← Chapters

မင်းရဲ့ ကိုယ်ပွားက ကိုယ်ပွားထပ်ဖန်ဆင်းနိုင်တယ်လို့တော့ မပြောနဲ့

Vol. 30 Ch. 442

မင်းရဲ့ ကိုယ်ပွားက ကိုယ်ပွားထပ်ဖန်ဆင်းနိုင်တယ်လို့တော့ မပြောနဲ့

Vol. 30 Ch. 442

အခန်း (၄၄၂)  : မင်းရဲ့ ကိုယ်ပွားက ကိုယ်ပွားထပ်ဖန်ဆင်းနိုင်တယ်လို့တော့ မပြောနဲ့

ရှန်ထျန်းက လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေရင်း နေရာတစ်ခုလုံးအား အံ့ဖွယ်အလင်းတန်းများဖြင့် ခြုံလွှမ်းပေးထားသည်။

မီးတောက်နီ အပ် ၃၆ ချောင်းမှာ သူ့ရှေ့တွင် နေမင်းကြီးသဖွယ် ဖြစ်နေပြီး အရှိန်အဝါများက ကြောက်ဖို့ကောင်းလှသည်။ အပ်တစ်ချောင်းစီက ကမ္ဘာမြေကို ဖျက်စီးပစ်ချင်နေသည့်အလား ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေကြသည်။

ဤမဟာဝိဇ္ဇာလက်နက်သည် ဝိဇ္ဇာအစစ်အမှန်ကို အလွယ်တကူ ထိုးဖောက်သွားနိုင်လောက်အောင်အထိ အားပြင်းပေသည်။

အကယ်၍ အပ် ၃၅ ချောင်းလုံးသာ ပေါင်းစပ်သွားခဲ့လျှင် သူတို့က မဟာဝိဇ္ဇာကိုပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။

ကံကောင်းစွာဖြင့် ရှန်ထျန်းက တစ်ယောက်တည်း မဟုတ်ပေ။ စုစုပေါင်း သူ ဆယ်ယောက်ရှိနေသည်။ ရှန်ထျန်းဆယ်ယောက်က အတူတကွကြိုးစားပြီး မီးတောက်နီအပ်ချောင်းများ၏ စွမ်းအားကို လမ်းကြောင်းလွဲပေးနိုင်ခဲ့သည်။

သူတို့က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြပြီး မီးတောက်နီအပ်များဆီ အလင်းတန်းမြောက်များစွာ ပစ်ခတ်လိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း …

အသံကျယ်ကြီး ပဲ့တင်ရိုက်လာသည်။

မီးတောက်နီအပ် ၃၆ ချောင်းက နောက်ဆုံးတွင် ဖိနှိပ်ခံလိုက်ရပြီး ရှေ့တိုးမလာနိုင်တော့ပေ။ ထို့အပြင် မီးတောက်နီအပ်စွမ်းအားများလည်း ဆက်တိုက် လျော့ကျလာသည်။

သိပ်မကြာခင် မဟာဝိဇ္ဇာလက်နက်၏ စွမ်းအားများ ကုန်ဆုံးသွားပြီး  ယူဆောင်သွားလို့ ရနေလေပြီ။

“ တောက် … ဒီကလေးက တကယ်ကြီး ယူလိုက်တာလား ”

သူ့မဟာဝိဇ္ဇာလက်နက် ဖောက်ခွဲလိုက်ခြင်းက ရှန်ထျန်းကို ထိခိုက်ဒဏ်ရာမပေးနိုင်ရုံသာမက သူ့လက်ထဲ ရောက်ရှိသွားပေတော့မည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က နာကျင်မှုကို ခံစားနေရသည်

ဤသည်မှာ မဟာဝိဇ္ဇာ လက်နက် ဖြစ်၏။ ဝိဇ္ဇာအစစ်အမှန်ပင် ရူးသွပ်သွားနိုင်လောက်သည်။ မဟာဝိဇ္ဇာတိုင်းပင် ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။

သူက မီးတောက်နီအပ်ချောင်းကို ရလိုက်ခြင်းမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် အကျိုးပြုမှုကြီးကြီးမားမား လုပ်ဆောင်ပေးနိုင်ခဲ့သောကြောင့် ဂိုဏ်းသခင်မှ ချီးမြင့်ထားခြင်း ဖြစ်သည်။

သူက သူ့အသက်လေးကို ကယ်တင်ဖို့အတွက် မဟာဝိဇ္ဇာလက်နက် ဖောက်ခွဲဖို့ လိုမည်ဟု ထင်မထားခဲ့ပေ။

အဆိုးဆုံးအရာက သူ့မဟာဝိဇ္ဇာ လက်နက် ဖောက်ခွဲခြင်းက အသုံးမဝင်ကြောင်း သက်သေပြသွားခြင်း ဖြစ်၏။ သူ့ပြိုင်ဖက်က အထိအခိုက်မရှိ ကျန်ရှိနေပြီး ခဏတာမျှသာ နှောင့်နှေးသွားစေလေသည်။

သူက ဒီတစ်ခါ အကြီးကြီး ဆုံးရှုံးသွားလေပြီ။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က မနေနိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။

သူက ဘယ်လိုလူထူးဆန်းတုန်း …  သူက ကိုယ်ပွားတွေအများကြီး ဆင့်ခေါ်နိုင်ရုံသာမက အားလုံးကလည်း အားကြီးလှသည်။

မဟာဝိဇ္ဇာ မိစ္ဆာလက်နက်က နာကျင်မှုကို အောင့်အီးသည်းခံရင်း သူ့မီးတောက်နီအပ်များကို ပြန်သိမ်းယူမနေတော့ဘဲ လေဟာနယ်ထဲ ဝင်ကာ လှည့်ထွက်သွားသည်။ သူက မဟာဝိဇ္ဇာလက်နက် ဖောက်ခွဲခြင်းဖြင့် ရှန်ထျန်းအား အချိန်ဆွဲထားနိုင်ခဲ့ပြီး ထွက်ပြေးဖို့ အခွင့်အရေး ရလာလေပြီ။

အကယ်၍ သူသာ ဆက်နေနေလျှင် ရှန်ထျန်းက သူ့ဆီ အာရုံရောက်လာသည့်အခါ ထပ်ထွက်ပြေးလို့ ရမည် မဟုတ်တော့ပေ။

မဟာဝိဇ္ဇာလက်နက် ဖြစ်သော်လည်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် သူ့အသက်လေးကို လက်မလျော့လိုပေ။

