မြောက်ပင်လယ် သွေးစွန်းခြင်း
Vol. 32 Ch. 476
အခန်း (၄၇၆) : မြောက်ပင်လယ် သွေးစွန်းခြင်း
ကျန်းလုံယွမ်က အတူတူ လိုက်ချင်သည်ကို မြင်ကာ ရှန်ထျန်းက သူ့စိတ်ထဲ နွေးထွေးသွားမိသည်။ သူက ကျန်းလုံယွမ်သည် သူ့ကို စိတ်ပူပြီး သူ့အား ကာကွယ်ပေးချင်နေမှန်း သိပေသည်။
ရှန်ထျန်းက ပြုံးကာ “ ဆရာက အထွတ်အမြတ်မြေထဲမှာ နေသင့်တယ်လေ။ တကယ်လို့ ထင်မထားတာ တစ်ခုခု ဖြစ်ခဲ့ရင် အထွတ်အမြတ်မြေကို ကာကွယ်ပေးဖို့ လိုသေးတယ် ”
အကယ်၍ သူတို့သာ မြောက်ပင်လယ်ကို အတူတူသွားခဲ့လျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကာကွယ်ရေးက ချက်ချင်းဆိုသလို တစ်ဝက်လျော့ကျသွားလိမ့်မည်။ ထိုအချိန် မိစ္ဆာဝိညာဉ်မျိုးနွယ်သာ ကျူးကျော်လာခဲ့လျှင် ဆိုးရွားသွားပေမည်။
အကယ်၍ ကျန်းလုံယွမ်သာ မိုးကြိုးဧကရာဇ်အလံများဖြင့် အထွတ်အမြတ်မြေထဲ ကျန်ရစ်နေခဲ့လျှင် ထာဝရအရှင် မိစ္ဆာဝိညာဉ် တိုက်ခိုက်လာလျှင်ပင် ဘာမှကြောက်နေစရာ မလိုပေ။ ဤနည်းဖြင့် ရှန်ထျန်းလည်း ဘာမှနောက်ဆံမတင်းဘဲ မြောက်ပင်လယ်ဆီ သွားကူနိုင်လိမ့်မည်။
“ ဟုတ်ပြီ ဟုတ်ပြီ။ ဒီလိုဆိုရင်ရော … ငါ ထျန်းအာနဲ့ အတူတူ သွားလိုက်မယ်။ ညီလေးက အထွတ်အမြတ်မြေထဲမှာ နေပြီး စောင့်ရှောက်ထားလိုက် ”
အကြီးအကဲကြာပြာက သမာသမတ်ပုံစံဖြင့် ရှေ့တိုးလာကာ ပြောလိုက်သည်။ သို့သော်လည်း ကြာပြာတစ်ယောက် တိတ်တဆိတ် စိတ်အေးသွားသည်ကိုတော့ မည်သူကမှ မသိလိုက်ပေ။
ဟားဟား ညီလေး ညီလေးရေ ဒီတစ်ခါတော့ ငါ့ကို မနိုင်တော့ပါဘူးကွာ … တူလေးဆီကနေ ငါ့အပေါ် အကောင်းမြင်မှုကို သေချာပေါက် တိုးမြင့်ပစ်လိုက်မယ်
…………....
ကျန်းလုံယွမ်က ချူးလုံဟယ်ကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က တောင့်တင်းလာလေသည်။ သူ့ကောင်းကင်အရှိန်အဝါတို့လည်း အနည်းငယ် လှုပ်ခတ်လာ၏။
ခဏအကြာတွင် ကျန်းလုံယွမ်က ပြောလိုက်သည် “ အဲဆိုရင် အစ်ကိုကြီးလက်ထဲ ထျန်းအာကို အပ်လိုက်ပြီနော်”
ချူးလုံဟယ်က မကြာခဏ ပြဿနာရှာလေ့ရှိသော်လည်း သူ့အင်အားကား မေးခွန်းထုတ်စရာ မလိုပေ။
နယ်မြေငါးခုမှာ အားအကောင်းဆုံး ဖြစ်ခဲ့တဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အစ်ကိုကြီးက ဘယ်လိုလုပ် အားနည်းပါ့မလဲ …
ချူးလုံဟယ်က ရှန်ထျန်းအား အဖော်ပြုပေးလျှင် သူလည်း အနည်းငယ် စိတ်အေးရမည်။
ချူးလုံဟယ်က ရင်ဘတ်ပုတ်ကာ ကတိပေးလိုက်သည် “ စိတ်မပူပါနဲ့။ တူလေးနဲ့ ငါ ရှေ့ထွက်မှတော့ အဲဒီမိစ္ဆာကောင်စုတ်တွေကို ခေါင်းကွဲအောင် ရိုက်ပစ်ခဲ့မယ် ”
ဤအရေးအခင်းက ယခင်ထက် ကြီးမားသော်လည်း ချူးလုံဟယ်က စိတ်မပူပေ။ ကံကြမ္မာသားတော်ဖြစ်သည့် သူ့တူလေးတစ်ယောက်လုံး ရှိနေလေရာ သူက မည်သို့ အန္တရာယ်ကြုံနိုင်မည်နည်း။
ငါ့ကို ရတနာတွေ စောင့်နေတာပဲ ဖြစ်ရမယ် … ဒီတစ်ခါတော့ ငါ ချမ်းသာတော့မယ်
အကြီးအကဲကြာဖြူက ရှေ့ထွက်လာကာ စိုးရိမ်စွာ ပြောလိုက်သည် “ အစ်ကိုကြီး၊ ထျန်းအာ သေချာဂရုစိုက်ရမယ်နော်။ တကယ်လို့ ရင်မဆိုင်နိုင်တဲ့ ရန်သူကို တွေ့ရင် အရင်ဆုံး ကိုယ့်ဘာသာ ကာကွယ်ရမယ်။ ဘေးကင်းဖို့က အရေးကြီးဆုံးပဲ … ကျွန်မတို့ ဒီကနေ ပြန်အလာကို စောင့်နေမယ်”
ရှန်ထျန်းနှင့် ချူးလုံဟယ်ကို အချင်းချင်း ကြည့်လိုက်ကြရင်း ခေါင်းညိတ်လိုက်သည် “ အားလုံး စိတ်ချနေပါ ”
“ အချိန်မရှိတော့ဘူး။ အခု သွားကြစို့ ”
ထိုသို့ပြောလိုက်ပြီးနောက် သူတို့က မြောက်ပင်လယ်ဆီ ဦးတည်လိုက်ကြသည်။
…………..
