ငါ အဖွဲ့ဖွဲ့ချင်ပေမဲ့ သူတို့က မရှိတော့ဘူး
Vol. 30 Ch. 440
အခန်း (၄၄၀) : ငါ အဖွဲ့ဖွဲ့ချင်ပေမဲ့ သူတို့က မရှိတော့ဘူး
သွေးနီရောင် အလင်းအလွှာတစ်ခုက ကောင်းကင်ကို လွှမ်းခြုံကာ ရောင်ပြန်ဟပ်နေသည်။ အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် မြို့တစ်ခုလုံး၌ ကြောက်မက်ဖွယ် အငွေ့အသက်များ အပြည့်ဖြစ်သွားလေသည်။
သွေးအလွှာမှ သွေးစွမ်းအား ပျံ့နှံ့လာကာ အရှေ့ပင်လယ်မြို့တစ်ခုလုံးကို အုပ်လွှမ်းသွားကာ သွေးရောင်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဤသွေးချီက အင်မတန် မကောင်းဆိုးဝါးဆန်လှသည်။ ထိုစွမ်းအားအတွင်း ရက်စက်ယုတ်မာပြင်းထန်သည့် စွမ်းအားမျိုး ပါဝင်နေသည်။
ဤသည်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းက အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သည့် သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင် ဖြစ်၏။ ထိုအရာက လူများအား ဆင်ခြင်တုံတရား ပျောက်ဆုံးသွားစေပြီး တိုက်ခိုက်ဖို့နှင့် သတ်ဖြတ်ဖို့သာ သိလာစေသည်။
သိပ်မကြာခင် အားနည်းသည့် ကျင့်ကြံသူများ၏ မျက်လုံးများက အနီရောင် ပြောင်းလဲလာသည်။
သူတို့အသက်ရှုနှုန်းက ပိုမို လေးလံလာကာ အနီးအနားရှိ လူများကို စတင် တိုက်ခိုက်ကြတော့သည်။ မြို့က ချက်ချင်းဆိုသလို ကမောက်ကမ ဖြစ်လာသည်။ နေရာတိုင်း၌ တိုက်ခိုက်မှုများ ဖြစ်နေပြီး သွေးများကလည်း မြစ်အလား စီးဆင်းလာသည်။
သို့သော် ထိုအရာက အကုန်မဟုတ်သေးပေ။
ခန်းမသခင်မားစ်က လက်ဝေ့ကာ ဖွဲ့စည်းပုံအစီအရင်ကို ထပ်ပြောင်းလိုက်ပြီး နေရာတစ်ဝိုက် သွေးမိုးများ ရွာသွန်းလာစေသည်။ သွေးမိုးများက တိုက်စားနိုင်သည့် ဂုဏ်သတ္ထိရှိပြီး ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကိုပင် အရိုးဖြစ်အောင် အလွယ်တကူ ပြောင်းလဲနိုင်သည်။
ဤနေရာက မကောင်းမှုအသွင် ပြောင်းလဲသွားပုံပေါ်ကာ ကျင့်ကြံသူအများအပြားက စူးစူးဝါးဝါး အော်ဟစ်နေကြသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုဖွဲ့စည်းပုံ အစီအရင်မျိုးလဲ အား … ငါ့လက် … ငါ့ခြေထောက် အား … ”
ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက အသက်ရှိုက်စာအနည်းငယ်အတွင်း အရိုးအပုံလိုက် ဖြစ်သွားကာ သွေးများစွန်းထင်းသွားသည်။ ကောင်းကင်အသျှင်ပင် သူတို့ ကာကွယ်ရေးစွမ်းအားက မြန်မြန် ကုန်ဆုံးလာသည့်အတွက် ကြာကြာမခုခံနိုင်ပေ၊။
ဤမြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။
“ အားလုံး ပူးပေါင်းပြီးတော့ အစီအရင် ခင်းကြမယ် ” ရှုအန်းက အော်ကာ အားလုံးကို ပူးပေါင်းဖို့ အမိန့်ပေးလိုက်သည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက အရှေ့ပင်လယ်မြို့ တစ်ခုလုံး အလောင်းပင်လယ် ဖြစ်ပေတော့မည်။
မျိုးနွယ်စုအသီးသီးမှ အားကောင်းသည့် ကျင့်ကြံသူများက လှုပ်ရှားကာ စွမ်းအားများ လှည့်ပတ်ရင်း ခုခံရေးအကာအကွယ် တည်ဆောက်ကြသည်။
တောက်ပသည့် အလင်းပိတ်ကားချပ်တစ်ခု ထွက်ပေါ်လာကာ လက်ရှိ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားပြီး သူတို့အား သွေးမိုးနှင့် မထိတွေ့စေရန် ယာယီခြားနားပေးလိုက်သည်။ သို့သော်လည်း မိစ္ဆာအငွေ့အသက်က စိမ့်ဝင်နေဆဲ ဖြစ်သောကြောင့် ကျင့်ကြံသူများ၏ စိတ်ထဲ သတ်ဖြတ်လိုစိတ် ကြီးစိုးလာစေသည်။
ခန်းမသခင် မားစ်၏ အမူအယာက အထင်သေးမှုအပြည့် ဖြစ်နေပြီး ယုတ်မာစွာ ရယ်မောလိုက်သည် “အသုံးမဝင်တဲ့ ခုခံမှုတွေကို လက်လျော့လိုက်စမ်းပါ။ ဒီဖွဲ့စည်းပုံအစီအရင်က ဝိဇ္ဇာအစစ်အမှန်ကိုတောင် သန့်စင်ပစ်နိုင်တယ်။ မင်းတို့ ခုခံနိုင်မယ်များ ထင်နေလား ”
ကျင့်ကြံဆင့်အမြင့်ဆုံးလူမှာ မြို့အရှင် ရှုအန်း ဖြစ်၏။ လက်ရှိတွင် အခြားသော ဝိဇ္ဇာများ ရှိသော်လည်း သူတို့ကျင့်ကြံဆင့်က သိပ်မမြင့်သလို အရေအတွက်လည်း မများလှပေ။
သူတို့က ကူးသန်းရောင်းဝယ်ရေး တွေ့ဆုံပွဲတက်ရောက်ရန် ရောက်လာကြရာ မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတို့ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံလိမ့်မည်ဟု မတွေးထားမိပေ။
အလယ်ပိုင်းကုန်းမြေ ကျင့်ကြံသူများလည်း သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်ထဲ ပိတ်မိနေပြီး ခုခံဖို့ နည်းလမ်း မရှိကြချေ။
………....
