အန္တရာယ်ဖြေရှင်းပြီး နဂါးဘုရင်ဟောင်း ပြန်လည်သက်သာလာခြင်း
Vol. 33 Ch. 481
အခန်း (၄၈၁) : အန္တရာယ်ဖြေရှင်းပြီး နဂါးဘုရင်ဟောင်း ပြန်လည်သက်သာလာခြင်း
ထာဝရ မိစ္ဆာဝိညာဉ်က ရှန်ထျန်း၏ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ထဲ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီးနောက် တိုက်ပွဲရလဒ်က ကြိုတင်ပြောလို့ပင် ရနေလေပြီ။
အားလုံးက ရပ်တန့်လိုက်ကြပြီး အာကာပြင်ဆီသာ အာရုံစိုက်ထားကြကာ အင်မတန် ထိတ်လန့်သွားသည်။
ရှန်ထျန်းက ထာဝရအရှင်အဆင့်ကိုပင် ဖမ်းချုပ်နိုင်လောက်သည့် အစီအရင်မျိုးကို အသက်သွင်းနိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဤအစီအရင်က ထာဝရ မိစ္ဆာဝိညာဉ်ကို ဖျက်စီးဖို့အတွက် ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်လွှတ်နေဆဲဖြစ်သည်။
အချိန်ခဏအတွင်းမှာပင် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အဆင့်နိမ့်သောသူများက အနည်းနှင့်အများ ဖျက်စီးခံနေရပြီဖြစ်သည်။ ယခု ထာဝရ မိစ္ဆာဝိညာဉ်နှင့် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် သုံးယောက်သာလျှင် ခေါင်းမာစွာဖြင့် ရုန်းကန်နေကြသည်။
သို့သော် ကြည့်ရတာ သူတို့ ဒီထက်ပိုပြီး တောင့်ခံနိုင်သည့်ပုံ မပေါ်တော့ပေ။
ထိုမြင်ကွင်းကြောင့် အားလုံး၏ စိတ်ထဲတွင် စိတ်သက်သာရာရသွားသည်။ သူတို့က သေခါနီး ဖြစ်နေပြီဖြစ်သည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ အယောက်၂၀ နှင့် ထာဝရအရှင် မိစ္ဆာဝိညာဉ် တစ်ယောက်ကပင် မြောက်ပင်လယ်တစ်ခုလုံးကို ဖျက်စီးပစ်ဖို့အတွက် လုံလောက်သည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အပြင် တချို့ဂိုဏ်းအနည်းငယ်ကသာလျှင် များပြားသော ပြိုင်ဘက်ကင်း မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကို ဟန့်တားနိုင်သည်။
အတွေ့အကြုံ များပြားသော နဂါးဘုရင်ဟောင်းပင် ရှုံးနိမ့်သွားသည့်အတွက် စိတ်ပျက်အားလျော့စရာကောင်းလှသည်။
သို့သော် ရှန်ထျန်း ထွက်ပေါ်လာပြီး ထိုထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များက ပြိုင်ဘက်ကင်း စွမ်းအားဖြင့် သတ်ဖြတ်လိုက်သည်။ ထာဝရအရှင်ပင် ယခု ချောင်ပိတ်မိသွားသည့်အတွက် သူက အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်သည်ဟု ပြောနိုင်သည်။
မိစ္ဆာဝိညာဉ်မျိုးနွယ်မှ မြောက်ပင်လယ်သို့ ယူဆောင်လာသော ဤအန္တရာယ်ကို ရှန်ထျန်းတစ်ယောက်တည်းဖြင့် ဖြေရှင်းပစ်လိုက်သည်။
ဤအောင်မြင်မှုက စိတ်ကူးယဉ်ဖို့ပင် ခက်ခဲလှ၏။
အားလုံးက လေးလေးစားစားဖြင့် လေထဲရှိ ပုံရိပ်ကို စိုက်ကြည့်နေသည်။
မြောက်ပင်လယ်၏ မင်းသားလေးပါးက အပျော်ရွှင်ဆုံး ဖြစ်နေသည်။ အဖြူရောင် မင်းသားက သူ၏ ရေဘဝဲလက်ရှစ်ခုကို ယမ်းကာ ပြောလိုက်သည်
“ ငါတို့ရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးတွေကို ကျေးဇူးတင်ပါတယ်။ ငါတို့ နောက်ဆုံးတော့ အနိုင်ရပြီ”
ဂဏန်းမင်းသားက သူ၏ လက်မနှစ်ခုကို ဝှေ့ယမ်းရင်း ပရိသတ်တစ်ယောက်ကဲ့သို့ ချီးကျူးလိုက်သည်
“ အစ်ကိုကြီး ရှန်ထျန်းက အရမ်းစွမ်းအားကြီးတာပဲ။ အစ်ကိုကြီး ရှန်ထျန်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အစ်ကိုကြီး ရှန်ထျန်းက အရမ်းမိုက်တာပဲ”
လိပ်မင်းသားက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်
“ အဲဒီမိစ္ဆာဝိညာဉ်တွေက ဘာမှအရေးမပါဘူးလို့ ငါ ပြောခဲ့သားပဲ။ ငါတို့ရဲ့ အစ်ကိုကြီး ရှန်ထျန်း ရောက်လာတာနဲ့ သူတို့ကို ရှင်းထုတ်ပစ်လိုက်နိုင်တယ်”
