← Chapters

မျှော်လင့်ချက် ဘယ်မှာလဲ

Vol. 34(Final) Ch. 505

မျှော်လင့်ချက် ဘယ်မှာလဲ

Vol. 34(Final) Ch. 505

အခန်း (၅၀၅)  :  မျှော်လင့်ချက် ဘယ်မှာလဲ

ရှန်ထျန်းက အဆုံးမဲ့ လေဟာနယ်ကို ကြည့်နေလိုက်သည်။

နတ်ဧကရာဇ်ငါးယောက်က သေဆုံးသွားကာ နယ်မြေငါးခု၏ ကပ်ဘေးက ယာယီဖြေရှင်းလိုက်နိုင်သော်လည်း သူက စိတ်မအေးနိုင်ပေ။

တိုက်ပွဲက အဆုံးမသတ်သေးပေ။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက အရမ်းအားကောင်းလွန်းလှသည်။ နတ်ဧကရာဇ်ငါးယောက် ဆုံးရှုံးလိုက်ရခြင်းက အပေါ်ယံ ဆုံးရှုံးမှုမျှသာ ဖြစ်၏။ ယခင် သူတို့သားကောင်ကို စောင့်ကြည့်နေသည့် ကျားလိုမျိုး အားကောင်းသည့် တည်ရှိမှုများလည်း ရှိနေသေးသည်။

တကယ့်တိုက်ပွဲနယ်မြေက နယ်မြေငါးခုတွင် မဟုတ်ဘဲ နတ်ဘုရားလောကတွင် ဖြစ်၏။ မိစ္ဆာဝိညာဉ်များကို ခုခံရမည့် ခရီးလမ်းက ရှည်လျားလွန်းလှသည်။

သို့သော်လည်း ရှန်ထျန်းက စိတ်မပျက်ပေ။

သူက နတ်ဧကရာဇ်ငါးယောက်နှင့် တိုက်ပွဲမှ အကျိုးကျေးဇူးများစွာ ရလိုက်သည်။ သူက နတ်ဧကရာဇ်စွမ်းအားနှင့် ထိတွေ့မိပြီး နတ်ဧကရာဇ်၏ စွမ်းအားအပေါ် နားလည်နိုင်စွမ်းက နက်ရှိုင်းလာခဲ့သည်။ ထို့အပြင် သူကိုယ်သူ လေ့ကျင့်နိုင်ခဲ့သည့်အတွက် သူ့တိုက်ခိုက်စွမ်းလည်း ပိုမို အားကောင်းလာရသည်။

ထိုအတွေးဖြင့် ရှန်ထျန်း၏ အကြည့်တို့က ပြတ်သားလာသည်။ မည်သို့ပင်ဆိုစေကာမူ သူက နယ်မြေငါးခုကို ဦးဆောင်၍ ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များ ကျူးကျော်မှုကို တားဆီးပေးရမည်။

ဤသည်မှာ လူသားဧကရာဇ် ရုပ်ခန္ဓာရှိသည့် လူတစ်ယောက်အတွက် တာဝန် တစ်ရပ် ဖြစ်သလို ယခင်ယခင် ဘိုးဘေးများ၏ ဆန္ဒတစ်ခုလည်း ဖြစ်၏။

ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ  “ ပြန်သွားရမဲ့ အချိန်ပဲ ”

သူက နယ်မြေငါးခုဆီ ပြန်ဖို့ ပြင်လိုက်သည်။ ထိုစဉ် အပြောင်းအလဲတစ်ခု ဖြစ်လာ၏။

သူ့ရင်ဘတ်မှ မှိန်ဖျော့ဖျော့ အလင်းရောင် တောက်ပလာပြီး ကျယ်ပြောလွန်းသော စွမ်းအားများ ထွက်ပေါ်လာသည်။

ခွန်းလွန်ကြေးမုံက ဖြည်းဖြည်းချင်း မြင့်တက်လာပြီး အလင်းတို့ မှိန်ဖျော့လာသည်။ ယခင်နှစ်တစ်ရာအတွင်း ခွန်းလွန်ကြေးမုံက စွမ်းအား ၉၀ ရာခိုင်နှုန်းလောက်ကို သုံးစွဲပြီးသွားလေပြီ။

ယခု နောက်ဆုံးအင်အားကို သုံးကာ ရှန်ထျန်းအား အနာဂတ်ဆီ ပြန်ပို့ပေးနေခြင်း ဖြစ်၏။ ရှန်ထျန်းက သိပ်တော့ မအံ့ဩမိပေ။

သူက သမိုင်းကြောင်း အဖြစ်အပျက်များကို သိထားမိ၍ စိတ်အေးသွားသည်။

ရှန်ထျန်းက နယ်မြေငါးခုဆီ လှည့်ကြည့်ကာ  “ အခု မင်းတို့ပေါ်ပဲ မူတည်တော့တယ် ”

သူက ဝန်လေးနေမိသည်။ ယခင်နှစ်တစ်ရာအတွင်း သူ့တွင် မိတ်ဆွေများစွာ ရခဲ့သည် မဟုတ်ပါလော။

အောင်းလေ့၊ ကျန်းထိုက်ယီ၊ ရှန့်ယန်ရှု၊ ရှန်းကျုံးလော့ …

သူတို့က တစ်လျှောက်လုံး ဘေးတွင် အတူတူ ယှဉ်တွဲတိုက်ခိုက်ခဲ့ကြကာ အခက်အခဲမှန်သမျှ အတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့သူများ မဟုတ်ပါလော။

အကြောင်းမှာ သူတို့၏ ထောက်ပံ့မှုကြောင့် ရှန်ထျန်က  ဂုဏ်ကျက်သရေကြီးမားသည့် ကောင်းကင်ခုံရုံးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဤခေတ်အခါ၏ ရှန်ထျန်းအတွက် အမှတ်တရ မှတ်ဉာဏ်များ ဖြစ်၏။

……….....

