တာအိုသဘောတရား
Vol. 1 Ch. 296
နတ်ဆိုးဧကရီသည် သူ့ဒန်တျန်း အတွင်းရှိ ထူးခြားမှုကို မြင်နိုင်သည်အား ကျန်းရီ မအံ့သြမိချေ။ ဗာဂျရာ အဆင့်များသည် ကောင်းကင် စိတ်အာရုံကို ပိုင်ဆိုင်ကြသည်ဟု သူကြားဖူးသည်။ နတ်ဆိုး ဧကရီကဲ့သို့ ကောင်းကင်ဧကရာဇ် အဆင့် ရောက်နေသူ အတွက် သူ့ဒန်တျန်းကို စစ်ဆေးရန်မှာ အလွယ်လေးပင်။
သို့သော် သူ့ဒန်တျန်း အတွင်းရှိ ထူးခြားမှုသည် သူ့ကျင့်သော ကျင့်စဉ်နှင့် ဆက်စပ်နေသည်ဟု သူမခန့်မှန်း လာသောအခါ ကျန်းရီ အံ့အားသင့် သွားမိသည်။ နတ်ဆိုးဧကရီ၏ အင်အားအကြောင်း သူတွေးမိသောအခါ သူမအနေနှင့် ဤသို့သော အရာများကို သိသည်မှာ ပုံမှန်သာဖြစ်သည်။ သူသည် သူကျင့်နေသော ကျင့်စဉ် ဘယ်ကလာမှန်းပင် မသိသောကြောင့် တွန့်ဆုတ်နေခဲ့သည်။ သူမည်သို့ ရှင်းပြရမည်နည်း။
"ကောင်းပြီ ... မင်းမပြောချင်ရင် မပြောနဲ့၊ နောက်တစ်ခါ မင်းအင်အားကို စမ်းသပ်ချင်လာရင် နတ်သမီးတောင်ထွတ်နဲ့ ဝေးတဲ့နေရာကို သွားလုပ် ... ဟုတ်ပြီလား၊ ရှောင်ဖေး ဘယ်လောက်ကြောက်သွားလဲ ကြည့်ဦး"
နတ်ဆိုးဧကရီသည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး သူမလက်ဝါးမှ အဖြူရောင် အလင်းများ ဖြာထွက်လာခဲ့သည်။ အဖြူရောင် အလင်းများသည် လက်ဝါးကြီး တစ်ခုအသွင် ပြောင်းလဲသွားကာ ရှေ့မှ အက်ကွဲကြောင်းကြီးကို ဆွဲစုလိုက်လေသည်။
မြေပြင်သည် တုန်ခါလာခဲ့ပြီး မျက်စိအောက်တွင်ပင် အလွန်တရာ ကြီးမားလှသော အက်ကွဲကြောင်းကြီးမှာ ပြန်ပိတ်လာခဲ့သည်။ နောက်ဆုံးတွင် လုံးဝ စေ့သွားခဲ့ပြီး မြေပြင်မှာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ကျန်းရီကြောင့် မြေသားများ ပျက်စီး သွားခဲ့ခြင်းကြောင့် ထိုနေရာမှာ အတော်လေး ကြည့်ရဆိုးနေသေး၏။
"ဒီ ... ဒီစွမ်းရည်က ဘာလဲ"
ကျန်းရီ၏ မျက်လုံးများသည် နေ့ခင်းကြောင်တောင်တွင် သရဲ မြင်လိုက်ရသည့် အလား ပြူးကျယ်နေလေ၏။ ကျန်းရှောင်နူသည် အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ထိတ်လန့်တကြား မေးလိုက်လေသည်။
"နတ်ဆိုးဧကရီ ... ရှင် ... ရှင်က နဝမမြောက် ကောင်းကင်ဘုံက ဆင်းလာတဲ့ မသေမျိုး နတ်သမီးလား"
"ခစ် ... ခစ်"
နတ်ဆိုးဧကရီသည် ပထမဆုံးအကြိမ် ရယ်မောခဲ့သည်။ ကျန်းရီသည် ဆွဲဆောင် ခံလိုက်ရ၍ မှင်တက် နေခဲ့သည်။ သူမ၏ ညှို့ဓာတ်အား မည်သည့် ယောက်ျားသားမှ တွန်းလှန်နိုင်မည် မဟုတ်ချေ။ ကျန်းရီသည် ခပ်မြန်မြန် အကြည့်လွှဲလိုက်ပြီး နောက်ထပ် မကြည့်ဝံ့တော့ချေ။
နတ်ဆိုးဧကရီသည် ကျန်းရှောင်နူကို ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။
