နတ်ဧကရာဇ် ဆန်းကြယ်နယ်မြေ၊ အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်
Vol. 30 Ch. 443
အခန်း (၄၄၃) : နတ်ဧကရာဇ် ဆန်းကြယ်နယ်မြေ၊ အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်
ရှန်ထျန်းက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို အနိင်ပိုင်းပစ်ပြီးသည့်နောက် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မဟာဝိဇ္ဇာက အရှေ့ပင်လယ်မြို့ထဲ ရောက်ရှိလာသည်။ ထိုမဟာဝိဇ္ဇာက သွေးစတေးမှု အစီအရင်ကို အပြီးတိုင် ဖျက်စီးပစ်ခဲ့ပြီး မြို့အား စောင့်ကြပ်ဖို့ နေပေးနေသည်။
မဟာဝိဇ္ဇာသည် ရှန်ထျန်းနှင့် ရင်းနှီးပြီးသားသူ ဖြစ်၏။ ထိုလူက ရှန်ထျန်းအား အလယ်ပိုင်းကုန်းမြေအား ခေါ်ဆောင်လာသည့် စစ်ဘုရင် ဖြစ်ပေသည်။ သူက ကိုးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာဖြစ်ပြီး ပြိုင်ဖက်ကင်း စွမ်းအားတို့ ပိုင်ဆိုင်ထားသည်။
သူသာ ရှိနေလျှင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မဟာဝိဇ္ဇာ ပြန်ရောက်လာလျှင်ပင် ကြောက်စရာမလိုတော့ပေ။
“ ကောင်လေး မင်းက အတော်လေး ထူးခြားတာပဲ။ ကြည့်ရတာ ကျောင်းတော်မှာ တော်တော်သင်ယူပြီးပြီတူတယ် ”
စစ်ဘုရင်က ရှန်ထျန်းအား ပြုံးကာ ပြောလိုက်သည်။ စစ်ဘုရင်သည် ရှန်ထျန်း၏ မိတ်ဆွေဟောင်းဟုပင် ယူဆနိုင်ပြီး သူက ရှန်ထျန်းကို ကောင်းကောင်း သိပေသည်။
ယခင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင်ရှိစဉ် ရှန်ထျန်းက ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်အား လွှင့်စင်သွားအောင် လုပ်ခဲ့သည်။
ယခု သူက မဟာဝိဇ္ဇာကိုပင် အနိုင်ပိုင်းထားလေသည်။
စစ်ဘုရင်က ထိုအကြောင်းကို ကြားလိုက်စဉ်အခါက အံ့အားသင့်သွားခဲ့သည်။ ဝိဇ္ဇာအစစ်အမှန်နှင့် မဟာဝိဇ္ဇာတို့ကြားက ခြားနားချက်မှာ ဝင်ရိုးစွန်းအလား ကွာခြားလှသည်။
ရှန်ထျန်း၏ တိုးတက်လာမှုက မဟာဝိဇ္ဇာကိုပင် မောင်းထုတ်နိုင်သည့်အထိ ကြီးမားလာသည်။
ရှန်ထျန်းက လက်နှစ်ဖက်ယှက်ကာ “ စီနီယာစစ်ဘုရင်က ကျွန်တော်ကို ချီးကျူးလွန်းနေတာပါ။ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိုက်ထုတ်ရမဲ့ ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ ”
“ အရမ်းကောင်းတယ် … ဒီကိစ္စကို ငါ ပြန်ရောက်တာနဲ့ အရှင်ဟွမ်ရှစ်ဆီ တင်ပြရမယ် ”
စစ်ဘုရင်က ရှန်ထျန်းအား ကျေနပ်မိသွားသောကြောင့် စိတ်လိုလက်ရ ရယ်မောလိုက်သည်။ သူက ဘဝင်မြင့်ခြင်း မရှိသလို မဆင်မခြင်လည်း မပြုမူပေ။
“ စီနီယာစစ်ဘုရင် ကျေးဇူးပါ ”
ရှန်ထျန်းက စစ်ဘုရင် ဆိုလိုသည့် အဓိပ္ပါယ်ကို ကောင်းကောင်း သိပေသည်။ စစ်ဘုရင်သည် ရှန်ထျန်းအနေနှင့် အရှေ့ပင်လယ်မြို့ကို ကယ်တင်ပေးထားသောကြောင့် ဆုလာဘ်တချို့ ရလာအောင် ကူညီပေးခြင်း ဖြစ်သည်။
အလကား ဖြစ်နေသည့်အတွက် ရှန်ထျန်းက မငြင်းဆန်ပေ။
“ စီနီယာ ကျွန်တော်တို့ ဖြေရှင်းစရာလေး ရှိသေးလို့ အရင်သွားနှင့်ပါ့မယ် ”
ရှန်ထျန်းနှင့် ချီကျန့်တို့က ဆန်းကြယ်နယ်မြေကို ရှာရဦးမည် ဖြစ်သည့်အတွက် ထွက်သွားလိုက်ကြသည်။
………
အရှေ့ပင်လယ်အတွင်း …
ပုံရိပ်နှစ်ခုက အလျှင်အမြန် သွားလာနေသည်။ သူတို့က လျှပ်စီးအလား မြန်ဆန်ပြီး အံ့ဖွယ်သက်တံ့ အရိပ်အယောင်သာ နောက်ချန်ထားခဲ့သည်။ သူတို့က မရပ်တန့်ခင်အထိ မိုင်သောင်းချီ သွားလာခဲ့ကြသည်။
ထိုလူနှစ်ဦးက ချီကျန့်နှင့် ရှန်ထျန်းတို့ ဖြစ်ကြသည်။
ကျယ်ပြောလွန်းလှသည့် ပင်လယ်ကြီးကို ကြည့်ကာ ချီကျန့်က ငေးမောနေမိသည် “ ခေါင်းဆောင် ဒီနေရာမှာ ဆန်းကြယ်နယ်မြေ တကယ်ကြီးရှိတာလား”
သူက ရှန်ထျန်းသည် ကံကောင်းလွန်းပြီး ဆန်းကြယ်နယ်မြေကို သေချာပေါက် ရှာတွေ့လိမ့်မည် ဖြစ်ကြောင်းသိထားသော်လည်း ချီကျန့်က ပင်လယ်ပတ်လည်ကို ကြည့်ကာ သံသယမဝင်ဘဲ မနေနိုင်ပေ။
ကုန်းမြေပင် မမြင်ရသောကြောင့် မည်သို့များ ဆန်းကြယ်နယ်မြေ ရှိမည်နည်း။
ရှန်ထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ဒီမှာ ခဏလေးစောင့်နေ ”
ထိုသို့ပြောပြီးနောက် သူက လေဟာနယ် နေရာလွတ်ထဲ ဝင်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့် မျောက်တစ်ကောင်အား မရေမရာ ထားပစ်ခဲ့သည်။
..............
