ထုံကြွယ်မျှော်စံအိမ်၊ ပါရမီရှင် ပြိုင်ပွဲစင်မြင့်
Vol. 32 Ch. 468
အခန်း (၄၆၈) : ထုံကြွယ်မျှော်စံအိမ်၊ ပါရမီရှင် ပြိုင်ပွဲစင်မြင့်
ကူသို့နှင့် ချန်ကျုံးထျန်းတို့က ရှန်ထျန်းလက်ထဲမှ ရနံ့လေးသင်းနေသည့် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို ကြည့်လိုက်ကြသည်။ ဤသည်မှာ နတ်ဧကရာဇ်အဆင့် ဆေးလုံး ဖြစ်ပြီး အဖိုးမဖြတ်နိုင်ပေ။ ထာဝရအသုံးအဆောင်နှင့်ပင် လဲလှယ်၍ မရပေ။
ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် ထူးခြားလှ၏။ ရှန်ထျန်းတစ်ယောက်တည်းဆီသာ ရှိပြီး အခြားမည်သူမှ မဖော်စပ်နိုင်ပေ။ သို့သော်လည်း သူတို့မာန်မာနကြောင့် ချန်ကျုံးထျန်းနှင့် ကူသို့တို့က ရှန်ထျန်းဆီမှ ဆေးလုံးကို လက်ခံဖို့ ခက်ခဲနေကြသည်။
……….....
သူတို့ ငြင်းပယ်မှုကို မြင်ပြီးနောက် ရှန်ထျန်း၏ မျက်နှာအထက် အပြုံးလေး ဖြစ်တည်လာသည် “ ညီအစ်ကိုတို့ အားနာမနေကြပါနဲ့။ အခု ကပ်ဘေးကြီးက ကျရောက်လာနေပြီ။ စွမ်းအားကိုသာ တိုးလိုက်ရင် ငါတို့အသက်ရှင်နိုင်မဲ့ အခွင့်အရေး မြင့်မားသွားရုံတင် မကဘူး။
ငါတို့တွေ နယ်မြေငါးခုကိုလည်း အများကြီး အထောက်အကူပြုနိုင်လိမ့်မယ်။ ဒါက ငါ့ရည်ရွယ်ချက်ပါ …. အဲကြောင့် လက်ခံလိုက်ကြပါနော် ”
ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို နှစ်ယောက်လုံးဆီ ပေးလိုက်သည်မှာ သူ့အကြံအစည်နှင့်သူ ဖြစ်၏။
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် အမြဲတမ်း ဆက်ဆံရေးကောင်းရှိခဲ့ကြပြီး မဟာမိတ်များ ဖြစ်ကြသည်။ ထို့အပြင် ကူသို့နှင့် ဖန်ချန်းတို့က မိတ်ဆွေကောင်းများ ဖြစ်ကြပြီး ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိသည်။
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိပြီး ပညာရှင်များစွာ ပိုင်ဆိုင်ထားသည်။ အရှေ့ပိုင်းလွင်ပြင်၏ အားအကောင်းဆုံး အင်အားစုထဲမှ တစ်ခု ဖြစ်နေသည်။
ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကူသို့ဆီ လက်ဆောင်ပေးလိုက်ခြင်းဖြင့် သူတို့အင်အားစုနှစ်ခုကြားမှ ဆက်ဆံရေးကို ပိုမို တိုးတက်လာစေလိမ့်မည်။
ယခု သူတို့က နယ်မြေငါးခု၏ ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရလေရာ အင်အားစုနှစ်ခုက ပိုမို သဟဇာတ ဖြစ်ကာ ကူညီလာကြသည်။
ရှန်ထျန်းနှင့် ချန်ကျုံးထျန်းတို့ကြား ကတောက်ကဆ ရှိခဲ့သော်ငြား ငယ်ရွယ်စဉ်အခါက ပဋိပက္ခအသေးစားလေးများသာ ဖြစ်ပြီး စိတ်ထဲထည့်နေစရာ မလိုပေ။ သူက ဘာမှမဆုံးရှုံးလိုက်ရဘဲ ချန်ကျုံးထျန်းသာ ခံစားခဲ့ရသည်။
ထို့အပြင် ရှန်ထျန်းက ထိုအကြောင်းအရင်းကြောင့် သွေးနတ်ဘုရားကျမ်း ပထမအပိုင်းကို ရရှိလိုက်ခြင်း ဖြစ်၏။ အရှင်းဆုံးပြောရလျှင် အားလုံးက ချန်ကျုံးထျန်းကို ကျေးဇူးတင်ရမည်။
သွေးနတ်ဘုရားကျမ်းက ပြိုင်ဖက်ကင်း အမွေအနှစ်တစ်ခု ဖြစ်ပြီး နတ်ဘုရားလောက၌ပင် ကျော်ကြားသည်။
အကယ်၍ သွေးနတ်ဘုရားကျမ်းကြောင့်သာ မဟုတ်ပါက ရှန်ထျန်းသည် စွန့်စားခရီးသွားလာနေစဉ် သတိပိုထားခဲ့ရမည် ဖြစ်ပြီး သူ့အသက်လေးကို ဆက်တိုက် ကာကွယ်စောင့်ကြပ်ထားရမည်။
အကယ်၍ ဤသို့သာ ဖြစ်နေလျှင် သူ့ကြီးထွားလာနှုန်းလည်း ဤမျှမြန်ဆန်မည် မဟုတ်ချေ။
သွေးနတ်ဘုရားကျမ်းက ရှန်ထျန်းအတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ ယခု ချန်ကျုံးထျန်းဆီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ပေးလိုက်ခြင်းက လျော်ကြေးအဖြစ် မှတ်ယူနိုင်သည်။ အပြင်လူများအမြင်၌ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် အဖိုးမဖြတ်နိုင်သော်လည်း ရှန်ထျန်းအတွက် အသုံးမဝင်ပေ။
ထိုပစ္စည်းက တစ်ကြိမ်တစ်ခါမျှသာ သုံးစွဲနိုင်၏။ ထပ်သိမ်းထား၍ အကျိုးမရှိပေ။ ထို့ကြောင့် သူက အခြားသူများအား လက်ဆောင်အနေနှင့် ပေးပစ်နေခြင်း ဖြစ်သည်။
ထို့အပြင် ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးများစွာ ရှိနေသေးသည်။ သူက ပြတ်လပ်မနေပေ။ သူက ကံကြမ္မာသားတော်တချို့နှင့် မိတ်ဆွေဖွဲ့ကာ သူတို့စွမ်းအားကို တိုးမြင့်ပေးရမည်။
ဤအရေးအခင်းအခါမျိုး၌ မိတ်ဆွေများလာလေလေ ပိုကောင်းလေလေ ဖြစ်၏။ အားကောင်းလေလေ ပိုကောင်းလေလေ ဖြစ်သည်။
……….....
