← Chapters

ထာဝရတောင်ပေါ်မှ အခြေအနေ၊ ပါရမီရှင်အားလုံး ရှေ့ထွက်ပေါ်လာခြင်း

Vol. 34(Final) Ch. 498

ထာဝရတောင်ပေါ်မှ အခြေအနေ၊ ပါရမီရှင်အားလုံး ရှေ့ထွက်ပေါ်လာခြင်း

Vol. 34(Final) Ch. 498

အခန်း (၄၉၈)  :  ထာဝရတောင်ပေါ်မှ အခြေအနေ၊ ပါရမီရှင်အားလုံး ရှေ့ထွက်ပေါ်လာခြင်း

ပါရမီရှင်အားလုံးက အထွတ်အထိပ်စင်မြင့် တိုက်ပွဲကြောင့် ကြောင်အမ်းသွားကြသည်။

သူတို့အနေနှင့် တစ်ယောက်ယောက် သူတို့အားလုံးကို အနိုင်ယူပစ်နိုင်ခြင်းကို ယုံကြည်ဖို့ ခက်ခဲလှသည်။ ဤတိုက်ခိုက်စွမ်းရည်က ထိတ်လန့်ဖွယ် ဖြစ်၏။

သူတို့ သိထားသမျှ အရာအားလုံးကို ကျော်လွန်သွားလေသည်။ လုံးဝကို မကြုံစဖူး ဖြစ်၏။

ခဏအကြာတွင် ပါရမီရှင်များစွာက စိတ်ထဲအထိပါ အံ့ဩတုန်လှုပ်လာကြလေသည်။

သို့သော် ရှုံးနိမ့်သွားကြသော ပါရမီရှင်တချို့က သံသယတချို့ ရှိလာကြသည်။ သူတို့က ရှန်ထျန်းသည် တိုက်ပွဲအတွင်း မြောက်များစွာသော ပညာရပ်များကို ထုတ်ပြခဲ့ကြောင်း သတိထားမိကြသည်။ ထိုပြိုင်ဖက်ကင်း ပညာရပ်များက သူတို့လေ့ကျင့်နေကြသည့် ပြိုင်ဖက်ကင်း အမွေအနှစ်များနှင့် အလွန်ဆင်တူနေခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည်က ထိုပညာရပ်များအပေါ် ရှန်ထျန်း၏ နားလည်နိုင်စွမ်းက ထိပ်တန်းအဆင့်သို့ ရောက်နေလေပြီ။

ထိုပါရမီရှင်များက အတွေးဖြင့် ရှုံ့မဲ့သွားကြသည်။

မည်သူကများ ဤမျှများပြားလှသည့် ပညာရပ်များကို တစ်ခါတည်း သင်ယူနိုင်မည်နည်း။ ပညာရပ်တစ်ခုချင်းစီက တခြားသူများထက် နက်နက်ရှိုင်းရှိုင်း ပိုနားလည်နေသေး၏။

မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် ဝမ်ရှုကျိပင် မလုပ်နိုင်ပေ။

လျို့ဝှက်ချက်တချို့တော့ ရှိရမည်။ ဤလူတွင် လဲလှယ်နိုင်သည့် လျို့ဝှက်ချက် ရှိနေရမည်။

……………....

ရှန့်ယန်ရှုက သူ့သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ  “ ညီအစ်ကိုရှန်ရဲ့ စွမ်းအားက တကယ်ကို စွမ်းအားကြီးတယ်။ ကျုပ်တော့ အံ့ဩမိသွားတယ်။ ခင်ဗျား ဒီလေဟာနယ် ပညာရပ်ကို ဘယ်ကနေများ သင်ခဲ့တာလဲ သိပါရစေ ”

ရှန့်ယန်ရှုက စိတ်အတွင်းထဲအထိ တုန်လှုပ်နေမိသည်။သူက ရှန်ထျန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း အနည်းငယ်မျှ အရေးမသာခဲ့ချေ။

အချုပ်အားဖြင့် ရှန်ထျန်းက သူ့တည်နေရာကို အကြိမ်များစွာ အတိအကျ ခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူ သေလုနီးပါး ခံစားခဲ့ရသည်။ ရလဒ်အနေနှင့် ရှန့်ယန်ရှုက သံသယအပြည့် ဖြစ်နေလေသည်။

ညီအစ်ကိုရှန်က ငါတို့အထွတ်အမြတ်မြေရဲ့ လျို့ဝှက်ဘိုးဘေးများလား။ သူက လေဟာနယ် ပညာရပ်ကို ဒီလောက်ကျွမ်းကျင်နေတာဆိုတော့ ဒီဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်

ရှန့်ယန်ရှု တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော ပါရမီရှင်များကလည်း ထိုအတွေးများရှိနေကြ၏။

လူတစ်ယောက်က ကွဲပြားခြားနားသော တာအိုတစ်ရာနီးပါး ပိုင်ဆိုင်နိုင်မည်လား။ ဤသည်က လက်ခံနိုင်ဖွယ်မရှိပေ။

ရှန်ထျန်းက ပြုံးလိုက်ကာ  “ ငါက ပညာရပ်အမျိုးမျိုး စုစည်းထားတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု တွေ့လိုက်လို့ပါ ”

မိစ္ဆာဝိညာဉ်မျိုးနွယ် ကျူးကျော်ခြင်းမှာ တစ်ခါ၊ နှစ်ခါ မကပေ။ များပြားစွာသော ပြိုင်ဖက်ကင်း ပညာရပ်များက ထိုတိုက်ပွဲများအတွင်း ပျောက်ကွယ်သွားကြသည်။ ရလဒ်အနေနှင့် ထိုပါရမီရှင်များ ကျင့်ကြံနေသည့် ပညာရပ်များက မပြည့်စုံတော့ပေ။

သို့သော်လည်း ရှန်ထျန်းက ကမ္ဘာဦးကောင်းကင် စစ်သူကြီး ၁၀၈  ယောက် ချန်ထားခဲ့သည့် အထွတ်အထိပ် ပညာရပ်များကို နားလည်ထားပြီး အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားခဲ့သည်။

ရလဒ်အနေနှင့် ထိုလူများ၏ ပညာရပ်များက ရှန်ထျန်းလောက် မကောင်းသည်မှာ ပုံမှန်သာ ဖြစ်၏။

