နတ်ဧကရာဇ် သုံးယောက် မဟုတ်ဘဲ ငါးယောက်
Vol. 34(Final) Ch. 504
အခန်း (၅၀၄) : နတ်ဧကရာဇ် သုံးယောက် မဟုတ်ဘဲ ငါးယောက်
ရှန်ထျန်းက နတ်ဧကရာဇ်သုံးယောက်ကို နောက်ဆုတ်စေလိုက်သောကြောင့် နယ်မြေငါးခု၏ ကျင့်ကြံသူများ ပြန်လည် စိတ်အားတက်လာကြသည်။ သူတို့က ပိုမို တက်ကြွလာပြီး တိုက်ခိုက်မှုများက ပို၍ အားပြင်းလာသည်။ သူတို့က သူတို့သိထားသမျှ ပညာရပ်အားလုံးကို အဆုံးအစွန်အထိ ထုတ်သုံးထားကြသည်။
ကောင်းကင်ခုံရုံးအဖွဲ့နှင့် နတ်ဧကရာဇ်တစ်ပိုင်းအဆင့် ဘိုးဘေးများက အတူတကွ ပူးပေါင်းကာ ထာဝရမိစ္ဆာဝိညာဉ်ရာချီကို ခုခံနေကြသည်။ အားလုံးက ပို၍ သတ္တိရှိလာကြသောကြောင့် တိုက်ခိုက်ရည် ပိုကောင်းလာသည်။
တိုက်ပွဲအစီအရင်များ၏ စွမ်းအားကို ငှားယူကာ အားလုံးက ထာဝရမိစ္ဆာဝိညာဉ်များအား ရှုံးနိမ့်ခြင်းမရှိ ဖိအားပေးနိုင်ခဲ့သည်။ သို့သော်လည်း အားလုံး၏ စိတ်ထဲ လေးလံမိနေဆဲ ဖြစ်သည်။ အကြောင်းမှာ သူတို့က ဤတိုက်ပွဲအတွက် အနိုင်အရှုံး ဆုံးဖြတ်ပေးနိုင်မည့် သော့ချက် မဟုတ်ပေ။
ဤသည်မှာ ရှန်ထျန်းသာ ဖြစ်၏။
ရှန်ထျန်းက နတ်ဧကရာဇ် သုံးယောက်ကို အနိုင်ပိုင်းနိုင်မှ နယ်မြေငါးခုလုံး ဘေးကင်းလာလိမ့်မည်။ ဤသည်မှာ နယ်မြေငါးခု၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပြီး အသက်ရှင်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။
နတ်ဧကရာဇ်သုံးယောက်က ရှန်ထျန်းအား စိုက်ကြည့်လိုက်ပြီးနောက် သူတို့စိတ်ထဲ တုန်လှုပ်လာမိသည်။ သူတို့က ရှန်ထျန်းသည် နတ်ဧကရာဇ်သုံးယောက် အင်အားပူးပေါင်းမှုကို ပြန်လည်တိုက်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။
သူက နတ်ဧကရာဇ်ပင် ဖြစ်မလာသေးသော်ငြား နတ်ဧကရာဇ်တစ်ယောက်၏ တိုက်ခိုက်ရည်ကို ပိုင်ဆိုင်ထားနှင့်လေပြီ။
ဤကလေးကို အသက်ရှင်ရက်ထား၍ မဖြစ်ပေ။
နတ်ဧကရာဇ်သုံးယောက်လုံး၏ အကြည့်များက သတ်ဖြတ်ငွေ့အပြည့် ဖြစ်လာသည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့က ဒီနေ့ လူသားဧကရာဇ်ကို ရအောင် သတ်ရမည်။
သွေးနတ်ဧကရာဇ်က စိတ်ခံစားချက်ကင်းမဲ့စွာ အေးစက်စက် ပြောလိုက်သည် “ မင်းကို ဘာအခွင့်အရေးမှ မပေးဘူး။ အဝါရောင်စမ်းချောင်းက မင်းရဲ့ နောက်ဆုံးရောက်ရမဲ့ နေရာပဲ ”
သူ့မျက်ဝန်းများက ကြက်သွေးရောင် နီရဲလာကာ သတ်ဖြတ်ငွေ့များဖြင့် လွှမ်းခြုံလာသည်။
“သတ်ကြ”
သွေးနတ်ဧကရာဇ်က စူးရှလင်းလက်နေသည့် သွေးအလင်းတန်းအဖြစ် ပြောင်းလဲလိုက်သည်။ သူက အဆုံးမဲ့ သတ်ဖြတ်ကွက်များကို ထုတ်ကာ တိမ်ပင်လယ်ထဲ ဦးတည်လိုက်ပြီး ရှန်ထျန်းအား တိုက်ခိုက်လိုက်သည်။
နတ်ဧကရာဇ်တစ်ယောက် အားအပြည့် ထုတ်လိုက်သည့် မြင်ကွင်းက အမှန်တကယ် ကြောက်ဖို့ကောင်းလှသည်။ သွေးနီရောင်လှံက ကောင်းကင်ကို ထိုးဖောက်လုမတတ် ဖြစ်နေသည်။
သူ့နောက်တွင် မဟူရာည နတ်ဧကရာဇ်နှင့် စက္ခုနတ်ဧကရာဇ်တို့လည်း လိုက်ပါလာသည်။
သူတို့က ရှန်ထျန်းကို ဝိုင်းထားပြီး အတူတူ တိုက်ခိုက်လိုက်ကြသည်။ နတ်ဧကရာဇ်များ၏ ကြောက်မက်ဖွယ် စွမ်းအားက ကန့်သတ်ချက်အထိ တွန်းပို့ကာ ကောင်းကင်ကိုပင် ကျွမ်းထိုးမှောက်ခုံ လုပ်ပစ်နိုင်၏။
သူတို့က ကြောက်မက်ဖွယ် စွမ်းအားများနှင့် အထွတ်အထိပ် တည်ရှိမှု နတ်ဧကရာဇ်များ မဟုတ်ပါလော။
သူတို့ သုံးယောက် အားပေါင်းလိုက်သည့်အခါ ရန်သူအားလုံးကို ဖြိုခွင်းဖို့ လုံလောက်ပေသည်။
ရှန်ထျန်း၏ အကြည့်များက ခက်ထန်လာကာ အော်လိုက်သည် “ သတ်”
သူသာ ဤနယ်မြေကို ကယ်တင်လိုလျှင် ဤနတ်ဧကရာဇ်များကို သတ်ပစ်ရမည်။ သူက အားကုန်ထုတ်တိုက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲ စွမ်းအားများက ပင်လယ်ကြီးအလား ထွက်ပေါ်လာသည်။
စစ်နတ်ဘုရား အသွင်ပြောင်းခြင်းနှင့် တိုက်ပွဲသွေးဖြင့် ကောင်းကင်ကို လောင်ကျွမ်းခြင်း တိုက်ကွက်များဖြင့် ရှန်ထျန်း၏ တိုက်ခိုက်ရည်က သိသိသာသာ တိုးတက်လာသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်က လင်းထွက်လာ၏။
သူ့နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။
နဂါးဇာမဏီ၊ ခွန်ပန်၊ မိုးကြိုးနတ်ဘုရား၊ ကောင်းကင်ဓား ပုံရိပ်သဏ္ဌာန် … တို့ ဖြစ်ကြသည်။
အားကောင်းသည့် ပုံရိပ်သဏ္ဌာန်များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ အလင်းရောင်စုံလည်း စီးဆင်းလာပြီး ကောင်းကင်တခွင် နေရာယူဖုံးလွှမ်းသွားသည်။
ပုံရိပ်သဏ္ဌာန်တစ်ခုက ကျင့်စဉ်တစ်ခု၏ အဆင့်အနေအထားကို ကိုယ်စားပြုလေသည်။ တစ်ယောက်က အဆုံးမဲ့စွမ်းအားများ ထုတ်လွှင့်နိုင်သည့် အနေအထားသို့ ရောက်သွားအောင် ကျင့်ကြံနိုင်သည့်အခါမှ သူ့ခန္ဓာကိုယ်အနားရှိ အံ့ဖွယ်အလင်းတန်းများက ပြိုင်ဖက်ကင်း စစ်နတ်ဘုရားအသွင် ဖြစ်လာစေလိမ့်မည်။
