ငါ့ကို လှည့်ပတ်မပြောနဲ့
Vol. 9 Ch. 115
ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည် အသီးများစားနေရင်း ကျေးဇူးတင်စကား လာပြောကြဖို့လဲ မမေ့ကြပေ။
အထူးသဖြင့် ရှဲ့လင်း ဖြစ်သည်။ စကားချိုသော ထိုကလေးလေးက ဟဲကျစ်ယန်ကို ပြုံးကာပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဒေါ်လေး။ အန်တီ့မိသားစုထဲမှာ ညီလေးတစ်ယောက်ရှိလာရင် လင်းအာက သူနဲ့သေချာပေါက် ကစားပေးမှာပါ”
ရှဲ့လင်း၏ စကားကြောင့် လူတိုင်း ပွဲကျသွားကြ၏။
တချို့ဆိုလျှင် ဟဲကျစ်ယန်အား သူမဗိုက်ထဲတွင် အပြောင်းအလဲရှိမရှိ စနောက်မေးမြန်းနေကြသည်။
ဟဲကျစ်ယန်သည် ရှဲ့လင်း၏ ကလေးဆန်ဆန်စကားလုံးများကို စိတ်ထဲသိပ်မထားပေ။ သို့သော် လူကြီးများကပါ သူမကို စနောက်လာသောအခါ သူမ ချက်ချင်း ရှက်သွေးဖြာသွားရသည်။
သိပ်မဝေးသောနေရာတွင် မော့ကျိုးယွီသည် ထိုအချင်းအရာများကို ရပ်ကြည့်နေရင်း အတွေးထဲနစ်မျောနေသည်။
သူနှင့် ဟဲကျစ်ယန်တို့ ရလာမည့်ကလေးသည် အလွန်ကြည့်ကောင်းလိမ့်မည်ဟု တွေးမိနေသည်။ ထိုအချိန်တွင် တစ်မိသားစုလုံးသည် ကလေးလေးကို ဝိုင်းဖွဲ့ပြီး ပျော်ရွှင်စွာ ကစားနေကြမည်။ ထိုမြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် သူ စိတ်ချမ်းသာမိနေသည်။
မော့ကျိုးယွီ၏ အတွေးများက လွင့်မျောသွားကာ သူနှင့် ဟဲကျစ်ယန်တို့၏ ကလေးများနှင့် သူတို့ဒူးလောက်သာရှိမည့် မြေးလေးများအထိပါ မရေမတွက်နိုင်သော ပုံရိပ်များ သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဟဲကျစ်ယန် ရှက်သွေးဖြာသည်မှာ ခဏတာပင်။ သူမ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် သူမသည် လူတိုင်းနှင့်အတူထိုင်ကာ စကားပြောရင်း ရယ်နေလိုက်သည်။
သူတို့တွေအကုန်လုံး လိုက်လျောညီထွေမှုရှိစွာ ပျော်ရွှင်နေကြသည်ကိုကြည့်ပြီး ဟယ်ကျီယွမ်သည် နောင်တများကြောင့် သူအူများပင် စိမ်းသွားသလို ခံစားလိုက်ရသည်။
ရှဲ့မိသားစုနဲ့ ဖန့်မိသားစုကို အတုယူပြီးတော့ မော့ကျိုးယွီနဲ့ အစောကြီးထဲက အဆင်ပြေအောင် နေခဲ့သင့်တာ။
အဲ့လိုသာဆိုရင် သူ့ရဲ့ ဟယ်မိသားစုလဲ အဲ့ဒီအရသာရှိတဲ့ အသီးတွေကို စားနေရမှာပဲမဟုတ်လား။
တွေးကြည့်ပြီးနောက် ဟယ်ကျီယွမ်သည် သူ့ရည်ရွယ်ချက်နှင့်သူ မော့ကျိုးယွီဆီသို့ လျှောက်သွားလိုက်သည်။
မော့ကျိုးယွီသည် သူ့ကို လှည့်ကြည့်လိုက်သော်လဲ စကားပြောဖို့ဆန္ဒတော့ မရှိပေ။
ဟယ်ကျီယွမ်သည် သူက လာဖို့အစပြုပြီးနေပြီဖြစ်သောကြောင့် မော့ကျိုးယွီဘက်က စိတ်မပါလျှင်တောင်မှ အနည်းဆုံးတော့ မေးသွားရမည်ဟု တွေးလိုက်သည်။ “မင်း ဒီမှာ ဘာလုပ်နေတာလဲ”
