မိစ္ဆာဝိညာဉ် လုပ်ကြံခြင်း၊ ထာဝရအရှင် ခြောက်ယောက်
Vol. 34(Final) Ch. 499
အခန်း (၄၉၉) : မိစ္ဆာဝိညာဉ် လုပ်ကြံခြင်း၊ ထာဝရအရှင် ခြောက်ယောက်
တောင်ပိုင်းနယ်မြေကို နတ်ဆိုးပိုင်နက်ဟု လူသိများကြသည်။
ဤနယ်မြေအပေါ် အုပ်စိုးနေကြသည့် မျိုးနွယ်စုတစ်ရာသည် ရှေးပဝေဏီခေတ်ကတည်းက ရှင်ကျန်လာသည့် ထိပ်တန်း နတ်ဆိုးမျိုးနွယ်များ ဖြစ်ကြပြီး အလွန်တရာ အားကောင်းကြသည်။ ထိုအကြောင်းအရင်းကြောင့် နတ်ဆိုးပါရမီရှင်များစွာ ရှိနေခြင်း ဖြစ်၏။ မျိုးနွယ်များကြား အားအကောင်းဆုံးမှာ ထာဝရဇာမဏီနှင့် ခွန်ပန်မျိုးနွယ်များ ဖြစ်ကြသည်။
ထိုမျိုးနွယ်နှစ်ခုတွင် အားကောင်းသော ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများ ရှိပြီး အလွန်တရာ သန်မာကြ၏။
တောင်ပိုင်းနယ်မြေ နတ်ဆိုးများ၏ တိုက်ခိုက်စွမ်းရည်က အခြားသော နယ်မြေများထက် အားမနည်းကြောင်း ပြောရပေမည်။
ဤနေရာရှိ မြေပြင်အနေအထားသည် အန္တရာယ်ရှိသောကြောင့် သဘာဝအတိုင်း အကာအကွယ် ဖြစ်နေသည်။ တောင်တန်းထောင်ချီနှင့် တောင်ကြားများစွာရှိသည် မဟုတ်ပါလော။
ထိုတောင်များက တိမ်တွေကြားထဲအထိ မြင့်တက်နေပြီး ကြီးကျယ်ခမ်းနားလှသည်။
ထာဝရတောင်ကို ဧကရာဇ်ကို စောင့်ရှောက်ပေးနေသည့် အစောင့်အကြပ်တစ်သိန်း ရှိနေသလိုမျိုး တောင်ပေါင်း တစ်သိန်းဝန်းရံထားသည်။ ဤသည်က ထူးခြားလှသည့် မြင်ကွင်းမျိုး ဖြစ်၏။
ထိုစဉ် ထာဝရတောင်သည် ပို၍ ထူးခြားနေလေသည်။ ဆန်းကြယ်ကာ နက်နဲလှသည့် ကြောက်မက်ဖွယ် တာအိုသင်္ကေတများနှင့် ဖုံးအုပ်ထားလေ၏။
ကောလဟာလများအရ ထာဝရတောင်သည် နတ်ဘုရားလောက၌ပင် ကျော်ကြားလေသည်။
စွမ်းအားကြီး ပုဂ္ဂိုလ်၏ သွေးစွန်းထားပြီး ထိုပုဂ္ဂိုလ်၏ ဗိမာန်လည်း ဖြစ်ပေသည်။ သို့သော်လည်း နောက်ပိုင်းကျ သေမျိုးလောကဆီ ကျရောက်သွားခဲ့ပြီး တာအိုသင်္ကေတများက အချိန်တိုက်စားမှုကြောင့် လွှင့်ပျယ်သွားရသည်။
ထိုသို့ဆိုလျှင်ပင် ထာဝရဇာမဏီနှင့် ခွန်ပန်မျိုးနွယ်တို့က ထိုတာအိုသင်္ကေတများဆီမှ စွမ်းအားတစိတ်တပိုင်းကို ငှားယူရပြီး ထာဝရဇာမဏီမျိုးနွယ်အား မထိုးဖောက်နိုင်သည့် သဘာဝခံတပ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထို့ကြောင့် ထာဝရတောင်၏ အကာအကွယ် မြေအနေအထားအရ မည်သူမှ အလွယ်တကူ မလာရောက်နိုင်ပေ။
…………
သို့သော်လည်း ဤနယ်မြေက အန္တရာယ်ကြား ကျရောက်နေပြီး ပြိုလဲလုနီးနီး ဖြစ်နေရသည်။ ထာဝရတောင်အထက် အာကာြပင်အပေါက်များစွာကို မြင်နေရလေ၏။ သူတို့ဆီမှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေကာ စည်းမျဉ်းများကလည်း ကမောက်ကမ ဖြစ်နေသည်။
စွမ်းအားကြီး မိစ္ဆာဝိညာဉ် ကျင့်ကြံသူက ထိုအာကာပြင်အပေါက်များကို ဖန်တီးထားခြင်း ဖြစ်သောကြောင့် အင်မတန် ခိုင်ခံ့လှသည်။
မြောက်များစွာသော မိစ္ဆာဝိညာဉ်တို့က အာကာပြင်အပေါက်ထဲမှ ထွက်လာကာ ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်ရင်း နေရာတစ်နေရာလုံး အပြည့်ဖြစ်နေသည်။ ထိုမြင်ကွင်းက နတ်ဆိုးများကို အံ့ဩတုန်လှုပ်သွားစေသည်။ သူတို့က မြန်မြန် ခုခံကြသော်လည်း မိစ္ဆာဝိညာဉ်များကို တားဆီးဖို့ ခက်ခဲနေဆဲ ဖြစ်သည်။
ဤတစ်ကြိမ် မိစ္ဆာဝိညာဉ်က များပြားလွန်းနေသည်။ သူတို့က အနက်ရောင်ဒီရေအလား ဖြစ်သည်။
မိစ္ဆာအငွေ့အသက်များက ကောင်းကင်တခွင် နေရာယူထားပြီ ဤနေရာအား အပြည့်အဝဝါးမျိုပစ်တော့မည့်ပုံပေါက်နေသည်။
တိုက်ပွဲ ဖြစ်လာသည့်အခါ တောင်တစ်သိန်း၌ ကြောက်မက်ဖွယ် သက်ရောက်မှုများ ဖြစ်လာလေ၏။
မိစ္ဆာဝိညာဉ်နှင့် နတ်ဆိုးများ၏ တိုက်ပွဲက ပြင်းထန်လွန်းသောကြောင့် မသက်မသာမြင်ကွင်းမျိုးကို ဖန်တီးနေသည်။