ရှန်ထျန်းက လေဟာနယ်ထဲ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူ့ရှေ့တွင် နောက်ထပ် ပုံရိပ်တစ်ခုလည်း ရှိနေလေ၏။
“ မင်း ရောက်လာပြီပဲ ”
“ အင်း ငါ ရောက်လာပြီ ”
“ အရှေ့ပင်လယ်မြို့မှာ အကုန် မင်းကျေးဇူးကြောင့်ပါပဲ ”
“ မင်းက ငါကို ချီးကျူးလွန်းနေပြီ။ ဒါတွေအားလုံးက ငါတို့ ပင်မခန္ဓာကိုယ်က အမြင်ရှိလို့ပါ ”
“ ငါ ဆန်းကြယ်နယ်မြေရဲ့ တည်နေရာကို တွေ့ထားပြီးပြီ ”
“ ကောင်းပြီလေ … ငါတို့တွေ အဲဒီကို သွားကြမယ် ”
...............
ရှန်ထျန်းက လေဟာနယ်ထဲမှ ထွက်လာကာ ချီကျန့်ဆီ ဦးတည်လာလိုက်သည်။
“ ခေါင်းဆောင် ဘာတွေသွားလုပ်တာလဲ ” ချီကျန့်က ရှန်ထျန်း ပြန်ရောက်လာသည်ကို မြင်လိုက်သည့်အခါ မနေနိုင် မထိုင်နိုင် မေးလိုက်သည်။
သူက ရှန်ထျန်းအား ရွှေရောင်မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
ချီကျန့်က ရှန်ထျန်း ပြောင်းလဲသွားပုံပေါ်မှန်း ခံစားမိသော်လည်း သူ့ထိုးဖောက်အမြင်အာရုံကို အသက်သွင်းလျှင်ပင် ထူးဆန်းမှုကို မမြင်နိုင်ပေ။
ရှန်ထျန်းက ခေါင်းခါကာ ပြောလိုက်သည် “ဘာမှမဟုတ်ဘူး။ ငါ ဆန်းကြယ်နယ်မြေကို တွေ့ပြီ။ အဲဒါက ပင်လယ်အောက်ခြေမှာ ”
ချီကျန့်က အလွန်အမင်း စိတ်လှုပ်ရှားလာကာ “ အဲဆို မြန်မြန်သွားရအောင်လေ ”
ဝှီး …
ချီကျန့်က ပင်လယ်ထဲ ငုပ်လျိုးသွားပြီး ပင်လယ်ကြမ်းပြင်ဆီ ကူးခတ်သွားသည်။ ရှန်ထျန်းလည်း သူ့နောက်မှ လိုက်ပါလာလေ၏။ လူသားတစ်ယောက်နှင့် မျောက်တစ်ကောင်တို့က ပင်လယ်နက်ပိုင်းထဲ ဦးတည်လိုက်ကြသည်။ သူတို့က အလွန်မြန်ဆန်ပြီး ပင်လယ်အနက်ပိုင်း မိုင် ခြောက်သိန်း ခြောက်သောင်းအထိ ရောက်ရှိသွားသည်။
ဤနေရာရှိ ရေဖိအားက တောင်တစ်လုံးလောက် လေးလံလာသည်။
ရေဖိအားက ကောင်းကင်အသျှင်ကိုပင် အလွယ်လေး ခြေမွပစ်နိုင်ပြီး ဝိဇ္ဇာပင် ကြာကြာခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သို့သော်လည်း သူတို့ခန္ဓာကိုယ်များက အလွန်သန်မာလှသည်။ ထို့ကြောင့် သူတို့က ရေဖိအားကို အာရုံမစိုက်ဘဲ ချောချောမွေ့မွေ့ ဆက်လက် ကူးခတ်နေနိုင်သည်။
.............
ခဏအကြာတွင် သူတို့က ပင်လယ်ကြမ်းပြင်ဆီ ရောက်လာသည်။ ဘာဆိုဘာမှမရှိဘဲ ကျယ်ပြောလွန်းလှ၏။ခ
ချီကျန့်က တအံ့တဩဖြင့် မေးလိုက်သည် “ ခေါင်းဆောင် … ဆန်းကြယ်နယ်မြေက ဘယ်မှာလဲ … ”
သူက ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဆန်းကြယ်နယ်မြေနှင့် တူသည့်အရာ တစ်ခုတစ်လေပင် မမြင်မိပေ။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်၏ “သွင်ပြင်ကြောင့် အရူးလုပ်မခံရစေနဲ့။ မျက်စိနဲ့ မြင်ရတာထက် အများကြီးပိုတယ်။ မင်းရဲ့ ထိုးဖောက်အမြင်အာရုံကို အသက်သွင်းလိုက်ရင် သိလိမ့်မယ် ”
ချီကျန့်က သူ့အမြင်စွမ်းရည်ကို မြန်မြန်ဆန်ဆန် အသက်သွင်းလိုက်သည်။ သူ့မျက်ဆ့များက အလင်းရာင်တောက်ပလာပြီး အလယ်တွင် ရွှေရောင်အလင်းလေးက လှည့်ပတ်နေကာ အံ့ဖွယ်အငွေ့အသက်တမျိုး ထုတ်လွှင့်ပေးနေသည်။
သူ့အမြင်အာရုံကို အသက်သွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဘေးပတ်လည် မြင်ကွင်းက စတင်ပြောင်းလဲလာကြောင်း သတိထားလိုက်မိသည်။ နဂိုဗလာကျင်းနေသည့် ပင်လယ်ကြမ်းပြင်တွင် ကမ္ဘာဦးတောင်တစ်လုံး ပေါ်ထွက်လာခဲ့၏။
ဤမြင့်မားလှသည့် တောင်ကြီးက မားမားမတ်မတ် ရပ်တည်နေပြီး အရှိန်အဝါပြင်းပြင်း ထုတ်လွှင့်နေသည်။
ဤသည်မှာ ပင်လယ်ကြမ်းပြင် ဖြစ်သော်လည်း ပင်လယ်ရေများက ပြန်တွန်းခံနေရပြီး ရေတစ်စက်ပင် မဝင်ရောက်နိုင်ပေ။ တောင်ပေါ်တွင် ရွှေရောင်စာလုံးကြီးများဖြင့် ရေးထွင်းထားလေ၏။
ရေးသားထားသည့် စာလုံးများက ခမ်းနားကြီးကျယ်သည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
