လန်အာ … မင်းလား
Vol. 30 Ch. 449
အခန်း (၄၄၉) : လန်အာ … မင်းလား
ကူးသန်းဆက်သွယ်ရေး အစီအရင်ကို အသုံးပြုပြီး ရှန်ထျန်းနှင့် ချီကျန့်တို့က ကျိရှားကျောင်းတော်ဆီ အလျှင်အမြန် ပြန်ရောက်လာကြသည်။ သူတို့ ကျောင်းတော်ဆီ ပြန်ရောက်လသည့်အခါ သူတို့ ကြားလိုက်ရသည်ကား အရှေ့ပင်လယ်မြို့တွင် သူတို့၏ စွမ်းဆောင်မှုများ ဖြစ်၏။
အရှေ့ပင်လယ်မြို့၏ အဖြစ်အပျက်က ခေတ်စားသော ခေါင်းစဉ်တစ်ခု ဖြစ်နေသည်။ မသိသည့်သူ မရှိသလို တင်ပြချက်များက ပို၍ ချဲ့ကားထားကာ ထူးဆန်းလှသည်။
နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။
“ ခေါင်းဆောင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ ”
ချီကျန့်က စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်သည်။ သူက ကောလဟာလများသည် ဤမျှကြောက်ဖို့ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍ ရယ်စရာကောင်းသည်က ထိုကောလဟာလများက အမှန်ဖြစ်သွားခြင်း ဖြစ်၏။
ချီကျန့်၏ ကျင့်ကြံဆင့်က သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့်အဖြစ် တိုးမြင့်သွားပြီး သူ့စွမ်းအားက သိသိသာသာ တိုးတက်လာသည်။ ယခုအခါ သူက မဟာဝိဇ္ဇာနှင့် အမှန်တကယ် ယှဉ်ချနိုင်လေပြီ။
ဤသည်က ကောလဟာလများနှင့် ကိုက်ညီနေလေ၏။
ရှန်ထျန်းလည်း ကြောင်အမ်းသွားကာ ဘာပြောရမှန်းပင် မသိတော့ချေ။
ဒီလူတွေက ငါ့အပေါ် ကင်မရာ တပ်ထားတာလား …
လေဟာနယ်ထဲ ဖြစ်ခဲ့တာကအစ ဘယ်လိုလုပ် သိနေတာလဲ
တစ်ယောက်ယောကက ကောင်းကင်မျက်လုံးကို အသက်သွင်းပြီး ငါ့ကို ချောင်းကြည့်ခဲ့တာလား … ဒီလူတွေက ဘာလို့ လျှောက်ပြောနေကြတာလဲ
တကယ်ကြီး အဓိပ္ပါယ်မရှိဘူး …
“ ထားလိုက်တော့ … သူ့အလိုလို ပြီးသွားလိမ့်မယ် ”
ရှန်ထျန်းက ခေါင်းခါကာ ကိုယ်တိုင် ရှင်းပြဖို့ မရည်ရွယ်ထားပေ။ သူက သိုသိုဝှက်ဝှက်နေဖို့ ရည်ရွယ်ထားသော်လည်း အခြေအနေများက သူ့အား မျက်နှာသာမပေးချေ။
ထိုစဉ် သူ့အတွက် ဖြေရှင်းဖို့ ပိုခက်ခဲသွားသည်။ သူ ရှင်းပြလေလေ ပြဿနာရှုပ်လာလေလေ ဖြစ်၏။ ထို့ကြောင့် နှစ်ယောက်လုံး ကောလဟာလများကို စိတ်ထဲ မထားဘဲ သူတို့အခန်းဆီ ပြန်လာကာ တံခါးပိတ် လေ့ကျင့်ဖို့ ဝင်သွားကြသည်။
ကောလဟာလများက ပိုမို ပျံ့နှံ့လာသောကြောင့် ကျိရှားကျောင်းတော်၏ ကျောင်းသားအားလုံးက နှစ်ယောက်လုံးတွင် မဟာဝိဇ္ဇာတစ်ယောက်၏ စွမ်းအား ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ထားကြသည်။
အချိန်တစ်ခုကြာသည့်အထိ သူတို့က အများအာရုံစိုက်ရာ ဖြစ်နေသည်။
………..
တစ်ချိန်တည်းတွင် မီးတိုင်းပြည်၌ …
ပုံရိပ်တစ်ခုက မြို့တော်ဆီ ဦးတည်ပြေးလွှားနေသည်။ ဤသူမှာ ဘုန်းကြီးသင်္ကန်း ဝတ်ဆင်ထားသည့် ကတုံးနှင့် ဘုန်းကြီးတစ်ပါး ဖြစ်၏။ သူ့တစ်ကိုယ်လုံးမှ မြင့်မြတ်သည့် တော်ဝင်ဗုဒ္ဓဓမ္မအငွေ့အသက်များ ထုတ်လွှင့်နေသည်။ သို့သော်လည်း ထိုဗုဒ္ဓဓမ္မအငွေ့အသက်များက မတည်မငြိမ် ဖြစ်နေပြီး အချိန်တစ်ခုကြာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
ထိုအရာ ပျောက်ကွယ်သွားပြီးနောက် မိစ္ဆာဆန်ဆန် အငွေ့အသက်များ အစားထိုးနေရာယူလာသည်။ သူက ယခုတွင် ဗုဒ္ဓဘုန်းကြီးနှင့် တူနေသလို နောက်အခိုက်အတန့်၌ နတ်ဆိုးဘုရင်နှင့် တူလာသည်။
ဤလူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်လေးပါးထဲမှ အသက်မဲ့ဘုရင် ဖြစ်၏။
သူက ထိပ်တန်း တာအိုခန္ဓာကိုယ် နှစ်ခုကို ဆုံးရှုံးသွားပြီးနောက် အသက်မဲ့ဘုရင်၏ စွမ်းအားက သိသိသာသာ လျော့ကျသွားပြီး နှစ်တစ်ထောင် ကျင့်ကြံခြင်းတို့ ပျောက်ဆုံးသွားသည်။
သူ့အနေနှင့် ရှန်ထျန်းအပေါ်ရှိ အမုန်းတရားမှာ ကောင်းကင်ဘုံကိုးလွှာကိုပင် ဖုံးလွှမ်းနိုင်လောက်သည့် အဆုံးမဲ့မြစ်လောက် ကြီးမားပေသည်။
အသက်မဲ့ဘုရင်က ရှန်ထျန်းကို လက်စားချေချင်သော်လည်း အချိန်တိုင်း သူပဲ ခံစားခဲ့ရသည်။ ဤကောင်လေးက ထူးဆန်းလွန်းလှ၏။ သူ့တာအိုခန္ဓာနှစ်ခုလုံးက ရှန်ထျန်းကို တိုက်ဖို့ ကြိုးစားမိသည့်အတွက် ပျက်သုန်းခဲ့ရသည်။
နောက်ဆုံးတွင် အသက်မဲ့ဘုရင်က သင်ခန်းစာများယူပြီးနောက် ရှန်ထျန်းအပေါ် တိုက်ခိုက်ဖို့ လက်လျော့လိုက်ပြီး ရှန်ထျန်း၏ မိသားစုကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သည်။
ခါးသီးသည့် ကျင့်ကြံရေးပြီးဆုံးပြီးနောက် အသက်မဲ့ဘုရင်သည် သူ့အခြားတာအိုခန္ဓာနှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့လေပြီ။
သူ့ပြင်ဆင်မှုအားလုံး ပြီးစီးပြီးနောက် အသက်မဲ့ဘုရင်က သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်ကို မချိုးနှိမ်နိုင်တော့ပေ။ သူက မီးတိုင်းပြည်ဆီ ချက်ချင်း ထွက်လာလိုက်သည်။ သူက ရှန်ထျန်းကို လက်စားချေဖို့ မီးတိုင်းပြည်၏ ဘုရင် ရှန်ရှောင်းကို သတ်ပစ်ချင်သည်။
အသက်မဲ့ဘုရင်က ရက်စက်စွာ ရယ်မောလိုက်ရင်း “ ရှန်ထျန်း ဒီနေ့ မင်းရဲ့ မိသားစုကို ဖျက်စီးပစ်မယ် ”
သူက တော်ဝင်နန်းတော်ထဲ ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အမြန်နှုန်းက လျှပ်စီးအလား အလွန်မြန်ဆန်လှပြီး သူ့ခန္ဓာကိုယ်က လေဟာနယ်နှင့် တစ်သားတည်း ဖြစ်နေသလို ပေါက်နေသည်။
သူက တခြားသူဘေးနား ပေါ်လာလျှင်ပင် မည်သူမှ သူ့အား သတိထားမိကြမည် မဟုတ်ပေ။
……….....
