တုံ့ဖန်းကောင်တီက ပြည်သူတွေအစား ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်ဗျာ
Vol. 9 Ch. 112
မော့ကျိုးယွီ၏ မျက်လုံးများမှာ နားထောင်ရင်း နားထောင်ရင်း တောက်ပလာသည်။ သူသည် ဟဲကျစ်ယန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီဖြစ်သည်။
ထို့ကြောင့် စကားဖြတ်ကာ ဆက်ပြောလိုက်သည်။
“ဒီလိုသာဆို နန်ချီက နန်ဟန်ကို ပိုပြီးတော့ မုန်းတီးလာမယ်။ နန်ချီရဲ့ သည်းမခံနိုင်တဲ့ စိတ်နဲ့သာဆိုရင် မြို့တော်ကို ပြန်ရောက်တာနဲ့ နန်ဟန်ကို ပြဿနာရှာဖို့ နည်းလမ်းတွေ စဉ်းစားတော့မှာပဲ။
နန်ဟန်က သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အရမ်းအလုပ်ရှုပ်နေရမှာနဲ့ ကိုယ့်ကို ထပ်လုပ်ကြံခိုင်းဖို့တော့ ဒီအတောအတွင်း မဖြစ်နိုင်တော့ဘူး”
ဟဲကျစ်ယန်က အပြုံးလေးဖြင့် ခေါင်းငြိမ့်လိုပ်သည်။
“ဒါက အကြောင်းရင်း တစ်ခုပဲ ရှိသေးတယ်”
မော့ကျိုးယွီ မျက်ခုံးပင့်လိုက်မိသည်။ “မင်းမှာ တခြားရည်ရွယ်ချက်တွေများ ထပ်ရှိနေသေးတာလား”
ဟဲကျစ်ယန်က ယုံကြည်ချက် အပြည့်ပင်။
“ကျွန်မ ဒီအခွင့်အရေးကို အရယူပြီး ဖေးနန်ယွီကို ကူညီမယ်၊ ပြီးရင် သူ မြို့တော်ပြန်သွားတဲ့အခါ ရှင်နဲ့ နန်ချီက ဘက်ကွဲသွားပြီဆိုတဲ့အကြောင်း သတင်းတွေ ဖြန့်ခိုင်းဖို့ အကူအညီတောင်းမယ်။ ဒီလိုသာဆို နန်ဟန်က ရှင့်ကို လုပ်ကြံဖို့ကို လုံးဝ စွန့်လွှတ်လိုက်လိမ့်မယ်။
ပြီေးတာ့ မနေ့ညက ခွေးကောင်တီဝန်ဆီက ရလာတဲ့ ငွေတွေကို ပြည်သူတွေဆီ ပြန်ခွဲဝေပေးချင်ခဲ့တာ မဟုတ်ဘူးလား။ ဒီဟာအတွက်လဲ ဖေးနန်ယွီကို ကူညီခိုင်းဖို့ ကြံစည်ထားတယ်။ သူ့လုပ်နိုင်စွမ်းနဲ့သာဆို သေချာပေါက် ပြီးဆုံးအောင် လုပ်နိုင်မှာပဲ”
သူမ၏ စကားများကို ကြားပြီးသောအခါ မော့ကျိုးယွီသည် ဤဉာဏ်ရည်ထက်မြတ်သော မိန်းကလေးကို ပိုလို့ပင် လေးစားသွားရသည်။
သူ့စကားထဲတွင် မဖော်ပြနိုင်သော အလိုလိုက်ခြင်းတချို့ ပါဝင်နေသည်။ “ဒီခေါင်းသေးသေးလေးနဲ့ မထင်မှတ်ထားတာတွေ အဲ့လောက် အများကြီး တွေးနိုင်တာ အရမ်းတော်တာပဲ”
ချီးကျူးခံလိုက်ရသဖြင့် ဟဲကျစ်ယန်တစ်ယောက် တိမ်ပေါ်သို့ ရောက်သွားရ၏။
“ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာလေ။ ခွေးကောင်တီဝန်ရဲ့ ပိုက်ဆံတွေကို ပြည်သူတွေဆီ ပြန်မျှဝေဖို့ ယုံကြည်ရတဲ့လူ ရှာတွေ့ရုံတင်မကဘူး၊ နန်ဟန်က ရှင့်ကို စောင့်ကြည့်နေတာလဲ လျော့ပါးသွားအောင် လုပ်နိုင်တယ်”
