← Chapters

ဒုက္ခသည်စခန်း

Vol. 1 Ch. 297

ဒုက္ခသည်စခန်း

Vol. 1 Ch. 297

ကျီ ... ကျီ"

နတ်ဆိုးဧကရီလည်း တံခါးပိတ် ကျင့်ကြံရန် ပြန်သွားပြီ ဖြစ်သောကြောင့် ကျန်းရီသည် သူ့ဒန်တျန်းထဲမှ ပထမကြယ်အား သေချာစစ်ဆေးရန် အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ မြေခွေးလေးသည် ပျင်းဖို့ ကောင်းသည်ဟု ခံစားလိုက်ရပြီး ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည်။ သူမသည် ရှောင်ဟုန် ရပ်နေသေးသည်ကို မြင်သောအခါ ရှောင်ဟုန်အား တစ်ချက်ကြည့်၍ ကျန်းရှောင်နူထံ စိတ်ဖြင့် စကားပြောလိုက်သည်။

"အစ်မကြီး ရှောင်နူ ... ဒီကိုလာ ... ရှောင်ဟုန်က ရှောင်ဖေးတို့ကို တောထဲမှာ သစ်သီးတွေခူးဖို့ ခေါ်သွားပေးလိမ့်မယ်"

ရှောင်ဟုန်သည် ခါးသီးသော အမူအရာများကို အတင်းမျိုသိပ် ထားရလေသည်။ သူသည် နတ်ဆိုးဧကရီ၏ အမိန့်ကြောင့် မြေခွေးလေးကို စိတ်ပါလက်ပါ ခေါ်သွားနိုင်သည်၊ ကျန်းရီကို ခေါ်ဆောင်ရန်လည်း ရသေးသည်။ သို့သော် လူသား မိန်းကလေး တစ်ယောက်ကို သယ်သွားရန်မှာ အလွန် ရှက်စရာ ကောင်းလှသည်။ သူသည် နတ်ဆိုးသားရဲ မျိုးနွယ်၏ ဘုရင်တစ်ပါး ဖြစ်လျက် လူသား မိန်းကလေး၏ စီးနင်းခြင်း ခံရတော့မည်။

ရှောင်နူသည်လည်း ထိတ်လန့် သွားခဲ့သည်။ သူမ ဤနေရာသို့ လာစဉ်က ရှောင်ဟုန်၏ ကျောထက် စီးလာ ခဲ့ရသော်လည်း ထိုအချိန်က ကျန်းရီပါ ရှိနေသေးသည်၊ သို့သော် တစ်လမ်းလုံး ကြောက်လန့်၍ တုန်ယင် နေခဲ့သေးသည်။ ယခု ကျန်းရီလည်း အနားတွင် မရှိရာ ထိုနတ်ဆိုးဘုရင်၏ ကျောထက် သူမစီးရဲပါချေ။

"ကျီ ... ကျီ"

မြေခွေးလေးသည် ရှောင်ဟုန်အား ခပ်စူးစူး တစ်ချက် ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ နတ်ဆိုးဘုရင်သည် သူ၏ ရင်နာနေမှုကို မျိုသိပ်၍ အရှိန်အဝါများကို ရုပ်သိမ်းလိုက်ရသည်။ မကြာခင်တွင် ၎င်းသည် သားရဲတစ်ကောင်၏ အငွေ့အသက်များ ပျောက်ကွယ်သွားကာ သိုးငယ်လေး တစ်ကောင်အလား ဖြစ်သွားခဲ့လေသည်။

မြေခွေးလေးသည် ရှောင်ဟုန် ဆန့်ထုတ်ပေးထားသော လက်ဝါးထံ ခုန်တက်လိုက်ပြီး ကျောထက် တက်သွားခဲ့လေသည်။ သူမသည် ရှောင်နူအား ခေါ်ရန်လည်း မမေ့ချေ။

"အစ်မကြီး ရှောင်နူ ... မြန်မြန်လာလေ၊ သစ်သီးတွေ သွားခူးရအောင် ... အစ်ကိုကြီး ထွက်လာရင် သစ်သီးတွေ ကျွေးကြမယ်"

