မင်းရဲ့ တိုက်ပွဲစွမ်းရည်က သာမန်ပဲ
Vol. 30 Ch. 446
အခန်း (၄၄၆) : မင်းရဲ့ တိုက်ပွဲစွမ်းရည်က သာမန်ပဲ
အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန်၌
ချီကျန့်ကို မျက်လုံးပိတ်ထားလျက် ကျင့်ကြံနေကာ တိုက်ပွဲတော်ဝင်ကျမ်း သဘောတရားကို နားလည်အောင် ကြိုးစားနေသည်။ သူ့အနီးအနားတွင် စွမ်းအားလှိုင်းများ ဝေ့ဝဲနေပြီး သူ့အရှိန်အဝါကို တိုးပွားလာစေသည်။
သူ့ခန္ဓာကိုယ်မှ ပြိုုးပြိုးပြက်ပြက် ရွှေရောင်တောက်တောက်တို့ လင်းလက်နေကာ အနီရောင် အံ့ဖွယ်အလင်းရောင်တို့က ရစ်ပတ်နေသည့်အတွက် ထူးခြားလှသည်။
ပြင်းထန်လှသော တိုက်ပွဲအငွေ့အသက်များလည်း ဧရာမလှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာကာ ကုန်းမြေတစ်ခုလုံးကို တုန်ခါသွားစေသည်။
ချီကျန့်က စစ်နတ်ဘုရား အသက်ဝင်လာသည်နှယ် တူနေသည်။ သူ့အရှိန်အဝါက တစ်ကမ္ဘာကြီးလုံးကို တိုက်ခိုက်ပစ်သည့်အလား ကြီးကျယ်ခမ်းနားလှသည်။
သို့သော် သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “ ဒီလိုမဖြစ်နိုင်ဘူး။ ငါက တိုက်ပွဲတော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းဆက်ကို အခုအထိ နားမလည်သေးရတာလဲ ”
ချီကျန့်တွင် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့် သူက တိုက်ပွဲတော်ဝင်ကျမ်းကို မြန်မြန်ဆန်ဆန် နားလည်သွားခြင်း ဖြစ်၏။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူက တားမြစ်အခန်းဆက်ကို သဘောပေါက်နိုင်စွမ်း မရှိပေ။
ဤသည်မှာ တိုက်ပွဲတော်ဝင်ကျမ်း၏ အရေးကြီးဆုံး အပိုင်း ဖြစ်ပြီး သူ့အား ဆင့်ကဲပြောင်းလဲသွားစေနိုင်သည်။ သို့သော် ဧရာမ လျိုကြီးသဖွယ် ဖြတ်ကျော်ဖို့ အလွန်တရာ ခက်ခဲလွန်းနေသည်။
ချီကျန့်က မျက်လုံးဖွင့်လိုက်ပြီး နားနှင့် ပါးပြင်တို့ကို ကုတ်လိုက်သည်။
“ဘိုးဘေး ဒီကျမ်းက အရမ်းခက်လွန်းတယ်။ ကျွန်တော် နားမလည်နိုင်ဘူး ”
ချီကျန့်က ပင်ကိုယ်စွမ်းရည်နှင့် နားလည်နိုင်စွမ်းတို့တွင် မြင့်မားပေသည်။ သို့သော် တားမြစ်အခန်းဆက်ကို နားလည်နိုင်ရန်အတွက် ပင်ကိုယ်စွမ်းရည် ပါရမီနှင့် နားလည်နိုင်စွမ်းတို့အပေါ် လုံးလုံးလျားလျား မှီခိုထား၍ မဖြစ်ပေ။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က မအံ့ဩသွားပေ။ တိုက်ပွဲတော်ဝင်ကျမ်းသည် အခက်ခဲဆုံး အမွေအနှစ်တစ်ခု ဖြစ်၏။ ချီကျန့်က အချိန်တိုအတွင်း ဤမျှအထိ ကျင့်ကြံနိုင်သည်ကိုက အံ့အားသင့်နေစရာ ဖြစ်နေလေပြီ။
သူက ပြုံးလိုက်ကာ “ ကောင်လေး စိုးရိမ်မနေနဲ့။ တားမြစ်အခန်းဆက်ကို စွမ်းအားကြီး တိုက်ပွဲအငွေ့အသက်နဲ့ပဲ အသက်သွင်းနိုင်တာ … မင်းဆီမှာ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက် ရှိထားပေမဲ့ မင်းတိုက်ပွဲ အငွေ့အသက်က အားနည်းလွန်းနေသေးတယ် ”
ချီကျန့်က ရုတ်ချည်း နားလည်သွားကာ မြန်မြန် မေးလိုက်သည် “အဲဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ပြုံးလိုက်ပြီး “ မင်း မြန်မြန်ဆန်ဆန် ကျွမ်းကျင်တတ်မြောက်ချင်ရင် မင်း တိုက်ပွဲနည်းလမ်းကို အရင်လက်ဝယ်ပိုက်ထားဖို့ လိုတယ်။ တိုက်ပွဲကနေ နားလည်နိုင်စွမ်း ရလာလိမ့်မယ်။ အဲဒီတိုက်ပွဲအငွေ့အသက်ကို အသုံးချပြီး မင်းကိုမင်း သန့်စင်ပစ်လိုက် …
မင်း တိုက်ပွဲအငွေ့အသက် သွေးချင်ရင် အဲကလေးနဲ့ လက်ရည်စမ်းလို့ရတယ် ”
ချီကျန့်က ရှန်ထျန်းနှင့် လက်ရည်စမ်းခိုင်းကြောင်း ကြားသည့်အခိုက်အတန့် နောက်ဆုတ်လိုက်မိသည် “မဖြစ်ဘူး … ခေါင်းဆောင်နဲ့ တိုက်ရင် ကျွန်တော်ပဲ အရိုက်ခံရလိမ့်မယ်။ ပြီးတော့ ခေါင်းဆောင်က အခုထိ ကျင့်ကြံနေတုန်းပဲဆိုတော့ နှောင့်ယှက်လို့ မကောင်း … ”