ငမန်းမင်းသားက ခေါင်းညိတ်ပြကာ သူ့မျက်နှာတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေရင်း ပြောလို်ကသည်
“ငါ … ငါလည်း အဲလိုထင်တယ်”
“ ဒါတွေအားလုံးက အစ်ကိုကြီးရှန်ထျန်းရဲ့ ကျေးဇူးကြောင့်ပါပဲ”
တခြားသူတွေက အများကြီး မပြောသော်လည်း သူတို့၏ စိတ်ထဲတွင် ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်ထျန်းသာ မြောက်ပင်လယ်ကို မကူညီပါက ဤနေရာက ဘာသက်ရှိမှ မကျန်တော့ဘဲ သရဲမြို့တော် ဖြစ်သွားနိုင်သည်။
ဂိုဏ်းချုပ် ရှန်ထျန်းက မြောက်ပင်လယ်၏ ကယ်တင်ရှင် တစ်ယောက်ဖြစ်သည်။
ထိုအခိုက်အတန့်မှစပြီး အာကာပြင် အပိုင်းအစများ ရုတ်တရက် တွန့်လိမ်သွားသည်။
လွှမ်းမိုးပြီး သန်မာသော အရှိန်အဝါက အပြင်ဘက်သို့ အလင်းပြန်သွားကာ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အားလုံးက ထိတ်လန့်စွာဖြင့် ပြောလိုက်ကြသည်
“ ဘာတွေဖြစ်နေတာလဲ။ နောက်ထပ် မိစ္ဆာဝိညာဉ်တွေ ရှိနေသေးတာလား”
အောင်းယဲ့၊ ခွန်ယုနှင့် ကျန်သောသူများက သူတို့ကိုယ်သူတို့ မတ်မတ်နေကာ သူတို့၏ အကြည့်များက တည်ငြိမ်နေသည်။
တိုက်ပွဲအတွင်းတွင် ချူးလုံဟယ်မှ လေဟာနယ်လှိုင်းထဲသို့ ဆွဲခေါ်သွားသည့် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များလည်း ရှိသည်ကို မှတ်မိသွားသည်။
အမှန်အတိုင်း ပြောရလျှင် တိုက်ပွဲ မကြာခင် အဆုံးသတ်သင့်ပြီ ဖြစ်သည်။
ကြာပြာသာ ရှုံးနိမ့်သွားပါက သူတို့ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက်ကို ကိုင်တွယ်ဖို့ လိုသေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လူအများအပြားက သူတို့၏ လက်နက်များနှင့် ထူးခြားသော အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူကာ မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားသည်။
အာကာပြင် အပိုင်းအစများ တုန်ခါလာကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက ဆံပင်အဖြူရောင်ရှိသော အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ဝတ်ရုံက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ သူ ဖရိုဖရဲဖြစ်နေကာ သူ့ပါးစပ်ထောင့်တွင်လည်း သွေးစီးကြောင်းများ ရှိနေသည်။
သို့သော် သူ့အရှိန်အဝါက ပြင်းထန်လှသည့်အတွက် သူ၏ တိုက်ခိုက်လိုစိတ်ကလည်း အဆုံးစွန်ထိ မြင့်တက်နေသည်။
အောင်းယဲ့နှင့် ခွန်ယုတို့က အလျင်အမြန် ရှေ့တိုးသွားကာ မေးလိုက်သည်
“အကြီးအကဲ ကြာပြာ အဆင်ပြေရဲ့လားဟင်”
“ အဲဒီ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက် ဘယ်လိုဖြစ်သွားလဲဟင်”
ထွက်ပေါ်လာသူက အကြီးအကဲ ကြာပြာ ချူးလုံဟယ် ဖြစ်သည်။
သူ ဘေးကင်းစွာ ထွက်လာသည်ကို မြင်ပြီး အားလုံး စိတ်သက်သာရာရသွားကြသည်။
သို့သော် လူအုပ်က မျက်မှောင်ကြုတ်ထားလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက်ကို မမြင်ရသည့်အတွက် စိတ်မပူဘဲ မနေနိုင်ပေ။
အဲဒီ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက်က လေဟာနယ်လှိုင်းထဲမှာပဲ ရှိနေမှာလား ဒါမှမဟုတ် မှောင်နေတဲ့ ချောင်တစ်နေရာရာမှာများ ပုန်းနေမှာလား
သူတို့က ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များဖြစ်သည့်အတွက် သူတို့ အသတ်မခံရမချင်း ဘယ်သူမှ စိတ်အေးလက်အေး မနေနိုင်ကြပေ။
ထိုကဲ့သို့သော အဆင့်ရှိသည့် မိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခံရပါက စွမ်းအားကြီးသူအချို့သာ ခုခံနိုင်မည်ဖြစ်သည်။
သူတို့ကို ဟန့်တားဖို့အတွက် စွမ်းအားအကြီးဆုံး နဂါးနက်မျိုးနွယ်နှင့် မဟာလေဟာနယ်ခွန်မျိုးနွယ်ပင် ဆိုးရွားသော တန်ရာတန်ကြေးကို ပေးဆပ်ရမည်ဖြစ်သည်။
