အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပြန်လည်ရောက်ရှိလာခြင်း
Vol. 32 Ch. 466
အခန်း (၄၆၆) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပြန်လည်ရောက်ရှိလာခြင်း
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဝမ်ရှန်းယုတို့၏ ဘေးကင်းလုံခြုံမှုအား စိုးရိမ်နေကြဆဲ ဖြစ်၏။ သူတို့က အထဲဝင်ကာ ကယ်တင်ဖို့ပင် ပြင်ဆင်ထားကြသည်။ သူတို့ မသိလိုက်သည်က သူတို့သုံးယောက်လုံးသည် ဘေးမှ ရပ်ကာ ပြပွဲကောင်း ကြည့်နေခြင်းသာ ဖြစ်နေသည်။
………....
ဘေးပတ်လည် မြူခိုးမည်းများ ထွက်ပေါ်လာပြီး နယ်မြေတစ်ခုလုံးဆီ စီးဆင်းပျံ့နှံ့သွားသည်။ ဤသည်မှာ မိစ္ဆာအငွေ့အသက်တင် မကဘဲ ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များ ခင်းကျင်းထားသော အထွတ်အထိပ် အစီအရင်လည်း ဖြစ်သည်။
ထိုအရာက မိစ္ဆာချီစွမ်းအားကို လမ်းညွှန်မှုအဖြစ် အသုံးပြုပြီး မိုးမြေကို အုတ်မြစ်အဖြစ် အသုံးချကာ အထွတ်အထိပ် သွေးစတေးရေး အစီအရင်ကို ခင်းကျင်းထားခြင်း ဖြစ်၏။
မြူခိုးမည်းများတွင် အားပြင်းပြင်း မိစ္ဆာစွမ်းအား ပါဝင်သည်။ ဤသည်က သွေးအဆီအနှစ်နှင့် အသက်ဓာတ်ကို ဆက်တိုက်ဝါးမျိုပစ်နေသည့် ချောက်နက်ကြီးသဖွယ် ဖြစ်၏။
မိစ္ဆာဝိညာဉ်ဂိုဏ်း နောက်လိုက်များက သေဆုံးကုန်ကြလေပြီ။ မြူခိုးမည်းများက သူတို့အသက်ဓာတ်ကို စုပ်ယူပြီး သွေးကန်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ သူတို့အရိုးပင် မကျန်ရစ်ခဲ့ပေ။
မြူခိုးမည်းများက ကျန်ရှိနေသော မိစ္ဆာဝိညာဉ်ဂိုဏ်း လက်ရွေးစင်များကိုလည်း သန့်စင်သော စွမ်းအားအဖြစ် သန့်စင်ပစ်နေသည်။ မြေကြီးက အက်ကွဲလာပြီး အပင်များက ခြောက်သွေ့ညိုးနွမ်းလာကာ အသက်ဓာတ်အားလုံး ပျောက်ဆုံးသွားကြသည်။ ဤနယ်မြေကြီးက မကြာခင် ပျက်သုန်းတော့မည့် အဆုံးမဲ့ငရဲကြီးနှင့် တူသည်။
ဤထာဝရတပိုင်း မိစ္ဆာဝိညာဉ်က သွေးစတေးရေး အစီအရင်ကို အသုံးပြုကာ မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ဝါးမျိုပစ်ပြီး သူ့ကိုယ်သူ အားဖြည့်ဖို့ အသက်ဓာတ်ကို စုပ်ယူနေသည်။ မြူခိုးမည်းများက ပိုမို သိပ်သည်းလာကာ ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်လာသည်။
သာမန်ဝိဇ္ဇာများပင် ဝါးမျိုခံလိုက်ရပြီး သန့်စင်ခံလိုက်ရဖို့ ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
မဟာဝိဇ္ဇာပင် ကြာကြာနေမိပါက သူတို့အသက်ဓာတ်က ခမ်းခြောက်လာလိမ့်မည်။
ဤသည်မှာ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ တုနှိုင်းမဲ့ ပညာရပ် ဖြစ်ပြီး သက်ရှိမြောက်များစွာကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ထိုမြင်ကွင်းကို မြင်ကာ ဝမ်ရှန်းယုတို့က ကြောရိုးတစ်လျှောက် ကြက်သီးထလာမိကြသည်။
သူတို့က ထိုအရာသည် မည်မျှကြောက်ဖို့ကောင်းမှန်း ခံစားမိ၍ မထိရဲကြပေ။ ကံကောင်းစွာဖြင့် သူတို့ကို အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံပေးထားသောကြောင့် မိစ္ဆာချီတို့က မထိတွေ့နိုင်ပေ။
ဤသည်မှာ ရှန်ထျန်းက သူတို့ကို ကာကွယ်ရန် ချန်ထားပေးခဲ့သည့် နည်းလမ်း ဖြစ်၏။ မဟုတ်လျှင် သူတို့သုံးယောက်လုံး ဤကြောက်မက်ဖွယ် မိစ္ဆာမြူခိုးများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သူတို့ရှေ့တွင် အံ့ဖွယ်နေမင်း မီးပြင်းဖိုက အာကာပြင်တစ်လျှောက် ရှိနေပြီး မီးပြင်းများ ထုတ်လွှင့်ကာ မိုးမြေအား အလင်းပေးထားလျက်ရှိသည်။
နေမီးလျှံအစစ် မီးတောက်က ကြီးကျယ်ခမ်းနားကာ တောက်ပလွန်းသည့်အတွက် အဆုံးအစွန်ယန်စွမ်းအားဖြင့် မိုးမြေအား သန့်စင်ပေးလိုက်သည်။
မြူခိုးမည်းများက နေမီးလျှံအစစ်နှင့် ထိတွေ့သွားသည့်အခါ မီးနှင့် ထိတွေ့သွားသည့် နှင်းပွင့်လေးအလား ချက်ချင်း ပျံကျဲသွားပြီး ရင်ဆိုင်နိုင်စွမ်း မရှိချေ။
အံ့ဖွယ်မီးပြင်းဖိုအထက်တွင် အဆုံးမဲ့ သဘာဝစည်းမျဉ်းများက ကောင်းကင်ဆီ တဟုန်ထိုး ပြေးလွှားနေပြီး သူတို့အရှိန်အဝါက မိုးမြေကို လှုပ်ခါသွားစေသည်။
