← Chapters

အင်အားထိုးတက်လာခြင်း

Vol. 1 Ch. 295

အင်အားထိုးတက်လာခြင်း

Vol. 1 Ch. 295

"ဝိုး"

လက်ရှိအချိန်သည် နေ့လယ်ဘက်ဖြစ်ရာ နယ်မြေမှ လူများစွာ အံ့သြဘနန်း ဖြစ်ကုန်ကြသည်။ လူအများစုသည် နဝမမြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော အနီရောင်ရဲရဲ ကောင်းကင် အလင်းတန်းအား မြင်လိုက်ကြသည်။ သူတို့သည် ထိုကောင်းကင် အလင်းတန်း၏ စွမ်းအားကြီးလှသော တည်ရှိမှုအား ခံစားမိလိုက်ကြသည်။

သူတို့သည် ထိုသို့သော အရာများကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ နယ်မြေမှ လူအများစုသည် အံ့ဖွယ်ဖြစ်ရပ် တစ်ခု ဖြစ်ပွားလာသည် ဟုသာ သတ်မှတ်လိုက်ကြသည်။ ထိုသူတို့သည် အရှေ့ဘက် အရပ်သို့ မျက်နှာမူ၍ ဒူးထောက် ထိုင်ချကာ ဆုတောင်းခြင်းများပင် ပြုလုပ်နေကြသည်။

ကျန်းပိုင်လီသည် ရှန်ဝူနိုင်ငံ၏ တော်ဝင်နန်းတော်အထက် လေထဲသို့ ပျံတက်လိုက်သည်။ သူ့မျက်လုံးများတွင် သတိ အနေအထားနှင့် အရှေ့အရပ်သို့ ကြည့်၍ မျက်နှာပျက်ယွင်း နေခဲ့သည်။

ရှားထင်ဝေ့၏ ဘေးရှိ ကုန်းကုန်းအိုကြီး၏ မျက်နှာထားသည် ကူကယ်ရာမဲ့ နေခဲ့သည်။ သူသည် လေးနက်လှသော လေသံနှင့် ပြောလိုက်သည်။

"အရှင်မင်းကြီး ... အရင်တစ်ခေါက်က ဟွာယွင်တောင်ကို ကျဆင်းတဲ့ ကောင်းကင် အလင်းတန်းကိုးခုက နတ်ဆိုးဧကရီ ကောင်းကင်ရဲ့ ဥပဒေသတွေနဲ့ ထိတွေ့လို့ ဖြစ်ပါလိမ့်မယ်၊ နတ်ဆိုးဧကရီရဲ့ အင်အားက တိုးသထက် တိုးလာနေတယ် ... သူမ တာအို ဖွဲ့စည်းပုံတွေကို နားမလည်ရင် ကောင်းကင်ကလည်း ဒီလိုထူးခြားတဲ့ လက္ခဏာတွေ ပြမှာ မဟုတ်သလို ကြယ်တွေရဲ့ စွမ်းအားတွေ ချီးမြှင့်မှာ မဟုတ်ဘူး"

ရှားထင်ဝေ့သည် သက်ပြင်း အသာချ၍ ပြောလိုက်သည်။

"သူမပဲ ဖြစ်မှာပါ၊ သူမက နတ်ဆိုးသားရဲ မျိုးနွယ်ဖြစ်နေတာ တော်သေးတယ် ... လူသားမျိုးနွယ်မှာသာ ဒီလိုလူ တစ်ယောက်ရှိရင် ဒုက္ခတွေ များကုန်မှာ"

ကျင်းရှန်နိုင်ငံ၊ မြောက်ဘက် မန့်နိုင်ငံ၊ မြောက်ဘက် လျန်နိုင်ငံ၊ ရှန်မိနိုင်ငံ၊ မိုးပြာနဂါး အင်ပါယာမှ ဗာဂျရာ အဆင့်များ၊ ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် အခြားလူများ သည်လည်း အံ့အားသင့် နေကြသည်။ လူတိုင်းသည် မနာလို ဖြစ်ခြင်းကို ခံစားလိုက်ကြရသည်။ သူတို့ထဲမှ လူအများစုသည် တာအိုဖွဲ့စည်းပုံ အမြောက်အမြား နားလည်ကြသော်လည်း တစ်ယောက်မှ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများနှင့် ထိတွေ့ခဲ့ခြင်း မရှိသလို ကောင်းကင်ကြယ် ကိုးလုံးမှ စွမ်းအင်များ ချီးမြှင့်ခြင်းလည်း မခံရပေ။