ထို့ကြောင့် အားလုံးက ထို ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက်ကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်းဖို့ လုပ်နေကြခြင်းဖြစ်သည်။
ချူးလုံဟယ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်
“ ငါ အဲဒီကောင်စုတ်လေး နှစ်ယောက်ကို သတ်ပြီးပြီ”
သူ့လက်ထဲရှိ အံ့ဖွယ်တုတ်ချောင်းက တုန်ခါလာကာ တောင်တန်းများနှင့် မြစ်များလောက် ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူသတ်ခဲ့တာက ထာဝရတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက် မဟုတ်ဘဲ ပုရွက်ဆိတ်နှစ်ကောင်ကို သတ်ခဲ့သည့်ပုံစံဖြင့် ချူးလုံဟယ်က ပေါ့ပါးစွာ ပြောဆိုနေသည်။
အောင်းယဲ့နှင့် တခြားသူများက အရမ်းထိတ်လန့်နေပုံပေါ်သည်။ ချူးလုံဟယ်က ဒီလောက်ထိ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
နှစ်ယောက် တစ်ယောက် တိုက်ခိုက်ခဲ့ရသော်လည်း သူက သူတို့ကို သတ်နိုင်သေးပုံပေါ်သည်။
အောင်းယဲ့နှင့် ခွန်ယုတို့က အချင်းချင်းကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ အရမ်းစွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိတယ်ဆိုတာကို သတိမထားမိခဲ့ဘူး။ သူတို့က လုံးဝ ပြိုင်ဘက်ကင်းအဆင့်ကို ရောက်နေတာပဲ
သူတို့ဆီမှာ မြောက်ပင်လယ်ကို တစ်ယောက်ထဲ ကယ်တင်ခဲ့တဲ့ ရှန်ထျန်းလိုမျိုး စွမ်းအားကြီး ဂိုဏ်းချုပ်တစ်ယောက် ရှိနေရုံတင် မကဘူး ချူးလုံဟယ်လိုမျိုး ထာဝရတစ်ပိုင်း ကျင့်ကြံသူတွေထဲမှာ ထိပ်သီးအဆင့်လို့ သတ်မှတ်လို့ရတဲ့ စွမ်းအားကြီးတဲ့ အကြီးအကဲလည်း ရှိတယ်
ဆန်းကြယ်လွန်းတဲ့ ကျန်းလုံယွမ်အကြောင်းကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး
ကျန်းလုံယွမ်က ဒီနေရာမှာ မရှိပေမဲ့ ဘယ်သူမှ သူ့ကို လျှော့မတွက်ရဲဘူး
သူ့ရဲ့ မြင့်မားတဲ့ ဂုဏ်သတင်းကလည်း အလကား လျှောက်ပြောနေတာ မဟုတ်ဘူး
ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ကောင်းမွန်တဲ့အရာတွေအတွက် ကံကြမ္မာပါလာတဲ့ပုံပဲ
ချူးလုံဟယ်က ရှေ့တိုးလာကာ ကောင်းကင်သို့ ကြည့်ရင်း ဟစ်ကြွေးလိုက်သည်
“ ဘယ်သူ ရှေ့တိုးလာချင်လဲ။ ငါ့ရဲ့ တိုက်ကွက်တွေကို လေ့ကျင့်ဖို့အတွက် နောက်ထပ် မိစ္ဆာဝိညာဉ်နည်းနည်းလောက် လိုချင်သေးတယ်”
ချူးလုံဟယ်၏ တိုက်ခိုက်လိုစိတ် ထွက်ပေါ်လာပြီး သူ ဆက်တိုက် တိုက်ခိုက်ချင်နေသည်။
သို့သော် အခြေအနေကို သေချာနားလည်သွားသည့်အခါ မအံ့ဩဘဲ မနေနိုင်တော့ပေ။
နောက်ထပ် မိစ္ဆာဝိညာဉ်များ မရှိတော့ဘဲ အားလုံးက အစီအရင်ထဲတွင် ပိတ်မိနေပြီး အသတ်ခံရဖို့ စောင့်နေကြသည်။
“ သေစမ်း… ဒါ အရမ်းမြန်မြန် ပြီးသွားတာ မဟုတ်လား။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က စစ်ကူတွေ ရောက်လာတာလား”
ချူးလုံဟယ် အံ့ဩမှင်သက်သွားမိသည်။ မဟာမိစ္ဆာဝိညာဉ်စစ်တပ်က ဒီလောက်ထိ မြန်မြန် သုတ်သင်ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အောင်းယဲ့နှင့် ကျန်သောသူများက ပြုံးရင်း ရှင်းပြလိုက်ကြသည်။
ချူးလုံဟယ်က အခြေအနေကို သဘောပေါက်သွားသည့်အခါ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူမှုတို့ ဖြစ်ပေါ်လာကာ ပြောလိုက်သည်
“ တွေ့လား အဲဒါ ငါတို့ရဲ့ ဂိုဏ်းချုပ်ပဲလေ”
အားလုံးက အရမ်းကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ချူးလုံဟယ်က အကြံရသွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်
