ကိုယ် အခုဆို သေနေပြီ
Vol. 9 Ch. 117
ထို့ကြောင့် ဟဲကျစ်ယန်သည် “တရားဝင် မဟုတ်သော သမိုင်းကြောင်းများ” ကြိသာ တိုက်ရိုက်ရွေးချယ်ဖတ်ခဲ့သည်။
ထိုအချိန်တွင် နှစ်ယောက်သားသည် စာဖတ်ခြင်းတွင် နစ်မျောနေကြပြီး သူတို့လက်ထဲမှ စာရွက်များကိုသာ စိတ်အားထက်သန်စွာ လှန်နေကြသည်။
မော့ကျိုးယွီသည် သူက ပြည်နှင်ဒဏ်ပေးခံရပြီး သေသွားသည်ဟူသော နေရာကိုဖတ်လိုက်ရသောအခါ သူ လေအေးတစ်ချက် ရှိုက်လိုက်မိပြီး ဟဲကျစ်ယန်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
“ဒီစာအုပ်တွေကြောင့် မင်း တချို့အရာတွေကို ကြိုသိနေခဲ့တာလား”
အခုတော့ သူမက အချိန်ကူးပြောင်းလာသူတစ်ယောက် ဖြစ်သည်ဟူသော အချက်မှလွဲလျှင် မော့ကျိုးယွီသည် သူမ အကြောင်း အကုန်လုံး သိရှိနေပြီဖြစ်သည်။
ထို့ကြောင့် ဟဲကျစ်ယန်လည်း ထပ်မဖုံးကွယ်တော့ပေ။
“ဟုတ်တယ် အဲ့ဒါတွေကြောင့်ပဲ။ ဒီစာအုပ်တွေကြောင့် တချို့အရာတွေကို ကြိုသိနေခဲ့တာ။
ကျွန်မ ဖုန်းမှာဝယ်တဲ့ ပစ္စည်းတွေကို တွေ့တယ်မလား။ အဲ့ဒီ ထူးခြားတဲ့ပစ္စည်းတွေက အနာဂတ်ကလာတဲ့ ပစ္စည်းတွေ ဖြစ်လိမ့်မယ်”
“အနာဂတ်လား” မော့ကျိုးယွီသည် ထိုစကားလုံးနှင့် မရင်းနှီးသော်လဲ အရာအားလုံးက သူ နားလည်နိုင်သည်ထက် ကျော်လွန်နေသည်ဟု ခံစားလိုက်ရ၏။
ဟဲကျစ်ယန်က ပုခုံးတွန့်ကာ ဆက်ပြောလိုက်သည်။ “ကျွန်မ ဒီနေရာလွတ်ကို ပထမဆုံးရခဲ့တုန်းက ဒီနေရာမှာ ဘယ်လိုထူးခြားတဲ့အရာတွေ ရှိနေမလဲ အရမ်းသိချင်ခဲ့တာ။
အချိန်အကြာကြီး စစ်ဆေးခွဲခြမ်းပြီးတော့ ဒီနေရာလွတ်က သေချာပေါကို အနာဂတ်ရဲ့ တီထွင်မှုတစ်ခုပဲလို့ ကောက်ချက်ချလိုက်တယ်”
သူမပြောသလိုပင်၊ သူမသည် မော့ကျိုးယွီလက်ထဲက စာအုပ်ကို ယူလိုက်ကာ စာအုပ်ထောင့်စွန်းကို ညွှန်ပြလိုက်၏။
“ဒီမှာကြည့်လိုက်၊ ထုတ်ဝေတဲ့ရက်စွဲက ၂၀၂၀ တဲ့။ ကျွန်မတို့က အခု ၃၀၃ နှစ်ပဲရှိသေးတယ် ကြားထဲမှာ နှစ်ထောင်ချီ ကွာခြားနေတာ”
မော့ကျိုးယွီ ခဏတာ တွေးတောကြည့်လိုက်သည်။
“မင်းပြောချင်တာက ဒီစာအုပ်ကို အနာဂတ်ကလူတွေ ရေးထားတယ်ပေါ့”
