သားရဲတွေက ဘယ်တော့မှအစေခံဖြစ်မလာဘူး
Vol. 13 Ch. 138
ချင်းယွင်ကျိလည်း ကျန်းယန်စကားကိုကြားမှ သတိရသွားပြီး ကြက်သေသေသွားခဲ့၏။
သူသည် နှစ်သုံးထောင်ကံကြမ္မာ မိစ္ဆာ အမတ သားရဲ တစ္ဆေများပေါ်တွင်သာ အာရုံစိုက်နေခဲ့မိပြီး မိစ္ဆာများ၏ မူလခန္ဓာကိုယ်က အသက်တစ်ထောင်ကျော်နေပြီဆိုတာကို မေ့လျော့နေခဲ့မိသည်။
ကျန်းယန်လည်း ဆွံ့အသွားခဲ့၏ သူကတော့ နှစ်သုံးထောင်ကံကြမ္မာကြောင့် မေ့လျော့သွားခဲ့ခြင်းမဟုတ်ပေ။ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲက နှစ်သုံးထောင်ကြာမရိတ်သိမ်းရသေးသော ရတနာများအကြောင်းတွေးနေခဲ့မိကာ အရေးကြီးကိစ္စကို မေ့လျော့နေခဲ့မိခြင်း ဖြစ်သည်။
“ဆရာ အဲ့ဒီမိစ္ဆာသန္ဓေသားက အခုမှမွေးလာတာဆိုတော့ သူ့ကိုမွေးကင်းစလို့ပဲ ထည့်တွက်နိုင်လောက်လား” ကျန်းယန် ရုတ်တရက်မေးလိုက်၏။
ချင်းယွင်ကျိ ခါးသက်သက်သာပြုံးလိုက်မိသည်။ သူလည်း နှစ်သုံးထောင်ကံကြမ္မာကိုလိုချင်သော်လည်း ကျန်းယန်စကားကြီးကတော့ သိပ်မဖြစ်နိုင်ဘဲ လိုရာကိုဆွဲ၍ မျှော်လင့်နေခြင်းမျိုးသာ ဖြစ်၏။
မိစ္ဆာသန္ဓေသားအသက်ကို ယခုမှစရေတွက်ဖို့ မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။
သူအတန်ကြာတွန့်ဆုတ်နေပြီးနောက်တွင် ပြောလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် အခုသူလည်းထွက်လာပြီဆိုတော့ ငါတို့ကြိုးစားတော့ကြည့်ရမယ် အခွင့်အရေးက တစ်ဘီလီယံပုံတစ်ပုံပဲရှ်ိနေမယ်ဆိုရင်တောင် ကြိုးစားကြည့်ဖို့ ထိုက်တန်ပါတယ် အကျိုးအမြတ်သာရခဲ့ရင် အဲ့တာက စိတ်ကူးလို့မရလောက်အောင် ကြီးမားနေလိမ့်မယ်”
ကျန်းယန် ခေါင်းညိတ်ပြလိုက်ကာ ထိုကိစ္စကိုအခြားမည်သည့်နည်းလမ်းဖြင့် ဖြေရှင်းလို့ရနိုင်ဉီးမလဲ တွေးတောနေခဲ့၏။
ထို့နောက် သူချင်းယွင်ကျိကိုနှုတ်ဆက်ကာ သူ့ဗီလာဆီပြန်လာခဲ့သည်။
“၀မ်ချိုက် ဆေးလုံးစားလိုက်ဦး” ကျန်းယန် ချီအာဟာရဆေးလုံးတစ်လုံး ၀မ်ချိုက်ကိုပစ်ကျွေးလိုက်၏။
ကျားမိစ္ဆာပါးစပ်ဟကာဖမ်း၍ ဆေးလုံးကိုမြိုချလိုက်ပြီး ကျန်းယန်ကိုစိုက်ကြည့်နေခဲ့သည်။
“ငါမင်းကို နောက်တစ်လုံးထပ်ပေးမယ်” ကျန်းယန် ရယ်မောလိုက်၏
“ဒါပေမယ့် မင်းငါ့စကားကိုတော့နားထောင်ရမယ်နော်”
သူဆေးနောက်တစ်လုံးထပ်ပစ်ပေးလိုက်ပြီး သူ့ဆီလာဖို့ အချက်ပြလိုက်သည်။
ကျားမိစ္ဆာလည်း ဆေးလုံးကိုမြိုချပြီးနောက် ခေါင်းကြီးယမ်းကာယမ်းကာဖြင့် ကျန်းယန်ဆီလျှောက်လာခဲ့၏။
သူတို့ပူးပေါင်းနေသေးသ၍ သူကအရင်းအမြစ်များဆက်ရနေဦးမည်ဖြစ်လေရာ သူအဘယ်ကြောင့်ငြင်းရပါမည်နည်း။
ကျားမိစ္ဆာကြီးတစ်ကောင်သည် အိမ်မွေးတိရစ္ဆာန်၀မ်ချိုက်အဖြစ် ပြောင်းလဲခံလိုက်ရချေပြီ!
