လူငယ်လေး လွန်လွန်းသွားပြီ
Vol. 30 Ch. 441
အခန်း (၄၄၁) : လူငယ်လေး လွန်လွန်းသွားပြီ
အရှေ့ပင်လယ်မြို့၌ …
အင်အားစုအသီးသီး၏ မျက်နှာအထက် မျှော်လင့်ချက် ကုန်ခမ်းနေသည့် အရိပ်အယောင်များ အထင်းသား ဖြစ်နေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက အားကောင်းလွန်းလှသည်။ သူတို့က သွေးစတေးမှု အစီအရင်ကို ခင်းကျင်းထားရုံသာမက သူတို့ဘက်တွင် မဟာဝိဇ္ဇာပင် ရှိနေသေး၏။
သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည့် ချီကျန့်က မဟာဝိဇ္ဇာလက်ထဲ ရှုံးနိမ့်သွားလေပြီ။ အားလုံးက ယုံကြည်ချက် ပျောက်ဆုံးသွားကြ၏။
သူတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်သည် အရှ့ပင်လယ်မြို့၏ အဖြစ်အပျက်ကို သဲလွန်စရပြီး တပ်ကူပို့လွှတ်ပေးဖို့သာ မျှော်လင့်ထားကြသည်။ ရှန်ထျန်း ပေါ်ထွက်လာမှုက အားလုံးကို အံ့အားသင့်သွားစေသည်။
ရှုအန်းနှင့် အခြားသော ဝိဇ္ဇာများက ပျော်ရွှင်သွားကြသည်။ သူတို့က တပ်ကူရောက်လာပြီဟု ထင်မှတ်လိုက်ကြသည်။ သူက မဟာဝိဇ္ဇာ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့်အတွက် အလွန်အားကောင်းသောသူသာ ဖြစ်ရမည်။
ကံဆိုးစွာ ချီကျန့်က ထိုအားကောင်းသည့် အကူအား မျက်စိတစ်မှိတ်အတွင်း အဝေးပို့လိုက်လေသည်။ အားလုံးက တုန်လှုပ်တကြီး ရှုံ့မဲ့ကုန်ကြသည်။
ငါတို့အားလုံး သေတော့မယ်ဆိုတာာ သိရဲ့လား … အဲဒါတောင် ဒီလိုအားကောင်းတဲ့လူကို အဝေးပို့လိုက်သေးတာလား။ အခုတော့ ငါတို့အားလုံး အဆုံးသတ်ပြီ
အားလုံးက ခါးသီးသည့် အမူအယာများကို ဖော်ထုတ်ထားရင်း သူတို့ ယနေ့ သေဆုံးရတော့မည်ဟု အခိုင်အမာ ယုံသွားကြသည်။
……....
တစ်ဖက်တွင် ခန်းမသခင်မားစ်က အံ့ဩသွားမိ၏။ သူက ဤကိစ္စပေါက်ကြားသွာကာ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ဘက်က အဆင့်မြင့် ပညာရှင်များ လွှတ်ကာ သူတို့အား ဝိုင်းထားလိုက်ပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် သူက စိတ်သက်သာရာရမိသွားသည်။
ရောက်လာသည့်သူက ချက်ချင်း ထွက်ပြေးသွားသည့်အတွက် အားကောင်းသည့်သူ မဟုတ်လောက်ပေ။ ထို့ကြောင့် ဘာမှကြောက်နေစရာ မလိုပေ။
ခန်းမသခင်မားစ်က အေးစက်စက် ပြောလိုက်သည် “မျောက်စုတ် မင်းတော့ သေရတော့မယ်။ အဲဒါတောင် လူကယ်ချင်သေးတာလား။ ရတနာကို မင်းဘာသာ မသုံးဘူးဆိုတော့ အတော်လေး သစ္စာရှိတာပဲ။ ရတနာကို သုံးပြီးသွားပြီဆိုတော့ အခု မင်း ဘယ်လိုထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့ ”
အစီအရင်ကို ခင်းကျင်းထားသောကြောင့် တစ်ယောက်မှ ထွက်မသွားနိုင်ပေ။
စောစောလေးက ပေါ်လာခဲ့သော ကောင်လေးက လေဟာနယ်ကို ခွဲကာ ထွက်ပြေးသွားခဲ့သည်။ သူက အာကာပြင် ဖြတ်သွားနိုင်သည့် ထိပ်တန်း ကူးသန်းရေး ရတနာတစ်ခုခု သုံးသွားမှန်း သိသာလှသည်။
ဒီလိုရတနာမျိုးက အင်မတန် ရှားပါးလှသည်။
ချီကျန့်တွင် ဒုတိယတစ်ခု ထပ်မရှိလောက်တော့ပေ။
ဒီမျောက်တော့ သေပြီသာမှတ် …
သူက ချီကျန့်ကို သတ်နိုင်မည့်အကြောင်းကို တွေးရင်း ခန်းမသခင်မားစ်၏ အကြည့်တို့က ပိုခက်ထန်လာပြီး အေးစက်စက် ဟားတိုက်ရယ်မောလိုက်သည်။
ချီကျန့် မကျေမနပ် ပြန်ပြောလိုက်သည် “ မင်းအဘိုးကို ဘယ်လိုလုပ်ဆိုပြီး သင်ပေးနေတာလား။ မိစ္ဆာကောင်စုတ် မင်း သတ္တိရှိရင် တစ်ယောက်ချင်း လာတိုက်လှည့်။ မင်း ခေါင်းကို ရိုက်နိုင်မလား ကြည့်ကြတာပါ့ ”
တိုက်ပွဲသူတော်စင် မျောက်ဝံသွေးမျိုးဆက်ကြောင့် ချီကျန့်က မည်သူကိုမှ မကြောက်သည့် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ သူက ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် မဟာဝိဇ္ဇာကိုပင် တိုက်ရဲပေသည်။