ရှန်ထျန်းက လေဟာနယ်ထဲ ခုန်ဝင်ကာ လမ်းတစ်လျှောက် အကုန်သတ်ဖြတ်လာခဲ့သည်။ နှစ်ဖက်လုံးက အသည်းအသန် တိုက်ခိုက်နေကြပြီး လေဟာနယ်ပင် မိုင်တစ်သိန်းလောက် ပျက်စီးသွားရသည်။
အနက်ရောင် စီးကြောင်းများ စိမ့်ထွက်လာကာ မိုးမြေ သဘာဝစည်းမျဉ်းများအား လာလှုပ်ကိုင်ပြီး ကောင်းကင်တာအို၏ အမိန့်ပင် ပျက်စီးသွားရသည်။
မဟူရာညနတ်ဧကရာဇ်က အဆုံးမဲ့ မဟူရာညအုပ်စိုးသူအဖြစ် ပြောင်းလဲလိုက်ပြီး အမှောင်စွမ်းအားကို ထုတ်သုံးလိုက်သည်။ သူက မိုးမြေ၏ အလင်းကို ဝါးမျိုပစ်လိုက်သည်။ သူ့နောက်ရှိ အနက်ရောင် တောင်ပံများက တုန်ခါလာကာ ကောင်းကင်ဓားသွားလိုမျိုး ဆင်းသက်လာသည်။ ဤသည်မှာ အဆုံးအစွန် အမှောင်ထု၏ စွမ်းအား ဖြစ်ပြီး ကြီးမားသော အကြောက်တရားတို့ ပါဝင်နေသည်။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို ဝေ့ယမ်းကာ ဓားပျံတိုက်ကွက်ဖြင့် ကာကွယ်လိုက်သည်။ မိုးမြေတခွင် ထိုးဖောက်သွားသည့် ငွေရောင်ပုံရိပ်တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။
အမှောင်ထုက နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရ၏။
ဓားအလင်းတန်းက တို့ဖူးကို ဖြတ်လိုက်သည့် ဓားတစ်ချောင်းကဲ့သို့ မဟူရာည နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်သွားသည်။
နေရာအနှံ့ သွေးများ စွန်းထင်းကုန်သည်။
မဟူရာည နတ်ဧကရာဇ်၏ ရင်ဘတ်ကား စုတ်ပြဲသွားလေသည်။ သူက နှစ်ပိုင်း ပြတ်လုနီးပါးပင် ဖြစ်သွားလေ၏။ ဒဏ်ရာက အရမ်းနက်သောကြောင့် အရိုးများပင် မြင်နေရသည်။
“ အား ”
မဟူရာည နတ်ဧကရာဇ်က ဆိုးဆိုးရွားရွား အော်ငြီးလိုက်ပြီး ကြယ်တာရာဓားကို အတင်းဇွတ် ပြန်ထုတ်ကာ ရှန်ထျန်းအား ပြန်တွန်းလိုက်သည်။ သူက မိစ္ဆာအငွေ့အသက်များဖြင့် ဝန်းရံထားသော်လည်း ကြည့်ရသည်မှာ ဆိုးရွားနေသည်။
ဒဏ်ရာ၌ မည်းနက်နေသည့် နတ်ဧကရာဇ်အရိုးနှင့် နှလုံးသားကိုပင် မြင်နေရသည်။
ဤရိုက်ချက်က သူ့အား အသက်ပျောက်လုနီးပါး ဖြစ်သွားစေခဲ့သည်။
ဝုန်း …
ရှန်ထျန်းနောက်တွင် သွေးနီရောင် ပုံရိပ်တစ်ခု ရုတ်ချည်း ပြေးဝင်လာသည်။
သွေးနတ်ဧကရာဇ်၏ သတ်ဖြတ်ငွေ့များက ကျောချမ်းဖွယ် ဖြစ်၏။ နတ်ဧကရာဇ်စွမ်းအား သယ်ဆောင်ထားသည့် သွေးနီရောင်လှံက ကောင်းကင်ယံထက်မှ ကျဆင်းလာသည်။
သူက ရှန်ထျန်း နောက်ဆုတ်လာစဉ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ အခွင့်အရေး ရလိုက်သည်။
ဖွီး
ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။
ရှန်ထျန်း ရင်ဘတ်ထဲ သွေးနီရောင်လှံ ထိုးဖောက်သွားကာ နှလုံးသားကို ကြေမွသွားစေသည်။
သွေးနတ်ဧကရာဇ်က လူသားဧကရာဇ်ကို သတ်နိုင်လိုက်ပြီဟု တွေးကာ ပျော်ရွင်လာသည်။ သို့သော် သူက မျက်လုံးအပြူးသား ဖြစ်သွားပြီး အံ့ဩတုန်လှုပ်တကြီး ဖြစ်လာသည်၊
လှံထိုးစိုက်ခံထားရသော ပုံရိပ်က ဖြည်းဖြည်းချင်း လွှင့်ပျယ်သွားကာ သွေးအဆီအနှစ် တစ်စက်အဖြစ် ပြောင်းလဲသွားသည်။
“ဒါက …. ကိုယ်ပွားလား ”
သွေးနတ်ဧကရာဇ်က တုန်လှုပ်သွားသည်။ သူက ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည့် သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်၏။ သူ့နောက်ရှိ အာကာပြင်က ရုတ်ချည်းဆိုသလို တွန့်လိမ်လာသည်။
ရှန်ထျန်းက အာကာပြင်ထဲမှ ထွက်လာကာ အံ့ဖွယ်နေမင်း မီးပြင်းဖိုကို မြှောက်လိုက်ပြီး သွေးနတ်ဧကရာဇ် ခေါင်းတည့်တည့် ရိုက်ချလိုက်သည်။
ဒုန်း …
အရိုးအက်သံကိုပင် ကြားလိုက်ရသည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုကြီးက သွေးနတ်ဧကရာဇ် ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သောကြောင့် သွေးနီရောင် သရဖူကို ကြေမွသွားစေသည်။ သွေးများလွှင့်စင်ကာ အာကာပြင် အနီရောင်သမ်းသွားရသည်။
သွေးနတ်ဧကရာဇ်က ခြောက်ခြားစရာ အော်သံကြီးဖြင့် အော်ပြီးနောက် သွေးမြူအဖြစ် ပြောင်းကာ နောက်ဆုတ်သွားသည်။ သူက ဒဏ်ရာအပြင်းအထန် ရသွားလေပြီ။ သူ့ဦးခေါင်းခွံက ကြေသွားပြီး ဦးနှောက်ပင် မြင်နေရလေ၏။
သူသာ အချိန်မီ မတုံ့ပြန်နိုင်ပါက ထိုရိုက်ချက်က သူ့ခေါင်းအား အသားပြား ဖြစ်သွားစေလိမ့်မည်။
သွေးနတ်ဧကရာဇ်က ခေါင်းကို ကိုင်ထားပြီး သွေးတိတ်အောင် လုပ်နေသည်။ သူ့အကြည့်တို့၌ ဒေါသအရိပ်အယောင် ဆူပွက်နေလေ၏။
မျှော်လင့်မထားစွာ သူက ရှန်ထျန်းလက်ထဲတွင် သေမလို ဖြစ်ခဲ့ရသည်။