ချီကျန်က ရှန်ထျန်း၏ စွမ်းအားသည် မည်မျှကြောက်ဖို့ကောင်းကြောင်း ကောင်းကောင်း သိထားသည်။ သူက တိုက်ပွဲတော်ဝင်ကျမ်းကို သင်ယူခဲ့သော်လည်း ရှန်ထျန်းနှင့် ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိသေးပေ။
ရှန်ထျန်းနဲ့ လက်ရည်စမ်းဖို့လား … အရိုက်ခံရဖို့ သွားတောင်းဆိုနေတာနဲ့ အတူတူပဲ
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က စိတ်ရှုပ်လာသည် “ မင်းက ငကြောက်ပဲ … မင်း ဒီကလေးကို မယှဉ်ရဲရင် တိုက်ပွဲနည်းလမ်းအကြောင်း သင်ယူဖို့ စဉ်းစားမနေနဲ့။ ပြီးတော့ အဲကလေးက မင်းကို ရိုက်နိုင်မှာ မဟုတ်ဘူး။ မင်းဆီမှာ ငါ့တိုက်ပွဲတော်ဝင်ကျမ်း ပိုင်ထားတယ်လေ။ မင်းက အဓိကအနှစ်သာရကို နားမလည်သေးရင်တောင် အရမ်းအားကောင်းနေပြီ …
ပြီးတော့ ဒီကလေးက ဒီကျမ်းကို မင်းလောက် နားလည်ဦးမှာ မဟုတ်ဘူး။ မင်း သေချာပေါက် နိုင်လိမ့်မယ် ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ ယခင်မှ ယခုအထိ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများကြား ချီကျန့်၏ စွမ်းအားမှာ အားနည်းသည်ဟု ယူဆ၍ မရပေ။ သူက ထိပ်တန်း နတ်ဆိုးအသျှင် ဖြစ်သော်လည်း ငါးကြိမ်မြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်လောက် စွမ်းအားထုတ်ပြနိုင်သည်။ သူက ရှားရှားပါးပါး ပါရမီရှိသည်။
ဒီကောင်လေးက ဘာလို့ ငကြောက်ဖြစ်နေရတာလဲ။ သူက လူသားတစ်ယောက်နဲ့တောင် လက်ရည်မစမ်းရဲဘူးလား
သူက အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက်အတွက် အရှက်ရစရာပဲ …
ရှန်ထျန်းက လူသားတစ်ယောက် ဖြစ်သောကြောင့် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံနှင့် ယှဉ်လိုက်လျှင် တိုက်ပွဲတော်ဝင်ကျမ်းကို နားလည်သဘောပေါက်ဖို့ အဆရာပေါင်းများစွာ ပိုခက်ပေသည်။
ထို့ကြောင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ရှန်ထျန်းကို စိန်ခေါ်ရန် ပြောနေခြင်း ဖြစ်သည်။ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက်က သဘာဝအားဖြင့် ထကြွလိုစိတ် ရှိ၏။ လူသားတစ်ယောက်အောက် ရောက်နေသည်ကို မည်သို့သည်းခံနိုင်မည်နည်း။
ချီကျန့်က ခေါင်းခါကာ “ ဘိုးဘေးက ကျွန်တော်ကို ခေါင်းဆောင်နဲ့ တိုက်စေချင်နေတာလား။ အဲဒီအစား ကျွန်တော်ကို အခုသတ်လိုက်တာမှ ပိုကောင်းဦးမယ် ”
သူက စိတ်ထဲတွင် ညီးတွားနေမိသည်။
တိုက်ပွဲနည်းလမ်းတဲ့လား …
ယခင် နတ်ဧကရာဇ်ဟွမ်ရှစ်က ငါ့ကို တိုက်ပွဲနည်းလမ်းကို ရင်ဝယ်ပိုက်ဖို့ ပြောတုန်းက ငါ သေတော့မလို ဖြစ်သွားခဲ့ရတာလေ … ငါ မလုပ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှန်ထျန်းနဲ့ တိုက်ဖို့တော့ လုံးဝ လုံးဝ မဖြစ်ဘူး
..................
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က မျက်လုံးဝေ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
သူက လှောင်လိုက်၏ “ မင်း မတိုက်ချင်ရင်လည်း ထားလိုက်တော့။ မင်းကို ဖိအားမပေးတော့ဘူး။ ဒီနေ့ ဘယ်လိုဖြစ်ဖြစ် ငါက အားနေတာဆိုတော့ မင်းနဲ့ လေ့ကျင့်ပေးမယ်”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်နှင့် လေ့ကျင့်ပေးဖို့ အကြံပြုလိုက်သည်။
ချီကျန့်က ရှုံ့မဲ့သွားလေသည်။
ဘိုးဘေး လာနောက်နေတာလား … ခင်ဗျားက နတ်ဘုရားမသာ သိလောက်တဲ့ အကြာကြီး ရှင်သန်ခဲ့တဲ့သူလေ
ဒီဂျူနီယာအငယ်လေးနဲ့ လေ့ကျင့်ချင်နေတာလား … အဲလောက်တောင် ပျင်းရိနေတာလား
...................