ကူသို့နှင့် ချန်ကျုံးထျန်းတို့၏ ခန္ဓာကိုယ်တို့က အပြင်းအထန် တုန်ယင်လာကာ သူတို့အကြည့်များ၌ ကျေးဇူတင်မှုအပြည့် ဖြစ်လာသည်။
ကူသို့က ရှန်ထျန်းအား လေးလေးစားစား ဦးညွှတ်လိုက်ပြီး “ ညီအစ်ကိုရှန်ရဲ့ စိတ်ထားကြီးကျယ်မှုက တကယ်ကို လေးစားစရာပဲ။ ဒီလိုဆိုမှတော့ ကျုပ် အားနာမနေတော့ဘူး။ ညီအစ်ကိုရှန် ကျေးဇူးပါ ”
အကယ်၍ သာမန်ပစ္စည်း ဖြစ်နေပါက သူက ဂရုစိုက်မည် မဟုတ်ပေ။ ကူသို့က ဗုဒ္ဓကျမ်းစာများကို ဆယ်စုနှစ်လေ့လာခဲ့သူ ဖြစ်ရာ အသိအဉာဏ်ပြည့်ဝနေသည်။
သို့သော်လည်း ကောင်းကင်ပြုပြင်ရေး ဆေးလုံးလိုမျိုးက အရမ်းအဖိုးတန်လွန်းလှသည်။
အရှင်းဆုံးပြောရလျှင် ကူသို့က ဆွဲဆောင်ခံလိုက်ရ၏။ သူက စိတ်ထဲမှ သက်ပြင်းသာ ချလိုက်မိသည်။
အစတုန်းက ငါ ငြင်းဆန်ခဲ့ချင်ပေမဲ့ သူ့လက်ဆောင်က အရမ်းအဖိုးတန်လွန်းလို့ ငါ မငြင်းနိုင်တော့ဘူး …
ချန်ကျုံးထျန်း၏ မျက်ဝန်းများ မျက်ရည်များ စီးကျလာကာ “ ညီအစ်ကိုရှန်ကို ငါ ကျေးဇူးတင်တာ မလုံလောက်သေးဘူး။ တကယ်လို့ နောင်တစ်ချိန် ငါ့ကို လိုအပ်လာရင် ပြောသာပြောလိုက်ပါ။ မင်းအတွက် အားလုံး လုပ်ပေးပါ့မယ် ”
ချန်ကျုံးထျန်းက စိတ်လှုပ်ရှားနေမိသည်။ အကယ်၍ သူသာ ကောင်းကင်ပြုပြင်ရး ဆေးလုံးကို သောက်သုံးလိုက်လျှင် ထိုအချိန်က ပျောက်ဆုံးသွားခဲ့သည့် ကျင့်ကြံဆင့်များကို ပြန်လည်ကာမိလိမ့်မည်။
သူက ရှေ့တစ်လှမ်းတိုးလာပြီး ထိပ်တန်း ပါရမီရှင်အဖြစ် ရောက်ရှိသွားနိုင်သည်။ ကောင်းကင်ပြုပြင်ရေး ဆေးအာနိသင်က အံ့မခန်း ဖြစ်၏။
လူတစ်ယောက်၏ စွမ်းအားကို တိုးမြင့်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ပါရမီကိုပါ ပြောင်းလဲပေးနိုင်သည်။
ချန်ကျုံးထျန်းက အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေစာရင်းတွင် အဆင့်လေး ဖြစ်သောကြောင့် ပါရမီက ထူးခြားလှသည်။
အကယ်၍ သူသာ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးလိုက်လျှင် သူ့အင်အားက အဆမတန် မြင့်တက်လာလိမ့်မည်။ သို့သော် ချန်ကျုံးထျန်း ဂရုအစိုက်မိဆုံးက ရှန်ထျန်း၏ ကြီးကျယ်မှုနှင့် ရက်ရောမှုတို့ကို ဖြစ်၏။
ညီအစ်ကိုရှန်က အရင်ကိစ္စတွေကို လျစ်လျူရှုပေးပြီးတော့ ငါ့ကို ကောင်းကင်ပြုပြင်ရေး ဆေးလုံးတောင် ပေးတယ်။ ငါ့နိမ့်ကျမှုတွေအတွက် ကိုယ့်ဘာသာ ရှက်မိတယ်
.....................
