အခြားသူတွေက ကောင်းကင် ရတနာတွေသိုလှောင်တယ် ငါက လက်နက်တွေ သိုလှောင်တယ်
Vol. 13 Ch. 143
လက်နက်မဲ့ ကျင့်ကြံသူတစ်စုနှင့်ရင်ဆိုင်ရသောအခါ ကျန်းယန်၏ စနိုက်ပါက အလွန်အစွမ်းပြကောင်းနေခဲ့သည်။
သူ့ဘေးတွင်ရပ်နေသော စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ကတော့ လုံး၀ ကြောင်အနေခဲ့ကြ၏။
ကျန်းယန်ဘာလို့ ဤထူးဆန်းသောအချောင်းကြီးကို တိုက်ပွဲကွင်းပြင်ထဲယူလာသလဲဆိုတာ နောက်ဆုံးတော့ သူတို့နားလည်သွားခဲ့ကြသည်။ ထိုအရာ၏ စွမ်းပကားက အံ့ဖွယ်ပင် မဟုတ်ပါလော။
သို့သော် ဘာစိတ်ဝိညာဉ်စွမ်းအင်ဖြာထွက်မှုမှ မရှိဘဲ ဤအရာက အဘယ်ကြောင့်ထိုမျှ စွမ်းအားကြီးနေရသလဲ သူတို့နားမလည်နိုင်ခဲ့ကြပေ။
ကျားမိစ္ဆာတခဏတွေးတောပြီးနောက် ချက်ချင်းနားလည်သွားခဲ့၏။
ထိုအရာက သူ့သွေးကြောင့်ပင် ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာကိုစိုက်ကြည့်ရင်း သူတုန်လှုပ်သွားခဲ့ရ၏။
သူ့သွေးက ထိုမျှအစွမ်းထက်နေခြင်းပေလော။
ဒူးတစ်ဖက်ထောက်ကာ စနိုက်ပါပစ်နေသော ကျန်းယန်ကိုကြည့်နေရင်း စစ်ထူမင်ယွဲ့စိတ်ထဲ လေးစားအားကျမှုများဖြင့် ပြည့်နှက်လာခဲ့မိသည်။
ထိုမျှအံ့အားသင့်စရာကောင်းသော စီနီယာအစ်ကိုကြီးကို သူမကြွေဘဲ ဘယ်နေနိုင်ပါတော့မည်နည်း။
သူ့မြင်ကွင်းထဲတွင် ဘယ်သူမှမရှိတော့သောအခါမှ ကျန်းယန် စနိုက်ပါကိုပြန်သိမ်းလိုက်ကာ ထရပ်လိုက်၏။
“သွားကြစို့ အခုက အကျိုးအမြတ်တွေ ရိတ်သိမ်းဖို့ အချိန်ပဲ” ကျန်းယန်ပြောလိုက်ကာ တိုက်ပွဲကွင်းပြင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။
သူ့နောက်မှ မည်သည့်ခြေသံမှ ပါမလာ၍ လှည့်ကြည့်လိုက်ရာ ထိုနေရာတွင်သာ ကြောင်၍ရပ်နေသောနှစ်ယောက်ကို တွေ့လိုက်ရ၏။
“ဒါက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နော်!” ကျန်းယန် ဟောက်လိုက်သည်။
“ဒီလောက်သတိမဲ့နေတာ မင်းတို့သေချင်နေကြတာလား မင်းတို့အာရုံမစိုက်နိုင်ရင် အခုထွက်လို့ရတုန်း ဒီနေရာက ထွက်သွားကြ”
သူက အရှေ့ကိုမဲ၍ ပစ်နေချိန်တွင် ထိုငတုံးနှစ်ယောက်က ဘယ်လိုသတိဝီရိယထား၍ နေရမည်ဆိုတာလောက်ကိုတောင် သိမနေခဲ့ပေ။
“အို့!” စစ်ထူမင်ယွဲ့ သတိပြန်၀င်သွားကာ နီရဲနေသောမျက်နှာဖြင့် သူ့နောက်လိုက်သွားကာ ပြောလိုက်၏။
