← Chapters

ငါက ကံကြမ္မာသားတော် မဟုတ်ရပါဘူး

Vol. 34(Final) Ch. 502

ငါက ကံကြမ္မာသားတော် မဟုတ်ရပါဘူး

Vol. 34(Final) Ch. 502

အခန်း (၅၀၂) :  ငါက ကံကြမ္မာသားတော် မဟုတ်ရပါဘူး

ရှန်ထျန်းက သူ့အနေနှင့် နှစ် လေးသိန်း ၉ သောင်းခန့်ကို ပြန်ရောက်သွားလိမ့်မည်ဟု မထင်ထားပေ။

သူက ယခင်မိတ်ဆွေဟောင်းများကို ပြန်ရှာနေကြောင်း တွေးမိလိုက်လျှင် …

သူ့ဘာသာ လူသားဧကရာဇ် ဖြစ်နေလိမ့်မည်ဟုလည်း ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။

သူ့လတ်တလော အတွေ့အကြုံများကို ပေါင်းစပ်ကာ ရှန်ထျန်းက သဘောပေါက်လာသည်။ ထိုပါရမီရှင် ၁၀၈ ဦးက ကောင်းကင်ခုံရုံး၏ ကောင်းကင် စစ်သူကြီး ၁၀၈ ယောက် ဖြစ်ပေသည်။

သူတို့ လက်ဝယ်ပိုင်ထားသည့် ပညာရပ်များက ကောင်းကင်စစ်သူကြီး ၁၀၈ ဦး၏ အမွေအနှစ်များ ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။

ပြောရလျှင် ထိုအရာများက သူတို့၏ အမွေအနှစ်များသာ ဖြစ်၏။

သို့သော်လည်း ဆင့်ကဲပြောင်းလဲကာ တိုးတက်လာမှုကြောင့် သူတို့က အင်မတန် အားကောင်းလာကြခြင်း ဖြစ်သည်။ ပို၍ မယုံကြည်နိုင်စရာကောင်းသည်က ဂူစောင့်ရှောက်သူ ပြောပြခဲ့သည့် ဒုတိယ လူသားဧကရာဇ်က သူကိုယ်တိုင် ဖြစ်နေလေသည်။

သူက အချိန်နောက်ပြန်ဆုတ်ပြီးတော့ သမိုင်းကြောင်းကို ပြောင်းမိသွားတာလား … သူ မတွေးတတ်တော့ပေ။

ဤသို့သော အချိန်ဝိရောဓိ ကိစ္စမျိုး၌ ကွဲပြားမှုများစွာ ရှိနေတတ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက ဤဇာစ်မြစ်ကို လက်ခံလိုက်သည်။ လွန်ခဲ့သော နှစ်လေးသိန်း ကိုးသောင်းခန့်ကို ပြန်ရောက်လာခြင်းကလည်း မဆိုးလှပေ။

သူက အတိတ် သမိုင်းကြောင်းကို ပြောင်းကာ ကမ္ဘာကြီးကို အပြီးတိုင် ကယ်တင်နိုင်လောက်သည် မဟုတ်ပါလော။ အကယ်၍ အတိတ်ဆိုတာ မရှိလျှင် အနာဂတ်က မည်သို့ရှိလာနိုင်မည်နည်း။

ရှန်ထျန်းက ဤနယ်မြေကို ကာကွယ်ပေးလိုရုံသာမက နောင်အနာဂတ်အတွက် အသက်ရှင်နိုင်မည့် အခွင့်အရေးလည်း ဖန်တီးလိုသည်။ သူ့မိသားစုနှင့် မိတ်ဆွေများက သူ့အား စောင့်ဆိုင်းနေဆဲ မဟုတ်ပါလော။

ရှန်ထျန်းက ထိုအတွေးဖြင့် အကြည့်တို့ ပြတ်သားလာသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဤကပ်ဘေးမှ အန္တရာယ်ကြီးလှသော ခေတ်ကို ကယ်တင်ရမည်။

………….....

ပါရမီရှင်များက ရှန်ထျန်းကို အာရုံစိုက်ထားကြရင်း အကြည့်တို့က တက်ကြွမှုအပြည့် ဖြစ်နေကြသည်။ သူတို့အမူအယာများက စိတ်လှုပ်ရှားနေကြသလို စိတ်ထဲ၌လည်း မျှော်လင့်ချက်အပြည့် ဖြစ်နေကြသည်။

အကြောင်းမှာ လူသားဧကရာဇ် ရုပ်ခန္ဓာက ရှေးပဝေဏီခေတ်ကတည်းက အထွတ်အထိပ် တည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ ယခင်က  မျိုးနွယ်အားလုံးကို ဦးဆောင်၍ ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ခဲ့သူမှာ ဧကရာဇ်စွေ့သာ ဖြစ်၏။ ပထမ လူသားဧကရာဇ်က မိစ္ဆာဝိညာဉ် ထာဝရဧကရာဇ်သုံးပါးကို သူနှင့်အတူ ဆွဲခေါ်မသွားခဲ့လျှင် အနာဂတ်မျိုးဆက် မည်သို့တည်ရှိနိုင်မည်နည်း။

ယခု မိစ္ဆာဝိညာဉ်များ ထပ်မံ ကျူးကျော်လာလေရာ အားလုံးက အန္တရာယ်ကို ခံစားမိကြသည်။ အားလုံးက ပြန်လှည့်ဖို့ အနေအထားမရှိကြောင်း သိထားကြပြီး သူတို့တွေ ကြာကြာတောင့်မခံနိုင်မှန်းလည်း သိထားကြသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က သူတို့ကို သေချာပေါက် အမြစ်ဖြတ်ရှင်းထုတ်ပစ်လိမ့်မည်။

တောင်ပိုင်းနယ်မြေ တိုက်ပွဲမှတဆင့် ရှန်ထျန်းသာ ဝင်မပါခဲ့လျှင် ဤနေရာ၌ သူတို့တွေ သေချာပေါက် သေဆုံးရလိမ့်မည်။ ထို့ကြောင့် ရှန်ထျန်းက လူသားဧကရာဇ်၏ ဆက်ခံသူ ဖြစ်ရုံသာမက အားလုံး၏ ယုံကြည်မျှော်လင့်ချက်လည်း ဖြစ်သည်။

သူက နယ်မြေငါးခုကို ထိပ်ဆုံးအနေအထားသို့ ပြန်ရောက်အောင် ဦးဆောင်ပေးပြီး မိစ္ဆာဝိညာဉ်များကို ခုခံမည့် မျှော်လင့်ချက် ဖြစ်၏။

…………...