“ကောင်လေး စောင့်နေလိုက် … မင်းမှာ သတ္တိရှိရင် ဒီမှာဆက်နေနေ။ ငါ တပ်ကူခေါ်ပြီးတာနဲ့ မင်းကို သတ်ဖို့ လာခဲ့မယ် ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အလွန်မြန်မြန်ဆန်ဆန်ဖြင့် ပျောက်ကွယ်သွားလေသည်။

သို့သော် သူ ထွက်မသွားခင် အသံကျယ်ကျယ်ဖြင့် ဝေဖန်ရှုတ်ချခဲ့သေးသည်။ ဤသည်မှာ မဟာဝိဇ္ဇာ မဆန်ပေ။

ရွေးချယ်စရာ မရှိပေ။ သူက ပြိုလဲခါနီး ဖြစ်နေလေပြီ။

သူက ရှန်ထျန်းဆယ်ယောက်၏ အရိုက်အနှက် ခံရပြီး သူ့မဟာဝိဇ္ဇာလက်နက်ပင် ဆုံးရှုံးသွားခဲ့သည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ထွက်ပြေးချင်ပြီး တပ်ကူများ ရှာချင်သည်။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းမှ အကြီးအကဲအားလုံးကို စုစည်းချင်မိ၏။ ထိုအခါ သူက ရှန်ထျန်းကို သတ်နိုင်ရုံသာမက သူ့မီးတောက်နီအပ်များကိုလည်း ပြန်ယူနိုင်လိမ့်မည်။

မဟာဝိဇ္ဇာလက်နက် ပျောက်ဆုံးသွားခြင်းက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်အတွက် နာကျင်လွန်းလှသည်။

…………...

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် တစ်ခုကို ကောင်းကောင်း သိထား၏။

သူ အခြားအကြီးအကဲများကို သွားရောက်စုစည်းနေချိန် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ အကူများလည်း ရောက်လာလောက်လေပြီ။

သူ့ဆုံးရှုံးမှုကို ပြန်မထေမိပေ။ ထိုသို့ဆိုလျှင်ပင် သူက နောက်ဆုံးစကားကို ထုတ်ပြောခဲ့သေး၏။

သူ့မဟာဝိဇ္ဇာ လက်နက် ပျောက်ဆုံးသွားပြီး အမြီးကုပ် ထွက်ပြေးသွားရသည်မှာ ရှက်စရာကောင်းလွန်းလှသည်။

…………....

ချီကျန့်က ဝင်ပြောလိုက်၏  “ ခေါင်းဆောင် ဟိုလူအိုကြီး ထွက်ပြေးနေပြီ ”

သူက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် ပြန်လည် တိုက်ခိုက်မည့်အစား ထွက်ပြေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ ထင်မထားသည့်အရာ ဖြစ်၏။

မဟာဝိဇ္ဇာက ကောင်းကင်အသျှင်ဆီမှ အရိုက်အနှက်ခံပြီးနောက် ထွက်ပြေးဖို့ ကြိုးစားလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။

ချီကျန့်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူက သွားတားချင်မိသည်။ ဤသူမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ မဟာဝိဇ္ဇာ ဖြစ်၏။ အကယ်၍ သူသာ ယခုအသတ်ခံလိုက်ရလျှင် မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် ထိနှက်ချက်အကြီးကြီး ဖြစ်သွားပေမည်။

ကံဆိုးစွာဖြင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အလွန်မြန်ဆန်လွန်းလှသည်။ ချီကျန့် အမီမဖမ်းနိုင်လိုက်ပေ။

“ ခေါင်းဆောင် ငါတို့အခု ဘာလုပ်ကြမလဲ ”

ချီကျန့်က အရမ်းစိတ်ပူနေမိသည်။ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် လွတ်မြောက်သွားသည်မှာ ကိစ္စအကြီးကြီးတော့ မဟုတ်ချေ။

မဟာဝိဇ္ဇာတစ်ယောက်က ရှန်ထျန်းအတွက် ပြိုင်ဖက် မဟုတ်ချေ။ ချီကျန့် စိုးရိမ်နေသည်မှာ မဟာဝိဇ္ဇာက တပ်ကူသွားခေါ်လာမည့်အကြောင်း ဖြစ်၏။ အခြားမဟာဝိဇ္ဇာများလည်း အနီးအနား ရှိနေနိုင်သည်။

အကယ်၍ နောက်ထပ် မဟာဝိဇ္ဇာတချို့သာ ရောက်လာခဲ့လျှင် သူတို့တော့ အဆုံးသတ် တွေ့ရတော့မည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ ပုံစံအရ သူက လက်လျော့မည့်ပုံ မပေါ်ချေ။

ရှန်ထျန်းက တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်ပြီး  “ စိတ်ပူမနေနဲ့ … သူ ထွက်ပြေးလို့ မရဘူး ”

သူက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို လျစ်လျူရှုထားပြီး မီးတောက်နီအပ်များကို ထိန်းချုပ်ဖို့ ကြိုးစားနေသည်။ သူတို့အထဲ အံ့ဖွယ်အလင်းတန်း ထိုးဖောက်ဝင်ရောက်သွားပြီးနောက် မဟာဝိဇ္ဇာလက်နက်က လက်လျော့လိုက်ရကာ မြေပြင်ပေါ် ပြုတ်ကျလာသည်။

ရှန်ထျန်းက လက်တစ်ချက်ဝေ့ကာ သိမ်းယူလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တို့က အပေါ်ဘက် အနည်းငယ် ကွေးညွှတ်သွားသည်။

သူက ချီကျန့်ကို ကယ်လိုက်နိုင်ရုံသာမက မဟာဝိဇ္ဇာလက်နက်လည်း ရလိုက်သေး၏။ သူ့အတွက် အချီကြီးမြတ်ပေသည်။ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကိုတော့ သူ ရင်ဆိုင်ဖြေရှင်းလိုက်မည်။

………….....