ရှန်ထျန်းက ပြုံးလိုက်ကာ “မြန်မြန် သောက်လိုက်ကြတော့ … မင်းတို့ကို ငါ စောင့်ပေးမယ် ”
ကူသို့နှင့် ချန်ကျုံးထျန်းတို့က ထိုစကားကြားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လက်ခံလိုက်ကြပြီး ချက်ချင်းဆိုသလို သောက်လိုက်ကာ ဆေးအာနိသင်များကို စုပ်ယူလိုက်ကြသည်။
ထိုစဉ် သူတို့ခန္ဓာကိုယ်မှ အဆုံးမဲ့အလင်းများ ပေါက်ထွက်လာသည်။ ရောင်စုံအလင်းတန်းများက သူတို့ခန္ဓာကိုယ်နား ရစ်ဝေ့နေကြ၏။
ကူသို့၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများဖြင့် ဝန်းရံလျက်ရှိနေပြီး မြင့်မြတ်ဆန်းကြယ်သော ဗုဒ္ဓအငွေ့အသက်က တစ်လောကလုံးအား အလင်းပေးထားဟန်ပေါ်သည်။
သူ့နောက်တွင် ပေတစ်သိန်း မြင့်မားသည့် ရွှေရောင်ဗုဒ္ဓခန္ဓာ ပေါ်ထွက်လာသည်။
ဗုဒ္ဓက ရွှေရောင်၊ ကျောက်စိမ်းရောင်တို့ဖြင့် ခမ်းနားထည်ဝါနေပြီး သူ့အရှိန်အဝါက စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထားချင်သည့်အလား အားကြီးလွန်းလှသည်။
ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် ဗုဒ္ဓရွှေရောင်ခန္ဓာကြီး၏ အလင်းရောင်သည် ပို၍ တောက်ပလာကာ မိုးမြေကို အလင်းပေးနေသည်။
ဗုဒ္ဓစွမ်းအားက နေရာအနှံ့နှံ့ ပျံ့နှံ့သွားလေသည်။ ထိုစဉ် ကူသို့က အထွတ်အထိပ် စွမ်းအားကြီး ဗုဒ္ဓအရှင်တစ်ပါးအလား ထင်မှတ်ရသည်။
သူ့မြင့်မြတ်သည့် ဗုဒ္ဓအငွေ့အသက်တို့က သက်ရှိအားလုံးကို သန့်စင်ပေးပြီး ကမ္ဘာကြီးထဲရှိ မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားပေးသည်။
ဝုန်း
ကောင်းကင်၌ မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ ထွက်ပေါ်လာသည်။ လျှပ်စီးတလက်လက် မိုးခြိမ်းသံများနှင့်အတူ ပဲ့တင်ထွက်နေသည်။
ကူသို့က အဆင့်တက်လုနီးပါး ဖြစ်နေလေပြီ။
ဝုန်း ..
သူက ဝေဟင်ထဲ ပျံတက်သွားလိုက်ပြီး ကောင်းကင် တိမ်တိုက်ထဲ ဝင်ရောက်ကာ မိုးကြိုးစမ်းသပ်ချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
စမ်းသပ်ချက် တိမ်တိုက်များက မည်းနက်နေပြီး မဟူရာအလင်းများ တဖြတ်ဖြတ် လင်းလက်နေကာ မိုးမြေပင် ယှဉ်ကြည့်လိုက်ပါက မှေးမှိန်သွားစေသည်။ သို့သော်လည်း သူ့ပုံရိပ်သဏ္ဌာန်မှ ရွှေရောင်အလင်းများက မရပ်တန့်သွားပေ။ ကောင်းကင်ဆီ တလက်လက် တောက်ပနေပြီး ကမ္ဘာမြေကို ဖုံးလွှမ်းထားကာ အနက်ရောင်အလင်းများကို အတင်းလွှမ်းခြုံနေသည်။
အားလုံးက ကောင်းကင်ရှိ ကောင်းကင်စမ်းသပ်ချက်ကို ရင်ဆိုင်ခုခံနေသည့် ရွှေရောင်ဗုဒ္ဓကြီးအား မြင်လိုက်ရသည်။
ကောင်းကင်စမ်းသပ်ချက်၏ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်ပြီး ဝိဇ္ဇာကိုပင် အလွယ်လေး သတ်သွားနိုင်သည်။ သို့သော်လည်း ရွှေရောင်ဗုဒ္ဓ၏ တိုက်ခိုက်မှုအောက်တွင် အလွန်အားပျော့လာသည်။
ဗုဒ္ဓက လက်တစ်ချက်အဝေ့ဖြင့် အဆုံးမဲ့ မိုးကြိုးချက်များကို ခြေမွပစ်လိုက်သည်။ မိုးမြေပင် တုန်ခါသွားပြီး အာကာပြင်ပင် ပြိုကျလာသည်။
ကူသို့က ဗုဒ္ဓနတ်ဘုရားတစ်ပါးအလား ပြောင်းလဲသွားပုံပေါက်သည်။ သူ့အမူအယာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက အပြုံးလေးဖြင့် မိုးကြိုးချက် နှစ်ကြိမ်အား ဆက်တိုက် ခံယူလိုက်သည်။
သိပ်မကြာခင် ကူသို့က အားလုံးရှေ့ ပြန်ဆင်းလာသည်။
သူ့တစ်ကိုယ်လုံး အံ့ဖွယ်အလင်းများ လွှမ်းခြုံထားပြီး သူ့အသားအရည်က ကြည်လင်တောက်ပလာသည်။ ရွှေရောင်အလင်းများက တဖြတ်ဖြတ် တောက်ပနေပြီး သူ့ခန္ဓာကိုယ်တွင် အဆုံးမဲ့ စွမ်းအားများ ကိန်းအောင်းနေသည်။
သူ့ခန္ဓာကိုယ်ရှိ အရှိန်အဝါက အဆုံးအစမဲ့ကာ အားကောင်းလွန်းလှသည်။
ကူသို့က နောက်ဆုံးတွင် သုံးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့်မှ ငါးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန် ဖြစ်သွားလေပြီ။ သူ့ကျင့်ကြံဆင့်တို့က သိသိသာသာ တိုးတက်လာလေ၏။
“ သောမိတောဖော … ညီအစ်ကိုရှန်ကို ကျေးဇူးတင်ပါတယ်။ ကံကြမ္မာပြောင်းလဲပေးနိုင်တဲ့ ဆေးလုံးဆိုတဲ့အတိုင်း အာနိသင်က တကယ်ကို အံ့ဖွယ်ပဲ။ ဗုဒ္ဓအရှင်က သက်ညှာပေးတတ်ပါတယ်။ ဗုဒ္ဓအရှင်ရဲ့ ကာကွယ်မှုအောက် ရောက်ရှိပါစေ ”
ကူသို့၏ အမူအယာက တာအိုရရှိသွားသည့် ဘုန်းကြီးတစ်ပါးအလား အလေးအနက် ဖြစ်လာပြီး ဗုဒ္ဓအငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ သို့သော် သိပ်မကြာခင် သူက တောင့်ခံမထားနိုင်တော့ပေ။ သူ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားပြီး အော်ပြောလိုက်သည်
