← Chapters

နယ်မြေငါးခုရှိ ကပ်ဘေးကြီး၊ မြောက်ပင်လယ်၏ အကျပ်အတည်း

Vol. 32 Ch. 475

နယ်မြေငါးခုရှိ ကပ်ဘေးကြီး၊ မြောက်ပင်လယ်၏ အကျပ်အတည်း

Vol. 32 Ch. 475

အခန်း (၄၇၅)  :  နယ်မြေငါးခုရှိ ကပ်ဘေးကြီး၊ မြောက်ပင်လယ်၏ အကျပ်အတည်း

ဂိုဏ်းချုပ်စံအိမ်တစ်ခုလုံး မိုးကြိုးလျှပ်စီးများ ပြိုးပြိုးပျက်ပျက် လင်းလက်နေပြီး အသံများကလည်း နားကွဲမတတ် ဆူညံလှသည်။

၈၁ ရက်ကြာ သေချာပျိုးထောင်ပေးပြီးနောက် နဂိုအရည်၏ အညစ်အကြေးအားလုံးကို ဖယ်ထုတ်ပြီးသွားလေပြီ။ တလက်လက် တောက်ပနေသည့် အရည်က ဒီရေအလား စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

ရှန်ထျန်းက လက်ဝေ့ကာ ရှုပ်ထွေးပွေလီ မီးလျှံအစစ်ကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းထားလိုက်သည်။

ထို့နောက် သူက လက်ဟန်တချို့ ထုတ်ဖော်ကာ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးများကို မိုးကြိုးတူအဖြစ် ဖွဲ့စည်းလိုက်ပြီး မိုးကြိုးဧကရာဇ် အလံများကို ထုရိုက်လိုက်သည်။

ချွမ် ချွမ် ချွမ်

နေရာအနှံ့ မီးပွားများ လွှင့်စင်နေသည်။

နတ်မိုးကြိုးတူအောက်တွင် မိုးကြိုးဧကရာဇ်အလံများက ဆက်တိုက် ပုံသဏ္ဌာန်ပြောင်းလဲလာပြီး နဂိုပုံစံနှင့် တူလာသည်။ ရှုပ်ထွေးပွေလီ မီးလျှံအစစ်ကို သိမ်းထားလိုက်ပြီဖြစ်၍ အပူချိန်လည်း ရုတ်ချည်း လျော့ကျသွားသည်။ အရည်က  ပုံသဏ္ဌာန် ဆက်လက် ဖြစ်တည်လာသည်။

ဂိုဏ်းချုပ်စံအိမ်မှ အဆုံးမဲ့ အံ့ဖွယ်အလင်းများ ထွက်ပေါ်လျက်ရှိသည်။ အလင်းတန်းများက နေမင်းကဲ့သို့ တောက်ပလွန်းပြီး မျက်စိစူးကာ ခမ်းနားလွန်းလှသည်။

ဖိအားလှိုင်းများ တစ်ခုပြီး တစ်ခု တက်လာပြီးနောက် အတိုင်းအထက်အလွန် စွမ်းအားက ကမ္ဘာကို လွှမ်းခြုံသွားလေသည်။

အံ့ဖွယ်နေမင်း မီးပြင်းဖိုအတွင်းပိုင်းတွင် ဖြစ်ရပ်ဆန်းများ ဖြစ်လာသည်။

မိုးကြိုးသားရဲဆယ်ကောင်၏ ပုံရိပ်သဏ္ဌာန်က ဟိန်းဟောက်နေကြပြီး မိုးမြေကိုပင် တုန်လှုပ်သွားနိုင်သည့် စွမ်းအားမျိုး ထွက်ပေါ်လာသည်။ အဆုံးမဲ့ မိုးကြိုးအလင်းတန်းများ ထွက်လာကာ မီးပန်းများ တလက်လက် ပေါက်ကွဲထွက်နေသကဲ့သို့ အရောင်စုံလှသည်။

မိုးကြိုးဓာတ်မျိုးစုံ စုံသွားလေပြီ။ သူတို့က တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး ကြောက်မက်ဖွယ် အငွေ့အသက်တို့ ထုတ်လွှင့်နေကြသည်။ ထို့နောက် စွမ်းအားက ရုတ်ချည်း ပျောက်ကွယ်သွားကာ မိုးကြိုးဧကရာဇ် အစီအရင်အလံထဲ ဝင်ရောက်သွားသည်။

အစီအရင် အလံခြောက်ခုက အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ ထွက်ပေါ်လာသည်။ အလံတစ်ခုချင်းစီတွင် အံ့ဖွယ်အလင်းများ ဝန်းရံထားပြီး အမျိုးမျိုးသော အံ့ဖွယ်သင်္ကေတများက မျက်နှာအပြင်အထက် စီးဆင်းနေသည်။

အားကောင်းသည့် ဖိအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး အားပြင်းလှသည်။ ထိုအရာများက ရှန်ထျန်း ထုဆစ်ထားသည့် အစီအရင်အလံ ခြောက်ခု ဖြစ်သည်။ ထို့အပြင် သူတို့ဆီမှ နတ်ဧကရာဇ်တပိုင်းအဆင့် ဖိအားမျိုး ထွက်ပေါ်နေလေသည်။

ရှန်ထျန်းက ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။

ဒီလက်နက်ဖန်တီးခြင်းက အောင်မြင်သွားပုံပဲ …

ထိုအလံများက နဂိုအံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများနှင့် အတော်လေး ဆင်တူပေသည်။ သူတို့ကို အတူတကွ ပေါင်းစပ်နိုင်သေး၏။ တခြားနည်းဖြင့်ဆိုရလျှင် သူ ဖန်တီးထားသော အလံများက နဂိုအလံများနှင့် အပြည့်အဝ သဟဇာတဖြစ်ကာ ကိုက်ညီနေသည်။