သူမ၏ ဝင့်ကြွားသော အပြုံးလေးကို မြင်သောအခါ မော့ကျိုးယွီသည် မနေနိုင်တော့ဘဲ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
“ကောင်းပြီ၊ မင်း အကြာကြီး အပြင်ထွက်ထားတာ ပင်ပန်းနေလောက်ပြီ။ ခဏနားလိုက်ဦးလေ၊ နေ့လည်စာက ရတော့မယ်”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ဂရုစိုက်မှုကြောင့် အလွန်ပျော်ရွှင်သွားရသည်။
သူမသည် လိမ်လိမ်မာမာလေး လက်သွားဆေးကာ ထမင်းစားစားပွဲတွင် ထိုင်နေရင်း ဟင်းပွဲရောက်လာမည်ကို စောင့်နေသည်။
မော့ကျိုးယွီသည် ရေခဲသေတ္တာထဲတွင် သူတွေ့သော ပါဝင်ပစ္စည်းများဖြင့် ဟင်းနှစ်ပွဲ ဆက်တိုက် ချက်လိုက်သည်၊ တစ်ခုက သခွားသီးဝက်သားကြော်နှင့် တခြားတစ်ခုမှာ ကြက်ဥဂေါ်ဖီကြော် ဖြစ်သည်။
ပန်းကန်များ ယူလာသောအခါ ဟဲကျစ်ယန် ချက်ချင်း မျက်လုံးပြူးသွားရသည်။
သူမသည် သူမ၏ ယခင်ဘဝတွင် လူတော်တော်များများ တွဲစားလေ့ရှိကြသည့် သခွားသီးဝက်သားကြော်ကို လက်ခံနိုင်သေးသည်။
သို့သော် ဘယ်သူကများ ကြက်ဥကြော်ကို ဂေါ်ဖီနဲ့ကြော်လို့လဲ။
ထိုပါဝင်ပစ္စည်းနှစ်မျိုးက ဘာအရသာရှိလဲဆိုတာကို အသားထားလိုက်ဦး၊ ကြည့်ရသည်မှာ မော့ကျိုးယွီသည် ချက်နည်းပင် မမှန်သည့်ပုံပင်။
ကြက်ဥများမှာ လက်သည်းခွံလောက် အရွယ်အစားလေးများ ဖြစ်ကြပြီး တချို့ဆို ဂေါ်ဖီဖတ်တွင် ကပ်နေသေးသည်။
ထို့အပြင် ငံပြာရည် ဘယ်လောက်ထည့်လိုက်လဲ မသိ၊ ဟင်းတစ်ခွက်လုံး မည်းနက်နေ၏။
သခွားသီးဝက်သားကြော်သည်လဲ ကြည့်ကောင်းလို့ မနေခဲ့ပေ။ ငံပြာရည် မပါရုံသာမက၊ ပါဝင်ပစ္စည်းများမှာ အကုန်ရောသမမွှေခံထားရသည်။
သူ့ ဟင်းပွဲများကိုကြည့်ကာ မော့ကျိုးယွီလဲ တကယ် ရှက်မိနေသည်။
သူ ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “အာ .. ကိုယ် ဒီဟင်းပွဲတွေချက်တာ နည်းနည်း မကောင်းသွားဘူး။ ဒါပေမဲ့ ကိုယ် ခုနက အရသာမြည်းကြည့်ထားပါတယ်။ စားလို့ရပါတယ်”
ဟဲကျစ်ယန်က ကြေးမများပေ။ သူမ၏ ယခင်ဘဝတွင် သူမ ငယ်စဉ်က မိဘများထံမှ လျစ်လျှူရှုခံထားရသဖြင့် ဤကဲ့သို့သော အစားအစာကိုပင် မစားနိုင်ခဲ့ပေ။
ထို့အပြင် မော့ကျိုးယွီက သူမအတွက် တကူးတကချက်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏စေတနာကို လျစ်လျူမရှုနိုင်ပေ။
“အဆင်ပြေပါတယ်။ နောက်ထပ်များများ လေ့ကျင့်လိုက်ရင် ဟင်းချက်တော်လာမှာပါ”
