မင်းက တကယ်ကြီး မျောက်သူရဲကောင်းတစ်ယောက် ဖြစ်လာတယ်လို့တော့ မပြောနဲ့
Vol. 30 Ch. 450
အခန်း (၄၅၀) : မင်းက တကယ်ကြီး မျောက်သူရဲကောင်းတစ်ယောက် ဖြစ်လာတယ်လို့တော့ မပြောနဲ့
လူအုပ်ကြီးက အံ့ဩနေမှုမှ အသိပြန်မဝင်နိုင်ခင် နောက်ထပ် အားကောင်းသည့် အငွေ့အသက် ထွက်ပေါ်လာသည်။ ဤသည်မှာ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာမှန်း သိသာလှ၏။
ဤအရှိန်အဝါက နက်နဲကာ ဆူနာမီသဖွယ် အားကြီးလှပြီး အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားသွားသည်။
အားလုံးက လှည့်ကြည့်လိုက်သည့်အခါ လူငယ်လေးတစ်ဦး လျှောက်လှမ်းလာသည်ကို မြင်လိုက်ကြသည်။
ထိုလူက နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အေးစက်စက် ခန့်ညားမှုက ဩဇာလွှမ်းမိုးနိုင်သည့် လေထုမျိုး ထုတ်လွှင့်နေသည်။ သူ့အရှိန်အဝါက နေမင်းကြီးသဖွယ် အားကောင်းလှပြီး တောက်ပနေကာ နေရာတစ်ခုလုံးကို အလင်းပေးနေသည်။
“ ဒါက အရှင့်သား ရှီထျန်းကျီပဲ ”
“သူလည်း ရောက်လာပြီ ”
တစ်ယောက်ယောက်က လေးစားမှုအပြည့်ဖြင့် ထုတ်ပြောလိုက်သည်။
ယခင် လူသားပရဝဏ်အတွင်း ရှီထျန်းကျီက သူကိုယ်တိုင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လောက် တိုက်ခိုက်ရေး မကောင်းကြောင်း ပြောခဲ့ဖူးသည်။ သူက လူသားပရဝဏ်၏ ထိပ်တန်းကျောင်းသားဆိုသော အနေအထားကိုပင် ပေးအပ်လိုက်ရသည်။
သို့သော်လည်း ဤသည်က ရှီထျန်းကျီ၏ ဂုဏ်သတင်းအပေါ် များစွာ သက်ရောက်မှု မရှိပေ။ သူက ထူးချွန်ပြောင်မြောက်လှသည့် ပါရမီရှင် ဖြစ်နေဆဲ ဖြစ်ပြီး တိုက်ခိုက်စွမ်းကလည်း သာမန်လူထက် ကျော်လွန်နေသေးသည်။
ထို့ကြောင့် သူ ပေါ်ထွက်လာမှုက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်။
ရှီထျန်းကျီက မြေပြင်ပေါ် ထိုင်ချလိုက်ပြီး လူအုပ်ကြီး၏ အကြည့်တို့ကို လျစ်လျူရှုထားလိုက်သည်။ သူက ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။
သူက ရှန်ထျန်းအပေါ် အာရုံစိုက်ထားပြီးနောက် သူ့အကြည့်တို့က တောက်ပလာသည်။
ရှီထျန်းကျီက ရှန်ထျန်း၏ အရှေ့ပင်လယ်မြို့ တိုက်ပွဲရလဒ်များအကြောင်း ကြားပြီးသွားလေပြီ။
ရှီထျန်းကျီက ထိုကောလဟာလနောက်ကွယ်များမှ အမှန်တရားကို သေချာမသိသာ်လည်း ရှန်ထျန်းက အားကောင်းကြောင်း ကောင်းကောင်း သိထားသည်။ သူ့အနေနှင့် မဟာဝိဇ္ဇာကို ရင်ဆိုင်ဖို့ ဖြစ်နိုင်သည်။
ထိုအရာက ရှီထျန်းကျီအပေါ် သက်ရောက်မှု မရှိပေ။ ထို့အစား သူ့ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆွပေးလိုက်၏။ သူက ရှန်ထျန်းကို သူ့ရည်မှန်းချက်အဖြစ် မှတ်ယူထားပြီး အနိုင်ပိုင်းပစ်ချင်သည်။ ရှန်ထျန်းက အားပိုကောင်းလာလေလေ သူက ပို၍ စိတ်အားထက်သန်လာလေလေ ဖြစ်၏။
ရှီထျန်းကျီ၏ အကြည့်ကို ခံစားမိပြီး ရှန်ထျန်းက ပြုံးလိုက်ရင်း အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
အကြောင်းမှာ သူက ရှီထျန်းကျီ၏ ရောင်ဝါထဲမှ ခရမ်းရောင်မြူများ လှိုင်းထနေသည်ကို မြင်လိုက်ရသည့်အတွက် ဖြစ်သည်။ ဤသည်မှာ ကံအပြောင်းအလဲ အခွင့်အရေး ပေါ်ထွက်လာတော့မည့် ရှေ့ပြေး ဖြစ်၏။
ရှီထျန်းကျီ၏ ကံကြမ္မာအရ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမားနှင့် သေချာပေါက် တွေ့ဆုံလိမ့်မည်။
ဤခပ်ပြည့်ပြည့် အဆီတဝင်းဝင်း ကံကြမ္မာက နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။
………....