“သေချာပေါက်တော့ မပြောနိုင်ဘူးပေါ့။ ကျွန်မထင်တာက ဒီမှတ်တမ်းတွေကို အနာဂတ်ကလူတွေ ပြုစုထားကြတယ်လို့ထင်တာ”
ထို့ကြောင့် မော့ကျိုးယွီ လုံးဝ နားလည်သွားခဲ့သည်။
သူဟည် စာအုပ်ထဲတွင် ပြည်နှင်ဒဏ်ခံရရင်း သူသေသွားခဲ့သော နေရာကို ညွှန်ပြလိုက်ကာ သူ့နှလုံးသားထဲမှ မေးခွန်းကို မေးလိုက်သည်။
“ဒီစာအုပ်အရဆိုရင် ကိုယ်က အခု သေလူ ဖြစ်နေသင့်ပြီ၊ ဒါပေမဲ့ ကိုယ် အခုထိ အသက်ရှင်နေတုန်းပဲ။ ဒါ မင်းနဲ့ ဆက်စပ်နေတယ် ဟုတ်တယ်မလား”
ဟဲကျစ်ယန်က ဒါကို မငြင်းဆိုပေ။
“ဒီစာအုပ်မှာ ရှင်က ပြည်နှင်ဒဏ်ခံရပြီး မြို့တော်ကထွက်ပြီး မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ ရေးထားတာ။ ဒါပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းက အခုထိ ဘယ်သူမှ မသိဘူး။
ညည့်နက်ကြီးမှာ ဧကရာဇ်ဆီက နန်းတွင်းထဲဝင်ဖို့ ဆင့်ခေါ်ခံရပြီး ကြိမ်ဒဏ်အချက်တစ်ရာ ပေးခံရလို့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားတယ်။ ဒါက သေရတဲ့အကြောင်းရင်း ဖြစ်နိုင်တယ် ဒါပေမဲ့ တခြားတစ်ခုကတော့ ရှင့်ကို သေစေချင်နေတဲ့လူတွေက လူလွှတ်ပြီး လုပ်ကြံလိုက်တာပဲ”
မော့ကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။ “အမှန်ပဲ။ မင်း သတိပေးတာရယ်၊ ပြီးတော့ မင်းပေးလိုက်တဲ့ ကာကွယ်ဖို့ ခံစရာတစ်ခုရယ် ရှိတာတောင် ကြိမ်ဒဏ်အချက် ငါးဆယ်ကို ကိုယ် မခံနိုင်ခဲ့ဘူး။ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိထားဘဲ ကြိမ်ဒဏ်အချက်ရေတစ်ရာဆိုရင်တော့ ပြောစရာတောင် မလိုဘူး။
အဲ့ဒီအခြေအနေမှာ ကိုယ့်ကို သတ်ပစ်ချင်နေတဲ့ လူတိုင်းအတွက် လက်ကလေးလှုပ်လိုက်ဖို့ လွယ်ကူတာပေါ့”
မော့ကျိုးယွီက သေရမှာ မကြောက်ပေ။ သူ့နိုင်ငံအတွက် ကိုယ့်ကိုယ်ကို စတေးဖို့ အကြာကြီးပြင်ဆင်ခဲ့ပြီးဖြစ်သည်။
သို့သော် ဤကဲ့သို့ မထင်မရှားဖြင့် မသေချင်ပေ။
အခု သူကောင်းကောင်း နေနိုင်နေသည်မှာ ဟဲကျစ်ယန်၏ ကျေးဇူးကြောင့်သာဖြစ်သည်။