မငြိမ်မသက် လေဟာနယ်အတွင်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် အလောတကြီး ထွက်ပြေးနေသည်။ နောက်ဆုံးတွင် သူ့နောက် ဘယ်သူမှ လိုက်မလာကြောင်း တွေ့လိုက်ပြီးနောက် စိတ်သက်သာရာ သက်ပြင်းသာ ချလိုက်တော့သည်။

ရွေးချယ်စရာ မရှိပေ။ ရှန်ထျန်း ပြသခဲ့သော စွမ်းအားက သူ့အား ထိတ်လန့်သွားစေ၏။

မဟာဝိဇ္ဇာက ဂျုနီယာတစ်ယောက်ကြောင့် အကာအကွယ်မဲ့သည့် အခြေအနေသို့ ကျရောက်ခဲ့ရသည်။ သူ့အနေနှင့် ထွက်ပြေးရုံမှအပ ရွေးချယ်စရာ မရှိပေ။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် စိတ်ပျက်လက်ပျက်ဖြစ်နေမိပြီး ဒေါသူပုန်ထနေမိသည်။ သူက အရင်ပြန်သွားပြီး သူ့မိစ္ဆာဝိညာဉ်ဂိုဏ်းဆီ ထိုကောင်လေးအကြောင်း တင်ပြဖို့ ဆုံးဖြတ်ထားပြီးလေပြီ။ အကယ်၍ သူသာ ဘုရင်နှင့် ဂိုဏ်းသခင်တို့၏ အမျက်ဒေါသသာ ဆွပေးနိုင်လျှင် ရှန်ထျန်းတစ်ယောက် သေချာပေါက် အသတ်ခံရလိမ့်မည်။

ဤနည်းဖြင့် သူ့နှလုံးသားမှ အမျက်ဒေါသကို ခြေဖျက်နိုင်ပေမည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က သူ့စွမ်းအားကို အသက်သွင်းကာ လေဟာနယ်ထဲ အရှိန်မြင့်လိုက်သည်။

သူ့လမ်းကို တားလိုက်သည့် ပုံရိပ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာ၏။ ထိုသူက ရွှေရောင်ချပ်ဝတ်ဖြင့် တောက်ပနေပြီး အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။ သူက လက်နောက်ပစ်ထားပြီး မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်အား ကျောပေးထားသည်။

သူက လေဟာနယ်နှင့် တစ်သားတည်းဖြစ်နေသည့်အလား လေထဲတွင် ရပ်နေသည်။ သူ့အရှိန်အဝါက အင်မတန် အားကောင်းလှ၏။ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ထိုပုံရိပ်ကို မြင်လိုက်သည့်အခါ ချက်ချင်း ရပ်တန့်လိုက်သည်။ သူက သတိကြီးကြီးထားကာ ကြည့်လိုက်၏။

“ ဘယ်သူလဲ … ဘာလို့ ငါ့လမ်းကို လာပိတ်နေတာလဲ ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က လေးနက်စွာ ပြောလိုက်သည်။ ထိုသူက သာမန်ကျင့်ကြံသူ မဟုတ်မှန်း သိသာလှနေလေ၏။

ထိုပုံရိပ်လေးက အပြုံးလေးနှင့် ရုတ်ချည်း လှည့်လာကာ  “ အံ့ဩသွားလား ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က မျက်လုံးအပြူးသား ဖြစ်လာသည်။

“ ဘယ်လိုလုပ် မင်း ဖြစ်နေတာလဲ။ မဖြစ်နိုင်တာ … ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ မင်းဆီမှာ နောက်ထပ် ကိုယ်ပွားတွေရှိနေသေးတယ်လို့တော့ လာမပြောနဲ့”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ကြောင်သွားလေသည်။ သူက ရှန်ထျန်းဆီမှ ထွက်ပြေးလာခြင်း ဖြစ်ရာ ယခု ရှန်ထျန်းက သူ့ရှေ့ ကြိုရောက်နေလေသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

သူက ရှန်ထျန်းတစ်ယောက် ကိုယ်ပွားကိုးခုကို ဆင့်ခေါ်ထားခြင်း သေသေချာချာ မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးက မီးတောက်နီအပ်များကို ရင်ဆိုင်ခုခံရင်း အလုပ်ရှုပ်နေကြလေရာ တစ်ယောက်ယောက် သူ့နောက် မည်သို့အမီလိုက်လာနိုင်မည်နည်း။ သူက သူ့ရှေ့တောင် ကြိုရောက်နေသေး၏။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းတစ်ယောက်တည်းသာ ရှိကြောင်း မြင်လိုက်ရသည်။ အခြားသော ရှန်ထျန်းများက ပါမလာပေ။

သူက စိတ်သက်သာရာ သက်ပြင်းချလိုက်မိ၏။

ကြောက်စရာကြီး … ဒီကောင်လေး ကိုယ်ပွားကိုးယောက်လုံးကို ခေါ်လာပြီ ထင်နေတာ … တစ်ယောက်တည်းမလို့ တော်သေးတယ်

................

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ အကြည့်တို့က ယုတ်မာမှုအပြည့် ဖြစ်လာကာ   “ ကောင်လေး မင်းက လောဘကြီးနေတာပဲ။ မင်းဘာသာ ငါ့နောက်လိုက်လာရဲတယ်ဆိုတော့ ငါ့စွမ်းအားကို မြည်းကြည့်စမ်း ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ရက်စက်ယုတ်မာစွာ ရယ်လိုက်သည်။

သူက ရှန်ထျန်းဆယ်ယောက်ကို အနိုင်မယူနိုင်သော်လည်း တစ်ယောက်တော့ အေးဆေးကိုင်တွယ်နိုင်လေသည်။  သူ့စိတ်ထဲမှ အငြိုးတေး ပျောက်ပသွားစေရန် ဒီကိုယ်ပွားကို ဖျက်စီးပစ်ရမည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို တွေ့လိုက်ပြီးနောက် ရှန်ထျန်း၏ အပြုံးတို့က ပို၍ တောက်ပလာသည်။

တကယ်တော့ ရှန်ထျန်းက ဤလူအိုကြီး ဘယ်နေရာ ထွက်ပြေးသွားမှန်း မသိလိုက်ပေ။ သူက တိုက်တိုက်ဆိုင်ဆိုင် သူ့လမ်းမှာရှိနေခြင်း ဖြစ်၏။ သူက အားကုန်စရာ မလိုလိုက်ပေ။

ရှန်ထျန်းက ခေါင်းအသာယမ်းကာ  “ ကြည့်ရတာ ခင်ဗျား ကံမကောင်းဘူး တူတယ် ”

သူက သူ့ရှေ့တည့်တည့်ရောက်လာသည်ဖြစ်ရာ ရှန်ထျန်းအနေနှင့် သူ့ကို လွှတ်မပေးနိုင်ချေ။

မဟာဝိဇ္ဇာ မိစ္ဆာမီး‌တောက်က ဒေါသထွက်လာသည်။ ဤရှန်ထျန်းက သူ့အား သိမ်ငယ်အောင် လုပ်နေသည်။

