တစ်ယောက်နှင့် အယောက် တစ်ရာ ပြိုင်ဆိုင်ခြင်း၊ စစ်မှန်သော ပါရမီရှင်
Vol. 34(Final) Ch. 497
အခန်း (၄၉၇) : တစ်ယောက်နှင့် အယောက် တစ်ရာ ပြိုင်ဆိုင်ခြင်း၊ စစ်မှန်သော ပါရမီရှင်
အားလုံးက တုန်လှုပ်သွားကြပြီး မယုံကြည်နိုင် ဖြစ်နေမိသည်။
သူတို့က ရှန်ထျန်းသည် ပါရမီရှင်အားလုံးကို တစ်ပြိုင်နက် စိန်ခေါ်သည့် ကြီးကျယ်လွန်းသော အပြုအမူမျိုး လုပ်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်ကို အံ့လောက်ဖွယ် ဖြစ်၏။
အထွတ်အထိပ် စင်မြင့်ပေါ်ရှိ အားလုံးက နယ်မြေငါးခု၌ အားအကောင်းဆုံး အင်အားစုများ၏ ထိပ်တန်း လက်ရွေးစင် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးက ပါရမီထူးကဲလှ၏။
သူတို့အားလုံးက ၁၀ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာအဆင့်များ ဖြစ်ကြသည်။ အကယ်၍ ဤသို့အားကောင်းသည့် ပါရမီရှင်များသာ ပူးပေါင်းလိုက်ပါက ထာဝရအရှင်ကိုပင် သတ်နိုင်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက သတ္တိကောင်းကောင်းဖြင့် အားလုံးကို တစ်ပြိုင်နက် စိန်ခေါ်ခဲ့သည်။
လုံးဝကို လက်မခံနိုင်စရာပဲ …
စင်အောက်တွင် ပါရမီရှင်များက သူ့စကားကို ထေ့ငေါ့လှောင်နေကြသည်။
“ စိတ်ဝင်စားစရာပဲ … ဒီလူက အရမ်းမောက်မာတယ်”
“သူက ပါရမီရှင် အယောက်တစ်ရာကို တစ်ပြိုင်နက် တိုက်ချင်နေတာလား ”
“ သူ့ကိုယ်သူ အရှက်ခွဲမိမှာကို မစိုးဘူးလား ”
“သူသာ ဒီလောက်အားကောင်းနေရင် ငါ တောင်တစ်လုံးလုံးကို စားပြမယ် ”
လူအုပ်ကြီးက ဆက်လက် လှောင်ပြောင်နေကြသည်။ သူတို့က ရှန်ထျန်းသည် ဟန်ထုတ်လွန်းနေကြောင်း ယုံကြည်ထားကြသည်။ ဤသည်မှာ ယုတ္တိမရှိသည်ထက် ကျော်လွန်သွားလေပြီ။ အားကောင်းသော စီနီယာကျင့်ကြံသူတစ်ယောက်အတွက်ပင် မဖြစ်နိုင်ပေ။
သတ္တိကောင်းသော စကားတစ်ခွန်းတည်းဖြင့် အသုံးမဝင်ပေ။ အမှန်တကယ် သက်သေပြဖို့ လိုအပ်သေး၏။
ရှန်ထျန်းကို ကြည့်ရသည်မှာ သူတို့နှင့် သက်တူရွယ်တူလို ဖြစ်နေသည်။
သူ့ပင်ကိုယ်ပါရမီက မည်မျှမြင့်မားစေကာမူ အားလုံးကို အနိုင်ပိုင်းပစ်ဖို့ မဖြစ်နိုင်လောက်ပေ။
………....
သူတို့ တစ်ဦးတည်းသာ မဟုတ်ပေ။ အထွတ်အထိပ်စင်မြင့်အထက်ရှိ ပါရမီရှင်များလည်း မဲ့ပြုံးပြုံးလိုက်ကြသည်။
တစ်ယောက်က ပြောလိုက်၏ “ ရောင်းရင်း မင်းက ကျန်းထိုက်ယီကို အနိုင်ယူနိုင်တာနဲ့ ဒီလောက်မောက်မာပြလို့ ရမယ် ထင်မနေနဲ့။ မင်းက ငါတို့အားလုံးကို စိန်ခေါ်ရဲတဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ မင်းက ဒီရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမယ် မထင်ဘူး ”
ဤလူ၏ လေသံ၌ မှိုချိုးမျှစ်ချိုးအသံ ပေါ်နေလေသည်။ သူက ရှန်ထျန်းသည် စိတ်ကြီးဝင်လွန်းနေကြောင်း ယုံသည်။ ထိပ်တန်း ပါရမီရှင်များဖြစ်သည့် ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့ပင် ဤသို့စိန်ခေါ်မှုမျိုး မလုပ်ရဲကြပေ။
တစ်ဖွဲ့လုံးကို တိုက်မည့်အကြောင်းကို မပြောထားနှင့် သူတို့ထဲမှ တချို့ကို တိုက်ခိုက်ခြင်းကပင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေလေပြီ။ သူတို့အားလုံးက စွမ်းအားကြီး ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အထဲတွင် တချို့က ပိုအားကောင်းပြီး တချို့က ပိုအားနည်းကြသော်လည်း အားလုံးကို တစ်ယောက်တည်း အနိုင်ပိုင်းပစ်နိုင်မည့် လူ မရှိပေ။
ရှန်ထျန်းက သူတို့လှောင်ပြောင်မှုများကြောင့် ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေးဖြင့် “ ကိစ္စမရှိပါဘူး။ ငါ့စကား ငါ တည်တယ်။ အားလုံး အတူတူလာခဲ့ကြ”
သူတို့က လူအရေအတွက် အများကြီး ရှိလေသည်။ သူသာ တစ်ယောက်ချင်းစီ တိုက်နေပါက အချိန်မည်မျှဖြုန်းမိသွားမည်နည်း။
ရှန်ထျန်းက ထိုလူများအပေါ် အချိန်မဖြုန်းလိုပေ။ သူ အားလုံးကို မြန်မြန် အနိုင်ယူနိုင်လေလေ သူ့အနေနှင့် ကိစ္စများကို စောစောစီးစီး ဖြေရှင်းနိုင်လေလေ ဖြစ်၏။ ရှန်ထျန်း၏ စကားများက မီးပွားများလို ဖြစ်ကာ လေထုက ချက်ချင်းဆိုသလို လောင်စာထည့်ပေးလိုက်သလို ခံစားလာရသည်။
“ မောက်မာလိုက်တာ။ ငါ ထပ်သည်းမခံနိုင်တော့ဘူး ”
“ ငါ့ကို မတားနဲ့။ သူ့ကို အပြတ်ဖြတ်ပစ်မယ် ”
ပါရမီရှင်များက ဒေါသတကြီး တုံ့ပြန်လာကြသည်။ သူတို့အားလုံးက ရှန်ထျန်းရှေ့ ရောက်လာကြ၏။
…………...