ရှန်ထျန်း၏ အကြည့်များက အေးစက်နေဆဲ ဖြစ်၏။ သူက သွေးနတ်ဧကရာဇ်ကို လျစ်လျူရှုကာ လှည့်လာလိုက်သည်။
စက္ခုနတ်ဧကရာဇ်က အထွတ်အထိပ်ကျိန်စာတိုက်ရန် မိစ္ဆာကျိုင်းကို ကိုင်ဆောင်ရင်း ချီတက်လာသည်။
ကျိန်စာစွမ်းအားက ကောင်းကင်ကို ဖုံးအုပ်သွားသည်။ မမြင်နိုင်သလို သဏ္ဍာန်မဲ့နေသော်လည်း လူတစ်ယောက်၏ ဝိညာဉ်ကို ပစ်မှတ်ထားနိုင်သည်။ ကောင်းကင်ထုနှက် နတ်ဆိုးမျက်ဆံ မျိုးရိုးက အလွန်ထူးခြားပြီး မိစ္ဆာဝိညာဉ်မျိုးနွယ်အတွင်း၌ပင် ထင်ရှားသော အနေအထားတို့ ပိုင်ဆိုင်ထားသည်။
တိုက်ခိုက်ရေးရာအရ သူက သွေးနတ်ဧကရာဇ်နှင့် မယှဉ်နိုင်ပေ။ သို့သော်လည်း သူက သွေးနတ်ဧကရာဇ်နှင့် မဟူရာည နတ်ဧကရာဇ်တို့ ပူးပေါင်းထားသည့်ထက် ပိုအန္တရာယ်များ၏။
ကျိန်စာစွမ်းအားက အားအပြည့် ထွက်ပေါ်လာသည်။ ထိုစွမ်းအားတွင် မိုးမြေစွမ်းအား အရင်းအမြစ်လည်း ပါဝင်နေလေ၏။ ပြောရလျှင် ခုခံဖို့ မဖြစ်နိုင်ပေ။
ရှန်ထျန်း၏ အံ့လောက်ဖွယ် စွမ်းအားတို့က ပျက်သုန်းသွားကာ တိုက်ခိုက်ရည်ပင် လျော့ကျလာသည်။ ထို့အပြင် ကျိန်စာစွမ်းအားက သူ့ဝိညာဉ်အထိ ထိုးဖောက်ထားပြီး ဝိညာဉ်အစစ်အမှန်အထိ ဖျက်စီးပစ်လိုနေသည်။
ဤသို့သော စွမ်းအားမျိုးက ကောင်းကင်တာအိုနှင့် တိုက်ရိုက်ဆက်နွယ်နေလေ၏။
ထိုအရာက သွေးနတ်ဘုရား သားတော်များကို ချုပ်ထိန်းထားနိုင်သောကြောင့် ရှန်ထျန်းအနေနှင့် အသက်ပြန်ရှင်လာဖို့ ခက်ခဲပေမည်။
သို့သော်လည်း ရှန်ထျန်း၏ အမူအယာက ပြောင်းလဲမသွားပေ။ သူ့ခန္ဓာကိုယ်က ယင်ယန်အရှိန်အဝါများ ပေါက်ထွက်လာည်။ ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာက ဖန်ဆင်းခြင်းစွမ်းအားနှင့်အတူ တောက်တောက်ပပ လင်းလက်လာပြီး မိုးမြေစွမ်းအား အရင်းအမြစ်ကို အတင်းကျပ် လုယူပစ်လိုက်သည်။
အနက်ရောင်အလင်းများ ပျောက်ကွယ်သွားကာ ကျိန်စာလည်း ပယ်ဖျက်ခံလိုက်ရသည်။ ရှန်ထျန်းလည်း အထွတ်အထိပ် အနေအထားသို့ ပြန်လည် ရောက်ရှိသွားသည်။
သူက လက်သီးပြင်ကာ စက္ခုနတ်ဧကရာဇ်ဆီ တဟုန်ထိုး ထိုးချလိုက်သည်။
ဝုန်း …
မိစ္ဆာမြူများ ပေါက်ကွဲထွက်သွားသည်။
စက္ခုနတ်ဧကရာဇ်က မိုင်ထောင်ချီ လွှင့်စင်သွားကာ သူ့ခန္ဓာကိုယ်ပင် ကျိုးကြေမတတ် ဖြစ်သွားရသည်။ သူက ကျိန်စာတာအို၌ ကျွမ်းကျင်သော်လည်း သူ့ခန္ဓာကိုယ်က မသန်မာလှသောကြောင့် ရှန်ထျန်းနှင့် ထိပ်တိုက် မရင်ဆိုင်နိုင်ပေ။
……………....
ထိုစဉ် မဟူရာည နတ်ဧကရာဇ်က တဖန် တိုက်ခိုက်လိုက်ပြန်သည်။ သူ့ပျက်စီးနေသော ခန္ဓာကိုယ်ကို အားပြုကာ အံ့ဖွယ်အမှောင်လက်သီးကို ထုတ်လွှင့်လိုက်သည်။
ရှန်ထျန်း၏ အံ့ဖွယ်အလင်းရောင်များကို အမှောင်စွမ်းအား ဖုံးအုပ်သွားကာ သူ့အား ရွံ့ကန်ထဲ ပြုတ်ကျသွားသလိုမျိုး ခံစားရစေသည်။
ရှန်ထျန်းက သူ့ဘာသာ ကာကွယ်လိုက်ရင်း အကြည့်တို့ အေးစက်လာရ၏။ နှစ်ဖက်လုံးက မိုင်တစ်သောင်းပတ်လည် တိုက်ခိုက်နေကြသောကြောင့် နယ်မြေများစွာ ပျက်စီးသွားစေသည်။
နောက်ထပ် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ရှန်ထျန်း၏ ဓားက မဟူရာည နတ်ဧကရာဇ်၏ လက်ကို ဖြတ်ပစ်လိုက်သည်။ ရှန်ထျန်းက လိုက်ဖမ်းပြီး သူတို့ထဲမှ တစ်ယောက်အား အရင်ဆုံး အဆုံးသတ်ပစ်ချင်နေသည်။ မဟုတ်လျှင် သူတို့သာ ဒီလိုဆက်တိုက်နေပါက သူ့စွမ်းအားက ကုန်ခမ်းလာလိမ့်မည်။
သို့သော်လည်း သွေးနတ်ဧကရာဇ်က သူ့အား အခွင့်အရေး မပေးပေ။ သူက ကောင်းကင်သွေဖယ်ရေး ပညာရပ်ကို သုံးကာ သွေးပင်လယ်အား ဆွဲယူ၍ ကြယ်တာရာကောင်းကင်အား ဝါးမျိုပစ်လိုက်သည်။
ကောင်းကင်က အဆုံးမဲ့ သွေးအလင်းများ ဖုံးလွှမ်းသွားပြီး အငွေ့အသက်က အင်မတန် မှောင်မိုက်ကာ ကြမ်းတမ်းလှပြီး တိုက်စားစေတတ်သည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေသည်။ ဤသွေးပင်လယ်ကြီးက နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ပင် တိုက်စားပြီး နတ်ဧကရာဇ်အရိုးကိုပင် ဖျက်စီးပစ်နိုင်သည်။
ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ဆင့်ခေါ်ကာ သူနှင့် ကောင်းကင်ကြား ပိုင်းခြားထားလိုက်သည်။ နေမီးလျှံအစစ်များက အံ့ဖွယ်စွမ်းအားများဖြင့် လောင်ကျွမ်းစေကာ တောင်များကို လောင်မြိုက်၍ ပင်လယ်များအား ဆူပွက်လာစေသည်။
ကျစ်ကျစ် …
သွေးပင်လယ်ကြီးက နေမီးလျှံအစစ်အောက်တွင် အငွေ့ပျံသွားကြသည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက ကောင်းကင်ခြေမွ လက်ဝါးအား အသုံးပြုကာ သွေးနတ်ဧကရာဇ်ကို သတ်ဖို့ ကြိုးစားလိုက်သည်။ သူ့ရင်ဘတ်အပေါ် ငါးရောင်ခြယ် လက်ဝါး ကျဆင်းလာပြီး အရိုးများ ကြေမွသွားစေသည်။ ဤတိုက်ပွဲက မိုးမြေပင် တုန်လှုပ်သွားစေ၏။
……….....