“ မင်း … မင်းက ကိုယ်ပွားတစ်ခုပဲ။ မင်းက ငါ့လမ်းကို ပိတ်ထားရဲတယ်ပေါ့လေ။ မင်းက နောက်ထပ် ကိုယ်ပွားတွေ လုပ်နိုင်တယ်လို့တော့ လာမပြောနဲ့။ သေလိုက်စမ်း ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ဒေါသတကြီး အော်ဟစ်ကာ ရှန်ထျန်းဆီ မိစ္ဆာမီးလုံးဖြင့် ပစ်ခတ်လိုက်သည်။

ရှန်ထျန်းက လှောင်ပြောင်လိုက်ရင်း  “ ခင်ဗျားက အရမ်းဉာဏ်ကောင်းတယ်။ ဒိတစ်ခါတော့ မှန်သွားပြီ ”

သူက သူ့စွမ်းအားကို အသက်သွင်းကာ လေဟာနယ်အစိတ်အပိုင်းအား ပိတ်ဆို့လိုက်သည်။ ထို့နောက် ရှန်ထျန်းက နောက်ထပ် လက်ဟန်တချို ထုတ်ဖော်လိုက်သည့်အခါ သူ့နောက်တွင် ဧရာမဂူဝကြီး ပေါ်ထွက်လာသည်။

ဤသည်မှာ နောက်ထပ် ကမ္ဘာတစ်ခု ဖွင့်ဟလာသကဲ့သို့ အံ့ဖွယ်အငွေ့အသက်များဖြင့် လွှမ်းခြုံသွားလေသည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ထိုမြင်ကွင်းကြောင့် ရပ်တန့်သွားသည်။ သူ့မျက်နှာအထက် မယုံကြည်နိုင်မှုများ ကြီးစိုးထားလေ၏။ သူက သူ့မျက်လုံးကို မယုံနိုင်ပေ။

သူက ဤသို့ တူညီသည့် မြင်ကွင်းကို သိပ်မကြာသေးခင်က မြင်တွေ့ဖူးပြီးသား ဖြစ်၏။

ဤသည်မှာ ကိုယ်ပိုင်အသွင်ပွားခြင်း ဖြစ်၏။

ရှန်ထျန်းနောက်မှ ပုံရိပ်ကိုးခု ထွက်ပေါ်လာကာ သူတို့အငွေ့အသက်များက ယခင်တစ်ခေါက်ထက် ပိုမို ကြောက်ဖို့ကောင်းနေသည်။ ရှန်ထျန်းဆယ်ယောက်က လေထဲတွင် ယခင်နှင့် တစ်ပုံစံတည်းအတိုင်း ရပ်နေသည်။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ထိုမြင်ကွင်းကြောင့် မူးဝေဝေ ဖြစ်လာမိသည်။

“ မဖြစ်နိုင်တာ … ကိုယ်ပွားတစ်ယောက်က ဘယ်လိုလုပ် ကိုယ်ပွား ထပ်လုပ်နိုင်မှာလဲ ”

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က ရှုံ့မဲ့မိသွားသည်။

အရင် မင်းက ကိုယ်ပွားကိုးယောက် ဆင့်ခေါ်တာ ထားလိုက်တော့ … မင်းက အံ့လောက်ဖွယ် ပညာရပ်တချို့သင်ယူထားတယ်ဆိုတာ အသိအမှတ်ပြုတယ်

ဒါပေမဲ့ ကိုယ်ပွားက ကိုယ်ပွား ထပ်ဖန်ဆင်းတယ်တဲ့လား … လခွမ်းနဲ့မှ … ကောင်းကင်ဘုံက မင်းရဲ့ အမှုထမ်းလား

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က စိတ်အခြေအနေ ယိုင်လဲလုနီးပါး ဖြစ်နေလေပြီ။ သူက ရှန်ထျန်းဆီမှ အားများစွာ စိုက်ထုတ်၍ ပြေးခဲ့သော်လည်း နောက်ထပ် ရှန်ထျန်းဆယ်ယောက်နှင့် လာတွေ့နေသည်။

အခု ငါ ဘာလုပ်ရမလဲ။ နောက်ထပ် မဟာဝိဇ္ဇာလက်နက် ဖောက်ခွဲဖို့လိုတယ်လို့တော့ လာမပြောနဲ့

သို့သော် ထိုအရာက အားလုံး မဟုတ်သေးပေ။ နောက်မြင်ကွင်းက သူ့အား လုံးဝ မင်သက်သွားစေ၏။

ရှန်ထျန်းက လှုပ်ရှားလိုက်လေသည်။ အလင်းစူးစူးတစ်ချက် ပေါ်ထွက်လာ၏။ သူက လက်နက်တချို့ ထုတ်ယူနေမှန်း သိသာလှသည်။

လေဟာနယ်တစ်ခုလုံးအတွင်း ကြောက်မက်ဖွယ် အငွေ့အသက်လှိုင်းများ ပေါ်ထွက်လာသည်။ ထိုအရာက နေရာတစ်ခုလုံးကို လင်းထိန်သွားစေ၏။ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် လက်နက်ပေါင်များစွာက သူ့ရှေ့ ထွက်ပေါ်လာသည်။

ဓားရှည်တစ်ချောင်း၊ သုံးချောင်းထောက် မီးဖို၊ တူတစ်လက်၊ ကျောက်စိမ်းပြား အစရှိသဖြင့် ဖြစ်သည်။

ဤသည်မှာ အစောပိုင်းလေးက ဝိဇ္ဇာလက်နက်များနှင့် ကွာခြားပေသည်။ ဤလက်နက်များ၏ အငွေ့အသက်များက ပိုကြောက်ဖို့ကောင်းပြီး မဟာဝိဇ္ဇာပင် ကျောရိုးတစ်လျှောက် ကြက်သီးထလာမိသည်။

ကြယ်တာရာတစ်စင်း ပေါက်ကွဲထွက်သွားသည့်အလား ပြိုင်ဖက်ကင်း စွမ်းအားတချို့ ထွက်ပေါ်လာသည်။ မဟာဝိဇ္ဇာဆီ ကျရောက်လာသည့် ဖိအားက သူ့အား ထောင့်တစ်နေရာသို့ တွန်းပို့လိုက်သည်။

ရှန်ထျန်းက ထာဝရတပိုင်းအဆင့် လက်နက်ဖြစ်သည့် ထျန်းကျူဓားနှင့် ပင်လယ်အံ့ဖွယ်တူ၊ ထာဝရအသုံးအဆောင်ပစ္စည်းဖြစ်သည့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၊ နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်သည့် ငှက်ပျောယပ်တောင်နှင့် ပဒုမ္မာကြာ နတ်ဧကရာဇ် မီးပြင်းဖို၊ နတ်ဧကရာဇ်အဆင့် ပစ္စည်းဖြစ်သည့် အံ့ဖွယ်နေမင်း မီးပြင်းဖိုတို့ကို ထုတ်ယူလိုက်သည်။