ပါရမီရှင်များက မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုလိုက်ကြသည်  “ ဒုတိယ လူသားဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဦးဆောင်ပေးပြီးတော့ နယ်မြေငါးခုကို ကယ်တင်ပေးပါ၊ ကျွန်တော်တို့တွေ လူသားဧကရာဇ်နောက်လိုက်ပြီး မိစ္ဆာဝိညာဉ်တွေကို အတူတကွ တိုက်ထုတ်ပါ့မယ် ”

ပါရမီရှင်များက တညီတညွှတ်တည်း ပြောလိုက်ကြသည်။ သူတို့က အင်အားစုအသီးသီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ပြီး စွမ်းအားကြီးကာ ထူးခြားလှသည်။ ပါရမီနှင့် စွမ်းအားအရ သူတို့က နောင်အနာဂတ် အင်အားစုများ ဖြစ်လာပြီး လေနှင့် တိမ်တိုက်များကိုပင် အမိန့်ပေးနိုင်လာလိမ့်မည်။

သို့သော်လည်း သူတို့က ရှန်ထျန်းနောက်လိုက်ဖို့ တုံ့ဆိုင်းခြင်း မရှိကြပေ။

နတ်ဧကရာဇ် တစ်ပိုင်း သုံးယောက်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ သူတို့က ရှန်ထျန်း၏ အငွေ့အသက်သည် ဤမျှကြီးကျယ်ပြီး ပါရမီရှင်အားလုံးကို ဦးညွှတ်စေလိမ့်မည်ဟု မထင်ထားမိပေ။

သို့သော် သူ့လက်ရှိအင်အားဖြင့် သူက အမှန်တကယ် လုပ်နိုင်လေသည်။

ရှန်ထျန်းက အသိပြန်ကပ်လာကာ ပြုံးလိုက်ပြီး  “နယ်မြေငါးခုရဲ့ အဖွဲ့သားတစ်ယောက်အနေနဲ့ မိစ္ဆာဝိညာဉ်ကို ခုခံဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ ငါတို့တွေ အတူတူ ကြိုးစားပြီးတော့ မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ဒီနယ်မြေကနေ မောင်းထုတ်ကြတာပေါ့ ”

ပါရမီရှင်အားလုံးက စိတ်လှုပ်ရှားလာကြပြီး သံပြိုင်အော်လိုက်ကြသည်  “ ကောင်းပါပြီ။ ကျုပ်တို့ လူသားဧကရာဇ်ရဲ့ အမိန့်ကို နာခံပါ့မယ် ”

လူသားဧကရာဇ် ရုပ်ခန္ဓာရှိသည့် ရှန်ထျန်းသာ ဦးဆောင်လျှင် နယ်မြေငါးခုက အနိုင်ရနိုင်ခြေ ပိုမို မြင့်မားလာလိမ့်မည်။

သူက ဤအခွင့်အရေးကို အသုံးချကာ အိမ်မပြန်ခင် နတ်ဘုရားလောကအထိ ချီတက်နိုင်လောက်၏။ ထို့ကြောင့် အားလုံးက စိတ်လှုပ်ရှားနေကြသည်။

ဝမ်ရှုကျိက ရှေ့တိုးလာကာ  “ အစ်ကိုရှန်က လူသားဧကရာဇ် ရုပ်ခန္ဓာ နှိုးထသွားပြီဆိုတော့ ပထမ လူသားဧကရာဇ်ရဲ့ စွမ်းအားကို အသက်သွင်းဖို့ ကြိုးစားကြည့်လို့ ရတယ်။ ပထမ လူသားဧကရာဇ်စွေ့က ရှေးပဝေဏီခေတ်တုန်းက လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ခဲ့ပြီးတော့ ကောင်းကင်အောက်က အားလုံးကို အမိန့်ပေးခဲ့တာ …

အဲဒါက နတ်ဘုရားလောကရဲ့ အားအကောင်းဆုံး အင်အားပဲ။ ပြီးတော့ သမိုင်းကြောင်းတစ်လျှောက်မှာ အားအကောင်းဆုံး အင်အားပဲ။ မျိုးနွယ်အားလုံးက ထိုအင်အားစုဆီ ဝင်ရောက်ကြတယ်။ တစ်ချိန်တည်းမှာ လူသားဧကရာဇ် နန်းတော်ကို ရှေးပဝေဏီခေတ်ရဲ့ အထွတ်အထိတ်နန်းတော်လို့လည်း သိကြတယ်။ အဲဒီအထဲမှာ ဆန်းကြယ်မှုတွေအများကြီး ကိန်းအောင်းနေတယ် ”

ထိုစဉ် ဝမ်ရှုကျိ၏ အကြည့်များက လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်လာသည်။ သူက မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံ ပိုင်ဆိုင်ထားသောကြောင့် ရှေးခတ်စာများဆီမှ ရှေးပဝေဏီခေတ်၏ လျို့ဝှက်ချက်အနည်းငယ်ကို သိလာသည်။

ဝမ်ရှုကျိက ထိုရှေးဟောင်းစာများမှာ လူသားဧကရာဇ် နန်းတော်သည် အထွတ်အထိပ် နန်းတော် ဖြစ်ရုံသာမက အားကောင်းသည့် လက်နက် ဖြစ်ကြောင်းလည်း သိခဲ့ရသည်။

လူသားဧကရာဇ် စည်းတံဆိပ်နှင့်ဆိုလျှင် ပထမ လူသားဧကရာဇ်အား အမှောင်ခေတ်မှာ အလင်းပေါ်ထွက်လာစေဖို့ အကူအညီအကြီးကြီး ဖြစ်စေခဲ့သည်။

ဤသည်မှာ မိစ္ဆာဝိညာဉ်မြောက်များစွာ ကြောက်ရွံ့ကြသည့် အရာ ဖြစ်ပြီး ထူးခြားနက်နဲလှသည့် စွမ်းအားများ ပါဝင်နေသည်။

ထို့နောက် ဝမ်ရှုကျိက သက်ပြင်းအသာချကာ  “ ပထမ လူသားဧကရာဇ် သေဆုံးသွားတော့ လူသားဧကရာဇ်နန်းတော်က ကျဆင်းသွားပြီး နယ်မြေငါးခုမှာ လုံးဝကို တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ ပထမ လူသားဧကရာဇ် နန်းတော်ဆိုတော့ ထူးခြားမှာ ကျိန်းသေပဲ။

ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် လူသားဧကရာဇ်က ကမ္ဘာမှာ အားအကောင်းဆုံး သတ်ဖြတ်ရေး အစီအရင်ကို ဖန်တီးခဲ့ဖူးတယ်။ ထာဝရဘုရင်တွေ ထိန်းချုပ်ရင် သူတို့က ထာဝရဧကရာဇ်တွေကိုတောင် ရင်ဆိုင်နိုင်တယ်တဲ့။ အဲဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

တကယ်လို့ ကျုပ်တို့သာ ပထမ လူသားဧကရာဇ်နန်းတော်ကို ပြန်လည် အသက်သွင်းနိုင်ရင် ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေကို ပိုမို ကောင်းကောင်း ရင်ဆိုင်နိုင်လောက်တယ်။ ဒါပေမဲ့ လူသားဧကရာဇ် နန်းတော်ကို အသက်သွင်းဖို့ လူသားဧကရာဇ် ရုပ်ခန္ဓာ လိုရုံတင် မကဘူး။ လူသားဧကရာဇ် စည်းတံဆိပ်လည်း လိုအပ်တယ်။

