ကျွန်တော်က ဂိုဏ်းချုပ် ရာထူးနဲ့ မသင့်တော်ပါဘူး
Vol. 32 Ch. 467
အခန်း (၄၆၇) : ကျွန်တော်က ဂိုဏ်းချုပ် ရာထူးနဲ့ မသင့်တော်ပါဘူး
ကျန်းယွင်ရှီးက ရှန်ထျန်း လက်မောင်းထဲ တိတ်တဆိတ် နေနေကာ နွေးထွေးမှုကို ခံစားနေသည်။
သို့သော်လည်း ထိုစဉ် ဝမ်ရှန်းယု ထွက်လာကာ ပြောလိုက်လေသည် “ ညီအစ်ကိုရှန် … တစ်ယောက်တည်းကိုပဲ ကွက်ပြီး အရေးပေးလို့ မဖြစ်ဘူးလေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မက လှတယ်ဆိုတာနဲ့ သူမချည်းပဲ ဖက်ထားလို့ မဖြစ်ဘူး။ ငါလည်း ဖက်တာလိုချင်တယ်။ သုံးယောက်လုံး အတူတူ ဖက်ရအောင်လေ ”
ထိုသို့ပြောပြီးနောက် ဝမ်ရှန်းယုက လက်မောင်းဆန့်တန်းလျက် ရှန်ထျန်းဆီ လျှောက်လာသည်။
“ ဖယ်လိုက်တော့ ”
“ သွားစမ်း ”
ရှန်ထျန်းနှင့် ကျန်းယွင်ရှီးတို့က စိတ်တိုစွာ ငြီးတွားလိုက်ကြသည် “ ဒီလူက သူဘယ်သွားသွား မရပ်နိုင်ဘူး ”
“ ကောင်းပြီလေ ”
ဝမ်ရှန်းယုက နေရခက်စွာ နောက်ဆုတ်လိုက်သည်။ သူက စနောက်နေခြင်းသာ ဖြစ်၏။
ဝမ်ရှန်းယု၏ ရုတ်ရုတ်သည်းသည်း ဖြစ်မှုကြောင့် ကျန်းယွင်ရှီးလည်း အသိပြန်ကပ်လာသည်။ သူမက ရှန်ထျန်းဆီမှ ဖြည်းဖြည်းချင်း ခွာလိုက်ကာ ရှက်သွေးဖြာနေမိသည်။ သို့သော်လည်း ကျန်းယွင်ရှီးက အံ့ကြိတ်ကာ စိတ်ထဲမှ ပြောလိုက်မိသည်။
ဒါတွေအားလုံး ဒီကောင်စုတ်ရဲ့ အပြစ်ပဲ … မဟုတ်ရင် ငါ မောင်လေးရှန် ရင်ခွင်ထဲ အကြာကြီး ဆက်နေနိုင်ဦးမှာ
သူမက တွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။
ကျန်းယွင်ရှီးက ဝမ်ရှန်းယုကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး “ လောင်ဝမ်က ဒီနေ့ကြည့်ကောင်းနေတာပဲ။ ရှင့်ရဲ့ ကျင့်ကြံဆင့်လည်း တိုးတက်လာသလိုပဲ။ ဒီနေ့ တစ်ပွဲတစ်လမ်း လက်ရည်စမ်းကြည့်ရအောင်လေ ”
ထိုသို့ပြောပြီးနောက် သူမက ဝမ်ရှန်းယုဆီ လျောက်လှမ်းလာရင်း သူမခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းများ ထွက်လာလေသည်။
အားလုံးက ရှုံ့မဲ့သွားကြသည်။
လက်ရှိ ဝမ်ရှန်းယုက ဘယ်လိုလုပ် ကြည့်ကောင်းနေရမှာလဲ။ သူက ဆံပင်ဖွေးဖွေးလှုပ် ဖြူဆွတ်နေပြီး အင်မတန် အားနည်းနေသည်။ သို့သော်လည်း မည်သူမှ ဝမ်ရှန်းယုအတွက် ဝင်မပြောပေးရဲကြပေ။
ကျန်းယွင်ရှီးက ဒေါသူပုန်ထနေလေ၏။ အကယ်၍ သူတို့သာ သူမကို စိတ်အနှောင့်အယှက်ပေးမိလျှင် သူတို့ပါ ခံစားသွားရမည်။
အားလုံးက တိတ်တဆိတ် လှည့်လိုက်ပြီး နတ်ဘုရားဘုရင်ဆီသာ ဆုတောင်းပေးလိုက်ကြသည်။
လောင်ဝမ်ရေ ဒီကောင်မလေးကို ဘာလို့သွားရန်စရတာတုန်း … အခုတော့ မင်းဘာသာ ကံကောင်းပြီး ကောင်းကောင်းမွန်မွန် ထွက်လာနိုင်ဖို့ပဲ ဆုတောင်းထားတော့
…………....
ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်တို့က မဲ့ရွဲ့သွားကာ ကြောင်အမ်းသွားမိသည်။
“ … ”
အစ်မကြီး အကျိုးအကြောင်းသင့်ရဲ့လား … တကယ်လို့ ရိုက်ချင်ရင်လည်း အနည်းဆုံးတော့ အကြောင်းပြချက်ကောင်းကောင်းလေး ပေးလေ
ဘာလို့များ ပွင့်လင်းမြင်သာ အနိုင်ကျင့်ချင်နေရတာတုန်း
ဝမ်ရှန်းယု၏ နှလုံးသားက ခါးသီးမှုတွေနှင့် ပြည့်နှက်နေသည်။ ယခုမှသာ သူ့အနေနှင့် အမျိုးသမီးများကို သွားမရှုပ်သင့်ကြောင်း သဘောတရားကို နားလည်စပြုလာသည်။
“ အစ်မကြီး ကျုပ် မှားသွားပါတယ် … ကျုပ်ကို မရှိတဲ့ လေလိုပဲ ဆက်ဆံလိုက်ပါ ”
ဝမ်ရှန်းယုက မြန်မြန်ဆန်ဆန် သက်ညှာမှု တောင်းခံလိုက်သည်။ သူ့လက်ရှိအခြေအနေဖြင့် ကျန်းယွင်ရှီး၏ ရူးလောက်ဖွယ် တိုက်ကွက်များကို ခံနိုင်မည် မဟုတ်ပေ။
“ ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး လာသင်ပေးနေတာလား ”
ကျန်းယွင်ရှီးက အေးစက်စက် လှောင်ပြုံးလေးဖြင့် ဓာတ်နှော နတ်မိုးကြိုးအား အသုံးချကာ ဝမ်ရှန်းယုအား တိုက်ခိုက်လိုက်သည်။
ဝမ်ရှန်းယုက အော်ဟစ်ကာ “ မဖြစ်ဘူး။ ညီအစ်ကိုရေ ငါ့ကို ကယ်ပါဦး ”
သူက ချက်ချင်း ပြေးထွက်သွားပြီး တိုက်ခိုက်မှုများကို ခုန်လွှားရှောင်ရှားလိုက်သည်။
ကျန်းယွင်ရှီးက သူ့အား အလွယ်တကူ လွတ်ပေးဖို့ မရည်ရွယ်ပေ။ သူမက ဓာတ်နှောနတ်မိုးကြိုးများကို ထိန်းချုပ်ရင်း သူ့နောက် လိုက်သွားသည်။ အချိန်တစ်ခုကြာသည့်အထိ နေရာတစ်ဝိုက် အော်ဟစ်သံများနှင့်အတူ ကမောက်ကမ ဖြစ်နေလေသည်။
………….....
နှစ်ယောက်သား ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြီးနောက် လေထုက ပိုမို သက်တောင့်သက်သာ ဖြစ်လာသည်။
ရှန်ထျန်းက ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရင်းနှီးပြီးသား မျက်နှာများကို မြင်လိုက်ရသည်။ သူတို့အားလုံးက လွန်ခဲ့သော နှစ် ၁၈၀ ခန့်က အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ ဖြစ်ကြသည်။
အားလုံး၏ အရှိန်အဝါများက အားကောင်းကာ ကျယ်ပြန့်လှသည်။ အများစုက အတိဒုက္ခစမ်းသပ်ချက်ကို ဖြတ်ကျော်ကာ ဝိဇ္ဇာဖြစ်လာကြ၏။
ရှန်ထျန်းက ထိုမြင်ကွင်းကို မြင်သည့်အခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ “ ကြည့်ရတာ အားလုံးက ဒီနှစ် ၁၈၀အတွင်းမှာ ကြိုးစားခဲ့ကြတာပဲ”
သက်တမ်း ၂၀၀ လောက်ဖြင့် အတိဒုက္ခစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး ဝိဇ္ဇာဖြစ်လာနိုင်ခြင်းမှာ ပြိုင်ဖက်ကင်း ပါရမီရှင်များအဖြစ် ယူဆလို့ ရနေလေပြီ။
သက်တမ်းတစ်လျှောက်လုံး လူတချို့သာ ဤအဆင့်အထိ ရောက်ရှိနိုင်ကြသည်။
“ဒါတွေအားလုံးက ညီအစ်ကိုရှန် ကျေးဇူးကြောင့်ပါ”
အားလုံးက ပြုံးကာ လက်နှစ်ဖက်ယှက်ရင်း လေးလေးစားစား ပြောလိုက်ကြသည်။ အများစုက ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်း ရှိသူများ ဖြစ်ပြီး ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး သောက်သုံးခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ပါရမီနှင့် အသိအမြင်တို့က ထိုအရာကြောင့် တိုးမြင့်လာခဲ့သည်။
ထို့အပြင် ဤသည်မှာ ကပ်ဘေးခေတ်အခါ ဖြစ်သောကြောင့် မိုးမြေတို့၌ ဝိညာဉ်ချီများ ကြွယ်ဝနေပြီး သဘာဝစည်းမျဉ်းများလည်း အားလုံးနှင့် ပိုမိုနီးကပ်လာသည်။
အားလုံးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးအများစုကို သန့်စင်လိုက်ကြပြီး ကျင့်ကြံဆင့် တဟုန်ထိုး မြင့်တက်သွားကြသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး မသောက်ခဲ့ရသည့် ကျင့်ကြံသူများပင် ရှန်ထျန်းဆီမှ အကျိုးမြတ်တချို့ ရရှိလိုက်ကြ၏။
ဤကပ်ဘေးကြီးကြောင့် နယ်မြေငါးခုလုံးရှိ အင်အားစုများက ပိုမို ပြင်းထန်လာကာ တတ်နိုင်သမျှမြန်မြန် အဆင့်မြင့် ကျင့်ကြံသူ ဖန်တီးလိုကြသည်။ ထို့ကြောင့် နယ်မြေငါးခုရှိ ကျင့်ကြံရေးသုခဘုံများကို နယ်မြေငါးခု၏ ပါရမီရှင်များအတွက် အများသိ ဖွင့်လှစ်ပေးထားခဲ့သည်။
သူတို့ကြားတွင် နာမည်အကျော်ကြားဆုံး လေ့ကျင့်ရေးမြေမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ စစ်နတ်ဘုရား မျှော်နန်းဆောင် ဖြစ်၏။
ဤမျှော်နန်းဆောင်ကြီးက နတ်ဘုရားလောကမှ ဖြစ်ပြီး ရှေးကျကာ နက်နဲလှသည်။ ထိုအထဲတွင် အဆုံးမဲ့ အမွေအနှစ်များ ပါဝင်နေပြီး ပါရမီရှင်များအတွက် လေ့ကျင့်ဖို့ နေရာကောင်းတစ်ခု ဖြစ်သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း သူတို့က နတ်ဘုရားလောက ပါရမီရှင်များ၏ ပုံရိပ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ကြသည်။