အကယ်၍ သူတို့နှစ်ခုသာ ပေါင်းစပ်လိုက်လျှင် ယခင်ကလိုမျိုး လက်နက် ဖြစ်လာနိုင်သည်။

“ငါလေးက နတ်ဧကရာဇ်လက်နက်ကို‌တောင် ပြန်ပြင်နိုင်တယ်ဆိုတော့ ဉာဏ်ကြီးရှင်ပဲ ”

ရှန်ထျန်းက သူ ဖန်တီးထားသော လက်နက်မှာ နဂိုထက် ပိုအားကာင်းနေကြောင်း သိသွား၍ ကျေနပ်နေမိသည်။

အကြောင်းမှာ အလံများတွင် ရှုပ်ထွေးပွေလီ မီးလျှံအစစ်၊ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးတို့ဖြင့် သန့်စင်ထားပေသည်။ သူတို့က ယခုအခါ ရှေးဦး ရှုပ်ထွေးပွေလီ သဘောသဘာဝ အရိပ်အယောင် ကိန်းအောင်းနေပြီ ဖြစ်၏။

အလံတိုင်းက ဓာတ်နှောနတ်မိုးကြိုးထက် ဆယ်ဆမက အားကောင်းသည့် ရှုပ်ထွေးပွေလီ နတ်မိုးကြိုးကို ထုတ်လွှင့်နိုင်ကြသည်။

……………….....

ထိုအကြောင်းကို တွေးမိပြီး ရှန်ထျန်းက နဂိုအလံများကို ထပ်ကာ သန့်စင်လိုက်သည်။  နဂိုမိုးကြိုးဧကရာဇ် အလံများက တောက်ပလာပြီး စည်းမျဉ်များ ဝန်းရံလာသည်။ မြောက်များစွာသော ငွေရောင်အမှတ်အသားများလည်း ပေါ်လာသည်။

သူတို့အရည်အသွေးများလည်း ပြောင်းလဲလာကာ စွမ်းအားလည်း ယခင်ထက် များစွာ တိုးပွားလာသည်။

ရှန်ထျန်းက ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ ပြုံးမိသွားသည်။

ရှန်ထျန်းက လက်ဝေ့ယမ်းလိုက်သည့်အခါ မိုးကြိုးဧကရာဇ် အလံ ၁၁ ခုက သူ့လက်ထဲ ရောက်ရှိလာသည်။ ထိုအရာမှ ချက်ချင်းဆိုသလို နတ်ဧကရာဇ်စွမ်းအားများ ပြည့်ဝလာပြီး အရှိန်အဝါကောင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုဖိအားကို ခံစားမိလိုက်သည့်အခါ လူတစ်ယောက်၏ စိတ်နှလုံးသားကို တုန်လှုပ်လာစေနိုင်လောက်၏။ ယခုအချိန်အထိ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ် အလံများသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး နဂိုစွမ်းအားထက် ကျော်လွန်သွားလေပြီ။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများသည် အလင်းများဖြင့် တောက်ပလျက်ရှိနေပြီး ကမ္ဘာကို ဖျက်စီးပစ်နိုင်သည့် စွမ်းအားများ ကိန်းအောင်းနေသည်။

ထိုအရာ ပေါက်ကွဲထွက်လာသည်နှင့် နေ၊ လနှင့် ကြယ်တာရာတို့ပင် ကြေမွပျက်စီးသွားနိုင်ပြီး ကမ္ဘာကြီးပင် ဖျက်စီးပစ်နိုင်သည်။

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အမွေအနှစ် နတ်ဧကရာဇ်လက်နက်ဆိုတဲ့အတိုင်း အံ့လောက်ဖွယ်ရာပဲ ”

ရှန်ထျန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ မိုးကြိုးဧကရာဇ်အလံများအပေါ် နားလည်သဘောပေါက်ထားမှုအရ သူ့အနေနှင့် ဤလက်နက်ဖြင့် နတ်ဧကရာဇ်တပိုင်းအဆင့်ကိုပင် အလွယ်လေး သတ်ပစ်နိုင်သည်။

အကယ်၍ မိုးကြိုးဧကရာဇ်အလံများကို အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးအစီအရင်ခင်းကျင်းဖို့ အသုံးပြုလိုက်လျှင် ထာဝရ မိစ္ဆာဝိညာဉ်ပင် အတင်းနောက်ဆုတ်သွားရမည်။

ဤသည်မှာလည်း မည်သူ အသက်သွင်းလဲပေါ် မူတည်နေသေး၏။

အကယ်၍ နတ်ဧကရာဇ်တစ်ယောက်က ထိန်းချုပ်ထားလျှင် အဆင့်တူ နတ်ဧကရာဇ်ကို သတ်ဖို့ရာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ ပြောရမည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများသည် အထွတ်အထိပ် အသုံးအဆောင်တစ်ခု ဖြစ်၏။

………..

ဂိုဏ်းချုပ်တောင်ထိပ်၌ …

သူ့ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်နေသည့် ကျန်းလုံယွမ်က လျှောက်လှမ်းလာလေသည်။  ဂိုဏ်းချုပ်တောင်ထိပ်မှ အရှိန်အဝါဖိအားတစ်ခုကို ခံစားမိပြီးနောက် သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားမိသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အဟောင်းတစ်ယောက်အနေနှင့် သူက ဤအရှိန်အဝါကို မည်သို့ မသိဘဲနေမည်နည်း။

နတ်ဧကရာဇ်အရှိန်အဝါ ထုတ်လွှင့်နေသည်မှာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ် အလံများ ဖြစ်ကြောင်း သိသာလှသည်။

နတ်ဧကရာဇ်အသုံးအဆောင်တစ်ခုတည်းကသာ ဤသို့ဖိအားမျိုး ထုတ်လွှင့်နိုင်လိမ့်မည်။

ထျန်းအာက မိုးကြိုးဧကရာဇ်အလံကို တကယ်ကြီး ပြန်လည် ပြုပြင်နိုင်ခဲ့တာလား။

ထိုအတွေးဖြင့် ကျင့်ကြံရေးကြောင့် စိတ်ခံစားချက်များ ဖြတ်တောက်ထားခဲ့သည့် ကျန်းလုံယွမ်ပင် မနေနိုင်ဘဲ စိတ်လှုပ်ရှားလာမိသည်။