စန်းစုန့် ကျားမိစ္ဆာကိုလေ့ကျင့်ပေးနေသော ကျန်းယန်ကိုကြည့်ကာ ဆွံ့အနေခဲ့သည်။
ဤကလေးသည်မကျင့်ကြံဘဲ ကျားမိစ္ဆာကိုသာ ခွေးတစ်ကောင်လိုနေ့စဉ်လေ့ကျင့်ပေးနေခဲ့၏။ သူသည် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက် လုံး၀မစိုးရိမ်နေခြင်းပေလော။
ထိုစဉ် ရုတ်တရက်ဆိုသလို သူအိမ်ဂိတ်တံခါးမှထွက်ပေါ်လာသော အနက်ရောင်အရိပ်တစ်ခုကိုမြင်လိုက်ပြီး သူ့အမူအရာချက်ချင်း ထက်ရှသွားခဲ့၏။
အထူးသဖြင့် ထိုမိစ္ဆာသန္ဓေသားမှထွက်ပေါ်နေသောအရှိန်အဝါကိုအာရုံခံလိုက်မိသောအခါ သူ့စိတ်ထဲအချက်ပေးခေါင်းလောင်းသံများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ထိုအရှိန်အဝါက အတော်လေးထူးဆန်းလှပြီး သူ့ပတ်ပတ်လည်ရှ်ိပတ်၀န်းကျင်နှင့်လုံး၀အံ၀င်မနေသည့် အရှိန်အဝါမျိုးပင်။ သူမိစ္ဆာသားရဲကို စိုက်ကြည့်နေခဲ့၏။
ကျန်းယန်လည်း စန်းစုန့်၏တောင့်တင်းသွားပုံကို သတိထားမိသွားပြီး သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားအရင်ကမိစ္ဆာသန္ဓေသားကိုတစ်ခါမှ မမြင်ဖူးဘူးလား ဘာတွေအရမ်းကြောက်နေတာလဲ”
“မိစ္ဆာသန္ဓေသား!” စန်းစုန့်အသံက အက်ကွဲလုနီးနီးပင်။
အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုဖိနှိပ်ထားခြင်းမဟုတ်ပါလော။ အဘယ်ကြောင့် မိစ္ဆာသန္ဓေသားတစ်ကောင်က လွတ်မြောက်လာရပါသနည်း။
သူချက်ချင်း ကောင်းကင်မိုးကြိုးတစ်စင်းဖွဲ့တည်လိုက်ကာ မိစ္ဆာသန္ဓေသားထံပစ်ချလိုက်ပြီး ကျန်းယန်ကို အမြန်အော်ပြောလိုက်၏။
“အမြန်ပြေး! မိစ္ဆာကောင်ကြီးတွေ စည်းကိုချိုးဖြတ်ပြီးထွက်လာပြီ ငါကူညီဖို့ ဘာလုပ်သင့်လဲ”
ထိုစဉ် သူပစ်လိုက်သောမိုးကြိုးကလေထဲတွင်ပျောက်ကွယ်သွားခဲ့ကာ မိစ္ဆာလည်းဘာမှဖြစ်မသွားသောကြောင့် စန်းစုန့်ကြောင်သွားခဲ့ရပြန်သည်။
ကျန်းယန် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ကာ
“အဲ့တာမိစ္ဆာသန္ဓေသားဆိုတာ ကျွန်တော်သိနေတာကြီးကို မမြင်ဘူးလား ခင်ဗျားဦးနှောက်မသုံးတတ်ဘူးလား”
သူ့မိုးကြိုးကို ချင်းယွင်ကျိက တားလိုက်ပြီး ကျန်းယန်ကလည်း အခုလိုပြုမူနေလေရာ စန်းစုန့်ကြက်သေသေသွားခဲ့၏
ဘာတွေဖြစ်နေပါသနည်း။
ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“မိစ္ဆာတွေက ပိတ်လှောင်ခံထားရတာ နှစ်တစ်ထောင်တောင်ရှိသွားပြီလေ သူတို့ကအတော်လေးသနားစရာကောင်းတယ်လို့ ကျွန်တော်တွေးမိလို့ ကျွန်တော် သူတို့မိစ္ဆာသန္ဓေသားတွေကို လေကောင်းလေသန့်လေးထွက်ရှူခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာ သူတို့အပြင်ရောက်တုန်း ကျွန်တော်သူတို့နဲ့ ဆက်ဆံရေးကောင်းလေးေတွတည်ဆောက်ဖို့ စီစဉ်ထားတယ်
ခင်ဗျားတို့ ဂိုဏ်းကြီးတွေ နောက်ဆံုးမှာ အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကျ ကျွန်တော်က မိစ္ဆာတွေကိုလွှတ်ပေးပြီး ခင်ဗျားတို့အားလုံးကို သတ်ခိုင်းမှာ”
ကျန်းယန် တမင်သက်သက်မိစ္ဆာသန္ဓေသားကိုသုံးကာ စန်းစုန့်ကို ခြောက်လိုက်၏။
စန်းစုန့်လည်း အမှန်တကယ်ပင် ကြောက်ရွံ့သွားခဲ့မိသည်။
သူ့မျက်လုံးထဲတွင် ကျန်းယန်မလုပ်ရဲသောအရာ ဘာမှမရှိပေ။
သူသည် ကျင့်ကြံသူများကို ငါးစာအဖြစ်အသုံးပြုကာ မိစ္ဆာသားရဲတစ်ကောင်ကိုအိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မွေးနေသူဖြစ်ပြီး စိတ်ဝိညာဉ်လက်နက်ကိုလည်း အားရပါးရ လူကြားထဲတွင် ဆူခဲ့ဖူး၏။ ထို့ကြောင့် သူမိစ္ဆာများနှင့်ပူးပေါင်းမည်ဆိုလျှင်လည်း အံ့ဩစရာတော့ မဟုတ်ပေ။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျန်းယန်ကိုစိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်း…မင်းတကယ်လုပ်မှာမဟုတ်ဘူးမလား”
ကျန်းယန်ပြန်ဖြေလိုက်၏။
“ကျွန်တော်လည်းမလုပ်ချင်ပါဘူး ဒါပေမယ့် ခင်ဗျားတို့ဂိုဏ်းကြီးတွေကလွန်လွန်းတယ် ကျွန်တော်တို့ဂိုဏ်းကအားနည်းတာနဲ့ တွန်းအားပေးလို့ရမယ်ထင်နေတာလား ကျွန်တော်တို့က ပြန်မတိုက်ခိုက်နိုင်ဘူး ထင်နေတာလား
စိတ်မပူပါနဲ့ ကျွန်တော့်ကိုအချိန်၃နှစ်ပဲပေး ကျွန်တော်မိစ္ဆာတွေအကုန်လုံးနဲ့ နားလည်မှုယူပြမယ်
အချိန်ကျလာတဲ့အခါ ကျွန်တော်က မိစ္ဆာကြီးတွေကိုဘယ်တစ်ဖက်ညာတစ်ဖက်ခေါ်ပြီးထွက်လာရင် ခင်ဗျားတို့ဘယ်လိုပြန်တိုက်ခိုက်ကြမလဲ ကြည့်ကြတာပေါ့
ကျွန်တော့်ကိုတွန်းအားလာပေးရင်တော့ ကျွန်တော်ကမိစ္ဆာတွေကို လွှတ်ပစ်မှာပဲ”
စန်းစုန့်ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်မိ၏။ ကျန်းယန်ဟာသကရယ်စရာကောင်းသည်ဟု သူမခံစားရပေ။ ထိုအစား သူ့ကျောရိုးတစ်လျှောက်သာ စိမ့်တက်လာခဲ့လေသည်။
“တကယ်လို့ ဂိုဏ်းကြီးတွေကမင်းတို့ကိုလုံး၀မတိုက်ခိုက်လာရင်ရော ဘယ်လိုလုပ်မလဲ” စန်းစုန့်မေးလိုက်၏။
ကျန်းယန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ မိစ္ဆာတွေက အဇူရာတိမ်ဂိုဏ်းရဲ့ ထာ၀ရရန်သူပဲပေါ့”