ရှန့်ယန်ရှု၏ အကြည့်တို့၌ အားကျသည့် အရိပ်အယောင်များ ပြည့်နှက်လာကာ  “ ညီအစ်ကိုရှန်က ဒီလိုမျိုး ကံအပြောင်းအလဲ အခွင့်အရေးကို ရထားတာဆိုတော့ တော်တော်ကောင်းတဲ့ ကံကြမ္မာပိုင်ဆိုင်ထားတာပဲ။ ဒါပေမဲ့ အမွေအနှစ် တစ်ခုတည်း အသုံးမဝင်ဘူး။ ကိုယ့်စွမ်းရည်နဲ့ကို နားလည်သဘောပေါက်အောင်လည်း လုပ်ဖို့ လိုသေးတယ်။ ဒါတွေအားလုံးက ညီအစ်ကိုရှန်ရဲ့ ပင်ကိုယ်ပါရမီ မြင့်တာကြောင့်ပါပဲ ”

လူအုပ်ကြီးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ရှန်ထျန်း၏ စွမ်းရည်ကို အပြည့်အဝ ယုံကြည်သွားကြသည်။

တစ်ယောက်က သက်ပြင်းချကာ “ဒီနေ့ ညီအစ်ကိုရှန်ရဲ့ စွမ်းရည်ကောင်းကို မြင်လိုက်ရတာ ဂုဏ်ယူစရာပါပဲ ”

ရှန်ထျန်းက ပြုံးကာ  “ ရောင်းရင်းတို့နဲ့ တွေ့တာ ကံစပ်လို့ပဲဆိုတော့ ဒီနေ့ အဖန်ရည်တစ်ခွက်လောက် ထိုင်သောက်ပြီးတေ့ာ တာအိုအကြောင်း ဆွေးနွေးရအောင်လား ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက အိုးအကြီးကြီး ထုတ်ကာ ဉာဏ်အလင်းပွင့် အဖန်ရည်ကို စတင် ကျိုချက်တော့သည်။

ထိုပါရမီရှင်များက ကံကြမ္မာသားတော်များ ဖြစ်ကြသည်။ သူက သူတို့နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားရမည်။ ထိုအခါမှ နောင်အခါ သူ့ကံကြမ္မာတိုးတက်လာဖို့အတွက် သူတို့ကို အသုံးချနိုင်လိမ့်မည်။

....................

ရှန်ထျန်း၏ ဖိတ်ကြားချက်က လူအုပ်ကြီးအား အံ့အားသင့်သွားစေသည်။ သူတို့က ရှန်ထျန်းနှင့် လက်ရည်စမ်းပြီးခါစ ဖြစ်ပြီး သူက တာအိုများအပေါ် မည်မျှအသိအဉာဏ်ကြွယ်ဝကြောင်း သိထားကြသည်။

ဆွေးနွေးဖို့တဲ့လား … ရှန်ထျန်းက သူတို့ကို အကြံပေးတာနဲ့ ပိုတူမနေဘူးလား

ရှန်ထျန်း၏ စွမ်းရည်အရ သူ့အနေ သူတို့နှင့် ဆွေးနွေးစရာ မလိုအပ်ပေ။

လူများစွာက စိတ်လှုပ်ရှားလာကြသည်။ တချို့က ရှက်ရွံ့လာကြပြီး  “အစ်ကိုရှန်က ကျုပ်တို့နဲ့ တာအိုဆွေးနွေးချင်တယ်ဆိုတော့ ကျုပ်တို့က ဂုဏ်ယူရမှာပါ။ ဒါပေမဲ့ အစ်ကိုရှန်ကိုယ်တိုင် ကျုပ်တို့အတွက် အဖန်ရည် လုပ်ပေးစရာ မလိုပါဘူး။ ဒီလိုအသေးမွှားလေးက ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်ဗျာ ”

ပါရမီရှင်များစွာ လျှောက်လှမ်းလာကြသည်။ သူတို့အားလုံးက အဖန်ရည်လုပ်ရာ၌ ကျွမ်းကျင်ကြပြီး သူတို့ပိုင်ဆိုင်မှုများ၌ ဝိဇ္ဇာအဆင့် လက်ဖက်ရွက်များပါ ရှိကြသည်။ ထိုလူများက နည်းနည်း ကြွားလုံးထုတ်ချင်နေကြ၏။

ရှန်ထျန်းက ခရမ်းရောင် အရွက်များနှင့် ငွေရောင် ဉာဏ်အလင်းပွင့်သစ်ရွက်များကို ထုတ်ယူလိုက်ပြီး အိုးထဲ ထည့်ချလိုက်သည်။

ထိုပါရမီရှင်များက ထိုသစ်ရွက်များဆီမှ အငွေ့အသက်ပြင်းပြင်းကြောင့် ချက်ချင်းဆိုသလို ကြောင်အမ်းသွားကြသည်။

“ဒါက ဉာဏ်အလင်းပွင့် အဖန်ရည်လား ”

ထိုပါရမီရှင်များက ကြောင်အမ်းနေကြသည်။ သူတို့က ရှန်ထျန်းသည် သူတို့အတွက် ဉာဏ်အလင်းပွင့် အဖန်ရည်ကျိုပေးနေကြောင်း မျှော်လင့်မထားကြပေ။

ဤအဖန်ရည်က အလွန်အဖိုးတန်လွန်းလှသည်။

ဉာဏ်အလင်းပွင့် အဖန်ရည်က အလွန်ရှားပါးကာ အဖိုးတန်လွန်းလှ၏။

ထိုပါရမီရှင်များ၏ ဘိုးဘေးများ၊ အကြီးအကဲများပင် ဤသို့မျိုး အဆင့် အဖန်ရည် မရှိကြပေ။

သို့သော်လည်း ရှန်ထျန်းက ထိုအဖိုးတန် ဉာဏ်အလင်းပွင့် သစ်ရွက် လက်တစ်ဆုပ်စာကို အိုးထဲ ပစ်ထည့်လိုက်ပြီး သူတို့အတွက် အဖန်ရည်ကျိုပေးနေလေသည်။

ဘာကြီးလဲ … ဒီလူရဲ့ မိသားစုက သောက်ရမ်းချမ်းသာတာလား

ထိုပါရမီရှင်များ၏ မျက်နှာများက နီရဲလာကြပြီး သူတို့၏ ဝိဇ္ဇာအဆင့် လက်ဖက်ရွက်များအား အိတ်ကပ်ထဲ မြန်မြန် ထိုးထည့်ထားလိုက်ကြသည်။ ဉာဏ်အလင်းပွင့်အရွက်ရှေ့တွင် သူတို့၏ အရွက်များက အမှိုက်မျှသာ ဖြစ်၏။ ပြသဖို့ မထိုက်တန်ပေ။

အဖန်ရည်ကျိုချက်ခြင်း လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေသည့် ရှန်ထျန်းက သိပ်မကြာခင် အဖန်ရည်အိုးတစ်လုံး ကျိုချက်ပြီးသွားလေပြီ။ အဖန်ရည်ရနံ့သင်းသင်းလေး ထွက်လာကာ နေရာအနှံ့ ပျံ့နှံ့သွားသည်။

