လူတွေဝေဖန်ခံရမဲ့အရာမျိုး မလုပ်ပါဘူး
Vol. 9 Ch. 114
ဆန်းတာ့ကျိုး လူသွားရှာရန် ထွက်သွားတုန်းက ကိစ္စကြီးဖြစ်နေသောကြောင့် နားလည်ပေးလို့ ရသေးသည်။
အခုတော့ ထိုစုံတွဲလဲ သေခါနီးအခြေအနေမှ လွတ်မြောက်လာကာ အန္တရာယ်ကင်းကင်း ပြန်လာနိုင်ခဲ့ပြီဖြစ်သော်လဲ ဤ ပါးနပ်မှုမရှိသည့်ကောင်လေးက တစ်ဝဲလည်လည် သွားလုပ်နေသေးသည်။
မော့ကျိုးယွီသည် သူ့မိသားစုနှင့် စကားပြောနေရင်း ဆန်းတာ့ကျိုး၏ အပြုအမူကို မြင်တွေ့လိုက်၏။
သူ့နှလုံးသားထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသလို ခံစားလိုက်ရသည်။
သူသည် မိသားစုကို စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်ပြီးနောက် ဟဲကျစ်ယန်ရှိရာသို့ လျှောက်လာလိုပ်သည်။
သူပိုင်ဆိုင်သည့်အရာကို ကြေငြာချင်သည့်အတိုင်း သူသည် ဟဲကျစ်ယန်လက်ထဲမှ ကြိုးကိုကိုင်လိုက်ပြီး သူမကို သူ့ဘေးတွင် ဆွဲလိုက်ကာ ဆန်းတာ့ကျိုးအား ပြတ်ပြတ်သားသား ဖြစ်သွားစေရန် လုပ်ပြလိုက်သည်။
ဆန်းတာ့ကျိုးသည်လဲ မိုက်မဲသော လူတစ်ယောက် မဟုတ်ပေ။
သူ့ကိုယ်သူ မထိန်းချုပ်နိုင်သောကြောင့်သာ ဟဲကျစ်ယန်ကို စကားသွားပြောမိခြင်း ဖြစ်သည်။
မော့ကျိုးယွီ၏ လက်ရှိလုပ်ဆောင်ချက်များသည် သူ့ကို ဟဲကျစ်ယန်နှင့် ဝေးဝေးနေရန်အတွက် သတိပေးနေခြင်းဖြစ်ကြောင်း ဒီ့ထက်ပို မထင်ရှားနိုင်တော့ပေ။
ဟဲကျစ်ယန်က သူ့အသက်ကို ကယ်တင်ပေးခဲ့သောလူဖြစ်သည်။ သူမတို့ အိမ်ထောင်ရေး ပျက်ပြားစေရန်အတွက် သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။
ထို့ကြောင့် ဆန်းတာ့ကျိုးသည် တမင်တကာ ချောင်းဟန့်လိုက်၏။ “ဟိုဘက်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့၊ နောက်မှ ပြောကြတာပေါ့ဗျာ”
မော့ကျိုးယွီက တည်ငြိမ်စွာ ပြောလိုက်သည်။ “အရာရှိကျိုး၊ လုပ်စရာရှိတာလုပ်ပါ”
ဖမ်းဝမ်သည် ဆန်းတာ့ကျိုး အဝေးသို့ ထွက်သွားသည်ကိုမြင်ကာ သူ့နောက်မှလို က်သွားပြီး သူ့ရင်ဘတ်ကို လက်သီးဖြင့် ပုတ်လိုက်သည်။
“တာ့ကျိုး၊ ငါ ဘာမှ ထပ်မပြောချင်တော့ဘူး။ ကိုယ့်ဟာကိုယ် ပြန်ကြည့်”
ဆန်းတာ့ကျိုးသည်လည်း ခုနက သူ ဟဲကျစ်ယန်ကို စကားသွားပြောခြင်းက သိပ်မသင့်တော်ဘူးဟု သိပေသည်။