လန်ဖေးလင် … ဤသည်မှာ ကိုယ်လုပ်တော်လန်၏ ဂူဗိမာန် ဖြစ်၏။
ကိုယ်လုပ်တော်လန် သေဆုံးသွားပြီးနောက် ရှန်ရှောင်းက ကိုယ်တိုင်ကိုယ်ကျ သူမအတွက် ရည်ရွယ်၍ ဂူဗိမာန်တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤနေရာက အလွန်တိတ်ဆိတ်နေပြီး ရှန်ရှောင်းတစ်ယောက်တည်းသာ လာလေ့ရှိသည်။ အခြားသူများကို ဝင်ရောက်ခွင့် မပြုထားပေ။
ရှန်ရှောင်းက သူ့လက်ထဲတွင် အဖြူရောင်ပန်းလေးကို ကိုင်ထားရင်း ဂူသင်္ချိုင်းကို ကြည့်လိုက်သည်။ သူ့အကြည့်တို့၌ အောက်မေ့တသဖြစ်မှုများ ပါဝင်နေသည်။
သူက အဖြူရောင်ပန်းလေး တင်ပေးပြီး အမွေးတိုင်တချို့အား ထွန်းညှိပေးလိုက်သည်။
ရှန်ရှောင်းက လန်ဖေးလင်၏ အုတ်ဂူကိုသာ ကြည့်နေပြီး နူးနူးညံ့ညံ့ ရေရွတ်လိုက်သည် “ လန်အာ မင်းသိရဲ့လား။ ထျန်းအာက ကြီးပြင်းလာပြီ။ သူက အထွတ်အမြတ်မြေကို ဝင်လိုက်ပြီးတော့ သူ့အောင်မြင်မှုတွေက အံ့မခန်းပဲ။ ကိုယ် ကြားတာတော့ အထွတ်အမြတ်မြေတွေကြားမှာ ထျန်းအာက ထိပ်တန်း ပါရမီရှင်တစ်ယောက်တဲ့ … ကောင်းကင်ဘုံက မင်းရဲ့ ဝိညာဉ်သာ သိရင် ပြုံးနေမိလောက်တယ် ”
.................
ထိုစဉ် ရှန်ရှောင်းနောက်ရှိ အာကာပြင်သည် ပုံပျက်လာပြီး အသက်မဲ့ဘုရင် ပေါ်ထွက်လာသည်။
အသက်မဲ့ဘုရင်က ရှန်ရှောင်းကို မြင်ပြီးနောက် ယုတ်မာသော အမူအယာဖြင့် ပြောလိုက်သည် “ မင်းက ဒီမှာပုန်းနေတာကိုး။ ဒီနေ့ မင်းကို သတ်ပြီး ဟိုကောင်စုတ် ရှန်ထျန်းကို သူ့သွေးချင်းမိသားစု ဆုံးရှုံးရတဲ့ အရသာကို ခံစားခိုင်းရမယ်။ ပုရွက်ဆိတ်လိုဟာတွေ သေကြစမ်း ”
အသက်မဲ့ဘုရင်က သူ့ရှေ့တွင် ရှိနေသော်လည်း ရှန်ရှောင်းက ဘာမှသတိမထားလိုက်မိပေ။ အသက်မဲ့ဘုရင်က မဟာဝိဇ္ဇာအထက် တည်ရှိမှုမျိုး ဖြစ်ပေသည်။ ရှန်ရှောင်း၏ ကျင့်ကြံဆင့်အရ သူ့အား လုံးဝ အာရုံခံမိမည် မဟုတ်ချေ။
အသက်မဲ့ဘုရင်က လက်ဆန့်ထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် ဓမ္မစွမ်းအားများက ရှန်ရှောင်းအား အသားပြားဖြစ်အောင် ခြေမွပစ်ချင်သည့် နတ်ဆိုးလက်သည်းအသွင် ဖြစ်တည်လာသည်။
ထိုစဉ် လေဟာနယ်ထဲမှ ခရမ်းရောင်စွမ်းအားလှိုင်း ထွက်ပေါ်လာသည်။ ထိုခရမ်းရောင် စွမ်းအား ဆင်းသက်လာပုံက ကောင်းကင်ဘုံကိုးလွှာ၏ နဂါးငွေ့တန်းအလား ကျယ်ပြောကာ အဆုံးအစမဲ့လှသည်။
သို့သော်လည်း အထဲတွင် ခမ်းနားထည်ဝါသည့် စွမ်းအား ကိန်းအောင်းနေသည်။ ထိုအရာက မိုးမြေစည်းမျဉ်းများကို သယ်ဆောင်လာပြီး ခရမ်းရောင်လက်ဝါးကြီး ဖြစ်လာကာ အသက်မဲ့ဘုရင်အား ရိုက်ချပစ်လိုက်သည်။
“ ဘာ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
အသက်မဲ့ဘုရင်က သူ့နှလုံးကိုပင် တုန်ယင်လာစေကာ သူ့အူများပင် ပေါက်ထွက်လာတော့မလို ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်သည်။ ဤစွမ်းအားက စည်းမျဉ်းသက်ဆင်းလာသည့် စွမ်းအားဖြစ်ပြီး ရပ်တန့်၍ မရပေ။
“ ပြေး ”
အသက်မဲ့ဘုရင်က ယခုလက်ရှိ ထွက်ပြေးဖို့သာ တွေးမိတော့သည်။
ထိုစွမ်းအားက ကြောက်ဖို့ကောင်းလှသည်။ သူသာ ထိမိပါက မခုခံနိုင်ဘဲ သေဆုံးသွားနိုင်သည်။
သူက မီးတိုင်းပြည်လိုနေရာမျိုး၌ ကြောက်မက်ဖွယ်စွမ်းအားမျိုးကို ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ထျန်းက သူ့အစီအစဉ်ကို မှန်းဆမိပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာလား …
မဖြစ်နိုင်တာ … လူငယ်လေးတစ်ယောက် ဒီလိုနည်းလမ်းတွေ ဘယ်လိုလုပ်ရှိမှာလဲ
အသက်မဲ့ဘုရင်က မယုံနိုင်သော်လညး သူ့အနေနှင့် သံသယဝင်နေဖို့ အချိန်မရှိပေ။ သူက လေဟာနယ်ကို ဖွင့်ကာ ထွက်ပြေးချင်မိသည်။ သို့သော်လည်း အသက်မဲ့ဘုရင် မလှုပ်ရှားနိုင်ခင် ခရမ်းရောင်လက်ကြီးက သူ့အား ဖမ်းဆုပ်ထားလိုက်သည်။
အသက်မဲ့ဘုရင်လို အားကောင်းသူပင် ထိုခရမ်းရောင်လက်ကြီးရှေ့တွင် ကြက်လေးသဖွယ် ဆွဲမ ခံလိုက်ရသည်။ သူ မည်မျှ ရုန်းကန်စေကာမူ လုံးလုံး မလွတ်ပေ။
“ ခင်ဗျားက ဘယ်သူလဲ ”
အသက်မဲ့ဘုရင်က ကြောက်ရွံ့လာသည်။ သူ့အနေနှင့် ယခင်က ဒီလိုကြောက်ရွံ့မှုမျိုး မခံစားဖူးပေ။ ဤအရာက သူ့အသက်အား အလွယ်တကူ ရှင်းထုတ်နိုင်သလိုမျိုး ခံစားနေရသည်။
သို့သော်လည်း မည်သူကမှ မတုံ့ပြန်ပေ။
ခရမ်းရောင် လက်ကြီးက အသာအယာ ညှစ်လိုက်သည့်အခါ မမြင်ရသည့် လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
ဘန်း
အသားပေါက်ထွက်သံတို့ ပဲ့တင်ထွက်လာသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်က ဒီလို သွေးမြူအဖြစ် ခြေမွခံလိုက်ရပြီး သေဆုံးသွားခဲ့သည်။
ရှန်ရှောင်းက တစ်ခုခုကို ခံစားမိဟန်ဖြင့် ဘေးပတ်လည်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ လန် … လန်အာ … မင်းလား”
………….....
တစ်ချိန်တည်းတွင် မိုင်သန်းချီ ကွာဝေးသော အလယ်ပိုင်းကုန်းမြေ၏ အသက်မဲ့ကျောင်းဆောင်၌
ပုံရိပ်နှစ်ခုက တင်ပျဉ်ခွေ ထိုင်နေကြသည်။ တစ်ယောက်က ဗုဒ္ဓဓမ္မအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး နောက်တစ်ယောက်မှာ မိစ္ဆာအငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။ ထိုပုံရိပ်နှစ်ခုက အသက်မဲ့ဘုရင် အသစ်ဖွဲ့စည်းထားသာ တာအိုခန္ဓာများ ဖြစ်၏။
ယခင် သူက မတော်တဆ ဖြစ်လာမည်ကို စိုးရိမ်ကာ အားများစွာ စိုက်ထုတ်၍ ဤတာအိုခန္ဓာနှစ်ခုကို ပြန်လည် တည်ဆောက်ထားခဲ့သည်။ ဤသည်မှာ အသက်ကယ် ပညာရပ် ဖြစ်ပြီး တာအိုခန္ဓာတစ်ခု ကျန်ရှိနေသရွေ့ အသက်မဲ့ဘုရင်သည် သေဆုံးသည်ဟု ယူဆ၍ မရပေ။
သို့သော်လည်း ထိုအခိုက်အတန့် တာအိုခန္ဓာနှစ်ခု၏ မျက်ဆံများက ပြူးကျယ်လာကာ အကြောက်တရားအပြည့် ဖြစ်လာသည်။
“ ဒါက ဘယ်လိုစွမ်းအားတုန်း။ ခန္ဓာကိုယ်အစစ်က ချက်ချင်း အသတ်ခံလိုက်ရတာလား ”
အသက်မဲ့ဘုရင်၏ အတိတ်ခန္ဓာကိုယ်က ငြီးလိုက်သည်။
သူ နှစ်ထောင်ချီ ပြုစုပျိုးထောင်ခဲ့သော တာအိုခန္ဓာသုံးခုက အကုန်ပျက်စီးသွားလေပြီ။ အသစ်ဖွဲ့စည်းထားသော တာအိုခန္ဓာကိုယ်က သူ့နဂိုစွမ်းအား၏ ဆယ်ပုံတစ်ပုံပင် မသယ်ဆောင်ထားပေ။
ပြောရလျှင် အသက်မဲ့ဘုရင်က သူ့အယူအဆများ မပယ်ခင်အချိန် ပြန်ရောက်သွားသလို ဖြစ်ကာ နှစ်ထောင်ချီ ကျင့်ကြံမှုတို့ကို ဆုံးရှုံးခဲ့ရသည်။
“ ရှန်ထျန်း ဒါတွေအားလုံး မင်းကြောင့်ပဲ။ မင်းကို သတ်မယ်။ ”
အသက်မဲ့ဘုရင်၏ အနာဂတ် တာအိုခန္ဓာက ပြောလိုက်သည်။ သို့သော် သိပ်မကြာခင် တာအိုခန္ဓာနှစ်ခုက ကြောက်လန့်တကြား ရေရွတ်လိုက်ကြသည်။
“ ဘာဖြစ်နေတာလဲ ”
သူတို့မျက်နှာအထက် တုန်လှုပ်မှုများ ပေါ်ထွက်လာပြီးနောက် ခန္ဓာကိုယ်များက တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်ကာ ပြာဖြစ်သွားသည်။ လေဟာနယ်မှ စိမ့်ထွက်လာသည့် ခရမ်းရောင် စွမ်းအားအရိပ်အယောင်တချို့သာ ကျန်နေခဲ့၏။
မည်သူကမှ သတိမထားလိုက်မိပေ။
……………...
