← Chapters

ရှေးဟောင်းနတ်ဘုရား ရောက်ရှိလာခြင်း

Vol. 34(Final) Ch. 507

ရှေးဟောင်းနတ်ဘုရား ရောက်ရှိလာခြင်း

Vol. 34(Final) Ch. 507

အခန်း (၅၀၇)  :  ရှေးဟောင်းနတ်ဘုရား ရောက်ရှိလာခြင်း

အားလုံးက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ယံထက်တွင် ပြိုင်ဖက်ကင်း ပုံရိပ်တစ်ခု ရပ်နေပြီး နတ်ဧကရာဇ်ခြောက်ယောက်နှင့် ထိပ်တိုက် တိုက်ခိုက်ကာ ထူးခြားဖွယ် အံ့ဖွယ်စွမ်းရည်များ ထုတ်ပြနေသည်။

နဂို အားလုံးကို အထင်သေးလျော့တွက်နေသည့် မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က ဆိုးဆိုးရွားရွား အော်ဟစ်ရသည့်အထိ အရိုက်ခံခဲ့ရလေသည်။

ထိုမြင်ကွင်းက အားလုံးကို မူးနောက်နောက် ဖြစ်သွားစေ၏။ သူတို့အနေနှင့် လူတစ်ယောက်တည်းဖြင့် နယ်မြေငါးခု၏ ကပ်ဘေးကြီးကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မထင်ထားပေ။

……….....

ဝမ်ရှန်းယုကလည်း အံ့ဩတကြီး ဖြစ်နေကာ  “ အဲဒါ ညီအစ်ကိုရှန်လား ”

“ ညီအစ်ကိုရှန်က နတ်ဧကရာဇ်ကို ရိုက်နေတာလား။ အမလေလေး ငါ အိပ်မက်များ မက်နေတာလား။ လောင်ချီ ငါ့ကို ရိုက်ကြည့်စမ်းပါ … နာလား သိရအောင် ”

ဝမ်ရှန်းယု၏ အကြည့်တို့က မယုံသင်္ကာများ ဖြစ်နေလေ၏။ သူက ရှန်ထျန်းသည် နှစ်တစ်ရာကြာပြီးနောက် ဒီလောက်အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့က အတူတူတိုးတက်အောင် လုပ်ကြမယ်လို့ မပြောခဲ့ဘူးလား …

အဆုံးသတ်မှာ သူက ထာဝရမိစ္ဆာဝိညာဉ်နှင့် ရင်ဆိုင်နေစဉ် ရှန်ထျန်းက နတ်ဧကရာဇ်ကို ရိုက်နှက်နေလေပြီ။

ထို့အပြင် သူက နတ်ဧကရာဇ်ခြောက်ယောက်ကို တစ်ပြိုင်နက် ရိုက်နှက်နေခြင်း ဖြစ်၏။

ဟိုဆိုရိုးစကားက ဘာပါ့လိမ့် … လူတွေကြားက ကွာခြားချက်က တစ်ခါတစ်ရံ လူသားနှင့် ခွေးကြားက ကွာခြားချက်ထက် ပိုကြီးမားတယ်တဲ့

ထိုအရာကို တွေးမိပြီး ဝမ်ရှန်းယုက ရှုံ့မဲ့သွားတော့သည်။

ညီအစ်ကိုရှန် ဒီလိုလိမ်လည်လို့ ကောင်းကင်တာအိုကနေ အပြစ်ပေးမှာ မကြောက်ဘူးလား

..................

ချီရှောက်ရွမ်က မျက်ခုံးပင့်ကြည့်လိုက်သည်။ ဤသည်မှာ တစ်ယောက်ယောက် ဒီလိုမျိုး တောင်းဆိုသည်မှာ ပထမဆုံး ဖြစ်၏။

ဂွက်

ချီရှောက်ရွမ်က အားနာမမနေဘဲ ဝမ်ရှန်းယု ခေါင်းကို ရိုက်ချလိုက်သည်။

ဝမ်ရှန်းယုက ခေါင်းကို အုပ်ထားပြီး အံ့ကြိတ်ကာ  “ ချီမျိုးရိုးကောင် ဘာလုပ်နေတာလဲ”

ချီရှောက်ရွမ်က အေးအေးဆးဆေး ပြန်ဖြေသည် “ မင်းတောင်းဆိုချက်ကို ဖြည့်ဆည်းပေးတာလေ ”

ဝမ်ရှန်းယုက ချက်ချင်း ကျိန်ဆဲလိုက်တော့သည်  “ ငါက ဒီအတိုင်းပြောတာလေကွာ။ မင်းက တကယ်ကြီး လာရိုက်ရလား”

ချီရှောက်ရွမ်က သူ့အား ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။

ညီအစ်ကိုရှန် နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ ငါ ချီရှောက်ရွမ်က ကောင်းကင်အောက်က အားအကောင်းဆုံးကို နောက်တစ်ခေါက် ထပ်စိန်ခေါ်နိုင်ပြီ …

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ အကြည့်များက တုန်လှုပ်မှုအပြည့် ဖြစ်လာသည်။

ရှန်ထျန်း ပြသခဲ့သည့် စွမ်းရည်က ကြောက်ဖို့ကောင်းလွန်းလှသည်။ သူတို့က ရှန်ထျန်းက နတ်ဧကရာဇ်အဆင့် မရောက်သေးသလို နတ်ဧကရာဇ်စွမ်းအားလည်း မကျွမ်းကျင်သေးကြောင်း သိရှိသွားကြသည်။

နတ်ဧကရာဇ် ဖြစ်မလာခင်ကတည်းက နတ်ဧကရာဇ်ခြောက်ယောက်ကို ရင်ဆိုင်နိုင်နေလေပြီ။

ဒီကောင်လေးက သရဲသဘက်ဆန်လှသည်။

ကျန်ရှိနေသော နတ်ဧကရာဇ်သုံးယောက်၏ အကြည့်များက ရက်စက်လာကာ ရှန်ထျန်းနောက်ကျောဘက်မှ ပြေးဝင်လာကြသည်။ သူတို့က အတားအဆီးကို ချိုးဖောက်ကာ ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ရှာဖွေလိုကြ၏။

သို့သော်လည်း သူတို့ ရှေ့တိုးမလာခင် ဟွမ်ရှစ်က တိုက်ခိုက်လိုက်သည်။ သူ့ခရမ်းရောင်အဝတ်အစားများက တလွှင့်လွှင့် ဖြစ်နေပြီး နတ်ဧကရာဇ်သုံးယောက်အား တားဆီးထားကာ  “ မင်းတို့ ပြိုင်ဖက်က ငါ ”

နတ်ဧကရာဇ်သုံးယောက်က အချင်းချင်း ကြည့်လိုက်ပြီး အော်ပြောလိုက်သည် “သတ်ကြ”

သူတို့က ဒေါသတကြီး လျှောက်လှမ်းလာသောကြောင့် မိုးမြေတခွင် သတ်ဖြတ်ငွေ့အပြည့် ဖြစ်လာသည်။