ထိုစာလုံးများမှာ “ အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန် ” ဟူ၍ ဖြစ်သည်။
ချီကျန့်က အံ့အားသင့်နေပြီး ရေရွတ်လိုက်လေသည် “ အိုး တကယ်ကြီး မျက်စိနဲ့ မြင်တာထက် ပိုတာတွေရှိနေတာပဲ။ ဒါက အထွတ်အမြတ် တိုက်ပွဲနတ်ဧကရာဇ်ရဲ့ အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်လား ”
အထွတ်အမြတ် တိုက်ပွဲနတ်ဧကရာဇ်သည် ကမ္ဘာဦးခေတ်တွင် နေထိုင်ခဲ့သူ ဖြစ်ပြီး လွန်ခဲ့သော နှစ် တစ်သိန်းရှစ်သောင်းခန်က နတ်ဧကရာဇ်တစ်ပါး ဖြစ်၏။ သူက တိုက်ပွဲများမှ သူ့တာအိုကို ရရှိခဲ့သည့် ဒုတိယမြောက် အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ ဖြစ်ပြီး နတ်ဧကရာဇ်အဖြစ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့သည်။
သိထားရသည်မှာ အထွတ်အမြတ် တိုက်ပွဲနတ်ဧကရာဇ်တွင် ထူးချွန်ပြောင်မြောက်လှသည့် တိုက်ပွဲစွမ်းရည်တို့ ပိုင်ဆိုင်ထားလေသည်။
အခြားနတ်ဧကရာဇ်များကြား သူက စည်းကမ်းအမဲ့ဆုံးနှင့် ခပ်မိုက်မိုက်ပုံစံဖမ်းရသည်ကို ကြိုက်နှစ်သက်သည့် နတ်ဧကရာဇ်တစ်ဦး ဖြစ်သည်။
ချီကျန့်က ရှန်ထျန်းသည် ဤအထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်ကို ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချီကျန့်တွင် အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ၏ သွေးမျိုးဆက် ပိုင်ဆိုင်ထား၏။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမွေအနှစ်က သူ့အနေနှင့် ကျင့်ကြံဖို့ အသင့်တော်ဆုံး ဖြစ်ပေသည်။ အကယ်၍ သူသာ ထိုအမွေအနှစ်ကို ရရှိသွားပါက သူ့စွမ်းအားက သိသိသာသာ တိုးတက်လာလိမ့်မည်။
………....
ချီကျန့်က စိတ်ပေါ့ပါးသွားကာ ကျေးဇူးတင်စွာ ပြောလိုက်သည် “ ခေါင်းဆောင်နောက်လိုက်ခဲ့တာ ငါ တကယ်ကံကောင်းတာပဲ ”
အကယ်၍ ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် သူက ဤအထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်ကို ဘယ်လိုဖြစ်ဖြစ် ရှာတွေ့မည် မဟုတ်ချေ။
ရှန်ထျန်းက ပြုံးကာ ခေါင်းခါလိုက်သည်။ ဤသည်မှာ ချီကျန့်၏ နဂိုကံအပြောင်းအလဲ အခွင့်အရေး ဖြစ်၏။
ထိုစဉ် အာကာပြင်က ရုတ်ချည်း ပုံပျက်လာသည်။ တောင်ဂူဝမှ စွမ်းအားစိမ့်ထွက်လာပြီး အလင်းတန်း ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို ရစ်ပတ်နေသည်။ အလင်းရောင်က တောက်ပကာ အငွေ့အသက်များဖြင့် ရစ်ပတ်နေပြီးနောက် နှစ်ယောက်လုံးကို ဝင်ဖို့တားဆီးထားသည့် အနက်ရောင် ဝဲကတော့ကြီးအဖြစ် ပြောင်းလဲသွားသည်။
“ အစီအရင်ရှိနေတာလား ”
ချီကျန့်က မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရသည်မှာ အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်အတွင်း ဝင်ရောက်ဖို့ သိပ်မရိုးရှင်းလှပေ။ ပုံရိပ်ယောင်ကို ထိုးဖောက်မြင်နိုင်ရုံသာမက ဝင်ရောက်နိုင်ဖို့ စွမ်းအားပမာဏတစ်ခု ရှိထားဖို့လည်း လိုအပ်သေးသည်။
အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်၏ သတင်းက ပြင်ပလောကတွင် ပေါ်ထွက်မလာဖူးသည်မှာ မဆန်းတော့ပေ။ ဝင်ရောက်ဖို့ အခြေအနေလိုအပ်ချက်ကလည်း မြင့်မားလွန်းကာ သာမန်လူများအနေနှင့် တတ်နိုင်မည် မဟုတ်ပေ။
“ ခေါင်းဆောင် ငါ စမ်းကြည့်မယ် ” ချီကျန့်က အရင်ပြောလိုက်သည်။ သူက သူ့ဘိုးဘေး၏ အမွေအနှစ်ကို အရယူဖို့ ဆုံးဖြတ်ထား၏။
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ ဤအစီအရင်က အားကောင်းသော်လည်း ချီကျန့်ကို မတားဆီးနိုင်ပေ။
ဤအနက်ရောင် ဝဲကတော့ကြီးက ချီကျန့်၏ အားအပြည့် တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားသည်။ ထို့နောက် အာကာနယ်စွမ်းအားတစ်ခု ပေါထွက်လာပြီး သူတို့အား လွှမ်းခြုံသွားသည်။ သူတို့နှစ်ယောက်လုံး ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။
