မိစ္ဆာသန္ဓေသားထွက်ပေါ်လာခြင်း
Vol. 13 Ch. 137
မိစ္ဆာများသဘောတူလိုက်သည်ကို ကြားသောအခါ ကျန်းယန်ပြောရမည့်အစား အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရသည်။
အဘယ်ကြောင့် ထိုမိစ္ဆာများက နည်းနည်းလေးတောင် မမူရပါသနည်း။
နှစ်တစ်ထောင်အကျဉ်းချခံထားရပြီးသည့်နောက်တွင် သူတို့သည် အလွန်အပြင်ထွက်ချင်နေခြင်းကြောင့်ပေလော။
ပုံမှန်အမြင်ဖြင့်ကြည့်မည်ဆိုလျှင်တော့ ဤကိစ္စတွင် မှားနေတာဘာမှမရှိသလိုပင်။
သို့သော်လည်း ထိုကောင်များက မိစ္ဆာများ ဖြစ်သောကြောင့် သူတို့ကိုပုံမှန်အမြင်ဖြင့် ဆုံးဖြတ်၍မရပေ။
“ဆရာ တစ်ခုခုမှားနေတယ်လို့ထင်လား” ကျန်းယန် မေးလိုက်သည်။
ထိုကောင်များ အဆင့်မြင့်တည်ရှိမှုများဖြစ်သောကြောင့် ဤထိုအဆင့်များ၏အပြုအမူများကို အကဲမခတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ့ဆရာကိုအားကိုးဖို့သာ တတ်နိုင်၏။
ချင်းယွင်ကျိလည်း မိစ္ဆာများသဘောတူလိုက်မှုက အတော်လေးမြန်နေသည်ဟု ခံစားနေခဲ့ရသည်။ သို့သော် နှစ်သုံးထောင်ကံကြမ္မာအကြောင်းတွေးမိသောအခါ သူတည်ငြိမ်မနေနိုင်တော့ပေ။
မိစ္ဆာများပြောသည့် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်အကြောင်းကလည်း အမှန်ဟု သူယုံေပသည်။
နောက်ဆုံးတွင် ဒီလို ကမ္ဘာအသေးလေးတစ်ခု၌ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်မှလွဲပြီး မိစ္ဆာများကိုဆွဲဆောင်နိုင်စရာဘာမှမရှ်ိနိုင်ပေ။
အတန်ကြာတွေးတောပြီးနောက် သူနောက်ဆုံးတွင် ပြတ်ပြတ်သားသားပြောလိုက်၏။
“သူတို့ကို မိစ္ဆာသန္ဓေသားထုတ်ခွင့်ပေးလိုက်”
ချင်းယွင်ကျိ သူ့အာရုံကို မိစ္ဆာသန္ဓေသားအပေါ် အပြည့်အ၀စိုက်ထားလိုက်သည်။ ထိုသန္ဓေသားတွင် စွမ်းအားအများကြီးထည့်ခွင့် သူလုံး၀မပေးနိုင်ပေ။
အထူးသဖြင့် ဝိညာဉ်စွမ်းအားကိုဖြစ်၏။ ထိုအရာကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားရမည်ဖြစ်ပြီး သူလက်ခံနိုင်သောပမာဏထက် နည်းနည်းလေးတောင် ပိုထည့်ခွင့် မပေးနိုင်ပေ။
ဒါမှသာ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကိုဖွင့်ပြီးသောအခါ ကျန်းယန်က ထိုမိစ္ဆာသန္ဓေသားကို အလွယ်တကူဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