"ဒါက တာအို သဘောတရား တိုက်ခိုက်မှု တစ်မျိုးရဲ့ စွမ်းရည်ပဲ၊ လူတွေ ဗာဂျရာအဆင့်ကို ရောက်သွားရင် တာအို သဘောတရား တိုက်ခိုက်မှုတွေကို အသုံးချလို့ ရတယ်၊ လက်နက် ရတနာတွေက ငါတို့အတွက် လုံးဝ အသုံးမဝင်တော့ဘူး ... ကောင်းကင်နဲ့ မြေကြီးမှာ ဥပဒေသ အမျိုးမျိုး ရှိတယ်၊ ဥပဒေသတိုင်းကို တာအို သဘောတရားတွေနဲ့ ဖွဲ့စည်းထားတယ်"
"တာအို သဘောတရား တစ်ခုကို နားလည်သွားရင် အဲဒီဥပဒေသရဲ့ စွမ်းအားတွေကို ယူသုံးလို့ရပြီး စိတ်ကူးလို့တောင် မရနိုင်တဲ့ အရာတွေ လုပ်လို့ရတယ်၊ ငါစောစောက သုံးခဲ့တာက အဆင့်နိမ့်တာအို သဘောတရား တစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ အမိကမ္ဘာမြေရဲ့ ဥပဒေသ တစ်ခုပဲ ... အဲဒီ တာအို သဘောတရားကို ပိုပြီးမြင့်တဲ့ အဆင့်ရောက်အောင် နားလည် သဘောပေါက်သွားရင် မြေကြီးတွေ၊ ကျောက်တုံးတွေကို ထိန်းချုပ်တာ မပြောနဲ့၊ တောင်တွေကို ရွှေ့တာ ပင်လယ်ကို ပြောင်းပြန်လှန်တာ တွေက လက်မြှောက် လိုက်သလိုကို လွယ်နေလိမ့်မယ်"
ကျန်းရှောင်နူသည် စကားဆုံးအောင် နားထောင်ပြီးသော် နားလည်ပုံ မရသော်လည်း သူမ၏ မျက်လုံးများတွင် အထင်ကြီး လေးစားမှုများ ပြည့်လျှံနေလေသည်။ ကျန်းရီ၏ မျက်လုံးများမှာမူ တောက်ပနေခဲ့သည်။ နတ်ဆိုးဧကရီက ရှောင်နူကို ပြောပြသော ဖြေရှင်းချက်သည် သူ့အတွက်ဖြစ်မှန်း သူသေချာ သိလိုက်သည်။ နတ်ဆိုးဧကရီသည် သူ့အတွက် တံခါးတစ်ခု ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
တာအိုများ အတွက် တံခါးပေါက် ...
သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ မီးနဂါးဓားကို အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ မီးနဂါးဓား လှုပ်ရှားသွားသော ခဏတွင် ပတ်ဝန်းကျင်မှ လေများသည် ဓားထိပ်တွင် စုစည်းလာကြကာ လေနဂါးများစွာ အဖြစ် ပြောင်းလဲသွားခဲ့သည်။
"အမ်"
နတ်ဆိုးဧကရီ၏ မျက်လုံးများထဲတွင် အံ့အားသင့်ဟန်များ ဖြတ်ပြေး သွားခဲ့သော်လည်း သူမသည် အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။ ကျန်းရီသည် သရုပ်ပြ အပြီးတွင်း ဓားကိုသိမ်းကာ လက်နှစ်ဖက်ဆုပ်၍ မေးလိုက်သည်။
"နတ်ဆိုးဧကရီ ... ဒီလေအရိပ် ဓားကွက်ကိုလည်း တာအို သဘောတရား တစ်ခုလို့ ပြောလို့ရလား"
"အင်း"
နတ်ဆိုးဧကရီသည် ခေါင်းအသာညိတ်ကာ ပြန်ဖြေလိုက်သည်။