သူတို့အလင်းကို ပြန်မြင်ရချိန် နောက်အာကာပြင်ထဲ ရောက်နေလေပြီ။ ဤနေရာမှာ အတော်လေး ထူးခြားလှ၏။ ဝိညာဉ်ချီများလည်း ကြွယ်ဝသလို ကောင်းကင်အငွေ့အသက်များလည်း ပြည့်နှက်နေသောကြောင့် အိပ်မက်ဆန်သလို ခံစားရစေသည်။
ခမ်းနားကြီးကျယ်သည့် တောင်တန်းများက အဝေးတွင်ရှိနေပြီး တိမ်တွေထဲအထိ မားမားမတ်မတ် ရပ်တည်နေသည်။
တောင်တန်းအမြောက်အများက တစ်ခုနှင့်တစ်ခု ဝန်းရံထားသောကြောင့် အဆုံးအစမဲ့သလို ထင်မှတ်ရသည်။
ဤသည်မှာ ပါရမီထူးချွန်သည့် လူများကို ပျိုးထောင်ပေးရာ၌ အပြီးပြည့်ဆုံး နေရာတစ်ခု ဖြစ်၏။ သစ်ပင်များက တောင်ပေါ်တွင် ထူထပ်သိပ်သည်းနေပြီး မြင်ကွင်းကို စိမ်းစိမ်းစိုစို ရှိစေသည်။
စီးဆင်းနေသော မြစ်များ၊ တေးသီနေသာ ငှက်များ ရှိနေသည့်အပြင် ပန်းရနံ့လည်း လှိုင်လှိုင်ကြွယ်နေသာကြောင့် တစ်ခြားကမ္ဘာသုခဘုံအလား ထင်ရသည်။
“ဒီနေရာက ဝိညာဉ်ချီတွေက ဘာလို့ ဒီလောက်သိပ်သည်းနေရတာလဲ။ ငါတို့မျိုးနွယ်ထဲက ပန်းသစ်သီးတောင်ထက်တောင် ပိုများသေးတယ် ”
ချီကျန့်က အသက်ပြင်းပြင်းရှုကာ သူ့ခန္ဓာကိုယ်ထဲ ဝိညာဉ်ချီများ ဝင်ရောက်လာသည်ကို ခံစားမိပြီး တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားလေသည်။
“ ပြီးတော့ ပုံစံက ပန်းသစ်သီးတောင်နဲ့ ခပ်ဆင်ဆင်ပဲ ”
ချီကျန့်က သူတို့သည် အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်ထဲ ရောက်လာကြောင်း သိလိုက်သည်။ ရွှေမျက်လုံး မီးတောက်မျောက်ဝံသည် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျိုးဆက်များ ဖြစ်သောကြောင့် သူတို့မျိုးနွယ်က နတ်ဧကရာဇ်၏ နောက်ဆုံးအနားယူရာ နေရာကို အတုခိုးထားခြင်း ဖြစ်၏။
အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်သည် ပန်းသစ်သီးတောင်နှင့် အတော်လေး ဆင်တူလှသည်။ ပြောရလျှင် ဤသည်က တကယ့် ပန်းသစ်သီးတောင် အစစ် ဖြစ်၏။
ချီကျန့်က ပျော်ရွှင်မိသွားသည်။ ဤနေရာတွင် ရှိနေခြင်းက အိမ်ပြန်ရောက်သွားသလို ခံစားနေရလေသည်။
…………...
သူတို့နှစ်ယောက်လုံး ရှေ့ဆက်သွားလိုက်ကြသည်။ တောင်တန်းများကို ဖြတ်သန်းသွားလာပြီးနောက် သစ်သီးခြံဆီ ရောက်လာကြသည်။
ဝိညာဉ်သစ်ပင်များကို အစီအရီ စိုက်ပျိုးထားပြီး စိမ်းစိုနေကာ အားကောင်းသည့် ဝိညာဉ်ချီများ ထုတ်လွှင့်နေသည်။ ဝိညာဉ်သစ်ပင်များပေါ်တွင် အရောင်အသွေးစုံလင်သည့် ဝိညာဉ်သစ်သီးမျိုးစုံရှိနေသည်။ သူတို့အားလုံးက လတ်ဆတ်ပြီး နူးညံ့ကာ ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
“ဒီနေရာက အံ့ဖွယ်ပဲ ”
ချီကျန့်က ထိုသစ်သီးများပေါ်မှ အကြည့်မလွဲနိုင်ဘဲ တံတွေးသာ ဆက်တိုက်မျိုချနေမိသည်။
ဤသစ်သီးများက မျောက်တစ်ကောင်အား ဆွဲဆောင်နိုင်လွန်းလေသည်။
သို့သော်လည်း ချီကျန့်က စိတ်မရှည်သည့်သူ မဟုတ်ပေ။ သူက အရင်ဦးစွာ လျှောက်ပတ်ကြည့်လိုက်သည်။ သူက ထိုသစ်ပင်များရှေ့တွင် ကျောက်ပြားတစ်ခုရှိနေကြောင်း မြင်လိုက်ရပြီး ထိုသစ်ပင်များ၏ အမျိုးအစားနှင့် သက်တမ်းကို မှတ်တမ်းတင်ထားသည်။
ရင့်မှည့်လာသည့် သစ်သီးများက အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြ၏။
အချိန်ကြာကြာ ကြီးထွားလာကြသည့် တချို့အသီးများက ဝိဇ္ဇာအဆင့်ပင် ရောက်ရှိနိုင်သည်။ ပြောရလျှင် ဤနေရာ၌ နေရာတိုင်းတွင် ရတနာများ ရှိနေသည်။
ထိုကျောက်ပြားကို ဖတ်ရှုလိုက်ပြီးနောက် ချီကျန့်က မျက်ရည်ဝဲလာကာ “ ငါ့ဘဝမှာ ဒီလိုအဆင့်မြင့် သစ်သီးအများကြီးကို တစ်ခါမှ မမြင်ဖူးဘူး။ မျိုးနွယ်ထဲမှာ တချို့တလေရှိပေမဲ့ အားလုံးက ဟိုလူအိုကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ဆိုတော့ စားချင်တိုင်း မစားရဘူး။ ဒီနေ့တော့ အားရပါးရ စားပစ်ဦးမယ် ”