လေထဲတွင် နတ်ဧကရာဇ်သုံးယောက်က မျက်လုံးအပြူးသားဖြင့် ရပ်နေကြသည်။ သူတို့ခန္ဓာကိုယ်များက ဒဏ်ရာအပြည့် ဖြစ်နေပြီး အရှိန်အဝါတို့က ဖရိုဖရဲ ဖြစ်နေသည်။ နတ်ဧကရာဇ်တစ်ယောက်၏ အသက်ပြင်းမှုကြောင့်သာ မဟုတ်လျှင် သူတို့ သေသွားတာ ကြာလောက်လေပြီ။
သူတို့က ရှန်ထျန်းတစ်ယောက် မည်မျှကြောက်ဖို့ကောင်းမှန်း ယခုမှ သတိပြုမိလိုက်ကြသည်။ နတ်ဧကရာဇ်သုံးယောက် အားပူးပေါင်းခဲ့သော်လည်း ရှန်ထျန်း၏ ဖိနှိပ်မှုကို ခံနေရဆဲ ဖြစ်၏။
ဤကလေးက မကောင်းဆိုးဝါးဆန်လှသည်။
“အရင်ဆုံး ပြင်ပလောကဆီ နောက်ပြန်ဆုတ် … ပြီးမှ ဒီကောင်လေးကို သတ်ဖို့ နည်းလမ်းရှာရမယ် ”
သွေးနတ်ဧကရာဇ်က အော်ပြောလိုက်ပြီးနောက် သွေးနီရောင်အလင်းတန်း အသွင်ပြောင်းကာ အာကာြပင်အပေါက်ဆီ ဦးတည်လိုက်သည်။ သူတို့သာ ဆက်နေနေလျှင် ရှန်ထျန်း၏ လက်ချက်ဖြင့် သေသွားရလိမ့်မည်။
စက္ခုနတ်ဧကရာဇ်နှင့် မဟူရာည နတ်ဧကရာဇ်တို့လည်း အနက်ရောင်အလင်းတန်းအသွင်ပြောင်းကာ ထွက်ပြေးကြသည်။ သူတို့၏ တာအို စိတ်နှလုံးသား ပြိုကျသွားပြီ ဖြစ်၍ ဆက်လက် မတိုက်ရဲတော့ပေ။
နတ်ဧကရာဇ်သုံးယောက်က အာကာပြင်အပေါက်မှ ပြင်ပလောကဆီ မြန်မြန် ရောက်ဖို့သာ မျှော်လင့်နေကြသည်။
“ ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ ”
ရှန်ထျန်းက နောက်ကနေ လိုက်ဖမ်းလေသည်။ သူက ဒီလိုအခွင့်ကောင်းမျိုးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ သူက ငှက်မွေးထာဝရသတ္တုကို အသက်သွင်းကာ ရောင်စဉ်တန်းအသွင်ပြောင်းပြီး အာကာပြင်အပေါက်ထဲအထိ လိုက်ဝင်ဖို့ ပြင်လိုက်သည်။
ရှန်ထျန်းက သူတို့ ပြင်ပလောကဆီ ပြန်မရောက်ခင် နတ်ဧကရာဇ်သုံးယောက်လုံးကို သတ်ပစ်ချင်သည်။
အာကာပြင်အပေါက်၌
ဤနေရာက မြူများဖြင့် သိပ်သည်းနေပြီး လေဟာနယ်ကလည်း ဖရိုဖရဲ ဖြစ်နေသည်။ လေဟာနယ်မြစ်ကြောင်းက အဆုံးမဲ့ရှည်လျားလှပြီး ပြင်ပလောကဆီ ဦးတည်နေလေ၏။
ဤသည်မှာ သူ့အတွက် နတ်ဧကရာဇ်သုံးယောက်ကို သတ်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
ရှန်ထျန်းက အာကာပြင်အပေါက်ထဲ ဝင်ရောက်လာပြီးနောက် နတ်ဧကရာဇ်သုံးယောက်က ရပ်လိုက်ကြသည်။
သူတို့က လှည့်ကြည့်လိုက်ကြပြီးနောက် သူတို့မျက်ဝန်းများ၌ လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသည်။
“ စိတ်ကြီးဝင်နေတဲ့ ကောင်စုတ် … ငါတို့နောက်ကို လိုက်လာရဲသေးတယ်။ ဒီနေ့ မင်း ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ ကောင်းကောင်းပြပေးမယ်”
သွေးနတ်ဧကရာဇ်၏ မျက်ဝန်းများ ခက်ထန်လာကာ အေးစက်စက် ပြောလိုက်သည် “ အရိုးနတ်ဧကရာဇ်၊ ဝိညာဉ်နတ်ဧကရာဇ် ထွက်ခဲ့ကြ ”
လေဟာနယ် ထွက်ပေါ်လာပြီး နတ်ဧကရာဇ် နှစ်ယောက်က အဆုံးမဲ့ လေဟာနယ်မြစ်ကြောင်းမှ ထွက်လာကြသည်။
တစ်ယောက်တွင် အသွေးအသား မရှိဘဲ အရိုးဖြူဖြူများသာ ရှိလေသည်။ သူ့တစ်ကိုယ်လုံးကို မိစ္ဆာသင်္ကေတများဖြင့် ဖုံးအုပ်ထားသောကြောင့် ဖျက်စီးမရနိုင်လောက်ဟု ထင်မှတ်ရသည်။
အရိုးနတ်ဧကရာဇ်က လေဟာနယ်မြစ်ကြောင်းပေါ် ရပ်ကာ သူ့ဟောင်းလောင်းပေါက် မျက်လုံးများထဲ ငရဲမီး တောက်လောင်နေသည်။ သူ့ကြည့်ရသည်မှာ အင်မတန် ကြောက်ဖို့ကောင်းလှ၏။ သူ့အရှိန်အဝါများက သွေးနတ်ဧကရာဇ်ထက်ပင် အားပိုကောင်းသည်။
အရိုးနတ်ဧကရာဇ်ဘေးတွင် နောက်ထပ် နတ်ဧကရာဇ်တစ်ယောက် ရှိနေသေးသည်။
ဝိညာဉ်နတ်ဧကရာဇ်က မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူ့တစ်ကိုယ်လုံး၌ အငြိုးကြီးစွမ်းအားများဖြင့် ဖုံးအုပ်ထားသည်။
ကောင်းကင်၌ မိစ္ဆာမြူများ ပြည့်နှက်လာကာ ဝိညာဉ်သန်းထောင်ချီက အော်ဟစ်နေသောကြောင့် အဆုံးမဲ့ လေဟာနယ်ကိုပင် လှုပ်ခါလာစေသည်။
ထိုဝိညာဉ်များကြားတွင် နတ်ဧကရာဇ်ဝိညာဉ်အချို့ပင် ပါဝင်နေသေး၏။
သို့သော် ယခုတွင် သူတို့က တစ္ဆေအဖြစ် လျော့ချခံလိုက်ရပြီး အသိစိတ်လုံးဝ ပျောက်ဆုံးသွားကြလေပြီ။ သူက နတ်ဧကရာဇ်ကိုပင် သတ်နိုင်သည့် ထိတ်လန့်ဖွယ် တည်ရှိမှု ဖြစ်နေမှန်း သိသာလှ၏။
နတ်ဧကရာဇ်ငါးယောက်က ရှန်ထျန်းအား သတ်ဖြတ်ငွေ့များဖြင့် ဝိုင်းထားကြသည်။
သူတို့က မျှော်လင့်မထားသည်များ ဖြစ်လာခဲ့လျှင် ဤနေရာတွင် လုပ်ကြံရန် ပြင်ဆင်ထားခဲ့သည်။ သွေးနတ်ဧကရာဇ်နှင့် အခြားလူများက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ ရှန်ထျန်းအား ဤနေရာသို့ မျှားခေါ်လာခြင်း ဖြစ်သည်။
နတ်ဧကရာဇ်ငါးယောက်ပေါင်း စွမ်းအားဖြင့် သူတို့က လူသားဧကရာဇ်တစ်ယောက်ကို မသတ်နိုင်လိမ့်မည်ဟု မယုံပေ။
ရှန်ထျန်းက ထိုအရာကို မြင်လိုက်သည့်အခါ အကြည့်တို့ လေးနက်လာသည်။