သိပ်မကြာခင် လူအုပ်ကြီးက နောက်ထပ် အုတ်အော်သောင်းနင်း ဖြစ်လာပြန်သည်။
လူသားပရဝဏ်၏ အမျိုးသား ပါရမီရှင်များက ပို၍ တက်ကြွလာကာ “ မိန်းကလေးချင်းယွဲ့ပဲ။ သူမလည်း တံခါးပိတ် လေ့ကျင့်တာကနေ ထွက်လာပြီ”
မြောက်များစွာသော အမျိုးသား ပါရမီရှင်များက ဆက်တိုက် ပြောဆိုနေပြီး သူတို့စကားများတွင် ချစ်ခြင်းမေတ္တာနှင့် သဘောကျမှုအပြည့် ဖြစ်နေသည်။
“အဲမိန်းမလည်း ထွက်လာပြီကိုး ”
ချီကျန့်လည်း ဝင်ပြောလိုက်သည်။
ရှီထျန်းကျီနှင့် ရှန်ထျန်းတို့ ကျိရှားကျောင်းတော်ဆီ မဝင်ရောက်ခင် သူ့ပြိုင်ဖက်က မိန်းကလေး ချင်းယွဲ့ ဖြစ်ခဲ့၏။
သို့သော်လည်း မိန်းကလေးချင်းယွဲ့က ယှဉ်ပြိုင်ရသည်ကို မနှစ်သက်ဘဲ အမြဲတမ်းလိုလို တံခါးပိတ် လေ့ကျင့်နေလေ့ရှိသည်။ သူမက သမာရိုးကျ ရိုးရိုးစင်းစင်း မိန်းကလေးတစ်ဦး ဖြစ်၏။ ချီကျန့်က သူမသည် အထွတ်အထိပ် ကောင်းကင်သစ်ပင်ကြောင့် ထွက်လာဖို့ ဆွဲဆောင်ခံရလိမ့်မည်ဟု မထင်ထားပေ။
အားပေးသံများကို ကြားကာ ရှန်ထျန်းက လှည့်ကြည့်လိုက်မိသည်။ မနီးမဝေးတွင် ပိန်ပါးပါး ပုံရိပ်လေး လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
ဤသည်မှာ အမြင်အာရုံ တင့်တယ်လှသည့် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမသွင်ပြင်တို့က ကျောက်စိမ်းထုထွင်းထားသကဲ့သို့ လက်ရာမြောက်လှကာ အသားအရည်တို့ကလည်း နှင်းပွင့်လေးကဲ့သို့ ဖြူဆွတ်နေသည်။
သူမက ဒီကမ္ဘာနှင့် မဆိုင်သည့်အလား မြင့်မြတ်တော်ဝင်ဆန်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ သူမက လက်လှမ်းမမှီနိုင်သည့် နတ်မိမယ်လေးလိုမျိုး ဖြစ်၏။ သူမကို အဝေးကနေသာ လေးစားကြည့်ရှုနိုင်သည်။ မည်သည့်အရာမှ သူမကို မစွန်းထင်းစေနိုင်ပေ။
အမျိုးသား ပါရမီရှင်များက မိန်းကလေးချင်းယွဲ့ ပေါ်ထွက်လာသည်နှင့် ချက်ချင်းဆိုသလို ညို့ယူခံလိုက်ရသည်။
သူမက အရမ်းအားကောင်းရုံသာမက အရမ်းလည်း လှပပေသည်။ သူမက လူသားပရဝဏ်ရှိ အမျိုးသားအားလုံး၏ အလေးစားခံ နတ်ဘုရားမ ဖြစ်သည်။
အမျိုးသမီး ပါရမီရှင်များက မိန်းကလေး ချင်းယွဲ့ကို မြင်သည့်အခါ ရှက်ရွံ့မှုဖြင့် ခေါင်းမငုံ့ထားဘဲ မနေနိုင်တော့ပေ။ ဤသို့သော အမျိုးသမီးသာ ကောင်းကင်ဘုံတွင်သာ တည်ရှိသင့်သည်။ ဒီကမ္ဘာမှာ ဒီလိုမျိုး ချောမောသည့် မိန်းကလေးမျိုး ရှာတွေ့ဖို့ ရှားပါးလွန်းလှသည်။
ချီကျန့်ပင် ခေါင်းမကုတ်ဘဲ မနေနိုင်တော့ပေ “ အဲဒီမိန်းမက ငါ့မျိုးနွယ်မှာရှိတဲ့ မိန်းကလေးတွေလောက် မလှဘူးဆိုပေမဲ့ သူမက သူမဘာသာ ဆွဲဆောင်မှုတော့ရှိတယ်။ သူမက ခေါင်းဆောင်နဲ့ ထိုက်တန်တယ် ”
ရှန်ထျန်း “ … ”
လူအုပ်ကြီး “ … ”
ဘာတွေလျှောက်ပြောနေတာလဲ … မိန်းကလေးချင်းယွဲ့က မင်းတို့ မျောက်ဝံမတွေလောက် မလှဘူးတဲ့လား
မင်းတို့ မျောက်ဝံမတွေရဲ့ မျောက်သွင်ပြင်က မိန်းကလေးချင်းယွဲ့နဲ့ တကယ် ယှဉ်နိုင်လို့လား
ပါရမီရှင်အမြောက်အများက ချီကျန့် စကားများကို အံ့ကြိတ်လိုက်မိကြသည်။ ဤမျောက်ဝံက အားကောင်းလွန်းနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူတို့ ရှေ့ထွက်လာ ရိုက်နှက်မိပေလိမ့်မည်။
ဒီမျောက်ရဲ့ အလှအပစံနှုန်းက ဘက်လိုက်လွန်းတယ် … ဒါပေမဲ့ သူ့စကားရဲ့ ဒုတိယအပိုင်းက မှန်နေတယ်
အားလုံးက ရှန်ထျန်းအား ကြည့်လိုက်ပြီးနောက် မိန်းကလေးချင်းယွဲ့ကို ပြန်ကြည့်လိုက်ကြသည်။ သူတို့က နှလုံးသားထဲ စိတ်သက်သာရာရသွားမှုကို တောင့်မခံနိုင်ပေ။
ဒီလိုမျိုး မိန်းမလှလေးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ သေချာပေါက် ထိုက်တန်တယ်။ နှစ်ယောက်လုံးက ရုပ်ရည်ချောမောရုံတင် မကဘူး။ အားလည်း ကောင်းကြတယ်။
နှစ်ယောက်သား အတူတူဆိုရင် ကောင်းကင်ဘုံက တွဲစပ်ပေးထားတဲ့ ဖူးစာဖက်လိုပဲ …
ကျန်းယွင်ရှီး၊ မင်းသမီးလင်းလုံနှင့် အခြားသော အမျိုးသမီး ပါရမီရှင်များက ချီကျန့်ကို ဓားနှင့်ပစ်ခွင်းတော့မည့်အလား အကြည့်စူးစူးတို့ဖြင့် စိုက်ကြည့်လိုက်ကြသည်။
သူမက ဂျူနီယာမောင်လေးနဲ့ ထိုက်တန်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ
သူမက ဘယ်လိုထိုက်တန်တာလဲ … ငါကသာ မောင်လေးရှန်အတွက် ထိုက်တန်တဲ့သူပဲ
..................