“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး နောက်မဖြစ်စေရပါဘူး”
“မလောနဲ့ သတိဝိီရီယနဲ့သာနေ” ကျန်းယန် ချက်ချင်းမသွားသေးဘဲ မှာလိုက်လေသည်။
“၀မ်ချိုက် မင်းက နောက်ပိုင်းဘယ်ဘက်ခြမ်းကိုတာ၀န်ယူ တစ်ခုခုတွေ့ရင် မဟိန်းလိုက်နဲ့ ခြေသည်းနဲ့မြေကြီးကိုခြစ်ပြီး ငါ့ကိုသတ်ပေး”
“ဂျူနီယာညီမလေး နင်ကနောက်ပိုင်းညာဘက်ခြမ်းကိုတာ၀န်ယူ တစ်ခုခုတွေ့ရင် ငါ့ကိုသတင်းပို့”
“ငါကရှေ့ခြမ်းကိုတာ၀န်ယူမယ်”
“မှတ်ထားပါ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ လူတိုင်းက ရန်သူပဲ ဘယ်သူ့ကိုမှမယုံနဲ့”
သူသည် ကံကြမ္မာဆိုသောအရာမျိုးကို မယုံသော်လည်း အခြားသူများကတော့ ယုံကြည်ကြပေသည်။
ထို့ကြောင့် သူတို့ကံကြမ္မာကိုသိမ်းယူဖို့ သူတို့ကို လာသတ်မည့်လူများ ရှိလာနိုင်၏။
ဒီလိုဆိုမှတော့ သူကလည်း မြင်သမျှကို သတ်တော့မည်သာ။
သို့သော် သူတို့တန်ယောင်ကွမ်း သေဆုံးနေသောနေရာသို့ ရောက်သောအခါထိုနေရာတွင် ဘယ်သူ့ကိုမှ မတွေ့ရတော့ပေ။
ကျန်းယန် သတိအပြည့်ထားနေရင်း တန်ယောင်ကွမ်း၏အလောင်းကို ရှာဖွေနေခဲ့သည်။
အရင်ဆုံး သူတံဆိပ်ပြားကို စတင်တွေ့ရှိခဲ့၏။ ထို့နောက်တွင်တော့ ကောင်းမွန်စွာထုလုပ်ထားသော ဓားမြောင်တစ်ချောင်းနှင့် အချို့အမှုန့်များကို တွေ့လိုက်ရသည်။ ထိုအမှုန့်များက ဘာလုပ်သည့်အမှုန့်များလဲဆိုတာကိုတော့ သူသေချာမသိပေ။
“ဒါတွေကို ယူထား” ကျန်းယန်ဓားမြောင်နှင့်အမှုန့်ထုပ်ကို စစ်ထူမင်ယွဲ့ဆီ ပေးထားလိုက်သည်။
ထို့နောက် သူအခြားအလောင်းများထံတွင် ဆက်လက်ရှာဖွေနေခဲ့၏။
တိုက်ပွဲကွင်းပြင်တွင် မှော်လက်နက်များအသုံးပြုမရသောကြောင့် လူတိုင်းသည် သူတို့ကိုယ်ပေါ်တွင် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သာမန်လက်နက်များ သယ်ဆောင်လာခဲ့ကြသည်။
အလောင်းများအားလုံးကို ရှာဖွေပြီးသောအခါ ကျန်းယန် သူတို့ကိုယ်ပေါ်မှ ဓား ၁၁ချောင်း တံဆိပ်ပြား၁၁ခုနှင့် အမျိုးမျိုးသော အမှုန့်များ ရရှိခဲ့၏။
ထိုအရာက လန်ကျားအထွတ်အမြတ်မြေသည် ဝင်၀င်ချင်းပင် လူ၁၁ယောက်ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုနေခဲ့သည်။
