← Chapters

အတူအသေခံမလို့လား

Vol. 1 Ch. 293

အတူအသေခံမလို့လား

Vol. 1 Ch. 293

မကြာခင်တွင် မိုးပြာနဂါး အင်ပါယာသည် ကြေညာချက် တစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းမှာ စုတိဝမ်အား ကြယ်ကောင်းကင်မြို့သို့ လာရောက် သတင်းပို့၍ သင့်တော်သော ဖြေရှင်းချက်တစ်ခု ပေးရန် ဖြစ်လေသည်။ သို့မဟုတ်ပါက မိုးပြာနဂါး အင်ပါယာသည် အခြားနိုင်ငံ ငါးခုနှင့်အတူ စစ်တပ်စေလွှတ်၍ ရှားနိုင်ငံအား ဖျက်ဆီးပစ်ပေမည်။

အခြား လက်အောက်ခံ နိုင်ငံငါးခု သည်လည်း ရှားနိုင်ငံ တော်ဝင်မိသားစုအား သင့်တော်သည့် ဖြေရှင်းချက်ပေးရန် ကြေညာခဲ့ကြသည်။ မပေးပါက သူတို့သည်လည်း မိုးပြာနဂါး အင်ပါယာ၏ စစ်တပ်နှင့်အတူ ရှားနိုင်ငံဆီ ချီတက်ကြပြီး တိုက်ခိုက်ရလိမ့်မည် ဟူ၍ ဖြစ်သည်။

ဤဖြစ်ရပ်သည် လူသားမျိုးနွယ် တစ်ခုလုံး၏ အသက်ရှင်သန်မှုနှင့် ဆိုင်နေသောကြောင့် အင်အားစုများ အားလုံး တစ်ညီတစ်ညွတ်တည်း ဖြစ်နေကြသည်။ သင့်တော်သော ဖြေရှင်းချက် မပေးနိုင်ပါက သူတို့အားလုံး စုပေါင်း၍ ရှားနိုင်ငံအား သင်ခန်းစာ ကောင်းကောင်းပေးရမည်။ မဟုတ်ပါက အလားတူ ဖြစ်ရပ်မျိုး အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည်။

လူသားများ အချင်းချင်း စစ်ပွဲ ဖြစ်ပွားကြသည်မှာ ပုံမှန် ဖြစ်သော်လည်း ဤတစ်ခေါက်တွင် နတ်ဆိုးသားရဲများပါ ပါဝင်လာခဲ့သည်။ ဤသည်မှာ စည်းမျဉ်း စည်းကမ်းကို ဆန့်ကျင်နေ၍ သာမန်ပြည်သူတို့ ဒေါသထွက်နေကြသည်။ သူတို့ ရှားနိုင်ငံကို မဖျက်ဆီးပါက ပြည်သူတို့၏ ဒေါသများ ငြိမ်းအေးသွားကြမည် မဟုတ်ပေ။

ရွှေယွဲ့လျန် မျှော်စင်၊ ဇင်ဘုရားကျောင်းနှင့် သင်တန်းကျောင်းကြီး သုံးခုသည်လည်း ရှားနိုင်ငံမှ ဖြေရှင်းချက် မပေးနိုင်လျှင် သူတို့လည်း တိုက်ခိုက်ရမည်ဟု ကြေညာခဲ့သည်။ လူသားမျိုးနွယ်၏ အရေးနှင့် သက်ဆိုင်လာသည့်အခါ အင်အားစုကြီး များသည် အံ့အားသင့်စရာ ကောင်းအောင် စည်းလုံးနေကြသည်။ ရှားနိုင်ငံသည် တစ်လအတွင်း ဖြေရှင်းချက် မပေးနိုင်ပါက စစ်တပ် အသီးသီးသည် ရှားနိုင်ငံ နယ်မြေအတွင်း ဝင်ရောက်ကြလိမ့်မည်။

