တကယ်ကြီး မိုးကြိုးအပစ်ခံချင်တာလား
Vol. 33 Ch. 495
အခန်း (၄၉၅) : တကယ်ကြီး မိုးကြိုးအပစ်ခံချင်တာလား
ကူးသန်းပို့ဆောင်ရေး အစီအရင် အခြေကျသွားပြီးနောက် ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ သွားကြစို့ ”
သူက အချိန်မဖြုန်းဘဲ ပါရမီရှင်ပြိုင်ပွဲဆီ တတ်နိုင်သမျှ မြန်မြန် သွားချင်နေလေပြီ။ ရှန်ထျန်းက ရှန်ရှောင်၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ လေထဲ ပျံသန်းသွားလိုက်ပြီး လေဟာနယ် လမ်းကြောင်းထဲ ဝင်သွားလိုက်သည်။
နောက်ထပ် မိန်းမငယ်လေး တစ်ယောက်ကို မြင်လိုက်ပြီးနောက် အောင်းလေ့တစ်ယောက် အနည်းငယ် ကြောင်သွားလေသည်။
သူက ရေရွတ်လိုက်၏ “ ဒီကောင်မလေးက ထူးခြားလွန်းတယ်။ သူမအနားက မြူခိုးတွေက ဘာတွေလဲ။ ဘာလို့ ကြောက်စရာကောင်းနေရတာလဲ ”
အောင်းလေ့က ရှန်ရှောင်သည် မဖော်ပြတတ်လောက်အောင် ဆန်းကြယ်မှုတစ်ခု ဖြစ်ကြောင်း ခံစားနေရ၏။
သူက သူမ ဘယ်မိသားစုကလဲဟု မခန့်မှန်းဘဲ မနေနိုင်တော့ပေ။ အစ်ကိုရှန်ယွမ်က အားကောင်းရုံသာမက သူက ကြောက်ခမန်းလိလိ ပါရမီနှင့် မိန်းကလေးကိုပါ ခေါ်ဆောင်လာခဲ့သည်။ သူ့အနေနှင့် လုံးဝ မပြောတတ်တော့ပေ။
……………...
အောင်းလေ့က သူ့ဦးနှောက်ကို မည်မျှညှစ်ထုတ်စဉ်းစားစေကာမူ မည်သို့သော အင်အားစုက ဤသို့မျိုး ပါရမီရှင်ပိုင်ဆိုင်ထားကြောင်း စဉ်းစား၍ မရပေ။
ထိုစဉ် ရှန်ထျန်းက အဝေးတစ်နေရာသို့ ရောက်နေလေပြီ။
“ အာ အစ်ကိုရှန်ယွမ် စောင့်ပါဦး ” အောင်းလေ့က မြန်မြန် လိုက်မီအောင် လုပ်လိုက်သည်။
ကူးသန်းပို့ဆောင်ရေး အစီအရင်က ချက်ချင်း အသက်ဝင်သွားကာ ကျယ်ပြောလှသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ အာကာပြင် တွန့်ချိုးသွားပြီး အံ့ဖွယ်စွမ်းအားများ ထွက်ပေါ်လာသည်။
အလင်းဖြတ်ခနဲ ဖြစ်သွားသည့်အခါ သုံးယောက်သား ပျောက်ကွယ်သွားကြသည်။
...............
သူတို့က အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်ဝင်ပေါက် တောင်ဆီ ရောက်လာကြသည်။
မိုးမြေ စုတ်ဖြဲခံလိုက်ရတာကြောင့် လေဟာနယ် ထွက်ပေါ်လာပြီး မှုန်ဝါးဝါး မုခ်ဝတစ်ခု ပေါ်လာသည်။ ထို့နောက် လေဟာနယ်ထဲမှ ပုံရိပ်သုံးခု ထွက်လာကြသည်။ ထိုသုံးယောက်က ရှန်ထျန်းနှင့် သူ့အဖွဲ့ ဖြစ်၏။
ရှန်ထျန်းက ကူးသန်းပို့ဆောင်ရေး အမှတ်ကို အောင်းလေ့ ပေးထားသည့် တည်နေရာသို့ တန်းတန်းမတ်မတ် ချမှတ်လိုက်သည်။ သူတို့က အချိန်ခြွေတာပြီးသား ဖြစ်သွားကာ ပါရမီရှင်ပြိုုင်ပွဲဆီ အချိန်မီ ရောက်ရှိသွားကြသည်။
သုံးယောက်သား ရောက်လာသည်နှင့် ဤနယ်မြေသည် ထူးခြားကြောင်း သိသွားကြ၏။
သူတို့ရှေ့တွင် တိမ်တွေထဲ ထိနေသည့် မြင့်မားလှသော တောင်တစ်လုံး ရှိနေကာ ကြီးကျယ်ထည်ဝါလှသည်။ တောင်တစ်ခုလုံးက တောက်ပနေပြီး သိပ်သည်းလွန်းသော မြူခိုးများဖြင့် လွှမ်းခြုံထားသည်။
အဆုံးမဲ့ စည်းမျဉ်းများက ကောင်းကင်မှ ဆင်းသက်လာပြီး နေရာတစ်ခုလုံးကို ခြုံငုံထားလေသည်။
ဤနေရာက တိမ်တွေ ဝန်းရံထားသည့် နတ်ဘုံတစ်ခုအလား ဖြစ်နေသည်။
တောင်ခြေတွင် ဝင်ပေါက်တစ်ခု ရှိ၏။
အဖက်ဖက်မှ အံ့ဖွယ်အလင်းများ တောက်ပလာကာ ကောင်းကင်ဘုံ ဂိတ်တံခါးလိုမျိုး ဆန်းကြယ်နက်နဲလှသည်။
ဤနေရာထဲ ခြေချနိုင်ခြင်းက အိပ်မက်ဆန်လှသည်။ ဤနေရာသည် အံ့ဖွယ်တောင် ဖြစ်သည့် ကောင်းကင်ဝင်ပေါက် တောင် ဖြစ်ပေသည်။
ထိုတောင်ကို မြင်သည်နှင့် ရှန်ရှောင်က အံ့ဩတကြီး ဖြစ်သွားသည်။
သူမက ပြောလိုက်သည်
“ဆရာ ဒီနေရာက အရမ်းဆန်းကြယ်တာပဲ။ ဘေးပတ်လည်မှာ အာကာပြင်စည်းမျဉ်းတွေလည်း ရှိနေတယ် ”
ရှန်ရှောင်က ဤနေရာသည် ပြင်ပလောကနှင့် ကွာခြားပြီး ထူးခြားနေကြောင်း သိသွားလေသည်။
အောင်းလေ့၏ မျက်လုံးထဲမှ အံ့ဩသည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ သူက ကလေးငယ်လေးသည် ဤနေရာအား ထူးခြားကြောင်း မြင်နိုင်လိမ့်မည်ဟု မထင်ထားပေ။
