အဲ့လိုလုပ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ
Vol. 9 Ch. 111
ပလိပ်ရောဂါကို ကုသဖို့ဆေးနည်းကို ဟဲကျစ်ယန်ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်သောကြောင့် ဘယ်သူမှ သူမထက်ပိုပြီး ပါဝင်ပစ္စည်းများအကြောင်း မသိနိုင်ပေ။
“ဘယ်လို ဆေးပစ္စည်းအမျိုးအစားကို လူကြီးမင်းဖေးက ရှာနေတာလဲ”
“ဟွမ်းလျန်လို့ခေါ်တဲ့ ဆေးပစ္စည်း လိုနေတာပါ။ ကျွန်တော် ကောင်တီနှစ်ခု သွားခဲ့ပြီးပေမဲ့ ဘယ်မှာမှ မတွေ့ခဲ့ရဘူး။ အစကတော့ မင်းသားချီ ပေးလိုက်တဲ့ တံဆိပ်ပြားကို အသုံးပြုပြီး ဒီက ကောင်တီဝန်ကို အကူအညီတောင်းဖို့ လုပ်မလို့ပဲ။ ဒါပေမဲ့ မနေ့ညကပဲ ကောင်တီဝန်ရဲ့ အိမ်ကို ဓားပြတိုက်ခံရတယ်လို့ ကြားတယ်။ အဲ့ဒါမို့လို့ တခြားကောင်တီတစ်ခုကို သွားပြီး ရှာဖွေကြည့်မလားလို့ပါ”
ဟဲကျစ်ယန်၏ ဆေးညွှန်းထဲတွင် ဟွမ်းလျန်သည် ရှားပါးသော ဆေးအမျိုးအစား မဟုတ်ပေ။
ဒီအနီးတစ်ဝိုက်မှာ ဘာလို့ ဝယ်မရလဲဆိုတာ သူမ မသိတော့ပေ။
သူမ မျက်လုံးကို လှိမ့်လိုက်ပြီး အကြံတစ်ခု ထွက်လာသည်။
ဟဲကျစ်ယန်သည် ဖေးနန်ယွီ၏ ဘေးမှ လက်ထောက်က ယုံရသောလူ ဟုတ် မဟုတ် မသေချာသောကြောင့် သူမ သူ့ကို လက်ညှိုးထိုးပြလိုက်သည်။ “လူကြီးမင်းဖေး၊ ကျွန်မ စကားနည်းနည်း ပြောလို့ ရမလား”
ဖေးနန်ယွီလဲ သူမ ရည်ရွယ်ချက်ကို သိပေသည်။
“ပြဿနာ မရှိပါဘူး။ သူက ယုံကြည်ရပါတယ်”
ဖေးနန်ယွီက အဲ့လိုပြောပြီဆိုမှတော့ ဟဲကျစ်ယန်လဲ အရမ်းကြီး ရှောင်နေဖို့ မလိုအပ်တော့ပေ။
“လူကြီးမင်းဖေး၊ ဒီအနီးနားတစ်ဝိုက်မှာ ဟွမ်းလျန် ဘာလို့ ပြတ်လပ်နေလဲဆိုတာ ကျွန်မ သိတယ်”
ဖေးနန်ယွီက မျက်ခုံးပင့်လိုက်မိသညိ။ “ဘာကြောင့်များလဲ”
ဟဲကျစ်ယန်က လျှို့ဝှက်စွာ ကြည့်လိုက်၏။
“ကျွန်မ လူကြီးမင်းဖေးကို မဖုံးကွယ်တော့ပါဘူး။ လမ်းပေါ်မှာ လူတွေပြောနေကြတဲ့ ကောင်တီဝန်ရဲ့သားကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာ ကျွန်မပဲ။ ကျွန်မက သူတို့ကို သင်ခန်းစာ ပေးချင်ခဲ့တာ။
ဒါပေမဲ့ ကျွန်မ ခေါင်မိုးပေါ်မှာ ခိုးနားထောင်နေတုန်း မတော်တဆ အချက်အလက်တစ်ခု ရခဲ့လိမ့်မယ်လို့ ဘယ်သူထင်မှာတုန်း”
ဖေးနန်ယွီက စိတ်မရှည်စွာ မေးလိုက်သည်။ “ဘာအချက်အလက်လဲ”