မပြောပြနိုင်သော ကျေးဇူးတရားများကို မော့ကျိုးယွီသည် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသည်။ အနာဂတ်တွင် သူမကို ကမ္ဘာမှာအပျော်ရွှင်ဆုံး အမျိုးသမီးလေးဖြစ်အောင် ကြိုးစားမှာဖြစ်ပြီး သူ့ နှလုံးသားတစ်ခုလုံးဖြင့် အပြည့်အဝ ကာကွယ်ပေးသွားမည်ဖြစ်သည်။
နှစ်ယောက်သား စာအုပ်ပုံထဲ ခေါင်းမြှုပ်လိုက်ကြပြန်သည်။ မော့ကျိုးယွီသည် သူ၏ကွယ်လွန်ပြီးသောဘဝ အကြောင်းအရာများကို အလျင်အမြန် ဖတ်လိုက်ကာ အရေးကြီးသော အချက်အလက်များကို အထူးအာရုံစိုက်လိုက်သည်။
ထိုအခါမှသာ မော့ကျိုးယွီသည် ဟဲကျစ်ယန်က ဖေးနန်ယွီပေးသော ငွေတုံးများကို ဘာကြောင့် လက်မခံခဲ့သလဲ သဘောပေါက်သွားရတော့သည်။
အမှန်တကယ်တော့ ဖေးနန်ယွီသည် အနာဂတ်ဧကရာဇ်တစ်ဦးဖြစ်ပြီး သူသည် သမိုင်းတွင်လောက်အောင် နိုင်ငံရေး အောင်မြင်မှုများ ရရှိခဲ့ကာ ခေတ်အဆက်ဆက်၏ ဧကရာဇ်ဟူသော ဘွဲ့ထူးကိုပင် ရခဲ့သည်။
ဤအရာသည် မော့ကျိုးယွီ လုံးဝမမျှော်လင့်ထားသော အရာဖြစ်၏။
တာ့ရွှင်းမင်းဆက်၏ နောက်တက်မည့် ဧကရာဇ်ဖြစ်သူ နန်ချီသည် အမျိုးသမီးများအပေါ် တပ်မက်မှုများကြောင့် စောစီးစွာ သေဆုံးခဲ့ရသည်။
ထို့နောက် နန်ရွေ့အကြောင်းကိုတော့ သမိုင်းမှတ်တမ်းများတွင် အကျဉ်းချုံးသာ ဖော်ပြထားခဲ့သည်။
ယခင်အကြောင်းအရာများသည် အဆင်ပြေပြီး လက်ရှိနန်ရွေ့၏ အခြေအနေနှင့် ထပ်တူညီကျနေကာ သူ့တွင် ဘာရည်မှန်းချက်မှမရှိဟု ဖော်ပြထားခဲ့သည်။
ထို့အပြင် နန်ချီ နန်းတက်ပြီး သိပ်မကြာခင်ပင် နန်ရွေ့ သေဆုံးခဲ့၏။
ထိုအချိန်တွင် သူသည် ဟဲကျစ်ယန်နှင့် အတွေးများ ထပ်တူညီစွာပင် တွေးမိကာ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားမိသည်။
သူသာ မသေဆုံးခဲ့ပါက ဤသမိုင်းကြောင်း ပြောင်းလဲသွားပြီဟု ဆိုနိုင်ပြီး အနာဂတ်တွင် ဘယ်လိုဖြစ်လာမလဲ သူ မသိတော့ပေ။
သူသာ ပါဝင်လာမည်ဆိုပါက သူက ဒီအခြေအနေတွေကို ရှုပ်ထွေးသွားအောင် လုပ်နိုင်မှာလား။
ဤအရာများမှာ မော့ကျိုးယွီ၏ စိတ်ထဲမှ အတွေးများ သက်သက်သာဖြစ်ပြီး သူ၏ လက်ရှိအခြေအနေနှင့်တော့ ဘာဆိုဘာမှ မလုပ်နိုင်ပေ။