“ အားလုံးပဲ မင်းတို့အားလုံး ငါတို့ဂိုဏ်းချုပ်ရဲ့ စွမ်းအားကြီးတဲ့ တိုက်ပွဲစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးသွားကြပြီ။ သူက ငါ့ရဲ့ တပည့်တူလေးဆိုတာကို ပြောပြချင်တယ်။ ငါက သူ့ကို သင်ကြားပေးခဲ့တာ။
အခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့်တွေ လက်ခံနေတာမလို့ အထွတ်အမြတ်မြေမှာ ငါကိုယ်တိုင် သင်ကြားပေးနေတာ။
မင်းတို့ အခုစာရင်းသွင်းမယ်ဆိုရင် မင်းရဲ့ ကျောင်းလခကို ၅၀ ရာခိုင်နှုန်းလျှော့ပေးမယ်။ နေစရာနေရာလည်း ပါပြီးသားနော်။
မင်းမှာ စွမ်းအားကြီး ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းတစ်ခုရှိတာနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဝင်လို့ရတယ်။ ဒါဆိုရင် မင်းတို့က ဂိုဏ်းချုပ်ရှန်ထျန်းနဲ့ တစ်ဂိုဏ်းတည်း ဖြစ်သွားပြီ။
ဒီလောက်ထိ ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်မခံကြနဲ့။
ဒီနေ့ပြီးသွားရင် ဒီကမ်းလှမ်းချက်က အကျုံးဝင်မှာ မဟုတ်တော့ဘူး…။”
လူအုပ်က ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
အောင်းယဲ့က မနိုင်ဘူးဆိုသော ပုံစံပြုမူလိုက်သည်။
ဒီအဖိုးကြီးက တကယ်ကို အရှက်မရှိတာပဲ
သူက ဒီလိုအခြေအနေမှာတောင် ဇွတ်အတင်း တိုက်တွန်းနေနိုင်သေးတယ်
ထိုအခိုက်အတန့်တွင် ရှန်ထျန်းက ဘေးဖက် ဆင်းသက်လာသည်။
ကောင်းကင်စက်ဝန်း ကြယ်တာရာ အစီအရင်ကြောင့် ထိုမိစ္ဆာဝိညာဉ်များက ဘာမှ မလုပ်နိုင်ကြတော့ပေ။
သူတို့ စိတ်ရှည်ရှည်သာ စောင့်ပါက မိစ္ဆာဝိညာဉ်တပ်တစ်ခုလုံးက အစီအရင်စွမ်းအား၏ ဖျက်စီးခြင်းကို ခံရမည်ဖြစ်သည်။
သို့သော် အားလုံးက ဤတိုက်ပွဲကို အနိုင်ရသော်လည်း သိပ်ပြီး မပျော်ရွှင်ပေ။
မြောက်ပင်လယ် မျိုးနွယ်များက ယခုတစ်ခေါက် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး မရေတွက်နိုင်သောသူများကလည်း သူတို့၏ အချစ်ဆုံးသူများကို ဆုံးရှုံးလိုက်ရသည်။ ဤတိုက်ပွဲကြောင့် သုတ်သင်ခံလိုက်ရသည့် မျိုးနွယ်လည်း အများအပြား ရှိနေသည်။
အောင်းပင်းကို ကြည့်ရတာ အရမ်းစိုးရိမ်နေပုံပေါ်သည်။
သူ့ဘေးတွင် နဂါးဘုရင်ဟောင်းက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှူနှုန်းကလည်း အားလျော့လာသည်။ သူက အရမ်းပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည့်အတွက် သာမန်ဆေးလုံးများက သူ့ကို မကယ်တင်ပေးနိုင်တော့ပေ။
နဂါးဘုရင်ဟောင်းက ငြိမ်သက်အေးချမ်းနေပြီး သူ့အခြေအနေသူ ကောင်းကောင်း နားလည်ပုံပေါ်သည်။
သူက ရှန်ထျန်းကို ဖြည်းဖြည်းချင်း စိုက်ကြည့်ကာ အားပြုပြုံးရင်း ပြောလိုက်သည်
“ မင်းက ပင်းအာရဲ့ လက်တွဲဖော်ပဲ ဖြစ်ရမယ်။
မင်းက တကယ်ကို အရမ်းချောမောပြီးတော့ သူရဲကောင်းဆန်တယ်။ ပြီးတော့ သတ္တိလည်း ရှိတယ်။
ဒီအန္တရာယ်ကို ဖြေရှင်းနိုင်သွားတာကလည်း မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ”
ရှန်ထျန်းက အရိုအသေပေးကာ ပြောလိုက်သည်
“ နဂါးဘုရင်ဟောင်းကို နှုတ်ခွန်းဆက်သပါတယ်”
ထိုသူက သူ၏ လေးစားမှုနှင့် ထိုက်တန်သော အကြီးအကဲ တစ်ယောက်ဖြစ်သည်။ သူက မြောက်ပင်လယ်ကို ကာကွယ်ဖို့အတွက် သူ့အသက်ကို စတေးချင်နေသည်။
“ ကောင်းတယ် အရမ်းကောင်းတယ်။ ပင်းအာကို မင်းလက်ထဲ အပ်ခဲ့ပြီနော်။ အခုတော့ ငါ အေးအေးဆေးဆေး အနားယူနိုင်ပြီ”
နဂါးဘုရင်ဟောင်းက ကျေနပ်စွာ ပြုံးလိုက်သည်။ အောင်းပင်းက သူ သဘောကျရသည့် အမွေခံ တစ်ယောက်ဖြစ်သည့်အတွက် သူမ ကောင်းကောင်း စောင့်ရှောက်ခံရသည်ကို မြင်ချင်တာက သဘာဝပင် ဖြစ်သည်။
“ အဟွတ်…ဟွတ်…”
နဂါးဘုရင်ဟောင်း၏ အတွင်းဒဏ်ရာများ ဆိုးရွားလှသည့်အတွက် သွေးများပင် အန်ထွက်ကုန်သည်။
“အဘေး”
