ခေါင်းဆောင်က ဘိုးဘေးထက် ပိုယုံကြည်စိတ်ချရတယ်
Vol. 30 Ch. 445
အခန်း (၄၄၅) : ခေါင်းဆောင်က ဘိုးဘေးထက် ပိုယုံကြည်စိတ်ချရတယ်
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်းသည် သူ့ကို ဖောက်ထွင်းမြင်နိုင်လောက်သည့်အထိ လိမ္မာပါးနပ်လိမ့်မည်ဟု မထင်ထားပေ။ သူက ထိုအရာသည် ကြီးကျယ်ခမ်းနားသည့်အရာ မဟုတ်သည့်အလား နေရခက်စွာ ခေါင်းကုတ်လိုက်သည်။
သူ့လိုမျိုး နတ်ဧကရာဇ်က ရှန်ထျန်းကို ရိုက်စားလုပ်ရမည်လား။
အကယ်၍ တခြားသူများသာ သိသွားခဲ့လျှင် သူ့မျက်နှာပျက်ရပေမည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ပြုံးကာ “ မင်းကို စနေတာပါ … ဒီကိစ္စက ထာဝရမက်မွန်သီးနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ မင်းကို နတ်ဧကရာဇ်တပိုင်းအဆင့် လက်နက်နှစ်ခုဖြစ်တဲ့ ကောင်းကင်အံ့ဖွယ် တုတ်ချောင်းနဲ့ တိုက်ပွဲအံ့ဖွယ် ချပ်ဝတ်ကို ပေးမယ်။ အဲလောက်ဆို လုံလောက်ပါပြီ”
သူက ရှန်ထျန်းကို မလှည့်ဖျားနိုင်မှန်း သိသောကြောင့် သူ့ရတနာများကို ထုတ်ကာ လဲလှယ်ရတော့သည်။
ထာဝရမက်မွန်သီး၏ အဆင့်က ထာဝရငှက်ပျောသီးထက် ပိုအဆင့်မြင့်ပေသည်။ ထာဝရမက်မွန်သီးသည် နယ်မြေငါးခုတွင် ပေါ်မလာခဲ့ဖူးပေ။ ထို့ကြောင့် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က နှစ်တစ်သောင်းကြာ ရှာဖွေသည့်တိုင် ထာဝရမက်မွန်သီး တစ်လုံးပင် ရှာမတွေ့ခဲ့ခြင်း ဖြစ်၏။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထာဝရငှက်ပျောသီးကို တစ်ကြိမ်မက စားဖူးသော်လည်း ထာဝရမက်မွန်သီးကိုတော့ တစ်ခါပင် မမြည်းစမ်းဖူးသေးပေ။
လူအများက မရရှိနိုင်သည့်အရာကို ပိုတောင့်တကြသည် မဟုတ်ပါလော။
နှစ်တစ်သောင်းကြာ ရှာဖွေခဲ့သော ထာဝရမက်မွန်သီးက ရုတ်တရက် ပေါ်ထွက်လာသည့်အခါ သူ့အနေနှင့် မည်သို့ တည်ငြိမ်နိုင်မည်နည်း။
သူက ရှန်ထျန်းသည် မက်မွန်သီးအား ဘယ်လို ရလာမှန်း မသိသော်လည်း အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ဘယ်လိုဖြစ်ဖြစ် အရယူဖို့ ဆုံးဖြတ်ထားသည်။
ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထာဝရမက်မွန်သီးအတွက် ပစ္စည်းများစွာဖြင့် လဲလှယ်လိုကြောင်း ကြားလိုက်ရသည့်အခါ သူက အားကျလာမိသည် “ ဘိုးဘေး အဲပစ္စည်းတွေက ကျွန်တော်အတွက် မဟုတ်ဘူးလား။ ဘာလို့ အားလုံးနဲ့ လဲလှယ်ပစ်နေတာလဲ။ ကျွန်တော်အတွက်လည်း နည်းနည်းချန်ပါဦး ”
ချီကျန့်က မှားယွင်းနေသလို ခံစားနေရသည်။
သူက ငှက်ပျောသီးကို ငါ့ဆီ ပေးမယ်လို့ ကတိပေးထားတာလေ … အခုတော့ သူက မက်မွန်သီးနဲ့ လဲချင်နေတာတဲ့လား
ပြီးတော့ နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်ပစ္စည်းနှစ်ခုရော … သူတို့က အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံရဲ့ ပစ္စည်း မဟုတ်ဘူးလား
အခုတော့ မျက်တောင်မခတ်ဘဲ အလဲအလှယ်လုပ်ပစ်ဖို့ အကြံပြုနေသေးတယ်။ ဒါက အတွေးကောင်းရော ဟုတ်ရဲ့လား
သူက သူ့မျိုးဆက်ကို ချစ်ခြင်းမေတ္တာလေးနဲ့ ဂရုစိုက်မှုလေး ဘာလို့ မပြသရတာလဲ
..................
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျက်နှာက နီရဲလာကာ
“ အဟွတ်ဟွတ် … ကောင်လေး မင်းအတွက် နတ်ဧကရာဇ်အဆင့် လက်နက်နဲ့ ဆေးပင်တွေ မရှိတော့ပေမဲ့ မင်း လွတ်လွတ်လပ်လပ် စိတ်ကြိုက်တိုက်ခိုက်လို့ရအောင် တစ်ကမ္ဘာလုံး ချန်ထားပေးခဲ့တယ်လေ။ ကမ္ဘာကြီးက အကျယ်ကြီးဆိုတော့ မင်းဘာသာ ကျင့်ကြံပြီး အားကောင်းအောင် လုပ်သရွေ့ မင်းအတွက် ဘယ်ရတနာများ မရဘဲ နေဦးမှာလဲ။
နယ်မြေငါးခုလုံးက မင်းအတွက် ငါ ပေးတဲ့ အကောင်းဆုံးလက်ဆောင်ပဲ။ အခြားပစ္စည်းတွေက အပိုတွေပါကွာ။ သူတို့က တိမ်လို ပျောက်ကွယ်သွားကြမဲ့ ယာယီသဘောမျိုးပါပဲ ”
ချီကျန့် “ … ”
သူက စိတ်လုံးလုံးလျော့လိုက်ပြီး စိတ်ထဲမှာသာ ညီးတွားမိလိုက်သည်။
ကောင်းလိုက်တာ ကျေးဇူးပါပဲ …
….....