ပါရမီရှင်များအပြင် ရှန်ရှောင်လည်း ရှိခဲ့သည်။ သူ့တစ်ဦးတည်းသော တပည့်လေး ဖြစ်ပြီး သူတို့က နှစ်တစ်ရာကျော် အတူတူ ကုန်ဆုံးခဲ့သောကြောင့် လေးနက်သော ဆက်ဆံရေးမျိုး ရှိကြသည်။

ရှန်ထျန်းက ရှန်ရှောင်တစ်ယောက် မည်သို့အရွယ်ရောက်လာသည်ကို တစ်ဆင့်ချင်း မြင်ခဲ့ရသည့်အတွက် ထိပ်တန်း ပါရမီရှင်ထက် အားမနည်းကြောင်း သိထားသည်။ သူမက ရှန်ထျန်းကို တတ်နိုင်သမျှ မြန်မြန် လက်လှမ်းမီစေရန်အလို့ငှာ သာမန်လူများထက် များစွာအားထုတ်ကြိုးစားခဲ့၏။

ရှန်ထျန်းက သူ့မျက်လုံးနှင့် အားလုံးကို မြင်တွေ့ခဲ့ရသည်။ ကံမကောင်းစွာဖြင့် ရှန်ရှောင် အထွတ်အထိပ် ရောက်မည့် နေ့ရက်အား မမြင်နိုင်တော့ပေ။ သူက နည်းနည်း‌တော့ စိတ်ပျက်သလို ခံစားမိ၏။

ရှန်ထျန်းက ဤအချိန်အား နှုတ်ဆက်ကာ အနာဂတ်သို့ ပြန်သွားရတော့မည် ဖြစ်သည်။

သူ မည်မျှဝန်လေးနေစေကာမူ သူ တတ်နိုင်တာ မရှိပေ။ သူက အစတကည်းက ဤခေတ်အခါမှ လူ မဟုတ်ချေ။ အကယ်၍ သူသာ ဒီမှာကြာကြာဆက်နေနေလျှင် ကောင်းကင်တာအိုအပေါ် သက်ရောက်မှု ဖြစ်လာပြီး ကံကြမ္မာအား ရှုပ်ထွေးသွားစေလိမ့်မည်။

ထိုစဉ် ခွန်းလွန်ကြေးမုံမှ အံ့ဖွယ်အလင်းများဖြာကျလာသည်။

ထိုက်ချီအမှတ်အသားလည်း လင်းလက်လာသည်။

လေဟာနယ် ထွက်ပေါ်လာပြီး မြူခိုးများ ထွက်ပေါ်လာသည်။ အချိန်တည်နေရာ တံခါးက ရုတ်ချည်း ပေါ်လာပြီး စွမ်းအားပြင်းပြင်းဖြင့် ရှန်ထျန်းအား အချိန်မြစ်ထဲ ဆွဲခေါ်သွားသည်။

“တာအိုရောင်းရင်းတို့ အနာဂတ်မှာ ပြန်တွေ့ကြတာပေါ့ ”

သူ့ပုံရိပ်ပျောက်ကွယ်သွားပြီး ဤနယ်မြေမှ အပြီးတိုင် ထွက်ခွာသွားတော့သည်။

…………...

နယ်မြေငါးခု၌ ပါရမီရှင်များက တစ်ခုခု ခံစားလိုက်ရသည်။ သူတို့က မျှော်လင့်ချက်အပြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“အစ်ကိုရှန် သေချာပေါက် ဘေးကင်းကင်း ပြန်လာရမယ်နော် ”

ကျန်းထိုက်ယီ၏ အကြည့်များက စူးရှနေသည်။ သူတို့က ရှန်ထျန်းသည် နတ်ဧကရာဇ်သုံးယောက်ကို သတ်နိုင်လိမ့်မည် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားကြသည်။

ဘေးတွင် ရှန်ရှောင်လည်း အားအပြည့် တိုက်ခိုက်နေသည်။ နှစ်တစ်ရာကုန်လွန်သွားပြီးနောက် ကလေးမလေးက အပြည့်အဝ အရွယ်ရောက်လာခဲ့လေပြီ။

သူမတစ်ကိုယ်လုံးကို ရှုပ်ထွေးပွေလီစွမ်းအား ဝန်းရံထားပြီး သူမ၏ သူရဲကောင်းဆန်ဆန်ဟန်ပန်က ပြိုင်ဖက်ကင်းလှသည်။ သူမ လက်တစ်ချက်အဝေ့ဖြင့် ထာဝရမိစ္ဆာဝိညာဉ်များ သွေးစွန်းကြရ၏။

သို့သော် ထိုအခိုက်အတန့် ရှန်ရှောင်၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားသည်။ သူမက ရုတ်ချည်း ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။

သူမဆီကနေ အရေးကြီးတာ ပျောက်ဆုံးသွားသလိုမျိုး …

ရှန်ရှောင်က လေဟာနယ်ကို ကြည့်ကာ မျက်ရည်များ စီးကျလာသည်။

“ တပည့် နတ်ဧကရာဇ် ဖြစ်မလာပေမဲ့ ဆရာ ပြန်လာတာကို ဒီလောကကနေ စောင့်နေပါ့မယ်”

……….....

မြူတံခါးကို ဖြတ်သန်းလိုက်ပြီးနောက် ရှန်ထျန်းက အချိန်မြစ်ထဲ ရောက်ရှိသွားသည်။ ဤနေရာတွင် မြူများက သဘာဝစည်းမျဉ်းများဖြင့် ရောယှက်နေသည်။

အချိန်မြစ်ကြောင်းက ခေတ်အလိုက် ဆက်လက် စီးဆင်းသွား၏။

ဤနေရာက အတော်ထူးဆန်းလှသည်။ နဂိုအချိန်နှင့် တည်နေရာစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဆန်းကြယ်ကာ နက်နဲလွန်းလှသည်။ နတ်ဧကရာဇ်များနှင့် ထာဝရဘုရင်များပင် ဤနေရာထဲ ဝင်ရောက်ဖို့ ခက်ခဲလှပေသည်။

ခွန်းလွန်ကြေးမုံလိုမျိုး အထွတ်အထိပ် တာအိုရတနာကသာ အချိန်မြစ်ကို ကူးဖြတ်စေနိုင်လိမ့်မည်။

ခွန်းလွန်ကြေးမုံက ရှန်ထျန်းအား အချိန်မြစ်ထဲ တွန်းချလိုက်၏။ အချိန်များက ကုန်ဆုံးသွားကာ မြူများက ပိုမို ရစ်ပတ်လာသည်။

အချိန်မြစ်က သမိုင်းကြောင်း မြင်ကွင်းများစွာကို ပြသနေ၏။ ထိုအရာအားလုံးက အချိန်မှ ချန်ထားခဲ့သည့် အရိပ်အယောင်များဖြစ်ကာ ခေတ်အဆက်ဆက် မှတ်တမ်းများ ဖြစ်သည်။

……………

ရှန်ထျန်းက ထိုသမိုင်းကြောင်း မြင်ကွင်းများကို ကြည့်နေရင်း မျက်မှောင်ကြုတ်လာမိသည်။ ဘေးမှ ရပ်ကြည့်နေသူတစ်ဦးအနေနှင့် သူ ထွက်လာပြီးနောက် အဖြစ်အပျက်များကိုလည်း သိခဲ့ရသည်။