သူက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများ ပြန်လည် ပြုပြင်နိုင်ဖို့ရာ မျှော်လင့်ချက်များများစားစား မရှိချေ။ ပြောရလျှင် ခက်ခဲမှုက တိုင်းတာမရနိုင်ပေ။

ကျန်းလုံယွမ်က ရှန်ထျန်း၏ ကောင်းလွန်းသော ကံကြမ္မာဖြင့် တစ်ရက်ကျ ပြန်လည်ပြုပြင်နိုင်မည့် အခွင့်အရေးရဖို့သာ မျှော်လင့်ထားမိသည်။ သို့သော်လည်း ထိုနေ့ရက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းလုံယွမ်က ရှန်ထျန်းဆီ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံ ပေးထားသည်မှာ သုံးလပင် မပြည့်သေးပေ။ သုံးလအတွင်း ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဘိုးဘေးများ နှစ်တစ်သောင်းကြာသည့်တိုင် မလုပ်နိုင်ခဲ့သည့်အရာကို ပြီးမြောက်ခဲ့သည်။

ကျန်းလုံယွမ်က မည်သို့မအံ့ဩဘဲ နေမည်နည်း။

သူက ဂိုဏ်းချုပ် စံအိမ်ကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

ငါ ထျန်းအာရဲ့ အရည်အချင်းကို လျော့တွက်မိသွားတာပဲ …

ထျန်းအာသာရှိနေရင် ငါတို့အထွတ်အမြတ်မြေတော့ ပြိုင်ဖက်ကင်း ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသားပဲ …

ဟိုမိစ္ဆာကောင်တွေတော့ ပြဿနာလှလှတွေ့တော့မယ် … သူနဲ့ ရင်ဆိုင်ရမဲ့ အကျိုးဆက်က တွေ့ကြည့်ရုံနဲ့တင် ကြောက်စရာကောင်းနေပြီ … ဟားဟား

...............

ရှန်ထျန်းက သူ့ပစ္စည်းများကို သိမ်းဆည်းရှင်းလင်းပြီးနောက် ဂိုဏ်းချုပ်စံအိမ်မှ ထွက်လာလိုက်သည်။ သူ ထွက်လာလိုက်သည်နှင့် မနီးမဝေးတွင် ကျန်းလုံယွမ်ကို မြင်လိုက်ရသည်။

ရှန်ထျန်းက အပြုံးလေးဖြင့် လျှောက်လာလိုက်ပြီး  “ ဆရာ … ကျွန်တော် မိုးကြိုးဧကရာဇ်အလံကို ပြန်ပြင်ပြီးသွားပြီ ”

သူ့စကားအဆုံးတွင် မိုးကြိုးဧကရာဇ်အလံများကို ထုတ်ပြလိုက်သည်။ အလံ ၁၁ ခု ထွက်ပေါ်လာပြီး အံ့ဖွယ်အလင်းများ လွှမ်းခြုံသွားလေသည်။

ဖိအားပြင်းပြင်းတစ်ခု ကျရောက်လာပြီး မိုးမြေကို ဖုံးလွှမ်းသွားသည်။ ထိုစွမ်းအားက အင်မတန် ကြောက်ဖို့ကောင်းလှ၏။

“ ကောင်းတယ်။ အရမ်းကောင်းတယ်။ ထျန်းအာက တကယ်ကို ကောင်းကင်တာအိုရဲ့ သားတော်ပဲ။ မင်းက အရင်မျိုးဆက်တွေ နှစ်တစ်သောင်းလောက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာကိုတောင် မြန်မြန် ဖြေရှင်းနိုင်ခဲ့တာပဲ ”

ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါတို့က အနည်းငယ် လှုပ်ခတ်လာကာ သူ့စိတ်ထဲ ကျေနပ်အားရမှုအပြည့် ဖြစ်နေမိသည်။

ရှန်ထျန်းက နှိမ့်ချစွာ ပြောလိုက်သည် “ဆရာက ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်က ကံကောင်းသွားရုံပါ။ ဒါပေမဲ့ ဆရာ … ဒီမိုးကြိုးဧကရာဇ်အလံတွေရဲ့ စွမ်းအားကို ဘယ်လိုထင်လဲ ”

ကျန်းလုံယွမ်၏ အကြည့်တို့က မိုးကြိုးဧကရာဇ်အလံများဆီ ကျရောက်လာသည်။ သူက မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

အကြောင်းမှာ သူက မိုးကြိုးဧကရာဇ် အစီအရင်အလံများအနက် အဓိကအလံနှင့် နဂို အကူအလံလေးခုတို့ကလည်း ပြောင်းလဲမှုအကြီးကြီး ဖြတ်ကျော်ကာ နဂိုစွမ်းအားထက် ကျော်လွန်သွားကြလေပြီ။

အပိုအကူအလံခြောက်ခုပါ ထည့်တွက်လိုက်လျှင် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများ၏ အရှိန်အဝါက ပိုမို ကြောက်ဖို့ကောင်းလာသည်။

ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါတို့က အပြင်းအထန် လှုပ်ခတ်လာကာ  “ ဒီအလံတွေရဲ့ စွမ်းအားက အရင်ထက် ကျော်လွန်သွားပြီ။ တကယ်လို့သာ အသုံးပြုလိုက်ရင် ထာဝရအရှင်ကိုတောင် သတ်နိုင်လောက်တယ် ”

ဤသည်မှာ စနောက်နေခြင်း မဟုတ်ပေ။

နတ်ဧကရာဇ် အသုံးအဆောင် စွမ်းအားက ကြောက်ဖို့ကောင်းလှပြီး စိတ်ကူးကြည့်၍ ရသည့်အရာ မဟုတ်ပေ။ ထို့အပြင် ကျန်းလုံယွမ်က ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သူ ကျင့်ကြံထားသော အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများနှင့် ကိုက်ညီလှသည်။

သူ့လက်ရှိအင်အားအရ သူက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို အသုံးပြုပြီး အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးအစီအရင်ကို ခင်းကျင်းနိုင်လေသည်။

ထာဝရအရှင်ကို သတ်ဖို့ရာပင် မခက်ခဲပေ။ တကယ်တော့ ကျန်းလုံယွမ်၏ စကားက နှိမ့်ချထားခြင်း ဖြစ်၏။

……….....

ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာသည်။ သူက မိုးကြိုးဧကရာဇ်အလံများကို ကျန်းလုံယွမ်ဆီ ပေးလိုက်ပြီး  “အဲဆို ဒီအလံတွေကို ဆရာ ထိန်းချုပ်သင့်တယ်။ အဲဒီအခါကျ ဆရာ မိုးကြိုးဧကရာဇ်အလံတွေရဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်မှာ ”

ရှန်ထျန်း၏ စကားများကိုကြားကာ ကျန်းလုံယွမ်တစ်ယောက် ကျောက်ရုပ်နီးပါး ဖြစ်သွားလေသည်  “ ထျန်းအာ ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဂိုဏ်းချုပ်က မိုးကြိုးဧကရာဇ်အလံတွေကို ထိန်းချုပ်သင့်တာလေ။ ပြီးတော့ ဒါတွေကို ပြင်လိုက်တာလည်း မင်းပဲလေ။ ဆရာဆီ ဘယ်လိုလုပ် ပြန်ပေးနေတာလဲ ”

ကျန်းလုံယွမ်က ရှန်ထျန်းသည် မိုးကြိုးဧကရာဇ်အလံများကို သူ့ဆီ ပြန်ပေးလိမ့်မည်ဟု မထင်ထားပေ။

ဤသို့မျိုး အထွတ်အထိပ်လက်နက်မျိုးကို မည်သူကများ ပေးပစ်နိုင်မည်နည်း။

ကိုယ့်ဘာသာ သိမ်းထားတာ ပိုမကောင်းဘူးလား။

“ဆရာ … ကျွန်တော်တို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေလေ။ ဘယ်သူသုံးတယ်ဆိုတာ ကိစ္စမရှိပါဘူး။ ပြီးတော့ ဆရာ ထိန်းချုပ်ထားတော့ အထွတ်အမြတ်မြေကို ပိုပြီး ကောင်းကာင်း ကာကွယ်နိုင်တာပေါ့ ”

ရှန်ထျန်းက အခိုင်အမာ ပြောလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများက အထွတ်အထိပ် လက်နက် ဖြစ်ကာ အင်မတန် အဖိုးတန်သော်လည်း ရှန်ထျန်းက စိတ်ထဲ မထားဘဲ ကျန်းလုံယွမ်ဆီ ပြန်ပေးလိုက်ဖို့ ရွေးချယ်ခဲ့သည်။

အကြောင်းမှာ သူ့ဆီတွင် ရတနာမြောက်များစွာ ရှိနေပြီး အပြည့်အဝ ဖူလုံနေ၍ ဖြစ်သည်။

ဥပမာအားဖြင့် အံ့ဖွယ်နေမင်း မီးပြင်းဖို၊ ဟွမ်ထျန်းစစ်တုရင်ခုံနှင့် စစ်နတ်ဘုရား မျှော်နန်းဆောင်တို့ ဖြစ်ကြသည်။ နောက်နှစ်ခုက မိုးကြိုးဧကရာဇ်အလံများထက် ပိုအားကောင်းနေသေးသည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများ၏ အားအကောင်းဆုံး စွမ်းရည်ကို အစီအရင်များ ခင်းကျင်း၍သာ ထုတ်ဖော်နိုင်လေသည်။ ပြောရလျှင် ကာကွယ်ရေး တိုက်ပွဲများအတွက် ပိုသင့်တော်သည်။

အစီအရင်အားဖြင့် ပြောရလျှင် ရှန်ထျန်းက ပိုအားကောင်းသည့် ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ထိန်းချုပ်နိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများက သူ့အတွက် အရေးသိပ်မပါပေ။ ထို့ကြောင့် သူက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို ကျန်းလုံယွမ်ဆီ အပ်လိုက်ခြင်း ဖြစ်၏။ ဤနည်းဖြင့် သူက အထွတ်အမြတ်မြေကို ကာကွယ်ပေးနိုင်လိမ့်မည်။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ထာဝရမနေနိုင်ပေ။

သူ အပြင်ရောက်နေစဉ် ကျန်းလုံယွမ်သာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်များကို သေချာပဲ့ကိုင်နိုင်လျှင် ဤအထွတ်အမြတ်မြေအား ပို၍ ကာကွယ်ပေးနိုင်လိမ့်မည်။

……………....

ကျန်းလုံယွမ်က ဘာမှမပြောတော့ပေ။ သူက ရှန်ထျန်းသည် အများကြီးတွေးထားပြီးသား ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူက သတိပေးလိုက်သေး၏  “ ထျန်းအာ တကယ်လို့ ငါ့ဆီ မိုးကြိုးဧကရာဇ်အလံတွေပေးလိုက်ရင် မင်းဆီမှာ ကိုယ့်ဘာသာ ကာကွယ်ပေးဖို့ ဘာမှမရှိဘဲ နေမှာပေါ့ ”

ရှန်ထျန်းက အပြုံးလေးဖြင့် ခေါင်းခါကာ  “ဆရာ … ကျွန်တော်ဆီမှာ ရတနာအများကြီး ရှိပါသေးတယ်။ ဒီမှာကြည့်ကြည့် ”