"မင်းရဲ့ ဓားကွက်ကို အဆင့်အနိမ့်ဆုံး လေတာအို သဘောတရားလို့ သတ်မှတ်နိုင်တယ်၊ တာအို သဘောတရားကို အဆင့်လေးဆင့် ခွဲထားတယ်၊ မင်း သဘောတရားများကို နားလည်လေလေ အင်အားပိုကြီး လာလေလေပဲ၊ ဗာဂျရာအဆင့်ကို အတွင်းအား တိုက်ခိုက်မှုတွေက အမှိုက်သာသာပဲ ရှိတော့တယ်၊ တာအို တိုက်ခိုက်မှုကမှ ထိရောက်တာ ... ဗာဂျရာ အဆင့်တွေက အတွင်းအားကို သုံးပြီး အကာအကွယ် ဖန်တီးနိုင်ကြတယ်၊ သူတို့ရဲ့ အတွင်းအား မကုန်မချင်း အကာအကွယ် ပျက်စီးသွားမှာ မဟုတ်ဘူး၊ ပုံမှန် တိုက်ခိုက်မှုတွေက အတွင်းအား အကာအကွယ်ကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး"
"ကျွန်တော် နားလည်ပြီ"
ကျန်းရီသည် နတ်ဆိုးဧကရီ ပြောသမျှကို ခေါင်းထဲစွဲနေအောင် မှတ်ထားလိုက်သည်။ နတ်ဆိုးဧကရီသည် စိတ်ကောင်းဝင်နေပုံ ရပြီး သူ့အား လမ်းညွှန်ပေးနေသည်။ သူသည် ဤကဲ့သို့ အခွင့်ကောင်းကို လက်လွှတ် မခံနိုင်ဘဲ ခပ်မြန်မြန် ထပ်မေးလိုက်သည်။
"နတ်ဆိုးဧကရီ ... ကျွန်တော့် ဒန်တျန်းက ကျွန်တော် ကျင့်နေတဲ့ ကျင့်စဉ်ကြောင့် ပုံစံပြောင်းသွားတယ်၊ ကျွန်တော် ဘယ်ကျင့်ကြံဆင့် ရောက်နေလဲ ကျွန်တော် မသိဘူး၊ ရှေ့လျှောက်ဘယ်လို ကျင့်ကြံရမလဲ ... ပြီးတော့ သိုင်းသမား တစ်ယောက်က စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ကို မရောက်သေးဘဲ တာအို သဘောတရားတွေကို နားမလည် နိုင်သေးဘူး မဟုတ်လား ... ကျွန်တော် ဘာလို့ လေတာအို သဘောတရားကို နားလည်နေတာလဲ"
နတ်ဆိုးဧကရီသည် ခဏငြိမ်သက် နေခဲ့ပြီး စိတ်ချင်း ဆက်သွယ်၍ ပြောလာခဲ့သည်။
"လောကကြီးက မင်းထင်ထားတာထက် ကျယ်ပြန့်တယ်၊ မင်းကျင့်ကြံနေတဲ့ ကျင့်စဉ်က ထူးခြားကောင်း ထူးခြားနိုင်ပေမယ့် အလွန်အကျွံကြီး မဟုတ်ဘူး၊ မင်းဘယ်လို ကျင့်ကြံရမလဲ ဆိုတာကတော့ ... ငါတို့က မျိုးနွယ် မတူတဲ့အပြင် မင်းရဲ့ ကျင့်စဉ်ကိုလည်း ငါမကြားဖူးတဲ့ အတွက် ငါလည်းမသိဘူး၊ ဒါပေမဲ့ ... သိုင်းသမားတစ်ယောက် ကျင့်ကြံတဲ့အခါ ရည်မှန်းချက် တချို့ ထားသင့်တယ်"
"ပထမက ပြင်ပခွန်အား တိုးပွားလာအောင် လုပ်ဖို့၊ ဒုတိယက အတွင်းအားတွေ တိုးပွားလာစေဖို့နဲ့ တတိယကတော့ တာအို သဘောတရားတွေကို နားလည်အောင် လုပ်ဖို့၊ အများကြီး တွေးနေဖို့ မလိုဘူး၊ ကျန်တဲ့ ကြယ်စက်လုံး ရှစ်ခုကို ပထမကြယ်လို ဖြစ်သွားအောင်လုပ်ဖို့ပဲ ခေါင်းထဲထည့်ထား ... မင်းရဲ့ အတွင်းအားတွေ မယုံနိုင်စရာ ကောင်းအောင် တိုးလာလိမ့်မယ် "
"အတွင်းအားတွေ အများကြီး ရှိနေတိုင်းလည်း အင်အားကြီး လာမယ်လို့ မဆိုလိုဘူး၊ လူနှစ်ယောက်ကို ဥပမာ ထားကြည့်စို့ ... တစ်ယောက်က အင်အားပိုကြီးပြီး နောက်တစ်ယောက်က သိုင်းပညာမှာ အများကြီး ထူးချွန်တယ်၊ ပထမလူက ဒုတိယလူရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး ... အတွင်းအားနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အခြေခံဆိုရင် အရေးအကြီးဆုံးက တာအို သဘောတရားတွေကို နားလည်ဖို့ပဲ၊ တာအို သဘောတရားတွေကို နားလည်မှသာ မင်းရဲ့ အတွင်းအားတွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား၊ ခုခံနိုင်တဲ့ စွမ်းအားနဲ့ အမျိုးမျိုးသော စွမ်းရည်အဖြစ် ပြောင်းလဲ အသုံးချလို့ရမှာ"
