← Chapters

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရှိ မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 33 Ch. 483

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရှိ မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 33 Ch. 483

အခန်း (၄၈၃) : ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရှိ မဖိတ်ခေါ်ထားသော ဧည့်သည်

ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက အသွင်ပြောင်းလဲနေလေပြီ။

ယင်နှင့် ယန်စွမ်းအင် နိုးထလာမှုကြောင့် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။

မရေတွက်နိုင်သော အံ့ဖွယ်အလင်းတန်းများ ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့်အတွက် ကောင်းကင်တွင် ထူးခြားသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

လွန်ကဲသော ယန်စွမ်းအားက တောက်ပသောနေကဲ့သို့ မြင့်တက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အလင်းရောင်ပေးထားသည်။ မူလက ရှုပ်ထွေးသောကမ္ဘာက လွန်ကဲသော ယန်စွမ်းအား၏ အောက်တွင် ပြိုင်ဘက်ကင်းစွာ ရှင်းလင်းသွားသည်။

တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်ကင်းစွာ ပြင်းထန်သော အသက်စွမ်းအား ထွက်ပေါ်လာကာ ကောင်းကင်မှ ဆင်းသက်လာသည်။ အံ့ဖွယ်အလင်းတန်းများက ပတ်ဝန်းကျင်တွင် တောက်ပသွားကာ တစ်စုံတစ်ယောက်၏ မျက်လုံးများထဲအထိပါ တောက်ပစေသည်။

လွန်ကဲသော ယန်စွမ်းအား လွှမ်းမိုးသွားသည့်အခါ စိတ်ဝိညာဉ်အပင်များ ကြီးထွားလာကာ သက်ဝင်လှုပ်ရှားမှုဖြင့် တောက်ပနေကြသည်။

တခြားတစ်ဖက်တွင် ကမ္ဘာက အေးစက်ပြီး မှိုင်းထွေနေသည်။

လရောင်က ကမ္ဘာကို လွှမ်းခြုံထားကာ သီးခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။

လွန်ကဲသော ယင်စွမ်းအား ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သက်ရှိအားလုံး ညှိုးနွမ်းကာ သေဆုံးသွားလိမ့်မည်။ အင်အားနှစ်ခုက မတူညီသော အရောင်များအဖြစ် ကွဲပြားသွားကာ စိတ်ဝိညာဉ်ကမ္ဘာကို နှစ်ပိုင်း ပိုင်းလိုက်သည်။

ရှန်ထျန်း ထိုမြင်ကွင်းကြောင့် အကြည့်များ တောက်ပသွားသည်။

ယင်နှင့် ယန်စွမ်းအင် အပြောင်းအလဲများကြောင့် ရှန်ထျန်း၏ စိတ်ကြည်လင်လာကာ လေးနက်ဆန်းကြယ်သော အခြေအနေထဲသို့ ကျရောက်သွားသည်။

သူ့ စိတ်ထဲတွင် ထိုက်ချီပုံစံထွက်ပေါ်လာပြီး အံ့ဖွယ်အလင်းတန်းက ပတ်လည်ဝန်းရံနေကာ တာအိုအကွက်များလည်း ထိုပေါ်တွင် သိပ်သည်းစွာ ဖုံးအုပ်ထားသည်။

ယင်နှင့် ယန်က အချင်းချင်း ရစ်ပတ်နေကာ သက်ရှိအားလုံး၏ သေခြင်း၊ ရှင်ခြင်း မြင်ကွင်းများကို ဖန်တီးနေသည်။

စကားပြောဖို့ သင်နေသော ကလေးအရွယ်မှ ကြံ့ခိုင်ဖြတ်လတ်သော လူငယ်အရွယ် ထိုမှတစ်ဆင့် ဆံပင်ဖြူသည့် အဖိုးကြီးအရွယ်

အဆုံးသတ်တွင် အရာအားလုံးက သဘာဝအဖြစ် ပြန်လည်ရောက်ရှိသွားကာ ကမ္ဘာမြေကြီး ပြန်ဖြစ်သွားသည်။

ဤအရာအားလုံးက ကောင်းကင်တာအို၏ အမိန့်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဘယ်သူမှ မဆန့်ကျင်နိုင်ကြပေ။

ရှန်ထျန်း ဤအရာကို မြင်လိုက်ရသည့်အခါ ကမ္ဘာလောက၏ အရာအားလုံး မြင့်တက်ခြင်း၊ ကျဆင်းခြင်း သဘောတရားကို နားလည်သွားသလို ခံစားလိုက်ရသည်။ သူ့အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားပြီး ပြင်းထန်သော သက်ဝင်လှုပ်ရှားမှုကလည်း သူ့ဆီမှ ထိုးဖောက်ထွက်လာကာ သူ့ကို အင်မတန် ကြံ့ခိုင်သန်စွမ်းစေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ အသက် အရှိန်အဝါကလည်း သူ့ဆီမှ လျှံထွက်နေသည်။

ပတ်ဝန်းကျင်ရှိ အပင်များလည်း မြင်နိုင်သော အရှိန်တစ်ခုဖြင့် ကြီးထွားလာပြီး ပေတစ်သောင်းအမြင့်ထိ ရောက်သွားကာ တိမ်တိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် ခဏအကြာတွင် ရှန်ထျန်း လုံးဝ သေဆုံးသွားသကဲ့သို့ သူ၏ အသက်စွမ်းအား ခမ်းခြောက်သွားသည်။

ပတ်ဝန်းကျင်ရှိ ပန်းပင်များနှင့် အပင်များက ညှိုးနွမ်းသွားကာ အရွက်ခြောက်များ လေထဲသို့ လွင့်သွားကာ မြေဆွေးအဖြစ်ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