ဟွမ်ရှစ်၏ အမူအယာက မပြောင်းမလဲဖြင့် ကိုယ်ပွားနှစ်ခုကိုသာ ရှေ့ခေါ်ဆောင်လိုက်သည်။ သူက နယ်မြေငါးခု၏ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူက နတ်ဧကရာဇ်ကိုးယောက်ကို မယှဉ်နိုင်သော်လည်း သုံးယောက်ကိုတော့ ကိုင်တွယ်နိုင်လေသည်။

ဟွမ်ရှစ်က လက်ထဲတွင် ကောင်းကင်စည်းတံဆိပ်ကို ကိုင်ဆောင်ထားပြီး ပြိုင်ဖက်ကင်း အံ့ဖွယ်စွမ်းအားများကို ထုတ်လွှင့်ထားသည်။ သူက စွမ်းအားပြင်းပြင်းဖြင့် ထွက်ပေါ်လာပြီး စကြဝဠာကြီးကိုပင် တုန်ခါသွားစေ၏။

ဟွမ်ရှစ်က ဟွမ်ရှစ်တော်ဝင်ကျမ်းမှ ပညာရပ်များကို ထုတ်သုံးပြီး အတိုင်းအတာလွန် စွမ်းအားများဖြင့် တိုက်ခိုက်လိုက်သည်။ သူ့တိုက်ကွက်တစ်ခုချင်းစီက ကောင်းကင်ကိုပင် ဖျက်စီးပစ်နိုင်သည့် ကြောက်ခမန်းလိလိ စွမ်းအားများ ပါဝင်နေသည်။

နှစ်ဖက်လုံးက အပြင်းအထန် တိုက်ခိုက်နေကြသည်။ နတ်ဧကရာဇ်သုံးယောက်က မည်မျှကြိုးစားစေကာမူ အရေးမသာကြပေ။

မိုးမြေ ကွဲအက်သွားပြီး နေရောင်၊ လရောင်တို့ပင် တောက်ပမှု မှေးမှိန်သွားသည်။

ဤသည်မှာ အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်ပြီး မြင်ကွင်းက ကြောက်ခမန်းလိလိ ဖြစ်၏။

သူ့ဘေးတွင် ရှန်ထျန်းက နတ်ဧကရာဇ်ခြောက်ယောက်နှင့် ရင်ဆိုင်နေသည်။ သူ့အံ့ဖွယ်စွမ်းအားများက အားကောင်းလွန်းလှပြီး သူ့တစ်ကိုယ်လုံးမှ အံ့ဖွယ်အလင်းများ ဖြာထွက်နေသည်။

လူသားဧကရာဇ် စည်းတံဆိပ်နှင့် လူသားဧကရာဇ် နန်းတော်တို့က လေဟာနယ်ထဲ ရောက်သွားပြီး ကောင်းကင်ကို ဖိနှိပ်ထားသည့် စွမ်းအားများ ထွက်ပေါ်လာသည်။ နေရာအနှံ့ အလင်းတန်းများ ဖြာထွက်သွားလေ၏။ သူ့အရှိန်အဝါတို့လည်း ကြီးမြတ် ကျယ်ပြန့်လွန်းလှသည်။

ရှန်ထျန်းက တုနှိုင်းမဲ့ အုပ်စိုးသူတစ်ယောက်လိုမျိုး ဖြစ်နေသည်။ သူ့လက်တစ်ချက်အဝေ့တွင် နတ်ဧကရာဇ်က သွေးအန်လိုက်ရ၏။

“တောက် ”

ဒဏ်ရာအပြင်းအထန် ရထားသည့် နတ်ဧကရာဇ်က သွေးများ စီးကျနေဆဲ ဖြစ်၏။

သူ့ဒဏ်ရာအနား ရှုပ်ထွေးပွေလီ စွမ်းအားများ ရှိနေပြီး သူ့အသက်ဓာတ်ကို တိုက်ဖျက်နေသည်။ ရှန်ထျန်းဆီမှ တိုက်ခိုက်ခံရပြီးနောက် သူ့ဒဏ်ရာများက အခြေအနေပိုဆိုးလာခဲ့သည်။

သူက ရှန်ထျန်းသည် ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားပေ။

ရှန်ထျန်းတွင် နတ်ဧကရာဇ်၏ နှလုံးခုန်နှုန်းကိုပင် မြန်လာစေသည့် လက်နက်နှစ်မျိုး ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသာ သတိလွတ်သွားပါက ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

“ ဒါက .. ပထမ လူသားဧကရာဇ်ရဲ့ မဟာအသုံးအဆောင်မလား”

“ ဒီလူက လူသားဧကရာဇ် ရုပ်ခန္ဓာ ရှိနေတာပဲ ”

နတ်ဧကရာဇ်တချို့က လူသားဧကရာဇ် စည်းတံဆိပ်နှင့် လူသားဧကရာဇ် နန်းတော်ကို မှတ်မိသွားကြပြီး အမူအယာများ ချက်ချင်း ပြောင်းလဲသွားကြသည်။  ထိုအထွတ်အထိပ် အသုံးအဆောင်များက မိစ္ဆာဝိညာဉ်မျိုးနွယ်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီး ဖြစ်ခဲ့ဖူးလေသည်။ ယခင် ပထမ လူသားဧကရာဇ်က ထိုအသုံးအဆောင်များဖြင့် မိစ္ဆာဝိညာဉ် ထာဝရဧကရာဇ်ကိုတောင် သတ်ဖြတ်ပစ်ခဲ့သည်။

ဒုတိယ လူသားဧကရာဇ်ကလည်း ထိုအသုံးအဆောင်များဖြင့် နတ်ဧကရာဇ်ငါးယောက်ကို သတ်ပစ်ခဲ့သည်။

ဤသို့ဖြင့် လူသားဧကရာဇ် အသုံးအဆောင်များက အလွန်ကျော်ကြားလာပြီး မြင်ရရုံနှင့်ပင် မိစ္ဆာဝိညာဉ်များအား တုန်တုန်ယင်ယင် ဖြစ်လာစေသည်။

အသုံးအဆောင်နှစ်ခု ထွက်ပေါ်လာသည့် မြင်ကွင်းကြောင့် နတ်ဧကရာဇ်များ၏ အမူအယာက ပြောင်းလဲလာသည်။ ကံဆိုးစွာဖြင့် လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် နောက်ထပ် လူတစ်ဦး ထွက်ပေါ်လာခဲ့လေပြီ။

ထိုစဉ် ရှန်ထျန်းက အပြေးရောက်လာပြီး လူသားဧကရာဇ် စည်းတံဆိပ်ဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။