သွေးမိုးရွာသွန်းလာကာ မိုးမြေတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ မိုးရေစက်များက အလင်းပိတ်ကားအလွှာပေါ် ကျရောက်နေပြီး အကာအရံအလွှာအား သွေးစွန်းသွားစေကာ အကာအရံက အချိန်မရွေး ပျောက်ပျက်သွားလုနီးပါး ဖြစ်လာလေသည်။
ဝိဇ္ဇာများ၏ အမူအယာက အလျှင်အမြန် ပြောင်းလဲသွားကာ အကာအရံအား အားပိုဖြည့်လိုက်ကြသည်။
“ ဒီဟာကို ချိုးဖောက်နိုင်မဲ့ နည်းလမ်း ရှာရမယ် ” ရှုအန်းက ပြောလိုက်သည်။ သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်သည် အလွန်ကြောက်ဖို့ကောင်းလှသည်။ ဝိဇ္ဇာပင် ကြာကြာ ခံနိင်ရည်ရှိမည် မဟုတ်ချေ။
ကျင့်ကြံသူများလည်း ထိတ်လန့်နေကြ၏။
အကာအရံ ကျိုးပျက်သွားသည်နှင့် ဤနေရာက ရှင်လျက်နှင့် သေဆုံးရမည့် ငရဲ ဖြစ်လာပေမည်။
ခန်းမသခင်မားစ်၏ အကြည့်က ပို၍ ရက်စက်လာကာ “ မင်းတို့တွေ ငါ့လက်နက်အတွက် အာဟာရဖြစ်လာဖို့ သိပ်မကြာတော့ပါဘူး ”
သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်၏ စွမ်းအားက သူ့လက်အဝေ့တွင် ပို၍ အားကောင်းလာသည်။
သွေးစီးကြောင်းများစွာက မြစ်သဖွယ် ဖြစ်လာသည်။ ထိုအရာများက သက်ရှိများစွာ၏ စတေးမှုမှ ရလာသည့် သွေးအဆီအနှစ်တို့ ဖြစ်၏။ သူတို့ကို ခန်းမသခင်က ထိန်းချုပ်ကာ မားစ်ခန်းမအတွင်းပိုင်းထဲ ပေါင်းစပ်စေလိုက်သည်။
ထိုစဉ် သွေးများက ဝင့်ဝင့်စွားစွား တောက်ပနေပြီး မိုးမြေကို အလင်းပေးနေသည်။
မိစ္ဆာအငွေ့အသက် ထွက်ပေါ်လာပြီး လူများစွာအား ကြောချမ်းသွားစေသည်။ မိစ္ဆာလက်နက်များသည် အသွင်ပြောင်းလာပြီး သွေးအဆီအနှစ်များအား အာဟာရအဖြစ် စုပ်ယူနေကြ၏။
ရှုအန်း၏ မျက်နှာက သေမလောက် ဖြူဖျော့သွားကာ “ ငါတို့သာ အစီအရင်ကို မချိုးဖောက်ရင် ငါတို့ ဒီမှာ တကယ် သေသွားလိမ့်မယ်”
သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင် ဖြစ်စေ မိစ္ဆာလက်နက် ဖြစ်စေ သူတို့က မခုခံနိုင်ပေ။ အကယ်၍ သူတို့သာ အချိန်ထပ်ဆွဲနေပါက သေခြင်းတရားသာ ရောက်လာပေမည်။
“အတူတူတိုက်ပြီးတော့ အစီအရင်ကို ချိုးဖောက်ကြစို့ ”
ရှုအန်းက အော်ပြောလိုက်ပြီး သူနှင့် အခြားဝိဇ္ဇာများက ဖိအားကို ခုခံကာ တိုက်ခိုက်ပြီး အစီအရင်ကို ချိုးဖောက်လိုကြသည်။
ဝုန်း …
ကောင်းကင်တခွင် အလင်းတန်းများ ပျံတက်သွားသော်လည်း လုံးလုံး အသုံးမဝင်ပေ။
တိုက်ခိုက်မှုအားလုံးကို သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်က ဝါးမျိုသွားပြီး အစီအရင်က အကောင်းအတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။
“ ငါတို့တော့ သွားပြီ ”
လူများစွာက သူတို့အသက်ရှင်နိုင်ခြေ နည်းပါးလာကြောင်းကို တွေးမိပြီး စိတ်ဓာတ်ကျလာကြသည်။
….....
ထိုစဉ် ချီကျန့်က လှုပ်ရှားလာသည်။ သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေရင်း လေဟာနယ်ထဲ ရပ်နေလေသည်။ သူ့ရွှေရောင်ချပ်ဝတ်က တောက်ပနေပြီး သူ့အရှိန်အဝါကလည်း အားကောင်းလှသည်။
သွေးမိုးများက သူ့ခန္ဓာပေါ် ကျရောက်လာကာ ရွှေရောင်အလင်းကြောင့် ချက်ချင်း အငွေ့ပျံသွားကြသည်။
ချီကျန့်က ရုတ်ချည်း ထဟစ်ကြွးလိုက်ကာ သူ့လက်ထဲမှ တင်းပုတ်ကြီးအား ဝေ့ယမ်းလိုက်သည်။
“ ရော့ ယူလိုက် ”
သူက ပြိုင်ဖက်ကင်း စစ်နတ်ဘုရားတစ်ပါးအလား အားရပါးရ ဟစ်ကြွေးလိုက်သည်။ တင်းပုတ်ကြီးက မိုးမြေကိုပင် နှစ်ပိုင်းခြမ်းပစ်မည့်အလား လေဟာနယ်ကို ခွင်းထွက်သွားသည်။
ဝုန်း …
မိုးမြေက တုန်ခါသွားကာ လေဟာနယ်လည်း ပုံပျက်သွားသည်။
ချီကျန့်၏ တိုက်ခိုက်မှုက အတော်လေး ပြင်းထန်လှပြီး သူ့စွမ်းအားကလည်း အားကြီးလွန်းလှသည်။ လေဟာနယ်က အပြိုအပျက်သဖွယ် ကြေမွသွားသည်။ သို့သာ်လည်း သွေးအလွှာနှင့် ထိပ်တိုက်တွေ့သွားသည့်အခါ လှိုင်းတွန့်များသာ ဖြစ်လာပြီး မပျက်စီးသွားပေ။
“ ဘာလို့ အဲလောက်မာနေရတာလဲ ”
ချီကျန့်၏ မျက်လုံးတို့ ပြူးကျယ်လာသည်။ သူက အားအပြည့်ထုတ်သုံးထားသော်လည်း သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်ကို မဖျက်စီးနိုင်ပေ။
ခန်းမသခင်မားစ်က လှောင်ပြောင်ကာ
“ ဒီနေ့လိုမျိုး အမှတ်တရဖြစ်စေဖို့ နှစ်အများကြီး ကြိုတင်ပြင်ဆင်ထားခဲ့ရတာ။ ဒီအစီအရင်ကို မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ခင်းကျင်းထားတာ မဟာဝိဇ္ဇာစွမ်းအားနဲ့တင် ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူး ဟားဟား … မင်း ဝင်လာလို့ပဲ ရတယ်။ ထွက်သွားလို့ မရဘူး။
မင်း သေသွားရင် အရှေ့ပင်လယ်မြို့ထဲ ဝင်လာသမျှသူတိုင်း မင်းနဲ့အတူ သေဆုံးရမယ် ”
ချီကျန့်က ဒေါသတကြီး ခေါင်းကုတ်ကာ “ သောက်ပြဿနာများလိုက်တာ”
သူက မားစ်ခန်းမကို ဖိနှိပ်လိုသော်လည်း ဤတစ်ကြိမ် ပြဿနာအကြီးကြီး ဖြစ်စေမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ချီကျန့် မလှုပ်ရှားလျှင်ပင် ခန်းမသခင်မားစ်က ဤအခွင့်ကောင်းကို လက်လွှတ်ခံမည် မဟုတ်ချေ။ အကယ်၍ သွေးစတေးမှု အစီအရင်သာ ရက်ပိုင်းအတွင်း ပြီးမြောက်သွားခဲ့လျှင် အခြေအနေကို ပြန်ပြောင်းဖို့ ဖြစ်နိုင်တော့မည် မဟုတ်ချေ။
ချီကျန့်က ခေါင်းကို အသည်းအသန်ကုတ်ရင်း ဖြေရှင်းနည်းကို စဉ်းစားနေသည်။
………...