ရနံ့သင်းသင်းလေးကြား ရောနှောနေသည်က တာအိုအငွေ့အသက် ဖြစ်၏။ ထိုအရာက အားလုံးကို ခေါင်းကြည်လင်သွားစေသည်။

လူအုပ်ကြီးက အံ့ဩတကြီးဖြစ်လာပြီး အကြည့်တလက်လက်ဖြင့် ရှန်ထျန်း၏ အိုးရှေ့ ရောက်လာကြသည်။

လူများစွာက တံတွေးမျိုမချဘဲ မနေနိုင်တော့ပေ။

ဉာဏ်အလင်းပွင့် အဖန်ရည်က အဖိုးမဖြတ်နိုင်ပေ။ ပြောရလျှင် ဉာဏ်အလင်းပွင့်နိုင်စွမ်းကို တိုးမြင့်ပေးနိုင်သည်။ ထိုလူများက နယ်မြေငါးခု၏ အင်အားစုအသီးသီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အသိအဉာဏ်ကြွယ်ဝကာ ခရီးများစွာလည်း ထွက်ဖူးသောကြောင့် ထိုဉာဏ်အလင်းပွင့် အဖန်ရည်၏ ဆွဲဆောင်မှုကို မခံရဘဲ မနေနိုင်တော့ပေ။

……….....

ရှန်ထျန်းက ပြုံးလိုက်သည်  “ ရောင်းရင်းတို့ လာလာ အဖန်ရည်လေး သောက်ပြီး တာအိုအကြောင်း ဆွေးနွေးကြရအောင် ”

ရှန်ထျန်းက ဉာဏ်အလင်းပွင့်အရွက်များစွာ ရှိနေသေးသောကြောင့် ကပ်စေးမနည်းပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကောင်းမွန်မွန် ကြီးထွားလာဖို့ မြေဩဇာကောင်းမှ ထွက်နှုန်းတိုးပေမည်။

ပါရမီရှင်များက ရှန်ထျန်း၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ရသည့်အခါ အတော်အတန် စိတ်လှုပ်ရှားသွားကြသည်။

ရှန်ထျန်းက သူတို့နှင့် တာအိုဆွေးနွေးလိုရုံတင်မကဘဲ ဤအဖိုးတန် ဉာဏ်အလင်းပွင့် အဖန်ရည်ကိုပါ မျှဝေပေးနေလိုသေးသည်။ သူ့စိတ်နှလုံးသားက ကြီးမားလွန်းလှသည်။

ထိုအခိုက်အတန့် ပါရမီရှင်များစွာက ရှက်လာကြပြီး “အစ်ကိုရှန် ဒီအဖန်ရည်က အရမ်းအဖိုးတန်လွန်းတော့ ကျုပ်တို့ လက်ခံဖို့ ရှက်မိပါတယ်ဗျာ”

သူတို့က ဂုဏ်သိက္ခာအတွက် ရှန်ထျန်းနှင့် ရင်ဆိုင်ခဲ့ကြပြီး သူ့ထံ ရှုံးနိမ့်သွားသော်လည်း တရားမျှတသော တိုက်ပွဲတစ်ခုလည်း မဟုတ်ခဲ့ရချေ။

ရှန်ထျန်းက စိတ်ထဲမထားဘဲ သူတို့ကို အဖန်ရည်ပါ တိုက်နေသေးလေ၏။ အားလုံးက မျက်နှာပူလာကြသည်။ သူတို့က ဉာဏ်အလင်းပွင့် အဖန်ရည်၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်သော်လည်း လက်ခံဖို့ရာ အလွန်ရှက်နေမိကြသည်။

ရှန်ထျန်းက ပြုံးလိုက်ပြီး  “ ရောင်းရင်းတို့ အားနာမနေကြပါနဲ့။ ဒါက ဉာဏ်အလင်းပွင့် အဖန်ရည်လေးပဲလေ။ အဲလောက်လည်း အဖိုးမတန်ပါဘူး။ ငါတို့ ဒီအိုးကို ကုန်အောင်သောက်ပြီးရင် နောက်ထပ် ထပ်ကျိုပေးလို့ ရသေးတယ် ”

ရှန့်ယန်ရှုက တောက်တောက်ပပ ပြုံးလိုက်ကာ “အစ်ကိုရှန် ကျုပ်တို့ ဘယ်လိုလုပ် လက်ခံရမှာလဲဗျာ”

သူက ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်အပြုအမူများက ခြားနားလှသည်။ သူက အထွတ်အထိပ်စင်မြင့်ဆီ မြန်မြန် တက်လာကာ သူ့အတွက် အဖန်ရည်တစ်ခွက် ယူလိုက်ပြီး ဖြည်းဖြည်းချင်း သောက်နေလေပြီ။

“ အဖန်ရည်ကောင်းလေးပဲ။ ဒီအဖန်ရည်က ကောင်းကင်ဘုံမှာပဲ ရှိသင့်တာ။ ဒီကမ္ဘာမှာ ဒီလိုအဆင့် အဖန်ရည်မျိုး ရှာတွေ့တာ ဘယ်လောက်တောင် ရှားလိုက်သလဲ … အစ်ကိုရှန်က တိုက်ခိုက်ရည်ကောင်းရုံတင် မကဘူး။ ဒီလိုမျိုး အဖန်ရည်လုပ်နိုင်စွမ်းလည်း ရှိနေတာကိုး … တကယ်ကို လေးစားစရာပါပဲဗျာ ”

ရှန့်ယန်ရှုက သက်ပြင်းချလိုက်ပြီးနောက် ဉာဏ်အလင်းပွင့် အဖန်ရည်ခွက်တချို့ ထပ်ထည့်ကာ သောက်ပစ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ထိုပါရမီရှင်များလည်း ဆက်မငြင်းဆန်နိုင်တော့ပေ။ သူတို့က ရှန့်ယန်ရှုသည် တစ်အိုးလုံး သောက်ပစ်မည်ကို စိုးရိမ်လာကြသည်။

သူတို့က ရှေ့ထွက်ကာ ရှန်ထျန်းနား ဝိုင်းထိုင်လိုက်ကြပြီး အဖန်ရည် သောက်လိုက်ကြသည်။ အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းကုန်ကြသည်။

အစွန်းအဖျားနားက ပါရမီရှင်များသည် အံ့ဩမှုရော၊ အားကျမှုပါ အပြည့် ဖြစ်နေလေသည်။

ဒီလိုမျိုး ပါရမီရှင်ပြိုင်ပွဲကြီးက အဖန်ရည် အရသာခံပွဲကြီးအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ …

အားလုံးက ရှန်ထျန်းကြောင့်သာ ဖြစ်၏။

တစ်ချိန်တည်းတွင် သူတို့က အားကျမှုနှင့် မနာလိုမှု အငြိုးတရားတို့ ထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။ သူတို့လည်း အဖန်ရည် သောက်ချင်နေကြသည်။

………...