ရလဒ်က သေခြင်းတရားကလွဲ၍ အခြားမဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ခန်းမသခင်မားစ်လိုမျိုး အရှုံးသမားက ချီကျန့်အတွက် ဘာမှမဟုတ်ပေ။
ခန်းမသခင်မားစ်က အေးစက်စက် ရေရွတ်လိုက်သည် “ မင်းကို ကြောက်မယ်များ ထင်နေလား”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ရှိနေလျှင် ဘာမှကြောက်စရာ မရှိပေ။
ခန်းမသခင်မားစ်၏ တိုက်ရည်ခိုက်ရည်က ချီကျန့်ထက် နိမ့်ကျသော်လည်း သူ့ကို အလွယ်တကူ သတ်နိုင်မည် မဟုတ်ချေ။ သူသာ ချီကျန့်ကို အချိန်ဆွဲထားပြီး မဟာဝိဇ္ဇာ အကူအညီကို စောင့်ဆိုင်းနိုင်သရွေ့ ချီကျန့်က သေချာပေါက် သေဆုံးလိမ့်မည်။
ထို့အပြင် ခန်းမသခင်မားစ်က သူ့စိတ်နှလုံးသားမှ အစိုင်အခဲ ပြေပျောက်သွားစေဖို့ ကောင်းကောင်းနှိပ်စက်ပြီး သတ်ပစ်မည် ဖြစ်၏။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က မကျေနပ်စွာ ဝင်ပြောလိုက်သည် “ အရေးမပါတာတွေ လုပ်မနေနဲ့။ ထင်မှတ်မထားတာတွေ ဖြစ်မလာခင် ဒီကောင်လေးကို မြန်မြန် အဆုံးသတ်လိုက်”
သူ့ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာမီးတောက်က ထွက်ပေါ်လာကာ သူ့အရှိန်အဝါကလည်း မိစ္ဆာဆန်ပြီး သွေးဆာမှုနှင့် ကြမ်းတမ်းခက်ထန်မှုအပြည့် ဖြစ်နေသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က တစ်စုံတစ်ခု ဖြစ်ပျက်လာစေရန် အလို့ငှာ အချိန်မဖြုန်းချင်ပေ။ သူက စောစောလေးက အဖြစ်အပျက်ကြောင့် အံ့အားသင့်နေဆဲ ဖြစ်၏။
မဟာဝိဇ္ဇာက သူ့အင်အားသူ ကောင်းကောင်း သိထားသည်။ သူ့လိုမျိုး ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် မဟာဝိဇ္ဇာက သူ့မီးတောက်နီအပ်ကို အသက်သွင်းလိုက်လျှင် ဝိဇ္ဇာအစစ်အမှန်ကို အလွယ်လေး သတ်ပစ်နိုင်သည်။ သို့သော်လည်း ဧရာမတူကြီးက သူ့တိုက်ခိုက်မှုကို ဟန့်တားခဲ့သည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ထိုတူကြီးဆီမှ အားကောင်းကောင်း အငွေ့အသက်ကို ခံစားမိနေသည်။ ထိုအရာမှာ မဟာဝိဇ္ဇာ လက်နက် ဖြစ်၏။
ဆိုလိုသည်မှာ ထိုလူက အံ့ဖွယ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။ သူက ချီကျန့်ထက် အများကြီး အားပိုကောင်းကြောင်း သိသာလှသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ဤသို့သော ပြိုင်ဖက်မျိုးကို လျော့မတွက်ရဲပေ။ ကံကောင်းစွာဖြင့် တစ်ဖက်က သူ့ကို အဝေးပို့လွှတ်လိုက်သည့် ငတုံးအဖွဲ့ဝင် ရှိနေလေသည်။ မဟုတ်လျှင် မဟာဝိဇ္ဇာအနေနှင့် အရှေ့ပင်လယ်မြို့ကို ထိန်းချုပ်ဖို့ လွယ်ကူမည် မဟုတ်ချေ။
ခန်းမသခင်မားစ်က ခေါင်းညိတ်ကာ လေးလေးစားစား ပြန်ဖြေလိုက်သည် “ ကောင်းပါပြီ ”
သူက ချီကျန့်အား အရိုးအေးခဲမတတ် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်ရင်း “ ဒီနေ့ မင်းရဲ့ မျောက်ခေါင်းနဲ့ မျောက်ခေါင်းစွပ်ပြုတ် ချက်သောက်ပစ်မယ် ”
သူ့စွမ်းအားကို အသက်သွင်းလိုက်ပြီး ခန်းမသခင်မားစ်က မဟာဝိဇ္ဇာနှင့် ပေါင်းကာ အားလုံးကို သတ်ဖို့ ပြင်လိုက်သည်။
ချီကျန့်က အသက်ပြင်းပြင်းရှုလိုက်ပြီး တင်းပုတ်ကို ခပ်တင်းတင်း ဆွဲကိုင်ထားလိုက်သည်။ သူ့အမူအယာတို့က လေးနက်နေသည်။ ဤသည်မှာ သေခြင်းရှင်ခြင်းကြား ဖြစ်ပြီး သူကိုယ်တိုင်ပင် အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
ချီကျန့်က ဟိန်းဟောက်ကာ “ ငါ လောင်ချီ သေသွားရရင်တောင် မင်းတို့ မိစ္ဆာကောင်တွေကို တစစီလုပ်ပစ်မယ်။ မိစ္ဆာကောင်စုတ်တွေ သတ္တိရှိရင် လာခဲ့ကြစမ်း ”
သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များက အသံကျယ်ကြီးဖြင့် ပေါက်ထွက်လာကာ အံ့ဖွယ်ရွှေရောင်အလင်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ့အရှိန်အဝါတို့က ပိုမို ကြမ်းတမ်းလာသည်။