ချီကျန့်က ဖွဲ့စည်းပုံအစီအရင်ကို မဖျက်စီးနိုင်ကြောင်း မြင်ပြီး အားလုံး၏ မျက်နှာအထက် မျှော်လင့်ချက် ကုန်ဆုံးသွားသည့် အရိပ်အယောင်များ ကြီးစိုးလာသည်။
လူမြောက်များစွာက ဤနေရာတွင် သေဆုံးတော့မည်ဟု တွေးကာ ဝမ်းနည်းစွာ ငိုကြွေးနေကြသည်။
ခန်းမသခင် မားစ်က ဟားတိုက်ရယ်လိုက်ပြီး “ မင်းတို့အားလုံး သေပြီ။ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတို့ သတ်ကြ … ”
မိစ္ဆာဒိဌိ ယုံကြည်သူများက အစကတည်းက မိစ္ဆာပညာရပ်များကို ကျင့်ကြံကြသောကြောင့် သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်က သူတို့အပေါ် သက်ရောက်မှု မရှိချေ။ ထို့အစား သူတို့ကို သန်မာလာစေပြီး ပြင်းထန်လာစေ၏။
ကနဦးဝိညာဉ်အဆင့်နှင့် ဝိညာဉ်အသွင်ပြောင်းအဆင့် မိစ္ဆာဂိုဏ်းသားများက လူအုပ်ကြား ပြေးလာကာ စတင် သတ်ဖြတ်ကြသည်။
ဝိဇ္ဇာများက သူတို့ရှိနေသည့် နေရာတစ်ဝိုက် ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားကြ၏။ သို့သော်လည်း သူတို့ကို မိစ္ဆာဝိညာဉ်ဂိုဏ်း ဝိဇ္ဇာများ၏ တားဆီးမှုကို ခံလိုက်ရသောကြောင့် ဆက်မကူပေးနိုင်တော့ပေ။
အရှေ့ပင်လယ်မြို့သည် ကြီးမားပြီး လူများစွာ ရှိပေသည်။ အားလုံးက သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်၏ သက်ရောက်မှုကို ခံနေရသည်။
မျိုးနွယ်စုအသီးသီး၏ ကျင့်ကြံသူများက ခုခံမနိုင်ဘဲ အစုလိုက်အပြုံလိုက် အသတ်ခံနေရသည်။ ထိုစဉ် နေရာတိုင်း၌ အလောင်းအပုံလိုက် ဖြစ်နေလေသည်။ အရိုးများက နေရာအနှံ့ ပျံ့ကျဲနေပြီး သွေးက မြစ်တစ်စင်းအလား စီးနေသည်။
ခန်းမသခင်မားစ်က ချက်ချင်း မိစ္ဆာအငွေ့အသက်များကို လှည့်ပတ်ကာ ဝိဇ္ဇာများ ပူးပေါင်းတည်ဆောက်ထားသည့် အစီအရင်ကို တိုက်ခိုက်လာသည်။ သူတို့အကာအကွယ် ကျိုးပျက်သွားသရွေ့ အရှေ့ပင်လယ်မြို့၏ ကျင့်ကြံသူများက ပို၍ မြန်မြန်ဆန်ဆန် ကျဆုံးသွားကြပေမည်။
ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်အနေနှင့် ခန်းမသခင်မားစ်က ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူ့တိုက်ခိုက်မှုများက မနည်းရုန်းကန်နေရသည့် ဝိဇ္ဇာများအတွက် ပို၍ ဆိုးရွားလာစေသည်။ ဝိဇ္ဇာတချို့က သွေးအန်ကာ သူတို့အရှိန်အဝါလည်း လျော့ကျသွားသည်။
တင်းပုတ်ကြီးက ရုတ်ချည်းဆိုသလို ကျရောက်လာသည်။ ထိုအရာက ခန်းမသခင်မားစ်၏ ခေါင်းပေါ် တောင်ခွင်းနိုင်သည့် အင်အားဖြင့် ကျရောက်လာသည်။
ဘန်း …
ခန်းမသခင်မားစ်က မျက်လုံးအပြူးသားဖြင့် လွှင့်စင်သွားလေသည်။ မျောက်၏ အင်အားက ကြောက်မက်ဖွယ် သန်မာလှပြီး သူ့အနေနှင့် ခုခံဖို့ ခက်ခဲလှသည်။
ချီကျန့်၏ မျက်ဝန်းများက နေမင်းသဖွယ် တောက်ပနေပြီး သူ့အရှိန်အဝါတို့ကလည်း ထိုးထွက်နေဆဲ ဖြစ်သည်။ သူက နှာခေါင်းရှုံ့ကာ “ မိစ္ဆာကောင် ဒီအစီအရင်ကို မြန်မြန်ဖွင့်လိုက်စမ်း … မဟုတ်ရင် မင်းခေါင်းကို ကြေမွသွားအောင် လုပ်ပစ်မယ် ”
ဤဖွဲ့စည်းပုံအစီအရင်က မိုးမြေစွမ်းအားများကို အသုံးပြုထားသည်။ ချီကျန့်ပင် မချိုးဖောက်နိုင်ပေ။ သူက နောက်လိုက်များကို မဖမ်းခင် ခေါင်းဆောင်ကို အရင်ဖမ်းဖို့ ကြံလိုက်၏။ သူက ခန်းမသခင်မားစ်ကို နှိမ်နင်းပြီးမှ အစီအရင်ချိုးဖောက်မည့် ကိစ္စကို စဉ်းစားတော့မည်။
ခန်းမသခင် မားစ်က ဒေါသထွက်လာကာ သူ့မိစ္ဆာအငွေ့အသက်တို့ ပေါက်ထွက်လာသည် “ ကောင်စုတ်လေး … မင်းက ဘယ်လိုတောင် စိတ်ကြီးဝင်နေတာလဲ ” သူက လှောင်ပြောင်လိုက်သည်။
သူက ငါးကြိမ်မြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန် ဖြစ်ပြီး ဧရာမစွမ်းပကားရှင်အဆင့် မျောက်တစ်ကောင်၏ အထင်သေးရှုံ့ချကြည့်ခံရတာကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
ခန်းမသခင် မားစ်က အရင်ဦးစွာ တိုက်ခိုက်လိုက်သည်။ သူ့နောက်မှ မိစ္ဆာအငွေ့အသက်များက ကောင်းကင်အထိ ပျံ့နှံ့သွားပြီး လေဟာနယ်ကိုပင် စုတ်ဖြဲနိုင်သည့် တစ္ဆေလက်သည်းအဖြစ် ပြောင်းလဲသွားသည်။
တစ္ဆေလက်သည်း ပေါ်လာသည့်အခါ နေလတို့က အရောင်ကွယ်ပျောက်သွားသည့်အလား အငွေ့အသက်များက တုန်ယင်လာစေသည်။
ဤရိုက်ချက်က သာမန်ဝိဇ္ဇာကို ချက်ချင်း သတ်ပစ်ဖို့ လုံလောက်ပေသည်။
…….....