“ငါမင်းတို့ကို ၁၁ယောက်ကစပြီး သတ်မယ်…ဒါက ငါတို့အဇူရာတိမ်ဂိုဏ်းကို လှောင်ပြောင်ခဲ့တဲ့အတွက် ပြန်ပေးရတဲ့ လျော်ကြေးပဲ” ကျန်းယန် အေးစက်စက်ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး ညီမလေးဒီအမှုန့်ကိုမှတ်မိတယ် ဒါက သေခြင်းအရွတ်သေအဆိပ်မှုန့်ပဲ” စစ်ထူမင်ယွဲ့ အဝါရောင်အမှုန့်များကို လက်ညှိုးထိုးပြလိုက်ကာ
“ညီမလေးတို့ မိသားစုက အဲ့လိုအဆိပ်မှုန့်မျိုး အရောင်းအ၀ယ်လုပ်တယ် သူကသာမန်အဆိပ်မှုန့်ပဲဆိုပေမယ့် ခန္ဓာကိုယ်နဲ့တိုက်ရိုက်ထိတွေ့မိရင် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်တောင် အလွယ်တကူ သေဆုံးသွားနိုင်တယ်”
“ငါ့ကိုပေး” ကျန်းယန် ထိုအမှုန့်ထုပ်ကို ယူထားလိုက်၏။
သူ့လက်ထဲတွင်ဆိုလျှင် ထိုအရာများက အလွန်အသုံး၀င်နေပေလိမ့်မည်။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် ရန်သူကိုသတ်ဖြတ်နိုင်သည့် ပစ္စည်းမှန်သမျှကို စုဆောင်းဖို့ သူပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ကျန်းယန် အလောင်းတစ်လောင်း၏ကိုယ်ပေါ်ရှိ အ၀တ်တစ်ထည့်ကို ဖြဲယူလိုက်ပြီး လက်နက်များကို အ၀တ်ဖြင့် ပတ်ကာ ကျားမိစ္ဆာကိုယ်ပေါ် တင်ပေးလိုက်သည်။ တံဆိပ်ပြားများကိုတော့ အားလုံးစု၍ စစ်ထူမင်ယွဲ့ထံ ပေးထားခြဲ၏။
စစ်ထူမင်ယွဲ့ တံဆိပ်ပြားများကိုလက်ခံလိုက်ပြီးနောက် ထွက်မသွားခင်တွင်တန်ယောင်ကွမ်းအလောင်းကို လူမှန်းသူမှန်းပင်မသိတော့အောင် မီးရှို့ခဲ့လိုက်သည်။
“ငါ့နောက်လိုက်ခဲ့ကြ မင်းတို့စိတ်ဝိညာဉ်စွမ်းအင်ကို ဘယ်သူမှသတိမထားမိအောင် ထိန်းချုပ်ထားကြ ဘာအသံမှလည်းမထွက်စေနဲ့” ကျန်းယန် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အသံလွှင့်ကာ ကျားမိစ္ဆာနှင့် စစ်ထူမင်ယွဲ့ကို ပြောလိုက်၏။
ထို့နောက် သူတိတ်တဆိတ်ရှေ့သို့ ဆက်သွားခဲ့လေသည်။
မြက်ခင်းပြင်တစ်ခုကို ဖြတ်သန်းပြီးသောအခါ သူတို့တောအုပ်ငယ်လေးတစ်ခုဆီ ရောက်ရှိလာခဲ့ကြ၏။
တောအုပ်ထဲတွင် ကျန်းယန် အန္တရာယ်ကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ လုံခြုံတာသေချာမှ သူထိုတောအုပ်ထဲတွင် ရပ်တန့်လိုက်၏။