ရှားနိုင်ငံမှ ဖြေရှင်းချက် ပေးနိုင်ပါမည်လော။

လုံးဝပေးနိုင်မည် မဟုတ်ချေ။

မြစိမ်းကြည်လင် ပန်းအိုးသည် ရှားနိုင်ငံ တော်ဝင်မိသားစုမှ ပိုင်ဆိုင်သော ရတနာဖြစ်သည်။ သို့သော် ထိုပန်းအိုးအား နတ်ဆိုးသားရဲများ ပုန်ကန်ထကြွခြင်း မတိုင်မီတွင် စုတိကောက ငှားသွားခဲ့သည်။ စုတိကောသည် ရှားနိုင်ငံ၏ စစ်သေနာပတိချုပ် ဖြစ်ပြီး စုတိဝမ်မှာ သူ့အား အလွန်အမင်း ယုံကြည်လေ၏။ စုတိကောသည် မြစိမ်းကြည်လင် ပန်းအိုးကို လိုချင်သည်ဟု ပြောလာသည့်အခါ စုတိဝမ်သည် အများကြီး တွေးမနေဘဲ သူ့အား ပေးခဲ့လိုက်သည်။ ၎င်းသည် မြေခွေးလေးအား ပြန်ပေးဆွဲသွားသည့် အနက်ဝတ်နှင့် လူများ၏  လက်တွင်း မည်သို့မည်ပုံ ရောက်ရှိ သွားသနည်း။ ထိုအချက်အား စုတိဝမ် နားမလည်နိုင်ပေ။

ထိုအနက်ဝတ်နှင့် လူရှစ်ယောက်မှာ စုတိကော၏ လူများ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အရေးမပါချေ။ ပြဿနာမှာ ဤကိစ္စအား ဖြေရှင်းရန် နည်းလမ်းမရှိခြင်း ဖြစ်သည်။ စုတိဝမ်သည် သူဘာမှ မလုပ်ခဲ့သောကြောင့် ထောင်ချောက် အဆင်ခံရမှန်း သိလိုက်သည်။ သူသည် စိတ်ပျော့သည့် လူတစ်ယောက် ဖြစ်သည်။ သူ့စစ်သည်များ ကျန်းပိုင်လီ၏ သတ်ဖြတ်ခြင်း ခံရပြီးနောက် သူ၏ အရည်အချင်းများနှင့် မာနများအားလုံး ဆုံးရှုံးသွားခဲ့ပြီး အရက်နှင့် မိန်းမများ ထံတွင်သာ ပျော်မွေ့နေခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ပရိယာယ်ကြီးကို သူဆင်နိုင်ပါမည်နည်း။

သတင်းကြားပြီးနောက် သူသည် ဒေါသထွက်လွန်း၍ မေ့လဲတောင် သွားခဲ့သည်။ သူသတိရ လာသောအခါတွင် နန်းတော်ထဲရှိ မြင်မြင်သမျှကို ပေါက်ခွဲနေခဲ့သည်။ ထို့နောက် သူသည် အသေးစိတ် အချက်များမှာ အရေးမပါတော့သည့် အပြင် စုတိကောသည်လည်း ပါဝင်ပတ်သက် နေသောကြောင့် စုတိကော၏ မျိုးဆက်များကို ကွပ်မျက်ရန် အမှန်တကယ် အမိန့်ချလိုက်သည်။

ယခင်က စုတိကောသည် ထီးနန်းအတွက် တိုက်ခိုက် ခဲ့ဖူးသော်လည်း သူသည် တရားသဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ စုကျီဟမ် ပြောသလို အမိန့်စာကို ပြင်ဆင်၍ ထီးနန်းအား ခိုးယူခဲ့ခြင်း မဟုတ်ပေ။

စုတိကောသည် ယခင်က ပြိုင်ဘက် ဖြစ်ခဲ့လျှင်တောင် သူထီးနန်း ဆက်ခံပြီးနောက် စုတိကောနှင့် အမုန်းတရားများကို သင်ပုန်းချေခဲ့သည်။ စုတိကောသည် အားကောင်းသောကြောင့် စုတိဝမ်သည် ခန့်မှန်းချက်များကို ဆန့်ကျင်၍ နိုင်ငံ၏ စစ်တပ်ငါးပုံ တစ်ပုံကို အပိုင်စားရသော စစ်သေနာပတိချုပ် ရာထူးအထိ ချီးမြှင့် မြှောက်စားခဲ့သည်။ သို့နှင့် စုတိကောသည် ရှားနိုင်ငံ၏ ဒုတိယ အရေးပါဆုံး ပုဂ္ဂိုလ်ပင် ဖြစ်လာခဲ့သည်။