ရှောင်ခွန်ပန်က ရှေ့ဆုံးမှ ဖြစ်ပြီး ပြန်လည် ချေပလိုက်သည် “ လူအများကြီး ဘာလို့ လိုနေဦးမှာလဲ။ ငါ တစ်ယောက်တည်းနဲ့တင် ကိုင်တွယ်နိုင်တယ် ”
သူက ယင်ယန်တောင်ပံကို ခတ်ကာ အံ့ဖွယ်အလင်းတန်းအဖြစ် ပြောင်းလိုက်ပြီးနောက် ရှန်ထျန်းဆီ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ထိုစဉ် အာကာပြင် အပိုင်းအစ ကြေမွသွားပြီး အဆုံးမဲ့ ယင်ယန်အငွေ့အသက်တို့က လေဟာနယ်ထဲ စိမ့်ဝင်လာသည်။ ယင်ယန်တောင်ပံနှင့် ခွန်ပန်ပညာရပ်ကြောင့် ရှောင်ခွန်ပန်၏ အမြန်နှုန်းက ပြိုင်ဖက်မရှိ ဖြစ်နေသည်။ သူက ရှေ့ဆုံးကို ဦးတည်လာလေ၏။
ဟွမ်ကျို့ထျန်းက အော်ပြောလိုက်သည် “ရှောင်ခွန်ပန် မင်း စည်းမျဉ်းအတိုင်း မလုပ်ဘူး ”
သူလည်း ရှေ့ဆုံး ဖြစ်ချင်သည့်အလား ရှေ့တိုးလာသည်။
သို့သော် ဘေးပတ်လည် ပါရမီရှင်များက အချင်းချင်း တိုက်ခိုက်ကုန်လေသည်။ အံ့ဖွယ်စွမ်းအားများ နေရာအနှံ့နှံ့သို့ ပျံ့နှံ့လာကာ သူတို့အငွေ့အသက်များလည်း အဆုံးမဲ့ ထွက်ပေါ်လာသည်။
ဟွမ်ကျို့ထျန်းက လူအုပ်ကြားမှ ထွက်မလာနိုင်ခင် လုံးထွေးသတ်ပုတ်နေသည့်ကြား ပြန်ရောက်သွားပြီး အခြားသူများနှင့် တိုက်ခိုက်ရခြင်းဖြင့် အဆုံးသတ်သွားလေသည်။
ထိုလူများက ရှန်ထျန်းနှင့် မတိုက်ရသေးခင် အချင်းချင်းစတင် တိုက်ခိုက်ရတော့သည်။
ရှောင်ခွန်ပန်က ဦးဆုံးလှုပ်ရှားခဲ့သော အရေးသာမှုကြောင့် လူအုပ်ကြားမှ အောင်အောင်မြင်မြင် ထိုးထွက်လာခဲ့ပြီး ရှန်ထျန်းရှေ့ ရောက်လာခဲ့သည်။
သူက စွမ်းအားအပြည့်ဖြင့် ညာလက်သီးကို ဝေ့ယမ်းလိုက်ပြီး ရှန်ထျန်းဆီ ထိုးချလိုက်သည်။
ထိုလက်သီးက ကြောက်ဖို့ကောင်းလှပြီး နက်နဲလွန်းသည့် အံ့ဖွယ်စွမ်းအားများ ပါဝင်နေသလို ဖော်မပြတတ်သည့် ဆန်းကြယ်မှုတို့လည်း ကိန်းအောင်းနေသည်။ အံ့ဖွယ်အငွေ့အသက်ဖြင့် သူ့လက်သီးက နေရာတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင်အထိ တောက်ပလာသည်။ ရှေးပဝေဏီခေတ်မှ ဧရာမခွန်တစ်ကောင်၏ တိုက်ခိုက်မှုအလား မြစ်နှင့်တောင်တန်းများကို ကြေမွသွားစေဖို့ လုံလောက်နေလေပြီ။
ရှေးပဝေဏီခေတ်မှ ပန်တစ်ကောင်အလား ကောင်းကင်မှ ဆင်းသက်လာကာ လွှမ်းမိုးမှုကြီးမားပြီး ရပ်တန့်မရနိုင်ပေ။
ရှောင်ခွန်ပန်က အားကုန်ထုတ်သုံးလိုက်သည်။ သူက နည်းနည်းလေးမှ ချန်ထိန်းမထားပေ။ ဤစွမ်းအားက ထာဝရတပိုင်းကိုပင် ဒဏ်ရာအပြင်းအထန် ရသွားစေဖို့ လုံလောက်ပေသည်။
ရှန်ထျန်းက မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်သလို အမူအယာများကလည်း အေးဆေးနေဆဲ ဖြစ်၏။ သူက ညာဘက်လက်ကို အသာမကာ ရှောင်ခွန်ပန်ဆီ ချိန်ရွယ်လိုက်သည်။
ရှန်ထျန်းက ကောင်းကင်အံ့ဖွယ် လက်သီးကို ထုတ်သုံးလိုက်သည့်အခါ သူ့လက်သီး တောက်ပမှုက စိတ်ကူးကြည့်နိုင်သည့်ထက်ပင် ကျော်လွန်သွားလေသည်။ တခြားကမ္ဘာမှ ကြယ်တာရာကြွေကျလာသလိုမျိုး ခမ်းနားထည်ဝါလှပြီး တောက်ပလှသည်။
ဝုန်း …
နှစ်ယောက်သား ထိပ်တိုက် တွေ့သွားသည့်အခါ ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲထွက်လာသည်။ အာကာပြင် အပိုင်းအစတို့က ချက်ချင်း ကြေမွသွားပြီး အပျက်အစီးအပုံအဖြစ် ရောက်သွားသည်။
ရှောင်ခွန်ပန်၏ မျက်နှာအမူအယာက ချက်ချင်း ပြောင်းလဲသွားကာ အမြောက်စာလိုမျိုး လွှင့်စင်သွားကာ တခြားပါရမီရှင်အုပ်စုကြား ပြန်ပြုတ်ကျသွားသည်။
…………....