အမှောင်လေဟာနယ် နတ်ဆိုးဂူထဲ အမျိုးမျိုးသော ဖော်ပြရခက်သည့် ကြောက်မက်ဖွယ် နတ်ဆိုးနတ်ဘုရားရုပ်တုများစွာ ရှိနေသည်။ တစ်ခုချင်းစီက မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသည်။ မဟူရာအလင်းတစ်ချက် ဖြတ်ခနဲ လင်းလက်သွားကာ သူတို့အရှိန်အဝါများက တုန်လှုပ်ဖို့ကောင်းလှသည်။
အကယ်၍ သာမန်လူတစ်ယောက်သာ ကြည့်လိုက်ပါက ချောက်နက်ထဲ ကျရောက်သွားပြီး မိစ္ဆာအလိုဆန္ဒကြောင့် ထိန်းချုပ်ခံလိုက်ရပြီး သတ်ဖြတ်ဖို့သာ သိသည့် နတ်ဆိုး ဖြစ်လာပေမည်။
ဤနေရာက နတ်ဆိုးဇာစ်မြစ်၏ စွမ်းအား ဖြစ်နေသည့်အလား ကြောက်ဖို့ကောင်းသည်။ သာမန်လူများ ဝင်ရောက်နိုင်သည့် နေရာ မဟုတ်ချေ။
လေဟာနယ် နတ်ဆိုးဂူအလယ်၌ စားပွဲကြီးတစ်လုံး ရှိနေသည်။ ဤသည်မှာ မဟာဝိဇ္ဇာ သစ်ပင်နတ်ဆိုး၏ ခန္ဓာကိုယ်မှ သန့်စင်ထားခြင်း ဖြစ်၏။ အရွယ်အစားကား စိတ်ကူးကြည့်၍ မရပေ။
ထိုစဉ် နတ်ဆိုးဂူထဲ လေဟာနယ် ပေါ်ထွက်လာကာ ပုံရိပ်များစွာ ပေါ်ထွက်လာသည်။
ထိုပုံရိပ်များက အနည်းငယ် ပုံရိပ်ယောင်ဆန်သော်လည်း သူတို့က ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှင့်နေသည်။ သူတို့က ထိပ်တန်း အဆင့်မြင့် ပညာရှင်များ၏ ပုံရိပ်များသာ ဖြစ်၏။
ဤနေရာသည် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ငှာနချုပ် ဖြစ်သည်။
ဤပုံရိပ်များက မိစ္ဆာဝိညာဉ်ဂိုဏ်း အဆင့်မြင့် ကျင့်ကြံသူများ၏ ပုံရိပ် ဖြစ်သည်။
ပုံရိပ်သုံးခုက စားပွဲအောက်ဘက်နား ထိုင်ချလိုက်ကြသည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်သုံးပါး ဖြစ်ပြီး ငရဲကာကွယ်သူ ဘုရင်၊ ကောင်းကင်ကွန်ယက် ဘုရင်နှင့် ခရမ်းမိုးကြိုး ဘုရင်တို့ ဖြစ်ကြသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက စုစုပေါင်း ဘုရင်လေးယောက်ရှိသည်။ တစ်ယောက်ချင်းစီက အလွန်အားကောင်းပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အရင်းအမြစ်အများစုကို ထိန်းချုပ်ထားကြသည်။
အသက်မဲ့ဘုရင်မှလွဲ၍ ဘုရင်သုံးယောက်လုံးက အဆင့်နိမ့်သည့် နေရာ၌သာ ထိုင်နိုင်ကြသည်။
အခြားပုံရိပ်နှစ်ခုက ပင်မထိုင်ခုံတွင် ထိုင်နေလေသည်။ သူတို့အရှိန်အဝါများက အခြားဘုရင်သုံးယောက်ထက် ပိုကြောက်ဖို့ကောင်းသည်။ ဘုရင်သုံးယောက်ပင် ထိုနှစ်ယောက်ကို မြင်သည့်အခါ လေးလေးစားစား ဆက်ဆံပေးရ၏။
ထိုနှစ်ဦးက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဒုဂိုဏ်းသခင်တို့ ဖြစ်ကြသည့် မိစ္ဆာသခင် ချင်းဟွမ်နှင့် မိစ္ဆာသခင် လောင်ချင်းတို့ ဖြစ်ကြသည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းသခင်အပြင် အားအကောင်းဆုံး တည်ရှိမှုများ ဖြစ်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အရေးကိစ္စတို့ကို တာဝန်ယူထားသည်။
ယနေ့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဆင့်ဆင့် ဆွေးနွေးပွဲ ဖြစ်၏။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဒုဂိုဏ်းသခင်များက အထက်ပိုင်း တာဝန်ရှိသူများအား တက်ရောက်ဖို့ အကြောင်းကြားပြီးထားလေပြီ။
ခုံလွတ်နေသည်ကို မြင်ပြီး မိစ္ဆာသခင် ချင်းဟွမ်က ပြောလိုက်သည် “ ဘာလို့ အသက်မဲ့ဘုရင်က ရောက်မလာသေးတာလဲ ”
ဤသည်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အထက်ပိုင်း ဆွေးနွေးပွဲ ဖြစ်သည်။ ဘုရင်လေးပါးထဲမှ တစ်ပါးအနေနှင့် အသက်မဲ့ဘုရင်လည်း တကယ်ကြီး ပျက်ကွက်နေလေ၏။ ဤသည်က မိစ္ဆာသခင် ချင်းဟွမ်အား စိတ်ပျက်စေသည်။
ကောင်းကင်ကွန်ယက်ဘုရင်က ပြောလိုက်သည် “ အသက်မဲ့ဘုရင်က တံခါးပိတ် လေ့ကျင့်နေတုန်း ဖြစ်လောက်တယ်။ သူ့တာအိုခန္ဓာနှစ်ခု ဆုံးရှုံးထားတော့ သူ့စွမ်းအား လျော့ကျသွားတယ်။ ကျုပ် အခုပဲ ဆက်သွယ်လိုက်ပါ့မယ် ”
ကောင်းကင်ကွန်ယက်ဘုရင်က အသက်မဲ့ဘုရင်နှင့် ဆက်ဆံရေးကောင်း ရှိသည့်အတွက် မြန်မြန် ရှင်းပြလိုက်သည်။
မျှော်လင့်မထားစွာ အသက်မဲ့ဘုရင်ဆီမှ အကြောင်းကြားစာ ပြန်ရမလာပေ။
“ ဘာဖြစ်နေတာလဲ။ အသက်မဲ့ဘုရင်ရဲ့ ဆက်သွယ်ရေးက ချိတ်ဆက်လို့ မရဘူးတဲ့ ”
ကောင်းကင်ကွန်ယက်ဘုရင်က တွေဝေသွားသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိပ်တန်း ကျင့်ကြံသူများအနေနှင့် သူတို့က ဤကိစ္စအရေးပါပုံကို ကောင်းကောင်း သိထားလေသည်။ အသက်မဲ့ဘုရင်က ဒီလို အရေးပါသည့် အစည်းအဝေးကို အဘယ်ကြောင့် ပျက်ကွက်နေသနည်း။