သူတို့အမြင်တွင် တောင်စဉ်သုံးထောင်၏ အနက်ပိုင်းတွင် ပြိုင်ဘက်ကင်း နတ်ဆိုးဧကရီမှ တစ်ပါး နတ်ဆိုးသားရဲ မျိုးနွယ်ရှိ မည်သူကမှ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများနှင့် ထိတွေ့နိုင်စွမ်း မရှိသလို၊ ကောင်းကင်နှင့်မြေကြီးကို မူမမှန်မှုများ ဖြစ်စေနိုင်စွမ်း မရှိဟု သတ်မှတ်လိုက်ကြသည်။

ဟွာယွင်တောင်မှ ကောင်းကင်နှင့် မြေကြီး၏ မူမမှန်မှုသည် နတ်ဆိုး ဧကရီကြောင့်သာ ဖြစ်သည်ဟု သူတို့ ယူဆလိုက်ကြသည်။ သူမမှလွဲ၍ မည်သူက ထိုမျှမြန်မြန် ထွက်သွား နိုင်ပါမည်နည်း။ ထို့ပြင် သဲလွန်စ တစ်ခုတလေတောင် မကျန်ခဲ့ပေ။

***

"ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြားမှု ... ကောင်းကင်ကြယ် ကိုးလုံးရဲ့ စွမ်းအား"

နတ်ဆိုးဧကရီ နန်းတော်ရှိ ခန်းမ တစ်ခုထဲတွင် တံခါးပိတ် ကျင့်ကြံနေသော နတ်ဆိုးဧကရီသည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။

ကောင်းကင်နှင့် မြေကြီး၏ ထူးခြားမှု လက္ခဏာများ စတင်ဖြစ်ပေါ် လာသည်နှင့် သူမ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ အနီရောင် ကြယ်အလင်းတန်းသည် ကျန်းရီ၏ ဒန်တျန်းအတွင်း တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။

သူမ၏ အေးစက်၍ တင့်တယ်လှသော မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။ ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် အခြား သူများတောင် မနာလို ဖြစ်ကြလေရာ သူမလည်း မနာလို ဖြစ်မိလေသည်။

သူမသည် မတ်တတ်ရပ်လိုက်ပြီး စိတ်အာရုံကို ကျန်းရီ၏ ဒန်တျန်းအတွင်း စူးစိုက်လိုက်ပြီး သေချာစစ်ဆေး ကြည့်လိုက်သည်။ သူမသည် မစဉ်းစား တတ်တော့ဘဲ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒီကောင်လေးက ဘာကျင့်စဉ်ကို ကျင့်နေတာ မလို့လဲ၊ သူ့ဒန်တျန်းက ဘာလို့ဒီပုံစံ ဖြစ်လာတာလဲ ... ကောင်းကင်ကြယ်ကိုးလုံးရဲ့ စွမ်းအားကို သူ့အတွင်းအားနဲ့ ဖြည့်စွက်ပြီး စွမ်းအားစစ်အဖြစ် ပြောင်းလိုက်နိုင်တယ် ... ထူးဆန်းတယ် ... ကောင်းကင်ဧကရာဇ် အဆင့်ကို မရောက်သေးဘဲ စွမ်းအားစစ်ကို ပိုင်ဆိုင်နေပြီ၊ ဒီသတင်းသာ ပြန့်သွားခဲ့ရင် ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံး ဆွံ့အ သွားလောက်တယ်"

နတ်ဆိုးဧကရီသည် အချိန်အတော်ကြာ စဉ်းစားနေသော်လည်း သဲလွန်စ ရှာမရ ဖြစ်နေဆဲပင်။ သူမသည် နတ်ဆိုးသားရဲ မျိုးနွယ်ဖြစ်ပြီး ကျန်းရီသည် လူသားဖြစ်နေရာ သူတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ကျင့်ကြံသည့် နည်းလမ်းများ မတူညီသည့် အချက်ကြောင့်သာ မဟုတ်လျှင် ကျန်းရီဆီမှ ကျင့်ကြံခြင်း နည်းလမ်းအား အတင်းအကျပ် မေးမိလောက်သည်။

"ထင်ထားတဲ့ အတိုင်းပဲ ... ဒီကောင်လေးက ငါ့ကို စိတ်မပျက်စေဘူး၊ သူ့အင်အားတွေက မြန်မြန်ဆန်ဆန် တိုးတက်လာတယ် ... သူနှစ်နည်းနည်းလောက် ကျင့်ကြံပြီးရင် ရှောင်ဖေးကို ကာကွယ်ဖို့က ပြဿနာ မဟုတ်တော့ဘူး ... ဒါဆို ငါလည်း စိတ်အေးလက်အေး ထွက်သွားနိုင်လိမ့်မယ်"