"မင်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ကို မရောက်သေးဘဲ ဘာလို့ တာအို သဘောတရားကို နားလည်နိုင်တာလဲ ဆိုတာကတော့ မင်းရဲ့ ကျင့်စဉ်ကြောင့်လည်း ဖြစ်နိုင်သလို၊ မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်လည်း ဖြစ်နိုင်တယ်၊ လောကကြီးက အံ့ဖွယ်ဖြစ်ရပ်တွေရော မျိုးနွယ်တွေ အများကြီးနဲ့ရော ပြည့်နေတာ၊ မင်းမြင်နေရတဲ့ လောကကြီးက ရေခဲစိုင်တစ်ခုရဲ့ ထိပ်ဖျားသာသာပဲ ရှိသေးတယ်၊ မင်းအင်အား ပိုကြီးလာပြီး ပြင်ပလောကကို စွန့်စား ခရီးထွက်ဖို့ အခွင့်အရေး ရလာတဲ့အခါ လောကကြီး ဘယ်လောက်ကျယ်ကြောင်း မင်းသိလာလိမ့်မယ်"
နတ်ဆိုးဧကရီသည် ရှင်းပြပြီးသည်နှင့် သူမရပ်နေသော နေရာမှ ကွယ်ပျောက်သွားခဲ့သည်။ သူမသည် ကျင့်ကြံရန် ပြန်သွားကြောင်း ထင်ရှားသည်။
"ဟူး"
ကျန်းရီသည် သက်ပြင်း အသာချလိုက်ပြီး နတ်ဆိုးဧကရီ ပြောသမျှကို မှတ်သားထားလိုက်သည်။ ထိုအကြောင်းအား သေချာ ပြန်စဉ်းစားကြည့်လိုက်သော် မကြာခင်တွင် သဘောတရားကို သူနားလည်သွားခဲ့သည်။
သိုင်းကွက်များ အားလုံးကို တာအို သဘောတရားများကို အခြေခံ၍ ဖန်တီးသည်ဟု တစ်ယောက်ယောက် ပြောဖူးသည်အား သူအမှတ်ရလိုက်သည်။ လေအရိပ်ဓားသည် ကျူးကော့ချမ်ယွမ် တာအို သဘောတရားကို နားလည်ပြီးမှ ဖန်တီးခဲ့သော သိုင်းကျင့်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းအား လေတာအိုနှင့် ပေါင်းစပ်ထားသဖြင့် ကျွမ်းကျင်ရန် မလွယ်ကူချေ။
"ကျင့်ကြံရမယ်"
ထိုခဏတွင် ကျန်းရီ၏ ကျင့်ကြံလိုစိတ်သည် တိုင်းတာ၍ မရအောင် မြင့်မားနေခဲ့သည်။
ရွှေယို့လန်သည် သူမ၏ပုံရိပ်ကို မိုင်တစ်သောင်းကျော် အကွာအဝေးတွင် ထုတ်ဖော်နိုင်စွမ်း ရှိသည်။ နတ်ဆိုးဧကရီတွင် အချိန်နှင့် နေရာကို အေးခဲစေနိုင်စွမ်း ရှိပြီး မြေပြင်အားလည်း ထိန်းချုပ်နိုင်သည်။ ထိုအချက်များမှာ ကျန်းရီအား ပိုမို သန်မာလာချင်အောင် လှုံ့ဆော် ပေးနေကြသည်။
ကြိုးကြိုးစားစား ကျင့်ကြံခြင်းကသာ သူ့အား နတ်ဆိုးဧကရီနှင့် ရွှေယို့လန်တို့တွင် ရှိသော စွမ်းရည်များကို ပိုင်ဆိုင်ခွင့် ပေးနိုင်သည်။ သဘာဝအား ပြောင်းလဲနိုင်သည့် စွမ်းရည်၊ လူတိုင်းအား အထက်စီးမှ ကြည့်နိုင်မည့် စွမ်းရည်တို့ကို သူပိုင်ဆိုင်ချင်သည်။
သိုင်းပညာ တာအို ...
