အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ အဖေတစ်ယောက် ဖြစ်လာခြင်း
Vol. 32 Ch. 470
အခန်း (၄၇၀) : အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ အဖေတစ်ယောက် ဖြစ်လာခြင်း
ရှန်ထျန်းက နယ်မြေငါးခုအတွင်း ပါရမီရှင်မြောက်များစွာ ပေါ်ထွက်လာသည့်အတွက် ဝမ်းသာကျေနပ်နေမိသည်။ သူတို့ပါရမီအရ ကြီးထွားလာဖို့ သိပ်ကြာမည် မဟုတ်ပေ။
ထိုစဉ် သူတို့က နယ်မြေငါးခုကို အကျိုးပြုလာနိုင်ပြီး မိစ္ဆာဝိညာဉ်များကို ခုခံနိုင်ကြလိမ့်မည်။ သို့သော်လည်း ယခုအချိန် ရှန်ထျန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေမိသည်။
သူက အလွန်ရင်းနှီးပြီး သွေးဆက်နေသည့် အငွေ့အသက်ကို ရုတ်ချည်း ခံစားလိုက်ရသည်။
“ ဒီအငွေ့အသက်က … ”
ရှန်ထျန်း၏ အကြည့်တို့ ရွေ့လျားသွားပြီး ဘေးပတ်လည် လိုက်ကြည့်လိုက်သည်။ ထို့နောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီ ကျရောက်သွားသည်။ ဤကောင်လေး၏ သွေးမျိုးဆက် အငွေ့အသက်က သူနှင့် အလွန်ရင်းနှီးနေကြောင်း ခံစားမိနေသည်။ ကြည့်ရသည်မှာ အရင်းအမြစ်တစ်ခုတည်းက ဖြစ်ပေါ်လာပုံပေါက်၏။
ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာကာ မေးလိုက်သည် “ အစ်ကို ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နာမည်က ဘာလဲ”
ကျန်းယွင်ထင်က ပြုံးလိုက်ကာ “ဒီသူတော်စင်က ညီလေးနဲ့ အတော်လေး ရင်းနှီးမှာပေါ့။ အတိအကျပြောရရင် ဒီကောင်လေးက ညီလေးရဲ့ တူလေးပဲ ”
ရှန်ထျန်းက နည်းနည်း ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
ဘယ်နေရာက တူလေး ရောက်လာတာလဲ …
သို့သော် နှစ် ၁၈၀ ကြာမြင့်သွားပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူ့ညီအစ်ကိုများက အိမ်ထောင်ရက်သားကျ၍ ကလေးများ ရလောက်လေပြီ။ မီးတိုင်းပြည်၏ ၁၃ ယောက်မြောက် မင်းသားအနေနှင့် ရှန်ထျန်းတွင် အစ်ကို ၁၂ ယောက် ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ဘယ်တော်ဝင်ညီအစ်ကို၏ သွေးသားမှန်း မသိသေးပေ။ ထိုသူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကိုပင် ဝင်ရောက်နေပြီး သူတော်စင် ဖြစ်နေသေးသည်။
ကျန်းယွင်ထင်က ရှင်းပြလိုက်သည် “ ဒီမျိုးဆက်ရဲ့ သူတော်စင်က ရှန်ယိုထျန်းတဲ့ … ညီလေးရှန်အောင်းရဲ့ သားအရင်းပဲ ”
ရှန်ထျန်းက စိတ်အေးသွားလေသည်။ သူ့အစ်ကိုတော် ၁၂ ယောက်အနက် ရှန်အောင်းတစ်ယောက်တည်းသာ မြင့်မားသည့် ကျင့်ကြံရေးပါရမီ ပါရှိသည်။ ထို့အပြင် ရှန်ထျန်းက ရှန်အောင်းအား ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး လက်ဆောင်ပေးခဲ့သေး၏။
ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အသွင်ပြောင်းလဲမှုကို ဖြတ်ကျော်ပြီး ရှန်အောင်း၏ ရုပ်ခန္ဓာနှင့် ပါရမီတို့က သိသိသာသာ ပြောင်းလဲသွားသည်။
ရလဒ်အနေနှင့် သူ့သားက ဆေးစွမ်းအားတချို့ကို စုပ်ယူခဲ့သောကြောင့် သူ့ပါရမီထူးကဲနေခြင်း ဖြစ်သည်။
ကျန်းယွင်ထင်က ပြုံးလိုက်ပြီး “ရှန်ယိုထျန်း မွေးဖွားလာတုန်းက ရှန်အောင်းတစ်ယောက် နာမည်မှည့်ပေးဖို့ အများကြီး အားထုတ်ခဲ့ရတာ။ နောက်ဆုံးကျ ညီလေးရှန် ဘေးကင်းကင်း ပြန်ရောက်လာအောင်ဆိုပြီး သူ့ကို ရှန်ယိုထျန်းလို့ ပေးလိုက်တာပဲ ”
ယိုထျန်း ယိုထျန်း … ဒီနာမည်နောက်ကွယ်က အဓိပ္ပါယ်က ကောင်းကင်ဘုံဖြစ်သည့် ထျန်းအတွက် မျှော်လင့်ချက် ဖြစ်ပြီး ရှန်ထျန်းကို ကောင်းချီးပေးဖို့ ရည်ရွယ်ထားသည်။
ရှန်အောင်းက ရှန်ထျန်း ပျောက်ကွယ်သွားမှုကြောင့် အင်မတန် စိုးရိမ်နေပြီး ဘေးကင်းကင်း ပြန်ရောက်လာဖို့အတွက် မျှော်လင့်ထားလေသည်။ ဤသို့ဖြင့် သူ့သားနာမည် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ရှန်ထျန်းက အံ့ဩမိသွားကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အဲဒါဆို ဒီကောင်လေးက အစ်ကို(၆)ရဲ့ သားကိုး …
သူ ဦးလေးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကများ ထင်မိမှာလဲ … ကိစ္စတွေက အတူတူဆိုပေမဲ့ လူတွေက ပြောင်းလဲကုန်ပြီ
အစ်ကို(၆) ငါ့အပေါ် အမြဲတွေးပြီး ဒီလောက်ဂရုစိုက်လိမ့်မယ်လို့ မထင်ထားမိဘူး … တကယ်ကို နွေးထွေးစရာပဲ
..................
