ဒီကိစ္စက အဋ္ဌမသခင်လေးနဲ့ ပတ်သက်နေတယ်
Vol. 9 Ch. 120
သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကိုမြင်တော့ မော့ကျိုးယွီသည် ဒီနေ့ တည်းခိုခန်းထဲတွင် ဆိုင်ရှင်လျှို့ ပြောပြခဲ့သော ကျန်းယန်ဓားပြတွေအကြောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။
“ခင်ဗျားတို့က ရှန်းယန်ကောင်တီမှာ မကြာသေးခင်က ပေါ်လာတဲ့ ကျန်းယန်ဓါးပြတွေလား။”
ဒါကိုပြောတော့ ထိုလူတွေ ရှက်ရွံ့စွာ ခေါင်းကုတ်သွားကြသည်။
“နဝမသခင်လေးကို ဖုံးကွယ်ထားလို့မရဘူးပဲ၊ ကျွန်တော်တို့တွေ ရှန်းယန်ကောင်တီမှာ ချမ်းသာတဲ့သူတွေဆီကနေ လုယက်ပြီး ဆင်းရဲသားတွေကို ကူညီပေးတာတွေ လုပ်ခဲ့တယ်။
မော့ကျိုးယွီက မျက်ခုံးပင့်ကာ ဆက်ပြောခိုင်းခဲ့သည်။
“ကျွန်တော်တို့ ဒီကို ပထမဆုံးရောက်လာတုန်းက နေ့ခင်းဘက်ဆို တရားဝင်လမ်းမှာ သခင်လေးကို စောင့်တယ်၊ ညဘက်ဆို တည်းခိုခန်းတစ်ခုရှာပြီး တည်းခိုခဲ့တယ်။ ဘယ်သူသိမှာလဲ၊ ဒီကို ရောက်တာ ရက်အနည်းငယ်လောက်ကြာတော့ ရှန်းယန်ကောင်တီက လူချမ်းသာ မိသားစု တော်တော်များများက ငွေအားကိုးပြီး မကောင်းတဲ့ ကိစ္စတွေ လုပ်ခဲ့ကြတာကို ကြားသိခဲ့ရတယ်။ ကျွန်တော်တို့ ဒီမှာ တစ်နေ့လုံး လုပ်စရာ ကိစ္စတွေလည်း မရှိဘူးလေ။ ဒါကြောင့် သာမန်လူတွေအတွက် တစ်ခုခု လုပ်ပေးချင်တယ်။ ဒီလိုနဲ့ အပြင်မှာ အဲ့ဒီလိုမျိုး နာမည်ကြီးသွားခဲ့တာပဲ။”
မော့ကျိုးယွီက မရယ်ဘဲ မနေနိုင်ပေ၊ “ခင်ဗျားတို့တွေ တကယ့်ကို တစ်ခုခုပဲ။ နိုင်ငံခြားကုန်သည်တွေ တော်တော်များများ ခင်ဗျားတို့ကို ကြောက်လို့ ရှန်းယန်ကောင်တီကို စီးပွားရေးလုပ်ဖို့တောင် မလာရဲကြတော့ဘူး။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ တည်းခိုတဲ့ တည်းခိုခန်းတောင် နောက်နေ့ဆို ဆက်မဖွင့်နိုင်တော့ဘူးလို့ပြောတယ်။”
ဒါကိုကြားတော့ လျန့်ဟောက်တို့တွေ အနည်းငယ် မယုံကြည်သလို ခံစားလိုက်ရသည်။
“မဖြစ်နိုင်တာ၊ ကျွန်တော်တို့ ခိုးတာ အကြိမ်အနည်းငယ်ပဲရှိပါတယ်၊ အခု ရက်အတော်ကြာအောင် မခိုးဖြစ်သေးဘူး။ ဒီနေ့ စုန့်ချောင်က အိပ်မပျော်ဘူးလို့ပြောတော့ ကျွန်တော်တို့တွေ အပြင်ကို ထွက်လာခဲ့ကြတာ။ ဒီည နဝမသခင်လေးနဲ့ မတော်တဆ ဆုံမိမယ်လို့တောင် မထင်ထားမိဘူး။”
မော့ကျိုးယွီက မိုးကောင်းကင်ကို မော့ကြည့်လိုက်တော့ သူထွက်လာတာ နာရီဝက်နီးပါး ကြာပြီဆိုတာ သိလိုက်ရသည်။ ဟဲကျစ်ယန်က သူ့ကို သေချာပေါက် စိုးရိမ်နေမယ်မှန်း သူသိသည်။ ဒါကြောင့် သူက ဒီနေရာမှာ ဆက်နေဖို့ အစီအစဉ်မရှိတော့ဘူး။