ဧရာမ ကြောက်မက်ဖွယ် သားရဲများက မိစ္ဆာဝိညာဉ်တချို့ကို တစ်လုပ်တည်းဖြင့် ဝါးမျိုသွားစဉ် မိစ္ဆာဝိညာဉ်များက နတ်ဆိုးများကို နှစ်ပိုင်း ပိုင်းဖြတ်ခဲ့ကြသည်။
လေထဲ သွေးများက ရေပန်းလို ပန်းထွက်နေလေ၏။
တိုက်ပွဲက အမှန်တကယ် ကြောက်ဖို့ ကောင်းလွန်းလှပြီး အရိုးစုများက မြေပြင်အနှံ့ ပျံ့ကျဲနေသလို သွေးများကလည်း မြစ်တစ်စင်းလို စီးဆင်းနေသည်။
နတ်ဆိုးများက အားအပြည့် ခုခံကြသော်လည်း သူတို့က မိစ္ဆာဝိညာဉ်၏ ပြိုင်ဖက် မဟုတ်သောကြောင့် ဆက်တိုက်သာ နောက်ဆုတ်နေရသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က အချိန်အတော်ကြာ ကြံစည်လာသည် ဖြစ်ရာ တောင်ပိုင်းနယ်မြေကို ကျူးကျော်ဖို့ မိစ္ဆာဝိညာဉ်သန်းချီကို ပို့လွှတ်ခဲ့သည်။
သူတို့က ကျိုင်းကောင်အုပ်လို ဖြစ်ပြီး သူတို့ပေါ်လာတိုင်း အပျက်အစီးများသာ ကျန်ရှိခဲ့သည်။
တောင်များက ပြိုကျကာ မြေပြင်လည်း ပျက်စီးရသည်။ အဆုံးမဲ့နာကျင်မှုများနှင့် ငရဲလိုမျိုး ကျောရိုးတစ်လျှောက် ကြက်သီးထလာစေသည်။
တောင်ပိုင်းနယ်မြေ၏ တောင်တစ်သိန်းဝက်ကျော်လောက်ကို ရန်သူက နေ့ဝက်အတွင်း ဝင်စီးခဲ့သောကြာင့် နတ်ဆိုးမျိုးနွယ်များများ ရှင်းထုတ်ခံလိုက်ရသည်။
ဤတိုက်ပွဲက နတ်ဆိုးများထံ အကြောက်တရားကို ရိုက်သွင်းပေးသလို ဖြစ်ခဲ့ရသည်။
…………….
ထာဝရတောင်ထိပ်၌
တောင်ထိပ်တွင် အရှိန်အဝါပြင်းပြင်းဖြင့် ပုံရိပ်နှစ်ခု ရပ်နေကြသည်။ သူတို့က တောင်ကဲ့သို့ မားမားမတ်မတ် ရပ်နေလေ၏။
သူတို့က ထာဝရဇာမဏီနှင့် ခွန်ပန်မျိုးနွယ်များမှ ဘိုးဘေးများ ဖြစ်ကြသည်။ သူတို့က ၂၄ ကြိမ်မြောက် နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်ပြီး အံ့လောက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့က နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်နေကြသော်လည်း သွေးသံရဲရဲ မြင်ကွင်းမျိုး မြင်လိုက်ရသည့်အခါ မဆင်မခြင် မပြုမူရဲတော့ပေ။
အကြောင်းမှာ မိစ္ဆာဝိညာဉ်များက လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကြပြီး သူတို့ကို ငုံ့ကြည့်နေကြသည်။ သူတို့ဆီမှ စွမ်းအားကြီး မိစ္ဆာအငွေ့အသက်မျိုး ထုတ်လွှင့်နေလေ၏။ သူတို့အားလုံးက ထာဝရအဆင့် မိစ္ဆာဝိညာဉ်များ ဖြစ်ကြသည်။
သူတို့အကြည့်များက အေးစက်နေပြီး ယုတ်မာစွာ ပြောလိုက်ကြသည် “ ပါးမွှားတွေက ခုခံနေကြသေးတယ်။ သေလိုက်စမ်း ”
မိစ္ဆာဝိညာဉ် သုံးယောက်က ထာဝရတောင်ကို တိုက်ခိုက်လိုက်ကြသည်။ သူတို့သာ ဤနယ်မြေ၏ အစီအရင်ကို ဖျက်စီးနိုင်သရွေ့ မိစ္ဆာဝိညာဉ်များက တည့်တိုးဝင်ရောက်ကာ အားလုံးကို သတ်ဖြတ်နိုင်လိမ့်မည်။
“ အားလုံး အစီအရင်ခင်းကြ ”
နတ်ဆိုးအိုကြီး နှစ်ယောက်က စွမ်းအားများကို လှည့်ပတ်ရင်း အော်ပြောလိုက်ကြသည်။ ထိုစဉ် အလင်းစူးစူး တောက်ပလကာ တာအိုသင်္ကေတများ ဖြစ်ပေါ်လာသည်။
ထာဝရတောင်ပေါ် ကောင်းကင်တာအို သင်္ကေတများ ပေါ်လာပြီး စွမ်းအားကြီးကြီးကို ထုတ်လွှင့်နေသည်။ ကြောက်မက်ဖွယ် စွမ်းအားတို့က တောက်ပနေသည့် အကာအရံအဖြစ် ပြောင်းလဲသွားကာ တောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုသို့ဆိုလျှင်ပင် အကာအရံက ထာဝရမိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်မှုကြောင့် အချိန်မရွေး ပျက်စီးသွားတော့မည့်အလား အပြင်းအထန် လှုပ်ခါနေသည်။
အဆုံးသတ်၌ သူတို့က ထာဝရအဆင့် မိစ္ဆာဝိညာဉ် သုံးယောက် မဟုတ်ပါလော။
ထိုစဉ် တောင်ပိုင်းနယ်မြေတွင် နတ်ဧကရာဇ်တပိုင်းအဆင့် နှစ်ယောက်သာ ရှိသောကြောင့် နှစ်ဖက်မှ ကွာခြားချက်မှာ ကြီးမားလွန်းနေသည်။
………….....