တကယ်တော့ ချင်းယွင်ကျိ၏ အခုလောက်မတည်မငြိမ်ဖြစ်နေမှုကလည်း လက်ခံပေးနိုင်စရာတော့ ရှိ၏။
နောက်ဆုံးတွင် ထိုမိစ္ဆာများသည် အဇူရာတိမ်ဂိုဏ်းကို နှစ်တစ်ထောင်လုံးလုံး ဒုက္ခပေါင်းစုံပေးခဲ့ကြသူများဖြစ်ပြီး ဘယ်လောက်ရင်ဆိုင်ရခက်သလဲဆိုတာ သူကောင်းကောင်းသိနေခဲ့သည်။ ထို့ကြောင့်လည်း အခုလောက်ထိ သတိထားပြီး ထိန်းချုပ်နေခဲ့ခြင်းဖြစ်၏။
ယခုမှသာ မူလအပျက်အဆီးရွှေအမြုတေပိုင်ရှင်ကျန်းယန်ပေါ်လာ၍ သူထိုမိစ္ဆာများကို ရှင်းလင်းပစ်နိုင်မည့် လမ်းစတစ်ခုရရှိလာခဲ့ခြင်း ဖြစ်သည်။
ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်က နှစ်သုံးထောင်ကံကြမ္မာအကြောင်းကြားသောအခါတွင်လည်း သူထိုအရာကို အလွန်ရိတ်သိမ်းချင်သွားခဲ့၏ ယခုအခါ သူ့တို့တွင် အမတနှင့်သားရဲရှိနေပြီဖြစ်ပြီး လိုနေသည်က မိစ္ဆာနှင့်တစ္ဆေသာ ရှိတော့သည်။
ထိုအခြေအနေတွင် တစ္ဆေမျိုးနွယ်ကို ဘယ်သွားရှာရမည်မသိသော်လည်း မိစ္ဆာမျိုးနွယ်ကတော့ သူ့ရှေ့တွင်ရှိနေပြီဖြစ်လေရာ သူစိတ်မထိန်းနိုင်တော့ပေ။
မျိုးနွယ်စုသုံးခုသို့မဟုတ်သုံးခုထက်ပိုမှသာ ခန်းမကိုဖွင့်နိုင်မည်ဖြစ်သောကြောင့် သူ့အစီအစဉ်သာ အောင်မြင်သွားခဲ့လျှင် နှစ်သုံးထောင်ကံကြမ္မာသာမက ခန်းမထဲကအရာအားလုံးကိုလည်း သိမ်းပိုက်နိုင်မည်ဖြစ်၏။
ထို့ကြောင့် ချင်းယွင်ကျိ စွန့်စား၍ မိစ္ဆာသန္ဓေသားတစ်ကောင်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ် မိစ္ဆာတစ်ကောင်၏ထိန်းချုပ်မှုအောက်၌ မိစ္ဆာသန္ဓေသားတစ်ခု ထွက်ပေါ်လာခဲ့၏။
မီးခိုးရောင်မြူများ သလင်းကျောက်လွှာနံရံထဲမှစိမ့်ထွက်လာခဲ့ပြီး ထိုမြူခိုးများ အပြင်သို့ရောက်လာသောအခါ ဖြည်းဖြည်းချင်း ပုံသဏ္ဍာန်တစ်ခုအဖြစ် ဖွဲ့တည်လာခဲ့သည်။
ထို့နောက် မြူခိုးများကပိုပြီးသိပ်သည်းလာခဲ့၏။
သလင်းကျောက်လွှာနံရံထဲတွင် သွေးအရိပ်မိစ္ဆာ အစေးနက်မိစ္ဆာကို ညွှန်ကြားနေခဲ့သည်။
“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲရောက်တာနဲ့ မင်းစွမ်းအားတွေက အလျင်အမြန်ပျောက်ကွယ်သွားလိမ့်မယ် မင်းဝိညာဉ်စွမ်းအားလည်း မကြာခင်
ဖျက်ဆီးခံလိုက်ရလိမ့်မယ်