လူသားဧကရာဇ် စည်းတံဆိပ်က ရှေးပဝေဏီခေတ်ကတည်းက သဲလွန်စမကျန် ပျောက်သွားတာ ကြာလှပြီ”

ရှန်ထျန်းက ဝမ်ရှုကျိ ပြောစကားများကို ကြားပြီး အကြည့်တို့ တောက်ပလာသည်။ သူက ဤလျို့ဝှက်ချက်အကြောင်း မသိသေးဘဲ အထွတ်အထိပ် ရတနာနှင့် လွဲချော်တော့မလို ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကိစ္စမရှိပေ။

ရှန်ထျန်းက လူသားဧကရာဇ် နန်းတော်ကို ရောက်ဖူးသည့်အတွက် တည်နေရာအတိအကျ သိထားသည်။ ထို့အပြင် လူသားဧကရာဇ် စည်းတံဆိပ်လည်း ပိုင်ဆိုင်ထားသေး၏။ နန်းတော်အား ပြန်လည် အသက်သွင်းဖို့ သိပ်မခက်ချေ။

…………...

ရှန်ထျန်းက ခေါင်းညိတ်လိုက်ကာ  “ ကောင်းပြီ။ ငါ သိပြီ … ဒီနေရာကို မင်းတို့ဆီ အပ်ခဲ့မယ် ”

မိစ္ဆာဝိညာဉ် အဆင့်မြင့် ကျင့်ကြံသူများကို ရှင်းထုတ်ပြီးပြီ ဖြစ်၍ တချို့သာ ကျန်ရှိတော့သည်။ ဘာမှကြောက်စရာ မရှိတော့ချေ။ နတ်ဧကရာဇ်တပိုင်းသုံးယောက်နှင့် ပါရမီရှင်များ၏ စွမ်းအားဖြင့် ဤနေရာရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလှသည်။

ရှန်ထျန်းက မစိုးရိမ်တော့ဘဲ လူသားဧကရာဇ် နန်းတော်ကို ပြန်ယူရန် မြောက်ပင်လယ်ဆီသာ ဦးတည်သွားဖို့ ပြင်လိုက်သည်။

အားလုံးက ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်ကြသည်။

ကျန်းထိုက်ယီက တစ်ခုခု တွေးမိသွားဟန်ဖြင့် မေးလိုက်သည် “ အစ်ကိုရှန် ကျုပ်တို့အဖွဲ့နာမည်က ဘာလဲ ”

ယခု သူတို့က ရှန်ထျန်းလက်အောက်တွင် ဖြစ်ရာ အင်အားစု အသစ်တည်ထောင်လိုက်ခြင်းနှင့် တူသည်။ ဤအင်အားစုက ဤခေတ်အခါ၏ ပါရမီရှင်များနှင့်သာ ဖွဲ့စည်းထားပြီး လူသားဧကရာဇ် ရုပ်ခန္ဓာရှိသူက ဦးဆောင်ထားသည်။

ဤအင်အားစုက နယ်မြေငါးခု၌ အားအကောင်းဆုံးဟု ပြောလျှင်ပင် အပိုမဟုတ်ပေ။ ထို့ကြောင့် အံ့လောက်ဖွယ် နာမည်မျိုး ရှိသင့်လေသည်။

ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် “ ဒီလိုဆိုမှတော့ ကောင်းကင်ခုံရုံးလို့ ခေါ်ကြတာပေါ့ ”

သူ့စကားများက မိုးခြိမ်းသံအလား ဖြစ်၏။

ရှန်ထျန်း၏ စကားများကို ကြားကာ ပါရမီရှင်အားလုံးက သိမ့်သိမ့်တုန်သွားကြသည်။ သူတို့က ရှန်ထျန်းသည် ဤနာမည် အသုံးပြုလိမ့်မည်ဟု မထင်ထားကြပေ။ ကောင်းကင်ခုံရုံးသည် အားလုံး၏ မှတ်ဉာဏ်ထဲ၌ စကားလုံးစိမ်းတစ်ခု ဖြစ်၏။

ပြောရလျှင် ရှေးပဝေဏီခေတ်တုန်းက ပထမ လူသားဧကရာဇ်သည် နတ်ဘုရားခုံရုံးကို တည်ထောင်လိုခဲ့သည်။ နောက်ပိုင်းကျ တချို့သော အကြောင်းပြချက်များကြောင့် လူသားဧကရာဇ် နန်းတော်ဟု ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ပြောရလျှင် ထိုစွမ်းအား မွေးဖွားမှုကို ကန့်သတ်နေသည့် ကျိန်စာရှိနေသည့်အလား ဖြစ်၏။

ရှန်ထျန်းက သိထားသော်လည်း ဂရုမစိုက်ပေ။ သူက မိစ္ဆာများကို မယုံသလို တုနှိုင်းမဲ့ တာအိုနှလုံးသားကို ပိုင်ဆိုင်ထားသည်။ သူက ကမ္ဘာရှိ ရန်သူအားလုံးကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ထားသည်။

အကယ်၍ တစ်ယောက်ယောက်သာ ဤအင်အားစုကို မတည်ဆောက်လိုလျှင် သူက အပြင်းအထန် တောင်းဆိုဦးမည်သာ ဖြစ်၏။

ရှန်ထျန်းက ထိုနောက်ကွယ်မှ လျို့ဝှက်ချက်ကို သိချင်မိသည်။

ကျန်းထိုက်ယီ၏ အကြည့်များက နေမင်းသဖွယ် တောက်ပလာကာ  “ကောင်းပြီ။ အဲဆိုလည်း ကောင်းကင်ခုံရုံးလို့ ခေါ်ကြတာပေါ့ ”

သူတို့က သူတို့ဆီ မျှော်မှန်းမထားသည့်အရာ တစ်ခုခု ရောက်လာတော့မည်မှန်း သိသော်လည်း ဘာမှမကြောက်ကြပေ။ သူတို့ခေါင်းဆောင်မှာ ဒုတိယ လူသားဧကရာဇ် ဖြစ်သည့် ရှန်ထျန်း မဟုတ်ပါလော။ သူက နတ်ဧကရာဇ်ကိုပင် သတ်ပစ်နိုင်သည်။

ဤသို့မျိုး အဆင့်မြင့် ကျင့်ကြံသူမျိုးနှင့် သူတို့က ဘာမှမကြောက်ပေ။

ကျန်းထိုက်ယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “ ဒီလို အံ့ဖွယ်ဖြစ်ရပ်မျိုးကို ဘယ်လိုလုပ် မှတ်တမ်းမတင်ထားလို့ ဖြစ်မှာလဲ။ ဒါက ကောင်းကင်ခုံရုံးနဲ့ ကမ္ဘာကြီးအတွက် အရေးပါတဲ့ အခိုက်အတန့် ဖြစ်လာလိမ့်မယ်။ ငါတို့တွေ သမိုင်းကြောင်းမှာ ကျော်ကြားလာတော့မှာ ”