ဘိုးဘေးနှစ်ယောက်လုံးက လေးလေးနက်နက် အမူအယာများ ရှိနေကြသည်။ အကယ်၍ သူတို့သာ ထာဝရတောင်၏ တာအိုသင်္ကေတများဆီမှ စွမ်းအားကို မငှားယူနိုင်ခဲ့လျှင် ဤနေရာ ကျဆုံးသွားသည်မှာ ကြာလောက်လေပြီ။ သို့သော်လည်း အခြေအနေက မျက်နှာသာမပေးသေးပေ။
ထိုစဉ် သူတို့က သတင်းဆိုး လက်ခံလိုက်ရ၏။
အဝေးတစ်နေရာတွင် ဇာမဏီမျိုးနွယ်မှ တစ်ယောက်က ဒဏ်ရာအပြင်းအထန်ဖြင့် ရှေ့တိုးလာသည်။ သူ့တစ်ကိုယ်လုံးမှာ သွေးများစွန်းနေပြီး သူ့ငှက်မွေးတစ်ဝက်လောက်က မရှိတော့ဘဲ သူ့အငွေ့အသက်ကလည်း အင်မတန် အားဖျော့နေသည်။
ထိုလူက ဝမ်းနည်းပက်လက် အမူအယာဖြင့် ပြောလိုက်သည် “ ဘိုးဘေးတို့ ကျွန်တော်တို့ ထပ်မတားနိုင်တော့ဘူး။ မိစ္ဆာဝိညာဉ်တွေက အရမ်းများလွန်းနေတယ်။ မျိုးနွယ်စုတွေရဲ့ ဆုံးရှုံးမှုက တော်တော်ကြီးတယ်။ တကယ်လို့ အာကာပြင်အပေါက်သာ မပျက်စီးသွားရင် ကျွန်တော်တို့ ကြာကြာခံနိုင်တော့မှာ မဟုတ်ဘူး ”
ထိုလူ၏ မျက်လုံးက အငြိုးတရားတို့ဖြင့် နီရဲနေသည်။ တောင်ပိုင်းနယ်မြေ နတ်ဆိုးများက အသက်ကို စတေးထားကြသော်လည်း မိစ္ဆာဝိညာဉ် ကျူးကျော်မှုကို မတားဆီးနိုင်ခဲ့ပေ။
သူက သူ့မိတ်ဆွေများနှင့် ဆွေမျိုးများ မိစ္ဆာဝိညာဉ်လက်အောက် သေဆုံးသွားပြီး အရိုးပင် မကျန်သည်ကို မြင်ခဲ့ရသည်။
သူက ဘယ်လိုလုပ် မမုန်းတီးဘဲ နေနိုင်မှာလဲ …
မိစ္ဆာဝိညာဉ်တပ်ကြီးက သူတို့ရှေ့မှောက် ရောက်လာပြီ ဖြစ်ရာ နောက်ဆုတ်စရာလည်း မကျန်တော့ပေ။
ထိုစဉ် အားလုံးက မျှော်လင့်ချက် ပျက်သုန်းလာကြသည်။
ဘိုးဘေးနှစ်ယောက်၏ အမူအယာကလည်း ပြောင်းလဲလာသည်။ သူတို့လည်း ကူကယ်ရာမဲ့နေသလို ဖြစ်နေလေ၏။ ထာဝရမိစ္ဆာဝိညာဉ်များက သူတို့ကို ထိန်းထားသောကြောင့် သူတို့လည်း အပြည့်အဝ အထောက်အပံ့ မပေးနိုင်ခဲ့ပေ။
ထိုစဉ် တောင်ပိုင်းနယ်မြေ နတ်ဆိုးများ၏ အင်အားအရ မိစ္ဆာဝိညာဉ်တပ်ကို လုံးဝ ရင်မဆိုင်နိုင်ချေ။
ဤသည်မှာ မျှော်လင့်ချက်မရှိတော့သည့် အဆုံးသတ်မှန်း သိသာလှ၏။
ထာဝရဇာမဏီ ဘိုးဘေး ဖြစ်သည့် ဟွမ်ယုက ပြောလိုက်သည် “ အလယ်ပိုင်းကုန်းမြေရဲ့ တပ်ကူ ရောက်မလာသေးဘူးလား”
သူတို့က နယ်မြေငါးခုမှ တပ်ကူတောင်းထားသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး တောင်ပိုင်းနယ်မြေ အင်အားတစ်ခုတည်းဖြင့် သူတို့က မိစ္ဆာဝိညာဉ်များကို မတားဆီးနိုင်ချေ။
ခွန်ပန်ဘိုးဘေးက ခေါင်းခါကာ “ နယ်မြေငါးခုလည်း အန္တရာယ်ကြား ကျရောက်နေပြီ။ အလယ်ပိုင်းကုန်းမြေလည်း ငါတို့ကို မကူနိုင်တော့ဘူး တူတယ်။ ငါတို့တွေ ဆုံးဖြတ်ချက် မြန်မြန် ချရမယ်။ ဒီလိုဆက်ဖြစ်နေရင် ငါတို့အားလုံး သေသွားလိမ့်မယ် ”
အန္တရာယ်က ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး တောင်တစ်သိန်းအားလုံး သိမ်းလိုက်နိုင်သည်နှင့် မျှော်လင့်ချက်လုံးဝ ရှိတော့မည် မဟုတ်ပေ။
ဟွမ်ယုက အံ့ကြိတ်ကာ “ ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ တကယ်လို့ အခြားနည်းလမ်း မရှိဘူးဆိုရင် ငါတို့တွေ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ အများဆုံး ငါတို့ သေဆုံးသွားရုံပေါ့။ ဒါပေမဲ့ သေမင်းခံတွင်းဝ ရောက်နေရင်တောင် သူတို့ကို အနည်းဆုံး ဒဏ်ရာအပြင်းအထန်တော့ ပေးခဲ့ရမယ် ”
နတ်ဧကရာဇ်တပိုင်း ဘိုးဘေးနှစ်ယောက်က ဆုံးဖြတ်ချက် ပြတ်သွားစွာဖြင့် သူတို့အသက်ကို စတေးကာ ဤနယ်မြေအား ကာကွယ်ဖို့ ကျိန်ဆိုခဲ့ကြသည်။
ထိုစဉ် လေဟာနယ်တစ်ခု ပေါ်ထွက်လာသည်။ အလင်းပေါက်တစ်ခု ရုတ်ချည်း ပေါ်လာကာ ကျယ်ပြောလွန်းသည့် အငွေ့အသက်များကို ထုတ်လွှင့်နေသည်။
ထို့နောက် ထိုလေဟာနယ်ထဲမှ ပုံရိပ်များစွာ ထွက်လာကြသည်။
