အလကားပေးဖို့အတွက် ဘာလို့ ဒီလောက်ထိ ခက်ခဲနေရတာလဲ
Vol. 31 Ch. 452
အခန်း (၄၅၂) : အလကားပေးဖို့အတွက် ဘာလို့ ဒီလောက်ထိ ခက်ခဲနေရတာလဲ
အားလုံးက ဟွမ်ရှစ် ရောက်အလာကို စောင့်မျှော်နေကြသည်။
ထိုအချိန်တွင် အာကာပြင် တွန့်လိမ်သွားကာ ထိုးဖောက်ထွက်လာသည်။
အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက လေဟာနယ်မှ ပေါက်ကွဲထွက်လာသည်။ သိပ်သည်းသော မြူခိုးက ကောင်းကင်ဘုံကို လွှမ်းခြုံထားကာ မိန်းမောသွားစေသည့် မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသပေးသည်။
စွမ်းအားကြီးပြီး ခမ်းနားသည့် ပုံရိပ်တစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။ သူက ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားသည့်ပုံပေါ်ပြီး သူ၏ အရှိန်အဝါကလည်း ကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းလှသည်။
သူက ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စည်းမျဉ်းများက သူ့ကို ပတ်လည်ဝန်းရံနေပြီး သူက ဧကရာဇ်တစ်ပါးအသွင်ကို ဆောင်နေသည်။
ထိုအရာက ပုံရိပ်ယောင်သက်သက်သာ ဖြစ်သော်လည်း သူ့ အရှိန်အဝါက အင်မတန် ထိတ်လန့်ဖို့ ကောင်းနေသေးသည့်အတွက် အားလုံး၏ စိတ်ကို ပြင်းထန်စွာ တုန်လှုပ်စေသည်။
အားလုံး သူ့ကို ရိုသေလေးစားနိုင်အောင် လုပ်နိုင်သည့် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး အသွင်ဆောင်နေသည်။
အားလုံး၏ အကြည့်ထဲတွင် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ ခေါင်းများကို ငုံ့ကာ ရိုသေလေးစားစွာဖြင့် အော်လိုက်ကြသည်
“ ကြိုဆိုပါတယ် တော်ဝင်အရှင်”
ဤပုံရိပ်ယောင်က တခြားသူမဟုတ်ပဲ ဟွမ်ရှစ်သာဖြစ်သည်။
“ နှုတ်ဆက်ပါတယ် တာအိုကျင့်ကြံသူအပေါင်းတို့”
ဟွမ်ရှစ်၏ လေသံက လေညင်းလိုမျိုး ငြိမ်သက်နေသည့်အတွက် တခြားသူများကို နည်းနည်းလေးမှ ဖိအားမခံစားရစေပေ။
“ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက ပွင့်လာတော့မယ်ဆိုပေမဲ့ ဒီလောကက ထင်ထားသလောက် မရိုးရှင်းဘူး။ အဲဒီလောကရဲ့ ငါသိသလောက် အခြေအနေတွေကို ရှင်းပြပေးမယ်။ သေချာမှတ်သားထားရမဲ့အရာတွေရှိတာမလို့။ အားလုံး သေချာမှတ်မိမယ်လို့ ထင်ပါတယ်”
ဟွမ်ရှစ်၏ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။ သူ့အသံက ကောင်းကင်ဘုံကိုးခု၏ နက်နဲသော အသံကဲ့သို့ အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
“ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ် တော်ဝင်အရှင်”
အားလုံးက သက်ပြင်းချလိုက်မိသည်။
ဟွမ်ရှစ်က သူ၏ အတွေ့အကြုံကို လက်ဆင့်ကမ်းပေးချင်သည်က သူတို့အတွက်တော့ ကြီးမြတ်သော ဂုဏ်ယူစရာတစ်ခုဖြစ်သည်။
အဲဒီထက်ပိုတာက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာရဲ့ အတွင်းရေး အခြေအနေက အရေးကြီးဆုံးပဲ
ယခင်က ဟွမ်ရှစ်သည် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် နှစ်ပေါင်းတစ်ရာကြာ တရားထိုင်ပြီးနောက် ကြီးမားသော အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
သူက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲရှိ အခြေအနေကို သူ့ လက္ခဏာကဲ့သို့ ကောင်းကောင်းသိသည်။
အဲလိုမျိုး အဆင့်ရှိတဲ့ တည်ရှိမှုရဲ့ သင်ကြားမှုတွေကို လက်ခံပြီးသွားရင် တစ်စုံတစ်ယောက်ရဲ့ ကျင့်စဉ်တွေက ကောင်းကင်အထိ မြင့်တက်သွားလောက်မယ် မဟုတ်လား
အားလုံးက ချက်ချင်း အာရုံစိုက်ကာ သေချာနားထောင်နေကြသည်။
ဟွမ်ရှစ်က ခေါင်းညိတ်ပြကာ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာအကြောင်း သိထားသင့်သည်များကို ရှင်းပြနေသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက တခြားကောင်းချီနယ်မြေများနှင့် မတူညီပေ။ ထိုနေရာက ပြင်ပလောကကို မမှီခိုသော ထူးခြားသည့် နယ်မြေတစ်ခုဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာကို ဝင်နိုင်ဖို့အတွက် လိုအပ်ချက်များက မြင့်မားလှပြီး သာမန်လူများ လက်လှမ်းမှီသောအရာထက် သာလွန်နေသည်။
ထိုကမ္ဘာထဲသို့ ဝင်ရောက်နိုင်ဖို့အတွက် နားလည်နိုင်စွမ်း မြင့်မားဖို့လိုအပ်သလို အထွတ်အထိပ် ကောင်းကင်သစ်ပင်မှ ထုတ်လွှတ်သော တာအိုနှင့် ပဲ့တင်ရိုက်ဖို့အတွက်လည်း လိုအပ်သေးသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်သို့ ဝင်နိုင်ခဲ့လျှင်ပင် ကြီးမားသော အကျိုးအမြတ်ရသည်ဟု မဆိုလိုနိုင်ပေ။
