ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့၏ စစ်မှန်သော ခွန်အား
Vol. 31 Ch. 451
အခန်း (၄၅၁) : ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့၏ စစ်မှန်သော ခွန်အား
ချီသဲ့လုံ နောက်မဆုတ်သည်ကို မြင်ပြီးနောက် နေကိုးစင်းအထွတ်အမြတ်မြေ ဂိုဏ်းချုပ်က ဒေါသထွက်သွားသည်။
အဲဒီ မျောက်စုတ်ကတော့…ငါက သူ့ကို ကြောက်တယ်လို့များ တကယ်ထင်နေတာလား
“ချီသဲ့လုံ မင်း ငါ့ကို ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ငါ့အဆိုး မဆိုနဲ့နော်”
နေကိုးစင်း ဂိုဏ်းချုပ်က နှာခေါင်းရှုံ့လိုက်ပြီးနောက်တွင် စွမ်းအားကြီးသောသူ နှစ်ယောက်က သူ့နောက်တွင် ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်လုံးက နေကိုးစင်း အထွတ်အမြတ်မြေ၏ အကြီးအကဲချုပ်များ ဖြစ်ကြပြီး ထိတ်လန့်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြကာ သူတို့နှစ်ယောက်လုံးက မဟာဝိဇ္ဇာများ ဖြစ်ကြသည်။
စွမ်းအားကြီးသောသူ သုံးယောက်က ချီသဲ့လုံ၏ အရှိန်အဝါကို ဖိနှိပ်ထားကြသည်။
ချီသဲ့လုံက တည်ငြိမ်နေပြီး စိတ်ထိန်းထားရာမှ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ မင်းပဲ စစ်ကူခေါ်နိုင်တယ်လို့ ထင်နေတာလား”
ဝုန်း…
ရွှေရောင်မျောက်လွှဲကျော်နှစ်ကောင်က သူ့နောက်မှ ထွက်လာသည်။
သူတို့၏ အရှိန်အဝါများက ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေလောက်သည်အထိ ပြင်းထန်သည်။
မျောက်လွှဲကျော် နှစ်ကောင်လုံးက ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်မှ အကြီးအကဲချုပ်များ ဖြစ်ကြပြီး မဟာဝိဇ္ဇာများ ဖြစ်ကြသည်။
သူတို့၏ ရင်ဘတ်ကို လက်များဖြင့် တီးခတ်ပြီး ကောင်းကင်သို့ မော်ကြည့်ကာ ဟစ်ကြွေးနေပြီးနောက် နေကိုးစင်း မဟာဝိဇ္ဇာများကို ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
သူတို့၏ ပုံစံက ကမ္ဘာမြေကို တုန်လှုပ်သွားစေသည့် တိုက်ပွဲတစ်ခုကို စတင်ချင်ပုံပေါ်နေသည်။
အားလုံးက အံ့ဩမှင်သက်သွားကာ သူတို့၏မျက်နှာများတွင်လည်း ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ အရာအားလုံး အခုလိုမျိုး ဖြစ်သွားမည်ဟု ထင်မထားခဲ့ကြပေ။
ရွှေမျက်လုံး မီးတောက် မျောက်ဝံ မဟာဝိဇ္ဇာများက ရှန်ထျန်းကို ကူညီဖို့အတွက် တွေဝေခြင်း မရှိပေ။
ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်ထဲတွင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ရာထူးက အတော်လေး မြင့်မားသည်။
သူတို့မျိုးနွယ်ရဲ့ ထိပ်သီးကျင့်ကြံသူတွေက အပြင်လူကို ကူညီချင်လာအောင် ဘယ်လိုဖိအားမျိုးက ခွင့်ပြုသွားစေတာလဲ။ ပြီးတော့ ထိပ်သီးအထွတ်အမြတ်မြေတွေထဲက တစ်ခုဖြစ်တဲ့ နေကိုးစင်းအထွတ်အမြတ်မြေကို ဆန့်ကျင်တဲ့အတွက် ရလာမဲ့ အကျိုးဆက်ကိုပါ ထည့်မတွက်ပဲ ကူညီဖို့ဆိုတာ မလွယ်ကူဘူးလေ
ဒါက လုံးဝ ပြိုင်ဘက်ကင်းပြီးတော့ မယုံနိုင်စရာပဲ
နေကိုးစင်း ဂိုဏ်းချုပ်၏ မျက်နှာမကောင်းဖြစ်သွားသော်လည်း နောက်ဆုတ်လိုက်လျှင် နေကိုးစင်း အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကို ထိခိုက်သွားမည်ဖြစ်သည့်အတွက် နောက်မဆုတ်ချင်ပေ။
သူက ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင် နောက်မဆုတ်နိုင်ပေ။
သူနှင့် ချီသဲ့လုံတို့၏ ကြားထဲတွင် အနိုင်ရသူကို ဆုံးဖြတ်ရမည်ဖြစ်သည့်အတွက် နေကိုးစင်း ဂိုဏ်းချုပ်က အေးစက်သောမျက်နှာထားဖြင့် ရှေ့သို့ တိုးလာသည်။
အကြီးအကဲချုပ် နှစ်ယောက်က နောက်ဆုတ်ဖို့ ငြင်းဆန်ပြီး ရွှေမျက်လုံး မီးတောက် မျောက်ဝံ အကြီးအကဲချုပ်နှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည်။
ထိုအချိန်တွင် လေထုကလည်း ပြင်းထန်လာသည်။
“ အဲဒီ နေကိုးစင်း အထွတ်အမြတ်မြေက ခွေးအိုကြီးတွေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ လူနည်းလို့ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြတာလား”
ထိုအခိုက်အတန့်တွင် ပုံရိပ်နှစ်ခုကလည်း ရန်ပွဲထဲသို့ ပါဝင်လာသည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်က မိုးကြိုးအရှိန်အဝါနှင့် လွှမ်းခြုံနေသည်။
အဆုံးမဲ့ နတ်မိုးကြိုးက တစ်ချက်ချင်းစီ ပစ်ချပြီး အာကာပြင်ကို တစ်စစီဖြစ်အောင် လုပ်နေသည်။
