ဆန်းကြယ် အံ့ဖွယ်ကျွန်း…နဂါးချပ်ဝတ် ကောင်းကင်ကျမ်း
Vol. 33 Ch. 484
အခန်း (၄၈၄) : ဆန်းကြယ် အံ့ဖွယ်ကျွန်း…နဂါးချပ်ဝတ် ကောင်းကင်ကျမ်း
မျိုးနွယ်စုနှစ်ခု မရပ်မနား အငြင်းပွားနေသည်ကို ကြည့်ပြီး ကျူးကောစစ်မာ ခေါင်းကိုက်လာမိသည်။ သို့သော် သူ သူတို့ကို ဖျောင်းဖျလိုက်သည်
“ အားလုံးပဲ အငြင်းပွားနေတာကို ရပ်လိုက်တော့။
ဦးလေး (၂)၊ ဦးလေး (၂) ကျွန်တော်တို့အားလုံးက မိသားစုတွေလေ။ အချင်းချင်း ဆဲမနေကြပါနဲ့တော့။
ဘိုးဘေးတွေလည်း ကိုယ့် ဂုဏ်သိက္ခာကို ထိန်းကြပါဦး”
ကျူးကောစစ်မာက နှစ်ဖက်လုံး တင်းမာမှု လျော့ကျသွားစေရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
သို့သော် သိပ်ပြီးတော့ အကျိုးမထူးပေ။
ကျူးကောယွမ်နှင့် စစ်မာချန်တို့က ပြောတာကို မကြားဘဲ ဆက်လက် ငြင်းခုန်နေကြသည်။
သူတို့၏ ဆဲဆိုမှုများက ယာဉ်ပျံအတွင်း မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။ သူတို့၏ အစီအရင်များက စွမ်းအားအကြီးဆုံးဖြစ်ကြောင်းကို အငြင်းပွားနေကြပြီး အချင်းချင်း နှုတ်ဖြင့် အနိုင်ယူချင်နေကြသည်။
ကျူးကောစစ်မာက နှုတ်ခမ်းကို တွန့်ချိုးကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
ဒီဘိုးဘေးတွေက တကယ်ကို ကလေးဆန်တာပဲ။ သူတို့က လုံးဝ မရင့်ကျက်ဘူး။ အပြင်လူတွေသာ ဒါကိုမြင်သွားရင် အသေရယ်ကြမှာ မဟုတ်လား
ရန်ဖြစ်သည့်အခါ စစ်မာချန်က ကျူးကောယွမ်ကို မမှီပေ။
သူက ဒေါသထွက်ပြီး ကြက်သီးများပင် ထလာသည်။
စစ်မာချန်က ထောင့်တစ်ထောင့်သို့ ချောင်ပိတ်ခံလိုက်ရသည့်အတွက် မုတ်ဆိတ်မွေးကို မှုတ်ကာ စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ကျူးကောယွမ် မင်းကိုယ်မင်း တော်တယ်ထင်နေတယ်ပေါ့ ဟုတ်လား။ မင်းမှာ အရည်အချင်းရှိရင် ငါတို့ကို အကူအညီလာမတောင်းနဲ့။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရဲ့ ဆန်းကြယ်နယ်မြေကို တစ်ယောက်တည်း ဖွင့်နိုင်အောင် လုပ်လိုက်လေ”
စစ်မာချန်က ဒေါသကြောင့် မျက်လုံးများ နီရဲနေသည်။
အကြောင်းအရင်းက ထိုနေရာတွင် ကြီးကျယ်သော ရှုပ်ထွေးပွေလီ အစီအရင် ရှိခဲ့ပြီး ထိုအရာက သာမန်လူတစ်ယောက် ချိုးဖျက်နိုင်သည်ထက် ကျော်လွန်နေသည်။
ထို့အပြင် ဤနေရာတွင် အားလုံး၏ နှလုံးသားကို တုန်ရီစေသည့် ရှုပ်ထွေးပွေလီ စွမ်းအင် ရှိသည်။
ကျူးကောမျိုးနွယ်စု၏ ခွန်အားအရ ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်ထဲသို့ တစ်ယောက်ထဲဝင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ထို့ကြောင့် စွန့်စားခရီးထွက်သည့်အခါ စစ်မာမျိုးနွယ်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ သူတို့ ပြင်ပနယ်မြေထဲမှာ တစ်လကြာလောက် လမ်းပျောက်နေမယ်လို့ ဘယ်သူက ထင်မှာလဲ
မျိုးနွယ်စုနှစ်ခုက ကျွန်း၏ အတွင်းပိုင်းသို့ မဝင်ခင် ဈေးကြီးပေးကာ အရင်းအမြစ်အများအပြားကိုလည်း အသုံးပြုခဲ့ရသည်။
ယခု ကုန်ကျခဲ့သည့် တန်ဖိုးက သူတို့ မျှော်လင့်ထားသည်ထက် အတော်လေး များနေသည်။ ထို့ကြောင့် မျိုးနွယ်စုနှစ်ခုက တစ်ယောက်နှင့် တစ်ယောက် အပြစ်တင်နေကြခြင်းဖြစ်သည်။
သို့သော် ကျူးကောယွမ်က အပြစ်ပုံချသည့်နေရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူက စစ်မာချန်ကို စကားပြန်မပြောနိုင်အောင် လုပ်ကာ လက်ဦးမှု ရယူထားသည်။
စစ်မာချန်က သူ့မျက်နှာကို ဂရုစိုက်သောသူတစ်ယောက် ဖြစ်သည်။ ဤဒေါသကို သည်းမခံနိုင်သည့်အတွက် ချက်ချင်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် ကျူးကောယွမ်က သူ့လှည့်ကွက်ထဲ မကျဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ မင်း အဲလိုပြောနေမှတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါက ငါတို့ဘာသာငါတို့ လုပ်နိုင်တယ်”
စစ်မာချန်က ဒီကိစ္စကနေ လက်ရှောင်သွားမှာကို သူ မကြောက်ပါဘူး။ ပြီးတော့ သူတို့က တစ်လှေတည်းစီးနေပြီးသားဆိုတော့ ဘယ်လိုလုပ်ပြီးတော့ နှုတ်ထွက်လို့ ရပါတော့မလဲ