မြေခွေးလေးသည် ကျန်းရီအား ထည့်ပြောလိုက်သည့် အပြင် နတ်ဆိုး ဘုရင်မှာလည်း သူ့အရှိန်အဝါ များကို ရုပ်သိမ်းလိုက်သောကြောင့် ကျန်းရှောင်နူသည် ယခင်ကလောက် မကြောက်တော့ပေ။ သူမသည် အံကြိတ်၍ ရှောင်ဟုန်၏ လက်ကြီးအား တွယ်တက်ကာ ကျောထက် တက်သွားလိုက်သည်။

"ဝှစ်"

ရှောင်ဟုန်သည် ခြေထောက်အား ဆန့်ထုတ်လိုက်ပြီး ကီလိုမီတာ ရာပေါင်းများစွာ မြင့်သော ကမ်းပါးထက်မှ ခုန်ချလိုက်သည်။ မကြာခင်တွင် ၎င်း၏ ကိုယ်ကြီးသည် တိမ်များအကြား တိုးဝင်ပျောက်ကွယ် သွားခဲ့သည်။

***

"ပထမကြယ်က ပုံစံပြောင်းသွားပြီ၊ ငါဆက်ကျင့်ကြံရင် ဒုတိယကြယ်လည်း ပုံစံပြောင်း သွားမလား မသိဘူး"

ကျန်းရီသည် အလွန် စိတ်လှုပ်ရှား နေခဲ့သည်။ နတ်ဆိုးဧကရီ၏ ရှင်းပြချက်သည် သူ့အား ကျင့်ကြံရေး လမ်းကြောင်းပေါ် ညွှန်ပြနိုင်သောကြောင့် လွန်စွာ အထောက်အကူ ဖြစ်သွားခဲ့သည်။

သူကောင်းကင် မျှော်စင်ထက် အလောတကြီး ပြန်လာရသည့် အကြောင်းမှာ ဆက်လက် ကျင့်ကြံလျှင် ဒုတိယကြယ်ထဲတွင် အတွင်းအားများ ထွက်ပေါ်လာမည်လားဟု သိချင်၍ ဖြစ်သည်။

ကျန်းရီသည် တင်ပျဉ်ခွေထိုင်၍ အမည်မဲ့ ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်သည်။ အနက်ရောင် အတွင်းအားများသည် ဒုတိယကြယ်ထဲတွင် စတင် ပေါ်ထွက်လာသောကြောင့် သူပျော်ရွှင် သွားခဲ့သည်။

နတ်ဆိုးဧကရီ၏ သုံးသပ်ချက်သည် မှန်ကန်သည်။ ပထမကြယ် ပုံစံပြောင်း သွားသည်နှင့် ဒုတိယကြယ်အား သူ စတင် ကျင့်ကြံနိုင်သည်။ သူကြိုးစား ကျင့်ကြံသရွေ့ သူ့အင်အား တိုးပွားလာမည်ဖြစ်သည်။

"မင်းရဲ့ တတိယကြယ် ပုံစံပြောင်းသွားရင် ဗာဂျရာ အဆင့်နဲ့ ယှဉ်လို့ရလိမ့်မယ်"

ကျန်းရီသည် ထိုစကားကို တွေးလိုက်ရုံဖြင့် ကိုယ်ခန္ဓာပင် တုန်ယင်လာသည် အထိ စိတ်လှုပ်ရှား လာခဲ့သည်။ တတိယကြယ် ပုံစံပြောင်းလျှင် ဗာဂျရာ အဆင့်နှင့် ယှဉ်နိုင်မည်။ စတုတ္ထကြယ်၊ ပဉ္စမကြယ်နှင့် ဆဋ္ဌမကြယ်တို့ပါ ပုံစံပြောင်းသွားလျှင် မည်သို့ ဖြစ်လာမည်နည်း။ ကောင်းကင်ဧကရာဇ် အဆင့်ခန့်သို့ ရောက်သွား လိမ့်မည်လော။ ဤသို့ဖြင့် ကြယ်ကိုးခုလုံး ပုံစံပြောင်း သွားပါက မည်သို့ ဖြစ်လာလိမ့်မည်နည်း။