ဟဲကျစ်ယန်က ချက်ချင်းပင် အလိမ်ဇာတ်လမ်းပြောသူလေးအဖြစ်သို့ ပြောင်းလဲသွားသည်။
“အရှေ့ဘက် ဆင်ခြေဖုံးမှာရှိတဲ့ ဂိုထောင်မှာ ဟွမ်းလျန်တွေ အပြည့်ပဲလို့ ကောင်တီဝန်က ပြောတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြို့တံခါးဝမှာ ကောက်လို့ ရခဲ့တဲ့ ငွေတွေ ကြေးပြားတွေဆိုတာ သိမ်းတောင် မသိမ်းထားနိုင်တော့ဘူးတဲ့”
“သူပြောတာ မှန်မမှန်စစ်ဆေးဖို့ ကျွန်မ အဲ့နေ့ညကပဲ ကောင်တီဝန်ပြောတဲ့နေရာကို သွားကြည့်ခဲ့တာ။ အဲ့ဒီမှာတကယ်ပဲ သိုလှောင်ရုံလေး ရှိနေတယ်။ စစ်ဆေးကြည့်လိုက်တော့ အထဲမှာ ဟွမ်းလျန်တွေတင်မကဘူး။ ငွေတွေရော ကြေးပြားတွေရော ဘူးတွေနဲ့ အပြည့်ပဲ”
ဖေးနန်ယွီသည် ဟွမ်ျးလန်များ အများအပြား ရှိနေသည်ဟု ကြားသောအခါ သူ့မျက်လုံးများ ဝင်းလက်သွားရသည်။
ကောင်တီဝန်က ဟွမ်းလျန်တွေ ဒီလောက် အများကြီး ဘာဖြစ်လို့ သိုလှောင်ထားရလဲ ဆိုတာတောင် သူ မစဉ်းစားနိုင်တော့ပေ။ သူက မြန်မြန်ပြောလိုက်သည်။ “သခင်မမော့၊ လမ်းပြပေးပါဗျာ။ အဲ့ဒီဟွမ်းလျန်တွေကိုသာ တုံ့ဖန်းကောင်တီဆီ ယူသွားနိုင်ရင် တုံ့ဖန်းကောင်တီက လူတွေအားလုံး ဘေးကင်းကြမှာပဲ”
ဤအရာအားလုံးသည် ဟဲကျစ်ယန်၏ အလိမ်အညာများ ဖြစ်သောကြောင့် သူမသည် ဖေးနန်ယွီကို ထိုနေရာသို့ ချက်ချင်း မခေါ်သွားနိုင်ပေ။
“လူကြီးမင်းဖေး၊ ကျွန်မယောက်ျားက အပြင်းအထန် ထိခိုက်ထားလို့ ကျွန်မ ဆေးဝယ်ပြီး ပြန်လာမှာကို စောင့်နေတာ။ ကျွန်မတို့ အချိန်တစ်ခု ညှိကြရင်ရော ဘယ်လိုလဲ၊ ကျွန်မ ရှင့်ကို ခေါ်သွားပေးမယ်လေ”
မော့ကျိုးယွီက အပြင်းအထန် ထိခိုက်ထားသည်ဟု ကြားလိုက်ရသောအခါ ဖေးနန်ယွီသည် သူတို့ ဘာလို့ ဖင်းရန်ကောင်တီကို ရောက်နေကြသလဲဟု ချက်ချင်း သတိရမိသွားသည်။
ထို့အပြင် ထိုစကားများကို အပြင်ဘက်တွင် မေးဖို့ မသင့်တော်ကြောင်း သတိကြီးကြီးထားသူ ဖြစ်သောကြောင့် ဟဲကျစ်ယန်အား လက်သီးဆုပ် ဂါဝရပြုလိုက်သည်။
“လူကြီးမင်းမော့ရဲ့ ဒဏ်ရာတွေက ပိုအရေးကြီးပါတယ်။ ဒီနေ့ည အရှေ့ဘက်ဂိတ်မှာ တွေ့ကြမယ်”
“ကောင်းပြီ၊ ကျွန်မ အချိန်မှီလာခဲ့ပါမယ်” ဟဲကျစ်ယန်က ပြောပြီးသောအခါ လှည့်ထွက်လာလိုက်သည်။
အချိန်ပို ရရန်အတွက် သူမသည် ရထားလုံးရောင်းသည့်ဆိုင်ကို အရင်ဝင်လိုက်သည်။
