အပြင်ရောက်မှ ပြောရအောင်
Vol. 13 Ch. 146
သစ်ပင်နောက်တွင်ပုန်းနေသောချင်းရှု အလွန်ကြောက်ရွံ့နေခဲ့၏
သူသည် ရှို့ယီဘုရားကျောင်းကမှန်း ပြောပြပြီးဖြစ်သလို သူ့ရပ်တည်ချက်ကိုလည်း ပြပြီးတာတောင် တစ်ဖက်လူက သူ့ကိုဘာမှပြန်မပြောသေးပေ။
ထိုကဲ့သို့သော အမှောင်ထဲတွင်ပုန်းအောင်းကာ ကြောက်စရာလက်နက်ကိုကိုင်ထားပြီး စိတ်ရှည်လွန်းသည့် အမည်မသိရန်သူကိုရင်ဆိုင်ရရာတွင် မည်သူက မကြောက်ဘဲ နေပါမည်နည်း။
ထိုစဥ် ရုတ်တရက် သူ့နားသို့ ချဉ်းကပ်လာသော ခြေသံများကို သူကြားလိုက်ရလေသည်။ သူ့နှလုံးသားပျော်ရွှင်မှုဖြင့် တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလို သူ့စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ကာ ထိုအနားရောက်လာသည်နှင့် တစ်ချက်တည်းဖြင့် တိုက်ခိုက်ပစ်လိုက်မည်ဟု တွေးထားခဲ့၏။
သူတိတ်တဆိတ်တွက်ချက်နေခဲ့သည်။
မင်းက ငါ့ကိုခြုံခိုတိုက်ချင်တယ်ပေါ့လေ ဒီတစ်ကြိမ်တော့ငါမင်းကိုငရဲကိုပို့ပစ်မယ်ကွ ငါ့ရက်စက်မှုအတွက် အပြစ်မတင်လေနဲ့!
ခြေသံနီးကပ်လာခဲ့ပြီး နောက်ဆုံးတွင် သူပုန်းနေသော သစ်ပင်ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူရုတ်တရက် သစ်ပင်မှခုန်ထွက်လာပြီး တိုက်ခိုက်ဖို့ပြင်လိုက်သောအခါ တစ်ကျန်းလောက်မြင့်သောကျားကြီးတစ်ကောင်က သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ချင်းရှု ကြက်သေေသသွားခဲ့၏။
ကျား….ကျားတစ်ကောင်လား!
ထိုအခိုက်တွင် ကျားမိစ္ဆာချင်းရှု၏တိုက်ခိုက်လိုစိတ်ကို သတိထားမိသွားပြီး အသံ ခပ်နိမ့်နိမ့်ဖြင့် ဟိန်းလိုက်လေရာ သူ့ကိုယ်က သုံးဆပိုကြီးလာပြီး လက်သည်းများလည်း ရှည်ထွက်လာပြီး ချင်းရှုကိုအချိန်မရွေးလက်သည်းကြီးများဖြင့် ရိုက်ပစ်တော့မည်ပုံဖြင့် အေးစက်စက်စိုက်ကြည့်နေခဲ့သည်။
ဧရာမကျားကြီးထံမှ ကြီးမားလွန်းသောဖိအားကြီးကို ခံစားလိုက်ရသောအခါ ချင်းရှု၏စိတ်ဝိညာဉ်စွမ်းအင်များ ချက်ချင်းကြက်ပျောက်ငှက်ပျောက်ပျောက်သွားခဲ့၏။ သူအားတင်း၍ ပြုံးလိုက်ကာ ပြောလိုက်သည်။
“စိတ် စိတ်မဆိုးပါနဲ့ ငါ့ကိုမင်းဆရာဆီခေါ်သွားပေးနော် မင်းကအဇူရာတိမ်ဂိုဏ်းကဆိုတာ ငါသိပါတယ် စကားနဲ့အေးဆေးပြောကြတာပေါ့ သတ်ဖြတ်နေဖို့မလိုပါဘူး”