သူက အစွန်းအဖျားရှိ ထိုပါရမီရှင်များ၏ အတွေးကို အာရုံခံမိသည့်အလား ရှန်ထျန်းက လက်အသာဝေ့လိုက်ပြီးနောက် ဉာဏ်အလင်းပွင့် အဖန်ရည်ခွက်များကို ဝေပေးလိုက်သည်။

ထိုလူများက အရည်အချင်းပြည့်ဝသော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က ရှန့်ယန်ရှုတို့လောက် မတော်သော်လည်း အင်အားစုများ၌ ထိပ်တန်းကျင့်ကြံသူများအဖြစ် မှတ်ယူရနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူက အဖန်ရည်အိုးကြီး ကျိုချက်ထားသည့်အတွက် အားလုံးအနေနှင့် အနည်းဆုံး တစ်ခွက်စီသောက်ဖို့ လုံလောက်ပေသည်။ တစ်ခွက်တည်းဖြင့် အာနိသင် ပြနိုင်လေ၏။ တချို့က ရှန့်ယန်ရှုလိုမျိုုး လောဘကြီးကာ ခွက်များစွာ သောက်သုံးကြသည်။

အဖျားနားရှိ ပါရမီရှင်များက ဉာဏ်အလင်းပွင့် အဖန်ရည် လက်ခံလိုက်ပြီးနောက် စိတ်ပေါ့ပါးသွားကြသည်။

သူတို့က ကျေးဇူးတင်လိုက်ကြ၏  “ အစ်ကိုရှန် ကျေးဇူးပါ ”

ထို့နောက် ရှန်ထျန်းက အလေးအနက် ပြောလိုက်သည်။ သူ့အသံက ကောင်းကင်တာအိုအသံလိုမျိုး ဖြစ်ကာ ကောင်းကင်တခွင် ဟိန်းထွက်လာသည်။ သူက တာအိုအနှစ်သာရတို့ကို ပြန်လည်တွေးတောကာ ကောင်းကင်စစ်သူကြီး ၁၀၈ ယောက် ချန်ထားခဲ့သည့် အမွေအနှစ်များအကြောင်း စတင် ရှင်းပြလိုက်သည်။

ထိုစဉ် ကောင်းကင်ဝင်ပေါက်တောင်၌ အားပြင်းပြင်း တာအိုအငွေ့အသက်လှိုင်းများ ထွက်ပေါ်လာလေသည်။

တာအိုအငွေ့အသက်များက ကြယ်တာရာအလင်းပျောက်များအဖြစ် ပြောင်းလဲသွားပြီး ထိုပါရမီရှင်များအပေါ် ဖြာကျလာသည်။ ထိုပါရမီရှင်များ၏ မျက်နှာအထက် နားလည်သဘောပေါက်သွားမှုများ ဖြစ်တည်လာကာ နောက်ဆုံးတွင် သူတို့နှစ်အတော်ကြာ မေးခွန်းထုတ်နေခဲ့သည့် ပြဿနာများကို ဖြေရှင်းနိုင်သွားကြသည်။

ဉာဏ်အလင်းပွင့် အဖန်ရည်၏ ထောက်ပံ့မှုကြောင့် ထိုလူအားလုံး ချက်ချင်းဆိုသလို နားလည်မှုအသစ်ကို ရရှိသွားကြသည်။

……………....

ကျန်းထိုက်ယီက အရင်ဦးဆုံး အသိပြန်ကပ်လာသူ ဖြစ်၏။ သူက အားကောင်းသော အငွေ့အသက်များဖြင့် ဖြာထွက်နေသည်။ သူ့ခန္ဓာကိုယ်ပေါ် မိုးကြိုးများကလည်း စွမ်းအားကြီး အရှိန်အဝါ ထုတ်လွှင့်နေပြီး ယခင်ထက် အားကောင်းလာသည်။

ကျန်းထိုက်ယီက ပျော်ရွှင်ကြည်နူးနေလေသည်။ သူက လက်နှစ်ဖက်ယှက်ကာ  “ အစ်ကိုရှန်ရဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် အခုတော့ နားလည်သွားပြီ ”

သူက ယခုအခါ အားကောင်းသော မိုးကြိုးများဖြင့် လင်းလက်နေလေသည်။ သူက သူ့ဉာဏ်အလင်းပွင့်မှုမှ အကျိုးမြတ်များစွာ ရရှိထားကြောင်း သိသာလှ၏။

သူ အဆင့်တက်လှမ်းဖို့ သိပ်မလိုလောက်တော့ပေ။

အခြားလူများလည်း အကျိုးမြတ်များစွာ ရရှိလိုက်ကြသည်။

ရလဒ်အနေနှင့် လူအုပ်ကြီးက ရှန်ထန်းကို စိတ်ထဲကပါ လိုလိုလားလား ကျေးဇူးတင်နေကြပြီး ရှန်ထျန်းအပေါ် လေးစားမှုက ပိုတိုးလာခဲ့သည်။

ဝမ်ရှုကျိက မျက်မှောင်ကြုတ်လိုက်၏။ သူက မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိထားကာ ပညာရပ်များအပေါ် နားလည်နိုင်စွမ်း မြင့်မားပေသည်။ သူ့စိတ်ထဲ ရှန်ထျန်းတစ်ယောက် ပညာရပ် ၁၀၈ ခုကို အားသိပ်မထုတ်လိုက်ဘဲ ကိုင်တွယ်ဖြေရှင်းပုံကို မြင်ပြီး သံသယတို့ ကြီးထွားလာသည်။

ဝမ်ရှုကျိက သူ့ဘာသာ ရေရွတ်လိုက်သည်  “ သူ့ဆီမှာ မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိရုံတင် မကဘဲနဲ့ ဒီလိုပါရမီမျိုး …. သူက အထွတ်အထိပ် ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိနေတာ ဖြစ်နေမလား ”

သူက ရှေးပဝေဏီခေတ်မှ လျို့ဝှက်မှတ်တမ်းတချို့ကို ဖတ်ခဲ့ဖူးသည်။ တချို့တွင် အထွတ်အထိပ် ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိကြောင်း သိထားပြီး ထိုအကြောင်းအရာ၏ ဖော်ပြချက်အရ ရှန်ထျန်း၏ လက်ရှိအခြေအနေနှင့် ဆင်တူလှသည်။

……….....