ထိုသစ်သီးများက ချီကျန့်၏ ဆာလောင်မှုကို လှုံ့ဆော်ပေးနေကာ သူ့အနေနှင့် ဗိုက်တင်းသည့်အထိ စားချင်လာရုံကလွဲ၍ မတတ်နိုင်ပေ။ သို့သော်လည်း ချီကျန့်က သစ်သီးခြံဝန်း အနောက်ဘက်ထဲ ကြည့်လိုက်ပြီးနောက် ကျောက်ရုပ်နီးပါး ဖြစ်သွားတော့သည်။
ဤနေရာတွင် သဏ္ဌာန်ကွဲ အပင်ဟူ၍ မရှိပေ။
ငှက်ပျောပင် အတန်းလိုက် စိုက်ပျိုးထားလေ၏။ ထိုငှက်ပျောပင်များကို သုံးတန်း ခွဲထားသည်။
ပထမအတန်း ငှက်ပျောပင်များတွင် အဝါတောက်တောက် ငှက်ပျောသီးများအပြည့် ဖြစ်နေပြီး ငှက်ပျောသီး တစ်လုံးချင်းစီက ရနံ့သင်းသင်းလေးနှင့်အတူ ဝိညာဉ်ချီတို့ပါ ထုတ်လွှင့်နေသည်။ သူတို့အားလုံးက အဆင့်နိမ့် ဝိဇ္ဇာအဆင့် အပင်များ ဖြစ်ကြ၏။
တစ်ချိန်တည်းတွင် ထိုငှက်ပျောပင်ရှေ့တွင် ကျောက်ပြားတစ်ခုရှိနေသည်။ ထိုကျောက်ပြားပေါ်တွင် ငှက်ပျောသီးများ၏ အချက်အလက်ကို မှတ်တမ်းတင်ထားသည်။
နာမည် - အထွတ်အမြတ် ရွှေငှက်ပျောအရော
သက်တမ်း - နှစ်သုံးထောင်တိုင်း ရင့်မှည်နိုင်
အဆင့် - အဆင့်နိမ့် ဝိဇ္ဇာဆေးပင်
ချီကျန့်က လုံးလုံးကြောင်အမ်းနေလေသည်။
ဒီရွှေငှက်ပျောတွေက ဝိဇ္ဇာအဆင့်လား …
သူက တစ်ခါမှပင် တွေးမကြည့်ဖူးပေ။
သို့သော် ထိုအရာက အကုန်မဟုတ်သေးပေ။ နောက်နှစ်တန်းရှိ ငှက်ပျောပင်များဆီမှ ထုတ်လွှင့်နေသော ဝိညာဉ်ချီတို့က ပို၍ အားကောင်းနေသည်။
ထိုငှက်ပျောပင်တန်းရှေ့တွင်လည်း ကျောက်ပြားများ ရှိနေသည်။
နာမည် - အထွတ်အမြတ် ရွှေငှက်ပျောအရော
သက်တမ်း - နှစ်ခြောက်ထောင်တိုင်း ရင့်မှည်နိုင်
အဆင့် - အလယ်အလတ်အဆင့် ဝိဇ္ဇာဆေးပင်
…………
နာမည် - အထွတ်အမြတ် ရွှေငှက်ပျောအရော
သက်တမ်း - နှစ်ကိုးထောင်တိုင်း ရင့်မှည်နိုင်
အဆင့် - အဆင့်မြင့် ဝိဇ္ဇာဆေးပင်
…….....
“ ငါ အိပ်မက် မက်နေတာလား ”
ချီကျန့်၏ မျက်လုံးများက အံ့ဩမှုအတိုင်းသား ဖြစ်နေသည်။ သူက လုံးလုံး မယုံရဲတော့ပေ။
အထွတ်အမြတ် ရွှေငှက်ပျောအရောတွင် ဝိညာဉ်ချီ အမြောက်အများနှင့် အသက်ဓာတ်လည်း ပါဝင်နေသည်။ ပြောရလျှင် ကျင့်ကြံသူများစွာက ငှက်ပျောသီးတစ်လုံးအတွက် အသေအကြေ တိုက်ခိုက်နိုင်ကြသည်။
အကယ်၍ သူတို့ကို သုံးပြီး ဆေးလုံးဖော်စပ်ခဲ့လျှင် ဝိဇ္ဇာဆေးလုံးများကို ခြင်းတောင်းအပြည့် ရလာနိုင်သည်။ အလွန်အရေးကြီးဆုံး အချက်မှာ ဤသည်မှာ ဝိဇ္ဇာဆေးပင် ဖြစ်ရုံသာမက အလွန်အရသာရှိသော သစ်သီးပါ ဖြစ်နေသေး၏။
မျောက်တစ်ကောင်အတွက် အထွတ်အမြတ် ရွှေငှက်ပျောအရော၏ ဆွဲဆောင်မှုကို လုံးဝ မခုခံနိုင်ပေ။
အကယ်၍ နှစ်သုံးထောင်တိုင်း ရင့်မှည့်သည့် ငှက်ပျောသီးများကို ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်ဆီ ပြန်ယူပေးသွားပါက ဝိဇ္ဇာအစစ်အမှန်ပင် လေးစားလာကြလိမ့်မည်။
အကယ်၍ နှစ်ကိုးထောင်တိုင်း ရင့်မှည့်သည့် ငှက်ပျောသီးများကို ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်ဆီ ပြန်ယူပေးသွားလျှင် မျိုးနွယ်၏ စွမ်းအားကြီး ဝိဇ္ဇာပင် ညီအစ်ကို ဖြစ်လာချင်လိမ့်မည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က တံခါးပိတ်လေ့ကျင့်ဖို့ ပင်မအပင်တို့ကို ယူဆောင်ကာ ပျောက်ကွယ်သွားပြီးနောက် မျိုးနွယ်ထဲ ကျန်နေခဲ့သည့် အထွတ်အမြတ် ရွှေငှက်ပျောပင်က ညှိုးနွမ်းသွားခဲ့သည်။
ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ အားကောင်းသည့် ကျင့်ကြံသူများက ဒီလိုအရသာရှိသည့် အသီးမျိုးကို လိုချင်တပ်မက်နေသည်မှာ နှစ်သိန်းချီကြာမြင့်နေလေပြီ။ အကယ်၍ သူတို့သာ ဘိုးဘေး စွဲလမ်းနှစ်ခြိုက်ခဲ့သည့် ငှက်ပျောသီးများကို မြည်းစမ်းနိုင်လျှင် သေခြင်းတရားတောင် ထိုက်တန်ပေသည်။
………....