ကျန်တစ်ယောက်က ဆံပင်အဖြူရောင်ရှိပြီး ခရမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသောသူတစ်ယောက် ဖြစ်သည်။ သူက ဧရာမ ရွှေတုတ်တံကို ကိုင်ဆောင်ထားပြီး သူ၏ အနေအထားက ချီကျန့်နှင့် တူညီလှသည်။
သူတို့နှစ်ယောက်လုံး ပေါ်ထွက်လာသည့်အချိန်တွင် အဆုံးမဲ့ အရှိန်အဝါ ပေါက်ကွဲထွက်သွားကာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည်။
ရှန်ထျန်းက ဝမ်းသာစွာဖြင့် ပြောလိုက်သည်
“ ဆရာ၊ ဆရာဦးလေးကြာပြာ…ဆရာတို့နှစ်ယောက်က ဘာလို့ ဒီနေရာကို ရောက်လာကြတာလဲ”
ထိုပုံရိပ်နှစ်ခုက အံ့ဖွယ် မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာပင် ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင်၏ ပတ်လည်ရှိ မိုးကြိုးအရှိန်အဝါ လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ ထျန်းအာ…အစ်ကိုကြီးနဲ့ ငါက အထွတ်အထိပ် ကောင်းကင်သစ်ပင် ထွက်ပေါ်လာပြီလို့ အသိပေးစာ ရောက်လာတာနဲ့ အမြန်ပြေးလာခဲ့တာ”
သူတို့နှစ်ယောက်က ကျိရှားကျောင်းတော်တွင် သင်ယူခဲ့ဖူးသလို သက်တမ်းကလည်း နှစ်ပေါင်း ၃ထောင်အောက်သာ ရှိသေးသည့်အတွက် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာသို့ ဝင်ရောက်နိုင်သည်။
အသိပေးစာကို ရရှိပြီးနောက် သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ချက်ချင်းပြေးလာခဲ့သည်။
ရလဒ်အနေဖြင့် သူတို့က နေကိုးစင်း ဂိုဏ်းချုပ်မှ ရှန်ထျန်းကို အခက်တွေ့အောင် လုပ်နေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပတ်လည်ရှိ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ ထိုးဖောက်ထွက်လာသည်။
ငါတို့ အထွတ်အမြတ်မြေရဲ့ သူတော်စင်ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ။ မင်းက ငါမရှိသလိုမျိုး ဆက်ဆံနေတယ်ပေါ့
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှေ့တိုးလာကာ သူ့ခန္ဓာကိုယ်မှ မိုးကြိုးများကို ထုတ်လွှတ်နေသည်။ သူက ကြောက်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် မိုးကြိုးဧကရာဇ်တစ်ပါးအသွင်ကို ဆောင်နေသည်။
သူက လေထဲတွင်ရပ်တန့်နေကာ သူကိုယ်တိုင်က လေဟာနယ်နှင့် ပေါင်းစပ်နေသလိုဖြစ်နေသည်။
နတ်မိုးကြိုး စုစည်းလာကာ လေဟာနယ်ကို အမှုန့်အဖြစ် တစ်စစီဖြစ်သွားစေသည်။
ကြာပြာကလည်း သူ့ ခွန်အားကို ထုတ်ဖော်ပြသနေသည်။ သူက မြေပြင်ကို ရွှေတုတ်တံဖြင့် ရိုက်ချကာ နေကိုးစင်း ဂိုဏ်းချုပ်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည်။
“ တပည့်တူလေး…ဒီမှာ မင်းကို အနိုင်ကျင့်ချင်နေတဲ့သူ ရှိတယ်လို့ ကြားတယ်။ အဲဒါ ဒီအဖိုးကြီးလား။ ငါ မင်းအတွက် သူ့ကို ဆုံးမပေးမယ်”
ကြာပြာက အလေးအနက်မထားပုံပေါ်သော်လည်း သူက အကြောက်အလန့် ကင်းမဲ့သူတစ်ယောက်ဖြစ်သည်။
သူ့ကို ချောင်ပိတ်အောင် လုပ်လိုက်ပါက ဝိဇ္ဇာတစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။
နေကိုးစင်း ဂိုဏ်းချုပ်၏ မျက်နှာထား တင်းမာသွားသည်။ ယခုလိုမျိုး ဖြစ်ပျက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သူက ရှန်ထျန်းကို ထူးခြားသော အရည်အချင်းရှိသော်လည်း ဘာနောက်ခံမှ မရှိသော ဂျူနီယာတစ်ယောက်ဟု ထင်ထားခဲ့မိသည်။
ဤနေရာက အလယ်ပိုင်းကုန်းမြေဖြစ်ပြီး နေကိုးစင်းအထွတ်အမြတ်မြေ၏ အိမ်ကွင်းဖြစ်သည့်အတွက် ပထမမျိုးဆက် နေကိုးစင်း သူတော်စင်မှ ရှန်ထျန်းကို စော်ကားခြင်းကို သူ မတားမြစ်ခဲ့ပေ။
မူလတုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဖို့ဖြစ်သည်။
ဒုတိယအနေဖြင့် သူတို့၏ ဒေါသများကို ဖြေချင်ခဲ့သည်။
သိပ်မကြာခင်တုန်းက နေကိုးစင်းအထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီမှ ကြီးမားသော ဆုံးရှုံးမှုတစ်ခုနှင့် ရင်ဆိုင်ထားရသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့ အထွတ်အမြတ်မြေ၏ ဝိဇ္ဇာတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် နေကိုးစင်းဂိုဏ်းချုပ်က လက်စားချေဖို့ လိုအပ်သည်။
အခြေအနေတွေက ဒီလောက်ထိ ရှုပ်ထွေးလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ
ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ် ပါဝင်လာရုံသာမက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ပါ ရောက်ရှိလာသည်။
ထိုကိစ္စ ပေါက်ကွဲထွက်လာခြင်းက ကောင်းမွန်သောအရာတော့ မဟုတ်ပေ။