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အမှန်တကယ် ပျင်းနေခြင်း ဖြစ်သည်။ သူက ဤနေရာ၌ နှစ်များစွာ နေခဲ့ပြီးသူ ဖြစ်ရာ ကိစ္စများက ငြီးငွေ့ဖို့ကောင်းနေသည်။ သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ် ဖြစ်သောကြောင့် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်မှာ သဘာဝကျပေသည်။ သို့သော်လည်း သူက နှစ်များစွာကြာသည့်အထိ မတိုက်ခိုက်ခဲ့ရပေ။ သူက အမှန်တကယ် လက်ယားနေမိ၏။
နောက်ဆုံးတွင် တစ်ယောက်ယောက်က သူ့နေရာဆီ ဝင်ရောက်လာပြီဖြစ်ရာ ဤအခွင့်အရေးကို လက်လွှတ်ပေးမည့်အကြောင်း မရှိပေ။ သူ့အကြောလျော့ဖို့ တစ်ယောက်ယောက်ကို သေချာပေါက် ဆွဲခေါ်သွားရမည်။
သူက ချီကျန့်အတွေးများကို ဖတ်နိုင်သည့်အလား အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချောမော့ပြောလိုက်သည် “စိတ်မပူစမ်းပါနဲ့ … ငါ့ကျင့်ကြံဆင့်ကို မင်းလောက် လျော့ချထားလိုက်မယ်။ မျှတတဲ့ တိုက်ပွဲတစ်ခု ဖြစ်မှာပါကွာ ”
ချီကျန့်က နာကျင်နေဟန်ဖြင့် “ ဘိုးဘေးရေ မတိုက်လို့ မရဘူးလား ”
သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ စကားများကို လုံးလုံ မယုံပေ။ သူ မည်မျှ လျော့ချထားစေကာမူ သူက နတ်ဧကရာဇ်တစ်ယောက်၏ အသိစိတ်အကြွင်းအကျန်တစ်ခု ဖြစ်နေသေး၏။
ငါ ဘယ်လိုတိုက်ရမှာလဲ …
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ခေါင်းခါကာ “ မရဘူး။ မင်း တိုက်ကို တိုက်ရမယ်။ မဟုတ်ရင် မင်း ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။ မင်း ဒီကလေးနဲ့ တိုက်မလား ငါနဲ့ တိုက်မလား ကြိုက်တာရွေး ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ငြင်းဆန်ခွင့် မပေးထားပေ။
အကယ်၍ သူသာ တိုက်ပွဲများကို ကြောက်နေလျှင် သူ့ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက်ကို ဖြုန်းတီးမိသလို ဖြစ်ပေမည်။
ချီကျန့်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သည်။ သူက ဤတိုက်ပွဲကို ဝင်ပါရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။
တစ်ဖက်မှာ လူထူးဆန်း ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်ဖက်မှာ နတ်ဧကရာဇ်တစ်ယောက်၏ အသိစိတ် ဖြစ်နေသည်။ သူက ဉာဏ်ရှိရှိ ရွေးချယ်ရမည်။
သိပ်မကြာခင် ချီကျန့်က ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူက ရှေ့တိုးလာကာ လက်နှစ်ဖက်ယှက်လိုက်ရင်း လေးလေးစားစား ဆိုလိုက်သည် “အဲဆို ဘိုးဘေးကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
ရှန်ထျန်း၏ စွမ်းအားက ကြောက်စရာကောင်းလွန်းနေသည်။ သူက ခုနှစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာကိုပင် အသေထုရိုက်နိုင်ခဲ့သေး၏။
သူသာ ရှန်ထျန်းနှင့် ရင်ဆိုင်လျှင် လုံးဝကို ကူကယ်ရာမဲ့နေလိမ့်မည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နတ်ဧကရာဇ်၏ အသိစိတ် ဖြစ်သော်လည်း သူက အဆင့်တူအထိ လျော့ချပေးမည်ဟု ပြောထားသည်။ သူက တစ်ခုခု လုပ်နိုင်လောက်၏။
တစ်ဖက်တွင် အခွင့်အရေး လုံးလုံး မရှိဘဲ သူက အရိုက်ခံရခြင်းနှင့် အဆုံးသတ်သွားနိုင်သည်။
အခြားတစ်ဖက်တွင်တော့ မျှော်လင့်ချက်ပိစိလေး ရှိနေသေးသည်။ ရွေးချယ်မှုကား ရှင်းလင်းလှ၏။
……………....
ကောင်းပြီလေ … ရှန်ထျန်းနဲ့ ငါ့ကြားမှာ မင်းက ငါ့ကို တိုက်ချင်တာပေါ့လေ
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့် သူ့ကို ရွေးချယ်လိုက်သည့်အခါ မထီမဲ့မြင်အပြုံးမျိုး ပြုံးမိလိုက်သည်။ သို့သော် သူက စိတ်မဆိုးပေ။ သူက သူ့ရည်ရွယ်ချက်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားပြီ ဖြစ်၏။ သူက ချီကျန့်၏ အရည်အချင်းကို ထက်လာအောင် သွေးပေးချင်သည်။
ပြိုင်ဖက်က ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ။
နောက်ဆုံးတွင် သူလည်း တိုက်ပွဲကို ဆင်နွဲနိုင်လေပြီ။ ထိုအတွေးက သူ့အား ပျော်ရွှင်လာစေ၏။
ငါ ပျင်းနေတာ နှစ်တစ်သောင်းလောက်ရှိပြီ။ အခုတော့ အကြောလျော့လို့ ရပြီ …
“ ဘိုးဘေးရဲ့ ညွှန်ပြမှုကို မျှော်လင့်နေပါ့မယ် ”
ချီကျန့်၏ တိုက်ပွဲဆာလောင်စိတ်က နိုးကြားလာသည်။ သူက စွမ်းအားများကို အဆုံးအစွန်အထိ လှည့်ပတ်ရင်း အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ ထက်ရှသည့် တိုက်ပွဲအငွေ့အသက် တစ်ခုက သူ့အနား ရစ်ဝဲနေပြီး စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား သူ့အရှိန်အဝါတို့က ခမ်းနားလှသည်။
သူက ထိုးဖောက်အာရုံကို အသက်သွင်းလိုက်သောကြောင့် သူ့မျက်ဝန်းမှ အံ့ဖွယ်အလင်းတို့ ထွက်လာပြီး အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်အပေါ် စိုက်ကြည့်လိုက်သည်။
အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများက တိုက်ပွဲဆာလောင်ကြ၏။ သူတို့က မာနကြီး ခေါင်းမာကာ တိုက်ပွဲဆာလောင်စိတ် ပြင်းထန်ကြသည်။
တိုက်ပွဲများက သူတို့သွေးထဲမှ ရန်လိုမှုကို နှိုးဆွပေးပြီး သူတို့အား စွမ်းအားကြီး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ပြသနိင်အောင် လုပ်ပေးသည်။
ထို့အပြင် သူ့ရှေ့တွင် ရှိနေသူက ကမ္ဘာဦးခေတ်အခါက နာမည်ကျော် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ် ဖြစ်နေသည်။ နတ်ဧကရာဇ်တစ်ယောက်ကို အဆင့်တူ တိုက်နိုင်သည့် အခွင့်အရေးက ချီကျန့်၏ သွေးများအား စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာစေသလို ဖြစ်စေသည်။
သူက သူတို့ကြား မည်မျှကွာခြားကြောင်း သိချင်မိ၏။
…………....