အထဲတွင် တာအိုအငွေ့အသက်များပါဝင်သော တာအိုများဖြင့် ပြည့်နှက်နေသည်။
ပြိုင်ဘက်ကင်း တာအိုအငွေ့အသက်က တစ်စုံတစ်ယောက်၏ စိတ်ကို ဖိနှိပ်နိုင်ပြီး သူတို့၏ စိတ်ကို ပြိုလဲစေနိုင်သည်။ တရားထိုင်ခြင်းတွင် တာအိုကို နားလည်ဖို့က လုံးဝ မဖြစ်နိုင်ပေ။
အရည်အချင်း အနည်းငယ်ချို့တဲ့သူတစ်ယောက်သာ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာသို့ ဝင်လာပါက ရက်အနည်းငယ်ကြာအထိ နေနိုင်မည်မဟုတ်ပေ။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် များပြားသော တာအိုအငွေ့အသက်များ ရှိသည့်အတွက် တစ်ခုချင်းစီတိုင်းက အဆုံးမဲ့ပြိုင်ဘက်ကင်း စွဲလမ်းမှုတို့ဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ယောက်ကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အလွယ်တကူ ဖြစ်သွားစေသည်။
တစ်စုံတစ်ယောက် ဦးတည်ချက်ပျောက်သွားပြီး ရှုပ်ထွေးသွားသည်ဖြစ်စေ အရမ်းလောဘကြီးပြီး များပြားသော တာအိုများကို နားလည်ချင်သည်ဖြစ်စေ ကံဆိုးမှုက သူတို့ထံ ပြန်လာစေနိုင်သည်။
ထိုအရာက ကောင်းကင်တာအို၏ ကံဆိုးမှုကို ခံစားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပြီး တစ်စုံတစ်ယောက်၏ တာအိုကို ရှုပ်ထွေးသွားစေသည်။
အကျိုးသက်ရောက်မှုများက ဆိုးရွားလှသည်။
ကောင်းကင်တာအိုက ထိခိုက်အောင် လုပ်လိုက်ပါက သူတို့၏ တာအိုနှလုံးသား ပျက်စီးသွားခြင်း သို့မဟုတ် ပိုဆိုးသည့် ချီဖောက်ပြန်ခြင်းကို ခံစားသွားရစေနိုင်သည်။
တည်ငြိမ်သည့် တာအိုနှလုံးသားနှင့် ခိုင်မာသော စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားသူများသာလျှင် ထိုကမ္ဘာငယ်လေးဆီမှ အကျိုးအမြတ်များကို ရရှိနိုင်သည်။
ဤအရာက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် ကြုံတွေ့ရမည့် သာမန်ပြဿနာငယ်လေးတစ်ခုသာ ဖြစ်သည်။ ထိုကမ္ဘာထဲတွင် တခြားအရာများလည်း ရှိသေးသည်။
ပြီးပြည့်စုံသော တာအိုများ ရှိရုံသာမက ကျိုးပဲ့ပျက်စီးနေသော တာအိုများလည်းရှိသည်။
အချိန်တွေ ကုန်ဆုံးသွားသည်နှင့်အမျှ ကျိုးပဲ့နေသောတာအိုများက သူတို့၏ ကိုယ်ပိုင်စိတ်နှင့် အသိဉာဏ် ရှိလာသည်။
သူတို့က လွတ်လပ်သော သက်ရှိများအဖြစ် ပြောင်းလဲသွားကာ တာအိုနတ်ဆိုးများ ဖြစ်လာကြသည်။
တာအိုနတ်ဆိုးများမှာ စဉ်းစားနိုင်စွမ်းရှိသော်လည်း ခံစားချက်နည်းနည်းလေးမှ မပါဝင်ပေ။ ထို့ကြောင့် သူတို့က ဘယ်လိုသတ်ရမလဲဆိုတာကိုသာ သိသည်။
သူတို့က စွမ်းအားကြီးပြီး အမျိုးမျိုးသော တာအိုများ၏ စွမ်းအားများကို ထိန်းချုပ်ထားသည်။ သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။
တာအိုနတ်ဆိုးများက စိတ်နတ်ဆိုးများကဲ့သို့ တာအိုကို နားလည်ဖို့ ကြိုးစားနေသူများကို နှောင့်ယှက်တတ်သည်။ သူတို့ကိုယ်သူတို့ သန်မာအောင် လုပ်ဖို့အတွက် ကျင့်ကြံသူများကိုပင် တိုက်ခိုက် ဝါးမျိုတတ်သည်။
ကျင့်ကြံသူတစ်ယောက်၏ ဉာဏ်ပညာနှင့် အရည်အချင်း ဘယ်လောက်ထိ ကောင်းမွန်နေပါစေ တာအိုနတ်ဆိုးများ၏ စွမ်းအားကြီးသော တိုက်ခိုက်မှုကို တောင့်ခံနိုင်ဖို့အတွက် အင်မတန် ခဲယဉ်းလှသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်က ထိပ်သီးပါရမီရှင်များအတွက်အထူးဖန်တီးထားခြင်း ဖြစ်သည်ဟု ပြောလို့ရနိုင်သည်။
အရည်အချင်းကောင်းရှိပြီး တိုက်ခိုက်စွမ်းရည် ကောင်းမွန်သူများသာ ကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင်ပြီး ပြိုင်ဘက်ကင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် နောက်ထပ် ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးရှိနေသေးသည်။
တာအိုနတ်ဆိုးကို သတ်လိုက်ပါက သူတို့၏ အလောင်းက တာအို အစိတ်အပိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
မဟာတာအိုအစိတ်အပိုင်းများက တာအိုများမှ သိပ်သည်းသွားကာ ကျင့်ကြံသူများမှ တိုက်ရိုက် သန့်စင်နိုင်သည်။
ကျင့်ကြံသူတစ်ယောက်သာ ထိုအရာကို သန့်စင်လိုက်ပါက တာအိုနက်နဲမှုကို နားလည်ဖို့အတွက် အဆပေါင်းတစ်ထောင် အရှိန်မြှင့်တင်နိုင်သွားမည်ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားသည့်အခါ တချို့က ပျော်ရွှင်နေကြပြီး တချို့ကတော့ ဝမ်းနည်းနေကြသည်။
စိုးရိမ်နေကြသူများက အရည်အချင်း မလုံလောက်သူများဖြစ်ကြသော်လည်း ပါဝင်ချင်ကြသူများဖြစ်ကြသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာထဲသို့ ဝင်ဖို့အတွက် အင်မတန်ခက်ခဲလှပြီး ပုန်းကွယ်နေသော ကြီးမားသည့် စွန့်စားမှုများရှိသည်။ ထိုစွန့်စားမှုများက သေစေနိုင်သည်ဆိုလျှင်ပင် အထဲဝင်ဖို့အတွက် ဖြားယောင်းခံနေရသည်။