သူမက အားပေးလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူမသည် တူကို ကောက်ကိုင်ကာ အစားအစာများကို ပါးစပ်အပြည့်ထည့်လိုက်သည်။ အရသာက မကိုက်သေးသော်လဲ ဟဲကျစ်ယန်သည် နောက်ထပ် အလုတ်နည်းနည်း ထပ်စားလိုက်၏။
သူမက မကြိုက်သည့်အရိပ်အယောင် မပြသောအခါမှ မော့ကျိုးယွီ ချက်ချင်း ပြုံးသွားနိုင်သည်။
“ဖြေးဖြေးစားပါ။ ကိုယ် ထမင်းခူးပေးမယ်”
မော့ကျိုးယွီသည် ထမင်းနှစ်ပန်းကန်ဖြင့် ပြန်လာသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ရှက်ရွံ့နေသော မျက်နှာအနေအထားသို့ ပြန်ပြောင်းနေသည်။
သူသည် ဟဲကျစ်ယန်ရှေ့သို့ ထမင်းပန်းကန်ကို ချပေးလိုက်ကာ “ကိုယ် ထမင်းအတွက် ရေအချိုးအစားကို ကောင်းကောင်း မမှတ်မိသေးဘူး။ နည်းနည်း ရေများသွားတယ်”
ဟဲကျစ်ယန် ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ရေများသည်ကို တွေ့လိုက်ရသည်။
မော့ကျိုးယွီ ချက်ထားသောထမင်းသည် ထမင်းဟု ဆိုရအောင်လဲ ရေများလွန်းနေပြီး ဆန်ပြုတ်ဟု ဆိုရအောင်လဲ ခပ်ခြောက်ခြောက် ဖြစ်နေလေသည်။
သူမက ထပ်အားပေးလိုက်သည်။ “ချက်ပြီးသားဆိုရင် အဆင်ပြေပါတယ်။ ကျွန်မ စားနိုင်တယ်”
မော့ကျိုးယွီသည် သူမက သူ့ကိုအားပေးနေတာဖြစ်ကြောင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေပြီး ချက်ချင်းပင် နွေးထွေးမှုကို ခံစားလိုက်ရကာ သူတို့ ဘဝတစ်လျှောက်လုံး သူမအတွက် ဟင်းချက်ပေးလိုစိတ်များ ပေါ်ပေါက်လာရသည်။
စားသောက်ပြီးနောက် ဟဲကျစ်ယန်သည် နေရာလွတ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်ပြီး ဒီတစ်ကြိမ်တော့ မော့ကျိုးယွီကိုပါ တစ်ပါတည်း ခေါ်လာခဲ့သည်။
သူမတို့က ဖေးနန်ယွီနှင့် မကြာခင် တွေ့ရတော့မည်ဖြစ်သောကြောင့် မော့ကျိုးယွီ ပုန်းကွယ်နေပါက ဖေးနန်ယွီ သံသယများ ဝင်လာနိုင်ပေသည်။
နှစ်ယောက်သား စွန့်ပစ်ထားသော အခန်းကြီးထဲတွင် အတူတကွ ပေါ်လာကြသည်။
ဟဲကျစ်ယန်သည် ထောင်းပေါင်မှ ဟွမ်းလျန် အမြောက်အများ ဝယ်ယူကာ အခန်းတစ်ဝက်လောက်ထိ ဖြည့်လိုက်သည်။
ထို့နောက် ကောင်တီဝန်အိမ်မှ ယူလာခဲ့သော ငွေများ၊ ကြေးပြားများကို အခန်း၏ နောက်တစ်ဝက်တွင် ထားလိုက်သည်။
ငွေစာရွက်များကိုတော့ ဟဲကျစ်ယန် သိမ်းထားဖို့သာ ဆုံးဖြတ်လိုက်လေသည်။