အားလုံးက ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ လုံးထွေးသတ်ပုတ်နေကြသည့် ပါရမီရှင်များပင် ကြောင်ကြောင်အမ်းအမ်းဖြင့် ရပ်သွားကြသည်။
သူတို့က ရှန်ထျန်းသည် အပိုစကားများ လျှောက်ပြောနေခြင်း မဟုတ်ကြောင်း သတိပြုမိသွားသည်။
ရှောင်ခွန်ပန်၏ ရုပ်ပိုင်းဆိုင်ရာက အဆုံးအစွန်အထိ အားကောင်းလှသည်။ သူက အရိုင်းဆန်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပြီး ထာဝရတပိုင်းအဆင့်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်သည်။
ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့လို လူများပင် ရှောင်ခွန်ပန်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့် တိုက်ရိုက် ရင်မဆိုင်ရဲကြပေ။
ရှန်ထျန်းဆီမှ လက်သီးတစ်ချက်က ထိုသို့အားကောင်းသည့် ကျင့်ကြံသူကို လွှင့်စင်သွားစေခဲ့သည်။
သူက လုံးဝကို ရှုံးနိမ့်သွားလေပြီ။
တကယ်ကို အံ့မခန်း ဖြစ်၏။
ဒီလူက ဘယ်ကနေ ရောက်လာတာလဲ …
သူက ပြိုင်ဖက်ကင်း မိုးကြိုးပညာရပ်များကို ပိုင်ဆိုင်ထားရုံသာမက သူ့ရုပ်ခန္ဓာသည် အလွန်တရာ အားကောင်းလှသည်။
………….....
ရှောင်ခွန်ပန်က ပြန်ထလာကာ သူ့အကြည့်တို့က အရိုးကွဲမတတ် အေးစက်နေလေသည်။ သူက လက်နောက်ပစ်ထားလိုက်သော်လည်း တုန်ယင်နေတာကို မထိန်းချုပ်နိုင်ပေ။ ကြမ်းပြင်၌ သွေးများပင် တစ်စက်စက် ကျနေသေး၏။
သူက ရှန်ထျန်း၏ စွမ်းအားကို မခုခံနိုင်မှန်း သိသာလှသည်။
“ ငါ စမ်းကြည့်ရအောင် ”
ဟွမ်ကျို့ထျန်း၏ အကြည့်တို့က တိုက်ပွဲအငွေ့အသက်များဖြင့် တောက်လောင်လာသည်။ သူက ရှေ့တိုးလာကာ တစ်ကိုယ်လုံးမှ အဆုံးမဲ့ ကြောက်မက်ဖွယ် မီးတောက်များဖြင့် ပေါက်ထွက်လာသည်။
လိမ္မော်နီ မီးတောက်များ ထွက်လာပြီး ကောင်းကင်ယံဆီ တဟုန်ထိုး တက်သွားသည့် ဇာမဏီတစ်ကောင်အသွင် ပြောင်းလဲသွားသည်။
ဤအံ့ဖွယ်ဇာမဏီမီးတောက်က စွမ်းအားကြီး အင်အားမျို ကိန်းအောင်းနေပြီး အာကာပြင် အပိုင်းအစကိုပင် ဗလာဖြစ်အောင် လောင်ကျွမ်းပစ်နိုင်သည်။
အနီရင့်ရောင် မီးတောက်များက ကောင်းကင်တခွင် အုပ်စိုးလာပြီး ဖော်ပြရန်ခက်သည့် အံ့ဖွယ်စွမ်းအားတို့ သယ်ဆောင်လာသည်။
သို့သော်လည်း ရှန်ထျန်းက အသာအယာ လက်ခါလိုက်သည့်အခါ ပိုမို ပြင်းထန်သည့် မီးတောက်များ ထွက်ပေါ်လာသည်။ အနီရင့်ရင့် မီးတောက်တို့ ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး အထွတ်အထိပ် အံ့ဖွယ်စွမ်းအားများ သယ်ဆောင်လာရင်း ကမ္ဘာကြီးကို လွှမ်းခြုံသွားစေသည်။
အံ့ဖွယ်ဇာမဏီမီးတောက်က ထိုမီးတောက်ကို ထိတွေ့လိုက်သည်နှင့် ချက်ချင်း ဝါးမျိုပစ်လိုက်သည်။
ထို့နောက် ဟွမ်ကျို့ထျန်း၏ မျက်နှာက နီရဲလာကာ သူ့ခန္ဓာကိုယ်လည်း အပြင်းအထန် တုန်လှုပ်လာသည်။ သူက နောက်ပြန်ဆုတ်လိုက်ရ၏။ သူက သူ့အံ့ဖွယ်ဇာမဏီမီးတောက် လွှမ်းခြုံမှု၏ တန်ပြန်သက်ရောက်မှုကို ခံစားနေရမှန်း သိသာလှသည်။
ဟွမ်ကျို့ထျန်းက သူ့အတွင်းဒဏ်ရာများကို ဂရုမစိုက်ပေ။ ထို့အစား သူက အနီရင့်ရောင် မီးတောက်များကိုသာ တုန်လှုပ်တကြီး ငေးကြည့်နေမိသည် “ဒါက အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ပဲ ”
သူက ထာဝရဇာမဏီ မျိုးနွယ်ဝင် ဖြစ်သောကြောင့် ဤအံ့ဖွယ်ဇာမဏီ ထာရဝမီးတောက်သည် မည်သည့်အရာကို ဖော်ညွှန်းမှန်း ကောင်းကောင်း သိထားသည်။
ဤသည်မှာ ထာဝရဇာမဏီမျိုးနွယ်၏ အားအကောင်းဆုံး မီးတောက် ဖြစ်ပြီး အလွန်တရာ အားကောင်းလှသည်။
အသန့်စင်ဆုံး အံ့ဖွယ်ဇာမဏီ သွေးမျိုးဆက်ရှိသူများသာ ထိုရှေးဟောင်းလက္ခဏာများကို နှိုးဆွနိုင်ပြီး ဤအဆင့် မီးတောက်မျိုးကို ထုတ်လုပ်နိုင်ကြသည်။ သို့သော် ဤလွှမ်းမိုးနိုင်သော အံ့ဖွယ်မီးတောက်က လူသားတစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
……………....