ဘေးဘီသို့ တစ်ချက်ကြည့်လိုက်ပြီး လုံးပတ်ခပ်ထူထူဖြင့် စိတ်ဝိညာဉ်စွမ်းအင်လည်း အပြည့်ရှိသော သစ်ပင်တစ်ပင်ကို သူရွေးချယ်လိုက်သည်။
ထို့နောက် ဓားမြောင်တစ်ချောင်းကိုထုတ်ကာ သစ်ပင်ကို စတင်ခုတ်ထစ်ခဲ့၏။
မကြာခင်တွင် ထိုသစ်ပင်မှ များစွာသော လက်ဖဝါးအရွယ် သစ်တုံးလေးများ သူထွင်းထုနိုင်ခဲ့ပြီး ဓားတစ်ချောင်းကိုသုံးကာ ထိုသစ်သားတုံးလေးများပေါ်တွင် မျဥ်ေကြာင်းများ စတင်ထွင်းလေတော့သည်။
သစ်သားတုံးလေးများပေါ်က မျဉ်းများကိုတွေ့သောအခါ ကျားမိစ္ဆာသူ့အတွက် နိမိတ်ဆိုးတစ်ခုခုလာတော့မှာလို ခံစားလိုက်ရ၏။
သူထင်ထားသလိုပင် ထွင်းပြီးသောအခါ ကျန်းယန် ကျားမိစ္ဆာကိုကြည့်၍ အမိန့်ပေးလိုက်လေသည်။
“အမြန်လုပ် ငါ့ကိုစိတ်ဝိညာဉ်သွေးနည်းနည်းပေးဦး”
ကျားမိစ္ဆာ ငိုချင်သွားခဲ့၏။ ထိုကောင်သည် သူ့ကို သွေးဘဏ်တိုက်တစ်ခုလို ဆက်ဆံနေခြင်းပေလော။
သူကျန်းယန်ကို ငါမင်းကိုဘယ်တော့မှထပ်မယုံတော့ဘူးဟူသော ပုံစံမျိုးဖြင့် ကြည့်ရှုနေခဲ့၏။
သို့သော်လည်း သူ့သေချာပင်မကျက်သေးသော အနာကိုပြန်ဖြဲကာ ကျန်းယန်အတွက် သွေးများထုတ်ပေးလိုက်လေသည်။
ကျန်းယန် ကျားမိစ္ဆာ၏စိတ်ဝိညာဉ်သွေးကိုယူကာ သစ်သားတုံးပေါ်တွင် သေချာဂရုစိုက်၍ ဆွဲနေခဲ့၏။
သူဆွဲနေသော ကဗ္ဗည်းအမျိုးအစားမှာ မီးတောက်ပေါက်ကွဲအဆောင်ပေါ်တွင် ရေးဆွဲရသည့် ကဗ္ဗည်းမျိုး ဖြစ်သည်။
တခဏအကြာတွင် သူ့အဆောင်ရေးဆွဲခြင်း ပြီးဆုံးသွားခဲ့၏။
သစ်သားတုံးလေးပေါ်မှ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသောအခါ ကျန်းယန် အတော်လေး ကျေနပ်သွားခဲ့ရသည်။
ထို့နောက် သူဒုတိယသစ်သားတုံးပေါ်တွင် ထပ်မံဆွဲလိုက်ပြန်၏
ကျားမိစ္ဆာကတော့ ငေးကြောင်နေခဲ့သည်။
“သစ်သားတုံးတွေ အများကြီးပဲ…”
“စီနီယာအစ်ကိုကြီး ညီမလေးတို့ ကောင်းကင်ရတနာတွေသွားမရှာတော့ဘူးလား” စစ်ထူမင်ယွဲ့ စိတ်၀င်တစားမေးလိုက်၏။
ကျားမိစ္ဆာလည်း မြေကြီးကိုကုတ်လိုက်ကာ သူလည်း ကောင်းကင်ရတနာတွေရှာချင်တယ် သစ်သားတုံးအဆောင်တွေမလုပ်ချင်တော့ဘူးဟု အချက်ပြလိုက်သည်။
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“သူတို့ရှာပါစေ သူတို့ကကောင်းကင်ရတနာတွေ စုဆောင်းနေတဲ့အချိန်မှာ ငါတို့က အဆောင်တွေစုဆောင်းထားရမယ်”
