← Chapters

နောင်ကျရင် မင်းရဲ့ ခေါင်းဆောင်ကို များများကပ်ဖားရမယ်

Vol. 30 Ch. 448

နောင်ကျရင် မင်းရဲ့ ခေါင်းဆောင်ကို များများကပ်ဖားရမယ်

Vol. 30 Ch. 448

အခန်း (၄၄၈)  :  နောင်ကျရင် မင်းရဲ့ ခေါင်းဆောင်ကို များများကပ်ဖားရမယ်

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို စုပ်ယူပြီးနောက် ချီကျန့်က ဆင့်ကဲပြောင်းလဲသွားသည်။ သူ့အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ့သွေးများက ဆူပွက်နေသလို ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးက မီးပြင်းဖိုလို ဖြစ်နေပြီး အားပြင်းပြင်း အဆီအနှစ်စွမ်းအားများဖြင့် လောင်ကျွမ်းနေလေ၏။

သူ့မျက်ဝန်းမှ စူးရှခက်ထန်သည့် အလင်းတစ်ချက် တောက်ပလာသည်။ သူက အာကာပြင်နှင့် အချိန်ကို ထိုးဖောက်ချင်သည့်အလား အလွန်စွမ်းအားကြီးနေသည်။

သူ့ရွှေရောင်သားမွေးများက နေမင်းသဖွယ် ပို၍ တောက်ပလာသည်။ သူ့အရှိန်အဝါများက ဆက်တိုက် တိုးတက်နေပြီး ကောင်းကင်ထိလုမတတ် ဖြစ်နေသည်။

ထိုစဉ် ချီကျန့်၏ ကျင့်ကြံဆင့်က အတိဒုက္ခစမ်းသပ်ချက် ဖြတ်ကျော်၍ ဝိဇ္ဇာမဖြစ်ခင် နောက်ဆုံးအခြေအနေသို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။

ဝုန်း  …

မိုးခြိမ်းသံများက အုန်းခနဲ ထွက်ပေါ်လာပြီး ကောင်းကင်လည်း မည်းမှောင်လာကာ မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာသည်။

ဒီကြီးမားသည့် ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များက ကောင်းကင်တွင် စုဝေးနေကြပြီး ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှင့်နေသည်။

“ ဒါက ကောင်းကင်စမ်းသပ်ချက်ပဲ။ ဒီကောင်လေး ဝိဇ္ဇာ ဖြစ်တော့မယ် ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အကြည့်များက ခက်ထန်လာသည်။ သူက လက်ကိုဝေ့ကာ ယခင် အသက်သွင်းထားသည့် ပိတ်ဆို့ရေး အစီအရင်တို့ကို ပယ်ဖျက်လိုက်သည်။

ကောင်းကင်စမ်းသပ်ချက တိမ်တိုက်များသည် ချီကျန့်၏ အရှိန်အဝါကို အာရုံခံမိပြီး ရှေ့တိုးလာကြသည်။ တိမ်မည်းများကြား လျှပ်စီးများတလက်လက် ဖြစ်နေပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်နေသည်။

လျှပ်စီးများက တိမ်တိုက်များအတွင်း တဖြတ်ဖြတ် လင်းလက်နေပြီး နဂါးပေါက်စလေးများသဖွယ် ဖြစ်နေသည်။

လျှပ်စီးများက လျှပ်စစ်မြွေများသဖွယ် ကခုန်နေပြီး အရှိန်အဝါက အဆုံးအစွန်အထိ ဖိနှိပ်ထားသည်။

“ ရှစ်-ကိုး ကောင်းကင်စမ်းသပ်ချက်ပဲ။ ကြည့်ရတာ ငါ့မျိုးနွယ်ထဲ အားကောင်းတဲ့ ကျင့်ကြံသူနောက်ထပ် ပေါ်ထွက်လာတော့မယ် တူတယ်”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အကြည့်တို့က တောက်ပလာသည်။

ဝိဇ္ဇာဖြစ်လာဖို့အတွက် ကျင့်ဝတ်များ ရှိပေသည်။ အရင်ဦးစွာ ဝိဇ္ဇာဖြစ်လာဖို့အတွက် မိုးကြိုးစမ်းသပ်ချက်ကို ခံယူရမည်။ ကျင့်ကြံသူက အားကောင်းလေလေ မိုးကြိုးစမ်းသပ်ချက်က ပို၍ ကြောက်ဖို့ကောင်းလေလေ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အားပြင်းသည့် မိုးကြိုးစမ်းသပ်ချက်ကို ခံယူရာ၌ ကျင့်ကြံသူအတွက် အကျိုးကျေးဇူးများစွာ ရှိသည်။

တစ်ယောက်၏ စွမ်းအားက မိုးကြိုးစမ်းသပ်ချက် ခံယူဖြတ်ကျော်ပြီးသည့်နောက် သိသိသာသာ တိုးတက်လာလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်များက မိုးကြိုးချက်ကြောင့် သန့်စင်လိုက်သလို ဖြစ်ပြီး ဆင့်ကဲပြောင်းလဲလာမည်။

ရှစ် - ကိုး မိုးကြိုးစမ်းသပ်ချက်ကို စမ်းသပ်ချက်အားလုံး၌ အားအပြင်းဆုံးဟုပင် ယူဆနိုင်သည်။

အကယ်၍ ချီကျန့်သာ ဤစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ပါက သူ့တိုက်ပွဲစွမ်းရည်တို့က ဝိဇ္ဇာအသစ်ကို ကျော်လွန်သွားပေမည်။

ချီကျန့်လိုမျိုး ဝိဇ္ဇာအသစ်များက ပင်ကိုယ်ပါရမီ အားကောင်းပြီး သူတို့အကန့်အသတ်ကို ကျော်လွန်နိုင်ကြသည်။ သူတို့က ဝိညာဉ်အသွင်ပြောင်းအဆင့်ဖြင့် ဝိဇ္ဇာများကို ရင်ဆိုင်နိင်သည့် ထိပ်တန်းပါရမီရှင်များနှင့် အလားတူသည်။

သို့သော်လည်း သူတို့က ဝိဇ္ဇာအဖြစ် တက်လှမ်းရာတွင် သာမန်မိုးကြိုးစမ်းသပ်ချက်ကိုသာ ဖြတ်ကျော်ကြရ၏။ ရလဒ်အနေနှင့် သူတို့က ချီကျန့်အတွက် ပြိုင်ဖက် မဟုတ်ပေ။

ကောင်းကင်စမ်းသပ်ချက်က စမ်းသပ်မှုတစ်ခုတင် မကပေ။ ပြောရလျှင် လူတစ်ယောက်၏ စွမ်းဆောင်ရည်တို့ကို ကြီးကြီးမားမား တိုးမြင့်ပေးနိုင်၏။

…………....