ထိုမြင်ကွင်းက ကျူးကောစစ်မာက ရယ်ရမလား ငိုရမလားမသိဖြစ်စေသည်။
မျိုးနွယ်စုနှစ်ခုက အတူတူ အလုပ်လုပ်သည့်အချိန်မှာပင် အချင်းချင်း ငြင်းခုန်နေကြသည်။ သူတို့ လမ်းပျောက်မလိုတောင် ဖြစ်ခဲ့သေးသည်။ သူတို့သာ ဆက်ပြီးတော့ ပြဿနာဖြစ်နေပြီး မျိုးနွယ်နှစ်ခု လမ်းခွဲသွားပါက အားလုံး သေသွားနိုင်သည်။
ကျူးကောစစ်မာက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်
“ ဘိုးဘေးနှစ်ယောက် ကျွန်တော်တို့ ဆန်းကြယ် အံ့ဖွယ်ကျွန်းကိုသာ အမြန်ဆုံး ရှာလိုက်ရအောင်။
အချိန်ဆွဲနေလို့ မကောင်းဘူး။ ကျွန်တော်တို့ရဲ့ စွမ်းအင်အရဆိုရင် ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး”
သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်ထဲသို့ ဝင်သွားသည့်အတွက် အန္တရာယ်က ယခင်ကထက် ပိုမိုများပြားလာသည်။
ယာဉ်ပျံ၏ အပြင်ဘက်တွင် ထိုးဖောက်ထွက်နေသော လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာဦး ရှုပ်ထွေးပွေလီ စွမ်းအင်လှိုင်းက အရမ်းကြောက်ဖို့ကောင်းပြီး ကြီးမားသော လှိုင်းလုံးများကဲ့သို့ ဖြစ်နေသည်။
လှိုင်းက ရိုက်ခတ်သည့်အချိန်တိုင်း ယာဉ်ပျံက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ကောင်းမွန်သော အသုံးအဆောင်ပစ္စည်းနှစ်ခုဖြင့် တည်ဆောက်ထားသော အစီအရင်ကလည်း ကြာရှည်ခံမည် မဟုတ်ပေ။
သူတို့က စွမ်းအင် အထောက်အပံ့ကို တိုးမြှင့်ပြီးပြီဖြစ်သော်လည်း အစီအရင်ကို ထိန်းထားရုံသာ တတ်နိုင်တော့သည်။
သူတို့သာ အလျင်အမြန် မလုပ်ပါက စွမ်းအင် အရင်းအမြစ် ကုန်ဆုံးသွားကာ သေဆုံးသွားနိုင်သည်။
ကျူးကောစစ်မာ၏ စကားများကြောင့် ကျူးကောယွမ်နှင့် စစ်မာချန်တို့က အသိဝင်သွားကြသည်။
သူတို့ ဤနေရာသို့ လာခြင်းက ရန်ဖြစ်ဖို့မဟုတ်ဘဲ တခြားအကြောင်းပြချက်တစ်ခုကြောင့်ဆိုတာကို သတိရသွားသည်။
မဟာမျိုးနွယ်စု နှစ်ခုလုံးက ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်ဆီလာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ။ သူတို့သာ ဒီလိုမျိုး ကိစ္စအသေးအမွှားလေးကြောင့် ကျရှုံးသွားမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ မဟုတ်လား
စစ်မာချန်က အရင်ဆုံး စိတ်ငြိမ်သွားကာ ပြောလိုက်သည်
“ ငါ မင်းနဲ့ ငြင်းခုန်မနေတော့ဘူး။ ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာဖို့က ပိုပြီးတော့ အရေးကြီးတယ်”
ကျူးကောယွမ်က နှုတ်ခမ်းကို ဖိကိုက်ပြီးနောက် ပြောလိုက်သည်
“ ငါကလည်း လေကုန်ခံပြီးတော့ မင်းနဲ့ ငြင်းခုန်ချင်မယ်လို့များ ထင်နေတာလား”
ကိစ္စက ဘယ်လောက်ထိ အရေးကြီးနေလဲဆိုတာကို သူတို့ သတိထားမိသည့်အတွက် သူတို့၏ ပြဿနာကို ခဏဘေးပို့ထားလိုက်သည်။
“ ကဲပါ ကဲပါ…ကလေးတွေလည်း ငြင်းခုန်မနေတော့နဲ့”
“ ယာဉ်ပျံကို ထိန်းချုပ်ပြီးတော့ ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာရအောင်”
ဘိုးဘေးဘီဘင်နှစ်ယောက် စိတ်တည်ငြိမ်အောင်လုပ်ကာ အခြေအနေကို ဖြေလျော့စေရန် လုပ်ဆောင်လိုက်ကြသည်။
သူတို့နှစ်ယောက် ငြိမ်သွားသည့်အတွက် မျိုးနွယ်စုနှစ်ခု၏ ငယ်ရွယ်သောမျိုးဆက်များကလည်း ငြင်းခုန်ခြင်း ရပ်တန့်သွားသည်။
အားလုံးက သူတို့နှင့် သက်ဆိုင်သော အလုပ်နေရာများသို့ ပြန်သွားကာ အစီအရင်များ ထိန်းချုပ်ခြင်းနှင့် လမ်းကြောင်းကို ထိန်းညှိပေးနေသည်။
ကျူးကောစစ်မာက နောက်ဆုံးမှ စိတ်သက်သာရာရသွားတော့သည်။
မျိုးနွယ်စုနှစ်ခုက ယာဉ်ပျံကို ထိန်းချုပ်ကာ ရှေ့သို့ဆက်သွားနေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်
“ အဲဒါ…ဘာ…ဘာကြီးလဲ”
အားလုံး မော့ကြည့်လိုက်သည့်အခါ ပင်လယ်ထဲတွင် ထိတ်လန့်စရာကောင်းသော ပြောင်းလဲတစ်ခုကို မြင်တွေ့လိုက်ကြရသည်။
လှိုင်းလုံးများက ကမ္ဘာလောကကို ပြောင်းပြန်လှန်တော့မလိုမျိုး ပြင်းထန်စွာ ရိုက်ခတ်နေသည်။
မျိုးနွယ်စုနှစ်ခု၏ တပည့်များက ဝမ်းနည်းစွာဖြင့် ပြောလိုက်ကြသည်
