← Chapters

ကောင်းကင်စက်ဝန်း ကြယ်တာရာ ကာကွယ်ရေးအစီအရင်

Vol. 31 Ch. 459

ကောင်းကင်စက်ဝန်း ကြယ်တာရာ ကာကွယ်ရေးအစီအရင်

Vol. 31 Ch. 459

အခန်း (၄၅၉) : ကောင်းကင်စက်ဝန်း ကြယ်တာရာ ကာကွယ်ရေးအစီအရင်

ထာဝရဘုရင်ဟွမ်ထျန်းက ရှန်ထျန်း၏ လျှို့ဝှက်ချက်ကို စိတ်ဝင်စားနေသည့်ပုံစံကို တွေ့လိုက်ရသည့်အတွက် ယဲ့ချန်းခန် ချွေးစေးပျံနေမိသည်။

သူက သူ့ဆီသို့ အသံဖြင့် ဆက်သွယ်လိုက်သည်

“ စီနီယာဟွမ်ထျန်း ဒီကောင်လေးက အဲဒီလူနဲ့ ဆက်စပ်နေတာပါ”

ရှန်ထျန်းတွင် ထာဝရဘုရင်များပင် စိတ်ဝင်စားနိုင်သည့် လျှို့ဝှက်များရှိနေသည်ကို ယဲ့ချန်းခန်သိသည်။

အဲဒီလူနဲ့ သက်ဆိုင်တဲ့အရာတွေက အထူးသဖြင့် မှန်ကန်တယ်လို့ ပြောလို့ရတယ်။ အဲဒီသတင်းသာ နတ်ဘုရားလောကဆီ ပေါက်ကြားသွားရင် အထွတ်အထိပ်စွမ်းအားရှင်တွေက သူ့ကို ဖျောင်းဖျကြလိမ့်မယ်

ထာဝရဘုရင် ဟွမ်ထျန်းက ရှန်ထျန်းကို ထိခိုက်အောင် လုပ်မည်ကို စိုးရိမ်သည့်အတွက် “အဲဒီလူ”နှင့် ပတ်သက်သည်ဆိုသော စကားကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

“အဲဒီလူ”တစ်ယောက်တည်းကသာလျှင် ထာဝရဘုရင် ဟွမ်ထျန်းကို ခြိမ်းခြောက်နိုင်သည်။

“ အော် ဟုတ်လား”

ထာဝရဘုရင် ဟွမ်ထျန်းက အံ့အားသင့်သွားသည်။ ယဲ့ချန်းခန် ဘယ်သူ့အကြောင်းကို ပြောနေလဲဆိုတာကို သူ သိသည်။

သို့သော် ဤကောင်လေးက “အဲဒီလူ”နှင့် ဆက်နွယ်နေသည်ဆိုသောအကြောင်းကို မယုံကြည်နိုင်ပေ။

“ထိုတည်ရှိမှု”က အင်မတန် မြင့်မြတ်သည့်အတွက် ထာဝရဘုရင် ဟွမ်ထျန်းကိုယ်တိုင်ပင် နာမည်ကို လက်လွတ်စပယ် ထုတ်မပြောရဲပေ။

သေမျိုးလောကက သာမန်လူက ဘယ်လိုလုပ်ပြီးတော့ “အဲဒီပုဂ္ဂိုလ်”နဲ့ ဆက်စပ်နေနိုင်ရတာလဲ

ထာဝရဘုရင် ဟွမ်ထျန်း၏ ခန္ဓာကိုယ်မှ ကြယ်အလင်းတန်းများ လှိုင်းဂယက်ထနေကာ ရှန်ထျန်းကို ထိုးဖောက်တော့မလိုမျိုး စိုက်ကြည့်နေသည်။

သို့သော် သိပ်မကြာခင်မှာပင် ကြယ်အလင်းတန်းက ပြင်းထန်စွာ တုန်ခါလာပြီး ထာဝရဘုရင်ဟွမ်၏ ခန္ဓာကိုယ်ပင် တုန်လှုပ်လာသည်။

ထာဝရဘုရင် ဟွမ်ထျန်းက သူ သေမျိုးလောကတွင် ချန်ထားခဲ့သော အံ့ဖွယ်အာရုံခံနိုင်စွမ်းက ရှန်ထျန်း၏ မူလကျင့်ကြံခြင်းအုတ်မြစ်နှင့် ခွန်အားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသည်ကို သိလိုက်ရသည်။

ဒါက တကယ်ကို မယုံနိုင်စရာပဲ

ထာဝရဘုရင် ဟွမ်ထျန်း၏ ကျင့်ကြံခြင်းအရ သူ့ရှေ့တွင် နတ်ဧကရာဇ်တစ်ပါးပင် သူ့အရှိန်အဝါကို ဖုံးကွယ်ထားလို့မရနိုင်ပေ။

ရှန်ထျန်း၏ ကျင့်ကြံခြင်းက ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ နတ်ဧကရာဇ်အဆင့်ထက် ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ထာဝရဘုရင် ဟွမ်ထျန်း၏ ခန္ဓာကိုယ်က ကြယ်အလင်းတန်းကြောင့် တောက်ပလာကာ သူ အင်မတန် ထိတ်လန့်တုန်လှုပ်နေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်ကို အဖြူရောင်မြူခိုးများ ရစ်ပတ်နေသည်ကိုပင် မြင်တွေ့လိုက်ရသည်။ ထိုအရာက မှုန်ဝါးပြီး ရှုပ်ထွေးကာ ရင်တုန်စေသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထာဝရဘုရင် ဟွမ်ထျန်းက ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်

“ ရှေးဦး ရှုပ်ထွေးပွေလီ ချီတဲ့လား သူ အဲဒီပညာရပ်ကို ကျင့်ကြံခဲ့တာများလား”

ကြည့်ရတာ ငါ့ရှေ့က လူငယ်လေးက “အဲဒီပုဂ္ဂိုလ်”နဲ့ တကယ်ကို ဆက်စပ်နေတဲ့ပုံပဲ

ဒီကလေးက မရိုးရှင်းဘူး။ ငါ သူ့ကို ပုံမှန်အတိုင်း ဆက်ဆံလို့ မရဘူး

ဟုတ်တယ်… ငါ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ထောင်ရမယ်

ထာဝရဘုရင် ဟွမ်ထျန်း၏ လေသံက ချက်ချင်းပြောင်းလဲသွားကာ ပြုံးရင်း ပြောလိုက်သည်

“ မိတ်ဆွေလေး…ငါ မင်းတို့ရဲ့ လုပ်ဆောင်မှုကို မြင်ပြီးခဲ့ပါပြီ။

နည်းလမ်းတကျပြောရမယ်ဆိုရင် မင်းတို့က ငါ့ရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူတွေပါပဲ”