အဲ့တော့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲမရောက်ခင် ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်ခန္ဓာရှင်ဆီ သတင်းအချက်အလက်တွေအကုန် ရောက်အောင်ပို့ပေးထားရမယ်”
အစေးနက်မိစ္ဆာ မေးလိုက်သည်။
“ငါသူ့ကို ငါ့သရုပ်မှန်ကိုရော ပြောပြလိုက်ရမလား”
မိစ္ဆာများ ဝေခွဲမရဖြစ်ကုန်ကြ၏။ မြင့်မြတ်ခန္ဓာရှင်ကို သူတို့အကြောင်းအကုန်ပြောပြလိုက်ပါက သူတို့အစီအစဉ်တွေ ပျက်ဆီးသွားမှာကို စိတ်ပူနေခဲ့ကြသည်။
မိစ္ဆာတစ်ကောင်ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သူ့ကိုပြောလို့ဖြစ်မှာပါ…ငါတို့သူ့ကိုအတော်ကြာအောင် အကဲခတ်ပြီးပြီပဲ သူကအတော်လေးထက်မြက်ပုံပေါ်ပါတယ် သူ့သရုပ်မှန်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်မှာ သေချာတယ်”
“ကောင်းပြီ ဒါဆိုပြောပြလိုက်မယ်”
အစေးနက်မိစ္ဆာခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
“ပြီးတော့ ငါတို့မျိုးနွယ်စုကကျင့်စဉ်အချို့လည်းသူ့ကိုပေးသင့်တယ် မြင့်မြတ်ခန္ဓာရှင်တစ်ယောက်အနေနဲ့ သူကငါတို့မျိုးနွယ်စုက ကျင့်စဉ်ကိုမကျင့်လို့ဘယ်ဖြစ်မလဲ ဘာပဲဖြစ်ဖြစ် သူကငါတို့မိစ္ဆာချီတွေအများကြီးကိုလည်း စုပ်ယူထားပြီးပြီပဲလေ ငါတို့ကျင့်စဉ်ကို ကျင့်တာက အဆင်ပြေမှာပါ”
အစေးနက်မိစ္ဆာတခဏတွေးတောပြီး ပြောလိုက်၏။
“ငါ့ဝိညာဉ်စွမ်းအင်တစ်မျှင်ထဲမှာ ပေးချင်တဲ့သတင်းအချက်အလက်တွေအားလုံးထည့်ထားလိုက်မယ် ဒါဆို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ၀င်တဲ့အခါ ငါ့ဝိညာဉ်စွမ်းအားပျက်ဆီးသွားရင် အဲ့ဒီဝိညာဉ်စွမ်းအင်အမျှင်က သူ့၀ိညာဥ်နဲ့ အလိုလိုပေါင်းစပ်သွားလိမ့်မယ် အဲ့ဒီနည်းနဲ့သူ့ကိုပေးချင်တဲ့ သတင်းအချက်အလက်တွေပေးလို့ရတယ်”
မိစ္ဆာများ ခေါင်းညိတ်ပြလိုက်ကြသည်။ အစေးနက်မိစ္ဆာလည်း သူတို့ကျန်းယန်ဆီပို့လိုသောသတင်းအချက်အလက်များအားလုံးကို သူ့ဝိညာဉ်စွမ်းအင်နှင့်အတူ မိစ္ဆာသန္ဓေသားထဲ ထည့်လိုက်၏။
ထို့နောက်တွင်တော့ သလင်းကျောက်လွာနံရံရှေ့တွင်ရပ်နေသော အနက်ရောင်ပုံရိပ်၏မျက်လုံးများ ပွင့်လာခဲ့လေသည်။
ချင်းယွင်ကျိ ကျန်းယန်ဘေးတွင်ချက်ချင်းပေါ်လာပြီး မိစ္ဆာသန္ဓေသားကိုစိုက်ကြည့်နေခဲ့၏။
သူ့မျက်လုံးထဲတွင် မိစ္ဆာသန္ဓေသား၏စွမ်းအားက ရွှေအမြုတေအဆင့်ထက်မကျော်ခဲ့ပေ။ သို့သော်လည်း မိစ္ဆာများကခန့်မှန်းမရသောသတ္တဝါများဖြစ်သောကြောင့် သူ့စွမ်းအားကို ဝိညာဉ်အခြေတည်အဆင့်ဟု သတ်မှတ်ထားတာ ပိုကောင်းပေသည်။