“ခင်ဗျားတို့ဖြတ်သွားတဲ့ တည်းခိုခန်းမှာ ကျွန်တော်တို့ရှိတယ်။ မနက်ဖြန်မနက်ကျ အရာရှိတွေက ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ပြီးရင် ခရီးဆက်ကြလိမ့်မယ်။”
မော့ကျိုးယွီထွက်သွားတော့မယ်ဆိုတာကိုမြင်တော့ လီမင်ရွေ့က လျန့်ဟောက်ကို အမြန်သတိပေးလိုက်သည်၊ “ကျွန်တော်တို့ သခင်လေးကို အရမ်းအရေးကြီးတဲ့ကိစ္စ ပြောစရာ ကျန်သေးတယ်။”
မော့ကျိုးယွီက မေးလိုက်သည်၊ “ဘာပြောစရာ ကျန်သေးလို့လဲ။”
“သခင်လေး ဒီကိစ္စက အဋ္ဌမသခင်လေးနဲ့ ပတ်သက်နေတယ်။”
မော့ကျိုးယွီ မျက်မှောင်ကြုတ်သွားသည်၊ “ခင်ဗျားတို့ပြောတာ ကျွန်တော့်ရဲ့ အဋ္ဌမအစ်ကိုအကြောင်းလား။”
လျန့်ဟောက်က ခေါင်းညိတ်သည်၊ “ဟုတ်တယ်၊ ကျွန်တော်တို့ မော့မိသားစုရဲ့ မတော်တဆမှုကို အရင်ဆုံး ကြားသိခဲ့ရတုန်းက စစ်သူကြီးချုပ်နဲ့ သခင် ရှစ်ယောက်တို့ရဲ့ ဂူသင်္ချိုင်းတွေကို တော်ဝင်တရားရုံးက လူလွှတ်ပြီး ဖျက်ဆီးမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ အဲ့ကို တစ်ချက်လောက် သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အဲဒီကိုရောက်တော့ အဋ္ဌမသခင်လေးရဲ့ ဂူသင်္ချိုင်းကို တူးထုတ်တားတာ တွေ့ခဲ့တယ်၊ ခေါင်းတလားရဲ့ အဖုံးက ပွင့်နေပြီး အထဲမှာ ဘာမှ မရှိဘူး။ ကျွန်တော်တို့ အဲဒီနေရာအနီးတစ်ဝိုက်ကို လှည့်ပတ်စစ်ဆေးကြည့်လိုက်တော့ အဋ္ဌမသခင်လေးရဲ့ ဂူသင်္ချိုင်းကို လွန်ခဲ့တဲ့ ဆယ်ရက်လောက်က တူးဖော်ပြီး ဖွင့်ခဲ့တာလို့ ကောက်ချက်ချနိုင်ခဲ့တယ်။”
ဒီသတင်းက မော့ကျိုးယွီအား ထိတ်လန့်သွားစေခဲ့သည်။
သူ့အဖေနှင့် အစ်ကိုတွေက တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့တာကပင် သူတို့အတွက် လက်ခံဖို့ ခက်ခဲပင်ပန်းနေခဲ့ပြီ။ ယခုအခါ အဋ္ဌမအစ်ကို၏ ဂူသင်္ချိုင်းက တူးဖော်ခံလိုက်ရသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သူက လုပ်ဆောင်ခဲ့သလဲဆိုသည်ကိုမူ သူ မမှန်းဆနိုင်ပေ။
“ခင်ဗျားတို့တွေ ဒီကိစ္စကို ဆက်စုံစမ်းခဲ့သေးလား။”
လျန့်ဟောက်က ခေါင်းညိတ်ပြသည်၊ “အဋ္ဌမသခင်လေးရဲ့ ဂူသင်္ချိုင်း တူးဖော်ခံရတာကို ရှာတွေ့ပြီးကတည်းက ကျွန်တော်တို့တွေ နေ့တိုင်းနီးပါး ပြန်သွားပြီး စစ်ဆေးကြည့်ပေမယ့် သဲလွန်စတွေ ရှာမတွေ့ခဲ့ဘူး။ ကျွန်တော်တို့တွေ အဲဒီကနေ ထွက်လာပြီး စစ်သူကြီးချုပ်နဲ့ တခြားသခင်လေး ခုနစ်ယောက်ရဲ့ ဂူသင်္ချိုင်းတွေကိုပါ သွားကြည့်ခဲ့ပါသေးတယ်။ သူတို့ဂူသင်္ချိုင်းတွေကတော့ အရင်အတိုင်းပဲ ရှိပါတယ်။”