ဟဲကျစ်ယန်သည် နောက်ဆုံးတော့ တရားမဝင် သမိုင်းကြောင်းထဲတွင် နန်ရွေ့အကြောင်း တွေ့လိုက်ရသည်။
သူမသည် မော့ကျိုးယွီကို အမြန်ခေါ်လိုက်ကာ အတူတူ ကြည့်လိုက်ကြ၏။
မော့ကျိုးယွီသည် ခေတ်သစ်တရုတ်စာလုံးများကို နားမလည်သောကြောင့် ဟဲကျစ်ယန်က ဖတ်ပြလိုက်သည်။
“ဒီစာအုပ်မှာ ပြောတာက နန်ရွေ့က သူ့ရဲ့အရည်အချင်းတွေကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပြီး လျှို့ဝှက်စွာနဲ့ အင်အားစုဆောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ အရမ်းကြီး ပေါ်ပေါ်ထင်ထင် မလုပ်ရဲတဲ့အတွက်ကြောင့် သူ့ရဲ့လွှမ်းမိုးမှုက သိပ်ပြီး မကျယ်ပြန့်ခဲ့ဘူးတဲ့။
နောက်ပိုင်း နန်ချီနဲ့နန်ဟန်တို့ အချင်းချင်း ယှဉ်ပြိုင်ကြတဲ့အခါ သူလဲ နောက်ဆုံးတော့ သရုပ်မှန်ကို ထုတ်ပြခဲ့တယ်။
နန်ချီနဲ့ နန်ဟန်တို့ ပူးပေါင်းလိုက်တဲ့ တစ်ခုတည်းသောအချိန်က နန်ရွေ့ကို ချေမှုန်းပစ်ဖို့ပဲတဲ့”
မော့ကျိုးယွီ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ဤစာအုပ်ထဲရှိ အချက်အလက်များနှင့် ဟဲကျစ်ယန်ပြောတာကို ပေါင်းစပ်ကြည့်လိုက်ပါက နန်ရွေ့သည် ထင်ထားသလောက် မရိုးစင်းမှန်း သူ ကောက်ချက်ချနိုင်ပေသည်။
ဟယ်ကျီယွမ်ကို စစ်တပ်ရိက္ခာများ ဖြတ်ခုတ်ထားရန် အမိန့်ပေးနိုင်ပြီး နန်ချီနှင့် နန်ဟန်တို့ကြား ပဋိပက္ခကို ပိုကြီးမားလာအောင်လုပ်ကာ သူ့ကိုလဲ တစ်ခါထဲ ရှင်းထုတ်ပစ်ချင်ခြင်းဖြစ်သည်။
လူတိုင်းက သူနှင့် နန်ချီ၏ ရင်းနှီးသော ဆက်ဆံရေးကို သိရှိနေကြပြီးသားပင်။
နန်ဟန်သည် ယုံကြည်နိုင်သော မဟာမိတ် မော့ကျိုးယွီရှိနေသည့် နန်ချီကို စိတ်အပူဆုံး ဖြစ်သည်။
“ဒီလိုဆိုရင် ကိုယ်တို့ နန်ရွေ့ကိုလဲ စောင့်ကြည့်မှရတော့မယ်”
ဟဲကျစ်ယန် ပုခုံးတွန့်လိုက်မိသည်။ နန်ဟန်ရဲ့ကိစ္စ ဖြေရှင်းပြီးလိုက်ပြီး နန်ရွေ့ကို သတိထားရမည့်အဖြစ်သို့ ရောက်ရှိသွားသည်။
ကံကောင်းစွာပင် ဧကရာဇ်ရွှင်းဝူ၌ ဤသားသုံးယောက်သာရှိသည်။ ထိုထက်ပိုများက သူမတို့ ထိုလူများကို ဖြေရှင်းနေရင်းနှင့် ခက်ခဲနေရပေလိမ့်မည်။
“ရှင့်မှာ အခု အကြံကောင်းများ ရှိလား”