ရှန်ထျန်းက နေရခက်စွာ ပြုံးလိုက်မိသည်။ ဤမျောက်အိုကြီးက မက်မွန်သီးအပေါ် အတော်လေး စွဲလမ်းနေပုံပေါ်သည်။
ဒီလိုရတနာအများကြီး ထုတ်ပေးနိုင်တာဆိုတော့ သူက သောက်ရမ်းချမ်းသာတာပဲ
ဟားဟား အဲဒါကို သူက ငါ့ကို လှိမ့်ချင်နေသေးတယ်
သူက ထာဝရမက်မွန်သီးနဲ့ လဲလှယ်ဖို့ ဈေးမြင့်မြင့်ပေးဖို့ လိုအပ်သည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အလဲအလှယ်အတွက် ပစ္စည်းများကို ထပ်တိုးပေးလိုက်သော်လည်း ရှန်ထျန်းက ခေါင်းခါနေဆဲ ဖြစ်၏ “ စီနီယာ နတ်ဧကရာဇ်က ထာဝရမက်မွန်သီးနဲ့ အလဲအလှယ်လုပ်ဖို့ စိတ်အားပြင်းပြနေတာ သိပါတယ်။
ပြောရရင် ကျွန်တော်က စီနီယာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးသင့်တာပေါ့။ ဒါပေမဲ့ ဒီမက်မွန်သီးကို ကျွန်တော်ရဲ့ စီနီယာက ပေးထားတာ … သူက ဆေးလုံးဖော်စပ်ဖို့အတွက် ကျွန်တော်ဆီ အပ်ထားတာလေ။
ကျွန်တော် အလဲအလှယ် မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး ”
ရှန်ထျန်းက မတတ်နိုင်သည့်ဟန်ဖြင့် ကူကယ်ရာမဲ့သည့် အမူအယာကို ချိတ်ဆွဲထားသည်။ သူ့စကားအဆုံးတွင် မက်မွန်သီးကို ပြန်သိမ်းလိုက်သည်။
“ ဘာ … မင်းက အလဲအလှယ် မလုပ်ချင်သေးဘူးလား ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အောင့်သက်သက် ဖြစ်လာသည်။
မင်းက မျှော်လင့်ချက်ပေးလိုက် ရိုက်ချိုးလိုက် လုပ်ချင်နေတာလား …
သူက ဒီမက်မွန်သီးကို ရရှိမည့် အခွင့်အရေးနှင့် မလွဲချော်လိုပေ။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က မြန်မြန် ပြောလိုက်သည် “ အဲဒါ ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းပဲ မဟုတ်ဘူးလား။ မင်းကို ပေးမယ်။ အားလုံးက အတူတူပဲ။ အခြားပါဝင်ပစ္စည်းသုံးလို့ ဘာမှမကွာခြားဘူးလေ။ ထာဝရငှက်ပျောသီး သုံးလုံးဆိုရင်ရော ဘယ်လိုလဲ ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အရာအားလုံးကို စတေးပြီး အလဲအလှယ်ကို တိုးပေးဖို့ အသင့်ဖြစ်နေလေပြီ။ ထာဝရငှက်ပျောသီးကလည်း နတ်ဧကရာဇ်အဆင့် ဖြစ်၏။ ထာဝရမက်မွန်သီးနှင့် မယှဉ်နိုင်လျှင်ပင် အလွန်တရာ အသုံးဝင်နေဆဲ ဖြစ်သည်။
အကယ်၍ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သာ လွန်ခဲ့သော နှစ်တစ်သိန်းရှစ်သောင်းခန့်က ထိပ်တန်း နတ်ဧကရာဇ်တစ်ဦး မဟုတ်ခဲ့လျှင် သူက ထုတ်ပေးဖို့ ဝန်လေးနေမိလောက်၏။
သို့သော်လည်း ရှန်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည် “ ဒါပေမဲ့ အဲဒီစီနီယာက ကျွန်တော်ကို ထာဝရမက်မွန်သီးကို သုံးဖို့ သီးသန့်တောင်းဆို … ”
“ ထာဝရငှက်ပျောသီး ၆ လုံး ”
“ စီနီယာက ကျွန်တော်ကို အခက်တွေ့အောင် လုပ်နေတာပဲ ”
“ ထာဝရငှက်ပျောသီး ၉ လုံး”
“ စီနီယာရယ် ကျွန်တော်က အဲလောက်အများကြီး ဘယ်လိုလုပ် ယူရမှာလဲ ”
“ ဆယ်လုံးကွာ … လဲချင်လား။ ငါ့မှာ ထပ်မရှိတော့ဘူး ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က စိတ်ပူလာသည်။ သူက ရှန်ထျန်းသည် သူ့သဘောထားကြောင့် စိတ်မလှုပ်ရှားဘဲ နေလိမ့်မည်ဟု မယုံပေ။ သို့သော်လည်း သူက တစ်ခုခုတွေးမိဟန်ဖြင့် သူ့အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။
ကျစ် ငါ သူ့အလိမ်ခံလိုက်ရပြီ …
မက်မွန်သီးတစ်လုံးအတွက် ဒီလောက် နတ်ဧကရာဇ်အဆင့် ငှက်ပျောသီးအများကြီး ထုတ်ပေးတာ အဆင်ပြေရဲ့လား
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ဤအလဲအလှယ်သည် သူ့အတွက် အရှုံးမှန်း ယခုမှ သတိပြုမိသွားသည်။ သို့သော်လည်း သူ့စကားများကို အမှန်မပြင်နိုင်ခင် ရှန်ထျန်းက ပြုံးလိုက်ပြီး “ သဘောတူတယ် ”
ရှန်ထျန်းက ဤသည်မှာ အလဲအလှယ်ကောင်းမှန်း မည်သို့ မသိဘဲနေမည်နည်း။