သေခြင်း၊ ရှင်ခြင်း စက်ဝန်းက တစ်လှည့်စီဖြစ်နေပြီးမှသာ ငြိမ်းချမ်းခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ဤထူးခြားသော အခြေအနေတွင် ရှန်ထျန်းက နက်နဲသော နားလည်မှုထဲတွင် နစ်မြုပ်နေပြီး သူ့ ခန္ဓာကိုယ်က ဆန်းကြယ်စွာဖြင့် စတင်ပြောင်းလဲလာသည်။

သုံးလကြာပြီးနောက်…

ရှန်ထျန်း၏ မျက်လုံး ရုတ်တရက် ပွင့်လာကာ တောက်ပသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

သူ့မျက်လုံးများက အကန့်အသတ်မဲ့ ကြယ်တာရာ ပင်လယ်ကဲ့သို့ လေးနက်နေသည်။

ရှန်ထျန်း သုံးလကြာသာ သီးသန့်ကျင့်ကြံလိုက်သော်လည်း သူ့မျက်လုံးမှ ထုတ်လွှတ်သော အရှိန်အဝါကို ကြည့်လိုက်လျှင် နှစ်ပေါင်း တစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင် ကျင့်ကြံထားသည်ဟုပင် ထင်ရသည်။

သူ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ မိုင်ပေါင်း သန်းချီပြီး ကျယ်ပြန့်နေသော ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာကို စိုက်ကြည့်နေသည်။

ထို့နောက် သူက ဤလောက၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားသကဲ့သို့ လက်သီးဆုပ်ထားလိုက်သည်။ ထိုအချိန်တွင် ကောင်းကင် ထက်ခြမ်းကွဲသွားကာ စည်းမျဉ်းများ ရစ်ပတ်နေသည်။

အဆုံးမဲ့ ယင်နှင့် ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး တောက်ပသော အံ့ဖွယ်အလင်းတန်းကြောင့် တောက်ပသွားသည်။ ဧရာမ ထိုက်ချီပုံစံက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ထွက်ပေါ်လာပြီး သိပ်သည်းသော အလင်းဖြင့် လည်ပတ်နေသည်။

လွန်ကဲသော ယန်နှင့် ယင်စွမ်းအား ထိုးဖောက်ထွက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကို လွှမ်းခြုံထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ဤလောကရှိ သက်ရှိအားလုံးက ရုတ်တရက် အရွယ်ရောက်လာကာ အဆုံးမရှိသော သတ္တဝါများ မွေးဖွားလာသည်။

ကမ္ဘာဦး အံ့ဖွယ်နဂါး၏ ဟိန်းဟောက်မှုက ကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့သွားကာ စကြဝဠာကို တုန်လှုပ်သွားစေသည်။ ရှေးဟောင်း အံ့ဖွယ်ဇာမဏီက ကမ္ဘာပေါ်တွင် ထွက်ပေါ်လာပြီး အော်ကြွေးသံက ကောင်းကင်ထိ ပျံ့နှံ့သွားသည်။

ထွက်ပေါ်လာသော တခြားသတ္တဝါ အမျိုးအစားများစွာ ရှိပြီး သူတို့၏ အရှိန်အဝါက ပြင်းထန်ပြီး သူတို့၏ စွမ်းအားက ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် နတ်ဆိုး ၃ထောင် ထွက်ပေါ်လာသကဲ့သို့ အံ့ဩစရာကောင်းလာသည်။ သူတို့၏ ပြင်းထန်သော အရှိန်အဝါများက စကြဝဠာကို တုန်လှုပ်စေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တစ်စစီဖြစ်သွားစေနိုင်သည်။

အရမ်းကြောက်ဖို့ကောင်းသော သတ္တဝါတချို့လည်း ရှိသည်။ သူတို့၏ မျက်လုံးက ကြက်သွေးရောင် တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အရှိန်အဝါက ဖိနှိပ်မှုအား ကောင်းနေသည်။

သူတို့က အရှိန်ပြင်းစွာ ခုန်လွှားကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။

သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အာကာပြင်က တစ်စစီဖြစ်သွားသည်။

ထိုသတ္တဝါများက ကောင်းကင်ဘုံကိုးခုကို တစ်စစီဖြစ်အောင် လုပ်ချင်သကဲ့သို့ သူတို့၏ ချွန်ထက်သော လက်သည်းများကို ထုတ်ကာ အေးစက်သော အလင်းတန်းဖြင့် တောက်ပနေသည်။ သူတို့က ကျောက်တုံးတစ်တုံး တိမ်တိုက်များထဲသို့ ထိုးဖောက်သော အလျင်ဖြင့် ဆင်းသက်လာကြသည်။

သို့သော် ရှန်ထျန်း၏ မျက်နှာထားက ပြောင်းလဲမှု မရှိပေ။

သူ ဖြည်းဖြည်းချင်း လက်မြှောက်ကာ လေဟာနယ်ကို ဖြည်းညင်းစွာ ဖိနှိပ်လိုက်သည်။

“ သေတော့”

ရှန်ထျန်း၏ အသံက တည်ငြိမ်နေပြီး နက်နဲသော ကောင်းကင်၏ အသံက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အက်ကွဲစေနိုင်သလိုမျိုး ထင်မှတ်ရစေသည်။

ဒုန်း…

ထိုအခိုက်အတန့်တွင် မရေတွက်နိုင်အောင် များပြားလှသော သက်ရှိများ နှိမ်နင်းခံလိုက်ရပြီး မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

အတွေးတစ်ခုကြောင့် ဤကမ္ဘာတွင် သက်ရှိအသစ်များ ဖန်တီးနိုင်ပြီး တခြားအတွေးတစ်ခုကြောင့် ဤကမ္ဘာ ဖျက်စီးခံရနိုင်သည်။