ချီကျန့်၏ လက်ရှိတိုက်ခိုက်စွမ်းရည်အရ သူက ငါးကြိမ်မြောက် ဝိဇ္ဇာအစစ်အမှန်ကိုပင် သတ်နိုင်လေသည်။ သူသာ ဝိဇ္ဇာ ဖြစ်လာသည်နှင့် မဟာဝိဇ္ဇာနှင့်ပင် ရင်ဆိုင်နိုင်လိမ့်မည်။

မိုးကြိုးစမ်းသပ်ချက် တိမ်မည်းများက ပို၍ ပြင်းထန်လာကာ လျှပ်စီးများ တလက်လက်ထနေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါက ကောင်းကင်စမ်းသပ်ချက်သည် သေမျိုးလောကဆီ အရာအားလုံးကို ဖျက်စီးပစ်ဖို့ ရောက်ရှိလာသည်နှယ် ပေါ်နေသည်။

ရှစ် - ကိုး မိုးကြိုးစမ်းသပ်ချက် စွမ်းအားက ကြောက်ဖို့ကောင်းလွန်းလှသည်။ သာမန်ဝိဇ္ဇာအစစ်အမှန်ပင် ခုခံနိုင်ဖို့ ခက်ခဲလိမ့်မည်။

ဝုန်း

မိုးခြိမ်းသံများ ပဲ့တင်ထွက်နေပြီး ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များက ပို၍ ပြင်းထန်လာသည်။ သိပ်မကြာခင် ကြောက်မက်ဖွယ် မိုးကြိုးချက် ကျရောက်လာ၏။ မိုးကြိုးချက် ဖြတ်သွားသည့်အခါ အံ့ဖွယ်အလင်းများကို ဖန်တီးခဲ့ပြီး မြေပြင်ပေါ် ဘုန်းခနဲ ကျရောက်လာသည်။

ရှစ် - ကိုး မိုးကြိုးစမ်းသပ်ချက်တွင် စုစုပေါင်း မိုးကြိုး ၇၂ ချက် ပါဝင်၏။ မိုးကြိုး တစ်ချက်ချင်းစီက အရွယ်အစားအားဖြင့် ပေတစ်သောင်းလောက် ရှိသည်။

အလင်းတန်းက တောက်ပလာကာ ထက်ရှသည့် ခြေသည်းနှင့် အစွယ်များရှိသည့် မိုးကြိုးသားရဲတစ်ကောင် အသွင်ပြောင်းကာ အရှိန်အဟုန်အပြည့် ဦးတည်လာနေသည်။

ချီကျန့်က တည်ငြိမ်နေဆဲ ဖြစ်၏။ သူက မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များဆီ ပြေးဝင်သွားလိုက်သည်။

သူက တိမ်ပင်လယ်အတွင်း ဝင်ရောက်သွားလိုက်ပြီး လက်ဗလာဖြင့် စမ်းသပ်ချက်မိုးကြိုးများကို ရင်ဆိုင်လိုက်သည်။

သူက လက်သီးတစ်ချက် ထိုးခွင်းကာ ကောင်းကင်တစ်ခုလုံး အသံဟိန်းထွက်လာသည်။

ချီကျန့်၏ လက်သီးချက်က အားပြင်းပြင်း တောက်ပလာကာ အဆုံးမဲ့ တိုက်ပွဲအငွေ့အသက်တို့ ပိုင်ဆိုင်ထားသည်။ ထိုအရာက သူ ထိုးချလိုက်သည့်အခါ အနီရင့်ရင့် လက်သီးချက်အဖြစ် ပြောင်းလဲသွားသည်။

သူက လက်သီးရွယ်လိုက်သည်နှင့် အနီရင့်ရင့် တိုက်ပွဲအငွေ့အသက်များက ကောင်းကင်အပြည့် ဖြစ်လာပြီး ဘေးပတ်လည် တိမ်တိုက်များကို လွှင့်ပျောက်သွားစေသည်။ သူက လမ်းတစ်လျှောက် အားလုံးကို ဖြိုခွင်းလာသည့် အနှိုင်းမဲ့ တိုက်ပွဲနတ်ဘုရားကဲ့သို့ ဖြစ်သည်။

ဝုန်း …

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မိုးကြိုးများက ကြေမွသွားကာ နေရာအနှံ့ လွှင့်ပျယ်သွားသည်။

ချီကျန့်က မိုးကြိုးများခြံရံလျက် လေထဲတွင် ရပ်နေဆဲ ဖြစ်၏။ သူ့အရှိန်အဝါတို့က တောက်ပလာကာ ကမ္ဘာမြေကိုပင် အလင်းပေးနေသကဲ့သို့ ဖြစ်နေသည်။

မိုးကြိုးစွမ်းအားတို့က သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားကာ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား ပိုမို အားကောင်းလာစေသည်။

သူက တိုက်ခိုက်လေလေ ပိုကြမ်းလာလေလေ ဖြစ်၏။ သူ့လက်သီးချက်များက ဟစ်ကြွေးနေသည့် မျောက်ဝံသဖွယ် မိုးကြိုးချက်ကိုပင် အလွယ်တကူ စုတ်ဖြဲနိုင်လိုက်သည်။

ထိုစဉ် မိုးကြိုးချက် ကိုးချက်ကို ဖျက်စီးပြီးသွားလေပြီ။

…………...

ဝုန်း

ကောင်းကင်စမ်းသပ်ချက်က အဆုံးသတ် မရောက်သေးပေ။ စုစုပေါင်း မိုးကြိုး ၇၂ ချက် ခံယူရမည် ဖြစ်ပြီး ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များ ပိုမို သိပ်သည်းလာသည်နှင့်အမျှ မိုးကြိုးချက်တို့က ပိုမို ကြောက်ဖို့ကောင်းလာလေလေ ဖြစ်သည်။

ဝုန်း

နောက်ထပ် မိုးကြိုးချက် ကျရောက်လာပြန်သည်။

မိုးကြိုး ၁၈ ချက် ထုတ်လွှင့်လာပြီး မိုးကြိုးနဂါးများအသွင် ပြောင်းလဲသွားသည်။ သူတို့က ပါးစပ်ဟကာ ကောင်းကင်တခွင် ဦးတည်ပျံသန်းနေကြသည်။

“ အချိန်မီလေးပဲ ”

ချီကျန့်က တုတ်ချောင်းကို ဝေ့ယမ်းကာ မိုးကြိုးနဂါးများဆီ ချိန်ရွယ်လိုက်သည်။

“အလုံးစုံ သုတ်သင်ခြင်း”