မိစ္ဆာသခင် ချင်းဟွမ်က သရော်ကာ “ သူ ဘာလုပ်နေလဲ မြင်ချင်မိသား ”
သူက လျို့ဝှက်ပညာရပ်ကို အသက်သွင်းလိုက်ပြီးနောက် အသက်မဲ့ဘုရင်၏ တည်နေရာကို အာရုံခံလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့အမူအယာတို့က ပြောင်းလဲသွားကာ စိုးရိမ်တကြီး ဖြစ်လာသည် “ အသက်မဲ့ဘုရင်ရဲ့ ဝိညာဉ်မီးအိမ် မရှိတော့ဘူး ”
“ ဘယ်လို ”
အားလုံးက အံ့ဩတုန်လှုပ်ကုန်ကြသည်။
ဝိညာဉ်မီးအိမ်သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ဆက်သွယ်ထားလေရာ ဝိညာဉ်မီးအိမ် ငြိမ်းသွားသည်နှင့် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရပြီး အပြည့်အဝ သေဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်၏။
အသက်မဲ့ဘုရင်၏ ငြိမ်းသွားသော ဝိညာဉ်မီးအိမ်က သူ သေဆုံးပြီးပြီ ဖြစ်ကြောင်း ပြသနေသည်။ ဤသည်မှာ ယုံကြည်စရာမကောင်းပေ။
အသက်မဲ့ဘုရင်က မိစ္ဆာဝိညာဉ်ဂိုဏ်း ဘုရင်လေးပါးအနက် အားအနည်းဆုံး ဖြစ်သော်လည်း အကြောင်းအရင်းမှာ သူက ခန္ဓာသုံးခုကို မပေါင်းစည်းခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အသက်မဲ့ဘုရင်သာ ခန္ဓာကိုယ်သုံးခုလုံး ပေါင်းစပ်လိုက်ပါက သူ့အင်အားက ဘုရင်လေးပါးထဲ ထိပ်တန်းတည်ရှိမှုမျိုး ဖြစ်လာလိမ့်မည်။
ထို့အပြင် တာအိုခန္ဓာသုံးခု၏ ထူးခြားလှသော သက်ရောက်မှုပေါ် အားပြုထားသောကြောင့် အသက်မဲ့ဘုရင်၏ အသက်ကယ်စွမ်းရည်များက အလွန်အားကောင်းလှသည်။
သူ့ခန္ဓာကိုယ်သုံးခုလုံးကို တစ်ခါတည်း မဖျက်စီးနိုင်သရွေ့ သူ့ကို သတ်နိုင်မည် မဟုတ်ပေ။
အသက်မဲ့ဘုရင်က အမြဲတမ်း သတိကြီးသူ ဖြစ်ပြီး သူ့ခန္ဓာသုံးခုလုံးဖြင့် တစ်ပြိုင်နက် လှုပ်ရှားတတ်သူ မဟုတ်ပေ။ ထို့ကြောင့် အသက်မဲ့ဘုရင်အား သတ်ဖြတ်ဖို့ ကောင်းကင်ဘုံ တက်လှမ်းသည့်လောက် ခက်ခဲပေသည်။
သို့သော်လည်း ဤသို့သော တည်ရှိမှုမျိုးက အမှန်တကယ် အသတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ ကမ္ဘာကြီးမှ ပျောက်ကွယ်သွားလေပြီ။ အမှန်တကယ် ထိတ်လန့်ဖို့ ကောင်းလှ၏။
“ အသက်မဲ့ဘုရင်ကို ဘယ်သူ သတ်လိုက်တာလဲ ”
“ ဟွမ်ရှစ်က အသက်မဲ့ကျောင်းဆောင်ထဲ ကျူးကျော်လာတာများလား ”
လူတချို့က သူတို့ထင်မြင်ချက်များကို ထုတ်ပြောကြသည်။ သူတို့က အသက်မဲ့ဘုရင် မည်သို့ သေဆုံးသွားကြောင်း စိတ်ကူးကြည့်၍ မရပေ။ နယ်မြေငါးခုလုံး၌ ဟွမ်ရှစ်တစ်ယောက်တည်းသာ ထိုသို့ လုပ်နိုင်ပေသည်။
သူက မိစ္ဆာဝိညာဉ်ဂိုဏ်း အကြောက်ရွံ့ရဆုံး တည်ရှိမှု မဟုတ်ပါလော။
“ မဖြစ်နိုင်ဘူး။ တကယ်လို့ ဟွမ်ရှစ်သာ လှုပ်ရှားရင် ငါတို့ မသိစရာအကြောင်း မရှိဘူး ”
မိစ္ဆာသခင်ချင်းဟွမ်က ခေါင်းခါကာ “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ရန်ငြိုးကြီးရှိတယ်ဆိုတော့ ကျုပ်တို့ သေချာအာရုံစိုက်ထားတာ ပုံမှန်ပဲ ”
ဟွမ်ရှစ်က အားကောင်းသော်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အာရုံကို ရှောင်ရှားကာ အသက်မဲ့ဘုရင်အား တိတ်တဆိတ် သတ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် အသက်မဲ့ဘုရင်သည် သေချာပုန်းအောင်းနေခဲ့၏။ မည်သူကမှ သူ့နေရာအတိအကျ မသိပေ။
အကယ်၍ ဟွမ်ရှစ်သာ ထိုသို့အင်အားမျိုး ရှိနေလျှင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အထက်ပိုင်းများက ဟိုးစဉ်ကတည်းက ရှင်းထုတ်ပစ်ပြီးလောက်လေပြီ။
ကောင်းကင်ကွန်ယက်ဘုရင်က မေးလိုက်သည် “ ဟွမ်ရှစ်အပြင် အသက်မဲ့ဘုရင်ကို ဘယ်သူ သတ်နိုင်သေးလို့လဲ ”
သူတို့က မည်သူတိုက်ခိုက်မှန်း မသိကြပေ။ ဤသည်မှာ ရယ်စရာကောင်းနေ၏။
“ အသက်မဲ့ဘုရင်ကို သတ်နိုင်ဖို့ဆိုရင် သူတို့က အရမ်းထူးခြားနေတာပဲ ဖြစ်ရမယ်။ ကြည့်ရတာ နယ်မြေငါးခုမှာ ဆန်းကြယ်ပုဂ္ဂိုလ်တချို့ ပုန်းအောင်းနေပုံပဲ ။ ပထမတုန်းက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက် … အခု အသက်မဲ့ဘုရင်။ နယ်မြေငါးခုရဲ့ အခြေအနေတွေက ပိုကမောက်ကမ ဖြစ်လာပြီ”
ဘုရင်အားလုံးက ခပ်တည်တည် အမူအယာမျိုး ရှိနေကြသည်။ ဤအခြေအနေက သူတို့အတွက် မကောင်းပေ။ အချိန်တိုလေးမျှသာ ဖြစ်သော်လည်း သူတို့က အားကောင်းသည့် ကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးခဲ့ရလေပြီ။ သူတို့က အလားအလာ ကောင်းသည့် အသက်မဲ့ဘုရင်ကိုပင် ဆုံးရှုံးခဲ့ရ၏။