ကျန်းယန်က တိုက်ပွဲကွင်းပြင်ထဲ ကျားတစ်ကောင်ကိုခေါ်၍ ၀င်သွားခြင်းကို မသိသူမည်သူရှိပါမည်နည်း။
ထို့ကြောင့် ကျားကိုမြင်ရုံနှင့် ပုန်းေနသူကကျန်းယန်မှန်း သူသိသွားခဲ့ခြင်း ဖြစ်၏။
သို့သော် အဇူရာတိမ်ဂိုဏ်းက တိုက်ပွဲကွင်းပြင်ထဲ အခုလိုစွမ်းအားကြီးလက်နက်မျိုး ဘယ်လိုယူလာသလဲဆိုတာကိုတော့ သူအဖြေမရှာနိုင်သေးပေ။
ကျားမိစ္ဆာ ချင်းရှုကိုအထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်ကျုံ့လိုက်ပြီးနောက် ပုန်းနေသော ကျန်းယန်ဆီခေါ်သွားခဲ့လိုက်သည်။
သူ့ဆီချဉ်းကပ်လာသော ချင်းရှုကိုမြင်သောအခါ ကျန်းယန် ဘားရတ်ရိုင်ဖယ်ကိုကိုင်ထားရင်း အေးအေးဆေးဆေးပြောလိုက်၏။
“မင်းရဲ့ ခရမ်းနန်းတော်အခြေတည်ဝိညာဉ်ကို စည်းပိတ်ထားလိုက် ဒါဆို ငါတို့စကားပြောလို့ရပြီ မဟုတ်ရင်တော့ငါမင်းကိုသတ်ပစ်မှာ”
ချင်းရှု စကားပြန်ပြောတော့မည့် အချိန်တွင် စစ်ထူမင်ယွဲ့လည်း ပြန်ရောက်လာခဲ့လေသည်။
အခြေအနေမူမမှန်သည်ကို မြင်သောအခါ သူမလည်း ချင်းရှုနားတွင် ဝင်ရပ်လိုက်ပြီး သူတို့သုံးယောက် ချင်းရှုကို ထောင့်သုံးထောင့်မှ ဝိုင်းပတ်၍ ပိတ်ဆို့ထားလိုက်၏။
“ငါအရှုံးကို၀န်ခံပါတယ်” ချင်းရှု အမြန်အော်ပြောလိုက်သည်။
“ငါတို့ ရှို့ယ်ိဘုရားကျောင်းက ကောင်းကင်လမ်းစဉ်ကိုကျင့်ကြံတာ ပိုပြီးတောင် မတိုက်ခိုက်ချင်သေးတယ် ကျေးဇူးပြုပြီး ငါ့စစ်မှန်မှုကို ယုံပေးပါ မတိုက်ခိုက်ကြပါနဲ့”
သူခါးသက်သက်ပြုံးလိုက်ကြီး ခရမ်းနန်းတော်ကိုပိတ်ချလိုက်ရ၏။
ထို့နောက်မြေပေါ်တွင်ထိုင်ကာ ကျန်းယန်ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။
“ငါမင်းပြောတဲ့အတိုင်းလုပ်ပြီးပြီးနော် ငါတို့အခု စကားပြောလို့ရပြီလား”
ကျန်းယန် နွယ်ကြိုးတစ်ကြိုးရှာကာ ချင်းရှုကို လုံး၀လှုပ်မရအောင် တုပ်ထားလိုက်ပြီးမှ စိတ်အေးသွားခဲ့၏။
“တာအိုမိတ်ဆွေလေး အခုပြောလို့ရပါပြီ မင်းကိုအသက်ချမ်းသာပေးရအောင် မင်းမှာဘယ်လိုထိုက်တန်တာတွေ ရှိလို့လဲ” ကျန်းယန် အေးစက်စက်မေးလိုက်လေသည်။
“ငါ့ကိုကောင်းကောင်းရှင်းပြနိုင်ရင် မင်းအသက်ကိုချမ်းသာပေးမယ် ကောင်းကောင်းမရှင်းပြနိုင်ရင်တော့ မင်းဘိုးဘေးတွေနောက်ကို လိုက်သွားပေတော့”