ချီကျန့်က ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာသည်ကို ခံစားမိလိုက်ပြီးနောက် ခေါင်းကုတ်မိလိုက်သည်။ သူက ဘာဖြစ်သွားလဲ မသိလိုက်ပေ။
ထိုစဉ် မိန်းကလေးချင်းယွဲ့က ရှန်ထျန်းအား တိုးလာလေသည်။
မိန်းကလေးချင်းယွဲ့က ရှန်ထျန်း၏ မျက်နှာကို သေချာမြင်လိုက်ရသည့်အချိန် သူမက မအံ့ဩမိဘဲ မနေနိုင်တော့ပေ။
ဒီလောကြီးထဲမှာ ဒီလိုမျိုး ရုပ်ချောတဲ့ အမျိုးသား ရှိသေးတယ်လား …
မိန်းကလေးချင်းယွဲ့က ခြိုးခြံတတ်သူ ဖြစ်ပြီး သူမအား စိတ်လှုပ်ရှားစေသည့်အရာမှာ အနည်းငယ်သာ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းကို မြင်တွေ့ပြီးနောက် သူမစိတ်ထဲ ခံစားချက်မျိုးစုံ ရောပြွန်းလာမိပြီး အနည်းငယ် ရှက်သွေးဖြာမိသွားသည်။
မိန်းကလေးချင်းယွဲ့က အသာဦးညွှတ်လိုက်သည်။
“ မောင်လေးရှန် မင်္ဂလာပါ … မောင်လေးရှန်က မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ မဟာဝိဇ္ဇာကိုတောင် သတ်နိုင်တယ်ဆိုတော့ အရမ်းစွမ်းအားကြီးတာပဲ။ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်ပဲ”
သူမက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ လေးယောက်မြောက် သူတော်စင်မ ဖြစ်ပြီး သူမဆရာက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ဖြစ်ပေသည်။ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်သည် သူမအား ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် သေချာညွှန်ကြားခဲ့သောကြောင့် သူမက အရင်ဦးစွာ လာရောက်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။
ရှန်ထျန်းက အပြုံးလေးတစ်ချက်ဖြင့် ခေါင်းခါလိုက်ကာ “ အစ်မချင်းယွဲ့က ကြင်နာလွန်းနေပါပြီဗျာ။ အဲဒါတွေအားလုံး ကောလဟာလတွေပါ။ ကျွန်တော်က မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို မောင်းထုတ်နိုင်ခဲ့ရုံလေးပါ။ သူ့ကို မသတ်ခဲ့ပါဘူး ”
သူက ရှင်းပြနေရင်း ရိုးရိုးကုပ်ကုပ်သာ နေနေသည်။ ပစ်မှတ်ထားခံရ၍ ကောင်းကျိုး မရှိပေ။
ငါ့တိုးတက်မှုအပေါ်ပဲ အာရုံစိုက်တာ ကောင်းမယ် …
...................
ရှန်ထျန်းက နည်းနည်း အံ့ဩမိသွားသည်။ သူ့အကြည့်တို့က မိန်းကလေးချင်းယွဲ့၏ ခေါင်းအပေါ် မြဲမြံနေလေ၏။ အကြောင်းမှာ သူက မိန်းကလေးချင်းယွဲ့၏ ခေါင်းအထက်တွင် တောက်ပနေသည့် ခရမ်းရောင် ရောင်ဝါကို မြင်လိုက်ရ၍ ဖြစ်သည်။ အထဲတွင် ကံအပြောင်းအလဲ အခွင့်အရေးပင် ရှိနေသေး၏။
ရှန်ထျန်းက စိတ်ပေါ့ပါးသွားမိသည်။
နောက်ထပ် ခပ်ဝဝ ငန်းလေးတော့ ရောက်လာပြီ …
သူမက လူသားပရဝဏ်၏ နံပါတ်တစ် ကျောင်းသူဟောင်း အမှန်ဖြစ်၏။ သူမ၏ ကံကြမ္မာက ထူးခြားလှပြီး ချီကျန့်ထက် အများကြီး အားနည်းခြင်း မရှိပေ။
ရှန်ထျန်းက စိတ်လှုပ်ရှားလာမိသည်။ သူ့အနေနှင့် သူမကံကြမ္မာကို အလကားမျှဝေဖို့ ဤအခွင့်အရေးကို ကောင်းကောင်း အသုံးချရမည်။
မိန်းကလေးချင်းယွဲ့၏ ရှက်သွေးဖြာနေမှုက ရှန်ထျန်းတစ်ယောက် သူမကို စိုက်ကြည့်နေသည်ကို မြင်ပြီး ပိုမို နီရဲလာသည်။
မောင်လေးရှန်က ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ …
ငါ့ကို … လာမပြောနဲ့
အမည်မသိအကြောင်းအရင်းတချို့ကြောင့် မိန်းကလေးချင်းယွဲ့၏ မျက်နှာက ပို၍ပင် နီရဲလာသည်။
…………....