ပျော်ရွှင်နေသူများက ထူးခြားသည့်အရည်အချင်းရှိပြီး ပြောင်မြောက်သော ခွန်အားရှိသည့်သူများ ဖြစ်သည်။
သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲသို့ ဝင်ရောက်ပြီး ကောင်းကင်တာအိုကို နားလည်နိုင်ရုံသာမက တာအိုနတ်ဆိုးများကို သတ်ဖြတ်ပြီး သူတို့၏ တာအိုနားလည်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် တာအိုအစိတ်အပိုင်းများကိုလည်း ရရှိနိုင်သည်။
ကျင့်ကြံသူတစ်ယောက်က တာအိုနတ်ဆိုးအရေအတွက် အများကြီးကို သတ်နိုင်ပြီး တာအိုအစိတ်အပိုင်းများကို ရရှိပါက သူတို့၏ တာအိုနားလည်မှုကလည်း အရှိန်မြင့်တက်လာမည်ဖြစ်သည်။
လူအများစုက စိတ်လှုပ်ရှားနေကြပြီး ခွန်းလွန်တောင်တန်းကို ဝင်ရဖို့အတွက် မစောင့်နိုင်တော့ပေ။
“ ဒါက ငါ ပြောစရာရှိတာအကုန်ပဲ။ မင်းတို့အားလုံး မင်းတို့ရဲ့ အရည်အချင်းအလျောက် ပြုမူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အလျင်မလိုနဲ့။ မထိုက်တန်ဘူး။
နောက်ထပ် ကျောင်းတော်ရဲ့ ဆရာတွေက ပို့ဆောင်ရေးအစီအရင်ကို အသက်သွင်းပြီးတော့ မင်းတို့အားလုံးကို ခွန်းလွန်တောင်တန်းဆီ ပို့ပေးမယ်။
မင်းတို့ အားလုံး အောင်မြင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်”
ဟွမ်ရှစ် စကားပြောနေရင်း သူ့လေသံက လေးနက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤလောကတွင် ပါရမီရှင် မရှားပေ။ သို့သော် ထိုပါရမီရှင်များကြားထဲတွင် ထိုးထွက်နေဖို့က အခက်ခဲဆုံးဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် နှစ်ပေါင်းတစ်ရာ ကျင့်ကြံခြင်းက စစ်မှန်သောပါရမီရှင်များကို တခြားသူများဆီမှ ခွဲခြားပေးနိုင်သည်။
ထိုအရာက ဟွမ်ရှစ် တန်ဖိုးအထားဆုံးအရာတစ်ခု ဖြစ်သည်။
“ နှစ်ပေါင်းတစ်ရာကြာပြီးရင် လူဘယ်လောက်များများ ကျန်မလဲဆိုတာကို သိချင်လိုက်တာ…”
ဟွမ်ရှစ် သက်ပြင်းချလိုက်ပြီးနောက် သူ့ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“ ကျေးဇူးတင်ပါတယ် တော်ဝင်အရှင်”
အားလုံးက သူ့ကို ကျေးဇူးတင်ကြသည်။
ဟွမ်ရှစ်၏ သင်ကြားပြသပေးမှုက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာ၏ အတွင်းပိုင်းအခြေအနေများကို သိသွားစေရုံသာမက သူတို့ကို စောင့်ကြိုနေသည့် အန္တရာယ်များကိုပါ သိအောင် လုပ်ပေးလိုက်သည်။
ထိုအရာများက အရေးကြီးသည့် သတင်းအချက်အလက်များဖြစ်သည်။
သူတို့ ဂရုတစိုက်နေသ၍ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် အသက်ရှင်နိုင်မည်ဖြစ်သည်။
အားလုံးက ဟွမ်ရှစ်ကို ကျေးဇူးတင်နေကြသည်။
ထိုအချိန်တွင် ဆရာအားလုံးက ပို့ဆောင်ရေးအစီအရင်ကို အသက်သွင်းဖို့အတွက် စတင်အလုပ်များကြတော့သည်။ ခွန်းလွန်တောင်တန်းက အလယ်ပိုင်းကုန်းမြေ၏ အနောက်ဘက်အပိုင်းတွင် တည်ရှိပြီး ကျိရှားကျောင်းတော်နှင့် ဝေးလံလှသည်။
လိုအပ်သော ပို့ဆောင်ရေးအစီအရင်ကလည်း အင်မတန် စွမ်းအားကြီးဖို့ လိုအပ်သည်။
ထိုဆရာများက ကျောင်းတော်တွင် ထိပ်သီးတည်ရှိမှုများဖြစ်ကြသည်။ သူတို့၏ ကျင့်စဉ်များက စွမ်းအားကြီးသည့်အတွက် ပို့ဆောင်ရေး အစီအရင်ကို တည်ဆောက်ဖို့အတွက် အချိန်အများကြီး မပေးလိုက်ရပေ။
အစီအရင်ကို အသက်သွင်းသွားပြီးသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူများကို အမှီအခိုကင်းမဲ့စွာ လုပ်မလားဆိုတာကို ရွေးချယ်ခိုင်းသည်။
သို့သော် ထင်ထားသည့်အတိုင်း ကျိရှားကျောင်းတော် ပါရမီရှင်များထဲမှ ၉၀ရာခိုင်နှုန်းကျော်က ကြိုးစားကြည့်ဖို့ ရွေးချယ်လိုက်ကြသည်။
ကျင့်ကြံရေးလမ်းကြောင်းက မိုးမြေနှင့် အသက်ရှင်ခွင့်ကို တိုက်ခိုက်ယူဖို့ပင် ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက နှစ်ပေါင်း ၈ထောင်နေမှ တစ်ခါပွင့်သည့် အထွတ်အထိပ် ဆန်းကြယ်နယ်မြေတစ်ခုဖြစ်သည်။
အန္တရာယ်ရှိလျှင်ပင် ဘယ်သူမှ နောက်မဆုတ်ကြပေ။
မကြာခင်မှာပင် ကျောင်းသားအများစုက ပို့ဆောင်ရေး အစီအရင်ထဲသို့ ဝင်သွားပြီး ခွန်းလွန်တောင်တန်းသို့ ဦးတည်သွားကြသည်။
“ သွားကြစို့”
ရှန်ထျန်းက ပြောကာ သူနှင့် ဆက်ဆံရေးကောင်းသည့် တခြားပါရမီရှင်များနှင့်အတူ အစီအရင်ထဲသို့ ဝင်သွားသည်။
သူတို့ ပြန်လည်ထွက်ပေါ်လာသည့်အချိန်တွင် နောက်ထပ်ဒေသတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
.............