သို့သော် သူကလည်း နောက်ဆုတ်ခြင်း မရှိပဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ချူးလုံဟယ်…ဒါက အရင်တုန်းကလိုမျိုးပဲလို့ ထင်နေတာလား။ မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ငါ့ကို လုံးဝ မယှဉ်နိုင်ဘူး”
ချူးလုံဟယ်ကလည်း ထိပ်သီး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။
သို့သော် သူက ပြဿနာအများကြီး ရှာသည့်အတွက် ဝိဇ္ဇာအများကြီးက သူ့ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ပေါက်ကွဲခံကာ အစမှ ပြန်လည် ကျင့်ကြံခဲ့ရသည်။
ချူးလုံဟယ်၏ အရည်အချင်းက ဘယ်လောက်ထိ ထူးခြားနေခဲ့ပါစေ နေကိုးစင်း ဂိုဏ်းချုပ်နှင့် တန်းတူဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သည့်အရာဖြစ်သည်။
ထိုအရာက နေကိုးစင်း ဂိုဏ်းချုပ် အခိုင်အမာ ယုံကြည်ထားသည့်အရာ ဖြစ်သည်။
“ မင်းကို အရင်က အနိုင်ယူခဲ့ပေမဲ့ ဒီနေ့ ငါ့ကို အထင်သေးရဲသေးတယ်ပေါ့လေ။ ကြည့်ရတာ ငါ မင်းအပေါ် အရမ်းကောင်းနေမိပြီထင်တယ်”
ကြာပြာက နေကိုးစင်း ဂိုဏ်းချုပ်ကို သူ၏ ရှည်လျားသော တုတ်တံဖြင့် အကြောက်အလန့်မရှိ ရွယ်ထားလိုက်သည်။
“ မောက်မာလိုက်တာ။ မင်း ဘယ်လောက် လုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”
နေကိုးစင်း ဂိုဏ်းချုပ်၏ မျက်နှာက စူပုတ်သွားသည်။ သူ အခုလိုမျိုး ဘယ်တုန်းကမှ လှောင်ပြောင်မခံရဖူးပေ။
သူက ကြာပြာနှင့် ယှဉ်ပြိုင်ပြီး အနိုင်ရသူကို ဆုံးဖြတ်ဖို့အတွက် လေဟာနယ်စင်မြင့်ပေါ်သို့ ပျံသန်းသွားသည်။
“ ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့။ ငါက မင်းကို ကြောက်နေမယ်များ ထင်နေတာလား”
ကြာပြာက လှောင်ရယ်လိုက်သည်။ ထို့နောက် သူက ရွှေတုတ်တံကို သယ်ကာ လေဟာနယ်စင်မြင့်ပေါ်သို့ တက်သွားသည်။
ဘေးဖက်ရှိ ချီသဲ့လုံက မေးလိုက်သည်
“ အကူအညီလိုသေးလား”
ယခင်က ဘာတွေဖြစ်ထားလဲဆိုတာကို ချီသဲ့လုံ သိထားသည်။
ကြာပြာက စွမ်းအားကြီးသော်လည်း ယခင်က ပြင်းထန်စွာ ဒဏ်ရာ ရထားဖူးသည့်အတွက် သူ့ ခွန်အားက ယခင်နှင့် မတူတော့ပေ။
နေကိုးစင်း ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်း ခွန်အားရှိသည့် မဟာဝိဇ္ဇာအိုကြီးတစ်ယောက်ဖြစ်ပြီး အနိုင်ယူဖို့အတွက် ခက်ခဲလှသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီကိစ္စကို ကျုပ်တို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါလား”
နေကိုးစင်း အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လှောင်ပြောင်ရဲပြီး သူတို့ကို အထင်သေးနေသည်။
အထွတ်အမြတ်မြေနှစ်ခုကြားရှိ အငြိုးအတေးက နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည့်အတွက် ယခင်ကတည်းက ဖြေရှင်းသင့်တာ ကြာပြီဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကလည်း နှစ်ပေါင်းများစွာ လူမသိ သူမသိနေလာခဲ့သည့်အတွက် အရှေ့ပိုင်းလွင်ပြင်ကို လွှမ်းမိုးနိုင်သည့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အင်အားအမျိုးမျိုးကို သက်သေပြဖို့ အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။
ဒီထက်ပိုပြီး အရေးကြီးသည်က ရှန်ထျန်း သူတို့၏ သဘောထားကို မြင်သွားနိုင်ဖို့ဖြစ်သည်။
သူတို့ရဲ့ တံခါးဝထိ လာပြီးတော့ အနိုင်ကျင့်နေတဲ့အချိန် သူတို့က ဘယ်လိုလုပ်ပြီးတော့ ငြိမ်ခံနေနိုင်မှာလဲ
မည်သူမျှ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် မလုပ်နိုင်သလို ကျောက်စိမ်းဧကရာဇ်ပင် မလုပ်နိုင်သည့်အတွက် နေကိုးစင်း အထွတ်အမြတ်မြေကို စကားထဲ ထည့်ပြောစရာမလိုတော့ပေ။
ထိုအရာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ တိုက်ခိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်ရသည့် အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။
ချီသဲ့လုံက ခေါင်းညိတ်ပြကာ ငြိမ်ငြိမ်လေး နေနေသည်။ တစ်ချိန်က ကျော်ကြားခဲ့သော အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်များက ယခု ဘယ်လောက်ထိ စွမ်းအားကြီးနေပြီလဲဆိုတာကို သူလည်း မြင်ချင်နေသည်။
“ အိုနေတဲ့ မင်းတို့နှစ်ယောက်လည်း အဲဒီမှာပဲ ရပ်ပြီးတော့ ကြည့်မနေနဲ့ လာပြီးတော့ တိုက်ခိုက်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် လှုပ်ရှားလိုက်သည်။
သူ၏ ဘေးပတ်လည်တွင် မိုးကြိုးများ ပေါက်ကွဲထွက်သွားကာ နေကိုးစင်း မဟာဝိဇ္ဇာနှစ်ယောက်ကို ချက်ချင်း ရစ်ပတ်သွားကာ သူတို့ကို လေဟာနယ်လှိုင်းဂယက်ထဲသို့ ဆွဲခေါ်သွားသည်။