သိုင်းသမား တစ်ဦး၏ တာအိုသည် လူတိုင်း၏ အထက်တွင် ရပ်နိုင်ရန် လူတိုင်းကို ကျော်လွန်၍ အထွတ်အထိပ်သို့ ရောက်မည့် လမ်းကြောင်းကို ရှာဖွေရမည်။ ကြိုးစားခြင်းအား ဘယ်သောအခါမှ မရပ်တန့်ရ။ ထိုသည်မှာ တာအို၏တကယ့် အနှစ်သာရ ဖြစ်သည်။
အတိတ်မှ ကျန်းရီသည် ပြင်ပလောကမှ ရိုက်ခတ်မှုတို့ကြောင့် သူ့ကံတရားအား ပြောင်းလဲ ချင်ခဲ့သည်။ သူသန်မာချင် ခဲ့သည်မှာ ကျန်းပိုင်လီအား ရီဖျောင်ဖျောင်၏ အုတ်ဂူရှေ့တွင် ဒူးထောက်ခိုင်းရန်နှင့် သူ့ကံကြမ္မာအား မည်သူကိုမှ ထိန်းချုပ်ခွင့် မပေးရန် ဟူသော အကြောင်းပြချက်များကြောင့် ဖြစ်သည်။ ယခုမူ သူ၏ အနက်ရှိုင်းဆုံး နှလုံးသားဆီမှ ပိုမိုသန်မာလာရန် အမှန်တကယ် ဆန္ဒရှိနေခဲ့ပြီ ဖြစ်သည်။
"ဘန်း"
ထိုအခိုက်အတန့်တွင် တောင်ထွတ် အောက်ခြေမှ အရိပ်ကြီးတစ်ခု ပြန်တက်လာခဲ့သည်။ ၎င်းမှာ ရှောင်ဟုန်ဟု အမည်ရသည့် နတ်ဆိုးသားရဲ ဘုရင် ဖြစ်လေသည်။
၎င်း၏ လှံသွားနှယ် ထက်ရှလှသော မျက်လုံးတစ်စုံသည် ကျန်းရီအား စိုက်ကြည့်လာခဲ့ပြီး ရေခဲတမျှ အေးစက်လှသော လေသံနှင့် ပြောလာလေ၏။
"ကောင်လေး ... နတ်သမီး တောင်ထွတ်က ငါတို့မျိုးနွယ်ရဲ့ အထွတ်အမြတ် နယ်မြေပဲ၊ နတ်ဆိုးဧကရီက ကြင်နာလို့ မင်းကိုဒီမှာ နေခိုင်းပြီး ကျင့်ကြံခွင့် ပြုထားတာ ... နောက်တစ်ခါ မဆင်မခြင် လုပ်လို့ကတော့ ဒီဘုရင်က မင်းကို ဆွဲဖြဲပစ်မယ်မှတ်၊ နားလည်လား"
ကျန်းရီသည် ရှက်ရွံ့စွာ နှာခေါင်း ပွတ်လိုက်သော်လည်း သူ့နောက်မှ မြေခွေးလေးသည် သူ့လို မဟုတ်ပါချေ။ ၎င်းသည် ဒေါသထွက်နေသော အမူအရာလေးနှင့် မရပ်မနား အော်ဟစ်နေလေသည်။ နတ်ဆိုးဘုရင်၏ ရက်စက်သော မျက်လုံးတစ်စုံသည် ချက်ချင်း ရိုရိုကျိုးကျိုး အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ကျန်းရီကို မာမာထန်ထန် အော်ဟစ်ရဲသော်လည်း နတ်ဆိုးဧကရီ၏ တစ်ဦးတည်းသော သမီးနှင့် ရင်ဆိုင်ရသော အခါတွင် ခြင်္သေ့ဘုရင်ရှေ့ ရောက်နေသော ခွေးအ တစ်ကောင်ကဲ့သို့ လှုပ်ပင် မလှုပ်ရဲတော့ပါချေ။
***