ဤအရာက အထွတ်အထိပ် ဖန်တီးခြင်း အံ့ဖွယ်ပညာရပ် ဖြစ်သည်။

ရှန်ထျန်းက နှုတ်ခမ်းကွေးညွတ်လိုက်မိသည်။ ဤအရာက သူ၏ ယင်နှင့်ယန်စွမ်းအင်မှ ဆင်းသက်လာသော အထွတ်အထိပ် အံ့ဖွယ်ပညာရပ် ဖြစ်သည်။

ထိုစွမ်းအားက မိုးမြေခွဲခြမ်းရေး အံ့ဖွယ်စွမ်းအားထက်တော့ အားမနည်းနိုင်ပေ။

အံ့ဖွယ်ပညာရပ်မှ ထုတ်လွှတ်သော စွမ်းအားဖြစ်သည့်အတွက် စမ်းသပ်ချက် ၁၅ ကြိမ် ဖြတ်ကျော်ထားသည့် ထာဝရတစ်ပိုင်း ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်နိုင်ခြင်း ဖြစ်သည်။

ရှန်ထျန်း စိတ်ထဲတွင် ပျော်သွားသည့်အတွက် နှုတ်ခမ်းများပင် ကွေးညွတ်သွားသည်။

ဒီလိုကောင်းမွန်တဲ့ နေရာမျိုးကို ရွေးနိုင်ခဲ့တာဆိုတော့ ငါက တကယ်ကို ဉာဏ်ကောင်းတာပဲ

ဒီခရီးမှာ ငါ့ရဲ့ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာကို အသွင်ပြောင်းအောင်  လုပ်နိုင်ခဲ့တဲ့အပြင် အထွတ်အထိပ် အံ့ဖွယ် ဖန်တီးမှုပညာရပ်ကိုလည်း ဖမ်းဆုပ်နိုင်ခဲ့သေးတယ်

ငါ သတ်တောင် သတ်ခဲ့သေးတယ်

ထို့နောက် ရှန်ထျန်းက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာမှ စိတ်စွမ်းအားကို ရုတ်သိမ်းကာ မူလခန္ဓာကိုယ်ဆီသို့ ပြန်ပို့လိုက်သည်။

သုံးလတာ သီးသန့်ကျင့်ကြံပြီးနောက် သူ့ ခန္ဓာကိုယ်လည်း ရှုပ်ထွေးပွေလီ အရှိန်အဝါများစွာ စုပ်ယူထားပြီး ပြည့်ဝသောအခြေအနေသို့ ရောက်ရှိသွားသည်။

ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ ခန္ဓာက ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည့်အတွက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ထူးဆန်းသော အက္ခရာစာများက သူ့ ခန္ဓာကိုယ်ကို ပတ်လည်ဝန်းရံနေကာ ကျယ်ပြန့်ပြီး တိုင်းတာလို့ မရနိုင်သော စွမ်းအားများနှင့် ပြည့်နှက်နေသည်။

သူ့လက်ရှိ ခွန်အားနှင့်ဆိုလျှင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကိုပင် လက်ဗလာဖြင့် သတ်နိုင်သည်။

ရှန်ထျန်း၏ နတ်ဘုရားကိုယ်ထည်မာကျင့်စဉ်က အချိန်မရွေး ဧရာမစွမ်းပကားရှင်အဆင့်သို့ ရောက်ရှိကာ သေခြင်းရှင်ခြင်းကပ်ဘေးနယ်ပယ်သို့ ဝင်နိုင်ကြောင်း လက္ခဏာများ ပြသနေသည်။

သို့သော် သူက အဆင့်တက်ဖို့ မရွေးချယ်ဘဲ ခဏတာ ရွှေ့ဆိုင်းထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံခဲ့သည့်အတွက် အဆင့်တက်သည်နှင့်တစ်ပြိုင်နက် သူ့ ကံကြမ္မာကျဆင်းသွားလိမ့်မည်။

ယခုကဲ့သို့ ကြပ်တည်းနေသည့် ကာလတွင် ပိုမို ဘေးကင်းသော လမ်းကြောင်းကို ရွေးလိုက်ခြင်းက ပိုပြီးတော့ စိတ်ချရသည်။

ရှန်ထျန်းက သူ့ကိုယ်သူ ကံကြမ္မာသားတော်တစ်ယောက်ဟု မခံစားရသည့်အတွက် ဖိအားအောက်မှာ မလုပ်ဆောင်နိုင်မှာကို စိုးရိမ်ခဲ့သည်။

ထို့အပြင် သူ့ကံကြမ္မာက ကောင်းကင်ဘုံ၏ သားတော်အစစ်များလောက် မကောင်းပေ။

သူ့အတွက် ဖြည်းဖြည်းချင်း တိုးတက်နေတာလေးက ပိုပြီးတော့ ကောင်းပါတယ်

ဂျိန်း…

ထိုအခိုက်အတန့်တွင် ထိတ်လန့်စရာကောင်းသော အံ့ဖွယ်စွမ်းအားက အဝေးတစ်နေရာမှ ဝေ့ပတ်လာသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်လှုပ်သွားပုံပေါ်ပြီး ရှုပ်ထွေးပွေလီ စွမ်းအင်က အဆုံးမဲ့စွာ ထိုးဖောက်ထွက်သွားပြီး ဧရာမလှိုင်းများသဖွယ် မြင့်တက်သွားသည်။

တစ်စုံတစ်ယောက်က ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည့် သူတို့၏ အံ့ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ရှန်ထျန်း အံ့ဩမှင်သက်သွားမိသည်။

