← Chapters

အကြမ်းခံ နဂါးဇာမဏီ ရုပ်ခန္ဓာ

Vol. 30 Ch. 439

အကြမ်းခံ နဂါးဇာမဏီ ရုပ်ခန္ဓာ

Vol. 30 Ch. 439

အခန်း (၄၃၉)  :  အကြမ်းခံ နဂါးဇာမဏီ ရုပ်ခန္ဓာ

တစ်လအကြာတွင် လေဟာနယ်က တစစီ ဖြစ်သွားပြီး သိပ်သည်းလွန်းသည့် အံ့ဖွယ်အလင်းတန်းကြား ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

မှန်ပေသည်။ ဤသူတို့မှာ ရှန်ထျန်းနှင့် အောင်းပင်းတို့ ဖြစ်ကြသည်။ ရှန်ထျန်းက အဖြူရောင် နဂါးပိုးသားဝတ်ရုံအသစ်ကို လဲလှယ်ဝတ်ထားပြီး ကြော့ရှင်းခန့်ညားနေသည်။

သူ့အဝတ်များက လေဟာနယ်ထဲ တစစီ စုတ်ပြဲသွားပြီ ဖြစ်သည်။

ရှန်ထျန်း၏ မျက်နှာက အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူ လမ်းလျှောက်လိုက်တိုင်း ခြေထောက်တို့ကး တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ သူက ဘာမှမပြောဘဲ နိဗာနတော်ဝင်ရေစင် ပုလင်းအမြောက်အများကို ထုတ်ကာ တစ်ခါတည်း သောက်ချပစ်လိုက်သည်။

ရှန်ထျန်းက လတ်တလော တောင့်ခံထားဖို့ရာ မည်မျှခက်ခဲကြောင်းသာ ငြီးတွားမိချင်လာသည်။

ယန်မီးဓာတ် အမြောက်အများ ကုန်ဆုံးခဲ့ရ၏။

တစ်လလုံးလုံး …. သူ့ဆီသာ သန်မာသည့် ရုပ်ခန္ဓာမရှိထားလျှင် သူတော့ ခြောက်ခမ်းနေလောက်လေပြီ။

…….....

တစ်ဖက်တွင် အောင်းပင်းက အနက်ရောင်ဝတ်စုံ ပြောင်းဝတ်ထားပြီး သူမ၏ ပိန်ပိန်ရှည်ရှည် သွင်ပြင်က အေးစက်ကာ မာနကြီးသည့် အငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။ သို့သော်လည်း သူမ မျက်နှာပေါ်ရှိ ရှက်သွေးဖြာနေမှုက သူမ၏ အေးစက်စက် အမူအယာအား ပို၍ ဆွဲဆောင်မှုရှိသွားစေသည်။

ရှန်ထျန်း၏ ခါးသီးမှုကို အာရုံခံမိလိုက်သည့်အလား အောင်းပင်းက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။

“ ကောင်လေး စိတ်မပူစမ်းပါနဲ့ … ငါ မင်းကို တာဝန်ယူမှာပါ ”

အောင်းပင်းက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ဟိုနံ့စော်နေတဲ့ ဇာမဏီမ … နင် သူ့ပထမဆုံးအကြိမ် ရသွားတော့ရော ဘာဖြစ်လဲ။ နင်က ၁၅ ရက်လောက်ပဲ လုပ်ခဲ့ရတာလေ။ ငါက တစ်လတောင် …နင်က ငါ့လောက်တောင် မကြာဘူး

ရှန်ထျန်း၏ ခန္ဓာကိုယ်က သူ့ရှေ့ရှိ နတ်ဆိုးမကြီးကို ကြည့်ကာ တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူက စိတ်ထဲမှ အတွေးများကို မြန်မြန် ဖယ်ထုတ်လိုက်သည်။

အကယ်၍ ဤသို့သော ဆက်ဖြစ်နေလျှင် သူတော့ အမှန်တကယ် အပြီးသတ်သွားပေမည်။

ပြဿနာများတဲ့ နဂါးမယ်ပဲ … ငါ ရက်နည်းနည်းလောက် နားပြီးတာနဲ့ သူမနဲ့ အကြိမ်ရေ သုံးထောင်လောက် တိုက်ပစ်ရမယ်

နောက်တစ်ခါတော့ ငါက အပေါ်က ဖြစ်စေရမယ်

သိပ်မကြာခင် ရှန်ထျန်းက တစ်ခုခု မူမမှန်ကြောင်း ရှာတွေ့သွားသည်။

တစ်လတိုင် ပြင်းထန်သည့် တိုက်ပွဲကြီးအပြီးတွင် သူ့ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ရှိ နဂါးစွမ်းအားက ပို၍ အားကောင်းလာပြီး နဂါးနတ်ဘုရားကျမ်း ကျွမ်းကျင်မှုလည်း တိုးမြင့်သွားသည်။

အောင်းပင်းက နှစ်တစ်သောင်းအတွင်း အားအကောင်းဆုံး နဂါးမျိုးဆက်အဖြစ် ထိုက်တန်ပေသည်။ သူမ ခန္ဓာကိုယ်ရှိ အံ့ဖွယ်နဂါးစွမ်းအားက အင်မတန် ပေါကြွယ်လွန်းလှသည်။

တစ်လတာ အာဟာရဖြည့်တင်းပြီးနောက် ရှန်ထျန်းက အကျိုးကျေးဇူးများစွာ ရရှိလိုက်သည်။ သို့သော်လည်း ဤသည်က အရေးကြီးဆုံး မဟုတ်သေးပေ။ ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲ ဇာမဏီစွမ်းအားက နဂါးစွမ်းအားနှင့် ပေါင်းစပ်သွားကြောင်း သိလိုက်ရသည်။ ထိုနှစ်ခုက ရစ်ပတ်နေကာ ထင်မှတ်မထားသည့် စွမ်းအားတစ်ခု ဖြစ်တည်လာသည်။

“ ဘာဖြစ်နေတာလဲ ”

ရှန်ထျန်းက အလွန်သိချင်နေမိသည်။ သူ ဇာမဏီနတ်ဘုရား စွမ်းအားကို ပထမဆုံး ရရှိစဉ်အခါက သူ့ခန္ဓာကိုယ်သည် ပြောင်းလဲမှုကို ကြုံခဲ့ရသည်။ သို့သော်လည်း စွမ်းအားမလုံလောက်မှုကြောင့် မအောင်မြင်ခဲ့ပေ။