ကျန်းယွင်ထင်က ပြုံးလိုက်ပြီး “ ရှန်ယိုထျန်းက အရမ်းပါရမီထူးတယ်။ သူ့ဆီမှာ အံ့ဖွယ်သန့်စင်ခန္ဓာ ပိုင်ဆိုင်ထားပြီးတော့ ပါရမီကလည်း ထိပ်တန်းပဲ။ သူ့တိုက်ခိုက်စွမ်းကလည်း ပြိုင်ဖက်ကင်းတယ်။ သူ့ကျင့်ကြံဆင့်က အရမ်းမြန်ပြီးတော့ ကြောက်ခမန်းလိလိ တိုးတက်နေတယ်လို့တောင် ပြောလို့ရတယ်။
ယိုထျန်းက မင်းအပြင် ပါရမီအကောင်းဆုံးလူလို့တောင် ပြောလို့ရတယ် ”
ကျန်းယွင်ထင်က စိတ်သက်သာရာရနေမိသည်။ ရှန်ယိုထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လက်ရှိ သူတော်စင် မဟုတ်ပါလော။
သူ့ပါရမီက ပိုအားကောင်းလာလေလေ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ပိုကောင်းလေလေ ဖြစ်၏။
ရှန်ထျန်းက အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
သူက သူ့တူ ဖြစ်နေမှတော့ နှုတ်ဆက်သင့်ပေသည်။ သူက လက်ဆန့်ထုတ်ကာ အနှိုင်းမဲ့စွမ်းအားဖြင့် ရှန်ယိုထျန်းအား ဆွဲခေါ်လိုက်၏။
မမြင်ရသည့် လက်တစ်ခု လေဟာနယ်ထဲ ဖြစ်တည်လာကာ ရှန်ယိုထျန်းအား ထုံကြွယ်မျှော်စံအိမ် ဒုတိယအထပ်ဆီ ဆွဲခေါ်သွားသည်။
ရှန်ယိုထျန်းက ကြောင်အမ်းသွားလေ၏။ သူက နဂို လူအုပ်ကြီး၏ လက်ခုပ်ဩဘာခံယူနေဆဲ ဖြစ်ကာ အင်အားတစ်ခုက သူ့အား ဆွဲခေါ်သွားခြင်း ဖြစ်သည်။ သူ မတုံ့ပြန်နိုင်ခင် ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်၏။
ရှန်ယိုထျန်းက ရေရွတ်လိုက်ရင်း ရုန်းကန်လိုက်သည်။
“ ဘာတွေဖြစ်နေတာလဲ။ စုန်းမအိုကြီးတချို့ကများ ဒီသူတော်စင်ရဲ့ ပြိုင်ဖက်ကင်း ရုပ်ရည်ကို မျက်စိကျပြီးတော့ လာခေါ်တာလား။ မဖြစ်ဘူး မဖြစ်ဘူး … ငါက တကယ်ကြီး အဲလောက်တောင် ကံမကောင်းဘူးလား။ ဒီသူတော်စင်က ငယ်ရွယ်သေးတယ်။ အဲလိုကိစ္စမျိုး လုံးဝ မလုပ်နိုင်ဘူး …
အိုး … သူမက ရုပ်ရည်ကြည့်ကောင်းရင်တော့ ထည့်စဉ်းစားပေးပါ့မယ်လေ ”
“...”
ထိုအရာကိုမြင်ပြီး အားလုံး၏ မျက်နှာများက မည်းမှောင်လာကြသည်။
ဒီကလေးက ဘာတွေတွေးနေတာတုန်း … အဓိပ္ပါယ်မရှိတာတွေ
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူက ရှန်ယိုထျန်းတွင် ထိုသို့အတွေးမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကြည့်ရသည်မှာ ဒီကလေးက တစ်ယောက်ယောက်ကြောင့် လမ်းကြောင်းလွဲသွားပုံပေါ်၏။
ရှန်ထျန်းက ဘေးပတ်လည်ကြည့်လိုက်ပြီးနောက် သူ့အကြည့်တို့က စူးရှလာသည်။ သူက ထိုကလေးကို မည်သူလမ်းလွဲအောင် လုပ်လိုက်လဲ သိချင်မိ၏။
ဒီကောင်လေးက ကလေးပဲ ရှိသေးတာလေ …
ဝမ်ရှန်းယုက တိတ်တဆိတ် နောက်လှည့်ကာ ခေါင်းကို ဘေးလှည့်ထားလိုက်သည်။ ထို့နောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည် “ ငါ့ကို မမြင်ရဘူး။ မမြင်ရဘူး ”
................