ချီကျန့်က အားအပြည့် တိုက်ခိုက်လိုက်သည်။ သူက တိုက်ပွဲတော်ဝင်ကျမ်းကို အသက်သွင်းလိုက်ပြီး အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်ဆီ ပြေးဝင်သွားသည်။ သူက လက်သီးကို ဝေ့လိုက်ကာ အံ့ဖွယ်မျောက်ဝံ တိုက်ခိုက်နေသည့်အလား သူ့စွမ်းအားတို့က အစွမ်းထက်လှသည်။
“ ဒါက အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်သင့်တဲ့အတိုင်းပဲ ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က မလှုပ်မယှက် ကျန်ရှိနေသည်။ နောက်ဆုံးတွင် သူက လက်တစ်ဖက်မြှောက်ကာ ချီကျန့်အား ဖြတ်ရိုက်လိုက်သည်။
ထိုသာမန်ဆန်ဆန် လက်ဝါးက ကြောက်ခမန်းလိလိ စွမ်းအားကို သယ်ဆောင်လာသည်။
အာကာပြင် အပိုင်းအစများပင် ကြေမွသွားပြီး ထိတွေ့မိသည့်နေရာတိုင်း အပျက်အစီးများသာ ချန်ထားခဲ့သည်။
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက် တွေ့သွားပြီး အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းများ ထွက်လာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နေမင်းကိုပင် ပိတ်ဆို့ပစ်လိုက်သည်။
ချီကျန့်က နောက်ဆုတ်လိုက်ရပြီး သူ့အကြည့်တို့က ပို၍ လေးနက်လာသည်။
သူ့လက်တို့က ကမ္ဘာဦးအံ့ဖွယ် သတ္တုပေါ် ထုရိုက်မိသည့်အလား တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။ တန်ပြန်သက်ရောက်အားက သူ့ခန္ဓာကိုယ်အား နာနာကျင်ကျင် တုန်ခါသွားစေသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကြယ်တာရာအစုအဝေးအလား မမီနိုင်လောက်အထိ ကွာခြားလွန်းနေသည်။
ကျင့်ကြံဆင့် လျော့ချထားလျက်ဖြင့် နတ်ဧကရာဇ်က သာမန်ကျင့်ကြံသူများနှင့် ကွဲပြားနေသေးသည်။ သို့သော် သူက မကြောက်ပေ။ ထို့အစား သူက တင်းပုတ်ကို ဝေ့ယမ်းလိုက်သည်။
စကြဝဠာကို ဖိနှိပ်ခြင်း …
ချီကျန့်က အားအပြည့် ဝေ့ယမ်းလိုက်ပြီး သူ့အရှိန်အဝါတို့က ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်လောက်အထိ မြင့်တက်သွားသည်။ သဘာဝစည်းမျဉ်းများက အစီအစဉ်မကျ ဖြစ်လာပြီး သူ့စွမ်းအားက ကမ္ဘာကြီးကိုပင် လှုပ်ခါသွားစေသည်။ တင်းပုတ်ကြီးက ပေထောင်ချီ မြင့်မားပြီး ကမ္ဘာကြီးကို အက်ကွဲသွားအောင် လုပ်မည့် ကောင်းကင်တိုင်လုံးအလား ဖြစ်နေသည်။
ကံဆိုးစွာဖြင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က လက်ဝါးတစ်ချက်တည်းဖြင့် တိုက်ခိုက်မှုကို ဖျက်စီးပစ်လိုက်သည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အသာအယာ ပြောလိုက်သည် “မင်းရဲ့ တိုက်ပွဲအငွေ့အသက်နဲ့ စွမ်းအားက အရမ်းအားနည်းနေသေးတယ်။ မင်းက ဒီပြိုင်ဖက်ကင်း ကျင့်စဉ်ရဲ့ အနှစ်သာရကို ဖမ်းဆုပ်ဖို့ ကျရှုံးတယ်။ ကောင်လေး ငါ့မျိုးနွယ်ရဲ့ အားအကောင်းဆုံး ပညာရပ်ကို ထုတ်ပြမယ် ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကောင်းကင်ကိုပင် လင်းလက်သွားစေသည့် ရွှေရောင်အလင်းတို့ဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းတွင် သူက ကြောက်မက်ဖွယ် တိုက်ပွဲအငွေ့အသက်ကို ထုတ်လွှင့်နေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ နဂါးငွေ့တန်း ကျဆင်းလာသကဲ့သို့ ဖြစ်သည်။ အရှိန်အဝါက အားပြင်းလွန်းလှ၏။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က တည်တည်ငြိမ်ငြိမ် လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပြီး စွမ်းအားအားလုံးကို စုစည်းလိုက်သည်။ စွမ်းအားများက အလင်းလက်သီးသဖွယ် ဖြစ်သွားသောကြောင့် လေဟာနယ်ကြီးက ဘောလုံးသဖွယ် ဖိနှိပ်ခံလိုက်ရပြီး ချီကျန့်ဆီ ဦးတည်လာသည်။
“ ဘိုးဘေး ဒီလောက် မပြင်းထန်လို့ မရဘူးလား ”
ချီကျန့်က စွမ်းအားအကုန် လှည့်ပတ်လိုက်ရင်း သူ့မျက်လုံးတို့က ပြူးကျယ်လာသည်။ သူက သူ့တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်ကိုပင် အသက်သွင်းလိုက်ရသည်။ သို့သော်လည်း ဤစွမ်းအားကြီး တိုက်ပွဲအငွေ့အသက်အောက်တွင် အရာအားလုံးက ကြေမွသွားသည်။
ဘန်း …
အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ဖုန်မှုန့်များလည်း လွှင့်စင်လာသည်။
ချီကျန့်က မြေပြင်ပေါ် အရှိန်ပြင်းပြင်း ပြုတ်ကျလာပြီး ဖုန်မှုန့်များ ထလာစေသည်။ ထို့နောက် မြေပေါ်တွင် ချိုင့်ကြီး ချန်ထားခဲ့၏။
ချီကျန့်က ဖုန်အလိမ်းလိမ်း ဖြစ်နေပြီး ချိုင့်ကြီးထဲမှ တွားသွားထွက်လာကာ မြန်မြန် အော်ပြောလိုက်သည် “ ဘိုးဘေး ရပ်လိုက်ပါတော့ ရပ်လိုက်ပါတော့။ ကျွန်တော် ရှုံးတာကို ဝန်ခံတယ် ”
ချီကျန့် ကြည့်ရသည်မှာ ပေစုတ်စုတ် ဖြစ်နေသည်။
ငါလေး သနားစရာကောင်းလိုက်တာ … ဘာလို့များ ဒီလိုဘိုးဘေးနဲ့ တွေ့ရတာလဲ
သူက အကြင်နာတရားကို မရှိဘူး။ သူ့မျိုးဆက်တွေအပေါ် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုလေး ဘာလို့ မပြရတာလဲ
.......................