ထိုသို့ပြောလိုက်ပြီး ကျန်းထိုက်ယီက စုတ်တံနှင့် ရှေးဟောင်းစာလိပ်အား ဆွဲယူလိုက်သည်။

“ နယ်မြေငါးခုက ကပ်ဘေးကို အကြီးအကျယ် ခံစားခဲ့ရပြီးတော့ ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေ ကျူးကျော်လာခဲ့တယ်။ လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်က ဒီခေတ်အခါမှာ မွေးဖွားလာပြီး နတ်ဘုရားနဲ့ နတ်ဆိုးပေါင်း သုံးထောင်ကို သတ်ပြီး အထွတ်အထိပ် မိစ္ဆာဝိညာဉ်တွေကိုလည်း သုတ်သင်ပစ်ခဲ့တယ်။

ဒီနေ့ ဒီရက်မှာ ပါရမီရှင် ၁၀၈ ယောက်တို့က လူသားဧကရာဇ်ဆီ ခိုလှုံပြီး ကောင်းကင်ကို အုပ်စိုးဖို့ ကောင်းကင်ခုံရုံးကို တည်ထောင်ခဲ့ကြတယ်။ ”

“...”

ထိုစဉ် ရှန်ထျန်းက ရှန်ရှောင်နှင့်အတူ မြောက်ပင်လယ်သို့ ရောက်နေလေပြီ။ သူက ဤနေရာကို ရောက်ဖူးသောကြောင့် တည်နေရာကို သိနေသည်။ ရှန်ထျန်းက ကူးသန်းပို့ဆောင်ရေး အစီအရင်ကို ခင်းကာ နန်းတော်ဆီ တိုက်ရိုက် ဦးတည်လိုက်သည်။

သိပ်မကြာခင် နှစ်ယောက်လုံး သူတို့ဦးတည်ရာဆီ ရောက်ရှိသွားကြသည်။ သူတို့ရှေ့ရှိ ကြီးကျယ်ခမ်းနားလှသည့် နန်းတော်ကြီးကို ကြည့်ကာ အံ့ဩနေမိကြဆဲ ဖြစ်သည်။

ယခင်တစ်ခါက ပထမမျိုးဆက် လူသားဧကရာဇ်၏ အကြွင်းအကျန် ဝိညာဉ် ပေါ်ထွက်လာမှုကြောင့် ရှန်ထျန်းက လူသားဧကရာဇ် နန်းတော်ကို သိပ်အာရုံမစိုက်မိခဲ့ပေ။

သို့သော် ယခု သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ဤနေရာသည် အမှန်တကယ် ထူးခြားအံ့ဖွယ် ပစ္စည်းများနှင့် ပြည့်နှက်နေကြောင်း သိလိုက်ရသည်။

လူသားဧကရာဇ် နန်းတော်က ထူးဆန်းလှသည့် တာအိုသင်္ကေတများဖြင့် ဖုံးအုပ်ခံထားရသည်။

အမည်မသိခေတ်အခါမှ ကျဆင်းလာသော ရှေးဟောင်းသင်္ကေတများ ဖြစ်၏။ သူတို့ဆီမှ ရှန်ထျန်း၏ စိတ်နှလုံးပင် တုန်ယင်လာအောင် လုပ်နိုင်သည့် စွမ်းအားကို ထုတ်လွှင့်နေသည်။

ဤသည်မှာ ဝမ်ရှုကျိ ပြောခဲ့သည့် ကမ္ဘာ့အားအကောင်းဆုံး သတ်ဖြတ်ရေး အစီအရင် ဖြစ်ပေမည်။

ရှန်ထျန်းက ဤသတ်ဖြတ်ရေး အစီအရင်သာ အသက်သွင်းလိုက်လျှင် နတ်ဧကရာဇ်အဆင့် တည်ရှိမှုမျိုးပင် သတ်ပစ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။ ထို့အပြင် ဤသည်မှာ လူသားဧကရာဇ် နန်းတော်က များစွာ ပျက်စီးနေပြီး စွမ်းအားအရင်းအမြစ်လည်း ပျက်စီးသွားသောကြောင့် ဖြစ်သည်။ ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေပါက ပိုအားကောင်းသည့် စွမ်းအားများကို ထုတ်လွှင့်နိုင်လိမ့်မည်။

သို့သော်လည်း ရှန်ထျန်း၏ အားနည်းလှသည့် ကျင့်ကြံဆင့်က သူ့အနေနှင့် စွမ်းအားကြီးကြီးကို မထုတ်လွှင့်နိုင်သည့် အကြောင်းပြချက်ထဲမှ တစ်ခု ဖြစ်၏။ အကယ်၍ သူသာ လူသားဧကရာဇ် နန်းတော်၏ အစီအရင်ကို ပြန်လည် ပြုပြင်ပြီး ကျင့်ကြံဆင်ကို မြင့်တင်နိုင်ခဲ့လျှင် တစ်ရက်ကျ ရှန်ထျန်းအနေနှင့် ထာဝရဧကရာဇ်ကိုပင် အစီအရင်တစ်ခုဖြင့် သတ်ပစ်နိုင်လောက်မည်။

ထိုအကြောင်းကို တွေးမိကာ ရှန်ထျန်း၏ အကြည့်တို့ စူးရှလာရသည်။

သူက တုံ့ဆိုင်းမနေဘဲ လူသားဧကရာဇ် စည်းတံဆိပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

……………....

ရှန်ထျန်း၏ လက်ထဲမှ အံ့ဖွယ်အလင်းများ ထွက်လာပြီး မိုးမြေအား ထိန်လင်းသွားစေသည်။ ကောင်းကင်တွင် ရှေးဟောင်းရွှေစည်းတံဆိပ်တစ်ခု ပေါ်လာပြီး အံ့ဖွယ်စွမ်းအားများ ထုတ်လွှင့်လာ၏။

ထို့နောက် အံ့ဖွယ်အလင်းတန်း တစ်သောင်းက ကမ္ဘာမြေဆီ ကျရောက်လာကာ ဤနေရာအား အပြည့်အဝ ဝန်းရံထားသည်။

တစ်ချိန်တည်းတွင် ရှန်ထျန်းက လူသားဧကရာဇ် ရုပ်ခန္ဓာစွမ်းအားကို စုစည်ကာ လူသားဧကရာဇ် စည်းတံဆိပ်ထဲ ထည့်သွင်းလိုက်သောကြောင့် အလင်းတန်းက ပိုမို တောက်ပလာရသည်။

တောက်ပနေသည့် ရွှေရောင်အလင်းတို့က လူသားဧကရာဇ် နန်းတော်၏ အပြင်ပိုင်းနေရာကို လွှမ်းခြုံသွားပြီး ရောင်စုံအလင်းများ စီးထွက်လာသောကြောင့် ပို၍ ခမ်းနားထည်ဝါသွားစေသည်။