ခွန်းလွန်တောင်တန်း…
တောင်တန်းများနှင့် တိမ်တိုက်များက ဤနေရာကို ပတ်လည်ဝန်းရံထားသည်။
လေထုက မှုန်ဝါးသော မြူခိုးများဖြင့် သိပ်သည်းနေပြီး ပတ်ဝန်းကျင်တွင် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသည်။
ရေပုံးလောက် တုတ်သော ရှေးဟောင်းသစ်ပင်များက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ထိုးထွက်နေပြီး အချိန်ကောက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်မှာ ပြည့်နှက်နေသော ဝိညာဉ်ချီများက တစ်နေရာထဲတွင် လာဆုံတွေ့ကာ သိပ်သည်းမှုကလည်း မဟာလွင်ပြင်ဒေသထက်တော့ မနိမ့်ကျပေ။
ဤနေရာသို့ ဝင်ရောက်ပြီးနောက် သူတို့က ကမ္ဘာမြေပေါ်ရှိ သုခဘုံသို့ ရောက်ရှိသွားသလိုမျိုး ခံစားလိုက်ရသည့်အတွက် အားလုံး ဝမ်းသာပီတိဖြစ်သွားကြသည်။
အားလုံးက နေရာကို ပတ်ကြည့်ကာ စူးစမ်းချင်နေကြသည်။
သို့သော် အကြီးအကဲစုက အော်ပြောလိုက်သည်
“ လျှောက်ပြီး ကြည့်မနေကြနဲ့။ လမ်းမပျောက်ဖို့ ဂရုစိုက်ကြဦး။ ခွန်းလွန်တောင်တန်းထဲမှာ ကြီးမားတဲ့ ကြောက်စရာတစ်ခု ပုန်းကွယ်နေတယ်လို့ ပြောကြတယ်။
မင်းတို့ တစ်ခါလေး လမ်းပျောက်သွားတာနဲ့ ဒီနေရာက နေပြီးတော့ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
ခွန်းလွန်တောင်တန်းက အရမ်းဆန်းကြယ်ပြီး အထဲမှာ ဘာတွေရှိနေမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
တောင်၏ အတွင်းပိုင်းအထိ ဝင်သွားဖူးသော ထာဝရအရှင်တစ်ယောက် ရှိသော်လည်း သူ လုံးဝ ပျောက်ဆုံးသွားပြီး ဘယ်တုန်းကမှ ပြန်ပေါ်မလာတော့ပေ။
ထို့နောက် ထိပ်သီးပါရမီရှင်များပင် ခွန်းလွန်တောင်တန်း အတွင်းပိုင်းသို့ အလွယ်တကူ မဝင်နိုင်ကြတော့ပေ။
အကြီးအကဲစု၏ စကားကိုကြားပြီးနောက် အားလုံး ထိတ်လန့်သွားကာ လမ်းပင် သေချာမလျှောက်ရဲတော့ပေ။
“ ငါတို့ အတွင်းပိုင်းဒေသထဲကို မဝင်သွားရင် ဘာအန္တရာယ်မှ မရှိပါဘူး” အကြီးအကဲစုက ရှင်းပြပြီးနောက် အားလုံးကို ခွန်းလွန်တောင်တန်းသို့ ခေါ်ဆောင်သွားလိုက်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်က တောင်တန်း၏ အစွန်းပိုင်းတွင် တည်ရှိသည်။
ဆရာများ၏ လမ်းပြမှုကြောင့် အားလုံးက အထွတ်အထိပ် ကောင်းကင်သစ်ပင်၏ တည်နေရာသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။
ဤနေရာက နှိုင်းယှဉ်မရအောင် ကျယ်ဝန်းလှပြီး မြူခိုးများဖြင့် ပြည့်နှက်နေသည်။ အားလုံး၏ မြင်ကွင်းထဲတွင် ကျယ်ပြန့်သော အဖြူရောင် မြင်ကွင်းကိုသာ တွေ့နေရသည်။
အလယ်ခေါင်တွင် ဧရာမ ရှေးဟောင်းသစ်ပင်တစ်ပင်သာ ရှိသည်။
ရှေးဟောင်းသစ်ပင်ကြီးက မြင့်မားလွန်းသည့်အတွက် ထိပ်ကို မမြင်ရပေ။ အကျယ်ကပင် ကီလိုမီတာပေါင်း သောင်းချီပြီး ကျယ်ဝန်းသည်။
ထိုအရာက သစ်ပင်နှင့်မတူပဲ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ထောက်ပံ့ပေးထားသည့် ကောင်းကင်ထောက်တိုင်တစ်ခုနှင့် တူသည်။
သစ်ပင်၏ ထိပ်ဆုံးအပိုင်းက နတ်ဘုရားလောကသို့ ဦးတည်သွားသည်ဆိုသော ကောလဟာလများလည်း ရှိသည်။ ထို့ကြောင့် အထွတ်အထိပ်ကောင်းကင်သစ်ပင်ကို ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေကားအဖြစ် လူသိများကြသည်။
“ ဒါက အထွတ်အထိပ် ကောင်းကင်သစ်ပင်လား”
“ အရမ်းခမ်းနားတာပဲ”
မရေတွက်နိုင်သော လူများက သက်ပြင်းချလိုက်ကြသည်။
သူတို့၏ ဘဝတွင် ထိုကဲ့သို့သော ခမ်းနားသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို မြင်ဖူးခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်က ထွက်ပေါ်လာသော်လည်း အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ လုံးဝ မတည်ငြိမ်သေးသည့်အတွက် သူတို့ ဝင်လို့ မရသေးပေ။
အဲလိုဆိုလျှင်ပင် သစ်ပင်မှ ထုတ်လွှတ်သော တာအိုအသံများက ကျင့်ကြံသူများ၏ စိတ်ကို ကြည်လင်သွားစေသည်။
ဤနေရာတွင် နေထိုင်ရုံဖြင့်ပင် ကျင့်ကြံသူကို ကောင်းကင်တာအိုနှင့် ပိုမိုနီးစပ်သွားစေနိုင်သည်။
သူတို့ အထွတ်အထိပ် ကောင်းကင်ကမ္ဘာထဲ မဝင်ရသေးတာကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
အထဲတွင် ရရှိနိုင်သည့် အကျိုးအမြတ်က ပိုမိုများပြားသည် ဆိုတာကလည်း သိသာလှသည်။
ဤအချိန်ကာလအတွင်းတွင် ကျိရှားကျောင်းတော်မှ ပါရမီရှင်များအပြင် စွမ်းအားကြီးသော ပါရမီရှင်များလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
တချို့က သူတို့၏ ကိုယ်ပိုင် ကံအပြောင်းအလဲ အခွင့်အရေးကို ရှာဖို့အတွက် ရောက်ရှိလာသော နယ်လှည့် ကျင့်ကြံသူများဖြစ်ကြသည်။