မော့ကျိုးယွီ ရယ်လိုက်သည်။ “နန်ရွေ့က ကိုယ့်ကိုစိတ်ပူတာ နန်ဟန်နဲ့ အကြောင်းရင်း အတူတူပဲ။ သူတို့နှစ်ယောက်လုံးက ကိုယ့်မှာ ပြန်လာဖို့ အခွင့်အရေးရှိပြီး နန်ချီ့ကို ဆက်ထောက်ပံ့ပေးမှာကို စိတ်ပူကြတာ။
အခုတော့ သူ ကိုယ့်ကို ဘယ်လိုကိုင်တွယ်မလဲဆ်ုတာ ဆုံးဖြတ်လိုက်တဲ့အပေါ်ပဲ မူတည်တယ်။ ကိုယ်နဲ့ နန်ချီကြားက ဆက်ဆံရေး မကောင်းတော့တဲ့အကြောင်းကို ဖေးနန်ယွီ သတင်းဖြန့်ပြီးချိန်အထိ သူစောင့်နိုင်ရင် သူလဲ ပြဿနာကိုရှောင်ဖို့အတွက် ကိုယ့်ကို လုပ်ကြံဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး။
မဟုတ်ရင်တော့ သူသာ တစ်ယောက်ယောက်ကို လွှတ်ပြီးသားဖြစ်နေမယ်ဆိုရင် ကိုယ်တို့တွေ နောက်ရက်အနည်းငယ်အတွင်းမှာ ပြင်ဆင်ရလိမ့်မယ်”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ စကားများကို အပြည့်အဝ ထောက်ခံလိုက်၏။
“နောက်အချိန်ကာလအတွက် ကျွန်မတို့ ပိုသတိထားသင့်တယ်”
ထိုသို့ပြောပြီးနောက် ဟဲကျစ်ယန်သည် စိတ်ဖြင့် ဖုန်းကို ယူလိုက်၏။
သူမသည် ထောင်းပေါင်ကိုဖွင့်ကာ သူမတို့မိသားစုထဲရှိ အမျိုးသမီးများ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် ပစ္စည်းများ ရွေးဝယ်ရန် စီစဉ်လိုက်သည်။
ထောင်းပေါင်တွင် ပထမဆုံး ပေါ်လာသော အရာမှာ အချက်အလက် အသိပေး လေးထောင့်ပုံလေးဖြစ်ကာ ရောင်းချရသော အခြေအနေများနှင့် စတိုးဆိုင်လေး၏ ဝင်ငွေကို ဖော်ပြပေးသည်။
ဟဲကျစ်ယန်သည် သာမန်ကာလျှံကာ ကြည့်လိုက်ပြီး သူမ ဝင်ငွေက ၇သိန်း တိုးနေသည်ကို တွေ့လိုကါသည်။ နားလည်သွားပြီးနောက် သူမသည် အချက်အလက်စာမျက်နှာကို ပိတ်လိုက်၏။
သတိလစ်သွားစေသော လျှပ်စစ်သေနတ်အသေးလေးသည် ကျစ်လစ်ပြီး လက်တွေ့ကျသောကြောင့် သူမ ချက်ချင်းဆုံးဖြတ်ကာ တစ်ခု ဝယ်ယူလိုက်သည်။
မော့ကျိုးယွီ၏ ရှေ့တွင် သူမသည် အထုပ်ကိုဖောက်လိုက်ကာ သေနတ်လေး၏ ထိပ်ပိုင်းကို စားပွဲကိုရွယ်လိုက်ပြီး ခလုတ်ကို ဖိချလိုက်သည်။
ဂျစ်ဂျစ်ဂျစ် ဆူညံသံ ထွက်ပေါ်လာခဲ့သည်။
မော့ကျိုးယွီက မေးလိုက်၏။ “အဲဒါ ဘာလေးလဲ”
***