ရှန်ထျန်းက စစ်တုရင်နယ်ရုပ်တစ်ခု ထုတ်ကာ အနီးအနားရှိ တောင်ဆီ ပစ်ပေါက်လိုက်သည်။ ထိုစဉ် စစ်တုရင်နယ်ရုပ်က ကြယ်ကြွေကျလာသည့်အလား  မဟူရာအလင်းတန်း အသွင်ပြောင်းလဲသွားသည်။

ဝုန်း …

ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်။

ပေထောင်ချီ မြင့်မားသည့် တောင်က ချက်ချင်းဆိုသလို ဗလာနတ္ထိအဖြစ် ပေါက်ကွဲထွက်သွားသည်။

လေထဲတွင် ဖုန်မှုန့်များ အလိမ်းလိမ်းထနေပြီး ကျောက်တုံး တစ်တုံးပင် မမြင်ရတော့ပေ။ အရာအားလုံးက ထိုနယ်ရုပ်အောက်တွင် အမှုန့်ဖြစ်သွားရ၏။

ကျန်းလုံယွမ်၏ အကြည့်တို့ လေးနက်လာသည်။ သူက ဤစစ်တုရင်နယ်ရုပ်သည် အလွန်အားကောင်းပြီး နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်နှင့် ယှဉ်နိုင်ကြောင်း ခံစားမိလိုက်သည်။

သို့သော်လည်း စွမ်းအားအရ မိုးကြိုးဧကရာဇ်အလံထက် နိမ့်ကျနေသေး၏။

ရှန်ထျန်းက ကျန်းလုံယွမ်၏ အတွေးများကို သိနေသည့်အလား ပြောလိုက်သည်  “ဆရာ … ကျွန်တော်ဆီမှာ အဲလိုစစ်တုရင်နယ်ရုပ် တစ်သောင်းလောက် ရှိတယ် ”

ကျန်းလုံယွမ် “ … ”

စစ်တုရင်နယ်ရုပ် တစ်ခုက ဤမျှကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားလေရာ အခုတစ်သောင်းဆိုလျှင် …

သူသာ အားလုံးကို ထုတ်လွှင့်လိုက်ပါက ကမ္ဘာကြီးကိုပင် ဖျက်စီးပစ်နိုင်သည် မဟုတ်ပါလော။

ဟူး … အရမ်းပုံကြီးချဲ့သလို ဖြစ်သွားပြီ …

ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါတို့က ပြိုလဲမတတ် အပြင်းအထန် လှုပ်ခတ်သွားသည်။

သူကိုယ်တိုင်ကသာ လူပြက်တစ်ယောက် ဖြစ်နေကြောင်း မည်သူကများ တွေးမိမည်နည်း။

ငါ အတွေးလွန်နေပြီ … ထျန်းအာမှာ ရတနာအများကြီး ရှိမှာပဲလေ။ သူက မိုးကြိုးဧကရာဇ်အလံကို ဘယ်လိုလုပ် လိုမှာလဲ

ထျန်းအာက တကယ်ကို ကံကြမ္မာသားတော်ပဲ

သူ့လက်ထဲမှာ အထွတ်အမြတ်မြေကို ထားခဲ့ရင် ငါတော့ စိတ်အေးရပြီ …

...............

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွင်း အချက်ပေးသံ မြည်လာသည်။

နားကွဲမတတ် အသံက ထပ်ကာ ထပ်ကာ ထွက်ပေါ်နေသောကြောင့် အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

“ ဘာတွေဖြစ်နေတာလဲ … အခု ဘာဖြစ်နေတာလဲ ”

“နယ်မြေငါးခုရဲ့ သတင်းပို့ အမှတ်အသားပြားတွေက ဘာလို့ မြည်လာတာလဲ။ မိစ္ဆာဝိညာဉ်မျိုးနွယ် ထပ်တိုက်ပြန်ပြီလား။ ဒီတစ်ခေါက် ဘယ်အပိုင်း အတိုက်ခံရတာလဲ ”

အားလုံးက တုန်လှုပ်ကာ ရုတ်ရုတ်သည်းသည်း ဖြစ်လာကြသည်။

နယ်မြေငါးခု သတင်းပို့ အမှတ်အသားပြားက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ အဆင့်မြင့် ကျင့်ကြံသူများ ချန်ထားခဲ့သည့်အရာ ဖြစ်ပြီး နယ်မြေငါးခုမှ အင်အားကြီး အင်အားစုများကို ဆက်သွယ်ပေးနိုင်သည်။

အကယ်၍ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလျှင် သူတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ဆီ ချက်ချင်း လှမ်းအကြောင်းကြားကာ တပ်ကူတောင်းနိုင်လိမ့်မည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အနီးဆုံးရှိ အင်အားစုကို လှမ်းဆက်သွယ်ကာ အကူအညီပေးဖို့ ချက်ချင်း စီမံပေးလိမ့်မည်။

တစ်ဖက်တွင် ဒုက္ခရောက်နေပါက ကျန်အားလုံးက ဝိုင်းကူညီကြလိမ့်မည်သာ ဖြစ်၏။

နယ်မြေငါးခု သတင်းပို့ အမှတ်အသားပြားက နယ်မြေငါးခု၏ အင်အားစုများကို အတူတကွ စုစည်းပေးထားသည့်အရာ ဖြစ်သည်။ သို့သော် လတ်တလောအတွင်း တချို့သော အင်အားစုသာ နယ်မြေငါးခု သတင်းပို့ အမှတ်အသားပြားကို အသုံးပြုကြသည်။

ပြင်ပလောကတွင် မိစ္ဆာဝိညာဉ်များ သောင်းကြမ်းနေကြသော်လည်း တချို့ကသာ နယ်မြေငါးခု၏ အင်အားစုများကို ကြီးကြီးမားမား တိုက်ခိုက်ရဲကြသည်။

ထိုအချိန်အတွင်း အားလုံးက ငြိမ်းချမ်းနေခဲ့၏။

အားလုံးက သူတို့အုတ်မြစ်ကို အခြေခိုင်အောင် လုပ်ကာ တိုးတက်အောင် လုပ်မည်ဟု တွေးလိုက်သည့်အချိန် မိစ္ဆာဝိညာဉ်မျိုးနွယ်က စတင် သောင်းကြမ်းလာပြန်သည်။ နယ်မြေငါးခု သတင်းပို့ အမှတ်အသားပြားက ရုတ်တရက် မြည်လာသောကြောင့် တစ်စုံတစ်ခု ဖြစ်သွားသည်သာ ဖြစ်ရမည်။

ရှန်ထျန်းနှင့် ကျန်းလုံယွမ်တို့ နှစ်ယောက်လုံး တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ချက်ချင်း အပြေးအလွှား ထွက်သွားလိုက်ကြသည်။

…………...