နတ်ဧကရာဇ်ငါးယောက်လုံး အသတ်ခံလိုက်ရတာကြောင့် လက်ကျန် မိစ္ဆာဝိညာဉ်များက နယ်မြေငါးခု ကျင့်ကြံသူများ၏ ပြိုင်ဖက် မဟုတ်တော့ဘဲ အကုန်အသတ်ခံလိုက်ရသည်။

သို့သော်လည်း အားလုံးက ရှန်ထျန်း‌ ပျောက်ကွယ်သွားကြောင်း သတိထားမိကာ အထိတ်တလန့် ဖြစ်လာကြသည်။

ကံကောင်းစွာဖြင့် ကျန်းထိုက်ယီ၊ အောင်းလေ့နှင့် အခြားလူများက ရှေ့ထွက်ကာ အခြေအနေထိန်းထားပေးခဲ့သည်။ နယ်မြေငါးခုက ယာယီငြိမ်းချမ်းမှု ရရှိသွားပြီး အားလုံးအား အသက်ရှုချိန် ရလာစေသည်။

ဤအချိန်အတွင်း ပါရမီရှင်များ၏ စွမ်းအားများက ဆတိုးမြင့်တက်လာခဲ့သည်။ အများစုက နတ်ဧကရာဇ်တပိုင်းအဆင့် ရောက်သွားကြလေပြီ။ သို့သော်လည်း အချိန်ကောင်းက ကြာရှည်မခံပေ။

မိစ္ဆာဝိညာဉ်မျိုးနွယ်က ရည်ရွယ်ချက်ကြီးမားပြီး နယ်မြေငါးခုကို ဆက်လက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် နတ်ဧကရာဇ်ငါးယောက် သေဆုံးမှုက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အာရုံစိုက်မှုကို ဖမ်းစားခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ် သူတို့က နယ်မြေငါးခုကို အပြည့်အဝ ကျူးကျော်စေရန် အဆင့်မြင့် ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။

မိစ္ဆာဝိညာဉ်တပ်က အလုံးအရင်း ရောက်ရှိလာသည်။ ဤတိုက်ပွဲ၏ အန္တရာယ်က ယခင်ထက် ပိုမိုကြီးမားသည်။ အကြောင်းမှာ မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် ခုနှစ်ယောက် ဆင်းသက်လာ၍ ဖြစ်၏။

နယ်မြေငါးခုက ဖျက်စီးခံလိုက်ရပြီး အပျက်အစီးပုံ မြင်ကွင်းများသာ မြင်တွေ့နေရသည်။ ကောင်းကင်ခုံရုံးအဖွဲ့က ရှန်ထျန်း ချန်ထားခဲ့သည့် အစီအရင်စွမ်းအားဖြင့် နောက်ဆုံးအထိ ခုခံကာ နတ်ဧကရာဇ် ခြောက်ဦးအား နောက်ပြန်ဆုတ်စေခဲ့သည်။

သို့သော်လည်း နောက်ဆုံး နတ်ဧကရာဇ်က ရုတ်ချည်း လှုပ်ရှားလိုက်သည်။

သူက တမင် သတ်ဖြတ်ခဲ့၏။

သိပ်မကြာခင် အစီအရင် ကျိုးပျက်သွားကာ ကောင်းကင်ခုံရုံးလည်း အန္တရာယ်ကြား ကျရောက်လာသည်။ ကေင်းကင်ခုံရုံးအဖွဲ့သားများစွာက မိစ္ဆာဝိညာဉ်လက်အောက် ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြပြီး သူတို့အလောင်းများက တောင်ပုံရာပုံဖြစ်ကာ ခန်းမတစ်ခုလုံး သွေးနီနီ စွန်းထင်းနေသည်။

ထိုမြင်ကွင်းကို မြင်ကာ ရှန်ထျန်း၏ အကြည့်တို့က ခက်ထန်လာသည်။ သူ့မိတ်ဆွေများ ကောင်းကင်ခုံရုံးကို ကာကွယ်ရင်း ဆိုးဆိုးရွားရွား အသတ်ခံရသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ သူတို့စိတ်နှလုံးသားထဲမှ တော်ဝင်နယ်မြေ ဖြစ်၏။ သူတို့အသက်တန်ကြေးနှင့်ပင် နောက်မဆုတ်ကြပေ။

သို့သော် အဆုံးသတ်၌ ကောင်းကင်ခုံရုံးက ဖျက်စီးခံလိုက်ရဆဲ ဖြစ်ကာ မြောက်ပင်လယ်ထဲ ထာဝရနှစ်မြှပ်သွားခဲ့သည်။

ကောင်းကင်စစ်သူကြီး ၁၀၈ ဦးအနက် တစ်ဝက်ကျော်က ဒဏ်ရာရ သေဆုံးခဲ့ကြသည်။ သူတို့က အပြီးတိုင် ပျက်သုန်းလုနီးပါး ဖြစ်ခဲ့ရ၏။

ရှန်ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ သူက အချိန်မြစ်ထဲမှ ထွက်ကာ မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်အားလုံးကို သတ်ပစ်ချင်နေသည်။ သို့သော်လည်း သူက ထွက်မသွားနိုင်ပေ။

ကံပြောင်းလဲလိုက်သည်နှင့် ကြောက်မက်ဖွယ်အရာများ သေချာပေါက် ဖြစ်လာလိမ့်မည်။

လက်ရှိတွင် ဖြစ်စေ၊ အနာဂတ်တွင် ဖြစ်စေ မမြင်နိုင်သည့် အခြေအနေများကို တွေ့ကြုံခံစားရလိမ့်မည်။

…………...

ကံကောင်းစွာဖြင့် အခြေအနေက ပြောင်းလဲသွားခဲ့သည်။ ဝတ်စုံဖြူ ဝတ်ဆင်ထားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် ဝန်းရံထားသည့် အမျိုးသမီးတစ်ဦးက ငွေရောင်ဓားကို ကိုင်ဆောင်ကာ အခြေအနေကို ပြန်ပြောင်းပေးခဲ့သည်။

သူမက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အသုံးပြုကာ နတ်ဧကရာဇ် ခုနှစ်ယောက်လုံးကို သတ်ပစ်ခဲ့ပြီး နယ်မြေငါးခု၏ ကပ်ဘေးကို ဖြေရှင်းပေးခဲ့သည်။ ဤတိုက်ပွဲ၌ သူမက နတ်ဧကရာဇ်နယ်ပယ်အဆင့်ထဲ တက်လှမ်းနိုင်ခဲ့လေသည်။

ထို့နောက် သူမက လက်ကျန် ကောင်းကင်ခုံရုံးအဖွဲ့သားများကို ဦးဆောင်ကာ နတ်ဘုရားလောကအထိ တက်ရောက်၍ သုတ်သင်နိုင်ခဲ့သည်။ သူမက ထွက်မသွားခင် နယ်မြေငါးခုကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။