သူတို့ထဲမှ တချို့က နယ်မြေငါးခုရှိ အထွတ်အမြတ်မြေများ၏ အကြီးအကဲချုပ်များ ဖြစ်ကြသည်။
သူတို့က သက်တမ်းနှစ်ပေါင်း ၃ထောင်အောက် လျော့နည်းသည့်အတွက် အထွတ်အထိပ် ကောင်းကင် သစ်ပင်ကမ္ဘာထဲသို့ ဝင်ဖို့ အခွင့်အရေး ရှိနေသေးသည်။
များပြားသော ပါရမီရှင်များက ကျောင်းတော်၏ ဆရာများ ရောက်ရှိလာသည်ကို ကြိုဆိုနှုတ်ဆက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအားကြီးသူများက တချိန်တုန်းက ကျိရှားကျောင်းတော်ထွက်များ ဖြစ်ကြသည်။
ကျိရှားကျောင်းတော်က နယ်မြေငါးခုလုံးမှ ပါရမီရှင်များကို လက်ခံသည့်အတွက် နေရာအနှံ့မှ ကျောင်းသားများရှိနေသည့် ကမ္ဘာလောက၏ အထွတ်အမြတ်ကျောင်းတော်ဟု ပြောနိုင်သည်။
ဤနေရာရှိ ကျင့်ကြံသူများက အတော်လေး လိုက်လျောညီထွေဖြစ်ကြသည်။ သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာ ဖွင့်လာမည်ကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း၊ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် တခြားသူများလည်း ရောက်ရှိလာသည်။
သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲသို့ မဝင်နိုင်သေးသည့်အတွက် အလျင်မလိုပဲ စတင် စကားပြောနေကြတော့သည်။
ကျင့်ကြံသူတချို့က ကောင်းကင်တာအိုကိုပင် စတင်နားလည်လာပြီး အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာထဲသို့ ဝင်နိုင်ဖို့အတွက်သာ စိတ်အားထက်သန်နေသည်။
တစ်ဖက်တွင် ရှန်ထျန်းက သူ၏ အလုပ်ဟောင်းဖြစ်သည့် အဖန်ရည် ကျိုချက်ခြင်းကို စတင်ပြုလုပ်နေတော့သည်။
သူ ကျိုချက်နေတာက သေချာပေါက် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ပဲ
နေရာက လောက၏ ကောင်းကင်တာအိုကို နားလည်နိုင်ဖို့အတွက် ကံအပြောင်းအလဲ အခွင့်အရေး ဆန်းကြယ်မြေဖြစ်သည်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်နှင့် ပေါင်းစပ်လိုက်ပါက အကျိုးသက်ရောက်မှုက ပိုမိုသိသာလှသည်။
ရှန်ထျန်းက အနားမှာ ရှိနေသော ပါရမီရှင်အများစု၏ ခေါင်းပေါ်တွင် သူတို့ ကြုံတွေ့ရမည့် ကံအပြောင်းအလဲ အခွင့်အရေးများ၏ ဖျော့တော့သော ပုံရိပ်များကို မြင်နေရသည်။
ဒါက သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဆိုတာ သေချာတယ်
သို့သော် ကွေ့ကုန်းကုန်းနှင့် တခြားသူများကလည်း အနားမှာ ရှိနေသည်။
ရှန်ထျန်းက သူ့လူများကို ပိုပြီးတော့ ကောင်းကောင်းဆက်ဆံသည်။ သူတို့ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာငယ်ထဲသို့ ဝင်နိုင်ချေ တိုးမြှင့်နိုင်ရန်အတွက် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ပြုလုပ်ပေးနေသည်။
သူ၏ လှုပ်ရှားမှုများက အင်မတန်မြန်ဆန်လှပြီး တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျွမ်းကျင်စွာ ကျိုချက်နေသည်။
ဤတစ်ခါတွင် သူက ငွေရောင် တာအိုဉာဏ်အလင်းပွင့် လက်ဖက်ရွက်နှစ်ရွက်ကို ထပ်ထည့်လိုက်သည်။
စွမ်းအားကြီးသော တာအိုအက္ခရာစာများက လေထဲတွင် ချက်ချင်းပြည့်နှက်သွားကာ မွှေးပျံ့သော ရနံ့က မိုင်ပေါင်းထောင်ချီအထိ ပျံ့နှံ့သွားသည်။
“ ဒါ ဘာအနံ့လဲ”
အားလုံးက ချက်ချင်း အာရုံစိုက်လာကြသည်။
သူတို့ထဲတွင် ဂိုဏ်းချုပ်များ မရှားပေ။
“ အဲဒါက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ပဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ထပ်ပြီးတော့ ကျိုချက်နေပြီ”
အားလုံးက ရှန်ထျန်းရှေ့ရှိ အဖန်ရည်အိုးကြီးကို မြင်လိုက်ရသည့်အခါ သွားရည်ကျသွားကြသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲသို့ အားလုံးက မဝင်နိုင်ကြပေ။
သူတို့ ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်တာအို၏ အသံကို နားထောင်ကာ အထွတ်အထိပ် ကောင်းကင်သစ်ပင်နှင့် ပဲ့တင်ထပ်နိုင်မှသာ ဝင်နိုင်မည်ဖြစ်သည်။
သို့သော် ဤအရာက ရိုးရှင်းသည့်အရာ မဟုတ်ပေ။ ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပင် အချိန်အများကြီး အသုံးပြုဖို့ လိုအပ်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက နှစ်ပေါင်းတစ်ရာကြာသာ တည်ရှိသည့်အတွက် မိနစ်တိုင်း စက္ကန့်တိုင်းက အလွန်အဖိုးတန်လှသည်။
ဝင်ဖို့တောင် အချိန်အတော်ယူရတယ်ဆိုတော့ အထဲဝင်ပြီးတော့ ရတနာတွေ ရှာဖို့ဆိုတာ ဝေးသေးတယ်
အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် များပြားသည့် ပြိုင်ဘက်ကင်း ရတနာများနှင့် ကျင့်စဉ်များရှိသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် စောစောဝင်ရောက်နိုင်ခြင်းကပင် တခြားသူထက် ခေါင်းတစ်လုံးသာသည်ဟု ဆိုနိုင်သည်။