အောင်းပင်းက အထိတ်တလန့်ဖြင့် နဂါးဘုရင်ဟောင်းကို ထောက်ပံ့ဖို့ အလျင်အမြန် လုပ်လိုက်သော်လည်း မျက်ရည်များက ထိန်းချုပ်မရနိုင်ပဲ ကျဆင်းလာသည်။
နဂါးဘုရင်ဟောင်းက သူမကို အားအင်ဖျော့တော့သော အသံဖြင့် နှစ်သိမ့်လိုက်သည်
“ ကလေး မငိုပါနဲ့ကွယ်။ ငါတို့ တစ်နေ့တော့ သေကြရမှာပဲ။ ငါက ဘယ်လိုပဲဖြစ်ဖြစ် သက်တမ်းကုန်နေပါပြီ။ ဒီနေ့ မြောက်ပင်လယ်ကို ကူညီထောက်ပံ့တာ နောက်ဆုံးဖြစ်ရပါစေ”
သူ့စကားကြောင့် အားလုံးက မျက်ရည်ဝဲလာမိသည်။
အနည်းဆုံး စမ်းသပ်ချက် ၁၃ ကြိမ်ဖြတ်ကျော်ထားသည့် ထာဝရတစ်ပိုင်း ကျင့်ကြံသူများအားလုံး မဟာယနအဆင့်သို့ ရောက်ရှိဖို့အတွက် ကြိုးစားနိုင်သည်။ တချို့က တချို့ထက် အောင်မြင်နိုင်ချေ ပိုများသည်။
အနည်းဆုံး စမ်းသပ်ချက် ၂၄ ကြိမ် ဖြတ်ကျော်ထားသည့် နတ်ဧကရာဇ် တစ်ပိုင်းများက မဟာယနအဆင့်သို့ ရောက်ရှိဖို့အတွက် တစ်ရာ ရာခိုင်နှုန်းနီးပါး အောင်မြင်နိုင်ချေရှိပြီး ထာဝရအရှင်တစ်ယောက် ဖြစ်လာနိုင်သည်။
နဂါးဘုရင်ဟောင်းက တစ်ချိန်လုံး ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခဲ့ပြီး သူ့အမွေခံ ရှင်သန်နိုင်မှုကို သေချာအောင် လုပ်ခဲ့သည်။
သူက နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ပြီး ယခု သဘာဝသက်တမ်း ကုန်ဆုံးခါနီးအထိ ဖိနှိပ်ထားခဲ့သည်။
ယခင်က သူ၏ နောက်ဆုံးစွမ်းအင်ကို အသုံးပြုကာ ထာဝရအရှင် ဖြစ်လာဖို့အတွက် နောက်ဆုံးအလွှာကို ကျော်ဖြတ်နိုင်သည်။ သူသာ အောင်မြင်သွားပါက နတ်ဘုရားလောကသို့ တက်လှမ်းပြီး နတ်ဘုရားလောက၏ အကန့်အသတ်မဲ့ ဝိညာဉ်ချီကို အသုံးပြုကာ သူ့ကိုယ်သူ ကုစားနိုင်သည်။ ထို့နောက် သူလည်း နှစ်ပေါင်းသောင်းချီကြာ ဆက်လက် အသက်ရှင်နေနိုင်လိမ့်မည်။
သူ့ရဲ့ စွမ်းအင်တွေအကုန်လုံးကို ထာဝရ မိစ္ဆာဝိညာဉ်နှင့် တိုက်ခိုက်သည့်အချိန်မှာ သုံးပစ်လိုက်သည့်အတွက် သူ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
နဂါးဘုရင်ဟောင်းက ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်အတွက် သူ့ကို ကယ်တင်နိုင်သည့် နည်းလမ်း မရှိတော့ပေ။
ရှန်ထျန်းက သက်ပြင်းချကာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ထုတ်ယူကာ နဂါးဘုရင်ဟောင်းထံ ဆက်သလိုက်သည်။
“ နဂါးဘုရင်ဟောင်း ဒီဆေးလုံးကို သောက်လိုက်ပါ။ အရာအားလုံး ပိုပြီးတော့ ကောင်းလာပါလိမ့်မယ်”
ရှန်ထျန်း ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးပေးလိုက်သည်ကို မြင်ရသောအခါ အားလုံး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူတို့က ဤပြိုင်ဘက်ကင်း အံ့ဖွယ်ဆေးလုံးအကြောင်းနှင့် အကျိုးသက်ရောက်မှုများကို ကြားထားပြီးပြီ ဖြစ်သည်။
ပြင်ပလောကတွင် ဤဆေးလုံး၏ ဆန်းကြယ်သော အကျိုးသက်ရောက်မှုများအကြောင်းက ပျံ့နေပြီဖြစ်သည်။
ရှီထျန်းကျီနှင့် ချီရှောက်ရွှမ်ကဲ့သို့သော နယ်မြေငါးခုမှ ပါရမီရှင်များက ဤတိုက်ပွဲတွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်။
သူတို့၏ တိုက်ပွဲစွမ်းရည်နှင့် ကျင့်ကြံဆင့်များက စီနီယာကျသော ကျင့်ကြံသူများထက်ပင် ပိုမိုကျော်လွန်သွားပြီဖြစ်သည်။
သူတို့ ယခုကဲ့သို့ လုပ်နိုင်ခြင်းကလည်း ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို စားသုံးထားသောကြောင့် ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက နယ်မြေငါးခုမှ ကျင့်ကြံသူများအားလုံးအတွက် တန်ဖိုးအရှိဆုံး ဆေးလုံးတစ်လုံး ဖြစ်လာသည်။
ယခု ရှန်ထျန်းက နဂါးဘုရင်ဟောင်း၏ ဒဏ်ရာများကို ကုသရန် ဆေးလုံးကို ပေးနေသည်။