စန်းစုန့်ကျန်းယန်ကို မျက်ခုံးများတင်းကြပ်စွာတွန့်ကွေးရင်း ကြည့်ရှုနေခဲ့၏။
ဂိုဏ်းကြီးများသာ ကျန်းယန်ကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် အောင်မြင်စွာရှင်းမပစ်နိုင်ခဲ့လျှင် ဖြစ်လာနိုင်သောအကျိုးဆက်များကို သူစတင်တွေးတောထားရပေတော့မည်။
ဤကလေးသည် အလွန်ထူးဆန်းလွန်းလှသည်။ အကယ်၍ သူပြောသလိုသာ မိစ္ဆာများကိုဘယ်ညာတစ်ဖက်ဆီဆွဲ၍ခေါ်ကာ ထွက်လာခဲ့လျှင် သူတို့လည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
နောက်ရက်များတွင်လည်း ကျန်းယန်မကျင့်ကြံခဲ့ပေ။ သူသည် သူ့အချိန်များကို မိစ္ဆာသန္ဓေသားကိုတောင်ပေါ်တွင်ရှုခင်းလိုက်ပြလိုက် ကျားမိစ္ဆာကိုလေ့ကျင့်ပေးလိုက်ဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
များစွာသော စိတ်ဝိညာဉ်ဆေးလုံးများ တောက်လျှောက်ကျွေးမွေးနေခဲ့သောကြောင့် ကျားမိစ္ဆာသည် ယခုအခါ သူ့မြင့်မြတ်လှသောခေါင်းကိုပင် ငုံ့ပေးနေခဲ့ပြီ ဖြစ်၏
“၀မ်ချိုက် ငါတို့ဒီနေ့ဆရာဒေါ်လေး ၄ ဆီကို ၀င်္ကပါပညာသွားသင်ရမှာ မင်းမြန်မြန်ပြေးရင် ငါမင်းကိုနောက်ထပ် ခန္ဓာသန့်စင်ဆေးလုံးတစ်လုံးထပ်ကျွေးမယ်” ကျန်းယန် ပြောလိုက်ကာ ကျားမိစ္ဆာကိုယ်ပေါ်တွင်ထိုင်နေရင်း သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
ကျားမိစ္ဆာလည်း တစ်လျက်ဟိန်းဟောက်လိုက်ပြီး ပိယွင်တောင်ထွတ်ဆီ အပြေးနှင်လေတော့၏။
“တော်တယ် ကောင်လေး၀မ်ချိုက် ဒီခန္ဓာသန့်စင်ဆေးကမင်းအတွက်ပဲ” ကျန်းယန် ဆေးတစ်လုံးပစ်ပေးလိုက်ပြီး ၀မ်ချိုက်ကိုအပြင်တွင်ထားခဲ့ကာ ပိယွင်ကျိနှင့်တွေ့ဖို့ ၀င်သွားခဲ့လေသည်။
ကျားမိစ္ဆာကတော့ မျက်လုံးများမှေးကျဉ်းသွားကာ ခန္ဓာသန့်စင်ဆေးကိုထိုနေရာတွင်ပင် စတင်သန့်စင်နေခဲ့၏
သူသည် အသိဉာဏ်ဖွံ့ဖြိုးပြီးသော သားရဲတစ်ကောင်ဖြစ်သော်လည်း စကားတော့မပြောတတ်သေးပေ။
ထိုရက်များအတွင်း ၀မ်ချိုက်၏ အဇူရာတိမ်ဂိုဏ်းတွင်းဘ၀က အတော်လေးအေးချမ်းသာယာနေခဲ့ပြီး ကျားတောင်ပေါ်က ကျန်းယန်နှင့်တိုက်ပွဲကိုပင် သူမေ့လျော့လာခဲ့သည်။ ယခုရက်ပိုင်းတွင်း သူရရှိထားသော အရင်းအမြစ်များက သူ့တစ်ဘ၀လုံးခက်ခက်ခဲခဲတိုက်ခိုက်ပြီးမှ ရရှိခဲ့သောအရင်းအမြစ်များထက်ပင် ပိုများနေသည် မဟုတ်ပါလော။
သားရဲများသည် ဘယ်တော့မှအစေခံဖြစ်လာမည်မဟုတ်ပေ….အင်း…သူတို့ကိုလုံလုံလောက်လောက်မကျွေးရင်ပေါ့!
