ကောင်းကင်နှင့်မြေကြီး ရွေ့လျားခြင်း၊ ကြယ်စက်လုံး၏ အသွင်ပြောင်းမှု
Vol. 1 Ch. 294
"ဘာ ... စုလောရွှယ်က ထွက်မသွားဘူး၊ သူမက စုတိဝမ်နဲ့အတူ သေဖို့ လုပ်နေတယ် ... အဲဒီအရူးမ"
မကြာမီတွင် ချမ်ဝမ်ကွမ်သည် သတင်း ရရှိခဲ့သည်။ ချမ်ဝမ်ကွမ်သည် ဤရက်များအတွင်း ရှားနိုင်ငံမှ သတင်းများကို အာရုံစိုက် နေခဲ့သည်။ သူသည် ရှားနိုင်ငံရှိ ကုန်သည် အစည်းအရုံး အဖွဲ့ဝင်များ ရွှေ့ပြောင်းနိုင်ရန် စီစဉ်နေရရာ ထိုသတင်းအား လျင်မြန်စွာ ရရှိခဲ့သည်။
ရှားနိုင်ငံသည် ပျောက်ကွယ်သွားရန် ကံပါနေသည်။ ထိုအကြောင်းအား ချမ်ဝမ်ကွမ် သေချာ သိနေလေသည်။ စုတိဝမ်လည်း သေရပေလိမ့်မည်။ သို့မှသာ သာမန်ပြည်သူများ၏ ဒေါသများ ပြေငြိမ်းသွားမည် ဖြစ်ပြီး နောင်မျိုးဆက်များ အတွက် သတိ ပေးပြီးသားလည်း ဖြစ်သွားလိမ့်မည်။
စုတိဝမ်သည် မင်းသား၊ မင်းသမီးများအတွက် ထွက်ပြေးရန် လမ်းကြောင်း စီစဉ်ပေးလိမ့်မည်ဟု ချမ်ဝမ်ကွမ် ခန့်မှန်းပြီးသား ဖြစ်သည်။ အင်အားကြီး ဂိုဏ်းတိုင်းသည် အမြစ်ပြတ် သုတ်သင်ခံရမည့် ဘေးမှကာကွယ်ရန် ထွက်ပြေးရန် လမ်းကြောင်းများ ကြိုတင်ပြင်ဆင် ထားတတ်ကြသည်။ စုလောရွှယ် ကျန်ခဲ့လိမ့်မည်ဟု သူမ ထင်ထားမိရုံသာ။
ကျန်းရီသည် ထိုမိန်းကလေးအား မည်မျှ ချစ်ခင်မြတ်နိုးကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။ စုလောရွှယ်သာ ထွက်ခွာသွားလျှင် အနာဂတ်တွင် သူတို့အတူတူ ရှိနိုင်ရန် အခွင့်အရေးပင် ရလာနိုင်လေသည်။ ယခုမူ မည်သူမှ သူမကို မကယ်နိုင်တော့ပေ။ ရှားယွိမြို့တွင် သူမကျန်ခဲ့လျှင် သေရမည်မှာ ကျိန်းသေသည်။
"ငါအစ်ကိုကြီးကို အကြောင်းကြားသင့်လား"
ချမ်ဝမ်ကွမ်သည် တွေဝေနေခဲ့သည်။ ကျန်းရီကို ဤကိစ္စကြီးအကြောင်း အသိမပေးလျှင် ကျန်းရီသည် နောင်တွင် သေချာပေါက် ဒေါသထွက်၍ သူတို့ ညီအစ်ကို သံယောဇဉ်လေးကိုပင် ဖြတ်တောက် သွားနိုင်သည်။ သူ ကျန်းရီအား အကြောင်းကြားလျှင်လည်း ကျန်းရီ၏ စိတ်နေစိတ်ထားနှင့် ဆိုလျှင် ရှားယွိမြို့ဆီ တစ်ယောက်တည်း ချက်ချင်း ပြေးလာလောက်သည်။
မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခုကို တစ်ဦးတည်း ဆန့်ကျင်ခြင်း ... ကျန်းရီ မဆိုထားနှင့် စုဖျင်ဖျင်း အသက် ရှိသေးလျှင်တောင် သူတို့ကို ဆန့်ကျင်နိုင်မည် မဟုတ်ချေ။ ကျန်းရီကိုသာ ပြောလိုက်မိလျှင် ကျန်းရီ အန္တရာယ် ရှိလာနိုင်သည်။