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မိန်းကလေးချင်းယွဲ့ တရင်းတနှီး ဆက်ဆံရလောက်သည့်အထိ နာမည်ကြီးပေသည်။ ထိုမြင်ကွင်းကြောင့် မကျေမနပ် ခံစားနေရသူ ရှိနေ၏။
“ သူက ဂျူနီယာဆိုပေမဲ့ ဂုဏ်သတင်းကြီးနေပြီပဲ။ ဒါက စကားပြောရုံသပ်သပ်ပဲဆိုတာ လောင်းရဲတယ် ”
ရဲရဲတောက် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူငယ်လေး ဖြစ်၏။ သူ့နဖူးအထက်တွင် နေမင်းသင်္ကေတ ရှိနသည်။ သူက နေကိုးစင်း အထွတ်အမြတ်မြေ၏ ပထမမျိုးဆက် သူတော်စင် ဖြစ်သည်။
နေကိုးစင်း အထွတ်အမြတ်မြေသည် အံ့ဖွယ်မိုးကာင်းကင် အထွတ်အမြတ်မြေနှင့် ဘယ်သောအခါမှ မတည့်ခဲ့ပေ။
နေကိုးစင်း ပထမသူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် မည်မျှကျော်ကြားနေကြောင်း မြင်သည့်အခါ စိတ်တိုမိလာသည်။ သူက မိန်းကလေးချင်းယွဲ့ကို ချစ်မြတ်နိုးခဲ့သူ ဖြစ်သောကြောင့် သူ့နတ်ဘုရားမလေးနှင့် ရှန်ထျန်းတို့ ရင်းနှီးသွားကြောင်း မြင်လိုက်ရသည့်အခါ သူ့မနာလိုမှုက ထိန်းမရသိမ်းမရ ထွက်ပေါ်လာသည်။
ထို့ကြောင့် သူက ရှေ့ထွက်ကာ ရှန်ထျန်းကို ကလန့်တိုက်လိုက်ခြင်း ဖြစ်၏။
နေကိုးစင်း ပထမသူတော်စင်က ရှန်ထျန်းသည် မဟာဝိဇ္ဇာကို သတ်နိုင်သည့် စွမ်းအား ပိုင်ဆိုင်ထားသည်ဟု မယုံပေ။
အထွတ်အမြတ်မြေအသီးသီး၏ ပထမ မျိုးဆက် သူတော်စင်များတွင်ပင် ထိုသို့တိုက်ခိုက်စွမ်းရည်မျိုး မရှိကြပေ။ ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဆယ်ယောက်မြောက် သူတော်စင် ဖြစ်၏။
ဒီလိုအလွယ်လေး သတ်လို့ရအောင် မဟာဝိဇ္ဇာကို အမှိုက်များ ထင်နေလား။
မဟာဝိဇ္ဇာအဆင့် ရောက်ရှိနိုင်သူများသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သည့် မကောင်းဆိုးဝါးအိုကြီးများ ဖြစ်ကြသည်။ ထို့အပြင် သူတို့ ငယ်စဉ်ကတည်းက ထိပ်တန်း ပါရမီရှင်များ ဖြစ်ခဲ့ကြ၏။
ဂျူနီယာတစ်ယောက်က အသက် ၂၀ လောက်လေးနဲ့ မဟာဝိဇ္ဇာကို သတ်နိုင်ခဲ့တာတဲ့လား … အဲဆိုနှစ်ထောင်ချီ ကျင့်ကြံခဲ့တာတွေ ဘယ်ရောက်သွားမလဲ
နေကိုးစင်း သူတော်စင်က ရှန်ထျန်းသည် လူအုပ် အကောင်းမြင်ခံရရန် တမင် အပိုလျှောက်ပြောနေခြင်းဟုသာ ယုံကြည်ထားသည်။
ရှန်ထျန်းက ဂရုမစိုက်ပေ။ သူ့ကို အားကျမနာလိုဖြစ်နေသည့် လူများစွာ ရှိနေ၏။ သူက တစ်ယောက်ချင်းစီအား လိုက်ဖြေရှင်းပြမနေနိုင်ပေ။
သူ ဘာမှမပြောခင် သူ့ဘေးနားက ပါရမီရှင်များက ဒေါသတကြီး ဖြစ်လာကြသည်။
“ ကောင်စုတ်လေး မင်း ဘာပြောလိုက်တာလဲ ”
ချီကျန့်၏ မျောက်ဒေါသက အမြဲတမ်း ဆိုးရွားခဲ့သည်။ သူက ရှန်ထျန်းကို အပုတ်ချချင်နေသည်ကို မည်သို့သည်းခံနိုင်မည်နည်း။
သူက ရှန်ထျန်းအား ခေါင်းဆောင်အစ်ကိုကြီးအဖြစ် မှတ်ယူထားပြီးပြီ ဖြစ်၍ လေးစားမှုအပြည့် ဖြစ်၏။ ထို့အပြင် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်ကလည်း သူ့အား ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း ထူထောင်ရန် ပြောဆိုထားလေသည်။
သူ့သဘောအရ ဖြစ်စေ သူ့ဘိုးဘေး ဆန္ဒအရဖြစ်စေ သူက ရှန်ထျန်း၏ ဂုဏ်သတင်းကို ကာကွယ်ပေးရမည်။
ချီကျန့်က နေကိုးစင်း ပထမသူတော်စင်အား ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တိုက်ပွဲအငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာလေ၏။
နေကိုးစင်း ပထမသူတော်စင်က ချီကျန့်၏ အနီရင့်ရောင် တိုက်ပွဲအငွေ့အသက်များ၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။
ချီကျန့်သည် နတ်ဆိုးပရဝဏ်၏ ထိပ်တန်းကျောင်းသားဟောင်း ဖြစ်သလို သူ့ကျင့်ကြံဆင့်က ယခင်တစ်ခေါ်ကထက် ပိုကြောက်ဖို့ကောင်းနေသည်။
နေကိုးစင်း ပထမသူတော်စင်က လူသားပရဝဏ် ပါရမီရှင်များကြား ထိပ်ဆုံးဆယ်ယောက်ကြား ပါဝင်သော်လည်း ချီကျန့်အတွက် ပြိုင်ဖက် မဟုတ်ပေ။
ချီကျန့်၏ ဖိနှိပ်မှုကို ခံရပြီးနောက် နေကိုးစင်း ပထမသူတော်စင်က စကားပင် မပြောနိုင်တော့ပေ။
“ ဂျူနီယာလေး မင်းလွန်လွန်းသွားပြီ ”
ထိုစဉ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ချီကျန့်၏ အငွေ့အသက်များကို ပယ်ဖျက်လိုက်သည်။