ဤဖြစ်ရပ်တွင် အဘယ့်ကြောင့် စုတိကော ပါဝင်ပတ်သက် နေသနည်း။ သူ့အသက်ကို အဘယ့်ကြောင့် ဆုံးရှုံး လိုက်ရသနည်း။ နောက်ကွယ်မှ ကြိုးကိုင်သူ အစစ်အမှန်မှာ မည်သူနည်း။

စုတိဝမ် မသိပေ။ သူသည် စုတိကောကို သတ်ဖြတ်ရန် လုပ်ကြံသူများ စေလွှတ်ခဲ့ခြင်းလည်း မရှိပေ။ သူသည် မမြင်ရသော လက်ကြီးတစ်ဖက်က အရာရာကို ကြိုးကိုင် ခြယ်လှယ်နေသည်ဟု ခံစားလာရသည်။

သူ မှားယွင်းစွာ စွပ်စွဲခံရသည်။

သူ အလွန် ဒေါသထွက် နေပါသော်လည်း သင့်တော်သော ဖြေရှင်းချက် မပေးနိုင်ပေ။ ထို့ပြင် သူကြယ်ကောင်းကင် မြို့သို့ မသွားရဲချေ။ စုဖျင်ဖျင်းလည်း မရှိတော့ရာ သူသွားပါက ဘယ်သောအခါမှ ပြန်မလာ နိုင်သည်လည်း ဖြစ်သွားနိုင်သည်။

သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ရှားနိုင်ငံသည် ထိုကဲ့သို့ ကိစ္စရပ်ကို တစ်ကြိမ်မှ မကြံစည်မိဘဲ မှားယွင်းစွာ စွပ်စွဲခံရခြင်း ဖြစ်သည်ဟု ကြေညာချက်ထုတ်ခြင်းသာ ဖြစ်သည်။ သူသည် ထိုဖြစ်ရပ်မှာ ရှားနိုင်ငံနှင့် လုံးဝပတ်သက်မှု မရှိကြောင်း ရှားနိုင်ငံ၏ ဘိုးဘေးများကို တိုင်တည်၍ သစ္စာဆိုခဲ့သည်။

စာလုံးရေ အများကြီးပါသော ကြေညာချက်တွင် ဘိုးဘေးများကိုပါ ဆွဲထည့်လာခြင်း ... စုတိဝမ် မည်မျှထိတ်လန့် သွေးပျက်နေကြောင်း ထင်ရှားနေသည်။

ထိုဖြေရှင်းချက်သည် တိကျရေရာသည့် သက်သေ မဟုတ်သလို ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်လည်း မဟုတ်ပေ။ စာလွှာထဲတွင် မြစိမ်းကြည်လင် ပန်းအိုး၏ အကြောင်းပင် ပါမလာခဲ့ချေ။ သူပြောလျှင်တောင် မည်သူမှ ယုံကြမည် မဟုတ်မှန်း စုတိဝမ် သိလေသည်။ သူသည် စုတိကောကို ပန်းအိုး ငှားထားခြင်း ဖြစ်ပြီး ထိုကိစ္စသည် တော်ဝင်မိသားစုနှင့် မပတ်သက်ပါဟု ပြောလိုက်ရမည်လော။ မည်သူက ယုံပါမည်လဲ။

ကြေညာချက် ထွက်လာသည်နှင့် နယ်မြေတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြပြန်သည်။ အစပိုင်းက အခြေအနေကို ဝေဖန်သုံးသပ်ကြသူများ ရှိကြသော်လည်း ယခုမူ ထိုကိစ္စမှာ ရှားနိုင်ငံ၏ လက်ချက် ဖြစ်သည်ဟု လူတိုင်းက ယုံနေကြပြီ ဖြစ်သည်။ ကျင်းရှန် နိုင်ငံသားများဆိုလျှင် သူတို့၏ အမည်များကို စာရင်းပေး၍ ရှားနိုင်ငံသို့ သွားရောက်တိုက်ခိုက်မည့် စစ်တပ်တွင် လိုက်ပါလိုကြောင်း တောင်းဆိုလာကြသည်။

