မင်းကငါ့ကိုဆူဆဲပြီးမှ ထွက်ပြေးချင်သေးတာလား
Vol. 13 Ch. 144
ဂိုဏ်းမှ စီနီယာများချန်ထားခဲ့သော မှတ်တမ်းအရ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ ၀င်ပေါက်မှ ညာသို့ဦးတည်သွားခဲ့လျှင် တောင်ကြီးတစ်လုံးဆီ ရောက်ရှိမည်ဖြစ်သည်။ ထိုတောင်ပေါ်တွင်များစွာ ကောင်းကင်နှင့်မြေပြင်ရတနာများ ရှိသည်ဟု ဆို၏။ ထို့ကြောင့် ကျန်းယန် ညာဘက်သို့သွားဖို့ ဆုံးဖြတ်ခဲ့ခြင် းဖြစ်သည်။
သို့သော်လည်း စီနီယာများချန်ထားခဲ့သော မှတ်တမ်းများက မပြည့်စုံသောကြောင့် ထိုအချက်အလက်က တိကျလားမကျလားဆိုတာကိုတော့ ကျန်းယန် သေချာမသိခဲ့ပေ။
ညာဘက်သို့ ငါးလီလောက်လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် တောင်တစ်လုံးကိုမြင်လိုက်ရမှသာ ကျန်းယန် စိတ်အေးသွားခဲ့၏။
သို့သော်လည်း ထိုတောင်ကိုရှင်းရှင်းလင်းလင်းမြင်လုိက်သောအခါ သူဆွံ့အသွားခဲ့ရသည်။
ထိုတောင်က ၁၀ ကျန်းလောက်သာမြင့်သော တောင်ကုန်းလေးတစ်ခုသာဖြစ်ပြီး ထိုစီနီယာက ထိုတောင်ကုန်းကို တောင်ကြီးတစ်လုံးဟု မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်၏။
သူ့မှန်ပြောင်းနှင့်ထိုးချိန်ကြည့်လိုက်သောအခါ ထိုတောင်ကုန်းလေးပေါ်တွင် တိုက်ခိုက်နေသော ကျင့်ကြံသူများကို တွေ့လိုက်ရသည်။
ရတနာအနည်းငယ်နှင့်ကံကြမ္မာအမှတ်အတွက် လူတိုင်းက သေသည်အထိတိုက်ခိုက်နေခဲ့ကြ၏။
“မင်းတို့နှစ်ယောက် ဖြည်းဖြည်းချင်းလိုက်ခဲ့ကြ ငါအရင်သွားလိုက်မယ်”
ကျန်းယန် စစ်ထူမင်ယွဲ့တို့ကိုနေခဲ့ခိုင်းလိုက်ကာ ဘားရတ်ရိုင်ဖယ်ကိုဆွဲ၍ တောင်ဆီသို့ အလျင်အမြန်ထွက်ခွာသွားခဲ့လေသည်။
ထို့နောက် သူစနိုက်ပါပစ်ရန် နေရာတစ်ခုကိုရှာလိုက်၏။
ထိုကျင့်ကြံသူများ အကာအကွယ်ရတနာတစ်ခုခုရှာတွေ့မသွားသေးခင် သူသတ်နိုင်သလောက်များများသတ်ထားဖို့ လိုအပ်ပေသည်။
ဒီတစ်ခေါက် ၀င်လာသောပါရမီရှင်များထဲတွင် ရတနာသန့်စင်သူများလည်း ပါကိုပါရမည်ဟု သူယုံကြည်၏။
ထိုသူများ အကာအကွယ်ရတနာများသန့်စင်ပြီးသွားသည်နှင့် သူ့ဘားရတ်ရိုင်ဖယ်က သိပ်အသုံး၀င်တော့မည် မဟုတ်ပေ။
သို့သော် ယခုလို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဖွင့်ခါစ အချိန်မျိုးတွင်တော့ ထိုသူများ အကာအကွယ်ရတနာသန့်စင်ချင်လျှင်တောင် သန့်စင်လို့ပြီးနိုင်ဦးမည်မဟုတ်ပေ။
ကျန်းယန် စနိုက်ပါပစ်ရန် ပြီးပြည့်စုံသောနေရာတစ်ခုကိုရွေးချယ်လိုက်ပြီးနောက် အဝေးမှ စတင်ပစ်ခတ်လေတော့သည်။