သူတို့စွမ်းအားက ရှန်ထျန်းနှင့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကြားက တိုက်ပွဲကြောင့် လှုံ့ဆော်ခံလိုက်ရသည်။
ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖိုကို အသုံးပြုကာ မိစ္ဆာဝိညာဉ်အား ဖိနှိပ်ပြီး မီးဖိုထဲ အတင်းကျပ်ဆွဲခေါ်လိုက်ကာ နေမီးလျှံအစစ်ဖြင့် နှိမ်နင်းဖို့ လုပ်လိုက်သည်။
အံ့ဖွယ်နေမင်း မီးဖိုအတွင်း မိစ္ဆာဝိညာဉ်၏ စွမ်းအားကို သိသိသာသာ ချုပ်ထိန်းထားနိုင်ပြီး ရှန်ထျန်းနှင့် ရင်ဆိုင်ဖို့ ခက်ခဲလာအောင် ပြုလုပ်နေသည်။
ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ ကြားနေရသည်။ ဤသည်မှာ သတ္တုနှင့် အသား ရိုက်ခတ်သံများ ဖြစ်ပြီး ဆံပင်မွေးများပင် ထောင်မတ်လာစေသည်။
ဝမ်ရှန်းယုနှင့် အခြားနှစ်ယောက်က စိတ်လှုပ်ရှားနေကြသည်။
သူတို့က အထဲရှိ မြင်ကွင်းကို သေချာမမြင်ရသော်လည်း တိုက်ပွဲအခြေအနေများကို အသံကြားရုံဖြင့် ခန့်မှန်းနိုင်သည်။ ရှန်ထျန်းက အရေးသာနေပြီး မိစ္ဆာဝိညာဉ်ကို တူဖြင့် ထုနှက်နေခြင်း ဖြစ်၏။
ပိုင်တိက ဘယ်နေရာကမှန်း မသိသည့် အထွတ်အထိပ် နေကြာပန်းကို ထုတ်ကာ အသက်ဓာတ်ကြွယ်ဝလှပြီး တောက်ပကာ ကြည်လင်နေသည့် နေကြာစေ့ကို အခွံခွာချလိုက်သည်။
သူက အစေ့များကို စတင်ဝါးစားလိုက်ပြီး ပြောလိုက်သည် “ ကောင်လေးရှန်က ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို ဖြေရှင်းဖို့ ဘယ်လောက်ကြာမယ်ထင်လဲ”
ယွဲ့ယူသဲ့က သူ့မေးစေ့ကို ပွတ်ကာ ပိုင်တိဆီမှ နေကြာစေ့ လက်တစ်ဆုပ်ယူလိုက်သောကြောင့် ပိုင်တိတစ်ယောက် ဒေါသတကြီး အော်ရတော့မလို ဖြစ်သွားခဲ့သည်။
“ ညီလေးက အရမ်းအားကောင်းပေမဲ့ ဟိုဟာက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်လေ။ လျော့တွက်လို့တော့ မဖြစ်ဘူး။ ဘယ်လိုဖြစ်ဖြစ် အနည်းဆုံး လဝက်လောက် ကြာလိမ့်မယ်”
အဆင့်မြင့် ပညာရှင်များ၏ တိုက်ပွဲက မိနစ်ပိုင်းအတွင်း မည်သို့ အဆုံးသတ်နိုင်မည်နည်း။
အကယ်၍ သူတို့သာ သူတို့အဆင့်နှင့် လက်ရည်တူနေလျှင် လဝက်ကြာ တိုက်ခိုက်ဖို့ ပြဿနာ မဟုတ်ပေ။ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အင်အားချင်း ကွာခြားချက် ကြီးမားလွန်းနေခြင်းသာ ဖြစ်၏။
…………....
ယွဲ့ယူသဲ့က ရှန်ထျန်းသည် မဟာဝိဇ္ဇာများကို အနိုင်ပိုင်းခြေမွပစ်ခဲ့ပြီး ထာဝရတပိုင်းအဆင့် တိုက်ခိုက်စွမ်းရည်လည်း ပိုင်ဆိုင်ထားကြောင်း ယုံကြည်ထားသည်။
ပြင်ပလောကမှ မိစ္ဆာဝိညာဉ်က ထာဝရတပိုင်းအဆင့် ဖြစ်ပြီး သာမန် ထာဝရတပိုင်းအဆင့်များထက် ပိုအားကောင်းလောက်၏။
ဤနယ်မြေ ပြင်ပမှ ရောက်လာခြင်း မဟုတ်ပါလော။ အခြေခံအုတ်မြစ်အရ ဖြစ်စေ၊ အင်အားအရ ဖြစ်စေ အဆင့်တူ ကျင့်ကြံသူများထက် သာလွန်နေပေမည်။
ဤသည်မှာ သာမန်ကျင့်ကြံသူများအတွက်သာ ဆိုလိုခြင်း ဖြစ်၏။
ကြောက်ခမန်းလိလိ ပါရမီနှင့် ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ သူတို့သည် အဆင့်တူ ဖြစ်နေလျှင်ပင် သေဆုံးရဦးမည်သာ ဖြစ်သည်။
ယွဲ့ယူသဲ့က တိုက်ပွဲသည် တစ်ယောက်ယောက် စွမ်းအားကုန်ခမ်းသွားသည့်နောက် အဆုံးသတ်သွားလိမ့်မည်ဟု မှန်းဆထားသည်။
ဝမ်ရှန်းယုက ခေါင်းခါကာ ပြန်ပြောလိုက်သည် “ ရက်နည်းနည်းလောက်ဆို လုံလောက်ပါပြီ။ ညီအစ်ကိုရှန်က သူ့နတ်ဧကရာဇ် အသုံးအဆောင် ထုတ်လိုက်ပြီလေ မတွေ့ဘူးလား။ အဲဆို မိစ္ဆာဝိညာဉ် ကောင်စုတ်လေးနဲ့ ရင်ဆိုင်ဖို့ အေးဆေးဖြစ်သွားပြီ ”
အားလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးက ရှန်ထျန်း၏ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ကို အသားကျနေပြီ ဖြစ်သောကြောင့် တုန်လှုပ်မှုကြောင့် အံ့အားသင့်ခြင်းမှာလည်း ထုံထိုင်းနေလေပြီ။
ဤနေရာတွင် ရှန်ထျန်း ရှိနေပါက မဟာဝိဇ္ဇာများကိုပင် သေစေနိုင်သည့် မိစ္ဆာဝိညာဉ်ဂိုဏ်း တားမြစ်လျို့ဝှက်မြေများပင် သူတို့ကို ဖိအားမပေးနိုင်ပေ။
………...