ထားလိုက်တော့ ဒီကောင်လေးက ငါ့တူ ဖြစ်နေတုန်းလေ … ဒီကောင်လေး လမ်းမှားသွားရင် ငါ ပြန်တည့်မတ်ပေးရမှာပေါ့
ထိုအတွေးဖြင့် ရှန်ထျန်းတစ်ယောက် ရှန်ယိုထျန်းဆီ လျှောက်လှမ်းလာသည်။
ရှန်ယိုထျန်းက စိတ်နှင့်ကိုယ်နှင့် မကပ်သေးပေ။ သူက ကျန်းယွင်ထင်နှင့် အခြားလူများကို မြင်လိုက်သည့်အခါ သက်ပြင်းသာချလိုက်မိသည်။
“ အကြီးအကဲယွင်ထင် ဒီလိုလုပ်စရာ မလိုပါဘူးဗျာ။ ကျွန်တော်ကို လှမ်းခေါ်လိုက်ရောပေါ့။ အခု ရင်တုန်ပန်းတုန်တောင် ဖြစ်သွားတယ် ”
ရှန်ယိုထျန်းက လေပေါနေဆဲ ဖြစ်သော်လည်း သူ့ရှေ့ ရှန်ထျန်းကို ရုတ်ချည်း မြင်လိုက်ရသည့်အခါ နေရာမှာတင် အေးခဲသွားလေသည်။
“ ခင်ဗျား … ”
ရှန်ယိုထျန်း၏ အကြည့်တို့က မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာသည်။
ရှန်ထျန်းက ပြုံးလိုက်ပြီး ကြင်ကြင်နာနာ ပြောလိုက်သည် “ ကောင်လေး ငါက မင်းရဲ့ ဦးလေး(၁၃)ပါ ”
ဝုန်း …
ရှန်ယိုထျန်း စိတ်ထဲ လှိုင်းလုံးများစွာ ပေါ်ထွက်လာပြီး အတွေးများ ရုတ်ချည်း ပြောင်းလဲသွားသည်။
စိတ်ရှုပ်ထွေးမှု၊ အံ့အားသင့်မှု၊ တည်ငြိမ်မှု၊ အံ့ဩမှု၊ တုန်လှုပ်မှု …
ရှန်ယိုထျန်း၏ အမူအယာက အလျှင်အမြန် ပြောင်းလဲသွားသည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်လှုပ်လာပြီး စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာသည် “ ဦလေး … တကယ်ကို ဦးလေး(၁၃)ကိုး။ ဦးလေး(၁၃) တစ်ယောက်ပဲ ကျွန်တော့်ထက် ရုပ်ချောမှာ”
ရှန်ထျန်း “ … ”
အားလုံး “ … ”
မင်းက ကိုယ့်ဘာသာ မြောက်လွန်းနေပြီ … ဒီလိုကိစ္စတွေကို ပြောဖို့ ဘယ်လောက်တောင် အရည်ထူနေတာတုန်း
ညီအစ်ကိုရှန်က မင်းထက် ရုပ်ချောမှန်း ပြောရင် ထားတော့ … အဲအကြောင်း ဘာမှသံသယဖြစ်နေစရာ မလိုဘူး။ မင်းမပြောရင်တောင် ငါတို့အားလုံး သိပြီးသားပဲ …
ဒါပေမဲ့ ညီအစ်ကိုရှန်အပြင် မင်းလောက်ချောတာ ဘယ်သူမှ မရှိတော့ဘူးတဲ့လား … လာပြောင်နေတာလား
ငါ ဝမ်ရှန်းယုက ပထမဆုံး လက်မခံနိုင်ဘူး …
ငါ ကူသို့က ဒုတိယ …
ငါ ယွဲ့ယူသဲ့က တတိယ …
လေးယောက်မြောက်၊ ငါးယောက်မြောက် …
အဆုံးသတ်၌ အားလုံးက လက်လျော့လိုက်ကြသည်။
ရုပ်ရည်အရ သူတို့အားလုံး ရှန်ယိုထျန်းထက် အနည်းငယ် ပိုဆိုးနေသည်မှာ အမှန် ဖြစ်နေသည်။
ရှန်ယိုထျန်း၏ ရုပ်ခန္ဓာက ကောင်းကင်ပြုပြင်ရေး ဆေးလုံး အာနိသင်ဖြင့် သန့်စင်ခြင်းခံရသည့် အံ့ဖွယ်သန့်စင် ခန္ဓာဖြစ်နေလေသည်။ ဤသို့သော အံ့ဖွယ်ခန္ဓာမျိုးက မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်ပြီး အပြစ်အနာအဆာကင်းကင်း မွေးဖွားလာစေသည်။
အံ့ဖွယ်သန့်စင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ရှန်ယိုထျန်းက အံ့ဖွယ်အလင်းများ ဖုံးလွှမ်းထားသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်။ ထိုအရာက သာမန်လူများထက် သာလွန်နေပြီး ကြည်လင်တောက်ပနေသည်။ သူ့သွင်ပြင်က တကယ်ကို ထိပ်တန်း ဖြစ်၏။ သူက သူ့သွင်ပြင်တစ်ခုတည်းဖြင့် မြောက်များစွာသော မိန်းမပျိုများကို ဆွဲဆောင်ထားနိုင်သည်။
သူ မည်သူနှင့် ရပ်နေမည့်ပေါ် မူတည်လေသည်။ အကယ်၍ ရုပ်ချောချော အမျိုးသားက ရုပ်ဆိုးဆိုးအုပ်စုကြား ရပ်နေလျှင် ထိုရုပ်ချောချော အမျိုးသားက ဆွဲဆောင်မှုရှိနေသည်မှာ ပုံမှန်သာ ဖြစ်၏။
သို့သော်လည်း လူတစ်ယောက်က မည်မျှရုပ်ချောစေကာမူ သူတို့အားလုံး ရှန်ထျန်းနား ရပ်လိုက်လျှင် မှေးမှိန်သွားရသည်။
ရှန်ယိုထျန်းက ထိုအရာကို ကောင်းကောင်း သိထား၏။
ရှန်ထျန်းကို မြင်ပြီးနောက် ရှန်ယိုထျန်းအနေနှင့် သူ့ဦးလေး(၁၃) မှန်း တန်းသိလိုက်သည်။
ရှန်ထျန်းတစ်ယောက်တည်းသာ ပြိုင်ဖက်ကင်း ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူ့ဦးလေး(၁၃) တစ်ယောက်တည်းသာ ဤမျှသူရဲကောင်းပီသပေလိမ့်မည်။
ရှန်ယိုထျန်း၏ အကြည့်တို့က စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာကာ “ ဦးလေး(၁၃) … နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ ဦးလေးက ကျွန်တော့်အတွက် စံပြပဲ။ ဦးလေးရဲ့ အကြောင်းတွေကို နားထောင်ပြီး ကြီးပျင်းခဲ့ရတာ … ”
ရှန်ထျန်း၏ နာမည်က နယ်မြေငါးခုလုံး ပျံ့နှံ့နေပြီ ဖြစ်ရာ နှစ်များစွာ ကြာမြင့်ပြီးနောက် ဒဏ္ဍာရီများစွာ ဖြစ်လာခဲ့သည်။
ယခုအချိန်အထိ မည်သူမှ ရှန်ထျန်း၏ အောင်မြင်မှုများကို လိုက်မမီကြသေးပေ။