ပါရမီရှင်အားလုံးက ဟွမ်ကျို့ထျန်း ရှုံးနိမ့်သွားမှုကြောင့် မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်နေကြသည်။ သူတို့အမူအယာများက လေးနက်နေကြပြီး ရှန်ထျန်းအား အထင်မသေးရဲကြတော့ပေ။
သူက ရှောင်ခွန်ပန်နှင့် ဟွမ်ကျို့ထျန်းကိုပင် အချိန်တိုအတွင်း အနိုင်ယူနိုင်ခဲ့သူ ဖြစ်နေသည်။ ရှန်ထျန်းမှလွဲ၍ မည်သူကမှ ဤသို့လုပ်နိုင်မည် မဟုတ်ပေ။
သူ ပြသလိုက်သော တိုက်ခိုက်ရည်က လက်ရှိ ဤနေရာတွင် ရှိနေသော လူများထက် ကျော်လွန်သွားလေပြီ။ သို့သော် ထိုအရာက ကျန်လူများအား မတားဆီးနိုင်ပေ။ ထို့အစား သူတို့ တိုက်ခိုက်လိုစိတ်ကို မြင့်တင်ပေးလိုက်၏။
ရှန်းကျုံးလော့၏ မျက်ဝန်းများက အရှိန်ပြင်းပြင်း တောက်ပလာကာ “ ညီအစ်ကိုရှန်ရဲ့ တိုက်ခိုက်စွမ်းက တကယ်ကောင်းတာပဲ။ တစ်ယောက်ချင်းစီဆိုရင် ငါတောင် ပြိုင်ဖက် မဖြစ်နိုင်ဘူး ”
ယခု ရှန်းကျုံးလော့က ရှန်ထျန်း၏ တိုက်ခိုက်ရည်ကို အသိအမှတ်ပြုလိုက်သည်။ သူက ရှန့်ယန်ရှနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ရှန်ထျန်းဆီ လက်နှစ်ဖက်ယှက်ကာ “ဒီလိုဆိုမှတော့ ယန်ရှုနဲ့ ပေါင်းပြီး မင်းကို တိုက်မယ် ”
ရှန့်ယန်ရှုက ရှန်းကျုံးလော့၏ စကားများကို ကြားလိုက်ရသည့်အခါ နဖူးပေါ်မှ အကြောများပင် ထောင်လာလေသည်။ သို့သော်လည်း သူက ဘာမှမပြောပေ။ ဤအရာက နယ်မြေငါးခု ထိပ်တန်းပါရမီရှင်များ၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသည်။ အကယ်၍ ရှန်ထျန်းသာ သူတို့အားလုံးကို အနိုင်ပိုင်းပစ်ခဲ့လျှင် သူတို့အတွက် ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားပေမည်။
ထို့အပြင် ရှန်ထျန်းကိုယ်တိုင်က သူတို့ပူးပေါင်းတိုက်ခိုက်နိုင်ကြောင်း ပြောထားခဲ့သည်။ ထို့ကြောင့် သူတို့အတွက် မည်သည့်စည်းမျဉ်းမျှ ဆန့်ကျင်မနေသလို ကျင့်ဝတ်ချိုးဖောက်နေခြင်းမျိုးလည်း မရှိပေ။
ရှန်ထျန်းက ပြုံးလိုက်ကာ “ ရတာပေါ့။ ရှေ့က သွားနှင့်ပါ။ နှစ်ယောက်လုံးလည်း အဆင်ပြေပါတယ် ”
ရှန်းကျုံးလော၏ အကြည့်တို့ တောက်ပလာကာ သူ့ဒွိမျက်ဆံကို အသက်သွင်းလိုက်သည်။
အံ့ဩလောက်ဖွယ် သင်္ကေတများက ကောင်းကင်တခွင် ပေါ်ထွက်လာပြီး အရှိန်အဝါအပြည့် ဖြစ်နေသည်။
လေထဲ ဧရာမ ဒွိမျက်ဆံ ပုံရိပ်သဏ္ဌာန်ပေါ်ထွက်လာကာ ကောင်းကင်တခွင် ဖုံးအုပ်သွားလေသည်။
ရှန့်ယန်ရှုကလည်း လှုပ်ရှားလိုက်သည်။ သူက ကောင်းကင်ကို လက်ဖြင့် ဖိနှိပ်လိုက်သည့်အခါ အာကာပြင်က ကြေမွသွားလေ၏။ ထို့နောက် ဧရာမ ရှေးဟောင်းကြေးမုံတစ်ခု ပေါ်ထွက်လာသည်။
ရှေးဟောင်းကြေးမုံက တစ်လက်လက် တောက်ပနေပြီး ဘေးပတ်လည်ရှိ အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့်အလား စွမ်းအားကြီးလှသည်။
ရှန့်ယန်ရှုက သူ့ရှေးဟောင်းကြေးမုံကို အဆုံးအစွန်အထိ အသက်သွင်းလိုက်ပြီး ရှန်ထျန်းဆီ ပြေးဝင်သွားသည်။ ထိပ်တန်း ပါရမီရှင်နှစ်ယောက် ပူးပေါင်းလိုက်သည့်အခါ သူတို့အရှိန်အဝါများက ကြီးကျယ်ခမ်းနားလှပြီး မိုးမြေကိုပင် တစစီဆွဲဖြဲပစ်တော့မည့်ပုံပေါက်နေသည်။
ရှန်ထျန်း၏ အကြည့်များက တောက်ပလာပြီး ညင်ညင်သာသာ ပြောလိုက်သည် “အချိန်မီပဲ”
သူက ထိုနှစ်ယောက်ဆီ ဦးတည်လိုက်သည်။
သူ့ရှုပ်ထွေးပွေလီ ကြယ်တာရာဓားက လက်ထဲရောက်လာပြီး သူ့ရှေ့မှ အာကာပြင်ကို ဖြတ်သွားလေသည်။ အဆုံးမဲ့ ဓားအလင်းများက လေဟာနယ်ကို ဖြတ်သန်းသွားခဲ့ပြီး ရှေးဟောင်းကြေးမုံနှင့် ထိပ်တိုက် တွေ့သွားသည်။
ချွမ်
ရှေးဟောင်းကြေးမုံသည် အပြင်းအထန် တုန်ခါသွားပြီး စွမ်းအားပြင်းပြင်းကို မတားဆီးနိုင်ပေ။ ထို့နောက် လွှင့်စင်သွားလေသည်။
ရှန့်ယန်ရှုက သူ့ကြေးမုံကို အတင်းကျပ် ပြန်သိမ်းလိုက်ရသည့်အတွက် သူ့အမူအယာလည်း ချက်ချင်း ပြောင်းလဲသွားလေ၏။
တစ်ချိန်တည်းတွင် သူက လေဟာနယ် ပညာရပ်ကို အသက်သွင်းကာ အဆုံးမဲ့လေဟာနယ်အဖြစ် လမ်းကြောင်းဖောက်လိုက်သည်။ သူက ဤနေရာတစ်ခုလုံးကို ဖျက်စီးပစ်ဖို့ ကြံရွယ်ထား၏။
ထိုစဉ် မိုးမြေကို အတူတကွ စုစည်းဖိနှိပ်ထားသည့်အလား အထဲရှိ အရာအားလုံး ကြေမွပျက်စီးသွားသည်။
ရှန်ထျန်းက တိုက်ခိုက်မှုကို ချိန်ဆကာ လေဟာနယ် တစ်ဖက်ခြမ်းကို ခုတ်ချလိုက်ပြီး သဘာဝအစီအရင်အား ပျက်စီးပစ်လိုက်သည်။
ထိုအခိုက်အတန့် လေဟာနယ် ကြေမွသွားလေသည်။
လေထဲမှ ပုံရိပ်တစ်ခုက ရုတ်ချည်းဆိုသလို ပြုတ်ကျလာသည်။