ဝှစ်

ရွှေရောင်အလင်းတန်း လင်းလက်လာပြီးနောက် တောက်ပလွန်းသည့် အလင်းတန်း ထွက်လာသည်။

လူသားဧကရာဇ် စည်းတံဆိပ် ရုတ်ချည်း ကြီးမားလာပြီး ကမ္ဘာကို ဖုံးလွှမ်းသွားသည်။

ဝုန်း

သူ့ခန္ဓာကိုယ် ပေါက်ထွက်သွားပြီး အရိုးနှင့်အသားတို့ ပျံကျဲသွားသည်။

ဒဏ်ရာအပြင်းအထန် ရထားသော နတ်ဧကရာဇ်က အသားပြားဖြစ်သွားလေပြီ။ မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်တစ်ယောက် ဒီလိုသေဆုံးသွားပြီး သွေးမိုးရွာသွန်းလာသည်။

ထိုမြင်ကွင်းက မိစ္ဆာဝိညာဉ်များစွာအား ထိတ်လန့်သွားစေ၏။ သူတို့အကြည့်များ၌ မယုံကြည်နိုင်မှုများနှင့်အတူ ထိတ်လန့်မှုများပါ ကိန်းအောင်းနေသည်။

အစပိုင်းတွင် သူတို့က နတ်ဧကရာဇ်ကိုးယောက် ဆင်းသက်လာသောကြောင့် နယ်မြေငါးခုကို ရှင်းထုတ်ဖို့ရာ ကိစ္စကား အသေးအမွှားလေးဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ရှန်ထျန်း ပေါ်ထွက်လာမှုက အခြေအနေကို ပြောင်းပြန် ဖြစ်သွားစေပြီး သူက နတ်ဧကရာဇ်တစ်ယောက်ကိုပင် သတ်ပစ်လိုက်သည်။

ဤသို့သော တိုက်ခိုက်စွမ်းက ကြောက်ဖို့ကောင်းလှ၏။

နတ်ဧကရာဇ်ငါးယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူတို့အနေနှင့် ရှန်ထျန်းသည် သူတို့ကို သေခြင်းတရား အငွေ့အသက်ကို ခံစားနိုင်အောင် လုပ်နိုင်သည့်အထိ အားကြီးနေလိမ့်မည်ဟု မထင်ထားကြပေ။ အကယ်၍ သူတို့သာ ဆက်တိုက်နေလျှင် အနိုင်ရနိုင်ခြေ မရှိဘဲ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားကြလိမ့်မည်။

နတ်ဧကရာဇ်ငါးယောက်၏ အကြည့်များက ပြတ်သားလာကာ “ဘယ်လိုဖြစ်ဖြစ် ငါတို့ ဒီနေ့ လူသားဧကရာဇ် ရုပ်ခန္ဓာနဲ့ ကောင်လေးကို သတ်ရမယ်။ ဒီသွေးမျိုးဆက်ကို အဆက်ဖြတ်ရမယ် ”

နတ်ဧကရာဇ်ငါးယောက်က ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှင့်လိုက်ကြသည်။ ကောင်းကင်ပင် အက်ကွဲသွားပြီး နက်နဲလှသည့် မဟူရာအလင်းတန်းကိုပင် မြင်လိုက်ရသည်။ နတ်ဧကရာဇ် ငါးယောက်၏ သွေးများလောင်ကျွမ်းသွားပြီး အသက်ဓာတ် စွမ်းအားက အလျှင်အမြန် လျော့ကျလာသည်။

သို့သော် သူတို့က ဂရုမစိုက်ပေ။ သူတို့မျက်နှာအထက် ရူးသွပ်မှုက ပို၍ ပြင်းထန်လာသည်။

နတ်ဧကရာဇ်ငါးယောက်က တားမြစ်မိစ္ဆာပညာရပ်ကို ထုတ်သုံးပြီး သူတို့ဘာသာ ယစ်ပူဇော်ကာ မိစ္ဆာဝိညာဉ် အဆင့်မြင့် ကျင့်ကြံသူကို ဆင့်ခေါ်နေခြင်း ဖြစ်၏။

လူသားဧကရာဇ် ရုပ်ခန္ဓာက မိစ္ဆာဝိညာဉ်မျိုးနွယ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ခဲ့သည် မဟုတ်ပါလော။ သူတို့အနေနှင့် မည်သို့ဖြစ်ဖြစ် အပြီးတိုင် ဖျက်စီးပစ်ရမည်။

နတ်ဧကရာဇ်ငါးယောက်က အော်ပြောလိုက်ကြသည်  “ လူသားဧကရာဇ် ရုပ်ခန္ဓာနဲ့ လူကို သတ်ပေးဖို့ အထွတ်အထိပ် ဝိညာဉ်အရှင်ဆီ တောင်းဆိုပါတယ် ”

ဝုန်း

နတ်ဧကရာဇ်ငါးယောက်၏ ခန္ဓာကိုယ်က ပေါက်ထွက်သွားကာ သူတို့သွေးများက ကောင်းကင်ကို မြင့်တက်သွားသည့် မည်းနက်နေသော လှံအဖြစ် ဖွဲ့စည်းသွားသည်။

ရှန်ထျန်း၏ အမူအယာများက လေးနက်နေပြီး စိတ်ထဲ မသက်မသာ ခံစားနေရသည်။ ဤစွမ်းအားမှာ ကြောက်ဖို့ကောင်းပြီး နတ်ဧကရာဇ် ငါးယောက်၏ အသက်အဆီအနှစ်များ စုစည်းထားခြင်း ဖြစ်၏။

ဝုန်း

လှံနက်ကြီးက ကောင်းကင်ကို ထိုးဖောက်သွားသည်။ နယ်မြေငါးခု အကာအရံက အပြင်းအထန် တုန်ခါလာကာ အချိန်မရွေး ကြေမွသွားတော့မည့်ဟန် ပေါက်နေသည်။

ရှန်ထျန်း၏ အကြည့်တို့က ခက်ထန်လာသည်။ သူက အကာအရံစွမ်းအားသည် အလျှင်အမြန် ပျောက်ကွယ်နေကြောင်း ခံစားမိပြီး စွမ်းအားအများစုက ပျောက်ကွယ်သွားလေပြီ။

………....

ကောင်းကင်ထက် ရုတ်ချည်းဆိုသလို ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။

ပြင်ပလောကမှ တစ်ယောက်ယောက်က သူ ဝင်ရောက်ပြီး စိတ်ကြိုက်သတ်ဖြတ်နိုင်ဖို့အတွက်  နယ်မြေငါးခု အကာအရံကို အတင်းတိုက်ခိုက်နေလေသည်။

ဝုန်း …

အသံက ပိုမို ပြင်းထန်လာကာ ဖိအားပြင်းပြင်းကို သယ်ဆောင်လာသည်။ အသံက အားလုံး၏ ရင်ဘတ်ထဲ ရိုက်ခတ်လာပြီး နှလုံးသားပင် ပေါက်ကွဲလုနီးပါး ဖြစ်စေသည်။

ဘန်း

အသံကျယ်ကြီး ပဲ့တင်ထွက်လာသည်။

ကြေမွနေသည့် အကာအရံကြီးက ရုတ်ချည်း ပေါက်ထွက်သွားသည်။ မိုးမြေ၏ သဘာဝစည်းမျည်းများလည်း အစီအစဉ်မကျဖြစ်ကာ ပြိုလဲလာသည်။

