မပြည့်ဝသေးသော အချစ်
Vol. 32 Ch. 473
အခန်း (၄၇၃) : မပြည့်ဝသေးသော အချစ်
ရှီထျန်းကျီက တစ်ခါ ပေါက်ထွက်လာသည်။ အံ့ဖွယ်အလင်းများက သူ့မျက်နှာအထက် ပေါ်ထွက်လာပြီး သူ့ခန္ဓာဝန်းကျင် ဆန်းကြယ်သင်္ကေတများ ဝန်းရံဖွဲ့တည်လာသည်။
မျက်စိစူးလောက်ဖွယ် အလင်းတန်းက မြူခိုးနှင့်အတူ ကြီးထွားလာကြသည်။ အဆုံးမဲ့စွမ်းအားများ ပေါက်ကွဲထွက်လာပြီး မိုးမြေနှင့် ပေါင်းစပ်သွားသည်။
သူက ရှေ့တိုးလိုက်သည့်အခါ လေဟာနယ် ကြေမွသွားပြီး ကမ္ဘာ့စည်းမျဉ်းများလည်း ပြိုလဲသွားသည်။
“ ညီအစ်ကိုရှန် ငါ အားကုန်ထုတ်တိုက်ပြီ ”
ရှီထျန်းကျီက အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့လှုပ်ရှားမှုများက နဂါးတစ်ကောင်လိုမျိုး အားမာန်အပြည့်ဖြစ်နေသည်။ ကြယ်တစ်စင်း ကြွေကျလာသည့်အလား အရှိန်အဝါတို့က ကြောက်ခမန်းလိလိ ဖြစ်၏။
သူ့နောက်တွင် ဖန်ဆင်းခြင်း ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာသည်။ ယင်နှင့် ယန်စွမ်းအားတို့က လှည့်ပတ်နေပြီး နောက်ဆုံးတွင် ဖြစ်တည်ခါစ ကမ္ဘာတစ်ခုသဖွယ် ဖြစ်တည်လာသည်။
ထိုအထဲတွင် မြေစွမ်းအား၊ ရေစွမ်းအား၊ မီးစွမ်းအားနှင့် လေစွမ်းအားတို့က ရောနှောနေကြသည်။ ကမောက်ကမကမ္ဘာ ဆင်းသက်သလိုမျိုး ကောင်းကင်တာအိုစည်းမျဉ်းများက ကြက်ခြေခတ်ဖြတ်သွားကာ ရှုပ်ထွေးလာကြသည်။
ရှီထျန်းကျီက လက်သီးဖြင့် ချိန်ရွယ်လိုက်သည်။ လက်သီးအလင်းက ရှန်ထျန်းဆီ ဒေါသတကြီး ပြေးဝင်လာသည့် နဂါးတစ်ကောင်နှင့် တူသည်။ ထိုရိုက်ချက်က မိုးမြေစွမ်းအားကို သယ်ဆောင်လာသည့်အလား တောင်နှင့်မြစ်တို့ကို ဖြိုခွင်းနိုင်သည့် စွမ်းအားတို့ကို သယ်ဆောင်လာသည်။
ရှန်ထျန်း၏ အကြည့်တို့က လေးနက်လာသည်။ သူ့အနားတွင် အဆုံးမဲ့ ကြယ်တာရာအလင်းများ ဝန်းရံလာပြီး ပြင်ပအာကာပြင်မှ ကြယ်တာရာများ၏ စွမ်းအားကို ဆွဲယူလိုက်သည်။ သူ့နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်အထိ ခွင်းလုမတတ် နဂါးဟိန်းသံနှင့် ဇာမဏီ ဟစ်ကြွေးသံတို့က လေထဲ ပျံ့နှံ့လာသည်။ အဆုံးမဲ့ အံ့ဖွယ်အလင်းများ ကောင်းကင်ထဲ ဝင်ရောက်သွားကြ၏။
သူ့နောက်တွင် ဇာမဏီတောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ ထိုဇာမဏီတောင်ပံများကို ခတ်လိုက်သည့်အခါ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်အပြည့် မီးတောက်များက ကမ္ဘာကြီးအား အလင်းပေးနေသည်။
ရှန်ထျန်း၏ လက်ငါးချောင်းလုံး နီးကပ်လာကာ ရောင်စုံမြူခိုးများ ထွက်ပေါ်လာပြီး ပြိုင်ဖက်ကင်း အငွေ့အသက်ကို သယ်ဆောင်လာကာ ရှေ့တိုးလာသည်။
ထိုစဉ် နှစ်ယောက်လုံးက ထိပ်တိုက် တွေ့သွားကြသည်။
ထိုစဉ် ကောင်းကင်အံ့ဖွယ် လက်သီးချက် ၁၃၅၂ ချက် ထွက်ပေါ်လာပြီး မိုးမြေကိုပင် ပြိုကျသွားနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားကြီး ဖြစ်လာသည်။
အာကာပြင်က ပျက်စီးသွားကာ အပျက်အစီးအပုံ ဖြစ်သွားတော့သည်။ အာကာပြင်က ပုံပျက်လာသလို စည်းမျဉ်းများလည်း အစီအစဉ်မကျ ဖြစ်လာသည်။
ကြောက်မက်ဖွယ် အာကာပြင် မငြိမ်သက်မှု ဖြစ်လာပြီး နှစ်ယောက်လုံးကို ဝါးမျိုသွားသည်။ သို့သော်လည်း သူတို့က ဂရုမစိုက်ပေ။ သူတို့က မငြိမ်မသက် အာကာပြင်ထဲ ဆက်တိုက်နေကြဆဲ ဖြစ်၏။