မိုးပြာနဂါး အင်ပါယာသည် စုတိဝမ်အား ကြယ်ကောင်းကင်မြို့သို့ လာရောက်၍ သူတို့နှင့် အခြားနိုင်ငံများမှ ဘုရင်ငါးပါးအား မျက်နှာချင်းဆိုင်၍ ဖြေရှင်းချက်ပေးရန် အမိန့်စာ ထပ်မံ ထုတ်ပြန်ခဲ့သည်။ သို့မဟုတ်ပါက သူတို့နှင့် အခြားနိုင်ငံ ငါးခုမှ စစ်တပ်များသည် တစ်လပြည့်သည်နှင့် ရှားနိုင်ငံသို့ လာရောက်၍ တိုက်ခိုက်ကြမည် ဖြစ်သည်။

နိုင်ငံငါးခုသည် အမိန့်ပြန်တမ်းများ ထပ်မထုတ်တော့သော်လည်း စစ်တပ်များ ပြင်ဆင်သည့် အနေဖြင့် ရိက္ခာများ၊ လက်နက်များ ဖြည့်တင်းခြင်းတို့ ပေါ်ပေါ်တင်တင် လုပ်လာကြသည်။ အထူးသဖြင့် ကျင်းရှန်နိုင်ငံသည် စစ်တပ်များအား နယ်စပ်သို့ ပြောင်းရွှေ့၍ တပ်စွဲထားလိုက်ပြီ ဖြစ်သည်။

ကျင်းရှန်နိုင်ငံသည် နတ်ဆိုးသားရဲများ ပုန်ကန်ထကြွစဉ်က ကြီးစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ယခု ထိုပြဿနာ၏ ကြိုးကိုင်သူကို တွေ့ပြီဖြစ်ရာ ထိုကိစ္စကို ဒီအတိုင်း မထားလိုက်နိုင်ပေ။

ရှားနိုင်ငံတွင် ဆူပူအုံကြွမှုများ ရှိလာခဲ့ပြီး ဂိုဏ်းငယ်အများစုသည် နိုင်ငံကို စွန့်ခွာ၍ ထွက်ပြေး ကုန်ကြသည်။ စစ်ပွဲ စတင်သည်နှင့် သူတို့ ထွက်ပြေးရန် မဖြစ်နိုင်တော့ကြောင်း သူတို့ သိကြသည်။ အင်အားကြီး ဂိုဏ်းကြီးများသည်လည်း သူတို့၏ မျိုးဆက်သစ်များကို တိုးတိုးတိတ်တိတ် ရွှေ့ပြောင်းစေကြသည်။ ဤဘေးအန္တရာယ်မှ ကျော်လွှားနိုင်မည့် နည်းလမ်း မရှိတော့ချေ၊ တစ်လပြည့်သည်နှင့် စစ်တပ် အသီးသီးသည် နိုင်ငံပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ကြတော့မည်။ ရှားနိုင်ငံ၏ လက်ရှိအင်အားနှင့် ဆိုလျှင် စစ်တပ်ခြောက်ခု၏ စုပေါင်းတပ်ကြီး မပြောနှင့်၊ စစ်တပ်တစ်ခုတည်းဖြင့် တိုက်ခိုက်လျှင်တောင် အလွယ်တကူ ရှုံးနိမ့်သွားမည် ဖြစ်သည်။

"သွားကြ ... အားလုံး သွားကြရမယ်"