သူတွေးပင် မတွေးနိုင်တော့ချေ။ သူ့ရှေ့သို့ ကောင်းကင်ဘုံသို့ တက်ရာလမ်းတစ်ခု ပေါ်ထွက်လာသည် ဟုပင် သူခံစားရ လေသည်။ သူသာ ထိုလမ်းအတိုင်း တစ်လှမ်းချင်း လျှောက်သွားပါက နောက်ဆုံးတွင် ပန်းတိုင်သို့ ရောက်သွားလိမ့်မည်။ ကောင်းကင်ကြယ်တာရာ နယ်မြေအား သူလွှမ်းနိုင်သည်လည်း ဖြစ်သွားနိုင်သည်။

"ဘယ်အချိန်မှ ကြယ်ကိုးခုလုံး ပုံစံပြောင်းမှာလဲ၊ ငါအသက်ရော ရှည်ပါ့မလား"

ကျန်းရီသည် ငြိမ်သက် သွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့်တွင် စိတ်ဓာတ်ကျသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ပထမကြယ် ပုံစံပြောင်းရန် ကောင်းကင်ကျောက်တုံး သုံးခုသုံး၍ ကောင်းကင်မျှော်စင်တွင် သုံးလ ကျင့်ကြံခဲ့ရသည်။ နောက်ကြယ်တစ်ခု အသွင်ပြောင်းရန် အတွင်းအား မည်မျှလိုမည်မှန်း သိနိုင်ပါသည်။

ဒုတိယကြယ်သည် ပထမကြယ်နှင့် အရွယ်အစား အတူတူပင် ဖြစ်သော်လည်း ထိုကြယ်အသွင် ပြောင်းရန် ပထမကြယ် အသွင်ပြောင်းချိန်ထက် နှစ်ဆ ပိုကြာမည်ဟု သူ့မသိစိတ်က ပြောပြနေလေသည်။ ထို့ထက် ပိုကြာလျှင်တောင် ကြာနိုင်သေးသည်။ တတိယကြယ်သည် ဒုတိယကြယ်ထက် အချိန်နှစ်ဆပိုကြာလိမ့်မည်။ ဤအတိုင်းသာ ဖြစ်သွားရင် ကြယ်ကိုးခုလုံး အသွင်မပြောင်းခင် သူသေသွားနိုင်လေသည်။

"ငါဖြည်းဖြည်းချင်း ကြိုးစားသွားမယ်၊ ဦးတည်ချက် တစ်ခုရှိသရွေ့ ငါအဲဒီကိုရောက်အောင် အလုပ်လုပ်ဖို့ပဲ လိုတာ ... ရလဒ်က အရေးမကြီးဘူး"

ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူ့ဒန်တျန်း အသွင်ပြောင်း သွားခဲ့သည့် အချိန်က သူလမ်းပျောက် နေခဲ့သည်။ သူမည်သို့ ကျင့်ကြံရမည်ကို မသိသလို ဦးတည်ချက်လည်း မရှိခဲ့ပေ။ ယခု သူသည် ဦးတည်ချက်နှင့် နည်းလမ်းကို တွေ့ပြီဖြစ်၍ သူ့စိတ်အား အေးအေး ထားနိုင်လေပြီ။ သူသည် ငြိမ်ငြိမ်သက်သက် ထိုင်၍ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး စတင် ကျင့်ကြံလိုက်သည်။

တစ်ခဏကြာအောင် ကျင့်ကြံနေပြီးနောက် သူတစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ဒုတိယကြယ်ထဲမှ အနက်ရောင် အတွင်းအားများသည် ပထမကြယ်တုန်း ကထက် ပိုမိုသိပ်သည်းနေပြီး အတွင်းအား ဖွဲ့စည်းနှုန်းသည် နှစ်ဆနှေးကွေး နေခဲ့သည်။ ဒုတိယကြယ် အသွင်ပြောင်းရန် အချိန်နှစ်ဆ လိုမည်မှာ သေချာသွားခဲ့သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျန်းရီသည် ပြင်ပမှ ကိစ္စများကို ဂရုမစိုက်ဘဲ ကျင့်ကြံရာတွင်သာ အာရုံစိုက် ထားခဲ့သည်။ သူသည် မြေခွေးလေးနှင့် ကျန်းရှောင်နူကို မတွေ့သော်လည်း မစိုးရိမ်မိပေ။ မြေခွေးလေးနှင့် အတူရှိနေလျှင် တောင်စဉ်သုံးထောင်သည် ဥယျာဉ် တစ်ခုသာသာ ဖြစ်ပြီး ကျန်းရှောင်နူ အန္တရာယ်နှင့် တွေ့မည် မဟုတ်ချေ။ မြေခွေးလေးသည် တောင်စဉ်သုံးထောင်၏ နယ်နိမိတ်ထဲမှ ထွက်မည် မဟုတ်သလို နတ်ဆိုးဘုရင်များ ကလည်း လိုက်ပါ ပေးကြမည်ဖြစ်ရာ သူတို့၏ လုံခြုံရေးကို စိတ်ပူနေရန် မလိုပေ။