သူတို့က ခေတ် အမျိုးမျိုးဆီမှ ပါရမီရှင်များနှင့် အတွေ့အကြုံယူပြီး နတ်ဘုရားလောကမှ လျို့ဝှက်ပညာရပ် အမွေအနှစ်များကို နားလည်လာကြသည်။ သို့သော်လည်း စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဈေးနှုန်းသည် အလွန်မြင့်မားပြီး လူအများစုက ငွေကြေးလုံလုံလောက်လောက် မပြင်ဆင်ထားနိုင်ကြပေ။
ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်းသည့် ပါရမီရှင်များအတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်က သူတို့အပေါ် ကန့်သတ်ချက်လျော့ချပေးခဲ့ပြီး သူတို့ဝင်ကြေးကိ လျော့ချပေးခဲ့သည်။ ရလဒ်အနေနှင့် သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း နတ်ဘုရားလောက ပါရမီရှင်များ၏ ပုံရိပ်များနှင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်သည်။
နှစ် ၁၈၀ က အားလုံး အရွယ်ရောက်လာစေဖို့ လုံလောက်ပေသည်။ ထို့အပြင် သူတို့၏ တိုက်ခိုက်စွမ်းရည်က ထူးချွန်လှပြီး အဆင့်တူများကို ကျော်လွန်သွားကြလေပြီ။
နမူနာအားဖြင့် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေမှ ဗောဓိသတ္တဝ ကူသို့ ဖြစ်၏။
သူက နတ်ဘုရားလောက ပါရမီရှင်နှင့် တစ်ခါတိုက်ခဲ့ကာ ဗောဓိဗုဒ္ဓကျမ်းစာတစ်ခုအပေါ် ဉာဏ်အလင်းပွင့်ခဲ့ပြီး ချက်ချင်းပင် ဘုရားလောင်း ဖြစ်လာခဲ့သည်။
ကူသို့က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို တစ်ခါမှ မသောက်ဖူးသော်လည်း အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ထက် အားနည်းနေခြင်း မရှိပေ။ သူ့ကျင့်ကြံဆင့်က သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့် ရောက်နေလေပြီ။
ကူသို့၏ တိုက်ခိုက်စွမ်းရည်နှင့် ဗောဓိဗုဒ္ဓကျမ်းစာတို့ ပေါင်းစပ်လိုက်သည့်အခါ သူက ငါးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်ကိုပင် ရင်ဆိုင်နိုင်သည်။
ထို့အပြင် ခုနှစ်စဉ်ကြယ် သူတော်စင် ချန်ကျုံးထျန်းလည်း ရှိနေသေး၏။ သူက အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေအဆင့်စာရင်း၌ အဆင့် ၄ ဖြစ်ပြီး ထိပ်တန်း ပါရမီရှင်အဖြစ်ပင် မှတ်ယူနိုင်ခဲ့သည်။
ချန်ကျုံးထျန်းက ရှန်ထျန်းကို အငြိုးထားခဲ့သည့်အတွက် သူ့ကနဦးဝိညာဉ် အက်ကွဲခဲ့ရပြီး ဒဏ်ရာရခဲ့ရသည်။ ဤအခြေအနေက သူ့ကျင့်ကြံဆင့်အား ကျဆင်းသွားစေခဲ့သည်။
သူ့တစ်ကိုယ်လုံး ကျိုးကြေခဲ့လုနီးပါး ဖြစ်သွားကာ မြောက်များစွာသော ပါရမီရှင်တို့က သူ့အား ကျော်တက်သွားကြသည်။ အဆုံးသတ်၌ ချန်ကျုံးထျန်းက ချီရှောက်ရွမ်အတိုင်း ရှန်ထျန်းနှင့် မိတ်ဆွေဖြစ်ဖို့ ရွေးချယ်ခဲ့သည်။
သူက စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အကျိုးကျေးဇူးကို ခံစားရပြီး ဝိဇ္ဇာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် အားလုံးက ရှန်ထျန်းကို ကျေးဇူးတင်နေကြခြင်း ဖြစ်၏။
………………...
ရှန်ထျန်းက ပြုံးလိုက်သည် “ ဒီလောက်နှစ်တွေကြာပြီးတော့ အားလုံးရဲ့ သဘောထားလည်း အတော်လေး ပြောင်းလဲသွားကြတာပဲ ”
နှစ် ၁၈၀ က သာမန်လူများအတွက် ရှည်ကြာလှသော အချိန်တစ်ခု ဖြစ်၏။ သို့သော် ဝိဇ္ဇာများတွင် သက်တမ်း နှစ်တစ်သောင်းရှိသောကြောင့် နှစ် ၁၈၀က အစမျှသာ ရှိသေးသည်။
အချိန်ကုန်လွန်လာသည်မှာ မြန်ဆန်လွန်းလှသည်။
ယခင် လူငယ်ပါရမီရှင်လေးတွေက အရွယ်ရောက်လာကြလေပြီ။
ယခင် နှစ် ၁၈၀နှင့် ယှဉ်ပါက အပြောင်းအလဲများက အတော်လေး ကြီးမားလှ၏။
ဖန်ချန်းက ပြုံးလိုက်ကာ “ဒီလူတွေ တစ်ယောက်ချင်းစီက သူတို့သက်ဆိုင်ရာ အထွတ်အမြတ်မြေအသီးသီးမှာ ဂိုဏ်းချုပ်တွေ ဖြစ်လာကြပြီလေ။ အရင်နဲ့ ဘယ်လိုလုပ် တူတော့မှာလဲ ”
အထွတ်အမြတ်မြေများ၏ လုပ်ရိုးလုပ်ထုံးအရ သူတော်စင်များကို နှစ်တစ်ရာနေတိုင်း တစ်ခေါက်ရွေးချယ်ပြီး ဂိုဏ်းချုပ်အသစ်ကိုတော့ နှစ်တစ်ထောင်နေတိုင်း တင်မြောက်လေ့ရှိသည်။
လက်ရှိ ကျင့်ကြံသူအများစုက အထွတ်အမြတ်မြေအသီးသီး၏ ဆယ်ဆက်မြောက် သူတော်စင်များ ဖြစ်ကြသည်။ သူတို့က အာဏာရနေသည်မှာ နှစ်တစ်ရာလောက် ရှိပြီး နောက်ထပ် ဂိုဏ်းချုပ် တင်မြောက်ဖို့ အချိန်ကျရောက်နေလေပြီ။ ယခုမျိုးဆက်၏ ပါရမီရှင်များက ပါရမီအရ၊ ကျင့်ကြံရေးအရ ယခင်မျိုးဆက်ဟောင်းများကို ကျော်လွန်နေသောကြောင့် လူအများစုက ထင်းထွက်နေကာ ဂိုဏ်းချုပ်ရာထူးကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်လိုက်ကြသည်။
နမူနာအားဖြင့် ဝမ်ရှန်းယု၊ ချီရှောက်ရွမ်၊ ကူသို့၊ ချန်ကျုံးထျန်းနှင့် အခြားလူများက သူတို့အထွတ်အမြတ်မြေအသီးသီး၌ ဂိုဏ်းချုပ်ရာထူးများ ယူထားပြီးကြလေပြီ။
ဂိုဏ်းချုပ်များအနေနှင့် ထိုလူများက ယခင်ကဲ့သို့ မဖြစ်တော့သည်မှာ ပုံမှန်သာ ဖြစ်သည်။