ထိုအကြည့်တို့၌ အဓိပ္ပါယ်များစွာ ပါဝင်နေသည်။

ရှန်ထျန်းက သူ့ဘာသာ ရေရွတ်မိလိုက်သည်  “ရှောင်ရှောင်”

သူက ဝတ်စုံဖြူ အမျိုးသမီးသည် ရှန်ရှောင် ဖြစ်ကြောင်း မှတ်မိလိုက်၏။ ရှန်ထျန်း ပျောက်ကွယ်သွားပြီးနောက် သူမက အပြည့်အဝ အာရုံစိုက်ထားပြီး လောက၏ ချမ်းသာကြွယ်ဝမှုတို့ကို ပစ်ပယ်ကာ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို လေ့လာရန် တံခါးပိတ်သာနေခဲ့သည်။

အဆုံးသတ်၌ သူမက ဤကျင့်စဉ်ကို အောင်အောင်မြင်မြင် နားလည်သွားလေသည်။ ထို့အပြင် သူမက ကောင်းကင်ဝါးမျိုခြင်း မြေကမ္ဘာပညာရပ်ကို ဖန်တီး၍ သူမ၏ မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာအား ဖြစ်ပေါ်စေသည်။

ရှန်ရှောင် ထွက်ပေါ်လာမှုကြောင့် နယ်မြေငါးခုက ပျက်သုန်းမသွားခဲ့ပေ။

…………....

ရှန်ထျန်းက ရှန်ရှောင် တိုးတက်လာမှုများကို ကြည့်နေရင်း ပြုံးမိလာသည်။ သူမက မိစ္ဆာဝိညာဉ်များ ကြောက်ရွံ့လာစေသည့်အထိ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း လေ့ကျင့်ကာ အချိန်ကြာလာသည်နှင့်အမျှ အားပိုကောင်းလာသည်။

အဆုံးသတ်၌ ရှန်ရှောင်က အထွတ်အထိပ် တည်ရှိမှု ဖြစ်လာကာ နတ်ဘုရားလောက၏ ဆန်းကြယ်မျိုးနွယ်စုများကို ဦးဆောင်၍ မိစ္ဆာဝိညာဉ်များကို တိုက်ခိုက်ခဲ့သည်။

သူမကို တစ်လောကလုံးက မဟာဧကရီဟု ခေါ်ဝေါ်ကြသည်။ သို့သော်လည်း ရှန်ထျန်းက သူမသည် လေဟာနယ်ထဲ ခဏတိုင်း ကြည့်နေတတ်သည်ကို သတိထားမိလိုက်၏။

သူမ၏ နောက်ကျောပုံရိပ်က တစ်ယောက်ယောက် ပြန်အလာကို စောင့်ဆိုင်းနေဟန်ပေါ်သည်။

ရှန်ထျန်းက ထိုအရာကို မြင်လိုက်ရသည့်အခါ ခန္ဓာကိုယ်က တုန်ယင်လာမိသည်။

နောက်ဆုံးတွင် သူ ယခင်က တွေ့ခဲ့သည့် မဟာဧကရီဆိုသူက ရှန်ရှောင် ဖြစ်နေကြောင်း သတိထားမိလိုက်သည်။ ဟိုးအစကတည်းက သူမ စောင့်ဆိုင်းနေသူက သူသာ ဖြစ်နေလေသည်။

……………

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်အထက် ...

ကောင်းကင်တခွင် အက်ကြောင်းကြီးများ ဖြစ်လာကာ သဘာဝစည်းမျဉ်းများလည်း ဖရိုဖရဲ ဖြစ်လာသည်။ ရှန်ထျန်းက လေဟာနယ်ထဲမှ ထွက်လာကာ ပင်လယ်ပြင်အထက် ပေါ်လာသည်။

ထိုစဉ် ခွန်းလွန်ကြေးမုံ စွမ်းအားက ကုန်ဆုံးသွားလေပြီ။

အဆုံးသတ်၌ ထိုအရာက မှိန်ဖျော့ဖျော့အလင်းများနှင့် သာမန်ကြေးမုံတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။

ရှန်ထျန်းက ဤတစ်ကြိမ် ခွန်းလွန်ကြေးမုံသည် နှစ်သောင်းချီစွမ်းအားများကို ကုန်ဆုံးခဲ့ကြောင်း ခံစားမိလိုက်သည်။ သူက ခွန်းလွန်ကြေးမုံကို သိမ်းထားလိုက်သည်။ နောင်အခါကျ သူ့အနေနှင့် ပြန်လည် ကောင်းမွန်လာမည့် အခွင့်အရေး ရလာနိုင်သည်။

ရှန်ထျန်းက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဤသည်မှာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။ သို့သော် သူက နယ်မြေငါးခု၏ အခြေအနေကို မသိရသေးပေ။

ရှန်ထျန်းက နဂါးနက်ကျွန်းဆီ ဦးတည်လိုက်သည်။ လမ်းတစ်လျှောက် သူက နယ်မြေငါးခု၏ အခြေအနေသည် လွန်ခဲ့သော နှစ် လေးသိန်း ကိုးသောင်းခန့်ကနှင့် အတူတူ ဖြစ်နေကြောင်း သိလိုက်ရ၏။ နေရာတိုင်းတွင် စစ်ပွဲမီးတောက်များ တောက်လောင်နေပြီး မိစ္ဆာဝိညာဉ်မျိုးနွယ်က ရုတ်ရုတ်သည်းသည်း သောင်းကြမ်းထားကြသည်။

မြောက်ပင်လယ်တစ်ခုလုံး ကပ်ဘေးနှင့် ရင်ဆိုင်ထားရ၏။

မိုင်သန်းပေါင်းသောင်းချီ ပိုင်နက်အတွင်း ဘာဆိုဘာမှရှိမနေဘဲ မိစ္ဆာဝိညာဉ်များသာ ရှိနေသည်။

“ မိစ္ဆာဝိညာဉ်မျိုးနွယ်က အားအပြည့် ထုတ်တိုက်လိုက်ပြီလား ”

ရှန်ထျန်း၏ အကြည့်တို့က လေးနက်လာသည်။

သူက တည်နေရာ ကူးသန်းပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းကာ နဂါးနက်ကျွန်းရှိရာဆီ အပြေးအလွှား သွားလိုက်သည်။

………….

