← Chapters

ရှင်းပြ၍မရသော

Vol. 1 Ch. 292

ရှင်းပြ၍မရသော

Vol. 1 Ch. 292

စုတိကော ...

ထိုအမည်သည် နယ်မြေတွင် ကျော်ကြား၍ လူများစွာက သူ့အား သိကြသည်။ ထိုသူသည် ရှားနိုင်ငံ၏ ဒုတိယ အရေးပါဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ရှားနိုင်ငံဘုရင် စုတိဝမ်၏ ဖခင်ဘက်မှ အမျိုးတော်စပ်သော ညီဝမ်းကွဲ ဖြစ်သည်။ သူသည် ရှားနိုင်ငံ စစ်တပ်၏ ငါးပုံတစ်ပုံကို ချုပ်ကိုင်ထားသူ ဖြစ်သည့်အပြင် ရှားဖုန်း မြို့စားလည်း ဖြစ်သည်။

စုတိကောသည် သေသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရှားဖုန်းမြို့တွင် ကျဆုံးသွားခဲ့ပြီး စုဖျင်ဖျင်း၊ သိန်းသောင်းချီသော ရှားဖုန်းမြို့မှ ပြည်သူများ၊ စစ်သည်များနှင့် နှစ်သောင်းသော ရှန်ဝူစစ်တပ်မှ စစ်သည်တော်များနှင့်အတူ မြှုပ်နှံ ခံခဲ့ရသည်။ သူတို့အားလုံးသည် နတ်ဆိုးသားရဲ စစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ထို့ကြောင့် မြေခွေးလေးကို ပြန်ပေးဆွဲမှု၏ ကြိုးကိုင်သူမှာ စုတိကော ဖြစ်သည်ဟု ဒုကျောင်းအုပ် ရုန်၏ တင်ပြချက် အဆုံးတွင် ကျူးကော့ချမ်ယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ 'လုံးဝ မယုံဘူး' ဟူ၍ ဖြစ်လေသည်။

စုတိကောသည် မြေခွေးလေးကို ပြန်ပေးဆွဲရန် တစ်စုံတစ်ယောက်အား အမိန့်ပေး၍ ရှားနိုင်ငံအား နတ်ဆိုးသားရဲ စစ်တပ် တိုက်ခိုက်လာစေရန် ကြံစည်ခဲ့သည်။ ထို့နောက် စစ်ပွဲတွင် သူပါ အသတ် ခံလိုက်ရသည်။ စုတိကော၏ ခေါင်းသည် တံခါးဖြင့် ဆောင့်မိသည်လော၊ မြည်းအကန် ခံလိုက်ရသည်လော။

ထိုသတင်းသည် နယ်မြေ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည့်အခါ လူအားလုံး၏ တုံ့ပြန်မှုမှာ ကျူးကော့ချမ်ယွမ်နှင့် အတူတူပင်။ လူတိုင်းသည် အလွန်ရယ်စရာ ကောင်းသည်ဟု ခံစားနေကြရသည်။ ရှားနိုင်ငံ မှတစ်ပါး နယ်မြေ၏ မည်သည့် အင်အားစုကြီး မဆို ထိုဖြစ်ရပ်၏ ကြိုးကိုင်သူ ဖြစ်နိုင်သည်၊ မိုးပြာနဂါး အင်ပါယာသည်တောင် ခြွင်းချက် မဟုတ်ပေ။ ထိုဖြစ်ရပ်တွင် ဆုံးရှုံးမှု အများဆုံးမှာ ရှားနိုင်ငံသာ ဖြစ်သည်။

ဖြစ်နိုင်ချေ တစ်သောင်းခန့်ကို ဘေးဖယ်၍ ရှားနိုင်ငံသည် ကြိုးကိုင်သူ ဖြစ်ပြီး နတ်ဆိုးသားရဲ စစ်တပ်၏ အင်အားကို အသုံးချကာ နယ်မြေကို အုပ်စိုးရန် ကြံခဲ့သည်ဟု ဆိုကြပါစို့။ သူတို့ နတ်ဆိုးသားရဲ စစ်တပ်ကို ဦးဆောင် စေသည်မှာ ရှန်ဝူနိုင်ငံသာ ဖြစ်သင့်သည်။