သူက ပြုံးကာ ရှင်းပြလိုက်သည်
“ကောလဟာလတွေအရတော့ ဒီတောင်က နတ်ဘုရားလောကဆီ ဝင်ပေါက်တစ်ခုတဲ့လေ။ ကံဆိုးတာက ကပ်ဘေးဖြစ်ပြီးတော့ နယ်မြေငါးခုနဲ့အတူ သေမျိုးလောကဆီ ရောက်လာတာပဲ။ ဒီနေရာမှာ ကောင်းကင်တာအိုစည်းမျဉ်းတွေနဲ့ ပြည့်နှက်နေတာ။ ပြိုင်ဖက်ကင်း မိစ္ဆာဝိညာဉ် ကျင့်ကြံသူတွေတောင် ဒီအနီးအနား မလာရဲကြဘူး။
ဒီနေရာက ပါရမီရှင်ပြိုင်ပွဲ ကျင်းပဖို့အတွက် အသင့်တော်ဆုံးပဲ ”
ကောင်းကင်ဝင်ပေါက်တောင်တွင် ရှည်လျားလှသော သမိုင်းကြောင်း ရှိပြီး ဤနေရာ၌ ပျောက်ကွယ်သွားခဲ့သည့် အားကောင်းသော ကျင့်ကြံသူပင် ရှိခဲ့ဖူးသည်။ အကယ်၍ ကောင်းကင်တာအိုစည်းမျဉ်းများ ဝန်းရံထားလျှင် မိစ္ဆာများဆီမှ ကာကွယ်ပေးထားနိုင်လိမ့်မည်။
ရှန်ထျန်းက ခေါင်းညိတ်လိုက်၏။ နယ်မြေငါးခုက နတ်ဘုရားလောကနှင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် နတ်ဘုရားလောကမှ အကြွင်းအကျန်များ တည်ရှိနေသည်မှာ သဘာဝကျပေသည်။
ဤကောင်းကင်ဝင်ပေါက်တောင်က အမှန်တကယ် ထူးခြားလှသည်။ တောင်တစ်လုံးတင် မကဘဲ သူ့ဘာသာ ကမ္ဘာတစ်ခုလို ဖြစ်နေသည်။
အောင်းလေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ အစ်ကိုရှန်ယွမ် ဝင်ကြရအောင် ”
သူက အခြားပါရမီရှင်များနှင့် တိုက်ပွဲဆင်နွဲဖို့ စိတ်အားထက်သန်နေလေပြီ။
…………...
သူတို့သုံးယောက်သား ကောင်းကင်ဝင်ပေါက်တောင်ဆီ ဝင်လာလိုက်ကြသည်။ ထိုစဉ် သူတို့က တခြားကမ္ဘာတစ်ခုဆီ ဝင်ရောက်သည့်အလား ဖြစ်နေသည်။ မိုးမြေများက လည်သွားပြီး မြင်ကွင်းက လုံးဝ ပြောင်းလဲသွားသည်။ မင်္ဂလာရှိသည့် လက္ခဏာတို့ ပေါ်ထွက်လာပြီး စည်းမျဉ်းများစွာ ဆင်းသက်လာသည်။ ဤသည်က ဆွဲမက်ဖွယ်ကောင်းလှသည့် မြင်ကွင်းမျိုး ဖြစ်၏။
တိမ်များနှင့် ပင်လယ် ထွက်ပေါ်လာကာ မြူခိုးများလည်း အဆုံးမဲ့တည်ရှိနေသည်။ တိမ်တိုက်ကြားမှ နတ်ဘုံ ရောက်သွားသလိုမျိုး ခံစားနေရသည်။
ဘေးပတ်လည် မြင်ကွင်းက အရမ်းလှပပြီး လေထဲတွင် ကြိုးကြာဖြူတို့ ကခုန်နေကြသည်။
သူတို့ ထိုနယ်မြေထဲ ဝင်ရောက်လိုက်သည်နှင့် အားလုံးက ဝိညာဉ်ချီပင်လယ်ကြား ရောက်သွားသလိုမျိုး သက်တောင့်သက်သာ ဖြစ်သွားကြသည်။
ဤနေရာက အလွန်ထူးခြားလှပြီး သာမန်အထွတ်အမြတ်မြေများထက်ပင် ကျော်လွန်နေသည်။ အကယ်၍ သူတို့သာ ဤနေရာ၌ ကျင့်ကြံနိုင်လျှင် အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရလာနိုင်သည်။
……………....
သုံးယောက်သား ဆက်သွားလိုက်ကြပြီး တောင်ထိပ်ဆီ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် လူများစွာဖြင့် ပြည့်နှက်နေသည်။ နေရာတိုင်း၌ ကျင့်ကြံသူများ ရှိနေပြီး အင်မတန် အသက်ဝင်စည်ကားလှသည်။
အားလုံးက အင်မတန် ငယ်ရွယ်ကြသေးသည်။ သူတို့က နှစ်တစ်ရာဝန်းကျင်မျှသာ ရှိသေးသော်လည်း အလွန်အမင်း အားကောင်းကြ၏။
အများစုက ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်ရှိနေကြပြီး ဝိဇ္ဇာအစစ်အမှန်အဆင့်များပင် ပါရှိသေးသည်။ ပြောရလျှင် နယ်မြေငါးခုအတွင်း ပါရမီရှင် စုဆုံရာ ဖြစ်၏။
ပုံသဏ္ဌာန်အမျိုးမျိုးနှင့် မျိုးနွယ်ကွဲ ပါရမီရှင်များစွာ ရှိနေကြသည်။
ငွေရောင် တစ်လွှာခြုံထားသည့်အလား ငွေရောင်တောက်ပနေကြသည့် ငွေဝိညာဉ်မျိုးနွယ် ပါရှိသည်။
သူတို့အပေါ်ပိုင်းက လူသားဖြစ်ပြီး အောက်ပိုင်းတစ်ဝက်က မြင်းဖြစ်နေသည့် မနုဿမျိုးနွယ် ရှိသည်။
တချို့က ခေါင်းအထက်တွင် ရောင်ဝါစက်ဝန်းရှိကြပြီး နတ်သမီး/ နတ်သားတောင်ပံများနှင့် နတ်မျိုးနွယ်လည်း ရှိသည်။
သို့သော်လည်း အရေအတွက်အများဆုံးမှာ လူသားများနှင့် နတ်ဆိုးများသာ ဖြစ်ကြ၏။
ပါရမီရှင်အများစု စုဝေးရာဖြစ်သောကြောင့် လေထုက အသက်ဝင်လှသည်။ သူတို့က ပါရမီရှင်ပြိုင်ပွဲ စတင်ဖို့ စောင့်ဆိုင်းနေကြရင်း တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးကြသည်။
……………....