ရထားလုံးငှားရမ်းဖို့က ရိုးရှင်းလိမ့်မည်ဟု သူမ ထင်ခဲ့သော်လဲ ရထားလုံးဆိုင်တွင် ငှားရမ်းဖို့ ရထားလုံးများသာမက ရထားလုံးဆွဲမည့် တိရစ္ဆာန်များလဲ ရောင်းသည်ကို တွေ့လိုက်ရသည်။
တာ့ရွှင်းမင်းဆက်တွင် မြင်းများ ကုန်သွယ်မှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။ အထူးခွင့်ပြုချက်ရထားသော အရာရှိမိသားစုများမှလွဲ၍ တခြားလူများက မြင်းရထားလုံး ဝယ်ချင်လျှင် အစိုးရထံတွင် ခွင့်ပြုချက် အရင်လျှောက်ထားရမည်ဖြစ်သည်။
ထိုသည်သာမက မြင်းတစ်ကောင်၏ ဈေးက အလွန်မြင့်မားလှသည်။ ရထားလုံးဆိုင်မှ မြင်းများမှာ တစ်လလျှင် တစ်ကောင်တောင် ရောင်းမထွက်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ဆိုင်ရှင်သူဌေးသည် မြင်းရောင်းဝယ်ရေး စီးပွားရေးကို စိတ်ကုန်လာကာ နွားထီး၊ မြည်းနှင့် လားများကိုသာ ရောင်းချတော့သည်။
ဟဲကျစ်ယန် ခဏတာ စဉ်းစားကြည့်လိုက်သည်။ ရထားလုံးတစ်ခု ငှားမည်ဆိုပါက သူမနှင့် မော့ကျိုးယွီ လမ်းလျှောက်သွားတာလောက်ပင် အဆင်ပြေမည်ဟု မထင်ပေ။
သူမတွင်လဲ လျှို့ဝှက်ချက်များ ရှိနေပြီး သူမတို့၏ အချက်အလက်များကလဲ ထူးခြားနေသေးသည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် လားတစ်ကောင်ကို ဝယ်ကာ လှည်းတွင် တစ်ခါထဲ တပ်ပေးရန် တောင်းဆိုလိုက်သည်။ ဤနည်းဖြင့် သူမတို့သည် ရှေ့လူများကို လားလှည်းဖြင့် အမှီလိုက်နိုင်ပေမည်။
ဖမ်းဝမ်သာ ခွင့်ပြုပါက ရှေ့ဆက်သွားမည့်လမ်းတွင် သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ်ပါ အသုံးချလို့ ရနိုင်ပေသည်။
မဟုတ်ပါက ရှေ့ကအဖွဲ့ကို လိုက်မှီသွားလျှင် သူမ လားနှင့်လှည်းကို ရောင်းချရမည် ဖြစ်သည်။
ဟဲကျစ်ယန်သည် ကိစ္စများ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက် တိကျပြတ်သားသည်။ သူမတွင် အကြံပေါ်လာသည်နှင့် ချက်ချင်း လုပ်ဆောင်သည်။
သူမသည် သန်စွမ်းပုံပေါ်သော လားတစ်ကောင်ကို ရွေးချယ်ကာ ပေါင်းမိုးပါသော လှည်းကို ဝယ်ယူလိုက်သည်။
အကုန်လုံးအတွက် ငွေချောင်း ဆယ်ချောင်း ကျသင့်ခဲ့သည်။
ဆိုင်ရှည်က လှည်းကို တပ်ဆင်ပေးပြီး ဟဲကျစ်ယန်သည် လှည်းကို အရှေ့ဘက်ဆီသို့ မောင်းထွက်လာခဲ့လိုက်သည်။