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၌
ကောင်းကင်တစ်ခုလုံး မင်ရောင်ဖုံးလွှမ်းနေကာ မည်းမှောင်နေလေသည်။ ပင်လယ်ကျယ်ကြီးအတွင်း အော်သံများနှင့် ဆူညံနေပြီး တိုက်ပွဲအသံများ၊ သတ်ဖြတ်သံများ ပဲ့တင်ရိုက်နေသည်။
ပင်လယ်မျက်နှာပြင်အထက် အလောင်းများစွာ ပေါလောမျှောနေသည်။ ကျိုးပဲ့နေသော အရိုးများလည်း နေရာအနှံ့ ပျံကျဲနေပြီး ပင်လယ်ကြီးအား သွေးနီရောင် စွန်းထားစေသည်။
လေထုထဲ သွေးနံ့လှိုင်လှိုင်ထနေပြီး သွေးများဖြင့် ပြည့်နှက်နေသည့်အလား သက်ရှိအားလုံးကို နစ်မြှပ်ထားလေသည်။
လက်ရှိအခြေအနေမှ အကဲဖြတ်ကြည့်လျှင် ဆိုးဆိုးရွားရွား တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်း သိသာလှသည်။ တချို့အလောင်းများက ပင်လယ်မျိုးနွယ်မှ ဖြစ်ပြီး တချို့ကား မိစ္ဆာဝိညာဉ်မှ ဖြစ်ကြသည်။ အားလုံးက ဆိုးဆိုးရွားရွား သေဆုံးသွားကြလေသည်။
ကောင်းကင်ယံ၌ ဧရာမ အာကာပြင်အပေါက်ကြီးတစ်ခု ရှိနေသည်။ အနီးအနားရှိ နေရာကို မြူခိုးများဖြင့် လွှမ်းခြုံထားပြီး သဘာဝစည်းမျဉ်းများ ရှုပ်ယှက်ခတ်နေလေသည်။ အားပြင်းပြင်း အရှိန်အဝါက အင်မတန် ကြောက်ဖို့ကောင်းလှသည်။
မီးခိုးရောင် ချီစွမ်းအားသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး နေနှင့်လကိုပင် မှိန်သွားစေသည်။
လေဟာနယ် အာကာပြင်အပေါက်ထဲ ပုံရိပ်များစွာကို မှုန်ဝါးဝါး မြင်နေရသည်။ တစ်ယောက်ချင်းစီက အားကောင်းလှပြီး စိတ်နှလုံးပင် တုန်ယင်လာစေသည်။
ထိုပုံရိပ်များက မှောင်မှိုက်ကာ ဆိုးရွားသည့် အငွေ့အသက်မျိုး လွှမ်းခြုံထားကြပြီး သူတို့မျက်နှာများက ငရဲမှ တက်လာသည့် နတ်ဆိုးများအလား ကြောက်ဖို့ကောင်းလှသည်။ ထိုပုံရိပ်များက ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များ ဖြစ်ကြသည်။
အနက်ရောင်မြူရှေ့တွင် မိစ္ဆာဝိညာဉ်များစွာ ရှိနေသည်။ သူတို့အားလုံးက ထာတရတပိုင်းအဆင့် ဖိအားမျိုး ထုတ်လွှင့်နေကြပြီး မိုးမြေ၏ အတားအဆီးကို ဖြတ်ကာ အာကာပြင်အပေါက်မှ ဖောက်ထွက်ချင်လာဟန်ပေါ်နေသည်။
………….....
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း အနောက်ဘက်တွင် ပင်လယ်မျိုးနွယ်များစွာ စုဝေးနေကြသည်။ ထိုနေရာတွင် ကာကွယ်ရေး အစီအရင် ခင်းကျင်းထားပြီး ကာကွယ်ရေး ကြီးမားကာ ပင်လယ်နေရာတော်တော်များများကို ဖုံးလွှမ်းထားသည်။
နဂါးနက်များက ပင်လယ်မျက်နှာအထက် ကျယ်လောင်စွာ ဟိန်းဟောက်ကာ ခမ်းနားဖွယ်အရှိန်အဝါများ ထုတ်လွှင့်နေကြသည်။
ရေမျက်နှာပြင်အောက်တွင် လေဟာနယ်ခွန်များစွာ ရှိနေကြသည်။ သူတို့က အရွယ်အစားအားဖြင့် ကြီးမားကြသလို ကျယ်ပြောလှသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့က အချိန်မရွေး ထွက်လာတော့မည့်ပုံပေါ်နေသည်။
ဘေးပတ်ဝန်းကျင်၌ အခြားသော ရေမျိုးနွယ် ကျင့်ကြံသူများစွာ ရှိနေသေးသည်။ အားလုံးက လက်နက်များထုတ်ကာ ကိုင်ဆောင်ထားကြသည်။ သူတို့အမူအယာက လေးနက်နေပြီး နောက်တိုက်ပွဲကို စောင့်ဆိုင်းနေဟန်ပေါ်သည်။
အဖွဲ့အရှေ့တွင် စွမ်းအားကြီး ပုဂ္ဂိုလ်နှစ်ယောက် ရှိနေသည်။
သူတို့အရှိန်အဝါက ကျယ်ပြောကာ နက်ရှိုင်းလှပြီး ထိပ်တန်း ကျင့်ကြံသူတွေ ဖြစ်မှန်း သိသာလှသည်။ ထိုလူနှစ်ယောက်က နဂါးဘုရင်ဟောင်း အောင်းယဲ့နှင့် မဟာလေဟာနယ်ခွန်မျိုးနွယ်၏ ခွန်ဘုရင်ဟောင်း ခွန်ရှုတို့ ဖြစ်ကြသည်။
အာကာပြင်အပေါက် ပေါ်လာပြီး မိစ္ဆာဝိညာဉ်များ ကျူးကျော်လာသည့်အခါ မြောက်ပင်လယ်ရှိ အင်အားစုအားလုံးက အန္တရာယ်ကို ခံစားမိပြီး မည်သူမှ မထိမခိုက်ဘဲ မနေပေ။ မြောက်ပင်လယ်၏ ထိပ်သီးအင်အားစုများ ဖြစ်သည့် နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ်ခွန်မျိုးနွယ်တို့က ရှေ့ထွက်လာကာ ပင်လယ်မျိုးနွယ်များကို ဦးဆောင်ခဲ့ကြသည်။
သို့သော်လည်း ဤမျိုးဆက် နဂါးဘုရင် အောင်းဝူနှင့် မဟာလေဟာနယ် ခွန်ဘုရင် ခွန်မင်တို့က အားလုံးကို ဦးဆောင်ဖို့ မလုံလောက်သေးပေ။ ထိုအကြောင်းအရင်းကြောင့် ယခင်မျိုးဆက် ခေါင်းဆောင်ဟောင်းနှစ်ယောက်က အခြေအနေကို ဝင်ထိန်းလိုက်ရသည်။ သို့သော် သူတို့က လက်ရှိအခြေအနေကို မြင်လိုက်ရသည့်အခါ ခေါင်းကိုက်လာမိ၏။