သိပ်မကြာခင် နှစ်ယောက်လုံး အမှတ်အသားပြား နေရာသို့ ရောက်လာကြသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ အခြားအကြီးအကဲအားလုံးလည်း အပြေးအလွှား ရောက်လာကြ၏။

သူတို့အားလုံး၏ အမူအယာများက ပြဿနာနှင့် ရင်ဆိုင်နေရသည့်အလား လေးနက်နေကြသည်။

“ ဘာဖြစ်တာလဲ ”

ရှန်ထျန်းနှင့် ကျန်းလုံယွမ်တို့က ရှေ့တိုးလာကာ အခြေအနေကို မေးမြန်းလိုက်သည်။

“ ဂိုဏ်းချုပ်နဲ့ အကြီးအကဲလုံယွမ်ကို ဂါရဝပြုပါတယ် ”

သူတို့နှစ်ယောက်ကို မြင်ပြီး ဘေးပတ်လည်ရှိ အကြီးအကဲများက ဦးညွှတ်လိုက်ကြသည်။

အကြီးအကဲကြာဖြူက လျှောက်လှမ်းလာကာ အသက်ပြင်းပြင်းရှုလိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်  “ ဂိုဏ်းချုပ်၊ အစ်ကိုလုံယွမ် … ကျွန်မတို့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကနေ အကြောင်းကြားစာ ရောက်လာတယ်။ နယ်မြေငါးခုရဲ့ ဒေသတော်တော်များများမှာ ပြင်ပလောကနဲ့ ဆက်စပ်နေတဲ့ အာကာပြင် အပေါက်ကြီးတွေ ပေါ်လာတယ်။

အဲကနေ ပြင်ပလောကက မိစ္ဆာဝိညာဉ်အများကြီး ဝင်ရောက်လာပြီး ကမ္ဘာကြီးဆီ ကပ်ဘေး သယ်ဆောင်လာနေပြီ ”

ဤကိစ္စက အင်မတန် ဒုက္ခများပေသည်။

ယခင်က မိစ္ဆာဝိညာဉ်ဂိုဏ်းသည် နယ်မြေငါးခုထဲ ပရမ်းပတာ ဖြစ်လာစေသည်။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်မျိုးနွယ် နောက်ခံ ရှိနေသော်လည်း အရင်တိုက်ပွဲများ၌ မိစ္ဆာဝိညာဉ်များစွာ ဝင်မပါခဲ့ကြပေ။ နယ်မြေငါးခုအတွက် ခြိမ်းခြောက်မှုကြီး မဟုတ်ခဲ့သောကြောင့် အဓိက အင်အားစုများက ရင်ဆိုင်နိုင်သေးလေသည်။

အာကာပြင်အပေါက် ပေါ်ထွက်လာမှုကြောင့် မိစ္ဆာဝိညာဉ် တပ်မဟာက နယ်မြေငါးခုဆီ ဆက်တိုက် ဝင်ရောက်ဖို့ နည်းလမ်းတွေ့သွားကြလေပြီ။

အင်အားစုအားလုံး အန္တရာယ်ကြား ကျရောက်နေပြီ ဖြစ်၏။

ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာကာ “ အဲဒါကို ဘယ်သူမှ မတားကြဘူးလား ”

မိစ္ဆာဝိညာဉ်ဂိုဏ်းက သက်ရှိများစွာကို စတေးပြီး ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ အာကာပြင်အပေါက်များစွာ ဖွင့်ထားခဲ့ခြင်း ဖြစ်ရမည်။

သို့သော် အာကာပြင်အပေါက်များကို ဖျက်စီးနိုင်သရွေ့ ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များသည် နယ်မြေငါးခုအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။

“ ဒီတစ်ခါ မတူဘူး။ ပြင်ပလောက မိစ္ဆာဝိညာဉ်တွေက အရမ်းမောက်မာတယ်။ မဟာဝိဇ္ဇာတစ်ယောက်က အာကာပြင်အပေါက်ကို ဖျက်စီးပစ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အဆုံးသတ်ကျ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေ လက်အောက်မှာ အလွယ်တကူ အသတ်ခံလိုက်ရတယ်။

ဒီတစ်ခါ မိစ္ဆာဝိညာဉ်မျိုးနွယ်က ဒီကမ္ဘာဆီ အထွတ်အထိပ် အားကောင်းတဲ့သူတစ်ယောက်ကို ပို့လွှတ်ထားတယ်။ ပြီးတော့ ထာဝရတပိုင်းအဆင့် မိစ္ဆာဝိညာဉ်တွေလည်း အများကြီးပဲ ”

အကြီးအကဲကြာဖြူ၏ လေသံက အလွန်စိတ်ထိခိုက်နေဟန်ပေါ်သည်။ ဤသည်မှာ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ သတင်းစကား ဖြစ်သောကြောင့် အမှားမဖြစ်နိုင်ပေ။ လက်ရှိ အခြေအနေက အင်မတန် အန္တရာယ်များနေသည်။

ထာဝရတပိုင်းအဆင့် မိစ္ဆာဝိညာဉ်များက သာမန်အင်အားစုများ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တိုက်ပွဲအတွင်း အထွတ်အမြတ်မြေအသီးသီးက ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပြီး ပြန်လည် မကောင်းမွန်လာကြသေးပေ။