“ ဘာဖြစ်ဖြစ် ငါတို့မှာ အချိန်ရှိသေးတာပဲလေ။ အရင်ဆုံး ဖရဲသီးလေး စားပြီး ကြည့်ကြတာပေါ့။ ဒီတစ်ခါ ငါ အကြီးကြီး ဆုံးရှုံးလိုက်ရပြီ။ ပြန်ကာမိအောင် လုပ်ရမယ် ”
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ရှန်းယုက သူ့အိတ်ကပ်ထဲမှ ဖရဲသီးကို ထုတ်လိုက်သည်။ ဖရဲသီးက လတ်ဆတ်ကာ နူးညံ့နေပြီး ဝိညာဉ်ယိမ်းယိုင်လုမတတ် အနံ့လေး သင်းနေသည်။ ဖရဲသီးကြီးတွင် ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အသက်ဓာတ် ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ကြွယ်ဝလှသော အသက်စွမ်းအားများ ပါဝင်နေသည်။
ဝမ်ရှန်းယုက ဖရဲသီးကို ထုတ်ပြီးနောက် မြိန်ရေယှက်ရေ စားသောက်လိုက်သည်။ သူက အသက်ဓာတ် ပြန်လည်ဖြည့်တင်းရင်း ဖရဲသီးကို စားလိုက်သည်။ ထို့နောက် သူ့ဆံပင်ဖြူတချို့ ပျောက်ကွယ်သွားသည်။
တစ်ယောက်ယောက် ဖရဲသီး စားနေသည်ကို မြင်ပြီး ပိုင်တိနှင့် ယွဲ့ယူသဲ့တို့၏ အကြည့်များက ချက်ချင်း ရောက်လာကြသည်။
အထူးသဖြင့် ပိုင်တိ ဖြစ်သည်။ သူက တံတွေးပင် မထိန်းနိုင်တော့ပေ။ သူ့လက်ထဲရှိ နေကြာစေ့များက အနံ့မသင်းတော့ပေ။
“ ဟီးဟီး ညီလေးဝမ် ဒါက ဘာမျိုးလေးလဲ။ ဘာလို့ အနံ့လေးက ကောင်းနေရတာလဲ။ ငါ မြည်းကြည့်လို့ ရမလား ”
ယွဲ့ယူသဲ့က သရေကျနေသည့် အမူအယာဖြင့် လက်ပွတ်လျက် လျှောက်လှမ်းလာသည်။
“ဘာတွေလုပ်နေတာလဲ ” ဝမ်ရှန်းယုက သူ့ဖရဲသီးကို ချက်ချင်း ဝှက်လိုက်ပြီး ပြောလိုက်သည် “ဒါက ငါ့အကောင်းဆုံးပဲ။ စားချင်ရင် ချီကျန့်ဆိုတဲ့ ကောင်လေးကို သွားရှာချည်။ ငါ့ဟာကို ဘာမှမတွေးမိစေနဲ့ … ငါ့ဆီမှာ ရတနာများများစားစား ရှိမနေဘူး ”
ထိုဖရဲသီးက ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ တန်ဖိုးထားရာ မိုးပြာဝိညာဉ်အသီး ဖြစ်၏။
ကျိရှားကျောင်းတော်၏ ဆရာများပင် ထိုပစ္စည်းကို အလိုရှိကြသည်။ ဤသည်မှာ ဝိဇ္ဇာအဆင့် ဝိညာဉ်အသီး ဖြစ်၏။
ဝမ်ရှန်းယုက ထိုသတင်းကို ကြားပြီးနောက် ချီကျန့်အနား ပြေးသွားကာ သူ့ဆီ အသီးတချို့ရမလာခင်အထိ ရက်အနည်းငယ် အရူးလုပ်ခဲ့သည်။
ယွဲ့ယူသဲ့နှင့် ပိုင်တိတို့က သရေယိုမတတ် ဖြစ်နေပြီး သူ့လက်ထဲမှ ဖရဲသီးကို တောင်းချင်နေသည့် မြင်ကွင်းကို ကြည့်ကာ ဝမ်ရှန်းယုက ပုံမှန်အတိုင်း ငြင်းဆန်လိုက်သည်။
“ ဟီးဟီး အဲဒါ မင်းအပေါ် မူမတည်ဘူးကွ။ ဖရဲသီးကို လှမ်းလိုက် … မဟုတ်ရင် ငါ့အံ့ဖွယ်လက်သီးချက်ကို မြည်းစမ်းခိုင်းလိုက်မယ် ”
ပိုင်တိက လက်ဝါးချင်းပွတ်လိုက်ပြီး ဝမ်ရှန်းယုဆီ လျှောက်လာသည်။
“ ဘာလဲ … လုယက်နေတာလား ”
ဝမ်ရှန်းယုက ကျယ်လောင်တကြီး အော်ဟစ်ကာ ကမန်းကတမ်း ထလိုက်သည်။ သူကသာ အခြားလူများကို လုယက်ခဲ့ခြင်း ဖြစ်ပြီး မည်သူမှ သူ့ဆီကနေ ပြန်မလုယူဖူးပေ။
“ လောင်ဝမ် လောင်ဝမ် … မင်းရဲ့ လက်ရှိစွမ်းအားနဲ့ ငါတို့ ရိုက်နှက်မှုကို မခံနိုင်ပါဘူးကွာ ”
ယွဲ့ယူသဲ့က ရက်ရက်စက်စက် ပြုံးလိုက်ပြီး ဘေးတစ်ဖက်မှ ပေါ်လာကာ ဝမ်ရှန်းယု၏ ထွက်ပြေးရာ လမ်းကြောင်းအား ပိတ်ဆို့လိုက်သည်။
“ ဟမ် စိတ်တာင်မကူးနဲ့။ ငါ အရှုံးဝန်ခံမဲ့အစား သေပစ်လိုက်မယ် ”
ဝမ်ရှန်းယုက ဖရဲသီးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်သည်။ ဒီဘဝမှာ သူ့ဖရဲသီးကို အခြားလူများဆီ ပေးဖို့ လုံးဝ မဖြစ်နိုင်ပေ။
“ အဲလိုလား။ ငါ့လက်သီး မြည်းကြည့်လိုက် ”
ပိုင်တိက အပြေးအလွှား ရောက်လာကာ သူ့လိပ်လက်သီးကို ဝေ့ယမ်းလိုက်ပြီး မိုးပြာဝိညာဉ်အသီးကို လုယူဖို့ ကြိုးစားလိုက်သည်။ တစ်ဖက်တွင် ယွဲ့ယူသဲ့လည်း လှုပ်ရှားလိုက်၏။ သူက အဆောင်တစ်ခု ထုတ်ယူကာ အသက်သွင်းလိုက်ပြီး ဝမ်ရှန်းယုဆီ ပစ်လွှတ်လိုက်သည်။
“ ရပ်လိုက် ရပ်လိုက် .. မင်းတို့ကို ပေးမယ် ဟုတ်ပြီလား ”
ဝမ်ရှန်းယုက အကျယ်ကြီး အော်ငိုချင်သော်လည်း မျက်ရည်ထွက်မလာပေ။ သူ့အင်အားဖြင့် အခြေအနေအကောင်းဆုံး ဖြစ်နေလျှင်ပင် ထိုနှစ်ယောက်လုံးကို အနိင်ယူဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် သူက သူ့သက်တမ်း ၉၀ ရာခိုင်နှုန်းလောက်ကို သုံးစွဲထားပြီးပြီ ဖြစ်သည့်အတွက် သူ့တိုက်ပွဲစွမ်းရည်က ၁၀ ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့သည်။
အကယ်၍ သူသာ ဆက်တိုက်နေပါက သေချာပေါက် အထုအထောင်းခံရလိမ့်မည်။ ထို့အပြင် နှစ်ယောက်လုံးက ကြင်နာတတ်သူများ မဟုတ်ကြပေ။ သူက မိုးပြာဝိညာဉ်အသီးအား အားလုံးနှင့် ဝေမျှပေးရုံမှအပ ရွေးချယ်စရာ မရှိချေ။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့်တို့က နာကျင်မှုကြောင့် မဲ့ရွဲ့နေလေ၏။
ကျစ် … သူ့ဆီကနေ ကလိမ်ကျဖို့ပဲ သိတဲ့ ဒီလူညစ်နှစ်ယောက်နဲ့ တွေ့မယ်လို့ မထင်ထားဘူး
........................