ဘေးပတ်လည်က မဟူရာအလင်းများဖြင့် တလက်လက်ထနေပြီး ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည်။
မည်းနက်နေသည့် မငြိမ်မသက်ဖြစ်မှုက ကြောက်မက်ဖွယ်ကောင်းလှပြီး ဝိညာဉ်တုန်လုမတတ် စွမ်းအားကို ထုတ်လွှင့်လာသည်။
ပုံရိပ်နှစ်ခုက ဆက်တိုက် ရောနှောနေပြီး အံ့ဖွယ်အလင်းများနှင့် ထိပ်တိုက် တွေ့မိနေကြသည်။
ရောင်စုံအလင်းတန်းများ အရှိန်ဟုန်ပြင်းပြင်း ထွက်ပေါ်လာသည်။
ရှီထျန်းကျီ၏ ဒွိမျက်ဆံ ပေါ်လာပြီးနောက် သူ့တစ်ကိုယ်လုံးက တောက်ပလာသည်။ သူ့နတ်ဧကရာဇ်အရိုး အသက်ဝင်လာလေ၏။ ထို့နောက် သူက ကောင်းကင်ကိုပင် ပျက်စီးနိုင်တော့မည့် စွမ်းအားအပြည့် ပေါက်ထွက်လာသည်။
ပြိုင်ဖက်ကင်း နတ်ဘုရားတစ်ပါး ကမ္ဘာကို တိုက်ခိုက်နေသည့်အလား စွမ်းအားကြီးလွန်းကာ သူ့ရှေ့ရှိ သက်ရှိအားလုံး သူ့ထံ ဦးညွှတ်လာစေသည်။
အာကာပြင် အက်ကွဲသွားပြီး သူ့လက်တစ်ချက်အဝေ့တွင် ကြယ်တာရာများ ကြွေကျလာကာ မိုးမြေစည်းမျဉ်းများလည်း ပျက်စီးတော့မည့်အလား တုန်ခါလာသည်။
တစ်ဖက်တွင် ရှန်ထျန်း၏ သူရဲကောင်းဆန်ဆန် သွင်ပြင်က ပြိုုင်ဖက်ကင်းလှသည်။ သူ့ဝတ်ရုံဖြူက လေထဲတွင် တလွှင့်လွှင့်ဖြစ်နေပြီး အနည်းငယ်မျှ အစွန်းအထင်း မရှိနေချေ။ သူက ကမောက်ကမ အာကာပြင်ကြား ထိုက်တောင်ကြီးလိုမျိုး မားမားမတ်မတ် ရပ်နေလေသည်။ ရှီထျန်းကျီက မည်မျှ တိုက်ခိုက်နေစေကာမူ သူ့လက်သီးတစ်ချက်တည်းဖြင့် အကုန်ချေဖျက်ပစ်လိုက်သည်။
နှစ်ယောက်လုံးက ဆက်တိုက် တိုက်ခိုက်နေပြီး လက်သီးချက်တိုင်းက လေဟာနယ်ခွင်းကာ ကောင်းကင်ဘုံကို လှုပ်ခါသွားစေသည်။ သူတို့အရှိန်အဝါများက နားလည်နိုင်စွမ်းထက် ကျော်လွန်၍ ကြောက်ဖို့ကောင်းနေသည်။
မငြိမ်မသက် အာကာပြင်ပင် သူတို့စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ အက်ကြောင်းများစွာ ပေါ်လာခဲ့ရသည်။
ကြောက်မက်ဖွယ် အနက်ရောင်လှိုင်းများက ကီလိုမီတာတစ်သောင်းကျော်အထိ မြင့်တက်လာသည်။
ထိုအရာ ဖြတ်ကျော်သွားသည့်နေရာတိုင်း အရာအားလုံး ရှင်းထုတ်ခံလိုက်ရ၏။
ဤတိုက်ပွဲနယ်မြေက ကမ္ဘာကို ဖျက်စီးပစ်နိုင်သည့် စွမ်းအားများ ပြည့်နှက်နေသည်။ ကမ္ဘာတစ်ခုလုံး ရှင်းထုတ်ခံရတော့မည့်အလား ဖြစ်နေသည်။ လက်သီးတစ်ချက်တည်းဖြင့်ပင် ဝိဇ္ဇာအစစ်အမှန်ကို ဒဏ်ရာရသွားစေနိုင်ပြီး ဝိဇ္ဇာတစ်ယောက်အား သတ်ပစ်နိုင်သည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက မဟာဝိဇ္ဇာအား သူတို့အသည်းများနှင့် သည်းခြေအိတ်များပင် တစစီ ကွဲကြေပျက်စီးသွားနိုင်သည်။ မဟာဝိဇ္ဇာပင် ကြောက်ရွံ့စွာဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားလောက်သည်။
နှစ်ယောက်လုံးက အဆုံးသတ်မရှိ တိုက်ခိုက်နေကြသည်။ သူတို့၏ ကြောက်ခမန်းလိလိ စွမ်းအားတို့က မိုးမြေထဲအထိ ထိုးဖောက်သွားဟန်ပေါ်၏။
သူတို့အနားရှိ လေဟာနယ်က ပေါက်ကွဲထွက်သွားသည်။ မိုးမြေက ပဲ့တင်ထပ်သွားကာ အပျက်အစီးအဖြစ် ကျရောက်သွားသည်။ နှစ်ယောက်လုံးက ပြိုင်ဖက်ကင်း နတ်ဘုရားများကဲ့သို့ ကောင်းကင်ဘုံကိုးလွှာအထိ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