ကံကောင်းထောက်မစွာပင် သူမ၏ ယခင်ဘဝတွင် စစ်တပ်နှင့်အတူ လိုက်ကာ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးအလုပ်များ ကူညီလုပ်ကိုင်ခဲ့ပြီး ရွာသားများထံမှ လှည်းမောင်းနည်းကိုလဲ သင်ယူခဲ့သည်။
သူမ၏ လှည်းမောင်းသော စကေးမှာ အစပိုင်းတွင် အနည်းငယ် မကျွမ်းမကျင် ဖြစ်နေသော်လဲ ခဏတာ မောင်းနှင်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် တဖြည်းဖြည်းချင်း ကျွမ်းကျင်လာခဲ့၏။
ကောင်တီဝန်အိမ်တော်တွင် မတော်တဆဖြစ်သွားသောကြောင့် ယနေ့ မြို့မှ ထွက်ခွာဖို့ အလွန်တင်းကြပ်ထားသည်။
ဟဲကျစ်ယန်၏ မိတ်ကပ်ကြောင့် သူမ ဖြတ်ကျော်လာနိုင်ခဲ့သည်။ သူမ လူတန်းကြီးဖြင့် ခဏစောင့်လိုက်ရသော်လဲ နောက်ဆုံးတော့ မြို့မှ ချောချောမွေ့မွေ့ ထွက်ခွာသွားနိုင်ခဲ့သည်။
သူမသည် အရှေ့ဘက်ဆင်ခြေဖုံးသို့ တန်းတန်း မောင်းနှင်လာခဲ့သည်။ သူမ မှန်မိတာသာမှန်ကန်ပါက သူမ ဖြတ်သွားတုန်းက ဤနေရာနားတွင် စွန့်ပစ်ထားသော ခြံဝန်းကြီးကို မြင်ခဲ့ပေသည်။ ဟဲကျစ်ယန်သည် ထိုနေရာသို့သွားကာ တစ်ချက်ကြည့်လိုက်သည်။
သူမမှတ်ဉာဏ်ကို အခြေခံကာ လှည်းကို ခြံဝန်းထဲသို့ မောင်းချသွားလိုက်သည်။
ခြံဝန်းက မကြီးဘဲ အိမ်များကလဲ အတော်လေး သပ်ရပ်သေးသည်။ အချိန်အတော်ကြာ ဘယ်သူမှ မနေခဲ့သောကြောင့် ဖြစ်နိုင်သည်၊ ခြံဝန်းတစ်ခုလုံးတွင် ခြုံနွယ်များဖြင့် ဖုံးလွှမ်းနေသည်။
ဟဲကျစ်ယန်သည် လှည်းကို ရပ်ထားပြီး အထဲသို့ လျှောက်ဝင်ခဲ့သည်။
အိမ်ရှေ့တံခါးကိုဖွင့်ပြီး လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ ကံကောင်းမှူကြီးကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
အခန်းထဲတွင် ဘာမှမရှိဘဲ သူမ ပြောထားသည့် သိုလှောင်ရုံဆိုသော အလိမ်အညာနှင့် ကိုက်ညီနေခဲ့သည်။
သူမသည် နေရာလွတ်ထဲရှိ နာရီကြီးကို တစ်ချက်ကြည့်လိုက်ကာ ဖေးနန်ယွီနှင့် ချိန်းထားသည့်အချိန်ထက် အနည်းငယ် စောနေသေးသည်ကို တွေ့လိုက်ရသည်။ ဟဲကျစ်ယန်သည် ချက်ချင်း နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
မော့ကျိုးယွီက မီးဖိုချောင်ထဲတွင် နေ့လည်စာ ပြင်ဆင်ရန် ကြိုးပမ်းနေသည်။ ဟဲကျစ်ယန် ပြန်လာသည်ကို မြင်သောအခါ လက်ထဲမှ ယောင်းမကိုချကာ လျှောက်လာခဲ့သည်။