မော့ကျိုးယွီ ရင်မောသွားသည်။ သူ့စိတ်ထဲမှာ သူ့အဋ္ဌမအစ်ကိုနှင့် ပတ်သက်သည့် အမှတ်တရအချို့ကို ပြန်မြင်ယောင်မိသည်။
သူ့အဋ္ဌမအစ်ကို မော့ချူဟန်သည် အခင်းဖြစ်ပွားချိန်တွင် သူ့ဆဌမအစ်ကို၊ သတ္တမအစ်ကိုတို့နှင့်အတူ ရှိနေခဲ့သည်။ အဲဒီအချိန်တုန်းက သူသည် အခြားမြို့တံခါးကို စောင့်ကြပ်ရန် စစ်တပ်ကို ဦးဆောင်ခဲ့သည်။
မော့ကျိုးယွီ၏ အစ်ကိုသုံးယောက်၏ အလောင်းများကို ပြန်ယူလာသောအခါတွင် သူတို့ကို မည်သူမည်ဝါမှန်းတောင် မသိနိုင်အောင် ဖြတ်တောက်ခံထားရသည်။ သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများကိုကြည့်ပြီး မည်သူမည်ဝါဖြစ်မှန်းကို ခွဲခြားရုံသာ တတ်နိုင်ခဲ့သည်။
မော့ကျိုးယွီသည် အဲဒီအချိန်တုန်းက ရင်ကွဲနာကျသွားခဲ့သည်။ ဒါပေမယ့် သူ့မှာ ရင်ဆိုင်ရမယ့် တိုက်ပွဲအသစ်တွေ ရှိနေဆဲဖြစ်တာကြောင့် မည်သူမည်ဝါဖြစ်မှန်း ခွဲခြားပြီးတာနဲ့ သူ့အစ်ကိုများကို သင်္ဂြိုဟ်ခဲ့ရလေသည်။
တကယ်လို့ သူ မှတ်မိတာ မှန်မယ်ဆိုရင် အဋ္ဌမအစ်ကိုကို မသင်္ဂြုဟ်ခင် သူ့ခြေထောက်မှ သွေးများ စီးကျနေဆဲဖြစ်တာကြောင့် အဲဒီအချိန်တုန်းက အဋ္ဌမအစ်ကို မသေသေးဘူးလို့ မော့ကျိုးယွီ သံသယဖြစ်မိသည်။
သို့သော် စစ်တပ် သမားတော် အများအပြားက သူ့ကို သေချာစစ်ဆေးပြီး အဋ္ဌမအစ်ကို သေဆုံးကြောင်းကို အတည်ပြုပေးပြီးနောက် မော့ကျိုးယွီသည် သူ့သံသယကို ပယ်ချခဲ့သည်။
ဒါကိုစဉ်းစားမိတော့ သူက လျန့်ဟောက်ကို မေးလိုက်သည်၊ “အဋ္ဌမအစ်ကိုရဲ့ အခေါင်းထဲမှာ သွေးစွန်းထင်းနေတာတွေကို တွေ့မိလား။”
လျန့်ဟောက်က ခေါင်းခါလိုက်သည်၊ “ဟင့်အင်း၊ အဋ္ဌမသခင်လေးရဲ့ ခေါင်းတလား အရမ်းသန့်ရှင်းနေတယ်။ အဲဒီတုန်းက ကျွန်တော်တောင် အဋ္ဌမသခင်လေးကို သင်္ဂြိုဟ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဆိုရင်တောင် ဘာဖြစ်လို့ ခေါင်းတလားထဲမှာ အဝတ်တစ်စလေးတောင် မရှိရတာလဲလို့ တွေးမိခဲ့သေးတယ်။”
မော့ကျိုးယွီသည် သူ့စိတ်ထဲမှာ သံသယများ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့သည်။
လျန့်ဟောက်၏ ရှင်းပြချက်အရ အဆိုပါ ခေါင်းတလားသည် အဋ္ဌမအစ်ကိုအား ထည့်သွင်းသင်္ဂြိုဟ်ခဲ့သည့် ခေါင်းတလားဖြစ်ဟန်မတူပေ။