“ ကျွန်တော်တို့ သဘာဝကပ်ဘေးနဲ့ ကြုံနေရတာတော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား”
ဤနေရာကသာ သာမန်နယ်မြေတစ်ခုဖြစ်ပါက သူတို့ လုံးဝ စိုးရိမ်မည် မဟုတ်ပေ။
သို့သော် ဤနေရာက ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်ဖြစ်ပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ယခုတစ်ခေါက် ဖြစ်ပွားသည့် သဘာဝကပ်ဘေး ယူဆောင်လာသော ခြိမ်းခြောက်မှုက သေချာပေါက် ပြင်းထန်ပြီး ခုခံဖို့အတွက် ခက်ခဲမှာ သေချာသည်။
“ နေဦး အဲဒီမှာ တစ်ယောက်ယောက် ရှိနေတယ်”
အမြင်အာရုံ အရမ်းကောင်းသောသူများက အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဖြတ်သန်းပြီး တစ်စုံတစ်ယောက် လာနေသည်ကို မြင်နိုင်သည်။
ထိုသူက ပြိုင်ဘက်ကင်း ထာဝရအရှင်ကဲ့သို့ ခန့်ညားထင်ရှားပြီး သူတို့ကို ကြောက်လန့်စေသည့် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လုံးဝလျစ်လျူရှုထားသည်။ သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့ ရှုပ်ထွေးပွေလီ စွမ်းအင် ပြိုကွဲသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲခြမ်းလိုက်သည်။
မျိုးနွယ်စုနှစ်ခု၏ တပည့်တို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်လှုပ်လာကာ သူတို့၏ အကြည့်ထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါက တကယ်ကို ကြောက်ဖို့ကောင်းတယ်
ဒီကမ္ဘာမှာ အဲလိုမျိုး ကြောက်စရာကောင်းတဲ့သူ ရှိနေတာလား
ဒီလူက ဘယ်သူလဲ
ကျူးကောယွမ်နှင့် စစ်မာချန်တို့လည်း ထိတ်လန့်သွားသည့်အတွက် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများပင် ထလာသည်။ သူတို့နှစ်ပေါင်းတစ်သောင်းကြာ နေထိုင်ခဲ့သောသူများ ဖြစ်သည့်အတွက် သူတို့က ဗဟုသုတ ကြွယ်ဝသည်။
သို့သော် ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်၏ အတွင်းပိုင်းသို့ တစ်စုံတစ်ယောက် ဝင်သွားရဲသည်ဆိုသော အကြောင်းကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။
ထာဝရတစ်ပိုင်း စွမ်းအားရှင်များပင် အထိန်းအချုပ်များကို မဖယ်ရှားနိုင်ပေ။
ကျူးကောယွမ်၏ အသံက အနည်းငယ်တုန်လှုပ်နေကာ ပြောလိုက်သည်
“ ငါတို့ အမည်မသိတဲ့ အရာနဲ့ ကြုံတွေ့နေရတာလား”
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်က အရမ်းဆန်းကြယ်လှသည့်အတွက် အထဲမှာ ဘယ်လိုအရာတွေရှိနေလဲဆိုတာကို ဘယ်သူမှ မသိပေ။
ယခင်တုန်းက ထိုကျွန်းထဲတွင် ပိတ်မိသွားသော လူအများအပြားလည်းရှိသည်။ အဆုံးတွင် သူတို့၏ အသိစိတ်ကို ဖျက်စီးခံလိုက်ရပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်၏ တိရစ္ဆာန်ငယ်လေးများ ဖြစ်သွားကြသည်။
ဒါပေမဲ့ ဘာလို့ တိရစ္ဆာန်ငယ်လေးတစ်ကောင်မှာ ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားရှိနေရတာလဲ
စစ်မာချန်၏ အကြည့်ထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေရင်း ပြောလိုက်သည်
“ ရှုပ်ထွေးပွေလီ အငွေ့အသက်ရဲ့ တိုက်စားခြင်းကို ခံလိုက်ရတဲ့ ရှေးဟောင်း ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် သူ အသက်ရှင်တုန်းက ရှိတဲ့စွမ်းအားကို ထိန်းထားနိုင်သေးတာများလား”
ရှုပ်ထွေးပွေလီ အငွေ့အသက်ကို မကြောက်တဲ့သူအတွက် အဲဒါက နည်းလမ်းကျတဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ပဲ
သူတို့ တွေးမိလေလေ ကြောက်လာလေလေ ဖြစ်နေကြသည်။
အားလုံး ချက်ချင်း အေးစက်သွားကာ တုန်ရီလာသည်။
ဒီလိုဆိုလျှင်ပင် သူတို့ ပေါ့ပေါ့ဆဆနေလို့ မရပေ။
သူတို့၏ ယခုလက်ရှိ ခွန်အားကြောင့် ထိုကြောက်စရာကောင်းသော သတ္တဝါ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။
“ အစီအရင်ကို မြန်မြန် အသက်သွင်းလိုက်” စစ်မာချန်က အစီအရင်ကို အသက်သွင်းရန်အတွက် သူ့ တပည့်များကို အော်ဟစ် သတိပေးလိုက်သည်။