သူ ကြားထားခဲ့သည့် သတင်းက မှားယွင်းနေလေသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က နတ်ဧကရာဇ် သုံးယောက် စေလွှတ်လိုက်ခြင်း မဟုတ်ဘဲ ငါးယောက် ဖြစ်နေ၏။ သို့သော်လည်း ရှန်ထျန်းက မြန်မြန်ဆန်ဆန် နားလည်သွားသည်။
ဤသည်မှာ အာကာပြင်အပေါက်ထဲ ဖြစ်သောကြောင့် မည်သူမှ ချောင်းမကြည့်နိုင်ပေ။
ထို့ကြောင့် အပြင်ရှိလူများက မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် မည်မျှ ဆင်းသက်လာသည်ကို မသိကြခြင်း ဖြစ်၏။
ဤအနေအထားက ကြောက်ဖို့ကောင်းသည်ဟု ပြောရပေမည်။
နတ်ဧကရာဇ်ငါးယောက်က နတ်ဧကရာဇ်အဆင့် မရောက်သေးသည့် တစ်ယောက်ကို ဝိုင်းတိုက်နေကြသည်။ ဤသည်မှာ တစ်ဖက်သတ် တိုက်ပွဲ ဖြစ်၏။
သို့သော် ကိစ္စများက ဖြစ်လာပြီ ဖြစ်၍ သူ့အနေနှင့် တိုက်ဖို့သာ ရှိတော့သည်။ ရှန်ထျန်းတွင် မယိမ်းယိုင်သည့် နှလုံးသားမျိုး ရှိ၏။ နတ်ဧကရာဇ် ငါးယောက်ရှိနေလျှင်ပင် သူက ကြောက်နေမည် မဟုတ်ပေ။
သူ့အကြည့်တို့က တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။
စက္ခုနတ်ဧကရာဇ်၏ အကြည့်တို့က မှောင်မိုက်လာကာ အသံခပ်ဩဩဖြင့် “ရယ်စရာကောင်းလိုက်တာ … ငါတို့ကို ထွက်ပြေးဖို့ ကြိုးစားမယ်များ ထင်နေတာလား။ နတ်ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားက မင်း စိတ်ကူးကြည့်လို့တောင် မရဘူး။ ရောင်းရင်းတို့ အားပေါင်းပြီး ဒီလူသားဧကရာဇ်ရုပ်ခန္ဓာနဲ့ လူကို သတ်ပစ်ကြ ”
နတ်ဧကရာဇ်ငါးယောက်က သူတို့ သိထားသည့် ပညာရပ်များကို ထုတ်သုံးကာ အတူတကွ လှုပ်ရှားလိုက်ကြသည်။ သူတို့က အထွတ်အထိပ် မိစ္ဆာပညာရပ်များကို ထုတ်လွှင့်ရင်း လက်နက်များကို အသက်သွင်းကာ ရှန်ထျန်းအား တိုက်ခိုက်လိုက်ကြသည်။
“ သတ် ”
ရှန်ထျန်းက ဟိန်းဟောက်လိုက်ပြီးနောက် အံ့ဖွယ်နေမင်း မီးပြင်ဖိုနှင့် ဟွမ်ထျန်းစစ်တုရင်ခုံကို ကာကွယ်ဖို့ ထုတ်ယူလိုက်သည်။ နှစ်ဖက်လုံးက အပြင်းအထန် တိုက်ခိုက်နေကြပြီး စွမ်းအားများက မိုးမြေထဲ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ရှန်ထျန်းက ဆက်တိုက် အတိုက်ခံနေရပြီး ကောင်းကင်ပင် အရောင်ပြောင်းလာကာ နေ၊ လတို့ပင် ပြိုလဲသွားသည်။
နတ်ဧကရာဇ်များက အထွတ်အထိပ် ပညာရပ်များစွာကို ထုတ်သုံးနေကြသောကြောင့် ကြောက်မက်ဖွယ် ဖြစ်နေသည်။
အရိုးနတ်ဧကရာဇ်က အရိုးစည်းတံဆိပ်ကို အသက်သွင်းကာ စွမ်းအားက မိုးမြေထဲ ပျံ့နှံ့သွားလေသည်။ အရိုးစည်းတံဆိပ် အသံထွက်လာသည်နှင့် ဝါးကို ဖြတ်လိုက်သလိုမျိုး အထွတ်အထိပ် မိစ္ဆာအလင်းကို သယ်ဆောင်လာသည်။
ဤသည်မှာ အထွတ်အထိပ်အရှင်၏ အရိုးနှင့် သန့်စင်ထားခြင်း ဖြစ်ပြီး ပြိုင်ဖက်ကင်း သတ်ဖြတ်စွမ်းတို့ ပါဝင်ကာ ကောင်းကင်ကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည်။
အရိုးစည်းတံဆိပ်က ကမ္ဘာ့စည်းမျဉ်းများကို ဖျက်စီးပစ်လိုက်၏။
ရှန်ထျန်းက ကျောရိုးတစ်လျှောက် ကြက်သီးထလာမိသည်။ ဤအရိုးစည်းတံဆိပ်က သွေးနီရောင်လှံထက် ပိုကြောက်ဖို့ကောင်းသည်။
အကယ်၍ ထိုအရာသာ သူ့ခန္ဓာပေါ် ကျရောက်လာခဲ့လျှင် သူ့အသားတို့က သေချာပေါက် ပျက်စီးသွားလိမ့်မည်။
ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ထုတ်လိုက်ပြီးနောက် အဆုံးမဲ့ ကြယ်တာရာအလင်းတန်းများဖြင့် အရိုးစည်းတံဆိပ်ဆီ ပစ်လွှတ်လိုက်သည်။
နှစ်ဖက်လုံးက ကြောက်မက်ဖွယ် စွမ်းအားများအပြိုင်ထုတ်နေကြ၏။ ကံကောင်းစွာ အရိုးစည်းတံဆိပ်က ကန့်သတ်ခံလိုက်ရပြီး အံ့ဖွယ်နေမင်း မီးပြင်းဖို၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။
သို့သော် ထိုစဉ် ဝိညာဉ်နတ်ဧကရာဇ်လည်း ဝင်ပါလာသည်။ မိုးမြေကြား မကောင်းဆိုးဝါးဝိညာဉ်ထောင်ချီ ပေါ်ထွက်လာသည်။
မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ချင်းစီက နတ်ဧကရာဇ်၏ ဝိညာဉ်ကိုပင် တုန်လှုပ်လာအောင် ပြုလုပ်နိုင်သည့် ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအား ရှိသည်။
ဝိညာဉ်နတ်ဧကရာဇ်က နတ်ဧကရာဇ်ကြား၌ပင် ထိပ်သီး တည်ရှိမှုမျိုး ဖြစ်၏။ မကောင်းဆိုးဝါးဝိညာဉ်များစွာနှင့် သူက အားနည်းသည့် ထာဝရဘုရင်ကိုပင် သတ်ပစ်နိုင်သည်။
ရှန်ထျန်းက ချက်ချင်းဆိုသလို ဖိအားပြင်းပြင်းကို ခံစားလိုက်ရသည်။ သူက ထိုမကောင်းဆိုးဝါး ဝိညာဉ်များကို ဖမ်းချုပ်ဖို့ ဟွမ်ထျန်းစစ်တုရင်ခုံကို ထုတ်ကာ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ခင်းကျင်းလိုက်သည်။ သို့သော်လည်း အခြားနတ်ဧကရာဇ် သုံးယောက်၏ တိုက်ခိုက်မှုများကလည်း ဆက်တိုက် ကျရောက်လာသည်။
ရှန်ထျန်းက အံ့ကြိတ်လိုက်၏။ နတ်ဧကရာဇ်ငါးယောက်နှင့် သူတစ်ယောက်တည်း ရင်ဆိုင်ရခြင်းမှာ အလွန်ခက်ခဲလှသည်။ အရင်ဆုံး သူက ထိုလူထဲမှ တချို့ကို သတ်ပစ်ဖို့ နည်းလမ်းရှာရမည်။
…………....