သူ့လက်ထဲက တင်းပုတ်ကနေ သက်ရှိအားလုံးကို ဖိနှိပ်ထားချင်သည့် ကောင်းကင်ထောက်တိုင်အလား စွမ်းအား ထုတ်လွှင့်လာသည်။ ချီကျန့်ကို အသက်ကို စတေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ သေသွားလျှင်ပင် မိစ္ဆာဝိညာဉ်ဂိုဏ်းအား အချိန်ကောင်း ပိုင်ဆိုင်ခွင့် မပေးနိုင်ချေ။
ခန်းမသခင်မားစ်က ယုတ်မာစွာ ရယ်လိုက်ရင်း “ သေစမ်း ”
သူက အရင်လက်ဦးမှု ရယူကာ ချီကျန့်အား အားကုန်သုံးတိုက်လိုက်သည်။
ထိုစဉ် လေဟာနယ်က ရုတ်ချည်း အက်ကွဲသွားကာ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို့နောက် လေဟာနယ်ထဲမှ ပြိုင်ဖက်ကင်း ဓားချီက ကြောက်ခမန်းလိလိ အဆုံးအစွန်အထိ မြင့်တက်လာသည်။
ဤဓားချက်က အားလုံးကို အံ့ဩတုန်လှုပ်သွားစေသည်။ ထိုအရာက ကမ္ဘာကြီးကို ပိုင်းဖြတ်ဖို့ ရည်ရွယ်ထားဟန်ပေါ်နေ၏။
လေဟာနယ်က လုံးဝ ပျက်သုန်းသွားလေပြီ။
အံ့ဖွယ်အလင်းတန်းတစ်မျှင်သာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖြတ်သန်းကာ ဆင်းသက်လာသည်။
“ သတိထား ” မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အော်ပြောလိုက်သည်။ သူ့မျက်အိမ်ကျုံ့သွားပြီး သူ့လေသံမှာလည်း စိုးရိမ်မှုကြီးစိုးလာသည်။ ထိုအငွေ့အသက်က ကြောက်ဖို့ကောင်းပြီး သူ့နှလုံးသားကိုပင် တုန်ယင်လာစေသည်။
ခန်းမသခင်မားစ်က အနည်းငယ် ကြောင်အမ်းသွားပြီး စိတ်ရှုပ်ထွေးမိသွားသည်။ သို့သော်လည်း သူ လှည့်ကြည့်လိုက်သည့်အခါ သူ့ဆီ ဝင်ရောက်လာသည့် အလင်းတန်းကိုသာ မြင်လိုက်ရသည်။
ရွပ်
သူ့ဆီမှ သွေးများ ပန်းထွက်လာသည်။ သွေးများက တိမ်စွန်းထင်လောက်အောင်အထိ ပန်းထွက်လာပြီးနောက် ဦးခေါင်းတစ်ခုက လေထဲ မြောက်တက်လာသည်။
ဦးခေါင်းက လေထဲ ရှိနေစဉ် သူ့မျက်လုံးများက မယုံကြည်နိုင်မှုအပြည့် ဖြစ်နေလေသည်။ ဓားချက်တစ်ချက်တည်းဖြင့် ခန်းမသခင်မားစ်၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်၏။
သို့သော် ခန်းမသခင် မားစ်၏ ဦးခေါင်းမှ အနက်ရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့ဝိညာဉ် ဖြစ်၏။ သူက အလွန်ကြောက်ရွံ့နေပြီး ထွက်ပြေးချင်နေမိသည်။
သူ့ခန္ဓာကိုယ်က သေဆုံးသွားသော်လည်း သူ့ဝိညာဉ်က အပြီးတိုင် ရှင်းထုတ်မခံရသေးပေ။ အကယ်၍ သူသာ လွတ်မြောက်ပြီး တခြားခန္ဓာကိုယ်ကို အပိုင်သိမ်းနိုင်လျှင် ထိပ်ဆုံးအထိ ပြန်ရောက်နိုင်ခြေ ရှိသေး၏။
ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်အနေနှင့် ခန်းမသခင်မားစ်က ဒီလိုမျိုး မသေဆုံးချင်ပေ။
သို့သော်လည်း ဓားချီက စွမ်းအားကြီးလွန်းနေသည်။ ကြောက်မက်ဖွယ် ဓားအငွေ့အသက်က ဓားပင်လယ်လိုမျိုး ကြောက်စရာကောင်းသည့် ဓားအလင်းတန်းများစွာ ပစ်လွှတ်လာသည်။
ခန်းမသခင်မားစ်၏ ဝိညာဉ်က ဓားအလင်းတန်းနှင့် ထိတွေ့မိသွားသည်နှင့် လုံးဝ ကြေမွပျောက်ပျက်သွားသည်။
သူ့ခန္ဓာကိုယ်က ထိုဓားချက်ကြောင့် အသားနုပ်နုပ်စဉ်းထားသလို ဖြစ်သွားလေသည်။ သူက သေဆုံးသည်ထက် ပိုသေချာသွားလေပြီ။
ဤမြင်ကွင်းက အားလုံးကို ကြောင်အမ်းသွားစေသည်။
အရှေ့ပင်လယ်မြို့တစ်ခုလုံး တိတ်ဆိတ်သွားကြ၏။ အားလုံးက အံ့ဩနေကာ သူတို့အကြည့်များ၌ အံ့ဩမှုအတိုင်းသား ဖြစ်နေသည်။
ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်ဖြစ်တဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်း ခန်းမသခင်က တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား။
ဘယ်သူလဲ … ဘယ်သူက ဒီလိုတိုက်ရည်ခိုက်ရည် ပိုင်ဆိုင်တာလဲ
“ အဆင့်မြင့် ကျင့်ကြံသူ ရောက်လာတာလား ”
“ တပ်ကူ ရောက်လာပြီ ”
“ ငါတို့တွေ နောက်ဆုံးတော့ အသက်ရှင်ပြီ ”
ဤလူက အရှေ့ပင်လယ်မြို့ကို ကယ်တင်ပေးလျှင် သူတို့အနေနှင့် ဤကပ်ဘေးကြီးမှ ရှင်သန်နိုင်လိမ့်မည်။
...........