လေဟာနယ် နတ်ဧကရာဇ်တပိုင်းနှင့် ရှန်ထျန်း ဦးဆောင်လာသည့် ပါရမီရှင်အဖွဲ့ ဖြစ်ကြသည်။
အားလုံးက မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါသထွက်လာကြသည်။
နဂို သုခဘုံအလား သာယာလှပသည့် တောင်က ယခုအခါ ပျက်စီးနေလေပြီ။ မီးခိုးများလည်း နေရာအနှံ့ ထွက်ပေါ်နေပြီး သွေးများလည်း မြစ်တစ်စင်းလို စီးဆင်းနေကာ နေရာတစ်ခုလုံးက အပျက်အစီးပုံ ဖြစ်နေသည်။
ပေတစ်သိန်း မြင့်မားသည့် တောင်များက ယခုအခါ အလယ်မှ ထပ်ခြမ်းခြမ်းခံထားရပြီး ကျောက်တုံးများကလည်း နေရာအနှံ့ လွှင့်စင်ထားသည်။
မိစ္ဆာဝိညာဉ်များက ဓားတယမ်းယမ်းဖြင့် တောင်ပိုင်းနယ်မြေ ကျင့်ကြံသူများကို ရက်စက်စွာ သတ်ဖြတ်နေကြသည်။ ကောင်းကင်က သွေးနီရောင် လွှမ်းနေပြီး အလောင်းပုံကိုပင် မြင်နေရသည်။ ဤသည်မှာ ကျောရိုးတစ်လျှောက် ကြက်သီးထလာစေနိုင်သည့် ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖြစ်၏။
“သေစမ်း ”
မြောက်များစွာသော ပါရမီရှင်များက မိစ္ဆာဝိညာဉ်များကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
ရှန်ထျန်းက အေးစက်စက် အမိန့်ပေးလိုက်သည် “ သတ်ပစ်ကြ ”
“ နားလည်ပါပြီ ”
ပါရမီရှင်များစွာက အဆုံးမဲ့ အငွေ့အသက်များကို ထုတ်လွင့်ရင်း စတင် တိုက်ခိုက်ကြသည်။ ထိုစဉ် ပုံရိပ်သဏ္ဌာန်အမြောက်အများ ထွက်ပေါ်လာသည်။
ထွက်ပေါ်လာသည့် အရှိန်အဝါက ထာဝရတပိုင်းအဆင့်အောက်ရှိ မိစ္ဆာဝိညာဉ်များကို ရှင်းထုတ်လိုက်ရာ အော်သံပင် မထွက်လိုက်နိုင်ပေ။
ပါရမီရှင်များက နဂိုကတည်းက အားကောင်းပြီး သူတို့ကြား ထာဝရတပိုင်းအဆင့်နှင့် လက်ရည်ယှဉ်နိုင်သည့် ပြိုင်ဖက်ကင်း ပါရမီရှင် ၁၀၈ ယောက်လည်း ပါရှိနေသေး၏။ သူတို့အားလုံးက နေရာတစ်ခုလုံးကို သန့်ရှင်းရင်း မိစ္ဆာဝိညာဉ်များကို ရှင်းထုတ်ပစ်လိုက်ကြသည်။
……….....
တောင်ပိုင်းနယ်မြေ နတ်ဆိုးများက ပျော်လာကြပြီး မြန်မြန် အော်ပြောလိုက်ကြသည် “ တပ်ကူ ရောက်လာပြီ။ ငါတို့ အသက်ရှင်ပြီ ”
“ ညီအစ်ကိုတို့ အဲဒီမိစ္ဆာကောင်တွေကို သတ်ပစ်ကြ ”
နယ်မြေငါးခု၏ ကျင့်ကြံသူများ ရောက်လာသည်ကို မြင်ပြီး တောင်ပိုင်းနယ်မြေ နတ်ဆိုးများက အသက်ပိုရလိုက်သည့်အလား တက်ကြွလာကြသည်။ သူတို့အားလုံးက စတင် တန်ပြန်တိုက်ခိုက်ကြသည်။ သူတို့က ထိုမိစ္ဆာဝိညာဉ်များကို အပြီးတိုင် ရှင်းထုတ်ပစ်ချင်နေကြသည်။
ဟွမ်ယုနှင့် ခွန်ပန်ဘိုးဘေးတို့လည်း တပ်ကူကို မြင်လိုက်ပြီးမှ သက်ပြင်းချလိုက်ကြသည် “ နောက်ဆုံးတော့ သူတို့ ရောက်လာပြီ ”
ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က သူတို့ဆီ ဦးတည်လာသည်။ သူတို့အကြည့်များက လွှမ်းမိုးနိုင်စွမ်းကြီးသည့် အငွေ့အသက် ထုတ်လွှင့်ရင်း ရက်စက်လှသည်။
“ နောက်ထပ် သေချင်နေတဲ့လူတွေ ရောက်လာပြန်ပြီ။ ဒီနေ့ ဒီနယ်မြေက ပျက်စီးဖို့ ကံပါလာပြီးသား … မင်းတို့တွေ ဒီနေ့ သေကို သေရမယ် ”
ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က မိစ္ဆာအငွေ့အသက်များကို လှည့်ပတ်ရင်း ဒေါသတကြီး တိုက်ခိုက်လိုက်ကြပြီး နယ်မြေငါးခုမှ ရောက်လာသည့် တပ်ကူများကို ရှင်းထုတ်ဖို့ ပြင်လိုက်ကြသည်။
“ သူတို့ကို တားကြ ”
ခွန်ပန်ဘိုးဘေးက ကျယ်ကျယ်လောင်လောင် အော်လိုက်ပြီး ဟွမ်ယုနှင့်အတူ အလျှင်စလို ပြေးထွက်လာသည်။ တစ်ချိန်တည်းတွင် လေဟာနယ် နတ်ဧကရာဇ်တပိုင်းကလည်း ရှေ့တိုးလာကာ လေထဲ မားမားမတ်မတ် ရပ်နေလေ၏။
နတ်ဧကရာဇ်တပိုင်း သုံးယောက်က နောက်ဆုံးတွင် ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်နှင့် တွေ့သွားလေပြီ။
ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်က ထေ့ငေါ့ပြောလိုက်သည် “ မင်းတို့သုံးယောက်က ငါတို့ကို တားနိုင်မယ် ထင်နေတာလား ”