ယခုတွင် စွမ်းအားနှစ်ခုက အပြည့်အဝ ပေါင်းစပ်သွားပြီး ရှန်ထျန်းအား ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်လာစေသည်။

ဂါး …  ရွီး

နဂါးအော်သံနှင့် ဇာမဏီ ဟစ်ကြွေးသံတို့ကို ကြားနေရသည်။

မျက်စိစူးမတတ် အလင်းတန်း ထွက်ပေါ်လာကာ ကောင်းကင်တခွင်ကို အလင်းပေးသွား၏။ ရှန်ထျန်းနောက်တွင် ဆန်းကြယ်လှသော ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။

ဧရာမ နဂါးနတ်ဘုရား ပုံရိပ်သဏ္ဌာန်ကြီးက ဟိန်းဟောက်နေကာ သူ့တစ်ကိုယ်လုံးက ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသလို ဖြစ်နေသည်။ သူ့အရှိန်အဝါသည်လည်း အပြင်းအထန် မြင့်တက်လာသည်။

ရွှေရောင်အလင်းရောင်အောက်တွင် အနီတောက်တောက် တောက်ပလာသည်။ နဂါးနတ်ဘုရား ပုံရိပ်သဏ္ဌာန်မှ ဇာမဏီမီးတောက် ပေါက်ထွက်လာကာ သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်နေပြီး မိုးမြေတစ်လျှောက် ဖြန့်ကျက်သွားသည့် ဇာမဏီတောင်ပံများအသွင် ပြောင်းလဲသွားခဲ့သည်။

နဂါးနှင့် ဇာမဏီ ပုံရိပ်သဏ္ဌာန်တို့က ရစ်ပတ်နေပြီး ပုံရိပ်သဏ္ဌာန်အသစ်တစ်ခုကို ဖန်တီးနေသည်။

ရှန်ထျန်း၏ ရုပ်ခန္ဓာက ပြောင်းလဲမှု ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်က သန်မာလာပြီး သူ့ကြွက်သားတို့က စွမ်းအားအမြောက်အများ ပါဝင်နေသည့် နဂါးများသဖွယ် ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်မှ ချီများ ပေါများလာကာ ဧရာမ ခေါင်းလောင်းသဖွယ် ပြောင်းလဲသွားသည်။ ထိုအရာက အလွန်သိပ်သည်းနေပြီး သူ့အသက်ဓာတ်ကလည်း ပို၍ အားကောင်းလာသည်။

ရွှေရောင်နှင့် အနီတောက်တောက် ပုံစံတို့က သူ့ခန္ဓာကိုယ်နား ရစ်ပတ်သွယ်ယှက်နေကာ အံ့ဖွယ်အလင်း တောက်ပလာသကဲ့သို့ မှိန်ဖျဖျ ပေါ်ထွက်လာသည်။

အင်အားကြီး စွမ်းအားနှစ်ခုအောက်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲလာသည်။ ထိုစဉ် သူက သူ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အဆုံးအစမဲ့ ဖြစ်သွားကြောင်း ခံစားမိလိုက်သည်။

အောင်းပင်း၏ အမူအယာက ထိုအရာကို မြင်ပြီး အနည်းငယ် ပြောင်းလဲသွားကာ သူမနှုတ်ခမ်းတို့က “ အို ” သဏ္ဍာန် ဝိုင်းစက်သွားလေသည်။

သူမ အကြည့်တို့၌ အံ့ဩမှုအပြည့် ဖြစ်နေပြီး  “ ဒါက … နဂါးဇာမဏီ အကြမ်းခံ ခန္ဓာကိုယ်လား ”

အောင်းပင်းက ကျောက်ရုပ်နီးပါး ဖြစ်သွားလေသည်။

သူမက ရှန်ထျန်း၏ ဖွဲ့စည်းပုံသည် နဂါးဇာမဏီ အကြမ်းခံ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားပေ။ နဂါးဇာမဏိ အကြမ်းခံ ခန္ဓာကိုယ်သည် အလွန်ရှားပါးလှသည့် ခန္ဓာတည်ဆောက်ပုံမျိုး ဖြစ်ကြောင်း သိထားရမည်။

နဂါးနတ်ဘုရား၏ စွမ်းအားနှင့် ဇာမဏီနတ်ဘုရား စွမ်းအားတို့က မူလမိုးမြေမှ မွေးဖွားလာကြသည်။ ထိုစွမ်းအားနှစ်ခုက တစ်ခုနှင့် တစ်ခု ထောက်ပံ့ပေးနေသလို ဆန့်ကျင်မှုလည်း ရှိနေသည်။

အဆုံးသတ်၌ သူတို့ကို မိုးမြေ မဟာတာအိုက ပိုင်းခြားထားလိုက်ပြီး ထိပ်တန်း နတ်ဆိုးမျိုးနွယ်နှစ်ခု ဖြစ်သည့် နဂါးနှင့် ဇာမဏီမျိုးနွယ်တို့ကို ဖြစ်ပေါ်စေခဲ့သည်။

နဂါးမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်တို့သည် အမြဲတမ်း တိုက်ခိုက်ခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် အလျော့ပေးခြင်း မရှိကြသောကြောင့် ပေါင်းစပ်ဖို့အတွက် မဖြစ်နိုင်သလောက်ပေ။

နောက်တစ်ချက်မှာ ဤအခြေအနေ ရရှိနိုင်မည့် အခွင့်အရေး လိုအပ်ချက်များကလည်း အလွန် မြင့်မား၏။

ထိုအရာက အမြင့်ဆုံးအဆင့် နဂါးနတ်ဘုရား စွမ်းအားကို လိုအပ်ရုံသာမက ဇာမဏီနတ်ဘုရားစွမ်းအားကိုလည်း အမြင့်ဆုံးအဆင့်အထိ ရရှိထားဖို့ လိုအပ်ပေသည်။ ထိုအခါမှ ပေါင်းစပ်နိုင်ခြေ ရှိလာပြီး ပြောင်းလဲလာမည် ဖြစ်၏။

အခြေအနေနှစ်ခုလုံးက အလွန်ပြင်းထန်လွန်းသောကြောင့် ရရှိဖို့ရာ အလှမ်းကွာလွန်းလှသည်။

လူသားတစ်ယောက်အနေနှင့် ရှန်ထျန်းက ထိုစွမ်းအားများကို သန့်စင်နိုင်ခဲ့ရုံတင်မက နှစ်ဖက်လုံးကို အတူတကွ ပေါင်းစည်းကာ နဂါးဇာမဏီ အကြမ်းခံ ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ခဲ့သည်။