ထိုကဲ့သို့ ဝင်ရောက်နိုင်သူများက ကောင်းကင်တာအိုကို နားလည်နိုင်ရုံသာမက ရတနာရှာဖွေဖို့အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးကိုပါ ရရှိနိုင်သည်။
အားလုံး၏ အကြည့်က ရှန်ထျန်း၏ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ဆီသို့ ရောက်သွားကြပြီး မိန်းမောတွေဝေနေကြသည်။
ထိုအချိန်တွင် ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျိုချက်လို့ ပြီးသွားပြီဖြစ်သည်။ သူက ခွက်သုံးခွက်ကို ယူကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် သူ့ အဖွဲ့ရှိရာဆီသို့ သွားလိုက်သည်။
“ ဆရာ…ဆရာ ဦးလေးကြာပြာနဲ့ မျောက်ဝံဘုရင်ကြီး အဖန်ရည်လေး သုံးဆောင်ပါဦး”
သူတို့သုံးယောက်လုံးက သူ့ဖက်က ဖြစ်ကြသည်။ ထို့အပြင် လေးစားထိုက်သော အကြီးအကဲများဖြစ်သည့်အတွက် သူတို့ကို အရင်ဆုံး အဖန်ရည်ဆက်သခြင်း ဖြစ်သည်။
“ ထျန်းအာက ဘယ်လောက်တောင် အမြော်အမြင်ရှိလိုက်သလဲ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က မိုးကြိုးအရှိန်အဝါများဖြင့် တောက်ပနေကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်လိုက်သည်။
မကြာခင်မှာပင် သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာကာ ကမ္ဘာကြီး၏ စည်းမျဉ်းများကို ပိုမိုနီးကပ်လာစေသည်။
ထိုမြင်ကွင်းက လူအများကို အလွန်အမင်း သဘောကျသွားစေသည်။
“ တူတပည့်လေး ငါ မူမနေတော့ဘူး”
ကြာပြာက ပြုံးကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်လိုက်သည်။
ချီသဲ့လုံတစ်ယောက်ထဲသာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို မြင်ပြီး စိတ်လှုပ်ရှားနေမိသည်။
ထိုကဲ့သို့ အဆင့်ရှိသည့် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က တန်ဖိုးမဲ့လှသည်။
သာမန်အခြေအနေများတွင် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများလောက် တန်ဖိုးမရှိနိုင်ပေ။ သို့သော် ထိုတန်ဖိုးက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကဲ့သို့ အထွတ်အမြတ်နယ်မြေတွင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းထက် ပိုမိုများပြားသည်။
ကျင့်ကြံသူတစ်ယောက်မှာ ပိုများတဲ့ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေ ရှိနေတော့ရော ဘာဖြစ်လဲ။ သူတို့က တာအိုကို နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာလား
ဒါက မဖြစ်နိုင်ဘူး
ဒါပေမဲ့ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကတော့ လုပ်ပေးနိုင်တယ်
ထိုကဲ့သို့ တန်ဖိုးရှိသော တာအိုအဖန်ရည်ကို သူ့ဆီ ပေးသည့် ရှန်ထျန်း၏ ရက်ရောမှုကြောင့် ချီသဲ့လုံ စိတ်လှုပ်ရှားသွားသည်။
ချီသဲ့လုံက ရယ်မောကာ ပြောလိုက်သည်
“ မင်းရဲ့ ရက်ရောမှုကြောင့် ငါ အနည်းငယ်တောင် ရှက်မိပါတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ ဒီထိပ်သီးအဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းနဲ့ လဲလှယ်လိုက်မယ်လေ”
သူ ပြောလိုက်ပြီးနောက် ချီသဲ့လုံက တုတ်တံ ပုံသဏ္ဌာန်ရှိပြီး စွမ်းအားကြီးသည့် စိတ်ဝိညာဉ်ဖိအားကို လွှတ်ထုတ်နေသည့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကို ထုတ်ယူလိုက်သည်။
တောက်ပသော အံ့ဖွယ်အလင်းတန်းက တုတ်ချောင်းပတ်လည်တွင် ဝန်းရံနေသည့် အတိုင်းအတာက ကျယ်ပြန့်လှသည်။
ထိပ်သီးအဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများထဲတွင် ထိပ်တန်းထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။
ရှန်ထျန်းက ပြုံးလိုက်သည်
“ ဒါက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်လေး တစ်ခွက်ပါပဲ။ မျောက်ဝံဘုရင်ကြီး ဒီလိုမျိုး လုပ်စရာ မလိုပါဘူး”
ရှန်ထျန်းဆီမှာ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများစွာ ရှိနေသည့်အတွက် နောက်ထပ် မလိုအပ်တော့ပေ။
ထို့အပြင် ယခင်က မျောက်ဝံဘုရင်က သူ့ကို ကာကွယ်ပေးခဲ့သည့်အပြင် သူက ချီကျန့်၏ အဖိုးလည်း ဖြစ်နေသည်။
ထိုကဲ့သို့သော သူမျိုးနှင့် ပတ်သက်လာလျှင် ရှန်ထျန်း ကပ်စေးမနည်းပေ။
ထို့အပြင် သူ့ဆီမှာ များပြားသော တာအိုဉာဏ်အလင်းပွင့် လက်ဖက်ရွက်များစွာ ရှိနေသည်။
ရှန်ထျန်းက အဖန်ရည်အများကြီး ကျိုချက်ထားပြီး ကုန်ကျစရိတ်ကို လုံးဝ စိတ်မပူပေ။