ရှန့်ယန်ရှုက အတော်လေး အံ့ဩတုန်လှုပ်နေဟန်ပေါ်သည်။ သူက ရှန်ထျန်းသည် သူ့နေရာအတိအကျကို သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခု ရှန်းကျုံးလော့လည်း လှုပ်ရှားလာကာ သူ့ဒွိမျက်ဆံ စွမ်းအားက အရိုးကွဲမတတ် အဖျက်စွမ်းအားကို ထုတ်လွှင့်နေသည်။
သူ့မျက်ဆံမှ ပြန်လည်ဝင်စားခြင်း စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာကြီးအား အဆုံးသတ်ပစ်ဖို့ လုံလောက်သည့် စွမ်းအားများ ထွက်လာသည်။
ရှန်ထျန်းက အကြည့်ပြောင်းလိုက်သည်။ သူ့လက်ထဲ အဆုံးမဲ့ အံ့ဖွယ်အလင်းများ ရောယှက်လာကာ ဆန်းကြယ်လှသည်။
တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းများက လှုပ်ရှားလာကာ သူ့လက်ထဲမှ စွမ်းအားကို လှုံ့ဆော်ပေးနေသည်။ အလင်းက ပို၍ပင် တောက်တောက်ပပ လင်းလက်လာသည်။
“ကောင်းကင်ခြေမွ လက်ဝါး”
ရှန်ထျန်း၏ အသံက တည်ငြိမ်နေပြီး မငြင်းဆန်နိုင်သည့် အာဏာမျိုး ပါဝင်နေသည်။ သူက ကောင်းကင်ခြေမွ လက်ဝါးအား အသက်သွင်းကာ ပြန်လည်ဝင်စားခြင်း စက်ဝန်းအား ရိုက်ချလိုက်သည်။
ဝုန်း
ကြေမွသံတစ်ခု ထွက်ပေါ်လာသည်။
စွမ်းအားကြီး ပြန်လည်ဝင်စားခြင်း စက်ဝန်းက တစစီ ဖြစ်သွားလေသည်။
ရှန်းကျုံးလော့က တန်ပြန်သက်ရောက်မှု ခံစားလိုက်ရပြီး လေဟာနယ်ထဲ နောက်ပြန်ဆုတ်လိုက်ရသည်။
ထိုမြင်ကွင်းက အားလုံးအား ကြောင်အမ်းသွားစေသည်။
နောက်ထပ် ရှုံးနိမ့်မှု …
ဤတစ်ကြိမ် ပါရမီရှင်နှစ်ယောက် အတူတကွ ပူးပေါင်းခဲ့သော်လည်း ရှန်ထျန်းကို အနိုင်မယူနိုင်ခဲ့သေးပေ။
ဤလူက အမှန်တကယ် ကြောက်ဖို့ကောင်းလှသည်။
ရှန်ထျန်းက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် “ အားလုံးအတူတူ တိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်တယ်။ မဟုတ်ရင် မင်းတို့တွေ အခွင့်အရေးတစ်ခုတောင် ရမှာ မဟုတ်ဘူး ”
ပါရမီရှင်တွေက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
သူတို့က တိုက်ပွဲနှစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် ရှန်ထျန်း၏ စကားသည် အပိုမဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သူတို့က အင်အားမပူးပေါင်းလျှင် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
“ ညီအစ်ကိုရှန် အဲဆိုလည်း လုပ်ကြတာပေါ့ ”
ပါရမီရှင်အယောက် တစ်ရာနီးပါးက လက်နှစ်ဖက် ပြိုင်တူယှက်ကာ အားပေါင်းလိုက်ကြသည်။
ရှန်ထျန်းက ခေါင်းညိတ်ကာ “ လာခဲ့ကြ ”
ပါရမီရှင်များက အဆုံးမဲ့ အရှိန်အဝါများဖြင့် ပေါက်ထွက်လာသည်။
တစ်ယောက်ချင်းစီက သူတို့မျိုးနွယ်၏ ပြိုင်ဖက်ကင်း ပညာရပ်များကို အသက်သွင်းလိုက်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။ ထိုစဉ် ကောင်းကင်ယံ၌ မြောက်များစွာသော ပုံရိပ်သဏ္ဌာန်များ ကြီးစိုးထားပြီး ရှုမငြီးဖွယ် ဖြစ်နေသည်။ တောက်ပကာ ကြီးကျယ်ခမ်းနားလှပြီး ပုံရိပ်သဏ္ဌာန်အားလုံးက အာရုံဖမ်းစားနိုင်လွန်းသည်။
အဆုံးမဲ့ အံ့ဖွယ်အရှိန်အဝါများ ပေါက်ထွက်လာကာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
ပုံရိပ်သဏ္ဌာန်များကြား လဝန်းများ၊ နေမင်းများနှင့် ပင်လယ်သင်္ကေတမြောက်များစွာလည်း ပါရှိနေသည်။ ထို့အပြင် နဂါး၊ ဇာမဏီ၊ ချီလင်၊ လိပ်နက်နှင့် အခြားသော ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်များလည်း ရှိသည်။
ပါရမီရှင်အယောက် တစ်ရာနီးပါးက တစ်ချိန်တည်း တိုက်ခိုက်နေကြသည်။ သူတို့စွမ်းအားက အံ့ဖွယ် ဖြစ်ပြီး မြေပြင်ကိုပင် တုန်ခါလာစေသည်။ ဤသည်မှာ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းအတိ ဖြစ်၏။
အောင်းလေ့က သူ့ဘာသာ ရေရွတ်လိုက်သည် “ သူက ပါရမီရှင်အယောက်တစ်ရာကို တစ်ပြိုင်နက် စိန်ခေါ်ရဲတာပဲ။ ဒါမျိုး ကြားတောင်မကြားဖူးဘူး။ ညီအစ်ကိုရှန် ရှုံးနိမ့်သွားရင်တောင် သမိုင်းကြောင်းအတွက် မှတ်သားခံရဦးမှာပဲ။ ဒီလိုမျိုး တောင်းဆိုရဲလောက်တောင် ဘယ်သူမှ သတ္တိမကောင်းဖူးဘူးလေ ”
အောင်းလေ့က ရှန်ထျန်းသည် အလွန်စွမ်းအားကြီးမှန်း သိထားသော်လည်း ဤမျှပါရမီရှင်များစွာကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု မထင်မိပေ။ အရေအတွက်မှာလည်း အင်အားရှိသည် မဟုတ်ပါလော။
တစ်ယောက်ချင်းစီဆိုလျှင် မည်သည့် ပါရမီရှင်ကမှ ရှန်ထျန်းနှင့် မပြိုင်နိုင်ကြပေ။
သို့သော် အင်အားပူးပေါင်းပြီးမှ ရှုံးနိမ့်သွားခဲ့လျှင် …
မဖြစ်နိုင်လောက်ပါဘူး …
သို့သော် ရှန်ရှောင်က ယုံကြည်ချက်အပြည့်ဖြင့် “ ဆရာ နိုင်မယ်ဆိုတာ ယုံတယ်”
………….