လေဟာနယ်ထဲ သိပ်သည်းလွန်းသည့် အလင်းပေါက်ကြီး ဖြစ်လာ၏။

ဤမြင်ကွင်းက အားလုံး၏ အမူအယာကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။

ဟွမ်ရှစ်၏ အမူအယာများက လေးနက်လာပြီး  “ သွားပြီ … နယ်မြေငါးခု အကာအရံကျိုးပျက်သွားပြီ။ နယ်မြေငါးခုတော့ သေမင်းကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ် ”

ပြိုင်ဖက်ကင်း ထာဝရဘုရင်များက ရှေးပဝေဏီခေတ်က နယ်မြေငါးခုအကာအရံကို ခင်းကျင်းခဲ့ခြင်း ဖြစ်၏။

နယ်မြေငါးခုကို ကာကွယ်ပေးခဲ့သည်မှာ နှစ်တစ်သန်းရှိသွားပြီ ဖြစ်ရာ မိစ္ဆာဝိညာဉ်များ ကျူးကျော်မှုကို ခုခံပေးပြီး အားလုံး ဖွံဖြိုးလာဖို့ အချိန်ပေးထားသည်။ နှစ်တစ်သန်း ကြာမြင့်သွားကာ အကာအရံစွမ်းအားက အတော်အတန် လျော့ကျသွားသော်လည်း အချိန်အတော်ကြာ ကြာရှည်ခံဦးမည် ဖြစ်၏။

ယခု နယ်မြေငါးခု အကာအရံ ကျိုးပျက်သွားပြီ ဖြစ်ရာ ပြင်ပလောကမှ ဒီနယ်မြေကို ဆက်လက် ကာကွယ်ပေးမည့် အကာအရံမရှိတော့ကြောင်း ဆိုလိုနေခြင်း ဖြစ်၏။

နတ်ဘုရားလောကမှ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်စေ ဒါမှမဟုတ် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များ ဖြစ်စေ အားလုံးက အခက်အခဲမရှိ ဝင်ရောက်နိုင်လေပြီ။

ဤသည်မှာ နယ်မြေငါးခုအတွက် ကမ္ဘာ့ပျက်ကပ်ကြီး ဖြစ်၏။

နယ်မြေငါးခု၏ လက်ရှိအနေအထားဖြင့် သူတို့က နတ်ဧကရာဇ်ပင် ရင်မဆိုင်နိုင်ကြပေ။

ဤသည်က ပိုမို ကြောက်ဖို့ကောင်းသည့် တည်ရှိမှုမျိုး ဖြစ်၏။

အကယ်၍ ပြင်ပလောကမျ မိစ္ဆာဝိညာဉ်များသာ တိုက်ခိုက်လာခဲ့လျှင် နယ်မြေငါးခုက အဆုံးမဲ့ ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရတော့မည်။

ရှန်ထျန်း၏ စိတ်နှလုံးသားက လေးလံလာသည်။ သူက မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်များသည် ဤမျှပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့က သူတို့အသက်ကို စတေး၍ ဤနယ်မြေကို ဖွင့်ပစ်ဖို့ရာ တုံ့ဆိုင်းမနေကြပေ။ ထို့အပြင် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက လာကူမည်ဖြစ်သောကြောင့် သူတို့အား တားဆီးရန် နည်းလမ်း မရှိတော့ပေ။

ရှန်ထျန်းက အလေးအနက် ပြောလိုက်သည်  “ ဒီအကာအရံကို ပြန်ပြင်ဖို့ နည်းလမ်းစဉ်းစားသင့်တယ် ထင်တယ် ”

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် ကိစ္စများက ရှုပ်ထွေးလာပေတော့မည်။ သူက ဤကိစ္စသည် မည်မျှပြင်းထန်ကြောင်း သိထားသလို လျစ်လျူရှုမရကြောင်းလည်း သိထားသည်။

သို့သော်လည်း ထိုစဉ် လေဟာနယ်က ကြေမွသွားသည်။

ကောင်းကင်တစ်ခုလုံးက လက်အကြီးကြီးကြောင့် စုတ်ဖြဲခံလိုက်ရသလို ဖြစ်သွားသည်။ ကြယ်တာရာမြစ်ကြီးက ကြေမွသွားကာ မြင်ကွင်းက ကြောက်မက်ဖွယ် ဖြစ်၏။

သက်ရှိတစ်ယောက်က လေဟာနယ်ထဲမှ ထွက်လာသည်။ သူ့တစ်ကိုယ်လုံးမှာ အရိုးချွန်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများက ကောင်းကင်ကို ဝဲပျံမည့် ဦးချိုပါ နဂါးတစ်ကောင်လို ဖြစ်နေသည်။

သူ ထွက်လာသည့်အခါ လေဟာနယ်ကို ခြေမွပစ်လိုက်သည်။ ဤလူက သာမန်လူများကို သတ်ဖို့ ကြံရွယ်ထားသည့် မိစ္ဆာနတ်ဆိုးလို ဖြစ်၏။

ဤမြင်ကွင်းက အားလုံးကို ကြောက်လန့်သွားစေသည်။

တစ်ယောက်ယောက်က တုန်လှုပ်တကြီး အော်ပြောလိုက်၏  “ ဒါက ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူက ဘာလို့ကြောက်ဖို့ကောင်းနေရတာလဲ”

ဤလူ၏ အရှိန်အဝါက အားကောင်းလွန်းလှပြီး နတ်ဧကရာဇ်အဆင့်ကို ကျော်လွန်နေသော တည်ရှိမှုမျိုး ဖြစ်သည်။ ကျင့်ကြံဆင့်နိမ့်သူများက ကြောက်ကြောက်လန့်လန့်ဖြင့် မေ့လဲသွားကြပြီး လေဟာနယ်မှ ပြုတ်ကျလာကြသည်။

နတ်ဧကရာဇ်တပိုင်းများပင် တုန်ယင်လာပြီး ဆံပင်များပင် ထောင်မတ်လာသည်။ သူတို့က ထိုစွမ်းအားကို မတောင့်ခံနိုင်ပေ။

ကျန်ရှိနေသော နတ်ဧကရာဇ်သုံးယောက်က ထိုအရာကို မြင်ပြီး ဝမ်းသာသွားကြသည်။ သူတို့က မြန်မြန် ရှေ့တိုးလာကာ လေးလေးစားစား ပြောလိုက်သည်  “ ရှေးဟောင်းနတ်ဘုရား ယန်ကွေ့ကို ကြိုဆိုပါတယ် ”

နတ်ဧကရာဇ်သုံးယောက်လုံးက ထိုပုဂ္ဂိုလ်အား ကြိုဆိုကြသောကြောင့် သူက သေချာပေါက် ထူးခြားပေလိမ့်မည်။

ယန်ကွေ့၏ အမူအယာက အေးစက်နေပြီး  “ အမှိုက်တွေ မင်းတို့က သေမျိုးနယ်မြေတစ်ခုတောင် မကိုင်တွယ်နိုင်ဘူးလား ”