ထိုအချိန်တွင် ပုံရိပ်သုံးခု ပျောက်ကွယ်သွားကာ ကြောက်စရာကောင်းသည့် လှိုင်းများကိုသာ အာရုံခံကြည့်လို့ ရတော့သည်။
လှိုင်းဂယက် အသေးလေးကပင် ကြက်သီးမွေးညင်း ထသွားစေသည်။ လေဟာနယ်လှိုင်းဂယက်ထဲရှိ တိုက်ပွဲက အင်မတန်ပြင်းထန်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
လေဟာနယ်စင်မြင့်ပေါ်၌…
နေကိုးစင်း ဂိုဏ်းချုပ်က စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ပြီးနောက် သူ့နောက်မှ အဆုံးမဲ့အလင်းတန်း ထွက်ပေါ်လာသည်ကို မြင်နိုင်သည်။
တောက်ပသော နေခြောက်စင်းက ပြိုင်ဘက်ကင်းခွန်အားဖြင့် မြင့်တက်လာသည်။
သူ့အရည်အချင်းက သူ့အသက်အရွယ်တွင် ၈ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာတစ်ယောက် ဖြစ်လာနိုင်သည်အထိ အတော်လေး ထူးခြားသည်။
အလယ်ပိုင်းကုန်းမြေ ဂိုဏ်းချုပ်များထဲတွင်ပင် နေကိုးစင်းဂိုဏ်းချုပ်၏ ခွန်အားက ထိပ်သီးထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူက ထိပ်သီးပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်ခဲ့သော်လည်း ချူးလုံဟယ်ကို အမြဲတမ်း ရှုံးနိမ့်နေခဲ့ပြီး တစ်ခါမှ အနိုင်မရခဲ့ဖူးပေ။
နေကိုးစင်း ဂိုဏ်းချုပ်က အငြိုးအတေးဖြင့် ပြည့်နှက်နေသည်။ ယခင်က လှောင်ပြောင်ခံခဲ့ရသည်အတွက် လက်စားချေဖို့ ဤအခွင့်အရေးကို အသုံးပြုချင်သည်။
“ တိုက်ခိုက်လိုက်စမ်း”
သူက နေကိုးစင်းတိုက်ပွဲကျမ်းကို သက်သွင်းပြီးနောက် သူ့နောက်ရှိ တောက်ပသော နေခြောက်စင်းက ပြင်းထန်သော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားကာ ကြာပြာဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးကို အဆုံးမဲ့ မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။
ကြောက်စရာကောင်းသော အရှိန်အဝါက ကောင်းကင်သို့ ပျံတက်သွားကာ လေဟာနယ်ကိုပင် ဗလာနတ္ထိဖြစ်အောင် လောင်ကျွမ်းသွားစေသည်။
တောက်ပသော နေခြောက်စင်းက လေဟာနယ်စင်မြင့်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းထားလိုက်သည်။
ထို လောင်ကျွမ်းနေသော မီးတောက်နှင့် နှိုင်းယှဉ်လိုက်ပါက မိုးမြေသာမက နေမင်းနှင့် လမင်းပါ မှေးမှိန်သွားသည်။
နေကိုးစင်း ဂိုဏ်းချုပ် လက်ကို ယမ်းလိုက်သည့်အခါ တောက်ပသော နေခြောက်စင်းက ကြာပြာဆီသို့ ချက်ချင်း ဦးတည်သွားသည်။
ကြာပြာက မျက်တောင်တစ်ချက် မခတ်ပေ။ သူ့လက်ထဲရှိ ရွှေတုတ်တံက ရုတ်တရက် တုန်ခါသွားသည်။
တောက်ပသော ရွှေရောင်အလင်းတန်းက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ မြေပြင်ပေါ်သို့ လင်းလက်တောက်ပသွားစေသည်။
သူ့လက်ထဲရှိ တုတ်တံက ရုတ်တရက် ကြီးမားလာကာ အရှည်ပေတစ်သောင်း ရှိသွားသည်။ သူ့ပုံစံက မြေပြင်မှ ကောင်းကင်သို့ ထိုးဖောက်သွားတော့မည့်ပုံစံ ဖြစ်နေသည်။
“ ကောင်းကင်ထောက်တိုင်း”
ကြာပြာက သူ၏ အထွတ်အထိပ်ပင်လယ်တုတ်တံကို အသက်သွင်းကာ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ပြီးနောက် သူ၏ တုတ်တံကို တောက်ပသော နေမင်းများဆီသို့ လွှဲယမ်းရင်း မရေတွက်နိုင်သော တုတ်တံ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ဝုန်း…
အာကာပြင် ပြိုလဲသွားကာ တောက်ပသောနေခြောက်စင်းက တစ်စစီဖြစ်သွားပြီး မီးပွားများက အဘက်ဘက်သို့ လွင့်စင်သွားသည်။
သို့သော် ရွှေမီးတောက်များက ရွှေတုတ်တံအပေါ်သို့လည်း ကျရောက်သွားသည်။
“ ချူးလုံဟယ် မင်းက အရမ်းအားနည်းနေသေးတယ်”
ကြာပြာ၏ တိုက်ခိုက်စွမ်းရည်က ယခင်ကထက် အများကြီး ဆိုးရွားသွားသည်ကို သိလိုက်ရသည့်အတွက် နေကိုးစင်း ဂိုဏ်းချုပ်က ဝမ်းသာသွားသည်။
ယခင်တုန်းက နေကိုးစင်း ဂိုဏ်းချုပ် ကြာပြာနှင့် တိုက်ခိုက်လျှင် ပြန်လည်တိုက်ခိုက်ဖို့အတွက် လုံးဝ အခွင့်အရေး မရှိခဲ့ပေ။
ယခုလက်ရှိတွင် ကြာပြာက သူ၏ တိုက်ခိုက်မှုကို လုံးဝ တွန်းလှန်နိုင်စွမ်းပင် မရှိပေ။
နေကိုးစင်း ဂိုဏ်းချုပ်က သူ ကြာပြာကို အနိုင်ယူနိုင်သည်ဟု ယုံကြည်သည့်အတွက် ပိုပြီးတော့ စိတ်ဓာတ်တက်ကြွလာသည်။
“နေကိုးစင်း ကောင်းကင်ဝင်စားခြင်း”
သူက ကောင်းကင်သို့ မော်ကြည့်ကာ ဟစ်ကြွေးလိုက်သည့်အတွက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ လောင်ကျွမ်းနေသော မီးတောက်များက တောက်ပနေသည်။
မီးပင်လယ် ထိုးဖောက်ထွက်လာကာ လေဟာနယ်ကို ဗလာနတ္ထိဖြစ်အောင် လောင်ကျွမ်းစေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စည်းမျဉ်းများကို ပြိုလဲသွားစေသည်။