"ငါဘာလုပ်ရမလဲ"
ချမ်ဝမ်ကွမ်သည် ခေါင်းပင် ကိုက်လာခဲ့သည်။ နောက်ဆုံးတွင် ချမ်ဝမ်ကွမ်သည် အကြံကောင်းတစ်ခု ထွက်လာလေ၏။ ကျူးကော့ချမ်ယွမ်အား သွားရှာရန်ဖြစ်သည်။
ကျူးကော့ချမ်ယွမ်က ပြောပြရန် သင့်တော်သည်ဟု ယူဆလျှင် သူချက်ချင်း အကြောင်း ကြားလိုက်မည်။ ကျူးကော့ချမ်ယွမ်က မသင့်တော်ဟု ဆိုလာလျှင်လည်း သူရှင်းပြရန် အကြောင်းပြချက် ရသွားပြီဖြစ်သည်။
ချမ်ဝမ်ကွမ်သည် ဆရာတစ်ယောက်ကို ရှာ၍ ကျူးကော့ချမ်ယွမ်အား အကြောင်းကြားခိုင်းလိုက်သည်။ ကျူးကော့ချမ်ယွမ်သည် သူနှင့် တွေ့ဆုံရန် သဘောတူ လိုက်လေသည်။ ချမ်ဝမ်ကွမ်သည် သူလာရသော အကြောင်းအရင်းကို ရှင်းပြလိုက်ရာ ကျူးကော့ချမ်ယွမ်သည် စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းယမ်း၍ ပြန်ဖြေလိုက်သည်။
"ဒီကိစ္စကို ကျန်းရီဆီ ပြောပြလို့ မဖြစ်ဘူး၊ သူက အပေါ်ယံမှာ တည်ငြိမ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းက စိတ်လိုက်မာန်ပါ လုပ်တတ်တယ် ... ဒီအခြေအနေကို ပြောင်းလဲဖို့ နည်းလမ်းမရှိဘူး၊ သူဝင်ပါလိုက်ရင် နယ်မြေရဲ့ ဘုံရန်သူ ဖြစ်လာပြီး နိုင်ငံငါးခုက လူတွေသတ်တာ ခံရနိုင်တယ် ... အခွင့်အရေးရရင် မင်းတို့ချမ်ဂိုဏ်းရဲ့ အဆက်အသွယ်တွေကို သုံးပြီး စုလောရွှယ်ကို ကယ်ပေးလိုက်ပါ"
"ကောင်းပြီ ... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားကြည့်လိုက်ပါ့မယ်"
ချမ်ဝမ်ကွမ်သည် သက်ပြင်း အသာချ၍ စီစဉ်စရာ ရှိသည်တို့ စီစဉ်ရန် ထွက်လာခဲ့လိုက်သည်။ သူ့တွင် ယုံကြည်ချက်တော့ သိပ်မရှိပါချေ။ ထိုသည်မှာ ကယ်ဆယ်ရေး လုပ်ဆောင်ရန် သူလူမလွှတ်နိုင်၍ မဟုတ်ဘဲ စုလောရွှယ်၏ ခေါင်းမာလှသော စိတ်နေစိတ်ထားကြောင့် ဖြစ်သည်။ သူမသာ စုတိဝမ်၊ ရှားနိုင်ငံနှင့်အတူ ပျောက်ကွယ်သွားရန် ဆန္ဒရှိနေပါက သူမည်သို့ ကယ်ရမည်နည်း။
ရလဒ်သည် ချမ်ဝမ်ကွမ်၏ ခန့်မှန်းချက်များ မှန်ကန်နေကြောင်း သက်သေပြ လာခဲ့သည်။
ချမ်ဝမ်ကွမ်သည် သူမအား ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ပို့ပေးနိုင်ကြောင်း စကားနှင့်အတူ စုလောရွှယ်အား ဆက်သွယ်ရန် လူတစ်ယောက် စေလွှတ်ခဲ့သည်။ စုလောရွှယ်သည် ချက်ချင်း ငြင်းဆိုလိုက်ပြီး ရှားနိုင်ငံ ပျက်စီးသွား၍ စုတိဝမ်လည်း သေဆုံးသွားပါလျှင် သူမတစ်ဦးတည်း အသက်မရှင် ချင်ပါဟု ပြန်ပြောလာခဲ့သည်။