“ တိုက်ကြ ”
ထာဝရမိစ္ဆာဝိညာဉ်သုံးယောက်က ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ် မိစ္ဆာမြူခိုးနှင့်တူသည့် အငွေ့အသက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးကို ဝါးမျိုပစ်ချင်နေသည့် ဧရာမ ပါးစပ်ကြီးအသွင်ပြောင်းလဲသွားသည်။
“ တိုက်ကြ”
ဘိုးဘေးနှစ်ယောက်က ဟိန်းဟောက်လိုက်ပြီးနောက် သူတို့အရှိန်အဝါများကို ဖြန့်ကျက်လိုက်သည်။
ခွန်ပန်ဘိုးဘေးက တောက်တောက်ပပ လင်းလက်လာပြီးနောက် ဧရာမ ခွန်ပန်တစ်ကောင်အသွင် ပြောင်းလဲသွားခဲ့သည်။ သူက ကောင်းကင်ထဲ ပျံသန်းကာ ထာဝရမိစ္ဆာဝိညာဉ်ထဲမှ တစ်ယောက်ဆီ ဦးတည်လိုက်သည်။
ဟွမ်ယုလည်း စွမ်းအားထုတ်လိုက်သည့်အခါ သူ့အတွင်းမှ အံ့ဖွယ်ဇာမဏီမီးတောက် တောက်လောင်လာပြီး နေရာတစ်ခုလုံး အနှံ့ ဖြစ်သွားသည်။ လိမ္မော်ရောင် မီးတောက်များက မြေပြင်တစ်ခုလုံး ကြီးစိုးထားပြီး မိစ္ဆာအငွေ့အသက် မြူခိုးများကို လွှင့်စင်သွားစေသည်။
တစ်ဖက်တွင် လေဟာနယ် နတ်ဧကရာဇ်တပိုင်းက လေဟာနယ်ထဲ ဝင်ကာ ပြိုင်ဖက်ကင်း စွမ်းအားတို့ကို စုစည်းပြီး ကျန်ရှိနေသော ထာဝရမိစ္ဆာဝိညာဉ်အား တိုက်ခိုက်လိုက်သည်။
နှစ်ဖက်လုံးတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများက မိုးမြေအနှံ့ ပျံ့နှံ့သွားစေသည်။ အာကာပြင် အပိုင်းအစပင် ချက်ချင်း ကြေမွသွားပြီး စည်းမျဉ်းများ ပေါက်ကွဲထွက်ကာ မိုးမြေအား တုန်လှုပ်သွားစေ၏။
ဤသည်မှာ နတ်ဧကရာဇ်တပိုင်းများကြားမှ တိုက်ပွဲ ဖြစ်ပြီး မည်သူမှ ဝင်မပါရဲလောက်အောင် ကြောက်ဖို့ကောင်းလှသည်။
ကိစ္စကောင်းက နှစ်ဖက်လုံးသည် သူတို့မဟာမိတ်များကို ဂရုစိုက်သောကြောင့် လေထဲ ပျံသန်းသွားကြပြီး တိုက်ခိုက်ကြသည်။ သို့သော်လည်း တိုက်ပွဲမှ သက်ရောက်အားတို့က မိုင်တစ်သောင်းဝန်းကျင် ဖျက်စီးပစ်နိုင်သည်။
……….....
နတ်ဧကရာဇ်တပိုင်း သုံးယောက်က လှုပ်ရှားကာ ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်ကို တားဆီးထားသော်လည်း အခြေအနေက နယ်မြေငါးခုဘက်က အရေးနိမ့်နေဆဲ ဖြစ်သည်။ မိစ္ဆာဝိညာဉ်တပ်ကြီးက ကြီးမားလွန်းနေသည် မဟုတ်ပါလော။
ထို့အပြင် မိစ္ဆာဝိညာဉ်များက အာကာြပင်အပေါက်ထဲမှ မရပ်မနား ထွက်လာနေဆဲ ဖြစ်သည်။ ထို့ကြောင့် တောင်ပိုင်းနယ်မြေ ကျင့်ကြံသူများက အကျပ်အတည်းကြား ပြန်ရောက်သွားပြန်သည်။
ထိုစဉ် နယ်မြေငါးခုမှ ပါရမီရှင်များလည်း အားကောင်းသည့် ခုခံမှုမျိုးနှင့် ရင်ဆိုင်နေရသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက်နှစ်ဆယ်ကျော်က သူတို့ရှေ့ ထွက်ပေါ်လာကြပြီး နောက်တွင်လည်း ဝိဇ္ဇာမိစ္ဆာဝိညာဉ် ထောင်ချီ ဝန်းရံ၍ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြလေသည်။
ထိုမိစ္ဆာဝိညာဉ်များမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေကြသည်။
မိစ္ဆာဝိညာဉ်တပ်က အားကြီးလွန်းပြီး မတားဆီးနိုင်သောကြောင့် အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။
ရှန်ထျန်းက ရှေ့တိုးကာ အလေးအနက် အမိန့်ပေးလိုက်သည် “ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ခင်းကြ ”
သူက လက်ဟန်တချို့ ထုတ်ဖော်ကာ ဟွမ်ထျန်း စစ်တုရင်ခုံကို လေထဲ ပစ်လွှတ်လိုက်သည်။ ထိုစဉ် အပြောင်းအလဲကြီး တစ်ခု ဖြစ်လာသည်။ ကြယ်တာရာမြောက်များစွာက စုစည်းလာကာ အံ့မခန်းအလင်းတန်းတို့ ထုတ်လွှင့်နေသည်။
တစ်ချိန်တည်းတွင် လေထု၌ ပြိုင်ဖက်ကင်း အငွေ့အသက်တို့ဖြင့် ပြည့်နှက်သွားလေသည်။
စူးရှဖွယ် ကြယ်တာရာများ လေဟာနယ်ထဲ ပေါ်ထွက်လာပြီး ဆင်းသက်လာကာ နေရာတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားလေသည်။