လူလတ်အရွယ် အမျိုးသားတစ်ယောက် လျှောက်လှမ်းလာကာ သူ့ပုံစံက အေးစက်စက် ယုတ်မာမည့်ပုံပေါက်နေသည်။ သူ့နဖူးအထက်တွင်လည်း နေသုံးစင်း သင်္ကေတ ရှိနေသည်။
နေကိုးစင်း ပထမ သူတော်စင်က စိတ်သက်သာရာရသွားဟန်ဖြင့် “ ဆရာ ”
ဤလူက နေကိုးစင်း အထွတ်အမြတ်မြေ ဂိုဏ်းချုပ် ဖြစ်ပေသည်။
“ ကျစ် လူအိုကြီး ဝင်ရှုပ်ချင်တာလား ”
နေကိုးစင်း ဂိုဏ်းချုပ် ပေါ်ထွက်လာသော်လည်း ချီကျန့်က မကြောက်ပေ။
ဂျူနီယာတစ်ယောက်က သူ့ကို စိန်ခေါ်နေသောကြောင့် နေကိုးစင်း ဂိုဏ်းချုပ်၏ အကြည့်တို့က ကျဉ်းမြောင်းသွားလေသည်။ သူက သရော်ကာ “ သူနဲ့ မင်းတို့ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူးမလား ”
ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်သည် အလယ်ပိုင်းကုန်းမြေ၌ ပါးမွှား မဟုတ်ချေ။ သူတို့အဆင့်အတန်းက နေကိုးစင်း အထွတ်အမြတ်မြေထက်ပင် ပိုမြင့်မားသေး၏။ သို့သော်လည်း မျိုးနွယ်၏ စွမ်းအားသာ ဖြစ်ပြီး ချီကျန့်၏ တကယ့်စွမ်းဆောင်ရည်ကို ကိုယ်စားမပြုပေ။
နေကိုးစင်း ဂိုဏ်းချုပ်က ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ပြီး နှစ်တစ်ထောင်ကျော်ကြာ နေထိုင်ခဲ့သူ ဖြစ်သလို မဟာဝိဇ္ဇာတစ်ပါးလည်း ဖြစ်နေလေပြီ။ သူ့အနေနှင့် ချီကျန့်လိုမျိုး ဂျူနီယာလေးကို ထည့်မတွက်သည်မှာ ပုံမှန်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ နေကိုးစင်း ဂိုဏ်းချုပ်က ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်အတွက် မလေးမစား မလုပ်ချင်ပေ။
“အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါ့ခေါင်းဆောင်ပဲ။ အဲကြောင့် ဒါက ငါ့ကိစ္စပဲ။ မင်းက ခေါင်းဆောင်ကို လာအပုတ်ချနေတာလေ။ ငါ ဘယ်လိုလုပ် သည်းခံရမှာလဲ ”
ချီကျန့်က အကျိုးဆက်ကို ထည့်မစဉ်းစားပေ။ သူက တရားမျှတမှုအတွက် တောင်းဆိုပေးနေသည်။
“ မင်းလိုမျိုး ဂျူနီယာလေးက ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း လာပြုမူရဲတယ်ပေါ့လေ ”
နေကိုးစင်း ဂိုဏ်းချုပ်က ဒေါသထွက်လာသည်။ ဒီချီကျန့်က သူ့အား နည်းနည်းလေးမှ ထည့်မတွက်ပေ။
နေရာတစ်ခုလုံးကို ဖိနှိပ်ပစ်ချင်သည့်အလား သူ့အရှိန်အဝါများ ထွက်ပေါ်လာသည်။
“ ရိုင်းတော့ ဘာဖြစ်လဲ။ ခင်ဗျားမှာ ဖြေရှင်းချက်ကောင်းကောင်း မပေးနိုင်ဘဲ ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့ ”
ချီကျန့်က အလွန်ဒေါသထွက်လာသည်။ သူ့တိုက်ပွဲသွေးများက ဆူပွက်လာပြီး တိုက်ပွဲအငွေ့အသက်များလည်း ပျံ့နှံ့ထွက်လာသည်။ သူ့ကျင့်ကြံဆင့် မြင့်မားလာမှုက ယခုအခါ အားလုံးရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။
ချီကျန့်သည် သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာ ဖြစ်သော်လည်း သူ့အရှိန်အဝါတို့က နေကိုးစင်း ဂိုဏ်းချုပ်ထက် အားနည်းခြင်း မရှိပေ။ အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းနေကြသည်။
“ ဘာ … ချီကျန့်က ဘယ်တုန်းက သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာ ဖြစ်သွားရတာလဲ။ သူက ဟိုးတလောကတောင် နတ်ဆိုးအသျှင်အဆင့် မဟုတ်ဘူးလာ်။ အရှေ့ပင်လယ်မြို့ကို တစ်ခေါက်လောက် သွားလိုက်ရုံနဲ့ သူ့ကျင့်ကြံဆင့်က ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာတာလား”
“ချီကျန့်က နတ်ဆိုးအသျှင်အဆင့်တုန်းက ငါးကြိမ်မြောက် အတိဒုက္ခွလွန်ဝိဇ္ဇာအဆင့်ကို အနိုင်ပိုင်းပစ်ခဲ့တာ။ အခု သူက သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့် ရောက်သွားပြီဆိုတော့ မဟာဝိဇ္ဇာနဲ့ ယှဉ်နိုင်လောက်ပြီ။ အဲဆိုတော့ အရှေ့ပင်လယ်မြို့ရဲ့ ကောလဟာလတွေက အမှန်ကိုး ”
“ ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လည်း မဟာဝိဇ္ဇာကို တကယ် သတ်ခဲ့တဲ့ပုံပဲ ”
“ နေကိုးစင်း ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်ရဲတယ်ဆိုတော့ သူ့ကံဆိုးမှု ဖြစ်သွားမှာ စိုးမိပါ့ ”
…………....