ပြင်းထန်သော မီးတောက်များက ကြာပြာကို လုံးဝ ဝါးမျိုချင်နေသည့်ပုံပေါ်သည်။
နေကိုးစင်း ဂိုဏ်းချုပ်က တိုက်ခိုက်ဖို့အတွက် စွမ်းအားအကုန်ထုတ်သုံးထားသည့်အတွက် စစ်မှန်သော ဝိဇ္ဇာကိုပင် အလွယ်လေး သတ်နိုင်လောက်သည်အထိ စွမ်းအားကြီးသည်။
သို့သော် ကြာပြာက နေကိုးစင်း ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကို လုံးဝ စိတ်မဝင်စားသည့်ပုံစံဖြင့် မလှုပ်မယှက်နေနေသည်။
သို့သော် သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ မူလက အရေးမပါသလိုလုပ်နေသော မျက်နှာထားက လေးနက်လာသည်။
ကြာပြာက အေးစက်စွာ ပြောလိုက်သည်
“ ငါ လှုပ်ရှားလာအောင် ဘာလို့ ဖိအားပေးဖို့ လိုအပ်တာလဲ”
ဝုန်း…
သူ၏ အရှိန်အဝါက ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ ထိုးဖောက်ထွက်လာသည်။
ကြာပြာကို ပတ်လည်ဝန်းရံနေသော စည်းမျဉ်းများကလည်း တောက်ပသွားကာ သူ့ကို လွှမ်းခြုံထားသည်။
သူ့နောက်မှ ပုံရိပ်နှစ်ခု ထွက်လာသည်။ သူတို့က ကြာပြာနှင့် အလွန်အသွင်တူသော်လည်း သူတို့၏ အရှိန်အဝါများက အင်မတန် စွမ်းအားကြီးလှသည်။
ထိုအရာက ကြာပြာကျင့်ကြံခဲ့သည့် ချီတစ်သွယ် သန့်စင်သုံးပါးကျင့်စဉ်ဖြစ်သည်။
ကြာပြာသုံးယောက်၏ အရှိန်အဝါများက အပြင်းအထန်တိုးတက်လာကာ နေကိုးစင်းဂိုဏ်းချုပ်၏ အရှိန်အဝါထက်ပင် ပိုပြီးတော့ စွမ်းအားကြီးနေသေးသည်။
ထိုမြင်ကွင်းက အားလုံးကို ကြောက်လန့်သွားစေပြီး အထူးသဖြင့် ကြာပြာနှင့် ခေတ်တူ ဂိုဏ်းချုပ်များက မေးရိုးပြုတ်ကျမတတ် အံ့ဩသွားကြသည်။
သူတို့၏ အကြည့်များထဲတွင် အံ့ဩမှင်သက်မှုများဖြင့် ပြည့်နှက်နေသည်။
ကြာပြာက သူတို့ကို စွမ်းအားကြီးသည့်ပုံစံကို ပြသလိုက်သည်။
နယ်မြေငါးခုကို လွှမ်းမိုးနိုင်သည့် ချူးလုံဟယ် ပြန်ရောက်လာပြီဖြစ်သည်။
“ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ မင်းက မင်းရဲ့ ကျင့်စဉ်တွေအားလုံးကို ဆုံးရှုံးလိုက်ရတာ မဟုတ်လား”
နေကိုးစင်း ဂိုဏ်းချုပ်က ကြောက်လန့်မှုကြောင့် မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။
ကြာပြာက ကိုယ့်ကိုယ်ကို ပေါက်ကွဲအောင် လုပ်ထားသည့်အတွက် ချီသန့်စင်ခြင်းလမ်းကြောင်းကို ထပ်ပြီးတော့ လိုက်လို့မရတော့ပေ။ အားလုံးက ထိုအချက်ကို သတိပြုမိကြသည်။
သို့သော် သူ့ကိုကြည့်ရတာ နတ်ဘုရားကိုယ်ထည်မာလမ်းကြောင်းတစ်ခုတည်းကိုသာ သွားမည့်သူလည်း မဟုတ်ပေ။
သူ နှစ်ခုလုံးကို ကျင့်ကြံခဲ့သည်မှာ ထင်ရှားလှသည်။
သူ့အရှိန်အဝါကလည်း ယခင်ထက်ပိုပြီးတော့ ထိတ်လန့်စရာကောင်းလာပုံပေါ်သည်။
မူလက ယုံကြည်မှု အပြည့်အဝရှိသော နေကိုးစင်းဂိုဏ်းချုပ်က ချက်ချင်း ယုံကြည်မှုတို့ ပျောက်ဆုံးသွားကာ တုန်ရီနေသည်ကို ထိန်းချုပ်မရနိုင်တော့ပေ။
အတိတ်တုန်းက ချူးလုံဟယ်သည် အရမ်းကြောက်ဖို့ကောင်းခဲ့ပြီး အရည်အချင်းကလည်း အရမ်းထူးခြားခဲ့သည်။
ထိုအချိန်တွင် ယခုလက်ရှိသူက ယခင်ကထက် ပိုပြီး ကြောက်ဖို့ကောင်းနေသည်။
“ ငါ မယုံဘူး။ ငါ မင်းကို အနိုင်ယူနိုင်တယ်”
နေကိုးစင်း ဂိုဏ်းချုပ်က ရက်စက်ခက်ထန်သော မျက်နှာထားဖြင့် ရုတ်တရက် ချူးလုံဟယ်ဆီသို့ အဆုံးမဲ့လောင်ကျွမ်းမီးတောက်များကို လွှတ်ထုတ်နေသည်။
“ တိုက်ခိုက်”
ကြာပြာက ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည့်အခါ သူ့အရှိန်အဝါသည်လည်း ရုတ်တရက် ပေါက်ကွဲသွားသည်။
ကြာပြာ သုံးယောက်ကလည်း နေကိုးစင်း ဂိုဏ်းချုပ်ဆီသို့ အမြန်သွားကာ တိုက်ခိုက်လိုက်သည်။
မီးတောက်များက နေရာအနှံ့သို့ ပျံ့နှံ့သွားကာ အလွှာထဲတွင် အဆုံးမဲ့မီးတောက်ကြောင့် အပေါက်သုံးပေါက် ဖြစ်သွားသည်။
ကြာပြာ သုံးယောက်က နေကိုးစင်း ဂိုဏ်းချုပ်၏ ဘေးသို့ ချက်ချင်း ရောက်သွားကာ သူ့ကို စတင်ရိုက်နှက်တော့သည်။
ဒုန်း…
ဒုန်း…
ဒုန်း…
ရုပ်ပိုင်းဆိုင်ရာ ကျိုးပျက်သောအသံများ ထွက်ပေါ်လာသည်။
ကြာပြာသုံးယောက်၏ ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် နေကိုးစင်းဂိုဏ်းချုပ်က ပြန်လည်ခုခံဖို့ အခွင့်အရေး လုံးဝ မရှိခဲ့ပေ။
သူက မြေပြင်ပေါ်တွင် ကပ်နေကာ ဆက်တိုက်ရိုက်နှက်ခံနေရသည်။
အချိန်ခဏတာအတွင်းမှာပင် နေကိုးစင်း ဂိုဏ်းချုပ်က ပြာနှမ်းနေအောင် ရိုက်နှက်ခံထားရသည်။
သူ ဝတ်ဆင်ထားသော ဝိဇ္ဇာစစ်ချပ်ဝတ်တန်ဆာပင် ပျက်စီးနေပြီဖြစ်သည်။
“ ငါ့ကို မရိုက်ပါနဲ့တော့။ အရှုံးကို ဝန်ခံပါတယ်”