မော့ကျိုးယွီက ပြန်မဖြေပေ။
ဟယ်ကျီယွမ်သည် ဤနေရာသို့ ရောက်လာခြင်းမှာ ရုတ်တရတ်ဆန်သွား၏။ ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ သူ ဆွံ့အသွားမိသည်။
ရောက်နေပြီဆိုမှတော့ ဘာမှမပြောဘဲနဲ့ ပြန်မသွားနိုင်ပေ။
ခဏတွေးကြည့်ပြီးနောက် ဟယ်ကျီယွမ်သည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “မော့ .. လူကြီးမင်းမော့ ..” ရုတ်တရတ်ဖြစ်သောကြောင့် ဤကဲ့သို့ ခေါ်ခြင်းက ပိုပြီး သင့်တော်ပေမည်။
မော့ကျိုးယွီ မျက်ခုံးပင့်လိုက်သော်လဲ ဘာမှတော့မပြောပေ။ သူ့ကိုဆက်ပြောဖို့သာ လက်ဟန်ပြလိုက်သည်။
ဟယ်ကျီယွမ်၏ ပုံစံမှာ လျို့ဝှက်ဆန်းကြယ်နေသည်။ ပတ်ပတ်လည်ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် သူက တိုးတိုးလေး ပြောလိုက်သည်။ “တကယ်တော့ အဲ့ဒီတုန်းက နယ်စပ် စစ်တပ်အတွက် ရိက္ခာတွေကို သိမ်းထားခဲ့ဖို့ တစ်ယောက်ယောက်က ကျွန်တော့်ကို အကြပ်ကိုင်ခဲ့တာပါ”
ဟယ်ကျီယွမ် မပြောဘဲနှင့်ပင် မော့ကျိုးယွီ၏ စိတ်ထဲ ရှင်းရှင်းလင်းလင်း သိပြီးသားဖြစ်သည်။
သို့သော် ဟယ်ကျီယွမ်၏ရှေ့တွင် တမင်တကာ မသိဟန်ဆောင်လိုက်၏။ ဟယ်ကျီယွမ်က ဘာလုပ်ချင်နေတာလဲ သူမြင်ချင်သေးသည်။
“ကြည့်ရတာ လူကြီးမင်းဟယ်က ကိုယ့်ရဲ့ခေါင်းဆောင်ကို ရောင်းစားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ” မော့ကျိုးယွီသည် ရေခဲတမျှအေးစက်နေသော လေသံဖြင့်ပြောလိုက်တာ ရွဲ့နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ထိုလေသံကြောင့် ဟယ်ကျီယွမ် အနည်းငယ် ရှက်သွားသော်လဲ လေးမှမြှားကို လွှတ်ပြီးနေပြီဖြစ်သည်။ သူ စပြောပြီးပြီဖြစ်သောကြောင့် ဘာကိုမှ ဖုံးကွယ်ထားဖို့ မတွေးတော့ပေ။
မော့ကျိုးယွီနှင့် ပြန်အဆင်ပြေနိုင် မပြေနိုင်ဟူသည်က ဤတစ်ချက်တွင်သာ မူတည်နေသည်။
ထို့ကြောင့် ဟယ်ကျီယွမ်က ပိုပြီး အလေးအနက်ဖြစ်လာသည်။
“အဲ့ဒီတုန်းက ကျွန်တော့်ကို ရိက္ခာတွေ ဖြတ်ယူထားဖို့ ညွှန်ကြားခဲ့တဲ့လူကို လူကြီးမင်းမော့ မှန်အောင် မခန့်မှန်းနိုင်မှာ ကြောက်မိပါတယ်။ အဲ့လူက ဒုတိယမင်းသား မင်းသားရွေ့ပါ”
ထိုစကားကြောင့် မော့ကျိုးယွီ၏ မျက်လုံးများ ရုတ်တရတ်လေးနက်သွားရသည်။
“မင်းပြောတာ အဲ့လူက မင်းသားရွေ့ပေါ့”
ဟယ်ကျီယွမ်က ခေါင်းငြိမ့်လိုက်သည်။ “အဲ့ဒါက တကယ်ကို မင်းသားရွေ့ပါ”
ထိုအရာက မော့ကျိုးယွီ အရင်တုန်းက ခန့်မှန်းထားသည်နှင့် တက်တက်စင်အောင် လွဲနေခဲ့သည်။