နတ်ဧကရာဇ်သုံးယောက်က တုန်တက်သွားပြီး ခေါင်းများသာ ငုံ့ထားလိုက်ကြသည်။

နတ်ဧကရာဇ်ပင် ယန်ကွေ့ထံ ဦးညွှတ်ရပြီး ပြန်လည် မချေပရဲပေ။ အကြောင်းမှာ သူက ရှေးဟောင်းနတ်ဘုရား ဖြစ်‌နေ၍ ဖြစ်၏။

နတ်ဘုရားစနစ်နောက် လိုက်လံကျင့်သုံးသူများက တက်လှမ်းပြီးနောက် နတ်ဘုရားအစစ်အမှန် ဖြစ်လာလိမ့်မည်။ နတ်ဘုရားအစစ်အမှန်အထက်တွင် ကောင်းကင်နတ်ဘုရားနှင့် ရှေးဟောင်းနတ်ဘုရားများ ရှိ၏။

မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ကျင့်ကြံရေးနည်းလမ်းက လူသားများနှင့် ကွဲပြားသော်လည်း ရှေးဟောင်းနတ်ဘုရားဆိုသော ဂုဏ်ပုဒ်က ဆိုလိုရင်း တူညီကြသည်။ ဤသည်မှာ နတ်ဧကရာဇ်အဆင့်ကို‌ ကျော်လွန်နေသည့် အဆင့်ဖြစ်ပြီး စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။ သူက လက်တစ်ချောင်းဝေ့ရုံဖြင့် သာမန်နတ်ဧကရာဇ်များကို ဖျက်စီးပစ်နိုင်သည်။

သူတို့က ယန်ကွေ့ကို မြင်လိုက်သည့်အခါ ရှန်ထျန်းနှင့် ဟွမ်ရှစ်တို့က စိုးထိတ်လာကြသည်။ ရှေးဟောင်းနတ်ဘုရားများက အလွန်အားကောင်းလွန်းပြီး နတ်ဧကရာဇ်များပင် လိုက်မယှဉ်နိုင်ပေ။

သူတို့က နတ်ဧကရာဇ်အဆင့်ပင် မရောက်ကြသေးပေ။

ယန်ကွေ့ ပေါ်ထွက်လာမှုကို မြင်ပြီး နှစ်ယောက်လုံးက စိတ်ထဲမှ သက်ပြင်းသာ ချလိုက်ကြသည်။

ထိုစဉ် ယန်ကွေ့က ကြောက်မက်ဖွယ် အကြည့်တို့ဖြင့် ကြည့်လာသည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်၏  “ ဒီလိုမျိုး အားနည်းတဲ့ လူသားဧကရာဇ် ရုပ်ခန္ဓာရှိတဲ့သူကို မြင်ဖူးတာ ပထမဆုံးပဲ။ အရမ်းကောင်းတယ် … ငါ ဒီလိုအကျိုးပြုမှုကို လက်ခံရတာပေါ့ ”

လူသားဧကရာဇ် ရုပ်ခန္ဓာသည် မိစ္ဆာဝိညာဉ်မျိုးနွယ်အတွက် တားမြစ်ချက်တစ်ခုလို ဖြစ်နေပြီး ဤမျိုးဆက် ဆက်လက်တည်ရှိဖို့ ခွင့်မပြုနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ဖျက်စီးပစ်ရမည်။ ထို့ကြောင့် သူတို့က ရှန်ထျန်းကို သတ်ရန် ရှေးဟောင်းနတ်ဘုရားကို စေလွှတ်လိုက်ခြင်း ဖြစ်၏။

ယန်ကွေ့၏ အကြည့်များက မကျေမနပ် အရိပ်အယောင်များ ပြည့်လာသည်။ ဤကျင့်ကြံဆင့်ဖြင့် လူသားဧကရာဇ်ရုပ်ခန္ဓာပိုင်ရှင်က သူ့အတွက် ဘာမှမဟုတ်ပေ။

ယန်ကွေ့က လက်ဆန့်ထုတ်ပြီး ရှန်ထျန်းအား ဆွဲယူလိုက်သည်။ မိုးမြေကြား ကြယ်တာရာများပင် ကြေမွသွားစေနိုင်သည့် ဧရာမ လက်ကြီးတစ်ဖက် ပေါ်ထွက်လာ၏။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားဖြစ်ပြီး ရပ်တန့်မရနိုင်ပေ။ ရိုးရိုးရှင်းရှင်း ရိုက်ချက်ကပင် ကမ္ဘာကြီးအား ဖျက်စီးပစ်နိုင်သည်။

ထိုစဉ် အရှေ့ဘက်မှ ဒေါသတကြီးအော်သံတစ်ခု ပေါ်ထွက်လာ၏။

“ မိစ္ဆာကောင် ရပ်လိုက်စမ်း ”

ယန်ကွေ့ဆီ အလင်းတန်းတစ်ခု ဝင်ရောက်လာသည်။

“ ဘယ်သူလဲ ”

ယန်ကွေ့က အော်လိုက်ပြီး သူ့တိုက်ခိုက်မှုကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ဝုန်း

စည်းမျဉ်းများက ကြေမွသွားလေသည်။

ယန်ကွေ့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူ့အကြည့်တို့လည်း မဟူရာအလင်းတစ်ချက် ဖြတ်ပြေးသွား၏။

ဒီလောကမှာ ရှေးဟောင်းနတ်ဘုရားနဲ့ ရင်ဆိုင်နိုင်တဲ့ တည်ရှိမှုမျိုး ရှိနေသေးတာလား…

ရှန်ထျန်းရှေ့ ရှေးဟောင်း မျှော်နန်းဆောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုမျှော်နန်းဆောင်ကို အက်ကြောင်းများဖြင့် ဖုံးလွှမ်းထားသောကြောင့် အင်မတန် ပျက်စီးနေဟန်ပေါ်နေသည်။ သို့သော်လည်း ကောင်းကင်တာအို အရောင်အဝါများဖြင့် ရစ်ပတ်နေပြီး စွမ်းအားကြီးကြီးကို သယ်ဆောင်ထား၍ ကြည့်ရသည်မှာ နက်နဲလှပြီး စွမ်းအားကြီးလှသည်။

အံ့ဖွယ် မျှော်နန်းဆောင်က လေဟာနယ်ကို စောင့်ကြပ်ကာ မိစ္ဆာမြူများအား ရှင်းထုတ်ရင်း ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုကို ပြန်လည်တည်ဆောက်နေသည်။ သူကိုယ်တိုင်က နယ်မြေငါးခုနှင့် ကွဲထွက်နေသည့် ကမ္ဘာတစ်ခုလိုမျိုး ဖြစ်နေသည်

အံ့ဖွယ် မျှော်နန်းဆောင်ရှေ့တွင် ခရမ်းဝတ် အကြီးအကဲတစ်ဦး ထွက်ပေါ်လာ၏။ သူ့ဆံပင်ဖြူဖြူများက လွှင့်နေသည်။