ဤသည်မှာ အံ့ဖွယ် ဖြစ်၏။

ဤသို့သော ထူးခြားအံ့ဖွယ် ခန္ဓာတည်ဆောက်ပုံက ကမ္ဘာဦးခေတ်အခါအတွင်းသာ ပေါ်ပေါက်လာလေ့ရှိသည်။

နဂါးနတ်ဘုရား၏ ပြိုင်ဖက်ကင်း သန်မာမှုင့် ဇာမဏီ နတ်ဘုရား၏ နိဗာနစွမ်းအားတို့ဖြင့် သူ့ခန္ဓာကိုယ်က မသေမျိုးဟုပင် ပြောလို့ရနေလေပြီ။

အောင်းပင်းက မည်သို့ မအံ့ဩဘဲ နေမည်နည်း။

သို့သော် အောင်းပင်း၏ အမူအယာက ပို၍ ကြောင်အမ်းလာသည်။ အကြောင်းမှာ သူမခန္ဓာကိုယ်ထဲ နဂါးနတ်ဘုရား၏ စွမ်းအားလည်း အားကောင်းလာသောကြောင့် ဖြစ်သည်။ ရှန်ထျန်း၏ နဂါးဧကရာဇ် ဖွဲ့စည်းတည်ဆောက်ပုံက အောင်းပင်းထက် ပိုမို သန့်စင်သော စွမ်းအားများ ပိုင်ဆိုင်ထားလေသည်။

နှစ်ခုက တစ်ခုနှင့်တစ်ခု အားဖြည့်ပေးပြီး အောင်းပင်း ခန္ဓာကိုယ်ရှိ နဂါးစွမ်းအားကို ပြောင်းလဲတိုးတက်လာစေသည်။

ထိုမျှတင် မကသေးဘဲ သူမခန္ဓာကိုယ်အတွင်း ဇာမဏီနတ်ဘုရား စွမ်းအားတပိုင်းတစပါ ရှိနေသည်။ ထိုအရာက အလွန်အားနည်းလှသော်လည်း ဖြည်းဖြည်းချင်း အားကြီးလာနိုင်သည်။

အောင်းပင်း၏ စိတ်နှလုံးသားက တုန်လှုပ်လာမိသည်။ သူမ၏ မျက်ဝန်းလှလှလေးများက ရှန်ထျန်းအား ငေးကြည့်နေပြီး  စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ကြည့်ရတာ ဒီတစ်ခါ ငါ ဒီကလေးအပေါ် အခွင့်ကောင်းယူခဲ့မိတာပဲ …

အောင်းပင်း၏ ဇာမဏီနတ်ဘုရား စွမ်းအား အားကောင်းလာသည့်အခါ သူမက နဂါးဇာမဏီ အကြမ်းခံခန္ဓာကိုယ် ဖွဲ့စည်းနိုင်ဖို့ နဂါးနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်နိုင်လောက်သည်။ ထိုအချိန်ကျ အောင်းပင်း၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်ကောင်းလာရုံသာမက ထင်မှတ်မထားသည့် နောက်တဆင့်ပါ ရောက်ရှိသွားနိုင်သည်။

ထို့ကြောင့် အောင်းပင်း၏ နှစ်တစ်သောင်း တာအိုနှလုံးသားဖြင့်ပင် စိတ်မလှုပ်ရှားမိဘဲ မနေနိုင်တော့ချေ။

…………....

သိပ်မကြာခင် ရှန်ထျန်းနှင့် အောင်းပင်းတို့က အာကာပြင်ထဲမှ ထွက်လာကာ ကျိရှားကျောင်းတော်ဆီ ပြန်လာခဲ့ကြသည်။

အောင်းပင်း ထွက်လာပြီးနောက် သူမက တံခါးပိတ်လေ့ကျင့်ဖို့ ဝင်ရောက်သွားခဲ့သည်။ သူမက ခန္ဓာကိုယ်ထဲမှ စွမ်းအားအကြောင်း နားလည်အောင်လုပ်ကာ သန့်စင်ဖို့ ကြိုးစားကြည့်ချင်သည်။ ဤသည်မှာ နဂါးဇာမဏီ အကြမ်းခံ ခန္ဓာကိုယ် မဟုတ်ပါလော။ အကယ်၍ သူမသာ ဤတည်ဆောက်ပုံ နှိုးထလာစေခဲ့လျှင် ဇာမဏီအရှင်မကို သေချာပေါက် ဖိနှိပ်နိုင်လိမ့်မည်။

အောင်းပင်း စိတ်ထဲ ပျော်ရွှင်နေမိကာ တံခါးပိတ်လေ့ကျင့်ဖို့ မစောင့်နိုင်တော့ပေ။

ရှန်ထျန်းက ဒုတိယမြောက် ဝိညာဉ်တောင်ဆီ ပြန်မသွားဘဲ ချီကျန့်ကို ရှာဖို့ နတ်ဆိုးပရဝဏ်ဆီသာ တည့်တည့်သွားလိုက်သည်။ သူ မှတ်မိသလောက် ချီကျန့်၏ ကံအပြောင်းအလဲ အခွင့်အရေးက ပေါ်လာတော့မည် ဖြစ်၏။

ထို့ကြောင့် ရှန်ထျန်းက ကံအပြောင်းအလဲ အခွင့်အရေးကို အလကားမျှဝေယူဖို့ ချီကျန့်နှင့်အတူ လိုက်သွားလိုခြင်း ဖြစ်သည်။

ဤလတ်တလော ရှန်ထျန်းက အသွေးအဖွဲ့ကိစ္စလေးများနှင့် အလုပ်ရှုပ်နေသောကြောင့် သူ့ကံကြမ္မာတိုးတက်လာစေမည့် ကံအပြောင်းအလဲ အခွင့်အရေးများကို သူ့သိုးလေးများဆီမှ မယူရသည်မှာ ကြာမြင့်နေလေပြီ။

ရှန်ထျန်းက မကြာခင် အကျိုးမြတ် ရတ်သိမ်းနိုင်တော့မည်ကို တွေးမိကာ မပြောပြတတ်လောက်အောင် စိတ်လှုပ်ရှားလာမိသည်။ သူ့အမြန်နှုန်းက အတော်လေး မြန်ကာ နတ်ဆိုးပရဝဏ်ဆီ တန်းရောက်သွားသည်။