ထိုအချိန်တုန်းက ဟယ်ကျီယွမ်သည် အစားအစာများနှင့် ကောက်နှံများ၏ နယ်စပ်ဖြတ်သန်းခွင့်ကို တားဆီးခဲ့သည်မှာ တစ်စုံတစ်ယောက်က ဖိအားပေးလို့ဖြစ်ကြောင်း သေချာသိခဲ့သည်။ သို့သော် သူတို့ သံသယရှိခဲ့သူက နန်ဟန်ဖြစ်သည်။
ထိုအချိန်တုန်းက ရုံးတော်၏ အခြေအနေမှာ အတော်လေးရှင်းလင်းနေခဲ့သည်။ နန်ဟန်သည် ဧကရာဇ်ရွှင်းဝူ၏ ပထမကြင်ယာတော်မှ ဖွားမြင်သူဖြစ်ပြီး တရားဝင်အိမ်ရှေ့စံဖြစ်သည်။ သူ့အရည်အချင်းများက အနည်းငယ် လျော့ပါးနေသော်လဲ သူ့တည်ရှိမှုက အားကောင်းလွန်းသည်။ သူ့ကို အိမ်ရှေ့စံဖြစ်အောင် မြှောက်ပေးခဲ့သူများက ရုံးတော်၏ တစ်ဝက်လောက်ကို နေရာယူထားသည်။
နန်ချီသည် ကိုယ်လုပ်တော်ယွမ်မှ ဖွားမြင်ခဲ့ပြီး နန်ဟန်နှင့် ယှဉ်လျှင် ဒုတိယ အဆင့်သာရှိသည်။
သို့သော် နန်ချီ၏ ထက်မြတ်သော အပြုအမူများသည် အရာရှိအများအပြား၏ ထောက်ခံမှုကို ရရှိခဲ့ကာ ကျန်သည့်တစ်ဝက်က သူ့ဘက်မှ ဖြစ်လာခဲ့သည်။
ဟယ်ကျီယွမ် ခုဏကပြောခဲ့သော နန်ရွေ့ကတော့ သူ့မိခင်သည်လည်း မြတ်နိုးခြင်းမခံရသလို ဧကရာဇ်ရွှင်းဝူကလဲ ဒီသားကို သဘောမကျခဲ့ပေ။ သူသည် ငယ်စဉ်ကတည်းက တခြားလူများရှေ့တွင် ပေါ်လာခဲလှသည်။
သူသည် ပုံမှန်အားဖြင့် နိုင်ငံရေးတွင် စိတ်ဝင်စားကြောင်း လုံးဝမပြဘဲ ကဗျာနှင့် ပန်းချီများကိုသာ စာသင်သားများနှင့် နေ့တိုင်း ဆွေးနွှေးနေတတ်သည်။
ဟယ်ကျီယွမ်၏ စကားကသာ မှန်နေပါက မင်းသားရွေ့က ထိုကဲ့သို့လုပ်ရခြင်း အကြောင်းရင်းကို မော့ကျိုးယွီ နားမလည်နိုင်တော့ပေ။
ဟယ်ကျီယွမ်၏ စကားများ မှန်မမှန်အတည်ပြုရန်အတွက် သူ မေးလိုက်သည်။ “ငါနဲ့သူကြားမှာ ဘာရန်ငြှိုးမှမရှိဘဲ သူက ဘာလို့အဲ့လိုလုပ်မှာလဲ”
သူသည် ချက်ကောင်းကို ထိလိုက်သလိုပင်၊ ဟယ်ကျီယွမ်၏ မျက်နှာအမူအရာမှာ ထိုစကားကြောင့် ချက်ချင်း ပြောင်းလဲသွားသည်။
သူက ရယ်လိုက်သည်။ သူစပြီး ရှင်းပြသောအခါ စကားလုံးများက အရင်ကထက်ပိုပြီး ယုံကြည်မှု ရှိလာခဲ့သည်။
“လူကြီးမင်းမော့ကလဲ ပါးနပ်တဲ့လူပါပဲ။ ကျွန်တော် ခင်ဗျားကို ဒါတွေပြောပြရတဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးသားဖြစ်မှာပါ”
ဟယ်ကျီယွမ်၏ ပြီတီတီ မျက်နှာပေးကိုကြည့်ကာ မော့ကျိုးယွီ ပါးသာပိတ်ရိုက်ချင်မိ၏။
သို့သော် သူ့ထံမှ အရေးပါသော အချက်အလက်တချို့ကို ဆွဲထုတ်နိုင်ရန်အတွက် မော့ကျိုးယွီသည် လက်သီးဆုပ်ကို ဖြေလိုက်လျှော့လိုက်လုပ်ကာ ဒေါသကို ပြန်ထိန်းထားလိုက်ရသည်။
“ကျွန်တော်က ဒီလိုလှည့်ကွက်တွေကို နားမလည်တဲ့ ရိုးရိုးရှင်းရှင်း တပ်သားတစ်ယောက်ပါ။ လူကြီးမင်းဟယ် ကျွန်တော့်ကို တိုက်ရိုက်ပဲပြောလိုက်ပါ”