နောက်ဆုံးတွင် နေကိုးစင်းဂိုဏ်းချုပ်က ရိုက်နှက်ခြင်းကို ဒဏ်မခံနိုင်တော့သည့်အတွက် ကြာပြာကို ရပ်တန့်ဖို့အတွက် တောင်းပန်လိုက်သည်။
သို့သော် ကြာပြာက နေကိုးစင်း ဂိုဏ်းချုပ်ပြောသည်ကို ဂရုမစိုက်ပဲ ပြင်းထန်စွာသာ ဆက်လက်ရိုက်နှက်နေတော့သည်။
တစ်ချိန်တည်းမှာပဲ ပါးစပ်ကလည်း ပြောနေသေးသည်။
“ မင်း ရပ်လို့ ပြောတာနဲ့ ငါက ရပ်မယ်များ ထင်နေလား။ အဲလိုဆိုရင် ငါ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာပေါ့။
ညီအစ်ကိုတို့ သူ့ကို အသေရိုက်။
ဟား…ဟား…ဟား…မင်းက ငါ့ကို မရိုက်နှက်ဖို့ ပြောတယ်ဟုတ်လား။ ဒါဆိုရင်တော့ သေချာပေါက် ရိုက်ပေးရမှာပေါ့”
ကြာပြာပြောသော စကားကို ကြားပြီးနောက် နေကိုးစင်း ဂိုဏ်းချုပ်က ခါးသီးစွာ ခံစားလိုက်ရသည်။
ကြာပြာက ကြားထားတဲ့သတင်းတွေအတိုင်း တကယ်ကို အရေထူတာပဲ
သူ အရှုံးကို ဝန်ခံထားပြီးတာတောင် မရပ်တန့်သေးဘူး
သူက ငါ့ကို လုံးဝ ရိုက်နှက်ချင်နေတာပဲ
“ ဆရာချူး ရပ်တန့်သွားဖို့ ကျုပ် ဘာများ လုပ်ပေးရမလဲဟင်”
နေကိုးစင်း ဂိုဏ်းချုပ်က တိုက်ခိုက်မှုများကို ကာကွယ်ဖို့အတွက် ခေါင်းကိုသာ လက်ဖြင့် ကာထားနိုင်ပြီး လုံးဝ ပြန်လည်ခုခံနိုင်ခြင်းမရှိပေ။
ဤအိပ်မက်ဆိုးကြီး တတ်နိုင်သမျှ မြန်မြန် ပြီးသွားဖို့သာ မျှော်လင့်နိုင်တော့သည်။
ကြာပြာက ပြောလိုက်သည်
“ ကောင်းပြီလေ မင်းကို ရိုက်နှက်နေတာကို ရပ်တန့်ပေးနိုင်ပါတယ်။ မင်းကို ရိုက်နှက်ရလွန်းလို့ ငါ့လက်တွေတောင် အတော်လေး နာနေပြီ။ မင်းအနည်းဆုံးတော့ ငါ့အတွက် ဆေးဖိုးလေး လျော်ပေးသင့်ပါတယ်”
ကြာပြာက နည်းလမ်းဟောင်းအတိုင်း ကျင့်သုံးနေသည်။
“ မင်း… အိပ်မက် ဆက်မက်နေလိုက်” နေကိုးစင်း ဂိုဏ်းချုပ်က အော်ဟစ်ပြောဆိုလိုက်သည်။
သူ့မျက်နှာနီရဲလာကာ ပါးစပ်မှလည်း သွေးများ အန်ထွက်နေသည်။ ထိုအရာက ကြာပြာ၏ ရိုက်နှက်မှုကြောင့်လား ဒေါသကြောင့်လားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေ။
ငါက ဒဏ်ရာရတဲ့သူဖြစ်တာတောင် မင်းက မင်းအတွက် ဆေးဖိုးပေးခိုင်းနေသေးတာလား။ မျှတမှု မရှိဘူးလေ
“ အော်…မင်းက မပေးနိုင်ဘူးပေါ့ ဟုတ်လား။
ဒါဆိုလည်း ဆက်ပြီး ခံစားခိုင်းရမှာပေါ့”
ကြာပြာ သုံးယောက်က သူတို့၏ ခွန်အားကို မြှင့်တင်လိုက်သည့်အတွက် ထိတ်လန့်စရာကောင်းသော အရှိန်အဝါက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လေဟာနယ်စင်မြင့်ပင် စတင် တုန်ခါလာသည်။
ပတ်လည်ဝန်းရံနေသော ဂိုဏ်းချုပ်များလည်း ကြက်သီးမွေးညင်းပင် ထလာမိသည်။
နေကိုးစင်း ဂိုဏ်းချုပ်က ကြာပြာကို စော်ကားလောက်သည်အထိ မိုက်မဲလွန်းလှသည်။
ကြာပြာကလည်း တကယ်ကို အရှက်မဲ့လှသည်။
လူအများက ဆက်လက်ပြီး မကြည့်ရှုနိုင်တော့သည့်အတွက် တခြားဘက်သို့ အကြည့်လွှဲထားကြသည်။
ကြာပြာ၏ ရိုက်နှက်မှုက မမေ့နိုင်စရာဆိုတာကတော့ သံသယဝင်ဖွယ်ရာ မရှိပေ။
နေကိုးစင်းဂိုဏ်းချုပ်အနေဖြင့် လဝက်လောက်ကြာသည်အထိ သေချာပေါက် နလန်ထူနိုင်မည် မဟုတ်တော့ပေ။
နေကိုးစင်း ဂိုဏ်းချုပ်က ဒီထက်ပိုပြီးတော့ သည်းမခံနိုင်တော့သည့်အတွက် အမြန် အော်ဟစ်လိုက်ရသည်
“ ဟုတ်ပြီ…ဟုတ်ပြီ…မင်းကို ပေးမယ်…ပေးမယ်”
သူသာ ဆက်ပြီးတော့ ရိုက်နှက်ခံရပါက သူ၏ ဂုဏ်သိက္ခာအားလုံး ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သည်။
ကြာပြာက နေကိုးစင်း ဂိုဏ်းချုပ် ပြောတာကို ကြားပြီးနောက် ရပ်တန့်လိုက်သည်။
သူက ကျီစယ်သောအပြုအမူဖြင့် ပြောလိုက်သည်
“ စောစောကတည်းက ဘာလို့မပြောတာလဲ။ ဘာလို့ အကြာကြီး တောင့်ခံနေရတာလဲ”
နေကိုးစင်း ဂိုဏ်းချုပ်ကိုကြည့်ရတာ အရမ်းဆိုးရွားနေသည်။ သူ၏ ဝိဇ္ဇာချပ်ဝတ်တန်ဆာက လုံးဝ စုတ်ပြတ်နေကာ သူ့မျက်နှာကလည်း ဝက်ခေါင်းလောက် ဖူးယောင်နေသည်။
သူက အရာအားလုံးကို လက်ခံပြီးပြီဖြစ်သည့်အတွက် မြေပြင်ပေါ်မှ ထဖို့အတွက် ရုန်းကန်နေသည်။
ဒါက ရိုက်နှက်တာလေး တစ်ခုပဲလေ
အဲဒါကလည်း သူ အရင်တုန်းက ရိုက်နှက်မခံဘူးတာကြောင့် မဟုတ်ဘူး
ကြာပြာ၏ စကားလုံးများက သူ့ကို လက်ရှိအချိန်သို့ ပြန်လည်ဆွဲခေါ်လိုက်သည်။
“ ငါ့ရဲ့ဆေးဖိုး၊ ဂုဏ်သိက္ခာပျက်စီးမှုနဲ့ စိတ်ဖိစီးမှုအတွက် လျော်ကြေးပေးဖို့ မမေ့နဲ့ဦး…
နောက်ဆုံးပြောရရင် ငါ့ကို ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတစ်ရာဝန်းကျင်လောက် ပေး”
ကြာပြာက စကားပြောကာ လျော်ကြေးအတွက် ရသင့်သည်များကို တွက်ချက်နေသည်။