အချိန်သည် စီးဆင်းနေသော ရေကဲ့သို့ လျင်မြန်စွာ ကုန်လွန်လာခဲ့သည်။
ရှားနိုင်ငံ၏ ပြည်သူပြည်သားများမှာ ပိုမိုကြောက်လန့် လာကြပြီး ထွက်ပြေးကြသူများ ပိုမိုများပြား လာခဲ့သည်။ နိုင်ငံ အသီးသီးသည် ထိုသူတို့အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်။ သာမန် ပြည်သူဖြစ်စေ၊ သိုင်းသမားများ ဖြစ်စေ၊ စစ်သည်များ ဖြစ်စေ အားလုံးအား ခြွင်းချက်မရှိ လက်ခံကြသည်။
ကျင်းရှန်နိုင်ငံမှ တပ်စွဲပြီးသည်နှင့် ရှန်ဝူနိုင်ငံက တောင်ဘက်ပိုင်းတွင် စစ်သည်များ စတင်စုစည်းသည်။ ရှန်မိ နိုင်ငံသည်လည်း မြောက်ဘက်အရပ်တွင် စစ်သည်သုံးသိန်းအား နေရာချ လာလေသည်။ မြောက်ဘက်မန့် နိုင်ငံနှင့် လျန်နိုင်ငံတို့ ကလည်း တပ်စွဲပြီး သွားကြလေပြီ။ လူတိုင်းသည် တစ်လပြည့်မည့် အချိန်နှင့် မိုးပြာနဂါး အင်ပါယာ အင်ပါယာမှ အမိန့်ပေးလာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် အင်ပါယာမှ လာသောစစ်တပ်နှင့် ပူးပေါင်းကာ ရှားနိုင်ငံကို အတူတကွ တိုက်ခိုက်ကြမည် ဖြစ်သည်။
ရှားနိုင်ငံသည် မည်သည့် ဖြေရှင်းချက်မှ ပေးမလာတော့ဘဲ နောက်ထပ်ကြေညာချက် တစ်ခုကိုသာ ထုတ်ပြန်ခဲ့သည်။ ရှားနိုင်ငံသည် လက်နက်ချမည် မဟုတ်ဘဲ နောက်ဆုံး စစ်သည်တော်၏ အသက် ကြွေလွင့်သွားသည် အထိ တိုက်ခိုက်ရန် ဆန္ဒရှိသည် ဟူ၍ ဖြစ်သည်။ စုတိဝမ်သည်လည်း သူရှားယွိမြို့မှ ထွက်သွားမည် မဟုတ်ဘဲ ရှားနိုင်ငံရှိလျှင် သူရှိမည်၊ ရှားနိုင်ငံ ပျက်စီးလျှင် သူပါသေဆုံးမည်ဟု ဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် စုတိဝမ်သည် ရှန်ဝူနိုင်ငံနှင့် ကတိကဝတ် ပြုခဲ့သော မဟာမိတ် လက်ထပ်ပွဲအား ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ရှန်ဝူနိုင်ငံသည် ရှားနိုင်ငံအား တိုက်ခိုက်တော့မည် ဖြစ်ရာ စုတိဝမ်သည် သူ့သမီးအား မခံစား စေချင်တော့ပေ။
ရက်နှစ်ဆယ် အတွင်း ရှားနိုင်ငံ၏ လူဦးရေမှာ ထက်ဝက်ခန့် လျော့ကျသွားပြီး စစ်သည်သုံးပုံ တစ်ပုံကျော် ထွက်ပြေးကြမှုကြောင့် စစ်တပ်အင်အားလည်း လျော့နည်းလာခဲ့သည်။ ကျန်ရစ်ခဲ့သူများမှာ ရှားနိုင်ငံနှင့်အတူ သေဆုံးကြရန် ပြင်ဆင်ထားကြသော ရှားနိုင်ငံ၏ သစ္စာအရှိဆုံး အဖွဲ့အစည်းများ ဖြစ်ကြသည်။