နဂါးနက်ကျွန်း၌ …

နေရာအနှံ့နှံ့မှ မီးခိုးများ မြင့်တက်လာသည်။

နဂါးနက်ကျွန်းအထက် ကောင်းကင်ယံတွင် ထာဝရမိစ္ဆာဝိညာဉ်များစွာက ပင်လယ်ပြင်ကို စိုက်ကြည့်နေကြသည်။ သူတို့နောက်တွင် မိစ္ဆာဝိညာဉ်တပ်က ကောင်းကင်ကို ဖုံးအုပ်ထားသည့် အနက်ရောင် ဒီရေအလား ပါရှိသည်။

သူတို့အရှိန်အဝါများက ကောင်းကင်ထဲ ပျံ့နှံ့နေပြီး ကြောက်ဖို့ကောင်းလှသည်။

နဂါးနက်ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အလင်းအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ နဂါးနတ်ဘုရားစွမ်းအား ထွက်ပေါ်လာပြီးနောက် ကောင်းကင်မှ မိစ္ဆာဝိညာဉ်များနှင့် ပိုင်းခြားပစ်လိုက်သည်။

ဤသည်မှာ နဂါးနက်ကျွန်း ဘိုးဘေးများ ချန်ထားခဲ့သည့် မဟာအစီအရင် ဖြစ်ပြီး အကန့်အသတ်မဲ့ ကာကွယ်စွမ်းအားတို့ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ထာဝရမိစ္ဆာဝိညာဉ် ဆယ်ယောက်ကျော် ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးနောက် အစီအရင်က မတည်မငြိမ် ဖြစ်လာကာ အချိန်မရွေး အက်ကွဲသွားတော့မည့်ဟန်ပေါက်နေသည်။

နဂါးနက်ဘုရင်ဟောင်း အောင်းယဲ့၊ အောင်းဝူ၊ အောင်းပင်းနှင့် ကျန်းလူများက နဂါးနက်ကျွန်းရှေ့တွင် ရပ်ကာ စောင့်နေကြသည်။ သူတို့အပြင် မြောက်ပင်လယ်၏ နတ်ဆိုးအများစုလည်း စုစည်းနေကြသည်။ သူတို့အကြည့်များက သေခြင်းတရားကို သွေးအေးအေးကြည့်နေသကဲ့သို့ ပြတ်သားလှသည်။

ဤကပ်ဘေးကြီးက မြောက်ပင်လယ် နတ်ဆိုးများ တောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။ အစီအရင် ကျိုးပျက်သွားသည်နှင့် သူတို့အတွက် အဆုံးသတ် ဖြစ်သွားလိမ့်မည်။

“ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က တပ်ကူလွှတ်ပေးနိုင်လား ”

ခွန်မင်၏ အသံက လေးလံနေပြီး အသက်ရှင်နိုင်မည့် အခွင့်အရေးကို ဖမ်းဆုပ်လိုနေသည်။

အောင်းယဲ့က ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး  “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် အခုကြုံတွေ့နေရတဲ့ တိုက်ခိုက်မှုက ငါတို့ မြောက်ပင်လယ်ထက် ပိုအခြေအနေဆိုတယ်။ ဒီတစ်ခါ ဒီအခြေအနေကို ပြန်ပြောင်းပစ်ဖို့ နည်းလမ်း မရှိလောက်တော့ဘူး  ”

သူတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်သည် တပ်ကူ လွှတ်မပေးနိုင်ကြောင်း သတင်းဆိုးကို လက်ခံရရှိလိုက်သည်။ အကြောင်းမှာ နယ်မြေငါးခုလုံး ကပ်ဘေးအတွင်း ကျရောက်နေလေပြီ။

နေရာတိုင်းကို မိစ္ဆာဝိညာဉ်များက တိုက်ခိုက်နေကြလေသည်။

အလယ်ပိုင်းကုန်းမြေ၌ တိုက်ခိုက်မှုများက အခြားနေရာများထက် ပိုကြောက်ဖို့ကောင်းပေသည်။

“မြောက်ပင်လယ်က ဒီနေ့ ပျက်စီးသွားတော့မှာလား ”

ခွန်ရှုက သက်ပြင်းချကာ အင်အားမဲ့မှုကို ခံစားနေရသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်က အားကုန်တိုက်ခိုက်လာသည်။ ဤသို့သော တိုက်ခိုက်မှုမျိုးက သူတို့ ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။

ထို့အပြင် မြောက်ပင်လယ်တွင် နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်သည့် နဂါးဘုရင်အိုကြီးတစ်ယောက်တည်းသာ ရှိသည်။ သူတစ်ယောက်တည်းဖြင့် ထာဝရမိစ္ဆာဝိညာဉ်ဆယ်ယောက်ကျော်ကို မည်သို့လုပ် တိုက်ခိုက်နိုင်မည်နည်း။

ဝုန်း …

အစီအရင်၏ အလင်းအလွှာက ကြေမွသွားလေပြီ။ မိစ္ဆာမြူများ ကျူးကျော်လာကာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားလေ၏။

ထာဝရမိစ္ဆာဝိညာဉ် ဆယ်ယောက်ကျော်က ကြောက်မက်ဖွယ် မျက်ဝန်းများဖြင့် လေထဲ ရပ်နေကြသည် “မိစ္ဆာဝိညာဉ်တပ် ဒီပုရွက်ဆိတ်တွေကို သတ်ပစ်ကြ ”

အဆုံးမဲ့ မိစ္ဆာဝိညာဉ်တပ်က ကြောက်မက်ဖွယ် အသံကျယ်ကြီးများဖြင့် ဟစ်ကြွေးလိုက်ကြသည်။

ထိုမြင်ကွင်းက အားလုံးကို မျှော်လင့်ချက် ကုန်ခမ်းသွားစေ၏။

“ ငါ သေသွားရင်တောင် ဒီမိစ္ဆာကောင်တွေကို တစ်ပါတည်း ဆွဲခေါ်သွားမယ် ”

ခွန်ရှုက မာန်ပါပါ ဟစ်ကြွေးလိုက်သည်။ သူက မိစ္ဆာဝိညာဉ်များပါ တစ်ပါတည်း သေမင်းဆီ ဆွဲခေါ်သွားလိုသည်။

“သတ်ကြ”

နဂါးဘုရင်ဟောင်း အောင်းယဲ့နှင့် အခြားလူများလည်း ခက်ထန်စွာ ဟိန်းဟောက်လိုက်ကြသည်။ အားလုံးက မိစ္ဆာဝိညာဉ်များကို အသေသတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်ထဲ ချီတက်သွားလိုက်ကြသည်။

သို့သော် သူတို့အနေနှင့် ဤတိုက်ပွဲက မျှော်လင့်ချက်မဲ့ကြောင်း သိနေပေသည်။

…………...