“ငါ့ကိုနာကျင်အောင်မလုပ်ပါနဲ့” ချင်းရှုချက်ချင်းအော်ပြောလိုက်ကာ အမြန်ရှင်းပြလိုက်၏။
“ငါမင်းကိုဘာအန္တရာယ်မှမပေးခဲ့ဘူးလေ မင်းကဘာလို့ငါ့ကို သတ်ချင်နေတာလဲ”
ကျန်းယန် ပြန်ထောက်လိုက်သည်။
“ငါတို့ အဇူရာတိမ်ဂိုဏ်းကကိုယ့်ကိစ္စကိုယ်ပဲ လုပ်နေတာပါ ဒါပေမယ့် ဘာလို့မင်းတို့ရှို့ယိဘုရားကျောင်းက စန်းစုန့်က ငါတို့ကိုအကောက်ကြံဖို့ကြိုးစားရတာလဲ”
“ငါ့ဆရာကိစ္စတွေကို ငါဘာတစ်ခုမှမသိဘူး”
“မင်းက စန်းစုန့်တပည့်လား”
“တိုက်ရိုက်တပည့်တစ်ယောက်ပါ”
ကျန်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ စိတ်ပေါ့သွားခဲ့သည်။
“မင်းအသက်တစ်၀က်ကိုတော့ ကယ်ပြီးပြီ နောက်တစ်၀က်ကတော့ မင်းစွမ်းဆောင်ရည်ပေါ်မူတည်နေတယ် မင်းရဲ့တန်ဖိုးနဲ့ သစ္စာရှိမှုကို ငါမြင်အောင် သက်သေပြ”
ချင်းရှု ကျန်းယန်ကိုကြည့်လိုက်ကာ သူ့စိတ်ထဲ အတွေးပေါင်းစုံဖြတ်ပြေးသွားခဲ့၏။
သူ့ဆရာနာမည်ကထိုမျှအသုံး၀င်နေလေရာ သူဆက်ပြီး အသုံးပြုသင့်ပါသလော။
“အများကြီးတွေးမနေနဲ့ မင်းဆရာက အဇူရာတိမ်ဂိုဏ်းမှာ အကျဉ်းကျခံထားရတာ အတော်ကြာပြီ” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“သူ့အသက်ရှင်မရှင်က ငါဒီကပြန်ရင် ဘာဖြစ်မလဲဆိုတဲ့အပေါ် မူတည်နေတယ် ဒါပေမယ့် နှစ်နှစ်တောင်ဂိုဏ်းထဲဖမ်းထားပြီးတဲ့နောက် သူနဲ့ငါ့ကြားဆက်ဆံရေးက အတော်အဆင်ပြေလာခဲ့တယ် အဲ့တာကြောင့် သူ့ကိုမျက်နှာပေးတဲ့အနေနဲ့ မင်းအသက်တစ်၀က်ကို ချမ်းသာပေးလိုက်ပါ ဒါပေမယ့် မင်းတန်ဖိုးနဲ့သစ္စာရှိမှုကို သက်သေမပြနိုင်ရင် ငါမင်းကိုသတ်ဦးမှာပဲ”
ချင်းရှုကြောင်အသွားခဲ့၏။
“ငါ့ဆရာ….သူအဇူရာတိမ်ဂိုဏ်းမှာ အဖမ်းခံထားရတာလား”
သူ့ဆရာ ဂိုဏ်းကိုပြန်မလာခဲ့ခြင်းက ကမ္ဘာအနှံ့လျှောက်သွားနေခြင်းကြောင့်ဟုသာ သူထင်နေခဲ့ခြင်း ဖြစ်သည်။
အခုလို အကျဉ်းချခံထားရခြင်းကြောင့်ဟု သူတစ်ခါမှ မတွေးမိခဲ့ဖူးပေ။
ကျန်းယန် ချင်းရှုကို ဘာမှပြန်မပြောဘဲ ကြည့်သာ နေခဲ့၏။
အကယ်၍ အစီအစဉ်အားလုံးအဆင်ပြေပြီး သူဂိုဏ်းသို့ ပြန်သွားနိုင်ခဲ့လျှင် စန်းစုန့်၏တည်ရှိမှုကို ဖုံးကွယ်ထားစရာမလိုတော့သောကြောင့် သူစန်းစုန့်အကြောင်း သူ့တပည့်ကိုပြောရဲနေခြင်း ဖြစ်သည်။
ချင်းရှု ကျန်းယန်စကားကိုမယုံသေးပေ။ သူ့ဆရာက အလွန်စွမ်းအားကြီးလေရာ မည်သို့အဖမ်းခံရနိုင်ပါမည်နည်း။