“ သောမိတောဖော … ကိုယ်တော် ကြာကြာအောင့်အီးမထားနိုင်တော့ဘူး။ အတင်းလုပ်ယူသရုပ်ဆောင်ရတဲ့ ခံစားချက်က သည်းမခံနိုင်စရာပဲ ”
ကူသို့က သူ့နဂိုပုံစံအတိုင်း ထုတ်ဖော်လာကာ ယခင်တည့်တိုးပုံစံ ပြန်ဖြစ်သွားသည်။
လူအုပ်ကြီး “ … ”
အားလုံးက အသားကျနေကြလေပြီ။ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကြား ပြောင်းလဲမှုအနည်းဆုံးသူမှာ ကူသို့သာ ဖြစ်၏။
ဤလူက ရိုးရိုးရှင်းရှင်း စိတ်ထားရှိသူ ဖြစ်သည်။ ယခင်က မိုးကြိုးလှိုင်း ဗုဒ္ဓအရှင်သာ သူ့ကျိုင်းဖြင့် ကူသို့နဖူးကို ရိုက်ကာ အတင်းအကျပ် ဗုဒ္ဓအရှင်ရာထူးအား မယူခိုင်းခဲ့လျှင် ဤလူ ဘယ်ဆီဘယ်ဝယ် ပြေးသွားမည်ကို မည်သူများ သိမည်နည်း။
ကူသို့က အလေးအနက် ပြုမူနေခြင်းမှာ ယခင်မိုးကြိုးလှိုင်း ဗုဒ္ဓအရှင်က သူ့အား ဖိအားပေးထားခဲ့၍ ဖြစ်သည်။ သို့သော် အခြားသော ရင်းနှီးသော မိတ်ဆွေများရှေ့တွင် သူ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတတ်သည်။
“ အခု ငါ့စွမ်းအား တိုးလာပြီဆိုတော့ ဘယ်သူကများ ငါနဲ့ လက်ရည်စမ်းချင်မလဲ သိချင်မိသား ”
ကူသို့က မျက်ခုံးပင့်ကာ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူ့တိုက်ခိုက်လိုစိတ်တို့ နှိုးကြွလာလေ၏။
သူ့ကျင့်ကြံဆင့် တိုးပွားသွားသည်နှင့်အမျှ သူ့စိတ်နှလုံးသားလည်း နေလို့ကောင်းလာသည်။
သူ့ကျင့်ကြံဆင့်က ငါးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်ကို ရောက်သွားရုံသာမက မဟာဝိဇ္ဇာခန္ဓာလည်း အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။
သူ့ခန္ဓာကိုယ်က ယခုအခါ ဖျက်စီးမရနိုင်သည့် အံ့ဖွယ်သတ္တုလိုမျိုး ဖြစ်သွားလေပြီ။
ခုနှစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်ပင် သူ့ကာကွယ်ရေးကို ချိုးဖောက်နိုင်ဖို့ ခက်ခဲပေမည်။ သူ့စွမ်းအားများစွာ တိုးလာပြီးနောက် ကူသို့က လက်ယားလာသလို ခံစားလာရပြီး တိုက်ခိုက်လာချင်သည်။
ထိုမြင်ကွင်းကြောင့် အားလုံးက ပြောစရာပင် ရှာမတွေ့တော့ချေ။
ဤကတုံးပြောင် ဘုန်းကြီး ဗုဒ္ဓအရှင် ဖြစ်လာပြီးကတည်းက သူ့အကျင့်စရိုက်က မပြောင်းလဲသွားသေးပေ။
………....
ထိုစဉ် ချန်ကျုံးထျန်းလည်း ပြောင်းလဲမှုဖြစ်လာပြီး သူ့ခန္ဓာကိုယ်မှ ကြယ်တာရာအလင်းများ ဖြာထွက်နေသည်။ အဆုံးမဲ့ ကြယ်တာရာအလင်းများ ဝေ့ပတ်နေပြီး အံ့ဖွယ်အလင်းများ ထုတ်လွှင့်နေသည့် ကြယ်တာရာများအသွင် ဖြစ်တည်လာသည်။
စုစုပေါင်း ကြယ်ခုနှစ်စင်း ရှိပြီး သူတို့အနားတွင် အလင်းရောင်က မျက်စိစူးမတတ် တောက်ပနေသည်။
သူတို့ကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး ခုနှစ်စဉ်ကြယ် ဖြစ်ပေါ်နေကာ ကျယ်ပြောလွန်းသည့် အငွေ့အသက်တို့ ထုတ်လွှင့်ပေးနေသည်။
ခုနှစ်စဉ်ကြယ် ထွန်းလင်းမှုအောက်တွင် ချန်ကျုံးထျန်းက သေမျိုးလောကဆီ ဆင်းသက်လာသည့် ကြယ်တာရာ နတ်ဘုရားတစ်ပါးအလား ဖြစ်နေသည်။
ထို့အပြင် သူက ကောင်းကင်ပြုပြင်ရေး ဆေးလုံး စွမ်းအားကို ဆက်ကာ သန့်စင်နေလေလေ သူ့အရှိန်အဝါတို့က ပို၍ အားကောင်းလာလေလေ ဖြစ်၏။ သူ့ဆီမှ ဝိညာဉ်ချီလှိုင်းများ ထွက်လာသကဲ့သို့ ဖြစ်နေသည်။
ဝုန်း …
မိုးခြိမ်းသံများ ထွက်ပေါ်လာကာ လျှပ်စီးများ ပြိုးပြိုးပျက်ပျက် ဖြစ်လာသည်။
ချန်ကျုံးထျန်း၏ မိုးကြိုးစမ်းသပ်ချက်က အားပြင်းပြင်းဖြင့် ကျဆင်းလာသည်။
“ တိုက် ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်ဆီ ပြေးဝင်သွားလိုက်သည်။
ဝုန်း ဝုန်း ဝုန်း …
ကောင်းကင်မှ တဂျိန်းဂျိန်းအသံများ ထွက်ပေါ်လာပြီး မိုးမြေကိုပင် တုန်ခါသွားစေသည်။ မိုးကြိုးလျှပ်စီးများကလည်း ပေါက်ကွဲထွက်လာ၏။
ခုနှစ်စဉ်ကြယ်၏ ကြယ်ခုနှစ်လုံးက ဝင့်ဝင့်စွားစွား တောက်ပနေကာ အဆုံးမဲ့ စည်းမျဉ်းတို့ကို အသက်သွင်းနေသည်။
နဂါးငွေ့တန်း ကျဆင်းလာသည့်အလား အမှောင်ထု မိုးကြိုးတိမ်တိုက်များကို ထိုးဖောက်ကာ အဆုံးမဲ့ ကြယ်အလင်းရောင်ကို ဆောင်ကျဉ်းပေးလာသည်။
မိုးကြိုးများ ထွက်ပေါ်လာကာ ကြယ်အလင်းရောင်လည်း တောက်ပလာပြီး အဆုံးမဲ့ မျက်စိစူးဖွယ် မြင်ကွင်းကို ဖန်တီးနေသည်။ အဆုံးသတ်၌ ချန်ကျုံးထျန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူ့ခန္ဓာကိုယ်ကို မိုးကြိုးများဖြင့် ဝန်းရံထားပြီး သူ့အသက်ရှုနှုန်းကလည်း အနည်းငယ် လေးလံနေသည်။
အားလုံးနှင့် ယှဉ်လိုက်လျှင် ချန်ကျုံးထျန်း၏ တိုက်ခိုက်ရည်နှင့် ပါရမီက အနည်းငယ် နိမ့်ကျနေသည်။