ချီကျန့်က လုံးလုံး မကြောက်ပေ။ သူက အေးစက်စက် သရော်လိုက်ပြီး ခြေဆောင့်လိုက်ကာ ရှေ့တိုးလာသည်။ သူ့အရှိန်အဝါတို့က ပို၍ အားပြင်းလာကာ ကောင်းကင်တခွင်လုံးကို ဖုံးလွှမ်းသွားသယောင် ထင်မှတ်ရ၏။ တင်းပုတ်ကြီးကို ဝေ့ယမ်းလိုက်သည့်အခါ အာကာပြင်ကို အမှုန့်ဖြစ်သွားစေသည်။
ဝုန်း …
အံ့ဖွယ်အလင်းတန်းက တစ္ဆေလက်သည်းနှင့် ထိပ်တိုက်တွေ့သွားကာ တစစီ ကြေမွသွားသည်။ မိစ္ဆာအငွေ့အသက်က ချက်ချင်း ကွယ်ပျောက်သွားလေ၏။
ချီကျန့်၏ စွမ်းအားက ထိုနေရာတင် မရပ်တန့်သွားပေ။ သူက တင်းပုတ်ကို ထပ်ဝေ့ယမ်းရင်း ခန်းမသခင်ဆီ ချိန်ရွယ်လိုက်သည်။
ခန်းမသခင်မားစ်က တုန်လှုပ်သွားကာ မြန်မြန် ကာလိုက်သည်။ အဆုံးမဲ့ သွေးစွမ်းအားတို့ ထွက်ပေါ်လာပြီး ချီကျန့်ကို ဝါးမျိုချင်နေသည့် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ သူက သွေးစတေးမှု ဖွဲ့စည်းပုံအစီအရင်အား ထိန်းချုပ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
သွေးအလင်းတန်းများက ကောင်းကင်တခွင် ဖုံးလွှမ်းသွားပြီး မိုးမြေကိုပင် ပြိုကျပျက်စီးသွားစေနိုင်သည့်အလား အင်မတန် မိစ္ဆာဆန်လှသည်။
ချီကျန့်က ကြောက်ရွံ့ခြင်း ကင်းမဲ့လှသည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်နေသောကြောင့် ကြီးကျယ်ခမ်းနားပုံပေါက်စေသည်။ ရွှေရောင်ချပ်ဝတ်၏ အံ့ဖွယ်အလင်းတန်းက အားပြင်းပြင်းဖြင့် ထွက်ပေါ်လာသည်။
ဤသည်မှာ ထိပ်တန်းအဆင့် ဝိဇ္ဇာလက်နက် ဖြစ်ပြီး ကာကွယ်ရေးစွမ်းအားက အားကောင်းလှသည်။
သွေးပင်လယ်က အဖျက်စွမ်းအားများ ပြည့်နှက်နေသော်လည်း ချီကျန့်၏ အကာအကွယ်ကို မချိုးဖောက်နိုင်ကြပေ။ ထို့နောက် ချီကျန့်က ရုတ်ချည်း လှုပ်ရှားလိုက်သည်။ သူက တင်းပုတ်ကြီးကို ဝေ့ယမ်းရင်း ပင်လယ်လေးခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေမည့် စွမ်းအားမျိုးကို ထုတ်ဖော်လိုက်သည်။
လေပြင်းမုန်တိုင်းများ ဖြစ်လာပြီး သွေးပင်လယ်အား မွှေနှောက်ပစ်လိုက်သည်။
ဝုန်း
ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာသည်။
ကောင်းကင်ထိလုမတတ် ဖြစ်နေသည့် သွေးပင်လယ်ကြီးက ပျောက်ကွယ်သွားလေသည်။
သွေးနီရောင်ကို ဖိနှိပ်ထားသည့် ရွှေရောင်အလင်းများသာ ကျန်ရှိခဲ့သည်။ သွေးပင်လယ်ကို ချိုးဖောက်ပြီးနောက် ချီကျန့်၏ တင်းပုတ်ကြီးက ခန်းမသခင်မားစ်ပေါ် ကျရောက်လာကာ သူ့မိစ္ဆာအငွေ့အသက်များလည်း လွှင့်ပျောက်သွားရတော့သည်။
ခန်းမသခင် မားစ်က ထိုတင်းပုတ်ရိုက်ချက်ကြောင့် ကီလိုမီတာ ထောင်ချီ လွှင့်စင်သွားသည်။ သူက သွေးအန်လိုက်ရပြီး သူ့အကြည့်တို့၌ ထိတ်လန့်မှုအပြည့် ဖြစ်နေကာ ခန္ဓာကိုယ်ကလည်း တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ သူက မျောက်သည် သူ့ကို ဖိနှိပ်နိုင်လောက်အောင်အထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခန်းမသခင် မားစ်၏ မျက်လုံးများက ပိုမို နီရဲလာကာ အငွေ့အသက်များလည်း ခက်ထန်လာသည်။ သူ့နှုတ်ခမ်းထောင့်တို့မှ သွေးများ စီးကျနေသော်လည်း ဂရုမစိုက်ဘဲ အော်ပြောလိုက်သည် “ မင်းက ငါ့ကို ဖိအားလာပေးတာပဲ … သွေးနတ်ဆိုးဓား တိုက်ခိုက်စမ်း ”
ဝုန်း …
မားစ်ခန်းမက အပြင်းအထန် တုန်ခါလာပြီး သွေးရောင်အလင်းတန်း ထွက်ပေါ်လာကာ လေဟာနယ်ကို ဖြတ်ခွင်းလာသည်။ ထိုအငွေ့အသက်က ကမ္ဘာကြီးကို သွေးပင်လယ် ပြောင်းပစ်ချင်သည့်အလား မကောင်းဆိုးဝါးဆန်လှသည်။ ဤသည်မှာ အနီရင့်ရင့် ဓားရှည်တစ်ချောင်း ဖြစ်၏။ တစ်ချောင်းလုံးကို သွေးများ စီးဆင်းနေသည့်အလား သွေးရောင် အံ့ဖွယ်အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည်။
ဤသည်မှာ ထိပ်တန်းဝိဇ္ဇာလက်နက် ဖြစ်သည့် ပြိုင်ဖက်ကင်း မိစ္ဆာလက်နက် ဖြစ်ပေသည်။ ပြောရလျှင် မဟာဝိဇ္ဇာလက်နက် ဖြစ်လာဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့၏။
မဟာဝိဇ္ဇာများသာ မဟာဝိဇ္ဇာလက်နက် ဖန်တီးနိုင်လေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက သွေးစတေးမှု နည်းလမ်းကို အသုံးပြုကာ ဝိဇ္ဇာလက်နက်အား မဟာဝိဇ္ဇာလက်နက်အဖြစ် ပြောင်းလဲဖို့ ကြံရွယ်ထားသည်။ ဤနည်းလမ်းက အတော်လေး ရက်စက်လွန်းသည်ဟု ဆိုလို့ရသည်။
သို့သော်လည်း သူ ပေးချေရမည့် တန်ဖိုးကလည်း အတော်လေး ကြီးမားပေသည်။ သူက ကျင့်ကြံသူမြောက်များစွာ၏ သွေးအဆီအနှစ်ဖြင့် အာဟာရဖြည့်ပေးဖို့ လိုအပ်၏။
ထို့ကြောင့် ခန်းမသခင်မားစ်က အရှေ့ပင်လယ်မြို့အတွင်း သွေးစတေးမှု အစီအရင် ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။
ဤကူးသန်းရောင်းဝယ်ရေး တွေ့ဆုံပွဲအား အသုံးချကာ ကျင့်ကြံသူအားလုံးကို စုစည်းလိုခဲ့သည်။ ထိုအခါမှ သွေးနတ်ဆိုးဓားက အပြည့်အဝ အသွင်ပြောင်းလဲသွားမည် ဖြစ်၏။
သို့သော် ချီကျန့်က ရုတ်တရက် ကောက်ကာငင်ကာ ပေါ်ထွက်လာခဲ့ပြီး ခေါင်းဆောင်အား ချောင်ပိတ်ခဲ့သည်။