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားကာ သူ့မျက်ဝန်း၌ စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ဤဓားအလင်းက ကြောက်ဖို့ကောင်းလှသည်။ ထိုအရာက ဝိဇ္ဇာအစစ်အမှန်ကို ချက်ချင်း သတ်ပစ်နိုင်လိုက်သည်။
ခန်းမသခင်မားစ်က လမ်းဘေးဂေါ်ဖီထုပ် မဟုတ်ပေ။ သူက ငါးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန် ဖြစ်၏။
သူက ဒီလိုမျိုး သေသွားတာလား … ဘယ်သူလုပ်လိုက်တာလဲ
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ဝိဇ္ဇာ ရောက်လာတာလား
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က စိုးရိမ်တကြီး လှည့်ပတ်ကြည့်လိုက်ပြီး တိုက်ခိုက်သူကို ရှာဖို့ ကြိုးစားလိုက်သည်။
ထိုအချိန် လေဟာနယ် ပျက်ယွင်းသွားကာ အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားက လျှောက်လှမ်းလာသည်။ သူ့လက်ထဲတွင် ခရမ်းရောင် ဝိဇ္ဇာဓားကို ကိုင်ဆွဲထား၏။
ဓားရှည်က အေးစက်ချွန်မြနေကာ သွေးတစက်စက်ကျနေသည်။
“ မင်းလား ”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ မျက်အိမ်တို့က ကျုံ့သွားလေသည်။ သူက ဤလူသည် ဒီနေရာတွင် ရှိနေသေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချီကျန့်က ကြောင်အအဖြစ်သွားကာ “ ခေါင်းဆောင် ဘာလို့ ဒီမှာပဲ ရှိသေးတာလဲ ”
သူက လုံးလုံးကြောင်အမ်းနေမိသည်။
ငါ သူ့ကို တည်နေရာပြောင်း အဆောင်နဲ့ အဝေးပို့လိုက်ပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ
ခေါင်းဆောင်က မိုင်သိန်းချီကို မိနစ်အနည်းငယ်လောက်နဲ့ ဖြတ်လာနိုင်လောက်အောင် စွမ်းအားကြီးနေတာလား … မဖြစ်နိုင်တာ အဲလောက်တောင် မြန်တယ်လား
ချီကျန့်က ခေါင်းကုတ်ကာ နားမလည်နိုင်သလို ဖြစ်နေမိသည်။
ချီကျန့်၏ အတွေးများကို ဖတ်နိုင်သည့်အလား ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားသည်။
ဘယ်ဟုတ်မလဲ … မိုင်သိန်းချီကို မျက်စိတစ်မှိတ်အတွင်း ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ။ ငါ့မှာ ဒီလိုရွှေလက်ချောင်းရှိတယ်များ ထင်နေလား
တကယ်လို့ သူ့မှာ အဲဒီလိုအင်အားမျိုးသာရှိနေရင် ဘာမှအားစိုက်မနေဘဲ မိစ္ဆာကောင်စုတ်တွေကို တစ်ချက်တည်းနဲ့ တန်းသတ်ပစ်လိုက်မှာပေါ့
ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်ရင်း “ တည်နေရာပြောင်း အဆောင်က သက်တမ်းကုန်နေတော့ ငါ့ကို အဝေးကြီး ပို့မပေးနိုင်ဘူး ”
သို့သော်လည်း သူက သူ့ဘာသာ ခါးသက်သက်ပြုံးလိုက်မိသည်။
ဒီမျောက်က တကယ်ကို သစ္စာရှိတာပဲ …
ရှန်ထျန်းက ချီကျန့်၏ အတွေးများကို သိပေသည်။ အရှေ့ပင်လယ်မြို့ ကျဆုံးသွားမှုနှင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ အန္တရာယ်များမှုကြောင့် ဤနေရာရှိ အခြေအနေတို့က ဆိုးရွားနေသည်။
ချီကျန့်က သူတို့အားလုံး ရှင်းထုတ်ခံရမည်ကို စိုးရိမ်ကာ ရှန်ထျန်းအတွက် တည်နေရာပြောင်း အဆောင်ကို အရင်ဆုံး အသုံးပြုလိုက်ခြင်း ဖြစ်၏။ သို့သော် ဒီကလေးက အခြေအနေကို နားလည်ဟန်မပေါ်ပေ။
ငါ ထွက်သွားရင် မင်းက ဘယ်လိုလုပ်မှာတုန်း …
ရှန်ထျန်းတွင် အရန်အစီအစဉ် ရှိထား၍ ကံကောင်းသွားသည်။ မဟုတ်လျှင် ချီကျန့်တစ်ယောက် အမှန်တကယ် သေဆုံးသွားနိုင်၏။
ချီကျန့် “ … ”
ဒီတစ်ခါ ချီကျန့်က ပိုမို အံ့ဩသွားသည်။
ဟွမ်ရှစ် ပေးထားတဲ့ အဆောင်က သက်တမ်းကုန်နေတာတဲ့လား … မဟာနတ်ဧကရာဇ်က ငါ့ကို အတုပေးလိုက်ပြီးတော့ ညာတာလား
သူက ယုံကြည်ဖို့ ခက်နေသော်လည်း လက်ခံရုံသာ တတ်နိုင်လေသည်။ ထိုအရာမှလွဲ၍ အခြားဖြေရှင်းချက် မရှိနိုင်ပေ။
………....
ချီကျန့်က မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ ရှန်ထျန်းနား လျှောက်လာလိုက်သည်။
“ ခေါင်းဆောင် ငါ တောင်းပန်ပါတယ်။ ဒီတစ်ခါ မင်းကို ထိခိုက်စေတဲ့သူက ငါ ဖြစ်နေတာပဲ။ ငါ သေရင်တောင် မင်းရှေ့မှာပဲ သေပါ့မယ် ”
ရှန်ထျန်းက ခန်းမသခင်မားစ်ကို သတ်လိုက်သော်လည်း အန္တရာယ်က ပြေပျောက်မသွားသေးပေ။ အကြီးမားဆုံး အန္တရာယ်မှာ ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် ဖြစ်၏။
ရှန်ထျန်းက ခန်းမသခင်မားစ်ကို သတ်နိုင်သော်လည်း မဟာဝိဇ္ဇာအတွက် ပြိုင်ဖက် မဖြစ်နိုင်လောက်ပေ။ ဝိဇ္ဇာနှစ်ယောက်ကြားက ကွာဟချက်က ကြီးမားလွန်းနေ၏။
………….....