အောင်းလေ့ အထဲရောက်လာသည်နှင့် သူ့အကြည့်တို့ တောက်ပလာသည်။
ဤနေရာသည် သူ့အား များစွာဆွဲဆောင်သွားပြီး ရင်တထိတ်ထိတ် ဖြစ်လာစေသည်။ အောင်းလေ့က ထိုပါရမီရှင်များဆီ ပြေးသွားပြီး မေးလိုက်သည် “ညီအစ်ကို ငါတို လက်ရည်စမ်းကြမလား ”
“ မင်းက အရမ်းအားကောင်းတဲ့ပုံပဲ။ ငါနဲ့ လက်ရည်စမ်းမလား”
“ ငါနဲ့ လက်ရည်စမ်းချင်တဲ့သူ တစ်ယောက်ယောက် မရှိဘူးလား။ လာကြစမ်းပါ ”
ထိုပါရမီရှင်များက ခါးသက်သက် ပြုံးလိုက်ကြသည်။
သူတို့အားလုံးက နဂါးမင်းသား အောင်းလေ့နာမည်ကို ကြားထားဖူးကြသည်။
အဆင့် ၁၂ သွေးမျိုးဆက်ဖြင့် နဂါးနတ်ဘုရား နန်းတော်၏ မင်းသားတစ်ယောက်အနေနှင့် သူ့ပါရမီနှင့် စွမ်းအားတို့က နယ်မြေငါးခုတစ်ခုလုံး ထိပ်တန်းထဲမှ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
ပို၍ အရေးကြီးသည်က အောင်းလေ့ အခြားလူများနှင့် တိုက်ခိုက်သည့်အခါ ဘယ်တော့မှ အင်အား ချုပ်ထိန်းထားခြင်း မရှိပေ။
အောင်းလေ့နှင့် တိုက်ခိုက်သည့် ပါရမီရှင်များက ဒဏ်ရာရသွားကြသည်။ ထို့ကြောင့် အားလုံးက သူ ပစ်မှတ်ထားခံရသည်ကို မြင်လိုက်သည့်အခါ ကျောရိုးတစ်လျှောက် ကြက်သီးထလာကြသည်။
ဤသို့ဖြင့် လူများစွာက အောင်းယဲ့အား တွေ့လိုက်သည်နှင့် ဒုက္ခတစ်ခုလိုမျိုး ရှောင်ရှားသွားကြသည်။
အောင်းလေ့က စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ မနေနိုင်ဘဲ ရေရွတ်မိလိုက်သည် “ ဘာလို့ ငါနဲ့ ဘယ်သူမှ မတိုက်ချင်ကြတာလဲ။ ဟူး ပြိုင်ဖက်ကင်းရတာ အထီးကျန်လိုက်တာ ”
………….....
ထိုစဉ် လေဟာနယ် ထွက်ပေါ်လာသည်။ အာကာပြင် တွန့်ချိုးသွားကာ လေဟာနယ်စွမ်းအားများ ထွက်လာသည်။ ထို့နောက် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက် လျှောက်လှမ်းထွက်လာသည်။ သူ့ကြည့်ရသည်မှာ မိုးမြေနှင့် ပေါင်းစပ်နေသလိုမျိုး ဆန်းကြယ်နက်နဲလှသည်။
သူ့အသားရည်က ကျောက်စိမ်းကဲ့သို့ ချောမွတ်ကာ ခန့်ညားလှသည်။
သူက အမျိုးသမီးများပင် မနာလိုဖြစ်သွားစေလောက်သည့်အထိ သိမ့်မွေ့နူးညံ့လှပေသည်။ သူက ကမ္ဘာကြီးကို လက်ဖြင့် ပင့်ထားသလိုမျိုး ရှေးဟောင်းကြေးမုံတစ်ခု ကိုင်ဆောင်ထားပြီး နက်ရှိုင်းလှသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။
အားလုံးက အံ့ဩသွားကြ၏။
“ ပြိုင်ဖက်ကင်း ပါရမီရှင် တစ်ယောက်တော့ ရောက်လာပြီ”
“ အဲဒါ မဟာလေဟာနယ် အထွတ်အမြတ်မြေက ရှန့်ယန်ရှု မလား ”
“သူ့လက်ထဲက ကြေးမုံက ရှေးဟောင်းလေဟာနယ် ကြေးမုံ မဟုတ်ဘူးလား ”
မဟာလေဟာနယ် သူတော်စင် ဂုဏ်ပုဒ်သည် နယ်မြေငါးခုလုံး သိကြသည်။ သူ ပေါ်ထွက်လာသည်နှင့် မြောက်များစွာသော ပါရမီရှင်များက တအံ့တဩ ဖြစ်သွားကြသည်။
ရှက်သွေးဖြာသွားကြသည့် အမျိုးသမီး ပါရမီရှင်တချို့လည်း ရှိနေသည်။
“ ရှန့်ယန်ရှု ”
“ ရှန့်ယန်ရှု ”
“ ရှန့်ယန်ရှု ”
သူတို့အားလုံးက ရှန့်ယန်ရှု၏ ခန့်ညားချောမောမှုအာက်တွင် နှစ်မျှောသွားကြပြီး ပရိသတ်ဖြစ်လာကြသည်။
…………...