ရှန်ထျန်းက အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည် “ အဲဆို လက်ရှိ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကရော ဘယ်သူလဲ”
သဘောတရားအရဆိုရလျှင် နောက်ဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းလည်း ရွေးချယ်ပွဲ၌ ပါဝင်နိုင်သည်။ သို့သော် သူက စစ်တုရင်ခုံအတွင်း နှစ် ၁၈၀ ကြာ ကျင့်ကြံနေခဲ့သောကြောင့် ထိုအခွင့်အရေးနှင့် လွဲချော်သွားခဲ့ရသည်။
ရှန်ထျန်းက နည်းနည်း သိချင်နေမိ၏။ ဂိုဏ်းချုပ်ရာထူးကို သူတော်စင်များကြား ဘယ်သူကများ တာဝန်ယူထားသနည်း။
ဖန်ချန်းက ခေါင်းခါကာ “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရာထူးကို ဒီလက်ရှိ မျိုးဆက်ထဲက တစ်ယောက်မှ မယူထားဘူး။ ဆရာပဲ ဆက်ထိန်းချုပ်ထားတာ ”
“ ဘာလို့လဲ ”
ရှန်ထျန်းက သိချင်လာမိသည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် အလေ့အထတစ်ခု ဖြစ်သောကြောင့် ဘာကြောင့်များ ဆက်လက် မကျင်းပရသနည်း။
ယွဲ့ယူသဲ့က လျှောက်လာကာ လေးလေးနက်နက် ပြောလိုက်သည် “ အဲဒါ ငါတို့က ညီလေးရှန် ပြန်လာမှာကို စောင့်နေလို့ပဲ။ ညီလေးရှန်က ထူးချွန်ပြောင်မြောက်ပြီးတော့ ပါရမီထူးတယ်။ မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အများကြီး အကျိုးပြုခဲ့တာလေကွာ။ မင်းအနေနဲ့ နောက်ဂိုဏ်းချုပ် ဖြစ်လာဖို့ အရည်အချင်း အပြည့်အဝရှိတယ် ”
သူက ပြောလိုက်သော်လည်း စိတ်ထဲတွင် ငြီးတွားနေမိသေးသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဘယ်သူက မဖြစ်ချင်ဘဲနေမှာလဲ။ ဒါပေမဲ့ အခြေအနေများက သူတို့အတွက် အခွင့်မသာပေ။
သဘောတရားအရဆိုရလျှင် ယွဲ့ယူသဲ့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်တို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များကြား အားအကောင်းဆုံး ဖြစ်၏။
ရှန်ထျန်းကို ဘေးဖယ်တွက်လိုက်လျှင် ဖြစ်သည်။
ထို့အပြင် သူက ပထမမျိုးဆက် သူတော်စင် ဖြစ်သောကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်လာသင့်သည်။ သို့သော်လည်း ယွဲ့ယူသဲ့၏ ဂုဏ်သတင်းက ဆိုးရွားလွန်းနေသည်။ ယခင် သူက နေရာအနှံ့သွားလာမွေခဲ့ပြီး နိုင်ငံတစ်ခုလုံး၏ ရန်သူ ဖြစ်လာခဲ့သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်သာ နောက်ဂိုဏ်းချုပ်ရာထူးကို သူ့ဆီ အပ်နှင်းလိုက်လျှင် အခြားသောအကြီးအကဲများနှင့် တပည့်များက သဘောတူကြမည် မဟုတ်ပေ။
အကယ်၍ ဤလူသာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်လာခဲ့လျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မျက်နှာပျက်ရမည် မဟုတ်ပါလော။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အကျိုးအကြောင်းသင့်သူ ဖြစ်၏။ သူက ယွဲ့ယူသဲ့ကို နောက်ဂိုဏ်းချုပ်အဖြစ် မညွှန်းဆိုခဲ့ပေ။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရာထူးသည် သူနှင့် ဘာမှမဆိုင်ပေ။
ထို့အပြင် အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲအားလုံးနှင့် တပည့်များက လူတစ်ယောက်ကိုသာ နောက်ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုထားကြသည်။
ဤလူမှာ နှစ် ၁၈၀ ပျောက်ကွယ်နေခဲ့သည့် ရှန်ထျန်း ဖြစ်၏။
အောင်မြင်နေသည့် သူတော်စင်များပင် သူတို့က နောက်ဂိုဏ်းချုပ် ဖြစ်ဖို့ မထိုက်တန်ကြောင်း ဖော်ပြလာကြသည်။
ဤသည်မှာ ရှန်ထျန်း ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးက မည်သူမှ လိုက်မမီနိုင်၍ ဖြစ်သည်။
ရှန်ထျန်းက တော်ဝင်ကျမ်း တားမြစ်အခန်းဆက်ကို ယူဆောင်လာခဲ့သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့် အခြား အခြားသာ အကျိုးပြုမှုများကို ထည့်မပြောရသေးပေ။
အံ့ဖွယ်မိုးကောင်းကင် တပည့်များက ရှန်ထျန်း ယူဆောင်လာသော အကျိုးကျေးဇူးများကို ခံစားကြပြီး သူ့အပေါ် လေးစားလာကြသည်။ သူတို့အားလုံးက ရှန်ထျန်း ပြန်လာပြီး ဂိုဏ်းချုပ်ရာထူးကို ယူကာ သူတို့အား အထွတ်အထိပ်နေရာဆီ ခေါ်ဆောင်သွားမည့် အချိန်ကို စောင့်နေကြသည်။
ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ရာထူးလွဲပြောင်းမှုအား အချိန်ဆွဲထားခြင်း ဖြစ်၏။ ထို့ကြောင့် နောက်ဂိုဏ်းချုပ်အသစ် မရှိသေးပေ။
ရှန်ထျန်းက အံ့အားသင့်သွားလေသည်။ သူက အားလုံးသည် သူ ပြန်လာဖို့ စောင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဂိုဏ်းချုပ်ရာထူး လွဲပြောင်းမှုပင် အချိန်ဆွဲထားကြ၏။
ဒီလိုမျိုး အထွတ်အမြတ်မြေက တကယ်ကို စိတ်နွေးထွေးစေတာပဲ …
.................