ထိုစဉ် အပြင်ဘက်မှ အသံဆူဆူညံညံ ထွက်ပေါ်လာသည်။ အံ့ဖွယ်စွမ်းအားများက မြူခိုးမည်းကို ပျံကျဲပျောက်ကွယ်သွားအောင် လုပ်နေကြသည်။ ထိုမြင်ကွင်းကို မြင်ပြီး ဝမ်ရှန်းယု၏ အကြည့်တို့က တောက်ပလာသည်။
“ ငါတို့ မဟာမိတ်တွေပဲ ”
သုံးယောက်သား ချက်ချင်းဆိုသလို မြူခိုးမည်းများကြားမှ ထွက်လာလိုက်သည်။ ထင်ထားသည့်အတိုင်း မြူခိုးမည်းအပြင်ဘက်တွင် အရှေ့လွင်ပြင် ပါရမီရှင်အုပ်စုလေး ရှိနေသည်။ ထိုကျင့်ကြံသူများက ရှန်ထျန်းနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြပြီး သူ ပျောက်ကွယ်သွားပြီးနောက် အဖွဲ့အသေးလေး ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အများစုက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်ထားကြသူများ ဖြစ်၍ သူတို့ပါရမီက ထူးခြားလှသည်ဟု ဆိုလို့ရသည်။ သူတို့အားလုံး လှုပ်ရှားလိုက်ပြီး မြူခိုးမည်းများကို မောင်းထုတ်ဖို့ ပြင်လိုက်သည်။
ချီရှောက်ရွမ်က နဂါးပုဆိန်လှံရှည်ကို ထုတ်ကာ ဝေ့ယမ်းလိုက်သည်။ ထို့နောက် ခရမ်းရောင်စွမ်းအားများ မြင့်တက်လာကာ အဆုံးမဲ့ ခရမ်းအလင်းတန်းများ တောက်ပလာသည်။ ထိုအရာက မြူခိုးမည်းများကို ဖောက်ထွင်းသွားပြီး နေရာတော်တော်များများကို ဖျက်စီးပစ်လိုက်နိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်လည်း တိုက်ခိုက်လိုက်ကြသည်။
ကျန်းယွင်ရှီးနောက်မှ မိုးကြိုးကျားဖြူကြီး ထွက်ပေါ်လာကာ အဆုံးမဲ့စည်းမျဉ်းများကို ကြေမွသွားစေသည့်အလား ဟိန်းဟောက်လိုက်သည်။
ဖန်ချန်းက ပေတစ်သိန်းမြင့်မားသည့် ဧရာမခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အံ့ဖွယ်အလင်းတန်းများ ထွက်လာသည်။ သူ့ချီလင်ပုံရိပ်သဏ္ဌာန်လည်း ထွက်ပေါ်လာကာ စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထားလေသည်။
ကျန်းယွင်ထင်က ဗျပ်စောင်းကို တီးခတ်လိုက်သည့်အခါ အာကာပြင်ကို ဖျက်စီးပစ်သည့် တိုက်ခိုက်ရေး ဟစ်ကြွေးသံအလား လှပနက်နဲသည့် တေးသံတို့ ထွက်ပေါ်လာသည်။
ကျောက်ဟောင်က လေထဲ ခုန်ဝင်ကာ ရဲရဲတောက်နေသည့် မီးငှက်တစ်ကောင်အသွင်ပြောင်းလဲလို်ကသည်။ သူက အဆုံးမဲ့ ဓာတ်နှောနတ်မိုးကြိုးများဖြင့် ကမ္ဘာကြီးကို တုန်လှုပ်သွားစေ၏။
ဝိဇ္ဇာအစစ်အမှန်အဆင့်ကို ရောက်ရှိသွားပြီးနောက် လေးယောက်လုံးက ယခင်ထက် များစွာ အားကောင်းလာသည်။ သူတို့၏ တိုက်ကွက်တစ်ခုချင်းစီက မဟာဝိဇ္ဇာထက် အားနည်းခြင်း မရှိပေ။
……………...