သူတို့က ပကတိအားဖြင့် ရရှိလာသော တုနှိုင်းမဲ့ အကျိုးပြုမှုများ ဖြစ်ရာ မည်သူမှ လိုက်မမီနိုင်ပေ။
ရှန်အောင်း၏ သားအနေနှင့် ရှန်ယိုထျန်းသည် ငယ်စဉ်ကတည်းက ရှန်ထျန်း၏ သူရဲကောင်းဆန်ဆန် အကျိုးပြုမှုများအကြောင်း ကြားထားလေသည်။
သူ့ဖခင် ရှန်အောင်းပင် ရှန်ထျန်း၏ အင်အားအကြောင်း ခဏတိုင်း တမ်းချင်းတလေ့ရှိသည်။ ရှန်ထျန်းက သူအလေးစားရဆုံး ညီလေး(၁၃) ဖြစ်၏။
ထိုစဉ်ကတည်းက ရှန်ယိုထျန်းသည် တစ်ခါမှ မတွေ့ဖူးသည့် သူ့ဦးလေး(၁၃)အကြောင်း သိချင်စိတ် ပြင်းပြလာခဲ့ရသည်။ သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်ရောက်ပြီးနောက်မှ ရှန်ထျန်းသည် ကောလဟာလများထက် ပိုအားကောင်းကြောင်း သဘောပေါက်လာခဲ့၏။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တိုးတက်လာမှုသည် အားလုံး ရှန်ထျန်း ကျေးဇူးကြောင့် ဖြစ်ပြီး သူက အထွတ်အမြတ်မြေအား အမြင့်ဆွဲခေါ်ပေးခဲ့သူ ဖြစ်သည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် တပည့်များ၏ နတ်ဘုရားသဖွယ် မှတ်ယူခံထားရသူ ဖြစ်ပြီး သူတို့စိတ်နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ ထို့ကြောင့် ရှန်ယိုထျန်းက ရှန်ထျန်း၏ ခြေရာကို နင်းကာ လွန်ခဲ့သော နှစ် ၁၈၀ ခန့်ကကဲ့သို့ ပြိုင်ဖက်ကင်း လမ်းကြောင်းကို လျှောက်လှမ်းဖို့ ရည်ရွယ်ထားသည်။
သူက အမှန်တကယ်လည်း လုပ်ဆောင်နိုင်ခဲ့သည်။
ရှန်ယိုထျန်းက ရှန်ထျန်းလိုမျိုး လူထူးဆန်း မဟုတ်သော်လည်း တူညီစွာဖြင့် သူ့သက်တူရွယ်တူများအတွင်း ပြိုင်ဖက်ကင်းပြီး အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်လာခဲ့သည်။
ယခု သူ့စံပြက သူ့ရှေ့ပေါ်ထွက်လာပြီဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ရှန်ထျန်းက အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။ ဒီကောင်လေးက အနည်းငယ် ထူးဆန်းသော်လည်း ခယလွန်းခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။ သူက သဘောကျစရာကောင်းလှ၏။
“ ယိုထျန်း ဒါက ငါတို့ ပထမဆုံးတွေ့တာဆိုတော့ ဦးလေးက မင်းကို နှုတ်ဆက်လက်ဆောင်ပေးမယ်”
ရှန်ထျန်းက လက်ဝေ့လိုက်သည့်အခါ အထွတ်အထိပ် ရတနာနှစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
အလင်းရောင်စုံ ရစ်ပတ်နေပြီး မျက်စိစူးမတတ် တောက်ပနေကာ စွမ်းအားကြီးအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။
ထို့နောက် အံ့ဖွယ်အလင်းများ တောက်ပနေသည့် အသုံးအဆောင်ပစ္စည်းနှစ်ခုက ရှန်ယိုထျန်းရှေ့မှောက် ပေါ်လာသည်။
တစ်ခုက လုံယွမ်အံ့ဖွယ်ချပ်ဝတ် ဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် သူ့ကို ပေးထားခဲ့သည့် ကာကွယ်ရေး အသုံးအဆောင်တစ်ခု ဖြစ်သည်။
ယခု လက်ရှိ သူတော်စင် ဖြစ်သည့် ရှန်ယိုထျန်းကို ပေးဖို့ လုံးဝ သင့်တော်ပေသည်။ အခြားတစ်ခုက ခရမ်းစိမ်း ဓားနှစ်လက် ဖြစ်၏။ ဤသည်မှာ တိုက်ခိုက်စွမ်း အားကောင်းသည့် လက်နက်တစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်း ပြိုင်ဖက်ကင်း ဓားဝိဇ္ဇာကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။
ရှန်ယိုထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ဝင်ရောက်ခဲ့သော်လည်း ရှန်အောင်းနှင့်အတူ ဓားပညာရပ်များကို ကျင့်ကြံနေဆဲ ဖြစ်၏။
သူ့ခန္ဓာကိုယ်မှ ဓားချီများ ထွက်ပေါ်နေမှုအရ ဤကောင်လေး၏ ဓားတာအို ကျင့်ကြံရေးသည်လည်း အားမနည်းကြောင်း သိသာလှသည်။
ရလဒ်အနေနှင့် ရှန်ထျန်းက သူ့အား နှစ်မွှာဓားကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
ခရမ်းစိမ်း ဓားနှစ်လက်နှင့် လုံယွမ်ချပ်ဝတ်တို့က ဝိဇ္ဇာအဆင့် အသုံးအဆောင်များ ဖြစ်ကြသည်။ သူတို့ကို အတူတကွ အသုံးပြုလိုက်သည့်အခါ စွမ်းအားတို့က အံ့မခန်း ဖြစ်လာပေမည်။
သူ့အင်အား တိုးလာသည်နှင့် ဝိဇ္ဇာအသုံးအဆောင်တို့က ရှန်ထျန်းအတွက် များစွာ အသုံးမဝင်တော့ပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အနေနှင့် ရှန်ယိုထျန်းက သူ့ကိုယ်တိုင် သေချာဝတ်ဆင်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ သူ့အဆင့်အတန်းနှင့် ကိုက်ညီလိမ့်မည်။
သူက သူ့တူလေး မဟုတ်ပါလော။ သူ့ကို သေချာဂရုစိုက်ပေးရမည်။
………...