ချင်းယွင်ကျိ သိပ်တော့စိတ်မပူပေ။ သူသိုေလှာင်ထားေသာ ဝိညာဉ်စွမ်းအားကအလွန်နည်းပါးနေသောကြောင့် သူ့ဝိညာဉ်က လေထန်နေသောနေရာက ဖယောင်းတိုင်မီးတောက်တစ်ခုလိုဖြစ်နေပြီး အချိန်မရွေး ငြိမ်းသေသွားတော့မည့်ပုံပင်။
ထိုကဲ့သို့သော မိစ္ဆာသန္ဓေသားမျိုးက လျှို့ဝှက်နယ်မြေထဲတွင် ထွက်ပေါ်လာခဲ့သော မိစ္ဆာသန္ဓေသားလောက်ပင် အားမကောင်းပေ။ ထိုကောင်က ကျန်းယန်ကိုလုံး၀အန္တရာယ်ပေးနိုင်မည် မဟုတ်ပေ။
ချင်းယွင်ကျိ အများကြီးစိတ်အေးသွားခဲ့ရ၏။
တကယ်တော့ မိစ္ဆာများကလည်း ချင်းယွင်ကျိရိပ်မိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်လေရာ အဘယ်သို့ အားကောင်းသောမိစ္ဆာသန္ဓေသားကို ထုတ်ရဲပါမည်နည်း။
ကျန်းယန်အနက်ရောင်မိစ္ဆာသန္ဓေသားကိုကြည့်ကာ မေးလိုက်သည်။
“စီနီယာ ကျွန်တော်စီနီယာ့ကို ဘယ်လိုခေါ်သင့်လဲ”
မိစ္ဆာသန္ဓေသားမှဖွဲ့တည်ထားသောမျက်နှာပေါ်ရှိ နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး
“နာမည်က ငါ့အတွက်ဘာအဓိပ္ပာယ်မှမရှိပါဘူး မင်းခေါ် ချင်သလိုခေါ်ပါ”
သူသည် သတင်းပို့ပြီးသေဆုံးသွားရမည့် သတင်းပို့အရုပ်တစ်ခုသာဖြစ်ပြီး အကြာကြီးတည်ရှိသွားမည့်အရာ မဟုတ်ပေ။
ကျန်းယန်ပြုံးလိုက်ကာ
“နာမည်တစ်ခုရှိတော့ ဆက်ဆံရတာပိုလွယ်တာပေါ့ ကျွန်ဝောာ် စီနီယာ့ကို စီနီယာမိုထိုက်လို့ခေါ်ရင်ရော”
“ပြဿနာမရှိပါဘူး” မိစ္ဆာသန္ဓေသားအမြန်သဘောတူလိုက်၏။
“သွားစို့ ကျွန်တော်စီနီယာ့ကို အပြင်လောကကိုခံစားဖို့ ခေါ်သွားပေးမယ် ဒါပေမယ့်အပြင်လောကဆိုတာ အဇူရာတိမ်ဂိုဏ်းနယ်မြေအတွင်းပဲနော် ကျေးဇူးပြုပြီး အခြားနေရာတွေကိုတော့ လျှောက်မသွားမိအောင် ထိန်းပေးပါ” ကျန်းယန်ပြောလိုက်သည်။
မိစ္ဆာသန္ဓေသားခေါင်းညိတ်ပြလိုက်၏။
“စိတ်ချပါ ငါထွက်လာပြီဆိုမှတော့ မင်းတို့နဲ့အပြည့်အ၀ပူးပေါင်းတော့မှာပါ တကယ်လို့ ငါ့ကြောင့်သာဒီသဘောတူညီချက်ပျက်သွားရရင် အထဲမှာကျန်ခဲ့တဲ့ကောင်တွေက ငါ့ကိုယ်အစစ်ကိုသတ်ပစ်ကြလိမ့်မယ်”