ရှန်ထျန်းနှင့် ရှီထျန်းကျီတို့ ပြင်ပလောကမှ လုပ်ခဲ့သမျှကို ထာဝရဘုရင်ဟွမ်ထျန်းက မြင်တွေ့ပြီးပြီဖြစ်သည်။

သူ့အမြင်အရ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေသူက ရှန်ထျန်းသာ ဖြစ်သည်။ ရှီထျန်းကျီကတော့ သူ့ကို အမှီပြုပြီးတော့သာ ဤနေရာသို့ ရောက်ရှိလာနိင်ခဲ့ခြင်းဖြစ်သည်။

ထာဝရဘုရင် ဟွမ်ထျန်းက ကပ်စေးနည်းသည့်သူ မဟုတ်သည့်အတွက် ရှီထျန်းကျီကိုပါ ဆွဲထည့်လိုက်သည်။ ထို့အပြင် သူတို့က ကံစပ်နေသည့်အတွက် သူ့အမွေအနှစ်ကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရှီထျန်းကျီ၏ အရည်အချင်းကလည်း အားမနည်းပေ။ နတ်ဘုရားလောက၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် သူ မရှုံးနိမ့်ပေ။

ထို့အပြင် သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ လူငယ်မျိုးဆက်ထဲတွင် အရည်အချင်းအမြင့်ဆုံးရှိသည့်သူ တစ်ယောက်ဖြစ်ပြီး နတ်ဧကရာဇ်အရိုးနှင့် ဒွိမျက်ဆံပါ မျက်လုံးများကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် သူက စစ်မှန်သော အထွတ်အထိပ်လူငယ်တစ်ယောက်ဖြစ်သည်။

ထို့အပြင် သူက သေမျိုးလောက၏ နယ်မြေငါးခုမှ လာခဲ့သည့်အတွက် သူ့ အနာဂတ်ကလည်း အကန့်အသတ်မဲ့သည်။

သေမျိုးလောက၏ အုတ်မြစ်က နတ်ဘုရားလောကအောက် နိမ့်ကျသော်လည်း သေမျိုးလောက၏ ပါရမီရှင်များ နတ်ဘုရားလောကသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က ဆန်းကြယ်သော အောင်မြင်မှုများကို ရရှိသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ နတ်ဘုရားလောကသို့ မတက်လှမ်းခင် အဆုံးမဲ့ ကြံ့ခိုင်မှုနှင့် ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ၁၂ခုကို ဖြတ်ကျော်ဖို့ လိုသည့်အတွက်ကြောင့် ဖြစ်သည်။

နတ်ဘုရားလောက ပါရမီရှင်များတွင် မြင့်မားသော စတင်မှတ်ရှိသော်လည်း သူတို့ကိုယ် သူတို့ လေ့ကျင့်ထိန်းကျောင်းသည့် စွမ်းအား လျော့နည်းနေသည်။

ထို့ကြောင့် ရှီထျန်းကျီသာ နတ်ဘုရားလောကသို့ ရောက်ရှိသွားပါက နှစ်ပေါင်းတစ်သောင်းအတွင်း နတ်ဘုရားလောက၏ စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထာဝရဘုရင်ဟွမ်ထျန်းက ယုံကြည်ထားသည်။

ထာဝရဘုရင် ဟွမ်ထျန်းက ထိုကဲ့သို့သော အမွေဆက်ခံသူကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။

သို့သော် ရှီထျန်းကျီက ရှန်ထျန်းအောက် အတော်လေး နိမ့်ကျနေသေးသည်။

“အဲဒီပုဂ္ဂိုလ်” နဲ့ ဆက်နွယ်နေတယ်ဆိုတော့ သူကလည်း သေချာပေါက် နတ်ဆိုးအဆင့် ပုဂ္ဂိုလ်ပဲ

ဒီလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်က “အဲဒီပုဂ္ဂိုလ်”နဲ့ ဆက်စပ်နေတယ်ဆိုတော့လည်း ထာဝရဘုရင်လည်း ရွေးချယ်စရာမရှိတော့ပဲ သူ့ကို အလေးအနက် ဆက်ဆံရတော့တယ်

ရှန်ထျန်းက ထာဝရဘုရင် ဟွမ်ထျန်း၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

ကြိုပြီးတော့ ဆုံးဖြတ်ထားတဲ့ ကံအပြောင်းအလဲအရ ထာဝရဘုရင်ဟွမ်ထျန်းရဲ့ အမွေအနှစ်ကို ရရမှာက ရှီထျန်းကျီလေ

သို့သော် ရှန်ထျန်းက ရှီထျန်းကျီ၏ ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်မှ မြင်ကွင်းအတိုင်း ဟွမ်ထျန်းစစ်တုရင်ခုံကို အနိုင်ရအောင် ကူညီပေးခဲ့သည့်အတွက် ထာဝရဘုရင်ဟွမ်ထျန်း၏ နားလည်မှုလွဲခြင်းကို ခံလိုက်ရသည်။

ယခုလက်ရှိတွင် ထာဝရဘုရင် ဟွမ်ထျန်းက ရှန်ထျန်းက စစ်မှန်သော အမွေဆက်ခံသူဟု ထင်နေသည့်အတွက် သူ့ကို အနည်းငယ် အရှက်ရသွားစေသည်။

သို့သော် ရှီထျန်းကျီက သူထိုက်တန်သော အခွင့်အရေးကို ရရှိသွားသည့်အတွက် ဘာဆုံးရှုံးမှုမှ မရှိပေ။

အတိုချုပ်ပြောရလျှင် ထိုအရာက ပြဿနာကြီးတစ်ခု မဟုတ်ပေ။

ထာဝရဘုရင်ဟွမ်ထျန်းက ဆက်ပြောလိုက်သည်

“ မိတ်ဆွေလေးမှာ ထူးခြားတဲ့ ရုပ်ရည် ရှိတယ်။ နတ်ဘုရားလောကမှာတောင် မင်းကိုယှဉ်နိုင်တဲ့သူ အရမ်းနည်းလိမ့်မယ်။

ဒီဘုရင်က ငါ့ရဲ့ ငယ်ရွယ်မှုပုံရိပ်ကို မင်းဆီမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ဒီဘုရင်က အရမ်းကို ဝမ်းသာမိတယ်။ အဲဒါကြောင့် မင်းကို ကြိုဆိုတဲ့ လက်ဆောင်လေး ပေးဖို့ စီစဉ်ထားတယ်”

ရှန်ထျန်း၏ ပုံစံကို ကြည့်ပြီး ထာဝရဘုရင်ဟွမ်ထျန်း ကြောင်အသွားမိသည်။

ဤပြိုင်ဘက်ကင်းရုပ်ရည်က သူ ငယ်ရွယ်စဉ်ကနှင့် အင်မတန်တူပြီး သူ့ကို မိန်းမောသွားစေသည်။