သူမ ထိုငွေစာရွက်များကို သိမ်းထားရသည့်အကြောင်းမှာ ထိုအရာများက သိမ်းရလွယ်ကူသည်၊ ထို့ကြောင့် ခွေးကောင်တီဝန်က ထိုစာရွက်များကို ဤနေရာတွင် မသိမ်းနိုင်ပေ။ ဤအရာများကိုသာ ဖေးနန်ယွီ မြင်သွားပါက ဤနေရာတွင် ငွေချောင်း ၃၀၀ မရှိနေကြောင်း ပြောပြနေသည်ပင်။
ဟဲကျစ်ယန်သည် ဖြစ်လာနိုင်သော ပြဿနာများကို ရှောင်ရှားလိုက်ခြင်း ဖြစ်သည်။
အခန်းထဲရှိ ပစ္စည်းအားလုံး စီစဉ်ပြီးနောက် နှစ်ယောက်သား တံခါးကိုဖွင့်ကု ထွက်လာခဲ့ကြသည်။
ခြံဝန်းထဲရှိ ပေါင်းပင်များက ပြန်ထောင်နေပြီး ဤနေရာသို့ အချိန်အတော်ကြာ ဘယ်သူမှ မလာဖူးကြောင်း ပြောပြနေသည်။
ဟဲကျစ်ယန်သည် ခြံဝန်းကို လှည်းဖြင့် အကြိမ်ရေ ဒါဇင်ပေါင်းများစွာ လှည့်ပတ်လိုက်ပြီး သိပ်မကြာခင်က မကြာခဏ လာထားသည့် ပုံစံဖြစ်အောင် လုပ်လိုက်သည်။
အကုန်လုံး အဆင်သင့်ဖြစ်သောအခါ သူမသည် ထောင်းပေါင်မှ ရှေးဟောင်းပုံစံ သော့ခလောက်ကို ဝယ်ကာ အိမ်ရှေ့တံခါးကို သော့ခတ်လိုက်သည်။
ထို့နောက် သူမသည် တံခါးတစ်ချပ်ကို ကိရိယာဖြင့် ဖျက်လိုက်သည်။
နေရာလွတ်ထဲမှ နာရီကိုကြည့်လိုက်သောအခါ သူမနှင့် ဖေးနန်ယွီ ချိန်းထားသော အချိန်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဟဲကျစ်ယန်သည် ထောင်းပေါင်မှ ရှေးခေတ်ပုံစံ စောင်အနည်းငယ်ကို ဝယ်ယူကာ လှည်းထဲတွင် ဖြန့်ခင်းထားလိုက်သောကြောင့် မော့ကျိုးယွီ အတွင်းထဲတွင် ထိုင်နေသောအခါ ခုန်ပေါက်နေတာမျိုး မရှိတော့ပေ။
လှည်းကို ပြန်မောင်းလာပြီး ဝင်ကြေး ၁၀ ဝမ် ပေးပြီးနောက် နှစ်ယောက်သား ဖင်းရန်ကောင်တီသို့ နောက်တစ်ကြိမ် ပြန်လာခဲ့ကြသည်။
သူမက မြို့ထဲမှလာသော ပုံစံမျိုးပေါက်စေရန် ဟဲကျစ်ယန်သည် ချိန်းဆိုထားသည့် နေရာသို့ မရောက်ခင် တမင်တကာ ကွေ့ပတ်သွားခဲ့သည်။
ဖေးနန်ယွီသည် ထိုနေရာတွင် ရောက်နေပြီဖြစ်ပြီး ဟဲကျစ်ယန်က လားလှည်းကို မောင်းလာသည်ကို မြင်သောအခါ ချက်ချင်း သူမတို့ဆီ လျှောက်လာသည်။
မော့ကျိုးယွီသည် လှည်း၏ ကန့်လန့်ကာကိုဖွင့်ကာ အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် ဖေးနန်ယွီက ဟဲကျစ်ယန်ကို လှည်းနောက်တွင် ထိုင်စေကာ သူနှင့် လက်ထောက်လေးတို့က လှည်းမောင်းမည်ဟု ပြောလာသည်။
လမ်းတွင် ဖေးနန်ယွီသည် မော့ကျိုးယွီ ဘယ်လိုထိခိုက်မိသွားတာလဲဟု သိချင်စွာ မေးမြန်းလာခဲ့၏။
နှစ်ယောက်သားသည် ဖေးနန်ယွီ မေးမြန်းလာလိမ့်မည်ဟု ခန့်မှန်းပြီးသား ဖြစ်သောကြောင့် အမှန်အတိုင်းပြောရန် ဆုံးဖြတ်ခဲ့ကြသည်။