ထို့အပြင် အဋ္ဌမအစ်ကို၏ ဂူသင်္ချိုင်းကိုပဲ ဂူသင်္ချိုင်းတူးဖော်သူများက ဘာဖြစ်လို့ တူးဖော်ခဲ့ကြတာလဲ။
အဋ္ဌမအစ်ကိုနှင့် သူ့ရဲ့ မူရင်းခေါင်းတလားကို ဂူသင်္ချိုင်းတူးဖော်သူများ ယူဆောင်သွားရသည့် ရည်ရွယ်ချက်က ဘာများလဲ။
မော့ကျိုးယွီ၏ စိတ်ထဲတွင် မေးခွန်း တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာကာ သူ့ကို အသက်ရှူကြပ်သွားစေသည်။
မော့ကျိုးယွီသည် သူတို့မိသားစု အနောက်မြောက်ဘက်တွင် အခြေချပြီးနောက် ဒီကိစ္စကို သူကိုယ်တိုင် စုံစမ်းစစ်ဆေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
မော့ကျိုးယွီက လျန့်ဟောက်တို့ကို ကြည့်လိုက်သည်၊ “အချိန်လည်း လင့်နေပြီ၊ ခင်ဗျားတို့တွေ စောစောပြန်ပြီး အနားယူသင့်တယ်။ မနက်ဖြန်ကျရင် အဖွဲ့နောက်ကနေ ကြည့်ရှုပြီး လိုက်ခဲ့ကြပေါ့။”
လျန့်ဟောက်တို့သည် သူတို့ သခင်လေးက ပြန်သွားဖို့ကို ဘာဖြစ်လို့ ဒီလောက် အလျင်လိုနေမှန်းကို မသိသော်လည်း မေးခွန်းတွေ အများကြီး မမေးခဲ့ကြဘူး။
“ဟုတ်ကဲ့၊ ကျွန်တော်တို့ မနက်ဖြန်ကျရင် မြို့တံခါးအပြင်ဘက်မှာ သခင်လေးကို စောင့်နေပါ့မယ်။”
မော့ကျိုးယွီသည် “အင်း” လို့ ပြောပြီး မကြာခင်မှာပဲ ကိုယ်ဖော့ပညာကို အသုံးပြုပြီး လူအများ၏ မြင်ကွင်းကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
တည်းခိုခန်းတွင်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီက နန်ရွေ့၏ လူများနောက်သို့လိုက်သွားတာဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
အချိန်အတော်ကြာသည့်အထိ မော့ကျိုးယွီ မပြန်ရောက်လာသေးတာကိုတွေ့တော့ သူ အန္တရာယ်ကြုံနေမှာကို စိုးရိမ်ပြီး ဟဲကျစ်ယန်သည် အပြင်ထွက်ပြီး ရှာဖို့ ဆုံးဖြတ်လိုက်သည်။
သူမ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အပြေးပြန်လာသော မော့ကျိုးယွီကို ဝင်တိုက်မိလိုက်သည်။
မော့ကျိုးယွီသည် သူမကို ဖေးမဖို့ သူ့လက်ကို သူ့အလိုလို ဆန့်တန်းမိလိုက်ပြီး “ဂရုစိုက်” ဟု ညင်သာစွာ ပြောလိုက်သည်။
ဟဲကျစ်ယန်က သူ့ကို အခန်းထဲ ဆွဲခေါ်သွားလိုက်သည်။
“ရှင် ဘယ်ရောက်နေတာလဲ။ နန်ရွေ့က လူထပ်ပို့လိုက်တာလား။”
မော့ကျိုးယွီက ဟဲကျစ်ယန်ကို ကုလားထိုင်ပေါ် ထိုင်ဖို့ ဖိချလိုက်ကာ သူမ၏ ခေါင်းလေးကို အသာဖွလိုက်သည်။
“မဟုတ်ဘူး၊ သူတို့က ကိုယ်တို့လူတွေပဲ…”