သတ်မှတ်ချိန် တစ်လမှာ ပိုမိုနီးကပ် လာခဲ့ပြီး နယ်မြေ၏ လေထုမှာ ပိုမိုလေးလံ လာခဲ့သည်။ မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခုမှ စစ်တပ်များ စေလွှတ်ပြီးကြပြီ ဖြစ်သည်။
နယ်မြေ၏ အင်အား ချိန်ခွင်လျှာသည် နှစ်ပေါင်း တစ်သောင်းကျော် မပြောင်းမလဲ ရှိခဲ့သည်။ ယခုမူ စစ်ပွဲ၏ အငွေ့အသက်များ တလူလူ ထွက်ပေါ် နေခဲ့လေပြီ။ အဆုံးသတ်တွင် နယ်မြေကြီး မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။
***
တောင်စဉ်သုံးထောင်၊ နတ်သမီးတောင်ထွတ် ...
ပြင်ပလောကသည် ဇောက်ထိုးမိုးမျှော် ဖြစ်နေသော်လည်း ကျန်းရီမှာမူ နတ်ဆိုးဧကရီ၏ နန်းတော်အတွင်း နေထိုင်ရင်း အေးအေးဆေးဆေး ဖြစ်နေလေသည်။ ကျူးကော့ချမ်ယွမ်သည် သူ့အား ဘာမှ မပြောလေရာ သူဘာမှကို မသိချေ။ သူသည် မြေခွေးလေးနှင့် ရှောင်နူအား နေ့စဉ် အဖော်ပြုပေးချိန်မှ တစ်ပါး ကျန်အချိန်များတွင် ကျင့်ကြံ၍သာ နေသည်။
မြေခွေးလေးနှင့် ကျန်းရှောင်နူ နှစ်ယောက်လုံးသည် စိတ်ထား ဖြူစင်ကြရာ အလွန်အမင်း ပနံသင့် နေတော့သည်။ ကျန်းရှောင်နူသည် မြေခွေးလေးအား တစ်နေ့လုံး အဖော်ပြုပေးပြီး ပျော်အောင်ထားရာ ကျန်းရီမှာ ကျင့်ကြံချိန် ပိုရလေသည်။
နတ်ဆိုးဧကရီ၏ ကောင်းကင်မျှော်စင်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ အလွန်သိပ်သည်း နေပြီး ကျန်းရီ၏ မီးဝိညာဉ် ပုလဲထဲတွင် မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ အလျှံအပယ် ရှိလေသည်။ ၎င်းအား အနက်ရောင် အတွင်းအား၏ အစွမ်းနှင့် ပေါင်းစပ်လိုက်သော် ကျန်းရီ၏ ကျင့်ကြံနှုန်းမှာ အလွန်အမင်း မြန်ဆန်နေတော့သည်။ သူအပြင်မှ ပြန်လာပြီး တစ်လခန့် ကြာနေပြီဖြစ်ရာ သူ့ဒန်တျန်းထဲရှိ ပထမကြယ်မှာ ပြည့်ရန် အနည်းငယ်သာ လိုတော့သည်။
"နောက်ငါးရက်နေရင် ပထမကြယ်မှာ အနက်ရောင် အတွင်းအားတွေ ပြည့်ပြီ၊ ပြီးရင် ဘာဆက်ဖြစ်လာမလဲ မသိဘူး၊ ခရမ်းရောင်နန်းတော် ဖွဲ့စည်းတုန်းကလို နောက်ထပ် ပြောင်းလဲမှုတွေ ရှိလာမလားမသိဘူး"
ကျန်းရီသည် အလွန်စိတ် လှုပ်ရှားနေခဲ့သည်။ သူသည် ကျင့်ကြံရာမှ ထွက်လာပြီးသည်နှင့် တစ်နေ့လုံး အနားယူ၍ မြေခွေးလေးအား အချိန်ပေးသည်။ ထို့နောက်သူသည် ငါးရက်တိတိ တံခါးပိတ် ကျင့်ကြံမည်ဖြစ်ကြောင်း၊ ကောင်းကင်ကြီး ပြိုကျလျှင်တောင် သူ့အား လာမနှောင့်ယှက်ကြရန် မှာကြားလိုက်သည်။