သို့သော်လည်း ကောင်းကင်ပြုပြင်ရေး ဆေးလုံး ထောက်ပံ့ပေးမှုကြောင့် သူက မိုးကြိုးစမ်းသပ်ချက် နှစ်ကြိမ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ သူ့ကျင့်ကြံဆင့်က တစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့်မှ သုံးကြိမ်မြောက်အဆင့်သို့ ရောက်ရှိသွားလေပြီ။
ထို့အပြင် ချန်ကျုံးထျန်း ခန္ဓာကိုယ်ထဲ ဆေးစွမ်းအားအမြောက်အများ ရှိနေဆဲ ဖြစ်ပြီး အပြည့်အဝ မစုပ်ယူရသေးပေ။ အပြည့်အဝ စုပ်ယူသန့်စင်ပြီးနောက် သူက ဝိဇ္ဇာအစစ်အမှန်အဆင့်အထိ တိုးတက်သွားနိုင်သည်။
ချန်ကျုံးထျန်း၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် ရဲတက်လာပြီး ရှန်ထျန်းအား ကျေးဇူးတင်လိုက်သည် “ အစ်ကိုရှန် ကျေးဇူးပါ ”
ယခုမှစ၍ သူက အဆင့်မြင့် လက်ရွေးစင် ကျင့်ကြံသူများကြားထဲမှ တစ်ယောက် ပြန်ဖြစ်လာလေပြီ။
သူက ချီရှောက်ရွမ်တို့လို အခြားလူများနှင့် မယှဉ်နိုင်သေးသော်လည်း သူက သိပ်အလှမ်းမဝေးတော့ပေ။ ထို့ကြောင့် ရှန်ထျန်းအပေါ် ချန်ကျုံးထျန်း၏ ကျေးဇူးတင်စကားတို့က အဆုံးမဲ့ စီးဆင်းလာသည့် မြစ်တစ်စင်းအလား ထွက်ပေါ်လာသည်။
.................
ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်ပြီး “အားလုံးက အဆင့်တက်သွားပြီဆိုတော့ ပြန်ကြတာပေါ့ ”
သူတို့က နယ်မြေငါးခု၏ ပါရမီရှင် ကျင့်ကြံသူများကို အောင်အောင်မြင်မြင် မကယ်တင်ရသေးသော်လည်း သူတို့က ငရဲကာကွယ်သူ ဘုရင်နှင့် အခြားသော အားကောင်းသည့် မိစ္ဆာဝိညာဉ်များကို သတ်ပစ်နိုင်ခဲ့သည်။ ဤနေရာတွင် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ပင် သေဆုံးသွားလေပြီ။
ပြောရလျှင် ပြန်ပေးဆွဲခံရသူများအတွက် လက်စားချေမှုအဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း အားလုံးက လုံလောက်သည်နှင့် ကွာဝေးနေသေးကြောင်း သိကြသည်။
ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များသည် အလွန်တရာ အားကောင်းကြပြီး အရေအတွက်လည်း များပြားသည်။ သူတို့က ဤထက် ပိုအားကောင်းကြသည်။
ငရဲကာကွယ်သူဘုရင်နှင့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို သတ်နိုင်လိုက်ခြင်းက မိစ္ဆာဝိညာဉ်မျိုးနွဘ်အတွက် ဆုံးရှုံးမှုကို အခိုက်အတန့်သာ ခံစားစေရမည် ဖြစ်ကာ သူတို့အုတ်မြစ်ကို မထိခိုက်စေပေ။
ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များ ကျူးကျော်မှုကို ရင်ဆိုင်ရန်အတွက် သူတို့က ဖြေရှင်းနည်းကို ရှာဖွေဖို့ လိုအပ်သည်။
အားလုံးက ခေါင်းညိတ်ကာ မေးလိုက်ကြသည် “ညီအစ်ကိုရှန် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်သွားမှာလား ”
ရှန်ထျန်းက ခေါင်းခါကာ “ အရင်ဆုံး ကျိရှားကျောင်းတော်ဆီ ပြန်ကြတာပေါ့ ”
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်မရောက်သည်မှာ နှစ် ၁၈၀ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူက အလျှင်မလိုပေ။ အထွတ်အမြတ်မြေတွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ကြာပြာတို့ ရှိနေသေးသည် မဟုတ်ပါလော။ စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့် လူအိုကြီးယဲ့၏ ဝိညာဉ်အကြွင်းအကျန်ဖြင့် မိစ္ဆာဝိညာဉ်များ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ကျူးကျော်ဝင်ရောက်ဖို့ စိတ်ပူစရာ မလိုပေ။
ထို့အပြင် သူက ကျိရှားကျောင်းတော်၌ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေး၏။
ယခင် ဟွမ်ရှစ်က သူ့အား ထာဝရမက်မွန်သီး ပေးကာ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်ခိုင်းခဲ့သည်။ သို့သော်လည်း ရှန်ထျန်းက ထိုစဉ်အချိန် အရေးတကြီး ကိစ္စပေါ်ပေါက်လာခဲ့ပြီး သူ့အား ဆေးလုံးပေးဖို့ အချိန်မရလိုက်ပေ။
ထို့နောက် သူက စစ်တုရင်ခုံကြောင့် နှစ် ၁၈၀ ကြာ တံခါးပိတ်လေ့ကျင့်ခဲ့ရသည်။ အချိန်အကြာကြီးဆွဲထားပြီးနောက် ဆက်လက် အချိန်ဆွဲ၍ မဖြစ်တော့ပေ။
ထို့ကြောင့် ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဟွမ်ရှစ်ဆီ တတ်နိုင်သမျှ မြန်မြန်ပို့ဖို့ တွေးထားသည်။
အထွတ်အထိပ် ဆေးလုံးက ဟွမ်ရှစ်လိုမျိုး ပညာရှင်အတွက်ပင် အကျိုးသက်ရောက်မှု ရှိလေသည်။ လက်ရှိအခြေအနေက နယ်မြေငါးခုအတွက် အလွန်တရာ ဆိုးရွားနေသည်။
နယ်မြေငါးခု၏ အားအကောင်းဆုံး တည်ရှိမှုတစ်ခုအနေနှင့် ဟွမ်ရှစ်၏ ကျင့်ကြံဆင့်သာ တိုးတက်သွားခဲ့လျှင် နယ်မြေငါးခုကို ပိုမို ကာကွယ်ပေးနိုင်လိမ့်မည်။
……………...