ရှန်ထျန်းက ထပ်ပြောလိုက်သည် “ ကြယ်တာရာ အနေအထားတိုင်း နေရာယူပြီးတော့ အစီအရင်စွမ်းအားနဲ့ ရန်သူတွေကို သတ်ကြမယ် ”
ရှန်ထျန်းက ဒီရောက်မလာခင် ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ထိုပါရမီရှင်များအား သင်ကြားပေးထားသောကြောင့် သူတို့ ထိန်းချုပ်နိုင်လေသည်။ အဆုံးသတ်၌ အစီအရင်၏ စွမ်းအားက ဤတိုက်ပွဲကြီးထဲ လူတစ်ယောက်တည်း၏ စွမ်းအားထက် ကျော်လွန်သွားလေပြီ။
ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်က လူများစွာ၏ အင်အားကို စုစည်းကာ ဆယ်ဆမက တိုက်ခိုက်စွမ်းအားတို့ကို ထုတ်လွှင့်ပေးနိုင်သည်။
“နားလည်ပါပြီ ”
ရှန်ထျန်း စကားကို ကြားလိုက်သည်နှင့် ပါရမီရှင်များက တုံ့ပြန်လိုက်ကြသည်။ ပါရမီရှင် ၁၀၈ ယောက်က ကောင်းကင်စက်ဝန်း စစ်တုရင်ခုံအတိုင်း နေရာယူလိုက်ကြသည်။
ကျန်ရှိနေသော ပါရမီရှင်များကလည်း တာအိုအလံများကို ထုတ်ကာ ဘေးပတ်လည် ခွဲထားလိုက်သည်။
ထိုစဉ် နေရာတိုင်း၌ အံ့ဖွယ်အလင်းများ စီးဆင်းလာသည်။
ပါရမီရှင်များက ကြယ်တာရာ နေရာများ၌ အသီးသီး နေရာယူပြီးသွားသောကြောင့် ကောင်းကင်၌ ကြယ်တာရာများ တောက်တောက်ပပ လင်းလင်လာကြသည်။
ကြယ်မြောက်များစွာက ဆင်းသက်လာကာ သူတို့အား ဝန်းရံထားပြီး တောက်ပလင်းလက်မှုကို ပေးနေသည်။
သူတို့အရှိန်အဝါက ချက်ချင်း တိုးတက်လာကာ ကြယ်များနှင့် ပေါင်းစပ်သွားပြီး အံ့လောက်ဖွယ် တိုက်ခိုက်စွမ်းရည်ကို ထုတ်ဖော်လာနိုင်သည်။ သူတို့စွမ်းအား တိုးမြင့်လာသည်ကို သတိပြုမိပြီး ပါရမီရှင်များက စိတ်သက်သာရာရသွားကြသည်။
“ သတ်ကြ ”
သူတို့က ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များစွာအား တိုက်ခိုက်လိုက်ကြသည်။
ဝုန်း …
တိုက်ပွဲသံများက ပဲ့တင်ရိုက်ထွက်ပေါ်နေသည်။
နှစ်ဖက်လုံးက အပြင်းအထန် တိုက်ခိုက်နေသည့်အတွက် မိုးမြေပင် တုန်ခါလာရသည်။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် နှစ်ရာကျော်တွင် ကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး အထွတ်အမြတ်မြေအဆင့် အင်အားစုများကိုပင် အလွယ်တကူ ရှင်းထုတ်နိုင်သည်။
ထိုစဉ် မိစ္ဆာဝိညာဉ်များလည်း ပူးပေါင်းကာ အစီအရင် ခင်းလိုက်ကြသည်။
သူတို့က နေရာအသီးသီး၌ ရပ်နေကာ တောင်နှင့် မြစ်ကိုပင် ကြေမွသွားစေနိုင်သည့် အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များကို ထုတ်လွှင့်လိုက်ကြသည်။
နယ်မြေငါးခု၏ ပါရမီရှင်များက ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်၏ အဆင့်မြင့်မှုကို လက်ခံရရှိလိုက်၍ ကံကောင်းသွားတော့သည်။ ထို့ကြောင့် နှစ်ဖက်လုံးက လက်ရည်ညီနေကြခြင်း ဖြစ်၏။
……….....
သို့သော်လည်း ထာဝရတပိုင်းအဆင့်အပြင် ဝိဇ္ဇာမိစ္ဆာဝိညာဉ်များစွာလည်း ရှိနေသေးသည်။ ဤတစ်ကြိမ် မိစ္ဆာဝိညာဉ်က သူတို့လူအများစုကို စေလွှတ်ခဲ့သည်။ ဝိဇ္ဇာမိစ္ဆာဝိညာဉ် တစ်ရာနှင့် စွမ်းအားကြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ် ဆယ်ဂဏန်းလောက် ဖြစ်သည်။
ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည့် ကြောက်မက်ဖွယ် အင်အားတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့သာ တိုက်ခိုက်လာလျှင် နယ်မြေငါးခု၏ ပါရမီရှင်များအပေါ် အပြင်းအထန် သက်ရောက်လာလိမ့်မည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက်နှစ်ရာကျော် နောက်ဆုတ်နေသည်ကိုမြင်ပြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ်များက ရှေ့တိုးလာကာ စစ်တုရင်ခုံကို ချိုးဖောက်ဖို့ ပြင်လိုက်ကြသည်။
……….....