နေကိုးစင်း ဂိုဏ်းချုပ်က ကြာပြာ ပြောသည်ကို ကြားပြီး နောက်ထပ်တစ်ခါ သွေးအန်ပြန်သည်။
သေစမ်း…ဒါက အရမ်းလွန်သွားပြီ
မင်းက ငါ့ကို ရိုက်နှက်ပြီးသွားတာတောင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေ လိုချင်သေးတယ်ပေါ့လေ
မင်း အရမ်းလွန်သွားပြီ
နေကိုးစင်း ဂိုဏ်းချုပ်က ချက်ချင်း မေ့လဲသွားသည်။
မေ့လဲသွားတာက နိုးနေတာထက် ပိုပြီးတော့ ကောင်းတာပေါ့
ငါသာ နိုးနေတယ်ဆိုရင် ဆက်ပြီးတော့ လှောင်ပြောင်ခံနေရလိမ့်မယ်။ ပြီးတော့ သူ့ကို လျော်ကြေးတောင် ပေးနေရဦးမယ်…
“ သူ့ရဲ့ ခံနိုင်စွမ်းက အရမ်းအားနည်းတာပဲလား။ သူ ခဏလေးနဲ့တင် မေ့လဲသွားတယ်။
ငါ အဲလောက်ကြီးလည်း အများကြီး မတောင်းဆိုပါဘူး။
မေ့လဲသွားလည်း လွတ်မြောက်နိုင်မယ်လို့ ထင်မနေနဲ့။ ငါ ပြောလိုက်တဲ့ လျော်ကြေးတွေ အားလုံးပေးရမယ်”
ကြာပြာက ပုခုံးတွန့်ပြကာ နေကိုးစင်း ဂိုဏ်းချုပ်ကို ပထမ နေကိုးစင်း သူတော်စင်ဆီသို့ ပစ်လိုက်သည်။
အားလုံး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
အဲဒီလူယုတ်မာက လုံးဝ မပြောင်းလဲသွားဘူးပဲ
သူ အနိုင်ရပြီးတာတောင် တခြားသူတွေကို စကားလုံးနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့နေရာမှာတော်နေတုန်းပဲ
သူ့ကို စော်ကားရဲသူအားလုံး အလွန်ဆိုးရွားသော ကံဆိုးမှုနှင့် သေချာပေါက် ကြုံတွေ့ရမည်ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘက်မှ တိုက်ပွဲလည်း အဆုံးသတ်သွားပြီဖြစ်သည်။ တောက်ပသော မိုးကြိုးအရှိန်အဝါက သူ့ကို လွှမ်းခြုံထားကာ သူက လေထဲတွင် မတ်တပ်ရပ်နေသည်။ သူက ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး စွမ်းအားကြီးပုံပေါ်စေသည်။
နေကိုးစင်း မဟာဝိဇ္ဇာနှစ်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေကာ မိုးကြိုးဖြင့် ပစ်ခံထားရသည့်အတွက် မဲတူးနေသည်။ သူတို့၏ ခန္ဓာကိုယ်များလည်း ပြင်းထန်စွာတုန်လှုပ်နေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အေးစက်စွာ ပြောလိုက်သည်
“ သူတို့ရဲ့ ခွန်အားက အရမ်းကို ထူးခြားပါတယ်။ အနိုင်ရသူကို ဒီနေ့ မဆုံးဖြတ်ရသေးဘူး။ အနာဂတ်မှာ ထပ်ပြီးတော့ ယှဉ်ပြိုင်ကြတာပေါ့”
အားလုံး ကြောင်အသွားကြသည်။
မင်းက သူတို့ကို အသေရိုက်နှက်ထားပေမဲ့ အနိုင်ရသူ မရှိသေးဘူးတဲ့လား
ဒါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တိုက်ပွဲတွေအတွက် တကယ်ကို သရေပဲ
အားလုံး တုံ့ပြန်လိုက်သည့်အခါ အသက်ပြင်းပြင်း ရှူမသွင်းပဲ မနေနိုင်ပေ။
ဒီနှစ်ယောက်က အရမ်းကြောက်ဖို့ကောင်းတာပဲ
မဟာဝိဇ္ဇာသုံးယောက်က လူနှစ်ယောက်ရဲ့ အနိုင်ယူမှုကို အလွယ်လေး ခံလိုက်ရတာလား
သူတို့နှစ်ယောက်က ခွန်အားကို သေချာဖုံးကွယ်ထားတဲ့ ကောက်ကျစ်တဲ့ မြေခွေးအိုကြီးတွေပဲ
အဲဒီကံဆိုးတဲ့သူတွေက သူတို့ကို မစော်ကားခဲ့ဘူးဆိုရင် သူတို့ရဲ့ ခွန်အား ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တိုးတက်လာဖို့အတွက် စိတ်ဆုံးဖြတ်ထားပြီးပြီထင်တယ်
သူတို့ဆီမှာ အရမ်းထူးခြားတဲ့ အရည်အချင်းရှိတဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှိနေရုံတင်မကသေးပဲ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်ကလည်း အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးနေသည်။
နယ်မြေငါးခုလုံးတွင် သူတို့နှင့် ယှဉ်နိုင်သည့် အထွတ်အမြတ်မြေများက လက်တစ်ဆုပ်စာသာရှိသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မစော်ကားသင့်ဘူး
အားလုံးတွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မခုခံရဲဘူးဆိုသည့် တူညီသောအတွေးမျိုး ရှိနေကြသည်။
သူတို့နှစ်ယောက် နေကိုးစင်း အထွတ်အမြတ်မြေကို အလွယ်တကူ အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသည့်အတွက် ချီသဲ့လုံက အရမ်းအံ့ဩမှင်သက်သွားသည်။
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကြာပြာ ခင်ဗျားတို့နှစ်ယောက်က အရင်တုန်းကလိုမျိုး စွမ်းအားကြီးနေတုန်းပဲနော်။ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်နှစ်ယောက်ကတော့ တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ” ချီသဲ့လုံက ချီးကျူးလိုက်သည်။
ချီသဲ့လုံက ယခုတစ်ခေါက် ရှန်ထျန်းကို ကူညီလိုက်ခြင်းက မှန်ကန်သောအရာဟု သူ ခံစားမိသည်။