ထိုကဲ့သို့သော ဖရိုဖရဲဖြစ်နေသောတိုက်ပွဲမျိုးတွင် တစ်ယောက်ယောက်သေသွားလျှင်တောင် ထိုသူ့ပြိုင်ဘက်က တိုက်ပွဲထဲက စွမ်းအားတစ်မျိုးမျိုးထိမှန်၍ သေသွားသည်ဟုသာ ထင်မည်ဖြစ်ပြီး အဝေးမှတစ်ယောက်ယောက်က ပစ်ခတ်လိုက်ခြင်းဟု တွေးမိမည်မဟုတ်ပေ။
သို့သော်လည်း လေး ငါးယောက် အလိုလိုသေသွားကြပြီးသည့်နောက်တွင်တော့ လူတိုင်းတစ်ခုခုမှားနေတာကို ခံစားမိလာကြ၏။
“အမှောင်ထဲမှာ ပုန်းနေတဲ့တစ်ခုခုရှိနေတယ်”
တိုက်ခိုက်နေသော နှစ်ဖက်လုံး စိတ်ပူလာခဲ့မိကြသည်။ သူတို့ဆက်တိုက်ခိုက်၍လည်း မရတော့ပေ။ သူတို့ဆက်တိုက်ခိုက်နေလျှင် ထိုတတိယအဖွဲ့က သူတို့သေဆုံးသွားမှ သူတို့အကျိုးအမြတ်များကို အသာလေးကောက်ယူသွားပေလိမ့်မည်။
ကျန်းယန် မျက်မှောင်ကြုံ့လိုက်လေသည်။ ထိုနှစ်ဖွဲ့ ဆက်တိုက်ခိုက်မနေတော့လျှင် သူ့စနိုက်ပါက ကောင်းကောင်းအလုပ်လုပ်နိုင်တော့မည် မဟုတ်ပေ။
“စီနီယာအစ်ကိုကြီး”
ထိုစဉ် စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ သူ့အနားသို့ တိတ်တဆိတ်ချဉ်းကပ်လာခဲ့ကြ၏။
“သူတို့ကို ရလိုက်လား”
“စကားမပြောနဲ့ စောင့်နေ”
ကျန်းယန်လည်း တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
ထိုနှစ်ဖွဲ့ တကယ်ကြီး ရပ်လိုက်ကြမှာလား ဆိုတာကို သူသိချင်နေခဲ့၏။
တောင်ကုန်းပေါ်ရှိ ကျင့်ကြံသူများကတော့ စိုးထိတ်ကာ ကြောက်ရွံ့နေခဲ့ကြသည်။
ပုန်းကွယ်နေသော ရန်သူက မည်သူဖြစ်ပါသနည်း။
ထိုသူက သူတို့လူများကိုသတ်ရန် မည်သည့်နည်းလမ်းကို အသုံးပြုနေပါသနည်း။
လူတိုင်း သတိအနေအထားဖြင့် တစ်ယောက်ကိုတစ်ယောက်ကာကွယ်ရင်း တောင်ကုန်းပေါ်တွင် ဆက်ရှိနေခဲ့ကြ၏။ တောင်ကုန်းပေါ်က ရတနာများကို တပ်မက်နေကြသေးသောကြောင့် သူတို့ထိုနေရာမှလည်း ထွက်မသွားလိုကြပေ။ နေ့၀က်ခန့်စောင့်ပြီးသောအခါ သူတို့စိတ်မရှည်နိုင်ကြတော့ပေ။
နှစ်ဖက်လုံးက နေ့၀က်ခန့်စောင့်နေပြီးတာတောင် တစ်ဖက်လူက မတိုက်ခိုက်သေးလေရာ သူတို့စိတ်မရှည်လက်မရှည်ဖြစ်လာခဲ့ကြသည်။
ထို့နောက် စိတ်မရှည်ဖြစ်နေသူအချင်းချင်းကြားထဲတွင် နောက်ထပ်တိုက်ပွဲတစ်ခု အလွယ်တကူထွက်ပေါ်လာခဲ့ပြန်၏။
လူပေါင်းနှစ်ဆယ်ကျော်တိုက်ခိုက်နေသော တိုက်ပွဲဖြစ်သောကြောင့် ချက်ချင်းဆိုသလို တောင်ကုန်းပေါ်တွင် ဖရိုဖရဲဖြစ်သွားခဲ့လေသည်။