ထိုစဉ် ရှန်ထျန်းက လှုပ်ရှားလာကာ ဝိဇ္ဇာမိစ္ဆာဝိညာဉ်များရှေ့ တစ်ယောက်တည်း ရောက်လာသည်။ မိစ္ဆာဝိညာဉ်များက လှောင်ပြောင်ရယ်လိုက်ကြသည်။
“ ကောင်စုတ်လေး မင်းက ငါတို့အားလုံးကို တစ်ယောက်တည်း တိုက်မလို့လား။ မင်းက သေချင်နေတာပဲ ”
ဘေးပတ်လည် ဝိဇ္ဇာမိစ္ဆာဝိညာဉ်များက လှောင်ပြောင်ကာ မရပ်မနား ရယ်မောလိုက်ကြသည်။ သူတို့က ရှန်ထျန်းသည် သူ့ဘာသာ စိတ်ကြီးဝင်လွန်းနေကြောင်း ထင်နေကြသည်။
သူက ငါတို့ကို သူ့ဘာသာ တားချင်တာတဲ့လား …
ရှန်ထျန်း၏ အမူအယာက ပြောင်းလဲမသွားဘဲ ပြောလိုက်သည် “ ရှေ့တိုးရင် သေပြီသာမှတ် ”
“ မောက်မာလိုက်တာ ”
ဝိဇ္ဇာမိစ္ဆာဝိညာဉ်မြောက်များစွာက ရှန်ထျန်းဆီ အားပြင်းပြင်း တိုက်ခိုက်လာကြသည်။
ရှန်ထျန်း၏ အမူအယာက တစ်စက်လေးမျှ ပြောင်းလဲမသွားဘဲ လက်ကို အသာဝေ့ယမ်းလိုက်သည်။ ထိုစဉ် ကောင်းကင်တခွင် အင်မတန် တောက်ပလွန်းသည့် အလင်းတန်း ကျရောက်လာသည်။
ဝုန်း …
တောက်ပလွန်းသည့် ဓားအလင်းက လေထဲ ပျံ့နှံ့သွားစေသည်။
ထိုဝိဇ္ဇာများ အသံမထွက်နိုင်ခင် နှစ်ပိုင်းပြတ်သွားကြသည်။
ဘာကြီးလဲ “”
မိစ္ဆာဝိညာဉ်များက ကြောင်အမ်းကုန်ကြသည်။
ဒီလောက်ဝိဇ္ဇာအများကြီးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား …
“ မကြောက်နဲ့။ အတူတူ တိုက်ကြစို့။ ဒီကောင်လေး ငါတို့အားလုံးကို တားနိုင်မယ်လို့ မယုံဘူးကွာ ”
စွမ်းအားကြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ်ဆယ်ယောက်ကျော်က ပူးပေါင်းတိုက်ခိုက်ကြတော့သည်။ သူတို့တစ်ယောက်ချင်းစီက မဟာဝိဇ္ဇာများနှင့် ဝိဇ္ဇာအစစ်အမှန်များကို ဦးဆောင်လာကြသည်။
ရှန်ထျန်းက မထီမဲ့မြင်အမူအယာဖြင့် ပြောလိုက်သည် “ စကြဝဠာ အစီအရင် အသက်ဝင်စမ်း ”
မိုးမြေစွမ်းအား စုစည်းလာကာ အံ့ဖွယ်သင်္ကေတအမှတ်အသားများ ဖြစ်တည်လာလေသည်။ ထို့နောက် မိုးမြေက ချက်ချင်းဆိုသလို ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည်။
အံ့လောက်ဖွယ် အစီအရင်က ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး လွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ထုတ်လွှင့်နေသည်။
စကြဝဠာ အံ့ဖွယ်ဓား ဖြစ်တည်လာဖို့ မြောက်များစွာသော စည်းမျဉ်းများ စုဝေးလာကာ တာအိုအက်ကြောင်းများစွာ ပိုင်းဖြတ်ပစ်လိုက်သည်။
ဤသည်မှာ နဂါးချပ်ဝတ် အံ့ဖွယ်ကျမ်း၏ အထွတ်အထိပ် အစီအရင် ဖြစ်ပြီး စွမ်းအားကြီးကြီး ပါဝင်နေသည်။
ယခင်က ကျူးကောနှင့် စစ်မာဘိုးဘေးများက ဤအစီအရင်အား အသုံးပြုကာ စွမ်းအားကြီး ပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်ခဲ့သည်။
ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် ဝိဇ္ဇာမိစ္ဆာဝိညာဉ်များကို သတ်ပစ်ဖို့ လွယ်ကူလွန်းလှသည်။
ထိုစဉ် စကြဝဠာအစီအရင် ကျဆင်းလာပြီး ဝိဇ္ဇာမိစ္ဆာဝိညာဉ် တစ်ထောင်ကို လွှမ်းခြုံသွားသည်။
“ဒါက ဘာအစီအရင်လဲ။ ဘာလို့ ကြောက်ဖို့ကောင်းနေရတာလဲ ”
“ မဟုတ်ဘူး အား … ”
ကောင်းကင်ယံ သွေးစွန်းသွားပြီး ဆိုးဆိုးရွားရွား အော်ငြီးသံများ မရပ်မနား ကြားနေရသည်။
အစီအရင်စွမ်းအားက မိစ္ဆာဝိညာဉ်များ၏ ခန္ဓာကိုယ်အား ပေါက်ကွဲထွက်သွားစေပြီး ဝိညာဉ်ချုပ်ငြိမ်းသွားစေလောက်အောင်အထိ စွမ်းအားကြီးလှသည်။
ဤမြင်ကွင်းကြောင့် အားလုံးက အံ့ဩတကြီး ဖြစ်သွားကြ၏။
သူတို့က ကောင်းကင်ယံရှိ ပုဂ္ဂိုလ်များကို ကြည့်ကာ တွေဝေငေးမောနေမိကြသည်။
တောင်ပိုင်းနယ်မြေ နတ်ဆိုးများက ပြောလိုက်ကြ၏ “ အဲဒီလူက ဘယ်သူလဲ။ သူက ဘယ်လောက်တောင် အားကောင်းနေတာလဲ ”
ထိုစဉ် နယ်မြေငါးခု၏ ပါရမီရှင်များက ပို၍ပင် အံ့အားသင့်နေကြသေးသည်။
သူတို့က ရှန်ထျန်းတွင် ပြိုင်ဖက်ကင်း တိုက်ခိုက်စွမ်းရည် ပိုင်ဆိုင်ထားမှန်း သိပေမဲ့ ဝိဇ္ဇာမိစ္ဆာဝိညာဉ် အယောက်တစ်ထောင်ကို တစ်ခါတည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။
ရှန့်ယန်ရှု၊ ရှန်းကျုံးလော့နှင့် အခြားလူများပင် အကြည့်ချင်းဖလှယ်လိုက်ကြရင်း တစ်ယောက်မျက်ဝန်းမှ အံ့အားသင့်မှုကို တစ်ယောက် မြင်လိုက်ကြသည်။
သူတို့က မနေနိုင်ဘဲ ရေရွတ်မိလိုက်ကြသည် “ အစ်ကိုရှန်က တကယ်ကို ထူးခြားတာပဲ ”
သို့သော်လည်း ရှန့်ယန်ရှုက မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် ပြောလိုက်သည် “ညီအစ်ကိုတို့ ငါတို့ အစ်ကိုရှန်နောက်ကောက်ကျန်နေလို့ မဖြစ်ဘူး။ အဲဒီမိစ္ဆာကောင်တွေကို သတ်ကြ … သူ့ကို ငါတို့နယ်မြေကနေ အပြီးတိုင် မောင်းထုတ်ကြ ”
ပါရမီရှင်များက စွမ်းအားများ ထုတ်လွှင့်လိုက်ကြသည်။ ကောင်းကင်စက်ဝန်း ကြယ်တာရာ အစီအရင်၏ စွမ်းအားကို ငှားယူပြီး သူတို့က တောင်ပိုင်းနယ်မြေ နတ်ဆိုးများ မခုခံနိုင်ခဲ့သည့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက်နှစ်ရာကျော်အပေါ် အရေးသာလာခဲ့သည်။
အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် တိုက်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်နိုင်လိမ့်မည်။
………...