ဒီထက်ပိုပြီးအရေးကြီးသည်က ဤကောင်လေးက “အဲဒီပုဂ္ဂိုလ်”နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုးရှိသည့်အတွက် သူ့ကို အလေးအနက် ဆက်ဆံနေရသည်။

ထို့ကြောင့် ထာဝရဘုရင်ဟွမ်ထျန်းက နောက်ထပ် ဆုလာဘ်များကိုထုတ်ကာ ရှန်ထျန်းကို ပေးချင်နေခြင်းဖြစ်သည်။

ရှန်ထျန်းက ထိုစကားကို ကြားသည့်အခါ ဝမ်းသာကြည်နူးသွားမိသည်။

ရုပ်ချောတာကလည်း အကျိုးရှိတဲ့ပုံပဲ

ရုပ်ချောတာက တခြားသူတွေ သူ့ကို အကောင်းမြင်သွားရုံတင်မကသေးပဲနဲ့ အကျိုးအမြတ်တွေလည်း ရသေးတယ်

ငါက အသက်ရှင်နေထိုင်ဖို့ အမြဲတမ်းခွန်အားကို မှီခိုခဲ့ပေမဲ့လည်း ငါ့မျက်နှာပေါ် မူတည်ပြီး အကျိုးအမြတ်တွေရနေမှတော့ ဘယ်လိုလုပ်ပြီးတော့ ငြင်းနိုင်ပါ့မလဲ

ရှန်ထျန်းက ပြုံးပြကာ ပြောလိုက်သည်

“ စီနီယာ ကျွန်တော် ဒါကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ပါ့မလဲ”

ထာဝရဘုရင်ဟွမ်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ကောင်းကင်စက်ဝန်း တာအိုကျမ်းက ဒီဘုရင်ရဲ့ ထိပ်တန်းပညာရပ်တစ်ခုပဲလေ။ အရမ်းလေးနက်လွန်းလို့ နတ်ဧကရာဇ်ကျမ်းထက်တောင် ကျော်လွန်တယ်။

မင်းကို နှစ်တစ်ထောင် အချိန်ပေးမယ်ဆိုရင်တောင် မင်း အကုန်လုံးကို နားလည်နိုင်သေးမှာ မဟုတ်ဘူး။

အဲဒီထဲမှာ စကြဝဠာရဲ့ မဟာတာအိုနဲ့ ကမ္ဘာပေါ်က အရာအားလုံးပါဝင်တယ်။ အဲဒါကြောင့် အဲဒီထဲမှာ လမ်းပျောက်သွားဖို့က လွယ်ကူတယ်။

အခု ငါ နေ၊ လနဲ့ ကြယ်တွေကို ဒီကမ္ဘာဆီ သယ်ဆောင်လာပေးပြီးတော့ စကြဝဠာ ကြယ်တာရာ မြေပုံကို လုပ်ပေးမယ်။ ဒါဆိုရင် မင်းတို့ ပိုပြီးတော့ လေးနက်တဲ့ အမြင်ကို ရရှိသွားလိမ့်မယ်။

နှစ်တစ်ရာအတွင်း ပိုပြီး ကျွမ်းကျင်တဲ့အဆင့်ကို ရောက်မယ်လို့ ယုံကြည်တယ်။

မင်း အဲဒါကို ကောင်းကောင်းနားလည်ပြီးတော့ ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”

ထာဝရဘုရင် ဟွမ်ထျန်းက ကြိုဆိုသောလက်ဆောင်အတွက် အားလုံးပြင်ဆင်နေသည်။

ထာဝရဘုရင်များအတွက် နေ၊ လနှင့် ကြယ်တာရာများကို ရွှေ့ရန် မခက်ခဲသော်လည်း ယခုလက်ရှိ ထာဝရဘုရင် ဟွမ်ထျန်းက သူ့ နတ်ဘုရားအသိစိတ်၏ တစ်စိတ်တစ်ပိုင်းလေးသာ ဖြစ်သည့်အတွက် ပြီးမြောက်အောင် လုပ်ဖို့အတွက် အရမ်းမလွယ်ကူပေ။

ကံကောင်းစွာဖြင့် ဤနေရာက ထာဝရဘုရင်ဟွမ်ထျန်း ဖန်တီးထားသော ကမ္ဘာငယ်လေးဖြစ်သည့်အတွက် ပြင်ပလောကထက် ဤနေရာတွင် စည်းမျဉ်းများကို အသုံးချဖို့က အနည်းငယ် ပိုမိုလွယ်ကူသည်။

ဤသို့ဆိုလျှင်ပင် ထာဝရဘုရင်ဟွမ်ထျန်းအနေဖြင့် အားအင်အများကြီး စိုက်ထုတ်ဖို့ လိုအပ်သည်။

သို့သော် ရှန်ထျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် စတေးမှုအချို့ ပြုလုပ်ဖို့ လိုအပ်သည်။

ရှန်ထျန်းက ပြုံးပြလိုက်သည်

“ ကျေးဇူးတင်ပါတယ် စီနီယာ”

ပြီးတော့ ဒါက အလကားပေးတဲ့ လက်ဆောင်ဆိုတော့ သူ လက်မခံလိုက်ရင် အချည်းနှီးဖြစ်သွားမှာပေါ့

ထာဝရဘုရင်ဟွမ်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြကာ လက်ယမ်းပြရင်း ပြောလိုက်သည်။ အကန့်အသတ်မဲ့ စည်းမျဉ်းများက သူ၏ ဘေးပတ်လည်တွင် ချက်ချင်း ထွက်ပေါ်လာသည်။

တောက်ပသော ကြယ်များက လေဟာနယ်ကို ဖြတ်သန်းကာ လင်းလက်နေကြသည်။

စည်းမျဉ်းစွမ်းအားများ၏ လမ်းညွှန်မှုအောက်တွင် မရေတွက်နိုင်သောကြယ်များက ထိတ်လန့်စရာကောင်းတဲ့ အရှိန်ဖြင့် ဦးတည်လာနေသည်။

အလင်းတန်းက တောက်ပနေပြီး အရောင်စုံသော အလင်းတန်းများ ဖြာကျနေကာ ကောင်းကင်တစ်ခုလုံးကို လင်းလက်သွားစေသည်။

နဂိုမူလတုန်းက ကောင်းကင်တွင်ရှိနေသော ကြယ်တာရာများက အားလုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

ထိုအရာတင် မကသေးပဲ ထာဝရဘုရင်ဟွမ်ထျန်းက လက်သီးဆုပ်ကာ အာကာပြင်ကို ရှုံ့တွသွားစေသည်။

မိုင်ပေါင်းသန်းချီတွင် တည်ရှိနေသော ကြယ်တာရာအစုအဝေးက သူ့အောက်သို့ ချက်ချင်းရောက်ရှိလာသည်။