ဝှစ်

တစ်ယောက်ယောက် နတ်ဆိုးပရဝဏ်ထဲ ဝင်လာသည်ကို မြင်သောအခါ နတ်ဆိုးများစွာက ထွက်လာကြ၏။ သို့သော်လည်း သူတို့တွင် အကြံဆိုးမရှိကြပေ။ ပရဝဏ်နှစ်ဖက်လုံးမှ ပဋိပက္ခများက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကြောင့် ပြေပျောက်သွားပြီ ဖြစ်၏။ နတ်ဆိုးပါရမီရှင်များက ရောက်လာသူကို မြင်လိုက်သည့်အခါ မနေနိုင်ဘဲ ရေရွတ်မိလိုက်ကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ ”

“နောက်ဆုံးတော့ သူတော်စင် ပေါ်လာပြီ ”

“သူက တစ်လလုံးလုံး ပျောက်သွားတာလေ။ ဘယ်တွေသွားနေတာပါ့လိမ့် ”

“ ပြီးတော့ ငါတို့အစ်မကြီးရောပဲ .. သူမလည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အတူတူ ထွက်သွားပြီး တစ်လတိတိ ပေါ်မလာဘူး ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အစ်မကြီးတို့က တစ်လလုံးလုံး တိုက်နေကြတာလား … ကြောက်စရာကြီး ”

“ အဲကြောင့် သေမျိုးဇာတ်ကြောင်းတွေမှာ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ ရန်မစဖို့ ပြောထားတာကိုး … မဟုတ်ရင် အကျိုးဆက်ကို ခံယူနိုင်မှာ မဟုတ်ဘူး ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် တစ်ယောက်တည်းပဲ အစ်မကြီးကို တစ်လလုံးလုံး ထိန်းထားနိုင်မှာ ”

…………...

ပါရမီရှင်များက အမျိုးမျိုး ပြောကာ ဆွေးနွေးနေကြသည်။ ရှန်ထျန်းက ထိုစကားများ ကြားသည့်အခါ ရှုံ့မဲ့မိသွားသည်။ ရှန်ထျန်းက ဤနေရာ လာရသည့် ရည်ရွယ်ချက်ကို မမေ့ပေ။ သူက စီနီယာနတ်ဆိုးတစ်ကောင်အား ဆွဲကာ  “ တာအိုရောင်းရင်း … ညီအစ်ကိုချီကျန့် ဘယ်ရောက်နေလဲ ”

ရှန်ထျန်းက ချီကျန့်ကို မမြင်မိသလို သူ ဘယ်ထွက်သွားသည်ကိုလည်း မသိချေ။

နတ်ဆိုးပါရမီရှင်က သူ့စကားကြောင့် အနည်းငယ် အံ့ဩသွားကာ  “ အစ်ကိုချီကျန့်က ပရဝဏ်ကနေ တာဝန်တစ်ခု လက်ခံထားပြီးတော့ အရှေ့ပင်လယ်ဆီ မိစ္ဆာဝိညာဉ်ဂိုဏ်းကို စုံစမ်းဖို့ ထွက်သွားပါတယ်။ အရှေ့ပင်လယ်မြို့ဆီ သွားနေကြတဲ့ ကျင့်ကြံသူတွေလည်း ရှိနေသေးတယ် ”

မိစ္ဆာဝိညာဉ်ဂိုဏ်းသည် အလွန်တရာ အန္တရာယ်များလှသည်။ လတ်တလော သူတို့က ပို၍ ထကြွလာကြသည်။ အကယ်၍ သူတို့သာ ပုန်ကန်လျှင် အင်အားစုအသီးသီးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပေမည်။

လတ်တလော အရှေ့ပင်လယ်မြို့က အနီးအနားတွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ လှုပ်ရှားမှု အရိပ်အယောင်တွေ့ရကြောင်း သတင်းပို့ထားလေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ပတ်သတ်သမျှ ကိစ္စတိုင်းက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် အရေးထားသည့် ကိစ္စရပ် ဖြစ်ပေသည်။ မတော်တဆအဖြစ်အပျက်များကို ကြိုတင်ကာကွယ်နိုင်ရန် ကျိရှားကျောင်းတော်က တာဝန်များ ချမှတ်ကာ အားကောင်းသည့် ပါရမီရှင်များအား အခြေအနေ လေ့လာသုံးသပ်ဖို့အတွက် စေလွှတ်လေ့ရှိသည်။

အရှေ့ပင်လယ်မြို့က အလယ်ပိုင်းကုန်းမြေ၏ အရှေ့ပင်လယ်စွန်းတွင် တည်ရှိလေသည်။ မြောက်ပင်လယ်လောက် မကျယ်ပြန့်သော်လည်း မိုင်ကုဋေရာချီ ရှိနေသေး၏။

ပင်လယ်ထဲ၌ အားကောင်းသည့် ပင်လယ်မျိုးနွယ်စုများ ရှိသလို ရှားရှားပါးပါး ရတနာများစွာလည်း ရှိပေသည်။

ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်သည်။

တစ်လကြာ ပြဿနာများစွာ ကျော်ဖြတ်ပြီးနောက် သူက အဓိက ရည်မှန်းချက်ကို ပျောက်ဆုံးလုနီးပါး ဖြစ်သွားရသည်။

ချီကျန့်က သူ့ကံအပြောင်းအလဲ အခွင့်အရေးရှာဖို့ ထွက်သွားပြီ ဖြစ်ရာ ရှန်ထျန်းလည်း မြန်မြန် ပြင်ဆင်ရတော့မည်။ မဟုတ်လျှင် သူက ကမ္ဘာ့ာအံ့ဖွယ် ကံအပြောင်းအလဲ အခွင့်အရေးကြီးကို ဝေစုမရဘဲ လွဲချော်သွားလိမ့်မည်။

ရှန်ထျန်းက ထိုအတွေးဖြင့် အလယ်ပိုင်းကုန်းမြေ၏ အရှေ့ပင်လယ်ဆီ ဦးတည်လိုက်သည်။

…………….