ထို့အပြင် သူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်၏ အတွင်းပိုင်းသို့ ရောက်ရှိနေသည်။

ဤနေရာတွင်ရှိသော ရှုပ်ထွေးပွေလီ စွမ်းအင်က အဆုံးစွန်အထိ များပြားနေသည်။

မဟာဝိဇ္ဇာတစ်ပါးပင် ဤနေရာတွင် ခြေချရဲမည် မဟုတ်ပေ။ ထာဝရတစ်ပိုင်း ကျင့်ကြံသူများပင် ဤနေရာတွင် ကြာကြာ နေရဲမည် မဟုတ်ပေ။ ရှုပ်ထွေးပွေလီ စွမ်းအင် သူတို့ကို တိုက်စားသွားသည်နှင့်တစ်ပြိုင်နက် သူတို့ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

အဲဒီစွမ်းအား ဘယ်ကနေ ရောက်လာတာလဲ

ဒီတစ်ခေါက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကို ဘယ်သူဝင်လာတာလဲ

ရှန်ထျန်းက ရုတ်ရုတ်သဲသဲဖြစ်သောနေရာသို့ ချက်ချင်းသွားလိုက်သည်။

အနီနားတွင် လူအုပ်ကြီးတစ်အုပ်က ကျွန်း၏ အတွင်းပိုင်းသို့ ဦးတည်သွားကြသည်။

သူတို့က ရှေးဟောင်းယာဉ်ပျံကို စီးလာသည့်အတွက် ကောင်းကင်ကို ခမ်းနားသော အရှိန်အဝါဖြင့် ကာထားလိုက်သည်။

ယာဉ်ပျံက မီတာသုံးထောင် ရှည်လျားပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်အပေါ်တွင် ဝဲပျံနေသည်။

ပတ်ဝန်းကျင်တွင် ရှုပ်ထွေးပွေလီ စွမ်းအင်များ ရှိနေသောကြောင့် မြူခိုးများ ရစ်ပတ်နေသည်။

ဤရှုပ်ထွေးပွေလီ စွမ်းအင်က ကြောက်စရာကောင်းလှပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ရှင်းထုတ်မည့် ပြင်းထန်သော လှိုင်းလုံးများသဖွယ် ဖြစ်နေသည်။

အချိန်တစ်ခုရောက်သည့်အခါ ယာဉ်ပျံလည်း ရှုပ်ထွေးပွေလီ အရှိန်အဝါနှင့် တိုက်မိပြီး တုန်လှုပ်ကာ ဆူညံသောအသံများကို ထုတ်လွှတ်နိုင်သည်။

အဲလိုဆိုလျှင်ပင် ယာဉ်ပျံက မပြိုလဲသွားပဲ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အတွင်းပိုင်းသို့ ဆက်လက်သွားနေသည်။

တခြားတစ်ယောက်သာ ဤအရာကို မြင်သွားပါက သူတို့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားနိုင်သည်။

ဤနေရာတွင်ရှိသော ရှုပ်ထွေးပွေလီ အရှိန်အဝါက အရမ်းပြင်းထန်သည့်အတွက် မဟာဝိဇ္ဇာတစ်ပါး၏ ခန္ဓာကိုယ်ပင် ထိုစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပဲ အလွယ်တကူ ပေါက်ကွဲကာ သေသွားနိုင်သည်။

ယာဉ်ပျံက ထိပ်သီးအဆင့် မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သော်လည်း ဒီလောက်ထိ ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့အပြင် ရှေးဟောင်း အသုံးအဆောင်နှစ်ခုက ယာဉ်ပျံပေါ်တွင် ဝဲပျံနေပြီး အကန့်အသတ်မဲ့ အံ့ဖွယ်စွမ်းအားကို လွှတ်ထုတ်ကာ ကာကွယ်ပေးနေသည်။

ထိုအရာများက ထူးဆန်းသော အက္ခရာစာများ ရေးထွင်းထားသော သော့နှစ်ချောင်းနှင့် တူပြီး အရှိန်အဝါများက ရှေးကျပြီး နက်နဲသည်။

ထိုနှစ်ခုကို အတူတူပေါင်းစပ်လိုက်ပါက ထိုက်ချီ၏ ပုံသဏ္ဌာန်ကို ဖော်ထုတ်လိုက်သည်။

ယင်နှင့် ယန်ကို အတူတူပေါင်းစပ်လိုက်ပါက ယာဉ်ပျံကို လွှမ်းခြုံသွားသည့် တောက်ပသော အလင်းတန်းအလွှာကို ဖန်တီးနိုင်သည်။

ရှုပ်ထွေးပွေလီ စွမ်းအင်က လွှမ်းခြုံလိုက်သော်လည်း ထိုအလင်းတန်း မျက်နှာပြင်၏ ပိတ်ဆို့မှုကို ခံလိုက်ရသည့်အတွက် အထဲသို့ မထိုးဖောက်နိုင် ဖြစ်သွားသည်။

လူအုပ်တစ်စုက ယာဉ်ပျံ၏ ကုန်းပတ်ပိုင်း၌ မတ်တပ်ရပ်နေကြသည်။

သူတို့က အရွယ်စုံဖြစ်ပြီး အထွတ်အမြတ်မြေ တစ်ခု၏ တပည့်များကဲ့သို့ ရှေးဟောင်း တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

သို့သော် ဤလူများကို နှစ်မျိုးခွဲထားသည်။

တစ်မျိုးက သူ၏ တာအိုဝတ်ရုံပေါ်တွင် ကျူးကောဆိုသော စကားလုံးကို ရေးထွင်းထားပြီး သူ့နောက်တွင် ထိုက်ချီ ရှစ်မြှောင့်ထောင့် ပါကွားအကွက်ရှိပြီး သူ့လက်ထဲတွင် ရှေးဟောင်း ရှစ်မြှောင့်ထောင့် ပါကွား သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသည်။