ခဏအကြာတွင် အလင်းမျက်နှာပြင် မြင့်တက်လာကာ ယာဉ်ပျံကို ဖုံးလွှမ်းသွားပြီး ကျယ်ပြန့်ကာ တိုင်းတာလို့ မရနိုင်သော စွမ်းအားကို လွှတ်ထုတ်နေသည်။
ထူးဆန်းသော အက္ခရာစာတန်းများ မြင့်တက်လာကာ မဟာအစီအရင်ကို အဆုံးမဲ့အံ့ဖွယ် အလင်းကို ထုတ်လွှတ်စေသည်။
အစီအရင်က ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ရောင်စုံအလင်းတန်းက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ စွမ်းအားကြီးသော ဖိအား ထွက်ပေါ်လာသည်။
ဤအရာက မဟာမျိုးနွယ်စုနှစ်ခု အသက်သွင်းထားသော မဟာပိုင်နက်အစီအရင် ဖြစ်သသည်။ ထိုအရာက ဘာနှင့်မှ မယှဉ်နိုင်အောင် ကြံ့ခိုင်ပြီး ထာဝရတစ်ပိုင်းကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။
သို့သော် ထိုလူ ထုတ်လွှတ်နေသော ဖိအားက ပိုင်နက်အစီအရင်ထက် များစွာ ကျော်လွန်နေသည်။
သူတို့က မဟာစစ်တပ်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ အားလုံး၏ မျက်နှာထားများ လေးနက်လာသည်။
ထိုအခိုက်အတန့်တွင် ထိုပုံရိပ်က ဖြည်းဖြည်းချင်း နီးကပ်လာသည်။
ခန္ဓာကိုယ်ကို သိပ်သည်းသော မြူခိုးဖြင့် ဖုံးလွှမ်းထားကာ ရောင်စဉ်တန်းများ အဘက်ဘက်သို့ ပျံ့နှံ့နေပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့ကို လွှမ်းခြုံထားသည်။
ကောင်းကင်နှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းလှသည်။
မဟာမျိုးနွယ်စုနှစ်ခုရှိသူများ၏ ခန္ဓာကိုယ်များ တုန်ရီလာကာ သူတို့၏ နှလုံးသားများလည်း အေးစက်ကုန်သည်။
ဒီအရှိန်အဝါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးမှာ ရှိသမျှ သတ္တဝါတွေအားလုံးကို အရှုံးပေးချင်လာအောင်ထိ ကြောက်ဖို့ကောင်းတယ်
မျိုးနွယ်စုနှစ်ခု၏ ဘိုးဘေးဘီဘင်နှစ်ယောက်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
စစ်မာချန်က ရှေ့တစ်လှမ်းတိုးကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်
“ ဒီတာအိုမိတ်ဆွေက ကျွန်တော်တို့ကို ဘာလို့ တားမြစ်လဲဆိုတာကို သိခွင့်ရမလား”
ထိုသူက စကားပြောဖို့ အသိစိတ်မရှိသည့် သတ္တဝါဖြစ်ကြောင်းကို အားလုံးက ခန့်မှန်းမိသော်လည်း အခြေအနေအကြောင်းကို သေချာသိရဖို့အတွက် မျှော်လင့်နေကြသည်။
အခွင့်အရေးရှိလျှင်ပင် သူတို့ မတိုက်ခိုက်ချင်ကြပေ။
ထိုလူက အရမ်းကြောက်ဖို့ ကောင်းသည့်အတွက် အနိုင်ရဖို့အတွက် ယုံကြည်မှု မရှိတော့ပေ။
မမျှော်လင့်ထားစွာဖြင့် မှုန်မှိုင်းနေသော ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲမှ ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာသည်
“ ခင်ဗျားတို့က ကျူးကောနဲ့ စစ်မာမျိုးနွယ်ကလား”
ကျူးကောယွမ်နှင့် စစ်မာချန်တို့က ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်ကြသည်
“ ဟုတ်ပါတယ် စီနီယာက ကျွန်တော်တို့ရဲ့ မျိုးနွယ်အကြောင်းကို သိတာလား”
ရှုပ်ထွေးပွေလီ အငွေ့အသက်ဆီမှ တုံပြန်မှုကို ရရှိလိုက်သည့်အတွက် မျိုးနွယ်စုနှစ်ခုလုံး စိတ်သက်သာရာရသွားသည်။
အဲဒီလူက ပြန်ပြောတယ်ဆိုတော့ အသိစိတ်လွတ်နေတဲ့ အမည်မသိ သတ္တဝါမဟုတ်လို့ တော်ပါသေးတယ်
ကပ်ဘေးကို ခဏတာ ဖြေရှင်းပြီးသွားပြီလို့ ပြောလို့ရတယ်
သို့သော် သိပ်မကြာခင်မှာပဲ အားလုံး၏ စိတ်ထဲ လေးလံလာရပြန်သည်။
ဒါက သတ္တဝါမဟုတ်ဘူးဆိုရင် ဘယ်သူလဲ
သူက ဘာလို့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လျစ်လျူရှုပြီးတော့ ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေနိုင်ရတာလဲ
သူက လျှို့ဝှက်ပါရမီရှင်များလား
သို့သော် သူတို့ ဘယ်တုန်းကမှ ထိုကဲ့သို့သော တည်ရှိမှုမျိုး အကြောင်းကို မကြားဖူးပေ။
ဒီစီနီယာရဲ့ ကျင့်ကြံခြင်းက လုံးဝ တိုင်းတာလို့ မရနိုင်ဘူး
ဘိုးဘေးဘီဘင်နှစ်ယောက်၏ မျက်နှာထားက တည်ငြိမ်နေပြီး မလေးစားမှု အရိပ်အယောင်ကို မပြရဲပေ။
ထိုသူက ဘာမှမပြောပဲ လက်ဆန့်ထုတ်ကာ ပတ်လည်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို တွန်းလွှတ်လိုက်သည်။