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အသံက လေပြေလေးအလို ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
“ အဲဒါ မင်းအပေါ် မမူတည်ဘူး။ မင်းကို ဒီလောက် ဖိအားလေးမှ မပေးရင် မင်း ဘယ်လိုလုပ် တက်ကြွလာမှာလဲ ”
နောက်အခိုက်အတန့်လေး၌ ကမ္ဘာကို လင်းလက်စေသည့် စူးရှရှ အလင်းရောင် ထွက်လာကာ နေရာတစ်ခုလုံးကို ကာဆီးပိတ်ဆို့ပစ်လိုက်သည်။ အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများလည်း ဆက်တိုက် ရစ်ဝဲနေကြသည်။ ရွှေရောင်အံ့ဖွယ်အလင်းတန်းက ဧရာမလက်ကြီးသဖွယ် ပြောင်းလဲသွားပြီး သူ့အား အာကာပြင်ထဲ ဆွဲခေါ်သွားသည်။
ချီကျန့်က ခေါင်းခါလိုက်ပြီး “ ဘိုးဘေး သက်ညှာပေးပါဦး။ ကျွန်တော် ကိုယ့်ဘာသာ လေ့ကျင့်နေရင် တိုက်ပွဲအငွေ့အသက်ကို ဖြည်းဖြည်းချင်း နားလည်လာမှာပါ ”
“မရဘူး … ဒီနည်းလမ်းက ပိုမြန်တယ် ”
“ အား မဖြစ်ဘူး … ”
“စိတ်ပူမနေနဲ့။ မင်းသာ တိုက်ပွဲအငွေ့အသက်ကို ဖမ်းဆုပ်မိရင် တိုက်ပွဲစွမ်းရည်က ဝှီးခနဲ တက်သွားလိမ့်မယ် ”
“ ဘိုးဘေး ကျွန်တော့်မျက်နှာကို မရိုက်နဲ့လေ ”
ဘန်း ဘန်း ဘန်း …
သနားစဖွယ် ငိုကြွေးသံများက ကောင်းကင်တခွင် ပျံ့နှံ့သွားသည်။
……………….....
ရှန်ထျန်းက ကျောက်တောင်အလား မားမားမတ်မတ် တင်ပျဉ်ခွေထိုင်နေသည်။ သူက ဘေးပတ်ဝန်းကျင်ကြောင့် လွှမ်းမိုးမှု မခံရပေ။ သူက တိုက်ပွဲတော်ဝင်ကျမ်းအား နားလည်သဘောပေါက်ရန် အားစိုက်ထုတ်ထားသည်။
အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ၏ အမွေအနှစ်က နက်နဲကာ ရှုပ်ထွေးလွန်းလှသည်။ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးဆက် မပါရှိဘဲ ကျမ်း၏ အနှစ်သာရကို နားလည်သဘောပေါက်ရန် အလွန်ခက်ခဲပေသည်။
သိပ်မကြာခင် ရှန်ထျန်းက ဤတော်ဝင်ကျမ်း နားလည်ရန် လမ်းစဉ်အား သတိပြုမိသွားသည်။ ဤသည်မှာ တိုက်ပွဲအငွေ့အသက် ဖြစ်၏။
အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများက တိုက်ပွဲကို ခပ်မြင့်မြင့် မှတ်ယူထားကြသည်။ ဤအရာကို တိုက်ပွဲအငွေ့အသက်ဖြင့် ကျင့်ကြံရမည်။
ဤအဓိက သဘောတရား သိသွားပြီးနောက် အရာအားလုံးက ပို၍ လွယ်ကူလာသည်။
ရှန်ထျန်းဆီမှ အလင်းတန်း ဖြာထွက်လာပြီး စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာကာ ကမ္ဘာကြီး၏ သဘာဝအစီအရင်များကိုပါက နူးညံ့ကာ ပျော့ပျောင်းလာစေသည်။
အံ့ဖွယ်အလင်းတန်း ရစ်ပတ်လာပြီး ရှန်ထျန်း ခန္ဓာကိုယ်ထဲ စီးဝင်သွားကြသည်။ ဤသည်က သူ့တစ်ကိုယ်လုံးကို တုန်ခါမှုတွေ ဖြစ်လာစေသည်။
ရှုပ်ထွေးလှသည့် အကြောင်းအရာတို့က ချောမွေ့ရှင်းလင်းလာလေသည်။
ရှန်ထျန်းအနေနှင့် သူ့ခန္ဓာကိုယ်က တိုက်ပွဲတော်ဝင်ကျမ်းကို အလိုလို အဆင့်တက်သွားသောကြောင့် စိတ်နှစ်မျောမိသွားသည်။
ဧရာမပုံရိပ်ကြီးက သူ့စိတ် အမြင်အာရုံထဲ ပေါ်ထွက်လာ၏။ ဤသည်မှာ ပေသောင်းချီ မြင့်မားပြီး ရင်ဘတ်ကော့ကာ ဂုဏ်ယူစွာ ရပ်နေကာ ကောင်းကင်ဆီ မျက်နှာမူ၍ ဟစ်ကြွေးနေလေသည်။
ဤသည်ကား လက်ထဲတွင် ပြိုင်ဖက်ကင်း အံ့ဖွယ်တုတ်ချောင်းကို ကိုင်ဆောင်ထားသည့် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်နေ၏။
ဟိန်းဟောက်လိုက်သည့်အခါ နေလတို့ပင် မှေးမှိန်သွားသည်။ ထို့နောက် သူ့လက်တစ်ချက်အဝေ့ဖြင့် ကြယ်တာရာအစုအဝေးရှိ ကြယ်စင်များက အကုန်ကြေမွကုန်သည်။
ဧရာမ မျောက်ဝံကြီးကို မီးတောက်နီ အရှိန်အဝါဖြင့် အုပ်လွှမ်းထားပြီး အားကောင်းလှသည့် တိုက်ပွဲအငွေ့အသက်များက ဆူနာမီလှိုင်းလုံးများအလား တရိပ်ရိပ် ကြွတက်ကာ ကမ္ဘာကြီးကို လှုပ်ခါမည့်ပုံပေါ်နေသည်။
ထကြွသောင်းကြမ်းသည့် စွမ်းအားက ကောင်းကင်တခွင် ထောင်တက်လာကာ ကမ္ဘာကြီးအား ပြောင်းပြန်လှန်ပစ်ချင်သကဲ့သို့ အာကာပြင်တစ်ခုလုံးကို နှောင့်ယှက်လိုက်သည်။
သူ့ရင်ဘတ်ကို ပုတ်လိုက်ရင်း တုတ်ချောင်းရှည်ကြီးကို ရုတ်ချည်း ဝေ့ယမ်းပစ်လိုက်သည်။ ဤသည်မှာ ဆန်းကြယ်လက်နက် ဖြစ်ပြီး နက်နဲသော စွမ်းအားတို့ ပိုင်ဆိုင်ထားသည်။ တုတ်ချောင်းက ကောင်းကင်ဆီ တိမ်တိုက်များကို ဖြိုခွင်းကာ ရောက်ရှိသွားပြီး ကမ္ဘာမြေအား မိုင်ထောင်ချီ ဖုံးလွှမ်းပစ်လိုက်သည်။