ရှန်ထျန်းက အားကုန်ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားဖွယ် အရှိန်အဝါတစ်ခု ထွက်လာသည်။
သူ့ခန္ဓာကိုယ်က တောက်ပလာကာ တာအိုသင်္ကေတများ ပေါ်ထွက်လာသည်။ ဆုံမှတ်တို့က မျက်စိစူးမတတ် လင်းလက်တောက်ပလာသည်။
ရှန်ထျန်းက လက်သီးကို ချိန်ရွယ်၍ မဟူရာည နတ်ဧကရာဇ်၏ ခန္ဓာအပေါ် ထိုးချလိုက်ပြီး အရိုးများကို ကျိုးကြေသွားစေသည်။ မဟူရာည နတ်ဧကရာဇ်က သူ့ဝိညာဉ်အစစ်အမှန်၏ အလင်းရောင်မှာ ရှန်ထျန်း၏ နဖူးအလယ်တည့်တည့် ဝင်ရောက်သွားသောကြောင့် သွေးအန်လိုက်ရသည်။
ရှန်ထျန်း၏ အမူအယာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်၏။ သူ့အကြည့်တို့၌ ညှာတာမှု မရှိတော့ဘဲ “ဖျက်စီးစမ်း ”
အထွတ်အထိပ် စွမ်းအားတစ်ခုက ကမ္ဘာဆီ ဖြတ်သန်းသွားသည်။ နဂိုမူလ ယင်ယန်စွမ်းအားနှင့် ရှုပ်ထွေးပွေလီ စွမ်းအားတို့ ထွက်လာကာ ကမ္ဘာကြီးအား ဖြည့်တင်းလိုက်သည်။
အဆုံးအစွန်စွမ်းအားနှစ်ခုက ဝိညာဉ်ဓားအဖြစ် ပြောင်းလဲကာ မဟူရာည နတ်ဧကရာဇ်၏ မျက်ခုံးစပ်ကြား ထိုးစိုက်သွားသည်။
မဟူရာည နတ်ဧကရာဇ်က သူ့ခန္ဓာကိုယ်ထဲ ရှုပ်ထွေးပွေလီ အငွေ့အသက်များ ဝင်ရောက်သွားသာကြောင့် နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသည်။
ဝုန်း
ကောင်းကင် ပြိုကျလုနီးပါး ဖြစ်သွားလေ၏။
သူ့ခန္ဓာကိုယ်က ပေါက်ထွက်သွားကာ ဝိညာဉ်ပင် ဖျက်စီးခံလိုက်ရသည်။ ထို့နောက် ကောင်းကင်မှ သွေးမိုးများ ရွာသွန်းလာသည်။
မျိုးဆက်တစ်ခုကို အုပ်စိုးနိုင်သည့် နတ်ဧကရာဇ်တစ်ယောက်က သေဆုံးသွားလေပြီ။
……………....
အခြားနတ်ဧကရာဇ် လေးယောက်ကလည်း အံ့ဩသွားကြသည်။ သူတို့က ရှန်ထျန်းသည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ထားပေ။
ဤသို့သော အခြေအနေမျိုး၌ပင် သူက နတ်ဧကရာဇ်တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။
သို့သော်လည်း မဟူရာည နတ်ဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ့စွမ်းအားအရင်းအမြစ်ကလည်း မတည်မငြိမ် ဖြစ်နေပြီးသား ဖြစ်၏။
ထို့အပြင် ဖန်ဆင်းခြင်း အံ့ဖွယ်ပညာရပ်စွမ်းအားက သူ့ယင်ယန်စွမ်းအားနှင့် ရှုပ်ထွေးပွေလီ စွမ်းအားတို့ဖြင့် ပေါင်းစပ်ပြီးနောက် ပိုမို ထူးကဲလှခဲ့သည်။
မဟူရာည နတ်ဧကရာဇ်၏ ပျက်စီးနေသော ခန္ဓာကိုယ်က ထိုအရာကို မခံနိုင်တော့ပေ။
“ အားကုန်သုံး သတ်ကြ”
သွေးနတ်ဧကရာဇ်ကက အော်ဟစ်ကာ သွေးနီရောင်လှံဖြင့် ရှန်ထျန်းအား ချိန်ရွယ်လိုက်သည်။
ရှန်ထျန်းက ခွန်ပန်ပညာရပ်များကို သုံးကာ လေဟာနယ်ထဲ ထွက်ပြေးသွားပြီး သေစေလောက်သည့် တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ သို့သော်လည်း သူ့ပခုံးက ထိုးဖောက်ခံလိုက်ရသောကြောင့် သွေးများ စီးထွက်လာသည်။ ရှန်ထျန်း၏ အမူအယာက အေးစက်နေဆဲ ဖြစ်ကာ သူ့အနားရှိ ဖန်ဆင်းခြင်း စွမ်းအားက သူ့ဒဏ်ရာများကို ချက်ချင်း ကုသပေးနေသည်။
တစ်ချိန်တည်းတွင် သူက သွေးနတ်ဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။
“ အကန့်အသတ်မဲ့ အံ့ဖွယ်ပညာရပ် ”
ရှန်ထျန်းအနား တာအိုသင်္ကေတများစွာ ပေါ်ထွက်လာသည်။ ဤသည်မှာ သူ့ဇာစ်မြစ်မှာ တာအိုအငွေ့အသက် ထုတ်ဖော်ခြင်း ဖြစ်၏။ ရှန်ထျန်းက အဆုံးမဲ့ တာအို အမြင်များကို စကြဝဠာကို ထိုးဖောက်မည့် ဧရာမဓားသွားထဲ ထိုးသွင်းပေါင်းစပ်လိုက်ခြင်း ဖြစ်၏။
ဂျွတ် …
သွေးနီရောင်လှံက ချက်ချင်း ကြေမွသွားသည်။
လက်ကျန်စွမ်းအားက မရပ်တန့်သွားဘဲ သွေးနတ်ဧကရာဇ်၏ နဖူးတည့်တည့် ဝင်ရောက်သွားသည်။ သွေးနတ်ဧကရာဇ်က အော်ကြွေးဖို့ အခွင့်အရေးပင် မရလိုက်ဘဲ ဝိညာဉ်ပါ ပျက်သုန်းသွားလေသည်။
နောက်ထပ် နတ်ဧကရာဇ်လည်း ဤသို့ကျဆုံးသွားပြီး သွေးမိုးထပ်ရွာသွန်းလာသည်။
………….....