သူ့သေဆုံးခြင်းက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ထိခိုက်လာနိုင်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အထက်ပိုင်းအားလုံး မသက်မသာ ခံစားနေကြရ၏။
ထိုစဉ် နတ်ဆိုးနတ်ဘုရား၏ အသံလိုမျိုး ကြောက်မက်ဖွယ် အေးစက်စက် အသံထွက်ပေါ်လာသည် “ လုပ်ငန်းစဉ်ကို အရှိန်တိုးမြင့်ပြီးတော့ ပြင်ပလောကရဲ့ နတ်ဘုရားမျိုးဆက်တွေကို ကြိုဆိုဖို့ ပြင်ဆင်ကြ။ မိစ္ဆာဝိညာဉ် တပ်မဟာ ဆင်းသက်လာတဲ့အခါ မိစ္ဆာဝိညာဉ်ဂိုဏ်းက ကမ္ဘာကို အုပ်စိုးလိမ့်မယ် ”
အားလုံး၏ ခန္ဓာကိုယ်များ တုန်တုန်ယင်ယင် ဖြစ်သွားပြီးနောက် လေးလေးစားစား ပြောလိုက်ကြ၏ “ ဟုတ်ကဲ့ပါ ဂိုဏ်းသခင် ”
………………
ကျိရှားကျောင်းတော်၌ …
ရှန်ထျန်းနှင့် ချီကျန့်တို့ ပြန်ရောက်လာသည်ပင် အချိန်တချို့ ကြာမြင့်သွားလေပြီ။
အရှေ့ပင်လယ်မြို့၏ ကောလဟာလများက အင်မတန် ပျံ့နှံ့နေသော်လည်း ရှန်ထျန်းနှင့် ချီကျန့်တို့က ထွက်၍ မဖြေရှင်းကြသောကြောင့် ကိစ္စများက နေမထိထိုင်မသာအဖြစ်သာ ပြီးဆုံးသွားသည်။
ကျိရှားကျောင်းတော်ရှိ အားလုံး၏ အာရုံကို ဖမ်းစားလိုက်ပြန်သောကြောင့် တဖန် ဆူညံပွက်လောရိုက်လာသည်။
“မင်း ကြားပြီးပြီလား။ ခွန်းလွန်တောင်နယ်တဝိုက်မှာ ပြိုင်ဖက်ကင်း ထာဝရအသံတစ်ခု ထွက်လာတယ်တဲ့။ လူအများကြီးက နေရာမှာတင် နားလည်အောင် လုပ်ပြီး အဆင့်တက်ဖို့ ကြိုးစားနေကြတာ … ဝိဇ္ဇာတွေတောင် ပါတယ်”
ပါရမီရှင်အုပ်စုက လတ်တလောအဖြစ်အပျက်များကို ဆွေးနွေးနေကြသည်။ အကြောင်းအရာက တောမီးသဖွယ် ပျံ့နှံ့သွားပြီး ကျိရှားကျောင်းတော်ရှိ ပါရမီရှင်အားလုံးက စိတ်လှုပ်ရှားနေကြသည်။
ခွန်းလွန်တောင်တစ်လျှောက် မဟာတာအိုအသံ ထွက်ပေါ်လာသည်။ ကြားသူတိုင်းက ဉာဏ်အလင်းပွင့်အခြေအနေကို ရောက်ရှိသွားကြပြီး မိုးမြေတာအိုကို နားလည်အောင် စတင်ကြိုးစားကြသည်။
ဝိဇ္ဇာများပင် အကျိုးကျေးဇူး ရလိုက်ကြ၏။
ကျင့်ကြံဆင့်နိမ့်သည့် ကျင့်ကြံသူများလည်း ထိုင်ကာ တာအိုကို နားလည်အောင် ကြိုးစားနေကြသည်။ သူတို့ကျင့်ကြံဆင့်မှာ သိသိသာသာ မြင့်တက်လာပြီး သူတို့ကိုယ်ပိုင် တာအိုကိုပင် ရှာတွေ့သွားကြသည်။
......................
လူများစွာက ထိုဖြစ်ရပ် ပေါ်ထွက်လာမှုကြောင့် သက်ပြင်းချလိုက်ကြသည်။
အားအကောင်းဆုံးလူများသာ ခွန်းလွန်တောင်တဝိုက်ရှိ အထွတ်အထိပ် ကောင်းကင်သစ်ပင်မှ မဟာတာအိုသံ ထွက်ပေါ်လာကြောင်း သိထားကြသည်။ ခွန်းလွန်တောင်သည် အမြဲတမ်း ထူးခြားဆန်းကြယ်သော နေရာဖြစ်နေခဲ့၏။ ကောလဟာလများအရ ဤနေရာသည် ထာဝရနယ်မြေ၏ အကြွင်းအကျန်ဟုလည်း ဆိုကြသည်။
ရှေးဟောင်းခေတ်အတွင်း အားကောင်းသည့် ပုဂ္ဂိုလ်ရာချီက ဤနေရာမှ ထွက်ပေါ်ခဲ့သည်။ ပြောကြသည်ကား နတ်ဘုရားလောကဆီ ဦးတည်နေသည့် လှေကားတစ်ခု ရှိသည်ဟုပင်။
ခွန်းလွန်တောင်တွင် ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်အတွက်မူ ခွန်းလွန်တောင်အတွင်း ကောင်းကင်ထိ မြင့်တက်နေသည့် ရှေးဟောင်းသစ်ပင်ကြီး ဖြစ်၏။ တည်ရှိခဲ့သည်မှာ ရှေးအခါကတည်းက ဖြစ်တာကြောင့် သမိုင်းကြောင်း မည်မျှရှည်ကြာနေမှန်း မည်သူမှ မသိပေ။
မြင့်မားလှသည့် ရှေးသစ်ပင်ကြီး ဖြစ်ရုံသာမက ကံအပြောင်းအလဲ အခွင့်အရေးများစွာလည်း ကိန်းအောင်းနေသည်။ ပြောရလျှင် ကောင်းကင်ဘုံမှ ချီးမြင့်ထားသည့် ကောင်းချီးနယ်မြေတစ်ခုဟုပင် သတ်မှတ်နိုင်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးတွင် မဟာတာအို၏ အမှန်တရား ပါဝင်နေသည်။ သစ်ကိုင်းနှင့် သစ်ရွက်များကို လေဖြတ်တိုက်လိုက်သည့်အခါ ဉာဏ်အလင်းပွင့် အသံများ ထွက်ပေါ်လာသည်။
ဤသည်မှာ လောကကြီးထဲ အသန့်စင်ဆုံး တာအိုအသံ ဖြစ်၏။ ထိုအရာက ကမ္ဘာကြီး၏ မဟာတာအိုကို နားလည်စေပြီး သဘာဝစည်းမျဉ်းများဖြင့် နီးကပ်လာစေသည်။
သို့သော်လည်း အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးက လေဟာနယ်ထဲ ကောင်းကောင်း ပုန်းကွယ်နေပြီး နှစ်ရှစ်ထောင်နေမှ တစ်ခါ ထွက်ပေါ်လာတတ်သည်။
ကျင့်ကြံသူများစွာက သူတို့တစ်ဘဝလုံး စောင့်ဆိုင်းလျှင်ပင် ဤအခွင့်အရေးမျိုး ရနိုင်သည် မဟုတ်ပေ။
အတိတ်တုန်းက ဤရှေးဟောင်းသစ်ပင်ကို သူတို့အတွက်သူ ယူချင်သည့် အင်အားစုများ ရှိခဲ့သည်။ သို့သော်လည်း သူတို့အားလုံး အသတ်ခံလိုက်ရ၏။ ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများပင် သက်ညှာခြင်း မခံရပေ။
ထို့နောက် မည်သူကမှ ဤသစ်ပင်အား မလုယူရဲကြတော့ပေ။
………….....