လက်ရှိ အထွတ်အမြတ်မြေအသီးသီး၏ အခြေအနေအရ သူတို့အနေနှင့် တိုက်ခိုက်ဖို့ရာ ဝိဇ္ဇာအစစ်အမှန် ကျင့်ကြံသူများ၊ မဟာဝိဇ္ဇာများကိုသာ စုဆောင်းနိုင်ကြသည်။ သို့သော်လည်း ထာဝရတပိုင်း နယ်ပယ်အဆင့် ကျင့်ကြံသူများက အလွန်ရှားပါးလှသည်။

ထိုအဆင့် ရောက်ရှိသည့်လူများက နတ်ဘုရားလောက တက်လှမ်းဖို့သာ ရွေးချယ်ကြသောကြောင့် နယ်မြေငါးခုအတွင်း ထိုသို့ကျင့်ကြံသူမျိုး မကျန်ရှိပေ။

ထို့အပြင် ပြင်ပလောကမှ ဆင်းသက်လာသော ထာဝရတပိုင်း မိစ္ဆာဝိညာဉ်အရေအတွက်က များပြားလှသည့်အပြင် အင်မတန်လည်း အားကောင်းလှသည်။

နယ်မြေငါးခုအင်အားစုများအတွက် ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

အကြီးအကဲကြာဖြူက ဆက်ပြောပြလိုက်သည်  “ ပြင်ပလောက မိစ္ဆာဝိညာဉ်တွေက နယ်မြေငါးခုဆီ တိုက်ခိုက်နေကြပြီ။ မိစ္ဆာဝိညာဉ်တပ်လည်း နေရာအများကြီးဆီ ဖြန့်ပြီး တိုက်ခိုက်နေကြတယ်။ အခုအချိန် အန္တရာယ်အများဆုံးနဲ့ အပြင်းထန်ဆုံးက မြောက်ပင်လယ်ပဲ။ မိစ္ဆာဝိညာဉ်များစွာက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအနား ရောက်လာပြီးတော့ ဆက်တိုက် သတ်ဖြတ်နေကြတယ်။

မြောက်ပင်လယ်က အင်အားစုတော်တော်များများလည်း ပျောက်ကွယ်သွားကြပြီ။ အဆုံးမဲ့ပင်လယ်တစ်ခုလုံး သွေးနီရောင် လွှမ်းနေပြီးတော့ နေရာတိုင်းမှာ အလောင်းတွေချည်း ဖြစ်နေပြီ။ ပြောကြတာတော့ မြောက်ပင်လယ်မှာ ပေါ်လာတဲ့ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကျင့်ကြံသူအရေအတွက်က ငါးယောက်ထက် မနည်းဘူးတဲ့ …

အရေအတွက်က ဆက်တိုးနေတုန်းပဲ။ အခုလေးတင် နဂါးနက်ကျွန်းနဲ့ မဟာလေဟာနယ်ခွန်မျိုးနွယ်က သူတို့အင်အားစုကို စုစည်းပြီးတော့ မြောက်ပင်လယ်ကို ကာကွယ်နေကြတယ်။ ဒါပေမဲ့ သူတို့လည်း အရေးနိမ့်နေပြီးတော့ ကာကွယ်ရေးက အချိန်မရွေး ကျိုးပျက်သွားနိုင်တယ် ”

ရှန်ထျန်းနှင့် ကျန်းလုံယွမ်က ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်  “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ တပ်ကူက ရောက်မလာသေးဘူးလား ”

မိစ္ဆာဝိညာဉ်တွေ ကျူးကျော်မှုက သာမန်အင်အားစုများ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ တပ်ကူများသာ ဤပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို နယ်မြေငါးခု၌ အားအကောင်းဆုံး အင်အားစုအဖြစ် လူအများက အသိအမှတ်ပြုထားကြသည်။ အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိသည့်အပြင် ထာဝရတပိုင်း တည်ရှိမှုမျိုး ပြတ်လပ်မနေပေ။

အကြီးအကဲကြာဖြူ၏ အကြည့်တို့က မှေးမှိန်သွားကာ  “ မိစ္ဆာဝိညာဉ်မျိုးနွယ်က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကိုလည်း တိုက်ခိုက်နေတာဆိုတော့ အဆင့်မြင့် ကျင့်ကြံသူတွေလည်း အကျဉ်းအကျပ်ကြား ရောက်နေကြတယ်။ တော်ဝင်အရှင်ဟွမ်ရှစ်တောင် မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ အထွတ်အထိပ် ကျင့်ကြံသူကြောင့် ဘာအကူအညီမှ မပေးနိုင်ဘူး ဖြစ်နေတယ် ”

ယခုအခါ နယ်မြေငါးခုက အန္တရာယ်ကြား ကျရောက်နေလေပြီ။

မိစ္ဆာဝိညာဉ်မျိုးနွယ်က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ အဆင့်မြင့် ကျင့်ကြံသူများကို မြောက်ပင်လယ်ဆီ သွားရောက်မကူညီနိုင်ဘဲ အချိန်ဆွဲထားဖို့ မိစ္ဆာဝိညာဉ်တပ်ကို ပို့လွှတ်ဖို့ ကြံစည်ထားပြီးသား ဖြစ်၏။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များသာ မြောက်ပင်လယ်ကို လွှမ်းမိုးသွားနိုင်သရွေ့ ထိုနေရာကို အခြေစိုက်အဖြစ် အသုံးပြုကြလိမ့်မည်။

ထိုစဉ် မြောက်ပင်လယ်၌ မိစ္ဆာဝိညာဉ်များစွာ ရှိလာပြီး ဖြည်းဖြည်းချင်းဖြင့် နယ်မြေငါးခုလုံးကို ဝါးမျိုသွားလိမ့်မည်။

သိပ်မကြာခင် မိစ္ဆာဝိညာဉ်များက မည်သူကမှ သူတို့ကို အနိုင်မယူနိုင်တော့လောက်သည့်အထိ အားကြီးလာလိမ့်မည်။ ထိုအချိန်ကျ နယ်မြေငါးခုအတွက် အဆုံးသတ် ဖြစ်သွားပေမည်။

…………....