ရှန်ထျန်း စကားများကို ကြားလိုက်ကြသည့်အခါ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ပြန်ဖြေလိုက်ကြသည် “ အဲဆို ငါတို့လည်း ညီအစ်ကိုရှန်နဲ့အတူတူ လိုက်ခဲ့မယ်”
“ ဟုတ်တယ် … ငါတို့ ကျောင်းတော်ကို ပြန်မရောက်တာ တော်တော်ကြာနေပြီ ”
“ အရင်ဆုံး ငါတို့ သေချာလေး ဆုံကြတာပေါ့ ”
သူတို့က ကျိရှားကျောင်းသားများ ဖြစ်ကြသည်။ ကပ်ဘေးကြီးကြောင့် သူတို့အားလုံးက အထွတ်အမြတ်မြေအသီးသီးဆီ ကာကွယ်ဖို့ ပြန်သွားကြရသည်။ ဤသို့ဖြင့် သူတို့ ကျိရှားကျောင်းတော်ဆီ ပြန်မရောက်သည်မှာ ရာစုနှစ်တစ်ခုလောက် ဖြစ်နေလေပြီ။
ပြန်သွားကြည့်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်၏၊
ပို၍ အရေးကြီးသည်က သူတို့သည် ရှန်ထျန်းနောက်လိုက်လိုကြခြင်း ဖြစ်သည်။ ရှန်ထျန်းကို ကံကြမ္မာသားတော်ဟု အများက သတ်မှတ်ထားကြလေရာ သူ့နောက်ကို လိုက်သွားခြင်းက မမှားပေ။
ရှန်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်သည် “ကောင်းပြီလေ။ အတူတူ ပြန်ကြတာပေါ့ ”
အားလုံးက ပြင်ဆင်မှုတချို့ လုပ်ဆောင်ပြီးနောက် ကျိရှားကျောင်းတော်ဆီ သွားဖို့ ပြင်လိုက်ကြသည်။
……………….
မဟာလွင်ပြင်
ဤနယ်မြေသည် အလယ်ပိုင်းကုန်းမြေ၏ စီရင်စုကိုးခု၏ ခေါင် ဖြစ်ရုံသာမက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဌာနချုပ်လည်း ဖြစ်သည်။
ဤနေရာရှိ အခြေအနေများက နယ်မြေငါးခုရှိ အခြားသော နေရာများနှင့် ကွာခြားပေသည်။
ဘေးပတ်ဝန်းကျင်ကို သိပ်သည်းလွန်းသည့် မြူခိုးများဖြင့် ကာရံထားပြီး အသက်ဓာတ်ကြွယ်ဝနေသည်။ ဘေးပတ်လည်၌ ပုံမှန်မဟုတ်သည့် အရိပ်အယောင်မျိုး ရှိမနေပေ။
မဟာလွင်ပြင် နယ်မြေသည် နယ်မြေငါးခုအတွင်း မိစ္ဆာဝိညာဉ် မကျူးကျော်နိုင်သည့် နေရာအချို့ထဲမှ တစ်ခုဟု ဆိုရပေမည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းသည် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်နှင့် ရင်ဆိုင်ဖို့ သတ္တိလည်း မရှိသလို အင်အားလည်း မရှိပေ။
ရှန်ထျန်းနှင့် အခြားလူများက မဟာလွင်ပြင်၏ ကောင်းကင်သူတော်စင်မြို့ဆီ အလျှင်အမြန် ရောက်လာကြသည်။ ဤနေရာသည် စည်ကားကာ ငြိမ်းချမ်းလှသည်။ လူပင်လယ်ရှိနေပြီး လူစည်ကားလျက်ရှိ၏။
နယ်မြေငါးခု၏ ကျင့်ကြံသူများစွာက သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိသည်။
ကပ်ဘေးကြီး ရောက်ရှိလာမှုကြောင့် နယ်မြေအသီးသီးက စစ်သဘောထားကွဲလွဲသွားကြသည်။ နေ့တိုင်း သူတို့က ရင်တမမ နေနေရပြီး လေထုမှာလည်း ဖော်မပြတတ်လောက်အောင် လေးလံနေသည်။
ထို့ကြောင့် သူတို့ ကောင်းကင်သူတော်စင်မြို့ထဲ ဝင်လာသည့်အခါ အားလုံး၏ ခပ်တင်းတင်း မျက်နှာအမူအယာများက စိတ်သက်သာရာရသွားကြသည်။
ဝမ်ရှန်းယုက အကြံပြုလိုက်၏ “ ညီအစ်ကိုရှန် ငါတို့ ထုံကြွယ်မျှော်စံအိမ်ဆီ သွားရအောင်လား။ မင်း ဘေးကင်းကင်း ပြန်ရောက်လာတာကို ဂုဏ်ပြုကြတာပေါ့ ”
ထုံကြွယ်မျှော်စံအိမ်သည် အမှတ်တရများစွာ ပြည့်နှက်နေသည်။
သူတို့ကျိရှားကျောင်းတော် မဝင်ရောက်ခင် ပထမဆုံး စုစည်းခဲ့သည့် နေရာမှာလည်း ထုံကြွယ်မျှော်စံအိမ်တွင် ဖြစ်၏။ ဤနေရာက လွန်ခဲ့သော နှစ် ၁၈၀က အားလုံး၏ မှတ်ဉာဏ်များ ကိန်းအောင်းနေသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ထုံကြွယ်မျှော်စံအိမ်ဆီ တစ်ခေါက် ပြန်သွားကြည့်ချင်မိသည်။ သူတို့က ကောင်းကင်သူတော်စင်မြို့ဆီ ရောက်လာပြီ ဖြစ်၍ ဟွမ်ရှစ်ကို ရှာဖို့ အလျှင်မလိုပေ။
နှစ် ၁၈၀ ကြာ တံခါးပိတ်ကျင့်သုံးနေခဲ့ပြီးနောက် ရှန်ထျန်းက ပြင်ပလောက၏ အပြောင်းအလဲများကို မြင်တွေ့ချင်မိသည်။
………….....