ချီကျန့်က ရွှေငှက်ပျောအမြောက်အများကို မြင်လိုက်ရုံသာမက ထိုငှက်ပျောသီးအားလုံးကလည်း ရင့်မှည့်နေကြောင်း သိလိုက်ရသည်။
နှစ်ကိုးထောင် ရင့်မှည့်သည့် ရွှေငှက်ပျောသီးများပင် ရာချီ ရှိနေလေပြီ။ ငှက်ပျောသီး ပမာဏအများကြီးက ချီကျန့်အား အလွန်နှစ်ခြိုက်ပျော်ရွှင်စေသည်။ သို့သော်လည်း ခဏအကြာတွင် ချီကျန့်က နှစ်ကိုးထောင် ရွှေငှက်ပျောရှေ့ရှိ ကျောက်ပြားပေါ်တွင် အပိုစာသားနှစ်ကြောင်း ရှိနေကြောင်း တွေ့လိုက်ရသည်။
“ ငါ့ဘဝတစ်ဝက်လောက် ထာဝရမက်မွန်ပင်ကို လိုက်ရှာခဲ့ပေမဲ့ ဒီဘဝမှာ ကံမစပ်တော့တာ နှမြောစရာပဲ”
“ ငါ သိပ်မကြိုက်တဲ့ ထာဝရငှက်ပျောပင်ပဲ ရလိုက်တယ်။ အဲဆိုတော့ ငါ့ဆီမှာ ရွှေငှက်ပျောသီးအများကြီး ရှိနေတော့ ဘာထူးမှာလဲ ”
ချီကျန့်က စိတ်ရှုပ်ထွေးသွားကာ ခေါင်းကုတ်ရင်း မေးလိုက်သည် “ ခေါင်းဆောင် ဒါကဘာကိုပြောတာလဲ ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထိုစာကြောင်း နှစ်ကြောင်း ချန်ထားခဲ့ပြီး သူက အလွန်အမင်း နောင်တရကာ စိတ်ပျက်နေဟန်ပေါ်သည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ “ အသိသာကြီးပဲလေ။ သူက မက်မွန်သီး စားချင်နေတာ ”
“ မက်မွန်သီးကို ငါလည်း ကြိုက်တယ်။ ဒါပေမဲ့ ဒီနေရာမှာ မက်မွန်သီး မရှိဘူး။ ငှက်ပျောသီးပဲ ရှိတယ် ”
ချီကျန့်က အစားအကြောင်း ပြောရင်း မျက်ဝန်းများ လင်းလက်လာသည်။
ရှန်ထျန်းက သက်ပြင်းသာချလိုက်မိသည်။
ဒီမျောက် မကြိုက်တာ ဘာရှိသေးတုန်း …
သူ့အကြည့်တို့က အသီးများပေါ် စွဲမြံနေပြီး တံတွေးတို့က မြေပြင်ပေါ် ကျလုနီးပါး ဖြစ်နေလေပြီ။
သူက ဒီနေရာမှာရှိနေတဲ့ အသီးတွေအားလုံး စားပစ်လိမ့်မယ်လို့ ဘာလို့ ခံစားမိနေပါ့လိမ့်
မျောက်တစ်ကောင်က ငှက်ပျောသီးရဲ့ ဆွဲဆောင်မှုကို ဘယ်လိုလုပ်တွန်းလှန်နိုင်မှာလဲ …
ချီကျန့်က နောက်ဆုံးတွင် အောင့်အီးမထားနိုင်တော့ပေ။
သူက အော်ပြောလိုက်သေး၏ “ မရတော့ဘူး ထပ်သည်းမခံနိုင်တော့ဘူး … ငှက်ပျောသီးရေ ငါလာပြီ ”
ထိုစကားအဆုံးတွင် ချီကျန့်က သစ်သီးခြံဝန်းထဲ ပြေးဝင်သွားတော့သည်။ သူက ခုန်ဝင်ကာ သူ့အမွေးထူထူ လက်များဖြင့် ငှက်ပျောပင်ဆီ လှမ်းလိုက်သည်။
ဝုန်း …
အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာသည်။
ချီကျန့်တစ်ယောက် လက်မရောက်ခင် သစ်သီးခြံဝန်းတစ်ခုလုံးကို အုပ်လွှမ်းသွားသည့် ရွှေရောင်အလွှာတစ်ခု ပေါ်ထွက်လာသည်။ ထိုစဉ် သူ့လက်က အလင်းအလွှာ၏ တားဆီးခြင်းကို ခံလိုက်ရပြီး တွန်းလွှတ်ခံလိုက်ရသလို ဖြစ်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။
“ သေစမ်း ဒီနေရာမှာလည်း ကာကွယ်ရေး အစီအရင် ရှိနေတာလား။ ငါ ဒီအစီအရင်ကို ဘယ်လိုဖျက်စီးပစ်မလဲ ကြည့်နေ… ”
သူက ဝိညာဉ်သစ်သီးများကို မစားနိုင်ကြောင်း တွေ့ပြီးနောက် ဒေါသူပုန်ထလာသည်။ သူက ရွှေရောင်တင်းပုတ်ကို ထုတ်ယူကာ အစီအရင်ကို ဖျက်စီးဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ အထွတ်အထိပ် တင်းပုတ်ဝေ့ယမ်းရိုက်ချက် ”
ချီကျန့်က သူ့တင်းပုတ်ကို ဝေ့ယမ်းရင်း ခက်ထန်သည့် စွမ်းအားများကို ထုတ်လွှင့်လိုက်သည်။ ဧရာမတင်းပုတ်ကြီးက အစီအရင်ပေါ် ပြင်းထန်စွာ ကျရောက်သွားပြီး သူ့အနီးအနားတွင် အငွေ့အသက်များ ရစ်သိုင်းလာကာ အလင်းအလွှာတွင် လှိုင်းကြက်ခွပ် စွမ်းအားလှိုင်းလေးသာ ထသွားစေသည်။
အံ့ဖွယ်အလင်းများက ရေပြင်ထဲ ကျောက်တုံးပစ်ချလိုက်သည့်အလား လျှံဆင်းလာလေ၏။
ချီကျန့်၏ တိုက်ခိုက်မှုက အလုပ်မဖြစ်သည်မှာ သိသာလှသည်။ ထို့အစား သူက နောက်တစ်ဖန် လွှင့်စင်သွားပြီး မြေကြီးအား အပေါက်ဖြစ်သွားစေသည်။
“ ဒီအစီအရင်ကို မကိုင်တွယ်နိုင်ဘူးဆိုတာ မယုံဘူး ”
ချီကျန့်က အံ့ကြိတ်ကာ သူ့ရွှေရောင်အမွေးများက လှိုင်းလုံးများ ထွက်ပေါ်လာသည့်အလား ထောင်မတ်လာသည်။ သူက အားပြင်းပြင်းနှင့် နောက်တစ်ဖန် တိုက်လိုက်ပြန်သည်။
“ အထွတ်အထိပ် တင်းပုတ် ဝေ့ယမ်းရိုက်ချက် ”
“အလုံးစုံ သုတ်သင်ခြင်း ”
“တင်းပုတ် ရိုက်ချက် ”
..............