ထို့နောက် နောက်ထပ် အလင်းတောက်ပလာပြန်သည်။
အဝေးတစ်နေရာမှ လေဟာနယ်သည် ချက်ချင်း အမှုန့်ဖြစ်သွားပြီးနောက် အားကြီးသည့် ပုံရိပ်တစ်ခု ထွက်လာကာ မိုးမြေကိုပင် လှုပ်ခါသွားစေသည်။
သူ့ ခြေလှမ်းတိုင်း၌ လေဟာနယ်က တစစီ ကြေမွသွားသည်။
သူ့နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်ကြီး ပေါ်လာပြီး ကောင်းကင်တခွင် ဖုံးလွှမ်းသွားတော့သည်။
မြေပြင်ပေါ်၌ ရှုပ်ထွေးလှသည့် တာအိုသင်္ကေတများနှင့် မျက်ဆံတစ်ခု တောက်ပလာသည်။ အကြည့်တစ်ချက်တည်းဖြင့် လူတစ်ယောက်ကို နှုတ်ပိတ်ပစ်လိုက်နိုင်သည်။
တစ်ချိန်တည်းတွင် ရှေးဟောင်း ကြမ်းတမ်းသည့် အငွေ့အသက်မျိုးလည်း ထွက်ပေါ်လာပြီး မိုးမြေကိုပင် အားနည်းသွားစေသည်။ ထိုလူက မိုးမြေကိုပင် ဦးညွှတ်လာစေနိုင်သည့် သဘာဝဝိဇ္ဇာ ဖြစ်ဟန်ပေါ်၏။
“ အဲဒါ ဒွိမျက်ဆံ ပိုင်ရှင် ကျင့်ကြံသူပဲ ”
“ ကမ္ဘာဦးမိသားစုက ရှန်းကျုံးလော့ ရောက်လာပြီ ”
ဒွိမျက်ဆံပိုင်ရှင်ကို လူသိများကြပြီး လူများစွာက ကြောက်ရွံ့ကြသည်။ သူ့ကျင့်ကြံဆင့်က ၁၀ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာဖြစ်သော်လည်း ၁၄ ကြိမ်မြောက် အတိဒုက္ခလွန် ထာဝရတပိုင်းအဆင့်ကို သတ်ပစ်ခဲ့သည်။ ဤသို့တိုက်ခိုက်ရည်မျိုးက ကြောက်ခမန်းလိလိ ဖြစ်၏။
ရှန်းကျုံးလော့ ပေါ်လာသည်နှင့် သူက အထွတ်အထိပ် စင်မြင့်ဆီ တန်းသွားလိုက်သည်။
အထွတ်အထိပ် စင်မြင့်သည် ကောင်းကင်ဝင်ပေါက်တောင်၏ အထွတ်အထိပ် စင်မြင့်တစ်ခု ဖြစ်၏။
ကောလဟာလများအရ ဤစင်မြင့်ကို ပြိုင်ဖက်ကင်း ပါရမီရှင်တစ်ယောက် ဖန်တီးထားကာ နတ်ဘုရားများနှင့် ထာဝရအရှင်များပင် လက်ရည်စမ်းခဲ့ကြဖူးသည်။
ဤတစ်ကြိမ် ဤပါရမီရှင်ပြိုင်ပွဲ၏ အဓိက ကျင်းပရာနေရာမှာ အထွတ်အထိပ် စင်မြင့် ဖြစ်သည်။
ရှန်းကျုံးလော့က အထွတ်အထိပ် စင့်မြင့်ပေါ်တွင် ရပ်နေရင်း ရှန့်ယန်ရှုအား ကြည့်လိုက်ကာ “ ယန်ရှု … လက်ရည်စမ်းရအောင် ”
ရှန့်ယန်ရှု၏ မျက်နှာက မည်းမှောင်သွားလေသည်။
သူက အော်ပြောလိုက်သည် “ ရှန်းကျုံးလော့ … အခြားလူတွေ ငါ့ကို အဲလိုခေါ်တာ မုန်းတယ်။ ငါ့မျိုးရိုးပါ တစ်ခါတည်း တွဲခေါ်စမ်းပါ ”
ရှန်းကျုံးလောက အေးဆေးတည်ငြိမ်စွာဖြင့် “အဲဆို မင်းကို ရှန်ရှု့လို့ ခေါ်မယ် ”
ရှန့်ယန်ရှု၏ ခန္ဓာကိုယ်က တုန်ခါလာကာ “ ငါ့ကို နာမည်အပြည့်အစုံခေါ်လို့ မရဘူးလား ”
ရှန်းကျုံးလော့က ခေါင်းခါကာ “ မရဘူး ”
ရှန့်ယန်ရှုက ဒေါသတကြီးဖြင့် ခြေဆောင့်ကာ ကျိန်ဆဲလိုက်တော့သည် “ လခွမ်း မင်းက ဘယ်လိုလာရန်စရမှန်း သိနေတာပဲ။ မင်းကို သတ်မယ် ”
သူက ရှေးဟောင်းလေဟာနယ် ကြေးမုံကို မြောက်ကာ ရှန်းကျုံးလော့ဆီ ချိန်ရွယ်လိုက်သည်။ ထိုစဉ် ကောင်းကင်တစ်ခုလုံး မည်းမှောင်လာသည်။
ရှေးဟောင်းလေဟာနယ် ကြေးမုံက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ရှန်းကျုံးလော့ဆီ စွမ်းအားပြင်းပြင်းဖြင့် ကျရောက်လာသည်။
အာကာပြင်အပိုင်းအစပင် ပျက်စီးသွားလေသည်။
ရှန်းကျုံးလော့က တည်ငြိမ်နေဆဲ ဖြစ်ကာ သူ့မျက်ဝန်းထဲ အံ့ဖွယ်အလင်းရောင်ကို မြင်နေရသည်။ သူ့အနောက်ရှိ ဒွိမျက်ဆံ ပုံရိပ်သဏ္ဌာန်ကြီးက ကောင်းကင်အထက် ဝင့်ဝင့်စွားစွား တောက်ပနေကာ အဆုံးမဲ့ အံ့ဖွယ်အရှိန်အဝါများ ထုတ်လွှင့်နေသည်။
နှစ်ယောက်သား တိုက်ခိုက်ကြသည့်အခါ တိုက်ပွဲမှ သက်ရောက်အားတို့က မြေကြီးကိုပင် တုန်ခါလာစေပြီး ကမ္ဘာကြီးအား ဖျက်စီးပစ်တော့မည့်ဟန် ထင်မှတ်ရစေသည်။
အားလုံးက တံတွေးမျိုမချမိဘဲ မနေနိုင်တော့ပေ။ နှစ်ယောက်လုံးက အစကတည်းက ပြိုင်ဖက်ကင်း တိုက်ကွက်များ ထုတ်သုံးနေသောကြောင့် ကြောက်စရာကောင်းလွန်းလှသည်။
အထွတ်အထိပ် စင်မြင့်၏ အစီအရင်က ခိုင်မာနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် နှစ်ယောက်လုံးကြောင့် ပျက်စီးသွားနိုင်သည်။
…………...