အားလုံးက ကြောင်အမ်းသွားကြသည်။
ထိပ်တန်း နတ်ဆိုးအသျှင်က သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့်ကို လပိုင်းလေးမျှဖြင့် တက်လှမ်းသွားလေရာ မယုံစရာကောင်းလွန်းလှသည်။
ဒီမျောက်ဝံကြီးက ထာဝရဆေးပင်တစ်ခုခု စားလိုက်မိတာလား … နတ်ဧကရာဇ်ဆေးပင်တောင် ဒီလောက် အာနိသင်ပြင်းမှာ မဟုတ်ဘူး
အဆင့်သုံးဆင့်ကို လပိုင်းလေးနဲ့ တိုးတက်သွားတာလား … ပြီးတော့ ဝိဇ္ဇာအဆင့်အထိလေ
တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။
တစ်ယောက်ယောက်က တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် အော်ပြောလိုက်သည် “ ချီကျန့်က အရှေ့ပင်လယ်မြို့ထဲ ထူးခြားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ တွေ့ခဲ့တယ်လို့ မထင်ဘူးလား ”
ကံအပြောင်းအလဲ အခွင့်အရေးမျိုးကသာ ဤသို့ပြောင်းလဲလာစေလိမ့်မည်။
တစ်ယောက်က ပြောလိုက်သည် “ ငါ သိပြီ။ ဒါတွေက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကြောင့်ပဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကံကြမ္မာသားတော်ပဲ။ သူက သောက်ရမ်းကံကောင်းလွန်းတယ်။ ချီကျန့်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အရှေ့ပင်လယ်မြို့မှာ တွေ့ခဲ့တာဆိုတော့ သူတော်စင်ရဲ့ကံကြမ္မာက သူ့ကိုပါ ဆွဲခေါ်သွားတာပဲ။
အဲဒါကြောင့် ချီကျန့်က ဒီလောက် စွမ်းအားကြီးပြီး ကျင့်ကြံဆင့် မြင့်လာတာနေမယ် ”
သူတို့က တွေးမိလေလေ ပို၍ အံ့ဩလာမိလေလေ ဖြစ်၏။ သူတို့က ထိုအမြင်ကို လုံးဝယုံကြည်လိုက်ကြသည်။
ဤဖြေရှင်းချက်တစ်ခုတည်းသာ အဓိပ္ပါယ်ရှိလာစေသည်။
ချီကျန့်ကို ထိုအချက်ကို ဖုံးကွယ်ဖို့ မကြိုးစားပေ “ မင်း ပြောတာ မှန်တယ်။ ခေါင်းဆောင်ကြောင့် ငါ ဒီလောက် တိုးတက်လာတာပဲ။ မင်းတို့ကောင်တွေက ခေါင်းဆောင်ကို အပုတ်ချရဲတယ်လား။ ငါ့ကို အပုတ်ချနေတာနဲ့ အတူတူပဲကွ။ နေကိုးစင်း ဂိုဏ်းချုပ် … ခင်ဗျား ကျုပ်နဲ့ တိုက်ချင်တာလား ”
နေကိုးစင်း ဂိုဏ်းချုပ်က အနည်းငယ် တောင့်တင်းသွားလေသည်။ သူက ချီကျန့်သည် ရှန်ထျန်း၏ ဂုဏ်သတင်းကို ကာကွယ်ဖို့ ဇွတ်တရွတ်နိုင်လိမ့်မည်ဟု မထင်ထားပေ။ သူက သူကိုယ်သူ ဤအခြေအနေမှ မကယ်ထုတ်နိုင်တော့ပေ။
“ မင်းက လုပ်ရဲတယ်လား။ အဲဆိုလည်း ဂျူနီယာကို အနိုင်ကျင့်လို့ဆိုပြီး ငါ့ဆီ အပြစ်လာမတင်နဲ့ ”
နေကိုးစင်း ဂိုဏ်းချုပ်က ဒေါသတကြီး ပြောလိုက်ပြီးနောက် သူ့အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။ သူက နှစ်နှစ်ထောင်နီးပါး နေထိုင်ခဲ့သည့် စီနီယာတစ်ယောက်ဖြစ်ပြီး ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာ ဖြစ်ကာ အားကောင်းလွန်းလှသည်။
သူက ဂျူနီယာတစ်ယောက်ဆီမှ အထင်အမြင်သေးမှုကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
နေကိုးစင်း ဂိုဏ်းချုပ်က အေးစက်စက် သရော်လိုက်သည် “ မင်းရဲ့အကြီးအကဲတွေအစား ဒီနေ့ မင်းကို သင်ခန်းစာပေးရမယ်”
သူ့တစ်ကိုယ်လုံးက နေမင်းကြီးသဖွယ် တောက်ပလာကာ အဆုံးမဲ့ ကြောက်မက်ဖွယ် အငွေ့အသက်များ ပိုင်ဆိုင်ထားသည်။
ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာ - ဤသည်မှာ တုနှိုင်းမဲ့ တည်ရှိမှုမျိုး ဖြစ်၏။
“ လူအိုကြီး ခင်ဗျားက တကယ်ကို အရှက်မရှိတာပဲ။ ခင်ဗျားရဲ့ ဂျူနီယာလေးက အားနည်းလွန်းနေတော့ သူ့ကို ကူညီပေးနေရတာပေါ့ ”
ချီကျန့်လည်း ဒေါသထွက်လာသည်။ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံတစ်ကောင်အနေနှင့် ယခင်က ဘယ်သူကိုမှ မကြောက်ဖူးပေ။ သူက ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာနှင့်ပင် ရင်ဆိုင်ရဲသည်။
“ ဒီလူအိုကြီးက အစ်ကိုရှန်ကို မနာလိုဖြစ်နေတာပဲ ဖြစ်ရမယ်။ သူတို့ လူငယ်မျိုးဆက်က အားကျနေရုံတင် မကဘူး။ အရင်စီနီယာတွေကလည်း အားကျနေကြတာကိုး … ရှက်စရာပဲ ”
ဝမ်ရှန်းယု၏ လှောင်ပြောသည့် အသံ ထွက်ပေါ်လာသည်။
လူအုပ်ကြီး “ … ”
ဤလူတွင် အဆိပ်ပြင်းပြင်း လျှာ ရှိနေသည်။
သူက ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာကိုတောင် ရန်စရဲတယ်လား … သူ့အပြောအဆိုအရ ဒီနေ့အထိ မသေသေးတာ ကံကောင်းလို့ပဲ ဖြစ်ရမယ်
ဝမ်ရှန်းယု၏ စကားများက မီးထဲ လောင်စာထည့်လိုက်သလို ဖြစ်ရာ နေကိုးစင်း ဂိုဏ်းချုပ်က ပို၍ ဒေါသထွက်လာသည်။
“ကောင်းပြီလေ။ မင်း ဘယ်လောက်ကောင်းလဲ ကြည့်ရသေးတာပေါ့ ”