သူတို့က ကြယ်တာရာအစုအဝေးပေါ်တွင် မြောနေကြပြီး ကောင်းကင်ရှိ ကြယ်တာရာများက သူတို့ကို ဝန်းရံထားသည်။

ဤနေရာတွင် ရှိနေသော မြင်ကွင်းက စကြဝဠာ ကြယ်တာရာမြေပုံထက် နိမ့်ကျနေသော်လည်း အများကြီး ကွာခြားနေခြင်းမျိုးတော့ မဟုတ်ပေ။

ထိုအရာကိုမြင်ပြီး ရှန်ထျန်း ထိတ်လန့်သွားမိသည်။

ဒီလိုမျိုး ပညာက စိတ်ကူးယဉ်လို့ပင် မရနိုင်ပေ။

ထာဝရဘုရင်က ဒီလောက်ထိတောင် ကြောက်ဖို့ကောင်းတယ်။ သူက ကြယ်တာရာတွေကို သူလိုချင်တဲ့နေရာမှာ ထားနိုင်တယ်

နေ၊ လနဲ့ ကြယ်တာရာတွေရဲ့ စွမ်းအင်ကို စုဆောင်းနိုင်တာ ကမ္ဘာလောကမှာရှိတဲ့ အရာအားလုံးရဲ့ ကံကောင်းမှုကို ရယူလိုက်သလိုပဲ

ကြယ်တာရာများမှ တိုင်းတာမရနိုင်သော စွမ်းအားထွက်လာသည်ကို ရှန်ထျန်း အာရုံခံနိုင်သွားသည်။

ကြယ်တာရာများ၏ စွမ်းအား ဆင်းသက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင် စမ်းချောင်းကဲ့သို့ စီးဝင်လာသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်အလင်းတန်းဖြင့် ပတ်လည်ဝန်းရံထားကာ သူ၏ စိတ်အခြေအနေကလည်း အင်မတန် လန်းဆန်းသွားသည်။

ရှီထျန်းကျီက ထိုအရာမှ အကျိုးအမြတ် ရရှိသွားသည်။ သူ့အရှိန်အဝါက ပိုမို ပြင်းထန်လာကာ သူ့ဘေးပတ်လည်ရှိ ကြယ်တာရာစွမ်းအားကို သူနှင့်ပေါင်းစပ်ဖို့အတွက် ဆွဲငင်နေသည်။

စကြဝဠာ ကြယ်တာရာမြေပုံကို နားလည်ခြင်းက နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ စိတ်ထဲရှိ ကောင်းကင်၊ မြေကြီးနှင့် စကြဝဠာကို လှုံ့ဆော်ကာ ကောင်းကင်တာအို၏ စစ်မှန်မှုကို ရှာဖွေဖို့အတွက် ဖြစ်သည်။

သို့သော် ယခု အဆုံးမဲ့ ကြယ်တာရာပင်လယ်ထဲသို့ ကိုယ်တိုင်ဝင်သွားကာ ကြယ်တာရာစွမ်းအားကို စုပ်ယူနေကြသည်။

ထိုကဲ့သို့သော နေရာမျိုးတွင် တာအိုကို နားလည်ခြင်းက အရှိန်ကို အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်အထိ တိုးမြှင့်ပေးနိုင်သည်။

ရှန်ထျန်း ဒီထက်ပိုပြီးတွေဝေမနေတော့ပေ။ သူ တင်ပျဉ်ခွေထိုင်ကာ စကြဝဠာ ကြယ်တာရာမြေပုံကို စတင် နားလည်ဖို့ ကြိုးစားနေသည်။

သိပ်မကြာခင်မှာပင် လေးနက်သော စွမ်းအင်က သူ့ခန္ဓာကိုယ်မှ ထွက်လာကာ ငြိမ်ကျသွားသည်။

စည်းမျဉ်းစွမ်းအားများ ပြုတ်ကျလာကာ ရှန်ထျန်း၏ ခေါင်းပေါ်တွင် ကြီးမားသော စည်းမျဉ်းလေပွေငယ်လေးတစ်ခု ပေါ်ပေါက်လာသည်။

အံ့ဖွယ်အလင်းတန်းက သူ့ကို ပတ်လည်ဝန်းရံထားသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး လင်းလက်တောက်ပသွားသည်။ ရောင်စုံသော အလင်းတန်းများ လွှမ်းခြုံသွားကာ ကောင်းကင်တာအိုစည်းမျဉ်းများကို သူနှင့် နီးစပ်သွားစေသည်။

သူ၏ နားလည်နိုင်စွမ်းက အရမ်းမြန်သည့်အတွက် ရှီထျန်းကျီကို အလွယ်တကူ လိုက်မှီနိုင်သည်။

အချိန်တစ်ခုကြာသည်အထိ ဟွမ်ထျန်း စစ်တုရင်ခုံတစ်ခုလုံး တာအိုပင်လယ်ထဲတွင် နစ်မြုပ်နေသည်။

ထိုမြင်ကွင်းကြောင့် ထာဝရဘုရင် ဟွမ်ထျန်း၏ ပုံရိပ် အေးစက်သွားကာ သူ့အသံမှာလည်း အံ့ဩမှင်သက်မှုတို့ ပါဝင်နေသည်။

“ ဒီကောင်လေးမှာ မွေးရာပါ ခန္ဓာတည်ဆောက်ပုံ ရှိနေတာလား”

ရှန်ထျန်းက သူ စိတ်ကူးထားသည်ထက် လျှို့ဝှက်ချက် ပိုများနေသည်ကို သိရှိလိုက်ရသည်။

ထာဝရဘုရင် ဟွမ်ထျန်းက မွေးရာပါခန္ဓာတည်ဆောက်ပုံကို ဘာလို့ မသိပဲနေရမလဲ

သူ ငယ်ငယ်တုန်းက သူ့ကို ထူးခြားတဲ့ အထွတ်အထိပ်ဖြစ်တည်မှုကို ဖြစ်သွားစေသည့် ပြိုင်ဘက်ကင်း ခန္ဓာတည်ဆောက်ပုံတစ်ခု ရှိခဲ့တာ

သူ၏ ခန္ဓာတည်ဆောက်ပုံက နတ်ဘုရားလောကမှာပင် ပြိုင်ဘက်ကင်းဖြစ်သည့်အတွက် မရေတွက်နိုင်သော စံပြများ၏ နှလုံးသားထဲသို့ ကြောက်လန့်စိတ် သွင်းပေးလိုက်နိုင်သည်။

