← Chapters

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သို့ ရောက်ရှိခြင်း

Vol. 13 Ch. 140

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သို့ ရောက်ရှိခြင်း

Vol. 13 Ch. 140

ယနေ့သည် စစ်ထူမင်ယွဲ့နှင့်ကျန်းယန်တို့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သို့ သွားရောက်မည့်နေ့ဖြစ်သောကြောင့် အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းလုံး အလွန်လေးနက်နေခဲ့ကြသည်။

“စီနီယာအစ်ကိုကြီး….ကျွန်တော်တို့ရှက်မိပါတယ် တာအိုပေါင်းစည်းခြင်းအဆင့်ကို မချိုးဖြတ်နိုင်ခဲ့ဘူး”

လင်းယွင်ကျိနှင့်အခြားသူများ စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ပြောလိုက်၏။

သူတို့မချိုးဖြတ်နိုင်ခဲ့လျှင် အဇူရာတိမ်ဂိုဏ်း၏အစီအစဉ်များ လုံး၀ပြောင်းလဲသွားမှာကို သူတို့ကောင်းကောင်းသိပေသည်။

“အဆင်ပြေပါတယ် စိတ်မပူကြနဲ့ ဘာမှဖြစ်မှာမဟုတ်ဘူး” ချင်းယွင်ကျိ လူတိုင်းကိုနှစ်သိမ့်လိုက်၏။

သူ့စိတ်ထဲတွင်တော့ မင်းတို့မချိုးဖြတ်နိုင်လည်း ငါကချိုးဖြတ်ပြီးသွားပြီကွလို့ ပြောချင်နေခဲ့သည်။

“ဒီတစ်ခေါက်ခရီးကို ဂျူနီယာညီလေးလင်းယွင်က ဦးဆောင်လိမ့်မယ် ခဏနေရင် ငါကောင်းကင်ဒဏ္ဍာရီကို မင်းတို့နဲ့လမ်းမှာပူးပေါင်းဖို့ ပြောလိုက်မယ်” ချင်းယွင်ကျိ ဆက်ပြောလိုက်၏။

“သိပ်လည်းစိတ်ပူမနေကြပါနဲ့ ဖြောင့်ဖြောင့်သွားကြပါ ကောင်းကင်ကြီးပြိုကျသွားမှာမှမဟုတ်ဘဲ”

ထို့နောက် သူကျန်းယန်ဘက်လှည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ကောင်စုတ်လေး တိုက်ပွဲကွင်းပြင်ထဲရောက်တာနဲ့ မင်းအရာအားလုံးကို ဂရုစိုက်ရမယ်နော်”

ကျန်းယန် ကျယ်လောင်စွာရယ်မောလိုက်ကာ

“ဆရာ စိတ်မပူပါနဲ့ ကျွန်တော်ရောက်တာနဲ့ အားလုံးကိုဖိနှိပ်ပစ်မှာ တကယ့် ကောင်းကင်သူရဲကောင်းအစစ်ကဘာလဲဆိုတာ သူတို့နားလည်သွားအောင်လုပ်ပေးလိုက်မယ် ဆရာ ဆရာဦးလေးတို့ စောင့်သာနေပါ ကျွန်တော် ပထမဆုကိုရအောင်ယူပြီး ပြန်ခဲ့မယ်”

ဟွာလင်းကျိ စိတ်တိုသွားဟန်ဖြင့် ပြောလိုက်၏။

“ပထမနေရာက အရေးမကြီးပါဘူး အသက်ရှင်လျက်သာ ပြန်ခဲ့ပါကွာ”

“ဒါပေါ့”

“သွားကြတော့” ချင်းယွင်ကျိ လက်ကာပြလိုက်ကာ လင်းယွင်ကျိကို ကျောက်စိမ်းပြားတစ်ပြားပေးလိုက်လေသည်။