“ လောင်ဟေး … အခု ငါတို့ဘာလုပ်ကြမလဲ။ မိစ္ဆာဝိညာဉ်မျိုးနွယ်က လူတွေအရမ်းများတယ်။ အရင်တိုက်ပွဲမှာ မြောက်ပင်လယ်မျိုးနွယ်ကြားမှာ အထိအခိုက် ပြင်းထားတာဆိုတော့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။”
ခွန်ရှု၏ အမူအယာက လေးနက်နေသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က စောစောလေးတင် ပြင်းထန်စွာ တိုက်ခိုက်ထားလေသည်။ သူတို့တပ်တွင် မိစ္ဆာဝိညာဉ်မြောက်များစွာ ပါဝင်ပြီး အဆင့်မြင့် ကျင့်ကြံသူများလည်း ပါနေသေးသည်။
မြောက်ပင်လယ် ကျင့်ကြံသူများက သူတို့ကို နောက်ဆုတ်စေဖို့ရာ တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
အကြောင်းမှာ ဤတစ်ကြိမ် ကျူးကျော်လာသူများက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အဆင့်မြင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ကောင်းကင်အသျှင်များက နေရာအနှံ့ ဖြစ်နေပြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ်များစွာလည်း ပါဝင်နေသေး၏။
ထို့အပြင် အာကာပြင်အပေါက်ထဲ ပုန်းအောင်းနေသေးသည့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော် ရှိနေသေးသည်။
ထိုထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက မြောက်ပင်လယ်၏ အင်အားစု ၉၀ ရာခိုင်နှုန်းကို အမြစ်ဖြတ်ပစ်နိုင်သည်။ ဤကမ္ဘာတွင် ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများကို အလွယ်တကူ မဝင်ရောက်နိုင်ရန် တားဆီးထားသော အကာအရံကြောင့်သာ မဟုတ်လျှင် မြောက်ပင်လယ်သည် ကျရှုံးသွားလောက်လေပြီ။ ဤနေရာသည်လည်း သင်္ချိုင်းနယ်မြေ ဖြစ်လာလိမ့်မည်။
အောင်းယဲ့၏ ခန္ဓာကိုယ်က ခွန်ရှု ပြောစကား ကြားလိုက်ရသည့်အချိန် အနည်းငယ် တုန်ယင်သွားလေသည်။
“ငါတို့တွေ မလုပ်နိုင်ရင်တောင် လုပ်ကို လုပ်ရမယ်။ ငါတို့ နောက်ဆုတ်လိုက်ရင် မြောက်ပင်လယ်အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က တပ်ကူ တတ်နိုင်သမျှ မြန်မြန် ရောက်လာပါစေပဲ မျှော်လင့်ရမယ်”
အောင်းယဲ့က သက်ပြင်းချလိုက်မိသည်။ ဤတစ်ကြိမ် သေခြင်းရှင်ခြင်း မျဉ်းလိုင်းပေါ် ရောက်နေလေပြီ။
မြောက်ပင်လယ် ကျဆုံးသွားသည်နှင့် သူတို့သာမက နယ်မြေငါးခုလုံး အန္တရာယ်ကြား ကျရောက်သွားပေမည်။ သူတို့က တပ်ကူ မြန်မြန် ရောက်လာပြီး မိစ္ဆာဝိညာဉ်များကို တိုက်ထုတ်နိုင်ဖို့သာ ဆုတောင်းနေမိသည်။ မဟုတ်လျှင် သူတို့စွမ်းအားအကုန် ထုတ်သုံးလျှင်ပင် မိစ္ဆာဝိညာဉ်တပ်ကို ခုခံဖို့ မဖြစ်နိုင်ပေ။
ခွန်ရှုအကြည့်များက မှောင်မိုက်လာကာ “ အခု မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကိုလည်း မိစ္ဆာဝိညာဉ်မျိုးနွယ်က အချိန်ဆွဲထားတယ်။ သူတို့တွေ တပ်ကူ မြန်မြန်လွတ်ပေးနိုင်မှာ မဟုတ်ဘူး။ နယ်မြေငါးခုက အခြားအင်အားစုတွေက ကူညီချင်ရင်တောင် ရေပုံးထဲက ရေစက်လေးလိုမျိုး ဖြစ်နေမှာပဲ ”
ဤနေရာတွင် ထာဝရတပိုင်းအဆင့် မိစ္ဆာဝိညာဉ်များစွာ ရှိနေလေရာ သူတို့အားလုံးက သာမန်အင်အားစုများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ်ခွန်မျိုးနွယ်တို့ အားပေါင်းလိုက်လျှင်ပင် သူတို့က နောက်ဆုတ်ခဲ့ရသေး၏။
အောင်းယဲ့က သရော်ကာ ပြောလိုက်သည် “ တစ်လှမ်းချင်းစီ သွားကြတာပေါ့။ အများဆုံး ငါ အဲဒီမိစ္ဆာကောင်တွေနဲ့ ထွက်တိုက်ရုံပဲ ”
သူတို့က ထွက်လမ်း မရှိချေ။
အကယ်၍ သူတို့သာ ဤနေရာ၌ ရှုံးနိမ့်သွားခဲ့လျှင် သူတို့က ရှေးဟောင်းနယ်မြေထဲ ပုန်းအောင်းပြီး ဘိုးဘေးများ ချန်ထားခဲ့သည့် ပစ္စည်းများကို သုံးစွဲကာ ခုခံနိုင်လေသည်။ သို့သော်လည်း ရလဒ်က အတူတူသာ ဖြစ်နေဦးမည်။ သူတို့နောက်ခံက မည်မျှနက်နဲစေကာမူ အဆုံးမဲ့ မိစ္ဆာဝိညာဉ်တပ်ကို ခုခံဖို့ မဖြစ်နိုင်ချေ။
သူတို့က သေမင်းခံတွင်းဝတွင် ရုန်းကန်နေရလေသည်။ ထို့ကြောင့် သူတို့ ဤတိုက်ပွဲကို အနိုင်ရမှ ဖြစ်မည်။
………….....