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က နောက်ဆုံးတော့ အသိပြန်ကပ်လာသည်။ ဤသည်မှာ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဝိဇ္ဇာ မဟုတ်ကြောင်း သတိထားမိပြီး သက်ပြင်းချလိုက်သည်။
သူက ခက်ထန်စွာ ပြောလိုက်သည် “ အစောလေးက မင်း ငါ့ကို လုပ်ကြံရင် ဒဏ်ရာရသွားနိုင်လောက်ပေမဲ့ အခုတော့ မင်းဆီမှာ အခွင့်အရေး မရှိတော့ဘူး ”
ဂျူနီယာတစ်ယောက်က ဤသို့တိုက်ခိုက်ရည်မျိုး ပိုင်ဆိုင်ထားလေသည်။ သူက မဟာဝိဇ္ဇာလက်နက်၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်လိုက်ရုံသာမက ခန်းမသခင်မားစ်ကိုတောင် သတ်နိုင်လိုက်သေးသည်။
အကယ်၍ သူသာ ဆက်လက်ကြီးထွားလာပါက မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပေမည်။
ဒီနေ့ ဒီကောင်လေးကို ဒီနေရာမှာတင် အပြတ်သုတ်သင်ပစ်ရမယ်
ထိုအတွေးဖြင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။ သူ့မိစ္ဆာမီးတောက်များ ထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်လည်း ကြီးထွားလာလေ၏။
ဤသည်မှာ ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် မဟာဝိဇ္ဇာ ဖြစ်သည်။ သူက အားကုန်တိုက်ခိုက်သည့်အခါ သူ့အရှိန်အဝါတို့က ထိတ်လန့်ဖွယ် ဖြစ်၏။ ကောင်းကင်ထဲ ထူးထူးဆန်းဆန်း မိစ္ဆာမီးတောက် ထွက်ပေါ်လာကာ သူတို့အား ထွက်ပြေးဖို့ အခွင့်အရေးမပေးဘဲ အပြည့်အဝ လွှမ်းခြုံသွားလေသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။
သူက ခုနှစ်ကြိမ်မြောက် မဟာဝိဇ္ဇာအဆင့်မျိုးနှင့် တစ်ခါမှ မတိုက်ဖူးပေ။ အရှင်းဆုံးပြောရလျှင် သူက ယုံကြည်ချက်များများစားစား ရှိမနေချေ။
သူက သက်ပြင်းချကာ “ ဟိုခန္ဓာကိုယ်သာ တည်နေရာ ကူးပြောင်းမခံလိုက်ရရင် ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးက ငါ့ဆီ ရောက်လာမှာ မဟုတ်ဘူး ”
သို့သော်လည်း ရှန်ထျန်းက လက်မလျော့ပေ။ သူက ဝိဇ္ဇာလက်နက်အမြောက်အများ ထုတ်ယူကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများစွာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ ခေါင်းလောင်း၊ မီးပြင်းဖိုနှင့် ကြေးမုံလိုမျိုး ပုံသဏ္ဌာန်တို့ ရှိကြသည်။ သူတို့အားလုံးက ကာကွယ်ရေး ဝိဇ္ဇာလက်နက်များ ဖြစ်၏။ ထိုမျှတင် မကသေးဘဲ ရှန်ထျန်းက တိုက်ခိုက်ရေး လက်နက်အမြောက်အများကိုလည်း ဆင့်ခေါ်လိုက်သည်။
သူတို့က ဓားသဏ္ဌာန်၊ ဓားမော့၊ ပုဆိန်နှင့် တူပုံစံ ဝိဇ္ဇာလက်နက်များ ဖြစ်ကြပြီး နေမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပနေသည်။
လေထဲရှိ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းအမြော်ကအများမှ ကမ္ဘာကြီးကို ဖိနှိပ်ပစ်ချင်သည့်အလား အားပြင်းပြင်း အငွေ့အသက်များ ထုတ်လွှင့်နေသည်။ ထိုဝိဇ္ဖာလက်နက်များက မဟာဝိဇ္ဇာလက်နက်နှင့် မယှဉ်နိုင်သော်လည်း သူတို့က အရေအတွက်အားဖြင့် ပိုသာပေသည်။
အရေအတွက်ဖြင့် အရည်အသွေးကို တစ်ခါတစ်ရံ အနိုင်ပိုင်းနိုင်လေသည်။
ထိုအခါမှ ရှန်ထျန်းက ယုံကြည်ချက်ပိုမြင့်လာသည်။
“ မင်းဆီမှာ ဝိဇ္ဇာလက်နက်တွေ ဒီလောက်အများကြီးရှိတယ်လား ”
ရှန်ထျန်းရှေ့ရှိ လက်နက်များကို ကြည့်ကာ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် အကြည့်ထဲ လောဘကြီးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ဝိဇ္ဇာလက်နက်များက အင်မတန် အဖိုးတန်လွန်းပြီး မဟာဝိဇ္ဇာကိုပင် ဆွဲဆောင်နိုင်လေသည်။ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်တွင် မဟာဝိဇ္ဇာလက်နက်နှစ်ခု ရှိနေသော်လည်း သူက ဝိဇ္ဇာလက်နက်များကို ဂရုစိုက်သေး၏။
အကယ်၍ သူ မသုံးနိုင်လျှင်ပင် ကျင့်ကြံရေး အရင်းအမြစ်များ လဲလှယ်ခြင်း သို့မဟုတ် သူ့လက်အောက်ခံများ အင်အားတိုးလာစေဖို့အတွက် အသုံးချနိုင်သေး၏။
သူက ဒီတစ်ခေါက် ကျိရှားကျောင်းတော်၏ ပါရမီရှင်များကို သတ်နိုင်ရုံသာမက ဝိဇ္ဇာလက်နက် အမြောက်အများ စုဆောင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသည်မှာ အကျိုးမြတ်နှစ်ဆ ဖြစ်ပေသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ သတ်ဖြတ်ငွေ့က ပိုအားကောင်းလာကာ “ မင်းဆီမှာ ဝိဇ္ဇာလက်နက်တွေအများကြီး ရှိနေတော့ ဘာဖြစ်လဲ။ အားလုံးကို သုံးနိုင်လို့လား။ မင်းဆီမှာ လက်တွေ၊ ခြေထောက်တွေ အများကြီး အပိုပါနေတာလား ”