ချီကျန့်က ဝိဇ္ဇာအစစ်အမှန်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည့် သူ့တင်းပုတ် ပညာရပ်များကို ဆက်တိုက် ထုတ်သုံးနေသည်။ သူက ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာနှင့် ရင်ဆိုင်ရာ၌ပင် ဤမျှလောက် မတက်ကြွခဲ့ပေ။
အဝေးကနေပဲ ကြည့်နေရသည့် ခံစားချက်က သူ့အား စားချင်လာအောင် ပိုလှုံ့ဆော်ပေးနေပြီး စိတ်မရှည်ဖြစ်လာစေသည်။
ဘန်း …
နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
သူ့တင်းပုတ် ကျရောက်သည့်အချိန်တိုင်း အာကာပြင်က ကြောက်ခမန်းလိလိ စွမ်းအားဖြင့် တစစီ ဖြစ်လာနိုင်လောက်သည်။ သို့သော်လည်း သူက အစီအရင်ကို မဖျက်စီးနိုင်သေးပေ။ ထို့အစား သူက တန်ပြန်သက်ရောက်မှုကြောင့် လွှင့်စင်သွားရသည်။
ချီကျန့်က နောက်ဆုံးတွင်တော့ လက်မြောက်အရှုံးပေးလိုက်လေပြီ။
“ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က သစ်သီးခြံထဲ ဘာလို့များ ဒီလောက်အားကောင်းတဲ့ အစီအရင်ခင်းကျင်းထားရတာလဲ။ သူက တွန့်တိုလွန်းတယ်။ အသီးလေး တစ်လုံးတောင် စားခွင့်မပေးဘူး ”
ချီကျန့်က ဒေါသထွက်လာသော်လည်း အလင်းအလွှာအပြင်ဘက်မှသာ ငှက်ပျောသီးများကို စိုက်ကြည့်ရုံသာ တတ်နိုင်လေသည်။ သူက တစ်ခုခုကို တွေးမိသွားသည့်အလား မျက်ဝန်းတို့ လင်းလက်လာသည်။
ချီကျန့်က တောင်းဆိုလိုက်သည် “ခေါင်းဆောင် … ငါ့ကို ဒီအစီအရင်လေး ကူဖွင့်ပေးပါ့လား ”
သူ့တွင် ရွေးချယ်စရာ မရှိပေ။ ငှက်ပျောသီးများ၏ ဆွဲဆောင်မှုက သူ့အတွက် မခံမရပ်နိုင်စရာပင်။
ချီကျန့်၏ အားတက်သရော မျက်နှာကို မြင်ပြီး ရှန်ထျန်းက ငိုရမည်လား၊ ရယ်ရမည်လား မသိတော့ပေ။
“ ကောင်းပြီလေ … ငါ စမ်းကြည့်မယ်။ ဒါပေမဲ့ သေချာပေါက် ဖွင့်နိုင်လိမ့်မယ်လို့တော့ အာမမခံဘူး ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သည် ဤအစီအရင်ကို ခင်းကျင်းခဲ့လေရာ ရှန်ထျန်းပင် ဖွင့်ဟဖို့ ယုံကြည်ချက် မရှိချေ။
“ ကိစ္စမရှိဘူး … ခေါင်းဆောင်က လုပ်နိုင်ပါတယ် ”
ချီကျန့်က ခေါင်းညိတ်ပြလိုက်သည်။ ရှန်ထျန်း ပြခဲ့သည့် စွမ်းအားအရ မဟာဝိဇ္ဇာကိုပင် ဖိနှိပ်နိုင်လောက်အောင် ထူးခြားနက်နဲလွန်းသည့်အတွက် မျှော်လင့်ချက်လေး ရှိနေသေး၏။
ချီကျန့်က အစီအရင်ကို မဖွင့်နိုင်သော်လည်း ဤအစီအရင်က အားမကောင်းဘဲ အလွန်ဆုံး မဟာဝိဇ္ဇာတစ်ယောက်၏ အင်အားမျှသာ ရှိကြောင်း ခံစားမိသည်။
ရှန်ထျန်းက ခုနှစ်ကြိမ်မြောက် မဟာဝိဇ္ဇာကို ကိုယ်ပွားဆယ်ယောက်မတိုင်ခင် အနိုင်ပိုင်းထားသည့်အတွက် သူ့စွမ်းအားက စွမ်းပကား ဝိဇ္ဇာထက် အားမနည်းကြောင်း ညွှန်ပြနေသည်။ သူသာ အနည်းငယ် ကြိုးစားပါက သေချာပေါက် လုပ်နိုင်လိမ့်မည်။
ရှန်ထျန်းက စကားပြောပြီး အချိန်မဖြုန်းနေတော့ပေ။ သူက သူ့ကောင်းကင်လှုပ်ခတ်တူကို ထုတ်ယူကာ ကြိုးစားကြည့်လိုက်သည်။
သူ့တူကို ဝေ့ယမ်းကာ အားအပြည့် ရိုက်ချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ရှန်ထျန်းက သုံးကြိမ်တိုင်တိုင် ရိုက်ချလိုက်ပြီးနောက် အစီအရင်၏ အံ့ဖွယ်အလင်းနှင့် စည်းမျဉ်းတို့ကို လျော့ပါးလာအောင် လုပ်လိုက်သည်။ သူက ချီကျန့်နှင့် ရင်ဆိုင်စဉ်အခါထက် အများကြီး အားပိုကောင်းနေသည်။ ထိုသို့ဆိုလျှင်ပင် အစီအရင်က အက်ကွဲမည့်ပုံ မပြသေးပေ။
ရှန်ထျန်းက ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရသည်မှာ ဒီအစီအရင်က အတော်လေး အားကောင်းပုံပေါ်၏။
ကောင်းတယ် … ငါ့အရည်အချင်းတွေကို စမ်းကြည့်လို့ ရပြီ
ရှန်ထျန်းက ချုပ်ထိန်းမထားတော့ပေ။ သူက အားအပြည့်ထုတ်သုံးလိုက်ပြီး ကောင်းကင်လွင်ပြင် တူ ၃၆ ချက်ကို အသက်သွင်းကာ အစီအရင်ဆီ ပြေးဝင်သွားလိုက်သည်။
နေမင်းတူရိုက်ချက်
လဝန်းပင့်တင် တူရိုက်ချက်
ကြယ်ခြေမွ တူရိုက်ချက်
…………...