ခေါင်းဆောင်က ဆံပင်အနီရောင်ရှိသော အဖိုးကြီးတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း တောက်ပနေသည်။

သူ့အရှိန်အဝါက ကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းလှသည်။ သူ့ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အက္ခရာစာများရှိသည့်အတွက် စွမ်းအားကြီးသော တည်ရှိမှုတစ်ခုဟု ဆိုနိုင်သည်။

တခြားတစ်ဖက်ရှိ အမျိုးသား၏ တာအိုဝတ်ရုံပေါ်တွင် စစ်မာဆိုသော စာလုံးကို ရေးထွင်းထားကာ သူ့လက်ထဲတွင် ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်ရှိပြီး ဓာတ်ငါးပါး အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။

ဤအုပ်စုကို ဦးဆောင်နေသော အဖိုးကြီးတွင် တည်ငြိမ်သော အရှိန်အဝါ ရှိသည်။ သူ့ဆံပင်က အဖြူရောင်ဖြစ်နေသည့်အတွက် ထာဝရအရှင်တစ်ယောက် အသွင်ဆောင်နေသည်။

အားလုံး၏ ရှေ့တွင် ထူးခြားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်။ သူ့ မျက်လုံးများက ကြယ်တာရာများကဲ့သို့ နက်နဲလှသည်။ သူက လက်ထဲတွင် ရှစ်မြှောင့်ထောင့် ပါကွား သံလိုက်အိမ်မြှောင်ကို ကိုင်ထားပြီး ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်က သူ့နောက်တွင် ပေါလောပေါ်နေသည်။

လေသင်္ဘော၏ အစွန်းပိုင်းတွင် ရပ်နေသောသူက ခေါင်းဆောင်တစ်ယောက် အသွင်ဆောင်နေသည်။

ထိုလူများက အလယ်ပိုင်းကုန်းမြေ၏ လျှို့ဝှက်မျိုးနွယ်စုများဖြစ်သော ကျူးကောနှင့် စစ်မာမျိုးနွယ်များ ဖြစ်ကြသည်။

ခေါင်းဆောင်နေသော အကြီးအကဲနှစ်ယောက်က ကျူးကောယွမ်နှင့် စစ်မာချန်တို့ ဖြစ်ကြသည်။

သူတို့က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ဧရာမ ကပ်ဘေးမှ လွတ်မြောက်ခဲ့သူများ ဖြစ်ကြပြီး အင်မတန် စွမ်းအားကြီးသည်။

သူတို့နှစ်ယောက်လုံးက မဟာဝိဇ္ဇာများ ဖြစ်သော်လည်း မြေအနေအထား အားသာမှုများ၏ အကူအညီဖြင့် ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို အသုံးပြုနိုင်သည်။

လေသင်္ဘောဦးပိုင်းတွင် ရပ်နေသော ကျူးကောစစ်မာက မျိုးနွယ်စု နှစ်ခုလုံး လေးစားကြသည့် ပါရမီရှင် အစစ်အမှန်တစ်ယောက် ဖြစ်သည်။

ကျူးကောမျိုးနွယ်နှင့် စစ်မာမျိုးနွယ်တို့ နှစ်ခုလုံးက မဟာလျှို့ဝှက်မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့၏ မျိုးနွယ်များက နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့်အတွက် နက်နဲသော အုတ်မြစ် ရှိသည်။

မဟာမျိုးနွယ်စုနှစ်ခုက လျှို့ဝှက်မျိုးနွယ်စုများကြားထဲတွင် ထူးချွန်ကြသည်။ သူတို့၏ ရာထူးများက မြင့်မားပြီး နာမည်ကောင်းကို ပိုင်ဆိုင်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူတို့မျိုးနွယ်၏ ဘိုးဘေးဘီဘင်များက ယခင်တုန်းက အထွတ်အထိပ် ပါရမီရှင်များပင် ကြောက်ရွံ့ရသည့် ဂုဏ်သိက္ခာမျိုးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

အစီအရင်များ၏ စွမ်းအားက ကမ္ဘာပေါ်တွင် အဆန်းကြယ်ဆုံး စွမ်းအားဖြစ်သည့်အတွက် ပြိုင်ဘက်ကင်းလှသည်။

အစီအရင်ကျွမ်းကျင်သူများက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို ငှားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှိန်ကို စုစည်းကာ အကန့်အသတ်မဲ့စွမ်းအားဖြင့် ပေါက်ကွဲစေသည်။

ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို လူအင်အားနဲ့ တွန်းလှန်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

မဟာမျိုးနွယ်စု နှစ်ခု၏ ဘိုးဘေးဘီဘင်များက ကမ္ဘာကို တုန်လှုပ်စေသည့် အထွတ်အထိပ် သတ်ဖြတ်ရေး အစီအရင်ဖြစ်သော အဆုံးမဲ့ စကြဝဠာ အစီအရင်ကို အသက်သွင်းဖို့အတွက် ပူးပေါင်းခဲ့ဖူးသည်။

ဤ အစီအရင်တစ်ခုထဲကပင် ပင်လယ်ပြင်နီရဲသွားသည်အထိ သတ်ဖြတ်နိုင်ပြီး တခြားမျိုးနွယ်စုများအားလုံး ထိုမျိုးနွယ်စုနှစ်ခုကို ကြောက်ရွံ့လာအောင် လုပ်ဆောင်ပေးသည်။

သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မျိုးနွယ်စုနှစ်ခုလုံး၏ အားအကောင်းဆုံး အမွေအနှစ်များ ဆုံးရှုံးမှုက မျိုးနွယ်စု၏ ခွန်အားကို ထိုးကျသွားစေသည်။

သို့သော် ဒီလိုဆိုလျှင်ပင် ထိုမျိုးနွယ်စုနှစ်ခု၏ တိုက်ပွဲခွန်အားက လျှော့တွက်လို့ပင် မရနိုင်ပေ။

ကျူးကောမျိုးနွယ်က ရှစ်မြှောင့်ထောင့် ပါကွား အစီအရင်ကို အသုံးပြုသည့်နေရာတွင် တော်သည်။ သူတို့က အစီအရင်များကို အသုံးပြုကာ ကောင်းကင်၊ မြေကြီး၊ ရေ၊ မီး၊ လေ၊ မိုးကြိုးနှင့် တောတောင်များ၏ စွမ်းအားကို ထိန်းချုပ်နိုင်သည်။

အစီအရင် ကျွမ်းကျင်သူသာ အဆုံးစွန်အထိ ကျင့်ကြံပါက နတ်ဘုရား နတ်ဆိုး ရှစ်မြှောင့်ထောင့် အစီအရင်များကို အသုံးပြုကာ ထာဝရအရှင်ကိုပင် သတ်နိုင်လိမ့်မည်။

စစ်မာမျိုးနွယ်က ဓာတ်ငါးပါး အစီအရင်တွင် ကျွမ်းကျင်ပြီး အစီအရင်များကို အသုံးပြုကာ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး၏ စွမ်းအားကို ထိန်းချုပ်နိုင်သည်။

သူတို့က အစီအရင်တစ်ခုကို အသုံးပြုကာ ကမ္ဘာဦး နတ်ဆိုးကျား၊ နတ်ဆိုးသမင်၊ နတ်ဆိုးဝက်ဝံ၊ နတ်ဆိုးမျောက်ဝံနှင့် နတ်ဆိုးငှက်များကိုပင် သူတို့အတွက် တိုက်ခိုက်ပေးဖို့ ဆင့်ခေါ်နိုင်သည်။

ဤမျိုးနွယ်မှ လူများလည်း အဆုံးစွန်အထိ ရောက်အောင် ကျင့်ကြံလိုက်ပါက အထွတ်အထိပ် အစီအရင်တစ်ခုဖြစ်သည့် ဓာတ်ငါးသုတ်သင်ခြင်း အစီအရင်ကို ဖန်တီးနိုင်ပြီး လမ်းမှာ ပိတ်နေသမျှ အရာအားလုံးကို သတ်ပစ်နိုင်သည်။

သို့သော် သူတို့၏ စွမ်းအားအကြီးဆုံး စွမ်းရည်က ရန်သူများကို သတ်ဖြတ်ဖို့အတွက် မဟုတ်ပဲ အစီအရင်များ ချိုးဖျက်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ပင်ဖြစ်သည်။

ထို့ကြောင့် အလယ်ပိုင်းကုန်းမြေတွင် ဤလျှို့ဝှက်မျိုးနွယ်စုနှစ်ခုက အလွန်မြင့်မားသော ဂုဏ်ပုဒ်ရှိနေခြင်းဖြစ်သည်။

အထွတ်အမြတ်မြေများ၏ ပင်မတပည့်များပင်လျှင် ထိုမဟာမျိုးနွယ်စုနှစ်ခု၏ ပင်မမျိုးနွယ်စုဝင်များကို တွေ့ပါက ရိုသေလေးစားဖို့ လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်နယ်မြေများတွင် အခက်အခဲ ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ အကူအညီ လိုအပ်တတ်သောကြောင့် ဖြစ်သည်။

ထိုမျိုးနွယ်စုနှစ်ခု၏ အဖွဲ့ဝင်များသာလျှင် ယခုတစ်ခေါက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲသို့ ဝင်ရဲသည်။

သူတို့က ရှုပ်ထွေးပွေလီ စွမ်းအင်ကို ခုခံဖို့အတွက် သူတို့၏ ဘိုးဘေးဘီဘင်များ ချန်ထားခဲ့သော အစီအရင်များနှင့် ရတနာများ၏ စွမ်းအားကို အသုံးပြုကာ အံ့ဩစရာကောင်းသည့် အစီအရင်များကို အသက်သွင်းနိုင်သည်။

သို့သော် ထိုမျိုးနွယ်စုနှစ်ခုက ဘယ်တုန်းကမှ ဆက်ဆံရေး အဆင်မပြေခဲ့ကြပေ။ ဘိုးဘေးဘီဘင်တို့၏ မျိုးဆက်ကတည်းက အချင်းချင်း ပြိုင်ဆိုင်နေကြပြီး နယ်မြေငါးခု၏ ပထမမျိုးနွယ်စုဆိုသော ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ချင်နေကြသည်။

မျိုးနွယ်စုနှစ်ခုတွင် ဆင်တူသော တိုက်ပွဲစွမ်းရည်ရှိပြီး သူတို့၏ တိုက်ခိုက်သည့် နည်းပညာကလည်း အတူတူနီးပါး ဖြစ်သည့်အတွက် ထင်ရှားသော ရလဒ် ထွက်မလာပေ။

သို့သော် ထိုမျိုးနွယ်စုနှစ်ခုကြားက ရှုပ်ထွေးမှုက ဘယ်တုန်းကမှ ရပ်တန့်ခဲ့ခြင်း မရှိပေ။ နှစ်ထောင်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း သူတို့က အချင်းချင်း အလျှော့မပေးကြပေ။