သူတို့သည် သံသယ အဝင်မခံ ရစေရန် ကိုယ့်ဘက်ကိုယ် နစ်နာစေသည်ဟု တွေးကြည့်ကြပါစို့၊ သူတို့သည် နိုင်ငံစစ်တပ် သုံးပုံတစ်ပုံနှင့် နိုင်ငံ၏ တစ်ဦးတည်းသော ဗာဂျရာအဆင့် အစောင့်အရှောက်ကို ရင်းနှီးပါမည်လော။ သူတို့နိုင်ငံ၏ လက်ရှိ အင်အားနှင့်ဆိုလျှင် မည်သည့် နိုင်ငံမဆို သူ့တို့အား အလွယ်တကူ သိမ်းပိုက်နိုင်သည်။ ထိုသို့ ကြံစည်ရန် အကြောင်းအရင်း ရှိပါဦးမည်လော။

မှားယွင်းစွာ စွပ်စွဲခံရခြင်း ...

တစ်စုံတစ်ယောက်သည် ရှားနိုင်ငံအား ချောက်ချရန် ကြံစည်နေကြောင်း ဆယ်နှစ်ကလေးတောင် သိလောက်ပေသည်။ ထို့ပြင် ရှားနိုင်ငံ တရားခံဖြစ်ကြောင်း မည်သူကမှ မယုံကြပေ။

သို့သော်လည်း မကြာမီတွင် မိုးပြာနဂါး အင်ပါယာသည် သက်သေကို ကြေညာလိုက်ရာ နယ်မြေတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။

သက်သေမှာ နှစ်ခု ရှိလေသည်။ တစ်ခုမှာ မျက်မြင်သက်သေ ဖြစ်ပြီး အလွန် တိကျလေသည်။ ၎င်းမှာ စုတိကော၏ သားဖြစ်သူက ကိုယ်တိုင် အကြောင်းကြားလာခြင်း ဖြစ်သည်။ စုတိကော၏ သားသည် အစက ရှားဖုန်းမြို့တွင် နေထိုင်ခဲ့ပြီး ဤကာလ အတောအတွင်း ကြယ်ကောင်းကင် မြို့သို့ ခိုးဝင်သွားခဲ့သည်။ သူသည် ရှားနိုင်ငံ တော်ဝင် မိသားစု၏ လိုက်လံ ဖမ်းဆီးခြင်း ခံနေရပြီး အသက်လု ပြေးနေရသည်ဟု ဆိုသည်။

စုတိကော၏ သားဖြစ်သူအား စုကျီဟမ်ဟု ခေါ်ပြီး သူပေးသော ရှင်းပြချက်မှာ အလွန်ကျိုးကြောင်း သင့်လေသည်။

လက်ရှိ ရှားနိုင်ငံကို အုပ်စိုးရမည့် သူမှာ သူ့အဖေဖြစ်ပြီး ကွယ်လွန်သူ ဘုရင်၏ သေတမ်းစာတွင် သူ့အဖေအား ထီးနန်းဆက်ခံရန် ရေးသားခဲ့သည်။ စုတိဝမ်သည် အကြီးအကဲ တစ်ဦးဖြစ်သူ မိန်းမစိုး တစ်ဦးနှင့် ပူးပေါင်း၍ သေတမ်းစာကို ပြုပြင်ကာ ထီးနန်းအား လုယူခဲ့သည်။ ထို့ကြောင့် စုတိကောသည် သူပိုင်ဆိုင်သော ထီးနန်းကို ပြန်လည်ရယူရန် အကွက်ချနေခဲ့သည်။

မြေခွေးလေးကို ပြန်ပေးဆွဲသူများအား သူ့အဖေက စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း အမိန့်ပေးသူမှာ စုတိဝမ်ဖြစ်သည်။ စုတိဝမ်သည် နတ်ဆိုးသားရဲ စစ်တပ်ကို ရှန်ဝူနိုင်ငံဆီ ချီတက်စေ၍ ခြိမ်းခြောက်မှုကြီး တစ်ခုကို ရှင်းလင်းချင်ရုံ သာမက ယခင်က ရှားနိုင်ငံ၏ စစ်သည်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သော ကျန်းပိုင်လီအား လက်စားချေ ချင်ခဲ့သည်။