“ အခု မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က နယ်မြေငါးခုမှာရှိတဲ့ တခြားအင်အားစုတွေဆီ မြောက်ပင်လယ်ကို တတ်နိုင်သမျှ မြန်မြန်သွားကူဖို့ လှမ်းအကြောင်းကြားထားတယ်”

အကြီးအကဲကြာဖြူက သက်ပြင်းချလိုက်မိသည်။ လက်ရှိအခြေအနေများက အင်အားစုအသီးသီးအတွက် အလွန်အန္တရာယ်များနေလေပြီ။

တချို့အင်အားစုများက မိစ္ဆာဝိညာဉ်၏ ကျူးကျော်မှု မခံရသေးလျှင်ပင် သူတို့က လက်လွတ်စပယ် အကူအညီမထောက်ပံ့ပေးရဲကြပေ။ ဤသည်မှာ အရေးအခင်းဖြစ်နေ၍ အထောက်အကူ ပြန်လာပေးဖို့ မဖြစ်နိုင်သလောက် ဖြစ်၏။

သို့သော် မြောက်ပင်လယ် မသွားလိုက်ဘဲ မြောက်ပင်လယ်သာ မိစ္ဆာဝိညာဉ်မျိုးနွယ်အောက် ကျရောက်သွားခဲ့လျှင် အကျိုးဆက်က ပြင်းထန်လွန်းသွားလိမ့်မည်။

နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ်ခွန် မျိုးနွယ်၏ အင်အားအခြေအနေအရ မိစ္ဆာဝိညာဉ် ကျူးကျော်မှုကို ကြာရှည်ခုခံနိုင်မည် မဟုတ်ပေ။

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူက ရှေ့တိုးလာကာ  “ အဲလိုဆိုရင် ကျွန်တော် သွားလိုက်မယ် ”

ရှန်ထျန်းက မြောက်ပင်လယ်တွင် ရင်းနှီးသူများစွာရှိထားပြီး အထူးသဖြင့်‌ အောင်းပင်းနှင့် ရှန်အောင်းရွှယ်တို့ ဖြစ်ကြသည်။ ဤအချက်တစ်ခုတည်းဖြင့် သူ သွားဖို့ လိုအပ်နေလေပြီ။

ရှန်ထျန်းက အမေနှင့်သမီးဖြစ်သူအား အန္တရာယ်ကြား ကျရောက်သွားမည်ကို ထိုင်ကြည့်မနေနိုင်ပေ။

အကြီးအကဲကြာဖြူက ချက်ချင်း တားလိုက်သည်  “ မဖြစ်ဘူး … အရမ်းအန္တရာယ်များလွန်းတယ်။ ထျန်းအာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ နေတာ အကောင်းဆုံးပဲ။ ငါတို့ မြောက်ပင်လယ်ကို လွှတ်ဖို့ အခြားတပ်ကူကို စီစဉ်ပေးလိုက်မယ် ”

ဤတစ်ကြိမ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်အရေအတွက်များစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့ကို ရင်ဆိုင်ဖို့ မလွယ်လှပေ။

ရှန်ထျန်းက အလွန်တရာ ပါရမီထူးကဲသော်လည်း သူက နှစ် ၁၈၀ မျှသာ ကျင့်ကြံရသေးပြီး အခြေခံအုတ်မြစ်က မနက်ရှိုင်းသေးပေ။

အကြီးအကဲကြာဖြူက ရှန်ထျန်း၏ တကယ့်တိုက်ခိုက်စွမ်းကို နားမလည်သောကြောင့် သူ့ကို အန္တရာယ်ကြား မကျရောက်စေလိုပေ။

ရှန်ထျန်းက ခေါင်းခါလိုက်ပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်  “ဆရာဒေါ်လေး … ကျွန်တော် သွားမှ ဖြစ်မယ်”

“အဲလိုဆိုရင် ငါလည်း လိုက်ခဲ့မယ် ”

ကျန်းလုံယွမ်က ဝင်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ကောင်းကင်အရှိန်အဝါများက အပြင်းအထန် လှုပ်ခတ်နေသည်။ သူက ရှန်ထျန်း၏ ဘေးကင်းမှုကို မစိုးရိမ်ပေ။ သူ့ကံကြမ္မာအရ မည်သို့ အန္တရာယ်နှင့် ကြုံတွေ့နိုင်မည်နည်း။

ထို့အပြင် ကျန်းလုံယွမ်က ရှန်ထျန်း၏ ဝှက်ဖဲကို မြင်ထားပြီးလေပြီ။ ဤမျှစစ်တုရင် နယ်ရုပ်များစွာဖြင့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်အဆင့် မဆိုထားနှင့် ထာဝရအရှင် မိစ္ဆာဝိညာဉ်များပင် သွေးထွက်သံယို ဖြစ်သွားလိမ့်မည်။

ဒါဆို ကျန်းလုံယွင်က အတူတူ သွားဖို့ အဘယ်ကြောင့် ပြောရသနည်း။ သူ့သဘောထား ဖော်ပြရန် ဖြစ်၏။

………….....

သူက ရှန်ထျန်း အန္တရာယ်မကျရောက်မှန်း သိထားသော်လည်း သူ့ဆရာတစ်ယောက်အနေနှင့် အကောင်းမြင်စေရန် ဂရုစိုက်မှုကို ပြသရမည်။ ထိုအတွေးဖြင့် ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါများက လှုပ်ခတ်နေခြင်း ဖြစ်သည်။

တကယ်ကို ငါက အရမ်းဉာဏ်ကောင်းတာပဲ … ဟားဟား

All Chapters