ကျန်းယန် မျက်လုံးများတောက်ပသွားခဲ့သည်။ အကယ်၍သူသာ တမင်တကာဒီမိစ္ဆာသန္ဓေသားကို ပူးပေါင်းမှုပျက်တဲ့အထိ တွန်းအားပေးနိုင်ခဲ့၍ မိစ္ဆာများက သူ့ကိုယ်အစစ်ကိုသတ်ပစ်လိုက်လျှင် သူတို့အတွက်ရင်ဆိုင်ရစရာ မိစ္ဆာတစ်ကောင်လျော့မသွားပါပေဘူးလော။
သို့သော် ထိုကိစ္စကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိစ္စပြီးမှ လုပ်ရပေမည်။ ယခုကိစ္စက အလွန်အရေးကြီးနေသောကြောင့် အတိမ်းအစောင်းအဖြစ်ခံ၍ မရပေ။
ချင်းယွင်ကျိ မိစ္ဆာသန္ဓေသားနှင့် ကျန်းယန်ကိုအဇူရာတောင်ထွတ်ဆီ ပြန်ခေါ်လာခဲ့၏။
ပထမဆုံးအကြိမ် အပြင်လောကကြီးနှင့်ပြန်ထိတွေ့လိုက်ရခြင်းဖြစ်သောကြောင့် မိစ္ဆာသန္ဓေသား အသက်ခပ်ပြင်းပြင်းတစ်ချက်မရှူဘဲ မနေနိုင်တော့ပေ။
သို့သော် သူသည်မိစ္ဆာသန္ဓေသားတစ်ကောင်သက်သက်သာဖြစ်သောကြောင့် သူ့အပြုအများကသိပ်တော့အဓိပ္ပာယ်မရှိလှပေ။
ချင်းယွင်ကျိ မိစ္ဆာသန္ဓေသားကိုကြည့်ကာ ခပ်အေးအေးပြောလိုက်၏။
“မင်းဒီတောင်ပေါ်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ် ဒါပေမယ့် ဒီတောင်ပေါ်ကထွက်သွားရင်တော့ ငါမင်းကိုချက်ချင်းဖျက်ဆီးပစ်မယ်”
“ဒါပေါ့ ဒါပေါ့” မိစ္ဆာသန္ဓေသားသာမန်အတိုင်းပြောလိုက်ကာ ဟိုကြည့်ဒီကြည့်ဖြင့် ထွက်သွားခဲ့လေသည်။
သူထွက်သွားသောအခါမှ ချင်းယွင်ကျိ ကျန်းယန်ကို သီးသန့်နေရာတစ်ခုဆီ ခေါ်လာခဲ့ပြီး ခပ်တိုးတိုးပြောလိုက်၏။
“ဖန်ဆင်းခြင်းဝိညာဉ်ခန်းမဖွင့်ပြီးတာနဲ့ ဒီကောင့်ကိုချက်ချင်းသတ်ပစ်လိုက် သူ့ဝိညာဉ်ကမွေးကင်းစကလေးတစ်ယောက်လိုပဲ အရမ်းအားနည်းတယ် မင်းအလွယ်တကူကိုင်တွယ်နိုင်မှာ မိုးကြိုးကိုသုံး မိုးကြိုးနည်းနည်းလေးနဲ့ဆိုရင်တောင် သူ့မိစ္ဆာဝိညာဉ်ကို သုတ်သင်ပစ်လို့ရတယ်
ဘာပဲဖြစ်ဖြစ် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲက ကံကြမ္မာကို သူ့ကိုလုံး၀ခွဲပေးလို့မဖြစ်ဘူး
နောက်ပြီးမှတ်ထားရမှာက မိစ္ဆာတွေကအရမ်းကောက်ကျစ်တယ် သူတို့ပြောတဲ့စကားတစ်လုံးကိုမှ မယုံနဲ့”
“ဆရာ စိတ်မပူပါနဲ့ သူတို့ကနှစ်တစ်ထောင်ကျော်အသက်ရှင်လာတဲ့ကောင်ကြီးတွေ သူတို့ဘယ်လောက် ဉာဏ်များမလဲ ကျွန်တော်သိတာပေါ့ ကျွန်တော်သူတို့လှည့်ကွက်ထဲ ကျသွားမှာမဟုတ်…နေပါဦး မဟုတ်သေးပါဘူး!”
ကျန်းယန် ချင်းယွင်ကျိကို စိုက်ကြည့်လိုက်ကာ တစ်ခုခုမှားနေသလိုခံစားလိုက်ရ၏။
“ဆရာ…သူတို့အသက်က နှစ်တစ်ထောင်ကျော်နေပြီလေ!”