မဟာဝိဇ္ဇာက ကျောက်ရုပ်အလား မလှုပ်မယှက် ဖြစ်သွားလေသည်။

မဖြစ်နိုင်တာ …

သေစမ်း ဒီလက်နက်တွေထဲ အညံ့ဆုံးကတောင် ထာဝရတပိုင်းအဆင့် လက်နက်တဲ့လား …

သူ့ဆီမှာ ထာဝရလက်နက်၊ နတ်ဧကရာဇ်တပိုင်းနဲ့ နတ်ဧကရာဇ်အဆင့် လက်နက်တွေတောင် ရှိတာလား … ကောင်းကင်ဘုံက လာနောက်နေတာပဲ

ဒီကောင်လေးက ခင်ဗျားရဲ့ တရားမဝင်သားလား။ သူက သေမျိုးလောကကို ချာလပတ်မွေဖို့ ရောက်လာတာလား

ကျေးဇူးပြုပြီး ပြန်ခေါ်သွားကြပါ … သူ့ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ

နတ်ဧကရာဇ်ပင် ဒီကလေးလောက ပစ္စည်းအများကြီးပိုင်မည် မဟုတ်ချေ။

မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က တံတွေးအသည်းအသန် မျိုချလိုက်ရင်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။ သူက ရှန်ထျန်း ဝိဇ္ဇာလက်နက်ကိုင်ဆောင်ထားလျက်နှင့်ပင် အရိုက်နှက်ခံခဲ့ရသူ ဖြစ်ရာ ယခု ဤတစ်သုတ်ကား ပိုကြမ်းသွားလေပြီ။

ထာဝရလက်နက်တွေနဲ့ နတ်ဧကရာဇ် လက်နက်တွေလား …

ကောင်းကင်ဘုံရေ ကျုပ်ကိုသာ သတ်လိုက်ပါတော့

သူက လက်လျော့ကာ အသက်ချမ်းသာပေးဖို့ တောင်းဆိုရန်အထိ ပြင်ဆင်ထားလိုက်သည်။

တခြား သူ ဘာများလုပ်နိုင်ဦးမည်နည်း။

မဟာဝိဇ္ဇာလည်း ဤသို့ ပုံစံမျိုးကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

သူက ဘာစကားမှမပြောခင် ရှန်ထျန်းက လှုပ်ရှားလိုက်သည်။ ရှန်ထျန်းဆယ်ယောက်က တစ်ပြိုင်နက် လှုပ်ရှားလာခြင်း ဖြစ်၏။ သူတို့က အားကောင်းသည့် လက်နက်တစ်ခုစီ ကိုင်ဆွဲထားပြီး မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်အား တိုက်ခိုက်လိုက်ကြသည်။

ထိုစဉ် လေဟာနယ်တစ်ခုလုံးကို အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများ ဖုံးလွှမ်းသွားသည်။

အထဲရှိ လေဟာနယ်အပိုင်းအစများပင် တစစီဖြစ်ကုန်ပြီး ဗလာချောက်နက်ကြီး ဖြစ်လာစေသည်။ အသက်ရှိက်စာအနည်းငယ်အတွင်း မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က အပြီးတိုင် သုတ်သင်ခံလိုက်ရသည်။ သူက အော်ဖို့ အခွင့်အရေးပင် မရလိုက်ချေ။

သူ့ဝိညာဉ်လည်း ရှင်းထုတ်ခံလိုက်ရပြီး ပြာပုံ ဖြစ်သွားလေသည်။

မဟာဝိဇ္ဇာက အသတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ အပြီးတိုင် ဖျက်စီးခံလိုက်ရသည်။ တချို့သောအရာများက ကျန်ရစ်ခဲ့လေသည်။

အားကောင်းသည့် အငွေ့အသက်များနှင့် တောက်ပနေသည့် ချပ်ဝတ်တစ်ခုနှင့် လက်စွပ်တစ်ကွင်း …

ဤသည်မှာ မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းဖြစ်သည့် မိစ္ဆာမီးလျှံချပ်ဝတ် ဖြစ်သည်။ ထိုလက်စွပ်ကား မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်၏ သိုလှောင်လက်စွပ် ဖြစ်၏။

ရှန်ထျန်းက တိုက်ခိုက်နေစဉ်အတွင်း အားပမာဏကို ကောင်းကောင်း ထိန်းချုပ်ထားခဲ့သည်။ မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်း ပျက်စီးသွားစေလျှင် နှမြောစရာ ဖြစ်ပေမည်။

ရှန်ထျန်းက လက်ကို ဖုန်ခါလိုက်ပြီး  “ ခင်ဗျားကို နောက်ထပ် ဖောက်ခွဲမဲ့ အခွင့်အရေးပေးမယ်များ ထင်နေလား ”

သူက ပစ္စည်းများကို ကောက်ယူရင်း သက်ပြင်းချလိုက်သည်။

ပြစ်မှုကျူးလွန်ခြင်းက အကျိုးကျေးဇူးထက် ဒုက္ခပိုများပေသည်။ ဤစကားက အမှန်ဖြစ်ပုံပေါ်၏။

တစ်ယောက်ယောက်ကို သတ်လိုက်ခြင်းက ရတနာရလာဖို့ အမြန်ဆုံးနည်းလမ်း ဖြစ်ပေသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဆင့်နိမ့်များက ဆင်းရဲလျှင်ပင် အထက်ပိုင်းလူများက အမှန်တကယ် ချမ်းသာလှ၏။

ဒီလိုဆိုမှတော့ အားနာမနေတော့ဘူး …

ရှန်ထျန်းက ပြုံးကာ သူ့ကိုယ်ပွားများနှင့် လက်နက်များကို သိမ်းဆည်းလိုက်ပြီးနောက် လေဟာနယ်ထဲ ပျောက်ကွယ်သွားတော့သည်။

…………..