ပါရမီရှင်အယောက် တစ်ရာလောက် တိုက်ခိုက်ကြသောကြောင့် အရှိန်အဝါပြင်းပြင်း ထွက်ပေါ်နေသည်။
ဤစွမ်းအားက ထာဝရအရှင်ကိုပင် တုန်တုန်ယင်ယင် ဖြစ်လာပြီး ကြောက်ရွံ့တကြီး နောက်ဆုတ်သွားစေဖို့ရာ လုံလောက်ပေသည်။
ရှန်ထျန်းက ဖိအားကို ခံစားမိလိုက်ပြီးနောက် အမူအယာက အနည်းငယ် တင်းမာသွားလေသည်။
ရှန်ထျန်းက လက်ဟန်တချို့ ထုတ်ဖော်လိုက်သည့်အခါ သူ့နောက်တွင် တောက်ပနေသည့် တွင်းပေါက်ကြီးတစ်ခု ပေါ်ထွက်လာပြီး အံ့လောက်ဖွယ် အရှိန်အဝါများ ထုတ်လွှင့်နေသည်။ သူ့အနောက်ဘက်၌ သူရဲကောင်းဆန်ဆန် ပုံရိပ်ကိုးခု ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုချင်းစီက ရှန်ထျန်းနှင့် ဆင်တူလှပြီး အစွန်းအထင်းကင်းနေသည့် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ထိုပုံရိပ်များက ရှန်ထျန်းတစ်ယောက် ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်ကို သုံး၍ ဖန်တီးထားသော ကိုယ်ပွားကိုးခု ဖြစ်ပေသည်။
ပါရမီရှင်များက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားကြသည်။
ရှန်ထျန်းတစ်ယောက် လူအများကြီးကို စိန်ခေါ်ရဲသည်မှာ မဆန်းတော့ပေ။ သူက ဝှက်ဖဲရှိနေသည် မဟုတ်ပါလော။
သို့သော် မြှားပေါ် လေးတင်ပြီးသည်နှင့် နောက်ပြန်ဆုတ်ရိုး မရှိပေ။
ပါရမီရှင်အယောက်တစ်ရာနီးပါးက လှုပ်ရှားလိုက်ကြပြီး ရှန်ထျန်း၏ ကိုယ်ပွားကိုးခုဆီ ဦးတည်လိုက်ကြသည်။
နှစ်ဖက်လုံးက စတင် တိုက်ခိုက်နေကြပြီး အံ့ဖွယ်အလင်းများ တလက်လက် တောက်ပနေသည်။
သို့သော် သူတို့ ပိုမို တိုက်ခိုက်လေလေ ထိုပါရမီရှင်များက ပို၍ အံ့ဩမိလာလေလေ ဖြစ်၏။ ထိုကိုယ်ပွားများက အင်မတန် အားကောင်းကြောင်း သတိပြုမိလိုက်ကြသည်။
ရှန်ထျန်း၏ ကိုယ်ပွားကိုးခုလုံးက တစ်ယောက်ချင်းစီ ပါရမီရှင် ဆယ်ယောက်စီနှင့် တိုက်ခိုက်နေကြသည်။ ထိုကိုယ်ပွားများက အမျိုးမျိုးသော ပညာရပ်များကို ထုတ်ဖော်နိုင်သောကြောင့် ပါရမီရှင်တစ်ယောက်ချင်းစီ ကျွမ်းကျင်ဆုံးဖြစ်သည့် တိုက်ခိုက်မှုများနှင့် လိုက်ဖက်ညီနေသည်။
ထိုပါရမီရှင်များက သူတို့ကစားပွဲ၌ ရှုံးနိမ့်သွားကြ၏။
……………....