နေကိုးစင်း ဂိုဏ်းချုပ်က လက်တစ်ဖက်ဖြင့် ရွှေရောင်နေမင်းကို ဖန်ဆင်းကာ ချီကျန့်ဆီ ပစ်လွှတ်လိုက်သည်။
ချီကျန့်၏ အကြည့်တို့က ခက်ထန်သွားလေသည်။
နေကိုးစင်း ဂိုဏ်းချုပ်က အားကောင်းလှပြီး မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ထက် အားပိုကောင်းနေသည်။ သူ့ကျင့်ကြံဆင့်ကို ဒေါသထည့်ပေါင်းလိုက်သည့်အခါ ဤတိုက်ပွဲကို အသာလေး လျော့တွက်၍ မဖြစ်တော့ပေ။
ချီကျန့်၏ ရွှေရောင်သားမွေးများဆီမှ အနီရင့်ရင့် တိုက်ပွဲအငွေ့အသက် ထွက်ပေါ်လာသည်။
သူ့တိုက်ပွဲချပ်ဝတ်နှင့် တုတ်ချောင်း ထွက်ပေါ်လာပြီး သူ့အား တိုက်ပွဲနတ်ဘုရားဟု ထင်မှတ်ရစေသည်။ သူက နေကိုးစင်း ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ဖို့ အဆင့်သင့် ဖြစ်နေလေပြီ။
သို့သော် ထိုစဉ် ခပ်ဩဩအသံတစ်သံ ထွက်လာသည်။ ဤသည်မှာ မိုးခြိမ်းလိုက်သလို ဖြစ်ပြီး အားလုံး၏ နားစည်အား အပြင်းအထန် တုန်ခါသွားစေသည်။
“ ငါ့မျောက်လေးကို ဘယ်သူတိုက်ရဲတာလဲ ”
ဧရာမ ရွှေရောင်မျောက်ဝံကြီးက ဘေးဘက်မှ ရုတ်ချည်း ပေါ်ထွက်လာပြီး သူနှင့်အတူ အားပြင်းပြင်း စွမ်းအားလည်း ယူဆောင်လာသည်။ ထိုမျောက်ဝံကြီးက ရွှေရောင်လင်းလက်ပြီး အားပြည့်နေသည့် လက်သီးဖြင့် ဝေ့ယမ်းလိုက်သည်။ ထိုလက်သီးချက် ကျရောက်လာသည့်အခါ ကမ္ဘာဦးတောင် တစ်လုံး ကျဆင်းလာည့်အလား ဖိအားပြင်းပြင်း ဆောင်ကျဉ်းလာသည်။
ဝုန်း …
ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာသည်။
ရွှေရောင်လက်သီးနှင့် နေမင်း တွေ့ဆုံသွားသည့်အခါ ကမ္ဘာမြေပင် တုန်လှုပ်သွားစေသည့် ပေါက်ကွဲမှုမျိုး ဖြစ်ပေါ်လာသည်။
ကြောက်မက်ဖွယ် အရှိန်အဝါက လေမုန်တိုင်းအလား ပေါက်ထွက်လာပြီး လူအုပ်တစ်စုလုံးကို အလန့်တကြား ဖြစ်သွားစေသည်။ လူများစွာ၏ အကြည့်တို့က အံ့ဩတုန်လှုပ်မှု အပြည့် ဖြစ်နေကြ၏။
ဒါက မဟာဝိဇ္ဇာတွေရဲ့ တိုက်ပွဲလား …. ကြောက်စရာကြီး
.................
နေကိုးစင်း ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုက ဖျက်စီးခံလိုက်ရသည်။ ရွှေရောင်နေမင်းသည်လည်း မီးပြောက်လေးများအဖြစ် ပျောက်ကွယ်သွားသည်။ သူ့တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေပြီး အားပြင်းပြင်းနှင့် ရင်ဆိုင်လိုက်ရသည့်အလား လက်များလည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။
နေကိုးစင်း ဂိုဏ်းချုပ်က သူ့ရှေ့ရှိ မြင်ကွင်းကြာင့် မျက်နှာထား တင်းမာလာသည်။ သူ့ရှေတွင် ဧရာမ ရွှေရောင်မျောက်ဝံကြီး ပေါ်လာလေ၏။
ဧရာမ ရွှေရောင်မျောက်ဝံကြီးကို သံမဏိအပ်များကဲ့သို့ မာကြောသည့် အမွေးများဖြင့် ဖုံးလွှမ်းထားသည်။ တိုက်ပွဲဘုရင်အလား သူ့အရှိန်အဝါက အကြမ်းဆန်ပြီး အထိန်းအကွပ် မရှိပေ။
ဤမျောက်ဝံ ပေါ်ထွက်လာမှုက သူ့အတွက် အဓိကဖိအား ဖြစ်လာစေသည်။
ချီကျန့်က စိတ်သက်သာရာရသွားကာ “ အဘိုး ရောက်လာပြီလား ”
မှန်ပေသည်။ ဤမျောက်ဝံကြီးက လက်ရှိ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင် ချီဲသဲ့လုံ ဖြစ်သည်။
“ မင်းက သတ္တိကောင်းနေတာပဲ။ ဘယ်နေရာသွားသွာား ပြဿနာရှာတတ်နေပြီပေါ့။ ဒီတစ်ခါ ဒီလူအိုကြီးနဲ့တောင် ရင်ဆိုင်ရဲလိုက်သေးတယ်။ ငါ ရောက်မလာရင် မင်း ခံနိုင်ရည်ရှိမယ်များ ထင်နေလား ”
ချီသဲ့လုံက ချီကျန့်ကို ချစ်စဖွယ် ခေါင်းပုတ်လိုက်သည်။
“ ဟီးဟီး ”
ချီကျန့်က ရူးကြောင်ကြောင် ပြုံးပြလိုက်သည်။
ချီသဲ့လုံက ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်ရုံသာမက သူ့အဘိုးလည်း ဖြစ်ပေသည်။ သူက ပြန်မပြောရဲပေ။
ချီသဲ့လုံက ဆက်ပြောလိုက်သည် “ ဒါပေမဲ့ ငါတို့မျိုးနွယ်အတွက် မှန်ကန်တဲ့ နည်းလမ်းပဲ။ ငါတို့ကို ရန်စရဲတဲ့သူတိုင်း ရိုက်နှက်သင့်တယ် ”
ချီသဲ့လုံက ချီကျန့်ကို အတော်လေး အလိုလိုက်လေသည်။ သူက သူ့မျိုးနွယ်၏ တစ်ကောင်တည်းသော အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ မဟုတ်ပါလော။
ရွှေမျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်တွင် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးရိုး ပိုင်ဆိုင်ထား၏။ သူတို့က ပုံမှန်အားဖြင့် တိုက်ခိုက်လိုစိတ် ကြီးမားပြီး မည်သူကိုမှ မကြောက်ပေ။
“ လူအိုကြီး မင်းက ဂျူနီယာလေးကို အနိုင်ကျင့်ချင်နေမှတော့ ငါနဲ့ တစ်ပွဲလောက် လက်ရည်စမ်းပါ့လား ”