ထိုစည်းမျဉ်းက ကျားမိစ္ဆာနှင့်ကွက်တိပင်။
ထို့အပြင် ကျန်းယန်ကသူ့ကိုဘယ်တော့မှအထင်သေးအမြင်သေးမဆက်ဆံသောကြောင့် သူအညံ့ခံခဲ့လိုက်ခြင်း ဖြစ်သည်။
ကျန်းယန် ပိလင်းကျိထံတွင် အစီအရင်ပညာသင်ယူနေချိန်၌ တံခါးပိတ်ကျင့်ကြံနေသော စစ်ထူမင်ယွဲ့ ဝိညာဉ်အခြေတည်အဆင့်သို့ ချိုးဖြတ်နိုင်သွားခဲ့၏။
သူ့ပါရမီက ဘယ်တုန်းကမှဆိုးနေခဲ့ခြင်းမျိုး မဟုတ်ပေ။ သူသည် သိမ်မွေ့ယင်တာအိုမျိုးစေ့ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး ယခုလို သိမ်မွေ့ယင်ပညာရပ်ကိုကျင့်ကြံလိုက်သောအခါ သူမကျင့်ကြံခြင်းက ချက်ချင်း ထောင်တက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအခြေအနေကို များစွာသောအရင်းအမြစ်များ စန်းစုန့်၏သက်တန့်ငါးစွပ်ပြုတ်များဖြင့် ပေါင်းစပ်လိုက်သောအခါ သူမအဆင့်တက်ခြင်းက သိပ်တော့ မဆန်းတော့ပေ။
အဆင့်ချိုးဖြတ်ပြီးသောအခါ သူမချက်ချင်းဆိုသလို ချင်းယွင်ကျိဆီပြေးသွားကာ ပျော်ရွှင်စွာ သတင်းပို့လိုက်၏။
“ဆရာ တပည့်ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ပြီ”
ချင်းယွင်ကျိပြုံး၍ ခေါင်းညိတ်လိုက်ကာ
“နောက်ဆုံးတော့ မင်းကြိုးစားတာတွေအရာထင်လာပြီပေါ့ ဆရာမင်းကိုအခု ဝိညာဉ်အခြေတည်အဆင့်ကျင့်စဉ်ပေးမယ် မင်းအစ်ကိုကြီးက ဝိညာဉ်အခြေတည်အဆင့်မရောက်သေးတော့ သူကဝိညာဉ်အခြေတည်အဆင့်ကျမ်းစာအထပ်ထဲ ဝင်မရသေးဘူး”
ပြောပြီးသည့်နောက် သူကျောက်စိမ်းပြားတစ်ပြားပစ်ပေးလိုက်၏။
စစ်ထူမင်ယွဲ့လည်းကျောက်စိမ်းပြားကို လက်ခံလိုက်လေသည်။
သို့သော်လည်းသူမအလောတကြီးဖွင့်မကြည့်ဘဲ ထိုအစား သူမမေးလိုက်၏။
“ဆရာ ဘာလို့စီနီယာအစ်ကိုကြီးက အဆင့်မချိုးဖြတ်သေးတာလဲ”
သူမတောင်အဆင့်ချိုးဖြတ်နိုင်ပြီဖြစ်သောကြောင့် ပုံမှန်အားဖြင့် ကျန်းယန်လည်း အဆင့်ချိုးဖြတ်နိုင်သင့်နေချေပြီ။
ချင်းယွင်ကျိ ရယ်မောလိုက်သည်။
“သူ့အခြေအနေကထူးခြားတယ် သူ့အတွက်အလောတကြီးအဆင့်ချိုးဖြတ်ဖို့မလိုပါဘူး ဆရာသာမမှားရင် ဒီကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က သူအဆင့်ချိုးဖြတ်ဖို့ အခွင့်အလမ်းကြီးတစ်ခုဖြစ်လာလိမ့်မယ် ကဲ ဝိညာဉ်အခြေတည်အဆင့်ကျင့်စဉ်ကိုသွားဖတ်ပြီး ကျင့်ကြံတော့”
သူပြောလိုက်သော်လည်း စစ်ထူမင်ယွဲ့ ထွက်မသွားသေးဘဲ တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။
“ဆရာ…တပည့်လည်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုသွားချင်တယ်”
“ဟမ်” ချင်းယွင်ကျိ သူ့ကိုကြည့်လိုက်သည်။
“တပည့်စီနီယာအစ်ကိုကြီးကို ကူညီပေးချင်တယ်!” စစ်ထူမင်ယွဲ့ရှက်ရွံ့စွာပြောလိုက်၏။