ဝုန်း

တုန်ခါသံကြောင့် မိုးမြေပင် တုန်ခါသွားစေသည်။

လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် စည်းတံဆိပ် ပေါင်းစပ်မှုအောက်တွင် လူသားဧကရာဇ် နန်းတော်က အပြင်းအထန် တုန်ခါလာသည်။ ရောင်စုံအလင်းများလည်း ထွက်ပေါ်လာကာ မြင့်မြတ်သည့် လက္ခဏာများ ထွက်လာသည်။

ကြီးကျယ်ခမ်းနားသည့် နန်းတော်ကြီးက ရှန်ထျန်းလက်ထဲတွင် မျှောလွင့်နေသည့် နန်းတော်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နန်းတော်က သေးငယ်သော်လည်း တိုင်းတာမရအောင် ကျယ်ပြောလွန်းသည့် အထွတ်အထိပ် စွမ်းအားများ ကိန်းအောင်းနေသည်။

ရှန်ထျန်းက ကမ္ဘာကို ကိုင်ဆောင်ထားသကဲ့သို့ နန်းတော်ကို ကိုင်ထားလိုက်သည်။

သူက ထိုစွမ်းအားကို ထုတ်လွှင့်လိုက်သည်နှင့် မိုးမြေကိုပင် ဖျက်စီးပစ်နိုင်လိမ့်မည်။ ရှန်ထျန်း၏ အကြည့်တို့၌ ပျော်ရွှင်မှုများ ပျော်ဝင်လာသည်။ သူက ဤခရီးစဉ်၌ ဤသို့သော ရတနာမျိုး ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် စည်းတံဆိပ်ဖြင့် သူက လူသားဧကရာဇ် နန်းတော်ကို အလွယ်တကူ ထိန်းချုပ်နိုင်လေပြီ။ ဤသည်မှာ လူသားဧကရာဇ် စည်းတံဆိပ်အောက် မလျော့သည့် အထွတ်အထိပ် အသုံးအဆောင် ဖြစ်ပြီး အဆုံးမဲ့စွမ်းအားများ ပါဝင်နေသည်။

ဤသို့ အဖိုးတန်ရတနာဖြင့် မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် ရောက်ရှိလာလျှင်ပင် ရှန်ထျန်းက ကြောက်နေမည် မဟုတ်ပေ။

……………..

ထို့နောက် ရှန်ထျန်းက အလယ်ပိုင်းကုန်းမြေဆီ ပြန်သွားလိုက်သည်။ ထိုစဉ် ပါရမီရှင်များလည်း ရောက်ရှိနေကြလေပြီ။

တောင်ပိုင်းနယ်မြေ၌ ကမောက်ကမများကို ဖြေရှင်းပြီးနောက် သူတို့က အလယ်ပိုင်းကုန်းမြေဆီ ပြန်လာခဲ့ကြသည်။ အကြောင်းမှာ သူတို့က တာဝန်များအတွက် အခြေစိုက်စခန်းတစ်ခု ထူထောင်ရန် ကြံရွယ်ထားသောကြောင့် ဖြစ်၏။ ဤသည်မှာ ကောင်းကင်ခုံရုံး၏ ဌာနချုပ် ဖြစ်လာလိမ့်မည်။

ကောင်းကင်ခုံရုံးကို ထူထောင်ရန်အတွက် ပါရမီရှင်များက သူတို့၏ သက်ဆိုင်ရာ အင်အားစုအသီးသီးမှ ရတနာများ ထုတ်ယူလာကြသည်။

မီးတောက်နီ ရွှေ၊ ကြယ်တာရာ ကျောက်တုံး အစရှိသည့် အဖိုးတန်ပစ္စည်းများလည်း ပါဝင်သည်။

ဤသည်တို့မှာ ရှေးပဝေဏီခေတ်ကတည်းက လက်ဆင့်ကမ်းလာသည့် ပြိုင်ဖက်ကင်း ထာဝရသတ္တုများ ဖြစ်ကြသည်။ တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်ပေ။ နတ်ဧကရာဇ်တပိုင်းအဆင့်ပင် ထိုအရာများကို ထုတ်ပေးလိုက်ရလျှင် စိတ်ထဲ နှမြောသတဖြင့် နာကျင်ခံစားရမည် ဖြစ်၏။

သို့သော် ယခုတွင် သူတို့က အားအကောင်းဆုံး အင်အားစု တည်ထောင်ရန်အလို့ဌာ ထုတ်လာကြသည်။

ဤသည်မှာ အားလုံး၏ ယုံကြည်ချက်နေရာတစ်ခု ဖြစ်ပြီး နောင်အခါ၌ မိစ္ဆာဝိညာဉ်များကို ဖိနှိပ်သည့်အခါ လိုအပ်သော အရေးကြီးသည့် လက်နက်တစ်ခုလည်း ဖြစ်ပေသည်။

ထို့ကြောင့် ပါရမီရှင်များက ကပ်စေးမနည်းကြဘဲ ဝှက်ဖဲအားလုံး ထုတ်သုံးဖို့ တုံ့ဆိုင်းမနေကြပေ။

ထို့ကြောင့် အများစုက လမ်းမအထိ သူတို့ဘိုးဘေးများ၏ လိုက်လံ ရိုက်နှက်မှုကို ခံခဲ့ရရှာသည်။ ပါရမီရှင်များက အတူတကွ တွဲလုပ်ကြပြီး ကောင်းကင်ခုံရုံး တည်ဆောက်မှုအား နောက်ဆုံးတွင် အပြီးသတ်နိုင်ခဲ့လေပြီ။

ရှန်ထျန်းက ကောင်းကင်ခုံရုံးထဲ အောင်အောင်မြင်မြင် ဝင်ရောက်လိုက်ပြီးနောက် ဤနေရာတွင် အံ့ဖွယ် အစီအရင်မြောက်များစွာကို ခင်းကျင်းဖို့ နယ်မြေစွမ်းအားကို ထုတ်သုံးလိုက်သည်။

ကောင်းကင်ခုံရုံး၏ လက်ရှိ ကာကွယ်နိုင်စွမ်းက အင်အားစုကြီးများ၏ အထွတ်အမြတ်နယ်မြေထက် အားမနည်းတော့ချေ။ တကယ်တော့ တချို့ကိစ္စရပ်များ၌ ပို၍ပင် သာနေသေး၏။

ထို့အပြင် ရှန်ထျန်းနှင့် ပါရမီရှင် ၁၀၈ ဦးတို့က ဤနေရာကို ကြီးကြပ်နေကြသည် မဟုတ်ပါလော။

ထိုအချက်တစ်ခုတည်းဖြင့် ကောင်းကင်ခုံရုံး၏ အမည်နာမက နယ်မြေငါးခုဆီ ပျံ့နှံ့သွားကာ ကမ္ဘာကြီးအား ကိုင်လှုပ်သည့် နာမည်တစ်ခု ဖြစ်လာခဲ့သည်။

...............