အထွတ်အထိပ် အင်အားကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တစ်စစီ ဖြစ်တော့မလိုမျိုး တုန်လှုပ်သွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို နောက်ဆုတ်သွားစေပြီး အလင်းတန်းထွက်လာစေသည်။
ခဏအကြာတွင် ပြိုင်ဘက်ကင်း ယောက်ျားတစ်ယောက် အားလုံး၏ ရှေ့သို့ ပေါ်ထွက်လာသည်။
ထိုလူ၏ အဖြူရောင် အဝတ်အစားများက လေလာရာအတိုင်း ယိမ်းနွဲ့နေပြီး ကောင်းကင်မှ ဆင်းသက်လာသော ထာဝရအရှင်ကဲ့သို့ ရုပ်ရည်လည်း ချောမောလှသည်။
သူက လေဟာနယ်ထဲတွင် မြောနေကာ အကန့်အသတ်မဲ့ပြီး တိုင်းတာ၍မရနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နိုင်သည်။
မျိုးနွယ်စုနှစ်ခုလုံး အံ့ဩမှင်သက်သွားကြသည်။
သူတို့၏ အကြည့်များထဲတွင် မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထိတ်လန့်စရာကောင်းတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတဲ့ ဆန်းကြယ်ပါရမီရှင်က တကယ်တော့ ပြိုင်ဘက်ကင်း လူငယ်လေးတဲ့လား
တစ်ဖက်တွင် မျိုးနွယ်စုနှစ်ခုလုံး၏ အမျိုးသမီးတပည့်များ၏ အကြည့်ထဲတွင် ချစ်ကျွမ်းဝင်မှုများဖြင့် ပြည့်နှက်နေကြသည်။
သူတို့ထဲတွင် ကောင်းမွန်သော အရှိန်အဝါရှိသည့် အမျိုးသမီးနှစ်ယောက် ရှိသည်။ သူတို့က သူ့ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြသည်။
ကျူးကောမျိုးနွယ်ဘက်ခြမ်းတွင် အသားအရည်က နှင်းကဲ့သို့ ဖြူစွတ်နေသော မိန်းကလေး တစ်ယောက် ရှိသည်။ သူမက ပိန်သွယ်ပြီး ကျက်သရေရှိကာ သူမ၏ ဝိုင်းစက်သော မျက်လုံးများကလည်း ကြည်လင်တောက်ပနေသည်။
ထိုမိန်းကလေးက ကျူးကောစစ်မာ၏ ညီမလေး ကျူးကောမုန့် ဖြစ်သည်။
စစ်မာမျိုးနွယ်တွင်လည်း ကျက်သရေရှိသည့် မိန်းကလေးတစ်ဦး ရှိသည်။ သူမ၏ အသားအရည်က အဖြူရောင်ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး ဆွဲဆောင်မှုရှိလှသည်။
သူမက စစ်မာမျိုးနွယ်၏ မင်းသမီးလေး စစ်မာရွှယ် ဖြစ်သည်။
မျိုးနွယ်နှစ်ခု၏ လူငယ်မျိုးဆက်ထဲတွင် သူတို့နှစ်ယောက်၏ ရာထူးက ကျူးကောစစ်မာ ပြီးလျှင် ဒုတိယအမြင့်ဆုံးဖြစ်သည်။
သို့သော် ထိုလူ၏ ရုပ်ရည်ကို မြင်ပြီးနောက် မြင်မြင်ချင်း ချစ်မိသွားကြတာ ကိုယ့်ကိုယ်ကို လွတ်အောင် ရုန်းမထွက်နိုင်ကြတော့ပေ။
သူတို့ စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။
ဒီကမ္ဘာမှာ သူ့လိုမျိုး ထူးခြားတဲ့သူ ဘယ်လိုလုပ်ပြီးတော့ ထပ်ရှိနိုင်ပါဦးမလဲ
သူက အစ်ကိုကျူးကောထက် ပိုပြီးတော့ ချောမောတယ်
ငါ သူ့ရဲ့ ပုံစံကို အရမ်းချစ်တယ်
တခြားသူထက် တုံ့ပြန်မှု ပိုမိုကောင်းမွန်သောသူ တစ်ယောက်လည်း ရှိခဲ့သည်။
ထိုသူက ကျူးကောစစ်မာ ဖြစ်သည်။
ထိုအချိန်တွင် ကျူးကောစစ်မာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ရီလာကာ ထိတ်လန့်စွာဖြင့် အော်ဟစ်ရင်း ပြောလိုက်သည်
“ အံ့…အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လား”
သူက ရှန်ထျန်းကို ထုံကြွယ်စံအိမ်တော်တွင် မြင်ဖူးသည့်အတွက် ကြည့်လိုက်သည်နှင့် ချက်ချင်းမှတ်မိသည်။
ကျူးကောစစ်မာ၏ စကားလုံးများကြောင့် မဟာမျိုးနွယ်နှစ်ခုလုံး အံ့ဩမှင်သက်သွားကြသည်။
“ ဘာ… သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်တဲ့လား”
“ သူက မြောက်ပင်လယ်ရဲ့ ကယ်တင်သူဖြစ်ပြီးတော့ သမိုင်းမှာ စွမ်းအားအကြီးဆုံး လူငယ်ဂိုဏ်းချုပ်မလား”
“ ဒါဆို သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပေါ့။ သူ့မှာ ဒီလောက် ချောမောတဲ့ ရုပ်ရည်ရှိနေတာ အဆန်းမဟုတ်တော့ပါဘူး”
မျိုးနွယ်စုနှစ်ခု ရှိလူများ၏ အကြည့်ထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့က ဤနေရာတွင် ရှန်ထျန်းကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျူးကောယွမ်နှင့် စစ်မာချန်တို့ နှစ်ယောက်လုံး တုန်ရီနေကြပြီး သူတို့၏ အကြည့်များထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်သို့ လွန်ခဲ့သော တစ်လတုန်းက ရောက်ရှိနေခဲ့သည့်အတွက် မြောက်ပင်လယ်၏ မဟာကပ်ဘေးအကြောင်းကို ကြားပြီးပြီဖြစ်သည်။