ကျန်းရီ၏ ဒန်တျန်းကို စစ်ဆေးကြည့်သော်လည်း ဘာမှ မရနိုင်ရာ ထိုအကြောင်းအား သူမ ဆက်မတွေးတော့ပေ။ သူမမျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး မျက်လုံးများ မှိတ်ကာ ပြန်လည် ကျင့်ကြံနေလိုက်သည်။

"ဒါက ... ဒါက"

ကောင်းကင်မျှော်စင် ထက်မှ ကျန်းရီသည်လည်း မှင်တက်နေခဲ့သည်။ သူသည် အစောပိုင်းက ဒန်တျန်း အတွင်းကိုသာ အာရုံစိုက်နေ၍ ပတ်ဝန်းကျင်မှ အခြေအနေများကို သတိမပြု မိခဲ့ပေ။ သူသည် သူ့ကိုယ်တွင်းသို့ တိုးဝင်လာ၍ ပထမကြယ် စက်လုံးထဲသို့ ဝင်ရောက်သွားသော စွမ်းအင်ပမာဏ အများကြီးကို ခံစားမိလိုက်သည်။

ထိုစွမ်းအင်များ မည်သည့်နေရာမှ လာသည်ကို သူမသိသော်လည်း ထိုအကြောင်းကို ရေးကြီးခွင်ကျယ် လုပ်၍ တွေးတောနေရန် အချိန်မရှိသေးချေ။ သူသည် ကိုယ်တွင်း အမြင်အာရုံကို သုံး၍ ဒန်တျန်းတွင်းရှိ ပထမကြယ်ကို ကြည့်လိုက်သည်။ ထိုကြယ်သည် လုံးဝကို ရဲရဲနီ နေသောကြောင့် သူဆွံ့အ သွားခဲ့သည်။

ပို၍ အရေးကြီးသည်မှာ အတွင်းမှ အနက်ရောင် အတွင်းအားများသည် အနီရောင် အတွင်းအားများ အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင် အားလုံးတွင် ကိုယ်ပိုင်ဓာတ် အသီးသီး ရှိကြသည်။ သိုင်းသမားများ၏ ကျင့်စဉ် သဘော သဘာဝကို လိုက်၍ အတွင်းအား သဘာဝ ကွဲပြားသွားခြင်း ဖြစ်သည်။

ဥပမာ ကျန်းရီ ကျင့်ကြံခဲ့သော ကျန်းရေဓာတ် ကျင့်စဉ်သည် ရေသဘာဝ အတွင်းအားကို ထုတ်ပေးသည်။ လူတစ်ဦးသည် ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံလိုက်သည်နှင့် သူတို့ တစ်ဘဝလုံးတွင် ထိုကျင့်စဉ်နှင့် ဓာတ်သဘာဝ တူညီသည့် ကျင့်စဉ်များကိုသာ ကျင့်ကြံနိုင်၍ ထိုဓာတ်၏ အတွင်းအား တစ်မျိုးတည်းကိုသာ ထုတ်ဖော်နိုင်လေသည်။

ထိုသည်မှာ နယ်မြေ တစ်ခုလုံးက သိထားကြသည့် အခြေခံ သဘောတရား ဖြစ်သည်။ လူတစ်ဦးသည် သစ်သားဓာတ် အခြေခံသည့် အတွင်းအားကို ကျင့်ကြံထားသည် ဆိုပါစို့၊ ထိုသူသည် မသေခင် အချိန်ထိ အစိမ်းရောင်ရှိသည့် သစ်သားဓာတ် အခြေခံ အတွင်းအားကိုသာ အသုံးပြု နိုင်လိမ့်မည်။

ကျန်းရီ၏ ကိစ္စများမှာမူ အထူးအဆန်းများ ဖြစ်သည်။ သူသည် အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံပြီးချိန်မှ စ၍ သူ့ကိုယ်သည် အတွင်းအား နှစ်မျိုးကို ထုတ်ပေးကာ အနက်ရောင် အတွင်းအားသည် အပြာရောင် အတွင်းအားနှင့် ပေါင်းစပ်နိုင်သည်။ သို့သော် သူ့ဒန်တျန်း ပုံစံပြောင်းသွားချိန်တွင် အပြာရောင် အတွင်းအားများ အားလုံးမှာ ပျောက်ကွယ်သွားပြီး အနက်ရောင် အတွင်းအားများသာ ကျန်ရစ်ခဲ့သည်။