အရှေ့ပင်လယ်မြို့၌ …

ဤသည်မှာ အရှေ့ပင်လယ်အတွင်း အစည်ပင်ဆုံးမြို့ ဖြစ်၏။ ပတ်ဝန်းကျင် လှပသာယာသလို အရင်းအမြစ်လည်း ပေါကြွယ်ဝသောကြောင့် မျိုးနွယ်စုတိုင်းက ကြိုက်နှစ်သက်ကြသည်။

အားကောင်းသည့် ကျင့်ကြံသူများနှင့် ပင်လယ်မျိုးနွယ် နတ်ဆိုးများက အရှေ့ပင်လယ်အတွင်း ကူးသန်းရောင်းဝယ် ပြုလုပ်ဖို့ ရွေးချယ်ကြသည်။ အထူးသဖြင့် အကြောင်းမှာ ဤကာလအတွင်း နှစ်တစ်ရာတိုင်း ကျင်းပလေ့ရှိသည့် ကူးသန်းရောင်းဝယ် တွေ့ဆုံပွဲက စတင်တော့မည်ဖြစ်၍ ဖြစ်သည်။

မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများက သူတို့ လိုအပ်သည့် ရတနာနှင့် လဲလှယ်နိုင်မည့် ကူးသန်းရောင်းဝယ် တွေ့ဆုံပွဲကို လာရောက်ဆင်နွဲကြသည်။

အရှေ့ပင်လယ်မြို့က လူအုပ်ရေထူထပ်လာစေသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ သို့သော် အရှေ့ပင်လယ်မြို့က မြင်ရသလောက် ငြိမ်းချမ်းမှု မရှိပေ။

………..

အရှေ့ပင်လယ်မြို့၊ မြို့အရှင် စံအိမ်အတွင်း

မြို့အရှင် ရှုအန်းသည် အရှေ့ပင်လယ်မြို့ကို အုပ်ချုပ်သည့် သုံးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း သူက စားပွဲပေါ်မှ အချက်အလက်များကို မြင်လိုက်သည့်အခါ အင်မတန် စိုးရိမ်ပူပင်လာမိ၏။

“ ဘယ်လိုလဲ။ အဲဒီပါရမီရှင်တွေရဲ့ သတင်းကြားရပြီလား ” ရှုအန်းက သူ့လက်အောက်ခံများကို စိုးရိမ်တကြီး မေးလိုက်သည်။

အကြောင်းမှာ သူတို့က လွန်ခဲ့သော သုံးရက်ခန့်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အငွေ့အသက်ကို ရှာတွေ့ခဲ့၍ ဖြစ်သည်။ သူတို့က ကနဦးဝိညာဉ်အဆင့် တပည့်များ ဖြစ်သောကြောင့် သူတို့ကို နှိမ်နင်းဖို့ရာ အားစိုက်စရာ သိပ်မလိုသော်လည်း ရှုအန်းက မသက်မသာ ခံစားနေရဆဲ ဖြစ်သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း ခြိမ်းခြောက်မှုက အမြဲတမ်း ကြီးမားခဲ့ပြီး အမှောင်ထဲ ပုန်းကွယ်နေလေ့ရှိကြသည်။ သူတို့ မည်မျှအားကောင်းကြောင်း တစ်ယောက်မှ မသိပေ။

လတ်တလော နယ်မြေငါးခုက ပုံမှန်အတိုင်း ဖြစ်နေဟန် ထင်ရသော်လည်း ထိပ်သီး ပညာရှင်များသာ ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း ခံစားချက်ရနေကြသည်။

နယ်မြေငါးခုအတွက် အကြီးမားဆုံး အန္တရာယ်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ ဖြစ်၏။

အရှေ့ပင်လယ်ထဲ  မိစ္ဆာဒိဌိများ ပေါ်ထွက်လာသည်မှာ နမိတ်ကောင်း မဟုတ်ချေ။ ထို့ကြောင့် သူတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ဆီ ချက်ချင်း အကြောင်းကြားကာ အခြေအနေကို ဖြေရှင်းပေးနိုင်မည့် အဆင့်မြင့် ကျင့်ကြံသူတချို့ လွှတ်ပေးဖို့ မျှော်လင့်နေကြသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ထင်ထားသည့်အတိုင်း မြန်မြန်ဆန်ဆန် လှုပ်ရှားလာခဲ့သည်။ ဤအရေးမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ပတ်သတ်နေပြီး အားလုံးက အရေးတစိုက်ရှိကြသည်။

ကျိရှားကျောင်းတော်က ပါရမီရှင်များကို အရှေ့ပင်လယ်မြို့ဆီ စေလွှတ်ဖို့ ချက်ချင်း စီစဉ်ခဲ့သည်။ အရှေ့ပင်လယ်မြို့သည် မြို့တော်နှင့် အလွန်ကွာဝေး‌သော်လည်း မြို့ကြီးတိုင်းတွင် ကူးသန်းရေး အစီအရင်များ ရှိနေသည်။

ကျိရှားကျောင်းတော် ပါရမီရှင်များက အရှေ့ပင်လယ်မြို့ဆီ တစ်ရက်တည်းဖြင့် ရောက်ရှိလာကြသည်။

“ မြို့အရှင် … ကျိရှားကျောင်းတော်ရဲ့ ပါရမီရှင်တွေ ရောက်လာပြီးတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိတ်တဆိတ် လေ့လာစုံစမ်းနေကြပါတယ်။ ခေါင်းဆောင်က နတ်ဆိုးပရဝဏ်မှာ အားအကောင်းဆုံးဖြစ်တဲ့ ချီကျန့်ပါ ” လက်အောက်ခံက မြန်မြန် တင်ပြလိုက်သည်။

ချီကျန့်နှင့် အခြားသူတွေ ရောက်လာသည့်အခါ သူတို့က ရန်သူကို သတိပေးသွားသလို ဖြစ်မည်ကို စိုးကာ သတင်းမဖြန့်ထားပေ။ သူတို့ လျို့ဝှက်စွာ စုံစမ်းစစ်ဆေးနေပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ လျို့ဝှက်နေရာကို ရှာဖို့ ကြိုးစားနေသည်။

ရှုအန်းက သက်ပြင်းသာချလိုက်မိသည်။

သူက ချီကျန့်အကြောင်း ကြားထားဖူး၏။ ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်ကိုပင် လက်နှင့် ဆွဲဖြဲပစ်ခဲ့သူ ဖြစ်သည်။ ထိုသူက သူ့ထက် အများကြီး အားပိုကောင်းသည်။

ချီကျန့်သာ အရှေ့ပင်လယ်မြို့ကို ကြီးကြပ်ပေးလျှင် ပြဿနာ ရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း ရှုအန်းက သတိလက်လွှတ်မနေပေ  “မြို့တစ်မြို့လုံး မတော်တဆ အဖြစ်အပျက်မျိုးကို ကာကွယ်နိုင်ဖို့ သတိကြီးကြီးထားရမယ်လို့ အမိန့်ကို ထုတ်ပြန်လိုက် …”

အရှေ့ပင်လယ်မြို့သည် လူများ၊ ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။ အကယ်၍ တစ်ခုခုသာ ဖြစ်လာခဲ့လျှင် သူ့လိုမျိုး မြို့ငယ်လေး၏ အရှင်က ခံယူနိုင်မည့်အရာ မဟုတ်ပေ။

ရှုအန်းက အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်စေဖို့သာ ဆုတောင်းနေမိသည်။

……….