ထို့နောက် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ရှင်းယန်ကောင်တီတွင် ပေါ်လာသော လျန့်ဟောက်တို့အကြောင်း အသေးစိတ်အားလုံးကို ပြောပြလိုက်သည်။
ဒါကိုနားထောင်ပြီးနောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီကဲ့သို့ သူမ၏ စိတ်ထဲတွင် အလားတူမေးခွန်းများ ပေါ်လာခဲ့လေ၏။
ကံမကောင်းစွာပဲ၊ သူမ အရင်က သမိုင်းစာအုပ်တွေ ဖတ်ရှုခဲ့စဉ် မော့မိသားစုထဲက တခြားသူတွေအကြောင်းကို တခြားမှတ်တမ်းတွေ ရှာမတွေ့ခဲ့ဘူး။
အထူးသဖြင့် မော့ကျိုးယွီသည့် ပြည်နှင်ဒဏ် အပေးခံရသည့် လမ်းခရီးတွင် ကွယ်လွန်သွားပြီးနောက် သမိုင်းစာအုပ်များတွင် မော့မိသားစုနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ မဖော်ပြထားပေ။
ထို့ကြောင့် မော့ချူဟန်၏ ဂူသင်္ချိုင်း အတူးဖော်ခံရသည့် အကြောင်းရင်း အစစ်အမှန်ကို သူမ မဆုံးဖြတ်နိုင်ပေ။
ဒီကိစ္စက ပဟေဠိဖြစ်နေပေမယ့် ဒီအချိန်မှာ သူမတို့ ဘာမှ မလုပ်နိုင်ဘူးဆိုတာကို သူမတို့နှစ်ယောက်လုံး သိပေသည်။
မော့ကျိုးယွီ တွေးထားသလိုပဲ အနောက်မြောက်ကိုရောက်ပြီး သူတို့မိသားစု အခြေချပြီးရင် နယ်စပ်ကို ခရီးထွက်ဖို့ လုပ်နိုင်ပေလိမ့်မည်။
နှစ်ယောက်သား ခဏလောက် စကာားပြောပြီးနောက် အိပ်ရာဝင်ခဲ့ကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဟဲကျစ်ယန်သည် အရာရှိများနှင့်အတူ ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန် ထွက်လာခဲ့သည်။
နန်ရွေ့၏ လုပ်ကြံသတ်ဖြတ်သူ စေလွှတ်ခြင်းကို ကာကွယ်ရန်အတွက် မော့ကျိုးယွီသည် မိသားစု၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ပြီး ဟဲကျစ်ယန် တစ်ယောက်တည်းကသာ အပြင်ထွက်ပြီး ဈေးဝယ်ဖို့ လုပ်ဆောင်ခဲ့သည်။
သူတို့ဈေးကိုရောက်တော့ အရာရှိများသည် ဟဲကျစ်ယန်နှင့် လူခွဲသွားခဲ့ကြသည်။
ဟဲကျစ်ယန်သည် တာ့ပေါင်တွင် ပစ္စည်းများဝယ်ယူတာက စရိတ်စကသက်သာသည်ဟု ခံစားမိသောကြောင့် သူမသည် လူအများ၏ အမြင်နှင့် အကြားကို ဖုံးကွယ်နိုင်ဖို့ အရာရှိများနှင့် လမ်းခွဲလာခဲ့သည်။
ထို့ကြောင့် သူမသည် လူသူကင်းမဲ့သောနေရာသို့ တွန်းလှည်းကို တန်းတွန်းသွားပြီး တာ့ပေါင်တွင် ထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူခဲ့သည်။
ပြန်ဖို့ အချိန်နီးလာပြီဟု ခံစားရသဖြင့် အရာရှိများနှင့် တွေ့ဆုံရန် တွန်းလှည်းကို တွန်းလာခဲ့လိုက်သည်။
***