ရှန်ထျန်းက ထိုလူကို မြင်ပြီးနောက် စိတ်သက်သာရာရသွားကာ  “ လူအိုကြီးယဲ့ ”

ထိုပုဂ္ဂိုလ်မှာ ယဲ့ချန်းခန် ဖြစ်၏။ မျှော်နန်းဆောင်က စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ပင်မကိုယ်ထည် ဖြစ်သည်။

ယဲ့ချန်းခန်က မဲ့ရွဲ့လိုက်ပြီး  “မင်းက ဘယ်လိုပြဿနာရှာရမယ်ဆိုတာ သိတာပဲ။ မင်းက ရှေးဟောင်းနတ်ဘုရားကိုတောင် ဆွဲဆောင်လိုက်သေးတယ်။ ငါသာ ရောက်မလာရင် မင်းတော့ သေနေလောက်ပြီ ”

ရှန်ထျန်းက ခေါင်းကုတ်ကာ ပြုံးလိုက်သည်  “ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်လည်း ထင်မထားမိဘူး ”

မိစ္ဆာဝိညာဉ်မျိုးနွယ်သည် နယ်မြေငါးခုအကာအရံကို တန်ကြေးမည်သို့ပင်ပေးဆပ်ရစေကာမူ ချိုးဖောက်ဖို့ ကြိုးစားလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

ယန်ကွေ့က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို မြင်လိုက်သည့်အခါ သူ့အကြည့်တို့ ပိုမိုနက်ရှိုင်းလာသည်။ ထို့နောက် သူက သရော်လိုက်၏  “ ဒါက စစ်နတ်ဘုရား နန်းတော်ရဲ့ အကြွင်းအကျန်လေးပဲ ”

အစက စစ်နတ်ဘုရား နန်းတော်သည် နတ်ဘုရားလောကတွင် ထိပ်တန်း အင်အားစုတစ်ခု ဖြစ်သော်လည်း အကြောင်းအရင်းတချို့ကြောင့် မိစ္ဆာဝိညာဉ်များ၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အဆုံးသတ်၌ စစ်နတ်ဘုရား နန်းတော်တစ်ခုလုံး အပြီးတိုင် ဖျက်စီးခံလိုက်ရသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်က ပျက်စီးသွားကာ နယ်မြေငါးခုသို့ ရောက်ရှိလာခဲ့သည်။

ယန်ကွေ့က စစ်နတ်ဘုရား နန်းတော် သုတ်သင်ရေး၌ ပါဝင်ခဲ့သောကြောင့် စစ်နတ်ဘုရား မျှော်နန်းဆောင်အား သိနေသည်မှာ ပုံမှန်သာ ဖြစ်၏။

ယဲ့ချန်းခန်ကို မြင်ပြီး ယန်ကွေ့က လှောင်ပြောင်လိုက်သည် “ စစ်နတ်ဘုရား မျှော်နန်းဆောင် အရင်အရှင်ဟောင်းက ဒီလိုအခြေအနေအထိ ကျရောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ခင်ဗျားတို့ တစ်မျိုးနွယ်လုံး သုတ်သင်ခုံလိုက်ရတာတောင် ခင်ဗျားက သေမင်းခံတွင်းဝမှာ ရုန်းကန်နေတုန်းလား ”

ယဲ့ချန်းခန်ကလည်း ပြန်လည်ချေပလိုက်သည် “ ပါးစပ်ပိတ်ထား … ငါ့ကို ဘာမှဝေဖန်နေစရာ မလိုဘူး ”

သူ အသက်ရှင်စဉ်အခါက နတ်ဘုရားလောကကို အုပ်စိုးခဲ့သည်။ သူက ယခုဝိညာဉ်အကြွင်းအကျန်မျှ ဖြစ်နေသော်လည်း သူ့မာနသူ ရှိသေး၏။

“ မောက်မာလိုက်တာ …ဒီလိုအခြေအနေနဲ့ ခင်ဗျား ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။ အကြွင်းအကျန် ဝိညာဉ်နဲ့ ပျက်စီးနေတဲ့ မျှော်နန်းဆောင် … ဘယ်လိုစွမ်းရည်တွေ ရှိနေဦးမလဲ ”

ယန်ကွေ့က အားရပါးရ ဟစ်ကြွေးကာ ယဲ့ချန်းခန်ဆီ ပြေးဝင်သွားလိုက်သည်။ သူ့အနောက်ရှိ မိစ္ဆာမြူများက ကောင်းကင်အထိ တက်သွားပြီး အနက်ရောင် တစ္ဆေလက်သည်း ဖြစ်လာစေသည်။

လေဟာနယ် ပေါက်ထွက်သွားသည်။

ဤတိုက်ခိုက်မှုက နတ်ဧကရာဇ်ကိုပင် သတ်ပစ်နိုင်လောက်၏။

ယန်ကွေ့က ရှေးဟောင်းနတ်ဘုရား ဖြစ်ပြီး စွမ်းအားအပြည့်က ကြောက်ဖို့ကောင်းလှသည်။ ထိုစဉ် ကောင်းကင်ရှိ ကြယ်တာရာများက အဆုံးမဲ့ မိစ္ဆာြမူကြား  ပျက်သုန်းသွားတော့မလိုမျိုး တုန်ခါလာသည်။

ဟွမ်ရှစ်၏ အမူအယာက အနည်းငယ်ပြောင်းသွားကာ  “ဆရာကြီးယဲ့ သတိထားပါ”

ယဲ့ချန်းခန်ကလည်း အော်ပြောလိုက်သည်  “စိတ်မပူနဲ့ … ဒီမိစ္ဆာဝိညာဉ်က ငါ့အတွက် ဘာမှမဟုတ်ဘူး ”

သူ့နောက် အလင်းတန်းများ ပေါက်ထွက်လာသည်။ မိုးမြေ၏ ဝိညာဉ်ချီက အင်မတန် အားပြင်းသည့် ဧရာမဝိညာဉ်တူကြီးအဖြစ် ပြောင်းလဲသွားသည်။

ယဲ့ချန်းခန်က တူကို မြောက်လိုက်ပြီး ကောင်းကင်ကို ဖြတ်ရိုက်ချလိုက်သည်။

“ ကောင်းကင်လွင်ပြင် တူရိုက်ချက် ၃၆ ချက်”

တူ၏ အလင်းတန်းက တုနှိုင်းမဲ့ပြီး ကြယ်တာရာပင်လယ်ကိုပင် ကြေမွသွားစေသည်။

ဤသည်မှာ စစ်နတ်ဘုရား နန်းဆောင်၏ လျို့ဝှက်ချက် ဖြစ်ပြီး ယဲ့ချန်းခန်လက်ထဲတွင် မြေတုန်လုမတတ် စွမ်းအားကို ထုတ်လွှင့်နိုင်သည်။ ဝိညာဉ်တူကြီးက တစ္ဆေလက်သည်းပေါ် ကျရောက်ကာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေသည်။

နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်နေကြ၏။

ဤသည်မှာ အထွတ်အထိပ် ကျင့်ကြံသူများကြားမှ တိုက်ပွဲ ဖြစ်ပြီး သေမျိုးလောကအား ပျက်စီးလုနီးပါး ဖြစ်သွားစေနိုင်သည်။

အဆုံးသတ်၌ ယန်ကွေ့က တူကြောင့် လွှင့်စင်သွားပြီး သွေးအန်လိုက်ရ၏။

“ တောက်”

ယန်ကွေ့က ဒဏ်ရာအပြင်းအထန် ရသွားသည်မှာ သိသာလှသည်။

“ အကြွင်းအကျန် ဝိညာဉ်က ကြာကြာခံနိုင်မယ်လို့ မထင်ဘူး ”

သူက လက်သီးချက်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

ယဲ့ချန်းခန်က တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါး၌ မျက်စိစူးဖွယ် အလင်းများ ရစ်ပတ်လာပြီး ရောင်စုံအလင်းများက နေရာအနှံ့ ပျံနှံ့သွားသည်။

ကောင်းကင်ခြေမွ လက်ဝါးချက် ထွက်လာပြီးနောက် အဆုံးမဲ့ လေဟာနယ်ကြီးအား ကြေမွသွားစေသည်။

ဝုန်း

ဤတစ်ကြိမ် ယန်ကွေ့၏ ရင်ဘတ်က ချိုင့်ဝင့်သွားပြီး သွေးအဆီအနှစ်များ စီးကျလာရသည်။ သူက မိုင်တစ်သန်းလောက် လွှင့်စင်သွားလေ၏။

“တောက် သေစမ်း သေစမ်း ”

ယန်ကွေ့က ရူးသွပ်သွားသလိုမျိုး ဆက်လက် အော်ဟစ်လိုက်သည်။ သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း အကြွင်းအကျန် ဝိညာဉ်နှင့် မယှဉ်နိုင်ချ။ သူက အရှက်ခွဲခံရသလို ခံစားနေရသည်။

ယန်ကွေ့၏ အကြည့်များက ရက်စက်လာကာ အထွတ်အထိပ် မိစ္ဆာလက်နက်ကို ထုတ်ယူလိုက်သည်။ ဤသည်မှာ အနက်ရောင်ဓားရှည်တစ်ချောင်း ဖြစ်ပြီး သွေးနက်များ တစ်စက်စက် စီးကျနေရင်း မိစ္ဆာသင်္ကေတများပါ ရေးထွင်းထားသည်။

ဤသည်မှာ နတ်ဧကရာဇ်အဆင့်ကိုပင် ကျော်လွန်နေသည့် မိစ္ဆာလက်နက် ဖြစ်၏။ ယခင် ရှေးဟောင်းနတ်ဘုရားသွေးဖြင့် စွန်းထင်းထားပြီး သူတို့ဝိညာဉ်များ ပါဝင်နေသည်။ ထို့ကြောင့် ဤဓားရှည်နက်၏ စွမ်းအားက ကြောက်ဖို့ကောင်းပြီး နတ်ဧကရာဇ်ကိုပင် ထိတ်လန့်လာစေသည်။

“ သေလိုက်စမ်း ”

ယန်ကွေ့က သူ့ဓားရှည်နက်ဖြင့် ချီတက်သွားသည်။

ထိုအနက်ရောင်အလင်းတန်းကြောင့် မိုးမြေက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ဤရိုက်ချက်က မိုးမြေကိုပင် နှစ်ပိုင်းပိုင်းပစ်ဖို့ ရည်ရွယ်ထားပုံပေါ်၏။

ထိုဓားအရှိန်အဝါ ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး ပျက်သုန်းသွားလေသည်။ သို့သော်လည်း ထိုအရာ၏ အဓိကရည်ရွယ်ချက်က ယဲ့ချန်းခန်ဆီကို ဖြစ်၏။

ယဲ့ချန်းခန်က အန္တရာယ်ကို ခံစားမိသည့်အလား လေးနက်လာသည်။

အကယ်၍ သူသာ ထိပ်ဆုံးအခြေအနေမှာသာရှိပါက ဤသို့သော တိုက်ခိုက်မှုမျိုးကို လက်တစ်ချောင်းဝေ့ရုံဖြင့် ဖျက်စီးပစ်နိုင်သည်။ သို့သော် ယခုတွင် သူက အကြွင်းအကျန် ဝိညာဉ်သာ ဖြစ်ပြီး သူ့တိုက်ခိုက်စွမ်းက နဂိုထက် ဆယ်ပုံတစ်ပုံပင် မကျန်ရှိပေ။

ယဲ့ချန်းခန်က လက်ဟန်တချို့ ပြုလုပ်လိုက်ရင်း အော်လိုက်သည်  “ဖိနှိပ်စမ်း ”

ဝုန်း

စစ်နတ်ဘုရား မျှော်နန်းဆောင်က တုန်ခါသွားကာ ကောင်းကင်ထဲ မြင့်တက်လာသည်။ ဧရာမ မျှော်နန်းဆောင်ကြီးက ကောင်းကင်ထဲ ကြီးကျယ်စွာ ရပ်တည်နေရင်း စကြဝဠာတစ်ခုလုံးအား ဖိနှိပ်ထားလေသည်။

ထိုစဉ် ဓားအလင်းတန်း ကြေမွသွားလေ၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်က ဓားအလင်းတန်းကို ချေဖျက်ပစ်လိုက်သည်။

ဝုန်း

ယန်ကွေ့က သွေးထပ်အန်လိုက်ရပြီး သူ့အကြည့်တို့၌ တုန်လှုပ်မှုအပြည့် ဖြစ်နေသည်။ သူက ဤပျက်စီးနေသည့် မျှော်နန်းဆောင်ကြီးသည် ကြောက်မက်ဖွယ် စွမ်းအားမျိုး ထုတ်ပြနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

စစ်နတ်ဘုရား မျှော်နန်းဆောင်၏  စွမ်းအားက ရပ်တန့်မသွားဘဲ ယန်ကွေ့ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

ဤမြင်ကွင်းကို မြင်ကာ ယန်ကွေ့က တုန်လှုပ်သွားသည်။

သူက သေခြင်းတရား အငွေ့အသက်ကို အာရုံခံမိသည့်အလား သူ့ရှေးဟောင်းနတ်ဘုရား ခန္ဓာပင် ပျက်သုန်းသွားနိုင်သည်။

ယန်ကွေ့က အော်ပြောလိုက်သည်  “ယန်မော့၊ ယန်လင်း အခုထွက်ခဲ့ ”

သူ့အသံက ပြင်ပလောကဆီ ရောက်ရှိသွားပြီး မိစ္ဆာဝိညာဉ် ကျင့်ကြံသူများကို ဆင်းသက်ဖို့ ဆင့်ခေါ်လိုက်သည်။

ယဲ့ချန်းခန်က စစ်နတ်ဘုရား မျှော်နန်းဆောင်အား ထိန်းချုပ်ကာ ယန်ကွေ့ကို ဖိနှိပ်လိုက်သည်။ သူက နောက်ထပ် အဆင့်မြင့် မိစ္ဆာများ ရောက်မလာခင် ရှေးဟောင်းနတ်ဘုရားကို သတ်ချင်သည်။