ချီသဲ့လုံက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒီလိုမျိုး ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်ပါ့မလဲ။ ဒီတာအိုဉာဏ်အလင်းပွင့် အဖန်ရည်က တကယ်ကို တန်ဖိုးရှိတယ်။ ငါ့ရဲ့ မိတ်ဆွေလေးကို မဖြုန်းတီးစေချင်ဘူးလေ။ ဒါက မင်းအတွက် ငါ့ရဲ့ လက်ဆောင်လေးပါ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လက်ခံလိုက်ပါ”
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်
“ ကောင်းပြီလေ ကျေးဇူးတင်ပါတယ် မျောက်ဝံဘုရင်ကြီး”
ချီသဲ့လုံက သူ့ကို အတင်းပေးနေသည့်အတွက် ရှန်ထျန်းလည်း ငြင်းရမှာကို ရှက်နေမိသည်။
“ မဟုတ်ပါဘူး…ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ”
ချီသဲ့လုံက တောက်ပစွာပြုံးကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို လက်ခံလိုက်သည်။ ဤနေရာတွင်ရှိနေသော ထိပ်သီး ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကလည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ထက် အများကြီး နိမ့်ကျသည်။ ဤလဲလှယ်မှုကြောင့် အကျိုးအမြတ်ရသွားသူက သူဖြစ်သည်ဟု ခံစားနေရသည်။
ထို့နောက် ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို တခြားပါရမီရှင်များဆီသို့ ဖြန့်ဝေလိုက်သည်။
ရှန်ထျန်းနှင့် ဆက်ဆံရေး ကောင်းမွန်သော ပါရမီရှင်က အဖန်ရည်ကို လက်ခံရရှိသည်။
“ ကျေးဇူးတင်ပါတယ် ညီအစ်ကိုရှန်”
ပါရမီရှင်များက ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို သဘောထားကြီးတာပဲ။ သူက အမြဲတမ်း သူတို့အတွက် တွေးပေးတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လိုမျိုး စံပြတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ တကယ်ကို ဂုဏ်ယူစရာပဲ
ထိုမြင်ကွင်းက တခြားဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များ၏ နှလုံးသားကို နာကျင်စေသည်။ သူတိုလည်း တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်ချင်သော်လည်း တောင်းဆိုဖို့အတွက် ရှက်နေမိသည်။
သူတို့ နည်းနည်းလောက် လဲလှယ်နိုင်မလားဆိုပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာဆီ သွားရောက် တောင်းဆိုနေကြသည်။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဆုံးဖြတ်ပေးလို့ မရပါဘူး”
“ ဒါပေမဲ့ ထျန်းအာရဲ့ အမြင် ဘယ်လိုရှိလဲဆိုတာကိုတော့ မေးပေးနိုင်ပါတယ်”
တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က ရှန်ထျန်း ပိုင်ဆိုင်တာ ဖြစ်သည့်အတွက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနေဖြင့် သူ့ဘာသာသူ ဆုံးဖြတ်ချက်ချဖို့အတွက် မသင့်လျော်ပေ။
“ ထျန်းအာ မင်း ဘယ်လိုထင်လဲ”
ထျန်းအာ ကြားသောအခါ ဖြောင့်မတ်စွာ ပြောလိုက်သည်
“ နယ်မြေငါးခုလုံးက ကြီးမားတဲ့ ကပ်ဘေးကို ရင်ဆိုင်ရတော့မယ်။ အဲဒီအချိန်ကျရင် အကောင်းအဆိုးမျှဝေခံစားမဲ့ ရဲဘော်ရဲဘက်တွေအဖြစ် အတူတူ လုပ်ဆောင်ကြရမှာလေ။
အားလုံးရဲ့ ခွန်အား အတူတူ တိုးမြင့်သွားမှသာ ကပ်ဘေးကို ပိုပြီးတော့ ကောင်းကောင်းရင်ဆိုင်နိုင်ပြီး နယ်မြေငါးခုကို ကာကွယ်နိုင်မှာ။
ကျွန်တော်က ကပ်စေးနည်းတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်က တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို အားလုံးနဲ့ ဝေမျှဖို့ ဆန္ဒရှိပါတယ်”
မူလတုန်းက ရှန်ထျန်းက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို အသုံးပြုကာ အသီးသီးသော ကံကြမ္မာ သားတော်၊ သမီးတော်များနှင့် မိတ်ဆွေဖွဲ့ဖို့ စီစဉ်ထားခဲ့သည်။
သူတို့ မပြောလျှင်ပင် ရှန်ထျန်းက သူတို့ကို အလကားပေးဖို့အတွက် စီစဉ်ထားပြီးသားဖြစ်သည်။ ထို့အပြင် ဤအရာက တခြားသူများအတွက်သာ တန်ဖိုးရှိပြီး သူ့အတွက်တော့ မဟုတ်ပေ။ သူက ဤအခွင့်အရေးကို အသုံးပြုကာ သူတို့ကို မိတ်ဆွေဖွဲ့ပြီး ကံအပြောင်းအလဲ အခွင့်အရေးကို အလကားယူဖို့အတွက် အခွင့်အရေး ရှာမည်ဖြစ်သည်။
အရေးကြီးဆုံးအရာက သူ၏ ကိုယ်ပိုင်ကံကြမ္မာ တိုးတက်လာဖို့ ဖြစ်သည်။
ရှန်ထျန်း၏ စကားလုံးများက အားလုံးကို စိတ်လှုပ်ရှားသွားစေသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ရက်ရောတာပဲ
သူက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်လိုမျိုး တန်ဖိုးကြီးတဲ့အရာကိုတောင် သူ့ကို လက်ဆောင်ပေးချင်နေတာပဲ
တကယ်ကို ရက်ရောတယ်