ထို့နောက် ကောင်းကင်၌ ပုံရိပ်ယောင်များပါ မြင်လာရသည်။
မင်္ဂလာရှိသည့် လက္ခဏာများ ထွက်ပေါ်လာကာ ရွှေမိုးရွာသွန်းလာသည်။
ကောင်းကင်ယံမှ ဧရာမ စွမ်းအားကြီး ရထားလုံးပျံတစ်စင်း အလျှင်အမြန် ပျံသန်းလာ၏။ ရထားလုံးရှေ့တွင် ကမ္ဘာဦး လေနဂါး ၁၈ ကောင် ဆွဲလာပြီး လွင်ပြင်ရှစ်ခုလုံးကို အုပ်စိုးနိုင်သကဲ့သို့ စွမ်းအားကြီး အငွေ့အသက်တို့ ထုတ်လွှင့်နေကြသည်။ ထိုလေနဂါးများတွင် နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ထားပြီး အလွန်တရာ အားကောင်းလှသည်။ တစ်ကောင်ချင်းစီက ဝိဇ္ဇာအဆင့် ရောက်နေကြလေပြီ။
သို့သော်လည်း ဤသို့အားကောင်းသည့် တည်ရှိမှုမျိုးပင် ရထားလုံး ဆွဲပေးနေရသည့် သားရဲများ ဖြစ်လာရသည်။ ဤသည်မှာ အင်မတန် လွန်ကဲလွန်းလှသည်။
အားလုံးက အံ့ဩတကြီး ဖြစ်လာကာ “ ဒါက ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ ရထားလုံးပဲ ”
“ ကမ္ဘာဦး လေနဂါး ၁၈ ကောင်ကို ရထားလုံးဆွဲဖို့ သုံးတယ်ဆိုတော့ သူတို့က နဂါးနတ်ဘုရား နန်းတော်က နဂါးတွေကို ရန်စမိသလို ဖြစ်မှာ မစိုးရိမ်ဘူးလား ။ ဒါပေမဲ့ ကျောက်စိမ်းလေဟာနယ် နန်းတော်က နဂါးနတ်ဘုရား နန်းတော်နဲ့ အစကတည်းက မတည့်ဘူးလို့တော့ ကြားထားတယ်။
သူတို့ကြားက ပဋိပက္ခတွေက နက်နဲတယ်တဲ့။ ပြီးတော့ ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ စွမ်းအားနဲ့ဆိုရင် နဂါးနတ်ဘုရား နန်းတော်ကို ကြောက်နေမှာ မဟုတ်ဘူး ”
အားလုံးက အံ့ဩတကြီးဖြင့် ကျောက်စိမ်းလေဟာနယ် နန်းတော်သည် အမှန်တကယ် သတ္တိကောင်းကြောင်း ပြောဆိုနေကြသည်။
တစ်ယောက်ယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်သံ ကြားလိုက်ရသည် “ဒါပေမဲ့ ဒီမှာ နဂါးမင်းသား ရောက်နေတာလေ။ ကြည့်ရတာ နောက်ထပ် တိုက်ပွဲကြီး ဖြစ်တော့မဲ့ပုံပဲ ”
အောင်းလေ့၏ အကြည့်များက ချက်ချင်း အေးစက်လာသည်။ သူက ကောင်းကင်ထဲ ခုန်တက်သွားလိုက်သည်။
ဂါး
နဂါးဟိန်းသံက ကောင်းကင်ထဲ ပဲ့တင်ထွက်လာသည်။
အင်မတန် စိုးမိုးလွန်းသည့် နဂါးအငွေ့အသက်က နေရာတစ်ခုလုံး ပျံ့နှံ့သွားလေသည်။
ထိုစဉ် ထိုလေနဂါး ၁၈ ကောင်က သွေးမျိုးဆက်ကြောင့် ဖိနှိပ်ခံလိုက်ရပြီး တုန်တုန်ယင်ယင် ဖြစ်လာကြသည်။ ဤသည်မှာ သူတို့သွေးမျိုးဆက်မှ ဖြစ်ပေါ်လာသည့် ဝိညာဉ်အတွင်းမှ ဖိနှိပ်ခံရမှုမျိုး ဖြစ်၏။
လေနဂါး ၁၈ ကောင်က လှုပ်ရှားမှု ရပ်သွားသည့်အတွက် ရထားလုံးကလည်း ရပ်တန့်သွားကာ လေထဲ မျှောနေသည်။
အောင်းယဲ့က အေးစက်စက် ပြောလိုက်သည် “ ဝမ်ရှုကျိ … မင်း တိုက်ချင်နေတာလား”
ဝမ်ရှုကျိက ဤသို့ပြုမူခြင်းဖြင့် နဂါးမျိုးနွယ်အပေါ် လုံးဝ အထင်သေးနေမှန်း သိသာလှသည်။
လူသားမျိုးနွယ်က သည်းခံနိုင်သော်လည်း နဂါးမျိုးနွယ်က သည်းမခံနိုင်ပေ။
ရထားလုံးထဲမှ အသက်ရှုမှားလောက်ဖွယ် ပုံရိပ်တစ်ခု ထွက်လာပြီး အားလုံးကို ငုံ့ကြည့်လိုက်သည်။ သူက ရှေးဟောင်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်အရာမှ သူ့ကို မလှုပ်ရှားနိုင်စေသလိုမျိုး မားမားမတ်မတ် ရှိနေသည်။
ထိုလူပေါ်လာသည်နှင့် အားကောင်းသည့် တာအိုလည်း ထွက်ပေါ်လာကာ စည်းမျဉ်းများက သူ့အနား ဝန်းရံလာသောကြောင့် မြေပြင်ကို တုန်ခါသွားစေသည်။