ချီကျန့်လက်ထဲရှိ တုတ်ချောင်းက အားပြင်းပြင်း တုန်ခါလာပြီးနောက် အာကာပြင်ထဲ ဝေ့ယမ်းနေသည့် ဧရာမတုတ်ချောင်း ပုံရိပ်သဏ္ဌာန်အသွင် ပြောင်းလဲသွားသည်။

ထိုစဉ် အဆုံးမဲ့အံ့ဖွယ်အလင်းနှင့် မိုးကြိုးနဂါးတို့ တွေ့ဆုံသည့်အခါ  အာကာပြင်အပိုင်းအစတို့က မွစာကြဲသွားသည်။

ဝုန်း …

မိုးကြိုးချက်များက နေရာအနှံ့ လွှင့်ပျယ်သွားပြီး ဧရာမမိုးကြိုးနဂါးများလည်း တုတ်ချောင်းရိုက်ချက်အောက်တွင် ကြေမွသွားကြသည်။

ချီကျန့်က မြူးကြွကြွ အမူအယာဖြင့် ရပ်နေပြီး တိုက်ပွဲအငွေ့အသက်များဖြင့် တောက်လောင်နေသည်။ သူက ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်မည့် နတ်ဘုရားတစ်ပါးအလား ဖြစ်၏။

သူ့တုတ်ချောင်းက လေကဲ့သို့ လျှင်မြန်ပြီး အားကောင်းလှသည်။ ရိုက်ချက်တိုင်းက မိုးကြိုးနဂါးတစ်ကောင်ကို ဖျက်စီးပစ်နိုင်သည်။ ဤမိုးကြိုး ၁၈ ချက်က အချိန်တိုအတွင်း ပျောက်ကွယ်သွားရ၏။

ဝုန်း …

ရှစ် - ကိုး မိုးကြိုးစမ်းသပ်ချက်က နောက်တဖန် ထွက်ပေါ်လာပြန်ပြီး အရူးအမူး ပြေးဆင်းလာသည့် ကြမ်းတမ်းခက်ထန်သော သားရဲများစွာကို ဖန်တီးလိုက်သည်။

မိုးကြိုး ၃၆ ချက် ထွက်ပေါ်လာသည်။ ထိုစွမ်းအားက ယခင်တစ်ခေါက်ထက် ပိုကြောက်ဖို့ကောင်းသည်။ မိုးကြိုးသားရဲများက ရက်ရက်စက်စက် ဟိန်းဟောက်လိုက်ကြသည်။ သူတို့ဟိန်းဟောက်သံကြောင့် အာကာပြင်ကိုပင် တုန်ခါလာစေပြီး ကြေမွသွားစေသည်။

ထိုမိုးကြိုးဖွဲ့စည်းပုံများက ရှေးဟောင်းသားရဲများအပေါ် အခြေခံထားခြင်း ဖြစ်၏။ သူတို့ပေါ်ထွက်လာမှုက နေရာတစ်ခုလုံးကို မှောင်မိုက်သွားစေကာ နေရောင်လရောင်တို့ပင် တောက်ပမှု ပျောက်ဆုံးသွားရသည်။

ချီကျန့်က မိုးကြိုးစမ်းသပ်ချက်များကို ရင်ဆိုင်ရင်း လေးနက်နေဟန်ပေါ်သည်။ သူက ဖိအားများစွာကို ခံစားနေရ၏။ သို့သော်လည်း သူက မကြောက်ပေ။ ထို့အစား သူ့တိုက်ပွဲအငွေ့အသက်တို့ အရှိန်အဟုန်ပြင်းလာသည်။

ချီကျန့်က ခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်။

“ တိုက်ပွဲသွေးဖြင့် ကောင်းကင်ကို လောင်ကျွမ်းခြင်း ”

အနီရင့် မီးတောက်နှင့် တူသည့် အနီတောက်တောက် အလင်းတစ်ချက် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ သူက တိုက်ပွဲတော်ဝင်ကျမ်း၏ တားမြစ်အခန်းဆက်ကို အသက်သွင်းလိုက်ပြီး သူ့ကိုယ်သူ ပြိုင်ဖက်ကင်း တိုက်ပွဲအငွေ့အသက်ဖြင့် အားမြင့်တင်လိုက်သည်။

အနီရင့်ရောင် တောက်ပလာမှုက ပို၍ လင်းလက်လာကာ သူ့ခန္ဓာကိုယ်ထဲ တိုက်ပွဲအငွေ့အသက်များ စုစည်းလာပြီးနောက် သူ့အရှိန်အဝါ ထွက်ပေါ်လာပြန်သည်။

“ သတ် ”

ချီကျန့်က မားမားမတ်မတ် ရပ်လိုက်သည်။ သူ့ရွှေရောင်က အနီရင့်ရောင်အသွင်ပြောင်းလဲသွားပြီး သူ့တိုက်ပွဲအငွေ့အသက်များကလည်း နေရာတစ်ခုလုံးကို ရှင်းထုတ်ပစ်မည့် ဧရာမလှိုင်းလုံးကြီးများအလား ထွက်လာသည်။

သူက ပြိုင်ဖက်ကင်း တိုက်ပွဲနတ်ဘုရားကဲ့သို့ မိုးကြိုးစမ်းသပ်ချက်နှင့် ထိပ်တိုက် ရင်ဆိုင်နေသည်။ ရိုက်ချက်တိုင်းက မိုးကြိုးသားရဲတစ်ကောင်ချင်းစီကို ခြေမွပစ်လိုက်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ရှစ် - ကိုး မိုးကြိုးစမ်းသပ်ချက်ကို လျော့တွက်၍ မဖြစ်ပေ။ တစ်ခါတည်းဖြင့် မိုးကြိုး ၃၆ ချက် ခံယူရမည် ဖြစ်သောကြောင့် မဟာဝိဇ္ဇာများပင် အားကုန်သုံး၍ ခုခံရပေမည်။

ချီကျန့်က မိုးကြိုးအပစ်ခံလိုက်ရပြီး သူ့အံ့ဖွယ်အရှိန်အဝါတို့က ပြင်းထန်စွာ တုန်ခါသွားလေသည်။ အကယ်၍ သူ့တိုက်ပွဲအံ့ဖွယ်ချပ်ဝတ်၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် သူအနေနှင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ ကံကောင်းစွာဖြင့် ချီကျန့်က အရာအားလုံးကို ခုခံနိုင်လိုက်သည်။

သူက နောက်ဆုံးသော မိုးကြိုးချက်ကို ဖျက်စီးပြီးနောက် အဆုံးမဲ့ မိုးကြိုးတို့က သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကာ သူ့ကျင့်ကြံဆင့်အား တိုးပွားလာစေသည်။

တစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာ

နှစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာ

သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာ

ရှစ် - ကိုး စမ်းသပ်ချက် ပြီးဆုံးပြီးနောက် ချီကျန့်၏ ကျင့်ကြံဆင့်မှာ သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့်သို့ ရောက်သွားလေပြီ။

ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များ နောက်ဆုံးတွင် လွှင့်ပျယ်သွားပြီး တဖန် ပြန်လည် လင်းလာသည်။

ချီကျန့်က ဝေဟင်မှ ဆင်းသက်လာကာ နှစ်ယောက်ရှေ့ ရပ်လိုက်သည်။

“ ခေါင်းဆောင်ရဲ့ အံ့ဖွယ်ဆေးလုံးကြောင့် ငါ ဒီလိုအောင်မြင်တာ … ခေါင်းဆောင် ကျေးဇူးပါ ”

သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ သူ့အကြည့်တို့၌ လေးစားမှုနှင့်အတူ ပျော်ရွှင်မှုတို့ ကိန်းအောင်းနေသည်။ အကယ်၍ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် ဝိဇ္ဇာအဆင့် မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်မည် မဟုတ်ပေ။ ကောင်းကင်စမ်းသပ်ချက် သုံးကြိမ်လုံးကို တစ်ခါတည်းဖြင့် ဖြတ်ကျော်ခဲ့ပြီး သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာဖြစ်လာခဲ့လေပြီ။

ဤသည်မှာ စိတ်ကူးထက်ပင် ကျော်လွန်နေသည့်အရာ ဖြစ်သော်လည်း ကောင်းကင်ဘုံ သွေဖယ်ကာ ကံကြမ္မာပြောင်းလဲစေသည့် ဆေးတစ်လုံးဖြင့် ဖြစ်လာအောင် လုပ်နိုင်ခဲ့သည်။

ချီကျန့်က အံ့အားသင့်မိနေဆဲ ဖြစ်သည်။

သူက နှစ်များစွာကြာသည့်တိုင် ထိပ်တန်းနတ်ဆိုးအသျှင်တစ်ယောက် ဖြစ်ခဲ့ပြီး ကျစ်လစ်ခိုင်မာသည့် အခြေခံအုတ်မြစ် ရှိထားသော်လည်း ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အာနိသင်က သိသာလှသည်။ အမှန်ပင် တုနှိုင်းမဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံး ဖြစ်၏။

………….....

“ ကိစ္စမရှိပါဘူးကွာ ”

ရှန်ထျန်းက ခေါင်းညိတ်ကာ အလွန်ကျေနပ်နေမိသည်။

ချီကျန့်၏ စွမ်းအားများက သိသိသာသာ တိုးတက်လာသောကြောင့် သူ့အတွက် ကိစ္စကောင်း ဖြစ်ပေသည်။ ချီကျန့်က သူ့အတွက် ရွှေဥ ဥပေးနေသည့် ငန်းတစ်ကောင် ဖြစ်သောကြောင့် ဝလာလေလေ ပိုကောင်းလေလေ ဖြစ်၏။

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အာနိသင်အပေါ် ပိုအာရုံစိုက်ထားသည်။ ဤဆေးအသုတ်က ယခင်တစ်ခေါက်ထက် ပိုအားကောင်းသည်။ ယခင်တစ်သုတ်က ဝိဇ္ဇာအား ကောင်းကင်စမ်းသပ်ချက် နှစ်ကြိမ်မျှသာ ခံယူဖို့ ကူညီပေးနိုင်ခဲ့ပြီး ယခုအခါ ချီကျန့်အားး သုံးကြိမ်တိုင်တိုင် ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့သည်။

ကြည့်ရသည်မှာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး တန်ဖိုးတော့ အများကြီး တိုးသွားပေမည်။

………....

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်၏ ဆင့်ကဲတိုးတက်လာပုံကို မြင်ပြီး အံ့အားသင့်နေမိသည်။ သူက ချီကျန့်၏ ကျင့်ကြံဆင့် တိုးတက်လာရုံသာမက သူ့အခြေခံအုတ်မြစ်နှင့် ပင်ကိုယ်ပါရမီသည်လည်း တိုးမြင့်လာကြောင်း သတိထားလိုက်မိသည်။

လုံးဝကို ယုံကြည်နိုင်စရာ မကောင်းပေ။

ဆေးတစ်လုံးတည်းဖြင့် ဤသို့သော ရလဒ်မျိုုး ထွက်ပေါ်လာစေသည်လား။

တကယ်ကို အံ့ဖွယ်ပဲ …

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျက်ဝန်းများက တောက်ပလာကာ ကျန်ရှိနေသော ဆေးလုံးများအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ဆွဲဆောင်ခံလိုက်ရတော့သည်။

ဤအဆင့် ဆေးလုံးမျိုးက မကြုံစဖူး ဖြစ်သောကြောင့် သူ့အား စိတ်ဝင်စားလာစေသည်။

သို့သော် အဓိကအကြောင်းအရင်းမှာ ရနံ့လေး သင်းနေပြီး ထာဝရငှက်ပျောသီးထက် အနံ့ကောင်းနေ၍ ဖြစ်သည်။ ဤသို့သော အနံ့မျိုးက မျောက်ဝံများ အကြိုက်ဆုံး ရနံ့လေး ဖြစ်၏။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ပြောလိုက်သည်  “ ကောင်လေး မင်းရဲ့ အောင်မြင်မှုမှာ ငါ့ကို မမေ့နဲ့ဦး”

အကယ်၍ အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်ကို ခက်ခက်ခဲခဲတွေ မလေ့ကျင့်ပေးခဲ့ပါက သူ့အနေနှင့် ရှစ် - ကိုး စမ်းသပ်ချက်တွင် အသက်ရှင်ကျန်ရစ်ဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ချီကျန့်က မြန်မြန်ခေါင်းညိတ်ကာ “ ဘိုးဘေးရဲ့ လမ်းညွှန် သင်ကြားမှုအတွက်လည်း ကျေးဇူးတင်ပါတယ် ”

ချီကျန့်သာ တိုက်ပွဲသွေးဖြင့် ကောင်းကင်ကို လောင်ကျွမ်းခြင်း ပညာရပ်ကိုသာ မကျွမ်းကျင်ခဲ့လျှင် ရှစ် - ကိုး စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်လောက်မည် မဟုတ်ပေ။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး “ ဒီဆေးလုံးက တကယ်ကြီး ဆန်းကြယ်တာလား။ ဆေးတစ်လုံးတည်းနဲ့ ဒီလိုအာနိသင်မျိုး ပေးနိုင်တယ်လား။ ငါ တကယ်ကို မယုံနိုင်ဘူး ”