မွေးရာပါ ခန္ဓာတည်ဆောက်ပုံက ယခင်က မမြင်ခဲ့ဖူးသော အထွတ်အထိပ် ခန္ဓာတည်ဆောက်ပုံ ဖြစ်သည်။ ထိုအရာက ကမ္ဘာပေါ်ရှိ စည်းမျဉ်းများအားလုံးကို ခြိမ်းခြောက်လိုက်နိုင်သည်။ မွေးရာပါ ခန္ဓာတည်ဆောက်ပုံရှိသော ကျင့်ကြံသူရှေ့တွင် ကျင့်ကြံခြင်း ပညာရပ်အားလုံးက လွယ်ကူသွားသည်။

ရလဒ်အနေဖြင့် ထိုကဲ့သို့ ကျင့်ကြံသူများက သူတို့၏ ကျင့်စဉ်ကို အလျင်အမြန် တိုးတက်အောင် လုပ်နိုင်ပြီး ကမ္ဘာလောက၏ စည်းမျဉ်းများကို အလွယ်တကူ ဖမ်းဆုပ်နိုင်သည်။

ဒီကောင်စုတ်လေးက “အဲဒီပုဂ္ဂိုလ်”ရဲ့ အမွေကို ရထားရုံတင် မကသေးပဲနဲ့ မွေးရာပါ ခန္ဓာတည်ဆောက်ပုံကိုပါ ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ

သူက အရမ်းထူးခြားတာပဲ

ယဲ့ချန်းခန်က နှုတ်ခမ်းကို ဖိကိုက်ရင်း ပြောလိုက်သည်

“ သူက ပုံမှန်မဟုတ်လောက်တဲ့အထိ စွမ်းအားကြီးတယ်”

ရှန်ထျန်း ဒီအထိ ဘယ်လိုရောက်လာလဲဆိုတာကို သူ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ထားရသည့်အတွက် သူ ဘယ်လောက်အထိ တစ်မူထူးခြားလဲဆိုတာကို သိသည်။

ထာဝရဘုရင် ဟွမ်ထျန်းက စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်

“ ခင်ဗျားက အတော်လေး သိထားတဲ့ပုံပဲ။ ထပ်ပြီးတော့ ပြောပြပါဦး။ ကျုပ်တို့ တစ်ခါထဲ စစ်တုရင်ကစားရင်း တာအိုအကြောင်းကိုပါ ဆွေးနွေးရအောင်”

ယဲ့ချန်းခန်က ခါးသီးစွာဖြင့် ပြောလိုက်သည်

“ ထာဝရဘုရင် ကျွန်တော်တို့ စစ်တုရင် မကစားလို့ မရဘူးလားဟင်”

သူက ဘယ်လိုလုပ်ပြီးတော့ ထာဝရဘုရင် ဟွမ်ထျန်းရဲ့ ရည်ရွယ်ချက်တွေကို မသိပဲနေပါ့မလဲ

ဒါက ဘယ်လိုလုပ်ပြီးတော့ စစ်တုရင်ကစားပွဲ ဖြစ်ပါ့မလဲ။ သူက ဒီအတိုင်း တစ်ယောက်ယောက်ကို ရိုက်နှက်ချင်နေရုံပဲ

ထာဝရဘုရင်ဟွမ်ထျန်း၏ နတ်ဘုရားလောကတစ်ခွင် ကျော်ကြားသည့်အတွက် မရေတွက်နိုင်သော ပါရမီရှင်များကို ထိတ်လန့်သွားစေသည်။

သူပြောသည်က စစ်တုရင်ကစားပွဲ တစ်ခုသာ မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုဖြစ်သည်။

သူက နတ်ဘုရားလောကတွင် စစ်တုရင် ကစားပွဲတစ်ခု ဖန်တီးထားကာ တာအိုအကြောင်း ဆွေးနွေးရန် မရေတွက်နိုင်သောလူများကို ဖိတ်ခေါ်သည်။

အဆုံးသတ်တွင် တစ်ယောက်မှ ဒဏ်ရာမရပဲ ထွက်လာနိုင်သူ မရှိပေ။

ထာဝရဘုရင် ဟွမ်ထျန်း၏ စစ်တုရင်ကစားစွမ်းရည်က နတ်ဘုရားလောကမှာပင် ကျော်ကြားသည်။

ထာဝရဘုရင်က သူနှင့် စစ်တုရင်ကစားချင်သည်ဟု ယဲ့ချန်းခန် ကြားသိလိုက်ရသည့်အခါ မျက်နှာကို မဲ့လိုက်မိသည်။

ထာဝရဘုရင် ဟွမ်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အဲဒါက ခင်ဗျား ဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ပါဘူး”

ထို့နောက် သူက ယဲ့ချန်းခန်ကို လေဟာနယ်ထဲသို့ ဆွဲခေါ်သွားသည်။

သိပ်မကြာခင်မှာပင် အာကာပြင် ပြင်းထန်စွာ တုန်လှုပ်သွားကာ ဖျော့တော့သော အော်သံများပင် ထွက်ပေါ်လာသည်။

ရှန်ထျန်းက ယခုလက်ရှိတွင် စကြဝဠာ ကြယ်တာရာမြေပုံကို နားလည်ပြီး ကောင်းကင်စက်ဝန်း တာအိုကျမ်းကို ကျင့်ကြံနေသည်။

ထိုအရာနှင့် ကိုယ်တိုင် ထိတွေ့ကြည့်မှသာ ထာဝရဘုရင်ကျမ်းက ဘယ်လောက်ထိ နက်နဲပြီး နားလည်ရခက်လဲဆိုတာကို သိနိုင်သည်။

နတ်ဧကရာဇ်ကျမ်းနှင့် နှိုင်းယှဉ်လိုက်သည့်အခါ မိုးနှင့်မြေလို ကွာခြားနေပြီး ထိုနှစ်ခုကို နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ပေ။

ရှန်ထျန်းဆီမှာ မွေးရာပါ ခန္ဓာတည်ဆောက်ပုံ ရှိနေသော်လည်း ကောင်းကင်စက်ဝန်း တာအိုကျမ်းကို နားလည်ဖို့က အဲလောက်ထိ မလွယ်ကူနိုင်ပေ။

ကောင်းကင်စက်ဝန်း တာအိုကျမ်းက ပြိုင်ဘက်ကင်းသည့်အတွက် အရာအားလုံးကို လွှမ်းမိုးနိုင်သည်။

ထာဝရဘုရင် အမွေအနှစ်တွင် များပြားသော စွမ်းအားကြီးပညာရပ်များ ပါဝင်သည်။

စွမ်းအားနှင့် အကျိုးသက်ရောက်မှုက နတ်ဧကရာဇ် ကျမ်း၏ တားမြစ်အခန်းထက်ပင် ကျော်လွန်နေသည်။

အမွေအနှစ်များက အထွတ်အထိပ်ပညာရပ်များဖြစ်သော မိုးကုတ်စက်ဝန်း အံ့ဖွယ်လမ်းညွှန်၊ ကောင်းကင်အံ့ဖွယ်လက်သီး၊ ကောင်းကင်ကြယ် ပိတ်ဆို့ရေးဓားနှင့် မိုးကုတ်စက်ဝန်း ကြယ်တာရာအစီအရင်တို့အဖြစ် ခွဲထွက်သွားသည်။