ထိုအချိန်အတွင်း မည်သူမှ အချိန်မဖြုန်းကြပေ။

ရှန်ထျန်းက ပါရမီရှင် ၁၀၈ ယောက်ကို ဦးဆောင်ကာ စူးစမ်းခရီး စတင်ဖို့ ပြင်လိုက်သည်။ သူတို့က နယ်မြေငါးခုထဲ နေရာအနှံ့ ဆန်းကြယ်နယ်မြေနှင့် ကံအပြောင်းအလဲ အခွင့်အရေးများကို လိုက်လံရှာဖွေကြသည်။ ကမ္ဘာဦးခေတ်အခါဆိုသည့်အတိုင်း နေရာအနှံ့ အပြိုအပျက်များ ရှိနေသည်။

အများစုက ရှေးပဝေဏီခေတ်မှ ဆင်းသက်လာသည့် ဆန်းကြယ်နယ်မြေများ ဖြစ်ပြီး ကံအပြောင်းအလဲ အခွင့်အရေးမြောက်များစွာ ပါဝင်သည်။

ထိုအထွတ်အထိပ် အဆင့်မြင့် ကျင့်ကြံသူများ၏ အမွေအနှစ်များက ဖြည်းဖြည်းချင်း ရုပ်လုံးကြွပေါ်ထွက်လာသည်။

ပါရမီရှင်တစ်ယောက်ချင်းစီက ခေတ်အခါ၏ သားတော်များ ဖြစ်ပြီး သူတို့ခေါင်းအထက် ခရမ်းရောင် စက်ဝန်း ရှိထားသောကြောင့် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများက စိတ်ကူးထက်ပင် ကျော်လွန်နေသည်။

သူတို့ခေါင်းအထက်ရှိ ကံအပြောင်းအလဲ အခွင့်အရေးများအရ ရှန်ထျန်းက သူတို့အား ဦးဆောင်ကာ အထွတ်အထိပ် ဆန်းကြယ်နယ်မြေများကို ဆက်တိုက် ရှာဖွေခဲ့ကြသည်။

ထိုစဉ် အားလုံးက အကျိုးမြတ်များစွာ ရရှိခဲ့ကြ၏။

ပါရမီရှင် ၁၀၈ ယောက်ကြား အများစုက ထာဝရတပိုင်းအဆင့် ရောက်ရှိသွားကြလေပြီ။ သူတို့အနေနှင့် ရှန်ထျန်းအပေါ် လေးစားမှုလည်း ပို၍ တိုးပွားလာသည်။

အားလုံးက ရှန်ထျန်းနောက်ကို လိုက်နေသရွေ့ ဆန်းကြယ်နယ်မြေများ မည်မျှနက်နက်ရှိုင်းရှိင်း ဖုံးကွယ်နေစေကာမူ အလွယ်တကူ ရှာတွေ့မှန်း သိလာကြသည်။ ကမ္ဘာတုန်လှုပ်လုမတတ် သတ်ဖြတ်ရေး အစီအရင်ရှိနေလျှင်ပင် သူတို့က အချိန်မီ ရှောင်ရှားနိုင်ခဲ့သောကြောင့် ဘာမှမခံစားခဲ့ရပေ။

တကယ်တော့ နတ်ဧကရာဇ်တစ်ပိုင်းအဆင့်များပင် မရရှိနိုင်သည့် ရတနာများက ရှန်ထျန်းကြောင့် လွယ်လွယ်ကူကူ ရလာကြသည်။ ထိုကံအပြောင်းအလဲ အခွင့်အရေးများက ကောင်းကင်မှ ပြုတ်ကျလာသည့်အလား သူတို့အား အလကား ပေးနေလေသည်။

…………...

ရှန်ထျန်း၏ ကံကြမ္မာရောင်ဝါကလည်း မြင့်တက်လာကာ ခရမ်းရောင် ဖြစ်လာလေပြီ။ သူ့တွင် စွမ်းရည်အသစ်တစ်မျိုး ရသွားသေး၏။ ထိုခရမ်းရောင်ဝါ၏ အထောက်အပံ့ဖြင့် သူက ကံဆိုးမှု တွေ့ကြုံမှုများကို ကြိုတင်မြင်ရသလို အခြားသူများ ရင်ဆိုင်ရမည့် သေခြင်းရှင်ခြင်း စမ်းသပ်မှုများလည်း မြင်လာရသည်။

ထို့ကြောင့် သူ့အတွက် ဆန်းကြယ်နယ်မြေများထဲ၌ အန္တရာယ်ကို ရှောင်ရှားနိုင်အောင် ပိုမို ကူညီပေးလာနိုင်သည်။

မည်သူကမှ ထိုအကြောင်း မသိကြပေ။ သူတို့အားလုံးက ထိုအရာများက ရှန်ထျန်း၏ ကံအပြောင်းအလဲ အခွင့်အရေးဟုသာ ယုံကြည်ထားကြပြီး ရှန်ထျန်းက  သူတို့အား တစ်ကိုယ်ကောင်းမဆန်ဘဲ မျှဝေပေးနေသည်ဟု ထင်ကြသည်။

အားလုံးက ရှန်ထျန်းကို ရှေးခေတ်နှင့် လက်ရှိခေတ်အခါနှစ်ခုလုံး၌ပင် ပြိုင်ဖက်ကင်းသော ကံကြမ္မာသားတော်ဟု ချီးမွမ်းကြသည်။ သူက မြောက်များစွာသော နောက်လိုက်များကို ဆွဲဆောင်နိုင်ခဲ့သည်။

မည်သူကများ အလကား မလိုချင်ဘဲ နေမှာလဲ …

မည်သူကများ မချမ်းသာဘဲ ပြိုင်ဖက်ကင်း လမ်းစဉ်ကို မလျှောက်ချင်ဘဲ နေမှာလဲ …

ယခု ဒုတိယလူသားဧကရာဇ် နောက်လိုက်နေသရွေ့ သူတို့က အရာအားလုံးကို ရလာနိုင်သည်။ ကောင်းကင်ခုံရုံး၏ ဂုဏ်သတင်းလည်း ကြီးမားလာပြီး မြောက်များစွာသော ပါရမီရှင်များလည်း ပူးပေါင်းလာကြသည်။

…….....

ထိုအချိန်အတွင်း ကျန်းထိုက်ယီက အားလုံး၏ အတွေ့အကြုံများကို မှတ်သားထားခဲ့သည်။ “ငါက ကံကြမ္မာသားတော် မဟုတ်ရပါဘူး” ဆိုသော စာအုပ်အဖြစ် ပြုစုထားသေး၏။

အကြောင်းမှာ အားလုံးက ကံအပြောင်းအလဲ အခွင့်အရေး ရလာတိုင်း ရှန်ထျန်းကို ကျေးဇူးတင်ကြသော်လည်း ရှန်ထျန်းက အမြဲယဉ်ကျေးပြီး ဤကိစ္စက သူနှင့် မဆိုင်ကြောင်းသာ ပြောတတ်သည်။

မည်သို့ပင်ဆိုစေကာမူ အားလုံးက ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် ရတနာများနှင့် အမွေအနှစ်များကို လွယ်လွယ်ကူကူရနိုင်မည် မဟုတ်ကြောင်း သိကြသည်။ ထို့ကြောင့် ရှန်ထျန်းကို လူအများက ကံကြမ္မာသားတော်အဖြစ် အသိအမှတ်ပြုထားတာ ကြာမြင့်လှလေပြီ။