သူတို့က ထုံကြွယ်မျှော်စံအိမ်ဆီ အတူတူ သွားလိုက်ကြသည်။
အားလုံးက လျှောက်လာရင်း ယခင် ဤနေရာတွင် ဖြစ်ခဲ့သည့် အတိတ်အကြောင်းများနှင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များနှင့် ရင်ဆိုင်ခဲ့သည့်အကြောင်း ပြန်လည်ပြောကာ ရယ်ရယ်မောမော ဝင်လာကြသည်။
“ မင်းတို့ သိလား။ ငါတို့ ဒီကို ရောက်လာခါစက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်ရာချီနဲ့ တိုက်ခိုက်ခဲ့ရတာလေ။ အားလုံးက သူတို့အထွတ်အမြတ်မြေအသီးသီးက သူတော်စင်ဟောင်းတွေချည်းပဲ ”
“ ဟားဟား ငါတို့အားလုံး ကျောင်းသားသစ်တွေဆိုပေမဲ့ စီနီယာတွေကို ဘောင်းဘီကျွတ်လာအောင်အထိ ရိုက်ခဲ့ကြတာလေ ”
ကူသို့က ယခင်အကြောင်းများ ပြန်ပြောရင်း စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။
ထိုစဉ် ဝမ်ရှန်းယုက ခေါင်းကုတ်ကာ ပြောလိုက်သည် “ကတုံး … အဲကိစ္စက မင်းနဲ့ မဆိုင်ဘူးလားလို့။ ငါ မှတ်မိသလောက် မင်းလည်း ပြိုင်ခဲ့တယ်လေ။ မင်း ခေါင်း ဖုထလာတဲ့အထိ အရိုက်ခံခဲ့ရတာလေ ”
ဝမ်ရှန်းယုက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များနှင့် တိုက်ပွဲအတွင်း အဆုံးအရှုံးများကို အသေအချာ မှတ်မိနေဆဲ ဖြစ်သည်။ သူလည်း ရှုံးနိမ့်ကာ အရှက်ကွဲခဲ့ရသည်။
ဝမ်ရှန်းယုက ကူသို့အား နားမလည်စွာ ကြည့်လိုက်သည်။
ဘာလဲ။ ဒီကတုံးက ဒီလိုရှက်စရာကောင်းတာကို ဘာလို့ ထုတ်ပြောနေရတာလဲ ….
ကူသို့ “ … ”
“ အဟွတ်ဟွတ် ဒကာလေး ဒီကိုယ်တော်က ဒကာလေးပြောနေတဲ့အကြောင်းကို မသိပါဘူး။ ဒါပေမဲ့ ဘာလို့များ ဒီကိုယ်တော်ကို လာအသေရေဖျက်နေရတာလဲ။ ကိုယ်တော်နဲ့ လက်ရည်စမ်းချင်နေတာလား။ အဲလိုပဲ ဖြစ်ရမယ် … ဒီလိုဆိုမှတော့ တစ်ပွဲတစ်လမ်းလောက် နွဲကြတာပေါ့”
ကူသို့က ဝမ်ရှန်းယုကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း မရပ်မနား ပြောလိုက်သည်။
ဝမ်ရှန်းယု၏ မျက်နှာက မည်းမှောင်လာသည်။
သေစမ်း မင်းက ငါ့ကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲ သိတယ်။ ငါ နှစ်ရာချီ သက်တမ်း ပြန်ရလာတာနဲ့ မင်းကို သတ်ပစ်မယ် … မြည်းကတုံး
………....
ဝမ်ရှန်းယုက ကျယ်ကျယ် ပြောမထွက်ပေ။ သူသာ ပြောလိုက်လျှင် အရိုက်ခံရလောက်သည်။
သူ့လက်ရှိအခြေအနေဖြင့် သူ ဘယ်သူကိုမှ မရိုက်နိုင်ပေ။
ဤမြင်ကွင်းကို မြင်ကာ အားလုံးက ခေါင်းတယမ်းယမ်းဖြင့် ရယ်လိုက်ကြသည်။
အခြားလူများက အတိတ်မှ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆွေးနွေးပြောဆိုနေကြပြီး လေထုကို သဟဇာတဖြစ်အောင် လုပ်ပေးနေသည်။
သူတို့ ပြုမူပုံများက ငယ်ရွယ်စဉ်အခါ စွန့်စားခရီးအတူထွက်ခဲ့ကြသော လူငယ်လေးများကြားမှ ညီအစ်ကိုဆက်ဆံရေးကို ပြန်လည် အမှတ်ရစေသည်။ သို့သော်လည်း နှစ် ၁၈၀ ကြာမြင့်ပြီးနောက် ကိစ္စများစွာ ပြောင်းလဲသွားခဲ့သည်။
တချို့လူများနှင့် တချို့အရာများက ဤကမ္ဘာကြီးထဲမှ အပြီးတိုင် ပျောက်ကွယ်သွားလေပြီ။
ထိုအရာကို တွေးမိပြီး အားလုံးက သက်ပြင်းချလိုက်ကြသည်။
တစ်ဖက်တွင် ရှန်ထျန်းက နှစ် ၁၈၀ ကြာ တံခါးပိတ်ကျင့်သုံးခဲ့ရသည့်အတွက် များများစားစား မခံစားမိပေ။ ထို့အပြင် ဟွမ်ထျန်း စစ်တုရင်ခုံထဲတွင် ရှန်ထျန်းက ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး သူ့စိတ်က လက်တွေ့လောကနှင့် ဝေးကွာသွားခဲ့သည်။
အချိန်များက ကုန်လွန်သွားလေပြီ။
နှစ် ၁၈၀ က သူ့အတွက် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ရသည်။ ထို့ကြောင့် ရှန်ထျန်းက ငယ်ရွယ်နေဆဲ ဖြစ်ကာ အခြားလူများလောက် စိတ်ခံစားချက် မပြင်းထန်ပေ။
“ ဟုတ်ပြီ ဟုတ်ပြီ။ အထဲဝင်ပြီး ထိုင်ကြစို့။ ဒီနေ့တော့ ညီလေးရှန် ပြန်ရောက်လာတာကို ဂုဏ်ပြုကြမယ် ”
ဖန်ချန်းက အကြံပြုလိုက်ပြီး ရွှေဇာမဏီအခန်းထဲ ဝင်ဖို့ ပြင်လိုက်သည်။
………....