ထို့နောက် ကျန်းယန် မိစ္ဆာသန္ဓေသား စစ်ထူမင်ယွဲ့နှင့်၀မ်ချိုက်တို့ လင်းယွင်ကျိ၏လှေပျံပေါ်သို့တက်ကာ တောင်အရပ်သို့ စတင်ထွက်ခွာသွားခဲ့ကြ၏။

သူတို့နှင့်အတူမိစ္ဆာသန္ဓေသားလည်းပါသွားသည်ကို တွေ့လိုက်ရသောစန်းစုန့်ကတော့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ထိုကလေးသည် မိစ္ဆာသန္ဓေသားကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ ခေါ်သွားဖို့ စီစဉ်နေခြင်းပေလော။ သူ့တွင်ဘာအကြံအစည်များ ရှိနေပါသနည်း။

ထိုအခိုက်တွင် သူကျန်းယန်အသက်ရှင်နိုင်မရှင်နိုင်ကို စိတ်မပူမိတော့ပေ။ ထိုအစား ကောင်းကင်သူရဲ‌ေကာင်းတိုက်ပွဲကွင်းပြင်ထဲ၀င်မည့် ပါရမီရှင်များကိုသာ စိတ်ပူနေမိတော့သည်။

သူတို့လှေပျံအဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ မထွက်ခွာခင်တွင် လမ်းတစ်၀က်၌ ကောင်းကင်ဒဏ္ဍာရီပေါ်လာပြီး သူတို့နှင့်အတူ လိုက်ပါလာခဲ့၏

“ကျန်းယန် ကျိယန်လည်း ဒီတစ်ခေါက်တိုက်ပွဲကွင်းပြင်ကို ၀င်မယ်ထင်တယ် မင်းသူ့ကိုတွေ့ရင် ကျေးဇူးပြုပြီး သူ့ကိုကူညီပေးလို့ရမလား” ကောင်းကင်ဒဏ္ဍာရီပြုံးကာ ပြောလိုက်သည်။

“နောက်ပြီး…သူမကိုပြန်ခေါ်လာခဲ့ပေးပါ!”

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုအလိုလိုတစ်ချက်ကြည့်လိုက်မိ၏။

ကျန်းယန်မျက်ခုံးများတွန့်ကွေးသွားကာ လေးလေးနက်နက်ပြောလိုက်သည်။

“စီနီယာ ကျွန်တော်စိုးရိမ်မိတာက သူ့ကိုပြန်ခေါ်လာလို့ ရမရမဟုတ်ဘူး သူကကျွန်တော့်ရန်သူဖြစ်လာမလား မလာဘူးလား ဆိုတာပါပဲ သူကအခြားကုန်းမြေတိုက်ကြီးကနေ ၀င်ပြိုင်နေတာလေ ကျွန်တော်သူ့ကိုကူညီလိုက်ရင် ကျွန်တော့်ကိုယ်ကျွန်တော်အန္တရာယ်ထဲတွန်းပို့လိုက်သလို ဖြစ်မသွားဘူးလား”

ကောင်းကင်ဒဏ္ဍာရီပြောစရာစကားမဲ့သွားခဲ့၏။

သူတခဏတွေးတောပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်းသူ့ကိုတွေ့ရင် သူပြန်လာနိုင်မလာနိုင် မေးပေးပါ တကယ်လို့ မလာချင်ဘူးဆိုရင်လည်း …မင်းလုပ်ရမှာကိုသာ လုပ်ပါ”

သူဘယ်လောက်အရေထူထူ ကျန်းယန်သူမကိုခွင့်လွှတ်ကာ ပြန်ခေါ်လာပေးဖို့တော့ မတောင်းဆိုနိုင်ပေ။

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“တကယ်လို့သူကအဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်နေသေးရင်တော့ ကျွန်တော်သူနဲ့ ပူးပေါင်းနိုင်ပါတယ်”