ဝိဇ္ဇာလက်နက်တစ်ခု အသက်ဝင်ဖို့ရာ အားကောင်းသည့် ဓမ္မစွမ်းအား ထောက်ပံ့ပေးဖို့ လိုအပ်ပေသည်။ ထို့အပြင် ဝိဇ္ဇာလက်နက်အများအပြားကို ထိန်းချုပ်ရခြင်းမှာ အားများစွာစိုက်ထုတ်ရ၏။ များများရှိနေခြင်းက ကောင်းသည်ဟု ဆို၍မရပေ။
ရှန်ထျန်းက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ မေးခွန်းကို ကြားကာ နှာခေါင်းရှုံ့လိုက်ပြီး “ အားနာပါရက် … ခင်ဗျားပြောတဲ့အတိုင်း လုပ်ရတော့မှာပဲ ”
ထိုသို့ပြောလိုက်ပြီးနောက် ဟွမ်ရှစ်တော်ဝင်ကျမ်း၏ တားမြစ်အခန်းဖြစ်သည့် ကိုယ်ပွားအသွင်ပွားခြင်းကို ထုတ်သုံးလိုက်သည်။
ထိုစဉ် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှန်ထျန်းအနား အလင်းများ လွှမ်းခြုံသွားသည်။ သူ့အနားတွင် သိပ်သည်းလွန်းသော မြူခိုးများ ရစ်ပတ်လာသည်။
ရောင်စုံအလင်းတန်းများ ခမ်းနားထည်ဝါစွာ တောက်ပလာကာ မိုးမြေတခွင် အားကောင်းသည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ ရှန်ထျန်းနောက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာပြီး တစ်ယောကချင်းစီက သူနှင့် ဆင်တူကာ အားကောင်းသည့် အငွေ့အသက်များ ပိုင်ဆိုင်ထားကြသည်။
တစ်ချိန်တည်း ကိုယ်ပွားကိုးခု ပေါ်ထွက်လာသည်။ သူတို့က ဝိဇ္ဇာလက်နက်နှစ်ခုစီ ကိုင်ဆွဲလိုက်ကြသည်။ တစ်ခုမှာ ကာကွယ်ရေးအတွက် ဖြစ်ပြီး နောက်တစ်ခုမှာ တိုက်ခိုက်ရေးအတွက် ဖြစ်ပေသည်။ သူတို့က မဟာဝိဇ္ဇာရှေ့ ရဲရဲဝင့်ဝင့် ရပ်နေလိုက်ကြသည်။
“လခွမ်း … မင်းဆီမှာ တကယ်ရှိနေတာလား ”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် ကြောင်အမ်းသွားလေ၏။ သူအနေနှင့် ရှန်ထျန်းက ကိုယ်ပွားပညာရပ်များကို တတ်ကျွမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူက တစ်ခါတည်း ကိုယ်ပွားအများကြီး ဖန်တီးလိုက်သည်။
ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်ပြီးမှ ကျင့်ကြံသူများက သူတို့၏ ကမ္ဘာဦးဝိညာဉ်ကို ပုံရိပ်သဏ္ဌာန်ကိုယ်ထည်အဖြစ် သန့်စင်နိုင်ကြသည်။ သို့သော်လည်း ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူအများစုတွင် အသွင်သဏ္ဌာန်တစ်ခုသာ ရှိကြသည်။
ထို့အပြင် အသွင်သဏ္ဌာန်၏ စွမ်းအားက အဓိကကိုယ်ထည်ထက် အတော်လေး နိမ့်ကျနေသည်။ တချို့သော ထူးထူးခြားခြား ပညာရပ်များက ကိုယ်ပွားအနည်းငယ် ဖန်ဆင်းနိုင်ဖို့ ခွင့်ပြုထားသည်။
နမူနာအားဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ အသက်မဲ့ဘုရင်သည် သုံးဘဝခန္ဓာကို ကျင့်ကြံသည်။ သူက လိုအပ်သည့်အခါ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ အသွင်သဏ္ဌာန် ခွဲထုတ်နိုင်သည်။ သို့သော်လည်း ကိုယ်ပွားသုံးခုသာ အများဆုံး ဖြစ်၏။ ထို့အပြင် ရတနာအမြောက်အများလည်း လိုအပ်သေးသည်။
တစ်ဖက်တွင် ရှန်ထျန်းက ကိုယ်ပွားကိုးခု ရှိနေသည်။ နဂိုခန္ဓာကိုယ်ပါ ထည့်ပေါင်းလိုက်လျှင် စုစုပေါင်း ဆယ်ယောက် ဖြစ်နေ၏။
တစ်ယောက်ချင်းစီက ဝိဇ္ဇာအစစ်အမှန်ကိုပင် ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။
လာနောက်နေတာလား … ကောင်းကင်တာအိုက မင်းအတွက် နောက်တံခါး ဖွင့်ပေးထားတာလား
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ စိတ်က လှုပ်ခတ်သွားမိကာ အချိန်အတော်ကြာသည့်အထိ မတည်ငြိမ်နိုင်သေးပေ။
ချီကျန့်လည်း ကြောင်အမ်းသွားလေသည်။ သူလည်း ဘေးကနေ တံတွေးသာမျိုချလိုက်သည်။
ခေါင်းဆောင်က တကယ်ကြီး ခေါင်းဆောင်တွေအများကြီးကို ဆင့်ခေါ်လိုက်တာပဲ … အံ့ဖွယ်ပဲ
သူက ကျောင်းတော်တုန်းက ရှန်ထျန်းကို စိတ်အနှောင့်အယှက် မပေးခဲ့မိသည့်အတွက် ကံကောင်းသွားသည်။ မဟုတ်ပါက ခေါင်းဆောင်ဆယ်ယောက်အောက် အရိုက်ခံရမည်ကို တွေးမိတာနှင့် သူ့ခေါင်းမူးလာမိသည်။
……………...
ရှန်ထျန်းဆယ်ယောက်က မဟာဝိဇ္ဇာကို ဝိုင်းထားကြသည်။
ထို့နောက် သူက အော်ပြောလိုက်သည် “ ညီအစ်ကိုတို့ တိုက်ကြ ”
ရှန်ထျန်းဆယ်ယောက်က ဝိဇ္ဇာလက်နက်ကိုယ်စီ ကိုင်ဆွဲကာ သူတို့၏ ပြိုင်ဖက်ကင်း ကျမ်းများကို အသက်သွင်းလိုက်ကြသည်။ ထိုစဉ် စကြဝဠာတစ်ခွင် ထိုးဖောက်သွားနိုင်ဟန်ပေါ်သည့် ပုံရိပ်များစွာ ထွက်ပေါ်လာသည်။
မိုးမြေတခွင် ဟိန်းဟောက်နေသည့် နဂါးနတ်ဘုရား ပုံရိပ်သဏ္ဌာန်လည်း ရှိသလို၊ ကောင်းကင်ဘုံကိုးဘုံကို ဖြတ်၍ ဟစ်ကြွေးနေသော ဇာမဏီပုံရိပ်သဏ္ဌာန်လည်း ရှိနေသည်။ ထို့အပြင် ကောင်းကင်ကို ဖြတ်ခွင်းလာသည့် ကောင်းကင်ဓား ပုံရိပ်သဏ္ဌာန်နှင့် မိုးမြေကို ခြုံလွှမ်းထားသည့် အဆုံးမဲ့မိုးကြိုးတို့လည်း ရှိနေသည်။