ထာဝရငှက်ပျောသီးဆယ်လုံးက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ ကန့်သတ်ချက် ဖြစ်နေလေပြီ။
အကယ်၍ သူသာ ဆက်ငြင်းနေပါက ဘာမှရတော့မည် မဟုတ်ပေ။
ထိုစဉ် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က နားလည်သွားဟန်ဖြင့် ခါးသီးစွာ ခါးယမ်းလိုက်တော့သည် “ ဉာဏ်ကောင်းလိုက်တဲ့ ကောင်လေး … မင်းက တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ မင်းကို အဲပစ္စည်းတွေ ပေးနိုင်ပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ် ”
ရှန်ထျန်းက ပြုံးကာ “ စီနီယာ ပြောပါ ”
သူက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သည် စကားများကို ပြန်ရုတ်သိမ်းမည့်အကြောင်း မစိုးရိမ်ပေ။ သူက နတ်ဧကရာဇ် ဖြစ်သည့်အတွက် ထိန်းသိမ်းရမည့် ဂုဏ်သိက္ခာရှိသေးသည်။
“ အရင်ဆုံး မင်းကို ထာဝရမက်မွန်သီးကို မင်းဆီ အပ်ထားခဲ့မယ်။ မင်း နတ်ဘုရားလောကဆီ တက်လှမ်းလာတဲ့အခါကျ ခရမ်းမွှေးစံအိမ်ရဲ့ ကောင်းကင်ညီမျှမြို့ကို လာပြီး ငါ့ဆီ မက်မွန်သီး ပေးလှည့်”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ဖွင့်ဟပြောလိုက်ရင်း စိတ်လျော့လိုက်သည်။ သူက မက်မွန်သီးကို စားချင်သော်လည်း မတတ်နိုင်ရှာပေ။
သူ့လက်ကျန် အသိစိတ်က စားလိုက်လျှင်ပင် ဘာမှအရသာ ခံနိုင်မည် မဟုတ်ချေ။
သူ့နဂိုခန္ဓာကိုယ်ကသာ ဤသို့အရသာရှိရှိ အစားအစာကို မြည်းစမ်းရမည်။
မည်သို့ပင်ဆိုစေကာမူ သူက နှစ်သောင်းချီ စောင့်ဆိုင်းပြီးပြီ ဖြစ်၍ ခဏထပ်စောင့်ဖို့ စိတ်ထဲ မထားပေ။
ရှန်ထျန်းက အနည်းငယ် အံ့ဩသွားသော်လည်း ရင်ဘတ်ပုတ်ကာ အာမခံချက်ပေးလိုက်သည် “ စီနီယာ စိတ်မပူပါနဲ့။ ဒီမက်မွန်သီးကို ကောင်းကင်ညီမျှမြို့ဆီ ဘေးကင်းကင်း ယူဆောင်လာခဲ့ပါ့မယ် ”
ပြောရလျှင် ရှန်ထျန်းအတွက် မက်မွန်သီးတစ်လုံးဖြင့် အဖိုးတန်ရတနာများစွာကို အောင်အောင်မြင်မြင် လဲလှယ်နိုင်ခဲ့သောကြောင့် အောင်မြင်မှုအကြီးကြီး ဖြစ်ပေသည်။ ထို့အပြင် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အခြေအနေက ရိုးရှင်းလွန်းပြီး လုံးဝ မခက်ပေ။
ရှန်ထျန်းအနေနှင့် တုံ့ဆိုင်းမနေဘဲ သဘောတူသည်မှာ ပုံမှန်သာ ဖြစ်၏။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ခေါင်းညိတ်ကာ ထာဝရငှက်ပျောသီး ဆယ်လုံးကို ထုတ်ပေးလိုက်သည်။
ထိုပစ္စည်းများ ပေါ်ထွက်လာသည်နှင့် အဆုံးမဲ့ ဝိညာဉ်ချီတို့ ထွက်ပေါ်လာကာ ရွှေရောင်တဖြတ်ဖြတ် တောက်ပလာပြီး အသက်ဓာတ်လည်း ကြွယ်ဝလာသည်။ ထိုငှက်ပျောသီးများ၏ တန်ဖိုးက မက်မွန်သီးကို ကျော်လွန်သွားလေပြီ။
အထူးသဖြင့် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က မက်မွန်သီးကို တပ်မက်စွဲလမ်းနေသောကြောင့် ထိုပစ္စည်းများက မည်မျှအဖိုးတန်ပါစေ အသုံးမဝင်တော့ပေ။ သူက မက်မွန်သီးတစ်လုံးအတွက် ဈေးမြင့်မြင့်ပေးခဲ့သည်။
“ ကောင်လေး ယူလိုက် ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်လိုမျိုး လူပင် ထိုရတနာများစွာကို တစ်ခါတည်း ထုတ်ပေးလိုက်ရသည့်အတွက် အင်တင်တင် ဖြစ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ သူက သူ့ဘာသာ နှစ်သိမ့်လိုက်၏။
အဆင်ပြေတယ် အဆင်ပြေတယ် … အဟောင်းတွေကုန်သွားရင် အသစ်တွေရောက်လာမှာ
ငါ့မက်မွန်သီး ရှိနေသရွေ့ အဆင်ပြေတယ် …
“ စီနီယာကို ကျေးဇူးတင်ပါတယ် ”
ရှန်ထျန်းက ထိုပစ္စည်းများကို တုံ့ဆိုင်းမနေဘဲ ကောက်သိမ်းပစ်လိုက်သည်။ ထာဝရငှက်ပျောသီးက မက်မွန်သီး၊ အဆင့် ၁၂ ပဒုမ္မာကြာတို့နှင့် မယှဉ်နိုင်သော်ငြား ဝိဇ္ဇာအဆင့်ကို ကျော်လွန်သည့် အာနိသင်ရှိသည့် နတ်ဧကရာဇ်အဆင့် ဆေးဖက်ဝင် အမျိုးအစား ဖြစ်နေသေး၏။
ထို့အပြင် ပမာဏက အရည်အသွေး ကွာခြားချက်ကို ခြုံလုံစေဖို့ လုံလောက်ပေ၏။