သူထင်ခဲ့သည်မှာ ထိုအရာကိုပြောလိုက်သည်နှင့် မော့ကျိုးယွီက သူ့ဆက်ဆံပုံကို ချက်ချင်းပြောင်းလဲကာ သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ ကြိုးစားလာမည်ဟု ထင်ခဲ့သည်။
သို့သော် ရလဒ်က သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။ မော့ကျိုးယွီက သူ့ကို စိတ်ကျေနပ်စေဖို့ ဘာမှမလုပ်ရုံသာမက သူ့အား အေးစက်နေသော အကြည့်များဖြင့်ပင် တိုက်ခိုက်လာသည်။
မော့ကျိုးယွီ၏ အေးစက်နေသော မျက်ဝန်းများကြောင့် ဟယ်ကျီယွမ် တုန်ယင်သွားမိ၏။
ယနေ့ သူသိထားသမျှ အကြောင်းအရာများကို မပြောပြဘူးဆိုပါက မော့ကျိုးယွီသည် ပြငိးထန်သော နည်းလမ်းများဖြင့်ပင် သူ့ကို ရင်ဆိုင်လာနိုင်ချေ ရှိနေပေသည်။
သူလိုချင်သော အကျိုးအမြတ်ကတော့ ဟယ်ကျီယွမ်သည် ယောင်လို့တောင် မတွေးရဲတော့ပေ။ မော့ကျိုးယွီ၏ စစ်မြေပြင်တွေ ပြတ်သားကာ ရက်စက်ကြမ်းကြုတ်ခဲ့သော နည်းလမ်းများအရ သူ သေချာပေါက် ထိခိုက်ရပေလိမ့်မည်။
ပြဿနာအများကြီး ရှိနေသော်လဲ သူ နောက်ဆုံးတော့ ဝန်ခံလိုက်ရတော့သည် ...
ကိစ္စများကို တွက်ကြည့်ပြီးသောအခါ ဟယ်ကျီယွမ်သည် အရှုံးအမြတ်များကို ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ဒီလောက်ကြီးမားသော လျှို့ဝှက်ချင်ကြီးကို ဖော်ထုတ်ပြီးလျှင်ပင် မော့ကျိုးယွီက ပုံမှန်အတိုင်း ဘာမှမဖြစ်သလို နေနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
“မင်းသားရွေ့ နေ့တိုင်းကျင်းပနေတဲ့ ကဗျာတွေ စာပေပွဲတွေဆိုတာ အပေါ်ယံပဲ။ သူ့ရည်ရွယ်ချက်က မင်းသားဟန်နဲ့ မင်းသားချီတို့ကို သူက အိမ်ရှေ့စံဖြစ်လာနိုင်မဲ့ လမ်းမှာ ကျောက်ခဲနစ်လုံး မဟုတ်ပါဘူးလို့ထဂ်ပြီး သတိလျော့သွားစေချင်ရုံ သက်သက်ပါ။
မင်းသားရွေ့က ဝန်ကြီးတွေကို တိတ်တဆိတ်ခေါ်ယူပြီး သူ့ဘက်ပါအောင်လုပ်ထားတယ်လို့ ဘယ်သူကများထင်မိမှာလဲ။ အပေါ်ယံမှာတော့ အဲ့ဒီဝန်ကြီးတွေက မင်းသားဟန်နဲ့ မင်းသားချီဘက်တော်သားတွေပါပေါ့။ ဒါပေမဲ့ သူတို့က အမှန်တကယ် မင်းသားရွေ့အတွက် အလုပ်လုပ်ပေးနေကြတာ။
အရင်တုန်းက သူ ကျွန်တော့်ကို ကောက်နှံနဲ့ အစားအစာတွေကို နယ်စပ်ဖြတ်သန်းခွင့် ပိတ်ခိုင်းတယ်ဆ်ုတာ မင်းသားချီက မင်းသားဟန်ကို သံသယဝင်အောင် လုပ်ခိုင်းလိုက်တာပဲ။ ဒီလိုနဲ့ သူတို့ကြားထဲ အချင်းချင်းပဋိပက္ခ ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ဓားဆွဲထုတ်ကြတဲ့အထိ ဖြစ်လာစေချင်တာ။