ရှန်ထျန်း ကျင့်ကြံသော ပထမဆုံးကျင့်စဉ်က မိုးကုတ်စက်ဝန်း အံ့ဖွယ်လမ်းညွှန် ဖြစ်သည်။

မိုးကုတ်စက်ဝန်း အံ့ဖွယ်လမ်းညွှန်က ပြင်ပနယ်ပယ်ရှိ ကြယ်တာရာများ၏ စွမ်းအားကို စုပ်ယူကာ ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင်လုပ်နိုင်သည်။

ဤပညာရပ်ကို အသုံးပြုကာ ကြယ်တာရာများ၏ စွမ်းအားကို စုပ်ယူနိုင်ပြီး အကျိုးသက်ရောက်မှုကလည်း ဝိညာဉ်ချီကို စုပ်ယူခြင်းထက် ပိုမိုများပြားသည်။

ထာဝရဘုရင် ဟွမ်ထျန်းက မရေတွက်နိုင်သော ကြယ်တာရာများကို ရှန်ထျန်း၏ ဘေးပတ်လည်တွင် ထားပေးထားသည့်အတွက် ဤကျင့်စဉ်၏ အကျိုးသက်ရောက်မှုကို ပိုမိုတိုးပွားစေသည်။

ထို့ကြောင့် ရှန်ထျန်းက မိုးကုတ်စက်ဝန်း အံ့ဖွယ်လမ်းညွှန်ကို ပထမဆုံး ကျင့်ကြံဖို့အတွက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသောအကွက်များပေါ်လာပြီး ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုတာအိုအကွက်များက ရုတ်တရက် လင်းလက်သွားကာ လေပွေငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ကောင်းကင်ရှိ ကြယ်တာရာများကိုပင် တုန်လှုပ်သွားစေသည်။

သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သော ကြယ်တာရာစွမ်းအင်များက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

သူ့အရှိန်အဝါကလည်း ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် အလျင်အမြန်တိုးတက်သွားသည်။

အချိန်ကုန်ဆုံးသွားသည်။

သုံးနှစ်ကြာသည့်အခါ…

ရှန်ထျန်း မျက်လုံးကို ဖွင့်လိုက်သည့်အခါ တောက်ပသော အံ့ဖွယ်အလင်းတန်း ထွက်သွားသည်။

သူ့အရှိန်အဝါက ကြောက်စရာကောင်းအောင် ပြောင်းလဲသွားသည်။

တောက်ပသော ကြယ်အလင်းရောင်ကို ရှန်ထျန်းကို ဝန်းရံထားကာ သူ့မျက်လုံးများကလည်း ကြယ်ပင်လယ်ကဲ့သို့ လေးနက်လှသည်။

သေချာစိုက်ကြည့်ပါက ကြယ်များကိုပင် တွေ့မြင်နိုင်လိမ့်မည်။

သုံးနှစ်ကြာပြီးနောက် ရှန်ထျန်းက မိုးကုတ်စက်ဝန်း တာအိုကျမ်းကို ပိုမိုကျွမ်းကျင်သောအဆင့်ထိရောက်အောင် ကျင့်ကြံပြီးသွားပြီဖြစ်သည်။

အထွတ်အထိပ် ထာဝရဘုရင်ကျမ်းဖြစ်သည့်အတွက် ကျင့်ကြံရသည်မှာ သာမန် ကျမ်းလေးတစ်ခု ကျင့်ကြံသည်ထက် အချိန်ပိုကုန်စေသည်။

သို့သော် ရှန်ထျန်း၏ ရရှိမှု အကျိုးအမြတ်က များပြားလှသည်။ သူက မိုးကုတ်စက်ဝန်း တာအိုကျမ်း၏ ကျင့်စဉ်များကို ကျင့်ကြံခြင်း ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

“ ထာဝရဘုရင်ကျမ်းက မျှော်လင့်ထားတဲ့အတိုင်း ငါ့ရဲ့ ခွန်အားတွေကို အများကြီး တိုးမြှင့်ပေးလိုက်တယ်”

ရှန်ထျန်း၏ မျက်လုံးများ တောက်ပလာသည်။ ယခုမှသာ ထာဝရဘုရင်ကျမ်းက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သတိထားမိသွားသည်။

သူက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းမှ ဓမ္မပညာရပ်များကို ဖမ်းဆုပ်နိုင်ပြီး အားလုံးကလည်း အထွတ်အထိပ် အမွေအနှစ်များဖြစ်ကြသည်။

ကျင့်စဉ်တစ်ခုချင်းစီကလည်း နတ်ဧကရာဇ်ကျမ်းထက် သာလွန်နေသည်။

ရှန်ထျန်းက စိတ်မထိန်းနိုင်ဘဲ စမ်းသပ်ကြည့်ချင်နေပြီဖြစ်သည်။

သူက ကောင်းကင်တွင် ပြည့်နှက်နေသော ကြယ်ပင်လယ်ဆီသို့ ပျံသန်းသွားသည့်အခါ သူ့ခန္ဓာကိုယ်မှ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို စတင်လည်ပတ်တော့သည်။

ကောင်းကင်ရှိ ကြယ်များ ပေါက်ကွဲထွက်သွားကာ ကြယ်များ၏ အကန့်အသတ်မဲ့စွမ်းအားက ဧရာမလှိုင်းလုံးများကဲ့သို့ တိုက်စားသွားသည်။

ရှန်ထျန်းက လေထဲတွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေကာ ကြယ်အလင်းတန်းကလည်း သူ့ကို ပတ်လည်ဝန်းရံနေသည်။ သူက ရုတ်တရက် အဆုံးမဲ့လေဟာနယ်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ့အရှိန်အဝါက ခမ်းနားကြီးကျယ်လှသည်။

လက်သီးဖြင့် ထိုးလိုက်သည့်အခါ စကြဝဠာကို တုန်လှုပ်သွားစေသည်။

ရှန်ထျန်း၏ လက်သီးကို ယှဉ်ပြိုင်နိုင်သည့်သူမရှိပေ။ သူ့လက်သီးကို တောက်ပသော ကြယ်အလင်းရောင်ဖြင့် ရစ်ပတ်လိုက်သည့်အခါ လေဟာနယ်ကို အမှုန့်ဖြစ်သွားစေသည်။

အဆုံးမဲ့ ကြယ်အလင်းတန်း ထွက်ပေါ်လာကာ ထောင်ပေါင်းများစွာသော ကြယ်များ ကြွေလာသကဲ့သို့ ကမ္ဘာမြေပေါ်သို့ ပြုတ်ကျလာသည်။