သူက မိုးမြေစွမ်းအားကို ထိန်းချုပ်နိုင်သလိုမျိုး ကောင်းကင်တာအိုကို ဆင်းသက်လာစေသည်။
ထိုလူက မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် ဝမ်ရှုကျိ ဖြစ်သည်။
ဝမ်ရှုကျိက အေးအေးဆေးဆေး ပြောလိုက်သည် “မင်းက ငါ့ပြိုင်ဖက် မဟုတ်ဘူး ”
အောင်းလေ့က ဒေါသထွက်လာရမည့်အစား ဟားတိုက်ရယ်မောလိုက်သည် “ ရယ်ရလိုက်တာ … ငါ့လက်ထဲကနေ ကတိုက်ကရိုက် ထွက်ပြေးသွားတာ ဘယ်သူလဲဆိုတာ မေ့သွားပြီလား ”
ဝမ်ရှုကျိနှင့် အောင်းလေ့တို့သည် မကြာသေးခင်က ပဋိပက္ခတချို့ရှိထားကြောင်း သိသာလှသည်။
သို့သော်လည်း ဝမ်ရှုကျိက တည်ငြိမ်နေဆဲ ဖြစ်ကာ “ ကိစ္စတွေက အရင်ကလို မဟုတ်တော့ဘူး။ ငါက ဒီလောကကြီးရဲ့ တာအို ၉၀ ရာခိုင်နှုန်းလောက်ကို နားလည်သွားပြီး ပြိုင်ဖက်ကင်း ဖြစ်သွားပြီ။ မင်းကို ဘာမှကြောက်နေစရာ မရှိဘူး ”
ဝမ်ရှုကျိက အောင်းလေ့ကို ထည့်မတွက်ထားဘဲ အင်မတန် စိတ်ကြီးဝင်နေသည်။
အားလုံးက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကြတော့သည်။ အောင်းလေ့တွင် အဆင့် ၁၂ နဂါးနက်သွေးမျိုးဆက် ပိုင်ဆိုင်ထားပြီး ပြိုင်ဖက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်၏။
သူ့အနေနဲ့ ဒီလိုပြိုင်ဖက်ကင်း ပါရမီရှင်မျိုးကို လျစ်လျူရှုတာ အဆင်ပြေပါ့မလား …
အောင်းလေ့က ဒေါသမထွက်ပေ “ ကြည့်ရတာ မင်းကို မရိုက်တဲ့ နှစ်အနည်းငယ်ရှိပြီဆိုတော့ အခု မင်းက ငါ့ကို နိုင်မယ် ထင်နေတာလား။ ကောင်းပြီလေ မင်းနဲ့ ကစားပေးရတာပေါ့… အထွတ်အထိပ် စင်မြင့်ဆီ လာခဲ့”
အောင်းလေ့က လေထဲကနေ အထွတ်အထိပ် စင်မြင့်ဆီ ပျံသန်းသွားသည်။
ဝမ်ရှုကျိ၏ အမူအယာကလည်း ပြောင်းလဲမသွားပေ။ သူ့အမြန်နှုန်းက အတော်လေး မြန်ဆန်လှပြီး အောင်းလေ့၏ မျက်နှာချင်းဆိုင်ဘက် ချက်ချင်း ပေါ်လာသည်။
နှစ်ယောက်သား တိုက်ခိုက်တော့မည်ကို မြင်ပြီး အားလုံးက စိတ်ဝင်စားလာကြသည်။
ထိုပြိုင်ဖက်ကင်း ပါရမီရှင်များ၏ တိုက်ပွဲကို ကြည့်ခြင်းဖြင့် အကျိုးမြတ် ရလာနိုင်သည်။
သူတို့အပြင် အခြားသော ပါရမီရှင်များကလည်း ပေါ်လာကာ တိုက်ခိုက်လိုစိတ် ပြင်းထန်လာကြသည်။ ယင်ယန်တောင်ပံနှင့် ရှောင်ခွန်ပန်က ထာဝရဇာမဏီမျိုးနွယ်၏ ဟွမ်ကျို့ထျန်းနှင့် စတင် တိုက်ခိုက်နေလေပြီ။
မြောက်များစွာသော ပါရမီရှင်များလည်း သူတို့ပြိုင်ဖက်ကို ရွေးချယ်လိုက်ကြသည်။ သူတို့ ပေါ်လာသည်နှင့် အချိန်မဖြုန်းတော့ဘဲ စတင် တိုက်ခိုက်ကြသည်။
အချိန်ကား အဖိုးမဖြတ်နိုင်ပေ။
အထွတ်အထိပ် စင်မြင့်အထက်မှ အံ့ဖွယ်အလင်းများ ချက်ချင်း တောက်ပလာသည်။
စင်မြင့်တစ်ခုလုံး ကြောက်မက်ဖွယ် အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။ အထွတ်အထိပ် စင်မြင့်ပေါ်ရှိ တိုက်ပွဲများက ကြောက်စရာကောင်းလှပြီး သူတို့အားလုံးက မိုးမြေကိုပင် လှုပ်ခါသွားစေနိုင်သည့် စွမ်းအားကြီး ပညာရပ်များ အသက်သွင်းလိုက်ကြသည်။ သူတို့အနားရှိ စည်းမျဉ်းများက အစီအစဉ်တကျ ဝန်းရံထားပြီး အံ့ဖွယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
မည်သူကမှ ဝိဇ္ဇာကျင့်ကြံသူများ တိုက်ပွဲအနား မသွားရဲကြပေ။
…………....