ကျန်းယန် တိတ်တဆိတ်ဆက်၍ စောင့်ဆိုင်းနေခဲ့၏။ တစ်ရက်လုံးလုံးတိုက်ခိုက်ပြီးချိန်တွင်တော့ တိုက်ပွဲ၏ အောင်နိုင်သူများပေါ်ထွက်လာခဲ့ကာ ထိုသူများအခြေအနေကလည်း စိတ်ဝိညာဉ်စွမ်းအင်ကုန်သွားသောကြောင့် ယိုင်နဲ့နဲ့သာ ကျန်ရစ်ခဲ့တော့သည်။ သူတို့ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့၏။
“စီနီယာအစ်ကိုကြီး သူတို့တိုက်ခိုက်လို့ပြီးသွားပြီ ပွဲသိမ်းလိုက်ရအောင်” စစ်ထူမင်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ကျန်းယန်လည်းစိတ်လှုပ်ရှားနေခဲ့၏။ ဒီတစ်ခေါက်ကတော့ သူတို့အချီကြီး ရိတ်သိမ်းရပေတော့မည်။
သို့သော် သူလှုပ်ရှားဖို့ပြင်လိုက်ချိန်တွင် နောက်ထပ်အဖွဲ့တစ်ဖွဲ့ တောင်ကုန်းပေါ် ပြေးတက်လာခဲ့ကြလေသည်။
သူတို့အဖွဲ့သည် ၇ယောက်၈ယောက်သာပါသော အဖွဲ့ဖြစ်သော်လည်း အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြ၏။
ကျန်းယန် ငေးကြောင်သွားခဲ့မိသည်။
သူက ကျန်ကောက်လုပ်ဖို့ချောင်းနေချိန်တွင် သူ့လိုကျန်ကောက်လုပ်ဖို့ချောင်းနေသူများ ရှိနေလိမ့်ဦးမည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
သူ့မှန်ပြောင်းဖြင့်သေချာကြည့်လိုက်သောအခါ ထိုအသစ်၀င်လာသောအဖွဲ့ထဲက လူတစ်ယောက်ကိုတွေ့လိုက်မိပြီး သူ့မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ထိုအသစ်ရောက်ရှိလာသောအဖွဲ့သည် ယွင်ရှောင်းနန်းတော်မှအဖွဲ့ဖြစ်ပြီး သူတို့သည် လက်ကျန်အဖွဲ့ထက်ပိုသန်မာသလို လက်ကျန်အဖွဲ့ကလည်း စိတ်ဝိညာဉ်စွမ်းအင်ကုန်ခမ်းနေချိန်ဖြစ်လေရာ တိုက်ပွဲကတစ်ဖက်သတ်သတ်ဖြတ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့၏။
တန်ဖိုးအနည်းငယ်သာ ပေးလိုက်ရပြီး ယွင်ရှောင်းအဖွဲ့ အနိုင်ရရှိသွားခဲ့သည်။
သူတို့အနိုင်ရသွားပြီးလို့ စိတ်အေးသွားကာ အကာအကွယ်မဲ့ဖြစ်နေချိန်တွင် သူတို့ထဲမှတစ်ယောက် ရုတ်တရက် နောက်လန်ကျသွားခဲ့၏။
“လီယွမ် ဘာဖြစ်လို့လဲ”
လက်ကျန် ၇ ယောက် ကြောက်ရွံ့သွားခဲ့ကြသည်။ သူတို့ချက်ချင်းဆိုသလို ငုံ့၍ ထိုလူ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်ပြီး သူ့ရင်ဘတ်ကအပေါက်ကြီးကိုတွေ့လိုက်ရသောအခါတွင်တော့ ချက်ချင်း နားလည်သွားခဲ့ကြ၏။
“သတိအပြည့်နဲ့နေကြ တစ်ယောက်ယောက်အမှောင်ထဲမှာ ပုန်းနေတယ်”
ထိုစကားသံထွက်ပေါ်လာပြီးပြီးချင်းပင် ရွှေရောင်ကျည်ဆံကဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အကာအကွယ်အလွှာကို ထိမှန်သွားခဲ့ပြန်သည်။