သူတို့က ရှေ့မျိုးဆက်၏ အများက လက်ခံထားသော အမွေအနှစ်များဟု ကြွားချင်ပြီး သူတို့ ဘိုးဘေးဘီဘင်များ၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်ပေးချင်ကြသည်။

ထိုအရာများက ပြိုင်ဘက်ကင်း ပါရမီရှင် ကျူးကောစစ်မာ ပေါ်မလာခင်ကသာ ဖြစ်ခဲ့သည်။

သူက မျိုးနွယ်နှစ်ခုကြား လက်ထပ်မှုတစ်ခုမှ ပေါက်ဖွားခဲ့သည့် ပြိုင်ဘက်ကင်း အစီအရင် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူက မဟာအစီအရင်မျိုးနွယ်စုနှစ်ခု ဖြစ်သည့် ကျူးကောမျိုးနွယ်နှင့် စစ်မာမျိုးနွယ်တို့၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ကျူးကောစစ်မာက အသက်ငယ်ရွယ်သည့်အချိန်မှာပင် မျိုးနွယ်စုနှစ်ခု၏ ထိပ်သီး အမွေအနှစ်များကို ပိုမိုကျွမ်းကျင်သောအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးပြီ ဖြစ်သည်။

သူက မဟာအစီအရင်မျိုးနွယ်စုနှစ်ခု၏ သမိုင်းရှိ ငယ်ရွယ်သောမျိုးဆက်တွင် အရည်အချင်းအရှိဆုံး မျိုးနွယ်စုဝင် တစ်ယောက်ဟု ဆိုနိုင်သည်။

မဟာမျိုးနွယ်စုနှစ်ခုလုံးက ဘိုးဘေးဘီဘင်၏ ဂုဏ်သိက္ခာကို ပြန်လည်ရှင်သန်နိုင်စေရန်အတွက် ကျူးကောစစ်မာအပေါ် မျှော်လင့်ချက် ထားထားကြသည်။

ထိုအခါမှသာ မျိုးနွယ်စုနှစ်ခုကြားမှ ပြဿနာများလည်း လျော့ကျသွားခြင်း ဖြစ်သည်။

ထို့ကြောင့် ကျူးကောစစ်မာ၏ တောင်းဆိုချက်အရ မဟာမျိုးနွယ်စုနှစ်ခု အင်အားပေါင်းစည်းကာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ဆီသို့ ချီတက်လာခြင်း ဖြစ်သည်။

သို့သော် မဟာမျိုးနွယ်စုနှစ်ခုကို အင်အားပေါင်းစည်းထားသော်လည်း ဤရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိပေ။

ဤနေရာက ကြီးမားသော လျှို့ဝှက်ချက်များ၊ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ ဤနေရာသို့ လာသည့်အခါ သူတို့ပင် ဂရုစိုက်ပြီး ဘာကိုမှ လက်လွတ်စပယ် မထိရဲပေ။

သူတို့သာ ပေါ့ဆလိုက်ပါက ဒုက္ခအကြီးအကျယ်နဲ့ တွေ့ကြုံရနိုင်သည်။

ထို့ကြောင့် မဟာအစီအရင် မျိုးနွယ်စုနှစ်ခုအနေဖြင့် ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း သွားရမည်ဖြစ်သည်။

သို့သော် လမ်းတစ်လျှောက်လုံး မျိုးနွယ်စုနှစ်ခုလုံး မပျင်းကြပေ။

သူတို့က နှစ်ထောင်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသည့်အတွက် စကားပြောစွမ်းရည်ကလည်း နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အသက်နှစ်ဆယ်ခန့်ရှိသော ကျူးကောတပည့်က လမ်းလျှောက်ထွက်လာကာ စစ်မာတပည့်ကို စိုက်ကြည့်ကာ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“ မင်းတို့ရဲ့ စစ်မာမျိုးနွယ်က ငါတို့ကို လမ်းမှန်ခေါ်သွားတာရော ဟုတ်ရဲ့လား။

ငါတို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲကိုရောက်တာ တစ်လကျော်သွားပြီ။ မင်းတို့ လုပ်နိုင်တယ်ဆိုတာ သေချာရဲ့လား။

မလုပ်နိုင်ဘူးဆိုရင် အိမ်ပြန်ပြီး အိပ်လိုက်တော့။ ငါတို့ရဲ့ ကျူးကောမျိုးနွယ်က လမ်းကို ဦးဆောင်နိုင်ပါတယ်”

ထိုတပည့်၏ စကားလုံးများက စစ်မာတပည့်ကို ဒေါသထွက်သွားစေသည်

“ မင်းတို့ရဲ့ ကျူးကောမျိုးနွယ်ပဲ လုပ်နိုင်တယ်တဲ့ ဟုတ်လား။ မင်းတို့ကြောင့်သာ မဟုတ်ရင် ငါတို့က ဘယ်လိုလုပ်ပြီးတော့ လမ်းပျောက်ခဲ့မှာလဲ။

ငါတို့ရဲ့ စစ်မာမျိုးနွယ်သာ အစကတည်းက ပဲ့ထိန်းနေရာကို ယူခဲ့မယ်ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”

ကျူးကောတပည့်က လှောင်ရယ်ကာ ပြောလိုက်ပြန်သည်

“ မင်းတို့ကောင်တွေ မလုပ်နိုင်ပါဘူး။ ထွက်သွားလိုက် ဒီမှာ ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်မနေနဲ့”

စစ်မာတပည့်အချို့ ထွက်လာကာ ကျူးကောတပည့်များကို ဒေါသတကြီးပြောလိုက်သည်

“ မင်းတို့က ကိုယ့်ကိုယ်ကို အရှက်ကွဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ သိတယ်”