ထိုစဉ် အာကာပြင်အပေါက်ထဲမှ ကြောက်မက်ဖွယ် စွမ်းအားကြီး ထွက်ပေါ်လာသည်။
ဆိုးဆိုးရွားရွား မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာကာ အရှိန်အဝါတစ်ခုလည်း မိုးမြေတစ်ခုလုံးကို ကျူးကျော်လာချင်သည့်အလား ထွက်လာသည်။
အာကာြပင်အပေါက်ထဲမှ ညှာတာခြင်းမရှိ ရယ်သံကြီး ထွက်လာကာ “ အားလုံး တက်ကြ … ဒီနေ့ မိစ္ဆာဝိညာဉ်မျိုးနွယ်က ကမ္ဘာကို အုပ်စိုးမဲ့နေ့ပဲ ”
မိစ္ဆာဝိညာဉ်အားလုံး၏ သွေးများဆူပွက်လာကာ အော်ဟစ်လိုက်ကြသည် “ သတ်ကြ ”
“သတ် ”
“...”
မိစ္ဆာဝိညာဉ်များစွာ၏ ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ သူတို့စွမ်းအားကြီး အပြုအမူများက ကမ္ဘာမြေတုန်လုမတတ် ဖြစ်၏။
ထွက်ပေါ်လာသည့် မိစ္ဆာအရှိန်အဝါများက ပိုမို အားပြင်းလာသည်။ ကမ္ဘာအား ဖျက်စီးရန် အဆင့်သင့်ဖြစ်နေသည့် မိစ္ဆာဝိညာဉ်များကို အာကာပြင်အပေါက်ထဲမှ မြင်နေရသည်။
သူတို့က ထိုမြင်ကွင်း မြင်လိုက်သည့်အခါ အားနည်းသော ကျင့်ကြံသူများက ပျော့ခွေသွားကာ မျက်နှာများက ဖြူဖျော့သွားကြသည်။ ထိပ်တန်း ကျင့်ကြံသူများ၏ မျက်နှာလည်း ခက်ထန်သွားကာ သူတို့အကြည့်များ၌ အကြောက်တရားတချို့ ကိန်းအောင်းလာသည်။
သို့သော်လည်း တစ်ဦးတစ်လေမှ နောက်မဆုတ်ကြပေ။ သူတို့အားလုံး သတိကြီးကြီးထားထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားကြသည်။
ကာကွယ်ရေး ချိုးဖောက်ခံလိုက်ရသည်နှင့် မိစ္ဆာဝိညာဉ်မျိုးနွယ်သည် ထိုအာကာပြင်အပေါက်မှ အပြည့်အဝ ထွက်လာနိုင်တော့မည်။
ပင်လယ်မျိုးနွယ်ဝင်အားလုံးက သေခြင်းတရားကို မကြောက်ကြပေ။ သူတို့က နောက်ဆုံးအခိုက်အတန့်အထိ အလျော့မပေးကြပေ။
…………....
မိစ္ဆာဝိညာဉ်မျိုးနွယ်က နောက်ထပ် တိုက်ခိုက်တော့မည်ကို မြင်ပြီး မြောက်ပင်လယ် မျိုးနွယ်တချို့က အပြန်အလှန် ဟစ်ကြွေးလိုက်ကြသည်။
“ ညီအစ်ကိုတို့ ဒီမိစ္ဆာကောင်တွေကို ငါတို့စွမ်းအား ပြလိုက်ကြရအောင် ”
“ သူတို့အားလုံးကို သတ်ပစ် … အသက်ရှင်ရက် ထွက်သွားခွင့် မပေးနဲ့ … တိုက်ကြစို့ ”
ပင်လယ်မျိုးနွယ် ပါရမီရှင်များက ရှေ့ထွက်လာကာ အာကာပြင်အပေါက်ဆီ ချီတက်လိုက်ကြသည်။ သူတို့က အဆင်နိမ့် မိစ္ဆာဝိညာဉ်များကို သတ်ချင်နေကာ သူတို့ကို ထွက်သွားခွင့် မပြုနိုင်ပေ။
မျက်စိတစ်မှိတ်အတွင်း ပင်လယ်မျိုးနွယ် ကျင့်ကြံသူများက မိစ္ဆာဝိညာဉ်များနှင့် တိုက်ပွဲပြင်းပြင်းထန်ထန် တိုက်နေကြလေပြီ။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ရှုပ်ထွေးနေလေပြီ။ သတ်ဖြတ်သံများသာ ပဲ့တင်ရိုက်နေပြီး ကြောက်မက်ဖွယ် စွမ်းအားများ ထွက်လာကာ မြေကြီးအား တုန်လှုပ်သွားစေသည်။
ဤသည်မှာ အလွန်တရာ ဆိုးရွားလှသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်၏။ လေဟာနယ်ထဲမှ ပြုတ်ကျလာသော အလောင်းများက နေရာအနှံ့ မြင်တွေ့နေရသည်။ အလောင်းများစွာရှိနေပြီး တချို့မှာ ပင်လယ်မျိုးနွယ်မှ ဖြစ်ကာ တချို့ကား မိစ္ဆာဝိညာဉ်မှ ဖြစ်သည်။
ဤတိုက်ပွဲက ကောင်းကင်ကိုပင် အနီရောင်သမ်းသွားစေသည်။
ကောင်းကင်မှ သွေးမိုးရွာသွန်းနေပြီး ကောင်းကင်အား အနီရောင် ဆိုးပေးထားသည်။ မိစ္ဆာဝိညာဉ်တစ်ကောင်က အော်ဟစ်လိုက်ပြီး သူ့မိစ္ဆာလက် ပညာရပ်ကို အသက်သွင်းလိုက်သည့်အခါ ပင်လယ်မျိုးနွယ် အယောက်တစ်ရာကျော်အား ချက်ချင်း အသားပြား ဖြစ်သွားစေသည်။
ဝိဇ္ဇာ မိစ္ဆာဝိညာဉ်များ သတ်ဖို့ စွမ်းအားများ ထုတ်ကာ အထွတ်အထိပ် လက်နက်များ အသက်သွင်းသည့် အားကောင်းသော ကျင့်ကြံသူများလည်း ရှိနေသေးသည်။
ဤသည်မှာ ကမ္ဘာ့ကပ် တိုက်ပွဲကြီး ဖြစ်ပြီး ကြောက်စရာကောင်းလှသည်။
ကောင်းကင်အသျှင်အဆင့်အောက်ရှိ သက်ရှိအားလုံးက အမြောက်စာမျှသာ ဖြစ်၏။ ကောင်းကင်အသျှင်လိုမျိုး အဆင့်မြင့် ကျင့်ကြံသူပင် ဤတိုက်ပွဲမျိုး၌ အလွန်တရာ အားနည်းသွားလေသည်။
မြောက်ပင်လယ် မျိုးနွယ်စုအားလုံးက မိစ္ဆာဝိညာဉ်များနှင့် နှစ်ပိုင်းခွဲတိုက်ရန် အလိုလို သဘောတူညီချက် ယူထားသလို ဖြစ်နေသည်။ တစ်ဖက်မှာ ကောင်းကင်အသျှင် တိုက်ပွဲနယ်မြေ ဖြစ်ပြီး တစ်ဖက်က ဝိဇ္ဇာတိုက်ပွဲနယ်မြေ ဖြစ်သည်။
………….....