အချိန်အတော်ကြာမြင့်ပြီးနောက် ပုံရိပ်တစ်ခု ပြုတ်ကျလာကာ ကီလိုမီတာဆယ်ချီ နောက်ဆုတ်လိုက်ရသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက အာကာပြင်ကိုပင် အမှုန့်ဖြစ်သွားစေကာ မိုးမြေကို ပဲ့တင်ရိုက်သွားစေသည်။
ထိုလူက ရှီထျန်းကျီမှလွဲ၍ အခြားသူ မဟုတ်ပေ။
ရှန်ထျန်းနှင့် တိုက်ကွက်တစ်သောင်းလောက် လဲလှယ်ပြီးနောက် ဆက်လက်၍ မခုခံနိုင်တော့ဘဲ နောက်ဆုတ်လိုက်ရတော့သည်။ ရှီထျန်းကျီ၏ အသက်ရှုနှုန်းက ပြင်းထန်နေသည်။ သူ့လက်သီးတွင် သွေးများစိမ့်ထွက်ထားသည့် အရိပ်အယောင် ရှိနေသည်။
သူ့လက်က တုန်ယင်နေပြီး သူ့နောက်ရှိ ပုံရိပ်သဏ္ဌာန်သည်လည်း မှေးမှိန်ကျသွားသည်။
ရှီထျန်းကျီက စိတ်ထဲ ထားပုံမရပေ။ အချုပ်အားဖြင့် သူက စိတ်ပေါ့ပါးသွားမိသည်။
ယခု ရှန်ထျန်း၏ ဝတ်ရုံဖြူများက လှုပ်ခတ်နေပြီး တလွှင့်လွှင့် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာစိုးစဉ်းမျှ မရှိနေဘဲ သူ့အရှိန်အဝါပင် မပြောပြတတ်လောက်အောင် တည်ငြိမ်နေသည်။
“ ညီအစ်ကိုထျန်းကျီရဲ့ တိုက်ခိုက်စွမ်းကတော့ တကယ်ကို အားကောင်းတာပဲ ”
ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။ ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်အရ မဟာဝိဇ္ဇာများပင် သူ့ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။
ဒွိမျက်ဆံပိုင်ရှင် ရှီထျန်းကျီက နတ်ဧကရာဇ်အရိုး ပိုင်ဆိုင်ထားပြီး ဖန်ဆင်းခြင်း အံ့ဖွယ်ပညာရပ်ကို ဖမ်းဆုပ်ထားနိုင်ခဲ့သည်။ သူက စကြဝဠာကြီးကို အုပ်စိုးဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။
ရှီထျန်းကျီက ရှန်ထျန်းစကားကို ကြားလိုက်ရသည့်အခါ ခါးသက်သက် ရယ်မောလိုက်မိသည် “ညီအစ်ကိုရှန်ထက် နိမ့်ကျနေပါသေးတယ်။ ငါ ဒီတိုက်ပွဲ ရှုံးသွားပြီ ”
ရှီထျန်းကျီက အတော်လေး အံ့ဩတုန်လှုပ်နေမိသည်။ သူက အားကုန်ထုတ်သုံးထားလျက်နှင့်ပင် ရှန်ထျန်းကို မလှုပ်ကိုင်နိုင်သေးပေ။
သူတို့လက်သီးချက်ချင်း တွေ့သွားသည့်အခါ ကောင်းကင်ဘုံအလွန်မှ ထာဝရသတ္တုကို သွားထိုးမိသလိုမျိုး ခံစားလိုက်ရသည်။ ထိုအရာကို ဖျက်စီးမရနိုင်ဘဲ သူ့လက်ကိုသာ ထုံကျင်သွားစေသည်။
ပြောရလျှင် သူက ခြောက်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန် ဖြစ်စဉ် ရှန်ထျန်းက အတိဒုက္ခလွန် ဝိဇ္ဇာဖြစ်လာဖို့ ခြေတစ်လှမ်းမျှ လိုအပ်နေသေး၏။
အကယ်၍ ရှန်ထျန်းသာ သူနှင့် ကျင့်ကြံဆင့်တူနေလျှင် သူ့လက်တစ်ချက်ဝေ့ရုံဖြင့် သူ့အား ဖျက်စီးပစ်နိုင်လောက်သည်။
ထိုအရာကို တွေးမိပြီး ရှီထျန်းကျီက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ညီအစ်ကိုရှန်ရဲ့ ပါရမီက တကယ်ကို ထူးကဲလွန်းတယ်။ ဒီလိုတိုက်ခိုက်စွမ်းရည်နဲ့ဆိုရင် ကမ္ဘာကြီးကို အုပ်စိုးပြီး ရန်သူအားလုံးကို နှိမ်နင်းနိုင်မှာ အသေအချာပဲ
သူနဲ့ ယှဉ်လိုက်ရင် ငါတို့ကြားက ကွာခြားချက်က အရမ်းကြီးလွန်းနေတယ် …
ဒါပေမဲ့ ရှီထျန်းကျီက ရှန်ထျန်းဆီတွင် မျှော်လင့်ချက် အလင်းရောင်လေး မြင်နေမိသည်။
သူက ဒီကမ္ဘာကြီးကို ကယ်တင်ပေးနိုင်သည့် စွမ်းအားရှိသူ ဖြစ်သည်။
ညီအစ်ကိုရှန်ရဲ့ ပါရမီနဲ့ တိုက်ခိုက်စွမ်းရည်နဲ့ဆိုရင် သူက နယ်မြေငါးခုလုံးဆီ မျှော်လင့်ချက် ယူဆောင်ပေးလာလိမ့်မယ်။
နယ်မြေငါးခု ကယ်တင်ခံရတော့မယ်။
……….....