ငှက်ပျောသီးဆယ်လုံးက မက်မွန်သီး တစ်လုံး တန်ဖိုးကို ကျော်လွန်နေလေပြီ။ ဤအလဲအလှယ်မှာ ထိုက်တန်လှ၏။
သူ့ဘိုးဘေးက ရတနာများစွာ ထုတ်ပေးလိုက်သည်ကို မြင်သောအခါ ချီကျန့်က ထိုပစ္စည်းများအပေါ် အကြည့်မလွဲနိုင် ဖြစ်နေမိသည်။
သူ့အားကျနေသော မျက်နှာက နှစ်တစ်သောင်း သံပုရာသီးစားထားသလို ဖြစ်နေလေသည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထိုမြင်ကွင်းကို မကြည့်ရက်ပေ။ သူက သက်ပြင်းချလိုက်ပြီး ချီကျန့်အား ငှက်ပျောသီးတစ်လုံး ပေးလိုက်၏။
“ငါ့ဆီမှာ နောက်ထပ် မရှိတော့ဘူး။ တစ်ခါတည်းနဲ့ အကုန်စားမပစ်နဲ့ ”
အဆုံးသတ်၌ ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျိုးဆက် ဖြစ်ပြီး အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်က သူတို့နှစ်ယောက်တည်းသာ ရှိလေသည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အပေါ် ဂရုစိုက်မှုတချို့ ပြသလိုက်သည်။
ချီကျန့်က ပျော်ရွှင်သွားပြီး “ ဘိုးဘေးကို ကျေးဇူးတင်ပါတယ် ”
ငါ့ဘိုးဘေးက ငါ့ကို ဂရုစိုက်သေးတာပဲ … မက်မွန်သီးအတွက် ထုတ်ပေးလိုက်တာတွေနဲ့ မယှဉ်နိုင်ပေမဲ့ ဒါက နတ်ဧကရာဇ်အဆင့် အသီးပဲလေ
...
ထို့နောက် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ပစ္စည်းနှစ်ခု ထုတ်ကာ ရှန်ထျန်းဆီ ပေးလိုက်သည်။ ထိုပစ္စည်းနှစ်ခု ပေါ်ထွက်လာသည်နှင့် အံ့ဖွယ်အလင်းတန်းများ တောက်ပလာကာ များပြားလှသည့် အငွေ့အသက်များ ထုတ်လွှင့်လာသည်။
ထိုပစ္စည်းနှစ်ခုက နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်များ ဖြစ်သည့် ကောင်းကင်အံ့ဖွယ် တုတ်ချောင်းနှင့် တိုက်ပွဲအံ့ဖွယ် ချပ်ဝတ်တို့ ဖြစ်ကြသည်။
ကောင်းကင်အံ့ဖွယ်တုတ်ချောင်းက ရွှေနီရောင် တောက်ပနေပြီး ခမ်းနားကြီးကျယ်လှသည်။ တုတ်ချောင်းတွင် နက်နဲသည့် စွမ်းအားများပါဝင်နေပြီး စည်းမျဉ်းသဘောတရားများအား ရေးထွင်းထားသည်။ ဤသည်မှာ စွမ်းအားကြီး တိုက်ခိုက်ရေး လက်နက် ဖြစ်၏။
ကောင်းကင်အံ့ဖွယ် တုတ်ချောင်း ပေါ်ထွက်လာသည်နှင့် အဆုံးမဲ့ စည်းမျဉ်းတို့ ထွက်ပေါ်လာသည်။
ထိုစဉ် ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်တော့မည့်အလား လေဟာနယ် တုန်ခါလာပြီး အာကာပြင်လည်း တွန့်လိမ့်လာသည်။
တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်က အလွန်တရာ ထူးခြားလှသည်။ ချပ်ဝတ်တွင် ရွှေရောင်နှင့် အနီရောင် အံ့ဖွယ်သင်္ကေတများဖြင့် ပြည့်နှက်နေပြီး အလင်းတန်းများ ရစ်ပတ်ကာ အရှိန်အဝါများ ထွက်ပေါ်နေသည်။
တိုက်ပွဲအံ့ဖွယ် ချပ်ဝတ်မှ စူးရှသည့် တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုအရာက အသုံးပြုသူ၏ တိုက်ပွဲအငွေ့အသက်ကို နှစ်ဆတိုးမြင့်ပေးနိုင်ပြီး ကာကွယ်ရေးအတွက်လည်း ပြိုင်ဖက်ကင်းလှ၏။
ရှန်ထျန်းက နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်နှစ်ခုကို ကိုင်ထားရင်း ပျော်ရွှင်နေမိသည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ် ချီးမြင့်တဲ့ ရတနာဆိုတဲ့အတိုင်းပဲ … သူတို့က အခြားနတ်ဧကရာဇ်တပိုင်းအဆင့် လက်နက်ထဲမှာတောင် အကောင်းဆုံး ဖြစ်လောက်တယ်
အထူးသဖြင့် ကောင်းကင်အံ့ဖွယ်တုတ်ချောင်းတွင် အံ့ဖွယ်နေမင်း မီးပြင်းဖိုထက်သာ နိမ့်ကျလောက်သည်။
ထိုအရာအားလုံးက အဖိုးတန်ပစ္စည်းများ ဖြစ်ကြသည်။
ရှန်ထျန်းက သူတို့ကို မလိုချင်ကြောင်း ပြောနေသော်လည်း ခန္ဓာကိုယ်အပြုအမူများက ရိုးသားလှသည်။
သို့သော်လည်း သူက တစ်ခုခု တွေးမိသွားဟန်ဖြင့် ရှန်ထျန်းက ထာဝရငှက်ပျောသီး ငါးလုံး၊ ကောင်းကင်အံ့ဖွယ်တုတ်ချောင်းနှင့် တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်တို့ကို ထုတ်ကာ ချီကျန့်ဆီ ပေးလိုက်သည်။