ရှန်ထျန်းက ကျမ်းများစွာကို လေ့ကျင့်ခဲ့ပြီး အားလုံးကို တတ်ကျွမ်းခဲ့လေသည်။ သို့သော်လည်း သူက တစ်ကြိမ်လျှင် တစ်ခုသာ အသုံးပြုနိုင်လေ၏။ ဤကိုယ်ပွားအသသွင်ပွား စွမ်းရည်ဖြင့် သူက ပင်မခန္ဓာကိုယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကိုယ်ပွားကိုးခု ဆင့်ခေါ်နိုင်ခဲ့သည်။
တစ်ချိန်တည်းတွင် ကိုယ်ပွားတစ်ခုချင်းစီက ကျမ်းတစ်ခုစီကို အပြည့်အဝ အသက်သွင်းနိုင်သည်။ ဤကိုယ်ပွားများ၏ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။
မိုးမြေတခွင် ကြီးစိုးကာ တောက်ပနေသည့် ပုံရိပ်သဏ္ဌာန်ဆယ်ခုကြောင့် နေလတို့ပင် မှေးမှိန်သွားဟန်ပေါ်သည်။
ဤသည်က သွေးစတေးမှု အစီအရင်ကို အုပ်လွှမ်းပစ်လိုက်သည်။
ထိုအရာကို မြင်ကာ အားလုံးက စိတ်လှုပ်ရှားလာကြ၏။
“ ငါတို့တော့ အသက်ရှင်ပြီ အသက်ရှင်ပြီ”
“ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အဆင့်မြင့် ကျင့်ကြံသူတွေ ရောက်လာပြီ ”
“ ဒီအရှိန်အဝါအရ ထိပ်သီး ဝိဇ္ဇာဆယ်ယောက်ပဲ ဖြစ်ရမယ် ”
အားလုံး၏ စိတ်ထဲ မျှော်လင့်ချက်လေး တဖန် ပြန်လည်ရှင်သန်လာကာ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ စေလွှတ်လိုက်သည့် တပ်ကူရောက်လာကြောင်း အခိုင်အမာ ယုံကြည်နေကြသည်။ ကိုယ်ပွားများအပေါ် မီးတောက်များ လွှမ်းခြုံထားသောကြောင့် သူတို့က ဘယ်နှယောက်မှန်း သေချာမသိရပေ။
သို့သော်လည်း ပုံရိပ်သဏ္ဌာန်ထွက်ပေါ်လာပုံအရ အနည်းဆုံး ဝိဇ္ဇာဆယ်ယောက် ရှိပေမည်။ ဝိဇ္ဇာအစစ်အမှန် ဆယ်ယောက် ရောက်ရှိလာခြင်းက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မဟာဝိဇ္ဇာကို နှိမ်နင်းဖို့ လုံလောက်သည်။
နောက်ဆုံးတော့ သူတို့ ကယ်တင်ခံရတော့မည် ဖြစ်၏။
…...
“ သတ်ကြ ”
ကောင်းကင်ဘုံကိုပင် လှုပ်ခတ်သွားနိုင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ရှန်ထျန်းဆယ်ယောက်လုံး ရှေ့တိုးလာကြ၏။ သူတို့က ဝိဇ္ဇာလက်နက်များကို အသက်သွင်းလိုက်ပြီး မဟာဝိဇ္ဇာ၏ ဦးခေါင်းကို ရိုက်နှက်ပစ်ကြသည်။
ထိုစဉ် အဆုံးမဲ့အလင်းတန်းများ ပေါက်ထွက်လာ၏။ အံ့ဖွယ်အလင်းတန်းတို့က မိုးမြေကို အလင်းပေးထားကာ အငွေ့အသက်များကလည်း အကန့်အသတ်မဲ့လှသည်။
ဝိဇ္ဇာလက်နက်များနှင့် ပေါင်းစပ်ထားသည့် နတ်ဧကရာဇ်ကျမ်း ဆယ်ခု၏ စွမ်းအားက ကြောက်ဖို့ကောင်းလှသည်။ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို ပုံရိပ်ဆယ်ခုက ဝိုင်းထားပြီး ဆက်တိုက် ရိုက်နှက်နေကြသည်။ ကြောက်မက်ဖွယအသံတို့က မိုးခြိမ်းသံလိုမျိုး ခြိမ်းဟိန်းထွက်လာသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ချက်ချင်း ကြောင်အမ်းသွားကာ သူ့မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းဖြစ်သည့် မိစ္ဆာမီးတောက် ချပ်ဝတ်ကို အသက်သွင်းကာ ကာကွယ်တော့သည်။
ထိုသို့ဆိုလျှင်ပင် သူက အံ့ဖွယ်အလင်းတန်းများကြောင့် ဆက်တိုက် ရိုက်နှက်ခံနေရဆဲ ဖြစ်ကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။
သူ့တစ်ကိုယ်လုံး နာကျင်မှုတို့ ပျံ့နှံ့လာ၏။ သူ့မဟာဝိဇ္ဇာ အသုံးအဆောင်၏ ကာကွယ်နိုင်စွမ်းကြောင့်သာ မဟုတ်လျှင် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အသားပြား ဖြစ်လောက်လေပြီ။
သူက အော်ပြောလိုက်သည် “ ကောင်စုတ်လေး မင်းရဲ့ ကျင့်ဝတ်က ဘယ်မှာလဲ။ အရေအတွက်နဲ့ လာအနိုင်ကျင့်နေတာလား။ မင်းသတ္တိရှိရင် တစ်ယောက်ချင်း လာတိုက်လှည့် … မင်းကို တစစီဆွဲဖြဲပစ်မယ် ”
ရှန်ထျန်းဆယ်ယောက်၏ ရိုက်နှက်မှုအောက်တွင် သူက လက်တုံ့မပြန်နိုင်ဘဲ ဒေါသထွက်ရုံသာ တတ်နိုင်လေသည်။
“ ဒီလူအိုကြီးက မောက်မာနေသေးတယ်။ ညီအစ်ကိုတို့ ဆက်ရိုက်ကြ ”
နဂိုမူလ ရှန်ထျန်းဆီမှ အသံကျယ်ကြီးထွက်လာသည့်အခါ ရှန်ထျန်းများက နဂါးစစ်တော်ဝင်ကျမ်းကို တစ်ပြိုင်နက် အသက်သွင်းလိုက်ပြီး မဟာဝိဇ္ဇာအား ရိုက်နှက်လိုက်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်း၊ ထာဝရအသက်ကျမ်း၊ ဇာမဏီတော်ဝင်ကျမ်း၊ ကောင်းကင်လွင်ပြင် တူရိုက်ချက် ၃၆ ချက်၊ ကောင်းကင်ခြေမွလက်ဝါး၊ ငါးရောင်ခြယ်အလင်း၊ နေမင်းတော်ဝင်ကျမ်း၊ ခွန်ပန်တော်ဝင်ကျမ်း၊ အထွတ်အထိပ် ပင်လယ်အံ့ဖွယ်တူ …
ကျမ်းဆယ်မျိုးက သတ်ဖြတ်ရေး စည်းမျည်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုစဉ် လေဟာနယ်လည်း တစစီ ကြေမွသွားသည်။
အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းတို့က မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်အား မြေပြင်ပေါ် ဖိနှိပ်ထားလေသည်။
အသက်ရှိုက်စာအနည်းငယ်အတွင်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ယောင်ကိုင်းသည့်အထိ အရိုက်ခံလိုက်ရသည်။ သူ့သွားတချို့ပင် ကျွတ်ထွက်သွားလေပြီ။
ထိုမြင်ကွင်းကို ကြည့်နေရင်း ချီကျန့်တစ်ယောက် သူ့နှလုံးသား ရင်ဘတ်ထဲမှ အပြင်ထွက်ကျလာတော့မလို ခံစားလိုက်ရသည်။ သူက လုံးလုံး ကြောင်အမ်းနေမိ၏။
ဤသည်မှာ ရှန်ထျန်း၏ တိုက်ခိုက်ရည် အစစ်အမှန် ဖြစ်သည်။
ခုနှစ်ကြိမ်မြောက် မဟာဝိဇ္ဇာပင် ပြန်လည် မတုံ့ပြန်နိုင်ဘဲ ခွေးတစ်ကောင်လို အရိုက်နှက်ခံလိုက်ရသည်။
အရမ်းကြမ်းလွန်းသည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်အတွက်မူ မျက်လုံးများက နီရဲနေသည်။ ဒေါသကြောင့်လေလား ဒါမှမဟုတ် အရိုက်ခံရခြင်းကြောင့်လေလား မသိသော်လည်း သူက ငိုချင်နေမိသည်။
ငါ ဒီလိုစော်ကားမှုမျိုး ခံရဖို့ ဘာလုပ်ခဲ့မိလို့လဲ … ကောင်စုတ်လေး စောင့်ကြည့်နေလိုက်။ ငါ တပ်ကူခေါ်တော့မယ်
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က သူ့ဘဝအကြောင်း ပြန်မေးခွန်းထုတ်ချင်လာသည့်အထိ အရိုက်ခံလိုက်ရသည်။ သူက ယခု အကူအညီတောင်းဖို့ လှမ်းအကြောင်းကြားချင်နေသည်။
သို့သော်လည်း ရှန်ထျန်းက သူ့အား အခွင့်အရေး မပေးချေ။
ဆက်သွယ်ရေး အမှတ်အသားပြား မထုတ်ယူခင် မိစ္ဆာမီးတောက် အကာအကွယ်က ဝိဇ္ဇာလက်နက်များစွာဖြင့် ကျိုးပျက်သွားသည်။
“သေစမ်း ”
မဟာဝိဇ္ဇာက အကြမ်းအတမ်း အော်ဟစ်လိုက်သည်။ ထိုတိုက်ကွက်များက သူ့အား သတ်ဖို့ရာ မလုံလောက်သော်လည်း သူ့အနေနှင့် လူအများကြီးအား ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေး မရှိချေ။
အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် သူ အပြီးသတ်သွားပေမည်။
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ အမူအယာက ရက်စက်ယုတ်မာသည့် ပုံစံပြောင်းလဲသွားပြီး သူ့ကိုယ်တိုင် သူ့မဟာဝိဇ္ဇာလက်နက် မီးတောက်နီအပ်ကို ဖျက်စီးပစ်လိုက်သည်။
ဝုန်း ….
ရဲရဲတောက် အလင်းများ ကောင်းကင်တဝိုက် ဖုံးလွှမ်းသွားပြီး စွမ်းအားများက နေရာအနှံ့ ပျံ့နှံ့သွားသည်။
မဟာဝိဇ္ဇာလက်နက်၏ စွမ်းအားကို အဆုံးအစွန်အထိ အသက်သွင်းထားခဲ့ပြီး ကြောက်မက်ဖွယ်အလင်းတန်းက အဘက်ဘက် ပျံ့နှံ့သွားကာ ကြယ်တာရာများ ကြွေကျလာသည့်အလား ကောင်းကင်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေသည်။
မီးတောက်နီအပ် ၃၆ ချောင်းက ရှန်ထျန်းဆီ ကြယ်တံခွန် ကြွေကျလာသည့်အလား ရေပြင်ညီအတိုင်း ဝင်ရောက်သွားသည်။ မဟာဝိဇ္ဇာလက်နက် ပြိုကွဲသွားသည့်အခါ စွမ်းအားကလည်း သိသိသာသာ လျော့ကျသွားသည်။
သို့သော်လည်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ရှန်ထျန်းအား မသတ်ချင်ပေ။ ပြောရလျှင် ရှန်ထျန်းက ဆယ်ယောက်ရှိနေသည့်အတွက် သူ့အနေနှင့် မသတ်နိုင်ခြင်းသာ ဖြစ်၏။ သူက အချိန်ဆွဲဖို့ ပြုမူလိုက်ခြင်းသာ ဖြစ်သည်။
…….....
ရှန်ထျန်းက မဟာဝိဇ္ဇာသည် မီးတောက်နီအပ်ကို ဖျက်စီးလိုက်ကြောင်း မြင်လိုက်ရသည့်အခါ ဒေါသူပုန်ထလာသည်။
သူက အော်ပြောလိုက်လေ၏ “ ငါ့လက်နက်ကို ဖျက်စီးရဲတယ်လား မိစ္ဆာကောင်စုတ် … ”
မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် “ … ”
ငါက ငါ့လက်နက်ကို ဖျက်စီးတာလေ။ မင်းနဲ့ ဘာဆိုင်လို့လဲ …
ရှန်ထျန်းက သူ့ပစ္စည်းများကို တိုက်ပွဲဆုလာဘ်အဖြစ် သတ်မှတ်ထားပြီးသား ဖြစ်ကြောင်း သူက မည်သို့သိမည်နည်း။
သူ့ရှေ့တွင် ရတနာဖျက်စီးခံလိုက်ရသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။
ရှန်ထျန်းဆယ်ယောက်က ပြိုင်တူ တိုက်ခိုက်လာကြပြီး အားလုံးက မီးတောက်နီအပ်ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။
ထိုအပြုအမူက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ မျက်နှာအား ရှုံ့မဲ့သွားစေသည်။
ဤလူငယ်လေးက လွန်လွန်းသွားလေပြီ။ သူက တစ်ယောက်ချင်း တိုက်မည် ပြောသော်လည်း ယခု အရေအတွက်ဖြင့် ဖိအားပေးနေသည်။
ထိုမျှတင် မကသေးဘဲ မြတ်နိုးလှသာ သူ့မဟာဝိဇ္ဇာ မီးတောက်နီအပ် လက်နက်အတွက် သူအား လုပ်ကြံရန် အကွက်ချနေသည်။
ဒါက လွန်လွန်းသွားလေပြီ။