ဤုတုတ်ချောင်းက ဝေဟင်နှင့် ပင်လယ်ကိုပင် ထိန်းချုပ်နိုင်ပြီး နေ၊ လနှင့် ကြယ်တာရာတို့ကိုပင် ဖျက်စီးပစ်နိုင်သည်။
ဝုန်း
ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထွက်လာ၏။
အာကာပြင် အပိုင်းအစများက ကြေမွသွားကာ အဆုံးမဲ့ လေဟာနယ်ကြီး ထွက်လာသည်။ သဘာဝစည်းမျဉ်းများနှင့် အစီအရင်များက အပြည့်အဝ ဖျက်စီးခံလိုက်ရ၏။
ကမ္ဘာထဲရှိ သက်ရှိအားလုံး အဆုံးသတ်ခံလိုက်ရသည်။ ဧရာမမျောက်ဝံကြီးသာ မတ်တတ်ရပ်လျက် ကျန်နေခဲ့၏။
အရမ်းကြမ်းတယ် …
ရှန်ထျန်းက ထိုမြင်ကွင်းကြောင့် ဖိန့်ဖိန့်တုန်ခါသွားလေသည်။ သို့သော် သူ့မျက်နှာအထက် ပျော်ရွှင်မှုအပြည့် အမူအယာတို့ ရှိနေသည်။
ရှန်ထျန်းက သူသည် ဤမြင်ကွင်းကို မြင်ပြီးနောက် တိုက်ပွဲအငွေ့အသက်ပေါ် နက်နက်နဲနဲ နားလည်မှုရရှိသွားကြောင်း သိလိုက်ရ၏။ သူ့အရှိန်အဝါတို့က အားကောင်းသည့် တိုက်ပွဲအငွေ့အသက်သဖွယ် ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ဆက်လက် အားကောင်းလာလေ၏။
ဤတိုက်ပွဲအငွေ့အသက် အကူဖြင့် တိုက်ပွဲတော်ဝင်ကျမ်းအပေါ် ရှန်ထျန်း၏ နားလည်နိုင်စွမ်းမှာ ပို၍ နက်ရှိုင်းလာခဲ့သည်။
သုံးရက်ကြာမြင့်ပြီးနောက် …
နောက်ဆုံးတွင် ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး ပုံရိပ်နှစ်ခု ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ဤသူတို့မှာ ချီကျန့်နှင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်တို့ ဖြစ်ကြသည်။
“လေ့ကျင့်ရေး” အမည်ခံ၍ နှစ်ယောက်သား သုံးရက် သုံးညကြာ မရပ်မနား တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တော့ တစ်ဖက်သတ် ရိုက်နှက်ခြင်းသာ ဖြစ်၏။
ချီကျန့်၏ မျက်နှာက ယောင်ကိုင်းနေပြီး သနားစဖွယ် ဖြစ်နေသည်။
ကိစ္စကောင်းဖြစ်သွားသည်က သူ့ရွှေရောင်အငွေ့အသက်များသည် ယခုအခါက အနီရင့်ရောင် တောက်ပနေပြီ ဖြစ်၏။ သူ့တိုက်ပွဲအငွေ့အသက်များကလည်း ပိုမို အသက်ဝင်လာသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ခေါင်းညိတ်ကာ “ မဆိုးဘူး။ မင်းက တိုက်ပွဲတော်ဝင်ကျမ်း တားမြစ်အခန်းဆက်ကို သုံးရက်လေး လေ့ကျင့်လိုက်ရုံနဲ့ အတော်လေး အကျိုးဖြစ်သွားတာပဲ ”
“ ဒါတွေအားလုံးက ဘိုးဘေးကျေးဇူးကြောင့်ပါ ”
“ ကောင်လေး ငါ့ကို ကျေးဇူးတင်မနေနဲ့။ ဒါက ငါ လုပ်သင့်တာပဲလေ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့် ပခုံးကို ပုတ်ကာ ဘေးဘက်ဆီ လျှောက်လှမ်းလာရင်း အလွန်ကျေနပ်နေသည်။ ချီကျန့်က တစ်ယောက်တည်း ကျန်နေခဲ့ပြီး မျက်ရည်ဝဲကာ သနားစဖွယ် အခြေအနေပေါက်နေသည်။
သုံးရက်အတွင်း သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ နင်းခြေမှုကို ခံခဲ့ရသည်။
ကိစ္စကောင်းက ချီကျန့်၏ တိုက်ပွဲအငွေ့အသက်များ အားကောင်းလာခြင်း ဖြစ်၏။ သူက တိုက်ပွဲတော်ဝင်ကျမ်း၏ တားမြစ်အခန်းဆက်ဖြစ်သည့် တိုက်ပွဲသွေး ကောင်းကင်ကို လောင်ကျွမ်းခြင်းကို နားလည်သဘောပေါက်မှု တိုးတက်လာခဲ့သည်။
ဤသည်မှာ လူတစ်ယောက်၏ စွမ်းအားကို ခန္ဓာကိုယ်ထဲမှ တိုက်ပွဲသွေးကို လောင်ကျွမ်းခံခြင်းဖြင့် တိုးမြင့်ပေးနိုင်သော ပြိုင်ဖက်ကင်း ပညာရပ် ဖြစ်၏။
တိုက်ပွဲအငွေ့အသက်က အားကောင်းလေလေ သူတို့တိုက်ခိုက်ရည်လည်း အားကောင်းလေလေ ဖြစ်သည်။
အကယ်၍ ချီကျန့်သာ ဤပညာရပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့လျှင် သူ့စွမ်းအားကို နှစ်ဆတိုးပွားသွားမည် ဖြစ်ကာ ခြောက်ကြိမ်မြောက် ဝိဇ္ဇာအစစ်အမှန်အား နှိမ်နင်းနိုင်လိမ့်မည်။
သူ့အင်အား တိုးမြင့်လာမှုက အခြေအနေဆိုးမှာ ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်။
သူက ပြင်းပြင်းထန်ထန် ရိုက်နှက်မှုများကို တောင့်ခံခဲ့ရသော်လည်း ချီကျန့်က ရန်ငြိုးမထားပေ။ သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်သည် သူ့အတွက် ကောင်းအောင် သွန်သင်ပေးနေခြင်း ဖြစ်ကြောင်း သိထား၏။
ဟုတ်တယ် … အဲဒါက ငါ သူ့ကို မရိုက်နိုင်လို့ မဟုတ်ဘူးနော်
...................