ထိုစဉ် ကောင်းကင်၌ ပြောင်းလဲမှုကြီး ဖြစ်လာသည်။

အလင်းတန်းများက နေရာအနှံ့ ထွက်ပေါ်လာကာ အရှိန်အဝါများ ထွက်လာသည်။ လေဟာနယ်ထဲမှ ပုံရိပ်များစွာ လျှောက်လှမ်းထွက်လာကြ၏။ သူတို့ကို အံ့ဖွယ်အလင်းများဖြင့် ခြုံထားပြီး သူတို့အရှိန်အဝါက စိတ်ကူးကြည့်လို့မရလောက်အောင် စွမ်းအားကြီးလှသည်။ သူတို့က ထာဝရတပိုင်းအဆင့်များ ဖြစ်ကြသည်။

သူတို့က အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များ ဖြစ်ကြလေသည်။

အားလုံးက ထိုဂိုဏ်းချုပ်များကို မြင်လိုက်ရသည့်အခိုက်အတန့် တိတ်ဆိတ်သွားကာ အမူအယာများ လေးနက်လာကြသည်။ ပါရမီရှင်ပြိုင်ပွဲကြီးက နယ်မြေငါးခုမှ ပါရမီရှင်များ ယှဉ်ပြိုင်ရုံသပ်သပ် မဟုတ်ချေ။

သူတို့အားလုံးက ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ရန် ရောက်နေကြခြင်း ဖြစ်၏။

ဂိုဏ်းချုပ်များက အားလုံးကို ဤနေရာတွင် စုစည်းကာ မိစ္ဆာဝိညာဉ်များကို မည်သို့ကာကွယ်ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆွေးနွေးကြပေမည်။ ဂိုဏ်းချုပ်အသီးသီး ထွက်ပေါ်လာသည်ကို မြင်ပြီး ပါရမီရှင်များက ဘာဖြစ်နေမှန်း သိချင်လာကြသည်။

………………...

ရှေ့ဆုံးက လူက လေးလေးနက်နက် ပြောလိုက်သည်  “ ပါရမီရှင်တို့ မင်္ဂလာပါ … ငါက မဟာလေဟာနယ် အထွတ်အမြတ်မြေဂိုဏ်းချုပ်ပါ။ ဒီနေ့ ငါတို့ မင်းတို့ကို စုစည်းလိုက်ရတဲ့ အကြောင်းအရင်းက မိစ္ဆာဝိညာဉ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးဖို့ပဲ။ ဒါပေမဲ့ ငါတို့ မလာခင် သတင်းဆိုး သိလိုက်ရတယ်။

ထာဝရတောင်အထက်က ကောင်းကင်ယံထဲ ဧရာမ လေဟာနယ်လှိုဏ်ခေါင်းကြီး ပေါ်လာပြီ။ အဲဒီထဲကနေ မိစ္ဆာဝိညာဉ်ကျင့်ကြံသူတွေ သန်းချီပြီးတော့ ဘေးပတ်လည် တောင်တစ်သိန်းဝန်းကျင်လောက်ဆီ ထွက်သွားကြပြီ။

နတ်ဆိုးမျိုးနွယ်စုတော်တော်များများ ပျက်သုန်းသွားပြီးတော့ ကျန်လူတွေက တိုက်ပွဲထဲမှာပဲ ရှိသေးတယ်။ ပြီးတော့ သူတို့က ကြာကြာတောင့်ခံမထားနိုင်တော့ဘူး။

မိစ္ဆာဝိညာဉ်မျိုးနွယ်က တောင်ပိုင်းနယ်မြေကို အားအပြည့်တိုက်ခိုက်နေကြတယ်။ သူတို့တိုက်ခိုက်မှုက နယ်မြေတစ်ခုလုံးကို အကုန်ရှင်းထုတ်ချင်နေသလိုမျိုး  ညှာတာမှု မရှိဘူး။ တောင်ပိုင်းနယ်မြေက အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရပြီးတော့ နယ်မြေငါးခုကနေ တပ်ကူတောင်းထားတယ်  ”

အားလုံးက ထိုသတင်းကို ကြားပြီး အမူအယာများ ပြောင်းလဲသွားကြသည်။

မိစ္ဆာဝိညာဉ် မျိုးနွယက နယ်မြေငါးခုအတွက် အမြဲတမ်း ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ နှစ်ဖက်လုံံးက နှစ်သောင်းချီ တိုက်ခိုက်လာသော်လည်း အနိုင်ရသူ ပေါ်မထွက်လာခဲ့ပေ။

ယခု မိစ္ဆာဝိညာဉ်မျိုးနွယ်က အရင်ဦးစွာ ကြီးကြီးမားမား တိုက်ခိုက်လာခြင်း ဖြစ်ပြီး စိတ်ကူးထက် ကျော်လွန်နေသည်။ အားလုံး၏ စိတ်ထဲ လေးလံလာကြသည်။ အထူးသဖြင့် ငှက်မွေးမျိုးနွယ်မှ ပါရမီရှင်များ ဖြစ်၏။ သူတို့က အလွန်စိတ်ပူနေကြလေသည်။

တောင်ပိုင်းနယ်မြေက သူတို့ မွေးရပ်မြေ ဖြစ်၏။  သူတို့မိသားစုများနှင့် မိတ်ဆွေများလည်း ထိုနေရာမှာ ရှိကြသည်။ ယခု တောင်ပိုင်းနယ်မြေက အန္တရာယ်ကြား ကျရောက်နေပြီ ဖြစ်ရာ သူတို့က မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။

ရှောင်ခွန်ပန်နှင့် ဟွမ်ကျို့ထျန်းတို့က ရှေ့ထွက်လာကာ “ အဲဒီလူယုတ်မာတွေက သူတို့မိစ္ဆာနည်းလမ်းတွေကို ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး။ ကျွန်တော် သွားပြီးတော့ အားလုံးကို သတ်ပစ်လိုက်မယ် ”

သူတို့က ကျောမတ်မတ်ဖြစ်သွားပြီး နတ်ဆိုးပါရမီရှင်များကို ဦးဆောင်၍ တောင်ပိုင်းနယ်မြေဆီ သွားဖို့ ပြင်လိုက်ကြသည်။

ရှန့်ယန်ရှုတို့က သူတို့အား မြန်မြန် တားလိုက်ရ၏။

“ ရောင်းရင်း စိတ်အေးအေးထား .. မင်း အခုပြန်သွားရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်တယ် … ငါတို့ ပြန်မတုံ့ပြန်ခင် အစီအစဉ်ချရမယ် ”

“ငါတို့တွေ ဒီတိုက်ပွဲကို လျော့တွက်လို့ မဖြစ်ဘူး ”