“ ညီအစ်ကိုချီကျန့် ဒါတွေကို မင်းဆီ ပေးမယ်။ ကောင်းကင်အံ့ဖွယ်တုတ်ချောင်းနဲ့ တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်က အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံအတွက် ပိုသင့်တော်တယ်။ အဲဒါက မင်းစွမ်းရည်ကို သိသိသာသာ တိုးတက်လာစေလိမ့်မယ်”
ချီကျန့်က ရှန်ထျန်း၏ ပြောစကား ကြားသည်နှင့် ချက်ချင်း ကြောင်အမ်းသွားသည်။
သူက ရှန်ထျန်းကို ဤမျှရက်ရောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက နတ်ဧကရာဇ်အသီးနှင့် နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်တို့ကို ပေးနေလေသည်။ ထိုပစ္စည်းများက ကြုံရာကျပန်း ဟင်းရွက်ကန်စွန်း မဟုတ်ဘဲ နတ်ဧကရာဇ်အဆင့် သစ်သီးနှင့် နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်တို့ ဖြစ်ပေသည်။
ဝိဇ္ဇာများပင် ထိုပစ္စည်းများကို အရူးအမူး ဖြစ်ကြလိမ့်မည်။
ထိုပစ္စည်းများက အလွန်တရာ အဖိုးတန်သော်လည်း ရှန်ထျန်းက သူ့ဆီ ပေးပစ်သည့်အခါ မျက်တောင်ပင် မခတ်ပေ။
ချီကျန့်က အလွန်တရာ စိတ်လှုပ်ရှားမိသွားသည်။
ခေါင်းဆောင်က အရမ်းကောင်းတာပဲ .. သူ့ကို ခေါင်းဆောင်တင်ထားတာ ငါ နောင်တမရှိတော့ဘူး
ရှန်ထျန်းက သူ့ဆီ ပေးလိုက်သည့် ပစ္စည်းများကို ကြည့်ကာ ချီကျန့်၏ အကြည့်များက စိတ်အားထက်သန်မှုအပြည့် ဖြစ်လာသည်။ သူက အလွန်တရာ စိတ်လှုပ်ရှားမိသွား၏။
မည်သူမှ ထိုသို့မျိုး အဖိုးတန်လက်ဆောင်များကို ငြင်းပယ်နိုင်မည် မဟုတ်ချေ။
ရှန်ထျန်းက တကယ်ကို အများကြီး ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်၌ ချီကျန့်က သူ့လိုချင်စိတ်ကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သည်။ ရတနာနှင့် သစ္စာရှိမှုရှေ့တွင် သူက သစ္စာတရားကိုသာ ရွေးချယ်ခဲ့သည်။
ချီကျန့်က ခေါင်းခါကာ ကျေးဇူးတင်စွာ ပြောလိုက်သည် “ ကျေးဇူးပါ ခေါင်းဆောင် … ငါ လက်မခံနိုင်ဘူး။ ဒါတွေက ခေါင်းဆောင်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ငါ့ကို အားလုံးပေးပစ်လို့ ဘယ်ဖြစ်ပါ့မလဲ ”
ရှန်ထျန်းက ခဏတာ ကြောင်အမ်းသွားလေသည်။ သူက ချီကျန့်တစ်ယောက် ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူက ဖြောင့်ဖျဖို့ ကြိုးစားနေဆဲ ဖြစ်၏ “ မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်က မင်းရဲ့ ရွှေရောင်တိုက်ပွဲ ချပ်ဝတ်ကို ဖျက်စီးလိုက်ပြီ မဟုတ်ဘူးလား။ မင်း ကာကွယ်မှုလျော့ပါးနေတာကို ဒီတိုက်ပွဲအံ့ဖွယ်ချပ်ဝတ်က ကာပေးလိမ့်မယ်။ ငါတို့က ညီအစ်ကိုတွေလေကွာ။ မင်းနဲ့ငါ့ကြား သူ့ဟာငါ့ဟာ ရှင်းရှင်းလင်းလင်း ခွဲခြားနေဖို့ မလိုပါဘူး ”
ရှန်ထျန်းက ထိုသို့လုပ်ရမည့် အကြောင်းအရင်းလည်း ရှိနေသည်။ ဤသည်မှာ ချီကျန့်၏ နဂိုကံအပြောင်းအလဲ အခွင့်အရေး ဖြစ်သော်လည်း သူ ဝင်ပါမှုကြောင့် သူ့လက်ထဲ ရောက်ရှိလာရသည်။ အကယ်၍ ရှန်ထျန်းသာ ထိုပစ္စည်းများကို လက်ခံလိုက်လျှင် ချီကျန့်က အလွန်အမင်း ကံဆိုးမှုကို ခံစားရမည် မဟုတ်သော်လည်း ရှန်ထျန်း၏ ကံကြမ္မာက တိုးတက်လာမည် မဟုတ်ပေ။
ကံကြမ္မာနှင့် နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်များကြား ရွေးချယ်ရလျှင် ရှန်ထျန်းက ကံကြမ္မာကိုသာ ရွေးချယ်ပေမည်။ သူက နတ်ဧကရာဇ်တပိုင်းအဆင့် လက်နက်များ ပြတ်လပ်နေသည် မဟုတ်ပေ။
သူသာ နှစ်ခုအထက် ရခဲ့လျှင် ပိုကောင်းသွားပေမည်။
သို့သော်လည်း ကံကြမ္မာက ကွဲပြားသည်။ ဤသည်က နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်များထက် ကျော်လွန်နေကြောင်း သိသာလှသည်။
ရှန်ထျန်းက ထိုနှစ်ခုကြား ဆုံးဖြတ်ချက် ချလိုက်သည်။
…………...