“ခေါင်းဆောင် စိတ်မပူပါနဲ့။ ခင်ဗျား ကျွန်တော့်ကို အသိဆုံးပါဗျာ။ ဝေဖန်ခံရမဲ့ ဘယ်အရာကိုမှ ကျွန်တော် မလုပ်ပါဘူး”
“ဟမ့်။ ငါကတော့ ပြောနိုင်သမျှ အကုန်ပြောပြီးပြီ။ ထပ်ဖြစ်လာသမျှက မင်းဖြစ်မင်းခံပဲနော်” ပြောပြီးနောက် ဖမ်းဝမ်သည် ဆူရမှာ ပျင်းလွန်းသဖြင့် လက်နောက်ပစ်ကာ ထွက်လာခဲ့တော့သည်။
ဖမ်းဝမ်သည် လားလှည်း၏ တည်ရှိမှုကို တိတ်တဆိတ် အသိအမှတ်ပြုထားပြီး ထိုအကြောင်း ဘာမှထပ်မမေးတော့ပေ။
နာရီဝက်ကြာသောအခါ လူအုပ်ကြီးသည် သိပ်မကြီးဟော ရေကန်တစ်ခုဘေးတွင် ရပ်လိုက်သည်။
ရေရှိသောကြောင့် လူတိုင်း ညစာချက်ဖို့ လွယ်ကူပေသည်။
မရီးများသည် သူမတို့၏ နဝမမတ်လေးနှင့် နဝမယောင်းမလေး ပြန်လာသည်ကိုကြည့်ကာ ပျော်ရွှင်နေသောကြောင့် ညစာကို ပိုပြီး စိတ်အားထက်သန်စွာ ချက်ပြုတ်နေကြသည်။
သခင်မကြီးမော့သည် သူမ၏သားကို ဘေးနားတွင်ထားကာ အလွန်ပျော်ရွှင်နေသည်။
ရှဲ့မိသားစုနှင့် ဖန့်မိသားစုလဲ ရောက်လာကြပြီး သူမတို့ ပျောက်ဆုံးသွားပြီးနောက် ဘာတွေဖြစ်သွားလဲ ပြောပြလာကြ၏။
တစ်ချိန်တည်းမှာပင် သူတို့သည် သူမအား သတင်းကြီးတစ်ခုကို ပြောပြခဲ့ကြသည်။
ထိုအရာမှာ ဟယ်မိသားစုသည် ဟယ်မင်ကိုသယ်ကာ တောင်အောက်သို့ ဆင်းစဉ်တွင် ချော်လဲပြီး မတော်တဆ ပြုတ်ကျသွားစေခဲ့သည်။
ဟယ်မင်သည် တောင်စောင်းအတိုင်း ပြတ်ကျသွားကာ ဟယ်မိသားစုများ သူ့ကို လိုက်မှီသောအချိန်တွင် အသက်ပျောက်နေပြီဖြစ်သည်။
ဟယ်မိသားစုသည် ထိုအဖြစ်ကြောင့် ရက်ပေါင်းများစွာ ပူဆွေးနေကြသည်။
ဟယ်မင်၏ သေဆုံးမှုကို ဟဲကျစ်ယန်သည် နားထောင်ရုံသာ ထောင်လိုက်ပြီး ဘာမှတ်ချက်မှ မပေးပေ။
…
တောကြီးမျက်မည်းထဲတွင် မိသားစု ပြန်လည်ပေါင်းဆုံခြင်း အမှတ်တရ ညနေစာကို စားပြီးနောက် ဟဲကျစ်ယန်သည် မရီးများကိုခေါ်ကာ လှည်းပေါ်မှ အသီးများကို ရွှေ့ရန် ပြင်လိုက်သည်။
သူမသည် အသီးအမျိုးအစား အနည်းငယ် ပြင်ဆင်ထားပြီး ဤခေတ်များတွင် ပန်းသီးနှင့် မက်မွန်သီးတို့သာ အများအပြား တွေ့ရလေ့ ရှိသည်။
အရေအတွက် များပြားသောကြောင့် လူတိုင်းစားဖို့ လုံလောက်ပေသည်။
အကြီးဆုံးမရီးက ပန်းသီးတစ်ခြင်းကို ယူချလာပြီးနောက် အပေါ်မှ မြက်ဖျာကို ဖယ်လိုက်သောအခါ လူတိုင်းသည် အထဲမှာရှိသောအရာကိုကြည့်ကာ အံ့အားသင့်သွားကြရသည်။
ဒုတိယမရီးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ “အမလေး။ ကျွန်မ ငယ်ငယ်ကတည်းက အခုချိန်ထိ ဒီလောက်ကြီးတဲ့ ပန်းသီးမျိုး ပထမဆုံး မြင်ဖူးတာပဲ”
စတုတဃထမရီးကလဲ ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ဒီပန်းသီးတွေက ကြီးရုံတင်မကဘူး။ အရောင်ကလဲ ကျွန်မတို့ အရင်ကစားဖူးတာတွေထက် နီရဲနေတာပဲ”
အစားပုတ်လေး အဋ္ဌမမရီးသည် ခြင်းထဲမှ ပန်းသီးနှစ်လုံးကို ဆွဲယူပြီးနေပြီဖြစ်သည်။
“ဒီလောက်ကောင်းတဲ့ ပန်းသီးတွေ။ အမေနဲ့ ဟန်ယွဲ့တို့ သေချာပေါက် ကြိုက်မှာပဲ။ သူမတို့ဆီ အခုပဲ သွားပေးလိုက်တော့မယ်”
သူမမိသားစုအတွက် သစ်သီးများဝယ်ရာတွင် ဟဲကျစ်ယန်သည် တစ်ချက်လေးတောင် လက်တွန့်ခြင်း မရှိပေ။
သူမသည် ထောင်းပေါင်မှ အရည်အသွေး အကောင်းဆုံး အနီရောင်ပန်းသီးများကို ဝယ်ခဲ့ပြီး ထိုပန်းသီးများမှာ ကိုက်စားလိုက်တိုင်း ချိုမြိန်ပြီး ရေငတ်ပြေစေကြောင်း အာမခံပေးထားသည်။
အဋ္ဌမမရီး၏ လောဘကြီးသော အကြည့်လေးကိုကြည့်ပြ ဟဲကျစ်ယန် ရယ်လိုက်မိသည်။ “အစ်မတို့၊ ဒီမှာ ပန်းသီးတွေ အများကြီးပါပဲ။ လူတိုင်း ကြိုက်သလောက် စားလို့ ရပါတယ်”
မရီးများမှာ ပန်းသီးကြီးများကို မလှုပ်မယှက် ငေးကြည့်နေကြသည်။
ဒီလောက်ကြည့်ကောင်းသော ပန်းသီးများကို စားရဖို့ မစောင့်ဆိုင်းနိုင်တော့ပေ။
မရီးများက မလှုပ်ရှားသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် သူတို့ကို လောဆော်မနေတော့ဘဲ အသီးများကို အရင်ရွှေ့ဖို့သာ ပြောလိုက်တော့သည်။
သူမသည် ပန်းသီး ခြင်းကြီးနှစ်ခြင်း ပြင်ဆင်ထားခဲ့၏။ အရာရှိများနှင့် တခြားမိသားစုနှစ်စုကိုပါ ထည့်ရေတွက်ပါက လူတိုင်းတစ်ယောက်ကို နှစ်လုံးစီတော့ ရနိုင်ပေသည်။
လှည်းပေါ်ရှိ မက်မွန်သီးများသည်လည်း ဟဲကျစ်ယန်ကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။ အရွယ်အစား ကြီးမားပြီး အရောင်လဲ လှပသည်။
မရီးများသည် သူမတို့ လက်သီးဆုပ်ထက်ပင် ကြီးမားသော မက်မွန်သီးများကို မြင်လိုက်ရသောအခါ သွားရည်များ ကျလာလုမတတ်ပင်။