ကျန်းယွင်ရှီးက ပြုံးလိုက်ကာ “ အခုတော့ အဆင်ပြေသွားပါပြီ။ မောင်လေးရှန် ဘေးကင်းကင်း ပြန်ရောက်လာပြီလေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဂိုဏ်းချုပ်အသစ် ရှိလာတော့မှာပါ။
မောင်လေးရှန်ရဲ့ စွမ်းအားအရ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေကို ဦးဆောင်ပြီး နယ်မြေငါးခုကို ကာကွယ်ဖို့ မိစ္ဆာဝိညာဉ်တွေနဲ့ တိုက်ခိုက်နိုင်မှာ ကျိန်းသေတယ်”
ရှန်ထျန်းက အပြုံးလေးနှင့် ခေါင်းခါကာ ပြန်ဖြေလိုက်သည် “ မဟုတ်ရပါဘူး။ ကျွန်တော်က အားလုံးရဲ့ ကြိုးစားမှုအပေါ် မှီခိုဖို့ လိုပါသေးတယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ခုခံပြီး နယ်မြေငါးခုကို ကာကွယ်ဖို့က ကျွန်တော်တို့ တာဝန်ဆိုတော့ တာဝန်အပေါ် ရေသာခိုလို့ မဖြစ်ဘူး ”
ရှန်ထျန်း၏ စကားများက များစွာသော ကျင့်ကြံသူတို့၏ သွေးကို ဆူပွက်လာစေသည်။
အားလုံးက အော်ပြောလိုက်ကြသည်။
“အပြောကောင်းတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလိုသဘောထားကြီးတာပဲ။ ငါတို့တော့ အထင်ကြီးမိသွားပြီ။ နောက်ကျရင် အတူတူတွဲလုပ်ပြီး မိစ္ဆာဝိညာဉ်ကောင်တွေကို မောင်းထုတ်ကြတာပေါ့ ”
………….....
ရှန်ထျန်းက ရုတ်ချည်းဆိုသလို ပြဿနာတစ်ခု တွေးမိသွားသည်။
သူက ယခင် နှစ် ၁၈၀အတွင်း တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် နယ်မြေငါးခုအကြောင်း ဘာမှမသိသေးပေ။ သူက ဤကပ်ဘေးကြီးသည် ပြင်းထန်ပြီး နယ်မြေငါးခုပင် အတော်လေး တောင့်ခံရမည့်ကိစ္စက ဟုတ်လား မဟုတ်လားပင် မသိချေ။
ရှန်ထျန်းက ကျန်းယွင်ထင်ကို ကြည့်ကာ “ အစ်ကို အခုနယ်မြေငါးခုမှာ အခြေအနေ ဘယ်လိုလဲ။ ဒီကပ်ဘေးကြီးက ဘယ်လိုဖြစ်လာတာလဲ ”
ကျန်းယွင်ထင်၏ အကြည့်တို့က မှေးမှိန်သွားကာ သက်ပြင်းချလိုက်ရင်း
“ လက်ရှိအခြေအနေက နယ်မြေငါးခုအတွက် သိပ်မကောင်းဘူး။ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာဖွင့်ပြီး သိပ်မကြာခင် မိစ္ဆာဝိညာဉ်ဂိုဏ်းက နယ်မြေငါးခုမှာရှိနေတဲ့ အထွတ်အမြတ်မြေတွေ အားနည်းနေတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာကြတယ်။
သူတို့ ကြံစည်နေတာ အတော်ကြာပြီ။ အချိန်ကျလာတာနဲ့ အားအပြည့် တိုက်ခိုက်ကြတော့တာပဲ။ တိုက်ခိုက်မှုတွေက ပြင်းထန်ပြီးတော့ ရက်စက်တယ်။ သူတို့က လူစိတ်မရှိဘူး။ အရှေ့ပိုင်းလွင်ပြင်၊ အနောက်ကန္တာရ၊ တောင်ပိုင်းနယ်မြေနဲ့ မြောက်ပင်လယ်တစ်လျှောက် ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေ ကျူးကျော်လာပြီ။
မိစ္ဆာဝိညာဉ်ဂိုဏ်းက အင်မတန် သောင်းကြမ်းတယ်။ သူတို့က အထွတ်အမြတ်မြေတွေကို လုံးဝ ဂရုမစိုက်ဘူး။ သူတို့က သေတဲ့အထိ တိုက်ခိုက်ကြပုံပဲ … တကယ်လို့ မိစ္ဆာဝိညာဉ်ဂိုဏ်း တစ်ခုတည်းဆိုရင် နယ်မြေငါးခုအတွက် ဒီလောက်ခြိမ်းခြောက်မှု ဖြစ်လာမှာမဟုတ်ဘူး။
နယ်မြေအသီးသီးက နှစ်များစွာကြာသည့်တိုင် လက်ဆင့်ကမ်းပြီးတော့ အခြေခံအုတ်မြစ်တွေ ထူထောင်လာတာဆိုတော့ အချိန်တိုအတွင်း ပျက်စီးသွားနိုင်တဲ့အရာ မဟုတ်ဘူး။ ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေက မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းထားပြီးတော့ ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေကို ဒီကမ္ဘာဆီ ဆင်းလာနိုင်အောင် ကူညီပေးကြတယ်။