ငါးရက်မြောက်နေ့တွင် ကျန်းရှောင်နူနှင့် မြေခွေးလေး ပြန်ရောက်လာခဲ့သည်။ ကျန်းရှောင်နူသည် စိတ်ပူနေသည့် မျက်နှာထား ရှိနေပြီး ပြန်ရောက် လာလာချင်း ကောင်းကင် မျှော်စင်ပေါ်တွင် ကျင့်ကြံနေသည့် ကျန်းရီအား လာခေါ်လေသည်။

ကျန်းရီသည် ကျန်းရှောင်နူ၏ ပျက်ယွင်းနေသည့် မျက်နှာကို မြင်သည့်အခါ အလျင်အမြန် ထရပ်၍ မေးလိုက်သည်။

"ရှောင်နူ ... ဘာဖြစ်လို့လဲ"

"ဒုက္ခသည်စခန်းတွေ အများကြီးပဲ"

ကျန်းရှောင်နူ၏ မျက်လုံး ဝိုင်းဝိုင်းကြီးများတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး ရှင်းပြလာလေသည်။

"တောင်ဘက်ခြမ်းမှာ ဒုက္ခသည်စခန်းတွေ ရှိနေတယ်၊ မရေမတွက်နိုင်အောင်ပဲ မြင်မြင်သမျှက ဒုက္ခသည် စခန်းတွေကြီးပဲ၊ သူတို့တွေ အရမ်းသနားစရာ ကောင်းတယ် ...  သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက ပိုများတယ်၊ သူတို့တွေက နေဖို့ မြေအောက်ဂူတွေ တူးနေကြတယ် ... ရှောင်ဖေးကသာ ရှောင်ဟုန်ကို ထွက်ပြီး မကူညီခိုင်းရင် သူတို့တွေ အဆင့်နိမ့် နတ်ဆိုးသားရဲတွေ သတ်လို့ သေသွားနိုင်တယ်"

"ဒုက္ခသည် စခန်းတွေ"

ကျန်းရီ၏ မျက်ခုံးနှစ်ဖက် မြင့်တက်သွားခဲ့သည်။ တောင်ဘက်ခြမ်းတွင် ရှိသည်မှာ ရှားနိုင်ငံ ဖြစ်သည်။ နတ်ဆိုးသားရဲ ပုန်ကန်ထကြွခြင်း ပြီးသွားပြီ မဟုတ်ပေလော။ ရှားနိုင်ငံတွင် အဘယ့်ကြောင့် ဒုက္ခသည်များ ရှိနေရသနည်း။ သူတို့သည် တောင်စဉ် သုံးထောင်ကိုတောင် ခိုလှုံရာအဖြစ် ရွေးချယ် ခဲ့လိုက်သေးသည်။ နတ်ဆိုးသားရဲများ သတ်ဖြတ်လာမည်ကို မကြောက်ဘူး ပေလော။

"ကျီ ... ကျီ"

မြေခွေးလေးသည် အော်ဟစ်၍ စိတ်အာရုံဖြင့် စကားပြော လာလေသည်။

"ဟုတ်တယ် ... အစ်ကိုကြီး၊ ရှောင်ဖေးတို့ သစ်သီးတွေ သွားခူးရင်း တွေ့လာခဲ့တာ၊ တောင်အောက်မှာ ဒုက္ခသည်စခန်းတွေ အများကြီးပဲ ... ရှောင်ဖေးတောင် ရှောင်ဟုန်ကို နတ်ဆိုးသားရဲတွေကို မောင်းထုတ်ဖို့ ခိုင်းလိုက်သေးတယ်၊ မဟုတ်ရင် အလောင်းတွေ အများကြီး ဖြစ်ကုန်မှာ၊ လူသားတွေ ဘာဖြစ် နေကြတာပါလိမ့် ... ဒဏ်ရာရထားတဲ့ သူတွေလည်း အများကြီးပဲ"