မြေခွေးလေးနှင့် ကျန်းရှောင်နူ နှစ်ယောက်လုံးသည် နားလည်ကြဟန် ခေါင်းညိတ်လာကြသည်။ ကျန်းရီသည် ကောင်းကင်မျှော်စင်ထံ တက်သွားလိုက်ပြီး ဝင်ပေါက်အား ပိတ်လိုက်သည်။ သူသည် ကျူးကော့ချမ်ယွမ်၏ သတင်းပို့ ကျောက်စိမ်းပြားကိုတောင် ဖယ်ရှားထား၍ ကျင့်ကြံခြင်း တွင်သာ အပြည့်အဝ အာရုံစိုက် ထားခဲ့သည်။
ပတ်ဝန်းကျင်မှ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ကျန်းရီထံတွင် စုစည်းလာကြပြီး သူ့ဒန်တျန်းတွင်းရှိ ကြယ်စက်လုံးထဲတွင် အတွင်းအားများ တိုးပွားလာခဲ့သည်။ လေးရက်မြောက် နေ့တွင် အတွင်းအား အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ ကြယ်စက်လုံးသည် မည်သို့မှ ပြောင်းလဲ မလာသေးပေ။ ကျန်းရီသည် အံကြိတ်၍ ဆက်လက် ကျင့်ကြံသည်။ ဘာဖြစ်လာတော့မည်ကို သူအလွန် သိချင်နေလေပြီ။
ငါးရက်မြောက်နေ့တွင် ကြယ်စက်လုံးသည် အနက်ရောင် အတွင်းအားများ ဆက်လက် ထုတ်ပေးနေသည်။ သို့သော် ကြယ်စက်လုံးမှာ မဆန့်တော့ပေ။ နောက်ဆုံးတွင် ထိုကြယ်စက်လုံးမှာ ရေထိုးခံရသော ပူပေါင်းအလား တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။ ၎င်းပေါက်ကွဲ သွားတော့မည်လား ဆိုသည်ကို မသိနိုင်ပေ။
ကြယ်စက်လုံး ပေါက်ကွဲ သွားတော့မည်ဟု ခံစားနေရသော်လည်း ကျန်းရီသည် အံကြိတ်၍ ဆက်လက် ကျင့်ကြံသည်။ အနက်ရောင် ကြယ်စက်လုံးသည် အချိန်မရွေး ပေါက်ကွဲ သွားနိုင်သည့်အလား ဆက်လက်ကြီးထွား လာနေခဲ့ပြီး အနက်ရောင် အတွင်းအားများမှာ ဆက်တိုက်တိုးထွက် လာနေသည်။
ကျန်းရီသည် သူရပ်တန့်လိုက်မိလျှင် တစ်သက်လုံး ဤကျင့်ကြံဆင့် တွင်သာ ရပ်နေမည် ဖြစ်သောကြောင့် ဆက်ကျင့်ကြံ နေခဲ့သည်။ ကျန်းရီ၏ နှလုံးမှာ ထွက်ကျသွားမတတ် တဒိန်းဒိန်း ခုန်လာခဲ့သည်။ အနက်ရောင် အတွင်းအားများမှာ လွန်စွာ များပြားနေပြီး ပေါက်ကွဲသွားလျှင် သူ့ကိုယ်ပါ တစ်စစီ ဖြစ်သွားနိုင်လေသည်။
"အမ် ... အနက်ရောင် အတွင်းအားတွေ ထွက်တဲ့နှုန်းက နှေးသွားသလိုပဲ"
အနက်ရောင် အတွင်းအားများ ထွက်လာနှုန်းသည် နှေးကွေးလာသည်ကို သူမြင်သည့်အခါ အံ့အားသင့် သွားခဲ့သည်။ သို့သော် သူသည် အားတင်း၍ ဆက်ကျင့်ကြံသည်။
ခြောက်နာရီ ကြာပြီးနောက် ...
ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ အနက်ရောင် အတွင်းအားများ ဆက်ထွက်မလာတော့ချေ။ ကြယ်စက်လုံးသည် မူလ အရွယ်အစားထက် သုံးဆခန့် ကြီးမားနေပြီး အချိန်မရွေး ပေါက်သွားတော့မည့် အလားပင်။
ထိုအချိန်တွင် အထူးအဆန်း တစ်ခု ဖြစ်လာခဲ့သည်။ ဒန်တျန်းထဲမှ ကြယ်စက်လုံး ကိုးခုသည် တစ်ပြိုင်နက်တည်း လင်းလက်လာခဲ့ပြီး ကျန်ကြယ်စက်လုံး ရှစ်ခုထဲမှ အနက်ရောင် အတွင်းအားများသည် ပြင်းပြင်းထန်ထန် တိုးထွက်လာကြကာ ပထမကြယ်ထံ အတင်း တိုးဝင်သွားကြသည်။ ပထမကြယ်သည် ပိုမိုဖောင်းကား လာခဲ့ပြီး နောက်ဆုံးတွင် အမှန်တကယ် ပေါက်ကွဲသွားခဲ့သည်။
"ဝှစ်"
နတ်သမီးတောင်ထွတ် အထက်မှ လေများ၊ တိမ်များသည် တစ်ပြိုင်နက်တည်း ရွေ့လျားလာကြသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် နတ်သမီး တောင်ထွတ်တွင် စုဝေးလာကြပြီး ကောင်းကင်အထက် မိုင်သိန်းသန်း ပေါင်းများစွာ ကွာဝေးသောနေရာမှ ကြယ်တစ်လုံးသည် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ကြယ်ထံမှ ရဲရဲနီနေသော အနီရောင် အလင်းတန်းသည် ရှားနိုင်ငံ ဟွာယွင်တောင်မှ အချိန်တုန်း ကလိုပင် ဆင်းသက်လာခဲ့သည်။ ထိုကောင်းကင် အလင်းတန်းသည် ကောင်းကင်မျှော်စင် အတွင်း ရှိနေသော ကျန်းရီ၏ ကိုယ်အတွင်း ဝင်ရောက်ပျောက်ကွယ် သွားခဲ့သည်။
ထိုခဏတွင် ကျန်းရီ၏ ပထမကြယ်မှာ ရုတ်တရက် ပုံစံပြောင်းလဲ လာခဲ့သည်။
၎င်းသည် မူလက အနက်ရောင် မွဲခြောက်ခြောက် ဖြစ်နေသော်လည်း ယခုမူ နေမင်းပမာ အနီရောင် အလင်းစူးစူးများ ဖြာထွက်နေလေသည်။ ထိုကြယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါ ပြင်းထန်လှသည့် အလင်းတန်းတို့ကြောင့် ကျန်းရီသည် ပါးစပ် အဟောင်းသားနှင့် တုန်လှုပ် သွားရလေသည်။
***