ကောင်းကင်အသျှင်တိုက်ပွဲနယ်မြေ၌ အားကောင်းသည့် ကျင့်ကြံသူများက မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်နေကြသည်။ သူတို့ကြား အလွန်တရာ အားကောင်းသည့် မြောက်ပင်လယ်၏ မင်းသားလေးပါးလည်း ပါဝင်ကြသည်။
ငွေရောင်ရေဘဝဲမျိုးနွယ်မှ သခင်းလေးပိုင်က သူ့လက်တံရှစ်ချောင်းလုံးကို ဝေ့ယမ်းကာ ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်အရေအတွက်များစွာအား ပိတ်လှောင်ချည်နှောင်ထားလေသည်။
ဝုန်း …
ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာသည်။ ထိုမိစ္ဆာဝိညာဉ်များက သွေးမြူဖြစ်သည့်အထိ အညှစ်ခံလိုက်ရသည်။
ဘေးတွင် ရွှေဂဏန်းမျိုးနွယ်၏ သခင်လေးရှဲ့က သူ့လက်မကြီး တယမ်းယမ်း လုပ်နေသည်။ တောင်များကို မြှပ်နိုင်စွမ်းရှိသည့် စွမ်းအားဖြင့် သူက ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်အုပ်စုအား အသားစိုင်အဖြစ် ခြေမွပစ်လိုက်သည်။
သတ်ဖြတ်ရေး ငါးမန်းမျိုးနွယ်မှ ငါးမန်းသခင်လေးလည်း သွေးနီရောင် ဓားမော့ကို ကိုင်ဆောင်ကာ သွေးရောင်အလင်းတန်းများစွာ ထုတ်လွှင့်နေသည်။ ထိုစဉ် ဓားမော့က လေဟာနယ်များကို ဖြတ်ခွင်းကာ ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များကို အလွယ်လေး သတ်နိုင်လိုက်သည်။
စွမ်းအားကြီး လိပ်နက်မျိုးနွယ်မှ သခင်လေးဝူက မားမားမတ်မတ်ရပ်ကာ သူ့လိပ်ခွံဖြင့် မိစ္ဆာဝိညာဉ်များကို ဝင့်ဆောင့်ကာ လေဟာနယ်ထဲ ဧရာမအပေါက်ကြီး ဖြစ်လာစေသည်။
လေးယောက်သားက စစ်နတ်ဘုရားများကဲ့သို့ စွမ်းအားကြီးလှသည်။
“ ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ စွမ်းအားလား။ ဒါပဲလား။ ငါ့အမြင်တော့ သူတို့က ငါ့ဆီက တစ်ချက်တောင် ခံနိုင်ရည် မရှိဘူး”
သခင်လေးရှဲ့က သူ့လက်မကြီးများကို ထောင်မြှောက်ကာ ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ်။ အဲဒီမိစ္ဆာဝိညာဉ်တွေက အရမ်းအားနည်းလွန်းတယ်။ ငါတို့လေးယောက်သား အတူတူ တွဲတိုက်ခိုက်ရင် သူတို့အားလုံးကို အဆုံးသတ်ပစ်ဖို့ အလွယ်လေးပဲ ”
သခင်လေးရှဲ့၏ စကားကို ကြားပြီး ကျန်သခင်လေး သုံးယောက်က မြန်မြန် ထောက်ခံလိုက်ကြသည်။ အခြားပင်လယ်မျိုးနွယ်ဝင်များက ထိုလေးယောက်စကားကို ကြားလိုက်သည့်အခါ မျက်လုံးဝေ့ကြည့်လိုက်ကြသည်။
မြောက်ပင်လယ်၏ မင်းသားလေးပါးက လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က ပါရမီရှင်များ ဖြစ်ကြပြီး ယခင်မျိုးဆက်၏ လက်ရွေးစင်များဟု ဆိုရပေမည်။ သူတို့ပါရမီက ထိပ်တန်း မဟုတ်သော်လည်း သူတို့က အတိဒုက္ခလွန် စမ်းသပ်ချက်ကို ခံယူကာ တစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာများ ဖြစ်လာကြပြီးသား ဖြစ်၏။
သို့သော်လည်း ထိုအရှက်မရှိသည့် ဝိဇ္ဇာလေးယောက်က ကောင်းကင်အသျှင်တိုက်ပွဲကြား ဝင်တိုက်ကာ အပိုစကားတွေ ပြောနေသည်။ သို့သော်လည်း မည်သူကမှ ဘာမှမပြောကြပေ။ သူတို့အားလုံးက မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်နေရသည် မဟုတ်ပါလော။
အကယ်၍ သူတို့သာ မိစ္ဆာဝိညာဉ်တစ်ကောင်ကို ပိုသတ်နိုင်လျှင် နယ်မြေငါးခုအတွက် အကျိုးဆောင်ပေးသည်ဟု ယူဆရပေမည်။
မြောက်ပင်လယ်၏ မင်းသားလေးပါးမှလွဲ၍ ပါရမီရှင်တော်တော်များများက သူတို့စွမ်းအားကုန် ထုတ်ပြနေကြသည်။
နမူနာအားဖြင့် မျိုးဆက်သစ်ထဲမှ ခွန်ပန်ကျိ ဖြစ်၏။
သူက စွမ်းအားကြီး ခွန်ပန်အဖြစ် ပြောင်းလဲကာ ပင်လယ်တစ်လျှောက် တစ်ဟုန်ထိုး သွားလာနေသည်။ သူ့လက်တစ်ချက်အဝေ့တွင် သူက ပေတစ်ထောင်ရှိသည့် အာကာပြင်ကို စုတ်ဖြဲပစ်လိုက်ပြီး မိစ္ဆာဝိညာဉ်ရာချီကို သုတ်သင်နိုင်ခဲ့သည်။
သူ့ နတ်ဆိုးအသျှင် အလယ်အလတ်အဆင့် ကျင့်ကြံဆင့်ဖြင့် သူက ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များကို သုတ်သင်ကာ သွေးချောင်းစီးစေခဲ့သည်။
တစ်ဖက်တွင် သွေးနီရောင်ဓားကို ကိုင်ဆောင်ထားသည့် ပြိုင်ဖက်ကင်း အမျိုးသမီးတစ်ယောက်ကလည်း မိစ္ဆာဝိညာဉ်မြောက်များစွာကို သတ်ဖြတ်နေသည်။