ရှီထျန်းကျီက ရှန်ထျန်းကိုသာ စိုက်ကြည့်နေပြီး သူ့အကြည့်တို့က တောက်ပကာ ပို၍ နက်ရှိုင်းလာလေသည်။
ခဏအကြာတွင် သူက ခေါင်းခါလျက် ပြောလိုက်သည် “ ညီအစ်ကိုရှန်ဆီမှာ အချိန်ရှိရင် ဟိုကောင်မလေး လင်းလုံကို တစ်ချက်လောက် သွားတွေ့လိုက်ပါဦး။ မင်း ပျောက်သွားကတည်းက အဲမိန်းကလေးက ကဂျီကဂျောင်ကျနေတာ။ သူမက နှစ်အကြာကြီး ဝမ်းနည်းခဲ့ရတာလေ … တော်ဝင်အရှင်ရှေ့မှာတောင် ငိုယိုပြီး ပြဿနာရှာနေသေးတာ။ သူမက တော်ဝင်အရှင်ဆီ မင်းကို ခေါ်ထုတ်ပေးစေချင်နေတာ။ မင်း ဘေးကင်းကင်း ရှိနေမှန်း သိရမှ ပြန်ငြိမ်ကျသွားတာကွာ …
မဟုတ်ရင် တိုင်းပြည်တစ်ခုလုံး သူမကြောင့် ကမောက်ကမ ဖြစ်ရတော့မလို့ ”
ရှီထျန်းကျီက ကူကယ်ရာမဲ့နေသည့် အမူအယာမျိုး ရှိနေသည်။ သူက မင်းသမီးလင်းလုံသည် ရှန်ထျန်းအပေါ် ချစ်မြတ်နိုးနေပြီး သူမဘာသာ မထုတ်ဖော်နိုင်ကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူမကို ထိုအတွက်ကြောင့် အပြစ်တင်၍ မဖြစ်ပေ။ ရှန်ထျန်း၏ သူရဲကောင်းဆန်ဆန် အပြုအမူများနှင့် ဆွဲဆောင်မှုတို့က ပြိုင်ဖက်ကင်း မဟုတ်ပါလော။
သူသာ မိန်းကလေးတစ်ယောက် ဖြစ်နေလျှင် ညီအစ်ကိုရှန်၏ ပြိုင်ဖက်ကင်း ကြော့ရှင်းမှုအပေါ် ကျရှုံးသွားမိလောက်သည်။
သို့သော်လည်း သူမက သူ့သဘောအကျဆုံး ညီမလေး မဟုတ်ပါလော။ သူမအတွက် အကောင်းဆုံး ကြိုးစားပေးရမည်။
ရှန်ထျန်း “ … ”
သူက နည်းနည်းနေရခက်လာပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဘာလို့ နောက်ထပ် လက်ထပ်ပွဲအဆိုပြချက် ရောက်လာပြန်ရတာလဲ … အရှင်းဆုံးပြောရရင် ငါ သူတို့ကို ဘာမှမလုပ်ခဲ့ဘူးလေ
လူတွေအများကြီးက ဘာလို့လက်ထပ်ပွဲအကြောင်းပဲ ပြောနေကြတာလဲ။ ငါတော့ တော်တော်ငြီးငွေ့နေပြီ
ရှန်ထျန်းက တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အခါ ရှီထျန်းကျီက ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်သည် “ သူမ မင်းကို မြောက်ပင်လယ် ဘုံဗိမာန်ထဲမှာ ပထမဆုံးတွေ့ကတည်းက မင်းအပေါ် သဘောကျသွားတာ။ ညီအစ်ကိုရှန် မင်းဘာသာ ဂရုစိုက်နော် ”
ရှီထျန်းကျီက ကြောင်အမ်းအမ်း ဖြစ်နေသည့် ရှန်ထျန်းအား ချန်ထားခဲ့ပြီး လှည့်ထွက်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက် ရှန်ထျန်းက သက်ပြင်းချကာ “ ပြဿနာများတဲ့ ကိစ္စပဲ။ အဲဒါဖြေရှင်းဖို့ အချိန်တစ်ခုတော့ လိုတယ် ”
သူက ထိုအတွေးဖြင့် ပြင်ပကမ္ဘာဆီ ပျံသန်းသွားလိုက်သည်။
ထုံကြွယ်မျှော်စံအိမ်၌ …
ထိုစဉ် ထုံကြွယ်မျှော်စံအိမ်၌ လူတချို့သာရှိနေသောကြောင့် အင်မတန် တိတ်ဆိတ်နေသည်။ ကျိရှားကျောင်းတော် ဝင်ခွင့်ကြောင့် ပါရမီရှင်အများစုက ကျိရှားကျောင်းတော်ဆီ သွားရောက်နေကြသည်။
ထို့ကြောင့် ထုံကြွယ်မျှော်စံအိမ်က ယာယီ ခြောက်ကပ်နေလေသည်။
ရှန်ထျန်းက ထိုအရာကို မြင်လိုက်သည့်အခါ သက်ပြင်းချလိုက်မိသည်။
သူက ထိုကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကို မစဉ်းစားရသေးပေ။ သူ အချိန်ထပ်လိုနေသေး၏။
ကျန်းယွင်ရှီးနှင့် အခြားလူများက သူ့ကို ရွှေဇာမဏီအခန်း၌ စောင့်နေကြဆဲ ဖြစ်သည်။ အားလုံးက ရှန်ထျန်း ပြန်လာသည်ကို မြင်ကြသည့်အခါ ပျော်ရွှင်နေကြသည်။
ကျန်းယွင်ထင်က ရှေ့တိုးလာကာ “ညီလေး စောစောလေးက ဘာဖြစ်လို့လဲ ”
အားလုံးက သိချင်နေကြသည်။ သူတို့က ရှန်ထျန်းတစ်ယောက် ဘာကြောင့် ဘာမှမပြောဘဲ ထွက်သွားမှန်း မသိကြပေ။
ရှန်ထျန်းက ခဏတာ ရပ်လိုက်ပြီးနောက် “ အာ … တော်ဝင်အရှင်က ကျွန်တော်နဲ့ ပြောစရာလေးရှိတယ် ဆိုလို့ပါ။ သူ့ကို အရင်သွားရှာလိုက်တာ ”
သူက ထိုကောင်စုတ်လေးများကြောင့်ဟု မပြောနိုင်ပေ။
အားလုံးက သံသယမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယွင်ထင်က ဆက်ပြောလိုက်သည် “ ညီလေး အဖေက အခုလေးတင် ။ ညီလေးကို အထွတ်အမြတ်မြေဆီ တတ်နိုင်သမျှ မြန်မြန်ပြန်လာပြီး ဂိုဏ်းချုပ်ရာထူးပွဲ တက်ရောက်ဖို့ လှမ်းပြောထားတယ်”