ထိုစဉ် ရှန်ထျန်း၏ နဂိုခန္ဓာကိုယ်က အကောင်းဆုံး ပါရမီရှင်အုပ်စုနှင့် ရင်ဆိုင်နေသည်။
ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တိုက ရှေ့ဆုံးမှ တိုက်နေပြီး ရှောင်ခွန်ပန်နှင့် ဟွမ်ကျို့ထျန်းတို့က ဘေးဘက်မှ တိုက်နေကြသည်။
အနောက်ဘက်တွင် ဝမ်ရှုကျိက များစွာသော ပညာရပ်များကို နှိုးဆွကာ သူ့မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံကို အသက်သွင်းထားရင်း အဆုံးမဲ့ တာအိုအငွေ့အသက်များဖြင့် လင်းလက်နေသည်။
ယင်၊ ယန်၊ နေ၊ လတို့ကို ထိန်းချုပ်နိုင်သူများလည်း ပါရှိပြီး သူတို့အားလုံးက ရှန်ထျန်းဆီ ပြေးဝင်လာကြသည်။
နေစွမ်းအားနှင့် လစွမ်းအားတို့က အလွန်တရာ ကြောက်ဖို့ကောင်းလှသည်။ ထာဝရတပိုင်းအဆင့်ပင် ထိုစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သူတို့က မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားနိုင်သည်။
သို့သော်လည်း ရှန်ထျန်းက မပြောင်းမလဲ ဖြစ်၏။
သူ့ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်နေပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်၊ ယင်ယန်နှစ်သွယ် အငွေ့အသက်တို့လည်း ထွက်ပေါ်နေကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ရှန်ထျန်းက ပြိုင်ဖက်ကင်း စစ်နတ်ဘုရားကဲ့သို့ ဖြစ်၏။
သူက လက်ဝါးကို ဖြန့်ကာ လေဟာနယ်ထဲ ပုန်းနေသည့် ရှန့်ယန်ရှု၏ အာကာြပင်ကို တစစီ ဆွဲဖြဲလိုက်သည်။
လက်သီးတစ်ချက်ဖြင့် ကမ္ဘာကြီးအား တုန်ခါသွားစေသည်။
ရှန့်ယန်ရှုက ကောင်းကင်မှ ပြုတ်ကျလာကာ အထွတ်အထိပ်စင်မြင့်ပေါ်၌ ချိုင့်ကွက်ကြီး ဖြစ်သွားစေသည်။
ရှန်ထျန်းက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။ သူ့အကြည့်တို့၌ လေးနက်တောက်ပသော အလင်းများ ဖြတ်ပြေးသွားသည်။ အဆုံးမဲ့လေဟာနယ်ထဲ သူက ရှန်းကျုံးလော့၏ ကမ္ဘာပျက်သုန်းရေး မျက်ဆံအလင်းကို ဖျက်စီးပစ်လိုက်သည်။
ဝုန်း …
အသံကျယ်ကြီး ထွက်လာကာ ဖုန်မှုန့်များ လွှင့်စင်လာသည်။
ရှန်းကျုံးလော့က အခုမှ ပြန်ထလာနိုင်သည့် ရှန့်ယန်ရှုဘေးနား ပြုတ်ကျလာသည်။
ထိုစဉ် ပါရမီရှင်နှစ်ယောက်က ဘေးကပ်လျက်ဖြစ်သွားသည်။
ရှောင်ခွန်ပန်က ခွန်ပန်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ ခွန်ပန်ပညာရပ်များအား ထုတ်သုံးလိုက်သည်။
သူ့စွမ်းအားက စိတ်ကူးကြည့်လို့မရလောက်အောင် ကြောက်ဖို့ ကောင်းလှပြီး သဘာဝအစီအရင်များကို လောင်ကျွမ်းသွားစေပြီး သဘာဝစည်းမျဉ်းကို နှောင့်ယှက်နိုင်သည်။ ကြည့်ရသည်မှာ သူက အရာအားလုံကို အဆုံးသတ်ပစ်ချင်ပုံပေါ်နေသည်။
တစ်ဖက်တွင် ဟွမ်ကျို့ထျန်းက ကောင်းကင်ဘုံကိုးဆင့် အံ့ဖွယ်ဇာမဏီအသွင်ပြောင်းလဲလိုက်ပြီး သူနှင့်အတူ ကြယ်တာရာမီးတောက်လှိုင်းပါ ယူဆောင်လာသည်။
ထိုအခိုက်အတန့် ကောင်းကင်ယံတွင် အဆုံးမဲ့ မီးတောက်များဖြင့် ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ် မြင်ကွင်း ဖြစ်လာသည်။
ရှန်ထျန်းက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ခွန်ပန်ပညာရပ်ကို အသုံးပြုကာ ရှောင်ခွန်ပန်အား တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ နှစ်ဖက်လုံံးက အပြင်းအထန် တိုက်ခိုက်နေကြပြီး အာကာပြင်အပိုင်းအစလည်း တစစီ ဖြစ်သွားကာ သဘာဝအစီအရင်များကိုပါ ပျက်စီးသွားစေသည်။
မျက်စိတစ်မှိတ်အတွင်း ရှောင်ခွန်ပန်က ကြိုးပြတ်သွားသည့် စွန်တစ်ခုလိုမျိုး လွှင့်စင်သွားလေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဧရာမ လက်သီးရာကြီး ရှိနေသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရသွားခဲ့လေပြီ။
ထိုစဉ် ဟွမ်ကျို့ထျန်း၏ တိုက်ခိုက်မှုက မထိရသေးခင် ဇာမဏီထာဝရမီးတောက်ဖြင့် လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။ သူ့တွင် ကောင်းကင်ဘုံကိုးဆင့် ဇာမဏီသွေးမျိုဆးက် ပိုင်ဆိုင်ထားသော်လည်း ဤအံ့ဖွယ်မီးတောက်ကို မထိုးဖောက်နိုင်ပေ။
သိပ်မကြာခင် ဟွမ်ကျို့ထျန်းက မည်းတူးသွားပြီး သူ့ဇာမဏီတိုက်ပွဲချပ်ဝတ်လည်း ပျက်စီးသွားသည်။
သူ့ငှက်မွေးများက အစီအစဉ်မကျ ဖြစ်သွားပြီး အသားကင်နံ့ ထွက်လာသည်။ သူ့ကို ကြည့်ရသည်မှာ အတော်လေး သနားစဖွယ် ဖြစ်နေသည်။
အားလုံးက ထိုမြင်ကွင်းကြောင့် ကျောက်ရုပ်နီးပါး ဖြစ်သွားကြသည်။
အောင်းလေ့က မျက်လုံးအပြူးသား ဖြစ်နေလေ၏။
“ကျွတ်ကျွတ် အစ်ကိုရှန်က အရမ်းအားကောင်းတာပဲ။ သူက အသက်ရှိုက်စာအနည်းငယ်အတွင်းမှာ ဒီလောက်ပါရမီရှင်တွေအများကြီးကို အနိုင်ယူပစ်နိုင်ခဲ့တာပဲ ”
ကျန်းထိုက်ယီက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး သူ့ရင်ဘတ်သူ ပုတ်ကာ “ ငါ ဝင်မပါမိလို့ တော်သေးတယ်။ မဟုတ်ရင် ငါလည်း မြေပေါ် လဲနေလောက်ပြီ။ ဒီလူတွေက အရမ်းတဇွတ်ထိုးဆန်လိုက်ကြတာ ”
……………....