ထိုကဲ့သို့သော ရက်ရောမှုမျိုးက လေးစားစရာ ကောင်းလှသည်။
ဖျော့တော့သော အလင်းတန်းက အောင်းပင်း၏ အကြည့်ထဲသို့ ဝင်ရောက်သွားသည့်အတွက် သူမ အင်မတန် စိတ်လှုပ်ရှားနေမိသည်။
နတ်ဧကရာဇ်အဆင့် ဆေးလုံးက သေပြီးသားသူကိုပါ ပြန်လည်ခေါ်ဆောင်နိုင်စွမ်း ရှိသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက တစ်စုံတစ်ယောက်၏ မွေးရာပါ အရည်အချင်းနှင့် ကံကြမ္မာကို တိုးမြှင့်ပေးနိုင်သည့်အတွက် အဖိုးမဖြတ်နိုင်ပေ။
ဤဆေးလုံးကို စားသုံးခြင်းဖြင့် သူတို့၏ ဒဏ်ရာများကို ကုစားနိုင်ရုံသာမက သူတို့၏ ကျင့်ကြံဆင့်များကိုလည်း နောက်တစ်ဆင့်သို့ တက်လှမ်းသွားစေသည်။
မမျှော်လင့်ထားစွာဖြင့် နဂါးဘုရင်ဟောင်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မိတ်ဆွေလေး မင်း မလုပ်ရဘူး။ ဒါက အရမ်းအဖိုးတန်တယ်။ ငါ့အသက်က ဒီလောက်ထိ မထိုက်တန်ပါဘူး။ ငါတို့ ထွက်သွားဖို့ အချိန်ရောက်ပြီ။
မိတ်ဆွေလေး ဒီဆေးကို မင်းအတွက်မင်း သိမ်းထားတာ ပိုကောင်းပါတယ်”
ရှန်ထျန်းက မြောက်ပင်လယ်ကို ကယ်တင်ပေးချင်ရုံသာမက သူ့အသက်ကို ကယ်တင်ပေးဖို့အတွက် ပြိုင်ဘက်ကင်း ဆေးလုံးကိုပါ ပေးနေသည်။
ထို့ကြောင့် သူ အရမ်းစိတ်လှုပ်ရှားသွားသည်။
“ နဂါးဘုရင်ဟောင်း အားနာမနေပါနဲ့တော့။ အရင်ဆုံး ဒဏ်ရာတွေကို ကုသလိုက်ပါ”
ရှန်ထျန်းက ပြောလိုက်သည်။ နဂါးဘုရင်ဟောင်းက အောင်းပင်း၏ အဘေးဖြစ်ပြီး သူက မြောက်ပင်လယ်အတွက် အဓိကကျသော စတေးမှုတစ်ခုကို ပြုလုပ်ထားသည်။
နည်းလမ်းတကျဖြစ်စေ စိတ်ခံစားချက်ကြောင့်ဖြစ်စေ သူ့ကို ကယ်တင်ခြင်းက မှန်ကန်သောအရာတစ်ခု ဖြစ်သည်။
ကြီးမားသော ကပ်ဘေးက ဖြေရှင်းလို့ မပြီးသေးသည့်အတွက် နယ်မြေငါးခု၏ စွမ်းအားများကို ပူးပေါင်းကာ ရန်သူကို တိုက်ခိုက်ဖို့ လိုအပ်သည်။
နဂါးဘုရင်ဟောင်းက နတ်ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး နယ်မြေငါးခု၏ ထိပ်သီးကျင့်ကြံသူများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
သူ့ ဒဏ်ရာများကို ကုသခြင်းက နယ်မြေငါးခုအတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။
“ ဒါပေမဲ့…”
နဂါးဘုရင်ဟောင်းက တစ်ခုခုပြောချင်နေသော်လည်း သူ့ ဒဏ်ရာများက အရမ်းပြင်းထန်လွန်းသည့်အတွက် သွေးအန်သွားသည်။
ထိုအရာကို မြင်ပြီးနောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူက သုံးရောင်ခြယ်အလင်း အံ့ဖွယ်ရေစင်ကို ယူပြီး နဂါးဘုရင်ဟောင်းကို သောက်ခိုင်းလိုက်သည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှင့် သုံးရောင်ခြယ်အလင်း အံ့ဖွယ်ရေစင်တို့၏ ထောက်ပံ့မှုကြောင့် နဂါးဘုရင်ဟောင်း၏ အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်က အံ့ဖွယ်အလင်းဖြင့် တောက်ပနေပြီး အသက်စွမ်းအင်ကို လွှတ်ထုတ်နေသည်။
တောက်ပသော အံ့ဖွယ်အလင်းတန်းက သူ့ ခန္ဓာကိုယ်ကို ပတ်လည်ဝန်းရံနေပြီး ခမ်းနားပြီး စွမ်းအားကြီးသော စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
နဂါးဘုရင်ဟောင်း၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်က အလျင်အမြန် ပြန်လည်သက်သာလာကာ သူ၏ အသက်အရှိန်အဝါကလည်း ထိပ်သီးအဆင့်သို့ ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပဲ သူ့ ကျင့်ကြံဆင့်ကလည်း ဆက်လက် မြင့်တက်နေသည်။ သူ့အရှိန်အဝါက ခမ်းနားတောက်ပသော တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဂါး…
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
နဂါးဘုရင်ဟောင်းက မြင့်တက်သွားကာ ကောင်းကင်သို့ ပျံသန်းသွားသည်။ သူ့ဆီမှ အဆုံးမဲ့ အံ့ဖွယ်အလင်း ဖြာထွက်နေပြီး အာကာပြင်တစ်ခုလုံးကို တောက်ပသွားစေသည်။