လွန်ခဲ့သော နှစ်ရှစ်ဆယ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သည် ရှန်ထျန်းအား လက်ရှိ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အဖြစ် ကြေညာပေးခဲ့သည်။ ယခု ရှန်ထျန်း ပြန်ရောက်လာပြီဖြစ်၍ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ မဟုတ်သော်လည်း လုပ်ဆောင်ရမည့် အဆင့်တို့ ရှိနေသေးသည်။
ဂိုဏ်းချုပ်က စကားလေးနည်းနည်းဖြင့် ရာထူးလွဲပေး၍ မရပေ။
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး “ အဲဆို မြန်မြန် ပြန်ကြတာပေါ့ ”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ မပြန်ရသည်မှာ နှစ်များစွာကြာမြင့်နေပြီ ဖြစ်သောကြောင့် ရှန်ထျန်းစိတ်ထဲ လွှမ်းဆွတ်မိလာသည်။
ဤသည်မှာ သူ့အိမ် ဖြစ်ပြီး သူ့အတွက် အကူအညီကြီးကြီးမားမား ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေပေါ် ခံစားချက်တို့ ရှိလေသည်။
“ ကောင်းပြီ … အခုထွက်ကြတာပေါ့ ”
အားလုံးက ထုံကြွယ်မျှော်စံအိမ်မှ ထွက်မသွားခင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ သွားဖို့ တက်ညီလက်ညီပြောလိုက်ကြသည်။
…………
ရက်ပိုင်းကြာမြင့်ပြီးနောက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ …
ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များသည် နယ်မြေငါးခုဆီ ကျူးကျော်လာသောကြောင့် နယ်မြေငါးခုမျ အင်အားစုကြီးများလည်း တစ်ခုနှင့် တစ်ခု ဆက်သွယ်နိုင်စေရန် ကူးသန်းပို့ဆောင်ရေး စက်ဝန်းများ တည်ဆောက်ထားကြရသည်။
မိစ္ဆာဝိညာဉ်မျိုးနွယ်က နေရာတစ်ခုဆီ ကျူးကျော်လာသည်နှင့် အင်အားစုအသီးသီးက တတ်နိုင်သမျှ မြန်မြန် အကူအညီပို့လွှတ်နိုင်လိမ့်မည်။
ဤသို့ဖြင့် နယ်မြေငါးခုမှ အင်အားစုအားလုံး တစ်စုတစည်းတည်း ပေါင်းစပ်ပြီးသား ဖြစ်သွားလေပြီ။
ကူးသန်းပို့ဆောင်ရေး အစီအရင်များအကူဖြင့် အားလုံးက အလယ်ပိုင်းကုန်းမြေမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်လာဖို့ အချိန်သိပ်မကြာတော့ပေ။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လွန်ခဲ့သော နှစ် ၁၈၀ ကတည်းက များစွာ ပြောင်းလဲသွားခဲ့လေပြီ။
အထွတ်အမြတ်မြေအပြင်ဘက်ပိုင်းနားတွင် နံရံများ တည်ဆောက်ပြီး အထွတ်အမြတ်မြေများကို ကာကွယ်ပေးထားသည်။ နံရံများက တိမ်တိုက်ထိလုမတတ် ဖြစ်နေပြီး ခမ်းနားကြီးကျယ်လှသည်။ သူတို့ပေါ် အလင်းများ ဖြာကျနေကာ အားကောင်းသည့် ဝိညာဉ်ဖိအားများ ထုတ်လွှင့်နေသည်။
နံရံကို အလွန် အဖိုးတန်လွန်းလှသည့် ဝိညာဉ်ရွှေဖြင့် ပြုလုပ်ထားပြီး အကြမ်းခံလှသည်။
မြို့နံရံများတွင် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသည့် အံ့ဖွယ်သင်္ကေတများဖြင့် ထိုးထွင်းထားပြီး အဆုံးမဲ့အရှိန်အဝါများ ထုတ်လွှင့်ထားသည်။ ဤသည်မှာ ရန်သူများကို သတ်ဖြတ်ခြင်းနှင့် ပိတ်ဆို့ခြင်းများတွင် အထူးပြုထားသည့် အစီအရင်များ ဖြစ်၏။ သူတို့က ကြောက်မက်ဖွယ်အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဖုံးလွှမ်းထားလေသည်။
ဝိဇ္ဇာများပင် အလွယ်တကူ မဝင်ရောက်နိုင်ပေ။
အကယ်၍ အတင်းကျပ် ဝင်ရောက်ရဲပါက မြောက်များစွာသော အစီအရင်များအောက် အဝိုင်းခံရကာ အသတ်ခံရလိမ့်မည်။
ဧရာမ မက်ခါကြီးများကို မြို့နံရံနောက်တွင် နေရာချထားပြီး မိစ္ဆာဝိညာဉ်တပ် ကျူးကျော်လာမည့်အရေးကို ရင်ဆိုင်ရန် စောင့်ကြပ်နေကြသည်။ မက်ခါများက သတ္တုတလက်လက် ဖြစ်နေပြီး ကောင်းကင်ကိုပင် လှုပ်ကိုင်နိုင်သည့် ဧရာမကြီးနှင့် တူသည်။
သူတို့အရှိန်အဝါများက အလွန်တရာ အားကောင်းလွန်းလှသည်။ ပုံမှန်အားဖြင့် မက်ခါတိုင်းက ကောင်းကင်အသျှင်နှင့် ယှဉ်နိုင်လေသည်။