တကယ်တော့ အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ယုံကြည်သွားပြီ ဖြစ်သော်လည်း ရှန်ထျန်းဆီမှ ဆေးတစ်လုံးလောက် ရဖို့ ကြိုးစားကာ အကြံအဖန်လုပ်နေခြင်း ဖြစ်သည်။

ချီကျန့်က ပြန်ဖြေလိုက်သည်  “ ဘိုးဘေး ဒီဆေးလုံးက တကယ်ကြီး ဆန်းကြယ်တယ်။ ဒီဆေးလုံးကြောင့်သာ မဟုတ်ရင် ကျွန်တော်တော့ မိုးကြိုးစမ်းသပ်ချက်ကို သုံးကြိမ်ဆက်တိုက် ခံယူနိုင်မှာ မဟုတ်ဘူး ”

ချီကျန့်က အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အတွေးများကို မသိပေ။ ရလဒ်အနေနှင့် သူက မြန်မြန်ဆန်ဆန် ရှင်းပြလိုက်လေ၏။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ  “ ငါ မစမ်းကြည့်ရသရွေ့ မယုံဘူးကွာ ”

ရှန်ထျန်း  “ … ”

ချီကျန့်  “ … ”

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့က အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြ၏။ သူက ဆေးလုံးအလကား လိုချင်နေခြင်းသာ ဖြစ်၏။

ချီကျန့်လည်း နေရခက်ဟန်ပေါက်လာပြီး တိတ်တဆိတ်သာ နေနေလိုက်သည်။

ရွေးချယ်စရာ မရှိပေ။ ရှက်စရာကောင်းလွန်းလှသည်။

ဘိုးဘေးရေ … ခင်ဗျားက နတ်ဧကရာဇ်လေ … အဲဒါကို ဂျူနီယာဆီကနေ ဆေးလုံးအလကားယူဖို့ လှည့်ဖျားနေတာလား။ တကယ်ကြီး သင့်တော်ရဲ့လား

ရှန်ထျန်းက စနောက်နေဟန်ဖြင့် ပြောလိုက်သည်  “ စီနီယာနတ်ဧကရာဇ်က အသိစိတ်အကြွင်းအကျန် မဟုတ်ဘူးလား။ ဒီဆေးလုံးက ဘယ်လိုလုပ် သက်ရောက်မှုရှိမှာလဲ ”

သူ့အပြုအမူများကို ထိုးဖောက်မြင်သွားကြောင်း သတိပြုမိပြီးနောက် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ မောက်မာမှုအပြည့် မျက်နှာအထက် ရှက်ရွံ့မှုအနည်းငယ် ပေါ်ပေါက်လာသည်။

“အဟမ်း ငါက အသိစိတ်လေးပဲဆိုပေမဲ့ ဒီဆေးလုံးတွေရဲ့ အာနိသင်ကို ခံစားနိုင်ပါသေးတယ်ကွာ ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ဤဆေးလုံးသည် ရနံ့ကောင်းလွန်းကြောင်းကြောင့် အရသာမြည်းစမ်းချင်ကြောင်း ဝန်ခံ၍ မဖြစ်ပေ။

သူ့အတွက် မျက်နှာပျက်စရာ ဖြစ်ပေမည်။

ချီကျန့်က သူ့နဖူးသာ အုပ်ထားမိလိုက်သည်။ သူက စိတ်ထဲမှ ငြီးတွားနေမိ၏။

ဘိုးဘေးရေ တစ်ယောက်ယောက်ကို လှည့်ဖျားချင်ရင်လည်း အကြောင်းပြချက်ကောင်းကောင်း ရှာရမယ်လေဗျာ

ကျွန်တော်တို့ကို သုံးနှစ်သား ကလေးတွေများ ထင်နေလား။ ကျွန်တော်တို့ကို အဲလောက်တုံးအနေလို့လား

ဆေးလုံးက နတ်ဘုရားအသိစိတ်အပေါ် ဘယ်အချိန်တုန်းက အကျိုးသက်ရောက်မှု ရှိသွားရတာလဲ

……………..

ရှန်ထျန်းက ခေါင်းခါကာ  “ စီနီယာ လိုချင်ရင် တစ်လုံးယူလို့ ရပါတယ်။ ထာဝရငှက်ပျောသီး တစ်လုံးနဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံး လဲကြတာပေါ့ … စီနီယာဆီမှာ နောက်ထပ် သိမ်းထားတာတွေ ရှိသေးတယ် ဟုတ်တယ်မလား ”

ရှန်ထျန်းက ချီကျန့်အား ဆေးလုံး ပေးလိုက်ခြင်းမှာ သူ့ကံကြမ္မာကို မျှဝေယူနိုင်၍ ဖြစ်သည်။

ဤလူအိုကြီးတွင် မျှဝေယူစရာ ကံကြမ္မာ မရှိနေချေ။

ဆေးလုံး အလကားလိုချင်တာလား .. ဆုတောင်းလေ

..................

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကြောင်အမ်းသွားကာ  “ ကောင်စုတ်လေး … ငါက ဒီဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေကို ပေးခဲ့တဲ့သူပါကွာ။ မင်းက နောက်ထပ် ငှက်ပျောသီး ထပ်တောင်းချင်နေသေးတာလား ”

ရှန်ထျန်းက ပြုံးလိုက်ပြီး  “ စီနီယာကလည်း ကျွန်တော်က အဲဒီပစ္စည်းတွေအတွက် မက်မွန်သီးနဲ့ လဲခဲ့ရတာလေ။ မက်မွန်သီး ထပ်မလိုချင်တော့ဘူးလား။ ကျွန်တော်ဆီ ပြန်ပေးတော့မလို့လား ”

“ကောင်းပြီ .. မင်း နိုင်တယ်”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်သော်လည်း ရွေးချယ်စရာ မရှိပေ။ သူက ဂျုနီယာတစ်ယောက်နှင့် ငြင်းခုံမနေဖို့ ထိန်းသိမ်းရမည့် မာန်မာနလည်း ရှိနေသေး၏။

“ ငါ့ကို သုံးလုံးပေး ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရွေးချယ်စရာမရှိဘဲ နောက်ဆုံးသော ကြွယ်ဝမှုတို့ကို ထုတ်သုံးလိုက်ရသည်။ သူက နောက်ထပ် ထာဝရငှက်ပျောသီး သုံးလုံးကို ထုတ်ပေးလိုက်သည်။