“ဦးလေး(၁၃) ကို ကျေးဇူးတင်ပါတယ် ”
ရှန်ယိုထျန်းက ပျော်ရွှင်နေကာ မြန်မြန်ဆန်ဆန် ကျေးဇူးတင်လိုက်သည်။ သူက အတော်လေး စိတ်လှုပ်ရှားနေမိ၏။
ထိုအရာများက ဝိဇ္ဇာအဆင့် အသုံးအဆောင်များ ဖြစ်ကြသည်။ သူတို့က ဦးလေး(၁၃)၏ နာမည်ကျော် ရတနာများ ဖြစ်ပေသည်။
သူ့အဖေပင် ဤသို့အဖိုးတန် ရတနာများကို မထုတ်ပြနိုင်ပေ။
ဦးလေး(၁၃) ဆိုတဲ့အတိုင်း ရက်ရောလိုက်တာ … ငါ တကယ်ကို ကံကောင်းတာပဲ
…………....
ရှန်ထျန်းက အလေးအနက် ပြောလိုက်သည် “ယိုထျန်း .. မင်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဂုဏ်ပုဒ်တစ်ခု ဖြစ်ရုံသာမက တာဝန်ယူမှုတစ်ခုလည်း ဖြစ်သည်။
ရှန်ယိုထျန်းက ခေါင်းညိတ်ကာ ခိုင်ခိုင်မာမာ ပြောလိုက်သည် “ ယိုထျန်း သိပါတယ်။ ကျွန်တော် အံ့ဖွယ်မိုးကောင်း အထွတ်အမြတ်မြေကို သေတဲ့အထိ ကာကွယ်ပေးသွားပါ့မယ် ”
ရှန်ထျန်းက အပြုံးလေးဖြင့် ခေါင်းအသာညိတ်လိုက်သည်။ သူက ရှန်ယိုထျန်းဆီတွင် သူ့ပုံရိပ်သူ ပြန်မြင်နေရသလို ခံစားနေရသည်။
…………...
ထိုစဉ် နောက်ထပ် ပုံရိပ်ကိုးခုလည်း ထွက်ပေါ်လာသည်။ သူတို့အားလုံးက လူငယ်မျိုးဆက် ဖြစ်ကြပြီး ၂၀ ဝန်းကျင်သာ ရှိကြသေးသည်။ သူတို့အရှိန်အဝါများက အင်မတန် အားကောင်းလှ၏။
ထိုလူများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပင်မတပည့် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က အခြားသော ပါရမီရှင်ကိုးယောက် ဖြစ်ပေသည်။
သူတို့က ရှန်ထျန်းကို မြင်သည်နှင့် အလျှင်အမြန် ဒူးထောက်ကာ လေးလေးစားစား ပြောလိုက်ကြသည် “ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
ရှန်ထျန်းတစ်ယောက် ကြောင်အမ်းသွားလေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လား … ဆရာ ဒီရောက်နေတာလား
ရှန်ထျန်းက ဘေးပတ်လည် လိုက်ကြည့်လိုက်သော်လည်း ကျန်းလုံယွမ်ကို မမြင်မိပေ။
ကျန်းယွင်ထင်က ပြုံးကာ ရှင်းပြလိုက်သည် “ညီလေးရှန် ပြန်လာတဲ့နေ့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ် ဖြစ်လာတဲ့နေ့ပဲဆိုပြီးတော့ အဖေက လွန်ခဲ့တဲ့ နှစ် ၈၀ ကတည်းက ကြေညာထားတာလေ။”
ရှန်ထျန်းက ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။ သူ့ဆရာက သူ့အား ငြင်းဆန်ဖို့ အခွင့်အရေးပင် မပေးချေ။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက ငြင်းဆန်ဖို့ ရည်ရွယ်ချက် မရှိပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အဟောင်းတစ်ယောက်အနေနှင့် သူက အထွတ်အမြတ်မြေအပေါ် ခံစားချက်ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် အားလုံးက လိုလိုလားလား တောင်းဆိုနေကြလေရာ သူ့အနေနှင့် မငြင်းပယ်နိုင်ပေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရာထူးကို ရယူခြင်းဖြင့် အကျိုးမမဲ့ပေ။ ထို့အစား သူ့အတွက် အကျိုးများစွာ ရှိပေသည်။
ဂိုဏ်းချုပ်တစ်ယောက်၏ အနေအထားက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။ အထွတ်အမြတ်မြေအများစု၏ အရင်းအမြစ်များကို သူ့စွမ်းအား တိုးတက်လာဖို့အတွက် ထောက်ပံ့ပေးကြလိမ့်မည်။
နှစ်ဖက်လုံးက တစ်ယောက်တည်းလိုမျိုး ဂုဏ်သိက္ခာနှင့် အရှက်ရခြင်းတို့ကို မျှဝေယူထားခြင်း ဖြစ်၏။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ အသာကွေးညွှတ်သွားကာ “ အားလုံး ထကြပါ ”