ရှားနိုင်ငံ တော်ဝင်နန်းတော် အတွင်းရှိ လေထုသည် အလွန်အမင်း ဖိအားများ နေခဲ့သည်။ စုတိဝမ်သည် စုဂိုဏ်းသားများ၊ အကြီးအကဲများ အားလုံးကို စုဝေးစေကာ ထွက်ပြေးရန် နည်းလမ်းများကို ပြင်ဆင်နေခဲ့သည်။ အကြီးအကဲများသည် ထွက်မသွားလိုကြပေ။ စုဂိုဏ်းမှ ရှားနိုင်ငံကို အုပ်စိုး လာခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းကျော်ခဲ့ပြီ ဖြစ်ပြီး ဤနယ်မြေသည် စုဂိုဏ်း၏ ဂုဏ်သရေ ထွန်းပြောင်ခဲ့ရာ နေရာ ဖြစ်သောကြောင့် သူတို့ ဤနေရာတွင်သာ ခေါင်းချလိုကြသည်။

နောက်ဆုံးတွင် စုတိဝမ်သည် မင်းသား၊ မင်းသမီးများနှင့် ပါရမီရှင် မျိုးဆက်များ အားလုံးကို ထွက်သွားကြရန် အမိန့်ပေးခဲ့သည်။ သူနှင့် အကြီးအကဲများ လူစုသည် ရှားနိုင်ငံနှင့်အတူ ကြွေလွင့်သွားကြရန် ပြင်ဆင်နေခဲ့သည်။

စုတိဝမ်သည် အားနည်း၍ ပျော့ညံ့သူ ဖြစ်သော်လည်း ချောက်ကမ်းပါးစွန်းသို့ အတွန်းခံရသည်နှင့် ဘုရင်တစ်ပါးတွင် ရှိသင့်သော စရိုက်လက္ခဏာတို့ ပြန်လည်ပေါ်ထွက် လာခဲ့သည်။ ရှင်းပြစရာ ဘာမှ မကျန်တော့သည်ကို သူသိသည်။ သူသည် စုဂိုဏ်း၏ အပြစ်သားဖြစ်ရန် ကံပါလာပုံ ရလေသည်။ သူသည် ထွက်မပြေး ချင်တော့ဘဲ သူ၏အပြစ်များအတွက် အသက်ဖြင့် ပြန်ပေးဆပ်ရန် ဆန္ဒရှိလေသည်။

ရှစ်ရက်မြောက်နေ့ သန်းခေါင်ယံ အချိန်တွင် လူတစ်ထောင်ခန့်သည် ရှားနိုင်ငံ၏ နန်းတော်အတွင်း စုစည်းနေကြသည်။ သူတို့အထဲတွင် ရှားနိုင်ငံ၏ မင်းသားဆယ့်နှစ်ပါး၊ မင်းသမီး ခြောက်ပါးနှင့် စုဂိုဏ်း၏ ပါရမီရှင် မျိုးဆက်များ ပါဝင်လေသည်။ သူတို့အား စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူဆယ်ယောက်က ဦးဆောင်၍ ထွက်ပြေးကြမည် ဖြစ်သည်။

ရှားနိုင်ငံ ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း စုဂိုဏ်းမှာ ပျောက်ကွယ်သွား၍ မရပေ။ ဤပါရမီရှင် များသည် ကြိုးကြိုးစားစား ကျင့်ကြံကြပြီး အင်အား ကြီးလာသောအခါတွင် နယ်မြေပေါ်တွင် နေရာတစ်ခု ပြန်ရကြနိုင်သည်။

အဘယ့်ကြောင့် နေရာ ပြန်ရလာမည်ဟု ထည့်တွေးမိကြသနည်း။

နယ်မြေတွင် စုဂိုဏ်း ရပ်တည်ရန် နေရာမရှိတော့ချေ။ သူတို့သည် အရှေ့တောင်အရပ်သို့ သွားကြမည်ဖြစ်ပြီး ပင်လယ်ထဲသို့ ထွက်ခွာကာ ကျွန်းတစ်ကျွန်း ရှာ၍ အခြေချ ကြရမည်ဖြစ်သည်။ သူတို့သာ နယ်မြေပေါ်တွင် ဆက်လက် နေထိုင်ပါက တစ်ယောက်ပြီးတစ်ယောက် ရှာဖွေဖမ်းဆီး ခံရကာ အသတ်ခံရမည် ဖြစ်သည်။