ထိုအရာက မရေတွက်နိုင်သော ကြယ်တာရာများ၏ စွမ်းအားကို နှိုးဆွပေးသည့်အတွက် ဥက္ကာခဲကဲ့သို့ တိုက်စားသွားသည်။

ထိုအချိန်တွင် သိပ်မဝေးသောနေရာမှ ကြယ်များ ပေါက်ကွဲသွားကာ အမှုန့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

စကြဝဠာကိုယ်တိုင် ထိုးဖောက်ခံလိုက်ရသည့်အတွက် သဘာဝစည်းမျဉ်းများကို ပေါက်ကွဲသွားစေကာ သိသာစွာ ပြိုလဲသွားစေသည်။

ထိုပေါက်ကွဲမှုက ရန်သူအားလုံးကို နှိမ်နင်းဖို့အတွက် ရည်ရွယ်ထားပုံပေါ်သည်။

ဒါ မဖြစ်နိုင်ဘူး

ဒါက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းက ကောင်းကင်အံ့ဖွယ်လက်သီးဖြစ်ပြီးတော့ ကြယ်စွမ်းအင်ကို အသုံးချပြီး ဖော်ပြလို့မရနိုင်တဲ့ ခွန်အားနဲ့ ထိုးနှက်နိုင်တယ်

ထို ထိုးနှက်ချက်စွမ်းအားက မဟာဝိဇ္ဇာတစ်ယောက်ကိုပင် တိုက်ရိုက်ဖျက်စီးနိုင်သည်။

သို့သော် ထိုအရာနှင့်တင် မပြီးသေးပေ။ ရှန်ထျန်းက လက်ဟန်တချို့ပြုလုပ်လိုက်ပြီးတော့ တိုင်းတာလို့မရနိုင်သော စွမ်းအားက သူ့ခန္ဓာကိုယ်ထဲမှ မြင့်တက်လာသည်။

အဆုံးမဲ့ ကြယ်စွမ်းအား ထပ်မံထွက်ပေါ်လာကာ လေဟာနယ်ထဲတွင် မရေတွက်နိုင်သော ကြယ်တာရာဓားများကို ဖန်တီးလိုက်သည်။

ဓားပေါင်းတစ်သောင်း ထွက်ပေါ်လာကာ ကြယ်တာရာပင်လယ်ကို ဖုံးလွှမ်းထားလိုက်ပြီး ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။

အလင်းတန်းတစ်သောင်းရှိပြီး တစ်ခုချင်းစီက ကြယ်တံခွန်၏ အလင်းကဲ့သို့ လင်းလက်တောက်ပနေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ခွဲခြမ်းလိုက်သည်။

“ သတ်ပစ်လိုက်”

ရှန်ထျန်းက ကြယ်အလင်းရောင်ဖြင့် တောက်ပနေသော ဓားများကို အသက်သွင်းလိုက်သည့်အခါ ဓားများက အဆုံးမဲ့ ကြယ်ပင်လယ်ဆီသို့ ဦးတည်သွားနေသည်။

ဂျိန်း…

ဓားအလင်းတန်း ဖြတ်သွားသည့်နေရာတိုင်း ကြယ်များ တစ်စင်းပြီး တစ်စင်းပေါက်ကွဲသွားကာ စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် တောက်ပသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လေဟာနယ် ဗလာနတ္ထိဖြစ်သွားသည့်အခါ ကမ္ဘာလောကကလည်း ဖျက်စီးခြင်းစွမ်းရည်ရှိသော ဓားအလင်းတန်းကို ခံနိုင်ရည်မရှိပဲ တုန်လှုပ်လာသည်။

ထိုအချိန်တွင် အဝေးမှ အသံတစ်သံကို ကြားလိုက်ရသည်။

“ ဘယ်ကောင်က ဒီဘုရင်ရဲ့ ကစားပွဲကို ဖျက်စီးဖို့ ကြိုးစားနေရတာလဲ”

ထာဝရဘုရင် ဟွမ်ထျန်းက အာကာပြင်ထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် ကြယ်ထာဝရအလင်းတန်းက ပြင်းထန်စွာ တုန်ခါသွားသည်။

သူ ယဲ့ချန်းခန်နှင့် ဆွေးနွေးမှုတစ်ခု လုပ်နေစဉ် ကမ္ဘာလောကကြိး ပြိုလဲတော့မလိုမျိုး တုန်ခါလာသည်ကို သတိထားလိုက်မိသည်။

ထိုအရာက ထာဝရဘုရင် ဟွမ်ထျန်းကို ဒေါသထွက်သွားစေသည်။ ဤနေရာကို ဖျက်စီးချင်နေသောသူတစ်ယောက် ရှိနေပြီဟု သူ ထင်လိုက်မိသည်။

သို့သော် နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အတွက် သူ အံ့ဩသွားသည်။

ဝုန်း…

ဓားအလင်းတန်းဖြင့် လင်းလက်နေသော ဓားများက နောက်ထပ်တစ်ခါ ထပ်ကျလာကာ ကြောက်စရာကောင်းသော စွမ်းအားကို လွှတ်ထုတ်နေသည်။

ပထမတစ်ခေါက် တိုက်ခိုက်မှုက အပေါက်ကြီးတစ်ခုသာ ဖြစ်သွားစေနိုင်သည်ဆိုပါက ဤဓားတိုက်ခိုက်မှုက အာကာပြင်တစ်ခုလုံးကို အက်ကြောင်းထင်သွားစေသည်။

ထိုစွမ်းအားများကိုသာ စုစည်းလိုက်ပါက ဤကမ္ဘာတစ်ခုလုံးကိုပင် ပိုင်းခြားလို့ရနိုင်သည်။

ထိုအရာကို မြင်လိုက်ရသည့်အခါ ရှန်ထျန်းက ပျော်ရွှင်သွားပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ကောင်းကင်ကြယ် ပိတ်ဆို့ရေး ဓားပညာရပ်ကတော့ ထင်ထားတဲ့အတိုင်းပဲ။ စွမ်းအားတွေက အကန့်အသတ်မဲ့ပဲ

ဟုတ်တယ် ဒီဓားကျင့်စဉ်က မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကနေ ရှန်ထျန်း ဒုတိယမြောက် နားလည်ထားတဲ့ ကျင့်စဉ်ဖြစ်တဲ့ ကောင်းကင်ကြယ် ပိတ်ဆို့ရေး ဓားပညာရပ်ပဲ

ကောင်းကင်ကြယ် ပိတ်ဆို့ရေး ဓားပညာရပ်က ကြယ်တာရာ၏ စွမ်းအားဖြင့် ထောင်ပေါင်းများစွာသော ဓားများကို ဖန်တီးနိုင်ပြီး ကောင်းကင်သို့ ပစ်လွှတ်ကာ ရန်သူများကို သတ်ဖြတ်နိုင်သည်။