အခြားသော အရှေ့လွင်ပြင် ပါရမီရှင်များလည်း တိုက်ခိုက်လိုက်ကြသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ခင်းကျင်းထားသည့် မြူခိုးမည်းများက ပျောက်ကွယ်လုမတတ် ဖြစ်နေလေပြီ။ မိစ္ဆာဝိညာဉ်က အစီအရင်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ အဖျက်စီးခံရလုနီးပါး ဖြစ်နေသည်။
မြူခိုးမည်းများက အခြေမရှိသည့် အရင်းအမြစ်တစ်ခုလို ဖြစ်ကာ ကြာကြာတောင့်မခံနိုင်တော့ပေ။
ထိုလူများက အားအကောင်းဆုံး မဟုတ်သေးပေ။
ထိုစဉ် လှပကြော့ရှင်းသည့် ပုံရိပ်လေး ထွက်လာပြီး သူမဝန်းကျင်၌ လရောင်များ တောက်ပဖြာကျနေသည်။ လမင်း ၁၂စင်းက ကျယ်ပြောကာ မြင့်မြတ်အပြစ်ကင်းစင်လှသည်။
သူမက သေမျိုးလောကတွင် ပေါ်ထွက်မလာသင့်သည့် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်မိမယ်လေးအလား ဖြစ်၏။ သူမက လေဟာနယ်ကို လက်တစ်ချက်အဝေ့ဖြင့် ဖျက်စီးပစ်လိုက်သည်။
ဤသူမှာ မိန်းကလေးချင်းယွဲ့ ဖြစ်၏။
သူမ၏ အမြန်နှုန်းက နှေးကွေးလွန်းနေသည်ဟု ခံစားနေရသည့်အလား မိန်းကလေးချင်းယွဲ့၏ မိုးပြာရောင်အဝတ်များက တလွှင့်လွှင့် ဖြစ်လာကာ သူမခန္ဓာကိုယ်ရှိ လရောင်တို့က ပေါက်ထွက်လာသည်။
ဝုန်း …
ရွှေလဝန်း စက်ြာက အသံထွက်လာကာ အဆုံးမဲ့ အလင်းတန်းများ တောက်ပလာသည်။ ထိုအလင်းတန်းများက တောက်ပကာ ပြစ်ချက်ကင်းလွန်းလှသော်လည်း ကြောက်မက်ဖွယ်စွမ်းအားတို့ ထုတ်ဖော်နေသည်။
အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ဖြစ်သည့် ရွှေလဝန်း စက်ြာက အဆုံးမဲ့ တိုက်ခိုက်စွမ်းအားတို့ ထွက်ပေါ်နေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ရှန်းယုတစ်ယောက် ခေါင်းကျိန်းလာမိသည်။ သူက ရေရွတ်လိုက်ရင်း တုန်တုန်ယင်ယင် ဖြစ်လာမိလေသည်။
“ အမလေးလေး ဒီလိုမျိုး အထွတ်အထိပ် ထာဝရလက်နက်ကို ဒီလိုကြမ်းကြမ်းတမ်းတမ်း သုံးဖို့ လိုလို့လား။ ဒါ တကယ်ရော သင့်တော်ရဲ့လား။ ကြည့်ရတာ မင်းက မြူခိုးမည်းကို ခြေမှုန်းဖို့ မဟုတ်ဘဲ ငါတို့အားလုံးကို သတ်ပစ်မဲ့ပုံပေါက်နေပြီ ”
ဝမ်ရှန်းယုက မြန်မြန် ပြေးထွက်လာပြီး အော်ပြောလိုက်သည် “ အားလုံး ရပ်လိုက် … ငါတို့က တစ်ဖက်တည်းပဲ”
ဝမ်ရှန်းယု ထွက်လာသည်ကို မြင်ပြီး အားလုံးက တွေဝေသွားသည့် အမူအယာများ ထွက်ပေါ်လာကြသည်။
“ လောင်ဝမ် မင်းအရိုက်ခံနေရတာ မဟုတ်ဘူးလား ”
ကူသို့က စိတ်ရှုပ်ထွေးနေဟန်ပေါ်သည်။ သူတို့က ဝမ်ရှန်းယုကို ကယ်ရန် အပြေးအလွှား ရောက်လာကြသော်လည်း သူက သူ့ဘာသာ ထွက်လာနေသည်။
“ အရိုက်ခံရတာတဲ့လား။ ငါ ဘယ်တုန်းက အရိုက်ခံခဲ့ရတာလဲ ”
ဝမ်ရှန်းယုက ထိုလူများ ဘာပြောနေသည်ကို မသိသောကြောင့် နားမလည်ဖြစ်နေသည်။
ချီရှောက်ရွမ်က ဝင်ပြောလိုက်သည် “ မင်းက ခေါင်းကြောမာနေတုန်းပဲ။ မင်း တော်တော်အရိုက်ခံခဲ့ရတာ ဖြစ်ရမယ် ”
ဝမ်ရှန်းယု၏ လက်ရှိအခြေအနေက အတော်လေး ဆိုးရွားနေသည်။ သူက မီးခြစ်ဆံလို ပိန်ပါးနေပြီး ဆံဖြူများ ဖြစ်နေသည်။ သူက သင်္ချိုင်း ခြေတစ်ဖက် လှမ်းနေဟန်ပေါက်နေသည်။
ဝမ်ရှန်းယုက ထိုစကားကို ကြားလိုက်ပြီးနောက် မဲ့ရွဲ့မိလိုက်သည် “ ဒီကိစ္စက ဇာတ်ကြောင်းရှည်တယ် ”
သူက ထိုအကြောင်းကို တွေးမိရုံဖြင့် မှားယွင်းခံရသလို ခံစားလာရသည်။ ထိုလူများအနက် ယွဲ့ယူသဲ့နှင့် ပိုင်တိတို့က အဆင်ပြေနေသော်လည်း သူ့သက်တမ်းတစ်ခုတည်းသာ ဆိုးဆိုးရွားရွား လျော့ကျသွားသည်။
ငါ ဘာလို့ အမြဲတမ်း ထိခိုက်နေရတာလဲ။ ငါပဲ ဘာလို့ သွေးဆုံးရှုံးနေရတာလဲ
အဆုံးကျ အရာအားလုံးကို ဝန်ထမ်းခဲ့တာ ငါပဲလေ …
......................
သို့သော် သူက အဖြစ်အပျက်အား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
အားလုံးက အံ့အားသင့်သွားကြသည် “ ဘာ … ငရဲကာကွယ်သူဘုရင်က ထောင်ချောက်ဆင်ထားခဲ့ပြီးတော့ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ဆင်းသက်လာတာတဲ့လား။ မင်း ဘယ်လိုလုပ် လွတ်လာတာလဲ ”
သူတို့အားလုံးက ငရဲကာကွယ်သူ ဘုရင်၏ စွမ်းအားအကြောင်း ကောင်းကောင်း သိထားကြသည်။ သူက ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာ ဖြစ်၏။
ဝမ်ရှန်းယု၏ လက်ရှိစွမ်းအားအရ ဘယ်လိုလုပ် လွတ်မြောက်လာနိုင်မည်နည်း။
ဤသည်မှာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ဖြစ်နေသည့်အကြောင်း ထည့်မပြောရသေးပေ။
အားလုံးက ဝမ်ရှန်းယုသည် အပိုလျှောက်ပြောနေကြောင်း သံသယဖြစ်လာကြ၏။ သို့သော်လည်း မြူခိုးမည်းများကြားမှ ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိပြီးနောက် သူတို့က သေချာစဉ်းစားကြည့်ရုံမှအပ ရွေးချယ်စရာ မရှိပေ။
ဝမ်ရှန်းယုက ရှင်းမပြပေ။ ထို့အစား သူက ကျိတ်ပြုံးလိုက်သည် “ ဟီးဟီး မင်းတို့တွေ မကြာခင် သိပါလိမ့်မယ် ”
သူက အမှန်တရားတချို့ကို ဖုံးကွယ်ထားပြီး နောက်မှ အံ့ဩသွားစေဖို့ ကြံစည်ထားသည်။
အားလုံးက စိတ်ရှုပ်လာကြသည်။
သူတို့က အရိုက်ခံရသူ မဟုတ်သောကြောင့် မည်သူများ ဖြစ်နေမည်နည်း။
……….....