နေရာတိုင်းမှာ ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်တွေချည်းပဲ။ ပြီးတော့ ဝိဇ္ဇာအဆင့်တွေလည်း ပါတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ မိစ္ဆာဝိညာဉ်တွေပါ ပါလာတော့ သူတို့က အထွတ်အမြတ်မြေတွေကို လုံးဝခြေမှုန်းခဲ့ကြတော့တာပဲ။
အဲဒီနောက်ကျ သူတို့က ပိုသောင်းကြမ်းလာပြီး တိုက်ခိုက်မှုတွေက ပိုရက်စက်လာတယ်။ အင်အားစုတော်တာ်များများက ဒီလိုဖျက်စီးခံလိုက်ရတယ်။ လူတွေက အသက်ရှင်ဖို့ နည်းလမ်း မရှိဘူး။ အထွတ်အမြတ်မြေတွေတောင် ဒီလိုမျိုး ဖျက်စီးမှုကနေ မလွတ်မြောက်နိုင်ဘူး ”
ထိုစဉ် အမြဲတမ်း ညင်သာနေခဲ့သည့် ကျန်းယွင်ထင်က အံ့ကြိတ်ထားရုံကလွဲပြီး မတတ်နိုင်ပေ။ ဤကပ်ဘေးကြီးက ဆိုးရွားလွန်းလှသည်။ ကျင့်ကြံသူများစွာက သွေးပင်လယ်ထဲ သေဆုံးသွားကြရ၏။
နယ်မြေငါးခုလုံး အဆုံးမဲ့ သန့်စင်ကပ်ဘေးအတွင်း ကျရောက်သွားသည့်အလား နေရာတိုင်း၌ သွေးမြစ်စီးဆင်းနေသလို အလောင်းများလည်း ပုံထပ်နေသည်။
“ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် ပေါ်လာမှ သူတို့က အခြေအနေကို ထိန်းချုပ်နိုင်သွားတာ။ ဒါပေမဲ့ အခြေအနေတွေက နယ်မြေငါးခုအတွက် မကောင်းသေးဘူး။ ကပ်ဘေး လွှမ်းမိုးခံထားရတဲ့ နေရာက ကြီးမားလွန်းတယ်။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က သက်ရောက်ခံ နေရာတွေကို အပြည့်အဝ ထောက်ပံ့မပေးနိုင်ဘူး ”
ကျန်းယွင်ထင်က သက်ပြင်းချလိုက်မိသည်။
ပြောရလျှင် ဤကပ်ဘေးကြီးသည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကပ်ဘေးကြီးနှင့် တူညီလုနီးပါး ဖြစ်နေသည်ဟု ဆိုလို့ရသည်။ သို့သော်လည်း ဤသည်မှာ အစမျှသာ ဖြစ်ပြီး ဘယ်အချိန် အဆုံးသတ်သွားမည်မှန်း မည်သူမှ မသိကြပေ။
ကပ်ဘေးကြီးက ပိုမိုဆိုးရွားလာပြီး သေဆုံးခြင်း အရေအတွက်လည်း တိုးပွားလာနေသည်။
ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက ကမ္ဘာထဲ ဆက်တိုက်ဝင်ရောက်နေပြီး နယ်မြေငါးခုအား ယခင်ထက် အခြေအနေ ပိုဆိုးရွားလာစေသည်။
ကျန်းယွင်ထင်က ဆက်ပြောလိုက်သည်
“ ကံကောင်းတာက နယ်မြေငါးခုက ဖိအားတွေ ခံစားရပြီး စည်းစည်းလုံးလုံး ဖြစ်လာကြတာပဲ။ နတ်ဆိုးနဲ့ လူသားတွေလည်း မိတ်ဆွေတွေ ဖြစ်သွားကြပြီ။ သူတို့က ပြင်ပလောက မိစ္ဆာတွေကို အတူတူတွဲ ရင်ဆိုင်နေကြပြီ။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ဦးဆောင်မှုအောက်မှာ နယ်မြေငါးခုက ပြင်ပလောကကို ရင်ဆိုင်ဖို့ တစုတစည်း ဖြစ်သွားကြပြီ။ တကယ်လို့ တစ်နေရာ တိုက်ခိုက်ခံရရင် အခြားနေရာတွေက ချက်ချင်း လာကူကြလိမ့်မယ်။
အဲလိုနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တိုက်ခိုက်မှုကို ယာယီဟန့်တားထားနိုင်တယ်။ အခုတော့ သူတို့တွေ အရမ်းမောက်မာမပြရဲတော့ဘူး။ အထူးသဖြင့် နှစ်တစ်ရာနောက်ပိုင်း ရှီထျန်းကျီ ပြန်ရောက်လာတော့ သူက ဧရာမ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ယူလာတယ်လေ။
အဲဒီအစီအရင်က ကျင့်ကြံသူတွေရဲ့ အင်အားကို စုစည်းနိုင်ပြီးတော့ အဆရာချီ စွမ်းအားကို ပြန်ထုတ်လွင့်နိုင်တယ်။ တော်ဝင်သခင် ဟွမ်ရှစ်လည်း ရှီထျန်းကျီကို ကူပြီးတော့ ကောင်းကင်စက်ဝန်း စစ်တုရင်ကို သန့်စင်ပေးတယ်။
ပြီးတော့ အထွတ်အမြတ်မြေအသီးသီးဆီ ပြန်ဖြန့်ဝေပေးထားတယ်။ အစီအရင်နဲ့ အထွတ်အမြတ်မြေအသီးသီးရဲ့ အုတ်မြစ်ပေါ် မှီခိုပြီး နယ်မြေငါးခုက ယာယီ အရေးသာနေတယ် ”
……………....