ရှန်ထျန်းက အရှေ့ပင်လယ်မြို့ဆီ အပြေးအလွှား ရောက်လာသည်။ သူက ကူးသန်းရေး အစီအရင်များ အကူအညီဖြင့် အလျှင်အမြန် ရောက်ရှိလာသည်။

သိပ်မကြာခင် သူက အရှေ့ပင်လယ်မြို့နှင့် အစီအရင်တစ်ခုစာသာ ကွာဝေးတော့သည့်အထိ ရောက်လာသည်။ သို့သော်လည်း အစီအရင်က ပြဿနာဖြစ်နေပြီး မည်မျှပင် အသက်သွင်းစေကာမူ အလုပ်မလုပ်ပေ။

ဘာဖြစ်နေတာလဲ .. ကူးသန်းရေး အစီအရင်က အချိန်အတော်ကြာ မပြုပြင်ဘဲ ထားထားလို့များလား

ကူးသန်းရေး အစီအရင်နေရာ၌ တာဝန်ရှိသည့် ကျင့်ကြံသူက နားမလည်သည့် အမူအယာမျိုး ထုတ်ဖော်လာသည်။

ကူးသန်းရေး စက်ဝန်းအတွင်း ပြဿနာတွေ့နိုင်ခြေမှာ အလွန်နည်းပါးလေသည်။ သို့သော်လည်း အစီအရင် ပျက်စီးသွားသည်နှင့် ပြန်ပြင်ဖို့ အချိန်များစွာ ကြာမြင့်လိမ့်မည်။

အနည်းဆုံးတော့ ဤကူးသန်းရေး အစီအရင်ကို အချိန်တစ်ခုကြာသည့်အထိ အသုံးမပြုနိုင်တော့ပေ။

ရှန်ထျန်းက သက်ပြင်းချကာ  “ ခြေတစ်လှမ်းနောက်ကျသွားမယ်လို့ မထင်ထားဘူး။ ငါ တတ်နိုင်သလောက် မြန်မြန်သွားရမယ် ”

ရှန်ထျန်းက ငှက်မွေးထာဝရသတ္တုကို ဆင့်ခေါ်လိုက်ပြီး သူ့ခွန်ပန်တာအို ပညာရပ်ကို ထုတ်သုံးကာ အရှေ့ပင်လယ်မြို့ဆီ ဦးတည်လိုက်သည်။ သူ့အမြန်နှုန်းက အလွန်တရာ မြန်ဆန်လှပြီး အဆုံးမဲ့ လေဟာနယ်ကိုပင် ထိုးဖောက်သွားနိုင်သည်။

သို့သော်လည်း ပန်းတိုင်ခရီး ရောက်ဖို့ ရှည်လျားနေဆဲ ဖြစ်၏။

………...

တစ်ဖက်တွင် အရှေ့ပင်လယ်မြို့အတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

ဝုန်း

အသံကျယ်ကြီး ထွက်ပေါ်လာပြီး ကောင်းကင်တခွင် အလင်းတန်းများ ပြိုးပြိုးပျက်ပျက် လင်းလက်လာသည်။

အရှေ့ပင်လယ်မြို့ အနောက်ပိုင်း၌ ကီလိုမီတာ ရာချီကျယ်ဝန်းသော နယ်မြေလေးက ချက်ချင်းဆိုသလို အပျက်အစီးပုံ ဖြစ်သွားရလေပြီ။ ကြောက်မက်ဖွယ် အသံကြီးက အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

လူမြောက်များစွာက အခြေအနေ စုံစမ်းရန် ရှေ့ထွက်လာကြသည်။ အားလုံး ရောက်သွားသည့်အခါ ထူးထူးခြားခြား မြင်ကွင်းကို မြင်လိုက်ရသည်။

ရွှေရောင်မျောက်တစ်ကောင်က ဧရာမ တင်းပုတ်ကြီးဖြင့် မြေပြင်ကို ထုချလိုက်သည်။ သူက ရွှေရောင်တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲရှိ တင်းပုတ်ကြီးက ခမ်းနားထည်ဝါသည့် အလင်းတန်းများ တောက်ပနေသည်။

ရိုက်ချက်တိုင်းက လေဟာနယ်ကိုပင် တုန်ခါသွားစေပြီး မြေပြင်ကိုလည်း အက်ကွဲသွားစေသည်။ တောင်တန်းနှင့် မြစ် တစစီ ကြေမွပျက်စီးသွားသည့်အလား ဖြစ်၏။

ဤသူမှာ ချီကျန့် ဖြစ်၏။

ဤတစ်ကြိမ် ချီကျန့်၏ မျက်ဝန်းမှ နေမင်းလိုမျိုး ပူပြင်းသည့် ရွှေရောင်အလင်းရောင်တို့ တောက်ပနေသည်။ သူ့ထိုးထွင်းသိမြင်နိုင်သည့် အမြင်အာရုံကို အသက်သွင်းထားသောကြောင့် ပုံရိပ်ယောင်အားလုံးကို ဖောက်ထွင်းမြင်ရသည်။

အဆုံးသတ်၌ အားလုံး၏ အကြည့်တို့က သာမန်နေရာတစ်ခုဆီ ကျရောက်လာသည်။

သူက အံ့ကြိတ်ကာ “ မင်းက ဒီမှာပုန်းနေတာပဲ။ ငါ့ ဖောက်ထွင်းမြင်နိုင်တဲ့ အမြင်အာရုံကြောင့်သာ မဟုတ်ရင် မင်းကို ရှာမတွေ့လောက်ဘူး ”

ချီကျန့်၏ အရှိန်အဝါတို့က ထိုးထွက်လာကာ ရွှေရောင်အလင်းများ များပြားလာသည်။ သူက အားအပြည့်ဖြင့် မြေပြင်ဆီ တင်းပုတ်အား လွဲရိုက်လိုက်သည်။