ကံဆိုးစွာဖြင့် ယန်ကွေ့က သူ့အသက်ဓာတ် အဆီအနှစ်ကို စတေးဖို့ တုံ့ဆိုင်းမနေပေ။ သူ့တစ်ကိုယ်လုံးရှိ အရိုးချွန်များက အက်ကွဲလာပြီး အမှုန့်ဖြစ်သွားတော့သည်။

ဝုန်း

ကြောက်မက်ဖွယ် မဟူရာအလင်းတန်း ဆင်းသက်လာသည်။

လေဟာနယ်ထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။

သူတို့ခန္ဓာကိုယ်များက ကြီးမားကာ ကြံ့ခိုင်လှသည်။ သူတို့ကို မည်းနက်နေသည့် မိစ္ဆာမီးတောက်များဖြင့် အုပ်လွှမ်းထားကာ မိစ္ဆာနတ်ဘုရား နှစ်ယောက် ဤလောကသို့ ဆင်းသက်လာသလိုမျိုး ဖြစ်နေသည်။

သူတို့နှစ်ယောက်လုံးက ဖြည်းဖြည်းချင်း လျှောက်လာကာ မိုးမြေစည်းမျဉ်းများကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး အစီအစဉ်ကျနေမှုအား ချိုးဖောက်လိုက်သည်။

အားလုံးက အံ့ဩသွားကြသည်။

ဤလူနှစ်ယောက်လုံး၏ အရှိန်အဝါက ယန်ကွေ့ထက် ပိုအားကောင်းလေသည်။

ထိုလူနှစ်ယောက်က ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။ နယ်မြေငါးခုကို ဖျက်စီးပစ်ဖို့အတွက် မိစ္ဆာဝိညာဉ်မျိုးနွယ်က ရှေးဟောင်းနတ်ဘုရား သုံးပါးကို စေလွှတ်ခဲ့သည်။

ခက်ခက်ခဲခဲ မြင့်တက်လာသည့် အားလုံး၏ မျှော်လင့်ချက်တို့က ချက်ချင်း မှေးမှိန်သွားလေသည်။

သူတို့က အသက်ရှင်နိုင်ခြေ မရှိတော့ဘူးလား …

ယဲ့ချန်းခန်၏ အမူအယာက‌ ပြောင်းလဲသွားသည်။

သူက ရှေးဟောင်းနတ်ဘုရား တစ်ပါးကို ဖိနှိပ်ခဲ့သော်လည်း စွမ်းအားအမြောက်အများ ကုန်ဆုံးသွားလေပြီ။ သူက အကြွင်းအကျန် ဝိညာဉ်မျှသာ ဖြစ်ပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်က ပျက်စီးနေပြီးသား ဖြစ်၏။

ဤတိုက်ပွဲအတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အင်အား ၉၀ ရာခိုင်နှုန်းလောက်ကို ထုတ်သုံးခဲ့ရသည်။ ယခု ရှေးဟောင်းနတ်ဘုရား နှစ်ပါး ထပ်ဆင်းသက်လာလေရာ သူက မည်သို့ ခုခံနိုင်မည်နည်း။

ထိုစဉ် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက နယ်မြေငါးခုထဲ ရောက်ရှိလာသည်။ သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ ချိန်ရွယ်၍ မိစ္ဆာလက်သီး ဝေ့ယမ်းကာ ယန်ကွေ့အား ကူညီလိုက်ကြသည်။

ဝုန်း

အသံက နားကွဲမတတ် ဖြစ်၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်က အပြင်းအထန် တုန်ခါသွားသည်။ ထိုအရာ၏ တောက်ပမှုက မှေးမှိန်သွားကာ အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။

ယဲ့ချန်းခန်က လက်ဝေ့ကာ စစ်နတ်ဘုရား မျှော်နန်းဆောင်အား ပြန်ဆင့်ခေါ်လိုက်သည်။

သူက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည် “ပြဿနာပဲ”

စစ်နတ်ဘုရား မျှော်နန်းဆောင်က ကြာကြာတောင့်မခံနိုင်ပေ။

ယန်ကွေ့က ယုတ်မာစွာ ရယ်မောလိုက်သည်  “ လူအိုကြီး ဒါကို ဘယ်လိုတားမလဲ ကြည့်ရသေးတာပေါ့ ”

သူက ယဲ့ချန်းခန်အား ခက်ထန်စွာ ကြည့်လိုက်သည်။ သူက စစ်နတ်ဘုရား နန်းတော်၏ နောက်ဆုံးအသက်ရှင်သူကို ဖျက်စီးကာ လက်တုံ့ပြန်လိုသည်။

“ သတ်ကြ”

ရှေးဟောင်းနတ်ဘုရား သုံးဦးက ယဲ့ချန်းခန်အား တိုက်ခိုက်လိုက်သည်။

ယဲ့ချန်းခန်က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပံ့ပို့ပေးလိုက်ပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် အလင်းအလွှာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဝုန်း

အသံကနားကွဲမတတ် ဖြစ်၏။ ရှေးဟောင်းနတ်ဘုရား သုံးဦးက အင်မတန် ခက်ထန်လှပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်အား တုန်ခါသွားစေသည်။ မျှော်နန်းဆောင်အထက် အက်ကြောင်းများစွာ ပိုမိုထွက်လာသည်။

ဖူး

ယဲ့ချန်းခန်က သွေးအန်လိုက်ရသည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်က လွှင့်စင်သွားကာ အရောင်က လုံးဝကို မှေးမှိန်သွားလေသည်။ ယဲ့ချန်းခန်၏ လက်ရှိစွမ်းအားဖြင့် သူက ရှေးဟောင်းနတ်ဘုရား သုံးပါးကို တောင့်မခံနိုင်ပေ။

ယန်ကွေ့၏ အကြည့်များက ပိုမိုရက်စက်လာသည်။

ယဲ့ချန်းခန်ကို သတ်ဖြတ်မည့်အစား သူက ရှန်ထျန်းကို တိုက်ခိုက်လိုက်သည်။ လူသားဧကရာဇ် ရုပ်ခန္ဓာ၏ ခြိမ်းခြောက်မှုသည် ဝိညာဉ်အကြွင်းအကျန်ထက် ပိုမိုကြီးမားပေသည်။

ယန်ကွေ့က ရက်ရက်စက်စက် ရယ်မောလိုက်ပြီး  “ကောင်စုတ်လေး သေလိုက်စမ်း ”

သူက ရှန်ထျန်းကို သတ်ရန် ဆုံးဖြတ်ချက်ဖြင့် ယုံကြည်ချက်ပိုမို ပြင်းထန်လာသည်။

လူသားဧကရာဇ် ရုပ်ခန္ဓာကို ဒီနေ့ သေချာပေါက် ဖျက်စီးပစ်ရမည်။

All Chapters