ထိုမက်ခါများက ချင်ယွင်တိ၏ ဖန်တီးမှုလက်ရာများ ဖြစ်၏။
မက်ခါကို ထိန်းချုပ်ဖို့ ရွှေအမြုတေအဆင့် ရောက်နေဖို့သာ လိုအပ်လေသည်။ သူတို့သာ မက်ခါအသုံးပြုရာ၌ ကျွမ်းကျင်သွားလျှင် ကောင်းကင်အသျှင် စွမ်းအားကို ထုတ်ဖော်ပြသနိုင်လိမ့်မည်။
ထိုမက်ခါများက တိုက်ပွဲဝင်္ကပါဖွဲ့စည်းဖို့ အတူတူပေါင်းစပ်နိုင်ပြီး စွမ်းအား ဆယ်ဆ သို့မဟုတ် အဆတစ်ရာ တိုးပွားလာနိုင်သည်။
နမူနာအားဖြင့် ဤနေရာတွင် သတ္တုကျားဖြူ မက်ခါရာချီနှင့် ပြည့်နှက်နေသည်။ အကယ်၍ သူတို့သာ အားပေါင်းလိုက်ပါက သူတို့ထုတ်လွှင့်သည့် စွမ်းအားက ဝိဇ္ဇာကိုပင် သတ်နိုင်လိမ့်မည်။
မက်ခါအမျိုးမျိုးဖြစ်သည့် နဂါးစိမ်း မက်ခါ၊ မီးငှက်မက်ခါ၊ လိပ်နက် မက်ခါအစရှိသဖြင့် နေရာချထားသည့် နေရာများစွာလည်း ရှိနေသည်။ ဓာတ်အမျိုးမျိုးနှင့် မက်ခါများကို ကွဲပြားသော မိုးကြိုးအမျိုးအစား ကျင့်ကြံသော တပည့်များက အသုံးပြုကြသည်။
ထို့အပြင် ယခင် မက်ခါပြဿနာများလည်း ဖြေရှင်းပြီးသွားလေပြီ။ သူတို့စွမ်းအားလည်း တိုးမြင့်လာခဲ့၏။ သူတို့က စစ်ဘက်သုံး အစီအရင်များကို အသုံးပြု၍ ရန်သူများကို တိုက်နိုင်လေပြီ။
အကယ်၍ သေခြင်းရှင်ခြင်းကိစ္စသာ ဖြစ်ပါက သူတို့က မက်ခါထောင်ချီကို ပေါင်းစပ်ကာ မိုးကြိုးသားရဲ အစီအရင်ကို အသက်သွင်းနိုင်သည်။ ထိုအခါ သူတို့က မဟာဝိဇ္ဇာနှင့် ရင်ဆိုင်ရလျှင်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မည်။
ဤသည်မှာ ကြောက်စရာကောင်းသည့်အရာ ဖြစ်၏။
မဟာဝိဇ္ဇာနှင့် ရွှေအမြုတေ သို့မဟုတ် ကနဦးဝိညာဉ် ကျင့်ကြံသူကြား ကွာခြားချက် မည်မျှကြီးမားမည်နည်း။ ကွာခြားချက်မှာ ကြီးမားလွန်း၍ အားနည်းသော ကျင့်ကြံသူများကို လက်တစ်ချောင်းတည်းဖြင့် ခြေမွပစ်လိုက်နိုင်သည်။ ထို့အပြင် မဟာဝိဇ္ဇာက ရွှေအမြုတေ ကျင့်ကြံသူအုပ်စုလိုက်ကိုပင် ပုရွက်ဆိတ် သတ်သည့်အလား အေးဆေး သတ်ပစ်နိုင်သည်။
ရွှေအမြုတေ ကျင့်ကြံသူထောင်ချီလောက်ကို မဆိုထားနှင့်။ ရွှေအမြုတေ ကျင့်ကြံသူ သောင်းချီ၊ သိန်းချီပင် မဟာဝိဇ္ဇာအတွက် ပြိုင်ဖက် မဟုတ်ချေ။
သူတို့စွမ်းအားက အဆင့်လုံးဝ မတူသည့်အတွက် လူမည်မျှ များပြားစေကာမူ ခုခံနိုင်မည့်နည်းလမ်း ရှိလာမည် မဟုတ်ပေ။ သို့သော်လည်း ထိုကျင့်ကြံသူများက မက်ခါတချို့၏ အကူအညီဖြင့် မဟာဝိဇ္ဇာအား ရင်ဆိုင်နိုင်လာသည်။
ထိုမက်ခါများ၏ စွမ်းအားက မည်မျှကြောက်ဖို့ကောင်းကြောင်း သိနိုင်ပေသည်။
……………...
ထိုမြင်ကွင်းကို မြင်ကာ ရှန်ထျန်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည် “ နှစ်တွေအများကြီး ပြန်မလာဖြစ်တဲ့နောက်ပိုင်း အထွတ်အမြတ်မြေက ဒီလောက်ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားမိဘူး ”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကာကွယ်ရေးစွမ်းအားအရ အရှေ့ပိုင်းလွင်ပြင်တွင် သေချာပေါက် ထိပ်တန်း တည်ရှိမှု ဖြစ်လိမ့်မည်။ အနီးအနားရှိ အခြားသော အင်အားစုများအပေါ် သိပ်အာရုံမစိုက်ဖို့ လုံလောက်ပေသည်။
မိစ္ဆာဝိညာဉ်မျိုးနွယ် ကျူးကျော်လာလျှင်ပင် ဤကာကွယ်ရေး အစီအရင်အား အလွယ်တကူ ချိုးဖောက်နိုင်မည် မဟုတ်ပေ။
ကျန်းယွင်ထင်က ပြုံးကာ ရှင်းပြလိုက်သည် “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကလွဲ၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက နယ်မြေငါးခုမှာ ဘေးအကင်းဆုံးနေရာ ဖြစ်လောက်တယ် ”
တစ်ချိန်တည်းတွင် ကျန်းယွင်ထင်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဒါတွေအားလုံးက ညီလေးရှန်ရဲ့ လမ်းညွှန်မှုများကြောင့် သူတို့အနေနဲ့ ဒီလိုအားကောင်းသည့် အခြေခံအုတ်မြစ်မျိုး ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေပေါ် များစွာအကျိုးပြုခဲ့သည်။
…………....