ဝုန်း …

မြေကြီးက တစစီအက်ကွဲလာကာ ဖုန်မှုန့်များလည်း ပျံ့လွှင့်လာသည်။ မြေကြီးတစ်ခုလုံး အပြိုအပျက် ဖြစ်တော့မည့်ဟန်ပေါ်နေသည်။ သို့သော်လည်း ဤနေရာကို တစ်ပါတည်း မဖျက်စီးနိုင်လိုက်ပေ။ စွမ်းအားတမျိုးမျိုးဖြင့် ကာကွယ်ထားပုံပေါ်၏။

ဖုန်မှုန့်များ အနည်ထိုင်သွားသည့်အခါ မည်းမှောင်မှောင် ခန်းမတစ်ခု ပေါ်ထွက်လာသည်။

ခန်းမကြီးက ကြီးကျယ်ခမ်းနားလှပြီး အရွယ်အစားအားဖြင့် မသေးငယ်ဘဲ မြေအောက်အခွဲတစ်ခုလို ဖြစ်နေသည်။ ခန်းမကြီးက မီးခိုးရောင် မြူခိုးများဖြင့် လွှမ်းခြုံခံထားရပြီး အငွေ့အသက်များက မကောင်းဆိုးဝါးဆန်ကာ လူတစ်ယောက်၏ စိတ်နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေလိမ့်မည်။

ဘေးပတ်လည်ရှိ ကျင့်ကြံသူများကလည်း အံ့ဩသွားကြသည်။

“ ဘာလဲ။ ဒီမှာ နောက်ထပ် ခန်းမတစ်ခုရှိနေတာလား ”

“ ဒီအငွေ့အသက်က .. ”

“ မိစ္ဆာဝိညာဉ်ဂိုဏ်းပဲ ”

“ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ဆောက်ထားတာ တော်တော်ကြာပြီတူတယ်”

“ သူတို့က ဒီတစ်လျှောက်လုံး သတိမထားမိအောင် အရှေ့ပင်လယ်မြို့ထဲ ပုန်းအောင်းနေခဲ့တာပဲ ”

အားလုံးက အံ့ဩတုန်လှုပ်နေကြသည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းသည် သူတို့အခြေစိုက်စခန်းကို သူတို့မျက်စိရှေ့ ဝှက်ထားလိမ့််မည်ဟု မထင်ခဲ့မိပေ။

ချီကျန့်ကြောင့်သာ မဟုတ်လျှင် မည်သူမှ သိမည် မဟုတ်ချေ။ ဤသည်မှာ ကြောက်ဖို့ကောင်းလှသည်။

အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ တစ်ခုခု လုပ်လာခဲ့လျှင် အရှေ့ပင်လယ်မြို့အတွက် ထိနှက်ချက်ကြီးကြီးမားမား ဖြစ်သွားပေမည်။

မြို့အရှင် ရှုအန်း၏ မျက်နှာပင် အံ့ဩတုန်လှုပ်မှု အတိုင်းသား ဖြစ်နေပြီး ခန္ဓာကိုယ်လည်း တုန်ယင်နေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ဤနေရာတွင် ပုန်းအောင်းနေသည့် မကောင်းအကြံအစည် ရှိကိုရှိရမည်။ အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ သူတို့ ကြံစည်ထားတာ အောင်မြင်သွားခဲ့လျှင် အရှေ့ပင်လယ်မြို့တစ်ခုလုံး ဖျက်စီးခံရလိမ့်မည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ စခန်းကို ဖျက်စီးပစ်ပြီးနောက် တပည့်များက ဆက်မပုန်းနေတော့ဘဲ ထွက်လာကြသည်။ ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက် လေထဲ ရောက်ရှိလာသည်။ သူတို့အငွေ့အသက်များက မကောင်းဆိုးဝါးဆန်ဆန် ဖြစ်နေပြီး မျက်နှာများက တွန့်လိမ်နေကာ အကြည့်များက လူတစ်ယောက်၏ ဆံပင်ထောင်မတ်သွားစေလောက်အောင်အထိ စူးရှနေသည်။

ဦးဆောင်လာသူမှာ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး စွမ်းအားကြီး အငွေ့အသက်များ ရှိနေသည်။ သူက ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန် ဖြစ်နေလေပြီ။

သူ့မျက်ဆံတို့က နီရဲနေပြီး အခြားလူများကို ငြိမ်သက်သွားစေနိုင်သည့် အိပ်မက်ဆန်ဆန် စွမ်းအားမျိုး ပိုင်ဆိုင်ထားဟန်ပေါ်၏။

ဤလူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခန်းမသခင် မားစ် ဖြစ်၏။ မားစ်၏ စွမ်းအားက ပုံရိပ်ယောင် အစီအရင်များကို တည်ဆောက်ပြီး ပုန်းအောင်းဖို့ အသုံးချခြင်း ဖြစ်သည်။ မားစ်ခန်းမကို အရှေ့ပင်လယ်မြို့အတွင်း ဝှက်ထားနိုင်သည့် အကြောင်းအရင်းမှာ ပုံရိပ်ယောင် အစီအရင်၏ စွမ်းအားကြောင့် ဖြစ်သည်။

ဝိဇ္ဇာပင် ဤနေရာသို့ ဝင်ရောက်လာပြီးနောက် စွမ်းအားအမျိုးမျိုး၏ သက်ရောက်မှုကို ခံရကာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တည်နေရာကို ဖော်ထုတ်နိုင်မည် မဟုတ်ချေ။ မားစ်ခန်းမသည် အရှေ့ပင်လယ်မြို့၌ ပုန်းအောင်းနေသည်မှာ ကြာမြင့်လှပြီး ဖြစ်၍ ဤဝှက်ဖဲဖြင့် ဝိဇ္ဇာများစွာ၏ အာရုံခံနိင်စွမ်းကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တော့ သူတို့ ကံမကောင်းခဲ့ပေ။ ဤနေရာ၌ ပုံရိပ်ယောင်အစီအရင်များ ပြည့်နှက်နေသော်လည်း ထိုးဖောက်အမြင်အာရုံ ပိုင်ဆိုင်ထားသည့် ချီကျန့်နှင့် ရင်ဆိုင်ရသည့်အခါ အသုံးမဝင်တော့ချေ။

သူက တစ်ချက်တည်းကြည့်ရုံဖြင့် ဤနေရာနှင့် ပတ်သတ်ပြီး တစ်ခုခု လွဲမှားနေကြောင်း တန်းသိကာ ပုံရိပ်ယောင်ကို ချိုးဖောက်နိုင်ခဲ့သည်။