“ကောင်းပါပြီ” ကောင်းကင်ဒဏ္ဍာရီပြန်ပြောလိုက်သည်။

ထို့နောက် လှေပျံကတောင်ဘက်ယွန်းယွန်းဆီ ဆက်လက်ပျံသန်းသွားခဲ့၏။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သည် အဇူရာတိမ်ဂိုဏ်းနှင့် မိုင်သောင်းချီဝေးသောနေရာတွင် ရှိနေခြင်းဖြစ်ပြီး လှေပျံနှင့်ဆိုလျှင်တောင် ထိုနေရာသို့ရောက်ဖို့ အချိန်အတော်လေး ယူရပေလိမ့်မည်။

နှစ်ရက်ကြာပြီးနောက် သူတို့ကောင်းကင်တွင်တည်ရှ်ိနေသော ကြီးမားလှသည့် ကျွန်းကြီးကို မြင်လိုက်ကြရလေသည်။

“ဒါက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပဲ!” ကောင်းကင်ဒဏ္ဍာရီထိုကျွန်းကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ဒီနေရာက ဂိုဏ်းကြီးတွေက ပညာရှင်တွေများစွာက ကာကွယ်ပြီး စည်းပိတ်ထားခဲ့ကြတာ ၀င်ဖို့လမ်းက တစ်လမ်းပဲရှိတယ်

သူတို့အပြောအရတော့ ဒီနေရာကို၀င်မိပြီးဖြစ်လာမယ့် မတော်တဆမှုတွေကို ကာကွယ်ဖို့လို့တော့ပြောပေမယ့် တကယ်ကတော့ ဒီနေရာကို ဂိုဏ်းကြီးတွေကပါရမီရှင်တွေလေ့ကျင့်ရာနေရာတစ်ခုအဖြစ် အပိုင်သိမ်းထားချင်တာပါ”

သူကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်‌ေကျာ်တုန်းက အဇူရာတိမ်ဂိုဏ်းလည်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ပါ၀င်ခဲ့တယ် ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဂိုဏ်းကြီးတွေကအဇူရာတိမ်ဂိုဏ်းကို ထုတ်ပယ်ထားလိုက်ကြတယ် ဒီတစ်ခေါက်မှသာ ပြန်ဝင်ခွင့်ပေးခဲ့တာ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမှာသေချာတယ် မင်း၀င်တာနဲ့ အတော်လေးဂရုစိုက်ထားမှ ရမယ်”

ကျန်းယန် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

ဂိုဏ်းကြီးများတွင် ကောင်းသောရည်ရွယ်ချက်မရှိမှန်း သူလည်းသိပေသည်။

သို့သော် ဘယ်သူက ဘယ်သူ့အကွက်ထဲကျရောက်နေသလဲဆိုတာကို အခုထိတော့ ဆုံးဖြတ်၍ ရဦးမည်မဟုတ်ပေ။

“အလုပ်လုပ်ဖို့ အချိန်ရောက်ပြီ!” ကျန်းယန် ကျားမိစ္ဆာကို‌ပုတ်လိုက်ကာ ဆေးလုံးနှစ်လုံးပစ်ပေးလိုက်၏။

“ဒါက နောက်ဆုံးဆေးလုံးတွေပဲ မင်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲရောက်တာနဲ့ ထပ်ရမှာမဟုတ်တော့ဘူး နောက်ပိုင်းကျရင်တော့ ငါတို့အသက်ရှင်သန်နိုင်ဖို့ အရာအားလုံးနဲ့ တိုက်ခိုက်ရလိမ့်မယ် ပြီးတော့ ဂိုဏ်းကြီးတွေက ငါတို့ကို၀င်ခွင့်တစ်နေရာစာပဲ ပေးထားတာ မင်းတို့ကို၀င်ခွင့်ပြုဖို့ အတော်လေးပြောယူရဦးမယ်”

ကျားမိစ္ဆာ ဆေးလုံးနှစ်လုံးကို မြိုချပြီးသောအခါ သူ့ပုံစံကချက်ချင်း လန်းဆန်းလာပြီး အရပ်ပင်ပိုရှည်လာကာ စွမ်းအင်အပြည့်ဖြစ်သွားခဲ့သည်။