ကောင်းကင်အံ့ဖွယ်လက်သီးသာ ပြိုင်ဘက်ကင်း ပစ်မှတ်တစ်ခုတည်းထားသော အံ့ဖွယ်ပညာရပ်ဖြစ်ပါက ကောင်းကင်ကြယ် ပိတ်ဆို့ရေး ဓားပညာရပ်က လွန်ကဲသော ဖျက်စီးနိုင်စွမ်းပါသည့် ပိုင်နက်စက်ဝန်းအံ့ဖွယ် ပညာရပ်ဖြစ်သည်။

ဤစွမ်းအားကြီး ပညာရပ်နှစ်ခုကို ကျွမ်းကျင်ပြီးနောက် ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကလည်း တိုးတက်သွားသည်။

ဤပညာရပ်နှစ်ခုက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းတွင် အသန်မာဆုံးသော ပညာရပ်များ မဟုတ်သေးပေ။

စွမ်းအားအကြီးဆုံး ပညာရပ်က မိုးကုတ်စက်ဝိုင်း ကြယ်တာရာအစီအရင်ဖြစ်သည်။

ထိုအရာက ပြိုင်ဘက်ကင်း အစီအရင်တစ်ခုဖြစ်ပြီး ပါရမီရှင်၃၆ယောက်ကို အတူတူ အစီအရင် အသက်သွင်းလို့ ရစေပြီး  အကောင်းဆုံး စွမ်းအားကို လွှတ်ထုတ်ပေးနိုင်သည်။

ရှန်ထျန်း၏ ခန့်မှန်းချက်အရ ကာကွယ်ရေး အစီအရင် အသက်သွင်းရာတွင် ကျွမ်းကျင်သည့် ဝိဇ္ဇာအစစ်အမှန် ၃၆ယောက်သာ ရှိပါက သူတို့ နတ်ဧကရာဇ်တစ်ပိုင်းကိုပင် ဤပညာရပ်ဖြင့် သတ်လို့ရနိုင်သည်။

ခုနစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်နှင့် မဟာဝိဇ္ဇာ၃၆ယောက်တို့သာ အတူတူ အစီအရင်ကို အသက်သွင်းလိုက်ပါက နတ်ဧကရာဇ်အဆင့် ပါရမီရှင်များကိုပင် ခုခံနိုင်သည်။

မဟာဝိဇ္ဇာ ၃၆ ယောက်သာ ပူးပေါင်းလိုက်ပါက နတ်ဧကရာဇ်တစ်ပါးကို ဖိနှိပ်နိုင်သည်။

အဲဒါက ဘယ်လိုပုံစံမျိုးလဲ။ မဟာဝိဇ္ဇာနဲ့ နတ်ဧကရာဇ်ကြားထဲမှာ ကွာခြားချက်က မိုးနဲ့မြေလို ကွာခြားနေတာလေ

မဟာဝိဇ္ဇာ ၃၆ ယောက် မပြောနဲ့ဦး နတ်ဧကရာဇ်တစ်ပိုင်း ၃၆ ယောက်ကတောင် နတ်ဧကရာဇ်တစ်ယောက်အတွက် ယှဉ်ပြိုင်ဘက် မဖြစ်နိုင်ဘူး

ဒါပေမဲ့ မိုးကုတ်စက်ဝိုင်း ကြယ်တာရာ အစီအရင်က မဟာဝိဇ္ဇာတွေ နတ်ဧကရာဇ်ကို ဖိနှိပ်နိုင်အောင် လုပ်ပေးတယ်

ကြားရတာနဲ့တင် မယုံကြည်နိုင်စရာပဲ

ဤပညာရပ်သာ ရှိထားပါက ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များ ကျူးကျော်လာလျှင်ပင် ကြောက်စရာမလိုပေ။

မဟာဝိဇ္ဇာပါရမီရှင်က အနည်းငယ်သာရှိသော်လည်း နယ်မြေငါးခု၏ အဓိကအင်အားစုများက ဤနယ်မြေထဲသို့ ဝင်ရောက်လာသော မကောင်းဆိုးဝါးအိုများကို ဖုံးကွယ်ပေးထားသည်။

မိစ္ဆာဝိညာဉ်များက နယ်မြေငါးခု၏ ဘုံရန်သူဖြစ်ပြီး ဘယ်သူကမှ ရပ်ကြည့်နေမည်မဟုတ်ပေ။

ထို့ကြောင့် မဟာဝိဇ္ဇာ ၃၆ ယောက်ကို စုစည်းခြင်းက သိပ်ပြီးတော့ မခက်ခဲပေ။

ရှန်ထျန်းက ဝမ်းသာကြည်နူးသွားသည်။ ဤပညာရပ်ကို ကျွမ်းကျင်အောင် လုပ်ထားပါက ကမောက်ကမဖြစ်သည့်အချိန်များတွင် အသက်ကယ်စွမ်းရည်ကို ရရှိအောင် လုပ်ပေးလိုက်သည်နှင့် တူသည်။

ထာဝရဘုရင် ဟွမ်ထျန်းက တွေဝေသော အခြေအနေသို့ ရောက်ရှိနေသည်။ သူက ပျက်စီးနေသော ကြယ်ပင်လယ်ကို ကြည့်လိုက်သည့်အခါ မယုံနိုင်ဖြစ်နေသည်။

သေစမ်း

တစ်စုံတစ်ယောက်က ဘာလို့ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ဒီလောက်ထိမြန်မြန် သင်ယူနိုင်သွားရတာလဲ

ဒါက ဘယ်လိုဟာသမျိုးလဲ။ နတ်ဘုရားလောကမှာ စွမ်းအားအကြီးဆုံး ပြိုင်ဘက်ကင်းပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ထာဝရဘုရင်ကျမ်းနော်

သာမန်လူတွေဆိုရင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံနေမယ်ဆိုရင်တောင် နည်းနည်းလေးတောင် နားလည်နိုင်မှာ မဟုတ်ဘူး

ပြိုင်ဘက်ကင်း ပါရမီရှင်များပင် အောင်မြင်မှုအနည်းငယ်လေးရဖို့အတွက် နှစ်ပေါင်းရာချီပြီး အချိန်ကုန်ဆုံးရမည်ဖြစ်သည်။

ဒါပေမဲ့ အခု ဒီဘုရင် မြင်လိုက်ရတာကဘာလဲ

ဒီကောင်လေးက သုံးနှစ်အတွင်းမှာတင် မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကိုတောင် ပိုမိုကျွမ်းကျင်တဲ့အဆင့်ထိရောက်အောင် ကျင့်ကြံပြီးနေပြီတဲ့

ပြီးတော့ အထဲမှာပါတဲ့ ပညာရပ်တွေကိုတောင် ကျွမ်းကျင်နေပြီ

သရဲတစ်ကောင်ကိုများ မြင်နေရတာလား

All Chapters