အားလုံးက ရှေ့ဆက်လျှောက်လာကာ စစ်နတ်ဘုရား မျှော်နန်းဆောင်နား ရောက်လာကြသည်။
ဤနေရာလည်း အတော် ပြောင်းလဲသွားလေသည်။
နဂိုမြို့ငယ်လေးက မြို့အကြီးကြီးအဖြစ် ကျယ်ပြန့်လာပြီး ကြီးကျယ်ထည်ဝါလွန်းလှသည်။ ဤနေရာတွင် လူများဖြင့် ပြည့်နှက်နေပြီး လေထုက စည်ကားသိုက်မြိုက်လျက်ရှိသည်။
အံ့ဖွယ်မိုးကောင်းကင် တပည့်များ ရှိနေရုံသာမက အခြားသော ဂိုဏ်းများမှ တပည့်များလည်း ရောက်နေကြသည်။ ထိုလူများက စစ်နတ်ဘုရား မျှော်နန်းဆောင်ကြောင့် ရောက်လာကြပြီး အထဲဝင် လေ့ကျင့်ကာ သူတို့စွမ်းအားကို တိုးမြင့်လိုကြသည်။ ထို့ကြောင့် လက်ရှိတွင် ကျင့်ကြံသူများစွာရှိနေသည်ဟု ဆိုရပေမည်။
ရွှေအမြုတေနှင့် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကို နေရာတိုင်းတွင် တွေ့နိုင်ပြီး ကောင်းကင်အသျှင်များစွာလည်း ရှိနေသေးသည်။
ကျန်းယွင်ထင်က ဆက်ပြောလိုက်သည် “ စစ်နတ်ဘုရား မျှော်နန်းဆောင်က အထွတ်အမြတ်မြေအတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခုထဲက တစ်ခုလေ။ နေ့တိုင်းနေ့တိုင်း ကျင့်ကြံသူအများကြီး လာရောက်လေ့ကျင့်ကြတယ်။ သူတို့အားလုံးက ငွေကြေးပေါကြွယ်ဝကြတဲ့ အထွတ်အမြတ်မြေအသီးသီးက လက်ရွေးစင် တပည့်တွေချည်းပဲ …
ပြီးတော့ ဒီနေရာမှာ ကျင့်ကြံသူတွေ သွားလာရ အဆင်ပြေအောင် ကူးသန်းပို့ဆောင်ရေး အစီအရင်ပါ ခင်းကျင်းပေးထားတယ် ”
စစ်နတ်ဘုရား မျှော်နန်းဆောင်က ဤနေရာတွင် တည်ရှိသောကြောင့် လူများစွာက စစ်ဆေးမှုခံယူဖို့ လာရောက်လိုကြသည်။ ထို့ကြောင့် အံ့ဖွယ်မိုးကာင်းကင် အထွတ်အမြတ်မြေက ဤနေရာတွင် အခြားသော ဌာနများ ဖွဲ့စည်းထားရသည်။
နမူနာအားဖြင့် စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ရောက်၍ တစ်ရက်တာ တိုက်ခိုက်ခဲ့ပြီးနောက် သူတို့တွေ အစားအသောက်နှင့် အနားယူဖို့ ထွက်လာရမည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့က ဤသို့ဝန်ဆောင်မှုမျိုး ရနိုင်မည့် နေရာကို သွားရလိမ့်မည်။
ဤသို့ဖြင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ထိုဝန်ဆောင်မှုအားလုံး စီစဉ်ပေးထားခဲ့သည်။
အားလပ်ချိန်အတွင်း ဘယ်ကိုမှမသွားဘဲ ဒီနေရာတွင် အနားယူနိုင်လေသည်။
ဤအရာအားလုံးက အထွတ်အမြတ်မြေအတွက် ဝင်ငွေများ ဖြစ်၏။
ထို့အပြင် ကူးသန်းပို့ဆောင်ရေး အစီအရင်များက အသုံးပြုဖို့ရာ ဝိညာဉ်ကျောက်တုံးများ လိုအပ်လေသည်။ ဤသည်မှာလည်း ဝင်ငွေအရင်းအမြစ်ကြီးတစ်ခု ဖြစ်၏။
ဤနေရာရှိ လူအုပ်ကြီးမှာ စိတ်ကူးမကြည့်နိုင်လောက်အောင် များပြားလွန်းလှသည်။
ခရီးသွား ဆွဲဆောင်ရေး၊ ဓာတ်ပုံနှင့် အခြားသော သီးသန့်နေရာလေးများလည်း ရှိထားသည်။ အထွတ်အမြတ်မြေက မိနစ်ပိုင်းအတွင်း ငွေကြေးအမြောက်အများ ရှာဖွေနိုင်သည်။
ဤဝန်ဆောင်မှု ဖွံ့ဖြိုးလာမှုကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေလည်း အလျှင်အမြန် တိုးတက်လာခဲ့ပြီး ပိုက်ဆံအမြောက်အများဖြင့် မက်ခါများစွာကို တည်ဆောက်နိုင်ခဲ့သလို မြို့နံရံများလည်း ဆောက်လုပ်နိုင်ခဲ့သည်။
ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်သည်။ သူက ဤရလဒ်ကို မျှော်မှန်းထားပြီးသား ဖြစ်၏။ ယခင် စစ်နတ်ဘုရား မျှော်နန်းဆောင် တည်ရှိနေကတည်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သည် စစ်နတ်ဘုရား မျှော်နန်းဆောင်မှ အကျိုးမြတ် မယူလိုခြင်းမှာ ဤဖွံ့ဖြိုးမှုများကြောင့် ဖြစ်၏။
ဝိညာဉ်ကျောက်တုံး ဝင်နှုန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ရှန်ထျန်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူ့
ဆရာကတော့ တကယ်ကို သူ့ဆရာပါပဲ …
စာအုပ်များများဖတ်တာ တကယ်ကို အကျိုးရှိတာပဲ
ထိုစဉ် အင်မတန် ကျယ်ပြောလှသည့် အငွေ့အသက်တစ်ခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအထက် ပေါ်ထွက်လာသည်။ နေရာအဖက်ဖက်မှ အံ့ဖွယ်အလင်းများ ခြုံလွှမ်းထားပြီး ကောင်းကင်အား အလင်းပေးနေသည်။
အဆုံးမဲ့ အလင်းမိုးတို့ ဖြာကျလာကာ မိုးမြေအား ဝန်းရံလိုက်သည်။ အားလုံးက မော့ကြည့်လိုက်သည့်အခါ ပုံရိပ်များစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