ဤမြင်ကွင်းက လက်ကျန် နတ်ဧကရာဇ်သုံးယောက်အား ထိတ်လန့်လာစေသည်။ သူတို့အကြည့်များက အထိတ်တလန့် ဖြစ်နေပြီး အမူအယာများက လေးလံနေကြသည်။
ရှန်ထျန်းက နတ်ဧကရာဇ်နှစ်ယောက်ကို သတ်ပစ်နိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။
ထိုစဉ် အရိုးနတ်ဧကရာဇ်က အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲမှ ထွက်လာနိုင်သည်။ အရိုးစည်းတံဆိပ်က ကမ္ဘာ့ဖျက် စွမ်းအားနှင့် ပေါင်းကာ ရှန်ထျန်းနောက်ကျောဘက် ကျရောက်လာသည်။
ရှန်ထျန်းက လှည့်ကြည့်လိုက်သည့်အခါ သူ့လက်ဝါးမှ အဆုံးမဲ့ အံ့ဖွယ်အလင်းများ ပေါက်ကွဲထွက်သွားသည်။
ရွှေရောင်အလင်းတန်းတို့က ကျယ်ပြောလွန်းသော စွမ်းအားကို သယ်ဆောင်လာသည်။ ကောင်းကင်ပင် ထိုစွမ်းအားကြောင့် လှုပ်ခတ်သွားရ၏။
စွမ်းအားက ကြောက်ဖို့ကောင်းလွန်းလှသည်။
အရိုးနတ်ဧကရာဇ်က အထိတ်တလန့် ဖြစ်သွားလေသည်။
ထိုစဉ် ရှန်ထျန်း လက်ထဲ ရှေးဟောင်းစည်းတံဆိပ် ပေါ်ထွက်လာသည်။
“ ဒါက .. ဒါက လူသားဧကရာဇ် စည်းတံဆိပ်လား ”
လက်ကျန် နတ်ဧကရာဇ်သုံးယောက်က သူတို့နှလုံးသား စုတ်ဖြဲခံလိုက်ရသည့်အလား မရပ်မနား တုန်ယင်နေကြသည်။ လူသားဧကရာဇ် စည်းတံဆိပ်၏ ကျော်ကြားမှုသည် မိစ္ဆာဝိညာဉ်မျိုးနွယ်များ၏ ခေါင်းထဲ သံမှိုဆွဲထားသလို ထိုးဖောက်ထားသည်မှာ ကြာမြင့်လှလေပြီ။
ဤသည်မှာ ပထမ လူသားဧကရာဇ်၏ မဟာအသုံးအဆောင်တစ်ခု ဖြစ်ပြီး မိစ္ဆာဝိညာဉ်မြောက်များစွာကို သတ်ပစ်ခဲ့သည်။ ထာဝရဧကရာဇ်များပင် ထိုစည်းတံဆိပ်အောက် သွေးထွက်ခဲ့ရ၏။
နတ်ဧကရာဇ်သုံးယောက်က ရှန်ထျန်းသည် လူသားဧကရာဇ် ရုပ်ခန္ဓာနိုးထလာရုံသာမက ပထမမျိုးဆက် လူသားဧကရာဇ်၏ စည်းတံဆိပ်လည်း ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
နတ်ဧကရာဇ်သုံးယောက်က ထိတ်လန့်လာကာ နောက်ဆုတ်ဖို့ အတွေးပင် တွေးမိလာသည်။
………….
ကံဆိုးသည်က ရှန်ထျန်းက သူတို့ကို အခွင့်အရေး မပေးချေ။ သူက လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းကာ အရိုးနတ်ဧကရာဇ်ဆီ ချီတက်လိုက်သည်။
ရွှေရောင်စည်းတံဆိပ်က ကောင်းကင်အထိ ရောက်ရှိသွားပြီး ကြယ်တာရာများ ကျဆင်းလာသကဲ့သို့ ဖိနှိပ်လာသည်။
အရိုးနတ်ဧကရာဇ်၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကာ အရိုးစည်းတံဆိပ်ကို မြန်မြန် ထုတ်လိုက်သည်။ သို့သော်လည်း အရိုးတံဆိပ်က လူသားဧကရာဇ် စည်းတံဆိပ်နှင့် ထိတွေ့မိသည့်အခါ ကြေမွသွားလေသည်။
လူသားဧကရာဇ် စည်းတံဆိပ်က အရိုးနတ်ဧကရာဇ်ကိုပင် ဖိနှိပ်ထားလိုက်သည်။
ထိုစဉ် အရိုးနတ်ဧကရာဇ်က သူ့စည်းတံဆိပ်နှင့်အတူ အမှုန့်ဖြစ်သွားရသည်။ သူ့အလောင်းပင် မကျန်ရှိပေ။
တိုက်ပွဲက ချက်ချင်းဆိုသလို ပြီးဆုံးသွားပြီး နတ်ဧကရာဇ်သုံးယောက် သေဆုံးသွားလေပြီ။
ဤမြင်ကွင်းက ကျန်ရှိနေသော နတ်ဧကရာဇ်နှစ်ယောက်ကိုလည်း ထိတ်လန့်တကြား ဖြစ်လာစေသည်။ ထိုသူတို့က သူတို့ခေတ်အခါက ပြိုင်ဖက်ကင်း နတ်ဧကရာဇ်များ ဖြစ်ကြလေသည်။ သို့သော် အဆုံးသတ်၌ ဤသို့သာ အဆုံးသတ်သွားရသည်။
သူတို့က နတ်ဧကရာဇ်အဆင့်ပင် မရောက်သေးသည့် ရှန်ထျန်းလက်ထဲတွင် သေဆုံးသွားရသည်။
သူတို့က ဘယ်လိုလုပ်မကြောက်ဘဲ နေမည်နည်း။ သူတို့က ဘယ်လိုလုပ် မတုန်လှုပ်မိဘဲ နေမည်နည်း။
ရှန်ထျန်း၏ အခြေအနေလည်း အရမ်းအကောင်းကြီး မဟုတ်ပေ။ သူ့ဝတ်စုံအဖြူက အနီရောင်စွန်းနေလေပြီ။ သွေးတချို့က သူ့ရန်သူများ၏ သွေးဖြစ်ပြီး ကျန်တာ သူ့သွေး ဖြစ်၏။
လူသားဧကရာဇ် စည်းတံဆိပ်လိုမျိုး မဟာအသုံးအဆောင်ကို အသက်သွင်းရခြင်းက စွမ်းအားများစွာ ကုန်ဆုံးလေသည်။ ရှန်ထျန်းက အကြောက်အလန့်မရှိ ကျန်ရှိနေသော နတ်ဧကရာဇ်နှစ်ယောက်ကို အေးစက်စက် ကြည့်လိုက်သည်။
သူ့အကြည့်တို့က အရိုးခိုက်မတတ် သတ်ဖြတ်ငွေ့အပြည့် ဖြစ်နေသည်။
နတ်ဧကရာဇ်နှစ်ယောက်၏ အမူအယာက နည်းနည်း ပြောင်းလဲသွားသည်။ သူတို့လည်း လန့်လာကြ၏။
စက္ခုနတ်ဧကရာဇ်က အံ့ကြိတ်ကာ ပြောလိုက်သည် “ ဝိညာဉ်နတ်ဧကရာဇ် သူ့ကို ကူတားပေးထား … ငါ ငါ့မျိုးနွယ်ရဲ့ တားမြစ်ပညာရပ်ကို ထုတ်သုံးပြီး သတ်ပစ်လိုက်မယ်။ ဒီနေ့ သူ သေကိုသေရမယ် ”
ထိုသို့ပြောလိုက်ပြီးနောက် စက္ခုနတ်ဧကရာဇ်က သူ့မိစ္ဆာကျိုင်းကို ထုတ်ကာ ရှေးဟောင်းကျိန်စာများကို ရွတ်ဆိုတော့သည်။ သူက တားမြစ်ပညာရပ်ကို ပြသရန် စွမ်းအားကို လှည့်ပတ်နေသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူ့နှလုံးသား တုန်လှုပ်လာသလို ခံစားရပြီးနောက် စက္ခုနတ်ဧကရာဇ်ဆီ ချက်ချင်း ပြေးဝင်လိုက်သည်။