ချီသဲ့လုံက သူ့အာရုံကို နေကိုးစင်း ဂိုဏ်းချုပ်ဆီ ပြောင်းလိုက်သည်။ သူ့အကြည့်တို့၌ တိုက်ခိုက်လိုစိတ် အပြည့် ဖြစ်နေသည်။
သူ့အရှိန်အဝါများ ထွက်ပေါ်လာပြီး ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူက ပြိုင်ဖက်ကင်း တိုက်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။
ချီသဲ့လုံက ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်ပြီး အတိုင်းအထက်အလွန် စွမ်းအားကြီးပေသည်၊
“ ချီသဲ့လုံ မင်းက ငါနဲ့ တိုက်ဖို့ ဆုံးဖြတ်ပြီးပြီလား ”
နေကိုးစင်း ဂိုဏ်းချုပ်က မှိုင်းတိုင်းနေပုံပေါ်သည်။ သူက ချီသဲ့လုံကို ကြောက်၍ မဟုတ်ပေ။ နှစ်ယောက်လုံးက ရှစ်ကြိမ်မြောက် မဟာဝိဇ္ဇာများ ဖြစ်ကြပြီး တိုက်ခိုက်စွမ်းရည် ယှဉ်နိုင်လေသည်။
ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်က အင်မတန် တိုက်ခိုက်ရေးကောင်းပြီး ခက်ခဲသည့် ပြိုင်ဖက်မျိုး ဖြစ်သည်။
အမှန်တော့ တိုက်ပွဲသာ ဖြစ်လာလျှင် သူ့အနေနှင့် ချီသဲ့လုံအတွက် ပြိုင်ဖက် မဖြစ်နိုင်ပေ။ နှစ်ဖက်လုံးက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။
သူက ရှုံးပင် ရှုံးသွားနိုင်၏။
အဟမ်း … ဒါပေမဲ့ အဓိက အကြောင်းအရင်းက အထွတ်အထိပ် ကောင်းကင်သစ်ပင် ပေါ်လာတော့မည် ဖြစ်ရာ သူ့အနေနှင့် ကံအပြောင်းအလဲ အခွင့်အရေးနဲ့ မလွဲချော်လိုပေ။
“မင်းကို ကြောက်နေရမှာလား ”
ချီသဲ့လုံက သရော်လိုက်သည်။ သူ့ဆီတွင် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ သွေးရှိထားသည်။ ထိုသွေးမျိုးရိုးက အသက်ဝင်မလာသေးသော်လည်း တူညီသော တိုက်ပွဲအငွေ့အသက် ပိုင်ဆိုင်ထားသေးသည်။
ဤသွေးမျိုးရိုးက အမြဲတမ်း တိုက်ခိုက်ရန် အဆင့်ဖြစ်နေပြီး အကြောက်တရားကို မသိပေ။
နေကိုးစင်း ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည် “ ငါ့အချိန်တွေကို မင်းနဲ့ မဖြုန်းချင်ဘူး ”
သူက ချီသဲ့လုံကို မကြောက်သော်လည်း ပြဿနာတော့ မဖြစ်လိုပေ။
“အိုး … မင်းက ရှန်ထျန်းကို ရန်စမှတော့ ငါ့မျိုးနွယ်ကို ရန်စတာနဲ့ အတူတူပဲ။ ရှန်ထျန်းက ငါ့မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ မဟာမိတ်ပဲ။ သူကို အနိုင်ကျင့်တာက ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်ကို စော်ကားတာနဲ့ အတူတူပဲကွ။ ရှန်ထျန်းကို ပြန်တောင်းပန်လိုက် … မဟုတ်ရင် ငါ့တုတ်ချောင်းနဲ့ မင်းကို ရိုက်ပစ်မယ် ”
ချီသဲ့လုံက နေကိုးစင်း ဂိုဏ်းချုပ်ကို ကြည့်ရင်း သရော်လိုက်သည်။
ချီကျန့်က ချီသဲ့လုံကို သူတို့ ပြန်ရောက်လာကတည်းက အကြောင်းကြားထားခဲ့လေသည်။ သူက အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန်အကြောင်းနှင့် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးအကြောင်းကို ပြောပြထားခဲ့သည်။
ချီသဲ့လုံက သူ့သတင်းများကြာင့် အင်မတန် စိတ်လှုပ်ရှားနေ၏။
သူ့မျိုးနွယ်တွင် နောက်ထပ် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ နှစ်ကောင် ထပ်ရှိတော့မည် ဖြစ်သောကြောင့် ပျော်စရာကိစ္စကြီး ဖြစ်ပေသည်။ ဤအရာအားလုံးက ရှန်ထျန်းကြောင့် ဖြစ်၏။
ချီသဲ့လုံက နှစ်ထောင်ချီ နေခဲ့သူ ဖြစ်သောကြောင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ ထို့ကြောင့် သူက ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ဆုံးဖြတ်ထားသည်။ သူက အချိန်မရသေး၍သာ ဖြစ်သည်။
ယခု ချီသဲ့လုံက ရှန်ထျန်းဆီမှ မျက်နှာသာရမည့် အခွင့်ရေးကောင်းအား လက်လွှတ်ခံမည် မဟုတ်ပေ။
နေကိုးစင်း ဂိုဏ်းချုပ်၏ မျက်နှာထားက တင်းမာလာသည်။ သူက ချီသဲ့လုံသည် ဤမျှခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ငါနဲ့ တကယ်ကြီး တိုက်ချင်နေတာလား
အားလုံးက အံ့ဩတကြီး ဖြစ်သွားကြသည်။
ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်က အလယ်ပိုင်းကုန်းမြေတွင် ဂုဏ်သတင်းကျော်ကြားပေသည်။ သူတို့က ထိပ်တန်း အာဏာပိုင်ထဲမှ တစ်ယောက် ဖြစ်၏။
ယခု သူတို့ခေါင်းဆောင်က ရှန်ထျန်းအား ရွေမျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်၏ ဂုဏ်သရေရှိ မဟာမိတ် ဖြစ်ကြောင်း ပြောနေသည်။
ရှန်ထျန်းက ချီကျန့်နဲ့ စာချုပ်ချုပ်ဆိုပြီးတော့ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာတာလား …
ယခင်က နယ်မြေငါးခုထဲ မျောက်သူရဲကောင်း မရှိခဲ့ဖူးပေ။