ရှန့်ယန်ရှုနှင့် ကျန်လူများက နတ်ဆိုးပါရမီရှင်များအား စိတ်အေးအေးထားဖို့ မြန်မြန် ဖျောင်းဖျလိုက်ကြသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က အားအပြည့် တိုက်ခိုက်လာသောကြောင့် သူတို့ ကောင်းကောင်း ပြင်ဆင်ထားခဲ့သည်မှာ သေချာလှသည်။ ထို့ကြောင့် တောင်ပိုင်းနယ်မြေကို တိုက်ရိုက်ရန်စနေခြင်း ဖြစ်သည်။ ကိစ္စများက ထင်သလောက် မရိုးရှင်းပေ။

တောင်ပိုင်းနယ်မြေ၌ အင်အားစုခွဲများစွာ ရှိနေသည်။ နတ်ဆိုးများသာမက လူသားများ၊ ငွေဝိညာဉ်မျိုးနွယ်နှင့် အခြားသော အားကောင်းသည့် မျိုးနွယ်များလည်း ရှိနေသည်။ သို့သော်လည်း  ထိုအကြီးမားဆုံး မျိုးနွယ်များက အကူအညီတောင်းခံလာရလေရာ အခြေအနေက မည်မျှဆိုးရွားနေကြောင်း ထင်ရှားလှသည်။

လက်ရှိ နတ်ဆိုးများစွာ ရှိနေသော်လည်း သူတို့က တိုက်ပွဲကြီး၌ သိပ်အထောက်အကူဖြစ်မည် မဟုတ်ချေ။

…………....

မဟာလေဟာနယ် ဂိုဏ်းချုပ်က ပြောလိုက်သည်  “ ဟုတ်တယ်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က ဒီဟာကိုကြံစည်ထားတာ ကြာလှပြီ။ သူတို့ဆီမှာ ဝိဇ္ဇာကျင့်ကြံသူ အယောက်ထောင်ချီနဲ့ ထာဝရတပိုင်းအဆင့် အယောက်တစ်ရာကျော် ပါတယ်။ သူတို့ဆီမှာ ထာဝရအဆင့်ကျင့်ကြံသူတွေတောင် ပါသေးတယ်။ သူတို့က နယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်ဖို့ စွမ်းအားလုံလောက်တယ်။ ငါတို့တွေ တပ်ကူမပို့ခင် အစီအစဉ်ကို သေချာချမှတ်ရမယ်။ ”

နယ်မြေငါးခု၏ လက်ရှိအခြေအနေအရ ထာဝရအရှင်ကို တောင့်ခံထားနိုင်သည့် လူများများ မရှိချေ။ မိစ္ဆာဝိညာဉ် ကျင့်ကြံသူအရေအတွက်  များပြားလွန်းသည့်အကြောင်း ထည့်မပြောရသေးပေ။

ဤသို့ အန္တရာယ်အဆင့်မျိုးက တောင်ပိုင်းနယ်မြေအတွက် သေစေလောက်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

“တောက် ”

ရှောင်ခွန်ပန်က ကူကယ်ရာမဲ့စွာ သူ့ရင်ဘတ်သူ ပြန်ထုလိုက်သည်။ ယခု သူ့ကိုယ်သူ အလွန်မုန်းတီးနေမိသည်။ သူ နောက်ကျမှ မွေးဖွားခဲ့၍ ထိပ်ဆုံးအခြေအနေသို့ မရောက်သေးသည့် အခြေအနေကိုလည်း မုန်းတီးနေမိသည်။ မဟုတ်လျှင် သူ့သွေးမျိုးဆက်ဖြင့် သူက ကိစ္စကြီးများကို လုပ်ဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။ မိစ္ဆာဝိညာဉ်မျိုးနွယ်အား ကြောက်နေဖို့ မလိုပေ။

ရှန့်ယန်ရှုလည်း အလွန်စိုးရိမ်နေကာ  “ဆရာ အဲဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ ”

မဟာလေဟာနယ် ဂိုဏ်းချုပ်က ဝမ်းနည်းစွာ ပြောလိုက်သည် “ မိစ္ဆာဝိညာဉ်မျိုးနွယ်က ငါတို့ကို ငါတို့ရဲ့ခြေကုပ်နေရာကနေ မျှားခေါ်ဖို့ ပရိယာယ်လားဆိုတာ မသိဘူး။

ရလဒ်အနေနဲ့ အင်အားစုအသီးသီးက ထိပ်တန်း ကျင့်ကြံသူတွေက စိတ်ရှိတိုင်း ထွက်မသွားနိုင်ဘူး။ မဟုတ်ရင် ငါတို့ မွေးရပ်မြေလည်း သေစေလောက်တဲ့ ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ အဲဆိုတော့ ဒီတိုက်ပွဲအတွက် မင်းတို့အပေါ် မျှော်လင့်ထားတယ်။ မင်းတို့တွေက ဒီတိုက်ပွဲအတွက် တပ်ကူ ဖြစ်လာလိမ့်မယ် ”

မဟာလေဟာနယ် ဂိုဏ်းချုပ်၏ အကြည့်များက တောက်လောင်လာသည်။ သူက ထိုပါရမီရှင်များအပေါ် ယုံကြည်မှုရှိ၏။ ထိုပါရမီရှင်များက အနည်းဆုံး ဝိဇ္ဇာအဆင့် တိုက်ခိုက်စွမ်းရည် ပိုင်ဆိုင်ထားကြသည်။ တချို့က ထာဝရတပိုင်းအဆင့် စွမ်းရည်အထိ ပိုင်ဆိုင်ထားကြသေး၏။

ထိုပါရမီရှင်များက အမြဲတမ်း အားကောင်းခဲ့ကြသည်။

ယခု သူတို့အားလုံး ကြီးပြင်းလာပြီ ဖြစ်ရာ နယ်မြေငါးခုကို ကာကွယ်ဖို့ တာဝန်ယူရမည့် အချိန် ကျရောက်လာလေပြီ။

“ နားလည်ပါပြီ ”

ပါရမီရှင်များက စိတ်အားထက်သန်စွာ အော်လိုက်ကြသည်။ သူတို့စိတ်နှလုံးသား၌ ရည်ရွယ်ချက်တစ်ခု ပေါက်ဖွားလာရသည်။

သူတို့က သေခြင်းရှင်ခြင်း အခြေအနေနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ မည်သူမှ တစ်ယောက်တည်း ရပ်မနေကြပေ။ အကယ်၍ သူတို့သာ တောင်ပိုင်းနယ်မြေကို သွားမကူလျှင် ကျန်နယ်မြေများလည်း အန္တရာယ်ကျရောက်လာမည်သာ ဖြစ်၏။