ယခု သူ့ဒန်တျန်း အတွင်းရှိ အနက်ရောင် အတွင်းအားများ အားလုံး ပျောက်ကွယ်သွားပြီး ပထမကြယ်ထဲသို့ ဝင်ရောက်သွားသည်။ အမျိုးအမည် မသိသော စွမ်းအင်များပါ ဝင်ရောက်လာပြီးနောက် သူ့အနက်ရောင် အတွင်းအားများသည် အနီရောင် အတွင်းအားများ ဖြစ်ကုန်ကြလေသည်။ သူမလန့်မှသာ အထူးအဆန်း ဖြစ်ပေလိမ့်မည်။

"အတွင်းအားတွေ ထွက်လာစမ်း"

အချိန်အတော်ကြာ ငေးငိုင်နေပြီးနောက် ကျန်းရီသည် စိတ်ငြိမ်အောင် ကြိုးစားလိုက်ပြီး စိတ်အာရုံကို အနီရောင် ကြယ်စက်လုံးအတွင်း စူးစိုက်လိုက်သည်။ ထို့နောက် သူသည် အနီရောင် အတွင်းအား အချို့ကို လက်ဝါးတွင်း ထုတ်ဖော်ကြည့်လိုက်သည်။

"အမ် ... ဒီအတွင်းအားရဲ့ အရှိန်အဝါက ဘာလို့အရမ်း ပြင်းထန်တာလဲ"

လက်ဝါးထက်တွင် အတွင်းအားများ ပေါ်ထွက်လာသောအခါ ကျန်းရီ ထပ်မံ၍ အံ့အားသင့် ရပြန်သည်။

အတွင်းအားမှ ထုတ်လွှတ်နေသော ပြင်းထန်လှသည့် အရှိန်အဝါ တို့သည် သူ့ကိုပင် ထိတ်လန့် သွားစေသည်။ ထို့ပြင် ထိုအတွင်းအားမှာ ယခင်က အတွင်းအားများနှင့် တစ်မျိုးတစ်မည် ကွဲပြားနေသည်၊ သို့သော် မည်သို့ ကွဲပြားမှန်းလည်း သူထုတ်မပြော နိုင်ချေ။

"အပြင်ထွက်ပြီး စမ်းသပ်ကြည့်မှ"

အများကြီး လျှောက်တွေးနေ၍ အကျိုးမရှိပေ။ တိုက်ခိုက်၍ စွမ်းအားကို စစ်ဆေးကြည့်လျှင် အဖြေ ထွက်လာလိမ့်မည် ဖြစ်သည်။ သို့သော် သူသည် ကောင်းကင် မျှော်စင်ထဲတွင် ရမ်းသမ်း၍ မတိုက်ခိုက် ရဲသောကြောင့် ထရပ်ကာ အောက်သို့ ဆင်းလာခဲ့လိုက်သည်။

သူ ကောင်းကင်မျှော်စင်၏ တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် လှေကားဝတွင် ထိုင်စောင့်နေသည့် မြေခွေးလေးနှင့် ကျန်းရှောင်နူအား တွေ့လိုက်ရလေသည်။ မြေခွေးလေးသည် ကျန်းရီကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး စိတ်ချင်း ဆက်သွယ်၍ စကားပြောလာလေ၏။

"အစ်ကိုကြီး ... စောစောက ဘာဖြစ်တာလဲ၊ ဘာလို့ ကောင်းကင်အလင်းတန်း တစ်ခုက ကောင်းကင်မျှော်စင်ထဲ ကျလာတာလဲ ... အစ်ကိုကြီး အဆင်ပြေရဲ့လား"

ကျန်းရှောင်နူ သည်လည်း ထိတ်လန့်စွာ ပြောလာခဲ့သည်။

"သခင်လေး ... ကြောက်စရာကောင်းတဲ့ အလင်းတန်း တစ်ခု ကောင်းကင် မျှော်စင်ထဲကို ဝင်သွားတယ်"

နှစ်ယောက်လုံး၏ စိုးရိမ်စကားများကို နားထောင်ပြီးနောက် သူ ပို၍ ဝေခွဲမရ ဖြစ်လာခဲ့သည်။ သူသည် အများကြီး ရှင်းပြ မနေတော့ဘဲ နန်းတော် အပြင်ဘက်သို့သာ ခပ်သွက်သွက် ထွက်လာလိုက်သည်။ သူသည် မီးနဂါးဓားကို ဆွဲထုတ်လိုက်ပြီး အနီရောင် အတွင်းအားများ ထုတ်ဖော်လိုက်သည်။ ထို့နောက် ဓားအတွင်း ဖြည့်သွင်းလိုက်ပြီး ဓားချက်တစ်ခု ထုတ်ဖော်လိုက်လေသည်။