ချီကျန့်က ရှန်ထျန်းအား အလွန်ကျေးဇူးတင်နေမိသည်။ သူက မျက်ရည်ပင် ဝဲလုမတတ် ဖြစ်နေလေ၏။
သို့သော်လည်း သူက ပြတ်ပြတ်သားသား ခေါင်းခါကာ “ မဖြစ်ဘူး။ တကယ်လို့ ငါ့ဆီ အဲဒါတွေပေးလိုက်ရင် ခေါင်းဆောင်အတွက် ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားမှာပေါ့။ ငါ ဘာမှလည်း မလုပ်ခဲ့ရဘူး။ ဒီလောက်ရတနာအများကြီး ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ ”
ရှန်ထျန်းက မက်မွန်သီးဖြင့် ထိုပစ္စည်းများစွာကို လဲလှယ်ခဲ့ခြင်း ဖြစ်သော်လည်း သူက တစ်ဝက်နီးပါးအား ချီကျန့်ဆီ ပေးချင်နေ၏။
ရှန်ထျန်းက ဘာမှမရရုံသာမက ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားမည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
ချီကျန့်က မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။
ရှန်ထျန်းက ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
ငါက ဒီမျောက်ကို ဘာလို့ ပြောလို့မရတာလဲ
“ လက်ခံလိုက်စမ်းပါ ”
“ မဟုတ်ဘူး … ခေါင်းဆောင်က ရတနာအများကြီး ပေးနေတာလေ ”
“ လက်ခံလိုက်စမ်းပါ ”
“ ခေါင်းဆောင်က ငါ့အပေါ် အရမ်းကောင်းတယ်။ ငါ လက်မခံနိုင်ဘူး ”
………...
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က သူတို့ကို ကြည့်နေရင်း ရှုံ့မဲ့သွားလေသည်။
သူတို့နှစ်ယောက် ဘာတွေတွေးနေတာလဲ … ငါ ထုတ်ပေးလိုက်တဲ့ ပစ္စည်းတွေက အဆိပ်သင့်နေလို့လား
နှစ်ယောက်လုံးက လက်ခံဖို့ ဘာလို့ အသည်းအသန် ငြင်းနေကြတာတုန်း
မင်းတို့ မလိုချင်လည်း ငါ့ဆီသာ ပြန်ပေးလိုက် … ငါ လိုချင်တယ်
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က မဲ့ရွဲ့လိုက်မိသည်။ သူက နှစ်များစွာ အသက်ရှင်ခဲ့သော်လည်း ဤသို့ ထူးထူးဆန်းဆန်း မြင်ကွင်းမျိုး မမြင်ဖူးပေ။
သူတို့က ရတနာအတွက် မတိုက်ခိုက်ကြရုံသာမက ရတနာကိုပင် တစ်ယောက်ဆီ တစ်ယောက် ပြန်ပေးနေကြသေးသည်။
သူတို့က ဘယ်လို ငကြောင်တွေတုန်း …
.................
အဆုံးသတ်၌ ချီကျန့်က ရှန်ထျန်း၏ ဆက်တိုက် ဖြောင့်ဖျမှုကို တောင့်မခံနိုင်တော့ဘဲ လက်ခံလိုက်ရသည်။
“ ခေါင်းဆောင် ဒီလိုဆိုရင်ရော … ငါက ဒီတိုက်ပွဲအံ့ဖွယ်ချပ်ဝတ်ကို လက်ခံမယ်။ ဒါပေမဲ့ ငှားတယ်လို့ သဘောထားလိုက်။ ငါ့ဆီ နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်အသစ် ရလာတာနဲ့ သေချာပေါက် ပြန်ပေးမယ်နော်။ ပြီးတော့ အဲဒီချပ်ဝတ်ကိုပဲ လက်ခံလိုက်မယ်။ ကျန်တာတွေကို ပြန်သိမ်းထားလိုက်ပါ။ မဟုတ်ရင် ငါ ဒီချပ်ဝတ်ကို လက်ခံနိုင်မှာ မဟုတ်ဘူး ”
ချီကျန့်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။ သူက တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်ကို လက်ခံဖို့ လိုလားပေသည်။
“ ငှက်ပျောသီး နည်းနည်းလောက် ယူလိုက်ပါဦး။ မင်းက ငှက်ပျောသီး ကြိုက်တယ် မဟုတ်ဘူးလား”
သို့သော်လည်း ရှန်ထျန်းက ချီကျန့်အား ငှက်ပျောသီး ထပ်ပေးချင်နေသေးသည်။
“ ခေါင်းဆောင် ကိစ္စမရှိပါဘူး။ ငါ လိုချင်ရင် ဘိုးဘေးဆီကနေ ထပ်တောင်းလိုက်မယ် ”
ချီကျန့်က ခေါင်းခါလိုက်သည်။ ထိုပစ္စည်းများက သူ့အတွက် အလွန်တရာ အကျိုးရှိသော်လည်း ရှန်ထျန်းအား ဆုံးရှုံးမှုအကြီးကြီး မဖြစ်စေလိုပေ။ ထို့ကြောင့် သူက ပစ္စည်းတစ်ခုကိုသာ လက်ခံလိုက်ပြီး ရှန်ထျန်းဆီမှ ခတ္တခဏ ငှားထားသည်ဟုသာ သဘောထားလိုက်သည်။
ထိုသို့ဆိုလျှင်ပင် ချီကျန့်က အလွန်အမင်း ကျေးဇူးတင်နေဆဲ ဖြစ်သည်။
ဘယ်သူကများ ဒီလိုအဆင့် ရတနာမျိုးကို ပေးဖို့ လိုလားကြမည်နည်း။
ချီကျန့်၏ စကားကို ကြားပြီး အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ကြောင်အအ ဖြစ်သွားလေသည်။
“ … ”
သူက ငါ့ဆီကနေ ငှက်ပျောသီးကို ဘယ်လိုလိမ်တောင်းရမလဲဆိုတာပဲ သိတာ … မင်း စားချင်ရင် ငါ့ကို တောင်းလိုက်မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ
ငါ့ကို အဲလောက်ချမ်းသာတယ်များ ထင်နေလား
ငါ့ကြွယ်ဝမှုတွေကို လာမဖြုန်းနဲ့
ချီကျန့်က တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်ကို လက်ခံလိုက်ကြောင်း မြင်ပြီးနောက် ရှန်ထျန်းက ချီကျန့်အား အခြားပစ္စည်းများကို ယူရန် အတင်းဖိအားမပေးတော့ပေ။ သို့သော်လည်း သူက သက်ပြင်းချလိုက်သေး၏။
ဒီကမ္ဘာကြီးက ဘာဖြစ်နေတာတုန်း … ငါက ရတနာတွေကို အလကားပေးဖို့တောင် ခက်ရာခဲစစ် ကြိုးစားနေရတာလား
ဟူး … ဘဝကြီးက ခက်ခဲလိုက်တာ
..................