ကျန်းထိုက်ယီက ရှန်ထျန်း၏ စကားအတိုင်း “ငါက ကံကြမ္မာသားတော် မဟုတ်ရပါဘူး” ဆိုပြီး အမည်မှည့်ထားခဲ့ခြင်း ဖြစ်၏။

ဤသည်က သူ တွေးနိုင်သည့် အံ့ဩဖို့အကောင်းဆုံး နာမည် ဖြစ်ပေသည်။

ရှန်ထျန်းက သမိုင်းကြောင်း၌ ထူးချွန်ပြောင်မြောက်သည့် ကံကြမ္မာသားတော် ဖြစ်သော်လည်း သူက ထိုဂုဏ်ပုဒ်ကို အမြဲတမ်း ငြင်းဆန်နေလေသည်။

ကျားစားချင်လို့ ဝက်ယောင်ဆောင်သည့် အပြုအမူမျိုးကို သူ တွေးမိလိုက်တိုင်း ပို၍ စိတ်လှုပ်ရှားလာစေသည်။

..............

သို့သော်လည်း …

ထိုအချိန်အတွင်း နယ်မြေငါးခု၏ အခြေအနေများက တင်းမာလာခဲ့သည်။ တောင်ပိုင်းနယ်မြေမှာ ရှုံးနိမ့်မှုက မိစ္ဆာဝိညာဉ်အား ရူးသွပ်သွားစေသည်။ သူတို့က အလုံးအရင်းအလိုက် နယ်မြေငါးခု၌ တိုက်ခိုက်လာကြပြီး သောင်းကြမ်းလာကြသည်။

နေရာအသီးသီး၌ အာကာပြင်အပေါက်များ ပွင့်လာကာ ထာဝရမိစ္ဆာဝိညာဉ်များက အရေအတွက်အများအပြားဖြင့် ဆင်းသက်လာကြသည်။ နယ်မြေငါးခုက သူတို့အင်အားဖြင့် မခုခံနိုင်ကြတော့ပေ။ အထွတ်အမြတ်မြေများစွာနှင့် လျို့ဝှက်ရှေးဟောင်းမျိုးနွယ်များမှ မကောင်းဆိုးဝါးအိုကြီးများလည်း တံခါးပိတ် ကျင့်ကြံရာမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြရတော့သည်။

နတ်ဧကရာဇ်တပိုင်းအဆင့်များက အတူတကွ ပူးပေါင်း၍ ထာဝရမိစ္ဆာဝိညာဉ်များအား ရင်ဆိုင်ကြသည်။

ရှန်ထျန်းက ကောင်းကင်ခုံရုံးနှင့် ပါရမီရှင် ၁၀၈ ယောက်တို့အား ဦးဆောင်ကာ နေရာအနှံ့ လိုက်လံတိုက်ခိုက်ပေးခဲ့သည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း မိစ္ဆာဝိညာဉ်များ ကြောက်ကြောက်ရွံ့ရွံ့ တုန်လှုပ်လာကြသည်။

ကောင်းကင်ခုံရုံး၏ အင်အားစု ဖြတ်သန်းသွားရာ နေရာတိုင်း မိစ္ဆာဝိညာဉ်၏ အာကာပြင်အပေါက်များ ဖျက်စီးခံရသည်။ မြောက်များစွာသော မိစ္ဆာဝိညာဉ်များ ပျောက်ကွယ်သွားကြသည်။ ထာဝရမိစ္ဆာဝိညာဉ်များပင် မလွတ်မြောက်ကြပေ။

ရှန်ထျန်းလည်း သေခြင်းရှင်ခြင်း အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်။

နတ်ဧကရာဇ်အဆင့်က ဤနယ်မြေကို ဖွင့်ဟဖို့ ကြိုးစားပြီး အတင်းကျူးကျော်ဖို့ လုပ်ခဲ့သည်။

ရှန်ထျန်းက ထာဝရမိစ္ဆာဝိညာဉ်များစွာနှင့် တိုက်ခိုက်ထားပြီးပြီး ဖြစ်သောကြောင့် သူတို့က သူတို့အသက်ကို စတေးကာ မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်အား ဆင့်ခေါ်ဖို့ တုံ့ဆိုင်းမနေကြပေ။

သို့သော်လည်း နတ်ဧကရာဇ်၏ အစစ်အမှန် ခန္ဓာ မဆင်းသက်လာခင် သူ့စွမ်းအားတစိတ်တပိုင်းဖြင့် ရှန်ထျန်းကို သတ်ဖို့လုပ်ခဲ့သည်။

ရှန်ထျန်းက လူသားဧကရာဇ် နန်းတော်ကို စောစောစီးစီး မထုတ်ဖော်လိုသောကြောင့် နတ်ဧကရာဇ်၏ တိုက်ခိုက်မှုကို သူ့ဘာသာ လေ့ကျင့်နည်းအဖြစ် မှတ်ယူခဲ့သည်။

ဤသို့ဖြင့် သူက တိုက်ပွဲများစွာဖြတ်ကျော်ပြီးနောက် ပို၍ အားကောင်းလာသည်။ ယခင် သူက တစ်ခါ သေလိုက်သေး၏။

သို့သော်လည်း ကိစ္စမရှိပေ။

အကယ်၍ ရှန်ယွမ် တစ်ယောက် ကျဆုံးသွားလျှင် ရှန်ယွမ် အယောက် ဆယ်သန်းလောက် ထွက်ပေါ်လာလိမ့်မည်။

နတ်ဧကရာဇ်ပင် ထိုသို့ မလုပ်နိုင်ပေ။

အချိန်များက ကုန်လွန်သွားလေ၏။

ရှန်ထျန်း ဤခေတ်ထဲ ရောက်နေသည်မှာ နှစ်တစ်ရာပင် ကြာမြင့်သွားလေပြီ။ ထိုနှစ်တစ်ရာအတွင်း သူ့ကျင့်ကြံဆင့်က အဆများစွာ ခုန်တက်လာခဲ့သည်။

အဆုံးမဲ့ ကံအပြောင်းအလဲ အခွင့်အရေးများနှင့် တိုက်ပွဲများပေါ် မှီခို၍ ရှန်ထျန်းက ၂၄ ကြိမ်မြောက် အတိဒုက္ခလွန်အဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ကာ နတ်ဧကရာဇ်တပိုင်း နယ်ပယ်အဆင့်သို့ ရောက်သွားခဲ့လေပြီ။

သူ့ကံကြမ္မာရောင်ဝါ အရည်အသွေးလည်း တိုးမြင့်လာခဲ့၏။

ယခင် ခရမ်းဖျော့အရောင်မှ ယခုအခါ ခရမ်းပုတ်ရောင် ဖြစ်ကာ ရှုပ်ထွေးပွေလီ စွမ်းအားများလည်း ကိန်းအောင်းနေသည်။

ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမား ရလိုက်ပါက အဆင့်အသစ်ကို ချိုးဖောက်နိုင်ပေတော့မည်။