သို့သော် သူယုံယုံမယုံယုံ သူကြုံတွေ့နေသည်က သေခြင်းရှင်ခြင်းအခြေအနေမျိုး ဖြစ်၏။
သူတခဏတွေးတောကာ ပြောလိုက်သည်။
“ငါလက်နက်တွေထုလုပ်နိုင်တယ် ငါ၀တ်ထားတဲ့ချပ်၀တ်ကလည်း ငါကိုယ်တိုင်သွန်းလုပ်ထားတာ”
“ငါလည်း ပန်းပဲလုပ်တတ်တယ်လေ” ကျန်းယန် အေးအေးဆေးဆေးပြန်ပြောလိုက်၏။
“ငါ့ပန်းပဲပညာကအရမ်းမြင့်တယ်” ချင်းရှု အမြန်ထပ်ပြောလိုက်သည်။
“ဒီချပ်၀တ်ကိုပဲကြည့် အရမ်းပေါ့တယ် အရမ်းပါးတယ် ဒါပေမယ့် မင်းတိုက်ခိုက်မှုကို ခုခံနိုင်တုန်းပဲ ဒါကပဲ ငါ့ပန်းပဲပညာဘယ်လောက်မြင့်လဲ ပြနေပြီ”
ကျန်းယန် ချင်းရှု၀တ်ထားသောချပ်၀တ်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ဒီတစ်ခုကို သက်သေတစ်ခုအဖြစ် ထည့်တွက်ပေးမယ် ဆက်ပြော”
ချင်းရှုခါးသက်သက်ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ငါက ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ငါကအကျိုးတစ်ခုခုတော့ ဆောင်နိုင်လောက်တယ်မဟုတ်လား”
“ဆက်ပြော”
“ငါ…ငါကဒီလောက်အသုံး၀င်တာ ဘာလို့မင်းငါ့ကိုသတ်ချင်နေတာလဲ ငါ့ကိုအနားမှာခေါ်ထားပြီး အလုပ်လုပ်ခိုင်းတာ ပိုမကောင်းဘူးလား” ချင်းရှု ပြောစရာစကားမဲ့သွားခဲ့၏။
ကျန်းယန် ပြန်ထောက်လိုက်သည်။
“ဒါဆို င့ါကိုပြော မင်းကဘာလို့တစ်ယောက်တည်းဖြစ်နေတာလဲ မင်းရဲ့ရှို့ယိဘုရားကျောင်းကအဖွဲ့ကရော တာအိုပညာရှင်တွေက ငြိမ်းချမ်းမှုကိုရှာဖွေပြီး အေးအေးချမ်းချမ်းနေရတာကို ကြိုက်တာမဟုတ်လား မင်းကဘာလို့လျှောက်သွားနေတာလဲ မင်းကအကြဉ်ခံတစ်ယောက်လား”
ချင်းရှု ကျန်းယန်ကိုအကူအညီမဲ့စွာ ကြည့်လိုက်၏။
တာအိုပညာရှင်တွေကအေးအေးချမ်းချမ်းနေကြတယ်လို့ မင်းကိုဘယ်သူပြောတာလဲ အေးအေးချမ်းချမ်းနေချင်ရင် ငါဘာလို့ ကျင့်ကြံနေဦးမှာလဲကွာ!
ချင်းရှုဖြေလိုက်သည်။
“ငါက ပန်းပဲထုရတာကိုကြိုက်ပြီး လူတွေနဲ့ဆက်ဆံရတာမကြိုက်တဲ့ အရူးတစ်ယောက်ပါပဲ ငါ့စီနီယာအစ်ကိုအစ်မတွေက ငါနဲ့မဆက်ဆံချင်ကြဘူး အဲ့တာကြောင့် ငါတစ်ယောက်ထဲပဲ ဖြစ်နေရတာ”
ဟူးးး ရှို့ယိဘုရားကျောင်းနာမည်ပြောလိုက်ရင် ငါ့ကိုလူတွေက နည်းနည်းတော့လေးစားနိုင်မယ်ထင်နေတာ ဒီလိုကောင်နဲ့ လာတွေ့မယ်ထင်မထားဘူး တကယ်ကံဆိုးတာပဲကွာ!