ရှန်ထျန်းက သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်မျိုး ရှိသွားရုံသာမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကဲ့သို့ အင်အားကြီး အထွတ်အမြတ်မြေနှင့်ပါ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်သွားမည်ဖြစ်သည်။
ဒါက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရတဲ့ အခြေအနေပဲ
“ မြှောက်နေပြန်ပါပြီ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ငြင်သာစွာ လှုပ်ယမ်းသွားသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်က ယခင်တုန်းက အဆက်အဆံ သိပ်မရှိခဲ့ပေ။
သို့သော် ယခု ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်က ကူညီချင်နေသည်။
ထိုအရာကလည်း သေချာပေါက် ရှန်ထျန်းကြောင့်ဖြစ်သည်။
ထျန်းအာကတော့ ထင်ထားတဲ့အတိုင်း အရမ်း အရည်အချင်းရှိတာပဲ။ ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်က ငါတို့နဲ့တောင် ပူးပေါင်းချင်နေပြီ
အထွတ်အမြတ်မြေက မြင့်တက်ဖို့အတွက် ကံပါလာပြီ ထျန်းအာရေ
ဟား…ဟား…ဟား…
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
“ တိတ်ကြစမ်း”
ထိုအသံက ကျယ်လောင်ကာ ကြည်လင်ပြတ်သားသလို လေးနက်ပြီး ဩဇာကြီးမားလှသည်။ ထိုအသံက ဆူညံနေသော လူအုပ်ကို တိတ်ဆိတ်သွားအောင် လုပ်ပေးလိုက်သည်။
အားလုံးက ခေါင်းမော့ရင်ကော့ကာ ကောင်းကင်သို့ မျှော်ကြည့်လိုက်ကြသည်။
ပုံရိပ်တချို့က လေဟာနယ်ထဲမှ ထွက်လာပြီး အရှိန်အဝါကလည်း ပြင်းထန်လှသည်။
သူတို့က ချည်ကြမ်းထည်ကိုဝတ်ဆင်ထားပြီး ရိုးရှင်းသော အဝတ်အစားများကို ဆင်မြန်းထားသည့် လူအိုတစ်စုဖြစ်သည်။ သူတို့က ကြီးကျယ်မြင့်မြတ်သော အမူအရာရှိပြီး ကြောက်ရွံ့ရိုသေခံရသူများဖြစ်ကြသည်။
သူတို့က ကျိရှားကျောင်းတော်၏ ဝါရင့်ဆရာများဖြစ်ကြပြီး စွမ်းအားကြီးသော ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။
ခဲရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးကြီးက ရှေ့တိုးလာကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်
“အထွတ်အထိပ် ကောင်းကင်သစ်ပင်က ကြိုတင်ပြီးတော့ ပေါ်ထွက်လာပြီဆိုတော့ ဒီကမ္ဘာလောကကို ကောင်းချီးပေးနေပြီ။
ဒါပေမဲ့ အန္တရာယ်နဲ့ အခွင့်အရေးက ဒင်္ဂါးပြားရဲ့ တစ်ဖက်တစ်ချပ်စီလိုပဲ အဲဒါကြောင့် အရမ်း မပေါ့ဆနဲ့။
ဒီနေ့ မဟာနတ်ဧကရာဇ် ကိုယ်တိုင်လာပြီးတော့ အထွတ်အထိပ် ကောင်းကင်သစ်ပင်မှာ သတိထားရမဲ့အရာတွေကို ပြောပြလိမ့်မယ်။
အချက်အလက်တစ်ခုချင်းစီက အရေးကြီးတာမလို့ အားလုံး သေချာနားထောင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုအဖိုးကြီး ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သူတို့က ထပ်မံ ဆွေးနွေးလိုက်ကြပြန်သည်။
“ မဟာနတ်ဧကရာဇ်ဆီက အကြံဉာဏ်တဲ့လား။ ဂုဏ်ယူစရာပဲ”
“ ငါတို့တော့ သေချာပေါက် မဟာနတ်ဧကရာဇ်ရဲ့ သင်ကြားပေးမှုတွေကို လိုက်နာရမယ်”
“ ဆရာ ကျွန်တော်ကတော့ မဟာနတ်ဧကရာဇ် ပြောတာကို လိုက်ရေးဖို့အတွက် အဆင်သင့်ဖြစ်နေပြီ”
အားလုံးက ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေကြသည်။
ဟွမ်ရှစ်က သူတို့အတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူက နယ်မြေငါးခုလုံးတွင် အသန်မာဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည့် ဖြစ်တည်မှုမျိုးဖြစ်သည်။
သူက အလွန်အမင်း စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။ သူတို့ထဲမှ အများစုက သူ့အကြောင်းများကိုသာ ကြားဖူးခဲ့ပြီး တစ်ခါမှ မမြင်ခဲ့ဖူးပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း မဟာနတ်ဧကရာဇ်၏ ကိုယ်တိုင်သင်ပြမှုကို ခံရသောသူကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရနိုင်သည်။
သူတို့က မဟာနတ်ဧကရာဇ်၏ သင်ကြားပြသမှုကို နားထောင်ရလောက်အောင်အထိ ကံကောင်းသည့်အတွက် အလွန်အမင်း ဂုဏ်ယူနေကြသည်။
မျိုးဆက်ဟောင်းများမှ စွမ်းအားကြီးသူများက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ကြသည်။
မဟာနတ်ဧကရာဇ်လည်း ကပ်ဘေးနီးကပ်လာပြီဆိုတာကို အာရုံခံမိလို့ ထွက်ပေါ်လာတာဖြစ်လိမ့်မယ်
လူအားလုံး အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာမှ အကျိုးအမြတ်များရရှိပြီး ကျင့်ကြံဆင့်များကို မြှင့်တင်နိုင်စေရန်အတွက်ပဲ
ဒါမှ သူတို့လည်း ရောက်ရှိလာတဲ့ ကပ်ဘေးကို ရင်ဆိုင်နိုင်မှာ
ကြည့်ရတာ ငြိမ်းချမ်းတဲ့နေ့ရက်တွေကို ရေတွက်လို့ရပြီထင်တယ်