ရှားဝူဟွေ့နှင့် စုလောရွှယ်၏ မဟာမိတ်ပြု လက်ထပ်ပွဲမှာမူ စုတိဝမ်၏ အကြံအစည်ကို ဖုံးကွယ်ရန်နှင့် ရှန်ဝူနိုင်ငံ တော်ဝင်မိသားစုကို ချုပ်ကိုင်နိုင်ရန် ဟန်ဆောင်မှု တစ်ခုဖြစ်သည်။

စုတိကောသည် စုတိဝမ်ထံမှ လျှို့ဝှက်အမိန့်ကို ရသည်နှင့် မြေခွေးလေးအား ပြန်ပေးဆွဲရန် လူများ စေလွှတ်ခဲ့သည်။ သို့သော် သူသည် နတ်ဆိုးသားရဲ စစ်တပ်ကို ရှန်ဝူနိုင်ငံဆီ မျှားခေါ်သွားခြင်း မပြုဘဲ ရှားနိုင်ငံဆီသို့သာ ဦးတည်စေခဲ့သည်။ သူသည် သူပိုင်သော ထီးနန်းကို အရယူရန် စုတိဝမ်နှင့် စုဖျင်ဖျင်းအား သေစေချင်ခဲ့သည်။ သို့သော် သူ့အစီအစဉ်မှာ ကျရှုံးသွားပြီး ဒေါသထွက်နေသော စုတိဝမ် စေလွှတ်လိုက်သည့် လုပ်ကြံသူများကြောင့် သူသေဆုံးသွားခဲ့သည်။

စုတိကော၏သား စုကျီဟမ် ပြောစကားအရ ဆိုလျှင် ထိုကိစ္စ ဖြစ်ပွားပြီးနောက် ရှားနိုင်ငံ ဘုရင်သည် သူတို့ တစ်မိသားစုလုံးအား သတ်ဖြတ်ရန် လူများ စေလွှတ်ခဲ့သည်။ အစေခံ သက်တော်စောင့် အဘိုးကြီး၏ အကူအညီဖြင့် သူတို့ ထွက်ပြေးနိုင်ခဲ့ပြီး မိုးပြာနဂါးအင်ပါယာသို့ ရောက်ရှိသွားခဲ့သည်။ စုတိဝမ်အပေါ် သူနာကြည်းသောကြောင့် လက်စားချေလို၍ ဤကိစ္စကို တစ်လောကလုံး သိအောင် ကြေညာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဇာတ်လမ်းသည် အနည်းဆုံး သင့်တော်သည့် အကြောင်းပြချက် တစ်ခုအား ပေးနိုင်လေသည်။

စုတိဝမ်သည် ရှန်ဝူနိုင်ငံသို့ ကျူးကျော်ရန် စစ်တပ်တစ်ခု စေလွှတ်ခဲ့သော်လည်း ဝိညာဉ်ပျက်သုဉ်း တောင်ကြားတွင် ကျန်းပိုင်လီ ဦးဆောင်သော တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထို့နောက် ကျန်းပိုင်လီသည် စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ ရှားယွိမြို့အား ဆယ်ရက်နှင့် ဆယ်ညတိုင်တိုင် ဝိုင်းထားခဲ့သည်။ ထိုဖြစ်ရပ်သည် ရှားနိုင်ငံ၏ စစ်တပ်အင်အားကို အကြီးအကျယ် ဆုံးရှုံးသွားစေရုံ သာမက စုတိဝမ်အား တစ်သက်လုံး အရှက်ရ သွားစေခဲ့သည်။

စုတိဝမ်သည် ရှန်ဝူနိုင်ငံနှင့် ကျန်းပိုင်လီအပေါ် လက်စားချေ ချင်ခဲ့သည်ဟူသော အကြောင်းပြချက်မှာ အလွန်ကောင်းလေသည်။ စုတိကောသည် ထီးနန်းကို ပြန်လည် သိမ်းပိုက်ချင်၍ နတ်ဆိုးသားရဲ စစ်တပ်အား ရှားနိုင်ငံဆီ မျှားခေါ်ခဲ့သည် ဆိုသည်မှာလည်း အကျိုးအကြောင်း သင့်သည်။ နောက်ဆုံး စုတိဝမ်သည် စုတိကောကို သတ်ဖြတ်ရန် လုပ်ကြံသူများ စေလွှတ်ခဲ့သည် ဆိုသည်မှာလည်း နားလည်ပေး၍ ရသေးသည်။