ရှန်ထျန်းက နည်းနည်းလေးမျှ စိတ်အေးအေး မထားပေ။ ထို့အစား သူ့စိတ်ထဲ အင်မတန် လေးလံမိနေသည်။

သူက ကမ္ဘာဦးခေတ်၏ လျို့ဝှက်ချက်များကို သိထားသည်။

ကောင်းကင်ခုံရုံး မြင့်တက်လာသည့်အခါ နတ်ဧကရာဇ် မိစ္ဆာဝိညာဉ်သုံးယောက်က ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ဆင်းသက်လာလိမ့်မည်။

ထိုသုံးယောက်ကို သတ်ပြီးနောက် သူက ပျောက်ကွယ်သွားလိမ့်မည်။

ဤသည်မှာ နောက်မျိုးဆက် သိထားကြသည့် သမိုင်းကြောင်း ဖြစ်ပြီး ပြောင်းလဲပစ်ဖို့ ခက်ခဲလှသည်။ ထို့ကြောင့် ရှန်ထျန်းက အကောင်းဆုံးကြိုးစား၍ မျှော်လင့်မထားသည်များ ဖြစ်မလာစရန် အရံအစီအစဉ်ပါ စီစဉ်ထားရသည်။

ဤအချိန်အတွင်း ရှန်ထျန်းက အထွတ်အမြတ်မြေအသီးသီးမှ မျှဝေလာသော ဝိဇ္ဇာဆေးပင်များကို အသုံးပြု၍ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများစွာကို ဖော်စပ်ပေးခဲ့သည်။ သူက ထိုဆေးလုံးများအား ပါရမီရှင် ၁၀၈ ယောက်အား ဝေပေးကာ သူတို့စွမ်းအား တိုးမြင့်လာဖို့ အကောင်းဆုံး ကြိုးစားပေးခဲ့သည်။

တစ်ချိန်တည်းတွင် သူက သူတို့ထံ အမွေအနှစ် ၁၀၈ ခုအား လက်ဆင့်ကမ်းပေးခဲ့သည်။

ရလဒ်အနေနှင့် အားလုံး၏ စွမ်းအားများက သိသိသာသာ တိုးမြင့်လာသည်။

ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့က ထာဝရတပိုင်းအဆင့်အထိ တက်လှမ်းသွားလေပြီ။ သူတို့၏ တိုက်ခိုက်စွမ်းရည်အရ နတ်ဧကရာဇ်တပိုင်းကိုပင် ရှုံးနိမ့်ခြင်းမရှိ တိုက်ခိုက်နိုင်လိမ့်မည်။

သို့သော်လည်း တိုးတက်မှု အမြန်ဆုံးသူမှာ ကျန်းထိုက်ယီ ဖြစ်၏။ သူတို့က မိသားစု ဖြစ်သောကြောင့် ရှန်ထျန်းက သူ့ကို သီးခြားဂရုစိုက်ပေးသည်မှာ ပုံမှန်သာ ဖြစ်၏။

သူက နတ်ဧကရာဇ် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကျန်းထိုက်ယီဆီ ပေးလိုက်ရုံသာမက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းကိုလည်း လက်ဆင့်ကမ်းပေးခဲ့ပြီး သားတစ်ယောက်လို ဆက်ဆံပေးခဲ့သည်။

ကျန်းထိုက်ယီ၏ စွမ်းအားက အဆများစွာ မြင့်တက်လာပြီး ရှုပ်ထွေးပွေလီ နတ်မိုးကြိုးကို ကျွမ်းကျင်သွားကာ ပါရမီရှင် ၁၀၈ ယောက်အနက် ထိပ်တန်း ကျင့်ကြံသူတစ်ဦး ဖြစ်လာလေသည်။

ထို့ကြောင့် ကျန်းထိုက်ယီ၏ ရှန်ထျန်းအပေါ် ကျေးဇူးတို့က အဆုံးမရှိ စီးဆင်းနေသော မြစ်တစ်စင်းလို ဖြစ်၏။

သို့သော်လည်း နောက်ဆုံးတွင် ကပ်ဘေးကြီး ကျရောက်လာခဲ့သည်။

ဤနေ့ရက်၌ အလယ်ပိုင်းကုန်းမြေအထက် အာကာပြင်တို့က ချက်ချင်း ကြေမွလာသည်။ နယ်မြေအပိုင်းကြီးက အမှုန့်ဖြစ်သွားရ၏။ ကေင်းကင်တခွင် ကမောက်ကမ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာကာ ကမ္ဘာကြီးက ကျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်သည်။

အားလုံးက ထိုလေဟာနယ်ကို ကြည့်နေရင်း တုန်လှုပ်မှုအပြည့် ဖြစ်နေသည်။ ဘေးပတ်လည်၌ အာကာပြင်အပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ အတွင်းရှိ မိစ္ဆာအငွေ့အသက်များက ကျယ်ပြောကာ စွမ်းအားကြီးပြီး ကမ္ဘာကြီးကို မှောက်ပစ်ချင်သည့်အလား အထွတ်အထိပ် တာအိုသင်္ကေတများ ပါဝင်နေသည်။

ကောင်းကင်တာအိုက အာကာပြင်အပေါက်ကြီးကို ပိတ်ချပစ်ချင်သည့်အလား အဆုံးမဲ့ သံကြိုးများ ပေါ်ထွက်လာသည်။

ထိုအာကာပြင်အပေါက်အတွင်းမှ လေဟာနယ်ကို ခွင်းထွက်လာသည့် ဧရာမလက်ကြီးတစ်ဖက် ရုတ်ချည်း ပေါ်လာသည်။

အားလုံး၏ စိတ်နှလုံးသား တစစီ ဖြစ်သွားသလို ခံစားလိုက်ရ၏။

သူတို့က ကြောက်မက်ဖွယ် စွမ်းအား စိမ့်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။ ဤဖိအားက အရမ်းအားပြင်းလွန်းသည့်အတွက် ကောင်းကင်ပင် ပြိုကျလာသလိုမျိုး အားလုံး၏ စိတ်နှလုံးကို တုန်ယင်လာစေသည်။

ထိုစွမ်းအားရှေ့တွင် အားလုံးက ပုရွက်ဆိတ်လိုမျိုး အရေးမပါတော့ပေ။ သူတို့ကို လက်ချောင်းလေး ဝေ့ရုံဖြင့် ဖျက်စီးပစ်နိုင်သည်။

…………...

“ ဒါက ဘာစွမ်းအားလဲ ”

“ ဒါက နတ်ဧကရာဇ်ရဲ့စွမ်းအားပဲ … နတ်ဧကရာဇ်ရဲ့ တကယ့်ခန္ဓာ ဆင်းသက်လာတော့မယ် ”

တစ်ယောက်ယောက်၏ အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာသည်။ သူတို့က နယ်မြေငါးခု အပြောင်းအလဲ ကြုံတွေ့တော့မည် ဖြစ်ကြောင်း ခံစားမိလာသည်။

All Chapters