မြူခိုးမည်းများအတွင်း ရုတ်ချည်းဆိုသလို အသံကျယ်ကြီးထွက်ပေါ်လာသည်။
မျက်စိစူးလောက်ဖွယ် ငွေရောင်အလင်းတန်းက ကောင်းကင်အထိ မြင့်တက်လာကာ နေရောင်ကိုပင် ကာဆီးလိုက်ပြီး မြူခိုးမည်းများကို ဖိနှိပ်ပစ်လိုက်သည်။
အားလုံးက အာရုံအပြည့်အဝ စိုက်ထားပြီး လှမ်းကြည့်လိုက်ကြသည်။ သူတို့က လေဟာနယ်ထဲ ပေတစ်သိန်း မြင့်မားသည့် ငွေရောင်အံ့ဖွယ် စက်ဝန်းမှ အဆုံးမဲ့ အံ့ဖွယ်အလင်းများ တောက်ပနေသည်ကို မြင်လိုက်ရသည်။
ငွေရောင်အံ့ဖွယ် စက်ဝန်း၏ အလင်းတန်းများ တောက်ပလွန်းနေပြီး မြင့်မြတ်တော်ဝင်ဆန်လှသည်။
အဆုံးမဲ့ အတိုင်းအထက်လွန် စွမ်းအားများ ထွက်ပေါ်လာကာ လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး မြူခိုးမည်းများကို ဆက်တိုက် သန့်စင်ပစ်ကာ ကမ္ဘာကြီးအား ပြန်လည် ကောင်းမွန်လာစေသည်။
ထိုပစ္စည်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်စက်ဝန်းပြား ဖြစ်၏။ ထိုစက်ဝန်းပြားမှ မြင့်မြတ်သည့် စွမ်းအားများ ထုတ်လွှင့်နေပြီး မိုးမြေအား သန့်စင်ပေးသည့် အလင်းမိုး ရွာသွန်းပေးနေသည်။
အလင်းမိုးအောက်တွင် အပြင်းအထန် တုန်ခါနေသည့် ဝိညာဉ်တစ်ကောင် ရှိနေသည်။ ထိုအရာက မြေပြင်ပေါ် လဲကျနေပြီး မလှုပ်မယှက် ဖြစ်နေရှာသည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်မှ မိစ္ဆာအငွေ့အသက်များကို ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဆီ ဆက်တိုက်စုပ်ယူခံနေရပြီး ငြီးတွားနေရ၏။
“ မဖြစ်ဘူး မဖြစ်ဘူး ”
အော်သံကြီးက နှလုံးကွဲကြေဖွယ် ဖြစ်ပြီး အကြောက်တရားများ ပြည့်နှက်နေသည်။ ဤလူက ပြင်ပလောကမှ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ဖြစ်၏။
ယခင် ရှန်ထျန်း၏ အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ ဆွဲခေါ်ခံခဲ့ရပြီး နေမီးလျှံအစစ်၏ အကူအညီဖြင့် သူ့အား ဘဝအကြောင်း သံသယဝင်လာသည့်အထိ ရိုက်နှက်ပစ်ခဲ့သည်။ ပြင်ပလောကရှိ မိစ္ဆာဝိညာဉ်များက အားကောင်းကာ အသက်ပြင်းလှသည်။
သူက ရှန်ထျန်း၏ တိုက်ကွက်များကို ခုခံထားပြီး မပေါက်ကွဲသွားပေ။ သူက ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးရှိသေးကြောင်း တွေးကာ တိတ်တဆိတ် စိတ်သက်သာရာရနေမိ၏။ သို့သော်လည်း ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို မြင်လိုက်ပြီးနောက် မိစ္ဆာဝိညာဉ်က ချက်ချင်းဆိုသလို မျှော်လင့်ချက်ကုန်ဆုံးသွားသည်။
သံသရာစွမ်းအားနှင့် ပတ်သတ်သည့်အရာတိုင်းသည် မိစ္ဆာဝိညာဉ်မျိုးနွယ်အပေါ် အကျိုးသက်ရောက်မှု ပြင်းထန်ပြီး သူတို့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာအငွေ့အသက်များကို သန့်စင်ပေးနိုင်သည်။
မိစ္ဆာအငွေ့အသက် သန့်စင်ခံလိုက်ရသည်နှင့် မိစ္ဆာဝိညာဉ်များကို မိစ္ဆာဝိညာဉ်ဟု ခေါ်နိုင်ဦးမည်လား။
ထင်ထားသည့်အတိုင်း ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၏ ဖိနှိပ်မှုအောက်တွင် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်သည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပေ။
ထိုအရာက သန့်စင်ခံလိုက်ရပြီး သုတ်သင်ခံလိုက်ရကာ အလင်းမိုးအဖြစ် ပေါက်ထွက်သွားသည်။
ရွှေရောင်အလင်းတစ်ချက် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာပြီး မိုင်ထောင်ချီ အလင်းပေးလိုက်၏။ ဤသည်မှာ ကုသိုလ်စွမ်းအား ဖြစ်ပြီး ကျယ်ပြောနက်ရှိုင်းကာ ဆန်းကြယ်လွန်းလှသည်။ ထို့နောက် အဆုံးမဲ့ရွှေရောင် အလင်းတန်းက တောင်ကြားထဲ ကျဆင်းလာသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားသောကြောင့် အနည်းငယ် တုန်ယင်သွားသည်။ သူက သူ့ဝိညာဉ် ပြောင်းလဲသွားမှုကို ဖြတ်ကျော်လိုက်ရသလိုမျိုး သာယာဖွယ် ခံစားချက်ကို ခံစားမိလိုက်သည်။
ရှန်ထျန်းနောက်တွင် ဧရာမ အလင်းရွှေရောင်စက်ဝန်း ပေါ်လာကာ အလင်းရောင်များ တောက်တောက်ပပ ထုတ်လွှင့်နေသည်။
………….....