ရှန်ထျန်းက ထိုအရာကို ကြည့်နေရင်း အကြည့်တို့က ပို၍ တောက်ပလာသည်။ သူက ထိုပါရမီရှင် ကျင့်ကြံထားသည့် ပညာရပ်များမှာ ကောင်းကင်စစ်သူကြီး ၁၀၈ မျိုး ပညာရပ်ထဲမှ ဖြစ်နေကြောင်း သိလိုက်ရသည်။ ထို့အပြင် သူတို့ကျင့်ကြံဆင့်များက အလွန်တရာ မြင့်မားပြီး အသက်တစ်ရာကျော်လေးဖြင့် စွမ်းအားကြီး ဝိဇ္ဇာအဖြစ် ရောက်ရှိနေကြလေပြီ။
ဤသို့သော တိုက်ခိုက်စွမ်းက သူ့မျိုးဆက်ထက် ပိုအားကာင်းကြသည်။ ကြည့်ရသည်မှာ နောင်အနာဂတ် မျိုးဆက်က သူ ထင်ထာသလောက် မဆိုးရွားပေ။
အထွတ်အထိပ် စင်မြင့်အထက်တွင် ပါရမီရှင် တစ်ရာနီးပါး တိုက်ခိုက်နေကြသည်။ ဤမြင်ကွင်းက ကြီးကျယ်လွန်း၍ အားလုံးကို အံ့အားသင့်သွားစေသည်။
ရှန်ရှောင်က သိချင်စွာ မေးလိုက်သည် “ဆရာ သူတို့ကို အားကောင်းတယ်လို့ ထင်လား”
ရှန်ထျန်းက ခေါင်းညိတ်ကာ အေးဆေးစွာ ပြောလိုက်သည် “ သူတို့က အရမ်းအားကောင်းတယ်။ သူတို့ကို ဒီမျိုးဆက်ရဲ့ ထိပ်တန်းကျင့်ကြံသူတွေလို့တောင် ယူဆလို့ ရတယ် ”
ရှန်ရှောင်က ခေါင်းခါကာ “ ဒါပေမဲ့ သူတို့က ဆရာလောက် အားမကောင်းပါဘူး။ တပည့် မြင်ဖူးသမျှအထဲ ဆရာက အံ့ဩဖို့အကောင်းဆုံးပဲ ”
ရှန်ရှောင်၏ လေသံက ပြတ်သားကာ ယုံကြည်မှု၊ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူမစကားက ဘေးပတ်ဝန်းကျင်ရှိ ပါရမီရှင်များ၏ ဆွဲဆောင်မှုကို ဖမ်းစားနိုင်လိုက်သည်။
အားလုံးက ရှန်ထျန်းကို လှည့်ကြည့်လိုက်ကြသည်။
“ ဒီကမ္ဘာကြီးထဲ ဒီလောက်ချောတဲ့ ကောင်လေး ရှိသေးတယ်လား ”
“ သူက သေမျိုးလောကဆီ ဆင်းသက်လာတဲ့ ထာဝရအရှင်များလား ”
“ ဒီလိုရုပ်ချောမှုမျိုးက ပြိုင်ဖက်ကင်းပဲ ”
လူများစွာက ရှန်ထျန်း၏ ကြည့်ကောင်းသည့် ရုပ်ရည်အောက်တွင် ဝပ်တွားသွားကြသည်။
အထူးသဖြင့် အမျိုးသမီး ပါရမီရှင်များ ဖြစ်ပြီး သူတို့က မရေရွတ်ဘဲ မနေနိုင်ကြတော့ပေ “ ဒီလိုချောမောတဲ့ ကောင်လေးမျိုး … သူက ရှန့်ယန်ရှုထက်တောင် ပိုချောသေးတယ် ”
“ ငါတော့ သူ့ပရိသတ် ဖြစ်သွားပြီ … ချောလိုက်တာ ”
“ သူ့ဆီမှာ တာအိုလက်တွဲဖော်ရှိလား”
အမျိုးသမီး ပါရမီရှင်၏ အကြည့်တို့၌ မက်မောမှု၊ တောက်လောင်မှုအပြည့် ဖြစ်နေသည်။
တချို့ လက်ရဲသူများက မနေနိုင်ဘဲ ရှန်ထျန်းအပေါ် ခုန်တက်ချင်ကြသည်။
ထိုစဉ် ဘေးနားရှိ မြောက်များစွာသော ပါရမီရှင်တို့၏ မျက်နှာကား အစိမ်းဖန့်ဖန့် ဖြစ်လာလေသည်။
တစ်ယောက်က မနာလိုဖြစ်စွာ ပြောလိုက်သည် “ သူ ရုပ်ချောတော့ရော ဘာဖြစ်လဲ။ သူက ယှဉ်ပြိုင်နိုင်လို့လား ”
ဘေးပတ်ဝန်းကျင်ရှိ အမျိုးသမီးများက ချက်ချင်း ပြန်လည် ချေပလိုက်ကြသည် “ဒါပေါ့ သူ လုပ်နိုင်တာပေါ့ ”
လူအုပ်ကြီး “ … ”
တစ်ယောက်က ဝင်ခနဲ့လိုက်သည်
“သူက အားလုံးထက် ပိုအားကောင်းတယ်လို့ အဲဒီမိန်းကလေးက ပြောထားတယ်လေ။ ဟာသပဲ ဒီပါရမီရှင်အားလုံးက နယ်မြေငါးခုမှာ ထိပ်တန်းတွေကွ။ ဒီကောင်ချောလေးက အဲဒီပါရမီရှင်တွေနဲ့ ယှဉ်ဖို့ ထိုက်တန်လို့လား။ သူက လေထုံးထွားနေတာပဲ။
ကောင်မလေးတစ်ယောက်က သူ့ဂုဏ်သတင်း ဆောက်ပေးနေတာတဲ့လား … သူက အရည်ထူလိုက်တာ ”
သူတို့က ရှန်ထျန်းအပေါ် များစွာအာရုံစိုက်သွားတာမျိုး မဖြစ်စေလိုသောကြောင့် ချိုးနှိမ်ဖို့ အကောင်းဆုံး ကြိုးစားနေခြင်း ဖြစ်သည်။
နှာခေါင်းရှုံသူများလည်း ရှိနေသေးသည်
“ ဒါက ကလေးကလား စကားတွေပဲ။ အာရုံစိုက်နေဖို့ မလိုဘူး။ ဒီကလေးက ဘာကြံတတ်မှာလဲ။ သူမက သူမဆရာ ထင်ပေါ်စေချင်တာ နေမှာပေါ့။ အားလုံး သူ့ကို သွားပြောမနေနဲ့တော့။ သူလည်း မျက်နှာသာလိုချင်ရှာမှာပေါ့ ”
ထိုစဉ် နေရာအနှံ့ လှောင်ပြောင်သံများဖြင့် ပြည့်နှက်သွားသည်။
ရှန်ထျန်းက စိတ်ထဲ မထားသော်လည်း ဘေးပတ်လည် အမျိုးသမီး ပါရမီရှင်များက ဒေါသထွက်လာကြသည်။
“ရှင်တို့က အခြားသူကို လိုက်ပြောချင်သေးတာလား။ ကိုယ့်ဘာသာကျ ငကြောက်တွေ လုပ်နေကြပြီးတော့များ .. ”
“ မဟုတ်တမ်းတွေ လျှောက်ပြောမနေနဲ့။ လုပ်နိုင်ရင် အထွတ်အထိပ် စင်မြင့်ဆီ သွားလိုက် ”
“...”