ထိုစဉ် လေဟာနယ် အက်ကွဲသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါများက ကမ္ဘာကိုပင် လှုပ်ခါနိုင်လေ၏။

သူ့ဝတ်ရုံဖြူက လေတလွှင့်လွှင့်ဖြစ်နေပြီး မားမားမတ်မတ် ရပ်နေသည်။

သူတို့က ထိုလူကို မြင်လိုက်ရသည့်အချိန် မြောက်ပင်လယ်ရှိ လူတိုင်းက ကျောက်ရုပ်နီးပါး ဖြစ်သွားကြပြီး အကြည့်တို့ အသက်ဝင်လာကြသည်။

အံ့အားသင့်မှု၊ တုန်လှုပ်မှု …

စိတ်ခံစားချက်များစွာ လျှံထွက်လာသည်။

“ဒါက … အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လား ”

“အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ပြန်ရောက်လာပြီ ”

သူတို့က ရှန်ထျန်းကို ချက်ချင်း မှတ်မိလိုက်ကြပြီး စိတ်လှုပ်ရှားလာကြသည်။ မြောက်ပင်လယ် အန္တရာယ်ထဲ ကျရောက်စဉ်အခါကျ ရှန်ထျန်းက ရှေ့ထွက်၍ တစ်လောကလုံးကို ကယ်တင်ခဲ့သည်။

နှစ်တစ်ရာကြာ ပျောက်ကွယ်သွားသော်လည်း အားလုံး၏ စိတ်ထဲ၌ သူ့အနေအထားမှာ မပြောင်းလဲသေးပေ။ ဤသို့သော အရေးကြီးသည့်အခိုက်အတန့်မျိုး ရှန်ထျန်း ပေါ်ထွက်လာမှုက အားလုံးဆီ မျှော်လင့်ချက် ဆောင်ကျဉ်းလာသည်။

ထာဝရမိစ္ဆာဝိညာဉ်များလည်း အကြည့်တို့ ပြောင်းသွားကြသည်။ သူတို့က ရှန်ထျန်းအကြောင်း ကြားဖူးကြသည်။ ယခင် ရှန်ထျန်းက ထာဝရမိစ္ဆာဝိညာဉ်များကို သတ်ပစ်ခဲ့၏။

ရှန်ထျန်း ပေါ်လာသည်ကို မြင်လိုက်သည့်အခါ မိစ္ဆာဝိညာဉ်များစွာ၏ အကြည့်များက ခက်ထန်လာကြသည်။

“ကောင်စုတ်လေး … ကောင်းကင်ဘုံ သွားရမဲ့ လမ်းရှိပေမဲ့ မင်းက ငရဲတွင်းထဲပဲ ခုန်ချချင်နေတာကိုး။ ဒီနေ့ မင်းရဲ့ ဝိညာဉ်ကို မြောက်ပင်လယ်မှာ သင်္ဂြိုလ်ပေးလိုက်မယ် ”

ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်က ခက်ထန်စွာ ပြောလိုက်သည်။

နယ်မြေငါးခုရှိ ရှန်ထျန်း၏ ဂုဏ်သတင်းက ထာဝရမိစ္ဆာဝိညာဉ်တစ်ယောက်ကို သတ်ခဲ့ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ဆယ်ယောက်ကျော်ရှိနေလေရာ သူတို့က စိတ်ထဲ ထည့်မတွက်ပေ။

ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်ကို သတ်နိုင်ခြင်းမှာ သူက ဆယ်ယောက်ကျော်ကို သတ်နိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

မိစ္ဆာဝိညာဉ်များက ယခင်က ရှန်ထျန်း သတ်ပစ်လိုက်သည့် ထာဝရမိစ္ဆာအတွက် လက်စားချေပေးဖို့ ရည်ရွယ်ထားကြ၏။ ထာဝရမိစ္ဆာဝိညာဉ် ဆယ်ယောက်ကျော် အတူတူ လှုပ်ရှားလာကြပြီး ရှန်ထျန်းဆီ ပြေးဝင်လာကြသည်။

ကောင်းကင်ပင် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပြီး အဆုံးမဲ့ အနက်ရောင်မြူများ ထွက်ပေါ်လာကာ နေလတို့ပင် အရောင်ဖျော့တော့သွားရသည်။

အားလုံး၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားသည် “ သတိထား ”

နဂါးအိုကြီးက ရှန်ထျန်းကို ကူညီပေးရန် အလို့ငှာ ရှေ့တိုးလာသည်။ ဤနေရာတွင် ထာဝရမိစ္ဆာဝိညာဉ်များစွာ ရှိနေပြီး စွမ်းအားပြင်းလွန်းလှသည်။

မည်သူကမှ ရှန်ထျန်း၏ လက်ရှိတိုက်ခိုက်စွမ်းကို နားမလည်ထားသောကြောင့် သူ အန္တရာယ်ဖြစ်မည်ကို စိုးထိတ်နေကြသည်။

သို့သော်လည်း ရှန်ထျန်းက အတော်ကွဲပြားပေသည်။ သူက လက်အသာမြှောက်က ရိုက်လွှတ်လိုက်၏။

ဖြောင်း

မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာထောင်ချီ ပိုင်နက်ကြီးက ပြိုလဲပျက်စီးသွားသည်။

ထာဝရမိစ္ဆာဝိညာဉ်များက အော်ဖို့ အခွင့်အရေးပင် မရလိုက်ဘဲ သွေးမြူအဖြစ် ပေါက်ထွက်သွားသည်။ မိစ္ဆာဝိညာဉ်တပ်ကြီးပင် ချက်ချင်း ခြေမွခံရပြီး ပျောက်ကွယ်သွားသည်။

မိုးမြေက ပြန်လည် ကြည်လင်လာပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည့် ပင်လယ်မျိုးနွယ်သာ ကျန်ရှိနေသည်။

…………...

ခွန်ရှု၊ အောင်းယဲ့နှင့် အခြားလူများက ကြောင်အမ်းသွားကြသည်။

နဂါးအိုကြီးကလည်း နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားကာ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေလေ၏။

နတ်ဧကရာဇ်တပိုင်းအဆင့်ပင် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားလိမ့်မည်။

ရှန်ထျန်းက နှစ်တစ်ရာကြာပြီးတော့ ပိုကြောက်ဖို့ကောင်းလာတာလား …

ထာဝရမိစ္ဆာဝိညာဉ်က သူ့အတွက် ခွေးတစ်ကောင်ကို သတ်ရသလိုမျိုး လွယ်ကူနေသည်။ သူက လက်တစ်ချောင်းဝေ့ရုံဖြင့် သတ်ပစ်နိုင်၏။

ဤစွမ်းအားက ကြောက်ဖို့ကောင်းလှသည်။

“မြောက်ပင်လယ်ရဲ့ ကယ်တင်ရှင် ပြန်ပေါ်လာပြီ ”

“မိစ္ဆာဝိညာဉ် အစုတ်ပလုတ်တွေ အကုန်သေသွားပြီ ”

