထွက်ပေါ်လာကာ အလင်းလိုက်ကာအဖြစ် စုစည်းသွားပြီး နေရာပတ်လည်ကို ဖုံးအုပ်သွားလေသည်။ ကြားနိုင်သည့် တစ်ခုတည်းသောအရာမှာ တစ်ခါတစ်ရံ အသံမြင့်သွားလိုက် တစ်ခါတစ်ရံ အသံနိမ့်သွားလိုက် ဆွဲဆောင်မှုရှိရှိ အသံတစ်ခုသာ ဖြစ်ပြီး အချိန်အတော်ကြာ လေဟာနယ်ထဲ ပဲ့တင်ရိုက်ကာ ထွက်ပေါ်နေသည်။
အသံပဲ့တင်လာသောကြောင့် နေရာတစ်ခုလုံး ကြားနိုင်လေသည်။