သူသည် ယခုအနီရောင် အတွင်းအားများနှင့် ယခင်အနက်ရောင် အတွင်းအား အကြားရှိ ကွာခြားချက်ကို သိချင်နေသည်။ အလွယ်ဆုံး နည်းလမ်းမှာ သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်၍ စစ်ဆေးရန် ဖြစ်သည်။ မီးနဂါးဓားမှာ သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်သည်။

မီးနဂါးဓားသည် အနီရောင် အလင်းများ တောက်ပလာခဲ့ပြီး ချောက်ချားစရာ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ မီတာခြောက်ဆယ်ကျော် ရှည်သော မီးနဂါးကြီး နှစ်ကောင်သည် ဓားပတ်လည်တွင် ကူးခပ်နေရာမှ  ရှေ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားခဲ့သည်။

"ဗုန်း"

မီးနဂါးများသည် နတ်သမီး တောင်ထွတ်၏ မြေပြင်ထံ တိုးဝင်သွားခဲ့ပြီး မြေပြင် တစ်ခုလုံးမှာ လှုပ်ယမ်းသွားသည်။ နောက်ဘက်မှ နန်းတော်သည်တောင် အနည်းငယ် တုန်ခါသွားလေသည်။ ဖုန်မှုန့်များ တထောင်းထောင်း ထလာခဲ့ပြီး မီတာသုံးရာကျော် ရှည်သော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟမ့် ... ကျန်းရီ ... မင်း ငါ့ရဲ့ နတ်သမီးတောင်ထွတ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"

စိတ်တိုနေသော လေသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့နားတွင် ပဲ့တင် ထပ်သွားလေသည်။ တောင်ထွတ်အောက်မှ ကြောက်လန့်စရာ အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ ကျန်းရီ၏ တိုက်ခိုက်မှုသည် အောက်မှ နတ်ဆိုးဘုရင်များအား တပ်လှန့်သလို ဖြစ်သွားစေမှန်း ထင်ရှားသည်။

"ကျီ ... ကျီ"

မြေခွေးလေးသည် ကြောက်လန့်နေခဲ့ပြီး လေထဲတွင် လှပသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်ကို မြင်သောအခါ သူမ၏ လက်မောင်းတွင်း ချက်ချင်း ခုန်ဝင်သွားခဲ့သည်။ ကျန်းရှောင်နူသည် ထိုအမျိုးသမီးကို မြင်သောအခါ မြေပေါ်တွင် ဒူးထောက်ထိုင်ချ၍ နှုတ်ဆက်လိုက်သည်။

"နတ်ဆိုးဧကရီကို နှုတ်ဆက်ပါတယ်"

"အာ ... "

ကျန်းရီသည် လေထဲမှ ဖုန်မှုန့်များ၊ မြေပြင်ပေါ်မှ မီတာသုံးရာကျော် အရှည်နှင့် ကျယ်ဝန်းပြီး တိုင်းတာ၍ မရအောင် နက်သည့် အက်ကြောင်းကြီးကို ကြည့်လိုက်ပြီး တံတွေး မျိုချလိုက်မိသည်။ သူသည် နောက်လှည့်၍ နတ်ဆိုးဧကရီအား ဦးညွှတ်လိုက်ပြီး မျက်နှာပူပူနှင့် ပြောလိုက်သည်။

"နတ်ဆိုးဧကရီ ... ကျွန်တော့် ကျင့်ကြံနေတာ ထူးထူးဆန်းဆန်းတွေ ဖြစ်လာလို့၊ အင်အား ဘယ်လောက်ကြီးသွားလဲ စမ်းသပ် ချင်လာတာနဲ့ ... . "

နတ်ဆိုးဧကရီသည် ကျန်းရီကို အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်ပြီး ပြောလာလေ၏။

"ဟမ့် ... ဘာစမ်းသပ်ဖို့ လိုလို့လဲ၊ မင်းတိုက်ခိုက်နိုင်စွမ်းက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့် လူတစ်ယောက်နဲ့ ယှဉ်လို့ရတယ် ... မင်းရဲ့ တတိယမြောက်ကြယ် ပုံစံပြောင်းသွားရင် ဗာဂျရာ အဆင့်နဲ့ ယှဉ်လို့ရပြီလို့ ငါပြောနိုင်တယ် ... ကျန်းရီ ... မင်းရဲ့ ကျင့်စဉ်က အရမ်း ထူးခြားနေတယ်၊ အဲဒါက ကောင်းကင်ကြယ်တာရာ နယ်မြေကဟာ ဟုတ်ပုံ မရဘူး ... မင်းအဲဒါကို ဘယ်က ရခဲ့တာလဲ"

***

All Chapters