အောင်းဝူက အရင်ဆုံး အသိဝင်လာသူ ဖြစ်၏။ သူက လေးလေးစားစား အမူအယာဖြင့် ကောင်းကင်ထဲ တန်းပြေးသွားသည်။

ရှန်ထျန်းက ပြုံးလိုက်၏။

သူ့မိတ်ဆွေများ ဘေးကင်းသည်ကို မြင်ရ၍ စိတ်သက်သာရာရသွားမိသည်။ သူက မျှော်လင့်မထားသည့်အရာ တစ်ခုခု ဖြစ်သွားမည်ကို စိုးထိတ်နေခဲ့၏။ ကံကောင်းစွာဖြင့် ဤတစ်ခါ အချိန်မီခဲ့လေသည်။

ဤတစ်ကြိမ် အောင်းပင်းက ပျံသန်းလာသည်။

သူမက ရှန်ထျန်းအား နက်နက်နဲနဲ စိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်  “နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီ ”

ရှန်ထျန်းက ခေါင်းညိတ်ကာ  “ ဟုတ်တယ်။ ကိုယ် ကိစ္စလေးတချို့ကြောင့် နှောင့်နှေးသွားလို့ ”

အောင်းပင်းက ရှန်ထျန်းသည် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲ ဝင်သွားမှန်း သိထားသည်။ သို့သော်လည်း သူမအနေနှင့် သူ နှစ်တစ်ရာလောက် ပျောက်ကွယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အောင်းရွှယ်ရော” ရှန်ထျန်းက ရှန်အောင်းရွယ်ကို မမြင်မိသောကြောင့် မေးလိုက်သည်။

အောင်းပင်းက ရှင်းပြလိုက်၏  “ အောင်းရွယ်က ကျိရှားကျောင်းတော်မှာ။ နယ်မြေငါးခု ကပ်ဘေးကြောင့် သူမ ပြန်မလာနိုင်ခဲ့ဘူး ”

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး  “ အဲဆို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကရော ဘယ်လိုလဲ ”

ဤသည်မှာ သူ့အိမ် ဖြစ်သောကြောင့် ဂရုစိုက်မိသည်။

အောင်းပင်းက ထပ်ပြောပြလိုက်သည်  “ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဆင်ပြေတယ်။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကလွဲရင် အားအကောင်းဆုံးပဲလေ။ နှစ်တစ်ရာအတွင်း သူတို့တိုးတက်နှုန်းက အရမ်းမြန်တယ်။ ပြီးတော့ သူတို့က ထာဝရတပိုင်းအဆင့်တွေကိုတောင် မွေးထုတ်ပေးနိုင်ခဲ့ပြီ။

ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့လည်း နတ်ဧကရာဇ်တပိုင်းအဆင့် ရောက်သွားကြပြီ ”

ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်သည်။ ဤသည်မှာ ခန့်မှန်းထားသည့်အတိုင်း ဖြစ်၏။

သူက ထွက်မသွားခင် အထွတ်အမြတ်မြေဆီ ပြိုင်ဖက်ကင်း အမွေအနှစ်များစွာကို ယူဆောင်လာခဲ့သောကြောင့် နှစ်တစ်ရာက ပညာရှင်များ မွေးထုတ်ပေးဖို့ လုံလောက်ပေသည်။

အောင်းပင်း၏ လေသံက ပြောင်းလဲသွား၏ “ ဒီဘက် အကူအညီတောင်းတုန်းက အံ့ဖွယ်မိုးကောင်းကင်က အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ပြီးလို့ တပ်ကူလွှတ်ပေးဖို့ စီစဉ်နေခဲ့ပြီးသား။ ဒါပေမဲ့ အလယ်ပိုင်းကုန်းမြေမှာ အရေးတကြီး အခြအနေဖြစ်လာတယ်။ ပြီးတော့ လက်ရှိအခြေအနေက တော်တော်ဆိုးရွားနေတာနဲ့ ကျန်းလုံယွမ်တို့က အံ့ဖွယ်မိုးကောင်းကင် တပ်ကို ဦးဆောင်ပြီး အလယ်ပိုင်းကုန်းမြေဆီ သွားကူပေးရတယ်  ”

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဘေးကင်းနေကြောင်း ကြားလိုက်ရသည့်အခါ စိတ်အေးမိသွားသည်။

ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပ်ြီး  “မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ကျူးကျော်ခံရနေပြီလား။ ပြီးတော့ သူတို့က အခြားနေရာတွေကို အကူအညီမပေးနိုင်ဘူးပေါ့ ”

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်သည် နယ်မြေငါးခု၌ အားအကောင်းဆုံး အင်အားစု ဖြစ်၏။ သူတို့ကြား အားကောင်းသည့် ကျင့်ကြံသူများစွာ ပါရှိပြီး တော်ဝင်အရှင် ဟွမ်ရှစ်လိုမျိုး အထွတ်အထိပ် ပုဂ္ဂိုလ်ပင် ရှိနေသေးသည်။

ဤသို့အုတ်မြစ်ဖြင့် သူတိုက တကယ်ကြီး အန္တရာယ်ထဲ ကျရောက်သွားသေးတယ်လား။

အောင်းပင်းက လေးလံစွာ ခေါင်းညိတ်ပြလိုက်ပြီး  “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က သမိုင်းကြောင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတာ။ ထာဝရမိစ္ဆာဝိညာဉ် တစ်ထောင်က သူတို့ဆီ ကျူးကျော်လာပြီးတော့ ထာဝရအရှင်ထက် မြင့်တဲ့ တည်ရှိမှုလည်း ပါဝင်လာတယ်။

တော်ဝင်အရှင်ဟွမ်ရှစ်လည်း သူ့ကို နှောင့်ယှက်နေတဲ့ မိစ္ဆာဝိညာဉ်တွေကို မဖယ်ရှားနိုင်ဘူး။ အဲဒါနဲ့ သူလည်း အခြားသူတွေကို အကူအညီမပေးနိုင်တော့တာ ”

ရှန်ထျန်း၏ အကြည့်တို့က လေးနက်လာကာ  “တော်ဝင်အရှင် ဟွမ်ရှစ်တောင် ဝိုင်းအတိုက်ခံရတာလား ”

ဟွမ်ရှစ်က ရှန်ထျန်း အလေးစားရဆုံး အကြီးအကဲများထဲမှ တစ်ဦး ဖြစ်သည်။ တစ်ချိန်တည်းတွင် သူက နယ်မြေငါးခု၌ အားအကောင်းဆုံးလူလည်း ဖြစ်၏။

မိစ္ဆာဝိညာဉ်မျိုးနွယ်က ဤသို့မျိုး ပါရမီရှင်ကိုပင် တိုက်ရဲလေသည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် ဆင်းသက်တာလား …