သူ့လက်တစ်ချက်အဝေ့တွင် ညင်သာသည့် စွမ်းအားတစ်ခုပေါ်လာကာ ပါရမီရှင်ကိုးယောက်လုံးကို ထစေလိုက်သည်။
ရှန်ထျန်းက နောက်ထပ် ဝိဇ္ဇာလက်နက် ကိုးခုကို ထုတ်ကာ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်များအား ပေးလိုက်သည် “ မင်းတို့ကိုလည်း လက်ဆောင်ပေးမယ်။ မင်းတို့အားလုံး ကျင့်ကြံရေးကို အာရုံစိုက်ထားပြီးတော့ အထွတ်အမြတ်မြေကို အကျိုးပြုနိုင်ဖို့ မျှော်လင့်တယ် ”
ထိုလူများက အံ့ဖွယ်မိုးကောင်းကင် တပည့်များ ဖြစ်ပြီး ပါရမီအထူးဆုံး လက်ရွေးစင်များ ဖြစ်ကြသည်။
ရှန်ထျန်းက သူတို့အပေါ် ကပ်စေးနှဲမနေပေ။ အဓိကမှာ သူ့ရတနာတိုက်ထဲရှိ ဝိဇ္ဇာလက်နက်များသည် တောင်းများနှင့်ပင် ရေတွက်လို့ရနေ၍ ဖြစ်သည်။ သူတို့က အများကြီးရှိနေသော်လည်း အများကြီး အသုံးမဝင်ပေ။
သူ့အနေနှင့် ကိုးခုလုံး တစ်ခါတည်း ထုတ်ပေးလိုက်လျှင်ပင် မျက်နှာတစ်ချက် မပျက်ပေ။
သူတို့အားလုံးကို အံ့ဖွယ်မိုးကောင်းကင် တပည့်များ တိုးတက်လာဖို့ အသုံးပြုနိုင်သည့်အတွက် ဒီအတိုင်း ထုတ်ပေးလိုက်ရသည့်ထက် ခံစားချက် ပိုကောင်းနေသည်။
အံ့ဖွယ်မိုးကောင်းကင် တပည့်များက ဝိဇ္ဇာအသုံးအဆောင်များကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်ခံလိုက်ကြသည်။ သူတို့က ကျေးဇူးတင်စကားဆိုလိုက်ကြသည် “ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ”
ဝိဇ္ဇာလက်နက်များသည် ရှန်ထျန်းအတွက် ဘာမှမဟုတ်သော်လည်း လူငယ်မျိုးဆက်အတွက် အထွတ်အထိပ် ရတနာများ ဖြစ်ပေသည်။
အထွတ်အမြတ်မြေတချို့သာ ဝိဇ္ဇာလက်နက်များကို သူတို့ဂျုနီယာများဆီ ပေးနိုင်လိမ့်မည်။
အဓိကအချက်မှာ ဝိဇ္ဇာအသုံးအဆောင်များသည် အလွန်အဖိုးတန်လွန်း၍ ဖြစ်သည်။ အထွတ်အမြတ်မြေများပင် သာမန်ကာလျှံကာ ပေးမပစ်နိုင်ကြပေ။ ဒုတိယအချက်အနေနှင့် ဂျုနီယာများ၏ လက်ရှိစွမ်းအားအရ သူတို့က ဝိဇ္ဇာလက်နက်များ၏ စွမ်းအားကို အကုန်ထုတ်သုံးနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ရှန်ထျန်းက ဂရုမစိုက်ဘဲ ဝိဇ္ဇာအသုံးအဆောင်များကို ပေးပစ်နေသည်။
သူတို့က ဝိဇ္ဇာအသုံးအဆောင်များကို အားအပြည့် ထုတ်မသုံးနိုင်ကြသေးသော်လည်း အနည်းဆုံးတော့ အသက်ကယ် အသုံးအဆောင်တစ်ခု ရှိထားပေမည်။ သူတို့က သူ့ကလေးများ ဖြစ်သည့်အတွက် သူတို့ကို အလိုလိုက်ပေးရမည်။
ရှန်ထျန်းက ဂရုမစိုက်သော်လည်း အခြားလူများက ဂရုမစိုက်ကြောင်း မဆိုလိုပေ။
ဝိဇ္ဇာလက်နက်များ ရလိုက်ကြသော အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်ကိုးယောက်က စိတ်လှုပ်ရှားနေကြသည်။ ရှန်ထျန်းအပေါ် သူတို့၏ လေးစားမှုမှာ အဆက်မပြတ် စီးဆင်းနေသည့် မြစ်တစ်စင်းအလား တိုးပွားလာသည်။
ထိုမြင်ကွင်းကို မြင်ပြီး အခြားသော ပါရမီရှင်များက အံ့အားသင့်ကုန်ကြသည်။ သူတို့အကြည့်များ၌ အားကျမနာလိုဖြစ်မှုများဖြင့် တောက်လောင်နေသည်။
ဘယ်အထွတ်အမြတ်မြေရဲ့ ဂိုဏ်းချုပ်ကများ ဒီလောက် ရက်ရောမှာလဲ …
သူတို့ တွေ့တွေ့ချင်း ဝိဇ္ဇာလက်နက်ကို လက်ဆောင်ပေးတာတဲ့လား …
တစ်ခု၊ နှစ်ခု ပေးခြင်း မဟုတ်ဘဲ ဆယ်ခုကျော် ပေးလိုက်သေးသည်။
အံ့ဖွယ်မိုးကောင်းကင် လက်ရှိဂိုဏ်းချုပ်က အမှန်တကယ် လွှမ်းမိုးနိုင်လွန်းသည်။ အံ့ဖွယ်မိုးကောင်းကင် တပည့်များက ဤသို့သော ဂိုဏ်းချုပ်မျိုး ရှိထားသည့်အတွက် ကံကောင်းလွန်းလှသည်။
…………....