နှစ်တစ်ရာနောက်ပိုင်း ရှီထျန်းကျီတစ်ယောက် စစ်တုရင်ခုံမှ ထွက်လာပြီးနောက် ကပ်ဘေးကြီး ဖြစ်နေကြောင်း ကြားလိုက်ရသည်။ ထို့ကြောင့် သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ဆီ ချက်ချင်း ပြန်သွားခဲ့၏။
ထို့အပြင် သူက ကောင်းကင်စက်ဝန်း စစ်တုရင်ကို သန့်စင်ပြီး နယ်မြေငါးခုရှိ ကျင့်ကြံသူများကို မိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ ကူညီပေးခဲ့သည်။ နယ်မြေငါးခုရှိ ကျင့်ကြံသူများက ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်နိုင်သည့်အခါမှ သူတို့အနေနှင့် ငြိမ်းချမ်းရေးကို ယာယီရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အားလုံးက တိုက်ပွဲသည် အလွယ်တကူ အဆုံးသတ်မသွားကြောင်း သိထားကြသည်။
ပြင်ပလောကရှိ မိစ္ဆာဝိညာဉ်များ ကျူးကျော်လာသည်နှင့် သူတို့ကို အလွယ်လေး တားနိုင်တော့မည် မဟုတ်ပေ။ အချိန်ကြာလာလေလေ နယ်မြေငါးခု၏ ကျင့်ကြံသူများအတွက် အရေးနိမ့်လာလေလေ ဖြစ်သည်။
အကြောင်းမှာ နယ်မြေငါးခု၏ အုတ်မြစ်နှင့် အဆင့်မြင့် ကျင့်ကြံသူတို့က ဆက်တိုက်ကုန်ခမ်းနေစဉ် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက ထပ်မံ တိုး၍ ဝင်ရောက်နေကြဆဲ ဖြစ်သည်။
တစ်ရက်၌ နယ်မြေငါးခု၏ အင်အားက အပြည့်အဝ ကုန်ခမ်းသွားပေမည်။
ထိုစဉ် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ဆိုးရွားဖွယ် မြင်ကွင်းမျိုး ပေါ်ထွက်လာလိမ့်မည်။ ဤကပ်ဘေးကြီးသည် ယခင်နှစ်တစ်သောင်းထက် ပိုကြောက်ဖို့ ကောင်းလောက်သည်။
……………...
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကောင်းကင်တာအိုသာ သေမျိုးလောကနှင့် နတ်ဘုရားလောကကြား လမ်းကြောင်းကို ဖွင့်ဟမပေးခဲ့ဘဲ နတ်ဘုရားလောကမှ အကူအညီများ ဝင်ရောက်ဖို့ ခွင့်မပြုခဲ့လျှင် နယ်မြေငါးခုသည် လုံးဝ ပျက်သုန်းသွားလောက်လေပြီ။
သို့သော် နှစ်ပေါင်းတစ်သောင်းကြာမြင့်ပြီးနောက် နတ်ဘုရားလောကမှ ထပ်မံ၍ အကူထပ်လွှတ်ပေးမည်လား မည်သူမှ မသိပေ။ အကြောင်းမှာ နတ်ဧကရာဇ် အမွေအနှစ်အသီးသီးဆီမှ လက်ခံရရှိထားသော လူများဆီမှ အကြောင်းအရာကြောင့် ဖြစ်သည်။
နတ်ဘုရားလောကရှိ အခြေအနေများကလည်း သိပ်မကောင်းလှချေ။ သူတို့လည်း အရေးပေါ် အခြေအနေကို ကြုံတွေ့နေရပြီး ရန်သူတော်ကြီးက သူတို့ဆီ ကျူးကျော်လာနေသည်။
ကျန်းယွင်ထင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
နတ်ဘုရားလောကက ယခုအခါ အန္တရာယ်ကြား ကျရောက်နေလေပြီ။ သူကိုယ်သူ မကာကွယ်နိုင်လေရာ အဘယ်ကြောင့်များ နယ်မြေငါးခုဆီ တပ်ကူလွှတ်ပေးမည်နည်း။
ထို့ကြောင့် ဤသည်မှာ ပြဿနာတစ်ရပ် ဖြစ်လာသည်။ နယ်မြေငါးခု မည်မျှထိန်းထားနိုင်မည်ကို မည်သူမှ မသိကြပေ။
……………....
ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်သည်။ သူက ဤကိစ္စကို သိနေသည်။ ရွှေကျီး နတ်ဧကရာဇ်လို အထွတ်အထိပ် ပညာရှင်က နတ်ဘုရားလောက၌ ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရသည်။ နတ်ဘုရားလောကတွင် မည်သို့သော ကပ်ဘေး ကျရောက်နေမည်ကို စိတ်ကူးကြည့်လို့ ရပေသည်။
နယ်မြေငါးခုရှိ အခြေအနေများကလည်း သိပ်မကောင်းလှချေ။
ကျန်းယွင်ထင်က လေးလေးနက်နက် ပြောလိုက်သည် “လက်ရှိအခြေအနေတွေအရ ငါတို့က အင်အားတိုးလာဖို့ လိုတယ်။ ငါတို့တွေ နောက်ဆုံးအခိုက်အတန့်အထိ အသက်ရှင်ဖို့ အခွင့်အရေးကို ရှာရမယ် ”
ကူသို့ကလည်း ဝင်ပြောလိုက်သည်
“ ပြင်ပလောကမှာ ထကြွနေတဲ့ မိစ္ဆာဝိညာဉ်တွေ ရှိသေးတယ်။ သူတို့က နယ်မြေငါးခုရဲ့ အားကောင်းတဲ့ ကျင့်ကြံသူတွေကို ဖမ်းခေါ်သွားပြီး တားမြစ်နယ်မြေတွေဆီ ခေါ်သွားပြီးတော့ မိစ္ဆာဝိညာဉ်မျိုးနွယ် အားကြီးလာဖို့ သွေးစတေးရေး အစီအရင်အတွက် အာဟာရအဖြစ် အသုံးပြုနေကြတာ …
ငါတို့တွေ အဖမ်းခံထားရတဲ့ ကျင့်ကြံသူတွေကို ကယ်ဖို့ ဒီတစ်ခေါက် အဲဒီကိုသွားကြတာ ”
ထိုအပြုအမူများက သာမန်ဖြစ်ပြီး သူတို့အားလုံးကို မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူများက ထိန်းချုပ်ထားကြသည်။