သူတို့အားလုံးက အံ့ဖွယ်သက်တံများ စီးနင်းလာကာ သူတို့ပုံရိပ်များက ကြော့ရှင်းခမ်းညားနေပြီး အရှိန်အဝါများလည်း အားကောင်းလှသည်။ သူတို့က လက်ရွေးစင်များ ဖြစ်မှန်း သိသာလှ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက လူများစွာ ပေါ်ထွက်လာသောကြောင့် အံ့ဩလာကြသည်။
သူတို့က မြန်မြန် ဦးညွှတ်၍ လေးလေးစားစား ပြောလိုက်ကြသည် “ မဟာအကြီးအကဲတို့ကို ဂါရဝပြုပါတယ် ”
ထိုလူများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ မဟာ အကြီးအကဲများ ဖြစ်ကြသည်။
သူတို့က စီနီယာအကျဆုံး အကြီးအကဲများ မဟုတ်သေးပေ။ သူတို့က အကြီးအကဲကြာဖြူ၊ အကြီးအကဲ ရွှေကြာ၊ အကြီးအကဲ ကြာနီနှင့် အခြားအကြီးအကဲများသာ ဖြစ်ကြသည်။
နှစ်တစ်ရာကုန်လွန်သွားပြီ ဖြစ်၍ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ရာထူးပြောင်းလဲသွားသလို သူတို့လက်ရှိမျိုးဆက် အကြီးအကဲများလည်း ဤအခွင့်အရေးဖြင့် မဟာအကြီးအကဲ ရာထူးအဖြစ် တိုးမြင့်သွားကာ သူတို့အဆင့်အတန်းမှာ တိုးတက်လာခဲ့သည်။
ထို့အပြင် သူတို့၏ လက်ရှိစွမ်းအားအရ မဟာအကြီးအကဲရာထူးနှင့် သင့်တော်ပေသည်။
အကြီးအကဲ ကြာဖြူ၊ အကြီးအကဲ ရွှေကြာ၊ အကြီးအကဲ ကြာနီနှင့် ကျန်လူများက ဝိဇ္ဇာအစစ်အမှန်အဆင့် ရောက်လာကြလေပြီ။ သို့သော် ထိုအရာက အဓိက မဟုတ်သေးပေ။
ထိုမဟာအကြီးအကဲများရှေ့တွင် လေဟာနယ်ကို ဖြတ်၍ စွမ်းအားကြီး ပုံရိပ်နှစ်ခု ရှိနေသေး၏။
တစ်ယောက်ကို မိုးကြိုးများဖြင့် လွှမ်းခြုံထားပြီး သူ့အရှိန်အဝါက ပင်လယ်ကြီးလိုမျိုး ကျယ်ပြောကာ နက်နဲလှသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မိုးကြိုး အရိပ်အယောင်တစ်ခုတည်းဖြင့် အာကာပြင်ကို ကြေမွသွားစေနိုင်သည်။
ထိုလူက လေဟာနယ်ထဲ မိုးကြိုးခြုံလွှမ်းထားသည့် စွမ်းအားကြီး ပုဂ္ဂိုလ်အလား မားမားမတ်မတ် ရပ်နေသည်။ သူက လက်တစ်ချက်အဝေ့ဖြင့် ကမ္ဘာကြီးအား အဆုံးမဲ့မိုးကြိုးများဖြင့် ဖျက်စီးပစ်နိုင်စွမ်းရှိသည်။
ထိုလူ့ဘေးတွင် ခရမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုကိုယ်တော်ကြီး ရှိပေသည်။ သူက နည်းနည်း အသက်ရွယ်ရနေဟန်ပေါ်သော်လည်း သူ့ခန္ဓာကိုယ်တွင် အဆုံးမဲ့စွမ်းအားများ ကိန်းအောင်းနေသည်။
သူ့စွမ်းအား ထွက်ပေါ်လာသည်နှင့် ကမ္ဘာမြေကိုပင် ဇောက်ထိုးမှောက်ခုံ လုပ်ပစ်နိုင်လောက်သည်။
…………...
ထိုလူနှစ်ယောက်ကို မြင်ပြီး အားလုံး၏ အကြည့်တို့၌ လေးစားမှုများ ပိုမို ထင်ဟပ်လာသည်။ ထိုလူနှစ်ယောက်က ယခင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဟောင်း ကျန်းလုံယွမ်နှင့် ကြာပြာ ချူးလုံဟယ်တို့ ဖြစ်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် ဤသို့တိုးတက်လာခြင်းမှာ ဤလူနှစ်ယောက်ကြောင့် ဖြစ်၏။
ဆက်တိုက် တိုးတက်ခြင်းအားဖြင့် ဤသို့နက်နဲသော အခြေခံအုတ်မြစ်တစ်ခုနှင့် အထွတ်အမြတ်မြေ တစ်ခု ဖြစ်ပေါ်လာရသည်။
ဤသို့ဖြင့် ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့၏ ဂုဏ်သတင်းက ယခင်ဂိုဏ်းချုပ်များထက် ကျော်ကြားပေသည်။ ထိုစဉ် ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့ နှစ်ယောက်လုံး ရှန်ထျန်းရှေ့ ရောက်လာကြသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းအား ကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်လာလေသည် “ ထျန်းအာ နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
ကျန်းလုံယွမ်က ရှန်ထျန်းသည် ပြန်လည်မွေးဖွားလာသကဲ့သို့ အများကြီး ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ သူ့ရတနာထဲ တုနှိုင်းမဲ့ ရတနာတစ်မျိုး ရှိနေပုံပေါ်ပြီး သူ့အရှိန်အဝါတို့အား တိုင်းတာမရနိုင်ပုံ ထင်မှတ်ရစေသည်။
…….....
ထိုအကြောင်းကို တွေးမိပြီး ကျန်းလုံယွမ်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
နှစ်များစွာ ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့ခဲ့ရသည်မှာ အမှန်ဖြစ်နေသည်။
အကယ်၍ သူသာ ဂိုဏ်းချုပ် ဖြစ်လာရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက နယ်မြေငါးခုမှာ ထင်ရှားဖို့ ကံကြမ္မာဖန်လာပြီးသားပဲ … ဟားဟား