ယခုအခါ ဝမ်ရှုကျိက ရှန်ထျန်းအနောက်ဖက်မှ တိုက်ခိုက်လိုက်သည်။
ရှန်ထျန်းက တခြားသူများနှင့် တိုက်ခိုက်နေစဉ် သူက ပြိုင်ဖက်ကင်း ပညာရပ်များစွာ ထုတ်သုံးထားပြီးပြီး ဖြစ်ရာ သူ့အရှိန်အဝါက ဆက်လက် ထွက်ပေါ်နေသည်။ သို့သော် ရှန်ထျန်းက အဆုံးမဲ့တာအိုအငွေ့အသက်များ ထုတ်လွှင့်ထားသောကြောင့် သူ့ခန္ဓာကိုယ်က ပိုမို တောက်ပလာသည်။
အဆုံးမဲ့ တာအိုအငွေ့အသက်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး အစီအရင်များစွာ ကျဆင်းလာအောင် ဆွဲဆောင်နေသည်။
ဝမ်ရှုကျိ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက သူ့ထိန်းချုပ်မှုအတွင်းရှိ တာအိုအငွေ့အသက်သည် လွှမ်းမိုးခံလိုက်ရပြီး ပြောင်းလဲလာသည်။
“ ဘာဖြစ်တာလဲ။ သူလည်း မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိနေတယ်လို့တော့ လာမပြောနဲ့နော်။ ပြီးတော့ သူ့ဖွဲ့စည်းပုံက ငါ့ထက် အားကောင်းနေတာလား ”
ဝမ်ရှုကျိက ကြောင်အမ်းသွားကာ နေရာမှာတင် ရပ်သွားသည်။ သူ့တာအိုအငွေ့အသက် ပျောက်ဆုံးသွားပြီးနောက် သူ့တိုက်ခိုက်စွမ်းရည်က သိသိသာသာ လျော့ကျသွားသည်။
“ ခိုးကြောင်ခိုးဝှက် တိုက်ချင်တာလား ”
ရှန်ထျန်းက ကြောက်မက်ဖွယ်စွမ်းအားများ ဝမ်ရှုကျိဆီ ပစ်လွှတ်လိုက်သည်။
ထိုစဉ် ဝမ်ရှုကျိက အဆုံးမဲ့ အံ့ဖွယ်အလင်းကြား လွှမ်းခြုံခံလိုက်ရသည်။
ကြောက်မက်ဖွယ် အငွေ့အသက်များ ရစ်ပတ်လာကာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့သံများနှင့်အတူ သနားစဖွယ် အော်ဟစ်ညီးညူးသံများ ရောနှောထွက်လာသည်။
အလင်းရောင် မှေးမှိန်သွားသည့်အခါ ဝမ်ရှုကျိက ကြမ်းပြင်ပေါ် လဲကျနေလေပြီ။
သူ့နဂိုခန့်ညားချောမောသည့် မျက်နှာလည်း ယခုအခါ ယောင်ကိုင်းနေလေသည်။ သူ့တစ်ကိုယ်လုံး ခေါင်းမှခြေအဆုံး လက်သီးရာ၊ ခြေထောက်ရာများဖြင့် ပြည့်နှက်နေသည်။ တူရိုက်ချက်နှင့် ဓားရာများပါ ပါသေး၏။
သူ မည်မျှတောင့်ခဲခဲ့ရသည်ကို မည်သူသိမည်နည်း။ ဝမ်ရှုကျိ ကိုယ်တိုင်ပင် မမှတ်မိတော့ပေ။ သူက အရမ်းကို သနားစရာကောင်းနေလေပြီ။
ငါက ဘာလို့ ဒဏ်ရာအပြင်းဆုံး ဖြစ်နေရတာလဲ … မတရားဘူး
..................
ထို့နောက် ရှန်ထျန်း၏ ကိုယ်ပွားကိုးယောက်က တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားကာ ခန္ဓာကိုယ်မှ စွမ်းအားကြီးအံ့ဖွယ်စွမ်းအားတို့ ပေါက်ထွက်လာသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်မှ တာအိုအငွေ့အသက်များ ဖြာထွက်နေသောကြောင့် အကြည့်တို့က ပူပြင်းလာသည်။ သူက အဆုံးမဲ့ အံ့ဖွယ်ပညာရပ်ကို ထုတ်ကာ တာအိုအငွေ့အသက်အား အဖက်ဖက်သို့ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ တာအိုအငွေ့အသက်တစ်ခုစီက ကျင့်ကြံရေး ပညာရပ်တစ်ခု၏ အဆုံးအစွန်ကို ကိုယ်စားပြုသည်။
ထိုစဉ် ကောင်းကင်တာအိုက အရာအားလုံးကို ထိန်းချုပ်ချင်နေသည့်အလား မိုးမြေဆီမှ လွှမ်းမိုးမှုကြီးသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
တာအိုအငွေ့အသက်တစ်ခုချင်းစီ ပေါ်ထွက်လာတိုင်း လွှမ်းမိုးမှုအားကြီးသည့် စွမ်းအားလည်း အင်အားလိုက်တိုးလာသည်။
အထွတ်အထိပ်စင်မြင့်ပေါ်ရှိ ပါရမီရှင်များ၏ မျက်နှာထားကား အကြီးကြီး ပြောင်းလဲသွားတော့သည်။ သူတို့က သူတို့နှလုံးသားကို ဆုပ်ကိုင်ထားသည့် လက်ကြီးတစ်ခု ရှိလာပြီး အချိန်မရွေး ပေါက်ထွက်သွားနိုင်သလို ခံစားနေရသည်။
ဘန်း
ဘန်း
ဘန်း
ရှန်ထျန်းက သူ့တာအိုအငွေ့အသက်ကို ထိုပါရမီရှင်များ ဆက်လက် တောင့်မခံနိုင်တော့သည့်အထိ မြင့်တင်လိုက်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် သွေးအန်ကုန်ကြသည်။
သိပ်မကြာခင် ရှန့်ယန်ရှု၊ ရှန်းကျုံးလောနှင့် အခြားလူများလည်း ရွေးချယ်စရာ မရှိဘဲ စင်မြင့်မှ နောက်ဆုတ်ရတော့သည်။
ရှန်ထျန်းတစ်ယောက်တည်းသာ စင်မြင့်အထက် ဝင့်ဝင့်စွားစွား ရပ်နေလေ၏။
အရာအားလုံးကို လွှမ်းမိုးထားလေသည်။
………....
သူ နိုင်သွားလေပြီ။ အမှန်တကယ် သူ နိုင်သွားလေသည်။
တစ်ယောက်နှင့် အယောက်တစ်ရာ ပြိုင်ပွဲတွင် စိတ်ကူးကိုကျော်လွန်၍ သူရဲကောင်းဆန်ဆန် အနိုင်ရသူ ထွက်ပေါ်လာသည်။
ရှုံးနိမ့်သွားသော ပါရမီရှင်တို့၏ အကြည့်တို့၌ အံ့ဩမှုနှင့် လေးစားမှုများ ရှိနေသည်။ သူတို့က ရှန်ထျန်းကို တလက်လက် တောက်ပနေသော အကြည့်များဖြင့် ကြည့်နေကြသည်။
အစ်ကိုရှန်က ဒီလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး … သူက ဒီကမ္ဘာကြီးကို ကျော်လွန်နေတဲ့ ပါရမီရှင်အစစ်အမှန်ပဲ
ငါ ရှုံးသွားတာကို ဝန်ခံတယ် …