ရှန်ထျန်းက ဆေးသုံးလုံး ထုတ်ပေးလိုက်ရင်း သူ့အပြုံးတို့က ပိုသိသာလှသည်။

ဤအလဲအလှယ်က သူ့အတွက် အနိုင် ဖြစ်၏။ သူက ထာဝရငှက်ပျောသီး သုံးလုံးကို အသုံးပြုခဲ့ပြီး ကောင်းကင်ပြုပြင်ရေး ဆေးလုံး ၃၆ လုံး ရရှိခဲ့သည်။ ယခု သူက ဆေးသုံးလုံးအတွက်  နတ်ဧကရာဇ်အဆင့် အသီးသုံးလုံး ပြန်ရလိုက်သည်။

အကျိုးမြတ်အကြီးကြီး ဖြစ်၏။

ဝိဇ္ဇာဆေးပင်များအတွက်မူ ရှန်ထျန်းက လုံးလုံး စိတ်မပူပေ။ သူ့သိုလှောင်လက်စွပ်ထဲ၌ အမြောက်အများ ရှိပေသည်။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ဆေးလုံးများ လက်ခံပြီးနောက် မနေနိုင်ဘဲ အသက်ပြင်းပြင်းရှုလိုက်မိသည်။ ထို့နောက် သူက ချက်ချင်းဆိုသလို မင်သက်မိသွားသည်။

ဤရနံ့လေးက မျောက်ဝံတစ်ကောင်အတွက် စွဲမက်ဖို့ ကောင်းလွန်းနေသည်။

သူက နတ်ဘုရားအသိစိတ်မျှသာ ဖြစ်သော်လည်း အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အရသာမြည်းစမ်းကြည့်ဖို့ မစောင့်နိုင်တော့ပေ။

ဂလု …

ပထမဆေးလုံး အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ် ပါးစပ်ထဲ ဝင်သွားသည့် အခိုက်အတန့် သူက အံ့ဖွယ်အလင်းများ တောက်ပလာသည်။

အံ့ဩဖွယ် ပုံရိပ်သဏ္ဌာနအပြင် အခြားဘာမှမဖြစ်လာပေ။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျက်လုံးများ ပိတ်ထားလျက် ဆေးလုံးအရသာခံနေသည်။

“ မဆိုးဘူး မဆိုးဘူး။ အရသာရှိတယ်။ ဒီဟာလေးက မှည့်နေတဲ့ ငှက်ပျောသီးထက်တောင် ပိုအရသာရှိတယ် ”

ခဏအကြာတွင် သူက နှုတ်ခမ်းသပ်လိုက်သည်။ သူက မကျေနပ်သေးသော်လည်း ဆေးလုံးများကို ဆက်မသောက်တော့ပေ။ ဤအံ့ဖွယ်ဆေးလုံးများက အာနိသင်ကောင်းကောင်း ရှိသော်လည်း သူ့အတွက် အသုံးမဝင်ပေ။ သူ့လောဘကို ဖြည့်ဆည်းရုံသပ်သပ် သောက်သုံးလိုက်ပါက ဆိုးရွားသွားပေမည်။

………...

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က လက်ကျန်ဆေးလုံး နှစ်လုံးအား ချီကျန့်ဆီ ပေးလိုက်ကာ  “ ကလေး ဒါတွေကို မင်းနဲ့အတူ ပြန်ယူသွားလိုက်။ သူတို့က ငါတို့မျိုးနွယ်မှာ နောက်ထပ် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံနှစ်ကောင် ထပ်တိုးလာအောင် ကူညီပေးနိုင်တယ်”

ဤဆေးလုံး၏ အဆင့်က လူတစ်ယောက်၏ အခြေခံနှင့် ပင်ကိုယ်ပါရမီတို့ကို တိုးမြင့်ပေးနိုင်သည်။ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်တွင် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးရိုး နှိုးထဖို့ ခြေတစ်လှမ်းမျှသာ လိုနေသော အားကောင်းသည့် ကျင့်ကြံသူများစွာ ရှိပေသည်။ ထို့ကြောင့် သူတို့သာ ဤဆေးလုံးကို သောက်သုံးနိုင်ပြီး သွေးမျိုးဆက်ကို တိုးမြင့်နိုင်ခဲ့လျှင် သူတို့လည်း အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်လာပေမည်။

ပြောရလျှင် သူတို့ကို သဘာဝစွမ်းအားများဖြင့် ဖန်ဆင်းထားသော သွေးမျိုးရိုးတစ်ခု ဖြစ်၏။ သူတို့က အလွန်တရာ အားကောင်းလှသည်။

ချီကျန့်က ရင်ထဲထိသွားကာ  “ ဟုတ်ကဲ့ပါ ဘိုးဘေး ”

သူက ဤဆေးလုံး၏ အံ့ဩလောက်ဖွယ် အကျိုးအာနိသင်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဖြစ်၍ သူ့မျိုးနွယ်ကို ဆင့်ကဲတိုးတက်လာစေဖို့ ကူညီပေးနိုင်ကြောင်း သေချာပေါက် သိထားသည်။ ထိုအခါ ရွှေမျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်၏ ရွှေခေတ်အခါ ရောက်လာလိမ့်မည်။

မျိုးနွယ်စုတစ်ခုမှာ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသုံးကောင် … တကယ်ကို မယုံကြည်လောက်စရာပဲ

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်အပေါ်  သူ့ကျေးဇူးတရားတို့က ပိုမို နက်ရှိုင်းလာသည်။

သူက အမှန်တကယ် သူ့ဘိုးဘေး ဖြစ်ပြီး မျိုးနွယ်စုကောင်းကျိုးအတွက် စဉ်းစားပေးနေဆဲ ဖြစ်သည်။

ဒါပေမဲ့ ခေါင်းဆောင်ကိုတော့ ကျေးဇူးအတင်ဆုံးပဲ … သူသာ ဒီဆေးလုံးကို မဖော်စပ်နိုင်ခဲ့ရင် ငါ့မျိုးနွယ် ဘယ်လိုလုပ် ပြန်လည် မြင့်တက်လာမှာလဲ

ခေါင်းဆောင်က ငါ့ဘိုးဘေးထက်တောင် ပိုအံ့ဩဖို့ကောင်းတယ်

..................

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်၏ အတွေးများကို မသိပေ။ သူသာ သိပါက ချီကျန့်အား သေသည့်အထိ ပိတ်ရိုက်မိလိမ့်မည်။

ဒီအသုံးမကျတဲ့ မျိုးဆက် … ငါကတော့ ဆေးလုံးအတွက် ရှိသမျှကြွယ်ဝမှုအားလုံး ထုတ်သုံးလိုက်ရတာလေ။ အဲဒါ ငါ့အကျိုးပြုမှုက မင်းခေါင်းဆောင်ထက် နည်းနေသေးတာတဲ့လား

မင်းလိုမျိုး အသုံးမကျတဲ့ မျောက်တစ်ကောင်ရှိတာ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်အတွက် ကံဆိုးမှုပဲ

...................