ထိုစကားကြောင့် ကျားမိစ္ဆာကြောက်လန့်သွားခဲ့ရ၏။ သူ့ခန္ဓာကိုယ်က ကြီးမားသော်လည်း သွေးအများကြီး ထုတ်မည်ဆိုလျှင်တော့သူလည်းခံနိုင်တော့မည် မဟုတ်ပေ။
ကျန်းယန်သူ့ကိုတစ်ချက်ကြည့်ကာ ပြုံး၍ နှစ်သိမ့်လိုက်လေသည်။
“အဆောင်တစ်ခုအတွက် သွေးပမာဏနည်းနည်းလေးပဲလိုတာပါ စိတ်ချ ငါမင်းကိုအသက်ရှင်လျက်ခေါ်လာမှတော့ အသက်ရှင်လျက် ပြန်ခေါ်ထုတ်သွားမှာ အခုကစပြီး ငါတို့က သေခြင်းရှင်ခြင်းကိုအတူတူဖြတ်ကျော်ကြမယ့် ညီကိုတွေပဲ ငါတို့ရန်သူတွေကို အတူတူရင်ဆိုင်ကြမယ် ကောင်းကင်ရတနာတွေရတဲ့အခါလည်း ငါတို့အညီအမျှခွဲယူကြမယ်”
ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲတွင် အမတ မိစ္တာ သားရဲ တစ္ဆေများနှင့်ပတ်သက်နေသည့် နှစ်သုံးထောင်ကံကြမ္မာသာတကယ်ရှိနေခဲ့လျှင် သူတို့ထိုနေရာသို့ ၀င်သွားခဲ့ပါက သားရဲဖြစ်သော ကျားမိစ္ဆာ၏ကံကြမ္မာကလည်း တဟုန်ထိုး တိုးတက်လာပေလိမ့်မည်။
ထို့ကြောင့်လည်း ကျန်းယန်သူနှင့်သွေးသောက်ညီအစ်ကိုဖွဲ့ထားခဲ့ခြင်း ဖြစ်သည်။
ကျားမိစ္ဆာကတော့ ခံစားသွားခဲ့ရ၏။
သူ့အစ်ကိုကြီးက သူ့အပေါ်တကယ်ကြီး ကောင်းလွန်းလှသည်။
သို့သော် ထို့နောက်တွင်တော့ သူအစ်ကိုကြီးဟုခေါ်သောထိုလူက သူ့ဆီမှ သွေးများ ထပ်တောင်းခဲ့လေသည်…
ကျားမိစ္ဆာ ကောင်းကင်ကိုသာ ငါးတစ်ကောင်၏မျက်လုံးမျိုးဖြင့် ငေးကြည့်နေမိပြီး သူ့ဒဏ်ရာဆီက သွေးများထုတ်ယူနေသော မြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။
သုံးရက်တိုင်အောင် ကျန်းယန် စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ ၀င်ပေါက်နှင့်နီးသော ထိုတောအုပ်လေးထဲတွင်သာ နေခဲ့ကြ၏။
ထိုသုံးရက်အတွင်း ကျန်းယန် အဆောင် ၂၃ခုတိတိ ရေးဆွဲနိုင်ခဲ့သည်။
ကျားမိစ္ဆာက သွေးထပ်ထုတ်ပေးဖို့ အကြောက်အကန်ငြင်းဆန်နေ၍သာ ထိုမျှသာရရှိခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင် သူတို့ထိုထက်ပိုပြီး ရရှိနိုင်သေးသည်။
“ဒါတွေနဲ့ဆိုရင် ငါတို့မှာသူတို့နဲ့ရင်ဆိုင်ဖို့ လုံလောက်တဲ့အင်အားရှိသွားပြီ” ကျန်းယန် အဆောင်များအားလုံးကို ကျားမိစ္ဆာကိုယ်ပေါ်တွင် ချည်ထားလိုက်ပြီး တကယ့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆီသို့ ဦးဆောင်၍ ထွက်ခွာလာခဲ့၏။