ထိုစဉ် လေဟာနယ်ထဲ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အာကာပြင်အပေါက်ထဲမှ နောက်ထပ် ကြောက်မက်ဖွယ် တည်ရှိမှုသုံးခု ပေါ်ထွက်လာခဲ့သည်။ သူတို့အရှိန်အဝါများက လှိုင်းလုံးများကဲ့သို့ ဖြစ်ကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုစဉ် မြောက်များစွာသော ကျင့်ကြံသူတို့က လွှင့်စင်သွားကာ သွေးအန်လိုက်ရသည်။ သူတို့၏ အရှိန်အဝါက ကြောက်ဖို့ကောင်းလွန်းလှပြီး ထာဝရတပိုင်းအဆင့်ထက် ပိုအားကောင်းနေသည်။
တောင်ပိုင်းနယ်မြေ နတ်ဆိုးများလည်း အံ့ဩတုန်လှုပ်လာကြသည်။
“ ငါတို့သတင်းမှာ အမှားရှိနေတာပဲ။ အဲဒီမှာ ထာဝရအရှင် သုံးယောက် မဟုတ်ဘူး။ ခြောက်ယောက် … ခြောက်ယောက် ”
ယခု အားလုံး၏ အကြည့်တို့က စိတ်ပျက်လက်ပျက် ဖြစ်လာကြသည်။ သူတို့က နယ်မြေငါးခု၏ တပ်ကူများ ရောက်မလာခင်အထိ တောင့်ခံခဲ့ကြကာ လေဟာနယ် နတ်ဧကရာဇ်တပိုင်းနှင့် နတ်ဆိုး နတ်ဧကရာဇ်တပိုင်းနှစ်ယောက်တို့က ထာဝရမိစ္ဆာဝိညာဉ်သုံးယောက်ကို တားနိုင်လိမ့်မည်ဟု တွေးထားခဲ့ကြသည်။
ထို့နောက် သူတို့က အနိုင်ရရန် ကျန်ရှိနေသော မိစ္ဆာဝိညာဉ်များကို သတ်ဖို့သာ လိုအပ်တော့သည်။
သို့သော်လည်း အာကာြပင်အပေါက်ထဲ နောက်ထပ် ထာဝရမိစ္ဆာဝိညာဉ် သုံးယောက် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။
ဤအင်အားက သူတို့ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။
ထိုထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က ယုတ်မာစွာ ပြုံးလိုက်ကြသည်။
“ အစတုန်းကတော့ အလယ်ပိုင်းကုန်းမြေက လူအိုကြီးတွေကို ရှင်းထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က ကပ်စေးကုပ်ပြီး လူတစ်ယောက်တည်းပဲ စေလွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကောင်းပြီလေ … ဒီနေ့ ဒီလိုရတနာမျိုးတွေ့ရတာ တကယ်ကို ကံကောင်းတာပဲ ”
ဟွမ်ထျန်းစစ်တုရင်ခုံကို ကြည့်နေရင်း ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ အကြည့်တို့က လောဘဖြင့် လောင်မြိုက်လာသည်။
ဤသည်မှာ အထွတ်အထိပ် အသုံးအဆောင်ဖြစ်ပြီး ထာဝရအရှင်များပင် လောဘတက်မိလောက်သည်။ ဤသို့သော ရတနာမျိုးက ဂျူနီယာတစ်ယောက် လက်ထဲတွင် ရှိခြင်းက နှမြောစရာကောင်းလှသည်။
ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ အကြည့်တို့က ပိုမို ရက်စက်လာသည်။ သူတို့က သားကောင်ကို ကြည့်နေသလိုမျိုး ရှန်ထျန်းအား ကြည့်လိုက်ကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသည့် ထာဝရမိစ္ဆာဝိညာဉ်က ယုတ်မာစွာ ပြုံးလိုက်ရင်း “ ကောင်လေး … ရတနာကို ငါ့ဆီ နာနာခံခံ ပေးလိုက်စမ်း။ ငါ စိတ်အခြေအနေကောင်းနေရင်း မင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးမယ် ”
သူ့အမြင်အရ ရှန်ထျန်းသည် သူ့အတွက် ဘာမှမဟုတ်ပေ။ ရှန်ထျန်းကို သတ်ဖြတ်လိုက်သရွေ့ ဤရတနာ ရလာနိုင်သည်။
ဒီလိုမျိုး အထွတ်အထိပ် အသုံးအဆောင်က သေချာပေါက် ငါ့အပိုင်ပဲ ဖြစ်ရမယ် …