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကောင်းကင်ကို တစ်ချက်တော့ကြည့်လိုက်ပြီးနောက် လက်နောက်ပစ်ကာ ပြောလိုက်သည်  “ မင်းဆီကို အမွေအနှစ်တစ်ခုလုံး လက်ဆင့်ကမ်းပေးပြီးပြီဆိုတော့ မင်းတို့ ထွက်သွားရမဲ့ အချိန်ကျလာပြီ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ထိုနှစ်ယောက်အား ပို့လွှတ်ဖို့ ပြင်လိုက်သည်။ သူ့ရတနာများလည်း ဗလာဖြစ်သွားပြီး နောက်ဆုံးသော ထာဝရငှက်ပျောသီးပင် ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှင့် လဲလှယ်လိုက်ရသည်။ သူက အခုပြောင်သလင်းခါနေပြီ ဖြစ်သောကြောင့် ဘာမှထပ်ပေးစရာ မရှိတော့ပေ။ ထို့အပြင် ထိုကောင်လေးနှစ်ယောက်က သူ့လမ်းညွှန်မှုကို မလိုအပ်ပေ။

တစ်ယောက်က ပုံမှန်မဟုတ်သည့် လူထူးဆန်း ဖြစ်ပြီး နတ်ဧကရာဇ်ပင် အံ့ဩသွားအောင်အထိ တိုက်ပွဲတော်ဝင်ကျမ်းအား သုံးရက်အတွင်း သင်ယူတတ်မြောက်ခဲ့သည်။

အံ့ဖွယ်တစ်ရပ် ဖြစ်ပြီး အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်ကိုယ်တိုင်ပင် မလုပ်နိုင်ပေ။

နောက်တစ်ယောက်မှာ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ ဖြစ်၏။

အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများသည် အမြဲတမ်း တိုက်ခိုက်နေလေ့ရှိသောကြောင့် ထူးထူးခြားခြား လမ်းညွှန်မှုကို မလိုအပ်ပေ။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား သူ့ရည်ရွယ်ချက်တွေ့အောင် ကူညီပေးခဲ့ပြီးပြီ ဖြစ်၏။ အကယ်၍ သူသာ အများကြီး လမ်းညွှန်ပေးနေလျှင် ချီကျန့်၏ ကြီးထွားမှုကို နှောင့်နှေးစေလိမ့်မည်။ သူ့ဘာသာ သူ့လမ်းရှာသည်က ပို၍ ကောင်းပေမည်။

ယခုကစ၍ နယ်မြေငါးခုက ချီကျန့်၏ တိုက်ခိုက်ရေးကွင်း ဖြစ်သွားလိမ့်မည်။

အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများက အမြဲတမ်း ဒီလိုသာ ဖြစ်ခဲ့၏။ ဤသွေးမျိုးဆက်ကို အမြင့်ဆုံးအထိ တိုးမြင့်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

“ စီနီယာကို ကျေးဇူးတင်ပါတယ် ”

“ ကျေးဇူးပါ ဘိုးဘေး ”

ရှန်ထျန်းနှင့် ချီကျန့်တို့က ကျေးဇူးတင်ကြောင်း ပြိုင်တူ ပြောလိုက်ကြသည်။ သူတို့ ရောက်နေသည်မှာ နှစ်လတာမျှ ကြာမြင့်သွားပြီ ဖြစ်၍ ထွက်သွားရမည့် အချိန်ရောက်လာလေပြီ။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က လွန်ခဲ့သော နှစ်တစ်သိန်းရှစ်သောင်းခန့်က နတ်ဧကရာဇ် ဖြစ်ပြီး သူတို့အား အမွေအနှစ် လက်ဆင့်ကမ်းပေးခဲ့သည်။ သူ့ကို ကျေးဇူးတင်မှသာ သင့်တော်လိမ့်မည်။

“ သွားကြတော့ ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က လက်ဝေ့လိုက်ပြီး နှစ်ယောက်လုံး ထွက်သွားနိုင်ကြောင်း ပြသလိုက်သည်။ သူက ရှန်ထျန်း၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်နေရင်း သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအယာတစ်ခု ပေါ်ပေါက်လာသည်။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ နှုတ်ခမ်းဖျားတို့ အသာလှုပ်ရှားသွားကာ ချီကျန့်အား အသံဆက်သွယ်၍ လှမ်းပြောလိုက်သည်  “ ကောင်လေး နောင်ကျရင် မင်းရဲ့ ခေါင်းဆောင်နဲ့ နီးနီးကပ်ကပ်နေဖို့ ကြိုးစား ကြားလား။ မင်း ကပ်ဖားလျက်ဖား ဖြစ်လာရင်တောင် ကိစ္စမရှိဘူး ”

ချီကျန့်  “ … ”

သူက ရှုံ့မဲ့သွားပြီးနောက် ပြန်ပြောလိုက်သည်။

“ဘိုးဘေးပဲ ကျွန်တော်က ခေါင်းဆောင်ကို အထင်ကြီးလို့ အသုံးမကျဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ လေသံက ဘာလို့ မြန်မြန်ဆန်ဆန် ပြောင်းသွားရတာလဲ ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျက်နှာက နီရဲလာကာ  “ ငါ့အကြံဉာဏ်ကိုသာ မှတ်ထားစမ်းပါ။ နောင်ကျရင် ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်က အန္တရာယ်နဲ့ ကြုံတွေ့လာရင် သူက ငါတို့တစ်မျိုးနွယ်လုံးကို ကယ်တင်ပေးနိုင်လောက်တယ် ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အကြည့်များက ပို၍ နက်ရှိုင်းလာသည်။ သူက ရှန်ထျန်းသည် အလွန်ဆန်းကြယ်လွန်းကြောင်း ခံစားနေမိ၏။

သူပင် ထိုးဖောက်မမြင်နိုင်လောက်အောင်အထိ ဆန်းကြယ်နက်နဲလွန်းနေသည်။

ဒီလောက်အံ့ဖွယ် ပါရမီနဲ့ တိုက်ခိုက်ရည်အကြောင်း ထုတ်မပြောသေးလျှင်ပင် သူ့ဆေးဖော်စပ်နိုင်စွမ်း တစ်ခုတည်းဖြင့် လောကကြီးကို တုန်လှုပ်သွားစေဖို့ လုံလောက်နေလေပြီ။ ဤသို့သော ပါရမီရှင်မျိုးနှင့် ရင်းနှီးမှု တည်ဆောက်ထားသည်က မမှားပေ။