ပြီးတော့ အမှန်တကယ်ကိုပဲ မင်းသားရွေ့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့တယ်လေ။ မင်းသားချီရဲ့ လက်အောက်ခံတွေက မင်းသားဟန်ကို အကြိမ်ကြိမ်စွပ်စွဲ ပြစ်တင်ခဲ့ကြတယ်။ ရလဒ်ကတော့ နှစ်ယောက်သား မီးနဲ့ရေလိုဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် ဖိနှိပ်နေကြတော့တာပဲ”
ထိုအချိန်တွင် မော့ကျိုးယွီသည် ဟယ်ကျီယွမ်၏ စကားများ မှန်မမှန်ကို မခွဲခြားနိုင်သေးပေ။
သို့သော် သူပြောသွားသောစကားများက ကျိုးကြောင်းဆီလျော်မှုရှိပြီး မဖြစ်နိုင်တာတော့ မဟုတ်ပေ။
“သူ့အတွက် အဲ့လိုလုပ်ပေးရင် မင်းကို ဘာအကျိုးအမြတ်တွေ ပြန်ပေးမယ်လို့ မင်းသားရွေ့က ပြောထားတာလဲ”
ဒီမေးခွန်းက အဓိကသော့ချက်ပင်။ ဟယ်ကျီယွမ်၏ အဖြေသည် ကျိုးကြောင်းဆီလျော်ပါက မော့ကျိုးယွီ၏ ယခင်က သိခဲ့သမျှ အရာအားလုံး ပြောင်းလဲသွားမှာဖြစ်သည်။
“လူကြီးမင်းမော့ကို ကျွန်တော် ဘာမှ မဖုံးကွယ်တော့ပါဘူး။ ကျွန်တော့်မှာ ငယ်ငယ်ကတည်းက ပြင်ပမှာပဲ ပျိုးထောင်ခဲ့တဲ့ ဟယ်မေ့ယွီလို့ခေါ်တဲ့ တရားမဝင်သမီးတစ်ယောက်ရှိပါတယ်။ မေ့ယွီက အရည်အချင်းရှိပြီး လုပိနိုင်စွမ်းရှိပါတယ်။ တစ်ခါက ကဗျာပွဲတစ်ခုမှာ မင်းသားရွေ့နဲ့ သိကျွမ်းခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မင်းသားရွေ့က မေ့ယွီရဲ့ နောက်ခံကို သိသွားတော့ ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ လာပြောခဲ့ပါတယ်။
သူပြောတာ ဘာတွေပဲဖြစ်ဖြစ် မေ့ယွီကို တရားဝင်ဇနီးနေရာထားပေးပါမယ်တဲ့။ မင်းသားရွေ့က ကြီးမားတဲ့အကြံအစည်တွေ ရှိရှိမရှိရှိ သူက မင်းသားတစ်ပါး ဖြစ်နေတုန်းပဲလို့ ကျွန်တော်လဲ တွေးခဲ့မိပါတယ်။ ကျွန်တော်ရဲ့ တရားမဝင်သမီးလေး တရားဝင်ဇနီးဖြစ်လာမဲ့ကိစ္စမျိုးကို ကျွန်တော် သုံးဘဝဆက်တိုက်လောက် ကျင့်ကြံရင်တောင် ရနိုင်မှာ မဟုတ်ခဲ့ပါဘူး။
ကျွန်တော် သဘောတူပြီးတော့ မင်းသားရွေ့က နောက်ထပ်တစ်ခု ထပ်တိုးတောင်းဆိုခဲ့ပါတယ်။ သူ့အိမ်တော်ကို ဝင်ပြီးသွားတဲ့အခါ မေ့ယွီမှာ အချက်အလက်အသစ်တစ်ခု ရှိရမှာဖြစ်ပြီး အဲ့ဒါမှ ကျွန်တော်တို့ကြားက ဆက်ဆံရေးကို လူတွေမရိပ်မိမှာလို့ ပြောခဲ့ပါတယ်။
သူ့ရည်ရွယ်ချက်က သူက အမျိုးမျိုး ဖွဲ့စည်းနေပြီး ကိုယ်ပိုင်အကျိုးအမြတ်အတွက်လုပ်နေတယ်လို့ တခြားလူတွေဆီက စွပ်စွဲမခံရအောင်ပါ။
နှစ်လကြာပြီးတော့ မင်းသားရွေ့က မေ့ယွီကို ကတိပေးထားတဲ့အတိုင်း အိမ်တော်ခေါ်သွားခဲ့ပါတယ်။ မေ့ယွီရဲ့ နောက်ကြောင်းကလဲ ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ရဲ့ သမီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်”
***