ရှန်ထျန်း၏ အရှိန်အဝါများ ပေါက်ထွက်လာကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် လှည့်တိုက်နေသည်။ ထိုစဉ် လေဟာနယ်ကို ခွင်းထုတ်လိုက်သည့် နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာ၏။
ရှန်ထျန်းက ပြိုင်ဖက်ကင်း နတ်ဘုရားကဲ့သို့ တူကို ဆက်တိုက် ဝေ့ယမ်းကာ ထုနှက်နေသည်။ အံ့ဖွယ်အလင်းများက သူ့နား လှည့်ပတ်နေကြပြီး သူ့ချောမောခန့်ညားလှသည့် ရုပ်ရည်အား ပို၍ ထင်းထွက်လာစေသည်။
ဝုန်း
နောက်ဆုံးအသံ ပျောက်ကွယ်သွားပြီးနောက် တူ ၃၆ ချက် ပညာရပ်အားလုံး ထုတ်သုံးလိုက်သည်။ ရှန်ထျန်းက သူ့ကောင်းကင်လှုပ်ခတ်တူကို သိမ်းလိုက်ပြီး သက်ပြင်းချကာ “ ပြီးသွားပြီ ”
အစီအရင်က မကျိုးပျက်သေးသော်လည်း အလင်းတို့က အနည်းငယ် မှေးမှိန်သွားလေပြီ။
ချီကျန့်က စိတ်မချမ်းမြေ့စွာဖြင့် “ ဒီလူအိုကြီးက အရမ်းကပ်စေးနှဲလွန်းတယ်။ သူက သူ့သစ်သီးခြံထဲတောင် အစီအရင် ခင်းထားလိုက်သေးတယ်။ ဘာမျှော်လင့်ချက်မှကို မပေးဘူးလား။ ငါက သူ့သွေးသားတော်စပ်နေတဲ့ … မြေးမြစ်ပဲကိုး ”
သူက အစီအရင်သာ မပျက်စီးလျှင် ငှက်ပျောသီး မစားနိုင်မှန်း သိနေ၍ စိတ်ဓာတ်ကျနေခြင်း ဖြစ်သည်။ သို့သော် ထိုစဉ် အက်ကွဲသံတစ်ခု ရုတ်ချည်း ပဲ့တင်ထွက်လာ၏။
သူက အလင်းအလွှာတွင် အက်ကြောင်းအသေးလေး မြင်လိုက်ရသည်။
“ သူ အောင်မြင်သွားတာလား ”
ချီကျန့်က မျက်လုံးအပြူးသားဖြင့် ထိုအက်ကြောင်းကို ကြည့်လိုက်သည်။ သူက ထိုအက်ကြောင်း ဆက်တိုက် ကြီးလာပြီး အလင်းအလွှာတစ်ခုလုံး ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသည်။
ဝုန်း
ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။
အစီအရင်ကို ဖျက်စီးပြီးသွားလေပြီ။
ချီကျန့်က အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေမိ၏။
“ တကယ်ကြီး ပွင့်သွားတာလား။ ခေါင်းဆောင်က အရမ်းအားကောင်းလိုက်တာ။ ကြည့်ရတာ သူက အရင်ကထက် ပိုအားကောင်းလာသလိုပဲ ”
ချီကျန့်က ကြောင်အမ်းအမ်း ဖြစ်နေပြီး ရှန်ထျန်းက အရှေ့ပင်လယ်မြို့ထဲ မဟာဝိဇ္ဇာနှင့် ရင်ဆိုင်စဉ်အခါထက် ပို၍ အားကောင်းနေမှန်း သတိထားလိုက်မိသည်။
ခေါင်းဆောင်က သူ့စွမ်းအားကို ဝှက်ထားတာလား
ချီကျန့်က ထိုအတွေးနှင့် ခဏတာ ကြောင်သွားသော်လည်း ထိုအတွေးကို ပယ်ချလိုက်သည်။ အကြောင်းမှာ သူက သစ်သီးခြံ အစီအရင် ကျိုးပျက်သွားသည်နှင့် ငှက်ပျောသီး အဝစားလို့ ရလေပြီ။
“ ဟီးဟီး ငါ လာပြီကွ”
ချီကျန့်က တိမ်ပေါ်ရောက်နေသည့်အလား အလွန်ပျော်ရွှင်နေမိသည်။
ခဏအကြာတွင် ချီကျန့်က သစ်သီးခြံထဲ စားတော်ပွဲ ကျင်းပသည့်အလား ပါးစပ်ထဲ သစ်သီးများ ဆက်တိုက် သွပ်သွင်းနေသည်။
ရှန်ထျန်းလည်း သစ်သီးခြံထဲ စတင် စုဆောင်းသိမ်းယူလိုက်၏။
ထိုဝိဇ္ဇာအပင်များက သူ့အတွက် အသုံးမဝင်သော်လည်း အရည်အတွက်များပြားလေသည်။ ထို့ကြောင့် သူက အခြားပါရမီရှင်များကို ပေးဖို့ သုံးရမည်။
ဒါမှမဟုတ် ပစ္စည်းကောင်းလေးဆိုတော့ ဆေးလုံး ဖော်စပ်ရမယ် …
ပို၍ အရေးကြီးသည်က ကောင်းကင်ဘုံပင် သူ့အတွက် ပစ္စည်းများယူဖို့ ခွင့်ပြုပေးထားသည် မဟုတ်ပါလော။
ထို့ကြောင့် ရှန်ထျန်းက အားနာမနေတော့ဘဲ ချီကျန့်နှင့်အတူ သစ်သီးများကို စတင်ခူးယူတော့သည်။ ထိုစဉ် ချီကျန့်က စားကာ သူက သစ်သီးများ သိမ်းယူသည်။ ငှက်ပျောပင်အစေ့များ သို့မဟုတ် ငှက်ပျောခွံများကိုပါ သိမ်းထားလိုက်သည်။
ဝိညာဉ်သစ်သီးများ ပြည့်နှက်နေသည့် သစ်သီးခြံက မြန်မြန်ဆန်ဆန် ဗလာကျင်းသွားလေပြီ။
ထိုစဉ် ချီကျန့်က လေချဉ်ပင် တက်လိုက်သေး၏။
အရမ်းမိုက်တယ် … သောက်ရမ်းမိုက်တယ်
ငါ ဒီလောက် သစ်သီးအများကြီး မစားဖူးဘူး
ခေါင်းဆောင်ရှန်ထျန်းနောက်လိုက်ရင် ငါတော့ အကျိုးကျေးဇူးအများကြီး ရလာတာပဲ
အခု အရမ်းကို ပျော်ရွှင်နေမိပြီ