ချီကျန့်က တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်ကို ဝတ်ဆင်ဖို့ စိတ်တက်ကြွနေသည်။ သူ့ကို အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး သူ့အရှိန်အဝါပင် သိသိသာသာ တိုးတက်လာသည်။
တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်၏ ပံ့ပိုးပေးမှုအောက်တွင် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ၏ တိုက်ပွဲအငွေ့အသက်က ပို၍ ပြင်းထန်လာကာ အားကောင်းလာသည်။
ချီကျန့်၏ တစ်ကိုယ်လုံးကို တိုက်ပွဲနတ်ဘုရားတစ်ပါးအလား အလင်းတောက်တောက်များဖြင့် ခြုံလွမ်းထားပြီး တိုက်ပွဲအငွေ့အသက်မှာလည်း မိုးထိမတတ် မြင့်တက်နေသည်။ သူက သူ့စွမ်းအား သိသိသာသာ တိုးတက်လာမှုကို ခံစားမိလိုက်ပြီးနောက် စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
ခေါင်းဆောင်နောက်လိုက်ရတာ တကယ်ပိုကောင်းတာပဲ … ငါ အကျိုးကျေးဇူး အများကြီး ရလိုက်ရုံတင် မကဘူး။ နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်တောင် ရလိုက်သေးတယ်
ခေါင်းဆောင်က အရမ်းမိုက်တယ် … သူက ငါ့ဘိုးဘေးထက်တောင် ပိုယုံကြည်စိတ်ချရတယ်
ဘိုးဘေးက သူ့ရတနာတွေကို ငါ့အတွက် မချန်ထားပေးဘူး … သူက မက်မွန်သီး စားဖို့အတွက် အလဲအလှယ်လုပ်ဖို့ပဲ သိတာ
...................
ရှန်ထျန်း၏ အမြင်အာရုံက ချီကျန့်ခေါင်းပေါ် ကျရောက်နေသည်။ ထိုအချိန် ရှန်ထျန်းက သူ မြင်ချင်နေသည့် မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရသည်။ ချီကျန့်၏ ခရမ်းရောင် ရောင်ဝါက ပို၍ တောက်ပလာလေပြီ။
အလင်းရောင်က ပို၍ ခမ်းနားတောက်ပလာသည်။
ခရမ်းရောင်အလင်းရောင်အောက်တွင် ရောင်ဝါစက်ဝန်း၏ အရောင်က ပို၍ ရင့်လာကာ ခရမ်းရင့်ရောင် ပြောင်းလာသည်။
သူ့နဂိုကံအပြောင်းအလဲ အခွင့်အရေးကို ရရှိပြီးနောက် ချီကျန့်၏ ကံကြမ္မာ တိုးတက်သွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ရှန်ထျန်းက သူ့အား အံ့အားသင့်သွားစေလောက်သည့် နွေးနွေးထွေးထွေး ခံစားချက်မျိုးကို ခံစားမိလိုက်သည်။
ဤသို့သော သာယာဖွယ် ခံစားချက်မျိုးက သူ့အား တိမ်ပေါ်ရောက်နေသလို ခံစားရစေသည်။ သူက ကြေးမုံကို ထုတ်လိုက်ပြီး သူ့ရောင်ဝါကို မြန်မြန်ကြည့်လိုက်မိသည်။ ထိုအရာက ရွှေအိုရောင်အရင့် ဖြစ်သွားလေပြီ။
သို့သော် ထိုအရာတင် မကသေးပေ။ ထိုရွေအိုရောင်အရင့် ရောင်ဝါဝန်းကျင်တွင် ခရမ်းရောင်တချို့လည်း ရှိနေလေ၏။
အနည်းငယ်မျှသာ ဖြစ်သော်လည်း သူ့အတွက် အလွန်စိတ်လှုပ်ရှားစရာ ဖြစ်နေသည်။ အကယ်၍ သူသာ နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးများကို အလကားမျှဝေယူနိုင်ခဲ့လျှင် ခရမ်းရောင် ရောင်ဝါနှင့် ကံကြမ္မာသားတော် ဖြစ်လာပေမည်။
ငါလေးက သောက်ရမ်းဉာဏ်ကောင်းတာပဲ
…………...