ပြဿနာသည်ကား စုတိဝမ်သည် ထိုမျှ အရေးကြီးလှသော ကိစ္စအား အဘယ့်ကြောင့် စုတိကောအား ကိုင်တွယ် စေခဲ့သနည်း။

မြေခွေးလေးကို ပြန်ပေးဆွဲ သူများသည် ၎င်းအား အဘယ့်ကြောင့် ရှားယွိမြို့သို့ မယူဆောင် သွားခဲ့သနည်း။

သူတို့ ရှားယွိမြို့သို့ မသွားလျှင်တောင် အဘယ့်ကြောင့် ကျင်းရှန်နိုင်ငံမှ ရှန်ဝူနိုင်ငံဘက် လှည့်မသွားခဲ့သနည်း။ မြေခွေးလေးအား နှစ်နိုင်ငံကို ဖြတ်၍ သယ်ယူ သွားပြီးသည်နှင့် အဘယ့်ကြောင့် ကြယ်ကောင်းကင် မြို့သို့သာ ဦးတည် သွားခဲ့သနည်း။ ရှန်ဝူနိုင်ငံသည် ရှားနိုင်ငံ၏ ကမ္ဘာ့ရန်ဖက် ဖြစ်သည်မှာ လူတိုင်း သိကြသောအချက် ဖြစ်သည်။

ထို့ပြင် ထိုကိစ္စတွင် မိုးပြာနဂါး အင်ပါယာ၏ အကြီးဆုံး မင်းသားလည်း ပါဝင်ပတ်သက် နေခဲ့သည်။ ထိုအကြောင်းကို မည်သို့ ရှင်းပြရမည်နည်း။

လူများစွာသည် သံသယ ဝင်နေကြသော်လည်း စုကျီဟမ်သည် သူကိုယ်တိုင်လည်း အသေးစိတ်ကို မသိသောကြောင့် ရှင်းမပြနိုင် ဟုသာ ပြောခဲ့သည်။ သို့သော် နောက်ထပ် သက်သေတစ်ခုကို သူထုတ်လာပြီးနောက် ပြဿနာသည် ဖြေရှင်းချက် ထပ်မံ မလိုတော့ချေ။

မြစိမ်းကြည်လင် ပန်းအိုး ...

ထိုရတနာမှာ ရှားနိုင်ငံ တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှု ဖြစ်လေသည်။ ထိုကိစ္စများ အရေးပါသူ အတော်များများက သိထားကြသည်။ ထိုပန်းအိုးအား လွန်ခဲ့သော နှစ်ရာပေါင်း များစွာက ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းထဲမှ ရှားနိုင်ငံ တော်ဝင်မိသားစုဝင် တစ်ဦးက ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရင်ကသာ ဆက်ခံခွင့်ရှိသော နန်းစဉ်ရတနာ ဖြစ်သည်။ သေရေးရှင်ရေး အခြေအနေများတွင်  သိုင်းသမား တစ်ဦးဦးက ဘုရင်ကို ထိုပန်းအိုးထဲ ထည့်၍ သယ်ဆောင်ကာ ထွက်ပြေးနိုင်သည်။ ၎င်းသည် သက်ရှိတစ်ဦးကို ထည့်၍ သယ်ဆောင်နိုင်သည့် နယ်မြေ၏ တစ်ခုတည်းသော ရတနာဖြစ်သည်။

ထိုသက်သေ ထွက်လာသည်နှင့် နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ နိုင်ငံအသီးသီးမှ တော်ဝင် မိသားစုတို့သည် မှတ်တမ်းများကို လှန်လှောကြတော့သည်။ နောက်ဆုံးတွင် နိုင်ငံငါးခုနှင့် မိုးပြာနဂါး အင်ပါယာ၏ မှတ်တမ်း အသီးသီးတွင် တူညီသော အရာတစ်ခု ရှိနေခဲ့သည်။ ရှားနိုင်ငံသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာ မြစိမ်းကြည်လင် ပန်းအိုးကို အမှန်တကယ် ရရှိခဲ့ပြီး ၎င်းအား နိုင်ငံ အသီးသီးမှာ သံတမန်များကို ထုတ်ပြခဲ့ဖူးသည်။