သူမတို့ အရင်က စားခဲ့ဖူးသော မက်မွန်သီးများမှာ အရွယ်အစားသေးငယ်ပြီး အသားကလဲ တင်းမာနေကာ ကိုက်လိုက်တိုင်း ကြွပ်ဆတ်နေသောကြောင့် ချိုသောအရသာလေးမှလွဲ၍ ဆွဲဆောင်မှု မရှိလှပေ။
သို့သော် နဝမမတ်လေးနှင့် နဝမယောင်းမလေးတို့ သယ်လာသော မက်မွန်သီးများမှာ လုံးဝ ကွဲပြားနေသည်။
ကိုက်ကြည့်စရာမလိုဘဲ လက်ထဲကိုင်ကြည့်ရုံဖြင့်ပင် မက်မွန်သီးများက ကြီးမားပြီး အသားထူကာ အရည်ရွှမ်းသည်ကို သိနိုင်ပေသည်။
မရီးများသည် ဟဲကျစ်ယန် သယ်လာသော အသီးများကို အလွန်သဘောကျကြပြီး လက်ထဲက မချနိုင်အောင် ဖြစ်နေကြသည်။
စတုတ္ထမရီးသည် သူမတို့ ထွက်ခွာမလာခင်က သူမ၏ မိခင်ပေးခဲ့သော ပိုက်ဆံအိတ်ကို မသိစိတ်ဖြင့် ထိကြည့်လိုက်မိသည်။
သူမ၏ ငွေများသည် လုံးဝ မထိရသေးဘဲ လူတိုင်းမှာ နဝမ ယောင်းမလေး၏ ငွေများကိုသာ သုံးစွဲနေကြခြင်း ဖြစ်သည်။
ဖြစ်နိုင်မည်ဆိုလျှင် သူမလည်း မိသားစုအတွက် နဝမယောင်းမလေးလိုမျိုး အရသာရှိတာ တစ်ခုခု ဝယ်ကျွေးချင်မိသည်။
“နဝမ ယောင်းမလေး၊ ညီမလေးနဲ့ နဝမမတ်လေးတို့ ဒီလောက်ကောင်းတဲ့ အသီးတွေကို ဘယ်ကနေများ ဝယ်ခဲ့ကြတာလဲ”
တခြားမရီးများသည်လဲ ထိုအရာကို သိချင်နေကြပြီး စတုတ္ထမရီးက မေးလိုက်သောအခါ ဟဲကျစ်ယန်ဆီသို့ အကုန်လုံး ကြည့်လိုက်ကြသည်။
ဟဲကျစ်ယန်သည် သစ်သီးများ ပေါ်လာပုံနှင့် ပက်သက်ပြီး အရင်ကတည်းက အကြောင်းပြချက် ရှာထားပြီးသား ဖြစ်သည်။
“မရီး၊ ကျွန်မနဲ့ ကျွန်မယောက်ျား ခရီးသွားနေတဲ့လမ်းမှာ ဒီသစ်သီးတွေ တွေ့ခဲ့မိကြတာ။ ရောင်းတဲ့လူက သစ်သားလှည်းနဲ့ လမ်းတွေ လမ်းကြားတွေထဲ ရောင်းနေတာလေ။ ဒီလို သစ်သီးတွေ ဘယ်ကနေရလဲဆို ညီမလဲ မသိဘူး”
ဤနည်းဖြင့် သူမသည် စတုတ္ထမရီး၏ အသီးဝယ်ချင်နေသော အတွေးစလေးကို ဖြတ်တောက်ပေးလိုက်၏။
စတုတ္ထမရီးကတော့ အနည်းငယ် ဝမ်းနည်းမိသွားသည်။
“နှမျောစရာပဲ။ ကျွန်မတို့တွေ ဒီလောက်ကောင်းတဲ့ အသီးတွေနဲ့ နောက်ထပ် တွေ့နိုင်ပါဦးမလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ”
တတိယမရီးက ဝင်ပြောလိုက်သည်။ “ဒီလိုအသီးမျိုး နောက်ထပ် တွေ့လာရင် ကျွန်မ အကုန်လုံးကို ဝယ်ကျွေးပါမယ်”
နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် စကားပြောနေသည်ကိုမြင်ပြီး တခြားသော မရီးများမှာ သူမတို့လက်ထဲရှိ ငွေချောင်းများကို အားကျစိတ်များ ပေါ်လာရသည်။