“ သုံးရက်တောင် ရှိသွားပြီ။ ခေါင်းဆောင်လည်း လေ့ကျင့်တာကနေ နှိုးထလာပြီလား မသိဘူး ”
ချီကျန့်က လှည့်ကြည့်လိုက်သည့်အခါ ရှန်ထျန်းက လေ့ကျင့်နေဆဲ ဖြစ်ကြောင်း မြင်လိုက်ရသည်။
“ အာ ဒီကောင်လေး တစ်ခုခု ကွဲပြားသွားတယ် ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က တုန်လှုပ် အံ့အားသင့်သွားပုံပေါ်သည်။
သူ့အမြင်၌ ရှန်ထျန်းသည် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ မဟုတ်သောကြောင့် များစွာ နားလည်သဘောပေါက်သွားမည် မဟုတ်ပေ။ သူက လေ့ကျင့်ဖို့ အချိန်အများကြီး မလိုအပ်သင့်ပေ။ သူက အချိန်အတော်ကြာကတည်းက နိုးထသင့်နေလေပြီ။ သို့သော်လည်း ရှန်ထျန်းက နားလည်သဘောပေါက်ရာ၌ အချိန်သုံးရက်ကြာ ကုန်ဆုံးခဲ့သည်။ ဤသည်က ပုံမှန် မဟုတ်ချေ။
ထိုစဉ် ရှန်ထျန်းက လှုပ်ရှားလာ၏။
သူ့မျက်လုံးကို ဖွင့်လိုက်သည့်အခါ အံ့ဖွယ်အလင်းတန်း ထုတ်လွှင့်လိုက်သည်။ ထိုမျက်ဝန်းများက နက်နဲလွန်းကာ စကြဝဠာတစ်ခုလုံးကို သိမ်းသွင်းထားသည့်အလား ကြယ်တာရာအစုအဝေးရှိ ကြယ်များကဲ့သို့ တဖြတ်ဖြတ်တောက်ပနေသည်။
ရှန်ထျန်းက ရုတ်ချည်းဆိုသလို တိုက်ပွဲအငွေ့အသက်ကို ထုတ်ဖော်လိုက်သည်။ ထိုအရာက နဂါးငွေ့တန်းသဖွယ် ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ကြောက်မက်ဖွယ် တိုက်ပွဲအငွေ့အသက်က လောင်ကျွမ်းသွားပြီး အနီရင့်ရင့် မီးတောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူ့အရှိန်အဝါတို့အား စိတ်ကူးယဉ်မှုကို ကျော်လွန်၍ အားကြီးလာအောင် ပြုလုပ်ပေးနေသည်။
အနီရင့်ရောင် မီးတောက်များက အာကာပြင်အပိုင်းအစကို မီးရှို့ပြာချပစ်လိုက်သည်။ ထိုစွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။
ချီကျန့်က အံ့ဩမှုအပြည့်ဖြင့် “ အဲဒီတိုက်ပွဲအငွေ့အသက်က … ကြောက်ဖို့ ကောင်းလိုက်တာ ”
သူက ရှန်ထျန်း၏ တိုက်ပွဲအငွေ့အသက်သည် သူ့ထက် အားကောင်းကြောင်း သတိပြုမိလိုက်၏။
ချီကျန့်က ကြောင်အမ်းသွားသည်။ သူက အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်ပြီး ပုံမှန်အားဖြင့် အားကောင်းသည့် တိုက်ပွဲအငွေ့အသက် ပိုင်ဆိုင်ထားသည်။ သို့သော် သူက လူသားတစ်ယောက်အောက် နောက်ကျနေပေသည်။
လာနောက်နေတာပဲ … အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံက ဘာလဲ
ဒါက အစပဲ ရှိသေးတယ် …
ရှန်ထျန်း၏ အငွေ့အသက်များက လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာပြီး သူ့နောက်တွင် ဧရာမပုံရိပ်ကြီး ဖြစ်လာစေသည်။
ဤသည်မှာ စွမ်းအားကြီး အထွတ်အထိပ် မျောက်ဝံ ဖြစ်၏။ ထိုအရာမှ ကြမ်းတမ်းခက်ထန်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေပြီး ကမ္ဘာမြေနှင့် စကြဝဠာကြီးကိုပင် တုန်ခါသွားစေသည်။
အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ပုံရိပ်သဏ္ဌာန် ပေါ်ထွက်လာမှုက ကမ္ဘာကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည့် အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများ ဖြစ်လာစေသည်။
ရှန်ထျန်းလက်ထဲတွင် သူ့အနီရင့်ရင့် တိုက်ပွဲအငွေ့အသက်ကို အားဖြည့်ပေးထားသည့် တုတ်ချောင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက သူ့အရှိန်အဝါတို့အား ပို၍ ကြောက်ဖို့ကောင်းအောင် လုပ်ပေးနေသည်။
သူက တုတ်ချောင်းကို ဝေ့ယမ်းလိုက်ရင်း ကန့်သတ်မဲ့ အံ့ဖွယ်အငွေ့အသက်များ ထုတ်ဖော်ကာ ကမ္ဘာမြေကိုပင် တုန်ခါလာစေသည်။
ထိုစဉ် အာကာပြင် အပိုင်းအစတို့က ဗလာအဖြစ် ကြေမွသွားသည်။ အရာအားလုံးက အမှုန့်ဖြစ်သွားလေသည်။ ထိုအရှိန်အဝါက မဟာဝိဇ္ဇာ၏ အားအပြည့် တိုက်ခိုက်မှုလိုမျိုး ဖြစ်၏။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အံ့ဩသွားသည်။
“ သူက သူ့တိုက်ပွဲစွမ်းအားကို ခြောက်ဆ တိုးမြင့်နိုင်ခဲ့တာလား။ ပြီးတော့ သူက ကောင်းကင်ပင့်တင် ပင်လယ်ပဲ့ကိုင် ပညာရပ်ကိုတောင် သင်ယူနိုင်ခဲ့တာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဂျူနီယာလေးပဲ ရှိသေးတာလေ။ သူက သုံးရက်လေးနဲ့ ဒီလောက်အဆင့်အထိ ဘယ်လိုရောက်လာခဲ့တာလဲ ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကမ္ဘာကြီး၌ ဒုတိယမြောက် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်ပြီး ဤကျမ်းကို အကုန်အစင် နားလည်ထားသည်။ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးရိုးသည် သဘာဝအား ဖန်တီးခြင်း ဖြစ်၏။ သူတို့က ကံကြမ္မာ၏ မျိုးဆက်များအဖြစ် မှတ်ယူနိုင်သည်။