မြေခွေးလေးကို လိုက်လံ ကယ်ဆယ်ကြသူ အများကြီး ရှိခဲ့သည်။ မိုးပြာနဂါး သင်တန်းကျောင်း၊ ဆူးပန်းပွင့်ပြာ င်တန်းကျောင်း၊ ဝိညာဉ်သားရဲ သင်တန်းကျောင်း၊ ရွှေယွဲ့လျန် မျှော်စင်၊ ဇင်ဘုရားကျောင်းနှင့် မိုးပြာနဂါး အင်ပါယာမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များပင် ပါခဲ့သေးသည်။ မြေခွေးလေးအား ယခု ကျန်းရီ၏ လက်ထဲတွင် ရှိနေသော မြစိမ်းကြည်လင် ပန်းအိုးအတွင်း ထည့်သိမ်းထားခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းက သိကြသည်။

သက်သေသည် ထင်ရှားနေလေပြီ။

လူအချို့သည် ပထမ ရှင်းပြချက်အား သံသယများ ရှိခဲ့ကြသော်လည်း ယခုမူ ပြဿနာ မရှိတော့ချေ။ ရှားနိုင်ငံ၏ တော်ဝင် မိသားစုသည် အသက်ကယ်နိုင်သည့် ရတနာကို ဖြစ်သလို လျှောက်ပေးသုံးမည် မဟုတ်။ မည်သူမှ ထပ်မံ၍ ဖြေရှင်းချက် ပေးလာသည်ဟု မကြားကြချေ။ ထိုသည်မှာ စုတိဝမ်သည် ဖြစ်ရပ်၏ ကြိုးကိုင်သူ ဖြစ်၍ နယ်မြေ၏ ဘုံရန်သူ အပြစ်သား ဖြစ်သွားပြီဟု ဆိုလိုလေသည်။

"မြစိမ်းကြည်လင် ပန်းအိုး "

ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ကျူးကော့ချမ်ယွမ်၊ ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ်များ စုဝေးနေကြလေသည်။ ကျောင်းအုပ်ချီသည် အကြောင်းအရာ အလုံးစုံအား ကြားပြီးသည်နှင့် မျက်နှာပျက် သွားခဲ့သည်။

"မြေခွေးလေးကို တကယ်ပဲ မြစိမ်းကြည်လင် ပန်းအိုးထဲမှာ တွေ့ခဲ့တာ၊ အဲဒီပန်းအိုးက အခု ကျန်းရီရဲ့ အပိုင်ဖြစ်သွားပြီ ... ကျောင်းအုပ် ... ဒီကိစ္စကို တကယ်ပဲ ရှားနိုင်ငံက ကြံစည်ခဲ့တာလား"

ဒုကျောင်းအုပ်ထျဲ၏ မျက်လုံးများတွင် မီးဝင်းဝင်း တောက်သွားခဲ့ပြီး အေးစက်စက် ရယ်ချလိုက်သည်။

"ဒီကိစ္စကို တကယ်ပဲ စုတိဝမ်က ကြံစည်တာဆိုရင် သူက တော်တော်လေး သတ္တိကောင်းနေတာပဲ ... သူ့အပြစ်ကြောင့် အပြစ်ပေး ခံရသင့်တယ်"

ကျူးကော့ချမ်ယွမ်၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နေသည်။ သူသည် တောင်ဘက်အရပ်သို့ မျှော်ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

"သူက ကြိုးကိုင်သူ ဟုတ်သလား ဆိုတာက အရေးမကြီးဘူး၊ ရှားနိုင်ငံက ဒီဘေးအန္တရာယ်ကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး ... နယ်မြေရဲ့ အင်အားစု ချိန်ခွင်လျှာက ပြောင်းလဲခါနီးပြီ၊ စစ်ပွဲ အရိပ်အယောင်တွေ ထွက်လာပြီး နယ်မြေမှာ ပဋိပက္ခတွေ ဖြစ်လာတော့မယ် ... ဒီတစ်ကြိမ်မှာ အသက် ဘယ်နှချောင်း ဆုံးရှုံးကြဦးမလဲ မသိဘူး"

***

All Chapters