ခန်းမသခင်မားစ်က ချီကျန့်ကို သတ်နိုင်ဖို့ သွေးနတ်ဆိုးဓားကို ဆင့်ခေါ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ မဟုတ်လျှင် အရာအားလုံးကို ချီကျန့်က ဖျက်စီးပစ်လိမ့်မည်။
ခန်းမသခင်မားစ်က လက်ထဲတွင် သွေးနတ်ဆိုးဓားကို ကိုင်ဆွဲထားရင်း သူ့အငွေ့အသက်များက အလွန်ခက်ထန်နေသည်။ မိစ္ဆာဝိညာဉ်က ကမ္ဘာမြေ ဆင်းသက်လာသည့်အလား သတ်ဖြတ်ငွေ့အပြည့် ဖြစ်နေသည်။
အရှေ့ပင်လယ်မြို့ရှိ ကျင့်ကြံသူများက ထိုအငွေ့အသက်ကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
“ ဆိုးလိုက်တာ ”
သွေးနတ်ဆိုးဓား၏ အငွေ့အသက်က ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ဝိဇ္ဇာများကိုပင် တုန်လှုပ်လာစေသည်။
အားနည်းသည့် ကျင့်ကြံသူများက သွေးနတ်ဆိုးဓား၏ ခက်ထန်သည့် အငွေ့အသက်များ သက်ရောက်ခံလိုက်ရပြီး စိတ်လွတ်သွားကြသည်။
ဤသည်မှာ ဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်သည့် စွမ်းအား ပိုင်ဆိုင်ထားသော ထိပ်တန်း မိစ္ဆာလက်နက် ဖြစ်သည်။
ခန်းမသခင်မားစ်က ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်တစ်ဦး ဖြစ်ပြီး ဤသွေးနတ်ဆိုးဓားဖြင့် သူ့တိုက်ခိုက်စွမ်းက ပြိုင်ဖက်ကင်းလှသည်။
သူတစ်ယောက်တည်းဖြင့် အရှေ့ပင်လယ်မြို့တစ်ခုလုံးကို သုတ်သင်ပစ်ဖို့ လုံလောက်ပေသည်။
အားလုံးက စိတ်အားငယ်မှုကို ခံစားမိလိုက်ကြ၏။
“ ကောင်စုတ်လေးက ငါ့ကို အချိန်စောပြီး လက်နက်ဆင့်ခေါ်အောင် လုပ်လိုက်တာပဲ။ ကိစ္စမရှိဘူး။ မင်းကို သတ်ပြီးရင် ငါ့အထွတ်အထိပ် လက်နက်က အသွင်ပြောင်းသွားနိုင်ဦးမှာ … သေစမ်း ”
ခန်းမသခင်မားစ်က အော်ဟစ်ကာ သွေးဓားကို ဝေ့ယမ်းလိုက်ပြီး ချီကျန့်အား ပိုင်းဖြတ်ချင်နေသည်။
သူ မသိထားသည်မှာ ချီကျန့်၏ လက်နက်သည် မဟာဝိဇ္ဇာလက်နက် ဖြစ်ပေ၏။
တင်းပုတ်ကြီးက တောက်တောက်ပပ လင်းလက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားအပြည့်ဖြင့် ကျရောက်လာသည်။
ချီကျန့်က လေထဲတွင် မားမားမတ်မတ် ရပ်နေရင်း သူ့ရွှေရောင်သားမွေးတို့က ထောင်မတ်လာကာ အရှိန်အဝါပြင်းပြင်း ထွက်ပေါ်လာသည်။ ထိုစဉ် ချီကျန့်က မိစ္ဆာအားလုံးကို ရှင်းထုတ်ပစ်မည့် စစ်နတ်ဘုရားအလား ထင်မှတ်ရစေသည်။
ဝုန်း …
တင်းပုတ်၏ အရှိန်က ရပ်တန့်မရနိုင်ဘဲ မိုးမြေကို ဇောက်ထိုးလှန်ပစ်ချင်သည့်နှယ် လေဟာနယ်ကိုပါ ပုံပျက်သွားစေသည်။
“ အထွတ်အထိပ် တင်းပုတ်ရိုက်ချက် ” ချီကျန့်က အော်ကာ တင်းပုတ်ကို ဝေ့ယမ်းလိုက်ပြီး သွေးနတ်ဆိုးဓားဆီ ရိုက်ချလိုက်သည်။
ချွမ် …
နေရာအနှံ့ မီးပွားများ လွှင့်စင်လာသည်။ သွေးနတ်ဆိုးဓားက အံ့ဖွယ်တောင်၏ ဖိနှိပ်မှုကို ခံလိုက်ရသည့်အလား အပြင်းအထန် တုန်ခါလာသောကြောင့် ခန်းမသခင်မားစ်၏ ခန္ဓာကိုယ်လည်း တုန်ယင်လာစေသည်။
ဝုန်း …
ခန်းမသခင်မားစ်က လွှင့်စင်သွားကာ သွေးနတ်ဆိုးဓားကလည်း ဝိညာဉ်ပျောက်သွာသည့်အလား တန်ပြန်သက်ရောက်အားကြောင့် မှေးမှိန်သွားလေသည်။ ထိပ်တန်း ဝိဇ္ဇာလက်နက်နှင့် မဟာဝိဇ္ဇာလက်နက်ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ခန်းမသခင်မားစ်၏ မျက်နှာအထက် ကြောက်ရွံ့သည့် အရိပ်အယောင် ပေါ်ထွက်လာကာ သွေးတစ်ပွက်အန်လိုက်ရသည်။
ချီကျန့်က အားကောင်းလွန်းလှသည်။ သူက ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်ကြားတွင် ထိပ်တန်း တည်ရှိမှု ဖြစ်ပြီး မားစ်ခန်းမ၏ သခင်ပင် သူနှင့် မယှဉ်နိုင်ပေ။
အားလုံးက ထိုမြင်ကွင်းကြောင့် တအံ့တဩ ဖြစ်သွားကြသည်။
“ မိုက်တယ် …ချီကျန့်သာရှိနေရင် ငါတို့တွေ သေချာပေါက် ရှင်သန်နိုင်တယ် ”
“ ထိပ်တန်းတပည့် ချီကျန့်က အားကောင်းတယ်။ အဲဒီမိစ္ဆာကောင်တွေကို သတ်ပစ်လိုက် ”
“ ထိပ်တန်းတပည့် ချီကျန့် အကောင်းဆုံးကြိုးစားပြီး သူတို့ကို သတ်ပစ်”
………….....
ရှုအန်း၏ မျက်နှာအထက် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။ အစပိုင်းတွင် သူ ရောက်နေသည့် အခြေအနေကြောင့် စိတ်ပျက်အားငယ်နေခဲ့မိသည်။ သို့သော်လည်း ချီကျန့်က ခန်းမသခင်ကို အောင်အောင်မြင်မြင် ဖိနှိပ်ထားနိုင်ခဲ့၏။ ညအခါတွင် အလင်းရောင် မြင်လိုက်ရသလိုမျိုး သူတို့စိတ်ထဲ မျှော်လင့်ချက်လေး ဖြစ်ပေါ်လာသည်။
အားလုံးက အားပါးတရ အားပေးနေကြပြီး ချီကျန့်အား ခန်းမသခင်ကို အပြည့်အဝ ဖြေရှင်းဖို့ စောင့်ဆိုင်းနေကြသည်။ ချီကျန့်မျက်နှာအထက် ခန်းမသခင်ကို ကြည့်လိုက်ရင်း အပြုံးတစ်ပွင့် ဖြစ်တည်လာသည် “ ဒါက ခင်ဗျားစွမ်းအားအကုန်ပဲလား။ ငါတော့ သွေးတောင် မပူသေးဘူး။ မိစ္ဆာကောင် … ဒီအစီအရင်ကို မြန်မြန်ဖျက်စမ်း ”
ထိုသို့ပြောပြီးနောက် ချီကျန့်က ခန်းမသခင်ဆီ ပြေးဝင်သွားကာ ထပ်တိုက်ပြန်သည်။
သေခြင်းတရား အငွေ့အသက်ကို ခံစားမိပြီး ခန်းမသခင်၏ အမူအယာက ပြောင်းလဲသွားသည်။ သူက အော်ပြောလိုက်၏ “ မဟာဝိဇ္ဇာ ငါ့ကို ကယ်ပါဦး ”
…….....