“ စောနက ရှုပ်ထွေးပွေလီ လှိုင်းလာတော့ မင်းတို့ရဲ့ လည်ပင်းတွေက လိပ်တွေလိုမျိုးဝင်သွားပြီးတော့ ဘာလို့ စကားမပြောနိုင် ဖြစ်သွားကြတာလဲ”

ကျူးကောတပည့်များက ဒေါသထွက်ကာ ပြန် ပြောလိုက်သည်

“ မင်း ဘာစကားပြောလိုက်တာလဲ”

“ ငါတို့ရဲ့ ကျူးကောမျိုးနွယ်သာ ခုခံရေးအစီအရင်ကို အသက်မသွင်းပေးလိုက်ဘူးဆိုရင် မင်းတို့တွေသေတာ ကြာနေလောက်ပြီ”

စစ်မာတပည့်က ဆဲရေးတိုင်းထွာလိုက်သည်။

ကျူးကောက ပြန်ပြီးတော့ ဆဲရေးတိုင်းထွာပြန်သည်။

ယာဉ်ပျံပေါ်တွင် အော်သံများနှင့် ကျိန်စာတိုက်သံများသာ ဆက်တိုက်ကြားနေရသည်။

ထိုအရာက မျိုးနွယ်စုနှစ်ခုသာ အငြင်းပွားနေခြင်း မဟုတ်ဘဲ မျိုးနွယ်စုနှစ်ခု၏ အကြီးအကဲများပင် မျက်နှာများနီရဲနေပြီး အငြင်းပွားနေကြကာ တံတွေးများလည်း နေရာအနှံ့သို့ စင်နေသည်။

စစ်မာချန်က အေးစက်စွာဖြင့် ပြောလိုက်သည်

“ ငါတို့ စစ်မာမျိုးနွယ်ရဲ့ ထူးခြားတဲ့ အစွမ်းကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီလောက်ထိ ဘယ်လိုလုပ်ပြီးတော့ လာနိုင်မှာလဲ။ မင်းတို့ကိုသာ အားကိုးလိုက်မယ်ဆိုရင် ငါတို့ ရှုပ်ထွေးပွေလီ အရှိန်အဝါရဲ့ အာဟာရတွေ ဖြစ်နေလောက်ပြီ”

ကျူးကောယွမ်က အသံကုန်အော်ဟစ်ကာ ပြောလိုက်သည်

“စစ်မာချန် မင်းကတော့ စကားကြီး စကားကျယ်တွေ ပြောနေပြန်ပြီ။ မင်းတို့တွေက ဘာလို့ ငါတို့ရှေ့ဆိုရင် မိုက်ချင်ယောင်ဆောင်နေရတာလဲ။

မင်းတို့ အကြောင်းကို ငါ သေချာသိပါတယ်။ မင်းတို့ ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိလဲက အစ သိတယ်”

စစ်မာချန်၏ မျက်နှာနီရဲနေပြီး တုန်ရီနေသော လက်ဖြင့် ကျူးကောစစ်မာကို လက်ညှိုးထိုးကာ ပြောလိုက်သည်

“ မင်းက ရိုင်းတဲ့သူပဲ။ ငါ မင်းလိုလူမျိုးနဲ့ တစ်သင်းထဲ မဖြစ်ချင်ဘူး”

ကျူးကောယွမ်က လှောင်ရယ်ကာ ပြောလိုက်သည်

“ မင်း မကျေနပ်ရင် ထွက်သွားလိုက်။ မင်း မသွားရင် ငါ့သားပဲ”

စစ်မာချန်က ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

သူတို့က မြို့တော်မှ တပည့်လေးများကဲ့သို့ ဆက်တိုက် မရပ်မနား အငြင်းပွားနေသည့်အတွက် ပါရမီရှင်တစ်ယောက်၏ ဂုဏ်သိက္ခာလည်း မရှိတော့ပေ။

ထိုမြင်ကွင်းကြောင့် ကျူးကောစစ်မာ ကိုယ့်နဖူးကိုယ်သာ ကိုင်ထားလိုက်မိသည်။

သူက ထိုကဲ့သို့သော အခြေအနေမျိုးကို အသားကျနေပြီဖြစ်သည်။

မျိုးနွယ်စုနှစ်ခုသာ အတူနေပါက သုံးရက်နေတိုင်း သေးငယ်သော ရန်ပွဲတစ်ခု ဖြစ်နိုင်ပြီး ငါးရက်နေတိုင်း ကြီးမားသော တိုက်ပွဲတစ်ခုဖြစ်နိုင်သည်။

အကြီးအကဲနှစ်ယောက်က သူတို့၏ မျက်နှာများ နီရဲသည်အထိ ရန်ဖြစ်နေကြသော်လည်း သူတို့၏ ကန့်သတ်ချက်ကို သိသည့်အတွက် တိုက်ခိုက်ခြင်းမျိုးတော့ မရှိကြပေ။

ကျူးကောစစ်မာကလည်း ထုံးစံအတိုင်း ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ဝင်ရောက်စွက်ဖက်လည်း အတူတူပင်ဖြစ်သည်။

သို့သော် သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ရှိနေသေးသည့်အတွက် ကြားဝင်ဖျန်ဖြေဖို့ လိုအပ်သေးသည်။

ပဲ့ထိန်းရှိ တပည့်များပင် အချင်းချင်း ကျိန်ဆဲနေကြသည်။ ဘယ်သူမှ ယာဉ်ပျံကို ထပ်ပြီးတော့ မထိန်းချုပ်နိုင်တော့ပေ။

ဤနေရာက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ဖြစ်သည့်အတွက် အန္တရာယ်က နေရာတိုင်းမှာရှိသည်။

တစ်ခုခုဖြစ်ပါက အားလုံးသေသွားနိုင်သည်။

All Chapters