သူမလက်ထဲရှိ ဓားရှည်ကို ဆက်တိုက် ဝေ့ယမ်းနေပြီး သွေးနီရောင် ဓားအလင်းတန်းများ ထုတ်လွှင့်နေသည်။ နေမင်းကို သက်တံထိုးဖောက်သွားသလိုမျိုး မိစ္ဆာမြူနေရာတော်တော်များများ ဖယ်ရှားပစ်လိုက်နိုင်ပြီး မိစ္ဆာဝိညာဉ်များကို သွေးထွက်စေကာ သူတို့အလောင်းများအား ပျံ့ကျဲသွားစေသည်။
သူမနောက်တွ် နေမင်းသဖွယ် တောက်ပနေသည့် ရွှေရောင်အလင်းတန်းက သူမအား အပြည့်အဝ လွှမ်းခြုံပေးထားသည်။ ကောင်းကင်အသျှင် ထိပ်တန်းအဆင့် မိစ္ဆာဝိညာဉ်များပင် သူမကို နည်းနည်းလေးမျှ မထိနိုင်ပေ။
ဤအမျိုးသမီးက ရှန်အောင်းရွှယ် ဖြစ်၏။
သူမက မြောက်ပင်လယ်တွင် အရေးကြုံနေရကြောင်း သိရ၍ ချက်ချင်း ပြန်လာကာ မိစ္ဆာဝိညာဉ်များအား ခုခံပေးနေခြင်း ဖြစ်သည်။ ထျန်းကျူဓားနှင့် ရွှေနေမင်း စကြာတို့၏ အကူအညီဖြင့် ရှန်အောင်းရွှယ်၏ တိုက်ခိုက်စွမ်းရည်က ပြိုင်ဖက်ကင်းနေသည်။ ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များစွာ သူမကို ဝိုင်းထားလျှင်ပင် သူတို့က ရှုံးနိမ့်နေဆဲ ဖြစ်သည်။
သူမက ခုန်လွှားသွားလိုက်သည့်အခါ သူမဝတ်စုံဖြူလေးက တလွှင့်လွှင့် ဖြစ်သွားလေသည်။ သူမက ဝိဇ္ဇာတိုက်ပွဲနယ်မြေဘက်ထဲ ဝင်သွားလိုက်သည်။ ထိုမြင်ကွင်းကို မြင်ပြီး လူများစွာက နဂါးဇာမဏီ မိန်းမပျိုလေး၏ စွမ်းအားကြောင့် မနေနိုင်မထိုင်နိုင် သက်ပြင်းချလိုက်ကြသည်။
………...
ဝိဇ္ဇာတိုက်ပွဲနယ်မြေဘက်တွင် ပြင်းထန်သည့် တိုက်ပွဲကြီး ဖြစ်နေသည်။ အဓိက တိုက်ခိုက်နေသူများက ဤမျိုးဆက်၏ ခေါင်းဆောင် ဖြစ်သည့် မဟာလေဟာနယ် ခွန်ဘုရင် ခွန်မင် ဖြစ်သည်။ သူက ခွန်အံ့ဖွယ် ပုဆိန်လှံရှည်ကို ဝေ့ယမ်းကာ တိုက်ခိုက်နေသည်။ သူ့အရှိန်အဝါများက အားကောင်းလှသည်။
ပုဆိန်လှံရှည် အလင်းတန်းများ ထွက်လာသည့်အခါ ဝိဇ္ဇာမိစ္ဆာဝိညာဉ် သုံးယောက်သည် ခါးမှ ပြတ်သွားကာ သွေးများ ပန်းထွက်လာသည်။ စစ်ပုဆိန်လှံရှည်တွင် သွေးများ စီးနေပြီး အရှိန်အဝါက အဆုံးမဲ့ကာ ကျယ်ပြန့်လာသည်။
သူက မြောက်ပင်လယ်၏ ပြိုင်ဖက်ကင်း ပါရမီရှင် ဖြစ်ပြီး နှစ်တစ်ရာအတွင်း လေးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန် ဖြစ်လာခဲ့သည်။ ခွန်ပန် ပညာရပ်များ၊ အံ့ဖွယ်လက်နက်များ ထည့်ပေါင်းလိုက်လျှင် ခွန်မင်၏ တိုက်ခိုက်စွမ်းက အလွန်တရာ အားကောင်းလာကာ သူ့ရွယ်တူများထက် သာလွန်သွားခဲ့သည်။
သူ့ဘေးတွင် ရဲရဲဝင့်ဝင့် တိုက်ခိုက်နေသည့် လှလှပပ ပုံရိပ်လေးတစ်ခု ရှိနေသည်။ ထိုလူက အပြာရောင်ဝတ်စုံနှင့် အပြာရောင်ဆံသားပိုင်ရှင်လေး ဖြစ်၏။ သူမက သူရဲကောင်းဆန်ကာ အားပြင်းလှသည်။
သူမက နက်ပြာရောင် ဓားရှည်ကို ကိုင်ဆောင်ထားပြီး ဓားက ထက်ရှကာ မည်သည့်အားနည်းချက်မှ ရှိမနေပေ။ ထိုအရာက ရေနှင့် တာအိုကို ဖြတ်နိုင်ပြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ်များအား အလွယ်လေး သတ်ပစ်လိုက်သည်။
ဤလူက မဟာလေဟာနယ် ခွန်မျိုးနွယ်၏ မင်းသမီး ခွန်ယု ဖြစ်သည်။ သူမက လေးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန် ဖြစ်ပြီး အင်မတန် စွမ်းအားကြီးလှသည်။ နှစ်ယောက်လုံးက ပူးပေါင်းကာ တိုက်ပွဲအတွင်း ချီတက်၍ မိစ္ဆာဝိညာဉ်များစွာအား သွေးထွက်သံယို ဖြစ်စေခဲ့သည်။
မဟာလေဟာနယ် ခွန်မျိုးနွယ်တင် မကပေ။ နဂါးနက်ကျွန်းမှ ကျင့်ကြံသူများလည်း သွေးသံရဲရဲ တိုက်ပွဲကို ဆင်နွဲနေကြ၏။
အောင်းဝူက ပေသောင်းချီ ရှည်လျားသည့် နဂါးနက်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ သူ့လက်သည်းများက ထက်ရှပြီး လေဟာနယ်ကို အလွယ်တကူ ဆွဲဖြဲကာ ဝိဇ္ဇာမိစ္ဆာဝိညာဉ်များကို သတ်ပစ်နိုင်သည်။
သာမန် ဝိဇ္ဇာအစစ်အမှန်များပင် သူ့အတွက် ပြိုင်ဖက် မဟုတ်ပေ။
လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း နဂါးနက်ကျွန်း၌ ဒုတိယမြောက် အဆင့် ၉ နဂါးနက်ဖြစ်သည့် သူက အလွန်တရာ ပါရမီထူးကဲလှသည်။