အမျိုးသမီးများအား ရန်မစသင့်ပေ။ အထူးသဖြင့် စံပြများနောက်လိုက်နေသည့် အမျိုးသမီးများ ဖြစ်၏။ သူတို့စကားလုံးများက အမျိုးသား ပါရမီရှင်များ၏ မျက်နှာအား နီရဲလာစေသည်။
ရှန်ရှောင်က ဒေါသတကြီးဖြင့် “ဆရာ သူတို့ကို ထုတ်ပြလိုက်ပါ့လား။ တပည့်တော့ ဆရာအကောင်းဆုံးဆိုတာ ယုံတယ်”
ရှန်ထျန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်
“ရှောင်ရှောင် အပြင်လူတွေ ဘယ်လိုတွေးတယ်ဆိုတာ ဂရုစိုက်ဖို့ မလိုဘူး။ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုဆိုတာ ဖြတ်သွားတဲ့ တိမ်တိုက်လိုပဲ … ငါတို့အစစ်အမှန်အတိုင်း နေဖို့က ပိုအရေးကြီးတယ် ”
ကြွားဝါခြင်းက ကိစ္စကောင်း မဟုတ်ပေ။ ရှန်ထျန်း တွေးမိထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့အပြင် ထိုလူများ၏ တိုက်ခိုက်စွမ်းက ထူးခြားလှသော်လည်း ရှန်ထျန်းအတွက် စိန်ခေါ်မှု မဟုတ်ချေ။
သူ့လက်ရှိစွမ်းအားဖြင့် ထာဝရအရှင်ကိုပင် သတ်ပစ်နိုင်လေသည်။
စွမ်းအားကြီး ဝိဇ္ဇာ ပါရမီရှင်များနှင့် တိုက်ခိုက်ဖို့ရာ ကလေးကစားနေသလိုသာ ဖြစ်ပေမည်။ ထို့ကြောင့် ရှန်ထျန်းက ဝင်ပါဖို့ ပျင်းရိနေမိသည်။
ရှန်ရှောင်က ရှန်ထျန်း၏ စကားများကို ကြားပြီးနောက် ထပ်မပြောတော့ပေ။
ထိုစဉ် ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည် “ငါတော့ မင်းရဲ့ အတွေးကို သဘောမတူဘူး ”
ဘေးပတ်လည်မှ ကြောက်ခမန်းလိလိ မိုးကြိုးများ ပေါက်ထွက်လာကာ တောက်ပလာသည်။ မိုးကြိုးမှ ထွက်ပေါ်လာသ့် အလင်းရောင်က မိုင်ထောင်ချီ ပျံ့နှံ့သွားလေသည်။
မိုးကြိုးများဖြင့် ဝန်းရံထားသည့် ဝတ်စုံအဖြူနှင့် အမျိုးသားက လေဟာနယ်ထဲမှ ထွက်လာသည်။ သူက ကမ္ဘာမြေ ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရားတစ်ပါးလိုမျိုး မိုးမြေကြားရှိ မိုးကြိုးများကို ထိန်းချုပ်နေသည်။ ဘေးပတ်လည်ရှိ လူများ၏ အာရုံက သူ့အပေါ် စုပြုံရောက်သွားသည်။
“ အဲဒါ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ကျန်းထိုက်ယီပဲ ”
“ သူ ရောက်လာပြီ ”
“ ကျန်းထိုက်ယီက မိုးကြိုးတော်ဝင်ကျမ်းကို ကျွမ်းကျင်အဆင့်အထိ ရောက်အောင် ကျင့်ကြံထားပြီးတော့ မိုးကြိုးနဲ့ ၁၅ ကြိမ်မြောက် အတိဒုက္ခလွန် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကိုတောင် သတ်ပစ်လိုက်တာတဲ့ ”
ကျန်းထိုက်ယီ ထွက်ပေါ်လာမှုက အားလုံးကို အံ့အားသင့်သွားစေသည်။
ထိုစဉ် ကျန်းထိုက်ယီက ရှန်ထျန်းဘေးနား ရောက်လာ၏။
“ အောင်မြင်ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုတို့က အရေးပါတယ်။ သက်ရှိကသာ ဘာမှမချန်ထားနိုင်ခဲ့ရင် သက်ရှိနဲ့ လူသားကြား ဘာကွာခြားချက် ရှိမှာလဲ။ တချို့က သေဆုံးတယ်။ ဒါပေမဲ့ သူတို့ရဲ့ နာမည်က အသက်ရှင်နေသလိုမျိုး သမိုင်းတစ်လျှောက် ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒါကြောင့် ဂုဏ်သတင်းက အရေးကြီးတယ် ”
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားလေသည်။ သူက အံ့ဖွယ်မိုးကောင်းကင် ဂျူနီယာလေးသည် သူ့အား သင်ခန်းစာပေးဖို့ ကြိုးစားလိမ့်မည်ဟု မထင်ထားပေ။
သူက တည့်တိုးသာပြောလိုက်သည် “ အဲဆိုလည်း လက်ရည်စမ်းကြည့်ကြတာပေါ့ ”
ရှန်ထျန်းက ဤမျိုးဆက်၏ သူတော်စင်သည် မည်မျှအားကောင်းကြောင်း သိချင်နေမိသည်။
ကျန်းထိုက်ယီက အနည်းငယ် အံ့ဩသွားပြီးနောက် မေးလိုက်သည် “ ငါ့ကို စိန်ခေါ်ချင်တာလား။ ငါ ဘယ်သူလဲ သိလား။ ငါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ကျန်းထိုက်ယီပဲ။ မင်းက တကယ်ကြီး မိုးကြိုးအပစ်ခံချင်နေတာလား ”
ကျန်းထိုက်ယီက ပြပွဲကောင်းကြည့်ချင်သော်လည်း ရှန်ထျန်းက စပြီး သူ့အား လက်ရည်စမ်းဖို့ ပြောလိမ့်မည်ဟု မထင်ထားပေ။
ငါ ပေါ်မလာတဲ့အတော်အတွင်း ငါ့ဂုဏ်သတင်း ကျသွားတာများလား …
အဲဆိုရင်တော့ သူ့ကို မိုးကြိုးနဲ့ ပစ်ပြီးတော့ … ဒီတစ်ခေါက် ငါ့စွမ်းအား သေချာပြပေးရမယ် …