ထိုအချိန်တွင် မားစ်ခန်းမအတွင်းပိုင်းမှ အံ့ဖွယ်စွမ်းအားတစ်ခု ထုတ်လွှင့်လာသည်။ ထိုအငွေ့အသက်က မိုးမြေကိုပင် တုန်လှုပ်သွားစေလောက်၏။
ခန်းမအတွင်းမှ မျက်စိစူးမတတ် အလင်းတန်း ထွက်လာကာ ကောင်းကင်တခွင် ကြယ်တာရာကြွေကျလာသည့်အလား တောက်ပနေသည်။
ဝုန်း …
မီးတောက်များက ချီကျန့်၏ တင်းပုတ်ကြီးဆီ ရောက်လာကာ သူ့အား လွှင့်စင်သွားစေသည်။ သူက မိုင်ရာချီလောက်အထိ လွှင့်စင်သွားပြီးမှ ရပ်တန့်သွားသည်။
သူ့လက်များက တုန်ယင်နေကာ သူ့လက်မနှင့် လက်ညိုးကြားမှ အရိုးက အက်သွားပြီး သူ့အကြည့်တို့၌လည်း ထိတ်လန့်မှုအပြည့် ဖြစ်နေသည်။
“ ဒီမှာ ဘယ်သူက လာလှည့်စားနေတာလဲ။ မင်းအဖိုးကို လာလုပ်ကြံရဲတယ်ပေါ့လေ ”
ဝုန်း …
မိစ္ဆာစွမ်းအား ပေါက်ထွက်လာသည်။
ထို့နောက် ပုံရိပ်တစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက လေထဲတွင် ရပ်နေရင်း သူ့အနီးအနားရှိ အာကာပြင်တို့က အက်ကွဲနေသည်။ သူက လူအိုကြီးတစ်ယောက် ဖြစ်ပြီး အနီတောက်တောက် ဝတ်ရုံကို ဝတ်ဆင်ထားကာ အနီရောင်မီးတောက်များ ခြံရံလျက်ရှိနေသည်။
သူ့အနီးအနားရှိ မိစ္ဆာမီးတောက်များက လေဟာနယ်ကိုပင် ဗလာဖြစ်သွားစေအောင် လောင်ကျွမ်းပစ်နိုင်သည်။ သူ့အရှိန်အဝါကလည်း ကြောက်ခမန်းလိလိ ဖြစ်၏။
အရှိန်အဝါ ကြီးကြီးမားမားတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားကာ အားလုံးက ကျောက်တောင် ရင်ဘတ်ပေါ် ကျလာသည့်အတိုင်း ခံစားနေရပြီး အသက်ရှုဖို့ပင် ခက်ခဲနေသည်။
ဤလူ၏ အင်အားက အင်မတန် ကြောက်ဖို့ကောင်းလှသည်။
ဝိဇ္ဇာများပင် အားနည်းလာသလို ခံစားလာရကာ မြေပြင်ပေါ် လဲကျလုမတတ် ဖြစ်လာသည်။ အားနည်းသည့် ကျင့်ကြံသူများကား ထိုအရှိန်အဝါကြောင့် မေ့မြောသွားကြသည်။
ရှုအန်း၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာပြီး ရေရွတ်လိုက်သည် “ မိစ္ဆာဝိညာဉ်ဂိုဏ်းက ဒီနေရာမှာ အဆင့်မြင့် ကျင့်ကြံသူကြီး ရှိနေတာလား။ ငါတို့တော့ သွားပြီ။ သူက မဟာဝိဇ္ဇာပဲ … ချီကျန့်က ဘယ်လောက်အားကောင်းကောင်း သူ့အနေနဲ့ မဟာဝိဇ္ဇာ ပြိုင်ဖက်တော့ မဖြစ်နိုင်ဘူး ”
ထိုလူ ပေါ်ထွက်လာသည်နှင့် အားလုံး၏ မျှော်လင့်ချက်လေးက ကွဲကြေသွားရသည်။
……...
ခန်းမသခင်မားစ်က ပျော်ရွှင်သွားမိသည် “ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် … ဒီကောင်စုတ်လေးကို မြန်မြန်သတ်ပေးပါ။ သူက ကျိရှားကျောင်းတော်ရဲ့ နတ်ဆိုးပရဝဏ်ရဲ့ ထိပ်တန်းတပည့်တဲ့ … ကျုပ်တို့သာ သူ့ကို သတ်နိုင်ရင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်တော့ ဆုံးရှုံးမှုဖြစ်ပြီပဲ ”
ခန်းမသခင်မားစ်၏ အကြည့်တို့က ကြင်နာမှုအလျှင်းကင်းမဲ့နေသည်။ ချီကျန့်၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းက သူ့အနေနှင့် စော်ကားခံလိုက်ရသလို ခံစားနေရသည်။
အကယ်၍ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကြောင့်သာ မဟုတ်လျှင် သူ သေနေလောက်လေပြီ။
ခန်းမသခင်မားစ်က ချီကျန့်ကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပြီး ချက်ချင်း သေသွားဖို့ မျှော်လင့်နေသည်။ သို့သော်လည်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အေးစက်စက် သရော်ကာ “ အမှိုက် … မင်းက ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ ငါ့ကိုတောင် ခေါ်လိုက်သေးတယ်”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အရှေ့ပင်လယ်မြို့အတွင်း သွေးစတေးမှုကို ထိန်းချုပ်နေသည်။ သူက ခန်းမသခင်မားစ်က ကိစ္စများကို ရှုပ်ထွေးအောင်လုပ်ကာ ဂျူနီယာတစ်ယောက်၏ လက်အတွင်း ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားပေ။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် အရှက်ရစရာ ဖြစ်၏။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က သူ့အား ကျိန်းမောင်းသည်ကို ကြားကာ ခန်းမသခင်မားစ်က ကိုယ်ကျုံ့လိုက်ပြီး သူ့မျက်ဝန်း၌ အကြောက်တရားများ ပေါ်ထွက်လာသည်။
သူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခန်းမသခင် ၃၆ ယောက်ထဲမှ တစ်ယောက်မျှသာ ဖြစ်ပြီး မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် ဂိုဏ်း၏ အကြီးအကဲ ဖြစ်သည်။
အင်အားအရ ဖြစ်စေ၊ အဆင့်အတန်းအရ ဖြစ်စေ ခန်းမသခင်မားစ်သည် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ထက် နိမ့်ကျပေသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က သူ့အား ကျိန်းမောင်းနေသော်လည်း သူ့အနေနှင့် မကျေမနပ် အရိပ်အယောင် အနည်းငယ်မျှ မပြသရဲပေ။ သူက သူ့အမုန်းတရားအားလုံး ချီကျန့်အပေါ် ပုံချလိုက်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ပြင်ဆင်မှုများက အဘယ်ကြောင့် နှောင့်ယှက်ခံရမည်နည်း။
ချီကျန့်က သူ့တင်းပုတ်ကြီးကို တင်းတင်းဆုပ်ထားလိုက်ရင်း “ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်လား ”
ဤလူက အတော်လေး ကျော်ကြားလှသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲခုနှစ်ဦးက မဟာဝိဇ္ဇာအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာအနေနှင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အတော် အားကောင်းလှသည်။