နားထောင်ပြီးနောက် ဖေးနန်ယွီသည် သက်ပြင်းသာချကာ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။
လမ်းတစ်လျှောက် စကားအနည်းငယ် ပြောဆိုကြပြီး စွန့်ပစ်ထားသော ခြံဝန်းကြီးဆီသို့ ရောက်လာကြသည်။
မော့ကျိုစယွီ၏ ဒဏ်ရာများမှာ အခုထိ တော်တော်လေး ပြင်းထန်နေသေးသောကြောင့် သူသည် ဟဲကျစ်ယန်၏ တွန်းအားပေးမှုဖြင့် လှည်းထဲတွင်သာ နေခဲ့ရသည်။
ဟဲကျစ်ယန်သည် တခြားနှစ်ယောက်ကို ခြံဝန်းထဲသို့ လမ်းပြလိုက်၏။
ခြံဝန်းထဲမှ ခြေရာများကို မြင်သော်လဲ ဖေးနန်ယွီသည် ဘာကိုမှ ထူးထူးခြားခြား သံသယမဝင်ဘဲ ဟဲကျစ်ယန်နောက်မှ လိုက်သွားကာ ပင်မဆောင်၏ တံခါးပေါက်သို့ ရောက်ရှိသွားကြသည်။
ဟဲကျစ်ယန်သည် သူမတို့ဘေးက တံခါးကိုညွှန်ပြကာ ပြောလိုက်သည်။ “တံခါးက သော့ခတ်ထားလို့ ကျွန်မ အဲ့ဒီကနေ ဝင်သွားခဲ့တာ”
သံသယမဝင်ဘဲ ဖေးနန်ယွီသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
ဟဲကျစ်ယန်သည် ပြတင်းပေါက်ကို အကြိမ်အနည်းငယ် လှုပ်ခါလိုက်ရာ တံခါးက ပွင့်သွားခဲ့သည်။
ဖေးနန်ယွီသည်လည်း တံခါးမှဝင်လာပြီး ဟွမ်းလျန် အများအပြားကို မြင်တွေ့လိုက်ရသောအခါ သူ၏ ပုံမှန်တည်ငြိမ်နေသော အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။
“သခင်မမော့၊ မင်း ဒီတစ်ခါတော့ အကြီးကြီးကို စွမ်းဆောင်ပေးလိုက်တာပဲ။ တုံ့ဖန်းကောင်တီက ပြည်သူတွေအစား ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်ဗျာ”
“လူကြီးမင်းဖေးက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်မမှာ ရှင့်ကို တောင်းဆိုစရာလေး ရှိပါသေးတယ်” ဟဲကျစ်ယန်က ပြောလိုက်သည်။
“သခင်မမော့၊ ဘာ အလိုရှိလဲဆိုတာသာ ပြောလိုက်ပါ။ နန်ယွီ ကူညီနိုင်တာဆိုရင် လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
ဟဲကျစ်ယန်သည် မြေကြီးပေါ်မှ ငွေ/ကြေး သေတ္တာများကို လက်ညှိုးထိုးပြလိုက်သည်။ “ဖင်းရန်ကောင်တီရဲ့ ကောင်တီဝန်က ခွေးကောင်ဆိုတာ လူကြီးမင်းဖေးလဲ ကြားပြီးဖြစ်မှာပါ။ သူ ရုံးတော်ကို တာဝန်ယူတဲ့ နှစ်အနည်းငယ်အတွင်းမှာတင် သူက သာမန်ပြည်သူတွေကို အတောမသတ်နိုင်အောင် ဂုတ်သွေးစုပ်နေခဲ့တာ။ ဤငွေတွေကလဲ သာမန်ပြည်သူတွေဆီက ယူထားတာတွေပဲ။ ကျွန်မတို့ ဒီငွေတွေက်ု ရှာတွေ့ပြီဆိုမှတော့ မှန်ကန်တဲ့ပိုင်ရှင်ဆီ ပြန်ပေးသင့်တယ်လို့ ထင်တယ်။”
***