“အစ်ကိုကြီးကသန်မာပေမယ့် ရွှေအမြုတေအဆင့်ပဲရှိသေးတယ်လေ တပည့်ကတော့ဝိညာဉ်အခြေတည်အဆင့်ရောက်နေပြီ…တပည့်သူ့ကိုကူညီပေးနိုင်သင့်ပါတယ်”
ချင်းယွင်ကျိ သက်ပြင်းချလိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“မင်းရည်ရွယ်ချက်က ကောင်းပါတယ် ဒါပေမယ့် ကောင်းကင်တိုက်ပွဲကွင်းပြင်ဆိုတာ ကျင့်ကြံခြင်းကိုမှီခိုလို့ရတဲ့နေရာမဟုတ်ဘူး အဲ့ဒီနေရာမှာက တိုက်ခိုက်ရေးစွမ်းအားကိုပဲ မှီခိုရမှာ
တကယ်တော့ မင်းစီနီယာအစ်ကိုကြီးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဝိညာဉ်အခြေတည်အဆင့်အများစုထက် အများကြီးသာလွန်နေပြီ…
ပြီးတော့ အဲ့ဒီနေရာကအန္တရာယ်များလွန်းတယ်
မင်းကဝိညာဉ်အခြေတည်အဆင့်ဆိုပေမယ့် အခုမှအဆင့်ချိုးဖြတ်ထားတာ အခြားဝိညာဉ်အခြေတည်အဆင့်တွေနဲ့ယှဉ်ရင် မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက အားနည်းနေလိမ့်မယ်”
စစ်ထူမင်ယွဲ့ ဆွံ့အသွားခဲ့သည်။ ရွှေအမြုတေအဆင့်တစ်ယောက်ထက် အားနည်းသော ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်…
“ဆရာ တပည့်ကိုယ်တပည့် ဘယ်နေရာမှာမှအသုံးမ၀င်သလို ခံစားနေရတယ်” သူမခါးသက်သက်ပြုံးလိုက်ကာ
“တပည့် စီနီယာအစ်ကိုကြီးကိုကူညီချင်တယ် ဒါပေမယ့် ဘယ်နေရာမှာမှ ကူညီမပေးနိုင်ဘူး”
ချင်းယွင်ကျိ သူမကိုကြည့်လိုက်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ဆရာတို့ မျိုးဆက်က အနှေးနဲ့အမြန် တက်လှမ်းသွားရင်တက်လှမ်းသွား မဟုတ်ရင်လည်း သက်တမ်းကုန်လို့သေဆုံးသွားရမှာ သက်တမ်းမကုန်ခင်တောင် သေသွားနိုင်သေးတယ်
အဇူရာတိမ်ဂိုဏ်းရဲ့အနာဂတ်က မင်းတို့အားလုံးအပေါ်ပဲ မူတည်နေတာပါ
မင်းစီနီယာအစ်ကိုကြီးကိုကူညီချင်တယ် အန္တရာယ်တွေကိုလည်းမကြောက်ဘူးဆိုရင် ကောင်းကင်တိုက်ပွဲကွင်းပြင်ကိုသွားပြီး အခွင့်အလမ်းသွားရှာချင်ရှာ ဒါပေမယ့် အဲ့ဒီနေရာကအန္တရာယ်တွေက ခန့်မှန်းလို့မရတော့ ကိုယ့်အားကိုယ်ပဲကိုးရမှာနော်”
“ဆရာ တပည့်မကြောက်ပါဘူး” စစ်ထူမင်ယွဲ့အမြန်ပြောလိုက်ကာ သူ့ဆရာသဘောတူလိုက်သောကြောင့် စိတ်အေးသွားခဲ့၏။
ချင်းယွင်ကျိ ပြုံးလိုက်သည်။
“မင်းစီနီယာအစ်ကိုကြီးကိုသွားရှာချေ သူမင်းကိုခေါ်သွားချင်စိတ်ရှိရင် ဆရာလည်းခွင့်ပြုတယ်”
“တပည့်အခုပဲသွားလိုက်မယ်” စစ်ထူမင်ယွဲ့ပြောလိုက်ကာ အမြန်ပြေးထွက်သွားခဲ့၏။
ချင်းယွင်ကျိ သူမကိုကြည့်ကာသက်ပြင်းချလိုက်မိပြီး ဒီကလေးနှစ်ယောက်သူတို့စီနီယာများ၏လမ်းစဉ်ကိုလိုက်မသွားဖို့သာ မျှော်လင့်နေခဲ့မိလေသည်။