ချီကျန့်၏ အမူအယာက ရန်သူအကြီးကြီးနှင့် ရင်ဆိုင်နေရသည့်အလား လေးနက်လာသည်။ သူက အရှေ့ပင်လယ်မြို့အတွင်း ဤလူအိုကြီး ပုန်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသို့သော တည်ရှိမှုမျိုးက သူ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်သောကြောင့် သူ့အတွက် အင်မတန် ခက်ခဲပေမည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ချီကျန့်အား ကြည့်ကာ အေးစက်စက် ပြောလိုက်သည် “ တကယ်ကို မျောက်အသေးလေးတစ်ကောင်ပဲ။ ပြောကြတာတော့ ရွှေရောင်မျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်ရဲ့ မျောက်ဦးနှောက်က အာဟာရဖြည့်စွက်စာကောင်းလေးတဲ့။ ဒီနေ့တော့ မြည်းစမ်းကြရမယ် ”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ရက်စက်ကြမ်းကြုတ်သည့် အမူအယာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
ထိုမိစ္ဆာ၏ မျက်နှာက လက်ရှိလူများကို ကြောက်လန့်သွားစေသည်။
ချီကျန့်က ဒေါသူပုန်ထလာသည်။ သူက တင်းပုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မဟာဝိဇ္ဇာဆီ ရုတ်ချည်း ဝေ့ယမ်းလိုက်သည်။ သူက တစ်ဖက်လူအတွက် ပြိုင်ဖက် မဟုတ်မှန်း သိထားသော်လည်း မနေနိုင်ဘဲ ကျယ်ကျယ်လောင်လောင် ကျိန်ဆဲမိလိုက်သည်။
“သေစမ်း … ခင်ဗျား ခေါင်းကို ရိုက်ခွဲပစ်မယ် ”
ချီကျန့်က တင်းပုတ်ကို ဝေ့ယမ်းရင်း ကမ္ဘာကို ပျက်စီးစေနိုင်သည့် ပေတစ်သောင်း ဝိညာဉ် ထုတ်နိုင်သည့် ရုယီတင်းပုတ် ပညာရပ်ကို ထုတ်သုံးလိုက်သည်။
ထိုစဉ် ကောင်းကင်တခွင် တင်းပုတ်ပုံရိပ်များစွာ အုပ်လွှမ်းသွားပြီး သူတို့စွမ်းအားက မိုးမြေကိုပင် လှုပ်ခါမတတ် ဖြစ်နေသည်။
ခန်းမသခင်မားစ် အကြည့်တို့၌ အံ့ဩတုန်လှုပ်မှု ဖြတ်ပြေးသွားသည်။ သူက ဤတိုက်ခိုက်မှုသည် မည်မျှကြောက်ဖို့ကောင်းကြောင်း ခံစားမိ၏။ သူ့ကိုပင် ဒဏ်ရာအကြီးအကျယ် ရသွားစေနိုင်သည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ မျက်နှာက အထင်သေးမှုများအပြည့် ဖြစ်နေကာ အေးစက်စက် သရော်လိုက်သည် “မင်းက သေချင်နေတာပဲ ”
သူက ကောင်းကင်ထဲ ပျံသန်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသော မိစ္ဆာမီးတောက်များက အလွန်တရာ အားကောင်းသော ချပ်ဝတ် ဖြစ်လာပြီး သူ့တစ်ကိုယ်လုံးအား ဖုံးအုပ်ပေးထားသည်။
ဤသည်မှာ မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်း မိစ္ဆာဇာစ်မြစ် မီးလျှံချပ်ဝတ် ဖြစ်၏။
မိစ္ဆာမီးတောက်များ ထွက်ပေါ်လာကာ သူ့ရှေ့တွင် မီးတောက် အကာအရံတစ်ခုအသွင် ပြောင်းလဲသွားသည်။
ဝုန်း … အသံက ကျယ်လောင်လှသည်။
ချီကျန့်၏ တင်းပုတ်ကြီးက မိစ္ဆာမီးတောက် ချပ်ဝတ်ဆီ ကျရောက်သွားသော်လည်း မချိုးဖောက်နိုင်ပေ။
“ နောက်တစ်ချက် မြည်းကြည့် ”
ချီကျန့်က နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။ မိစ္ဆာမီးတောက်ချပ်ဝတ်က မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိ လှုပ်ခတ်နေသည်။ သို့သော်လည်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က တစ်လက်မမှ မရွေ့ဘဲ ခိုင်ခိုင်မာမာ ရပ်နေဆဲ ဖြစ်၏။
“ ဘာ ”
ချီကျန့်၏ မျက်လုံးများ အပြူးသား ဖြစ်သွားလေသည်။ သူ့အားအပြည့် တိုက်ခိုက်မှုပင် မဟာဝိဇ္ဇာ၏ အကာအကွယ်ကို မချိုးဖောက်နိုင်ခဲ့ချေ။
“ ကောင်လေး ပြီးပြီလား။ အခု ငါ့အလှည့်ပဲ ”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ယုတ်မာမှုအပြည့်ဖြင့် ပြုံးပြလိုက်ပြီးနောက် အလင်းတန်း ၁၂ ချက် ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါတို့က ကြောက်ခမန်းလိလိ ဖြစ်၏။ အလင်းတန်းစွမ်းအားက မဟာဝိဇ္ဇာ လက်နက်ထက် မလျော့ကျဘဲ ချီကျန့်ဆီ ဦးတည်သွားနေသည်။
“ နောက်ထပ် မဟာဝိဇ္ဇာလက်နက် ရှိနေသေးတာလား။ လူအိုကြီး ကျင့်ဝတ်က ဘယ်မှာလဲ။ ခင်ဗျားအဘိုးကို ခိုးကြောင်ခိုးဝှက် လာလုပ်ကြံသေးရဲတယ်ပေါ့လေ ”
ချီကျန့်က တုန်လှုပ်မိသွားသည်။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်လာကာ သူ့ရွှေရောင်ချပ်ဝတ်ကို ချက်ချင်းအသက်သွင်းလိုက်၏။ သို့သော်လည်း ရွှေရောင်ချပ်ဝတ်က လုံးလုံး ဖျက်စီးခံလိုက်ရသည်။
ချီကျန့်က လွှင့်စင်သွားပြီး မြေပြင်ပေါ် အပြင်းအထန် ပြုတ်ကျလာသည်။
ဘုန်း …
ချီကျန့်က သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ သူ့တိုက်ခိုက်စွမ်းရည်က အားကောင်းသော်လည်း သူနှင့် ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာတစ်ယောက်ကြား ကွာဟချက်မှာ ကြီးမားလွန်းနေဆဲ ဖြစ်၏။
မဟာဝိဇ္ဇာက မဟာဝိဇ္ဇာလက်နက် ထုတ်သုံးခဲ့သည့်အကြောင်း ထုတ်မပြောသေးလျှင်ပင် သူ့အင်အားက ကြောက်ဖို့ကောင်းနေလေပြီ။ ဤသည်မှာ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ ကိုယ်ပိုင် မဟာဝိဇ္ဇာလက်နက် မီးတောက်နီအပ် ဖြစ်၏။ စုစုပေါင်း ၃၆ ချောင်းပါရှိပြီး တစ်ခုချင်းစီက ဝိဇ္ဇာလက်နက်အောက် အားမနည်းပေ။
သူတို့ကို ပေါင်းစပ်လိုက်သည့်အခါ သူတို့စွမ်းအားက ပိုမို ကြောက်ဖို့ကောင်းလာသည်။
အကယ်၍ ရွှေရောင်ချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် ရိုက်ချက်က သူ့ကို ဖြတ်သွားကာ သေချာပေါက် သေလုမတတ် ဒဏ်ရာအပြင်းအထန် ရသွားစေလိမ့်မည်။
ချီကျန့် ရှုံးနိမ့်သွားသည်ကို မြင်ပြီး အရှေ့ပင်လယ်မြို့၏ ကျင့်ကြံသူများက မတုန်ယင်ဘဲ မနေနိုင်ကြတော့ပေ။ အားလုံး၏ အကြည့်တို့၌ အကြောက်တရားများ ကိန်းအောင်းနေသည်။
“ ချီကျန့်တောင် ရှုံးသွားတာလား ”
“ အသတ်ခံရလုနီးပါးပဲ …”
“ အဲဆို ငါတို့တွေ ပြီးဆုံးပြီ မဟုတ်ဘူးလား ”
“ ကောင်းကင်ဘုံရေ ကျုပ်တို့ကို ကယ်နိုင်မဲ့သူ ရှိသေးရဲ့လား ”
ချီကျန့် ရှုံးနိမ့်သွားပြီးနောက် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေး ကြေမွသွားကာ ဝမ်းနည်းပက်လက် ဖြစ်လာကြသည်။
…….....