ကျန်းယန်ထရပ်ကာ ချင်းရှုကို ပြောလိုက်၏။
“ငါနဲ့မင်းဆရာကြားမှာ အလောင်းအစားတစ်ခုရှိတယ် ငါတကယ်လို့ ဒီတိုက်ပွဲကွင်းပြင်ကနေ အသက်ရှင်လျက် အဇူရာတိမ်ဂိုဏ်းဆီ ပြန်ရောက်နိုင်ခဲ့လျှင် မင်းဆရာက အဇူရာတိမ်ဂိုဏ်းကို၀င်ရမှာ
အခုတော့ သူအဇူရာတိမ်ဂိုဏ်းက အသက်ရှင်လျက်ထွက်သွားဖို့ လုံး၀ မဖြစ်နိုင်ဘူး ငါတို့နဲ့ ရှို့ယိဘုရားကျောင်းက ရန်သူတွေပဲလေ ဘာလို့ ငါတို့က ရှို့ယိဘုရားကျောင်းက တာအိုပေါင်းစည်းခြင်း အဆင့်ကို လွှတ်ပေးရမှာလဲ
မင်းကသူ့တပည့်ရင်းဆိုတော့ သူအဇူရာတိမ်ဂိုဏ်းထဲ၀င်ရင် မင်းလည်းလိုက်၀င်ရမှာပဲ အဲ့တော့ မင်းငါတို့နဲ့အခုတကည်းက ပူးပေါင်းထားသင့်တယ်
ငါတို့အတူတူအလုပ်လုပ်ပြီး အခြားသူတွေကို ရှင်းပစ်လိုက်ကြတာပေါ့”
သူချင်းရှုကိုတုပ်နှောင်ထားသော ကြိုးကိုဖြည်ပေးလိုက်ကာ ကြင်နာစွာပင် ဆွဲထူပေးလိုက်သေး၏။
ချင်းရှု ကြောင်အသွားခဲ့သည်။
ဘာတွေဖြစ်နေပါသနည်း။ သူကရုတ်တရက်ကြီး ဘယ်လိုလုပ် အဇူရာတိမ်ဂိုဏ်းသား ဖြစ်သွားရပါသနည်း။
ပိုဆိုးသည်မှာ အတူတူအလုပ်လုပ်၍ အခြားသူများကို သတ်မည်ဆိုသည့် ကိစ္စဖြစ်သည်။
မင်းလာနောက်နေတာလားဟ!
“ငါ….ငါအဇူရာတိမ်ဂိုဏ်းထဲမ၀င်ဖို့ ရွေးချယ်လို့ရလား” ချင်းရှု သတိထားကာ မေးလိုက်၏။
“မင်းသေချင်လား”
“ကောင်း…ကောင်းပြီလေ ငါ..ငါပူးပေါင်းမယ်” ချင်းရှုခေါင်းငုံ့ကာ အကူအညီမဲ့စွာ ပြောလိုက်လေသည်။
ထို့နောက် ကျန်းယန် ကျားမိစ္ဆာယူလာသော သစ်သီးများနှင့် စစ်ထူမင်ယွဲ့ယူလာသော သတ္တုများကို လက်ညှိုးထိုးပြလိုက်ကာ ရင်းရင်းနှီးနှီးပြောလိုက်၏။
“မင်းကပညာရှင်တစ်ယောက်ဆိုမှတော့ ဒီကိုတစ်ချက်လာကြည့်ကြည့် ဒါတွေကိုငါတို့ဘယ်လိုသုံးသင့်သလဲ ပြောပြ”
သူကြင်ကြင်နာနာပြောလိုက်သော်လည်း ချင်းရှု၏ ခရမ်းနန်းတော်ကိုတော့ ပြန်ဖွင့်မပေးသေးပေ။
စာစဉ်ပြီး၏