အရှေ့ပင်လယ်မြို့၌

ထိုစဉ် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် ပြာပုံဖြစ်ပြီး သေဆုံးသွားကြောင်း မည်သူမှ မသိကြသေးပေ။ ခန်းမသခင်မားစ်၏ သေဆုံးမှုနှင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် ထွက်ပြေးသွားမှုတို့အပြီးတွင် ဤနေရာရှိ အန္တရာယ်ကို အနည်းနှင့်အများ ဖြေရှင်းပြီးသွားလေပြီ။

သွေးစတေးမှု အစီအရင်မှလွဲ၍ ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သည့်အရာ မရှိတော့ချေ။ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ အခြားသော ဝိဇ္ဇာများလည်း သေဆုံးကုန်ကြလေပြီ။

မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများက ဝိုင်းထားကြ၏။

မည်သူကမှ ထိုဂိုဏ်းသားများကို သနားမနေကြပေ။ ယခင် ကျင့်ကြံသူသောင်းချီကာ ထိုတပည့်များလက်အောက်၌ သေဆုံးခဲ့ကြရသည်။

ထိုလူများက အရှေပင်လယ်မြို့တစ်လျှောက်ရှိ အလောင်းပုံအတွက် တာဝန်ရှိပေသည်။

မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများက လှုံ့ဆော်ခံလိုက်ရပြီး ဒေါသကို ထုတ်ဖော်ကာ ထိုဂိုဏ်းသားများအား သတ်ပစ်လိုက်ကြသည်။ ထို့နောက် အားလုံးက စိတ်သက်သာရာရသွားကြသည်။

သူတို့က ရုတ်ချည်း အကောင်းဘက် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့က လွန်ခဲ့သည့် တစ်စက္ကန့်ခန့်ကပင် သေမင်းချောက်ကမ်းပါးအစွန်းမှာ ရပ်နေကြသည့်သူများ ဖြစ်ကာ နောက်ဆုံးအခိုက်အတန့်လေး၌ သေခြင်းတရားမှ လက်မတင်လေး လွတ်မြောက်လာကြသည်။

ဒီအားကောင်းသည့် ကျင့်ကြံသူ ရောက်လာတာ တကယ် ကံကောင်းသွားတာပဲ

မြို့အရှင်ရှုအန်း၏ မျက်နှာအထက်တွင် လေးစားမှုအပြည့် ဖြစ်နေပြီး ရှန်ထျန်းဆီ လျှောက်လှမ်းလာကာ “ စီနီယာက ချီကျန့်နဲ့အတူတူ တွဲပြီး ကျုပ်တို့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ”

အကယ်၍ ရှန်ထျန်းနှင့် ချီကျန့်ကြောင့်သာ မဟုတ်လျင် အရှေ့ပင်လယ်မြို့ ကျင့်ကြံသူများက မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် စတေးစရာပစ္စည်း ဖြစ်သွားပေမည်။

ရလဒ်အနေနှင့် ရှုအန်းက အင်မတန် လေးစားနေမိခြင်း ဖြစ်၏။

တချို့သာ ကျိရှားကျောင်းသားများလည်း လျှောက်လှမ်းလာကြသည်။ သူတို့က အစောပိုင်းလေးက မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို ရင်ဆိုင်ခုခံနေကြခြင်း ဖြစ်၏။ မဟုတ်လျှင် အရှေ့ပင်လယ်မြို့ ကျင့်ကြံသူများ၏ စွမ်းအားအရ သူတို့ စောစောစီးစီး ကျဆုံးသွားလိမ့်မည်။

ယခုအခါ အကုန်အဆုံးသတ်သွားပြီ ဖြစ်၏။ သူတို့အားလုံးက စုရုံံးလာကြသည်။

“အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ချီကျန့်ကို ဂါရဝပြုပါတယ် ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ကျေးဇူးကြောင့် ကျုပ်တို့ ဘေးကင်းသွားတာပါ ”

“အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လူသားပရဝဏ်မှာ တကယ်ကို ထိပ်တန်းကျင့်ကြံသူပဲ ”

သူတို့အားလုံးက လေးလေးစားစား ပြောနေကြပြီး အကြည့်တို့၌ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။

ပါရမီရှင်များက ရှန်ထျန်းသည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ထားကြပေ။ သူက မဟာဝိဇ္ဇာကိုပင် အနိုင်ယူနိုင်လေ၏။

ချီကျန့် အားရပါးရ ရယ်မောလိုက်ပြီး  “ခေါင်းဆောင်က အရမ်းမိုက်တယ်။ မဟာဝိဇ္ဇာကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ပိုင်းပစ်လိုက်တာပဲ။ ကြမ်းလိုက်တာ ”

ယခုတိုက်ပွဲအပြီးတွင် ရှန်ထျန်းအပေါ် ချီကျန့်၏ လေးစားမှုတို့မှာ ပိုမို ကြီးထွားလာလေသည်။

ကောင်းကင်အသျှင်တစ်ယောက်က မဟာဝိဇ္ဇာကို အနိုင်ယူနိုင်တာ ဘယ်မှာများ တွေ့ဖူးလို့လဲ …

ဒီလိုအရာမျိုးကို မြင်ဖူးဖို့ မဆိုထားနဲ့ ကြားပင် မကြားဖူးကြချေ။

ဒါပေမဲ့ ငါက ကိုယ်တိုင် မြင်လိုက်ရတယ် … ဒါက ငါ့ခေါင်းဆောင်ပဲ

………...

တစ်ချိန်တည်းတွင် ချီကျန့်ခေါင်းပေါ် မေးခွန်း အမှတ်အသား ပေါ်ထွက်လာ၏။

“ ခေါင်းဆောင်က ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ မဟာနတ်ဧကရာဇ်ရဲ့ တည်နေရာပြောင်း အဆောင်က တကယ်ကြီး သက်တမ်းကုန်သွားတာလား ”

မဖြစ်နိုင်ပါဘူး …

မဟာနတ်ဧကရာဇ်က အပျက်တော့ ထုတ်ပေးမှာ မဟုတ်ဘူး

ပြီးတော့ ငါ အသက်သွင်းလိုက်တုန်းက လေဟာနယ်စွမ်းအင်ကို သေသေချာချာ ခံစားမိလိုက်ပါတယ် … သေချာပေါက် ကူးပြောင်းပေးနိုင်လောက်တယ်

ချီကျန့်က ရှန်ထျန်းတစ်ယောက် မည်သို့ ပြန်ရောက်လာသည်ကို သိချင်နေမိသည်။

သူက ဤမေးခွန်းကို သူ့ခေါင်းကိုက်လုမတတ် စဉ်းစားထားခြင်း ဖြစ်၏။

ရှန်ထျန်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်  “ စောစောလေးက ငါ့ကိုယ်ပွားလေ။ ငါက ကိုယ်ပွားလုပ်နည်း သင်ထားတာ ”

သူက ဆက်ညာဖို့ မရည်ရွယ်ပေ။ ဤသည်မှာ မဟာနတ်ဧကရာဇ် ပေးထားသည့် ရတနာ ဖြစ်သောကြောင့် မည်ကဲ့သို့ အကျိုးအာနိသင် ပျောက်ပျက်သွားမည်နည်း။

“ ဒီလိုကိုး ”

ချီကျန့်က နားလည်သွားလေသည်။

ဒီရှင်းပြချက်က အဓိပ္ပါယ်ရှိတယ်….