အထူးသဖြင့် သူက ဤမျိုးဆက်၏ နဂါးနက်ဘုရင် ဖြစ်လာပြီးနောက် သူက မျိုးနွယ်ထဲ ပညာရှင်များ၏ သီးခြား လေ့ကျင့်ပေးမှုကို နှစ်တစ်ရာကျော် ခံခဲ့ရသည်။ နှစ်တစ်ရာကျော် ကျင့်ကြံပြီးနောက် အောင်းဝူ၏ အင်အားက ကြောက်ခမန်းလိလိ တိုးတက်လာပြီး သူ့ကျင့်ကြံဆင့်က လေးကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန် အဆင့် ရောက်သွားလေပြီ။
အမြဲလိုလို ပျင်းရိနေသည့် ဤနဂါးပေါက်လေးက နောက်ဆုံးတော့ ရင့်ကျက်လာကာ နဂါးနက်ကျွန်းအား ဦးဆောင်၍ မိစ္ဆာဝိညာဉ်များကို တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း သူတို့တိုက်ခိုက်စွမ်းက တိုက်ပွဲအပေါ် များစွာ သက်ရောက်မှု မရှိပေ။
ဤတိုက်ပွဲ၌ အင်အားစုများစွာ ပါဝင်လာကြသည်။ ဝိဇ္ဇာအစစ်အမှန်အဆင့်နှင့် မဟာဝိဇ္ဇာအဆင့်များပင် တိုက်ပွဲ၌ ပါဝင်လာကြသည်။ ထိုကျင့်ကြံသူများက ဝိဇ္ဇာတိုက်ပွဲနယ်မြေဘက်တွင် အဓိကနေရာမှ ပါဝင်အားဖြည့်ပေးနေကြပြီး သူတို့တိုက်ကွက်တိုင်းက ကြောက်ခမန်းလိလိ စွမ်းအားများ ကိန်းအောင်းနေကာ လေဟာနယ်ကိုပင် တစစီ ဖြစ်သွားစေသည်။
……….....
အာကာပြင်အပေါက်ထဲ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော်က အထဲဝင်ဖို့ အကောင်းဆုံးကြိုးစားပြီး အကာအရံကို ဖျက်စီးနေကြသည်။ သူတို့စွမ်းအားက အင်မတန် ကြောက်ဖို့ကောင်းလှသည်။ သူတို့ တိုက်ကွက် ထုတ်သုံးလိုက်သည့်အချိန်တိုင်း အကာအရံက မရပ်မနား တုန်ခါသွားကာ ပျက်စီးသွားဖို့ အချိန်သိပ်မလိုတော့ပေ။
အောင်းယဲ့နှင့် ခွန်ရှုက ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ စောင့်ကြည့်နေတာကို ရပ်လိုက်ကြသည်။ သူတို့က နဂါးနက်များနှင့် မဟာလေဟာနယ်ခွန်များစွာနှင့်အတူ လေထဲ ခုန်တက်သွားကာ ထိုအာကာပြင်အပေါက်ဆီ ဦးတည်လိုက်ကြသည်။
အားလုံးက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်အသီးသီးကို ရင်ဆိုင်လိုက်ကြသည်။ နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ် ခွန်မျိုးနွယ်တွင် ထာဝရတပိုင်း ကျင့်ကြံသူများ မရှိကြပေ။ သို့သော်လည်း မဟာဝိဇ္ဇာများ အင်အားပူးပေါင်းလိုက်သည့်အခါ သူတို့က ထာဝရတပိုင်း အဆင့် မိစ္ဆာဝိညာဉ်နှင့် ရင်ဆိုင်နိုင်ဖို့ တောင့်ခံနိုင်ရုံမျှသာ ဖြစ်၏။
အကြောင်းမှာ အကာအရံက မိစ္ဆာဝိညာဉ်များကို ဖိနှိပ်ပေးထားသောကြောင့် သူတို့က အားကုန်ထုတ်မသုံးနိုင်ပေ။ သို့သော်လည်း ထာဝရတပိုင်း အဆင့် မိစ္ဆာဝိညာဉ်များသာ အာကာပြင်အပေါက်မှ အောင်အောင်မြင်မြင် ထွက်လာနိင်ခဲ့မည်ဆိုလျှင် မြောက်ပင်လယ်၏ အင်အားက သူတို့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အားလုံးက သေခြင်းတရားကို မကြောက်မရွံ့ ထာတရဝပိုင်း မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
လေဟာနယ်မှ ချက်ချင်းဆိုသလို အံ့ဖွယ်အလင်းများ ထွက်ပေါ်လာသည်။ အောင်းယဲ့က ပေတစ်သောင်းကျော် ရှည်လျားသည့် နဂါးနက်ကြီးအသွင်ပြောင်းလဲလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ အနက်ရောင် မီးတောက်များဖြင့် လောင်မြိုက်နေပြီး အရှိန်အဝါက ကောင်းကင်ထိလုမတတ် မြင့်တက်သွားသည်။
သူ့လက်တစ်ချက်အဝေ့တွင် ဧရာမ နဂါးလက်သည်းကြီးက ကောင်းကင်မှ ကျဆင်းလာကာ လေဟာနယ်ကို ချက်ချင်း စုတ်ဖြဲပစ်လိုက်သည်။
ဝုန်း …
လေဟာနယ် ကြေမွပျက်စီးသွားကာ အဆုံးမဲ့ စည်းမျဉ်းများလည်း မှေးမှိန်သွားပုံပေါ်၏။ ကောင်းကင်က ပေါက်ကွဲထွက်သွားပြီး အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက နောက်ဆုတ်လိုက်ကြပြီး သူ့အနား မိစ္ဆာမြူခိုးများ ပြန့်နှံ့လာသည်။
“ သတ္တိကောင်းနေတယ်လား ”
ထာတရတပိုင်း မိစ္ဆာဝိညာဉ်များက ချက်ချင်း ဒေါသထွက်လာကြသည်။ အဆင့်မြင့် မိစ္ဆာဝိညာဉ်များက အောင်းယဲ့အား ဝိုင်းထားလိုက်ကြသည်။
“ သတ်ကြ ”
အောင်းယဲ့က တိုက်ခိုက်မှုများစွာကို သူ့နဂါးအမြီးကို သုံး၍ ကာကွယ်ထားရ၏။