ကျန်းယန် ကျားမိစ္ဆာပေါ်ခုန်တက်လိုက်ကာ တင်ပလ္လင်ခွေထိုင်လိုက်၏။

“ဂျူနီယာညီမလေး တက်” ကျန်းယန် ကျားမိစ္ဆာ၏ကျောကိုပုတ်ပြကာ စစ်ထူမင်ယွဲ့ကိုတက်ဖို့ အချက်ပြလိုက်သည်။

စစ်ထူမင်ယွဲ့လည်း ကျားမိစ္ဆာကျောပေါ်တက်လိုက်ကာကျန်းယန်ကျောကိုကြည့်ပြီးနောက် သူမစိတ်ထဲ စိတ်လှုပ်ရှားသလို ကြောက်ရွံ့သလို ဖြစ်လာခဲ့၏။

“နင့်စိတ်ဝိညာဉ်လက်နက်တွေအားလုံးကို သိုလှောင်လက်စွပ်ထဲထည့်ပြီး ဆရာဦးလေးလင်းယွင်ဆီအပ်ခဲ့” ကျန်းယန် သူ့လက်နက်များအားလုံးကိုသိုလှောင်လက်စွပ်ထဲထည့်နေရင်း စစ်ထူမင်ယွဲ့ကိုလည်း သူ့လိုလိုက်လုပ်ဖို့ ပြောလိုက်သည်။

ဒါပေါ့ ဘားရတ်ရိုင်ဖယ်ကိုတော့ သူ့ကျောပေါ်တွင် လွယ်ထားခဲ့ခြင်း ဖြစ်၏။

ထို့နောက်မိစ္ဆာသန္ဓေသားကိုကြည့်ကာ ပြောလိုက်သည်။

“ကျွန်‌ေတာ့်ခန္ဓာကိုယ်ထဲမှာပုန်းနေမလှုပ်နဲ့”

မိစ္ဆာသန္ဓေသားပေါ်လာခဲ့လျှင် လူတိုင်းကြောက်ရွံ့ကုန်ကြမည်ဖြစ်ကာ ဂိုဏ်းကြီးများကလည်း မိစ္ဆာသန္ဓေသားကို တိုက်ပွဲကွင်းပြင်ထဲ လုံး၀၀င်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူဘယ်သူမှသတိမထားမိအောင် သေချာဖုံးကွယ်ထားဖို့ လို၏။

မိစ္ဆာသန္ဓေသားလည်း ဝိညာဉ်အဖြစ်ပြောင်းကာ ကျန်းယန်ကိုယ်ထဲ၀င်ပုန်းနေလိုက်သည်။

အားလုံးပြင်ဆင်ပြီးသောအခါမှ ကျန်းယန်တို့အဖွဲ့တိုက်ပွဲကွင်းပြင်သို့ ထွက်ခွာလာခဲ့ကြ၏။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်၌ ဂိုဏ်းအသီးသီး ၀င်ပေါက်၀သို့ ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။

ဤအရာသည် ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး၏ အဓိကပွဲ‌ေတာ်ကြီးတစ်ခုဖြစ်သောကြောင့် ဘယ်သူမှ ပေါ့ပေါ့တန်တန်သဘောမထားဝံ့ကြပေ။

ထိုကွင်းပြင်ထဲသို့၀င်မည့်သူတိုင်းက အနာဂတ်၏ခေါင်းဆောင်လောင်းများ ဖြစ်လာမည်ဖြစ်သောကြောင့် လူတိုင်းက လေးလေးနက်နက်ဂရုစိုက်နေခဲ့ကြ၏။

“ဘာလို့အဇူရာတိမ်ဂိုဏ်းမရောက်သေးတာလဲ” တန်ချိုးရွှေ မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

ဒီတစ်ခေါက် လန်ကျားအထွတ်အမြတ်မြေကို သူဦးဆောင်လာခဲ့ခြင်း ဖြစ်၏။

“အဇူရာတိမ်ဂိုဏ်းမလာတော့ဘူးလို့တော့ မပြောနဲ့နော်”