ထိုစဉ် နောက်ထပ် ပုံရိပ်တစ်ခုက အံ့ဖွယ်သက်တံဖြင့် ရောက်ရှိလာသည်။ ထိုအခိုက်အတန့် လေပြင်းပြင်း တိုက်ခတ်လာကာ လှိုင်းလုံးကြီးများက ကောင်းကင်အထိ ထိရိုက်သည့်အလား အရှိန်အဝါတို့က အားပြင်းလှသည်။
သာမန်ပါရမီရှင်များက ထိုအရှိန်အဝါကို အာရုံခံမိသည့်အခါ သူတို့မျက်နှာ ဖြူဖျော့သွားပြီး ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်လာကာ မြေပြင်ပေါ် လဲကျမတတ် ဖြစ်လာကြသည်။
ရှန်ယိုထျန်းနှင့် အခြားသော ပါရမီရှင်များက ခက်ခဲသည့် ပြိုင်ဖက်တစ်ယောက်ကို ရင်ဆိုင်နေသည့်အလား အမူအယာတို့က အလေးအနက် ဖြစ်လာကြသည်။
ဤလူက လျစ်လျူရှုထားလို့ မရသည့် ပြိုင်ဖက်တစ်ယောက် ဖြစ်ရမည်။
အံ့ဖွယ်အလင်းများ ရုတ်သိမ်းလိုက်သည့်အခါ ဆင်းသက်လာသူမှာ စွဲမက်ဖွယ် မိန်းမငယ်လေး ဖြစ်နေကြောင်း သိလိုက်ရသည်။ ထိုမိန်းကလေးက အဖြူရောင် ဝတ်စုံအရှည်ကို ဝတ်ဆင်ထားပြီး သူမသွင်ပြင်က ပြိုင်ဖက်ကင်း လှပစွဲမက်ဖွယ်ကောင်းလှသည်။ သူမက အရာအားလုံးကို မှေးမှိန်သွားစေသည့် နတ်ဘုရား မိန်းမပျိုလေးနှင့် တူသည်။
သူမအကြည့်တို့က ကြယ်ပင်လယ်ကဲ့သို့ တောက်ပနေကာ သူမအသားရေတို့က ကျောက်စိမ်းလိုမျိုး ကြည်လင်နေသည်။
မှော်အဆန်ဆုံးအပိုင်းမှာ ထိုမိန်းကလေး၏ ခေါင်းအထက်တွင် သေးငယ်ကာ နူးညံ့သည့် နဂါးနက်ချိုတစ်စုံ ပါရှိနေခြင်း ဖြစ်သည်။ ထိုအရာက အံ့ဖွယ်အလင်းများ တဖြတ်ဖြတ် တောက်ပနေသည်။ သို့သော်လည်း သူမနောက်ရှိ မျက်စိစူးမတတ် ဇာမဏီတောင်ပံတစ်စုံ ရိုက်ခတ်မှုကြောင့် လေပြင်းတိုက်ခတ်နေစေသည်။
ဤအမျိုးသမီးက လေထဲတွင် နတ်ဘုရားမတစ်ပါးအလား ရပ်နေပြီး သူမ၏ အေးစက်စက်အသွင်က တခြားလူများကို သူမနား မနီးကပ်ရဲအောင် ပြုလုပ်နေသည်။
အခြားပါရမီရှင်များက ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကြကာ “ အဲဒါ နဂါးဇာမဏီ မိန်းမပျိုလေးလား ”
“ သူမက မြောက်ပင်လယ်ရဲ့ အဆန်းကြယ်ဆုံး နဂါးဇာမဏီ မိန်းမပျိုလေးဆိုတာလား ”
“ကောလဟာလတွေအရတော့ နဂါးဇာမဏီ မိန်းမပျိုလေးရဲ့ စွမ်းအားက ပြိုင်ဖက်ကင်းပဲတဲ့။ အခု သူမကို မြင်တွေ့လိုက်ရမှ အမှန်တကယ်ကို ထူးခြားနေတာပဲ။ ဒီအရှိန်အဝါ … သူမက ဝိဇ္ဇာဖြစ်လာဖို့ အတိဒုက္ခလွန်စမ်းသပ်ချက် ခံယူပြီးလောက်ပြီ ”
အားလုံး၏ အကြည့်တို့က အံ့အားသင့်မှုအပြည့် ဖြစ်နေကြသည်။
နဂါးဇာမဏီ မိန်းမပျိုလေးက နယ်မြေငါးခုကို လှုပ်ကိုင်နိုင်သည့် ဂုဏ်သတင်းမျိုး ရှိထားသည်ဟု ဆိုရမည်။ သူမက လွန်ခဲ့သော နှစ်တစ်ရာခန့်က ပေါ်ထွက်လာခဲ့ပြီး မြောက်ပင်လယ်အတွင်း အုပ်စိုးခဲ့သည်။ သူမက လောကကြီးထဲ ပြိုင်ဖက်ကင်းကာ အခြားလူများအား နောက်တွင် ချန်ရစ်ထားခဲ့သည်။
ထိုစဉ် သူမက ၂၁ အရွယ်သာ ရှိသေးပြီး နတ်ဆိုးအသျှင်တစ်ပါး ဖြစ်လာခဲ့လေပြီ။ ယခု နှစ်တစ်ရာ ကုန်ဆုံးသွားပြီ ဖြစ်၍ သူမ၏ တိုက်ပွဲစွမ်းရည်တို့ မည်မျှတိုးတက်လာကြောင်း မည်သူမှ မသိကြပေ။
သူမ အရှိန်အဝါတစ်ခုတည်းဖြင့် ယခင်မျိုးဆက်၏ ပါရမီရှင်များထက် မနိမ့်ကျပေ။
ဤသည်မှာ အဓိကအချက် မဟုတ်သေးပေ။ ကောဟလာလများအရ ထိုမိန်းကလေး၏ ဇာစ်မြစ်မှာ အလွန်တရာ ဆန်းကြယ်လှပြီး မည်သူမှ သူမဇာစ်မြစ်အမှန်ကို မသိထားကြပေ။ သို့သော်လည်း တချို့လူများက နဂါးဇာမဏီ မိန်းမပျိုလေးသည် နဂါးနက်ကျွန်း၌ အင်မတန် မြင့်မားသော အဆင့်အတန်းရှိကြောင်း ကြားထားကြ၏။
လက်ရှိ နဂါးနက်ဘုရင် အောင်းဝူပင် သူမအပေါ် အလွန်လေးစားပြရသည်။
ဟုတ်ပေသည်။ နဂါးနက်ဘုရင်က ထိုမိန်းကလေးနှင့် တွေ့ဆုံသည့်အခါ သူမကို ဒေါသထွက်စေမည်ကို စိုးရိမ်၍ အလွန်တရာ ဂရုစိုက်ရသည်။
ထို့ကြောင့် အားလုံးက အောင်းရွှယ်သည် နဂါးနက်ကျွန်းပေါ်ရှိ ရှေးပဝေဏီက လူတချို့၏ သမီးဖြစ်ကြောင်း မှန်းဆနေကြသည်။ ထို့ကြောင့်သာ သူမ၏ အဆင့်အတန်းက မြင့်မားနေခြင်း ဖြစ်၏။
……….....