ထိုမြင်ကွင်းကို မြင်မိပြီး ကူသို့က မနေနိုင်မထိုင်နိုင် ရေရွတ်မိလိုက်သည် “ဒါက ကောင်းမှုရွှေရောင် စက်ဝန်းလား ”
သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ဗုဒ္ဓတပည့်သားတစ်ယောက်အနေနှင့် သူက ကောင်းမှုရွှေရောင်စက်ဝန်း အဓိပ္ပါယ်ကို မည်သို့မသိဘဲနေမည်နည်း။
ဤသည်မှာ ကောင်းမှုများကို သေချာသည့် ပမာဏတစ်ခုအထိ စုစည်းပြီးနောက်မှ ဖြစ်တည်လာခြင်း ဖြစ်၏။
ကောင်းမှုရွှေရောင် စက်ဝန်းက မိစ္ဆာဝိညာဉ်များကို ကန့်သတ်ထိန်းချုပ်ထားနိုင်သည်။ ထို့အပြင် ကောင်းမှုများလေလေ ပို၍ ကြီးမားလာလေလေ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တာအို၏ သီးသန့်စွမ်းအားတစ်ခု ဖြစ်ပြီး အကျိုးမြတ်များစွာ ပိုင်ဆိုင်ထားသည်။
လူတစ်ယောက်၏ နားလည်နိုင်စွမ်းကို တိုးမြင့်ပေးပြီး လက်နက်သန့်စင်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ တိုက်ခိုက်ခြင်းစသည်တို့၌ အသုံးပြုနိုင်သည်။ သို့သော်လည်း အရေးကြီးဆုံးအရာက ခပ်မိုက်မိုက်ပုံစံပေါ်နေခြင်း ဖြစ်သည်။
လူတစ်ယောက် ထွက်လာသည်နှင့် သူ့နောက်တွင် ပေတစ်သိန်းမြင့်မားသည့် ရွှေရောင်စက်ဝန်း ရှိနေသောကြောင့် သူ့အား ခပ်မိုက်မိုက်ပုံ ပေါက်နေစေမည်။ သို့သော်လည်း ကောင်းမှုရွှေရောင် စက်ဝန်းက အလွယ်တကူ ဖွဲ့စည်း၍ မရပေ။ ကောင်းမှုပမာဏအမြောက်အများ လိုအပ်သည်။
မိုးကြိုးလှိုင်း ဗုဒ္ဓအရှင်သည် ကောင်းမှုရွှေရောင် စက်ဝန်းကို မဖွဲ့စည်းနိုင်ခင် နှစ်ထောင်ချီ ကြာမြင့်ခဲ့သည်။ ထို့အပြင် သူက ပေတစ်ထောင်ရှိ စက်ဝန်းသာ ဖွဲ့စည်းနိုင်ခဲ့၏။
လက်ရှိ ဤ ကောင်းမှုရွှေရောင် စက်ဝန်းကြီးက အချင်းဝက်အားဖြင့် ပေငါးသောင်းရှိပြီး ကြောက်ဖို့ကောင်းလှသည်။ ဘယ်သူကများ ဒီလောက်ကုသိုလ်တွေ စုမိဆောင်းမိနေတာလဲ။
ကူသို့၏ မျက်နှာ၌ သိချင်စိတ်များ ပြင်းပြနေသည်။ သူက မည်သည့်နတ်ဘုရားကများ ဤသို့အောင်မြင်မှုမျိုး ပိုင်ဆိုင်ထားလဲဟု သိချင်မိသည်။ အခြားလူများက ကောင်းမှုရွှေရောင် စက်ဝန်းအကြောင်း မသိကြသော်လည်း သူတို့က အသတ်ခံလိုက်ရသည့် မိစ္ဆာဝိညာဉ်သည် ထာဝရတပိုင်းအဆင့် ဖြစ်ကြောင်း သိထားကြ၏။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို သတ်နိုင်ဖို့ရာ ထိုလူက အထွတ်အထိပ် ကျင့်ကြံသူသာ ဖြစ်ရမည်။
နယ်မြေငါးခုမှာ ပေတစ်သိန်း မြင့်မားတဲ့ ကောင်းမှုရွှေရောင် စက်ဝန်း ဖွဲ့စည်းနိုင်တဲ့ အဆင့်မြင့်ကျင့်ကြံသူမျိုး မွေးထုတ်ပေးနိုင်ခဲ့တာလား …
ဤသည်မှာ ကိစ္စအကြီးကြီး ဖြစ်၏။
မိစ္ဆာဝိညာဉ်မျိုးနွယ်သည် လက်ရှိ နေရာအနှံ့တွင် ရုတ်ရုတ်သည်းသည်းများ ဖြစ်စေလေ့ရှိပြီး သာမန်လူများထံ ကပ်ဘေးများ ဆောင်ကျဉ်းလာကာ သက်ရှိများ ဆက်လက် မနေထိုင်နိုင်အောင် လုပ်နေသည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ စွမ်းအားဖြင့် သူတို့အနေနှင့်ပင် တပ်မဟာများကို ရွေ့လျားကာ မိစ္ဆာဝိညာဉ်များကို တစ်ချိန်လုံး လိုက်ဖိနှိပ်ဖို့ မဖြစ်နိုင်ပေ။
မိစ္ဆာဝိညာဉ်က များပြားလွန်းလှပြီး နေရာအနှံ့ ပျံ့ကျဲနေလေသည်။ ထိုအရာက ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များကို ခုခံနိုင်ရန်အတွက် နယ်မြေငါးခုလုံး၏ အင်အားကို လိုအပ်သည်။ နယ်မြေငါးခု၌ အဆင့်မြင့် ကျင့်ကြံသူများလေလေ မျှော်လင့်ချက် ကြီးလေလေ ဖြစ်၏။
…………....