ရလဒ်အနေနှင့် သာမန်ကျင့်ကြံသူများက အပြင်ဘက်ကို လျှောက်မသွားရဲကြပေ။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ “ အဲလိုဆိုရင် ငါတို့လူတွေကနေ အရင်စလိုက်တာပေါ့ ”
ထို့နောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးနှစ်လုံးထုတ်ကာ ကူသို့နှင့် ချန်ကျုံးထျန်းဆီ ပေးလိုက်သည်
“ ညီအစ်ကိုတို့ ဒီဆေးလုံးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးပဲ။ လူတစ်ယောက်ရဲ့ သဘာဝပါရမီကို ပြောင်းလဲပေးပြီးတော့ နားလည်နိုင်စွမ်း တိုးမြင့်ပေးတယ်။ မင်းတို့ရဲ့ကျင့်ကြံဆင့်ကို တိုးတက်လာစေလိမ့်မယ် ”
ကူသို့နှင့် ချန်ကျုံးထျန်းတို့ ထိုအရာကို မြင်လိုက်သည့်အခါ ကြောင်အမ်းသွားကြသည်။ သူတို့က ချီရှောက်ရွမ်၊ ဖန်ချန်းတို့နှင့် ဆက်ဆံရေးကောင်းရှိသူများ ဖြစ်ပေသည်။ မဟုတ်လျှင် သူတို့အတူတူတွဲဖြစ်နေမည် မဟုတ်ပေ။ နှစ်ယောက်လုံးက ထိုဆေးလုံး၏ အံ့ဖွယ်အာနိသင်များအကြောင်း ကြားထားဖူး၏။
ချီရှောက်ရွမ်၊ ဖန်ချန်းတို့က သူတို့ထက် ကျင့်ကြံဆင့် မြင့်မားသွားရသည့် အဓိကအကြောင်းအရင်းတချို့မှာ ဤဆေးလုံးကြောင့် ဖြစ်သည်။
နှစ် ၁၈၀ အတွင်း နှစ်ယောက်လုံးက ဘာမှမပြောခဲ့ကြသော်လည်း သူတို့စိတ်ထဲ အားကျနေမိကြသည်။ သူတို့သာ ဆေးသောက်လိုက်ပါက ချီရှောက်ရွမ်တို့နှင့် အဆင့်တူ ဖြစ်သွားပေမည်။
သို့သော်လည်း ရှန်ထျန်းတစ်ယောက်တည်းသာ ထိုဆေးလုံးကို ဖော်စပ်တတ်သည့်အတွက် ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပေ။
ယခု အထွတ်အထိပ် ဆေးလုံး ပေါ်ထွက်လာပြီ ဖြစ်ရာ နှစ်ယောက်လုံး မယုံကြည်နိုင်စွာ ဖြစ်နေကြသည်။ ကူသို့နှင့် ချန်ကျုံးထျန်းတို့က ရှန်ထျန်းသည် သူတို့အား ဆေးထုတ်ပေးလာလိမ့်မည်ဟု မထင်ထားပေ။
ဒီလိုမျိုး ဆေးလုံးက အလွယ်တကူ သွေးမုန်တိုင်း ဖြစ်သွားစေနိုင်သည်။ အထူးသဖြင့် ဤသို့မျိုး အရေးကြီးသည့်အခြေအနေမျိုးတွင် ထိပ်တန်း အထွတ်အမြတ်မြေများပင် ရူးသွပ်သွားစေနိုင်သည်။
ဤသည်မှာ စွမ်းအားတိုးမြင့်ပေးနိုင်သည့် ဆေးလုံး ဖြစ်ပြီး အဖိုးဖြတ်၍ မရပေ။
ဤအခြေအနေ၌ စွမ်းအားအနည်းငယ် တိုးတက်လာခြင်းကပင် အသက်ရှင်ဖို့ အခွင့်အရေး ပေးလာနိုင်သည်။ သူတို့ခန္ဓာကိုယ်များ တုန်တုန်ယင်ယင် ဖြစ်သွားပြီး အကြည့်တို့၌ ကျေးဇူးတင်မှုအပြည့် ဖြစ်လာသည်။
“ ညီအစ်ကိုရှန် ငါတို့တွေ ဒီလိုလက်ဆောင်ကို ဘယ်လိုလုပ် လက်ခံလို့ ဖြစ်မှာလဲ ”
သူတို့နှင့် ရှန်ထျန်းကြားရှိ ဆက်ဆံရေးမှာ ရှန်ထျန်းနှင့်အတူ သေခြင်းရှင်ခြင်း ဖြတ်ကျော်ခဲ့သည့် ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့လိုမျိုး မဟုတ်ပေ။
ဤအရာအားလုံးက ချီရှောက်ရွမ်နှင့် ဖန်ချန်းကြောင့် သူတို့က ရှန်ထျန်းနှင့် မိတ်ဆွေဖြစ်လာခြင်း ဖြစ်သည်။
ကူသို့နှင့် ဖန်ချန်းတို့က မိတ်ဆွေရင်းများ ဖြစ်ပြီး ချန်ကျုံးထျန်းကလည်း ချီရှောက်ရွမ်နှင့် ရင်းနှီးပေသည်။ ထို့ကြောင့် သူတို့က ရှန်ထျန်းအပေါ် အခွင့်ကောင်းယူကာ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ပြီး လေ့ကျင့်နိုင်ကြခြင်း ဖြစ်၏။
သို့သော် ယခုတွင် ရှန်ထျန်းက သူတို့အား ကောင်းကင်ပြုပြင်ရေး ဆေးလုံး ထုတ်ပေးလာသည်။ သူတို့က အမှန်တကယ် ရှက်ရွံ့မိသွားသည်။
……………...
ကူသို့နှင့် ချန်ကျုံးထျန်းတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဖြောင့်မတ်ကာ ရက်ရောလွန်းကြောင်း ကောလဟာလများ ထွက်နေသည်။ ထို့အပြင် သူက စိတ်သဘောထားလည်း ကြီးသည်။
ယနေ့ မြင်တွေ့လိုက်ရပြီးနောက် အမှန်ဖြစ်နေကြောင်း သိလိုက်ရသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ဤသို့သော သူတော်စင် ရှိနေလျှင် မည်သို့ စွမ်းအားမကြီးဘဲနေမည်နည်း။
နယ်မြေငါးခုမှာ ညီအစ်ကိုရှန်သာ ရှိနေရင် မျှော်လင့်ချက် မရှိဘဲ ဘယ်လိုလုပ် ဖြစ်မှာလဲ …
ငါ ကူသို့ …
ငါ ချန်ကျုံးထျန်း …
လုံးဝကို ယုံကြည်တယ် …