သူ့အရှိန်အဝါက ပိုမိုအားကောင်းကာ ပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကိုပင် လွင့်ပြယ်သွားစေသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် နဂါးဘုရင်ဟောင်းက အပြည့်အဝ ပြန်လည်သက်သာလာရုံသာမက ကျင့်ကြံဆင့်လည်း သိသိသာသာ တိုးတက်သွားသည်။
မဲမှောင်နေသော တိမ်တိုက်များ စုဝေးလာကာ လျှပ်စီးလင်းလက်လာသည့်အတွက် ပြင်းထန်သော အရှိန်အဝါကို ခံစားနိုင်သည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ကမ္ဘာတစ်ခုလုံးကို ဖျက်စီးတော့မလိုမျိုး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤအရာက ၂၆ ကြိမ်မြောက် နတ်ဧကရာဇ်တစ်ပိုင်း စမ်းသပ်ချက်ဖြစ်သည့်အတွက် စွမ်းအားက အလွန်အမင်း ကြောက်ဖို့ကောင်းလှသည်။
မရေတွက်နိုင်သော စမ်းသပ်ချက် လျှပ်စီးကြောင်းများ လင်းလက်နေကာ ပြင်းထန်စွာ ဟိန်းဟောက်နေသော ရက်စက်ကြမ်းကြုတ်သည့် မိုးကြိုးသားရဲများကို ဖန်တီးလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးက ရှေးဟောင်းတိုက်ပွဲကွင်းပြင်သဖွယ် ဖြစ်နေသည်။ မရေတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲများက ဟိန်းဟောက်သည့်အခါ သူတို့၏ ပြင်းထန်သော စွမ်းအားက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ကောင်းကင်က ရုတ်တရက် မှောင်မဲလာကာ ကြောက်စရာကောင်းသော မိုးကြိုးနှင့် တိမ်တိုက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
ဤစွမ်းအင်က အရမ်းထိတ်လန့်ဖို့ကောင်းသည့်အတွက် လူအများက မထိတ်လန့်ပဲ မနေနိုင်တော့ပေ။
ထိုကဲ့သို့သော အဆင့်ရှိသည့် ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ရှေ့တွင် ထာဝရတစ်ပိုင်း ကျင့်ကြံသူများပင် အရေးမပါဘူးဟု သတ်မှတ်နိုင်သည်။
စိမ့်ထွက်လာသော စွမ်းအင်လေးကပင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့အတွက် လုံလောက်သည်။
ရှန်ထျန်း၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်တို့ ထင်ဟပ်နေသည်။
ဒါက နတ်ဧကရာဇ်တစ်ပိုင်း ကျင့်ကြံသူရဲ့ စွမ်းအားလား။ အရမ်းကို ပြိုင်ဘက်ကင်းမှာပဲ
နဂါးဘုရင်ဟောင်းသာ ထာဝရမိစ္ဆာဝိညာဉ်ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ပြီးတော့ သူ့ စွမ်းအားတွေကို လျော့နည်းအောင် မလုပ်ခဲ့ဘူးဆိုရင် ဒီကမ္ဘာမှာ အာကာပြင်အပေါက်ရှိပြီး မတည်ငြိမ်တဲ့ အခြေအနေမှာ ထာဝရမိစ္ဆာဝိညာဉ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ ထိန်းချုပ်တာမျိုး မရှိဘူးဆိုရင် ဒီတိုက်ပွဲကို အနိုင်ရဖို့ ဒီလောက်ထိ လွယ်ကူခဲ့မှာ မဟုတ်ဘူး
ထိုအတွေးကြောင့် ရှန်ထျန်းက သူ့စွမ်းအား တိုးတက်လာဖို့အတွက် အလျင်အမြန် လျှို့ဝှက်စွာ ကျိန်ဆိုခဲ့သည်။
ယခု သူ့တိုက်ပွဲစွမ်းရည်က ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ထက် ကျော်လွန်နေသော်လည်း ပြိုင်ဘက်ကင်း ထိပ်သီးပါရမီရှင်များနှင့် နှိုင်းယှဉ်လိုက်လျှင် လိုက်မှီဖို့အတွက် ကြိုးစားရဦးမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ့ဆီမှာ လျှို့ဝှက်ကတ်များစွာ ရှိနေသေးသည်။
ဟွမ်ထျန်း စစ်တုရင်ခုံနှင့် စစ်နတ်ဘုရား မျှော်နန်းဆောင်ကြောင့် ထာဝရမိစ္ဆာဝိညာဉ်ကို အလွယ်တကူလေး အနိုင်ယူနိုင်ခဲ့သင့်သည်။
နဂါးဘုရင်ဟောင်းက ယခု စမ်းသပ်ချက် ခံယူတော့မည်ဖြစ်သည်။
သူက ပေတစ်သောင်းအရှည်ရှိသော အံ့ဖွယ်နဂါးအသွင်ပြောင်းပြီး ကောင်းကင်ကို လွှမ်းမိုးထားလိုက်သည်။