နဂါးဇာမဏီ မိန်းမပျိုလေး ပေါ်ထွက်လာသည်နှင့် သူမက ရှန်ထျန်းဆီ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။
သူမအသံက အေးစက်နေပြီး ရင်းနှီးမှု မရှိပေ “ သူတို့အားလုံး လက်ဆောင်ရထားပြီးတော့ ကျွန်မရဲ့ လက်ဆောင်ရော ဘယ်မှာလဲ ”
အားလုံး “ … ”
အားလုံးက ကြောင်အမ်းသွားကာ တွေဝေသွားကြသည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်သောကြောင့် သူ့အနေနှင့် သူ့ဂိုဏ်းသားများကို လက်ဆောင်ပေးခြင်းက သင့်တော်ပေသည်။
ဒီမိန်းကလေးနဲ့ရော ဘာဆိုင်နေလို့လဲ …
ပို၍ အရေးကြီးသည်က ထိုမိန်းကလေးသည် ရှန်ထျန်းဆီမှ လက်ဆောင်ကို အမှန်တကယ် တောင်းနေခြင်း ဖြစ်၏။ သူတို့က လက်ရှိ နဂါးဇာမဏီ မိန်းမပျိုလေးနှင့် ရှန်ထျန်းကြားမှ ဆက်ဆံရေးအကြောင်း တစ်ခါမှ မကြားဖူးပေ။
ဒါမှမဟုတ် ဒီမိန်းကလေး သူ့ကို ခြိမ်းခြောက်ချင်နေတာလား …
ဒီမိန်းကလေးက ရဲတင်းလွန်းလိုက်တာ …
ဘယ်သူမဆို စိတ်ကြိုက် ခြိမ်းခြောက်လို့ ရတယ်။ ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ရှန်ထျန်းကို လာခြိမ်းခြောက်ချင်နေတာလား …
ဒီသခင်ကြီးက လွန်ခဲ့တဲ့ နှစ် ၁၈၀ ကတည်းက တူတစ်လက်နဲ့ မဟာဝိဇ္ဇာကို နှိမ်နင်းခဲ့တာနော်။ သူက နှစ်တစ်ရာကြာ ပျောက်ကွယ်သွားခဲ့ပေမဲ့ သူ့စွမ်းအားက လျော့ကျမသွားဘဲ တိုးတက်လာတာ
နဂါးဇာမဏီ မိန်းမပျိုလေး၏ အဆင့်အတန်းက မည်မျှမြင့်မားစေကာမူ သူမက ဤအံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ရန်မစနိုင်ပေ။
တင်ပါးကို လက်ဝါးနဲ့ အရိုက်ခံရမှာ မကြောက်ဘူးလား …
...................
သို့သော်လည်း ရှန်ထျန်းက သူမ၏ ရိုင်းစိုင်းမှုကို စိတ်ထဲ မထားပေ။ သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး အမူအယာ နည်းနည်း ပြောင်းလဲသွားသည်။
အကြောင်းမှာ သူက နဂါးဇာမဏီ မိန်းမပျိုလေးတွင် သူနှင့် ဆက်နွယ်နေသည့် သွေးမျိုးဆက် ရှိနေကြောင်း သတိပြုမိလိုက်သည်။ ပြောရလျှင် ရှန်ယိုထျန်းထက်ပင် အားကောင်းနေသေး၏။
ဤသွေးမျိုးဆက် အငွေ့အသက်က မျိုးဆက်အလိုက် ဆင့်ကမ်းလာသည် ဖြစ်ရာ အလွန်တရာ ရင်းနှီးနေသည်။
ခဏအကြာ ရှန်ထျန်းက စိတ်ရှုပ်ထွေးစွာဖြင့် မြေပြင်ပေါ် အမြစ်တွယ်သလို ရပ်နေမိသည်။
ရှန်ထျန်း၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိထားမိပြီး အောင်းရွယ်က အသံပို့လွှတ်ကာ “ ကျွန်မအမေက အောင်းပင်း … ကျွန်မရဲ့ နာမည်အရင်းက ရှန်အောင်းရွယ် … ”
ရှန်ထျန်း စိတ်လှုပ်ရှားလာမိသည်။
ဘာတွေဖြစ်သွားတာလဲ … ဘယ်လို …
ငါ အောင်းပင်းနဲ့ တစ်ခါတည်း အိပ်လိုက်တာ မဟုတ်ဘူးလား … တစ်ခါတည်းက အလုပ်ဖြစ်သွားတာလား
ရှန်ထျန်းက ခေါင်းကုတ်လိုက်မိသည်။ သူက နှစ် ၁၈၀ ကြာ ကျင့်ကြံပြီးနောက် သူ့တွင် တူတစ်ယောက် ရှိလာရုံသာမက နှစ် ၁၀၀ အရွယ် သမီးတစ်ယောက်လည်း ရှိလာတာလား။
ကမ္ဘာကြီးက အပြောင်းအလဲ မြန်လိုက်တာ … ငါ ရှန်ထျန်းက ကလေးပဲ ရှိသေးတာလေ