ဘန်း ဘန်း ဘန်း …
ထိုစဉ် အောက်ထပ်မှ ရုတ်ရုတ်သည်းသည်း ဖြစ်လာသည်။
ဆူညံသံများ ထွက်ပေါ်လာပြီး တာအိုစည်းမျဉ်းများ သယ်ဆောင်လာကာ မိုးမြေအား တုန်ခါသွားစေသည်။
“ဘာဖြစ်နေတာလဲ ”
အားလုံးက သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ ထုံကြွယ်မျှော်စံအိမ်အောက်တွင် ပြိုင်ပွဲကွင်းကြီးတစ်ခု ပေါ်လာသည်။ ထိုပြိုင်ပွဲကွင်း စင်မြင့်က စည်းမျဉ်းများဖြင့် ဖုံးလွှမ်းထားပြီး အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။ ဤသည်မှာ ထိပ်တန်း အဆင့်မြင့် ပညာရှင်များ ဖန်တီးထားခြင်း ဖြစ်ပြီး ဝိဇ္ဇာအဆင့်အောက် မည်သူမှ မချိုးဖောက်နိုင်ပေ။
စင်မြင့်အထက်တွင် ပါရမီရှင်လူငယ်လေး တစ်စုက တစ်ယောက်နှင့် တစ်ယောက် လက်ရည်စမ်းနေကြသည်။
ယခုလေးတင် ထွက်ပေါ်လာသည့် အသံတို့က ပြိုင်ပွဲကွင်း စင်မြင့်အထက်မှ ဖြစ်သည်။
ရှန်ထျန်းက ထိုအရာကို မြင်လိုက်သည့်အခါ ပြုံးလိုက်မိသည် “ ထုံကြွယ်မျှော်စံအိမ်အတွင်း ဘယ်လိုလုပ် ပြိုင်ပွဲစင်မြင့် ရှိနေတာလဲ ”
လွန်ခဲ့သော နှစ် ၁၈၀ က ထိုသို့အရာမျိုး မရှိခဲ့ဖူးပေ။
ချီရှောက်ရွမ်က ပြုံးလိုက်ပြီး “ ညီအစ်ကိုရှန် ငါတို့တွေ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေနဲ့ မိတ်ဆွဖြစ်လာပြီးတော့ လှလှပပ အမွေအနှစ်တစ်ခု ချန်ထားခဲ့တယ်လေ။ နောက်ပိုင်းကျ ရှီလင်း၊ ရှီကွေ့နဲ့ အခြားလူတွေက ဒီထုံကြွယ်မျှော်စံအိမ်ထဲ ပြိုင်ပွဲစင်မြင့်လုပ်ဖို့ အကြံပေးလာကြတာ … ကျိရှားကျောင်းတော် တပည့်ရွေးချယ်ပွဲမတိုင်ခင်တိုင်း ပါရမီရှင်တွေက ဒီကိုလာပြီး လက်ရည်စမ်းကြတယ်လေ …
အခု အောက်က ပါရမီရှင်တွေက အခုမျိုးဆက်ရဲ့ ကျောင်းသားအသစ်တွေပဲ ”
ရှန်ထျန်းက အံ့ဩသွားလေသည် “ ကျိရှားကျောင်းတော်က နှစ်တစ်ရာနေမှ တပည့်လက်ခံတာ မဟုတ်ဘူးလား။ အချိန်အရဆိုရင် နှစ် ၂၀ လောက် လိုသေးလားလို့ ”
ကျန်းယွင်ထင်က ရှင်းပြလိုက်သည် “ မိစ္ဆာဝိညာဉ်တွေ ကျူးကျော်လာပြီးတဲ့နောက် တပည့်လက်ခံတဲ့အချိန်ကို နှစ် တစ်ရာကနေ နှစ်သုံးဆယ်ကို ပြောင်းလိုက်တာလေ။ အထွတ်အမြတ်မြေအသီးသီးအတွက် တပည့်လက်ခံတဲ့အချိန်လည်း တိုသွားပြီ။ တတ်နိုင်သမျှ ပညာရှင်တွေ ပေါ်ထွက်လာပြီး မိစ္ဆာဝိညာဉ်တွေကို ခုခံနိုင်ဖို့ အတွက်ပဲ …
အဲဒါကြောင့် အရင်မျိုးဆက်ရဲ့ ပါရမီရှင်တွေက အရင့်ရင့်မျိုးဆက်တွေထက် အလျှင်အမြန် ကြီးထွားလာကြတာ ”
ကျန်းယွင်ထင်က ခါးသီးစွာ ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။ သူက စိတ်ခံစားချက် ပြင်းထန်နေသည်။
…………...
ကံကောင်းတာက ငါတို့ ညီလေးရှန်ရဲ့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးအကူအညီကို မြန်မြန် ရလိုက်ပြီး ကျင့်ကြံဆင့် မြန်မြန် တိုးတက်လာကြတာ …
ငါသာ နောက်ကျမွေးရင် ပါရမီရှင်လို့တောင် ယူဆလို့ရမှာ မဟုတ်တော့ဘူး … အခု ဒီကလေးတွေက အရင်တစ်ခေါက်ထက် ပိုပြီး ပုံမှန်မဟုတ်ကြဘူး