သို့သော် သူက တခြားတစ်ခုကို ထပ်စဉ်းစားမိသွားသည်။ ချီကျန့်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားပြီး  “ ခေါင်းဆောင် အဲဆို ထိပ်ဆုံးအခြေအနေနဲ့ဆိုရင် ကိုယ်ပွားနှစ်ဆယ်လောက် လုပ်နိုင်တာလား။ တစ်ဆယ် မကဘဲနဲ့လေ … ”

ကိုယ်ပွားနှစ်ဆယ် … တွေးကြည့်တာနဲ့ကို ကြောက်စရာကြီး

ခေါင်းဆောင် ဆယ်ယောက်က မဟာဝိဇ္ဇာကို အနိုင်ပိုင်းလိုက်သည်။ ၂၀ ဆို ဘယ်လိုဖြစ်နေမလဲ …

ရှန်ထျန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်  “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပထမတစ်သုတ် လုပ်ပြီးတော့ ကိုယ်ပွားတွေ ထပ်လုပ်ရမယ်လား။ လာမနောက်ပါနဲ့ … ငါ့ကို မာတရုရှကာ အရုပ်များ ထင်နေလား”

အဟွတ်ဟွတ် …

ဒီမျောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ဉာဏ်ကောင်းလာရတာတုန်း … သူက ကွက်တိကို မှန်းနေတာပဲ

ရှန်ထျန်းက သွေးနတ်ဘုရားကျမ်းနှင့် ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်တို့ကို တစ်ပြိုင်နက် သင်ယူခဲ့ပြီး ကျမ်းနှစ်ခုလုံးက ကိုယ်ပွားများ ပြုလုပ်စေနိုင်ခြင်း ဖြစ်သည်။

ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်က ကိုယ်ပွားများကို ဆင့်ခေါ်ဖို့ အစီအရင် အသုံးချခြင်း ဖြစ်ကာ သိပ်ကြာရှည်မခံပေ။ ထိုစဉ် သွေးနတ်ဘုရားကျမ်း၏ သားတော်ကိုယ်ပွားများက သွေးအဆီအနှစ်များကို အသုံးပြုသန့်စင်ထားပြီး ကိုယ်တိုင် ကိုယ်ပွားပြုလုပ်နိုင်သည်။

ဤသို့သော ကိုယ်ပွားအမျိုးအစားက ပင်မခန္ဓာ၏ စွမ်းအားအစိတ်အပိုင်းကို ပိုင်ဆိုင်ထား၏။ ပြောရလျှင် ပင်မခန္ဓာနှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်နိုင်သည်။

ရလဒ်အနေနှင့် ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်ကို အသက်သွင်းနိုင်ကြသည်။ သွေးနတ်ဘုရားကျမ်းနှင့် ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်တို့ကို အသုံးပြုကာ သူက အုပ်စုလိုက်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြင့်ပေးနိုင်သည်။

သွေးနတ်ဘုရား၏ သားတော်ကိုယ်ပွားတိုင်းက ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်ကို အသက်သွင်းပြီး ကိုယ်ပွားကိုးယောက် ပြုလုပ်ကြောင်း တွေးကြည့်လိုက်ပါလေ။

တစ်ယောက်မှ ကိုးယောက် ပွားလာခြင်း ဖြစ်ရာ ကြောက်စရာကောင်းသည့် သဘောတရားတစ်ခု ဖြစ်သည်။

သို့သော် လူအများစုအတွက် ကျမ်းတစ်ခုကိုပင် ကျွမ်းကျင်တတ်မြောက်ဖို့ ခက်ခဲလှနေလေပြီ။ မြင့်မားသည့် ပင်ကိုယ်အရည်အသွေးကို ပိုင်ဆိုင်ဖို့ လိုရုံသာမက အရင်းအမြစ် အမြောက်အများလည်း လိုအပ်မည် ဖြစ်၏။

ထို့ကြောင့် ကျမ်းနှစ်ခု သို့မဟုတ် တော်ဝင်ကျမ်း ဆယ်ခုကို တစ်ပြိုင်နက် ကျွမ်းကျင်တတ်မြောက်ခြင်းသည် အံ့ဖွယ် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းအတွက် ကိစ္စမရှိပေ။ သူ့တွင် မွေးရာပါ ပင်ကိုယ်ဖွဲ့စည်းပုံရှိထားပြီး နိဗာနတော်ဝင်ရေစင်နှင့် သုံးရောင်ခြယ်ရေစင်များလည်း အမြောက်အများ ပိုင်ဆိုင်ထားသည်။

ရှန်ထျန်း၏ အထွတ်အထိပ်အခြေအနေတွင် သူက ကိုယ်ပွားနှစ်ဆယ်မျှတင် မကချေ။ သူ့တွင် ရှိသော သွေးနတ်ဘုရားသားတော် ကိုယ်ပွားအရေအတွက်ပေါ် မူတည်နေသည်။ သူ ပြုလုပ်နိုင်သည့် ကိုယ်ပွားအရေအတွက်မှာ သွေးနတ်ဘုရားသားတော် ကိုယ်ပွားအရေအတွက်ထက် ကိုးဆ ဖြစ်ပေမည်။

ရှန်ထျန်းက ထိုအကြောင်းကို တိတ်တဆိတ်သာ သိုဝှက်ထားသည်။

သူက ပစ်မှတ်ထားခံရမည်ကို စိုးရိမ်မိ၏။ အမဲလိုက်သူက သားကောင်ကို ရှင်းပစ်မည်သာ ဖြစ်သည်။

…………...