"အားလုံး နားထောင်ကြ ... ဒီနေ့မှာ ငါတို့စုဂိုဏ်းက အဆုံးစွန်သော အရှက်ကွဲမှုကို ခံစားခဲ့ရတယ်၊ ငါစုတိဝမ်က စုဂိုဏ်းရဲ့ အပြစ်သားပါပဲ ... အားလုံးပဲ ဒီနေ့ကို မင်းတို့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ရေးထွင်းပြီး ငါတို့ရဲ့ အရှက်ကွဲမှုကို အမှတ်ရနေဖို့ မျှော်လင့်ပါတယ် ... အောင်မြင်ဖို့ စိတ်ခိုင်ခိုင်ထားကြ၊ တစ်နေ့မှာ မင်းတို့ အင်အားကို ချဲ့ထွင်ပြီး နယ်မြေမှာ စုဂိုဏ်း ပြန်ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ရင် ငါစုတိဝမ်က ကောင်းကင်ဘုံမှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူ နိုင်လိမ့်မယ် ... အားလုံး သွားကြတော့၊ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းလိုက်"

စုတိဝမ်သည် မျက်လုံးများကို နာကျင်စွာ မှိတ်ချလိုက်ပြီး လက်ပြလိုက်သည်။ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်မှာ တဖြည်းဖြည်း လင်းလက်လာခဲ့သည်။

ထိုတည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်သည် လျှို့ဝှက် တည်ဆောက်ထားခြင်း ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြု နိုင်လေသည်။ ၎င်းသည် ဤလူများအား အရှေ့တောင်ဘက်ရှိ ပင်လယ်ဆီ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။ ထိုနေရာတွင် စုဂိုဏ်း၏ မျိုးဆက်များကို ဘေးကင်းလုံခြုံသည့် ကျွန်းကြီးတစ်ခုဆီ ပို့ဆောင်ပေးနိုင်သည့် သင်္ဘောကြီးများ ရှိလေသည်။ စုဂိုဏ်းသားများသည် ထိုနေရာတွင် ပုန်းအောင်းနေကြရင်း သေမင်း တံခါးဝမှ ရုန်းထွက်ရပေမည်။

"ခမည်းတော်"

"မင်းကြီး"

မင်းသား၊ မင်းသမီးများ၊ ကိုယ်လုပ်တော်များသည် မျက်လုံးများမှ မျက်ရည်များ စီးကျနေရင်း အလိုအလျောက် အော်ခေါ်လာကြသည်။ ဤထွက်ခွာမှုသည် တစ်သက်တာ ဖြစ်သည်ကို သူတို့အားလုံး သိနေကြသည်။

"ဝှစ်"

အစီအရင် အသက်ဝင်လာခဲ့ပြီး လူတိုင်း ပို့ဆောင်ခံရမည့် အချိန်တွင် ကျက်သရေ ရှိလှသော အဖြူရောင် ပုံရိပ်လေး တစ်ခုသည် အစီအရင်ထဲမှ ပျံသန်းလာခဲ့သည်။ စုတိဝမ်နှင့် ကျန်လူများ သတိပြု မိလိုက်ချိန်တွင် အစီအရင်မှ အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီ ဖြစ်သည်။ အစီအရင် အောက်မှ အင်းကွက်သည်လည်း ချက်ချင်းပျက်စီး သွားခဲ့သည်။

စုတိဝမ်သည် ဒေါသတကြီးနှင့် ဆူပူမာန်မဲလိုက်သည်။

"လောရွှယ် ... မင်းဘာလုပ်တာလဲ၊ ခမည်းတော်နဲ့ အတူတူ အသေခံတော့ မလို့လား"

စုလောရွှယ်သည် လှပ၍ ဝမ်းနည်းစရာ ကောင်းသော အပြုံးဖျော့ဖျော့ကို ပြုံးလိုက်သည်။ သူမသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ခမည်းတော် တစ်ယောက်တည်းဆို အထီးကျန်နေမှာပေါ့၊ လောရွှယ်က ခမည်းတော်ကို စမ်းချောင်းဝါ*1 မှာ အလုပ်အကျွေး ပြုနိုင်အောင် အဖော်ပြုပေးပါ့မယ်"

1* စမ်းချောင်းဝါ-တမလွန်လောက၏ မြစ်

***

All Chapters