“အဇူရာတိမ်ဂိုဏ်းက ဒီအခွင့်အရေးကိုလက်လွှတ်ခံမှာမဟုတ်ပါဘူး သူတို့လမ်းမှာ ကြန့်ကြာနေတာပဲဖြစ်ရမယ် အဇူရာတိမ်ဂိုဏ်းကဆင်းရဲတယ်လေ သူတို့မှာ လှေပျံမရှိလို့ဖြစ်မယ် ဟားဟား”

“သူတို့လမ်းလျှောက်လာတာလို့ ငါလောင်းရဲတယ် ဟားဟားဟား”

ထိုအဖွဲ့အဇူရာတိမ်ဂိုဏ်းကို လှောင်ပြောင်နေခဲ့ကြ၏။

“သူတို့လမ်းလျှောက်လာတာတော့မဖြစ်နိုင်ပါဘူး အဲ့ဒီအရိုးအိုကြီးက မိစ္ဆာတွေကိုဖိနှိပ်နေရတာဆိုတော့ ရွှေအမြုတေအဆင့်ကောင်လေးတစ်ယောက်တည်းလွှတ်လိုက်တာလားမသိဘူး သူတစ်ယောက်တည်းသာ ပျံသန်းလာတာဆိုရင် အချိန်အတော်ကြာသွားလိမ့်မယ်”

“အဇူရာတိမ်ဂိုဏ်းလာမလာကို စိတ်ပူသင့်တာမဟုတ်ဘူးမလား ငါတို့ဆွေးနွေးရမှာက အထဲ၀င်ပြီးသွားရင် ဘာလုပ်ရမလဲ ဆိုတာပဲ”

“ငါတို့ဘာလုပ်ရမှာလဲ အဲ့ဒီဂိုဏ်းကကောင်စုတ်လေးက ငါတို့ပြိုင်ဘက်ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ”

သူတို့ပြောနေရင်း လူတိုင်း‌ေမြာက်အရပ်သို့ ကြည့်လိုက်မိကြလေသည်။

မြောက်အရပ်မှ ဇိမ်ခံလှေပျံကြီးတစ်စင်းထွက်ပေါ်လာကာ လှေပျံကမနိမ့်မမြင့်နေရာတွင် ရပ်သွားပြီး လှေပျံပေါ်မှ ကျားကြီးတစ်ကောင် လမ်းလျှောက်၍ ဆင်းလာခဲ့၏။

ထိုမြင်ကွင်းက လူတိုင်းကို ကြောင်အသွားစေခဲ့သည်။

“ဘယ်လိုဂိုဏ်းက ဒီလိုထူးဆန်းတဲ့ပုံစံမျိုးနဲ့၀င်လာတာလဲ”

“ဘယ်သူများလဲ အဲ့တာက အဇူရာတိမ်ဂိုဏ်းမဟုတ်ဘူးလား”

မိစ္ဆာကျားကိုစီးနင်းကာ နောက်တွင်သူ့ဂျူနီယာညီမလေးကိုတင်၍ ကျောပေါ်တွင်လည်း ဘားရတ်ရိုင်ဖယ်ကို သယ်လာသော ကျန်းယန် လူအုပ်ကြီးဆီတည့်တည့်၀င်လာခဲ့၏။

သူပြုံးလိုက်ကာ ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ မင်းတို့ ဒီလောက်စိတ်အားထက်သန်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး အတန်းလိုက်စီပြီးတော့တောင် ငါတို့ကို ကြိုဆိုနေသေးတယ် အဲ့လောက်ယဉ်ကျေးနေဖို့ မလိုပါဘူး နောက်ဆုံးကျရင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲရောက်တာနဲ့ မင်းတို့ငါ့ကိုသတ်ရင်သတ် မသတ်ရင် ငါကမင်းတို့ကိုသတ်မှာပဲလေ ယဉ်ကျေးပျူငှာနေဖို့ မလိုပါဘူး”

All Chapters