ချီကျန့်က ရှန်ထျန်း၏ ဖြေရှင်းချက်ကြောင့် ကျေနပ်သွားမိသည်။ အကယ်၍ အမှန်သာဖြစ်နေလျှင် ရှန်ထျန်း၏ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။

ချီကျန့်က မေးလိုက်သည်  “ ခေါင်းဆောင် ဒီကိစ္စပြီးသွားပေမဲ့ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် လွတ်သွားတယ်ဆိုတော့ သူက အန္တရာယ်ဖြစ်လာနိုင်တယ်။ ငါတို့ ကျောင်းတော်ကို လှမ်းအကြောင်းကြားလိုက်ရမလား”

ချီကျန့်က မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်သည် သေဆုံးသွားပြီးမှန်း မသိဘဲ ပြန်ရောက်လာမည်ကို စိုးထိတ်မိနေသည်။ ထိုအခါ နောက်ထပ် အန္တရာယ်များသွားပေမည်။

ထို့ကြောင့် သူက ကျောင်းတော်ဆီ ပြန်ကာ အထက်ပိုင်းများကို လှမ်းအကြောင်းကြားပြီး အားကောင်းသည့် ကျင့်ကြံသူတချို့ ပို့လွှတ်ပေးပြီး စောင့်ကြပ်ပေးဖို့ရာ ရည်ရွယ်ထားသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ နောက်ဆုံးတိုက်ခိုက်မှုက တစ်ခုခုလွဲနေသလို ခံစားနေရသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းတွင် အတိတ်တုန်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများလုပ်ဖို့ အဖွဲ့အသေးလေးများသာ စေလွှတ်ရဲသည်။ သူတို့က ကြီးကြီးမားမား တိုက်ခိုက်မှုမျိုး မလုပ်ဖူးကြပ။

မိစ္ဆာဝိညာဉ်ဂိုဏ်းက လှုပ်ရှားလာပုံပေါ်၏။ သူတို့က အချိန်မရွေး စစ်ပွဲ စတင်လာနိုင်သည်။

ရှန်ထျန်းက ခေါင်းခါကာ  “ အရင်ဆုံး စကားပါးလိုက် … ဒါပေမဲ့ ငါတို့တွေ မြန်မြန် ပြန်စရာ မလိုသေးဘူး ”

ချီကျန့်က ခေါင်းကုတ်ကာ  “ ဘာလို့လဲ ”

သူက နားမလည်ဖြစ်နေမိသည်။ ရှန်ထျန်းက ဒီမှာ ဘာလုပ်ချင်သေးမှန်း မသိချေ။

ရှန်ထျန်းက ခေါင်းထပ်ယမ်းကာ  “ ငါ့ကိုယ်ပွားက မိုင်သောင်းချီအကွာမှာ ရောက်နေတယ်။ သူက အခု ဆန်းကြယ်နယ်ပယ်တစ်ခု တွေ့ထားတယ်။ တစ်ချက်သွားကြည့်ကြစို့ ”

မှန်ပေသည်။ နဂိုမူလဇာတ်ကြောင်း၌ ချီကျန့်သည် တည်နေရာပြောင်း အဆောင် အသုံးပြုလိုက်ပြီးနောက် ကံအပြောင်းအလဲ အခွင့်အရေးနှင့် ကြုံကြိုက်ခဲ့ခြင်း ဖြစ်သည်။

ရှန်ထျန်း၏ ကိုယ်ပွားက မလှုပ်မယှက် လုပ်မနေပေ။ သူက ချီကျန့်၏ ကံအပြောင်းအလဲ အခွင့်အရေးအတိုင်း မြန်မြန် သွားလိုက်ပြီးနောက် တည်နေရာကို ရှာတွေ့သွားသည်။

ချီကျန့်က အံ့ဩသွားလေ၏။

ဘာကြီးလဲ … မိုင်သိန်းချီပတ်လည် ဘယ်သူမှ မသိတဲ့နေရာဆီး ကူးသန်းပို့ဆောင်ခံလိုက်ရတာတောင် ဆန်းကြယ်နယ်မြေကို ရှာတွေ့တာတဲ့လား

ဒီကံကြမ္မာက ကောင်းလွန်းလှသည်။

………....

ချီကျန့်က ရုတ်တရက်ဆိုသလို ရှန်ထျန်း၏ နယ်မြေငါးခုတစ်လျှောက် ပျံ့နှံ့နေသည့် ဂုဏ်သတင်းမှာ သူ့စွမ်းအားကြောင့်သာ မကကြောင်း သဘောပေါက်သွားသည်။ အကြောင်းမှာ မြင့်မားလှသော သူ့ကံကြမ္မာကြောင့်လည်း ပါဝင်၏။ ထို့ကြောင့် သူ့အား ကံကြမ္မာသားတော်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။

ယခုတော့ အမှန်ဖြစ်နေကြောင်း ကောင်းကောင်း သိလိုက်ရလေပြီ။

ငါ ခေါင်းဆောင်နောက်ကို လိုက်သွားရင် သေချာပေါက် အကျိုးအမြတ်ရမှာပဲ

“ ခေါင်းဆောင် လာလာသွားစို့ ”

ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် ချီကျန့်က တုံ့ဆိုင်းမနေတော့ပေ။ သူက ဆန်းကြယ်နယ်မြေကို ချက်ချင်းသွားရှာချင်မိသွားသည်။

“ ကောင်းပြီ လာသွားစို့ ” ရှန်ထျန်းက အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။

ဤမျောက်က ကံကြမ္မာ အပြောင်းအလဲသည် သူ့အပိုင် ဖြစ်ကြောင်း မသိချေ။

ရှန်ထျန်းက အရာအားလုံးကို လက်ဝါးကြီးအုပ်ဖို့ အစီအစဉ် မရှိချေ။ သူက ချီကျန့်အား အတူတူသွားဖို့ ခေါ်လိုက်သည်။ ဤနည်းဖြင့် နှစ်ဖက်လုံးက ကံအပြောင်းအလဲ အခွင့်အရေးကို ရလာမည် ဖြစ်ပြီး ရှန်ထျန်းလည်း သူ့ကံကြမ္မာ တိုးတက်လာလိမ့်မည်။

ပြိုင်ဖက်ကင်း ကံကြမ္မာကို တတ်နိုင်သလောက် မြန်မြန်ရအောင် လုပ်ပြီးတော့ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရဖို့က ရှန်ထျန်း၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။

...

ကံအပြောင်းအလဲ အခွင့်အရေးများနှင့် ရတနာများကား သူက သူတို့ကို အမှန်အတိုင်း ပြောပြလျှင်ပင် မည်သူမှ ယုံမည် မဟုတ်ချေ။

ရှန်ထျန်းက ထိုပစ္စည်းများကို များများစားစား စိတ်မဝင်စားပေ။

ဘယ်လိုဖြစ်ဖြစ် သူ့ဆီမှာ ပစ္စည်းပြတ်လပ်နေတာ မဟုတ်ဘူးလေ …..

All Chapters