မဟာလေဟာနယ် ဂိုဏ်းချုပ်က ကျေနပ်အားရစွာဖြင့်  “ စိတ်မပူကြနဲ့။ အလယ်ပိုင်းကုန်းမြေက အထွတ်အမြတ်မြေတွေလည်း ဝင်ကူပေးလိမ့်မယ်။ မင်းတို့ကို အဲဒီနေရာ ပို့ဆောင်ပေးဖို့ နတ်ဧကရာဇ်တပိုင်းအဆင့် အကြီးအကဲကို စီစဉ်ပေးမယ်။ ပြီးတော့ ဇာမဏီမျိုးနွယ်နဲ့ ခွန်ပန်မျိုးနွယ်က အကြီးအကဲတွေလည်း ပါလိမ့်မယ်။ အဲဆိုရင် မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ အထက်အဆင့် အင်အားတွေကို ရင်ဆိုင်ဖို့ လုံလောက်မှာပါ … ကျန်တာတော့ မင်းတို့အပေါ် မူတည်သွားပြီ ”

နယ်မြေငါးခုက သီးခြားပတ်ဝန်ကျင်မျိုး ရှိပြီး ထာဝရတပိုင်း ကျင့်ကြံသူများစွာက နတ်ဘုရားလောကဆီ တက်လှမ်းနိုင်ကြသည်။ ရလဒ်အနေနှင့် နယ်မြေငါးခု၏ အင်အားစုအများစုတွင် အဆင့်မြင့် ကျင့်ကြံသူများများ မရှိကြပေ။

ထိုလူများက သူတို့မျိုးဆက်ကို ကာကွယ်ဖို့ရာအတွက် တမင် နေခဲ့ကြသည့် ဘိုးဘေးများသာ ဖြစ်ကြ၏။

ဤအဆင့် ကျင့်ကြံသူအရေအတွက်က လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရလေသည်။ သူတို့က ဘာမှမတွေးဘဲ လှုပ်ရှားလိုက်လို့ မဖြစ်ပေ။

သူတို့က အလယ်ပိုင်းကုန်းမြေ အန္တရာယ် မကျရောက်စေရန် မိစ္ဆာဝိညာဉ်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ပေးရဦးမည် ဖြစ်၏။ လူအုပ်ကြီးက ထိုစကားများကြောင့် အနည်းငယ် စိတ်ဖိစီးမှု လျော့ကျသွားကြသည်။

နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူများသာ သူတို့ဘေးမှ တိုက်ခိုက်ပေးလျှင် သူတို့ အနိုင်ရနိုင်ခြေများစွာ ရှိလာနိုင်သည်။

မဟာလေဟာနယ် ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ “ ဒီတိုက်ပွဲကို လျော့တွက်လို့ မဖြစ်ဘူး။ ဒါက လူများစွာရဲ့ သေခြင်းရှင်ခြင်းနဲ့ ပတ်သတ်နေတယ်။ မင်းတို့အားလုံး လိမ္မာပါးနပ်မှုနဲ့ ဆောင်ရွက်ရမယ်။ နတ်ဧကရာဇ်တပိုင်းနဲ့ အခြားအကြီးအကဲတွေဆီကနေ အခု အကူအညီတောင်းပေးမယ်။ သူတို့က တောင်ပိုင်းနယ်မြေကို မြန်မြန် ရောက်အောင် လုပ်ပေးကြလိမ့်မယ် ”

မဟာလေဟာနယ် ဂိုဏ်းချုပ်က သူ့စကားအဆုံးတွင် မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လူအုပ်ကြီးက ဒေါသများ ပေါက်ထွက်လာကြ၏။

“ဒီမိစ္ဆာဝိညာဉ်တွေက စိတ်ကြီးဝင်လွန်းတယ်။ သွားကြစို့ သူတို့ကို သတ်ပစ်ကြမယ် … ငါတို့ ဘယ်လောက်အားကောင်းလဲ ပြကြတာပေါ့ ”

“ ငါလည်း ပါမယ် ”

“ ငါရော ”

လူအုပ်ကြီးက သံပြိုင်ပြောလိုက်ကြသည်။ ဤကပ်ဘေးကြီးက သူတို့၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးထားသည်။ မည်သူမှ နောက်မဆုတ်ကြပေ။

ရှန့်ယန်ရှက အကြံပြုလိုက်သည် “ ငါတို့တွေ တောင်ပိုင်းနယ်မြေကို သေချာပေါက် ကူရမယ်။ ဒါပေမဲ့ ဒီလိုအပြုအမူမျိုးနဲ့ ချီတက်သွားလို့ မဖြစ်ဘူး။ ငါတို့အုပ်စုအတွက် ခေါင်းဆောင်လိုတယ်။

နတ်ဧကရာဇ်တပိုင်း စီနီယာက မိစ္ဆာထာဝရ ကျင့်ကြံသူနဲ့ တိုက်ဖို့ လိုတယ်ဆိုတော့ ငါတို့ကို ဂရုစိုက်နေဖို့ အချိန်ရှိမှာ မဟုတ်ဘူး ”

ဤသည်က တိုက်ပွဲအသေးလေး မဟုတ်ပေ။ မိစ္ဆာဝိညာဉ် ကျင့်ကြံသူသန်းချီနှင့် ရင်ဆိုင်ရမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်၏။

လက်ရှိ ပါရမီရှင်များက အားကောင်းကြပြီး အဆင့်တူ မိစ္ဆာဝိညာဉ်များအား ဖိနှိပ်ထားနိုင်သော်လည်း သူတို့အနေနှင့် ဤတိုက်ပွဲအတွင်း အသက်ရှင်လျက် ကျန်ရှိဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပေသည်။

တိုက်ပွဲထဲ လူတစ်ယောက်၏ စွမ်းအားက အရေးမပါလှပေ။

ထို့အပြင် လက်နှစ်ဖက်တည်းဖြင့် ပြိုင်ဖက်လေးယောက်ကို တိုက်ခိုက်ဖို့ ခက်ခဲမည် မဟုတ်ပါလော။ အကယ်၍ သူတို့ကို ဦးဆောင်ပေးမည့် ခေါင်းဆောင် မရှိလျှင် မတော်တဆ ထိခိုက်သေကြေမှုများ အလွယ်တကူ ဖြစ်လာနိုင်သည်။

လူအုပ်ကြီးက ခေါင်းညိတ်လိုက်ကြသည်။

“ ညီအစ်ကိုရှန့် ပြောတာ မှန်တယ်။ ငါတို့တွေကို ဦးဆောင်ပေးမဲ့ လူတစ်ယောက်ကို ရွေးသင့်တယ် ”

“ငါတို့ ဘယ်သူကို ရွေးကြမလဲ ”