အကြီးဆုံးမရီးက သက်ပြင်းချလိုက်သည်။ “အနောက်မြောက်အရပ်မှာ အခြေကျပြီဆိုတာနဲ့ ကျွန်မကတော့ အလုပ်တစ်ခု ထွက်ရှာမယ်။ ပြီးရင် မိသားစုကို တတ်နိုင်သလောက် ထောက်ပံ့မယ်”
ဒုတိယမရီးက နောက်ကလိုက်သည်။ “အကြီးဆုံးမရီး၊ အချိန်ကျလာရင် ကျွန်မလဲ အတူတူလိုက်မယ်”
မရီးများက အတွေးလွန်နေကြသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် အမြန် သတိပေးလိုက်၏။ “အစ်မတို့ အသီးတွေကို အရင်သယ်သွားပြီး လူတိုင်းကို မျှပေးရအောင်လေ”
မရီးများ၏ အတွေးများသည် ချက်ချင်းပင် သစ်သီးနှစ်မျိုးဆီသို့ ပြန်ရောက်လာကြပြီး တ၏်ချို့ဆိုလျှင် မသိလိုက်ပါပဲ တံတွေးပင် မျိုချလိုက်မိကြသည်။
အသီးခြင်း လေးခြင်း။ နှစ်ယောက်တစ်ခြင်း မ,လာကာ မိသားစူများ တဲဆောက်ထားသော နေရာသို့ သယ်လာခဲ့ကြသည်။
မော့အမျိုးသမီးများက ခြင်းအကြီးကြီးများ သယ်လာသည်က်ု မြင်သောအခါ အရာရှိများမှာ ခေါ်ဖို့ပင် မလိုဘဲ စုရုံးလာပြီး စပ်စုနေကြသည်။
ယခု မော့အမျိုးသမီးတိုင်းသည် ဟဲကျစ်ယန်၏ စီမံခန့်ခွဲမှုကို လိုက်နာကြ၏။
အကြီးဆုံး မရီးက မေးလိုက်သည်။ “နဝမ ယောင်းမလေး ဒီအသီးတွေကို ဘယ်လိုခွဲဝေသင့်လဲ”
“လူတစ်ယောက်ကို နှစ်လုံးစီ အရင်ပေးမယ်။ ပြီးရင် ကျန်တာကိုတော့ ကြည့်ရဦးမှာပေါ့” ဟဲကျစ်ယန်က ပြောလိုက်သည်။ သူမက ဦးဆောင်ပြီး ပန်းသီးနှစ်လုံးနှင့် မက်မွန်သီးနှစ်လုံးကိုယူကာ သခင်မကြီးမော့ကို အရင်ပေးလိုက်သည်။
ထိုအရာကိုမြင်ပြီးနောက် မော့ဟန်ယွဲ့သည်လည်း သစ်သီးဝေခြင်း ကူညီဖို့ ရောက်ရှိလာသည်။
မော့မိသားစု အမျိုးသမီးများက ခြင်းတောင်ထဲမှ ဤမျှကောင်းမွန်သော အသီးများ ထုတ်ယူနေသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာလာတော့သည်။ အရာရှိများပင်လျှင် အခွင့်ထူးခံ မလုပ်တော့ဘဲ တန်းစီပြီး သစ်သီးများ ရယူကြသည်။
ကျန်းချင်သည် ပန်းသီးများ ရပြီးသောအခါ လူအုပ်ကြီးရှေ့တွင်ပင် ကိုက်စားဖို့ မစောင့်နိုင်တော့ပေ။ ထို့နောက် ချက်ချင်းပင် ဟဲကျစ်ယန်ကို ချီးကျူးလိုက်မိသည်။
“မိန်းကလေးဟဲ၊ မင်းတကယ်တော်တာပဲ၊ ဒီလောက်အရသာရှိတဲ့ အသီးတွေကို ဝယ်နိုင်ခဲ့တယ်”
***