“ ငါ့နယ်မြေငါးခုကို လာအနိုင်ကျင့်ရဲတယ်ပေါ့ ”
ခွန်ရှုက အသံကျယ်ကြီးဖြင့် အော်လိုက်ပြီးနောက် ပေတစ်သိန်းမြင့်မားသည့် လေဟာနယ်ခွန်အဖြစ် ပြောင်းလဲသွားသည်။ သူက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များဆီ ဦးတည်၍ ရေစီးကြောင်းကို ဝေ့ယမ်းကာ ဖောက်ခွဲပစ်လိုက်သည်။
ဝုန်း …
ရေများက နေရာအနှံ့ ဖြာကျသွားသည်။
နောက်ထပ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ပြင်ပလောကဆီ နောက်ပြန်မဆုတ်နိုင်ခင် ပေါက်ကွဲထွက်သွားကာ အာကာပြင်အပေါက်ထဲ ပြုတ်ကျသွားလေသည်။
“ တောက် ”
ထာတရတပိုင်း မိစ္ဆာဝိညာဉ်ငါးယောကက အတူတူ လှုပ်ရှားလိုက်ကြသည်။ သူတို့က မိစ္ဆာစွမ်းအားများကို လှည့်ပတ်ကာ ခွန်ရှုထံ ဝင်ရောက်သွားမည့် ဧရာမလက်သီးများအဖြစ် အသွင်ပြောင်းလဲလိုက်ကြသည်။
“အချိန်မီလေးပဲ ”
ခွန်ရှုက ခွန်ပန်အဖြစ် ပြောင်းလဲကာ ကီလိုမီတာ ထောင်ချီ လေဟာနယ်ကို ထိုးခွင်း၍ ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအားတို့ဖြင့် ပေါက်ကွဲပစ်လိုက်သည်။ ဤလှုပ်ရှားမှုက ဘေးပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို တစစီ ဖြစ်ကာ ပြိုကျပျက်စီးသွားစေသည်။
ဝုန်း
ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထွက်လာသည်။
ဧရာမ လက်သီးကြီး ပေါက်ကွဲထွက်သွားပြီး ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ငါးယောက်လည်း အနည်းငယ် တုန်ယင်သွားလေသည်။
ခွန်ရှုက ပေသောင်းချီ နောက်ပြန်ဆုတ်လိုက်ရ၏။
သူ့တွင် မိုးမြေအကာအရံ အထောက်အပံ့ ရှိထား၍ ကံကောင်းသွားလေသည်။ မဟုတ်ပါက ခွန်ရှုတစ်ယောက် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ငါးယောက်၏ ပူးပေါင်းမှုကို ခံနိုင်မည် မဟုတ်ပေ။ သူ့အသက်ပင် အန္တရာယ်ရှိသွားနိုင်သည်။
သို့သော်လည်း ခွန်ရှု၏ တိုက်ခိုက်မှုက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များအား အကာအရံကို ဆက်မတိုက်စေရန် ကာဆီးလိုက်သလို ဖြစ်သွားသည်။
မြောက်ပင်လယ်၏ ကျင့်ကြံသူများက ပျော်ရွှင်သွားကြသည်။ သူတို့သာ ဒီလိုဆက်တိုက်နေလျှင် တပ်ကူ ရောက်မလာခင်အထိ အချိန်ဆွဲထားနိုင်လောက်မည်။
သို့သော်လည်း မိစ္ဆာဝိညာဉ်မျိုးနွယ်က မည်သို့ အရန်အကြံအစည် မရှိဘဲ နေမည်နည်း။
“ ငါတို့ ဒီလိုဆက်လုပ်နေလို့ မဖြစ်ဘူး။ တိုက်ပွဲကို မြန်မြန် အဆုံးသတ်လိုက်ကြမယ် ”
“ သခင်ကြီးကပဲ ဒီပုရွက်ဆိတ်တွေကို ဖြေရှင်းပေးပါ ”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များစွာက အော်ပြောလိုက်ကြသည်။
ဝုန်း …
အာကာပြင်အပေါက်ထဲ ရုတ်ချည်းဆိုသလို ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုလူ၏ တစ်ကိုယ်လုံး၌ မည်းမှောင်နေသည့် မိစ္ဆာစွမ်းအားများဖြင့် လွှမ်းခြုံထားပြီး သူ့စွမ်းအားက ကောင်းကင်ဘုံထိလောက်အောင် များပြားနေသည်။ သူက ကမ္ဘာကြီးကို မြေမြှပ်ပစ်မည့် ပြိုင်ဖက်ကင်း မိစ္ဆာနတ်ဘုရားလိုမျိုး ဖြစ်၏။
ရုတ်ချည်းဆိုသလို အားကောင်းသည့် အရှိန်အဝါမျိုး ပေါ်ထွက်လာသည်။ ထိုအရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းပြီး တစ်ကမ္ဘာလုံးအထိ ပျံ့နှံ့သွားလေသည်။
အားလုံး၏ စိတ်ထဲ အကြောက်တရား ကြီးမားလာပြီး သူတို့က ခုခံဖို့ နည်းနည်းမျှပင် မတွေးရဲကြတော့ပေ။
ကောင်းကင်အသျှင်အဆင့်အောက်ရှိ ကျင့်ကြံသူများက ပို၍ ဒုက္ခရောက်လာသည်။ သူတို့က သွေးဆာလာကာ သူတို့ မိသားစုဝင်များနှင့် မိတ်ဆွေများကို စတင် တိုက်ခိုက်တော့သည်။
ကောင်းကင်အသျှင်အဆင့်ပင် မိစ္ဆာအငွေ့အသက်ကို ကြာကြာ တောင့်ခံမထားနိုင်ပေ။
“ နောက်ဆုတ်ကြ နောက်ဆုတ်ကြ ”
အောင်းယဲ့နှင့် ခွန်ရှုက အော်ပြောလိုက်ကြသည်။ သူတို့က တူညီစွာ တုန်လှုပ်နေမိကြသည်။
...............
ဤအရှိန်အဝါက ကြောက်ဖို့ ကောင်းလှသည်။ ဤသည်မှာ ထာဝရတပိုင်းအဆင့် ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။
ထာဝရ မိစ္ဆာဝိညာဉ်လား …