သူတို့က သင့်တော်သည့် လူကို အသည်းအသန် ရှာလိုက်ကြသည်။ တချို့လူများက ရှေ့ထွက်ပြီး တာဝန်ယူချင်ကြသော်လည်း သူတို့က လုံလုံလောက်လောက် အားကောင်းပြီဟု မခံစားရပေ။ ဒီလိုသာ ဖြစ်နေလျှင် အခြားပါရမီရှင်များကို မည်သို့ ဖျောင်းဖျနိုင်မည်နည်း။

သူတို့က ပြိုင်ဖက်ကင်း တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အခြေအနေကို ထိန်းချုပ်နိုင်မည့်လူကို လိုအပ်နေသည်။ ထိုအတွေးဖြင့် အားလုံးက ရှန်ထျန်း ရှိရာဆီ လှည့်ကြည့်လိုက်ကြသည်။

သူတို့က မျှော်လင့်ချက် မြင်လိုက်ရသည့်အလား အကြည့်များက တောက်ပနေကြ၏။

တိုက်ခိုက်စွမ်းရည်အရ ဖြစ်စေ၊ အကျင့်စရိုက်အရ ဖြစ်စေ အားလုံးက ရှန်ထျန်းကို အကောင်းဆုံးဟု အပြည့်အဝ လက်ခံထားကြသည်။

ရှန့်ယန်ရှုက ပြုံးလိုက်ကာ  “ အစ်ကိုရှန်က ကျုပ်တို့ခေါင်းဆောင်လုပ်ပြီးတော့ မိစ္ဆာဝိညာဉ်တွေနဲ့ တိုက်ပွဲမှာ ဦးဆောင်ပေးနိုင်မလား။ အစ်ကိုရှန်သာ ဦးဆောင်ပေးမယ်ဆိုရင် ကျုပ်တို့ ဒီတိုက်ပွဲကို နိုင်မှာ အသေအချာပဲ”

ရှန်ထျန်းက ခါးသက်သက် ပြုံးလိုက်မိသည်။

ဒီလိုအပြုအမူမျိုးဖြင့် တောင်းဆိုနေလေရာ မည်သို့ ငြင်းပယ်နိုင်မည်နည်း။

သူက အသက်ပြင်းပြင်းရှုကာ  “ ဒီလိုဆိုမှတော့ ကောင်းပြီလေ ”

ဤကိစ္စက နယ်မြေငါးခု ရှင်သန်ရေးနှင့် ပတ်သတ်နေလေသည်။ ရှန်ထျန်းက တောင်ပိုင်းနယ်မြေ ပျက်စီးသွားမည်ကို မမြင်လိုပေ။

တရားမျှတမှု အမည်အောက်မှ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်။

ထို့နောက် ရှန်ထျန်း၏‌ လေသံက ပိုမို လေးနက်လာကာ “ ဒါပေမဲ့ ငါ့ကို ဦးဆောင်စေချင်ရင် မင်းတို့အားလုံး ငါ့စကားကို သေချာနားထောင်ဖို့ လိုတယ်”

တိုက်ပွဲ၌ ခေါင်းဆောင်၏ စကားလုံးများက စည်းမျဉ်း ဖြစ်၏။ အမြင်ကွဲပြားသွားသည်နှင့် အဖွဲ့တစ်ဖွဲ့လုံးအပေါ် ပျက်သုန်းမှု ဆောင်ကျဉ်းလာနိုင်သည်။

ရှန်ထျန်းက ထိုအကြောင်းကို အားလုံးအား ပြန်သတိပေးလိုက်ရသည်။

အားလုံးက တုံ့ဆိုင်းခြင်းမရှိ သံပြိုင်သဘောတူလိုက်ကြသည် “ ကျုပ်တို့ အစ်ကိုရှန်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ”

ရှန်ထျန်း ဦးဆောင်သော ပါရမီရှင်အဖွဲ့အား တရားဝင် ဖွဲ့စည်းလိုက်လေပြီ။

…………....

ထိုစဉ် အလင်းတန်းများ တောက်ပလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူ ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက် ရှေ့ထွက်လာလေသည်။ သူက မိုးမြေနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ထင်မှတ်ရသည်။

ရှန့်ယန်ရှုက စိတ်ပေါ့ပါးသွားကာ  “ ဘိုးဘေး ”

ဤလူက မဟာလေဟာနယ် အထွတ်အမြတ်မြေ၏ ဘိုးဘေး လေဟာနယ် နတ်ဧကရာဇ်တပိုင်း ဖြစ်၏။ သူက ၂၄ ကြိမ်မြောက် နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်ပြီး အင်မတန် အားကောင်းလှသည်။

သူတို့ဘက်တွင် လေဟာနယ် နတ်ဧကရာဇ်တပိုင်း ရှိနေသရွေ့ သူတို့အနိုင်ရနိုင်ခြေ အတော်အတန် မြင့်တက်လာလိမ့်မည်။

လေဟာနယ် နတ်ဧကရာဇ်တပိုင်းက ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်တို့က တောင်ဘက်ဆီ ကျရောက်သွားသည်။ သူက အလေးအနက် ပြောလိုက်လေ၏  “မိတ်ဆွေလေးတို့ အခု ငါတို့တွေ တောင်ပိုင်းနယ်မြေကို သွားကူကြမယ် ”

သူ့အနားရှိ အာကာပြင် အပိုင်းအစတို့က တွန့်ချိုးလာကာ လေဟာနယ်စွမ်းအား ပြင်းပြင်း ထွက်ပေါ်လာသည်။

မိုးမြေက ချက်ချင်းဆိုသလို ပြောင်းလဲသွားလေသည်။

လေဟာနယ် အစီအရင်က ဆက်တိုက်ပေါင်းစပ်သွားပြီး ကောင်းကင်ထဲ အပေါက်တစ်ခု ဖြစ်လာစေသည်။

သိပ်မကြာခင် လေဟာနယ်လှိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။

ဤသည်မှာ လေဟာနယ် နတ်ဧကရာဇ်တပိုင်း၏ ပြိုင်ဖက်ကင်း လေဟာနယ် ပညာရပ် ဖြစ်ပြီး သူက တောင်ပိုင်းနယ်မြေဆီ တိုက်ရိုက် လေဟာနယ်လှိုဏ်ခေါင်း ဆက်သွယ်ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဤလှိုဏ်ခေါင်းဖြင့် သူတို့က အချိန်များစွာသက်သာသွားပြီး တိုက်ပွဲကွင်းပြင်ဆီ မြန်မြန် ရောက်သွားနိုင်သည်။ အားလုံး၏ အကြည့်တို့က တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေသည်။

…………….....

တောင်ပိုင်းနယ်မြေက ညီအစ်ကိုတို့ တောင့်ထားကြဦး … တပ်ကူ လာနေပြီ

All Chapters