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ဖြည်းဖြည်းချင်း ရှေ့တိုးလာကာ သူ့အကြည့်တို့က အေးစက်ကာ ရက်စက်မှုအပြည့် ဖြစ်နေသည် “ငါ့မီးတောက်နီအပ် လက်ချက်အောက်မှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ … သေလိုက်တော့ ”
သူက နောက်တစ်ခါ ထပ်တိုက်လိုက်သည်။ မီးတောက်နီအပ် ၂၄ ချောင်းက အသံကျယ်ကြီးထွက်ကာ မြေပြင်ကိုတောင် တစစီ ဖြစ်သွားစေသည်။ ဤတိုက်ခိုက်မှုက ချီကျန့်ကို အင်အားမဲ့လာစေသည်။
ချီကျန့်၏ အသားရောင်ပင် ပြောင်းလဲသွားလေ၏။ သူ့မျက်ဝန်းထဲ ရုန်းကန်လိုသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။ သူက လေဟာနယ်စွမ်းအားများ ပါဝင်နေသည့် ဆန်းကြယ်နက်နဲဟန် ပုံစံများဖြင့် ရေးဆွဲထားသော အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်မှာ ဟွမ်ရှစ်က သူ့အား ဆုချီးမြင့်ထားသည့် တည်နေရာပြောင်း အဆောင် ဖြစ်သည်။ ထိုအရာက သူ့အား ကီလိုမီတာသိန်းချီအတွင်း ချက်ချင်း ပို့ဆောင်ပေးနိုင်လိမ့်မည်။
ပြောရလျှင် အသက်ကယ်ရတနာ တစ်ခု ဖြစ်၏။
ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် မဟာဝိဇ္ဇာနှင့် ရင်ဆိုင်ရသည့်အခါ အနိုင်ရနိုင်ခြေ မရှိချေ။ ချီကျန့်က ဤအဆောင်ဖြင့် ထွက်ပြေးရုံသာ တတ်နိုင်သည်။ သို့သော်လည်း ချီကျန့်က အရှေ့ပင်လယ်မြို့တွင် အခြားကျင့်ကြံသူများ ကျန်နေသေးကြောင်း အမှတ်ရသွားပြီး ခဏတာ တုံ့ဆိုင်းမိသွားသည်။
ထိုခဏတာအတွင်း မီးတောက်နီအပ် ၂၄ ချောင်းက ချီကျန့်ဆီ တိုးဝင်လာသည်။
ချီကျန့်က အလင်းတန်းကို မြင်ကာ အဆောင်ကို ချက်ချင်း အသက်သွင်းလိုက်ရသည်။ ထိုစဉ် လေဟာနယ်ထဲ ဧရာမတူကြီး တစ်လက် ပေါ်ထွက်လာကာ မီးတောက်နီအပ်များကို ခြေမွပစ်လိုက်သည်။
တူအငွေ့အသက်က တောင်တန်းနှင့် မြစ်စွမ်းအားများကို ထုတ်ဖော်လိုက်သည့်အလား အပ်များကို တိုက်ရိုက်ဖြိုခွင်းနိုင်လိုက်သည်။
အဖြူရောင် ဝတ်စုံလေးနှင့် လူငယ်လေးက လေဟာနယ်ထဲမှ ထွက်လာကာ ချီကျန့်ရှေ့ ရောက်လာသည်။
ရှန်ထျန်းက ကောင်းကင်လှုပ်ခတ်တူကို ဘေးချထားကာ သက်ပြင်းချလိုက်မိသည်။
ဟူး တော်သေးတာပေါ့ နောက်ဆုံးတော့ ငါ ရောက်လာပြီ။ နောက်ကျတော့မလို့ ကပ်သီလေးပဲ …
သူ ပြောသည့် နောက်ကျသွားလုနီးပါး ဆိုသော အဓိပ္ပါယ်မှာ ချီကျန့်တစ်ယောက် မဟာဝိဇ္ဇာလက်ချက်ဖြင့် သေဆုံးလုနီးပါး ဖြစ်သွားခြင်းကို မဆိုလိုပေ။ ယခင် သူ မြင်ခဲ့ရသလောက် ချီကျန့်က လေဟာနယ်ကို ဖောက်ထွင်းကာ ထွက်ပြေးသွားခဲ့ရသည်။
အကယ်၍ သူသာ နောက်ကျသွားခဲ့လျှင် သူ ချီကျန့်ကို မီမည် မဟုတ်ပေ။
အခုတော့ အချိန်ကိုက်လေးပဲ ဟားဟား
အားလုံးရှိနေမှတော့ အဖွဲ့ဖွဲ့ဖို့ အချိန်ရောက်လာပြီ။
……....
ချီကျန့်က ရှန်ထျန်းကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားလေသည် “ ခေါင်းဆောင် ဘယ်လိုလုပ် ရောက်လာတာလဲ ”
ချီကျန့်က ရှန်ထျန်းတစ်ယောက် ဤနေရာတွင် ပေါ်ထွက်လာလိမ့်မည်ဟု မတွေးကြည့်ဖူးပေ။ သူက သူ့အသက်ကိုပင် ကယ်တင်ပေးခဲ့သေး၏။ ချီကျန့်က အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သို့သော် သိပ်မကြာခင် သူ့အမူအယာက ပြောင်းလဲသွားပြီး
“ ခေါင်းဆောင် ဒီနေရာမှာ အစီအရင်ကြီးတစ်ခု ရှိနေတယ်။ ဝင်လာလို့ပဲ ရတယ်။ ထွက်သွားလို့ မရဘူး။ ပြီးတော့ ဒီလူက ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားတဲ့ မဟာဝိဇ္ဇာ … ငါတို့ သူ့ကို အနိုင်မယူနိုင်ဘူး …
ခေါင်းဆောင် … အန္တရာယ်ကြားကနေ ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်း အရင်ထွက်သွားသင့်တယ် ”
ထိုသို့ပြောပြီး ချီကျန့်က တည်နေရာပြောင်း အဆောင်ကို ရှန်ထျန်းနောက်ကျောဘက် ကပ်ပေးလိုက်သည်။
တည်နေရာပြောင်း အဆောင်က တစ်ခါလျှင် လူတစ်ယောက်ကိုသာ ပြောင်းရွေ့ပေးနိုင်သည်။ ချီကျန့်က ရှန်ထျန်းကို အရင်ထွက်သွားခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
တည်နေရာပြောင်း အဆောင်က အလင်းတန်းများ တောက်ပလာကာ ရှန်ထျန်းက ချက်ချင်းဆိုသလို ရွေ့ပြောင်းခံလိုက်ရသည်။
ရှန်ထျန်း ထွက်သွားပြီးနောက် ချီကျန့်က စိတ်သက်သာရာ သက်ပြင်းအရှည်ကြီးချလိုက်သည်။
“ ငါ သေရရင်တောင် ခေါင်းဆောင်ကို အန္တရာယ်ကြား နေခိုင်းလို့ မဖြစ်ဘူး။ ဘာဖြစ်ဖြစ် ငါလည်း အစကတည်းက ထွက်မပြေးချင်ဘူးဆိုတော့ အဆင်ပြေသွားတာပေါ့။ အခု ဒီမိစ္ဆာကောင်တွေကို တိုက်မယ် ”
ရွှေရောင်မျက်လုံး မျောက်ဝံက အစကတည်း တိုက်ခိုက်ရေး ကျွမ်းကျင်ကြသည်။ တိုက်ပွဲသူတော်စင် မျောက်ဝံသွေးမျိုးဆက် နိုးထထားသော ချီကျန့်အတွက် ပို၍ပင် သိသာလေသည်။
အရှေ့ပင်လယ်မြို့ ကျင့်ကြံသူများအား စွန့်ပစ်သွားဖို့ရာ အတော်လေး မသက်မသာ ဖြစ်မိ၏။
ဒီနေ့ ဒီဟာတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ပစ်မယ်။ အနည်းဆုံး ငါ့ဘိုးဘေး စစ်ဧကရာဇ်ရဲ့ ဂုဏ်သတင်းကို မညစ်စွန်းစေတာပေါ့
...
ထိုစဉ် အရှေ့ပင်လယ်မြို့နှင့် ကီလိုမီတာသိန်းချီအကွာရှိ ပင်လယ်ပြင်အထက်တွင် ရှန်ထျန်း၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။ သူက လုံးလုံး ကြောင်အမ်းနေမိသည်။
ငါက အရှေ့ပင်လယ်မြို့ကို ကူညီပေးဖို့ မိုင်ကုဋေရာချီ လာခဲ့ရတာလေ ..မျောက်ငတုံးက ငါ့ကို မြို့ကနေ နှင်လွှတ်လိုက်တယ်တဲ့လား
ငါ့ကို မျောက်လိုမျိုး ဘာလို့ ဆက်ဆံနေတာလဲ … ငတုံးအဖွဲ့ဝင်