ရှန်ထျန်းက အလယ်ပိုင်းကုန်းမြေဆီ သွားဖို့ ပြင်လိုက်သည်။ နယ်မြေငါးခု၏ ကပ်ဘေးက ယခင် နှစ်လေးသိန်း ကိုးသောင်းတုန်းကထက် မနည်းပေ။

ထာဝရမိစ္ဆာဝိညာဉ် အယောက်တစ်ထောင် အတူတူလှုပ်ရှားလာသောကြောင့် ကြောက်စရာကောင်းလှသည်။ နယ်မြေငါးခု၏ နတ်ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူများအားလုံး စုစည်းလိုက်လျှင်ပင် သူတို့အား ခုခံနိုင်မည် မဟုတ်ချေ။

မထင်မှတ်ထားသည်များ ဖြစ်မလာစေရန် သူ့အနေနှင့် မြန်မြန် သွားရမည်။

“ ငါလည်း လိုက်မယ် ”

ထိုစဉ် နဂါးအိုကြီးလည်း ထွက်လာသည်။ သူက ၂၇ ကြိမ်မြောက် အတိဒုက္ခလွန် နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်ပြီး ထာဝရမိစ္ဆာဝိညာဉ် ခုနှစ်ယောက်ကို ရင်ဆိုင်နိုင်လောက်သည့်အထိ အားကောင်းလှသည်။ ယခု မြောက်ပင်လယ်၏ ကပ်ဘေးပြီးသွားပြီဖြစ်ရာ သူ့အနေနှင့် နယ်မြေငါးခုကို အကျိုးပြုလိုသည်။

“ ကောင်းပြီ ”

ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်ပြီးနောက် အလယ်ပိုင်းကုန်းမြေဆီ ဦးတည်နေသည့် အစီအရင်ကို အသက်သွင်းလိုက်သည်။ ယခုအခြေအနေက အရေးကြီးနေလေရာ အချိန်ဖြုန်းနေစရာ မလိုပေ။ အစီအရင်ကို မြန်မြန် ခင်းကျင်းလိုက်သည်နှင့် ကြီးကျယ်လှသည့် အရှိန်အဝါများ ထွက်လာသည်။

ရှန်ထျန်းနှင့် နဂါးအိုကြီးတို့က အစီအရင်ထဲ ဝင်ကာ အလယ်ပိုင်းကုန်းမြေဆီ ဦးတည်လိုက်ကြသည်။

………………

အလယ်ပိုင်းကုန်းမြေ၊ မဟာလွင်ပြင် နယ်မြေ၌ …

အလယ်ပိုင်းကုန်းမြေ စီရင်စုကိုးခု၏ ပင်မက အားအကောင်းဆုံး စီရင်စု ဖြစ်သည်။ ဤနေရာသည် မဟာလွင်ပြင် နတ်ဘုရား၏ ဌာနချုပ်လည်း ဖြစ်သည်။ အတိတ်တုန်းက မိစ္ဆာဝိညာဉ်မျိုးနွယ်သည် တစ်ခါမှ မကျူးကျော်ဖူးခဲ့ပေ။

သို့သော် ယခုတွင် တိတ်ဆိတ်ခြောက်ကပ်နေလေသည်။

သိပ်သည်းလွန်းသည့် မိစ္ဆာဝိညာဉ်တပ်ကြီးက မဟာလွင်ပြင် နယ်မြေ အပြင်ပိုင်းကို ဝိုင်းထားလေသည်။ ထာဝရမိစ္ဆာဝိညာဉ် အယောက်တစ်ထောင်က ကီလိုမီတာ တစ်သောင်းပတ်လည် သောင်းကြမ်းထားကြသည်။

မိုးမြေကြား ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီး ထွက်လာကာ ကမ္ဘာကိုပင် ဖျက်စီးပစ်တော့မည့်ဟန်ပေါ်နေသည်။

လေဟာနယ်ထဲ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်မြောက်များစွာလည်း ရှိနေသေး၏။

သူတို့အကြည့်များက ဆာလောင်နေသည့် တစ္ဆေများကဲ့သို့ ရက်စက်လှသည်။ ဤမြင်ကွင်းက အားလုံးကို ထိတ်လန့်လာစေသည်။

ကျင့်ကြံဆင့် နိမ့်သူများက အကြောက်တရားကြောင့် မေ့လဲသွားကြ၏။ ဝိဇ္ဇာအဆင့်အထက် ကျင့်ကြံသူများလည်း အံ့ဩတုန်လှုပ်နေကြသည်။ ဤကပ်ဘေးကြီးက ကြောက်စရာကောင်းလွန်း၍ လူများစွာအား မျှော်လင့်ချက်မဲ့လာစေသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်က နယ်မြေငါးခုကို တစ်ခါတည်း ဖျက်စီးပစ်ဖို့ ကြံစည်ရင်း နှစ်များစွာ စီစဉ်ခဲ့ရသည်။

မဟာလွင်ပြင် နယ်မြေက နေရာတစ်ခုလုံးကို ပိတ်ဆို့ထားသည့် အထွတ်အထိပ် အစီအရင် ရှိနေသောကြောင့် မိစ္ဆာဝိညာဉ်များနှင့် ယာယီပိုင်းခြားထားနိုင်ခဲ့သည်။ သို့သော်လည်း အခြေအနေက သူတို့အတွက် အလွန်ဆိုးရွားနေသေး၏။

မိစ္ဆာဝိညာဉ်တပ် အနေအထားက ယခင်ထက် ပိုအားကောင်းသည်။ ထို့အပြင် နတ်ဘုရားလောကကလည်း တပ်ကူပို့လွှတ်မပေးနိုင်ပေ။ နယ်မြေငါးခုက မျှောမှန်းမထားသည့် ကပ်ဘေးထဲ ရောက်ရှိသွားပြန်ပြီ ဖြစ်၏။

ရှီထျန်းကျီ၊ စစ်ဘုရင်နှင့် ကျိရှားကျောင်းတော် ဆရာများစွာက မဟာလွင်ပြင် နယ်မြေ၏ မြို့နံရံများပေါ်တွင် ရပ်နေကြသည်။

သူတို့အမူအယာများက လေးနက်နေ၏။

မိစ္ဆာဝိညာဉ်များ ကျူးကျော်လာလေပြီ။ ဤကပ်ဘေးကြီးက အဆုံးမဲ့ပြီး မည်သူမှ အသက်ရှင်နိုင်မည့် အခွင့်အရေးကို မမြင်မိပေ။

သူတို့ ဘယ်လောက်ကြာကြာတောင့်ခံနေရမှာလဲ … မျှော်လင့်ချက်က ဘယ်မှာလဲ

All Chapters