ဝိညာဉ်နတ်ဧကရာဇ်က ရှန်ထျန်းအား တားဆီးလိုက်၏၊ သူက မကောင်းဆိုးဝါးဝိညာဉ် သန်းထောင်ချီကို ထိန်းချုပ်ကာ ရှန်ထျန်းအား ဝါးမျိုဖို့ ကြိုးစားလိုက်သည်။
ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို စုစည်းကာ ညာဘက်လက်ထဲ ထည့်ပြောင်း၍ ဧရာမပုဆိန်ကြီးသဖွယ် ပြောင်းလဲလိုက်သည်။ သူ့အနားရှိ စည်းမျဉ်းများက တောက်တောက်ပပ လင်းလက်နေသည်။
ဧရာမ ပုဆိန်ကြီးက မဟာတာအိုသင်္ကေတများဖြင့် ဖန်တီးထားသောကြောင့် ကောင်းကင်ကိုပင် ခွဲနိုင်သည့် စွမ်းအားမျိုး ပါဝင်နေသည်။
ရှန်ထျန်းက သူ့ပုဆိန်ကြီးကို မြောက်ကာ ခုတ်ချပစ်လိုက်သည်။
မကောင်းဆိုးဝါးဝိညာဉ်များစွာက မျက်စိတစ်မှိတ်အတွင်း ပျောက်ဆုံးသွားသည်။
မိုးမြေလည်း နှစ်ခြမ်းကွဲသွားလေ၏။
ဖွီး
ဝိညာဉ်နတ်ဧကရာဇ်က သွေးအန်လိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူက မြန်မြန်နောက်ဆုတ်လိုက်ရ၏။ သူ့အကြည့်တို့တွင် အကြောက်တရားများ ကိန်းအောင်းနေသည်။
သို့သော်လည်း ရှန်ထျန်းက လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ယူကာ ဝိညာဉ်နတ်ဧကရာဇ်အား အပြတ်ရှင်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက နောက်လှည့်မကြည့်တော့ဘဲ စက္ခုနတ်ဧကရာဇ်ဆီ ချီတက်သွားသည်။
သူ့နောက်တွင် ကောင်းကင်တုန်လုမတတ် ပေါက်ကွဲသံကြီး ထွက်လာသည်။ ဝိညာဉ်နတ်ဧကရာဇ်က လူသားဧကရာဇ် စည်းတံဆိပ်အောက်တွင် အမှုန့်ဖြစ်သွားလေပြီ။
နောက်ထပ် နတ်ဧကရာဇ်လည်း ဤသို့ အဆုံးသတ်သွားရ၏။ နောက်ထပ် သွေးမိုးများ ရွာသွန်းလာစေသည်။
...............
စက္ခုနတ်ဧကရာဇ်က နောက်ဆုံးတွင် ပြင်ဆင်မှု ပြီးမြောက်သွားခဲ့သည်။
မျက်လုံးတစ်လုံးက မိုးမြေတခွင်ကို ဖုံးအုပ်ထားသည်။ ဧရာမ မျက်လုံးကြီးက ဖွင့်ချည်ပိတ်ချည်ဖြင့် လေထဲတွင် အဆုံးမဲ့ အဖျက်စွမ်းအားများ ပြည့်နှက်လာစေသည်။ ထိုရိုက်ချက်က ကမ္ဘာကိုပင် ဖျက်စီးပစ်နိုင်လောက်၏။
ရှန်ထျန်းက စိတ်ထဲ တုန်လှုပ်လာမိသည်။ ဤစွမ်းအားက အရမ်းကြောက်ဖို့ကောင်းလှသည်။ သူ့အမူအယာများက လေးနက်လာပြီး သူ့ဘယ်လက်မှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာသည်။
ထိုစဉ် ကောင်းကင်ကိုးဘုံအထိ ရောက်လုနီးပါး ဖြစ်နေသည့် နန်းတော်တစ်ခု ပေါ်ထွက်လာကာ ကမ္ဘာကို တုန်ခါသွားစေမည့် အကန့်အသတ်မဲ့စွမ်းအားများ ထုတ်လွှင့်လာသည်။
ဤသည်မှာ လူသားဧကရာဇ် နန်းတော်မှလွဲ၍ အခြားအရာ မဟုတ်ပေ။ ရှန်ထျန်းရှေ့တွင် နန်းတော်ကြီး မားမားမတ်မတ် တည်ရှိနေသည်။
လူသားဧကရာဇ် နန်းတော်က မျက်လုံးမှ ထွက်လာသည့် အဖျက်စွမ်းအားများကို ဝါးမျိုပစ်လိုက်၏။
စက္ခုနတ်ဧကရာဇ်က နေရာမှာတင် ကြောင်အမ်းသွားကာ တုန်တုန်ယင်ယင် ဖြစ်လာသည်။
“ လူသားဧကရာဇ်နန်းတော်လား ”
သူက ကြောက်မက်ဖွယ် ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားသည့်အလား သူ့အကြည့်တွေထဲ မျှော်လင့်ချက် ကုန်ဆုံးသွားလေသည်။ လူသားဧကရာဇ် နန်းတော်သည် လူသားဧကရာဇ် စည်းတံဆိပ်ထက် အားမနည်းပေ။
ထိုနှစ်ခု ပေါင်းစပ်မှုက ကြောက်မက်ဖွယ် ဖြစ်၏။
အတိတ်တုန်းက ပထမလူသားဧကရာဇ်သည် လူသားဧကရာဇ် စည်းတံဆိပ်နှင့် လူသားဧကရာဇ် နန်းတော်တို့ကို အသုံးပြုကာ ထာဝရဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
ထိုစဉ် ရှန်ထျန်းလည်း လှုပ်ရှားလာသည်။
သူက စက္ခုနတ်ဧကရာဇ်ကို စည်းတံဆိပ် ကိုင်ဆောင်ထားသည့် လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားပြီး နန်းတော်ကို ကိုင်ဆောင်ရင်း ရှေ့တိုးလာသည်။
ဝုန်း
အသံကျယ်ကြီးက စကြဝဠာကိုပင် တုန်ခါသွားစေသည်။
စက္ခုနတ်ဧကရာဇ်လည်း မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားရသည်။
ဤသို့ဖြင့် နတ်ဧကရာဇ်ငါးယောက်လုံး ကိစ္စချောသွားလေပြီ။
တိုက်ပွဲအဆုံးသတ်ပြီးနောက် ရှန်ထျန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်မိ၏။
ဤတိုက်ပွဲက ပြင်းထန်လွန်းလှသည်။ အသေးငယ်ဆုံးသော အမှားကပင် သေခြင်းတရားကို ဖိတ်ခေါ်နိုင်သည်။
ကံကောင်းစွာဖြင့် အရာအားလုံး ပြီးဆုံးသွားလေပြီ။