“အပြင်ဘက်က အခြေအနေ ဘယ်လိုလဲ”
ဟဲကျစ်ယန်သည် ဖင်းရန်ကောင်တီတွင် ပြည်သူများ ပြောနေကြသည့် အကြောင်းအရာများကို အကြမ်းဖျင်း ပြောပြလိုက်ပြီး ဖေးနန်ယွီနှင့် တွေ့ခဲ့ကြောင်း၊ ဘာကြောင့် ဖေးနန်ယွီက ဖင်းရန်ကောင်တီတွင် ပေါ်လာရသလဲဆိုသည့် အကြောင်းရင်းကိုပါ ပြောပြလိုက်သည်။
“ကျွန်မ အရှေ့ဘက်ဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ ခြံဝန်းကို တွေ့ခဲ့တာ။ ဟွမ်းလျန်တွေ ဝယ်ပြီးတော့ ဒီထဲ ထည့်ထားမယ်။ ပြီးရင် ကောင်တီဝန်အိမ်တော်က ငွေတွေရောပဲ”
မော့ကျိူယွီသည် ဟဲကျစ်ယန် ဘာလုပ်ချင်နေလဲ နားမလည်ပေ။
“အဲ့ဒါတွေနဲ့ ဘာလုပ်မလို့လဲ”
ဟဲကျစ်ယန်သည် သူမ၏ အတွေးများကို ဖြေးဖြေးချင်း ရှင်းပြလိုက်၏။
“ကျွန်မ ဖေးနန်ယွီကို ပြောခဲ့တာ။ ဒီဟွမ်းလျန်တွေက အဲ့ဒီခွေးကောင်တီဝန် သီးသန့်သိမ်းထားတာတွေ့လို့။ စဉ်းစားကြည့်လေ ဖေးနန်ယွီရဲ့ လိမ္မာပါးနပ်မှုအရဆို ဟွမ်းလျန်တွေ ဒီလောက် အများကြီး ဝယ်စုထားတာကို သေချာပေါက် သံသယဝင်မှာပဲ။
ဧကရာဇ်က နန်ချီကို တုံ့ဖန်းကောင်တီ ရေလွှမ်းမိုးမှုအတွက် ထောက်ပံ့ပေးနိုင်ဖို့ စေလွှတ်လိုက်တာ။ သူ အဲ့ဒီအရာကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ရင် သေချာပေါက် ဧကရာဇ် သဘောကျတာ ခံရမှာပဲလေ။
အခု နန်းတွင်းရဲ့ အခြေအနေတွေကို စဉ်းစားကြည့်မယ်ဆိုရင် နန်ဟန်ကသာလျှင် နန်ချီ့ကို အဲ့ဒီရေလွှမ်းမိုးမှုဖြေရှင်းတဲ့နေရာမှာ မအောင်မြင်စေချင်ဆုံး ဖြစ်လိမ့်မယ်။ သူက သေချာပေါက်ကို နန်ချီရဲ့ လုပ်ရပ်ကိုတွေကို တားဆီးဖို့ တိတ်တဆိတ် လုပ်မှာပဲ။
ဖေးနန်ယွီက ပြန်သွားပြီး ဒီကောင်တီဝန်က ဟွမ်းလျန်တွေ အများကြီး စုဆောင်းထားတဲ့အကြောင်း နန်ချီကို ပြောလိုက်ရင် ပထမဆုံး နန်ချီတွေးမိမဲ့အရာက အဲ့ဒီကောင်တီဝန်က နန်ဟန်အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာပဲ။ သူ့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်ပေါ့။
ပြီးတော့ နန်ချီကိုယ်တိုင်က တုံ့ဖန်းကောင်တီမှာဖြစ်နေတဲ့ ပလိပ်ရောဂါကို လူလုပ်တယ်လို့တောင် သံဟယဝင်နိုင်တယ်။ အဲ့လိုသာဆို သံသယရှိစရာတောင် မလိုဘူး။ နန်ဟန်ကို အရင်ဆုံး ထင်မှာပဲ”
***