ဤသွေးမျိုးရိုးသည် အမြဲတမ်း အားကောင်းခဲ့သည်။ သူတို့တွင် အားနည်းချက်အများကြီး မရှိဘဲ တိုက်ပွဲကို စိတ်ကြိုက်တိုက်နိုင်ကြသည်။
ပထမ အထွတ်အထိပ်တိုက်ပွဲမျောက်ဝံကို ရှေးပဝေဏီခေတ်တွင် မွေးဖွားခဲ့ပြီး သူက တုနှိုင်းမဲ့ တည်ရှိမှုမျိုး ဖြစ်သည်။
သူက အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများအတွက် ပထမ တည်ထောင်သူ ဖြစ်ပြီး ကောင်းကင်ဘုံကိုပင် သွေဖယ်နိုင်လောက်သည့်အထိ စွမ်းအားကြီးလှသည်။
ရှေးပဝေဏီခေတ် စွမ်းအားကြီး ကျင့်ကြံသူများကြား သူက ထိပ်ဆုံးထဲမှ တစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။
သူက ကောင်းကင်ပင့်တင် ပင်လယ်ပဲ့ကိုင် ပညာရပ်ဖြင့် အားလုံးကို လွှမ်းမိုးကြီးစိုးခဲ့ပြီး နှစ်ပေါင်းသောင်းချီ ကြာမြင့်သည့်အထိ သူ့သွေးမျိုးရိုးအတွက် ကြောက်ခမန်းလိလိ ဂုဏ်သတင်းကို တည်ဆောက်ပေးခဲ့သည်။
ဤတုတ်ချောင်းပညာရပ်သည် တိုက်ပွဲတော်ဝင်ကျမ်း တားမြစ်အခန်းဆက်ကို အပြည့်အဝ နားလည်သွားသည့်အခါမှသာ ထုတ်သုံးနိုင်လေသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်း၏ တုတ်ချောင်း ပညာရပ်တွင် မည်သည့် ဓမ္မစွမ်းအားမှ မပါဝင်သေးကြောင်း ခံစားမိလိုက်၏။
ဆိုလိုသည်မှာ ရှန်ထျန်းက ဝိဇ္ဇာဖြစ်ဖို့အတွက် စမ်းသပ်ချက် မခံယူရသေးပေ။
သူက ဝိဇ္ဇာအဆင့် မရောက်သေးဘဲနဲ့ ဒီလောက်တိုက်ပွဲစွမ်းရည် ရှိနေပြီလား။ သူက လူထူးဆန်းပဲ …
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က တံတွေးမျိုချမိလိုက်သည်။ သူက ချီကျန့်အား ကြည့်လိုက်ပြီးနောက် ရှန်ထျန်းအား ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ထိုကလေး ဘာကြောင့် ကြောက်နေသည်ကို သိသွားလေပြီ။
သူက ရှန်ထျန်းကို တိုက်မဲ့အစား ငါ့ကိုပဲ တိုက်ဖို့ ရွေးချယ်လိုက်တာကိုး … ငါသာ သူ့အသက်အရွယ် ဖြစ်နေရင် ရွေးချယ်မှုအတူတူ လုပ်မိလောက်တယ်
ရွေးချယ်စရာ မရှိဘူးလေ … ဒီလူထူးဆန်းက ဆန်းကြယ်လွန်းနေခြင်းသာ ဖြစ်၏။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ “ မျောက်ဝံလေး သူ့ကို ကြည့်ပြီး မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း။ နှစ်ယောက်လုံးက တိုက်ပွဲတော်ဝင်ကျမ်း ကျင့်ကြံကြတာလေ။ မင်းနဲ့သူ့ကြား ခြားနားချက်က ဘာလို့ အဲလောက်ကြီးနေရတာလဲ။
ကောင်လေး မင်းက ငါတို့ မြင့်မြတ်တဲ့ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံမျိုးဆက်အတွက် အရှက်ရစရာပဲ … မင်းရဲ့ တိုက်ပွဲစွမ်းရည်က သာမန်လောက်ပဲ။ ရှက်စရာကောင်းလိုက်တာကွာ။ မြန်မြန်လုပ် .. မင်းကို ဆက်လေ့ကျင့်ပေးမယ် ”
သူက တွေးမိလေလေ ပို၍ ဒေါသထွက်မိလေလေ ဖြစ်၏။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က သည်းမခံနိုင်တော့ပေ။ သူက ချီကျန့်အား ဆွဲခေါ်သွားပြီး အာကာပြင်ထဲ ပြန်ဝင်သွားလိုက်သည်။
သူက သူ့မျိုးဆက်ကို ကောင်းကောင်း လေ့ကျင့်ပေးရမည်။
သူက ဒီကောင်လေးကြောင့် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ နာမည်ကောင်းကို အစွန်းထင်း မခံနိုင်ပေ။
ချီကျန့်က ကြောင်အမ်းသွားလေသည်။
“ … ”
ဘိုးဘေး ကျွန်တော်ကို လေ့ကျင့်ပေးမှာ သေချာရဲ့လား … ကျွန်တော်ကို ရိုက်ချင်နေတာ မဟုတ်ဘူးလား
ကျွန်တော်ကို ခေါင်းဆောင်နဲ့ ဘာလို့ ယှဉ်နေရတာလဲ … ခေါင်းဆောင်ရှေ့မှာ ကွှန်တော်က အသုံးမဝင်တဲ့ အမှိုက်လိုပဲ
သက်ညှာပေးကြပါဦး
ချီကျန့်က အပြင်းအထန် ရုန်းကန်နေသော်လည်း အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က သူ့အား လွတ်မပေးပေ။
ရွှေရောင်အလင်းတန်းများက တဖန် ဖုံးလွှမ်းသွားပြန်သည်။
မျောက်ဝံနှစ်ကောင် ထွက်သွားသည်ကို မြင်ပြီး ရှန်ထျန်းက ခေါင်းကုတ်မိလိုက်သည်။
ညီအစ်ကိုချီက သူ့လေ့ကျင့်မှု အခုထိ မပြီးသေးဘူးလား … သူက တကယ်ကို အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံပဲ။ ကြိုးစားလိုက်တာ
ညီအစ်ကိုချီ ကြိုးစားထား … ငါ ဒီကနေ မင်းကို အားပေးနေမယ်