သူတို့ မိစ္ဆာဝိညာဉ်စစ်တပ်၏ ခွန်အားအကြောင်းကို ကြားသည့်အခါ သူတို့ပင် စိုးရိမ်မိသည်။
အယောက်နှစ်ဆယ်ထက်ပိုတဲ့ ထာဝရတစ်ပိုင်း ကျင့်ကြံသူတွေနဲ့ ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်ပါတယ်ဆိုတော့ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ
လျှို့ဝှက်နယ်မြေတွေ အင်အားပူးပေါင်းလိုက်မယ်ဆိုရင်တောင် ထူးခြားတဲ့ မြေအနေအထားအသုံးပြုပြီးတော့ ပိုင်နက်အစီအရင်ကို အသက်မသွင်းပဲ အဲဒီစစ်တပ်ကို ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး
ဒါပေမဲ့ အဲဒီကြောက်စရာကောင်းတဲ့ မိစ္ဆာဝိညာဉ်တွေအားလုံးကို လူတစ်ယောက်ထဲက နှိမ်နင်းပစ်တယ်တဲ့လား
ပြီးတော့ အဲဒီလူက ရှန်ထျန်းပဲ
ယခင် လ သို့မဟုတ် ပြင်ပကမ္ဘာတွင် မြောက်ပင်လယ်၌ ရှန်ထျန်း၏ တိုက်ပွဲအောင်မြင်မှုက တောမီးကဲ့သို့ ပျံ့နှံ့နေသည်။
သူက ဝိဇ္ဇာဖြစ်မလာခင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့သောသူ ဖြစ်သည်။
သူ စမ်းသပ်ချက်ခံယူနေဆဲတွင် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သေးသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ထာဝရအရှင်ပင် သူတစ်ယောက်ထဲ၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
ထိုကဲ့သို့သော တိုက်ပွဲအောင်မြင်မှုမျိုးက ဘယ်သူမှ လိုက်မမှီနိုင်ပဲ သူ့ကို ကျော်ကြားစေသည်။
အရင်လိုသာဆိုရင် အပြင်လောက်ကသူတွေက ရှန်ထျန်းအပေါ် အရမ်းမြှောက်ပင့်ပြောနေတာလို့ သူတို့ ထင်မိမှာပဲ
ဘယ်သူက ဝိဇ္ဇာမဖြစ်ခင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတွေအများကြီးကို သတ်နိုင်လို့လဲ
နယ်မြေငါးခုကို အသာထားဦး။ သမိုင်းတစ်လျှောက်မှာတောင် ဘယ်သူမှ အဲလိုမျိုး မလုပ်နိုင်ခဲ့ဘူး
သို့သော် ယခု သူတို့ အခိုင်အမာယုံကြည်သွားကြပြီဖြစ်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက် ပင်လယ်ကို ရေချိုးကန်လိုမျိုး အသုံးပြုနေနိုင်မှတော့ အဲလိုလူမျိုးက ထာဝရတစ်ပိုင်း ကျင့်ကြံသူတချို့ကို သတ်နိုင်တာက ဘာလို့ အထူးအဆန်းဖြစ်နေဦးမှာလဲ
ရှန်ထျန်းကလည်း ထိုမျိုးနွယ်စုနှစ်ခုကို ကြည့်ပြီး သိချင်စိတ်တို့ ပြည့်နှက်နေသည်။
ကမ္ဘာဦး ရှုပ်ထွေးပွေလီ အငွေ့အသက်၏ တိုက်စားမှုကို တွန်းလှန်ရန်အတွက် ပိုင်နက်စွမ်းအားအပေါ် မှီခိုခြင်းကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
ဤမျိုးနွယ်စုနှစ်ခု၏ စွမ်းရည်များက အရမ်းထူးခြားသည်ဟု ဆိုနိုင်သည်။
သို့သော် ရှန်ထျန်း စိတ်အဝင်စားဆုံးသူက လေသင်္ဘော၏ ဦးပိုင်းတွင် ရပ်နေသော ကျူးကောစစ်မာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျူးကောစစ်မာ၏ ခေါင်းပေါ်တွင် ခရမ်းရင့်ရောင် ရောင်ဝါစက်ဝန်းရှိနေသောကြောင့် ဖြစ်သည်။
ဤခရီးတွင် ကံကြမ္မာသားတော် တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မထင်မိသည့်အတွက် ရှန်ထျန်း အပျော်လွန်သွားမိသည်။
ကျူးကောစစ်မာ၏ ကံကြမ္မာက ရှီထျန်းကျီထက်တော့ အားမနည်းပေ။
ဒီထက်ပိုပြီးအရေးကြီးသည်က ကျူးကောစစ်မာ၏ ရောင်ဝါစက်ဝန်းထဲတွင် ပုံရိပ်များ ရှိနေသည်။
ထို့ကြောင့်လည်း ရှန်ထျန်း သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ကျူးကောယွမ်နှင့် စစ်မာချန်က အချင်းချင်းကြည့်ကာ ရှန်ထျန်းကို အရိုအသေပေးရင်း ပြောလိုက်သည်
“ ကျွန်တော်က အလယ်ပိုင်းကုန်းမြေက ကျူးကောမျိုးနွယ်ရဲ့ ကျူးကောယွမ်ပါ။ ဂိုဏ်းချုပ် ရှန်ထျန်းကို နှုတ်ခွန်းဆက်သပါတယ်”
“ ကျွန်တော်ကတော့ အလယ်ပိုင်းကုန်းမြေ စစ်မာမျိုးနွယ်ရဲ့ စစ်မာချန်ပါ။ ဂိုဏ်းချုပ် ရှန်ထျန်းကို နှုတ်ခွန်းဆက်သပါတယ်”
သူတို့က ရှန်ထျန်းထက် အသက်အများကြီး ကြီးသော်လည်း သူ့ကို အရမ်းယဉ်ကျေးနေကြဆဲဖြစ်သည်။