အကာအကွယ်အလွှာ ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့သော်လည်း ပေါက်တော့မသွားခဲ့ပေ။
ထို့နောက် နောက်ကျည်ဆံတစ်တောင့် ထွက်ပေါ်လာချိန်တွင်တော့ သူ့အကာအကွယ်အလွှာ ကြေမွသွားခဲ့ရလေသည်။
သို့သော်လည်း သူ့လူများက လျင်မြန်လွန်းလှ၏။ ချက်ချင်းဆိုသလို အကာအကွယ်အလွှာကြေမွသွားသော ကျင့်ကြံသူကို သူတို့အကာအကွယ်အလွှာဖြင့် ကာထားပေးလိုက်ကြသည်။
ထိုကျင့်ကြံသူလည်း ထိုအချိန်ခဏလေးအတွင်း နောက်ထပ်အကာအကွယ်အလွှာတစ်ခု ချက်ချင်းဖွဲ့တည်လိုက်၏။
ထိုအခြေအနေကိုမြင်သောအခါ ကျန်းယန် ထပ်မပစ်တော့ပေ။
သူ့တွင် ကျည်ဆန် ရာဂဏန်းသာပါလာသောကြောင့် သူ့ကျည်ဆန်များက တန်ဖိုးရှိပေသည်။ ထို့ကြောင့် ပစ်ချင်တိုင်းလျှောက်ပစ်နေ၍ မဖြစ်ပေ။
တောင်ကုန်းပေါ်မှ ရန်သူများကတော့ စိတ်မအေးနိုင်သေးဘဲ အကာအကွယ်အလွှာများကို ဆက်လက်အသုံးပြုကာ ပုန်းကွယ်နေသောရန်သူကို ကာကွယ်ထားခဲ့ကြသည်။
သူတို့ပတ်ပတ်လည်တွင်တော့ အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။
ထိုစဉ် ကျန်းဝူ အကျယ်ကြီး အော်ပြောလိုက်သည်။
“မင်းကဘယ်ဂိုဏ်းကလဲ အရိပ်ထဲကတိုက်ခိုက်တယ်ဆိုတာ သူရဲဘောကြောင်တဲ့ကောင်တွေရဲ့ လုပ်ရပ်ပဲ မင်းမှာတကယ်အစွမ်းအစရှိရင် ငါတို့နဲ့ အချီ ၃၀၀လောက်လာတိုက်ခိုက်ချည်”
ကျန်းယန်ကတော့ မလှုပ်မယှက်ပင်။
“မင်းထွက်မလာရဲဘူးလား မင်းဘိုးဘေးတွေက မင်းကိုကြွက်လို ပုန်းပြီးတိုက်ခိုက်ဖို့ သင်ပေးခဲ့တာလား”
“သတ္တိရှိရင်ထွက်လာခဲ့ ငါမင်းကိုလက်တစ်ဖက်အကျောပေးတယ်”
တောင်ကုန်းပေါ်က ဝိညာဉ်အခြေတည်အဆင့် ၇ယောက် ဒေါသထွက်ကုန်ကြသည်။
သူတို့သည် အလွန်စွမ်းအားကြီးသော ဝိညာဉ်အခြေတည်အဆင့်များဖြစ်ကြသော်လည်း ရန်သူကအမှောင်ထဲတွင် ပုန်းအောင်းနေသောကြောင့် ထိပ်တိုက်ရင်မဆိုင်နိုင်ဘဲ ဖြစ်နေခဲ့၏။
“စီနီယာအစ်ကိုကြီး အဆောင်တွေသုံးပြီး သူတို့ကိုသတ်ပစ်လိုက်!” စစ်ထူမင်ယွဲ့ ဒေါသတကြီးပြောလိုက်လေသည်။
သူ့စီနီယာအစ်ကိုကြီးကို ဆူဆဲရဲသော လူများက သေသင့်၏။
ကျန်းယန် သူမကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။
သူအချိန်ကိုတွက်ချက်နေခြင်းဖြစ်ပြီး ပြီးပြည့်စုံသော အချိန်ကိုစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
ထိုဝိညာဉ်အခြေတည်အဆင့်များ ဘယ်လောက်ကြာအောင် အကာအကွယ်အလွှာကိုဖွဲ့တည်ထားနိုင်မလဲဆိုတာ သူမြင်ချင်ပေသည်။
အကာအကွယ်အလွှာတွေက စိတ်ဝိညာဉ်စွမ်းအင်မကုန်ဘူးလို့ ထင်နေကြတာလား!