နဂါးဘုရင်ဟောင်းက မိုးကြိုးဖြင့် လွှမ်းခြုံခံထားရပြီး သူ၏ အံ့ဖွယ်နဂါးစွမ်းအားက ပြင်းထန်သော အရှိန်ဖြင့် ဖြာထွက်နေသည်။
သူ့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မရေတွက်နိုင်သော နတ်မိုးကြိုးများကို တစ်စစီဖြစ်သွားအောင် လုပ်နိုင်ပြီး ကောင်းကင်နှင့် သဘာဝအစီအရင်များကို ထိုးဖောက်နိုင်သည်။
ပြိုင်ဘက်ကင်း ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ပင် နဂါးဘုရင်ဟောင်းရှေ့တွင် မရပ်တည်နိုင်တော့ပေ။
ကောင်းကင်က အဆုံးမရှိ တုန်ခါသွားကာ အက်ကြောင်းများပင် စတင်ထွက်ပေါ်လာပြီး ပြင်းထန်သောစွမ်းအားကို မထိန်းချုပ်နိုင်ဖြစ်နေသည်။
ခဏအကြာတွင် အရာအားလုံး တည်ငြိမ် တိတ်ဆိတ်သွားသည်။
နဂါးဘုရင်ဟောင်း ဆင်းသက်လာကာ ဆံပင်အဖြူရောင်ရှိသော အဖိုးကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသည်။ သူ့အရှိန်အဝါကလည်း အလွန်အမင်း စွမ်းအားကြီးလှသည်။
ဤစမ်းသပ်ချက်က နဂါးဘုရင်ဟောင်း၏ စွမ်းအားကို တိုးမြှင့်ပေးရုံသာမက သူ၏ သက်တမ်းထဲသို့ နှစ်ပေါင်းတစ်ထောင် ပေါင်းထည့်ပေးလိုက်သည်။
ထို့အပြင် မွေးရာပါ အရည်အချင်းများလည်း သိသာစွာ တိုးတက်လာသည်။ သူ အနာဂတ်တွင် နတ်ဧကရာဇ်အဆင့်သို့ပင် တက်လှမ်းနိုင်လောက်သည်။
ဤဆေးလုံးက ဒီလောက်ထိ ကောင်းလိမ့်မည်ဟု ထင်မထားသည့်အတွက် နဂါးဘုရင်ဟောင်း စိတ်လှုပ်ရှားနေမိသည်။
“ ကျေးဇူးပါ မိတ်ဆွေလေး”
နဂါးဘုရင်ဟောင်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ရှန်ထျန်းက သူ့အသက်ကို ကယ်တင်ပေးရုံသာမက သူ့ စွမ်းအားကို တိုးတက်လာစေဖို့အတွက်ပါ ကူညီပေးခဲ့သည်။ ရှန်ထျန်းက သူ့ကို ကြီးမားသော အကူအညီတစ်ခု ပေးခဲ့သည်။
“ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ရှန်ထျန်း”
နဂါးနက်ကျွန်းမှ ကျင့်ကြံသူအားလုံးက လမ်းလျှောက်လာကာ ရှန်ထျန်းကို အရိုအသေပေးလိုက်ကြသည်။
နဂါးဘုရင်ဟောင်းက သူတို့ အလေးစားရဆုံး အကြီးအကဲတစ်ယောက် ဖြစ်သည့်အတွက် သူ့ကို ကယ်တင်လိုက်သော ရှန်ထျန်း၏ အပြုအမူကြောင့် မျက်ရည်ပင် ဝဲသွားကြသည်။
“ နဂါးဘုရင်ဟောင်းနဲ့ စီနီယာတို့ ကျွန်တော်က လုပ်သင့်တာကို လုပ်ခဲ့တာပါ”
ရှန်ထျန်းက အရမ်းယဉ်ကျေးနေသည်။
ရှန်အောင်းရွှယ်က ရှန်ထျန်းကိုစိုက်ကြည့်ကာ အံ့ဩနေသည်။
ဒါဆို ဒီနှစ်တွေထဲမှာ ငါ အဖေ့ကို အထင်လွဲခဲ့မိတာပဲ
အဖေက ငါ့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာပဲ
ထိုအခိုက်အတန့်တွင် ရှန်အောင်းရွှယ်က ရှန်ထျန်းကို သူမ၏ အဖေအဖြစ် အသိအမှတ် ပြုလိုက်သည်။
နဂါးဘုရင်ဟောင်းက ပြန်လည်သက်သာလာကာ မိစ္ဆာဝိညာဉ်စစ်တပ်လည်း ရှုံးနိမ့်ပြီး နောက်ဆုတ်သွားသည်။ မြောက်ပင်လယ် ကျင့်ကြံသူများက ပါးစပ်နားရွက်ချိတ်မတတ် ပျော်နေကြသည်။
ကျင့်ကြံသူ အများအပြားကလည်း သူတို့ကို ကယ်တင်သည့်အတွက် ရှန်ထျန်းကို ကျေးဇူးတင်ဖို့အတွက် ရှေ့သို့တိုးလာကြသည်။
သူတို့ထဲတွင် ခွန်ယုနှင့် ရေသူမင်းသမီး ဖန်ရှန်းကဲ့သို့သော အမျိုးသမီးများ ပါဝင်သည်။
သို့သော် သူတို့က ရှန်ထျန်းကို စိုက်ကြည့်လိုက်သည့်အခါ သူတို့၏ အကြည့်ထဲတွင် မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။
သူတို့၏ ပြင်းထန်သောအကြည့်ကြောင့် ရှန်ထျန်း ရှောင်ထွက်ဖို့ နည်းလမ်းရှာလိုက်သည်။
ခွန်ယုနှင့် ယုဖန်ရှန်းတို့က ရှန်ထျန်း ထွက်ခွာသွားသော ပုံရိပ်ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။
သူတို့ ဘယ်တော့မှ ရှန်ထျန်းရဲ့ နှလုံးသားကို အနိုင်ရမှာလဲ
ဒါပေမဲ့ ငါကတော့ ဆက်ပြီး ကြိုးစားနေဦးမှာပဲ
တစ်နေ့တော့ သူ ငါ့ကို လက်ခံလာမှာပါ