အားလုံးက သူတို့၏ နိမ့်ကျမှုအတွက် အရှက်ရနေမိသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မတူညီစွာ ပြောလိုက်သည်
“ ကောင်းပြီလေ ဒါဆိုရင်လည်း အားလုံး တာအိုဉာဏ်အလင်းပွင့် အဖန်ရည် တစ်ခွက်ဆီ သောက်လို့ရပါတယ်။ တာအိုဉာဏ်အလင်းပွင့် အဖန်ရည် မလုံလောက်ဘူးဆိုရင် မရလိုက်တဲ့ တာအိုမိတ်ဆွေတွေ မကျေမနပ် မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ထိုစကားကို ပြောလိုက်သည့်အချိန် အားလုံးက ဝမ်းသာပီတိဖြစ်သွားကြသည်။
လူအများက စိတ်မရှည်စွာဖြင့် လမ်းလျှောက်လာကာ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို ရရှိဖို့အတွက် ဆုတောင်းနေကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“ ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်နိုင်မှာလဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရက်ရောလိုက်တာ။ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို အရှက်မရှိ အလကားယူနိုင်မှာလဲ။
ပြီးတော့ ပိုက်ဆံဆိုတာလည်း အလကားရတာ မဟုတ်ဘူးလေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လည်း ဒီအဖန်ရည်ကို ရရှိဖို့အတွက် ဈေးကြီးပေးခဲ့ရမှာပဲလေ။ အဲဒါကို သူက အားလုံးနဲ့ ဝေမျှချင်နေတယ်။ ဒါက မယုံနိုင်စရာပဲ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကြောင့်သာ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ်ပြီးတော့ တာအိုဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်ရပါ့မလဲ။
မဟုတ်ဘူး…ဒါကို ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းနဲ့ လဲလှယ်မှဖြစ်မယ်။
သူတော်စင် လက်ခံမယ်လို့ မျှော်လင့်ပါတယ်”
ထိုအချိန်တွင် ရွှေရောင်အမွေးရှိသော မျောက်ဝံက ရှေ့တိုးလာကာ ဖြောင့်မတ်သော သဘောထားဖြင့် အော်ပြောလိုက်သည်။
ဤမျောက်ဝံက ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို တက်ကြွလှုပ်ရှားအောင် လုပ်ဖို့အတွက် သဲ့လုံဆီမှ အမိန့်များကို လက်ခံရရှိသည်။
ချီသဲ့လုံက ရှန်ထျန်းကို သူ့ကိုယ်ပိုင်ထဲမှ တစ်ခုဟု သတ်မှတ်ထားတာလေ သူ့ကို ဘယ်လိုလုပ်ပြီးတော့ ခံစားရအောင် လုပ်နိုင်ပါ့မလဲ
ပြီးတော့ သူက လဲလှယ်ဖို့အတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကိုတောင် အသုံးပြုထားတယ်လေ။ တခြားသူတွေကိုလည်း အလကားယူဖို့အတွက် ဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုပါ့မလဲ
မဖြစ်နိုင်ဘူး…လုံးဝ မဖြစ်နိုင်ဘူး
အားလုံး၏ မျက်နှာများက မျောက်ဝံ၏ စကားကိုကြားသည့်အခါ အေးစက်သွားကြသည်။
အဲဒီစကားတွေက အရမ်းကို ဒဲ့တိုးဆန်လွန်းတယ်။ အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ရက်ရောလို့ ပေးချင်တာလေ
ဒါပေမဲ့ တစ်ခုခုနဲ့ မလဲလှယ်ဘူးဆိုရင် မင်းတို့က တကယ်ကို သနားဖို့ကောင်းတာပဲ
ဤနေရာတွင် ရှိနေသောသူများက ဂိုဏ်းချုပ်များနှင့် အထွတ်အမြတ်မြေအသီးသီး၏ အကြီးအကဲချုပ်များ ဖြစ်ကြသည်။ သူတို့အနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်သေးသည်။
ဘယ်သူမှ ဒီစကားကို မပြောဖူးဆိုလျှင် ဘယ်သူမှ ဂရုစိုက်မည်မဟုတ်ပေ။
အဲလိုစကားတွေ ပြောပြီးတာတောင် သူတို့က ဘယ်လိုလုပ်ပြီးတော့ အလကားယူရဲသေးတာလဲ
တာအိုဉာဏ်အလင်းပွင့် အဖန်ရည်က ထိုသူတော်စင် အသုံးအဆောင်ပစ္စည်းများထက် တန်ဖိုးကြီးသည်။
နည်းလမ်းတကျပြောရလျှင် ထိုအဖန်ရည်အတွက် သူတို့ရတနာအားလုံးကို အသုံးပြုသင့်သည်။
ထို့အပြင် တာအိုဉာဏ်အလင်းပွင့် အဖန်ရည်၏ အနံ့နှင့် အကျိုးသက်ရောက်မှုကြောင့် ခံနိုင်ရည်မရှိတော့ပေ။
ထိုအချိန်တွင် အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များက အလကားယူဖို့အတွက် ရှက်နေကြသည်။ ထို့ကြောင့် လဲလှယ်ဖို့အတွက် သူတို့၏ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကို ထုတ်ယူလိုက်ကြသည်။
“ စီနီယာတို့ ကျွန်တော် ဒါကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မှာလဲ”
ရှန်ထျန်းက တောင်ကဲ့သို့ စုပုံနေသော ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကို ကြည့်ကာ အံ့ဩမှင်သက်သွားသည်။
ယခုလိုမျိုး ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဘာတွေဖြစ်သွားတာလဲ
ဘယ်လိုလုပ်ပြီးတော့ ဈေးကွက်အဖြစ် ပြောင်းလဲသွားရတာလဲ
အရှင်းဆုံးပြောရရင် ကျွန်တော်က အဖန်ရည် ရောင်းနေတာ မဟုတ်ပါဘူး
သေစမ်း…
ဒါကို အလကားပေးဖို့ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