လူတိုင်းတွင် သူ့လိုအဆုံးမဲ့သောစိတ်ဝိညာဉ်စွမ်းအင်မျိုး မရှိနိုင်ပေ။
သူမလောခဲ့ပေ။ တိုက်ပွဲကွင်းပြင်က တစ်နှစ်တိတိဖွင့်မည်ဖြစ်သောကြောင့် တစ်ရက်နှစ်ရက်လောက်စောင့်လိုက်ရခြင်းက ဘာမှဖြစ်သွားမည် မဟုတ်ပေ။
နေ့၀က်ခန့်ကြာသောအခါ ဝိညာဉ်အခြေတည်အဆင့်များ အမူအရာပျက်လာခဲ့ကြသည်။
သူတို့သည် ဝိညာဉ်အခြေတည် အထွတ်အထိပ်အဆင့် ပညာရှင်များဖြစ်သော်လည်း အကာအကွယ်အလွှာကို အကြာကြီးဖွင့်ထားခဲ့ရသောကြောင့် သူတို့စိတ်ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုက စတင်သိသာလာခဲ့ချေပြီ။
ရန်သူက အရိပ်ထဲတွင်ပုန်းအောင်းနေသောကြောင့် ရန်သူတစ်ယောက်တည်းတင်ဖြစ်နုိင်သလုိ ရန်သူအဖွဲ့လိုက်ကြီးလည်း ဖြစ်နိုင်နေသေး၏။ သူတို့ရန်သူအကြောင်းဘာကိုမှ သေချာမသိခဲ့ပေ။ အကာအကွယ်အလွှာကို ရုတ်သိမ်းလိုက်လျှင်လည်း ရွှေရောင်ကျည်ဆန်က ရုတ်တရက်ဝင်လာပြီး သူတို့အသက်ကို နှုတ်ယူသွားနိုင်သေးသည်။
သူတို့အကာအကွယ်အလွှာများက ကျည်ဆန် ၂တောင့်ကို တောင့်မခံနိုင်မှန်း သူတို့ခုနကတည်းက မြင်တွေ့ခဲ့ရပြီးသား ဖြစ်၏။
“ကောင်းပြီလေ မင်းနိုင်တယ် ဒီရတနာတွေကမင်းဟာပဲ!” ကျန်းဝူ ဒေါသတကြီးပြောလိုက်သည်။
“ငါက ယွင်ရှောင်းနန်းတော်က ကျန်းဝူပဲ မင်းသတ္တိရှိရင် မင်းနာမည်ကိုပြောခဲ့”
ကျန်းယန် ဘာမှပြန်မပြောခဲ့ပေ။ ဘယ်အတွေ့အကြုံရင့် စနိုက်ပါသမားကမှ မိုက်မိုက်ကန်းကန်း သူ့နေရာကို ထုတ်ဖော်လိုက်လိမ့်မည်မဟုတ်ပေ။
ရန်သူက တိတ်ဆိတ်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရသောအခါ ကျန်းဝူ မရပ်မနားစတင်ဆဲဆိုလေတော့ပြီး သူ့လူ၆ယောက်ကို ဆုတ်ခွာဖို့ အချက်ပြလိုက်၏။
သူတို့ တောင်ကုန်းပေါ်က ရတနာများကိုမထိရဲခဲ့သလို အလောင်းများပေါ်က တံဆိပ်ပြားများကိုလည်း မထိရဲခဲ့ပေ။ သူတို့သတိတစ်ချက်လွတ်သွားသည်နှင့် သေမင်းကျည်ဆန်တစ်တောင့်က သူတို့အသက်ကို ချက်ချင်းနှုတ်ယူသွားနိုင်ကြောင်း သူတို့သေချာသိပေသည်။
သူတို့ဆုတ်ခွာသွားသည်နှင့် ကျန်းယန်ချက်ချင်း စစ်ထူမင်ယွဲ့တို့ကိုပြောလိုက်၏။
“တောင်ပေါ်တက်ပြီး ကောင်းကင်ရတနာ မြေပြင်ရတနာအကုန်လုံးသိမ်းခဲ့ မင်းတို့အတွက်သင့်တော်တာရှိရင် ခွန်အားတိုးလာအောင် တစ်ခါတည်းသာ စားခဲ့လိုက် မင်းတို့မသိတာတစ်ခုခုဆိုရင်တော့ ငါ့အတွက်ချန်ထား”
“စီနီယာအစ်ကိုကြီးကရော” စစ်ထူမင်ယွဲ့ မေးလိုက်သည်။
ကျန်းယန် လှောင်ပြုံးပြုံးလိုက်၏။
“ငါ့ကိုအားရပါးရဆဲပြီး ဒီလိုထွက်ပြေးသွားလို့ရမယ်ထင်နေတာလား အဲ့လောက်မလွယ်သေးဘူး”
ထို့နောက် သူဘားရတ်ရိုင်ဖယ်ကိုဆွဲကာ ကျန်းဝူတို့နောက် လိုက်သွားခဲ့လေသည်။