ဤလောကတွင် ပါရမီရှင်များကို လေးစားသည့်အတွက် “ ကြောက်စရာကောင်းသော ဖြစ်တည်မှု” ဖြစ်သည့် ရှန်ထျန်းလိုလူမျိုး၏ ရှေ့တွင် စီနီယာကျမှုကို ရှေ့တန်းတင်ရဲခြင်း မရှိပေ။
ရှန်ထျန်းက အရိုအသေပြန်ပေးကာ ပြန်ပြောလိုက်သည်
“ နှုတ်ခွန်းဆက်သပါတယ် တာအိုကျင့်ကြံသူအပေါင်းတို့ ”
ကျူးကောယွမ်က မေးမြန်းလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဘာလို့ ဒီမှာရှိနေလဲဆိုတာ သိလို့ရမလား”
ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာလေ။ သာမန်လူတစ်ယေက် ဘယ်လိုလုပ်ပြီးတော့ ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ဆီကို အကြောင်းပြချက်မရှိ လာပါ့မလဲ
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ကျွန်တော် ဒီမှာ ကံအပြောင်းအလဲ အခွင့်အရေးတချို့ လာရှာတာပါ”
ကျူးကောစစ်မာက ဝမ်းသာအားရဖြင့် ပြောလိုက်သည်
“ စီနီယာရှန်ထျန်းက ကျွန်တော်တို့နဲ့အတူ ခရီးသွားဖို့ စိတ်ဝင်စားလား သိချင်မိပါတယ်”
ကျူးကောယွမ်နှင့် စစ်မာချန်တို့က အံ့ဩမှင်သက်သွားပြီး နားမလည်နိုင် ဖြစ်သွားကြသည်။
ကျူးကောစစ်မာက ရှန်ထျန်းကို အရင်ဆုံး ဖိတ်ခေါ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဒီခရီးက မျိုးနွယ်နှစ်ခုရဲ့ အထွတ်အထိပ် အမွေအနှစ်နဲ့ ဆက်စပ်နေတာမလို့ အဖိုးမဖြတ်နိုင်ဘူး။ သူတို့က ဘယ်လိုလုပ်ပြီးတော့ အပြင်လူတွေနဲ့ ဝေမျှနိုင်မှာလဲ
သို့သော် ကျူးကောစစ်မာက မျိုးနွယ်စုနှစ်ခု၏ ဂုဏ်ယူစရာဖြစ်သည့်အတွက် သူ ရှန်ထျန်းကို ဖိတ်ခေါ်လိုက်သည့်အတွက် အစီအစဉ်ရှိပြီးသားဆိုတာ သေချာသည်။
ထို့ကြောင့် ကျူးကောယွမ်နှင့် စစ်မာချန်တို့က အံ့ဩသွားသော်လည်း သူ့ကို မတားမြစ်ပေ။
ကျူးကောစစ်မာ၏ စိတ်ထဲတွင် ပျော်နေသည်ကို သူတို့သိသည်။
သူက ရှန်ထျန်း၏ ဒဏ္ဍာရီကို ငယ်ငယ်ကတည်းက ကြားခဲ့ဖူးသည့်အတွက် သူ့ကို ကောင်းကောင်း နားလည်နေပြီဖြစ်သည်။
ရှန်ထျန်းဆီမှာ ပြိုင်ဘက်ကင်း တိုက်ပွဲခွန်အားရှိသည့်အပြင် နယ်မြေငါးခုတွင် ကံကြမ္မာသားတော်ဟုလည်း လူသိများသည်။
ရှန်ထျန်းနှင့် ခရီးအတူသွားသော သူများ ကံအပြောင်းအလဲ အခွင့်အရေးအများကြီး ရကြသည်ဆိုသော ကောလဟာလများလည်း ရှိသည်။
သူတို့က ယခု ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်ထဲတွင် ပိတ်မိနေသည့်အတွက် ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာဖို့အတွက် မလွယ်ကူပေ။
သူတို့သာ ရှန်ထျန်းကို အတူသွားဖို့ ဖိတ်ခေါ်လိုက်ပါ ဆန်းကြယ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်သည်။
ရှန်ထျန်းက ခဏတာစဉ်းစားလိုက်ပြီး ချက်ချင်းပြန်မဖြေပေ။
ကျူးကောစစ်မာက ရှင်းပြလိုက်သည်
“ စီနီယာက ကျွန်တော်တို့က ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာဖို့အတွက် ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ကို လာခဲ့တာပါ”
ရှန်ထျန်းက မျက်ခုံးများကို ပင့်တင်ကာ ပြောလိုက်သည်
“ ဆန်းကြယ် အံ့ဖွယ်ကျွန်းတဲ့လား”
ကျူးကောစစ်မာက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ကျူးကောမျိုးနွယ်နဲ့ စစ်မာမျိုးနွယ်ရဲ့ ဘိုးဘေးတွေက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကို ဝင်သွားပြီးတော့ ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာတွေ့ခဲ့တာ။
သူတို့က အဲဒီကျွန်းရဲ့ ကျောက်စိမ်းနံရံပေါ်မှာ နဂါးချပ်ဝတ် ကောင်းကင်ကျမ်းကိုလည်း ရှာတွေ့ခဲ့သေးတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက အရမ်းတင်းကြပ်ပြီးတော့ နဂါးချပ်ဝတ် ကောင်းကင်ကျမ်းကလည်း အရမ်းနက်နဲတော့ ဘိုးဘေးတွေက ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိပဲ နားလည်နိုင်ခဲ့တာ။
အဲဒီ ၁၀ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်းကပဲ ကျူးကောမျိုးနွယ်နဲ့ စစ်မာမျိုးနွယ်ကို နယ်မြေငါးခုမှာ ကျော်ကြားသွားစေခဲ့တာ”