နတ်ဧကရာဇ်၏ စကားများက ချီကျန့်အား ကြောင်အမ်းသွားစေသည်။

ငါ့ဘိုးဘေးက ခေါင်းဆောင်အပေါ် အမြင်ကောင်းရှိတာ သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ ဘိုးဘေး မပြောရင်တောင် ခေါင်းဆောင် ဘယ်သွားသွား လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ။

ခေါင်းဆောင်က ငါ့အပေါ် အရမ်းကောင်းလွန်းတယ်

“ ဟုတ် ကျွန်တော် သိပါပြီ ” ချီကျန့်က ရှန်ထျန်းနောက်လိုက်သွားရင်း ပြန်ဖြေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန်မှ ထွက်ကာ ပြင်ပလောကဆီ ပြန်ရောက်သွားသည်။

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နှစ်ယောက်သား ထွက်သွားသည်ကို ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်  “ ဒီမျိုးဆက်က ထူးထူးဆန်းဆန်း ပါရမီရှင်တွေ မွေးထုတ်နိုင်တာဆိုတော့ နယ်မြေငါးခုမှာ မကြာခင် ကပ်ဘေးကျလာတော့မယ် တူတယ် ဟူး ”

အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ ပုံရိပ်က ဖြည်းဖြည်းချင်း လွှင့်ပျောက်လာသည်။ အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန်လည်း ပင်လယ်အနက်ပိုင်းထဲ အပြည့်အဝ ဖုံးကွယ်သွားသည်။

……………...

ထိုစဉ် ရှန်ထျန်းနှင့် ချီကျန့်တို့က ပင်လယ်အနက်ပိုင်းမှ ထွက်လာကာ အရှေ့ပင်လယ်အထက်ရှိ ကောင်းကင်ဆီ ရောက်လာကြသည်။

ချီကျန့်က ခေါင်းကုတ်ကာ  “ ခေါင်းဆောင် ငါတို့ အခု ဘယ်သွားကြမလဲ ”

ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီး  “ ကျိရှားကျောင်းတော်ဆီ အရင်ပြန်ကြစို့ ”

ဘယ်လိုဖြစ်ဖြစ် သူတို့က ကံအပြောင်းအလဲ အခွင့်အရေး ရထားပြီးပြီ ဖြစ်၍ အပြင်ဘက်တွင် လက်ယားလက်ယား နေစရာ မလိုတော့ပေ။

ဤနေရာတွင် လုံးဝ မလုံခြုံပေ။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ပုန်းအောင်းနေသည့်အတွက် ကျိရှားကျောင်းတော်ဆီ မြန်မြန် ပြန်သွားတာက ပိုကောင်းပေသည်။

ကျိရှားကျောင်းတော်တွင် ကျင့်ကြံရေးအတွက် များပြားလှသည့် အရင်းအမြစ်များစွာ ရှိပြီး ကံကြမ္မာကောင်းနှင့် ကျင့်ကြံသူများလည်း ရှိသည်။ ရှန်ထျန်းက ထိုအခွင့်အရေးကို အသုံးချ၍ နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို မျှဝေယူပြီး သူ့ရောင်ဝါ ခရမ်းရောင် ဖြစ်လာအောင် လုပ်ချင်မိသည်။ ဤသည်မှာ အရေးကြီးဆုံး ရည်မှန်းချက် ဖြစ်၏။

ထိုဆုံးဖြတ်ချက် ချလိုက်ပြီးနောက် နှစ်ယောက်သား အနီးဆုံးမြို့ဆီ တုံ့ဆိုင်းမနေဘဲ လာလိုက်ကြသည်။ သူတို့က ကျိရှားကျောင်းတော်ဆီ မြန်မြန် ပြန်ရောက်ဖို့ ကူးသန်းဆက်သွယ်ရေး စက်ဝန်းကို အသုံးပြုချင်ကြသည်။

………....

ထိုစဉ် ကျိရှားကျောင်းတော်တွင် ဆူဆူညံညံ ဖြစ်နေကြလေပြီ။ လူသားနှင့် နတ်ဆိုးပရဝဏ်ရှိ အားလုံးက တူညီသောအရာကို ဆွေးနွေးနေကြသည်။

“ မင်း ကြားပြီးပြီလား။ အရှေ့ပင်လယ်မြို့ တိုက်ပွဲရလဒ် ရောက်လာပြီ။ ငါတို့အစ်ကိုကြီး ချီကျန့်က တစ်ယောက်တည်းနဲ့ ငါးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်ကို အနိုင်ယူခဲ့တယ်တဲ့။ ပြီးတော့ ခုနှစ်ကြိမ်မြောက် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ရဲ့ တိုက်ခိုက်မှုတွေကိုလည်း ခုခံနိုင်ခဲ့သေးတယ်။ သူက သူ့ဘာသာ တောင့်ခံထားခဲ့တာ …. သူက ငါတို့ နတ်ဆိုးပရဝဏ်ရဲ့ ထိပ်တန်းကျောင်းသားအမှန်ပဲ။ အရမ်းအားကောင်းလိုက်တာကွာ ”

နတ်ဆိုးပရဝဏ်မှ စီနီယာကျောင်းသားများက စိတ်လှုပ်ရှားနေကြသည်။

သို့သော်လည်း လူသားပရဝဏ် ပါရမီရှင်များက အော်ပြောလိုက်ကြသည်  “ အဲတော့ ဘာဖြစ်လဲ။ ငါတို့ ထိပ်တန်းကျောင်းသားလည်း အဲမှာရှိနေခဲ့တာပဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြိုင်ဖက်ကင်းပဲ။ သူက သူ့ဘာသာ ကိုယ်ပွားကိုးခုတောင် ဖန်တီးခဲ့တာနော် …

ကိုယ်ပွားတစ်ခုချင်းစီက နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်တွေ ပိုင်ထားကြသေးတယ်။ သူက မဟာဝိဇ္ဇာကို တစ်ကွက်တည်းနဲ့ အနိုင်ပိုင်းပစ်လိုက်တာကွ ”

…………...

အရှေ့ပင်လယ်မြို့ အဖြစ်အပျက်အကြောင်း သတင်းများ ပျံ့နှံ့သွားသည်မှာ သိသာလှသည်။ သို့သော်လည်း ကောလဟာလများက ချဲ့ကားလွန်းနေသည်။

သူတို့က ယုတ္တိမရှိသည့်အရာကိုပင် ပြောဆိုနေကြသေးသည်။

All Chapters