သူတို့နှစ်ယောက် မည်မျှသဟဇာတဖြစ်နေသည်ကို မြင်ကာ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်လည်း ကျေနပ်နေမိသည်။ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်က သူတို့တာအိုကို တိုက်ပွဲများမှ နားလည်သဘောပေါက်လာကြခြင်း ဖြစ်၏။ သူတို့က မိုးမြေထံပင် နှိမ့်ချမှုမရှိပေ။
သူတို့မျိုးနွယ်က အလွန်တရာ အားကောင်းသော်လည်း မိတ်ဆွေ မရှိပေ။
ခေါင်းမာပြီး သောင်းကြမ်းတတ်တဲ့ မျောက်တစ်ကောင်နဲ့ ဘယ်သူက မိတ်ဆွေ ဖြစ်ချင်မှာလဲ…
ထို့အပြင် အထွတ်အမြတ်တိုက်ပွဲ မျောက်တံက အခြားမျိုးနွယ်များနှင့် သဟဇာတ ဖြစ်ဖို့ ထိုက်တန်သည်ဟု မခံစားရပေ။
ရလဒ်ကား အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံများသည် အမြဲတမ်း တစ်ယောက်တည်း တိုက်ခိုက်ရသည်။ ချီကျန့်နှင့် ရှန်ထျန်းတို့၏ ဆက်ဆံရေးကောင်းကို မြင်ကာ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အတော်လေး ရင်ထဲ ထိသွားသည်။
ထိုစဉ် ရှန်ထျန်းအပေါ် သူ့အမြင်တို့က ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။
ဒီကလေးက ငါ့ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်ရဲ့ သွေးမျိုးဆက် ဆက်ခံသူကို ဒီနေရာ ခေါ်လာပေးရုံတင်မကဘူး။ ငါ တောင့်တနေရတဲ့ မက်မွန်သီးကိုလည်း ယူလာတယ်
ကြည့်ရတာ ဒီကလေးက အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတွေနဲ့ ကံစပ်တယ် တူတယ် …
“ ကောင်းပြီ။ မင်းကို ငါ့မျိုးနွယ်ရဲ့ မူလပညာရပ်ဖြစ်တဲ့ တိုက်ပွဲတော်ဝင်ကျမ်းကို သင်ပေးမယ်။ မင်းက ဒီတော်ဝင်ကျမ်းကို တိုက်ပွဲအငွေ့အသက်ကနေ အသက်သွင်းဖို့ လိုတယ်။ မင်းရဲ့ တိုက်ပွဲအငွေ့အသက်က အားကောင်းလေလေ ထုတ်လွှင့်တဲ့ စွမ်းအားက ကြီးမားလေလေပဲ။ မင်း ဘယ်လောက် သင်ယူနိုင်မလဲဆိုတာတော့ မင်းလုပ်နိုင်စွမ်းပေါ် မူတည်တယ် ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က လေးလေးနက်နက် ပြောနေသော်လည်း သူက နှစ်ယောက်လုံးကို တိုက်ပွဲတော်ဝင်ကျမ်း သင်ပေးပြီး သူတို့ပါရမီ မည်မျှကောင်းသည်ကို ကြည့်ဖို့ အသင့်ဖြစ်နေလေပြီ။
တိုက်ပွဲတော်ဝင်ကျမ်းသည် သာမန်တော်ဝင်ကျမ်းမျိုး မဟုတ်ကြောင်း သိထားရမည်။ ထိုအရာက ပါရမီမြင့်မားမှုကို လိုအပ်ပေသည်။ သို့သော်လည်း အားမည်မျှစိုက်ထုတ်ခဲ့ခြင်းက ကိုယ့်ဆီ ပြန်ရောက်လာမည့်အရာကို ဆုံးဖြတ်ပေးနိုင်သည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုကျမ်းကို သင်ယူတတ်မြောက်သွားလျှင် သူတို့တိုက်ပွဲစွမ်းအားက အများကြီး တိုးတက်လာလိမ့်မည်။
“ ဘိုးဘေး စိတ်မပူပါနဲ့။ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံပါ့မယ် ”
ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ စကားကို နားထောင်ပြီးနောက် အလွန်အမင်း တက်ကြွနေသည်။
အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတစ်ကောင်အနေနှင့် သူက တိုက်ပွဲတော်ဝင်ကျမ်းသည် မည်မျှအားကောင်းကြောင်း သိထားပြီး သင်ယူဖို့အတွက် တက်တက်ကြွကြွ ဖြစ်နေသည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ သင်ပေးမည် ဖြစ်သောကြောင့် ပို၍ စိတ်လှုပ်ရှားမိသည်။
ရှန်ထျန်းက ပြုံးလိုက်မိသည်။ သူလည်း တိုက်ပွဲတော်ဝင်ကျမ်းကို သိချင်လာမိသည်။
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမွေအနှစ်တော်ဝင်ကျမ်းတစ်ခုအနေနှင့် စွမ်းအားကို လျော့တွက်၍ မဖြစ်ပေ။
အကယ်၍ သူသာ ကျမ်းကို အပြည့်အစုံ နားလည်သွားလျှင် ကျမ်း၏ အားအပြည့်စွမ်းအားကို ဖော်ထုတ်နိုင်ဖို့ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက် လိုအပ်ဦးမလားဟု သိချင်မိသည်။ ရှန်ထျန်းတွင် ကျင့်စဉ်အားလုံးနှင့် သဟဇာတအဖြစ်ဆုံး မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံ ရှိထားလေသည်။ ထို့ကြောင့် သူက ကန့်သတ်ချက်ကို ချိုးဖောက်နိုင်လောက်သည်။
ယခင် ကျင့်ကြံဖူးသည့် သူများသာ နားလည်လိမ့်မည်။
“အရမ်းကောင်းတယ် .. မင်းတို့ နှလုံးသားနဲ့ ခံစားကြည့်လိုက် ”
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ခေါင်းညိတ်ကာ လက်ဝေ့လိုက်သည်။ သူတို့ခေါင်းထဲ ရွှေရောင်အလင်းနှစ်ခု ဝင်ရောက်လာပြီး စိတ်ထဲ အချက်အလက်များစွာ ပေါ်ထွက်လာသောကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့က တိတ်တိတ်ဆိတ်ဆိတ်နေကာ စတင် စုပ်ယူမှတ်သားလိုက်ကြသည်။
………….....
အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က သူတို့နှစ်ယောက် ကျင့်ကြံနေသည်ကို ကြည့်နေရင်း အကြည့်တို့က တောက်ပနေသည်။
ဒီနှစ်ယောက် ဘယ်လောက်များများ နားလည်သွားမလဲ သိချင်မိသား … ငါကိုယ်တိုင် လမ်းညွှန်ပေးထားတာဆိုတော့ ဆိုးလောက်မှာ မဟုတ်ဘူး
ဟားဟား … ငါ့အမွေအနှစ်တွေ ကမ္ဘာကြီးထဲ တဖန် ထွက်ပေါ်လာတော့မယ်