အားလုံးက တောင်ကြားအတွင်းပိုင်းကိုသာ အာရုံစိုက်ထားကြသည်။
နောက်ဆုံးတွင် ပုံရိပ်လေးတစ်ခု လျှောက်လှမ်းထွက်လာသည်။ ဤသူမှာ နောက်ကျောဘက်တွင် ရွှေရောင်တောင်ပံနှင့် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသူ ဖြစ်၏။ သူက လေဟာနယ်ထဲ သူရဲကောင်းဆန်ဆန် မားမားမတ်မတ် ရပ်နေသည်။
ထိုအမျိုးသားက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။ သူ့သွင်ပြင်တို့က ပေါ့ပါးကြော့ရှင်းနေပြီး သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းများလည်း ထုတ်လွှင့်နေသည်။
သူ့ခန့်ညားချောမောလှသည့် မျက်နှာက ထာဝရအရှင်တစ်ပါးအလား ထင်မှတ်ရစေကာ အစွန်းအထင်းမရှိ ထူးခြားသန့်စင်လွန်းလှသည်။
သူတို့က ထိုပုံရိပ်လေးကို မြင်လိုက်သည့်အခါ အားလုံးက တုန်တုန်ယင်ယင် ဖြစ်လာကြသည်။ သူတို့အကြည့်များတွင် အံ့အားသင့်မှု၊ တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှုနှင့် အခြားသော စိတ်ခံစားချက်များ ကိန်းအောင်းနေလေ၏။
ခဏအကြာတွင် ပါရမီရှင်အားလုံးက မယုံကြည်နိုင်စွာ ဖြစ်နေကြသည်။
“ ညီအစ်ကို … ညီအစ်ကိုရှန်လား ”
ချီရှောက်ရွမ်၏ အသံက အနည်းငယ် တုန်ရီနေသည်။
သူ့တည်ငြိမ်လှသော စိတ်အခြေအနေနှင့်ပင် သူက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ အံ့လောက်ဖွယ် ဖြစ်၏။
နှစ် ၁၈၀ ကြာမြင့်ပြီးနောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပြန်လည် ရောက်ရှိလာလေပြီ။ ထို့အပြင် သူက ပေါ်ပေါ်လာချင်း ထာဝရတပိုင်းအဆင့် မိစ္ဆာဝိညာဉ်ကို ရှင်းထုတ်ပစ်ခဲ့သည်။
ဤတိုက်ပွဲရလဒ်က ရူးသွပ်လောက်သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ လုပ်နိုင်လိမ့်မည်။ နောက်ဆုံးတော့ ဒီအမျိုးသား ပြန်ရောက်လာခဲ့လေပြီ။
ငါ ချီရှောက်ရွမ်က ဒီကောင်းကင်အောက်မှာ အသန်မာဆုံးဖြစ်ဖို့ ထပ်မံ စိန်ခေါ်နိုင်ပြီ …
.............
“ မောင်လေးရှန် ”
ထိုစဉ် လှပကာ အချိုးအစားကျသော ပုံရိပ်လေးက ရှန်ထျန်း ရင်ခွင်ထဲ တိုးဝင်လာသည်။ သူ့လက်ထဲမှ နွေးထွေးမှုကို ခံစားမိပြီး ရှန်ထျန်းက အနည်းငယ် ကြောင်အမိသွားသည်။
ဤလူမှာ ကျန်းယွင်ရှီးကလွဲ၍ အခြားသူ မဟုတ်ပေ။ သူမက ရှန်ထျန်း၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး လွတ်မပေးချေ။ သူ ရုတ်တရက် ထပ်ပျောက်သွားမည်ကို စိုးနေလေသည်။ သူမ နှစ်ရာချီ စောင့်ဆိုင်းနေရသည့် အမျိုးသားကို ပြန်တွေ့ခဲ့လေပြီ။
ရလဒ်အနေနှင့် ကျန်းယွင်ရှီးက ရှန်ထျန်းအား တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။
“ အစ်မ … ”
ရှန်ထျန်းက သူ့လက်ထဲမှ တုန်တုန်ယင်ယင် ဖြစ်နေသည့် ကျန်းယွင်ရှီးကို ခံစားမိလိုက်သည်။ ထိုစဉ် သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဒေါသကြီးလှသည့် သူတော်စင်မ မဟုတ်တော့ဘဲ အားနည်းသည့် အမျိုးသမီးလေးတစ်ယောက်နှယ် ဖြစ်နေသည်။
“ မောင်လေးရှန် နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
ကျန်းယွင်ရှီးက ရှန်ထျန်းရင်ခွင်ထဲ ခေါင်းဝှက်ကာ တီးတိုးပြောလိုက်သည်။
ရှန်ထျန်း၏ အကြည့်တို့က နူးညံ့သွားပြီး ကျန်းယွင်ရှီး ကျောလေးအား အသာသပ်ပေးလိုက်ကာ “ အစ်မ … ကျွန်တော် ပြန်လာပြီ”
နောက်ဆုံးတွင် မျက်ရည်များ တာကျိုးကျလာပြီး ရှန်ထျန်း၏ အဝတ်များအား စိုစွတ်သွားစေသည်။
ထိုအရာကို မြင်ပြီး အားလုံးက အားတက်သရော ဟစ်ကြွေးလိုက်ကြသည်။
“အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပြန်ရောက်လာပြီ ”
“ ကောင်းတယ် အရမ်းကောင်းတယ် ”
အားလုံးက ရှန်ထျန်း ပျောက်ဆုံးသွားခဲ့စဉ်အခါက စိတ်ပူခဲ့ကြသည်။ ယခု သူ ပြန်ရောက်လာပြီဖြစ်၍ အားလုံးက စိတ်သက်သာရာရသွားကြ၏။
ကွေ့ကုန်းကုန်း၏ မျက်နှာ၌ စိတ်အေးသွားကာ “ ကိုယ်လုပ်တော်လန်ရဲ့ကောင်းချီးပေးမှုကြောင့် အရှင့်သား အဆင်ပြေသွားပြီ။ ကောင်းလိုက်တာ ”
လေထုက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြစ်လာကြသည်။ အခြားသော အရှေ့လွင်ပြင် အမျိုးသမီးပါရမီရှင်များကလည်း ကျန်းယွင်ရှီးကို ကြည့်နေကြသည်။
သူတို့စိတ်ထဲ အားကျစိတ် ကြီးမားလာသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မက သူ့ရင်ခွင်ထဲ အကြာကြီးနေနိုင်တာ ကံကောင်းလိုက်တာ …ငါသာ ဒီလိုဆက်ဆံခံရရင် သေချာပေါက် ပျော်လွန်းလို့ မေ့သွားနိုင်တယ်
.............
မိန်းကလေးချင်းယွဲ့၏ နှလုံးသားလည်း နာကျင်နေမိသည်။ သူမက စိတ်ထဲ ပြောမပြတတ်သည့် ခံစားချက် ကြီးစိုးလာသောကြောင့် ခေါင်းအသာလှည့်လိုက်မိ၏။ သို့သော်လည်း သူမက မြန်မြန်ပြန်လှည့်ကာ အသေးစိတ်အချက်လေး တစ်ချက်ပင် လက်လွှတ်မခံချင်သည့်အလား ရှန်ထျန်းအပေါ်သာ အာရုံစိုက်ထားလိုက်သည်။
သူမက ရှန်ထျန်းတစ်ယောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမည်ကို ကြောက်နေမိသည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာလိုမျိုး ဖြစ်၏။ သူတို့ နောက် နှစ်၁၈၀ ကြာမှ တွေ့နိုင်မည်ကို မည်သူက တွေးမိမည်နည်း။
မိန်းကလေးချင်းယွဲ့က ရှန်ထျန်းအား စိုက်ကြည့်နေရင်း သူမအကြည့်တို့က နူးညံ့လာသည်။
မောင်လေး … မင်း ပြန်လာတာ အရမ်းကောင်းတယ် …