ကျူးကောစစ်မာပြောသော စကားများကို ကြားလိုက်ရသည့်အခါ ရှန်ထျန်း၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။
ကျူးကောမျိုးနွယ်နှင့် စစ်မာမျိုးနွယ်တို့က နယ်မြေငါးခုတွင် စွမ်းအားအကြီးဆုံး မျိုးနွယ်များဖြစ်ကြောင်း သူ သိသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတုန်းက မျိုးနွယ်နှစ်ခု၏ ဘိုဘေးဘီဘင်များက သူတို့ ကျော်ကြားဖို့အတွက် ပိုင်နက် အစီအရင်ကို အသုံးပြုခဲ့ဖူးသည်။
မျိုးနွယ်နှစ်ခု၏ ဒဏ္ဍာရီက ယခုထိပင် နယ်မြေငါးခုတွင် ပျံ့နှံ့နေဆဲဖြစ်သည်။
မမျှော်လင့်ထားစွာဖြင့် ဤအရာက အရာအားလုံး၏ အရင်းအမြစ်ဖြစ်နေခဲ့သည်။
ပြီးတော့ သူတို့က ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိပဲ သင်ယူခဲ့တာတဲ့
သူသာ အားလုံးကို နားလည်ပြီးတော့ နဂါးချပ်ဝတ် ကောင်းကင်ကျမ်းကို ကျွမ်းကျင်သွားရင် သူ ဘယ်လောက်ထိတောင် စွမ်းအားကြီးလာမှာလဲ
ထိုအချိန်တွင် စစ်မာချန်က ရှင်းပြလိုက်သည်
“ အရင်တုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ဆန်းကြယ်အံ့ဖွယ်ကျွန်းမှာ အစီအရင်ဝိညာဉ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာ။ သူတို့က မဟာအစီအရင် အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ကောင်းကင်ရဲ့ သော့ချက်နဲ့ ကမ္ဘာမြေကြီးရဲ့ သော့ချက်ကို ရခဲ့တာ။
ကောင်းကင်ရဲ့ သော့ချက်နဲ့ ကမ္ဘာမြေကြီးရဲ့ သော့ချက်တို့ ထွက်ပေါ်လာတဲ့အခါ ဆန်းကြယ်အံ့ဖွယ်ကျွန်း ပွင့်သွားမဲ့အချိန်ပဲ”
ကျူးကောယွမ်လည်း ရှေ့ထွက်လာကာ ပြောလိုက်သည်
“ ကျွန်တော်တို့ ကြယ်တွေကို လေ့လာကြည့်တုန်းက ကမ္ဘာမြေကြီးရဲ့ သော့ချက်က စတင် ထွက်ပေါ်တော့မယ်လို့ တွေ့ခဲ့ရတယ်။
ဆန်းကြယ်အံ့ဖွယ်ကျွန်းက တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီးတော့ သက်တမ်း ၅၀၀ ရှိတဲ့ အစီအရင်ပါရမီရှင်တွေထဲက အမွေခံတစ်ယောက်လည်း ရွေးချယ်မယ်တဲ့။
အဲဒါကြောင့် သက်တမ်း ၅၀၀ အောက်ရှိနေတဲ့ မျိုးနွယ်ဝင်တွေကိုလည်း တစ်ခါထဲ ခေါ်လာခဲ့တာ။
စီနီယာ စိတ်ဝင်စားရင် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့လို့ရပါတယ်”
ကျူးကောယွမ်နှင့် စစ်မာချန်တို့က ကျူးကောစစ်မာ ဘာတွေစဉ်းစားထားလဲဆိုတာနှင့် ပတ်သက်ပြီး အသံဆက်သွယ်မှု ရရှိထားသည်။
ထို့ကြောင့် သူတို့က ခြွင်းချက်အဖြစ် လက်ခံပြီး ရှန်ထျန်းကို သူတို့နှင့်အတူသွားဖို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ရှန်ထျန်း သက်တမ်းငါးရာ မကျော်သေးသည်ကို သူတို့အားလုံး သိသည်။
ဤအရာက ပိုင်နက်အစီအရင် အမွေအနှစ်နှင့် ပတ်သက်နေသည့်အတွက် ရှန်ထျန်းလည်း စိတ်ဝင်စားသင့်သည်။
ထို့ကြောင့် အမွေအနှစ်က ရှန်ထျန်းလက်ထဲ ရောက်သွားမည်ကို မစိုးရိမ်ပေ။
ယခုတစ်ယောက် ဆန်းကြယ်အံ့ဖွယ်ကျွန်း ပွင့်လာခြင်း ရည်ရွယ်ချက်ကလည်း ပိုင်နက်အစီအရင် တာအိုများထဲမှ ပါရမီရှင်တစ်ယောက်ကို အမွေခံအဖြစ် ရွေးချယ်ဖို့အတွက် ဖြစ်သည်။
သူတို့က ရှန်ထျန်းအနေဖြင့် ပိုင်နက် အစီအရင်ပညာရပ် ကျင့်ကြံသည့်အကြောင်းကို ဘယ်တုန်းကမှ မကြားဖူးပေ။
တစ်သက်လုံး ပိုင်နက်အစီအရင်တာအိုတွေကို ကျင့်ကြံခဲ့တဲ့ သူတို့မျိုးနွယ်ရဲ့ တပည့်တွေက အစီအရင် ပညာရပ်မှာ ရှန်ထျန်းထက် နိမ့်ကျနေမယ်ဆိုတာ ဖြစ်နိုင်လို့လား
နဂါးချပ်ဝတ် ကောင်းကင်ကျမ်းက သူတို့မျိုးနွယ်အတွက်ဖြစ်မှာ သေချာတယ်
သူတို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို အတူတူခေါ်သွားရင် ရှန်ထျန်းဆီကနေ ကံကောင်းမှုတချို့ရနိုင်ပြီးတော့ အခွင့်အရေးကောင်းတစ်ခုကို ရရှိနိုင်သည်။
ရှန်ထျန်းက ပြုံးလိုက်ပြီး ပြောသည်
“ ကျွန်တော်ကို ဖိတ်ပေးတယ်ဆိုတော့ ကျွန်တော် ငြင်းလိုက်ရင် မယဉ်ကျေးရာကျမှာပေါ့”
ငါလည်း အခွင့်အရေး ဘယ်လိုယူရမလဲဆိုတာစဉ်းစားနေတာ
သူတို့က ငါ့ကို အရင်ဖိတ်ခေါ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ
ငါက အရမ်းဆွဲဆောင်မှုရှိပြီးတော့ ကံကောင်းတယ်ဆိုတာ အမှန်ပဲ