ဤသည်မှာ အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီး၏ အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေး မဟုတ်သေးချေ။
အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးအတွင်း အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာဟု ခေါ်နိုင်သည့် ကမ္ဘာငယ်လေးတစ်ခု ပါရှိနေသေးသည်။
သက်တမ်း သုံးထောင်အောက် ကျင့်ကြံသူတိုင်း ဝင်ရောက်ဖို့ ကြိုးစားကြည့်နိုင်သည်။
ပြောကြသည်ကား တာအိုအပေါ် နားလည်နိုင်စွမ်း တိုးမြင့်ပေးနိုင်သည့် နတ်ဘုရားလောက၏ စည်းမျဉ်းများကို အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာငယ်အတွင်း ခံစားမိသည်ဟု ဆိုကြသည်။ ဤသက်ရောက်မှုက နှစ်တစ်ရာကြာ ခံ၏။
ပြိုင်ဖက်ကင်း ပါရမီကို ပြိုင်ဆိုင်ထားကြသူများက နတ်ဘုရားလောကမှ အံ့ဖွယ်စွမ်းရည်များနှင့် တိုက်ခိုက်ရေး ပညာရပ်များကို နားလည်သဘောပေါက်နိုင်ကြ၏။
အတိတ်တုန်းက ဟွမ်ရှစ်သည် အထွတ်အထိပ် ကောင်းကင်သစ်ပင်အောက်တွင် နှစ်တစ်ရာကြာ တာအိုကို နားလည်ခဲ့ပြီး သူ သင်ယူခဲ့ရသမျှ အရာအားလုံးကို အဆုံးအစွန်အဆင့်အထိ တက်မြောက်နားလည်ခဲ့သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာမှ ထွက်လာပြီးနောက် ဟွမ်ရှစ်သည် မိုးကြိုးစမ်းသပ်ချက် ခုနှစ်ကြိမ်ကို တစ်ခါတည်း ခံယူပြီး နယ်မြေငါးခုလုံး၌ အားအကောင်းဆုံး ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူက ဒဏ္ဍာရီလာ မလှုပ်ကိုင်နိုင်သည့် လမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။
ဟွမ်ရှစ်သာ မကပေ။ နယ်မြေငါးခု၏ ယခင်အင်အားစုအဟောင်းများလည်း တာအိုအသံနှင့် ကြုံတွေ့ခဲ့ကြသည်။ သူတို့ကြား ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်များက အထက်ဘုံ တက်လှမ်းသွားကြလေပြီ။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာအတွင်း ပါရမီမြင့်မားလေလေ အသိဉာဏ်ပွင့်ဖို့ အချိန်ကြာကြာနေနိုင်လေလေ ဖြစ်၏။
အလွန်ဆုံး သစ်ပင် ပြန်ပျောက်မသွားမချင်း နှစ်တစ်ရာ နေနိုင်သည်။
ပါရမီနည်းပါးသူများက ရက်ပိုင်းလေးမျှသာ အားထုတ်နိုင်ကြသည်။ တချို့က ဝင်ပင် မဝင်ရောက်နိုင်ကြချေ။
သဘောတရားအရ ပြောရလျှင် နောက်ဆုံး အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီး ပေါ်ထွက်လာသည့်အချိန်ကစ၍ နှစ်ပေါင်း ၇ထောင် ကြာမြင့်သွားလေပြီ။ နောက်တစ်ခါ ဆင်းသက်မည့်အချိန်မှာ နောက်နှစ်တစ်ထောင်အကြာတွင် ဖြစ်ပေမည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ပေါ်ထွက်လာမှုက ခေတ်စားသည့် အကြောင်းအရာတစ်ခု ဖြစ်လာပြန်သည်။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များသာမကပေ။ နယ်မြေငါးခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်နေကြ၏။ သက်တမ်း သုံးထောင်အောက် ပါရမီရှင်မြောက်များစွာက ခွန်းလွန်တောင်ဆီ ဦးတည်လာနေကြသည်။ ဤနေရာတွင် တစ်ရက်တာ ကျင့်ကြံအားထုတ်ခြင်းက ပြင်ပလောကတွင် နှစ်ရာချီ ကျင့်ကြံခြင်းနှင့် တူညီပေသည်။
……….
ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ထိပ်၌ …
ရှန်ထျန်းက ထိုအကြောင်းကြားချက် လက်ခံရသည့်အချိန် ကျင့်ကြံနေဆဲ ဖြစ်သည်။ ဤသည်မှာ ကျန်းယွင်ရှီးနှင့် အခြားလူများဆီမှ သတင်းလွှာ ဖြစ်၏။ သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာနှင့် အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးအကြောင်း ပြောထားသည်။
ဟွမ်ရှစ်က ကျိရှားကျောင်းတော်ရှိ ကျောင်းသားများကို စုစည်းကာ အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးဆီ သွား၍ ကျင့်ကြံဖို့ ပြင်ဆင်ပေးနေသည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်ချိုးတို့က စိတ်ဝင်စားမှုဖြင့် ကွေးညွှတ်သွားသည်။
“ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာတဲ့လား။ ဘယ်လောက်တောင် အံ့ဩမလဲ သိချင်မိသား ”
ရှန်ထျန်း၏ လက်ရှိ တိုက်ခိုက်စွမ်းက ရွယ်တူများထက် ကျော်လွန်နေသော်လည်း လုံလောက်သည်နှင့် ဝေးကွာနေသေးသည်။ သူက ဖြေရှင်းဖို့အတွက် အချိန်ပြတ်လပ်နေ၏။
နှစ်ထောင်ချီ ကျင့်ကြံခဲ့သော မကောင်းဆိုးဝါးအိုကြီးများနှင့် ယှဉ်လိုက်လျှင် ရှန်ထျန်း၏ အခြေခံအုတ်မြစ်က လိုအပ်နေဆဲ ဖြစ်ပြီး ကွာဟချက်က ကြီးမားနေသေးသည်။
နယ်မြေငါးခု၏ ကပ်ဘေးကြီးက ကျရောက်လာတော့မည် ဖြစ်ရာ ရှန်ထျန်းအနေနှင့် ထိုအချိန်ကာလအတွင်း အသက်ရှင်ကျန်ရစ်ဖို့ တတ်နိင်သမျှ မြန်မြန် တိုးတက်အောင် လုပ်ရမည်။
ဤသည်က ဟာသ မဟုတ်ပေ။
ဟွမ်ရှစ်ပင် ထိုကပ်ဘေးကြီးအကြောင်း စိုးရိမ်နေသောကြောင့် သူကိုယ်တိုင် တပည့်များကို အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြီးဆီ ဝင်ရောက်ဖို့ စုစည်းပေးနေခြင်း ဖြစ်သည်။
ကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ ပညာရှင်အမြောက်အများ မွေးထုတ်ဖို့ လိုအပ်သည်။ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်နေသည်။
လူတစ်ယောက်၏ တာအိုနားလည်နိုင်စွမ်းကို အားကောင်းလာစေရုံသာမက ကံအပြောင်းအလဲ အခွင့်အရေးမြောက်များစွာလည်း ပါဝင်နေသေးသည်။
ဤတစ်ကြိမ် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲ လူအမြောက်အများ ဝင်ရောက်မည်မှာ သေချာလှသည်။ ပြောရလျှင် ကံကြမ္မာသားတော်များ စုဝေးရာ နေရာ ဖြစ်လာပေမည်။
ရှန်ထျန်းက ကံကြမ္မာမျှဝေယူရမည့် အခွင့်အရေးကြီးအား လက်မလွတ်နိုင်ပေ။ သူက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်မှ ထွက်လာပြီး ကျိရှားကျောင်းတော်ဆီ ဦးတည်လိုက်သည်။
………….....
ရှန်ထျန်းက ကျောင်းတော်ထဲ ဝင်လာသည့်အခါ လူပင်လယ်ကြီးကို မြင်လိုက်ရသည်။ သူတို့အားလုံးက အားကောင်းသည့် အငွေ့အသက်များ ပိုင်ဆိုင်ထားကြသည်။ ဤသူတို့ကား အထွတ်အမြတ်မြေအသီးသီးမှ လက်ရွေးစင်များ ဖြစ်ပြီး သက်တမ်း သုံးထောင်အောက် ဖြစ်ကြသည်။ လက်ရှိတွင် တစ်လျှောက်လုံး တံခါးပိတ် လေ့ကျင့်နေကြသည့် အကြီးအကဲချုပ်လိုမျိုး အဆင့်အတန်းနှင့် လူများပင် ပါဝင်လေ၏။ သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာဆီ သွားဖို့ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
“ မောင်လေး ”
ကျန်းယွင်ရှီးနှင့် အခြားလူများက ရှန်ထျန်းကို မြင်လိုက်သည့်အခါ စိတ်လှုပ်ရှားလာကြသည်။
ရှန်ထျန်းကလည်း ခေါင်းလေးညိတ်ကာ အပြုံးလေးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
“ ညီအစ်ကိုရှန်”
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်အပြင် ဝမ်ရှန်းယု၊ ချီရှောက်ရွမ်၊ အထွတ်အမြတ်မြေအသီးသီးမှ သူတော်စင်၊ သူတော်စင်မများလည်း ရောက်ရှိနေသည်။
“ ခေါင်းဆောင် ”
ချီကျန့်က နတ်ဆိုးပရဝဏ် ပါရမီရှင်များဖြင့် အပြေးအလွှား ရောက်လာသည်။
ထိုစဉ် ရှန်ထျန်းက လူဝိုင်းခံထားရပြီး အားလုံးကလည်း တမူထူးသည့် ပါရမီရှင်များ ဖြစ်ကြသည်။ ယခင်မျိုးဆက်ဟောင်း ပါရမီရှင်များက လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။
အရှေ့ပင်လယ်မြို့ အဖြစ်အပျက်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား နာမည်ကြီးစေခဲ့သည်။ တစ်လျှောက်လုံး တံခါးပိတ် လေ့ကျင့်နေကာ ယခုမှ ထွက်လာကြသည့် ယခင်မျိုးဆက် အင်အားစုများပင် ရှန်ထျန်း၏ သတင်းများကို ကြားပြီးသွားကြလေပြီ။
ထို့ကြောင့် အားလုံး၏ အာရုံက ရှန်ထျန်းအပေါ်တွင် ဖြစ်နေ၏။ တချို့က အံ့ဩကာ၊ တချို့က သိချင်မိသည်။ တချို့က အရူးအမူး စွဲလမ်းနေကြသည်။ ထိုလူများက ရှန်ထျန်း၏ အပြုအမူများကြောင့် ဆွဲဆောင်ခံလိုက်ရရုံသာမက သူ့ပြိုင်ဖက်ကင်း ရုပ်ရည်ကြောင့်လည်း ဆွဲဆောင်ခံလိုက်ကြရသည်။
…………...
လူများစွာက စိတ်ထဲတွင် ရေရွတ်မိလိုက်ကြ၏။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းအားကောင်းတာပဲ … သူက ကျောင်းသားသစ် တစ်ယောက်အနေနဲ့တောင် လူသားပရဝဏ်ရဲ့ အဓိကတပည့် ဖြစ်လာခဲ့တာ
သူက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကိုတောင် သတ်ပစ်လိုက်တာလေ … အဲဒါတင် မကသေးဘူး။ သူက ပါရမီရှင်အများကြီးနဲ့လည်း မိတ်ဆွေတွေ
သူက ရုပ်ကလည်း ချောမောသေးတယ် … ဘယ်လောက်တောင် မျက်နှာသာပေးခံရတဲ့လူလဲ ...