"ရှားနိုင်ငံ"

ကျန်းရီ၏ မျက်နှာသည် အုံ့မှိုင်းလာခဲ့ပြီး နယ်မြေတွင် ကိစ္စကြီးတစ်ခု ဖြစ်နေပြီမှန်း သိလိုက်သည်။ ကျူးကော့ချမ်ယွမ်သည် အဘယ့်ကြောင့် သူ့အား အသိ မပေးလေသနည်း။ သူပါ တစ်ခုခု ဖြစ်သွားသည်လော။ အဘယ့်ကြောင့် ကျန်းရီအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ် ထားခဲ့သနည်း။

"သွားကြည့်ရအောင် "

ကျန်းရီသည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ တိတိကျကျ အဖြေ မသိရမချင်း သူစိတ်အေးအေး ထားနိုင်မည် မဟုတ်ချေ။

"ရှောင်နူလည်း လိုက်မယ်"

ကျန်းရှောင်နူလည်း ပြောလာလေသည်။ မြေခွေးလေးသည်လည်း ထိတ်လန့် နေလေသည်။ မြေခွေးလေးသည် အော်ဟစ်၍ ကောင်းကင်မျှော်စင်မှ ဆင်းပြေးသွားခဲ့သည်။ မကြာခင်တွင် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်သည် ရှောင်ဟုန်၏ ကျောထက်တွင် စီးနင်းလိုက်ကြသည်။ သူတို့သည် ဝိညာဉ်သားရဲ တောင်ဘက် ထွက်လာခဲ့ကြသည်။

"ကျီ ... ကျီ ... ကျီ"

မြေခွေးလေးသည် ကျန်းရီ အလျင်လိုနေမှန်း သိ၍ သွေးနီရောင် နတ်ဆိုးသားရဲကြီးအား အရှိန်မြှင့်ရန် အော်ဟစ်အမိန့် ပေးနေခဲ့သည်။ ရှောင်ဟုန်သည် အမြန်ဆုံးနှုန်းနှင့် ခရီးဆက်ခဲ့သောကြောင့် ဝိညာဉ်သားရဲ သင်တန်းကျောင်း အပြင်ဘက်သို့ နှစ်ရက်အတွင်း ရောက်ရှိခဲ့သည်။

"ဟူး ..."

ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် ပုံမှန်အတိုင်း ရှိနေသေးသည်ကို မြင်သောအခါမှ ကျန်းရီ သက်ပြင်းချနိုင်သည်။ သူသည် မြေခွေးလေးနှင့် ရှောင်ဟုန်အား ဟေးယွင်တောင်တွင် စောင့်ခိုင်း၍ ရှောင်နူနှင့်အတူ ဝိညာဉ် သားရဲတောင်ထက် ပြေးတက်လာခဲ့သည်။

သူသည် ကင်းလှည့်အဖွဲ့ တစ်ဖွဲ့နှင့် ကြုံသောအခါ အော်မေးလိုက်သည်။

"နယ်မြေမှာ ဘာတွေ ဖြစ်နေတာလဲ၊ တောင်စဉ်သုံးထောင်ရဲ့ တောင်ဘက်မှာ ဘာလို့ ဒုက္ခသည် စခန်းတွေ အများကြီး ရှိနေတာလဲ"

ကင်းလှည့်အဖွဲ့မှ လူများသည် ကျန်းရီ၏ မေးခွန်းကို ကြားသောအခါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဇဝေဇဝါနှင့် မေးလာလေသည်။

"ကျန်းရီ မင်းမသိသေးဘူးလား၊ မိုးပြာနဂါး အင်ပါယာနဲ့ နိုင်ငံငါးခုက စစ်တပ်တွေ လွန်ခဲ့တဲ့ လေးရက်ကစပြီး ရှားနိုင်ငံကို တိုက်ခိုက်ကြတယ် ... လေးရက်အတွင်း ရှားနိုင်ငံရဲ့ မြို့တွေ ရာချီပြီး သိမ်းပိုက်ပြီးသွားပြီ၊ လဝက် မတိုင်ခင် ရှားနိုင်ငံ ပျောက်ကွယ်သွားတော့မယ်"

***

All Chapters