ထို့ကြောင့် မားစ်ခန်းမက အားလုံးရှေ့မှောက် ပေါ်ပေါက်သွားခြင်း ဖြစ်၏။

ချီကျန့်က တင်းပုတ်ကို ဝေ့ယမ်းကာ မိစ္ဆာဝိညာဉ်ဂိုဏ်းသားများအား လှောင်ကာ ပြောလိုက်သည်  “ မင်းတို့ မိစ္ဆာကောင်တွေက ကောင်းကောင်း ပုန်းနေခဲ့တာပဲ။ မင်းတို့ကို ရှာနေတာ ကြာပြီကွ။ နောက်ဆုတ်မလား  … ငါ မင်းတို့ကို ရိုက်ရမလား ”

ချီကျန့်က မိစ္ဆာဝိညာဉ်ဂိုဏ်း လှုပ်ရှားမှုများကို လာရောက်စုံစမ်းခြင်း ဖြစ်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်းနှင့် တည့်တည့်တိုးလိမ့်မည်ဟု မထင်ထားပေ။

ဤသည်က ချီကျန့်အား စိတ်လှုပ်ရှားလာစေသည်။

အကယ်၍ သူသာ ဤဥပုတ်များကို ကောင်းကောင်း ဖိနှိပ်နိုင်ခဲ့လျှင် အကျိုးအမှတ်များစွာ ရလာနိုင်သည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း ခန်းမသခင်က ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်တစ်ယောက် ဖြစ်သော်လည်း ချီကျန့်က မကြောက်ပေ။ သူက ဤအဆင့်မျိုးကို ယခင်က မသတ်ဖူးခြင်း မဟုတ်ပေ။

ခန်းမသခင်မားစ်က ရက်စက်ယုတ်မာစွာ ပြောလိုက်သည်  “ မျောက်စုတ်ကများ ဒီခန်းမသခင်ကို လာနှောင့်ယှက်ရဲတယ်ပေါ့လေ။ ဒီနေ့ အရှေ့ပင်လယ်မြို့က လူတိုင်း သေရမယ် ”

ခန်းမသခင်နောက်မှ သွေးအလင်းတန်းက ကောင်းကင်ကို မြင့်တက်သွားသည်။ တာအိုသင်္ကေတများ တစ်ခုပြီး တစ်ခုလင်းလက်လာပြီး မျက်စိစူးမတတ် ဖြစ်နေသည်။ ထိုစဉ် မိုးမြေကြား ဆက်သွယ်ပေးသည့် အားကောင်းသည့် ဖွဲ့စည်းပုံအစီအရင်တစ်ခု ဖြစ်လာကာ နေရာတစ်ခုလုံးအား ပိတ်ဆို့ထားလိုက်သည်။ မည်သူမှ ထွက်သွား၍ မရတော့ပေ။

“ အစတုန်းက မင်းတို့အားလုံးကို ရက်နည်းနည်းလောက် ထပ်အသက်ရှင်ခိုင်းမလို့ပဲ။ မင်းတို့က ကိုယ့်သေတွင်းကို တူးချင်နေကြတာကိုး ”

ခန်းမသခင်က ယုတ်မာစွာ ပြောလိုက်သည်။ သူက ဤနေရာ၌ သွေးစတေးရေး ဖွဲ့စည်းပုံအစီအရင်တစ်ခု တည်ဆောက်နေတာ ကြာမြင့်လှလေပြီ။

အရှေ့ပင်လယ်၏ နှစ်တစ်ရာ ကူးသန်းရောင်းဝယ် တွေ့ဆုံပွဲ ကျင်းပသည့်အခါ သက်ရှိအားလုံး၏ သွေးအဆီအနှစ်ကို အသုံးပြုကာ သူ့အထွတ်အထိပ် မိစ္ဆာလက်နက် သန့်စင်ဖို့ ပြင်ဆင်ထားခြင်း ဖြစ်၏။ ကံဆိုးစွာဖြင့် ချီကျန့်က သူ့အကြံအား ဝင်နှောင့်ယှက်ခဲ့သည်။

ရလဒ်အနေနှင့် အရှေ့ပင်လယ်မြို့၏ လူအရေအတွက်က ထိပ်ဆုံးကို မရောက်သေးသလို သွေးစတေးရေး အစီအရင်ကလည်း အပြည့်အဝ မခင်းကျင်းရသေးပေ။

သို့သော်လည်း အရာအားလုံးက အဆင်ပြေဆဲ ဖြစ်ပြီး သက်ရောက်မှုက သိပ်မကြီးမားပေ။

သွေးစတေးရေး ဖွဲ့စည်းပုံအစီအရင်ကို အသက်သွင်းနိုင်သရွေ့ မိစ္ဆာဝိညာဉ်ဂိုဏ်းသားများမှလွဲ၍ အားလုံးက သွေးအဆီအနှစအဖြစ် သန့်စင်ခံရမည်။ မဟာအစီအရင် အသက်ဝင်လာသည်ကို ကြည့်ရင်း ခန်းမသခင် မျက်နှာအထက် အံ့အားမှုများ ထင်ဟပ်လာသည်။

သူက ကြောက်မက်ဖွယ် ပြုံးလိုက်ရင်း  “ မင်းတို့က ဒီလိုအမှိုက်တွေနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ သဲလွန်စကို ရှာနိုင်မယ်များ ထင်နေတာလား။ အဲဒီငါးစာတွေနဲ့ မင်းတို့အားလုံးကို ဒီနေရာကို တမင်မျှားခေါ်ထားတာ။ ဒီတစ်ခါ အကြီးကြီး ဖမ်းမိမယ် ထင်မထားဘူး။

ကျိရှားကျောင်းတော်ရဲ့ ပင်မတပည့်တွေသာ ဒီနေရာမှာ သေသွားရင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်တော့ ခေါင်းကိုက်ရတော့မှာပဲ … ဟားဟား  ”

ခန်းမသခင်က ရက်စက်စွာ ရယ်မောလိုက်ပြီး သူ့အကြည့်တို့၌ ကြမ်းကြုတ်မှုတို့ ကိန်းအောင်းနေသည်။

ဤသည်မှာ အံ့ဩလောက်ဖွယ် သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင် ဖြစ်၏။

ဒီလူတွေက ယနေ့ ဒီနေရာတွင် သေဆုံးရတော့မယ်။ ငါ့အထွတ်အထိပ် မိစ္ဆာလက်နက်က နောက်ဆုံးတော့ ပြီးမြောက်တော့မယ်

All Chapters